Monday, October 5, 2009

စုပေါင်း သံဃာပဝါရဏာပွဲတော်...

LA အဇူဇာ-ဗြဟ္မ၀ိဟာရကျောင်းတိုက်အတွင်း၌ ကျင်းပအပ်သော 2009 ခု ၊ စုပေါင်း ပ၀ါရဏာပြုပွဲတော်။ ရပ်နီးရပ်ဝေးမှ ၅၇ ပါေးသော သံဃာတော်အရှင်မြတ်များ သံဃပ၀ါရဏာပြုရန် အဇူဇာကျောင်းခဏ္ဍသိမ်တော်သို့  ကြွတော်မူလာစဉ် ။

Sunday, October 4, 2009

ဘဝ အလှပြင်နည်း....

သမီးငယ်က မေမေ့ကိုစိတ်ကောက်နေတာကိုး…. အဲ့ဒီလိုနှုတ်ခမ်းကြီးစူပြီး မျက်နှာကြီးပုပ် ထားတာ ဝက်မလေးကြနေတာပဲ….ဟာ ဟ.. ငါ့သမီးက ဘယ်လိုနေနေ အမေ့မျက်စိထဲ လှနေတာပါပဲ… ဘာဖြစ်လို့အမေ့ကိုစိတ်ကောက်နေတာလဲ… အော်… သမီးလိုချင်တဲ့ အလှပြင်တဲ့ပစ္စည်းတွေ မဝယ်ပေးလို့…. ဟုတ်လား… ဒါများသမီးရယ်…. အမေ့မှာ အဲ့ဒီပစ္စည်း တွေမလိုဘဲ… လှအောင်ပြင်နိုင်တဲ့ နည်းရှိတယ်သမီးရဲ့…. လာ.. လာ.. အမေပြောပြမယ်။
လာကြည့်စမ်းပါဦး… သမီးမျက်နှာကိုမှန်ထဲမှာ… လာမှန်ရှေ့မှာလာရပ်… ကဲသမီးမျက်နှာကို သေချာကြည့်နေ… ကဲ.. အမေတချက်ရိုက်လိုက်တော့… သမီးမျက်နှာမဲ့သွားတာ ကြည့်လို့ လှလား… မလှဘူးမဟုတ်လား… ကဲလာ… သမီးပါးလေးကို အမေတချက်နမ်းလိုက်မယ်… ကဲ.. သမီးပြုံး လိုက်တော့ ကြည့်စမ်း.. ဘယ်လောက်ချစ်စရာကောင်းထားလဲ…. သမီး.. တကယ် လှချင်ရင် အမြဲတန်းပြုံးနေနိုင်အောင် ကြိုးစားရမယ်….။
နောက်ပြီးတော့ လူတွေရဲ့ ချစ်ခြင်းကိုရချင်တယ်ဆိုရင် လူတွေကို ချစ်တဲ့မျက်လုံးနဲ့ ကြည့်ရတယ်။ ကိုယ်ချစ်တဲ့လူကိုကြည့်ရင် သမီးမျက်နှာလေးက ကြည်လင်မနေဘူးလား။ ချစ်စရာလဲကောင်နေမယ်လေ….။ အဲ… ကိုယ်နဲ့မတည့်တဲ့လူကိုတွေ့ရင်ကျတော့ သမီးပြုံးနေလားမဲ့နေလား…။ မဲ့နေတော့ မလှဘူးမဟုတ်လား…။ အလှဘယ်လောက် ပြင်ထားပြင်ထား မလှတော့ဘူး…။ ဒါကြောင့် သမီးရဲ့မျက်နှာလေး အမြဲလှနေချင်ရင် အလှပြင်ပစ္စည်းတွေ လိမ်းနေစရာမလိုဘူး။ လူတိုင်းကို ချစ်တဲ့မျက်လုံးနဲ့ကြည့်တတ်အောင် ကြိုးစား၊ ပြီးရင် အမြဲတမ်းပြုံးနေရမယ်နော်….။ ဒါဆို သမီး ထွေထွေထူးထူး အလှပြင်နေ စရာမလိုဘဲ.. အမြဲလှနေမှာ…. ကဲ.. အလှပြင်ပစ္စည်းက အခန့်မသင့်ရင် သမီးမျက်နှာကို လောင်သွားနိုင်သေးတယ်။ မလှမှာစိုးရိမ်ရသေးတယ်…။ အမေ့နည်းက ဘုရားပေးတဲ့နည်း… ဘယ်လောက်သက်သာလဲ… မပင်ပန်းဘဲ အမြဲလှနေမှာ… ပြီးရင် လူတွေ၊ သတ္တဝါတွေကို တကယ်ရင်ထဲက စေတနာအပြည့်နဲ့ မေတ္တာထားပြီး သူတို့ကောင်းကျိုးတွေကို ပြောဆို၊ လုပ်ကိုင်ပေး နိုင်ရမယ်။ ဒါမှ ဘာပဲလုပ်လုပ် ကိုယ့်အကျိုး အများအကျိုး နှစ်မျိုးလုံးအောင်မြင်မှာ…။
သမီးတို့က သိပ်နားမလည်သေးလို့ပါ…။ ဆရာတော်အရှင်သူမြတ်တွေဟောတဲ့ တရားတော် တွေထဲမှာ လူ့လောကအတွက် လောကီ၊ လောကုတ္တရာကောင်းကျိုးတွေ အားလုံးပါတယ်။ တရားနာတယ်ဆိုတာ တောထွက်ပြီး ရဟန်း၊ သီလရှင်ဝတ်ဖို့အတွက်ကြီးဘဲမဟုတ်ဘူး။ လူ့လောကမှာ ဘယ်လိုနေထိုင်လုပ်ကိုင်ရင် အကျိုးစီးပွားဖြစ်မယ်၊ ဘယ်လိုနေထိုင်လုပ်ကိုင် ရင် အကျိုးစီးပွားပျက်မယ်၊ ဒုက္ခရောက်တတ်တယ်ဆိုတာ အားလုံးပါတယ်။ သေသေချာချာ နားထောင်ကြည့်… စိတ်ဝင်တစားနားထောင်တာနဲ့အမျှ ကြာလာရင် နားလည်လာလိမ့်မယ်။ ပါရမီဖြစ်လာလိမ့် မယ်… အဲ့ဒီလိုနားလည်လာတာနဲ့အမျှ တရားထဲက အနှစ်သာရကို သမီးတို့ထုတ်ယူတတ် လာလိမ့်မယ်။ ကိုယ်လုပ်ချင်တာတွေ ဖြစ်ချင်တာတွေကို ဘယ်လိုလုပ်ရင်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ကိုယ်တိုင်သိလာလိမ့်မယ်။ အဲ့ဒါဆို တရားတော်ရဲ့ကျေးဇူးကို သမီးတို့ ရရှိခံစားလာရလိမ့်မယ်။ သမီးတို့မသိသေးလို့ပါ…. သမီးတို့လိုချင်တာအားလုံးရအောင် ဒီတရားတော်တွေက လမ်းညွှန်နိုင်တယ်။ ဒါပေမဲ့ သမီးတို့ကိုယ်တိုင်လုပ်ယူမှရမှာ… လောကကြီးမှာ ကိုယ်ကိုယ်တိုင်မလုပ်ဘဲနဲ့ ရတာဘာမှမရှိဘူး..။ ကဲ…. ဒီတော့ ဒီတရားလေးတခွေ နာကြည့်လိုက်ပါဦး……

Saturday, October 3, 2009

သီတင်းကျွတ်လပြည့်နေ့...

သမီးရေ.. ဒီနေ့ သီတင်းကျွတ်လပြည့်နေ့ရောက်ပြီ… မုန့်ဖက်ထုပ်လုပ်ဖို့ကလဲ ငှက်ပျောရွက် ကမရှိ…. ဟာလဝါလုပ်မလားလို့ စဉ်းစားတော့ တခါမှလည်းမလုပ်ဖူးဘူး…. ဘာလုပ်ရ မလဲစဉ်းစားတုန်း သမီးတို့က ဘုန်းကြီးကျောင်းသွားမယ်တဲ့… ဟုတ်တာပေါ့…. သီိလယူပြီး ဦးပုသ် စောင့်ကြမယ်လေ… .. ဒါကြတော့လဲ သမီးတို့အဖေက သူငယ်ချင်းတွေဆီ မနေ့ကတည်းက ညအိပ်သွားနေတော့ ကားကမရှိ… ဘတ်စ်ကားနဲ့သွားဖို့ကလဲ ခရီးကဝေပြီး ကားဘယ်လိုပြောင်းစီးရမယ်မှန်းမသိဘူး….. မသိတာတွေ မရှိတာတွေကများနေတယ်…. ဒီတော့လဲ အမြဲတန်းရှိတဲ့ အင်တာနက်က တရားကိုပဲ တို့သားအမိတွေနာယူကြတာပေါ့… လာ.. လာ.. သမီးတို့ရေ… ဆရာတော် အရှင်ဇဝန (မေတ္တာရှင်ရွှေပြည်သာ) ရဲ့ တရားတော်တွေ သိပ်ကောင်းတယ်ဆိုပဲ… တခါလောက်နာကြည့်လိုက်ရအောင်နော်…
ကက်စက်ထဲမှာ တရားခွေအဆင်သင့် ထည့်ထားတယ်... ခလုပ်နှိပ်လိုက်ပါဦး သမီးရေ...









သာဓု...သာဓု...သာဓု

Friday, October 2, 2009

သမီးတို့အတွက် ပုံပြင်မဟုတ်သော အိပ်ယာဝင်ပုံပြင်များ (၂)

ငါ့သမီးကြီိးက တော်တော်ဒေါသကြီးတာပဲ…. ဘာလို့လဲ … ဟုတ်လား…. မနေ့ကပြတဲ့ ဗွီဒီယိုကြည့်ပြီး သမီးငိုနေလို့လေ… ဟုတ်တယ်သမီးရဲ့… ဝမ်းနည်းလို့ငိုတာပဲဖြစ်ဖြစ် ဒေါသဖြစ်လို့ငိုတာပဲဖြစ်ဖြစ် အဲ့ဒါဟာ ဒေါသထဲမှာပါတယ်..။ ဆုတ်နစ်တဲ့ဒေါသပေါ့…. သမီးသူတို့တတွေအတွက် မခံချင်စိတ်တွေဖြစ်နေတယ်မဟုတ်လား…။ လောလောဆယ် ကိုယ်လည်းဘာမှမတတ်နိုင်ဘူးလေ..။ အဲ့ဒီတော့ ငိုမိတယ်.. အမေလဲအဲ့ဒီလိုဖြစ်ဖူးပါတယ်…။ ဒါပေမဲ့သမီးရယ်… ဒီလိုငိုနေရုံ၊ ဒေါသဖြစ်နေရုံနဲ့ ဒီပြဿနာတွေက ပြေလည်သွားမှာမဟုတ် ဘူးလေ။ ဒါတွေကို သမီးကလိုက်ခံစား ဒေါသဖြစ်နေရင် ဒီဒေါသ မီးတွေက သမီးကို လောင်နေမှာပေါ့..။ အမေဖြစ်စေချင်တာက သမီးတို့ ဒါတွေကိုသိထားပြီး ဘယ်လိုအကူအညီ တွေပေးနိုင်အောင် ကြိုးစားရမလဲဆိုတာ ရင်ထဲမှာ အသိရှိနေအောင်လို့ပါ။ ဒါမှလဲ သမီးအချိန်တန် အရွယ်ရောက်လာတဲ့တနေ့ သူတို့အတွက် အကူအညီတွေပေးနိုင်မှပေါ့။
မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်တွေနဲ့အညီ လူတွေအပေါ် ဘယ်လိုစိတ်ထားရ မလဲဆိုတာ အမေနည်းနည်းပြောပြချင်တယ်။ တချို့လူကိုမေတ္တာ၊ ဂရုဏာစိတ်နဲ့ ချစ်ခင်ရမယ်။ ဥပမာ မွေးရပ်မြေက အဖိနှိပ်ခံနေကြရတဲ့ အမေတို့သွေးချင်းတွေပေါ့။ ဒါပေမဲ့ တချို့လူတွေ အပေါ်တော့ ဥပေက္ခာစိတ်ထားရမယ်။ သူတို့ကတော့ မတရားသဖြင့် ဖိနှိပ်အုပ်ချုပ်နေတဲ့ လူတစုပေါ့။ သမီးနားလည်အောင် ရှင်းပြရမယ်ဆိုရင်တော့ ဥပမာ ငှက်ကလေးတွေ ဆူးခြုံထဲညိနေရင် ဒီငှက်ကလေးတွေကို ဒီဆူးခြုံအောက်ကလွတ်အောင် ဘယ်လိုကူညီရမလဲ ဆိုတဲ့ သနားဂရုဏာစိတ်သာထားပြီး အေးချမ်းတဲ့စိတ်နဲ့ ကူညီသလို၊ လမ်းမအလယ်မှာ ကျောက်တုံးတခုက လမ်းသွားလမ်းလာတွေအတွက် အနှောက်အယှက်ဖြစ်နေတာကို ဒီိကျောက်တုံးအပေါ် ဒေါသဖြစ်မနေပဲ လမ်းသွားလမ်းလာ အများပြည်သူ ဘေးအန္တရာယ်ကင်း ဖို့ဆိုတဲ့ စေတနာတခုထဲနဲ့ ကျောက်တုံးကို ဖယ်ပစ်သလို ငှက်ကလေးတွေ၊ လမ်းသွားလမ်းလာတွေအပေါ် မေတ္တာစိတ်ထားပြီး ကျောက်တုံးတွေ၊ ဆူးခြုံတွေအပေါ် ဥပေက္ခာစိတ်ထားမျိုး ထားနိုင်ရလိမ့်မယ်။ ဒါမှ သမီးရင်ထဲ အေးချမ်းနေလိမ့်မယ်။ ကိုယ်ကိုယ်တိုင်အေးချမ်းမှ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း အေးချမ်းမှုပေးနိုင်မှာပေါ့..။ သမီး… ဒေါသဆိုတာ ပူလောင်တဲ့စိတ်၊ မေတ္တာဆိုတာ အေးချမ်းတဲ့စိတ်။ ဥပေက္ခာဆိုတာကတော့ သူတို့နဲ့ပတ်သက်ပြီး ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း၊ ဒေါသဖြစ်ခြင်းတွေဘာမှမဖြစ်တာ၊ သူတို့နဲ့ပတ်သက်ပြီး ဘာခံစားမှုမှ မထားတာပေါ့သမီးရယ်… ။ လောဘ၊ ဒေါသ၊ ဣဿာမစ္ဆရိယ၊ မာန်မာနစိတ်တွေဟာ လူတွေရဲ့နှလုံးသားကို ပူပြင်းလောင်ကျွမ်းစေတယ် သမီးရဲ့… သတ္တဝါတွေအတွက် ဆိုးကျိုးကိုသာဖြစ်စေတဲ့ အကုသိုလ်တရားတွေပေါ့။ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားတွေက သတ္တဝါတွေအပေါ် ကုသိုလ်ကောင်းမှုတွေ ဖြစ်စေတယ်။ ဒီလိုစိတ်ထားနဲ့ အများကောင်းကျိုးပြုလုပ်မှ အောင်မြင်နိုင်တာ။ မေတ္တာတရားဟာ သိပ်နက်ရှိုင်းတယ်။ လူသားတွေမှမဟုတ်ဘူး… အဟိတ်တိရစ္ဆာန်တွေ တောင် မေတ္တာစွမ်းအားကို နားလည်ခံစားနိုင်တယ်။ ရယူခြင်းထက် ပေးဆပ်ခြင်းဆိုတဲ့ မေတ္တာ တရားတွေကို သမီးပိုင်ဆိုင်နိုင်ပါစေ..။


Thursday, October 1, 2009

သမီးတို့အတွက်....

သမီးရေ..
အမေတို့အခုနေတဲ့နေရာကနေ မိုင်ပေါင်းထောင်ချီဝေးတဲ့ အမေတို့မွေးရပ်မြေအကြောင်း ပြောပြချင်တယ်။ မိုင်ပေါင်းထောင်ချီဝေးတယ်လို့ပြောရရင်တောင် သိပ်မပြည့်စုံသေးပါဘူး။ အမေတို့နေရာနဲ့ဆို နေ့နဲ့ညကို ကွာခြားနေတာပါ။ သမီးတို့ကျောင်းသွားနေရတဲ့အချိန်ဆို အမေ့တို့ မွေးရပ်မြေကလူတွေက အိပ်လို့ကောင်းကောင်းနဲ့ အိပ်မက်တွေပါ မက်နေကြမှာ။ ညဥ့်သုံးယမ်အလိုက် အချိန်မှန်မှန်တွန်တဲ့ ကြက်တွေကလဲ ဂျူတီမပျက် အသံသာသာနဲ့ တွန်နေကြဦးမှာလေ။ သူတို့တွန်သံတွေကို နာရီလုပ်ပြီး ဆွမ်းချက်တဲ့အမယ်အိုတွေ၊ အိမ်ရှင်မတွေကလဲ သံဃာတော်တွေအတွက် ဆွမ်းထချက်ကြဦးမှာ။ မိုးမလင်းခင် အရောက် သွားပြီး ကိုယ့်ဝမ်းစာအတွက် စိုက်ပျိုးထားကြတဲ့ သစ်သီးဝလံတွေကို စောစောရောင်းချရဖို့ အရေး တနင့်တပိုး ထမ်းပိုးသယ်ဆောင်နေကြတဲ့ တောင်သူဦးကြီးတွေကလည်း လမ်းတွေ ပေါ်မှာ လရောင် လက်ကျန် ဒါမှမဟုတ် မီးတုတ်လေးတွေအားကိုးနဲ့ ဈေးရှိရာကို သွားနေကြဦးမှာ။ အင်း… ဈေးသူမလေးတွေကလဲ သူ့ထက်ငါဦးအောင် တောင်သူဦးကြီးတွေ၊ အဒေါ်ကြီးတွေဆီကနေ ဈေးချိုချိုနဲ့ဝယ်နိုင်ရောင်းနိုင်ရအောင် စောစောစီးစီး ဝီရိယရှိရှိနဲ့ ရောင်းသူတွေလာရာအရပ်မှာ ထွက်ကြိုစောင့်နေကြဦးမှာ။ ကျေးရွာတွေက လယ်တောယာ မြေရှိတဲ့ လယ်သူမတွေ ယာသူမတွေကတော့ နေမပူခင်အိမ်ပြန်နိုင်အောင် မနက်မလင်းခင်က ယာတောဆင်းပြီး လုပ်ငန်းခွင်ဝင်နေကြပြီလေ။
အဲ့… အရှေ့ဘက်ကရောင်နီတက်လာပြီဆိုရင်တော့ ကျေးလက်၊ မြို့ပြအားလုံး စတင်ပြီး တလှုပ်လှုပ်တရွရွ ဖြစ်စပြုလာပြီပေါ။့ အဲ့ဒီအချိန်ဆိုရင်တော့ မြို့ကြီးသူ ကိုကို မမတွေက သူတို့လုပ်ငန်းတွေရှိရာ ရုံးတို့ ကျောင်းတို့ကိုသွားဖို့ ပြင်ဆင်ကြရပြီပေါ့။ ကျောင်းတက်ကြတဲ့ ကိုကိုမမတွေလဲ သူတို့မိဘတွေက ကျောင်းတက်ရမှာမို့ ထကြတော့လို့ နှိုးနေရပြီလေ။ အချိန်ရောက်လို့ သူတို့တတွေ လုပ်ငန်းခွင်ဝင်ကြပြီဆိုရင် အမေတို့ဆီမှာလဲ လုပ်ငန်းအသီးသီး ပြီးကြလို့ အိပ်ဖို့ပြင်နေကြပြီလေ။
ကွာခြားတာက ဒါတင်ဘယ်ကဦးမလဲ…. ရာသီဥတုတွေကလဲ ကွာခြားသေးတာပဲ။ အမေတို့ဆီမှာ အပူချိန်တွေမြင့်တဲ့ နွေရာသီကျောင်းပိတ်ချိန်တွေမှာ ဟိုမှာကတော့ မိုးရာသီ ကျောင်းဖွင့်ချိန်ဖြစ်နေပြီ။ မိုးတွေများလို့ တချို့နေရာက ရေကြီးနေကြသေးတယ်လေ။ ဟော… အခုအမေတို့ဆီမှာ မိုးစရွာလို့ အေးစပြုလာပြီဆိုတော့ ဟိုမှာက မိုးလေကင်းလွတ် သီတင်းကျွတ်ချိန်ကိုရောက်ပြန်ပြီလေ။ အမေတို့ ကလေးဘဝက အပျော်ဆုံးအချိန်တွေဟာ ဒီအချိန်တွေပေါ့..။ သီတင်းကျွတ်ကျောင်း ၁၀ ရက်ပိတ်ပြီဆို ရပ်ကွက်အလိုက် ကပွဲတွေ အပြိုင်အဆိုင်လုပ်ကြဖို့ သူ့ထက်ငါသာအောင် တိတ်တိတ်ဆိတ်ဆိတ် အကတိုက်ကြရတာ။ ဇာတ်လမ်းတွေ၊ တေးသရုပ်ဖော်တွေ၊ စတီရီယိုတေးတွေ (အဲ့ဒီအချိန်က ကာရာအိုကေ မရှိသေးဘူးလေ) အဓိကထားတင်ဆက်ကြတာ။ အဟဲ… ဒါတွေပြောနေလို့ အမေရော… ကတဲ့အထဲပါလားဆိုတော့ မပါပါဘူးကွယ်။ အမေတို့က ပွဲကြည့်ပရိတ်သတ်သက်သက်ပါ။ တခါတော့ ကရင်ဒုံးယိမ်းအကမှာ လူမပြည့်လို့ အမေ့ကို တနေရာပေးကဖူးတယ်။ ကရင်သွေးပါတဲ့ အမေကတာက အရှေ့မှာထားလို့လဲမဖြစ်၊ အနောက်မှာထားလို့လဲမရတော့ ကြားထဲကအတန်းမှာ ထည့်ပေး တာ ရှေ့ကလူကို ကန်မိလိုက် နောက်ကလူကို ကန်မိလိုက်နဲ့ အမေ က- ရင်သူတို့ မကတော့ဘူးဆိုတာနဲ့ အားနာနာနဲ့ ထွက်ပေးလိုက်ရတယ်။ အမေ့ရဲ့ မေမေ သမီးတို့ရဲ့ ဖွားဖွားကတော့ အမေ့ကိုအားပေးရှာပါတယ်။ ကတဲ့ခုန်တဲ့အလုပ်တွေကို စိတ်မဝင်စားပါနဲ့ သမီးရယ်တဲ့လေ။ အိမ်မှာက ပွဲလမ်းသဘင်ဆို အမေတယောက်သာ စိတ်ဝင်စားတာလေ။ ကျန်တဲ့မောင်နှမတွေက အဖော်ညှိလို့မရပါဘူး။ မက ရပေမဲ့ ပွဲကြည့်ဖို့ ကတော့ ပူစရာမလိုဘူး။ အမေ့မှာ ပွဲကြည့်တဲ့သူငယ်ချင်းတွေရှိတယ်။ အမေငယ်ငယ်က သူငယ်ချင်းနှစ်မျိုးရှိတယ်။ ကျောင်းတက်တဲ့သူငယ်ချင်းရယ်၊ ပွဲသွားတဲ့ သူငယ်ချင်းရယ်လေ။ ဘာကြောင့်လဲ… ဟုတ်လား… ဘာလို့လဲဆိုတော့ ကျောင်းသူငယ်ချင်းက အမေနဲ့အမြဲပွဲလိုက် မကြည့်ချင်ဘူးလေ။ အဲ့ဒီတော့ ပွဲကြည့်တဲ့သူငယ်ချင်းက အမေနဲ့ရွယ်တူ အိမ်နီးချင်း ကျောင်းမနေဘဲ ဈေးရောင်းတဲ့အစ္စလာမ်မလေးတွေနဲ့ အဖော်လုပ်ပြီး သွားရတယ်။ သူတို့က ဘယ်နားမှာပွဲရှိတယ်ဆိုတာသိတယ်။ သူတို့ဆွေမျိုးတွေက ပွဲဈေးရောင်းကြတာဆိုတော့ ပိုအဆင်ပြေတယ်လေ။ အင်း… သီတင်းကျွတ်၊ တန်ဆောင်တိုင်မီးထွန်းပွဲအကြောင်းပြောရင်း ငယ်ငယ်ကပွဲကြည့်တဲ့အကြောင်းကများသွားပြီ။
ဝါလကင်းလွတ်သီတင်းကျွတ်ပြီဆိုရင် အဲ့ဒီလိုပျော်ပွဲရွှင်ပွဲတွေရှိသလို ဘာသာရေးအလှူပွဲတွေ၊ ရပ်ရွာဓလေ့ထုံးစံတွေအရ အသက်အရွယ်ကြီးတဲ့ လူကြီးသူမတွေကို သူတို့အတွက် လိုအပ်နိုင်တဲ့ပစ္စည်းတွေ၊ မုန့်ကြွပ်လို ဘီစကစ်လိုမုန့်ခြောက်တွေ၊ ပုဆိုး အင်္ကျီတွေနဲ့ လိုက်ကန်တော့ကြတယ်။ အိမ်တိုင်းအိမ်တိုင်းကလဲ မုန့်ဖက်ထုပ်လို၊ ဟာလဝါလိုမုန့်တွေ လုပ်ပြီး တအိမ်နဲ့တအိမ် အပြန်အလှန် ပို့ပေးကြတယ်။ ဘုန်းကြီးကျောင်းတွေကိုတော့ ဦးဦးဖျားဖျား ပို့ကြတာပေါ့။ အမေတို့ဆီမှာ ဘုန်းကြီးကျောင်းတွေကလဲ ပေါတယ်။ တရွာဆို နှစ်ကျောင်းလောက်က အနည်းဆုံးပေါ့..။ တချို့ရွာဆို အရှေ့ကျောင်း၊ အနောက်ကျောင်း၊ တောင်ကျောင်း၊ မြောက်ကျောင်းဆိုပြီးရှိတာ။ ဘုရားပုထိုးစေတီတွေဆိုတာ လက်ညှိုးထိုး မလွဲဘူး။ တောင်ကုန်းမြင့်မြင့်ဆို စေတီရှိတာပဲ။ ထန်းပင်မြင့်မြင့်တွေနဲ့အတူ ဘုန်းတော်ကြီး ကျောင်းတွေက အမိုးအထွဋ်အဆင့်ဆင့်နဲ့ ကြီးကြီးမားမားတွေဆိုတော့ ကြည့်လိုက် မြင်လိုက်တာနဲ့ လူနေအိမ်တွေနဲ့ ကွဲပြားတယ်။ ဘုန်းတော်ကြီးကျောင်းတွေဟာ လူနေအိမ်တွေနဲ့ဝေးတဲ့ ရွာထိပ်တွေမှာ ဆောက်လုပ်လှူဒါန်းထားကြတာများတယ်..။ ဒါပေမဲ့ ရွာသူရွာသားအများစုကတော့ လပြည့်လကွယ် ဥပုသ်နေ့တွေဆို အမြဲတန်းသွားလာလေ့ရှိကြ တယ်လေ။ ဘုန်းကြီးကျောင်းမှာ ကထိန်ခင်းပြီဆို တရွာလုံး အိမ်လုံးကျွတ် အိမ်သူအိမ်သား ကလေးငယ်လေးတွေပါမကျန် တမိသားစုလုံးသွားကြ၊ စားကြ၊ လှူဒါန်းကြတာ။
ဘုန်းတော်ကြီးတွေကလဲ ကျောင်းကိုလာရောက်ကိုးကွယ်ကြတဲ့ ဒကာ၊ ဒကာမတွေကို ကောင်းမှု ကုသိုလ်တွေကို မှန်မှန်ပြုလုပ်ကြဖို့၊ မကောင်းမှု အကုသိုလ်တွေကို မလုပ်မိအောင် ရှောင်ကျဉ်ကြဖို့ မြတ်စွာဘုရားရဲ့ တရားတော်နဲ့အညီ ဟောပြောဆုံးမကြတယ်။ ရွာသူ ရွာသားတွေအပေါ် မေတ္တာထားကြတယ်။ ရွာသူရွာသားတွေကလဲ ဆရာတော် သံဃာတော် တွေအပေါ် ရတနာသုံးပါးမှာ တပါးအဖြစ် သိမှတ်ကိုးကွယ်အားထားကြတယ်လေ။ အဲဒီလိုနဲ့ အမေတို့တတွေရဲ့ဘဝတွေဟာ သာယာပျော်ရွှင်နေခဲ့ကြတာပါ။
ဒါပေမဲ့သမီးရယ်… ဝမ်းနည်းစရာကောင်းတာက အတ္တမာနတွေဖုံးလွှမ်းနေတဲ့လူတတစုက ဒီသာယာလှပခြင်းတွေကို ရက်ရက်စက်စက် အမျိုးမျိုး ဖျက်ဆီးခဲ့ကြတယ်။ အခုချိန်ဆို အမေတို့မွေးရပ်မြေကလူတွေဟာ ပျော်ရွှင်စရာတွေနဲ့ ကင်းဝေးနေပါပြီ။ အမေတို့ ဘာသာအရ အထွဋ်အမြတ်ထားခံရတဲ့ သံဃာတော်တွေကိုတောင် ဗုဒ္ဓဘာသာတွေဖြစ်ရက်နဲ့ ရက်ရက် စက်စက်နှိပ်စက်ခဲ့ကြတယ်။
ဟိုးလွန်ခဲ့တဲ့ ၆-နှစ်ကျော်လောက်ကပေါ့… တိတိကျကျပြောရရင်တော့ ၂၀၀၃-ခုနှစ် မေလ ၃၀-ရက်နေ့မှာ အမေတို့မွေးရပ်မြေက လူတွေအားလုံးချစ်ခင်ကြတဲ့ အမေ(ဒေါ်အောင်ဆန်း စုကြည်) နဲ့တကွ စည်းရုံးရေး ခရီးသွားကြတဲ့သူတွေကို ဦးပြည်းစိမ်း တွေနဲ့ သံဃာတွေက ဝါးရင်းတုတ်စိမ်းတွေနဲ့ ရက်ရက်စက်စက် ရိုက်သတ်ခဲ့ကြတယ်။ ကံကောင်းလို့အမေလွတ်ခဲ့ ပေမဲ့ လူတော်တော်များများ အသက်ပေးခဲ့ကြရတယ်။ ဒါပေမဲ့အဲဒီက သံဃာတွေဟာ အခုချိန်အထိ အပြစ်ပေးအရေးယူခံရတယ်ဆိုတာ မကြားမိပါဘူး။ အဲ့ဒီရိုက်ပွဲပြီးဒါနဲ့ အဲ့ဒီသံဃာ တွေလဲ ပျောက်ခြင်းမလှ ပျောက်သွားကြတာပဲ။ သူတို့တတွေဟာ ဖမ်းဆီးအရေးယူခြင်းလဲ မခံရပါဘူး.. အံ့သြစရာမကောင်ဘူးလားသမီးရယ်….
အဲ့.. ဒါပေမဲ့ လွန်ခဲ့တဲ့ ၂-နှစ်လောက်က တော့ အုပ်ချုပ်သူတွေနဲ့ အပေါင်းပါတစုကလွဲရင် ကျန်တဲ့လူထုတွေဟာ အတိဒုက္ခရောက်နေကြတာကို သနားဂရုဏာဖြစ်ကြလို့ သံဃာတော် တွေက လမ်းလျှောက်မေတ္တာပို့ခဲ့ကြတာကို ရက်ရက်စက်စက်နှိမ်နင်းပြီး ဒီသံဃာတော်တွေကို သံဃာတု၊ သံဃာယောင်တွေဆိုပြီး ဘုန်းကြီးကျောင်းတွေထဲအထိ စစ်တလင်းမြေတွေမှာလို သံဃာတော်တွေကို ဖမ်းဆီး၊ နှိပ်စက်၊ ထောင်ချခဲ့ကြတယ်….။ ဒါတွေဟာ အမေတို့မွေရပ်မြေမှာ တကယ်ဖြစ်ခဲ့တာပါ။ အမေတို့ သမီးတို့ သက်ရှိထင်ရှားအချိန်မှာကို တကယ်ဖြစ်ခဲ့တာပါသမီးရယ်…။ ဒါတွေဟာ သမိုင်းတွေပါ…။ သမီးတို့ ဒီအကြောင်းတွေကို အမေတို့ မွေးရပ်မြေအကြောင်းကို စိတ်ဝင်စားတယ်…. ဟုတ်လား….။ ဒါဆိုသမီးတို့ကို အမေတခုတောင်းဆိုချင်တယ်။ သမီးတို့ဟာ အမေတို့ မွေးရပ်မြေမှာ ပြောနေသုံးနေတဲ့ စာတွေ၊ စကားတွေကို ဘယ်တော့မှမမေ့အောင် ကြိုးစားသင်ယူရမယ်နော်… အဲ့ဒါလေးတခုတော့ အမေ့ကိုဂတိပေးပါကွယ်…။ ကဲ… အမေတို့ မွေးရပ်မြေကအကြောင်း သီချင်းလေးတပုဒ် သမီးတို့နားထောင်ကြည့်ချင်သေးလား…



သမီးတို့တွေလဲ တနေ့နေ့မှာ အမေတို့ မွေးရပ်မြေအတွက် တထောင့်တနေရာက မားမားမတ်မတ် ရပ်တည်ပေးနိုင်တဲ့သူ၊ အားကိုးရနိုင်တဲ့သူတွေ အဖြစ် အမေမြင်ချင်ပါတယ်...။

Monday, September 28, 2009

“ဒေါက်တာအရှင်ဉာဏိဿရ အဂ္ဂမဟာပဏ္ဍိတ မှ ကမ္ဘာ့ ဘာသာရေး ခေါင်းဆောင်များသို့ ပန်ကြားလွှာ”


“ဒေါက်တာအရှင်ဉာဏိဿရ အဂ္ဂမဟာပဏ္ဍိတ မှ ကမ္ဘာ့ ဘာသာရေး ခေါင်းဆောင်များသို့ ပန်ကြားလွှာ”
၂၈-၉-၂၀၀၉ (တနင်္လာနေ့)

မြတ်စွာဘုရားသည် သူ၏ မြောက်မြားစွာသော နေ့စဉ်လုပ်ငန်းစဉ်တို့တွင် သတ္တလောကကြီး ၏အခြေအနေကို တစ်နေ့နှင့်တစ်ညဥ့်လျှင် ခြောက်ကြိမ်မျှ ကြည့်ရှုတော်မူခြင်းသည် အလွန် အရေးပါသော လုပ်ငန်းကြီးတစ်ရပ်အဖြစ် ပါဝင်ပါသည်။

သတ္တလောကကြီး၏အခြေအနေသည် သို့မဟုတ် ဒေသတစ်ခု၊ သတ္တဝါတစ်စုစု၏ အခြေအနေ သည် ကာမရာဂ လွန်ကဲသောင်းကြမ်းသည်ဟု မြင်တော်မူလျှင် ထိုကာမရာဂကို ငြိမ်းအောင် ထိန်းသိမ်းဖို့ သမာဓိကျင့်စဉ်ကို ညွှန်ပြတော်မူသည်။ ရံခါ ဒေသတစ်ခု သတ္တဝါတစ်စုစုမှာ သို့မ ဟုတ် မင်းစိုးရာဇာတို့ လောကမှာ အာဏာမက်မောမှုတည်းဟူသော အကြောင်းကြောင့် သတ် ဖြတ်နှိပ်စက်ခြင်းများသည်ကို မြင်တော်မူလျှင် ဒေါသကိုနှိမ်နှင်းဖို့ မေတ္တာလမ်းစဉ်ကို ညွှန်ကြား တော်မူသည်။ ရသေ့ ရဟန်း ယောဂီ သမဏ၊ ဗြဟ္မဏတို့လောက၌ ဓမ္မနှင့်အဓမ္မအငြင်းပွား၍ ငြင်းခုံကွဲပြားကြသည်ကို မြင်တော်မူလျှင် ထိုသမဏ၊ ဗြဟ္မဏတို့အား ပညာလမ်းစဉ်ကိုလိုက် နာကျင့်သုံးကြဖို့ ဟောကြားတော်မူပါသည်။

ဤသို့မြတ်စွာဘုရားသည် သတ္တဝါလောကကြီး၏အခြေအနေကို ရှုမြင်သုံးသပ်၍ အခြေအနေ အားလျော်စွာ ကျင့်သုံးပုံနည်းစနစ်များကို ဟောကြားညွှန်ပြတော်မူသည်ကို ကျွန်ုပ်တို့ ဘာသာ ရေးခေါင်းဆောင်များ အတုယူလိုက်နာဆောင်ရွက်ဖို့ ကောင်းပါသည်။ ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များသည် မျက်စိနှင့်နားကိုကျယ်ကျယ်ဖွင့်၍ လောကကြီး၏အခြေအနေကို အစဉ် မပြတ် ကြည့်ရှုသုံးသပ်နေသင့်ပါသည်။ လူ့လောကကြီး၏လိုအပ်ချက်အရ အစဉ်မပြတ်ကြည့် ရှုဖြည့်စွက်ပေးဖို့ရန်မှာ ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်များ၏ တာဝန်တစ်ရပ်ဖြစ်ပါသည်။ ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်များ ဓမ္မကိုဖြန့်ချိခြင်းသည် လူ့လောကကြီး၏လိုအပ်ချက်နှင့် ကိုက်ညီဖို့အရေးကြီးပါသည်။

ဓမ္မနှင့်လူသား တခြားစီမဖြစ်ရလေအောင် ဓမ္မနှင့်လူသားတစ်ထပ် တည်းကျအောင် ဖြန့်ချိနိုင် ပါမှ လူ့လောကကြီး၏လိုအပ်ချက် ပြည့်စုံမည်ဖြစ်ပါသည်။ သို့မှသာ လူသားအများစုတို့က ဘာ သာရေးခေါင်းဆောင်တို့သည် လူ့လောကကြီးအတွက် မရှိမဖြစ်လိုအပ်သော ပုဂ္ဂိုလ်များဖြစ် ကြသည်ဟု ယုံကြည်စိတ်ချ ကျေးဇူးတင်လာကြမည်ဖြစ်ပါသည်။

သိပ္ပံနှင့်နည်းပညာ တစ်ဟုန်ထိုးတိုးတက်ထွန်းကားလာသော ယနေ့ခေတ်၌ လူ့လောကကြီး၏ လိုအပ်ချက်ကို မဖြည့်စွက်နိုင်သော လောကနှင့်ဓမ္မကို တစ်သားတည်းကျအောင် ဦးမဆောင် နိုင်သော ဘာသာရေးခေါင်းဆောင်တို့ကို လူသားတို့က တစ်နေ့တခြား လူ့လောကကြီး၏ အပို အလျှံများသဖွယ် မြင်လာနေကြပြီဖြစ်သည်။ ယနေ့လူငယ်အချို့ကဆိုလျှင် ဘာသာရေးမှရုန်း ထွက်ဖို့ပင် ကြိုးစားနေကြပြီး သိပ္ပံနှင့် နည်းပညာသည်သာလျှင် လောကကိုကောင်းကျိုးပြု သည်ဟု တစ်ဖက်သတ်မြင်လာနေကြပေပြီ။ သို့သော် ထိုသိပ္ပံနှင့်နည်းပညာသည် လောက ကောင်းကျိုးကို ပြုပင်ပြုငြားသော်လည်း လူ့လောကကြီးကို လူညွန့်တုံးအောင် သတ်ဖြတ်နှိပ် စက်သည်မှာလည်း ယင်းတို့ပင်ဖြစ်ကြသည်ကို သတိပြုကြရန် လိုအပ်လှပါသည်။ (တက်ထ ရာဆိုင်ကလင်း) ဆေးသည် အဖျားပျောက်ဆေးတို့တွင် အကောင်းဆုံးပင်ဖြစ်သော်လည်း အစာအိမ်ကိုလောင်ကျွမ်းစေကာ ရောဂါတစ်မျိုးထပ်တိုးစေသည်မှာလည်း ဤဆေးပင်ဖြစ်ပါ သည်။

(၅၊ ၈၊ ၁၉၄၇) ရက်တွင် ဂျပန်နိုင်ငံရှိ နာဂါဆာကီနှင့် ဟီရိုရှီးမားမြို့တို့မှာ လူသိန်းပေါင်းများစွာ ကိုသတ်ခဲ့သော အဏုမြူဗုံးသည် သိပ္ပံဆရာများ တီထွင်ခဲ့သောလက်နက်ပင် မဟုတ်ပါလော။ ဘာသာရေးတိုင်းသည် လူသားတို့၏စိတ်နှလုံးကို သူ့နည်းသူ့ဟန်ဖြင့် အသီးသီး ငြိမ်းချမ်းမှု ပေးနိုင်ကြပြီး လူသားတို့စိတ်နှလုံးကို ယဉ်ကျေးစေနိုင်သည်ဟု ကျွန်ုပ်တို့ ယုံကြည်မျှော်လင့် ပါသည်။ ယနေ့မျက်မှောက်ခေတ်၌ ကျွန်ုပ်တို့ဘာသာရေးခေါင်းဆာင် အားလုံးသည် လူ့လော ကကြီး၏ မရှိမဖြစ်လိုအပ်သော ပုဂ္ဂိုလ်များဖြစ်ကြောင်း လူသားအများစု နားလည်ခံယူလာ အောင် ကျွန်ုပ်တို့အားထုတ်ကြရမည်ဖြစ်ပါသည်။ မြတ်ဗုဒ္ဓလက်ထက်တော်ကာလက ကုရု တိုင်း၊ ထုလ္လကောဋ္ဌိကမြို့သို့ မြတ်စွာဘုရားရောက်သွားသောအခါ မြတ်ဗုဒ္ဓ၏ဓမ္မကိုနာကြား ရသဖြင့် ဘီလျံနာသူဋ္ဌေးရဋ္ဌပါလ ရဟန်းပြုခဲ့သည်။

ဘီလျံပေါင်းများစွာသော ပစ္စည်းဥစ္စာတို့ကိုစွန့်၍ ရဟန်းပြုခဲ့သော အရှင်ရဋ္ဌပါလကို ကောရဗျ မင်းကြီးက အောက်ပါအတိုင်းမေးလျှောက်ပါသည်။ ''အရှင်ဘုရားသည် ဤမျှကြီးကျယ်သော ပစ္စည်းဥစ္စာတွေကိုစွန့်ပြီး မည်သည့်ချမ်းသာသုခကိုမြင်၍ ရဟန်းပြုခဲ့ပါသနည်း'' အရှင်ရဌပါ လက ပြန်လှန်၍မေးခွန်းထုတ်ပါသည်။ ''ဒကာတော်မင်းကြီး ရသေ့ရဟန်းတို့အပေါ်မှာ သင် သည် အဘယ်ကဲ့သို့မြင်ပါသနည်း'' မင်းကြီးကဆိုပါသည်။ ''လူတွေဟာ စီးပွားပျက်သော ကြောင့်လည်းကောင်း၊ ဆွေမျိုးပျက်သောကြောင့်လည်းကောင်း၊ အိုမင်းရင့်ရော်သောကြောင့် လည်းကောင်း၊ ကျန်းမာရေးပျက်သောကြောင့် လည်းကောင်း၊ စားဝတ်နေရေး အခက်တွေ့ တဲ့လူတွေဟာ ဘာသာရေးခေါင်းဆောင်ဝင်လုပ်ပြီး စားစရာ၊ ဝတ်စရာ၊ နေစရာ တွေကို ရှာကြ တာပဲ''။ တိုင်းပြည်နှင့်လူသားတွေအတွက် ဘာအကျိုးကျေးဇူးမှမပြုသည့်အဓိပ္ပာယ်ကို မင်းကြီး ကဆိုလာသည်။

ဘာသာရေးခေါင်းဆောင်တွေဟာ လူပိုတွေ အချောင်သမား တွေလို့မြင်တဲ့ အမြင်ရှိသူအချို့ ဗုဒ္ဓရှင်တော်လက်ထက်တော်အခါကပင်လျှင် ရှိဖူးပါသည်။ ပညာမဲ့သောလူသားတို့ ဤသို့မြင် သည်မှာ အလွန်အရေးမကြီးလှသော်လည်း ကောရဗျမင်းကဲ့သို့ မင်းစိုးရာဇာတို့က ဤအမြင် မျိုးရှိသည်မှာ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ သတိပြုစရာပင်ဖြစ်ပါသည်။

အရှင်ရဌပါလ၏အဖြေမှာ---

၁။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီးတစ်ခုလုံး တလှုပ်လှုပ်ဖြစ်နေသည်။ သတ္တဝါလော ကကြီးတစ်ခုလုံးမှာ တည်ငြိမ်မှုမရှိဘူး။ ငါသည် ဗုဒ္ဓသာသနာတော်၌ ဘဝ၏တည်ငြိမ်မှုကို တည်ဆောက်ဖို့ ဝင်ရောက်လာခြင်းဖြစ်သည်ဟု ဖြေပါသည်။ အရှင်ဘုရား၏ဘဝတည်ငြိမ်မှုကို ဘာနှင့်တည်ဆောက်သလဲဟု မင်းကြီးကမေးလျှင်အရှင်ရဌပါလက ငါ့ဘဝရဲ့တည်ငြိမ်မှုကို ဓမ္မ ဖြင့် တည်ဆောက်နိုင်ခဲ့သည်ဟု ဖြေကြားလိုက်သည်။

၂။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီးတစ်ခုလုံးမှာ မီးဟုန်းဟုန်းတောက်လောင်နေပါ သည်။ ငါသည် မြတ်ဗုဒ္ဓ၏သာသနာတော်၌ တဟုန်းဟုန်းတောက်လောင်နေသောမီးကို ငြိမ်း အေးစေဖို့ ဝင်ရောက်လာခြင်းဖြစ်သည်။ ဘဝမီးတောက်မီးလျှံများကို ဓမ္မဖြင့်ထိန်းချုပ်နိုင်ခဲ့ သည်ဟု ဖြေတော်မူခဲ့ပါသည်။

၃။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီးတစ်ခုလုံး အို နာ သေ သုံးမျိုးတို့ နှိပ်စက်သောအခါ ဘယ်တန်ခိုးရှင်မှ ထိန်းချုပ်လို့မရဘူး။ ထို့ကြောင့် ထိုဒုက္ခသုံးမျိုးတို့ကိုထိန်းချုပ်ဖို့ ငါသည် သာသနာတော်သို့ ဝင်ရောက်လာခဲ့သည်။ ထိုဒုက္ခသုံးမျိုးတို့ကို ငါသည် ဓမ္မဖြင့်ထိန်းချုပ်နိုင်ခဲ့ သည်ဟု ဖြေတော်မူခဲ့ပါသည်။

၎။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီးတစ်ခုလုံးမှာ ပစ္စည်းဥစ္စာ ရာထူးအာဏာတွေဆို တာ တကယ်စင်စစ် ကိုယ်ပိုင်ဥစ္စာအဖြစ် ဘာကိုမှမပိုင်ဆိုင်ကြဘူး။ ငါ့ဥစ္စာဟု ပြောနေကြ သော်လည်း နှစ်ပေါင်းတစ်ရာထက်ပို၍ ပြောဆိုပိုင်ဆိုင်ခွင့်မရှိကြဘူး။ နှစ်တစ်ရာမပြည့်မီမှာ ထို ပိုင်ဆိုင်မှုအားလုံးတို့ကို စွန့်လွှတ်ကြရစမြဲဖြစ်သည်။ သို့ဖြစ်ခြင်းကြောင့် ဗုဒ္ဓသာသနာတော်၌ ငါ သည် ကိုယ်ပိုင်ဥစ္စာရှာဖို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ငါကျင့်ထားသော ဓမ္မအားလုံးတို့ကို ငါ ပိုင်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။

၅။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီးတစ်ခုလုံးသည် မည်သည့်ပစ္စည်းဥစ္စာ မည်သည့် ရာထူးအာဏာတို့ မည်မျှပင်ရထားကြစေကာမူ အလိုမပြည့်နိုင်အောင်ဖြစ်နေကြသည်။ အလိုရှိ နေသမျှ မည်သို့ပင်ဖြည့်ကြသော်လည်း အလိုကားမပြည့်ကြပေ။ အလိုမပြည့်မီမှာပင် လူသား အားလုံးတို့ သေကြရမည်ဖြစ်သည်။ ထို့ကြောင့် ငါသည် မြတ်ဗုဒ္ဓသာသနာ၌ ငါ၏ အလိုဆန္ဒ တို့ကို ပစ္စည်းဥစ္စာ ရာထူးအာဏာတို့ဖြင့်မဖြည့်ဘဲ ဓမ္မဖြင့် ဖြည့်ခဲ့လေပြီ။ လိုသည်ဆိုသည့် လောဘ၏နေရာ၌ ဓမ္မဖြင့်အစားထိုးနိုင်ခဲ့သဖြင့် ကျွန်ုပ်အလိုပြည့်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါ သည်။

၆။ ဒကာတော်မင်းကြီး လူသားတို့သည် ''လိုသည် လိုသည်''ဆိုသည့် လိုအပ်ချက်ကို ရှာဖွေ ဖြည့်စွက်ကြရာ၌ လိုအပ်ချက်တို့ကို အဆုံးမသတ်နိုင်ခဲ့ကြသည့်အတွက်ကြောင့် တဏှာလော ဘ၏ ကျေးကျွန်များအဖြစ်သာ ဖြစ်ခဲ့ကြရလေသည်။ ငါသည် တဏှာ၏ ကျေးကျွန်အဖြစ်က လွတ်ဖို့ရန်အတွက် ရဟန်းဝတ်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။ ဤသို့လျှင် အရှင်ရဌပါလ၏ မွန်မြတ်သော မှန်ကန်သောရဟန်းပြုခြင်း၏ ရည်ရွယ်ချက်တို့ကို မင်းကြီးကြားသောအခါ အ လွန်ပင်ကျေနပ်နှစ်သက်ခဲ့လေသည်။ ကျေနပ်နှစ်သက်ခြင်းကြောင့် သူစွပ်စွဲခဲ့မိသောအပြစ်တို့ ကို တောင်းပန်ဝန်ချကန်တော့ခဲ့သည်။
ဤနေ့မှစ၍ ရတနာသုံးပါးကို ကိုးကွယ်ပါ၏ဟု လျှောက်ထားခဲ့လေသည်။ သို့ဖြစ်ခြင်းကြောင့် ယနေ့နိုင်ငံအသီးသီး လူမျိုးအသီးသီး စီးပွားရေးအကြပ်အတည်းတို့နှင့် ရင်ဆိုင်ကြုံတွေ့နေ ကြရသောကာလ၌ နိုင်ငံအသီးသီးရှိ လူသားတော်တော်များများ အလုပ်လက်မဲ့ဖြစ်၍ စားဝတ် နေရေး အခက်အခဲတွေ့နေကြရသည်ကို ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များအားလုံး မြင် တွေ့နေကြရပြီးဖြစ်ပါသည်။

စီးပွားရေး အကြပ်အတည်း နိုင်ငံရေးအကြပ်အတည်း ဘာသာရေးအကြပ်အတည်း ဤသုံးခု တို့သည် တခြားစီမနေကြဘဲ အပြန်အလှန်မှီတွယ်၍နေတတ်ကြပေသည်။ နိုင်ငံရေးစီးပွားရေး အကြပ်အတည်းကြောင့် လူအများစု အလုပ်လက်မဲ့ဖြစ်နေကြရသည်ကိုကြည့်၍ ကျွန်ုပ်တို့ ခေါင်းဆောင်များ ဘာသာရေး အလုပ်လက်မဲ့မဖြစ်ရလေအောင် အထူးသတိပြုကြရမည် ဖြစ် ပေသည်။

ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မိမိတို့လုပ်ဆောင်ကြရမည့် လူမှုရေးအကျိုးပြုလုပ်ငန်းများ၊ ပိဋ ကတ်သင်ကြားပို့ချရေးလုပ်ငန်းများ၊ ကမ္မဋ္ဌာန်းကျင့်ကြံအားထုတ်ရေးလုပ်ငန်းများကို ယနေ့ ခေတ်၌ နှစ်ဆတိုးကြိုးစား၍ လုပ်ဆောင်ကြရမည်ဖြစ်သည်။ အရှင်ရဌပါကကို ကောရဗျမင်း ကြီးစွပ်စွဲသလို အစွပ်စွဲမခံကြရလေအောင် ကြိုးစားကြရမည်ဖြစ်ပေသည်။ ကောရဗျမင်းကြီး ကဲ့သို့ ဘာသာရေးခေါင်းဆောင်တို့အပေါ် အထင်အမြင်သေးကြသည့် လူတို့၏စိတ်နှလုံးကို ကျေနပ်နှစ်သိမ့်မှုရအောင် အရှင်ရဌပါလကဲ့သို့ အားထုတ်ကြရမည်ဖြစ်သည်။ ထို့ပြင် လှုပ်ရှား နေသောကမ္ဘာကို တည်ငြိမ်မှုရှိအောင်ကြိုးစားဖို့မှာ ကျွန်ုပ်တို့၏တာဝန်ဖြစ်ပေသည်။ ကမ္ဘာကို တုန်လှုပ်စေသော လူတွေထဲမှာ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ မပါဝင်ဖို့ အရေးကြီး ပါသည်။

လူ့လောကကြီး၏ လိုအပ်ချက်တို့ကို ကျွန်ုပ်တို့ ဝိုင်းဝန်းဖြည့်စွက်ပေးနိုင်ကြဖို့ အားထုတ်ကြ ရမည်ဖြစ်ပါသည်။ လိုအပ်ချက်ဆိုသည်မှာ စိတ်ဓာတ်ရေးရာလိုအပ်ချက်ကို ဆိုလိုပါသည်။ သို့မှသာ ကမ္ဘာ့လူသားအများစုက ဘာသာရေးခေါင်းဆောင်တို့သည် ကမ္ဘာ့လူသားအားလုံးတို့ အတွက် ကျေးဇူးပြုတတ်သော အထူးအားကိုးထိုက်သော ပုဂ္ဂိုလ်များဖြစ်သည်ဟု သိမြင်လာ ကြမည်ဖြစ်ပါသည်။ ဤသည်ကား ကျွန်ုပ်၏ တောင်းဆိုမှုပင်ဖြစ်ပါသတည်း။

ပူလောင်နေသော ကမ္ဘာမှာ ကျွန်ုပ်တို့သည် မီးသတ်သမားများသဖွယ် ကိလေသာမီး၊ သောက မီး၊ စစ်မီးတို့ကို ငြိမ်းသတ်နိုင်သောပုဂ္ဂိုလ်များအဖြစ် ကမ္ဘာ့ရေးရာမှာ ပါဝင်ကြရမည်ဖြစ်ပါသည်။ ကမ္ဘာ့လောကကိုမီးဝိုင်းရှို့သောလူတွေထဲမှာ ကျွန်ုပ်တို့မပါဝင်နိုင်ပေ။ ကျွန်ုပ်တို့ဘာသာရေး ခေါင်းဆောင်များသည် လူသားတို့ထံမှ ဘာကိုမျှမတောင်းဆိုကြပါ။ သို့သော် '' Jeal ousy ကို Joy ပြောင်းကြပါ။ Evil ကို Good သို့ပြောင်းကြပါ။ Ignorance ကို Enlightenment သို့ ပြောင်းကြပါ။ အဝိဇ္ဇာမှ ဝိဇ္ဇာသို့ ပြောင်းကြပါ'' ဟူသော Change ကို တကယ်ပဲ တောင်းဆို လိုပါသည်။ သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။

ဒေါက်တာအရှင်ဉာဏိဿရ အဂ္ဂမဟာပဏ္ဍိတ၊

Ph.D., Litt.

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း။
ဟံသာဝတီဝဘ်ဆိုဒ် မှတဆင့် ဖော်ပြသည်။

Friday, September 25, 2009

စက်တင်ဘာမှာ စတဲ့ရောဂါ....

ငြိမ်ချက်သားကောင်းနေတဲ့ အိမ်လွမ်းသူတယောက် မိုးရာသီ( fall season) ရောက်မှ တခါပြန် နိုးလာသလားလို့ ကိုယ့်မိတ်ဆွေတွေက ထင်နေကြဦးမယ်… တကယ်တော့ ပိုစ့်တွေတင်ချင် တဲ့စိတ်ကရှိပါတယ်။ လူကမအားလိုက် ကွန်ပြူတာက ပျက်လိုက်၊ မအားလိုက်ဖြစ်နေလို့ သူငယ်ချင်းတွေဆီတောင် မလည်နိုင်တာ ကြာသွားပြီ။ အခုတော့ သမီးကြီးက ဒီအချိန်ရောက်ရင် ဖြစ်နေကြ နှာစေချောင်းဆိုးက ဒီနှစ် ဖြစ်နေကြတဲ့ ဝက်တုပ်ကွေးနဲ့ ရောသွားမှာစိုးလို့ သူ့ကိုဂရုစိုက်နေရင်းက ရုတ်တရက် နှာချေ၊ ချောင်းဆိုးရင် ဘေးပတ်ဝန်းကျင်ကို မကူးစက်ရအောင် သင်ခန်းစာလေးတခုကို တွေ့တာနဲ့ မသိသေးတဲ့ မိတ်ဆွေတွေအတွက်ပါ အသုံးဝင်နိုင်တာမို့ ဒီဗွီဒီယိုလေးကို မျှဝေပေးထားတာပါ။ ဟာသကလေးနှောပြီး တင်ပြထားတဲ့အတွက် ရယ်စရာလဲကောင်းသလို ပညာလဲရပါတယ်။ လာလည်ကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဘာမှမတင်နိုင်ပေမဲ့ အမြဲလာလည်ကြလို့လဲ ပိုပြီးကျေးဇူးတင်ပါတယ်။ သိမ်းထားတဲ့စာတွေအားလုံး ကွန်ပြူတာပျက်တော့ ပါသွားလို့ အခုလောလောဆယ် ပို့စ်တွေမတင်နိုင်သေးပါဘူး။ မကြာခင် ပိုစ့်များများတင်နိုင်အောင် (power ball) ထိုးနေ ပါတယ်။ ပေါက်မှ ကွန်ပြူတာ တယောက်တလုံးစီ အိမ်ရှိလူကုန် ဝယ်ပေးပလိုက်မယ်… ဟင်း…

Saturday, July 18, 2009

အခုတလောအခြေအနေ...

အလည်လာကြသူတွေကို ပြန်လည်နှုတ်မဆက်နိုင်တာကို ခွင့်လွှတ်ကြပါနော်.. အခုတလော အလုပ်က မနက်ပိုင်းဖြစ်သွားလို့ စောစောအိပ်ပြီး စောစောထနေရတာနဲ့ ကိုယ့်ဘလော့ လေးကိုတောင် မဖွင့်ဖြစ်ဘူးဖြစ်နေတယ်။ အလုပ်ကအပြန် ကလေးတွေက ၁၀ ရက် ကြာသင်ကြားပေးမဲ့ ယဉ်ကျေးမှုသင်တန်းမှာ camp ဝင်နေကြလို့ သူတို့ဆီကိုလည်း သွားနေရသေးတယ်လေ။ စာတွေလည်းမတင်ဖြစ်ဘူးဖြစ်နေတယ်။ ဂျာနယ်ကျော်မမလေးရဲ့ မြန်မာ့ဆေးပညာ ဆောင်းပါးမှ အမျိုးသမီးတွေသားဖွားလျှင် အသုံးချနိုင်ဖို့အတွက် ဆောင်းပါးတပုဒ် တင်ပေးနိုင်ဖို့ စာရိုက်နေပါသေးတယ်။ မကြာခင်တင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အလည်လာကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။

Monday, July 13, 2009

သီတဂူဆရာတော်ဘုရားကြီးရဲ့တရားကို သွားရောက်နာယူခြင်း...



ဒီနေ့သွားနာခဲ့ရတဲ့ သီတဂူဆရာတော်ဘုရားကြီးရဲ့ တရားတွေကို နောက်တနေ့ဗွီဒီယိုဖိုင်လေးတွေတင်ပေးပါမယ်.. လောလောဆယ်တော့ ဓာတ်ပုံဆလိုက်ရှိုးလေး တင်ပေးထားပါတယ်နော်...

Tuesday, July 7, 2009

အိမ်ပြန်လက်ဆောင်...

အိမ်လွမ်းသူရဲ့ မိတ်ဆွေတွေအတွက် လက်ဆောင်အဖြစ် ကျေးဇူးရှင်ပိုင်းလော့ဆရာတော်ဘုရား ဟောကြားခဲ့သော ခင်ပွန်းကြီးဆယ်ပါးပစ်မှားလျှင်သင့်တတ်သည့်ဒဏ်ဆယ်ပါး စာမူကိုဖတ်ဖြစ်စေရန် တင်ပေးထားခြင်းဖြစ်ပါတယ်..။ လာရောက်လည်ပတ်သူတိုင်း ဖတ်ဖြစ်အောင် ဖတ်မိစေဖို့ တိုက်တွန်းလိုပါတယ်..။ ကြွရောက်လာသူတိုင်း ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးချမ်း မေတ္တာဓာတ်လွှမ်းနိုင်ကြပါစေ

Monday, July 6, 2009

အိမ်ပြန်ရောက်ပါပြီ.....



သီလရှင်လေးတွေတော့ လူထွက်ပြီး ပြန်လာကြပါပြီ။ သမီးကြီးရဲ့ သီလရှင်ဘွဲ့က ကေတုမာလာ၊ သမီးငယ်ကတော့ ဝဏ္ဏသိင်္ဂီတဲ့၊ အတူဝတ်တဲ့ သူတို့ရဲ့ သူငယ်ချင်းလေးက ထေရစာရီတဲ့ …. ဥပေဇ္ဈာယ်ဆရာတော်ကတော့ မိုညှင်းသိင်္ဂီကျောင်းတိုက်က ဆရာတော် အရှင်ဇေယျပဏ္ဍိတ ဖြစ်ပါတယ်။ ဆရာတော်ဟာ မိုးကုတ်ဓမ္မကထိကဖြစ်ပြီး ၅ ရက်တရားစခန်းမှာ တရားလာပြပေးခဲ့တာဖြစ်ပါတယ်။ ဆရာလေးတွေက ဒီတရားစခန်းမှာ ဝတ်ဖြစ်သွားကြတာဖြစ်ပါတယ်။ အိမ်လွမ်းသူကလည်း ဆရာလေးတွေနဲ့အတူ တရားစခန်းဝင်ဖြစ်လို့ လူ့ဘဝမှာ ချမ်းသာစွားနေထိုင်နည်းတွေကို ရရှိခဲ့ပါတယ်။ ဆရာတော်ဟာ ဘုရားဟောခဲ့တဲ့တရားတော်တွေကို ဥပမာတွေပေး၍ ရှင်းလင်းစွာ ဟောကြားပြသပေးခဲ့တာဖြစ်ပါတယ်။ မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ ဖြစ်စေဆိုတဲ့ ဖန်ဆင်းရှင်တရားမဟုတ်ပါဘူး။ သတ္တဝါတွေအတွက် လမ်းကောင်း၊ လမ်းဆိုးကို ညွှန်ကြားပြသပေးခြင်းသာဖြစ်ပါတယ်။ မိမိကိုယ်တိုင် နာယူမှတ်သား ကျင့်ကြံနိုင်မှ မိမိရရှိမှာ ဖြစ်ပါတယ်။ ဆရာတော်ကိုပိုင်းလော့ဆရာတော်လို့လည်း ခေါ်တွင်ကြပါတယ်။ တနည်းအားဖြင့် တရားတော်နဲ့ လမ်းပြပေးတဲ့ဆရာတော်ဖြစ်ပါတယ်။ မိတ်ဆွေတို့လည်း ဆရာတော်ရဲ့ တရားတော်တွေကို နာယူကြပါဦးလို့ တိုက်တွန်းလိုပါတယ်။ အိမ်လွမ်းသူရဲ့ မိတ်ဆွေတွေ လူ့ဘဝမှာ ချမ်းသာစွာနေထိုင်နိုင်ကြပါစေ…….

Saturday, June 27, 2009

ခွင့်ပြုပါ...


သူတို့တွေပေါ့ မကြာခင် ဂတုံးလေးတွေဖြစ်တော့မှာ
အိမ်လွမ်းသူတယောက် ခုတလောဘလော့ဂင်းခြင်းမှခေတ္တ ရပ်ဆိုင်းထားရမည်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အိမ်လွမ်းသူပိုင်ဆိုင်သော တန်ဘိုးမဖြတ်နိုင်သည့်ရတနား)) လေးများဖြစ်ကြသည့် မပေါ့နှင့် မပိ တို့ သီလရှင်ဝတ်ပြီးလျှင် ငါးရက်ပတ်တရားစခန်း၌ တရားရိပ်သာ ဝင်ကြမည်ဖြစ်ပါသောကြောင့် ထိုကိစ္စအဝဝနှင့် အလုပ်ရှုပ်နေသောကြောင့် ချစ်ခင်လှစွာသော ဘလော့မိတ်ဆွေ မောင်နှမများနှင့် ခေတ္တဝေးနေရပါမည်။ လာရောက်လည်ပတ်သူများကိုလည်း ကျေးဇူးတင်ပါသည်။ ပြန်မလည်နိုင်သေးသည်ကိုလည်း တောင်းပန်အပ်ပါသည်။ တရားရိပ်သာမှပြန်လာလျှင်တော့ သီိလရှင်လေးများအကြောင်း ပြန်ပြောပါမည့်အကြောင်း အသိပေးအပ်ပါသည်း))
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်….

Monday, June 22, 2009

Oregon မှ ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်ပြည့် မွေးနေ့ဆုတောင်းပွဲ...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၄ နှစ်ပြည့်မွေးနေ့ဆုတောင်းပွဲကို Oregon ရောက်မြန်မာ့ဒီိမိုကရေစီ အင်အားစုများနှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့စုပေါင်း၍ ဘာသာပေါင်းစုံစုပေါင်း ဆုတောင်းပွဲကို ဇွန်လ ၂၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ သီရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်းတွင် နေ့ဆွမ်းဆက်ကပ် လျူဒါန်းခဲ့ကြပြီး နေ့လည် ၁-နာရီတွင် ဘာသာပေါင်းစုံမှ လူမျိုးအသီးသီး စုပေါင်း၍ ဆုတောင်းမေတ္တာပို့သခဲ့ကြပါသည်။ ဤမေတ္တာပို့သပွဲသို့ Burma Campaign မှ Edit နှင့် Burma Action Committee မှ Tara တို့လည်း တက်ရောက်အားပေးခဲ့ကြပါသည်။ ဘာသာရေးခေါင်းဆောင်များဖြစ်ကြသော သီရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဦးသီရိန္ဒ၊ အစ္စလာမ် တရားပြဆရာဦးစိုးဝင်းနှင့် ခရစ်ယာန်သာသနာမှ ကိုပေါ့မာန်လ် တို့မှ ဦးဆောင်ကာ ဆုတောင်းမေတ္တာများကို အသီးသီး ပို့သခဲ့ကြပါတယ်။ ဆုတောင်းပွဲလာရောက်ကြသူများကို မုန့်ဟင်းခါးနှင့် ဧည့်ခံကြွေးမွေးပြီး ညနေ ၄-နာရီတွင် အောင်မြင်စွာပြီးဆုံးသွားပါသည်။

Thursday, June 18, 2009

မွေးနေ့ဆုတောင်း...

ရန်ကုန်မိုးက comment မှာ ဒီကဗျာလေး ရေးခဲ့ပေးလို့ ပြန်တင်ပေးထားပါတယ်...


" အမေ ပင်ပန်းနေမှာ "


အမေ...
ဒီနေ့ဆိုရင် ...အမေနဲ့လူချင်းမတွေ့ရတာ
နစ်ပေါင်း နှစ်ဆယ်တိတိ ရှိပြီ အမေ ။

အမေ...
ကျန်းမာလို့ ရွှင်လန်းပါစေလို့
ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ် အမေ ။

အမေ...
သို့ပေမဲ့..အမေရဲ့ အေးမြပြီးဖြူစင်တဲ့ ရုပ်ပုံလွာလေးတွေ
အမေရဲ့ ရင့်ကျက်တည်ငြိမ်တဲ့ စကားသံလေးတွေကို
ကျွန်တော် တွေ့ရကြားရလို့ ဝမ်းသာမိတယ် အမေ ။

အမေ...
ကျွန်တော်တို့အတွက် အမေပေးဆပ်ခဲ့တာတွေ
စွန့်လွှတ်ခဲ့တာတွေ ၊ စေတနာထားခဲ့တာတွေ အားလုံးကို
ကျွန်တော် ဒီနေ့အထိ မေ့လို့မရဘူး အမေ ။

အမေ...
မြင့်မြတ်တဲ့ စိတ်ထား ၊ ကောင်းမွန်တဲ့ လမ်းညွှန်မှူ
မလျော့သော ဇွဲ ၊ ခိုင်ကြည်တဲ့ စိတ်ဓါတ်တွေကို
ကျွန်တော် လေးစားအားကျမိတယ် အမေ ။

အမေ...
ကျွန်တော်တို့တွေ အဝေးရောက်နေကြလို့
အမေ့ကို အထီးကျန်မဆန်စေရဘူး အမေ ။

အမေ...
အမေ့ဘေးနားမှာ ညီငယ်လေးတွေ ရှိနေသလို
အဝေးရောက်နေတဲ့ ကျွန်တော်တို့ သားကြီးတွေကလည်း
အမေ့ကို အမြဲအားပေးနေမှာပါ အမေ ။

အမေ...
အခုလေ .. ဒီကဗျာလေးကို ရေးရင်းနဲ့
ကျွန်တော် မျက်ရည်ဝဲမိတယ် အမေ ။

အမေ...
စိတ်ဓါတ်ခိုင်ကြည်တဲ့ သူတွေဟာ
ဘယ်တော့မှ မျက်ရည်မကျရဘူးဆိုလို့
ကျွန်တော် မငိုမိအောင် စိတ်ကိုတင်းထားတယ် အမေ ။

အမေ...
အမေ ကျန်းမာပါစေ ၊ သက်တော်ရာကျော်ရှည်ပါစေ...
အမေ ငြိမ်းချမ်းပါစေ ၊ အေးမြပါစေ...
အမေ ဆန္ဒပြုခဲ့တဲ့အရာတွေ အောင်မြင်ပါစေ...


သြော်....အမေ...ပင်ပန်းနေမှာပဲနော် ။





[*]အမေ့ကို ချစ်တတ်တဲ့ ညီအစ်ကို ၊ မောင်နှမများ အားလုံးအတွက် ရည်ရွယ်ပါတယ် ။



၂၀၀၈ ခုနှစ် ၊ သြဂုတ်လ ၊ ၈ ရက် ။
ရန်ကုန်မိုး

Monday, June 15, 2009

အဖေ့ကျေးဇူး...

ဒီနှစ် ဇွန်လ ၂၁ ရက်နေ့ဟာ အဖေများနေ့ဆိုပြီးသိရပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အရင်တုန်းက ဒါတွေမသိခဲ့ပါဘူး။ ဒီိကိုရောက်လာတာတောင် သမီးတွေက သူတို့ကျောင်းတွေကနေ အမေနေ့ဆို အမေအတွက်လက်ဆောင်တခုခု၊ အဖေနေ့ဆို အဖေအတွက် လက်ဆောင်တခုခု အမြဲလုပ်လာလေ့ရှိပါတယ်။ အဲဒီတော့မှ ကိုယ်ကသတိထားမိတာပါ။ အစိုးရ ရုံးပိတ်ရက်မဟုတ်လို့လဲ ကိုယ်ကသတိမထားမိပါဘူး။ နောက်တခုက အမှတ်တရနေ့တွေက တနှစ်နဲ့တနှစ် ရက်တွေမတူကြဘူး။ ဥပမာ- လွတ်လပ်ရေးနေ့ဆို July 4 ဖြစ်ပြီး အလုပ်သမားနေ့က စက်တင်ဘာလရဲ့ ပထမဆုံးတနင်္လာနေ့..။ Thanksgiving Day က နိုဝင်ဘာလရဲ့ နောက်ဆုံးပတ် ကြာသပတေးနေ့..။ အဲ့ဒီလိုဆိုတော့ နေ့တွေရက်တွေက တနှစ်နဲ့ တနှစ်မတူဘူးဖြစ်နေတယ်..။ ဒီိကကျောင်းတွေမှာက အမှတ်တရနေ့တွေ အများသားပဲ..။ ကလေးတွေကတော့ ဒါတွေကိုအမြဲ အမှတ်ရနေကြတယ်။ ဒီလိုဖြစ်အောင်လဲ သူတို့ကျောင်းတွေက အဲဒီရက်တွေကို အမှတ်တရဖြစ်အောင် လုပ်ပေးကြပါတယ်။ အမေနေ့ဆို ကျောင်းဖွင့်ချိန်မို့ ကျောင်းကပြန်လာရင် လက်ဆောင်လေးတွေ သူတို့ကိုယ်တိုင်လုပ်ပြီး ယူလာပေးနိုင်ပေမဲ့ အဖေနေ့ကတော့ ကျောင်းပိတ်ချိန်နဲ့ တိုက်နေလို့ ကြိုတင်လုပ်ပေးလာကြရတယ်။ သူတို့က ဇွန် ၁၈ ရက်ဆို နွေရာသီ ကျောင်းသုံးလပိတ်ပြီလေ…။ အဖေနေ့ဆို အဖေကို စိတ်ချမ်းသာအောင် ဦးစားပေးဆက်ဆံပြီး အမေနေ့ဆိုလည်း အမေကို ပျော်ရွှင်အောင် စိတ်ချမ်းသာအောင် အထူးအရေးပေး လုပ်ဆောင်ပေးကြတယ်။

ကိုယ်တွေဆီမှာတော့ မိဘဆိုတာ အနန္တဂိုဏ်းဝင်တွေမို့ ဦးစားပေးဆက်ဆံကြတာ အစဉ်အလာလိုဖြစ်နေတာပါ။ နေ့ထူးနေ့မြတ်တွေဆို မိဘတွေကို ကန်တော့ပြီး ပြောမှားဆိုမှား ပစ်မှားမှုတွေရှိခဲ့ရင် ခွင့်လွတ်ဖို့ တောင်းပန်ကန်တော့တဲ့ အစဉ်အလာတော့ ရှိပါတယ်။ အဖေနေ့ အမေနေ့ရယ်လို့ သတ်မှတ်ထားတာမရှိတော့ နေ့ရက်တွေကိုလည်း သတိမထားမိခဲ့ဘူး။ အခုမှ ပိုစ့်တွေလိုက်ဖတ်ရင်း အဖေ့အကြောင်းလေးရေးချင်လာတာနဲ့ ဒီပိုစ့်လေး ရေလိုက်တာပါ။

အဖေက ပအိုဝ့်အမျိုးသားစစ်စစ်ပါ။ အင်္ဂါသားမို့ စိတ်ကြီးပါတယ်။ ကျမတို့ငယ်ငယ်ကဆို အဖေ့ကို ချစ်ရမှန်းမသိအောင်ကို ကြောက်တာပါ။ သားသမီးတွေကို အမွေပေးစရာ ပညာသာရှိတယ်ဆိုပြီး သားသမီး ငါးယောက်စလုံးကို ပညာတတ်တွေဖြစ်အောင် ငယ်စဉ်ကတည်းက ကြိုးစားစေချင်တဲ့ စေတနာအပြည့်ရှိသူပါ။ အဖေက ကျေးရွာလယ်သမား ဘဝကနေ စက်ရုံအလုပ်သမားအဖြစ်နဲ့ ဘဝကိုရုန်းကန်ခဲ့တဲ့ အလုပ်သမားစစ်စစ်ပါ။ ပညာဆိုလို့ ဖုန်းကြီးကျောင်းစာကိုသာ ကျေညက်ခဲ့သူပါ။ အလုပ်သမားဘဝမှာ ပညာရဲ့တန်ဘိုးကိုသိပြီး သားသမီးတွေကြီးလာရင် နေပူထဲမှာ ပင်ပန်းတကြီး အလုပ်လုပ် ရမှာထက် စားပွဲမှာထိုင်ပြီး အေးအေးချမ်းချမ်း အလုပ်လုပ်နေရတာကိုသာ မြင်ချင်တဲ့သူပါ။ တခါတရံ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေကြတဲ့ သူငယ်ချင်းတွေက ဈေးရောင်း၊ နွားကျောင်းနဲ့ ငွေရှာနေကြကာ လွတ်လပ်နေကြတာကိုကြည့်ရင်း ကျောင်းသွားစာသင်ရတာကို ငြီးငွေ့တဲ့ ကျမက ကျောင်းမတက်ပဲ ဈေးရောင်းချင်တယ်ပြောမိလို့ အဖေရိုက်တာ ခံခဲ့ရပါတယ်။ အဖေ စိတ်တိုလို့ ရိုက်ရင် တချက်တည်းနဲ့ အီိစိမ့်နေအောင်ဆော်တာပါ။ ကျောင်းပျင်းတဲ့ကျမ အဖေ့ကြောင့် စာတတ်ခဲ့တာပါ။ ဒါကိုလည်း အရွယ်ရောက်ပြီး ကိုယ့်ဘဝ ကိုယ်ထူထောင်မှ ပညာတတ်မှ လူရာဝင်တယ်ဆိုတာသိပြီး အဖေ့ကိုကျေးဇူးတင်ခဲ့တာ။
နောက်တခုကတော့ ဘာသာရေးနဲ့ ပတ်သက်လို့ပါ။ အဖေဟာ ငယ်စဉ်ဘုန်းကြီးကျောင်းသား ဘဝကတည်းက ဆရာကောင်းနဲ့တွေ့ခဲ့လို့ ထေရဝါဒ ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်ခဲ့ပါတယ်။ သားသမီးတွေကိုလည်း ငယ်စဉ်ကတည်းက ဘာသာရေးလိုက်စားစေခဲ့တာပါ။ အပျော်အပါးထက် တရားဘာဝနာဘက်ကို နည်းမျိုးစုံနဲ့ လိုက်စားစေခဲ့တာပါ။ အပျော်အပါးမက်ပြီး စိတ်ထားကြမ်းတဲ့ ကျမကို တရားဘာဝနာနဲ့ နူးညံ့စေခဲ့သူပါ။ အဖေကိုယ်တိုင်က ထစ်ကနဲဆို စိတ်တိုတတ်သူဖြစ်ပေမဲ့ သူတပါးအသက်သတ်တာ တခါမှမတွေ့ခဲ့ဖူးပါ။ အိမ်မွေးကြက်တွေ မွေးထားပေမဲ့ အဖေကြက်သတ်ပြီး ချက်ကြွေးတာ တခါမှမတွေ့ဖူးပါဘူး။ အမေကကြက်မွေးပြီး ဝယ်သူတွေလာလို့ ကြက်ဖမ်းရင် ဆူညံနေတတ်တာကို ဘဝင်မကျလို့ ဝင်ငွေကောင်းပေမဲ့ သူတပါးအသက်နဲ့ စီးပွားမလုပ်ဖို့ အဖေတားမြစ်ခဲ့တယ်။ ကိုယ်ကိုယ်တိုင်မသတ်ပေမဲ့ သွယ်ဝိုက်တဲ့နည်းနဲ့ အကုသိုလ် ဖြစ်တယ်ဆိုလို့ ဥစားကြက်မလေးတကောင်သာ သားသမီိးတွေ ကြက်ဥစားရဖို့ မွေးခွင့်ရခဲ့တယ်။
လယ်၊ ခြံနဲ့ စက်ရုံအလုပ်တွေလုပ်ရင်း ဘဝကိုပင်ပန်းစွာဖြတ်သန်းခဲ့တဲ့အဖေဟာ အခုဆို အသက် ၇၇ နှစ်ရှိပါပြီ။ သားသမီး ငါးယောက်မှာ အကြီးဆုံးနဲ့ အငယ်ဆုံးကလွဲရင် ကျန်အလယ်သုံးယောက်က အိမ်ထောင်အသီးသီးကျပြီး ကိုယ့်အိမ်ထောင်နဲ့ကိုယ် ဖြစ်နေကြပါပြီ။ အငယ်ဆုံးကလည်း အခုဆို လျှပ်စစ်အင်ဂျင်နီယာဘွဲ့ရပြီးလို့ မိဘတွေနဲ့အတူပြန်နေနိုင်နေပါပြီ။ မိဘတွေကို အေးအေးချမ်းချမ်းနေခွင့်ပေးနိုင်နေပြီဖြစ်ပေမဲ့ အဖေကတော့ အခုချိန်ထိ အနားမယူသေးပါဘူး။ စက်ရုံအလုပ်က ပင်စင်ရနေပေမဲ့ ခြံစိုက်တာကိုတော့ ဝါသနာအရ တားလို့မရသေးပါဘူး။ အခုချိန်အထိ ပေါက်တူးတလက်နဲ့ စားပင်၊ သီိးပင်တွေ စိုက်ပျိုးနေတုန်းပါပဲ။ အဖေ့လက်နဲ့ စိုက်တဲ့အပင်တွေကလည်း အခုထိ ဖြစ်ထွန်းအောင်မြင်နေဆဲပါပဲ။ အဖေဟာ အလုပ်မလုပ်ရရင် မနေနိုင်တော့ပါဘူး။ အဖေ့ကို တရားဘာဝနာပွားပြီး အေးအေးချမ်းချမ်းနေဖို့ တိုက်တွန်းရင် “ ဒြီံခံဟာ အဖေ့တရားစခန်း ပေါ့သမီးရယ်.. တရားစခန်းသွားရတာက ကိုယ်ကနားမလည်သေးလို့ ကျောင်းသွားတက်ရတဲ့ သဘောပေါ့.. ကိုယ်နားလည်သွားရင် ကိုယ့်ခန္တာမှာ ကိုယ်ရှုမှတ်ရတော့မှာ.. အခုဒီခြံလေးက လူတွေနဲ့ဝေပြီး အေးချမ်းတိတ်ဆိတ်နေလို့ တရားမှတ်လို့လဲကောင်းတယ်။ အပင်တွေစိုက်ထားတော့ မရှိတဲ့သူတွေ လာခူးစားလဲရတယ်… လာဝယ်တော့လဲ ဆွမ်းလျူဖို့ရတယ်။ နောက်ဆုံး ကျေးငှက်တွေစားသွားကြတော့လဲ ကုသိုလ်ရတာပါပဲ” တဲ့ ။ အဖေ့ကို ပြောမရတဲ့အဆုံး အငယ်ဆုံးမောင်လေးက အင်ဂျင်နီယာအလုပ်မလုပ်ရဘဲ အဖေနဲ့ ခြံထဲမှာ အခုချိန်ထိ ပေါက်တူးတလက်နဲ့ ခြံသမားလေးဘဝကို ကြေကြေနပ်နပ်နဲ့ ဖြတ်သန်းနေရဆဲပါပဲ။
အဖေက နိုင်ငံရေးဘာညာတော့ နားမလည်ပါဘူး။ သူယုံကြည်တဲ့ ဘာသာရေးနဲ့ဘဲ နိုင်ငံရေးအပေါ်အမြင်ကို အခုလိုဆုံးမထားတာတော့ ရှိပါတယ်..။ ဒီိစကားလေးကို ဘလော့ဆိုက်ဘားမှာလဲ တင်ထားပါတယ်..။ အဖေဆုံးမသလို တည်ကြည်ဖြောင့်မတ်အောင် ကြိုးစားနေထိုင်ရင်း အဖေ့ကိုကျေးဇူးဆပ်ပါမယ်…
သမီး… လူဆိုတာ တည်ကြည်ဖြောင့်မတ်ရမယ်။
လောကမှာ… မီးများမီးနိုင်…
ရေများရေနိုင်… ဆိုတာ ဓမ္မတာပဲ။
တနေ့…တည်ကြည်ဖြောင့်မတ်သူတွေ
များလာရင် ...
တို့နိုင်ငံမှာ… တည်ကြည်ဖြောင့်မတ်တဲ့
အစိုးရတရပ် ပေါ်ပေါက်လာမှာပါ။
အဲ့ဒီအချိန်ဟာ အဖေလည်းရှိတော့မှာမဟုတ်ဘူး။
သမီးတို့လည်း မှီချင်မှမှီမယ်
ဒါပေမဲ့သမီး… အဖေတို့အခုစားနေရတဲ့
အသီးအပွင့်တွေဆိုတာ
ရှေးလူကြီးတွေစိုက်ပျိုးခဲ့လို့ပဲ။

ငါးမရ ရေချိုးပြန်....

ဘာရယ်မဟုတ်ပါဘူး..။ လုပ်နေကျ လုထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွတ်ပေးဖို့ ဆုတောင်းပွဲကိုသွားစဉ်မှာ လုပ်နေကျနေရာမှာက လူတွေပြည့်နှက်နေပြီး ကိုယ့်ဆီက တန်ဆောင်တိုင်အလှပြပွဲတွေလို လှည့်နေကြတာတွေရလို့ ကိုယ့်ဆန္ဒတွေ ထုတ်ဖော်ခွင့်မရဘဲ ပြန်တော့မယ်အတူတူ ဘလော့မောင်နှမတွေကိုပါ တွေ့စေချင်လို့ စိတ်ကူးပေါက်တဲ့အချိန်လေးမှာ ရသလောက် ရိုက်ယူခဲ့တာ... ကံမကောင်းချင်တော့ ကိုယ်ရိုက်နေတဲ့အချိန်မှာ စိတ်ဝင်စားစရာကောင်းတာ သိပ်မပါဘူး ဖြစ်နေတယ်..။ သူတို့က တနေကုန် မပြီးနိုင်မစီးနိုင် လှည့်နေကြတာဆိုတော့ ရောက်လာကြတဲ့သူတွေလဲ နောက်အပတ်ချိန်းပြီး ပြန်ကြရတယ်..။ သူတို့လုပ်ကြတာကမီးပုံးပျံပွဲလို့ အဓိပ္ပါယ်ရမယ်ထင်တယ်..။ ကိုယ်လဲဗဟုသုတနည်းတော့ သိပ်မသိဘူး... ။သိတဲ့လူတွေပြောပေးကြပါဦး.. အရင်အပတ်ကလဲ Rose festival တဲ့ ... အဲ့ဒီနေ့ကတော့ ကိုယ်တွေဦးသွားတယ်။

Saturday, June 13, 2009

Monday, June 8, 2009

မင်းကိုမသတ်ဘဲ မင်းဖြစ်သူ....ဇာတ်သိမ်း

မင်းလောင်းမည်သူလဲ
တူရွင်းတောင်ခြေ၌ စုရုံးနေကြသော လူအုပ်ကြီးမှာ ပန်းသပြေ ညောင်ရေလောင်းကာ ကွမ်းဆော်လုလင်အား ဝိုင်း၍ ပူဇော်ကန်တော့ကြကုန်၏။ မင်းလောင်းကြည့်ရန်သွားသော ကွမ်းဆော်မှာ လွန်စွာ အံ့အားသင့်သွားသည်။ မင်းလောင်းကြည့်ချင်ဇောဖြင့် ကသောကမျော လမ်းကယူခဲ့သည့်ပစ္စည်းများကို ခုမှပင် သတိထား၍ကြည့်မိရာ မင်းမြောက်တန်ဆာများ ဖြစ်နေပြီး မိမိကိုယ်တိုင် မင်းလောင်းဖြစ်နေကြောင်း သတိပြုမိလေတော့၏။
ထိုအခါမှပင် တချိန်က စောင်းချမ်းပင်စောင့်နတ် ပြောစကားကို ပြန်လည်သတိရလေတော့ သည်။ လူအုပ်ကြီးကား သူ့ကိုပင် ဝိုင်း၍ကန်တော့နေကြ၏။ ပုဂံမြို့ဘက်မှ၎င်း၊ တောရွာများဘက်မှ၎င်း လူစုလူဝေးကြီးများလည်း လာ၍မဆုံးသေး။ လာနေကြတုန်းပင် ဖြစ်သည်။ ကွမ်းဆော်လုလင်မှာလဲ မြင်းစီးလျက်က မင်သက်မိကာ ဘုမသိ ဘမသိ တွေပြီးစဉ်းစားနေစဉ် နေလည်းဝင်လုပြီိဖြစ်၍ အကြံရခက်နေ၏။ မြင်းပေးလိုက်သော အဘိုးအိုက “နန်းရင်ပြင်ကိုသာ မောင်းလာခဲ့ပေတော့” ဟု မှာသည်ကို သတိရကာ မြင်းဇက်ကြိုးဆွဲလည့်ပြီး ရတနာသုံးပါးဂုဏ် အာရုံပြုလျက် ပုဂံနေပြည်တော်သို့ ထွက်ခဲ့လေတော့သည်။
တူရွင်းတောင်ခြေရှိ လူအုပ်ကြီးနှင့် ဟိုမှ သည်မှ လာနေကြသော လူအုပ်ကြီးလည်း မြင်းနောက်ကပင် လိုက်ပါလာကြ၏။ နန်းရင်ပြင်အထိ လိုက်လာကြသူများ ထွက်၍ကြည့်သူများဖြင့် ပုဂံနေပြည်တော်တွင် အစည်ကားဆုံးနေ့ကြီး တနေ့ဖြစ်သွားသည်။ တနန်တော်လုံး အုန်းမောင်း စည်သံများ ခြိမ့်ခြိမ့်ညံသွား၏။
တောင်သူကြီးမင်းလည်း အံ့အားသင့်ကာ နန်းဦးက ထွက်လာ၏။
“ငါကိုယ်တော်မြတ်ရှိနေပါလျက် အဘယ်သူက မင်းပြုလိုဘိသနည်း” ဟု ကြိမ်းဝါးပြောဆို၏။
သူ၏ မင်းဖြစ်ရမည့် ကုသိုလ်ကံအရှိန်အဝါကလည်း ကုန်လေပြီဖြစ်၍ နန်းတော်၌ ထုလုပ်ထားသော တင်းပုတ်ထမ်းသည့် ကျောက်လူရုပ်ကပင် သူအားရိုက်ပုတ်၍ တွန်းချလိုက်သည်။ တောင်သူကြီးမင်းသည်သေလွန်၍ ကွမ်းဆော်လုလင်သည် မင်းဖြစ်လေ၏။ သက္ကရာဇ် ၃၂၆- ခုနှစ်

ကွမ်းဆော်လာပြီ
တောင်သူကြီးမင်၏ မိဘုရား ညီိအစ်မ သုံးဦးကိုလည်း မိဘုရားအရာ ဆက်လက် ချီးမြောက်တော်မူသည်။
အကြီးညီအစ်မနှစ်ဦးတွင် “ကြည်းစိုနှင့် စုက္ကတေး” မင်းသားနှစ်ပါးတို့ ကိုယ်ဝန်သန္ဓေများ ပါလာခဲ့၏။ တောင်သူကြီးမင်း၏ သားများဖြစ်သည်။ အငယ်ဆုံးမိဘုရားတွင် ကွမ်းဆော်မင်းနှင့်မှ “အနော်ရထာ”ကို ဖွား၏။
ရတနာသုံးပါးကျေးဇူးကြောင့် သိကြားနတ်များပင် မနေနိုင်ဘဲ ကူညီစောင့်မကြ၏။ ကွမ်းဆော်မင်းဟု၎င်း၊ ကြောင်ဖြူမင်းဟု၎င်း ခေါ်ဆိုကြသည်။ မင်းပြုလျက်ကပင် ရဟန်းဝတ်၍ ထေရဝါဒ သာသနာ အစစ်အမှန်များ ပြန့်ပွားထွန်းကားအောင် ဆောင်ရွက်လိုစိတ်များလည်း မကြာခဏ ဖြစ်ပေါ်နေ၏။
နန်းစံ ၂၂- နှစ်ရှိသောအခါ ကြည်းစိုနှင့် စုက္ကတေး မင်းသားနှစ်ဦးသည် ကျောင်း ဆောက်လုပ်ကြ၏။ ကျောင်းပြီးလျှင်
“ခမည်းတော်ဘုရား.. သားတော်များဆောက်လှူထားတဲ့ ကျောင်းတော်ကို လိုက်၍ ကြည်ညိုလှဲ့ပါဦး၊ သာဓုခေါ်ပါဦီး။” ဟုပင့်ခေါ်ကာ ကျောင်းကို ပြသကြကုန်၏။ ကျောင်းသို့ရောက်လျှင် အသင့်စီစဉ်ထားသော သင်္ကန်းများပေးအပ်၍ အတင်းအကြပ် ရဟန်းပြုခိုင်းကြလေ၏။ “ သူ့အလိုအလျှောက် ရဟန်းပြုသွားပြီ” ဟု နေပြည်တော်၌ ကောလဟာလလုပ်ပြီး သားအကြီး ကြည်းစိုက မင်းပြုသည်။
ထို့နောက် စုက္ကတေးမင်းပြုရာ အဒေါ်ဖြစ်သူ အနော်ရထာ၏မိခင်ကိုပင် မိဘုရားတင်မြောက်ရန် ကြံစည်သဖြင့် အနော်ရထာနှင့် မသင့်မတင့်ဖြစ်ကြသည်။ စီးချင်းထိုးကြရာ စုက္ကတေးကျဆုံးသွားသည်။
“ခမည်းတော်ဘုရား.. ယနေ့အခါ ဘေးရန်များလည်း ကင်းရှင်းနေပြီဖြစ်၍ ရဟန်းဝတ်ချွတ်လဲ ကာ မင်းပြုတော်မူပါဘုရား”
သားတော်ငယ်အနော်ရထာသည် ရဟန်းပြုနေပြီဖြစ်သော မည်းတော်ထံ သွား၍လျှောက်၏။ ကွမ်းဆော်ဘုန်းတော်ကြီးကား ရှေးယခင်ကပင် ရဟန်းပြုရန်ဆန္ဒလည်းရှိ၊ တရားပီတိလည်း ရတော်မူနေပြီဖြစ်၍ လျှောက်ထားတောင်းပန်သည်ကို ငြင်းပယ်လိုက်လေသည်။
“သားတော် .. ခမည်းတော်ဟာ ငယ်စဉ်ကာလကပင် တရားသဖြင့် မင်းပြုရသည်ကိုသာ လိုလားခဲ့တယ်၊ ပုဂံနေပြည်တော်တခွင်လုံး မစင်မကြယ် မဖွယ်မရာ ယုတ်မာညစ်ညမ်းသော ရဟန်းဆိုး ရဟန်းယုတ်များရဲ့ တရားမှား အကျင့်မှားများကိုလည်း ရှေးယခင်ကတည်းက သုတ်သင်လိုခဲ့တယ်။ ခမည်းတော်လည်း အသက်ကြီးပြီ… မင်းလည်းမလုပ်လိုတော့။ ငါ့သားတော်သာ တရားသဖြင့် မင်းပြုပြီး မြတ်စွာဘုရားရဲ့ အတုမရှိတဲ့ သာသနာတော်ကြီး စည်ပင်ပွင့်လင်းအောင် ဆောင်ရွက်ပေတော့..” ဟုဆိုကာ သားတော်ကိုပင် မင်းပြုစေ၏။

ဓမ္မာစရိယ ဦိးဌေးလှိုင်၏ ရတနာသုံးပါးကျေးဇူး စာအုပ်မှကူးယူဖော်ပြပါသည်။

Sunday, June 7, 2009

မင်းကိုမသတ်ဘဲ မင်းဖြစ်သူ....(၂)

သားတော်စိတ်လိုက်မာန်ပါပြောနေသည်ကို မယ်တော်မှာ ဝမ်းထဲမှ ကြိတ်ပြီးဝမ်းသာနေမိသည်။
“တိုးတိုးပြောပါသားရယ်၊ မင်းဖြစ်တယ်ဆိုတာ လွယ်တာမဟုတ်ဘူး သားရဲ့။ မင်းကိုသတ်ရဲမှ မင်းဖြစ်တာ။ သားကသတ်ရဲလို့လား”
မယ်တော်က လက်ရှိအစဉ်အလာကို အခိုင်အအမာလုပ်၍ပြောရင်း သားအကဲကို စမ်းလိုက်ခြင်း ဖြစ်သည်။
“လူမပြောနဲ့ .. ပုရွက်ဆိတ်တောင် သားမသတ်ရဲပါဘူး။ လူသတ်ဝံ့မှလည်း မင်းဖြစ်ရတာမဟုတ်ပါဘူး မယ်မယ်ဘုရားရယ်။ ဘုန်းမြတ်ကြီးဘုရားကပြောတယ်…
၁။ ဗြဟ္မစရိယခေါ်တဲ့ အကျင့်သီလကို နည်းနည်းကျင့်နိုင်ရင် လူမင်းဖြစ်သတဲ့။
၂။ အလယ်အလတ်ကျင့်ရင် ဗြဟ္မာမင်းဖြစ်သတဲ့။
၃။ အကောင်းဆုံးကျင့်ရင် မင်းတကာ့မင်း ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ရသတဲ့။
သားတော်လဲ ငါးပါးသီလကို အမြဲစောင့်နေတာပဲဟာ။ အခု မင်းလုပ်နေတဲ့သူတွေထက်တော့ သာတာပဲ။ အဲဒီဘုန်းကြီးတွေဟာ အရက်လဲသောက်တယ်။ သူတပါးသမီးပျိုကိုလည်း “ပန်းဦီးလွတ်” တယ်ဆိုပြီး ကျူးလွန်ကြသတဲ့။ သတ်နိုင်တိုင်းလဲ မင်းဖြစ်တာမဟုတ်ပါဘူး”
“ တော်ပါတော့သားရယ်။ တော်ကြာ ရာဇဝတ်သင့်နေပါဦးမယ်။ သီလရှိတဲ့လူဟာ ဘာမဆို လိုချင်တာရနိုင်သတဲ့။ မောင့်ဘုန်းမြတ်ကြီးဘုရား ဟောတဲ့အတိုင်းသာ လိမ်မာအောင်နေပါ”
နေ့ရှိသမျှ သားအမိနှစ်ယောက်သား ရတနာသုံးပါးဝတ်ကို ဖြည့်လျက်နေလာခဲ့ကြရာ သားတော်အရွယ်ရောက်၍ လာသဖြင့် ပုဂံနေပြည်တော်တက်၍ အလုပ်လုပ်ရန် စီစဉ်နေ၏။ ပုဂံနေပြည်တော်၌ တောင်သူမင်းကြီး နန်းတက်ချိန်ဖြစ်သည်။
ဆရာဘုန်းတော်ကြီးလည်း အသွင်မတူသော မိစ္ဆာဒိဋ္ဌိရဟန်းဆိုးတို့အကြားတွင် မနေလို၍ သထုံဘက်သို့ ထွက်ခွာသွားလေ၏။ သားတော်လည်း မယ်တော်ကိုကန်တော့၍ ပုဂံနေပြည်တော်သို့ ထွက်ခွာလာခဲ့သည်။ မြန်မာစာအရေးအသားနှင့် အတွက်အချက်လည်း ကျွမ်းကျင်၍ ဥပဓိ ရုပ်လည်း ခန့်ညားရိုးသာသော အမူအယာလည်း ပေါ်လွင်လှသဖြင့် နန်းတော်တွင် ကွမ်းဆော်ရာထူး၌ ခန့်အပ်ခံရ၏။

လူတော်မှနတ်မ
ကွမ်းဆော်ဆိုသည်မှာ အခွန်အကောက် နှိုးဆော်စီမံရသူဖြစ်သည်။ တောင်သူမင်းကြီးထံတွင် ကွမ်းဆော်ရာထူးဖြင့် အမှုတော်ကိုထမ်းရွက်ရင်း သင်ယူခဲ့ရသမျှ သရဏဂုံ ငါးပါးသီလ ကိုလည်း ကြိုးစား၍ စောင့်ထိန်း၏။ ဗုဒ္ဓါနုဿတိ ( ဘုရားဂုဏ်တော်ကို အထပ်ထပ် အောင့်မေ့ခြင်း) စသော အနုဿတိဆယ်ပါး “ အခြေခံ အိမ်တွင်း ဝိပဿနာ” တရားကိုလည်း နေ့ရှိသမျှ ပွားများ၏။
အလုပ်ကိုလည်း ကြိုးစားလုပ်သည်။ ဘာသာတရားကိုလည်း တမင်ထမ်းထားရသည် မဟုတ်သဖြင့် အလုပ်လုပ်ရင်းပင် နှလုံးသွင်းနေ၏။ ထို့ကြောင့် တရွာဝင် တရွာထွက် ကွမ်းဆော်လုပ်ရာ၌ ခင်မင်သူ ကူညီသူပေါ၍ အလုပ်လည်း ပို၍အောင်မြင်နေတော့သည်။
ကွမ်းဆော်လုလင်သည် ကွမ်းဆော်ရန်ခရီးထွက်ရင်း မောမောရှိသည်နှင့် အရိပ်ကောင်း လှသော စောင်းချမ်းပင်ကြီးတပင်အောက်၌ အပန်းဖြေနားနေလေ့ရှိသည်။ ထိုနေရာကား အပန်းဖြေနေကျဖြစ်သည်။ အမောပြေလျှင် ပါလာသောထမင်းထုပ်ကိုဖြည်၍ စောင်းချမ်းပင် နတ်ကို ရည်မှန်းပြီး စားဦးစာဖျားဖြင့် ပသ လေ့ရှိ၏။ (နတ်ကိုးကွယ်ခြင်းမဟုတ်။ မြို့စောင့်နတ်၊ တောစောင့်နတ်များကို ပသ ကောင်း၏။ အမျှဝေကောင်း၏။ ဗုဒ္ဓရှင်တော်မြတ် ခွင့်ပြုပြီးဖြစ်သည်။ ယခုအခါကဲ့သို့ အရက်ကြက်တို့ဖြင့် ပသခြင်းမျိုး မဟုတ်သည်ကို ခွဲခြားသတိပြုပါ။ ကြက် အရက်တို့ဖြင့် ပသခြင်းကိုမူ မလုပ်ကောင်း။)
တနေ့သောအခါ စောင်းချမ်းပင်စောင့်နတ်သည် ကိုယ်ထင်ရှားပြကာ -
“ မင်းသား၊ သင်သည် တနေ့သောအခါ ဤပုဂံပြည်၌ မင်းဖြစ်လိမ့်မည်။ သရဏဂုံသုံးပါးနှင့် ငါးပါးသီလကို လုံခြုံအောင်စောင့်ထိန်းပါ။ အနုဿတိဆယ်ပါးကို မပြတ်ပွားများပါလေ”
ဟု သတိပေးပြောဆိုကာ ပျောက်ကွယ်သွား၏။ ပျဉ်ပြားမင်း၏ မြေး၊ တန်နက်မင်း၏ သားဖြစ်သော ကွမ်းဆော်လုလင်သည် ငယ်စဉ်ကပင် ဇာတိမာန်မင်းသွေးစိတ်နှင့် သာသနာ အစစ်အမှန် ပြန့်ပွားစေလိုသော စိတ်ရှိသူပီပီ ပို၍ စိတ်အားတက်လာ၏။ စောင့်ထိန်းနေကျ ငါးပါးသီလကိုလည်း ပို၍လုံခြုံအောင် အထူးစောင့်ထိန်းသည်။ ရတနာသုံးပါး ကျေးဇူးတော် ဂုဏ်တော်များကိုလည်း ပို၍ စူးစူးစိုက်စိုက် ပွားများလေတော့သည်။
ရှေးကံလည်းပါ၊ မှန်ရာကိုလုပ်နေသူအတွက် နတ်တို့လည်းမနေသာ ကူညီနှိုးဆော် မ-စ ကြရမြဲဖြစ်သည်။
“ နတ်မ၍ လူတော်လာရခြင်းမဟုတ်၊ လူတော်၍ နတ်မ လာရခြင်း ဖြစ်သည်” ကို ကောင်းစွာရှုမြင်သင့်သည်။
ကွမ်းဆော်လုလင်သည် တနေ့ထက်တနေ့ အကောက်အခွန်အလုပ်ကိုလည်း ပို၍ကြိုးစားပြီး လုပ်၏။ တရားကိုလည်း တိုး၍စောင့်သည်။ မင်းဖြစ်လိုလဲဖြစ်၊ မဖြစ်လိုလဲ ကုသိုလ်တိုးသည်ဟုသာ အမှတ်တမဲ့နေခဲ့၏။
ပုဂံတမြို့လုံး လေးပြင်လေးရပ် ကောလဟာလများဖြစ်နေ၏။ “မင်းလောင်းပေါ်နေပြီိတဲ့။ မည်သည့်နေ့ရက် မည်သည့်နေရာမှာ လာလိမ့်မတဲ့။”
ကွမ်းဆော်လုလင်သည် ထိုသတင်း ထိုကောလာဟာလကို အသိချင်ဆုံးဖြစ်၏။ ပုဂံတပြည်လုံးလဲ အုတ်အုတ်သဲသဲဖြစ်နေ၏။ တနေ့တွင် ပုဂံပြည်သူပြည်သား တို့သည် အုပ်စုဖွဲ့၍ပင် သူ့ထက်ငါ တူရွင်းတောင်ဘက်သို့ သွားနေကြသည်။ မင်းလောင်းကို သူ့ထက်ငါ အလျင်ဖူးတွေ့ရန်၊ ပူဇော်ကန်တော့ရန်။
ကွမ်းဆော်လုလင်သည်လည်း ရွာတရွာသို့ ကွမ်းဆော်အလုပ်သွားရင်း လူအများ ပွဲလမ်းတမျှ စည်ကားစွာသွားလာနေကြသည်ကို တွေ့ရသည်။ ထိုနေ့ပြုလုပ်ရန် အလုပ်ကိစ္စလည်း ပြီးပြီဖြစ်၍ မင်းလောင်းကြည့်ရန် တူရွင်းတောင်ဘက်သို့ အပြေးထွက်လာခဲ့သည်။ “မင်းလောင်းကြည့်ပြီးမှပင် နေပြည်တော်သို့ သွားတော့မည်” ဟုလည်း စိတ်ကူးထား၏။
ရေးကြီးသုတ်ပြာလာယင်း လမ်းတွင်မြင်းစီးလာသော အဖိုးအိုတဦးကို တွေ့ရ၏။ ရှောင်သွားမည်အပြု -
“ အမောင်၊ ငါ့မြင်းကို ပုဂံသို့ယူဆောင်သွားစမ်းပါ။ အဘိုးမှာကိစ္စတခုရှိနေသေးလို့”
အဘိုးအိုက မြင်းကိုရပ်၍ ပြော၏။ မင်လောင်းကြည့်လိုဇောဖြင့် အမောတကောသွားနေရစဉ် အရေးထဲအရာပေါ်၍ စိတ်မရှည်တော့ဘဲ -
“ဟာ … မဖြစ်ပါဘူးဘိုးဘိုး၊ အားတော့နာပါရဲ့၊ ကျွန်တော် တူရွင်းတောင်ဘက်ကို မင်းလောင်းသွားကြည့်ချင်သေးတယ်။ နေလဲအတော်နည်းနေပြီ”
အဘိုးအိုကို မတတ်သာလို့သာ စကားဖက်ပြောနေရ၏။ စိတ်ကမူ တူရွင်းတောင်ဘက် လူအုပ်ကြီိးဆီိသို့ ရောက်နေတော့သည်။
အဘိုးအိုက ဆိုပြန်၏-
“ အမောင်ဘယ်လိုပြောလိုက်တာလဲ၊ အမောင်သွားမယ့်ခရီး မြင်းပါတော့ ပိုပြီးမြန်မြန်မရောက် ရပါလား”
ကွမ်းဆော်လုလင်လည်း ထိုအခါမှ “ ဟုတ်ပါရဲ့ဘိုးဘိုး၊ ကျွန်တော် စိတ်စောနေလို့” ဟုဆိုကာ မြင်းကိုတက်၍ စီးလေ၏။ အပြေးစိုင်းနှင်တော့မည်အပြုတွင် အဘိုးအိုသည် ပါလာသော အထုပ်ကိုဖြေကာ -
ခဏလေးဆိုင်းငံ့ပါဦး ငါ့မြေးရယ်၊ ဟောဒီပတ္တမြားလက်စွပ်ကလေး ဝတ်ကြည့်စမ်းပါဦး၊ ငါ့မြေးနဲ့ တော်ရဲ့လား၊ နောက်ပြီိး ဟောဒီဥသျှောင်( မင်းဆောင်း ဦးထုပ်) ကလေးရော ၊ ဟောဒီပတ္တမြားကျောက်စီလှံကလေးရော လက်စနဲ့ ယူသွားစမ်းပါ၊ ဘိုးဘိုး မြို့အဝင်ဝက စောင့်နေမယ်။ ဘိုးဘိုးနောက်ကျလို့ မမီလဲ စောင့်မနေနဲ့ ၊ မင်း နန်းရင်ပြင်ရောက်တော့ တွေ့ကြတာပေါ့။ နန်းရင်ပြင်ကိုသာ မောင်းလာခဲ့ပေတော့”
အဘိုးအိုပြောသည်ကို စိတ်မရှည်တော့ပဲ “ဟုတ်ကဲ့ပါဘိုးဘိုး” ဟုဆိုကာ ဘာမျှ စဉ်းစားမနေအားတော့ဘဲ မြင်းကိုသာဒုန်းစိုင်း၍ ထွက်သွား၏။ ဥသျှောင်ကိုလည်း အကိုင်ရခက်သဖြင့် ခေါင်းမှာပင်ဆောင်းထားပြီး ပတ္တမြားကျောက်စီလှံကိုလည်း လက်တဖက်ဖြင့် ထောင်၍ကိုင်ကာ တူရွင်းတောင်ခြေရှိ လူအုပ်ကြီးထဲသို့ မြင်းကို ဒုန်းစိုင်း၍ ဝင်လာခဲ့သည်။

ဆက်ရန်

Saturday, June 6, 2009

မင်းကိုမသတ်ဘဲ မင်းဖြစ်သူ....

သက္ကရာဇ် ၂၆၈- ခုနှစ်
ပုဂံပြည်၌ စလေငခွေးဆိုသူက တန်နက်မင်းကို လုပ်ကြံ၍ နန်းတက်၏။ တန်နက်မင်း၏ မိဘုရားငယ်တဦးသည် ကိုယ်ဝန်အရင့်အမာနှင့် ထွက်ပြေးတိမ်းရှောင်၍ ကျောင်းဖြူအရပ်၌ ပုန်းအောင်းနေရသည်။ မကြာမီ သားတော်ကလေးတပါး မွေးဖွားသည်။ မယ်တော်သည် တောလိုက်ဘာဝ ချို့ငဲ့စွာစားသောက်နေထိုင်ရင်း သားတော်ကလေးအား စကားပီ နားလည် လာသော အရွယ်မှစ၍ “ပုဂံပုံပြင်” များကို မကြာခဏပြောပြလေ့ရှိသည်။ သားကိုပုံပြောပြရင်း ရံခါ မျက်ရည်များပင် မဆည်နိုင်ရှာပေ။
“မပူပါနဲ့ မယ်မယ်ရယ်၊ သားလဲကြီးရင် မင်းလုပ်မှာပေါ့”
သားငယ်သည်လည်း ပုဂံပြည်ကြီးအကြောင်းကြားရတိုင်း ကလေးဘာဝ “ကြီးလျှင်မင်း လုပ်မည်” ဟု စိတ်အားထက်သန်လျှက်ရှိသည်။
“ငါ့သား၊ မင်းလုပ်တယ်ဆိုတာ ကိုယ်ချင်းစာတရားနဲ့ တရားသဖြင့် မင်းလုပ်နိုင်မှ ကောင်းတာပါသားရယ်”
မယ်တော်က သရဏဂုံသုံးပါးနှင့် ငါးပါးသီလကို သင်ပြပေး၏။ ထို့နောက် ဘုန်းကြီးကျောင်းသို့ ပို့အပ်၍ ပညာသင်ယူစေခဲ့သည်။ ထိုအချိန်က ဂိုဏ်းဘုန်းကြီးတို့၏ အမူအကျင့်ဆိုးများ ပုဂံပြည်တပြည်လုံး လွှမ်းဖုံး၍ လောကီဂိုဏ်းဘုန်းကြီးများသာ နေရာအနှံ့အပြား အုပ်စိုးလျက်ရှိ၏။ “အရည်းကြီးများ” ဟု ခေါ်ကြသည်။ မဟာယာန ဘုန်းကြီးများဖြစ်၏။
သူတို့သည် ဓာတ်ရိုက်ဓာတ်ဆင် ဗေဒင်ဟော၏။ အဂ္ဂိရတ် ဓာတ်လုံးထိုး၏။ ဆေးကု၊ အင်းချ၊ ရေမန်းတိုက်၊ အရက်သောက်၊ ညစာစားကြ၏။ ဘုန်းကြီးကောင်းများလည်း တဖြည်းဖြည်းရောနှောသွားကြသည်။ ထေရဝါဒ ခေါ်သော ဘုန်းကြီးကောင်းများကား တောစွန်အုံဖျား၌ မထင်မရှားနေကြရ၏။
လူကိုဖျက်ဆီး ဂိုဏ်းဘုန်းကြီး
မင်းနှင့် မူးမတ်တို့ကအစ လောကီဘုန်းကြီးများကို ကိုးကွယ်ကြသည်။ နဂါးရုပ်ကြီးများ၊ နတ်မဟုတ် ဘုရားမဟုတ်ရုပ်တုများ၊ ဟိန္ဒူရုပ်တုများ၊ အချွန်အတက်နှင့် ဘုရားရုပ်ပွား တော်များ စသည်ဖြင့်( ယခုအခါ တိဗက်၊ တရုတ်၊ ဂျပန်ပြည်ရှိ) မဟာယာနများ ထုလုပ်ကိုးကွယ်သော ရုပ်လုံးရုပ်တုများကို ကိုးကွယ်ကြသည်။
ထိုလောကီဂိုဏ်းဘုန်းကြီးများ၏ အင်းအိုင်ခါးလှည့် လက်ဖွဲ့မန္တန်အတတ်များကို မင်းများက တိုင်းပြည်ငြိမ်ဝပ်ပိပြားရေး၊ ရာထူးတိုးတက်ရေး၊ အန္တရာယ်ကင်းရေး စသည်တို့အတွက် အားကိုးအားထား ပြုခဲ့ကြ၏။ အစစ်အမှန်များ မဟုတ်ကြ၍ တန်ခိုးပြရုံသာ တတ်နိုင်ကြသည်။ ဆင်းရဲအောင်လဲ မလုပ်နိုင်၊ ချမ်းသာအောင်လဲ မ-မနိုင်။
ဆင်စီးမြင်းတက် လက်ဖွဲ့သတ် ဓားရေးလှံရေး အတတ်များကိုလည်း ထိုဘုန်းကြီးများထံ သင်ယူကြရသည်။ လောကီလူမှု အတတ်ပညာများကိုပါ ပေး၍ အကိုးအကွယ်ခံ နေရာယူခဲ့ကြရသည်။
တစုံတခုသော အကုသိုလ်အပြစ်ကို လုပ်မိစေကာမူ၊ နောက်ဆုံး မိဘကိုပင်သတ်မိစေကာမူ အဆိုပါဂိုဏ်းဘုန်းကြီးတို့က ပရိတ် မန္တန်ရွတ်ဖတ်ပေးလျှင် အပစ်ကလွတ်သည်ဟုလည်း အယူရှိကြသည်။ ဂါထာ မန္တန်နှင့် အင်းများ၊ သိဒ္ဓိတန်ခိုးများကို အားကိုလွန်းသဖြင့် ကိုယ်ကျင့်တရား၊ ကိုယ်ချင်းစာတရားမလိုတော့။ ထို့ကြောင့်လည်း အဖေကိုသတ်သော မင်းများပင် ပုဂံရာဇဝင်၌ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခဲ့ကြဖူး၏။ ကံ- ကံ၏အကျိုး မလိုတော့ပြီ။ အန္ဒိယ၌ သာသနာအမြစ်ပြတ် ကွယ်ခဲ့ရသည်မှာ ထိုဘုန်းကြီိးများကြောင့်ပင် ဖြစ်သည်။
သူတို့၏ ဂါထာမန္တန်အင်းကွက်များမှာ-
၁။ ဘုရားဟော အစစ်အမှန်များကို ပြင်ဆင်ထားခြင်း၊
၂။ ဘုရားဟောခဲ့သယောင် ပါဠိဘာသာဖြင့် ဆင်တူယိုးမှားရေးသားထားခြင်းကို ယခုခေတ်အထိ တွေ့မြင်နိုင်ကြ၏။
အသိဉာဏ်ပညာနည်းပါးကြသဖြင့် “ အဘယ်အရာသည် အစစ်အမှန်” ဟု ယခုအထိ ခွဲခြားသိမြင်သူ ရှားနေပေသေးသည်။ အစစ်အတု ခွဲခြား၍မလွယ်အောင်လည်း ရောမွှေထားကြ၏။ ဆင်ယင်ဝတ်စားမှုမှာလည်း အစစ်နှင့် ခွဲခြားမရအောင် ဟန်ဆောင်နေကြသည်။
မိဘုရားသားအမိသည် ပုဂံပြည်တွင် မင်းမိဘုရား မှူးကြီးမတ်ကြီး စစ်သူကြီးများမှအစ လူကုံထံ ဂုဏ်သရေရှိသူများနှင့် ပြည်သူအများကိုးကွယ်သော မဟာယာနဂိုဏ်း ဘုန်းကြီး များ၏ မိစ္ဆာဒိဋ္ဌိဘေးကြီးမှ လွတ်ကင်းရသည်မှာ ကံကောင်းလှပေ၏။
တောစွန်အုံဖျား၌ ဘုရားသားတော် အစစ်အမှန်နှင့် တွေ့ကြုံရသဖြင့် တရားစစ်တရာမှန်များ ရရှိကြသည်။ သရဏဂုံ ငါးပါးသီလမှအစ စစ်စစ်မှန်မှန် သိသလောက်ကလေးကို ကျင့်ကြံနိုင်ကြ၏။ သားတော်ကိုလည်း ကျောင်းဖြူဘုန်းကြီးထံ အပ်နှံ၍ ပညာသင်ယူစေ ခဲ့သေည်။
“ မယ်မယ်ဘုရား၊ သားတော်ရဲ့ ဘုန်းမြတ်ကြီးဘုရားသင်ပေတဲ့ စာတွေနဲ့ သည့်ပြင် ဘုန်းကြီးတွေနေတာထိုင်တာနဲ့ တခြားစီပါလား၊ ဘုန်းမြတ်ကြီးဘုရားနဲ့ သူတို့ ဝတ်ပုံစားပုံလဲ မတူဘူးနော်”
သင်ပုန်းကြီိးကုန်၍ ဘုရားရှိခိုးစာ၊ မင်္ဂလသုတ်လောက်ရောက်လျှင် ဘုန်းကြီးအစစ်နှင့် ဘုန်းကြီးအတုကို ကွဲပြားစွာမြင်နေရပြီဖြစ်၏။
ငါးပါးသီလမျှမလုံ၊ ကံ-ကံ၏အကျိုးကိုမျှပင် မယုံသော “မဟာယာနဂိုဏ်း” ဘုန်းကြီးများ၏ သြဇာလွှမ်းနေပုံမှာ စဉ်းစား၍မတတ်အောင် ရှိလေ၏။
မကြာမီ ထေရဝါဒ ဗုဒ္ဓဘာသာအရ အခြေခံတတ်သိရမည့် ဝတ်တက်၊ ဝတ်ကပ်၊ သီလယူ၊ ဂုဏ်တော်ပွားပုံ၊ မေတ္တာပွားပုံ၊ အမျှဝေပုံ စသည်ကို နှုတ်တက်ရလာ၏။ ပရိတ်ကြီး ၁၁-စောင်ပင် ကုန်ခါနီးလာသည်။
“ မယ်မယ်ဘုရား၊ သားငယ်ငယ်က ပုဂံပြည်အကြောင်းများကို မယ်မယ်ဘုရား ပုံပြောတာကြားရတော့ သားစိတ်ထဲ မင်းသိပ်ဖြစ်ချင်လာတယ်။ ခုတခါ ဘုန်းမြတ်ကြီးဘုရားက ညတိုင်းပဲ ဘုရားဝတ်တက်ပြီးတိုင်း မြတ်စွာဘုရား ထီးနန်းစွန့်လွတ်ပြီး တောထွက်တဲ့အကြောင်း၊ မဇ္ဈိမဒေသရဟန်းတော်တွေ၊ မင်းတွေအကြောင်း မိန့်ဆိုတာ ကြားရတော့ သားတော်စိတ်ထဲမှာ ပိုပြီး မင်းဖြစ်ချင်လာတယ် မယ်မယ်ဘုရား။ အခုရှိနေတာနဲ့ ဘာမှမဆိုင်ဘဲဟာ။ ဒီတရားအလွဲတွေ လိုက်နေလို့ကတော့ မဂ်ဖိုလ်နိဗ္ဗာန်မပြောနဲ့ လူပြန်ဖြစ်ဖို့တောင် မလွယ်ပါဘူး။ ဒီတရားစစ်တရားမှန်တွေ ပုဂံတပြည်လုံး သိကြရအောင် သားသိပ်ပြီး မင်းလုပ်ချင်တာပဲ”

ဆက်ရန်

Wednesday, June 3, 2009

ယုံကြည်ခြင်းဖြင့် ဆက်သည့်မျိုးဆက်..... (ဂျူး)

သို့တပြီးကား သင်သေသွားသော်
သင်ဖွားသောမြေ သင်တို့မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏။
ကျွန်မ တစ်နေရာရာသို့ ခရီးထွက်ချိန် သဘာဝပတ်ဝန်းကျင် မြင်ကွင်းကျယ်ကျယ်ကို မြင်ရပြီ ဆိုလျှင် ဆရာကြီးဇော်ဂျီ၏ ထိုကဗျာလေးကို ကျွန်မ သတိတရ စိတ်ထဲက ရေရွတ်မိသည်။
ရန်ကုန်မြို့ကြီးမှာ မြင့်မားသည့် အဆောက်အအုံတွေ၊ ကုန်ထုတ်စက်ရုံတွေ၊ လျှပ်စစ်ဓါတ် အားပေး စက်ရုံတွေကို မြင်နေကျပါ။ ဒါပေမယ့် ခရီးထွက်ဖြစ်တဲ့အခါ သဘာဝသယံဇာတတွေကို မြင်ရ တော့မှ ထိုကဗျာက ရင်ထဲမှာ ပေါ်လာတတ်ခြင်းဖြစ်၏။
ထိုကဗျာသည် လူ့ယဉ်ကျေးမှု အဆင့်ဆင့်မြင့်မား တိုးတက်ရေးမှာ ကျွန်မတို့ တစ်ဦးတစ် ယောက်ချင်း ထားရမည့် အသိစိတ်တစ်ခုကနေ ဖွင့်ပြပေးလိုက်ခြင်းဟု ခံစားရပါသည်။
မျိုးဆက်တစ်ခုကနေ နောက်မျိုးဆက်တစ်ခုဆီကို လက်ဆင့်ကမ်းပေးရသည့် အမွေအနှစ် များတွင် လူသားယဉ်ကျေးမှုလည်းပါသည်။
‘မျိုးဆက်တိုင်းဟာ ပစ္စုပ္ပန်ထက်ပိုကောင်းတဲ့ အနာဂတ်ကို ဖန်တီးဖို့ တာဝန်ရှိပါတယ်’
ထိုစကားကို ကျွန်မ နှစ်သက်သဘောကျစွာ ခဏခဏ ရေရွတ်မိသည်။
ကျွန်မတို့၏ရှေ့က မျိုးဆက်တွေ ထားရစ်ခဲ့သည့် အမွေအနှစ်အားလုံး စာပေ၊ နည်းပညာ၊ သယံဇာတ၊ ကိုယ်ကျင့်တရား၊ ဘာသာတရား အားလုံးကို ကျွန်မတို့ ပိုကောင်းအောင် ကြိုးစားကြည့် ဖူးပြီလားဟု ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ကြည့်မိသည်။ ကျွန်မတို့ ဘာလိုနေသေးသလဲ....
‘ပိုကောင်းတဲ့အနာဂတ်’ဆိုတာကို ဘယ်ပေတံနှင့် တိုင်းမလဲ။


‘တိုးတက်မှု’နှင့် တိုင်းတာကြပါသည်။
တိုးတက်မှုဆိုသည်ကို အဓိပ္ပာယ်ဖွင့်သည့်အခါ မြင်ကွင်းကျယ်ဖြင့် မြင်တတ်ဖို့လည်း အရေးကြီးပါသည်။
လူသားသည် ယဉ်ကျေးမှုအဆင့်ဆင့် မြင့်တင်တိုးတက်လာဖို့ ခရီးရှည်ကြီးကို လျှောက်လှမ်း ခဲ့ရသည်။ ၀ီလ်ဒူး ရန့်တ်က လူသားအထွတ်အထိပ် ဆယ်ခု Ten Peaks of Human Progression အက်ဆေးတွင် ပြောပြထားသည်မှာ စိတ်ဝင်စားစရာကောင်းပါသည်။
Speech (စကားပြောခြင်း)
Fire (မီးကို တွေ့ရှိအသုံးချခြင်း)
Conquer on animal (တိရစ္ဆာန်များအပေါ် အောင်နိုင်ခြင်း)
Agriculture (စိုက်ပျိုးရေး)
Social Organizations (လူမှုအဖွဲ့အစည်းများ)
Morality (ကိုယ်ကျင့်တရား)
Tools (လက်နက်ကိရိယာ)
Science (သိပ္ပံပညာ)
Education (ပညာရေး)
Writing and Printing (စာရေးခြင်းနှင့် ပုံနှိပ်ခြင်း) ဟု ပြောပါသည်။
(၂၀၀ရ ဧပြီလထုတ် ကဗျာမဂ္ဂဇင်းတွင် လူသား၏ အထွတ်အထိပ်ဆယ်ခု အက်ဆေးကို ရေးဖြစ်ခဲ့ပါ သည်။)
ကျွန်မတို့က မြန်မာလူမျိုးတွေဖြစ်သဖြင့် မြန်မာ၏တိုးတက်မှုတွေကိုချည်း သီးသန့်ထပ်ခွဲ မျှော်လင့်ကြည့်ချင်ပါသေးသည်။
ကျွန်မတို့ ဘယ်လောက်ထိ ခရီးရှည်ရောက်ခဲ့ပြီလဲ။ အကြောင်းကြောင်းအရ နောက်ပြန်ဆုတ် ရတဲ့ ခြေလှမ်းတွေရော ဘယ်လောက်များများ ဘယ်နှစ်ကြိမ်တိုင်အောင် ရှိခဲ့ပြီးပြီလဲ။
မညှာမတာပြောရရင်တော့ ကျွန်မတို့ အကြိမ်ကြိမ် နေရာတော်တော်များများမှာ ဆုတ်ယုတ်ခဲ့ ကြဖူးပါသည်။
အရှေ့တောင်အာရှရဲ့ သန့်ရှင်းတဲ့မြို့တော် ဖြစ်ခဲ့ဖူးတာနဲ့ပဲ ဟိုတုန်းက ရန်ကုန်အပေါ် ကျွန်မ တို့ ကျေနပ်နေတာနဲ့ပဲ ပြီးမလား။ ဟိုတုန်းက တက္ကသိုလ်ရဲ့ဂုဏ်ရောင်ထွန်းမှု ခံ့ညားမှုကို ကျွန်မတို့ နောက်တစ်ကြိမ်ပြန်ရဖို့ မကြိုးစားနိုင်ကြတော့ဘူးလား။
ဆရာကြီးဦးဖေမောင်တင် ပြောခဲ့ဖူးသော စကားတစ်ခွန်းရှိသည်ဟု ကြားဖူးပါသည်။
‘ဆရာ့ထက် တပည့်က တော်ရမယ်’
သြော် လေးစားဖို့ကောင်းလိုက်သည့် စကားပါလား။
ဆရာ့ထက် တပည့်ကတော်မှ ပညာရေးထွန်းကားမှာပေါ့။ မိဘထက် သားသမီးတော်မှ မျိုးဆက်မြင့်မား ထွန်းကားမှာပေါ့။ စီးပွားရေးပဲဖြစ်ဖြစ် တီထွင်ကြံဆမှုပဲဖြစ်ဖြစ် ကျန်းမာရေးပဲဖြစ်ဖြစ် နောက်မျိုးဆက်က အရင်မျိုးဆက်ထက် တော်ကိုတော်နေမှ လူ့ယဉ်ကျေးမှု မြင့်မားတိုးတက်လာမှာ ပါလားဟု ကျွန်မ သဘောပေါက်လာမိသည်။
ထို့ကြောင့် ကိုယ့်နောက်မျိုးဆက် လူငယ်တွေကို ကိုယ့်ထက်တော်စေချင်သည်မှာ လူသား အားလုံး၏ မှန်ကန်သော စိတ်ဓါတ်ဖြစ်ပါလိမ့်မည်။
ထို့အတူ ကိုယ့်ထက်တော်ရမည့် နောက်မျိုးဆက်အတွက် ကျွန်မတို့ လက်ဆင့်ကမ်းထားရစ် ခဲ့မည့် အမွေအနှစ်မှာ အသုံးတည့်မည့်၊ တန်ဖိုးကြီးမားသည့် အမွေအနှစ်ဖြစ်ဖို့လည်း လိုသည်မဟုတ် လား။
စိုက်ပျိုးလို့ဖြစ်ထွန်းမည့် မြေတွေ ထားခဲ့ရမည်။ မြေဆီလွှာခန်းခြောက်သည့် မြေတွေကို ထားခဲ့လို့မရ။
စိမ်းမှောင်အုပ်ဆိုင်းသော သစ်တောတွေကို ထားခဲ့ရမည်။ အပြောင်ရှင်း လွင်တီးခေါင်ကြီးကို ထားခဲ့လို့မရ။
မြန်မာလူမျိုး၏သိက္ခာကို တည်ကြည်လေးစားဖွယ်ရာအဖြစ် ချန်ထားရစ်ခဲ့ရမည်။ ပျင်းရိသူ များအဖြစ်၊ အိပ်ပျော်သူများအဖြစ်၊ ငါတကော ကောသူများအဖြစ် ချန်ထားရစ်ခဲ့လို့မရ။
လူ့ယဉ်ကျေးမှုသမိုင်းမှာ တစ်ချိန်က ထွန်းကားခဲ့ပြီးမှ ယခုအခါ ပျောက်ဆုံးသွားသော တိုင်းပြည်တို့လို နမူနာတွေလည်း ရှိနေသည်။
ဆရာကြီးဇော်ဂျီက တွေးတောပူပန်ခဲ့ဖူးဟန်ရှိပါသည်။ ဇော်ဂျီ၏ တို့တိုင်းပြည်ကဗျာကို ကျွန်မတို့ အလယ်တန်း မှာတုန်းက ပြဋ္ဌာန်းကဗျာအဖြစ် သင်ခဲ့ရသည်။
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေ၀ယ်
စေတီစပါး များလည်းများ၏
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင် ယာစကာမျိုး
တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း
ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက်
မစားလေရ ၀မ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေ၀ယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား များလည်းများ၏
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
မြင်သာမြင်ရ မစားရ၍
တောက ပြိတ္တာဖြစ်မည်တည်း။
ထလော့မြန်မာ မြန်မာထလော့
အားမပျော့နှင့် မလျှော့လုံ့လ
သူကစ၍ ငါကအားလုံး
လက်ရုံးမြားမြောင် ဉာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ ဆောင်ကြလေလော့
ဤမြေဤရွာ ဘယ်သူ့ရွာလဲ
ဤယာစပါး ဘယ်သူ့စပါးလဲ
ထားလော့တာဝန် ပွန်လော့လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍ တ၀မ်းတစိတ် ညီစေသတည်း။

ကိုလိုနီလက်အောက်ခံဘ၀ မြန်မာတို့ကို ဆရာကြီးက တပ်လှန့်နှိုးဆော်သည့် ကဗျာတစ်ပုဒ် ဖြစ်ပါသည်။ ၁၉၃၅ ခုနှစ် ပတ်ဝန်းကျင်လောက်မှ ရေးခဲ့ခြင်းဖြစ်သည်။
ခေတ်အဆက်ဆက် မျိုးဆက်တွေသာပြောင်းသွားပေမယ့် ကဗျာ၏တန်ဖိုးက ပြောင်းလဲ မသွားပါ။ ကဗျာစာဆို၏ စိတ်ဓာတ်ခွန်အားကို ကျွန်မတို့ လိုအပ်နေဆဲဖြစ်သည်။ ကျွန်မတို့၏ရှေ့က မျိုးဆက်တွေထားရစ်ခဲ့သည့် အမွေအနှစ် အားလုံး စာပေ၊ နည်းပညာ၊ သယံဇာတ၊ ကိုယ်ကျင့်တရား၊ ဘာသာတရားအားလုံးကို ကျွန်မတို့ ပိုကောင်းအောင် ကြိုးစားကြည့်ဖူးပြီလားဟု ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ် ကြည့်မိသည်။ ကျွန်မတို့ ဘာလိုနေသေးသလဲ။
လိုနေတာတွေတော့ အများကြီးပါ။ လိုမှန်းမသိမိမှာကိုသာ စိုးရိမ်မိပါသည်။
မျိုးဆက်တစ်ခုမှတစ်ခုသို့ လွှဲပြောင်းပေးအပ်ရမည့် ပိုင်ဆိုင်မှုနှင့် အမွေအနှစ်များအကြောင်း ပြောရေးဆိုခွင့်ရှိဖို့ ကျွန်မမှာ ဘာအရည်အချင်းတွေရှိပါသလဲ။
တစ်ခါတုန်းက ကျွန်မတစ်ဦးတည်း ဟောပြောပွဲတစ်ခုတွင် ကျွန်မက ‘ဘာကြောင့် ပညာ သင်ကြရသလဲ’ ဟူသော ခေါင်းစဉ်ဖြင့် ပညာဂုဏ် သတ္တိများအကြောင်း ပြောပြခဲ့ဖူးသည်။ ထိုနေ့က အမေးအဖြေ ဆွေးနွေးချိန်ရောက်သည့်အခါ ကျွန်မအား မိန်းကလေးတစ်ယောက်က မေးခွန်းတစ်ခု မေးသည်။
‘ဆရာမ အိမ်ထောင်မပြုတဲ့အတွက် မျိုးဆက်ကို ချန်မထားခဲ့နိုင်ဘူးဆိုရင် မျိုးဆက်ထိန်းသိမ်း ဖို့အတွက် တာဝန်ကျေပါ့မလား။ တစ်ခုခု လိုအပ်နေတယ်လို့ ဆရာမ မခံစားရဘူးလား’တဲ့။
ကျွန်မ တစ်ခါမှ အဲသည်လို မခံစားခဲ့ရဘူးပါ။
‘ကျွန်မ အိမ်ထောင်မပြုခဲ့တဲ့အတွက် ညီမပြောတဲ့ သွေးနဲ့ဆက်တဲ့ မျိုးဆက်တော့ မရနိုင်ဘူး ပေါ့။ ဒါပေမယ့် သွေးနဲ့ဆက်တဲ့ မျိုးဆက်မကျန်ခဲ့ပေမယ့် ယုံကြည်ချက်နဲ့ဆက်တဲ့ မျိုးဆက်တွေ ကျန်ခဲ့ မှာပါ။ ကျွန်မလုံးဝ ယုံကြည်ပါတယ်။ ညီမကိုယ်တိုင်တောင် ကျွန်မရဲ့မျိုးဆက်မဖြစ်ဘူးလို့ ဘယ်လိုလုပ် သေချာနိုင်ပါ့မလဲ’
ကျွန်မမှာ သွေးသားဖြင့် ဆက်စပ်သည့် တူ တူမတွေရှိသည်။ ကျွန်မနှင့် ယုံကြည်ချက်ခြင်း တန်ဖိုးချင်းတူသူတွေလည်း ပါနိုင်သည်။ သွေးသားမတော်စပ်ပေမယ့် ယုံကြည်ချက် ခံယူချက် နှလုံး သားတွေဖြင့် ဆက်စပ်ချိတ်ဆက်ထားသည့် လူငယ်လေးတွေရှိသည်။
ပို၍ကောင်းမွန်တိုးတက်သော စိမ်းလန်းစိုပြေသော မြန်မာနိုင်ငံကို ဖန်တီးဖို့ လူငယ်တွေကို ကျွန်မ မျှော်လင့်ပါသည်။
x x x x x
ဂျူး
စံပယ်ဖြူ မဂ္ဂဇင်း၊ အမှတ် (၁) ဇန်နဝါရီ၊ ၂၀၀၉ စာမျက်နှာ ( ၈၆- ၈၉)

ဆောင်းပါးကို နေရာမှ ကူးယူတင်ပြပါသည်။

Monday, June 1, 2009

မြန်မာ့ဒီမိုကရေစီအင်အားစုများ (အော်ရီဂွန်ပြည်နယ်)


မြန်မာ့ဒီမိုကရေစီအင်အားစုများ (အော်ရီဂွန်ပြည်နယ်)

Thursday, May 28, 2009

အားလပ်ရက်


နို့ဖိုးဒုက္ခသည်စခန်းမှာနေစဉ်က


ဒီအပတ်တနင်္လာနေ့ အစိုးရရုံပိတ်ရက်မို့ သားအမိတွေအေးအေးဆေးဆေး လျှောက်လည် မယ်လို့စဉ်းစားထားတာ သမီးအငယ်လက် ခွေးကိုက်ခံရလို့ ဘယ်မှကိုမသွားဖြစ်တော့ဘဲ ဆေးရုံမှာအချိန်ကုန်သွားတယ်။
သမီးနှစ်ယောက်မွေးထားတာ တယောက်တမျိုးစီ သူတို့ဝါသနာဗီဇနဲ့သူတို့ အသီးသီးပါလာ ကြတယ်။ ရုပ်ဆိုရင်လည်းတယောက်တမျိုးစီ..။ မသိတဲ့သူဆို ညီိအစ်မလို့ပြောရင် ဟုတ်ရဲ့လားလို့ ပြန်မေးတတ်ကြတယ်။ အသက်က နှစ်နှစ်လောက်ကွာပေမဲ့ အရပ်ကတော်တော်ကွာတယ်။ အကြီးမကြီးကိုမွေးတုန်းက ကိုယ်ဝန်အဆိပ်တက်လို့ လမစေ့ပဲ ခွဲထုတ်လိုက်ရလို့ သန်သန်စွမ်းစွမ်းတောင်ဖြစ်မယ်မထင်မိဘူး။ ကလေးတနှစ်လောက်ကစပြီး အားဆေးတွေ၊ အရပ်ရှည်ဆေးတွေ ဖိကျွေးတာများသွားလို့ဖြစ်မယ်..။ အခုတော့ တနေ့တနေ့ အရပ်ပဲ ရှည်ရှည်ထွက်လာတယ်။ သူ့အတွက်အဝတ်တွေ၊ ဖိနပ်တွေဝယ်ရင် ရှည်ရှည် ဝယ်ထားပေးရတယ်။ ဖိနပ်ဆိုလည်း ခဏလေးစီးရသေးတယ် ဖနောက်ကမဝင်တော့တာနဲ့ ခြေချောင်းတွေက ရှေ့ကျော်ထွက်နေတာနဲ့။


အငယ်မကျတော့တမျိုး… ။ သူ့ကို ကိုယ်ဝန်ဆောင်တော့ အကြီးမကြီးတုန်းကလို မဖြစ်အောင် အာဟာရပြည့်အောင်ဆိုပြီး တွေ့သမျှ ဘာမျှမရှောင်ဘဲ ကလေးကျန်းမာဖို့အဓိကဆိုပြီး ကျိတ်မှိတ်စား၊ အားဆေးတွေသောက်၊ ကိုယ်ဝန်ဆောင်နို့မှုန့်တွေသောက်လိုက်ရတာ မွေးကာနီးတော့ ဗိုက်ကမိုးပျံနေပြီ။ မွေးခန်းထဲကထွက်လာတော့ ကလေးကြီး နဲတာမှမဟုတ်တာ။ ချီရတာလဲ အားရပါးရရှိတယ်။ သူ့အမမွေးတုန်းကဆို သေးလွန်းလို့ ချီလို့တောင်မတတ်ဘူး။ အသားဝါကလဲပါလာတော့ ဆေးရုံမှာဘဲမီးကင်နေရတာ အကြာကြီး။ သူ့အလှည့်ကျတော့ ဆေးရုံမှာသုံးရက်လောက်နေပြီး ဆင်းရတာ။ မွေးပြီးတော့လဲ နို့ထွက်ကောင်းအောင် ဘာစားရမယ်၊ ဘာသောက်ရမယ်ဆိုတာ သိနေပြီဆိုတော့ သူ့အမလိုလဲ နို့မငတ်ပြန်ဘူး။ အဲဒီလိုအစစအဆင်ပြေကျန်းမာနေတော့ ဘာအားဆေး မှတိုက်စရာမလိုဘဲ အစားနဲ့တင်ကြီးလာတော့ အရပ်ကမရှည်ပဲ ဗိုက်ပူ ပါးဖောင်းလေးဖြစ်နေပြန်တယ်။ ကလေးနှစ်ယောက်ကိုကြည့်ပြီး ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ဒိန်းဒေါင်၊ စံရှားကာတွန်းတွေကို သွားသွားသတိရမိတယ်။
ပုံစံတမျိုးစီဖြစ်သလို သူတို့ဝါသနာတွေကလဲ တမျိုးစီ။ အကြီးမက ကလေးမြင်ရင်မနေနိုင်ဘူး။ ချစ်တယ်၊ ချီချင်တယ်။ ကလေးထိန်းရတာဝါသနာပါတယ်။ ကလေးတယောက် သူ့လက်ထဲရောက်လာလို့ကတော့ ငိုမှာမပူရဘူး။ ကလေးစိတ်တိုင်းကျဖြစ်အောင် အမျိုးမျိုးလုပ်ပေးတယ်။ သူ့လက်ထဲနေဖူးတဲ့ကလေးက နောက်တခါသူခေါ်ရင် ဘယ်တော့မှမငြင်းဘူး။ အမြဲလိုက်တယ်။ သူကလဲ ကလေးကိုချစ်သလို ကလေးကလဲ သူ့ကိုပြန်ချစ်တာကို သိပ်သဘောကျတယ်။ ကလေးဆို ချေးသေးကအစ သူမရွံတတ်ဘူး။ သူတတ်သလောက် သန့်ရှင်းနေအောင်လုပ်ပေးတယ်။
အငယ်မကတော့ ကလေးထက် ခွေးလေး၊ ကြောင်လေးတွေကို ပိုသဘောကျတယ်။ ကလေးချီဖို့ ထိန်းဖို့ထက် သူပဲကလေးလုပ်ချင်တယ်။ မအေကသူများကလေးငယ်လေးတွေကို ချစ်လို့ချီရင် သူမနာလိုဘူး။ အငယ်ဖြစ်နေလို့လဲပါမယ်ထင်ပါတယ်။ ဒါပေမဲ့ ခွေးကလေး၊ ကြောင်ကလေးတွေတွေ့လို့ကတော့ အတင်းပြေးပွေ့ချီ၊ ပွတ်သပ်ပေးတတ်တယ်။ အိမ်မှာလဲ မွေးချင်တယ်ဆိုပြီး အမြဲပူဆာလေ့ရှိတယ်။ ကျမကလဲ ခွေးတွေကြောင်တွေကို ချီတာပွေ့တာ လုံးဝမကြိုက်ဘူး။ အသက်ရှူလမ်းကြောင်းထဲ အမွှေးတွေဝင်မှာ၊ ရောဂါဖြစ်မှာစိုးရိမ်လို့ အမြဲတားရတယ်။ ဒါပေမဲ့ အမေမမြင်အောင် ဘေးအိမ်ကခွေးကလေးနဲ့ သွားသွားဆော့တတ်တယ်။ ကိုယ်ကလဲ တွေ့နေပေမဲ့ အပြင်မှာ ခဏတဖြုတ်ဆော့ရင် ဆော့ပါစေလေဆိုပြီး လွတ်ထားပေးလိုက်ပြီး ပြန်လာမှ ရေမိုချိုးခိုင်းရတယ်။ ဖြစ်ချင်တော့ ဒီနေ့ခင်းစားသောက်ပြီး အပြင်ထွက်လည်ဖို့ဆိုပြီး မီးဖိုထဲချက်ပြုတ်နေတာ သူတို့ထွက်ဆော့နေတာ မကြည့်ဖြစ်လိုက်ဘူး။ ထမင်းစားဖို့ခေါ်တော့မှ လက်နဲ့ထမင်းစား လို့မရဘူး၊ ခွေးကိုက်ထားတယ်တဲ့..။ ကြည့်လိုက်တော့ လက်မခုံအတွင်းအပြင်မှာ ခြစ်ရာတွေ။ သွားနဲ့ခြစ်မိထားတာ။ လက်ဖဝါးမှာက နဲနဲနက်တယ်။ သူခွေးကိုင်တာကို မကြိုက်ဘူးပြောထားလို့ ခွေးကိုက်ထားတာကို မပြောဘဲထားထားတာ။ လက်ကို ကိုင်ကြည့် တော့ ငိုမဲ့မဲ့နဲ့ မနာပါဘူးတဲ့။ သူလုပ်ချင်တာလုပ်ထားတော့ ဖြစ်ရင်လဲခံမယ်ဆိုတဲ့ပုံစံနဲ့… ။ ကိုယ်မအေက မွေးထားတာဆိုတော့ မခံနိုင်ဘူး။ တပျစ်တောက်တောက်နဲ့ ခွေးရူးရောဂါ ဖြစ်ရင်ဘယ်လိုလုပ်မလဲဆိုပြီးပူနေရတာ။ သူတို့က ဒါတွေဘာမှမသိတော့ ကိုယ်ပြောမှ မျက်ရည်တွေကျလာပြီး နောက်မလုပ်တော့ပါဘူးတဲ့။ လူ့စိတ်တွေများ ခက်လိုက်တာများနော်။ ဒါအန္တရာယ်ရှိမှန်းသိလို့ ပြောရင်မယုံဘူး။ လက်တွေ့ ကိုယ်တိုင် ခံလိုက်ရမှ ကြေနပ်တော့တာ။ ခွေးဆိုတာက ခွေးစိတ်ပဲလေ။ ဘယ်လောက်ပဲချစ်စရာကောင်းကောင်း၊ လူကသူ့ကို ဘယ်လောက်ပဲချစ်ချစ်၊ သူစားမဲ့အစာ သွားထိလို့ကတော့ အကိုက်ခံရမှာမှာပဲ သူ့အစား ကလွဲရင် ကျန်တာသူမသိဘူးလေ။ ခက်တာက ကလေးဆိုတာကလဲ သူတို့ကိုယ်တိုင် လက်တွေ့ခံထားရမှ မှတ်မှတ်သားသား ရှိကြတာမဟုတ်လား။ အကြီးမတနှစ်လောက်တုန်းက လည်းဒီိလိုဘဲ။ လူကြီိးတွေက ရေနွေးသောက်ဖို့ ရေနွေးခွက်များကိုင်လာပြီဆို ခွက်ကိုအတင်းလိုက်ကိုင်တာ။ မကိုင်ရဘူး။ ပူတယ်လို့ပြောရင် နားမလည်ဘူး။ နောက်တော့ ဒီလောက်ဖြစ်လှတာ ကိုင်ကြည့်ဆိုပြီး ပေးကိုင်လိုက်တော့မှ လက်ပူသွားပြီး နောက်ဆိုရေခွက်ဆို ဘာခွက်ဖြစ်ဖြစ် မကိုင်တော့ဘူး။ လက်တွေ့သင်ခန်းစာတွေလေ။ ဒီနေ့လည်း သမီးငယ်တယောက် လက်တွေ့သင်ခန်းစာတခု ရလိုက်တာနဲ့ ဘယ်မှမလည်ရတော့ပဲ emergency မှာဘဲ တနေကုန်သွားရပါတော့တယ်။
(၂၅ ရက်နေ့ကဖြစ်တာပါ...ကွန်ပြူတာက ခြူခြာနေလို့ ဒီနေ့မှတင်ရတာပါ)

Saturday, May 23, 2009

Oregon မှ အပတ်စဉ် ဆန္ဒပြပွဲ


ပေါ့လန်းရောက် ဒီိမိုကရေစီအင်အားစုများမှ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲကို အပတ်စဉ် ကျင်းပနေကြနေကြခြင်းဖြစ်ပါတယ်။
ထိုဆန္ဒပြပွဲတွင် အောက်ပါကြွေးကြော်သံများနှင့် မိမိတို့၏ဆန္ဒများကို ထုတ်ဖော်ခဲ့ကြပါတယ်။



Free… Free…… Free …… Burma…….

ဒေါ်အောင်ဆန်းစုကြည်……… ချက်ခြင်းလွှတ်……. ချက်ခြင်းလွှတ်။

Free… Free……… Aung San Suu Kyi ။

နိုင်ငံရေးအကျဉ်းသားများအားလုံး… ချက်ခြင်းလွှတ်… ချက်ခြင်းလွှတ်။

Free… Free… All political Prisoners ။

ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်.... ချက်ခြင်းလွှတ်… ချက်ခြင်းလွှတ်။

Free… Free… Minn Ko Naing ။

၂၀၁၀ ရွေးကောက်ပွဲ…… အလိုမရှိ…… အလိုမရှိ။

2010 Election… No… No ။

ဒီမိုကရေစီအရေးတော်ပုံ… အောင်ရမည် ….အောင်ရမည်။

What do we want…… We want democracy ။

Thursday, May 21, 2009

မပိအိုင်းတို့ရဲ့ ဖျော်ဖြေမှု

သမီးပိအိုင်းတို့ကျောင်းမှ ဂီိတဖျော်ဖြေပွဲလေးတခုပါ။ ဒီက ကလေးငယ်များဟာ သူတို့အရွယ်အလိုက် ကျောင်းတွေမှာ အားလုံးတန်းတူညီမျှစွာ၊ ပျော်ရွှင်စွာ ပညာသင်ကြားခွင့်ရကြပါတယ်။ မိဘအသိုင်းအဝိုင်းချမ်းသာတာ၊ ဆင်းရဲတာဆိုပြီးကွားခြားတာ လုံးဝမရှိပါဘူး။ ပညာမသင်နိုင်တဲ့ ကလေးဆိုတာလည်း မရှိပါဘူး။ ကလေးတွေ ဒီလိုအခွင့်အရေးတွေရကြတာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းရာကျော်က ပြည်သူလူထုတွေဟာ သူတို့တတွေရဲ့အခွင့်အရေးတွေကို သူတို့ကိုယ်တိုင် ရဲရဲဝံ့ဝံ့တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြပြီး တိုင်းပြည်ရဲ့ အခြေခံဥပဒေတွေကို စနစ်တကျရေးဆွဲခဲ့ကြလို့ အခုလို အနာဂတ်လူတွေ ကောင်းကျိုးတွေကို ရရှိခံစားနေကြရတာဖြစ်ပါတယ်။ ကျမတို့တိုင်းပြည်က ကလေးငယ်တိုင်းကိုလည်း တိုင်းပြည်အတွင်းမှာ ဒီလိုအခွင့်အရေးမျိုး ရရှိခံစားကြစေချင်ပါတယ်......။



Monday, May 18, 2009


Sunday, May 17, 2009

Oregon မှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြပွဲ

အော်ရီဂွန်ပြည်နယ် ဆန္ဒပြပွဲသတင်း







၂၀၀၉ ခုနှစ် မေလ ၁၇ ရက်နေ့ မနက်ခင်း ၁၀ နာရီမှစတင်၍ အော်ရီဂွန်ပြည်နယ် ပေါ့လန်းမြို့ Down Town တွင် မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်သူ (၁၀၀) ခန့် လုပ်ကြံ ဖမ်းဆီးခံရသော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး၊ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကို ဆန့်ကျင်ရေးအတွက် ကြွေးကြော် သံများနှင့်အတူ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲကို ဇိုမီးအမျိုးသားကွန်ဂရက် ( Zomi National Congress) ၊ Oregon Rohingyr Society USA ၊ Burma Action Committee ၊ ABSDF ရဲဘော်ဟောင်းများ၊ DPNS ပါတီဝင်များ၊ NLD ပါတီဝင်များ၊ ကရင်၊ ချင်း စသောတိုင်းရင်သားများ၊ မြန်မာ့အရေးစာနာသူ အမေရိကန်များ၊ မျိုးဆက်သစ်လူငယ်များနှင့် သက်ကြီးရွယ်အိုများပါမကျန် တက်ရောက် ဆန္ဒပြခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်မချင်းအပတ်စဉ် နိုင်ငံတကာ မိသားစုများနှင့်အတူ ဆက်လက်၍ ဆန္ဒများကို ထုတ်ဖော်သွားကြမည်ဟု သိရှိရပါသည်။
ဤသတင်းများကို ထပ်ဆင့်ဖော်ပြလိုခြင်း၊ မေးမြန်းစုံစမ်းခြင်းပြုလိုပါက အောက်ပါရဲဘော်များနှင့် ဆက်သွယ်နိုင်ပါသည်။
ကိုအေသင် (ဖုန်း - ၅၀၃ ၂၃၅ ၃၆၆၃)
ကိုထွန်းထွန်း (ဖုန်း - ၅၀၃ ၃၃၄ ၉၉၉၇)
ကိုပံသု (ဖုန်း - ၅၀၃ ၄၃၂ ၃၄၅၀)
အော်ရီဂွန်ရောက် မြန်မာ့ဒီမိုကရေစီိအရေး လှုပ်ရှားဆောင်ရွက်သူများအဖွဲ့

Monday, May 11, 2009

အမွေ …… ဒေါက်တာခင်မောင်ညို

တစ်ခါက လူတစ်ယောက်ဟာ သူရဲ့သားနှစ်ယောက်ကို ပျော်ပွဲရွှင်ပွဲဆင်နွှဲရာ ပန်းခြံထဲကို ခေါ်သွား တယ်။ အဝမှာ အပေါက်စောင့်ကို သူက မေးတယ်။
“ဘယ်လောက်လဲ ခင်ဗျာ”
“တစ်ယောက် ၃ ဒေါ်လာပါ။ ဒါပေမယ့် (၆)နှစ်နဲ့ (၆)နှစ်အောက် ကလေးတွေအတွက်တော့ မပေးရ ဘူး။ အခမဲ့ပါ။
“ဟုတ်ကဲ့ ဒါဆို (၆) ဒေါ်လာယူပါ”
“ဘယ်သူ့အတွက်လဲ”
“ကျွန်တော့်အတွက်က သုံးဒေါ်လာ၊ ဟိုဘက်ကောင်လေး ဆရာဝန်က (၇) နှစ်ဆိုတော့ သုံးဒေါ်လာ။ ဒီဘက်က သားငယ်ရှေ့နေလေးကတော့ ၃ နှစ်”
“ခင်ဗျား ထီပေါက်လာတာလား”
“ဟင်အင်း၊ ဘာဖြစ်လို့လဲ”
“ခင်ဗျားက အကြီးကောင်ကို ခြောက်နှစ်လို့ ပြောလိုက်ရင်ပြီးရော၊ ဒါဆို သုံးဒေါ်လာသက်သာမှာပေါ့။ ဘယ်သူသိတာမှတ်လို့”


“ဒါတော့ ဒါပေါ့ဗျာ။ ကျွန်တော့်ကလေးတွေ ကျွန်တော်လိမ်တာကို သိမှာပေါ့။ သူတို့ကို ကျွန်တော် အဲဒီ အမွေတော့ မပေးချင်ပါဘူး”တဲ့။
ကျွန်တော်တို့ဟာ သားသမီးတွေကို အကောင်းဆုံးသော အမွေတွေကိုလည်း ပေးချင်ကြ တယ်။
သူတို့အတွက် စံပြဖြစ်အောင်လည်း မလုပ်ကြဘူး။
“ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့” တဲ့။
ကလေးတွေဟာ မိဘတွေလုပ်တာကို အတုခိုးတာပဲ။ ပတ်ဝန်းကျင်က လူတွေဟာ မကောင်း မှုနဲ့ ချမ်းသာနေရင် အဲဒါကို အားကျမှာပဲ။
ဒီအတိုင်းပဲ ကောင်းမှုနဲ့ သင့်တင့်မျှတရုံ နေတတ်တယ်ဆိုရင်လည်း အဲဒီသဘောတရားကို လက်ခံမှာပဲ။
သူတို့ကြီးပြင်းလာတဲ့ ဝန်းကျင်ဟာ သူတို့ကို ရောင်ပြန်ဟပ်မှာပါပဲ။
ကျွန်တော်တို့ဟာ အမှန်တရားကို ချွင်းချက်ထားတယ်ဆိုရင် သူတို့လည်း အမှန်ကို မျက်ကွယ်ပြုမှာပဲ။
တကယ်တော့ ဒါဟာ (domino theory) လို့ခေါ်တဲ့ သက်ရောက်မှုကို ပေးတယ်။
မိမိက မကောင်းမှုကိုပြုရင် မိမိနဲ့ ဆက်နွှယ်သူတွေဟာ မကောင်းမှုကိုပြုဖို့ အခွင့်အလမ်း များတယ်။ ဒီလိုလုပ်ပါဆိုတာမျိုး သူတို့ကို အားပေးသလို ဖြစ်တယ်။
အဓိကကတော့ အဲဒီ ကောင်းမှု၊ မကောင်းမှုရဲ့ သက်ရောက်မှုဟာ မိသားစုအတွင်း စတင်ဖြစ်ပေါ် တော့တာပါပဲ။
လီလီတွန်မ်လင်က ရေးထားဖူးတယ်။
The best mind altering drug is the truth.
စိတ်ကိုပြောင်းဖို့ အကောင်းဆုံး ဆေးဝါးကတော့ အမှန်တရားပါပဲ”တဲ့။
လူတွေဟာ အမှန်တရားကို ကြောက်နေကြတယ်။ အမှန်ကို ထုတ်ဖော်ပြောဆိုမယ်၊ အမှန်အတိုင်းကို လုပ်ကိုင်မယ်ဆိုရင် ကိုယ်ကျိုးစီးပွားကို ထိခိုက်မယ်လို့ ထင်နေကြတယ်။
“အမှန်တရားဆိုတာ ဆေးခါးကြီးပါပဲ။ လူတွေက ဒါကို လက်မခံဘူး။” လို့ ခေတ်က ယူဆကြတယ်။ ယနေ့လည်း လက်ခံဆဲပါပဲ။
ဒီနေရာမှာ အောင်မြင်လိုရင် ဆိုတဲ့ သီအိုရီတစ်ခု ထွက်လာတယ်။ အင်မတန် လူကြိုက်များတယ်။ ဒါကို ကျွန်တော်တို့က ဖတ်ပြီး သဘောကျကြတယ်။
လူတွေကို ချိုသာတဲ့စကားသာ ပြောပါ။
အပြစ်မတင်နဲ့။
ပြုံးပါ။
မုန့်ခါးရည်တခွက်က ပျားရည်တစက်လောက် ယင်ကောင်တွေကို မဆွဲဆောင်နိုင်ဘူး...... စတဲ့ စတဲ့... အောင်မြင်မှုလမ်းညွှန်တွေကို လက်ခံကြတယ်။
ဒါတွေကို အမှန်တရားကနေ လမ်းခွဲပြီး ဟန်ဆောင်ပန်ဆောင်လုပ်ရမယ့် သဘောတရားတွေလို့ ယူဆကြတယ်။
အောင်မြင်မှုအတွက် မိမိခံယူချက်သဘောထားကို ဖုံးကွယ်ထားရမှာလား။
ပျားရည်ဆမ်းမျက်နှာတွေရဲ့ နောက်ကွယ်က ဓားနဲ့ ထိုးလာကြတယ်။ ဒါကြောင့်လည်း ပြုံးနေရင် သတိထားဆိုတဲ့စကား ပေါ်ပေါက်လာတာပါပဲ။
တကယ်တော့ ပြုံးနေတာ ကောင်းပါတယ်။
သို့သော် ဟန်ဆောင်ပြုံးရင်တော့ တစ်ခုခု မကောင်းတာရှိမယ်လို့ ယူဆနိုင်တယ်။

နိဂုံး
ကျွန်တော်တို့ဟာ မျိုးဆက်သစ်တွေကို အမွေပေးနေကြတယ်။
ဘာတွေကို ပေးမှာလဲ။
“အမှန်တရား”
“လောကမှာ အမှန်တရားဟာ ရှားပါတယ်ဆရာ။ မဖြစ်နိုင်ပါဘူး” တဲ့။
ဒါဆိုရင် အမှားတွေကို အမွေပေးမလား။ လိမ်တာညာတာတွေကို အမွေပေးမလား။
ဟန်ဆောင်ပန်ဆောင်တာတွေကို အမွေပေးမလား။
“ကျွန်တော်တို့ဟာ စံပြတွေဖြစ်ရမယ်။ အမှန်တရားကို ရင်ဆိုင်ဖို့ဟာ အင်မတန်မှခက်ခဲတယ်။ သိက္ခာရှိရှိနဲ့ ဘဝကိုရင်ဆိုင်တယ်ဆိုတာ မြင့်မြတ်ပါတယ်။ သားသမီးတွေကို ဒါတွေ အမွေပေး ရမယ်”တဲ့။
လောကကြီးမှာ တရားတာတွေ မတရားတာတွေရှိမှာပါပဲ။
ဒါပေမယ့် အမှန်တရားနဲ့သာ လျှောက်လှမ်းပါလို့။
အမှန်တွေကိုသာ အမွေပေးပါ ဟူ၍။

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလထုတ်“အတွေးအမြင်” အမှတ်(၁၈၆) မှ

နေရာမှ ကူးယူမျှဝေပါသည်။

Sunday, May 3, 2009

ကောက်ညှင်းပေါင်း.... ဂျာနယ်ကျော်မမလေး

စမမှာ…
လျှာကခံစားသော စမ
နှာခေါင်းက ခံစားသော စမ
နားကခံစားသော စမ
မျက်စိကခံစားသော စမ
ကိုယ်ကခံစားသော စမဟူ၍
စမ ငါးမျိုးရှိပေသည်။
xxxxxxxxxxxx
ကျွန်မ၏ဆေးတိုက်ထဲတွင် ဆေးယူလာကြသော လူနာများစဲသွားသည့်အခိုက် စာရေးဆရာ ကိုသန်းဆွေသည် ကျွန်မထံသို့ ပေါက်လာလေသည်။ မြဝတီအတွက် ဝတ္ထု၊ ဆောင်းပါး အလိုရှိ၍ ကျွန်မထံလာတောင်းသည်ဟု ထင်မှတ်လိုက်မိသည်။
“ ကျွန်တော် ဆီးဆေး တစ်ပုလင်းလိုချင်လို့ခင်ဗျ” ဟုဆိုမှ ….
“ ရှင်က ဒီဆေးတွေစားနေသလား” ဟု အံ့သြစွာမေးလိုက်မိသည်။
“ ဟုတ်တယ်၊ ကျွန်တော်သွေးဝမ်းတွေသွားနေလို့ ကြည့်မြင်တိုင်က ဆရာကြီးဆီမှာ ဆေးစား တာ ဆေးကုန်သွားလို့ ဒီမှာလာဝယ်တာ” ဗီရိုထဲမှ သူ့အတွက်ဆီးဆေးပုလင်း ယူပေးနေစဉ်
“ ဘယ့်နှယ်လဲ တော်တော်နေရာကျသလား”
ဟု ကိုသန်းဆွေက လှမ်းမေးသည်။ သူ၏အသံမှာ ခပ်တိုးတိုးဖြစ်သော်လည်း သာသလောက် စည်သလောက် စည်မည်သွားလေ၏။
ကိုသန်းဆွေရှေ့၌ ဆေးပုလင်းကိုချလိုက်ကာ နေရာတွင်ပြန်ထိုင်လျက် အဖြေပေးရန် နှုတ်လျှာလေးနေလေသည်။ ဝလုံးကဲ့သို့ သူ့မျက်နှာဝိုင်းဝိုင်းပေါ်၌ တပ်ဆင်ထားသော သူ့မျက်လုံးများသည်။ အရောင်တစ်ပြောင်ပြောင်ထွက်နေကာ ကြားရမည့်အဖြေကို နှစ်လိုချမ်း မြေ့စွာ ဝင်းပကြိုဆိုနေသည်။ ကျွန်မလည်းပြုံးလိုက်သည်။ အနိုင်နိုင်ပြုံးလိုက်ရသောအပြုံးမှာ လျှော့ရဲရဲဖြစ်နေသည်။ ကျွန်မ၏လျှော့ရဲရဲအပြုံးကို သတိထားမိသည့် သူ့မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားလေသည်။ ဝင်းပချိုမြနေသော အရိပ်အယောင်များ ဖျော့လျှော့သွားကာ ခပ်အမ်းအမ်းဖြစ်နေသည်။


“ဆေးဆရာဖြစ်ရတာ မသက်သာပါဘူးရှင်” ဟု လေးတွဲ့တွဲ့ညည်းတွားလျက် လမ်းမဘက်သို့ လှည့်ကာ ငေးစိုက်ကြည့်နေမိသည်။ တိုက်ရှေ့၌ ဖြတ်မောင်းသွားနေကြသော ပုစွန်တံဆိပ် ကားထဲမှ ခရီးသည်များသည် ကျွန်မ၏ “ဂျာနယ်ကျော်မမလေး ဆေးတိုက်” ဟူသော ဆိုင်းဘုတ်ကလေးကို လှမ်းကြည့်သွားကြသည်။ နေရောင်ဖြင့် ပြောင်လက်နေ၍ ကတ္တရာလမ်းမကြီး၏ ပူပြင်းသောအရှိန်သည်။ မျက်နှာသို့ပင် လာဟပ်လေသည်။ ကိုသန်းဆွေမလာခင် စောစောက လူနာများကို အာပေါက်လောက်အောင် ပြောရဟောရ သဖြင့် စိတ်ပင်ပန်းသွားသောကျွန်မမှာ ပြင်းထန်သောနေရှိန်ကြောင့် ပိုမိုငြီိးစီလာကာ ခေါင်းထဲကပင် အုံလာသည်။
“လူနာကုရတာအပန်းမကြီးဘူး၊ ပြောရတာမောပါတယ်ရှင်….”
ကိုသန်းဆွေသည် စားပွဲပေါ်ကဆေးပုလင်းကို ထိပ်မှနေ၍လက်ဖြင့် အသာကိုင်လှည့်လျက်
“ဓာတ်မသိသေးလို့ ပြောရ ဟောရတာပါ၊ ဓာတ်သိတော့လည်း သဘောပေါက်သွားတာပဲ၊ ကျွန်တော်လည်း အစကမသိဘူး၊ နောက်တော့ ကုနေရင်းနဲ့ ကိုယ်နဲ့ ဘာမတည့်ဘူး၊ တည့်တယ်ဆိုတာ တဖြည်းဖြည်းနားလည်လာတယ်” ဟု သူ့အသိကို ပြန်ပြောပြနေသည်။ ဆေးပညာကိုလိုက်စား၍ ဆေးဆရာနယ်ပယ်ထဲသို့ လူသိသူသိရောက်လာသည်နှင့် အလုပ်တိုက်တွင် တစ်နေ့တစ်နေ့ လူနာမျိုးစုံနှင့်တွေ့ဆုံကာ ဆေးကုပေးနေရ၏။ အချို့သော လူနာများမှာ နောက်နောက်ကအစွဲကို တော်ရုံနှင့် မကျွတ်နိုင်ကြ၍ ခံစားနေရသည့်ဝေဒနာ မြန်မြန်ပျောက်ဖို့ရာရှိပါလျက် နှောင့်နှေးနေရပေသည်။ ကျွန်မလက်တွေ့အားဖြင့် ဝေဒနာကို အစွဲကို အရင်ချွတ်ရသူချည်း တွေ့ကြုံနေရလေသည်။ သူတို့အနာကို ကိုယ့်အနာကဲ့သို့ မြန်မြန်ပျောက်ကင်းရန် စိတ်ရှည်လက်ရှည် အတော်ကြီးပြောရသဖြင့် ဆေးမကုခင် သင်္ကာရှင်း ရခြင်းကို စိတ်ပင်ပန်းရသည်။ ကျွန်မ၏ ဆေးပညာဆောင်းပါးကို သွေးသောက်၊ ရှုမဝ မဂ္ဂဇင်းများထဲတွင် ဖတ်ရှုရ၍ ဆေးကုလာကြသောသူများအနက် ကာလ်တန်ရုပ်ရှင်ရုံမှ လက်မှတ်ရောင်းသော ကိုငြိမ်းဆိုသူတစ်ယောက်သည်ခြေမျက်စိက ဒူးဆစ်အထိ နှင်းခူရောဂါ ကြီးစွဲကပ်လျက် အနာထ၍ ရောင်ကိုင်းနေကာ လမ်းပင်ကောင်းစွာမလျှောက်နိုင်ရှာဘဲ ခြေထောက်ကို ထော့ကျိုးထော့ကျိုးလျှောက်ကာ တိုက်ထဲသို့ ဝင်လာသည်။ ကျွန်မက သူ့ခြေထောက်ကို လှမ်းကြည့်ပြီးနောက်
“ ရှင့်ရောဂါမြန်မြန်ပျောက်ချင်ရင် ကျွန်မစကားကို နားထောင်မှပျောက်မှာ” ဟုပြောလိုက် သည်။
“ ကျွန်တော် မဂ္ဂဇင်းထဲဖတ်ရတာနဲ့ လာခဲ့တာပါ၊ နားထောင်ပါ့မယ်” ဟု လေးလေးစားစားရှိ သောဟန်နှင့်ဆိုသည်။
“ ရှင့်ရောဂါက နွားသားစားမှပျောက်မှာ”
ကိုငြိမ်း၏မျက်နှာသည် လငပုပ်ဖမ်းသွားသလို မှောင်မည်းသွားသည်။ အညှီအဟောက်စား လျှင် သည်အနာမျိုးနှင့်မတည့်ဟု လှေနံဓားထစ် စွဲထားသောအယူအဆဖြင့် ကျွန်မကို မယုံသင်္ကာရှိသော မျက်လုံးကြီးများဖြင့်လည်း ပြူးကြည့်နေသည်။
“ ရှင့်အနာက ရေထိလို့လဲမဖြစ်ဘူး၊ သံပုရာသီးလဲ နိုင်နိုင်ကြီးစားပေးနိုင်မှ ဖြစ်မှာ”
ကိုငြိမ်းသည် သိသိသာသာမျက်နှာပျက်သွားပြန်သည်။ ခြေသလုံးကြီးတစ်ခုလုံး ကိုင်းရောင်ကာ အရည်တစိုစိုဖြင့် ငန်းမန်းထနေသော နှင်းခူကြီးကို အနာ- အချဉ်စားလျှင် ယင်းသည်ဟူသော အစွဲဖြင့် သံပုရာနိုင်နိုင်စားရမည်ဆိုခြင်းကိုလည်း ထိတ်လန့်ပုံရှိနေသည်။
“ကျွန်မပြောတဲ့အတိုင်း လုပ်မှဆေးကုပေးချင်တယ်၊ ကျွန်မပြောတာလုပ်လို့ ရောဂါတိုးလာရင် ကျွန်မတရားခံပေါ့၊ ကျွန်မပြောတဲ့အတိုင်း မလုပ်ဘဲ ဖောက်သွားလို့ ရောဂါတိုးတာတော့ ကျွန်မတာဝန်မယူနိုင်ပါဘူးရှင် ကျွန်မနဲ့ကုဖို့ စိတ်ရှိပါသလား”
ကိုငြိမ်းသည် တွေငိုင်လျက်နေ၏။ ထို့နောက် အားတုံ့အားနာ ပြုံးရယ်ကာ
“ကျွန်တော်တော့ ပျောက်ချင်လို့လာတာပါပဲ၊ နွားသားစားဖို့ဆိုတာကတော့ အနာများပိုပြီး ဆိုးလာမလားလို့ပါဗျာ”
ဟုစိုးရိမ်မကင်းသံဖြင့် ပြန်ပြောလေသည်။
“ ကျွန်မအခုဆေးကုနေတာ သေတာ ရှင်တာကို ကုပေးနေတာမဟုတ်ပါဘူးရှင်၊ တည့်တာ မတည့်တာကို ကုပေးနေတာပါ၊ နှင်းခူဝေဒနာမျိုးဟာ နွားသားစားရင်တည့်တယ် ဆိုတဲ့အသိ၊ သညာအမှတ်နဲ့ ကုသတာလည်းမဟုတ်ပါဘူး၊ နှင်းခူဝေဒနာသည်ကိုငြိမ်းနဲ့ နွားသားနဲ့ တည့်တယ်ဆိုတဲ့ အသိပညာနဲ့သာ ကုတာပါ၊ ရှင်နွားသားစာမယ်ဆိုရင် အနာမတိုးဘဲ ပျောက်ရမယ်ဆိုတာ ကျွန်မရဲရဲကြီး အာမခံပါတယ်”
လူနာကို နားဝင်လောက်အောင် သင်္ကာရှင်း၍သော်၎င်း၊ အာမခံ၍သော်၎င်း၊ ကုသရခြင်းမှာ သူ့အနာပျောက်ကင်းချင်လှသည့် မေတ္တာစိတ်ရှေ့ရှုချက်ကြောင့်သာ ဖြစ်သည်။
ခြေထောက်မှ ကောင်းကောင်းမထောက်နိုင်လောက်အောင် ကိုက်ခဲနာကျင်နေသော ဝေဒနာကြီးကို လျှင်မြန်စွာပျောက်ကင်းစေချင်သော ဇောဖြင့် အတော်မောလောက်အောင် ရှင်းလင်းပြောပြနိုင်တော့မှသာ ပြောတဲ့အတိုင်းလုပ်ပါမည်ဟု အဖြေလေသည်။
စားပွဲပေါ်မှ စာရေးစက္ကူဆွဲ၍ “ ကိုငြိမ်းလိုက်နာရန်၊ ဤစာရွက်ထဲမပါသည်ကို မစားရန်၊ မလုပ်ရန် အထူးသတိပြုပါ” ဟူ၍ရေးလိုက်သည်။
ကိုငြိမ်းသည် စာရွက်ပေါ်တွင် ကျွန်မရေးနေသောစာလုံးများကို မျက်ခြည်မပြတ် လိုက်ဖတ်ကြည့်နေသည်။
နွားနို့စစ်စစ်(မျက်စိအမြင်) အစိမ်းသောက်ရန်၊ ထိကရုန်း၊ အုန်းရည်၊ ရွှေဖရုံသီး၊ ထန်းလျက်၊ ရုန်းပတီသီး၊ ကောက်ညှင်း၊ ဆီထမင်း၊ ရမ်းသီး၊ စားတော်ပဲ၊ ခရမ်းချဉ်သီး၊ ဒူးရင်းသီး၊ ကြောင်ရှာသီး၊ သြဇာသီး၊ သုံပုရာသီး၊ နာနတ်သီး၊ တညင်းသီး၊ ဆီးသီး၊ နံနံပင်၊ နွားသား၊ ဆိတ်သား၊ မန်ကျည်းသီး၊ ငါးမြင်းရင်း၊ ငါးစင်ရိုင်း၊ ပုစွန်၊ ငါးပုဏ္ဏား။
ကိုငြိမ်းနှင့် တည့်သည့်အစာများကို ဤသို့ရေးနေစဉ် ကိုငြိမ်းလှမ်းဖတ်ကြည့်နေရာက အနာကြွလာအောင် ပေးတဲ့အစာတွေလားဟု ဖြတ်မေးလိုက်သည်။
“ ရှင် ကျွန်မဆီ အနာလာကုတာ သက်သာအောင်၊ ပျောက်ကင်းအောင် လာကုတာမဟုတ် ဘူးလား၊ အနာကို ကြွအောင်လုပ်ပေးရတယ်လို့ ကျွန်မသင်ယူတဲ့ ဆေးပညာမှာမရှိပါဘူး၊ အနာကို မကြွအောင်၊ ပျောက်အောင်သာ လုပ်ပေးပါတယ်၊ အခုပေးတဲ့အစာတွေက ကြွအောင်လုပ်ပေးတဲ့ အစာတွေမဟုတ်ပါဘူး၊ မကြွနိုင်အောင် ပေးတဲ့အစာတွေပါ”
ကျွန်မပြောသည့်စကားများသည် သူ့နားနှင့် ဆန့်ကျင်နေသည်။ သည်အစာတွေစားခဲ့လျင် အနာကြီးကြွတက်လာတော့မှာပဲဟု တွေထင်နေပုံလည်းရှိသည်။ ကျွန်မက ဆက်လက်၍ ရေးသားပြန်သည်။ သူကလည်း ဆက်လက်၍ လိုက်ဖတ်ကြည့်ပြန်သည်။
ရေအေး- ရေစိမ်းမချိုးရ၊ ရေနွေးချိုးရမည်။ လေစိမ်းတိုက် များများခံပါ၊ မီးခဲတွင် ငရုတ်ကောင်း၊ နဲ့သာဖြူထည့်၍ အခိုးကို နှာခေါင်းနှင့်ရှူပါ၊ ပါးစပ်ထဲမဝင်စေနှင့်။ တစ်နေ့သုံးကြိမ် ဆေးမှုန့်နှင့် အနာကို ကွမ်းရွက်နှင့် နာနာတိုက်ပါ။ ဆေးရည်တစ်နေ့ သုံးကြိမ်သောက်ပါ။
“ ရှင်နဲ့ ဒီစာရွက်ထဲပါတာတွေနဲ့သာ တည့်ပါတယ်၊ အတည့်ဆုံးကတော့ နွားသားပဲများများစား ပါ၊ နွားသားမရမှ ဒီစာရွက်ထဲပါတာတွေ လွယ်ရာလှည့်စားသွားပါ၊ ဒီစာရွက်ထဲမပါတာကိုတော့ ဘာတခုမှ မစားပါနဲ့”
ကိုငြိမ်း၏အကဲကိုခတ်ကာ ဤမျှလောက်ပြောလိုက်ရုံဖြင့် သည်အတိုင်းလိုက်နာဝံ့မည့်သူ မဟုတ်မှန်းသိ၍ သည်အတိုင်းလုပ်ရဲရန် ဘာကြောင့် နွားသားနှင့် တည့်သည်ကို အာခြောက် အောင်ရှင်းပြောပြရလေသည်။
ကျွန်မကုသနည်းကား အမှန်စင်စစ် အနာပျောက်ရုံသာမဟုတ်ပဲ သူ့အတွက် ကျန်းမာရေး မျိုးစေ့ချပေးလိုက်ခြင်းလည်း မည်လေသည်။
ထိုထက်တဆင့်တက်၍ ဘာကြောင့် ဒီအစာတွေ တည့်ရသနည်းဟု ကြံဆမည်ဆိုပါလျှင် ပညာ၏အစကိုပင်ရနိုင်ကာ ကျန်းမာရေးလက်ကိုင် ရသွားပေလိမ့်မည်။ ကျွန်မပေးသော ဓာတ်စာများမှာ ခုနှစ်ခု-စား၊ ရှစ်ခု-စား၊ လနှင့် ရာသီနှင့် ပေးသော ဓာတ်စာမျိုးမဟုတ်ပေ။ ကိုငြိမ်းတသက်လုံး ဤစာရွက်ထဲပါသည်ကိုသာ စားနေပါက အခြားဝေဒနာ စွဲကပ်ဖို့မဆိုထားနှင့် ခေါင်းပင်ကိုက်ခဲလိမ့်မည်မဟုတ်ပေ။
၎င်းအစာများနှင့် တည့်သည်၊ မတည့်သည်ကိုလည်း သူ၏ခန္ဓာကိုယ်က သက်သေခံရပေလိမ့် မည်။
ဝေဒနာသည်များအား ခန္ဓာငါးပါးမှစ၍ တည့်သည့်အစာနှင့် ကျွေးကုသခြင်း၊ တည့်သည့်အသံနှင့် ကုပေးခြင်း၊ တည့်သည့်အနံ့နှင့် ကုပေးခြင်း၊ တည့်သည့်အထိအတွေ့နှင့် ကုပေးခြင်းစသည့် ဓာတ်သဘောမှာ ကျမပြော၍ တည့်သည့်ဓာတ်မဟုတ်ပဲ ကိုယ်တိုင်သိ ဖြစ်ပေမည်။ မတည့်သည့်ဓာတ်များကိုလည်း ကိုယ်တိုင် မိမိနှင့်မတည့်မှန်း သိရပေမည်။
ကိုငြိမ်း ဆေးယူပြန်သွားပြီးနောက် ကျမစိတ်ထဲ ထင့်နေသည်။ ကျမပေးလိုက်သော ဓာတ်စာဆေးဝါးများနှင့် သူ့အနာနှင့် တည့်ပါမလားဟု ထင့်ရပုံမျိုးမဟုတ်ဘဲ နွားသားနှင့် သံပုရာသီးကို စားမှ စားပါ့မလားဟု ထင့်နေမိသည်။

ဆယ်ရက်လောက်ကြာလျှင် ကိုငြိမ်းပေါက်လာလေ၏။ တိုက်ထဲမဝင်ခင် သူ့ကိုမြင်မြင်ချင်း ပြောတဲ့အတိုင်းလုပ်မှန်း သိလိုက်သည်။ ဖျက်လတ် သွက်လက်စွာ တိုက်ထဲသို့ဝင်လာ ပြီးနောက် “ အမျာကြီးသက်သာသွားပြီ” ဟု ပြုံးရွှင်စွာ ပြောရင်း ကျမ စားပွဲရှေ့ ကုလားထိုင်တွင် ဝင်၍ထိုင်သည်။
“ရှင်နွားသားစားတော့ အနာကြွသေးလား”
ကျမက ပြောပြီးပြုံးနေသည်။ သူ၏တက်ကြွရွှင်လန်းအားရနေသော မူယာဟန်ပန်ကိုကြည့် လျက် အားရပါးရပြုံးနေမိသည်။
“ပထမတော့ ကြောက်နေသေးတယ်ဗျ၊ ပြောတာတွေ မလုပ်ဝံ့သေဘူး၊ နောက်မှ ဘယ့်နှယ်ရှိရှိ ဒီလောက်အာမခံထားတာ လုပ်မယ်ဆိုပြီး နေ့တိုင်းနွားသားနဲ့ သံပုရာသီးချည်း စားတာပဲ၊ အနာမကြွပါဘူး၊ ခြေထောက်တော့ ပျောက်ကာနီးသလောက် ရှိပါပြီ၊ ဆေးကုန်လို့ လာယူတာပါ”
ကိုငြိမ်း၏ နှင်းခူအနာကြီး ပျောက်ကင်းသွားပြီးနောက် စာရင်းစစ် ဦိးဟင်ဝေး ဆိုသော ပုဂ္ဂိုလ်တယောက်ကို ကိုငြိမ်းကတစ်ဆင့် ညွှန်လိုက်သည်။
လက်ကောက်ဝတ်ကနေ၍ တံတောင်ဆစ်အထိ ရွံရှာဖွယ်အလိလိစိုရွှဲနေသော နှင်းခူအနာကြီးနှင့် ရောက်လာလေသည်။
နွားသားနှင့် သံပုရာသီးကျွေးလျှင် ရဲရဲသာစားရန် ကိုငြိမ်းက မှာလိုက်ကြောင်းကို ပြောပြသည်။ ကျမက သူ့ရဲ့အနာကိုကြည့်ရှုပြီး …
“ ဦိးရဲ့အနာက နွားသားနဲ့ သံပုရာသီး မတည့်ပါဘူး၊ အနာချင်းတူပေမဲ့ လူချင်းမတူကြပါဘူး၊ တဦးနဲ့ တည့်လို့ တဦးနဲ့ မတည့်ပါဘူး၊ ကိုငြိမ်းအနာက ရေထိလို့မရဘူး။ ဦးအနာက ရေစိမ်ပြီး ကုရမှာပါ။ ဦိးကတော့ ငါးသလောက်၊ လိပ်ဥစားမှပျောက်မှာပါ”
ကိုငြိမ်းကဲ့သို့ပင် မျက်စိမျက်နှာ ပျက်သွားပြန်၍ ကျမပြောသည့်အတိုင်းလုပ်လျှင် မြန်မြန် ပျောက်ကင်းသွားမည်ကို မမောမပန်း သင်္ကာရှင်း ပြောရပြန်လေသည်။ နွားသားနှင့် သံပုရာသီးစား၍ တဦးပျောက်တာ ကိုယ်တိုင်မြင်ခဲ့၍ ကျမ နွားသားနှင့် သံပုရာသးကျွေးလျှင် စားဝံ့ပုံရှိသည်။
ငါးသလောက်၊ လိပ်ဥ ဆိုလိုက်၍ တွန့်သွားလေသည်။ နွားသားနှင့် သံပုရာသီးစား၍ တဦးပျောက်တာမြင်ပြီး လိုက်စားမည်ဆိုပါက အနာကြွကာ လက်ကအသားတွေ ကြွေကျဖို့ရာ ရှိလေသည်။ သူ့ကို ငါးသလောက်နှင့် လိပ်ဥကြွေးပြီး အနာကြွအောင်လုပ်ကုတာဟု ထင်မှတ်နေပြန်၍ အနာကြွအောင် ပေးတာမဟုတ်ဘဲ အနာမကြွအောင် နှိမ်ကုခြင်း ဖြစ်သည် ကို သဘောပေါက်အောင် အတော် သင်္ကာရှင်းပြောရသည်။
ဝေဒနာသည်တို့အား အနာကုရတာ ဒါလောက်မခက်လှဘဲ နောက်နောက်ကစွဲထားသည့် အစွဲကို ချွတ်ရသည့်အတတ်က ပိုခက်နေသဖြင့် ကျမ၏ အခက်အခဲများကို ကိုသန်းဆွေအား ညည်းညူပြောမိခြင်း ဖြစ်သည်။
“ကျမအခက်ဆုံးက ဝေဒနာသည်ကို ကောက်ညှင်းကျွေးကုတာနဲ့ ရေစိမ်၊ ရေလောင်းကုတဲ့ ဓာတ်ကို ရုတ်တရက်လူတွေလက်ခံဖို့ အခက်ဆုံးဖြစ်နေတယ်”
ကိုသန်းဆွေသည် သူ၏ရောဂါဝေဒနာကို ဆရာကြီးဓာတ်နည်းဖြင့် ကုသနေသဖြင့် ဓာတ်သဘောကို တီးမိခေါက်မိရှိနေသည်။ သူသည် ငြိမ်သက်လျှက်နေရာမှ တစုံတရာကို စဉ်းစားမိဟန်ဖြင့် ပြုံးရယ်လိုက်သည်။
“ကျနော့ကို ဒေါ်ခင်စု(ခင်နှင်းယု) ကပြောဘူးတယ်ဗျ၊ သူများတွေကောက်ညှင်းပေါင်းစားရင် ဝမ်းချုပ်တယ်ဆိုပေမဲ့ နိုင်ငံတော်အရာရှိကြီးတဦိးကတော့ ဝမ်းချုပ်ရင် ဝမ်းနှုတ်ဆေးမစားဘူး၊ ကောက်ညှင်းပေါင်းခိုင်းပြီး ကောက်ညှင်းပေါင်းအမြဲစားတယ်၊ အဆန်းဘဲလို့ပြောဖူးတယ်”
ကျမက ဘယ့်နှယ်ရှိစ အဓိပ္ပါယ်သက်ဝင်သော မေးခွန်းလက္ခဏာဟန်ပေါ်သွားရုံသာ ရှိသေး ကိုသန်းဆွေက ဆက်လက်၍ ကျမမေးမည့် အမေးကိုကြိုဖြေလိုက်သည်။
“ကျွန်တော်လဲ ဒီဓာတ်သဘောရိပ်မိမှ သူနဲ့ကောက်ညင်းပေါင်း တည့်လို့သာဆိုတာ သက်သေခံရတော့တယ်”
ကျမတို့ နှစ်ယောက်စလုံး ကိုယ့်အတွေးနှင့် ကိုယ်ငြိမ်သက်နေကြပြန်သည်။ ကိုသန်းဆွေ ဘာတွေးမည်ကို မသိနိုင်သော်လည်း ကျမမှာမူ ဆေးပညာသင်စဉ်က ဆရာကြီးဆုံးမ ပြသသော အချက်ကို ဒက်ကနဲတွေးမိသည်။
ဆရာကြီးသည် အတ္ထော အက္ခရာ သညာတော အစရှိသော ပါဋ္ဌိကို ပထမ ရွတ်ပြကာ အနက်ကို ရှင်းပြောပြသည်။
ဆရာကြီး ရှင်းပြဖူးသော ပါဠိအနက်ကို ပြန်တွေးကာ အက္ခရာဟူ၍၎င်း၊ ဝဏ္ဏဟူ၍၎င်း၊ စမ ဟူ၍၎င်း သူ့နေရာနှင့်သူ အသုံးအားဖြင့် ခွဲခြား၍ ခေါ်ပညတ်ခြင်း ဖြစ်ပုံတွေကို တွေးဆင်ခြင်မိသည်။
သရရှစ်လုံး၊ ဗျည်းသုံးဆယ့်သုံးလုံးကိုပေါင်းပါက ဝဏ္ဏ လေးဆယ့်တလုံးခေါ်လေသည်။ သုတ်သုံးကျမ်း၊ ဝိနည်း ငါးကျမ်း၊ အဘိဓမ္မာ ခုနှစ်ကျမ်း၊ ၎င်း သုံးမျိုးကို ပိဋကတ်သုံးပုံဟူ၍ ပြန်ပညတ်၏။
၎င်းပိဋကတ်သုံးပုံကို လေးဆယ့်တလုံးသော ဝဏ္ဏမှ ပို၍မရေးသားနိုင်ချေ။ ရေးသားသော အက္ခရာများ မပျက် မှန်ကန်အောင်ရေးနိုင်ပါမှ ပါဠိမှန်ပေသည်။ ပါဠိမှန်မှ အနက်မှန်ပေမည်။ အနက်မှန်မှ အဓိပ္ပါယ်မှန်ပေသည်။ အဓိပ္ပါယ်မှန်မှ အကျင့်မှန်ပေသည်။
အက္ခရာမှားလျှင် ပါဠိမှားလေသည်။ ပါဠိမှားလျှင် အနက်မှားကာ၊ အနက်မှားလျှင် အဓိပ္ပါယ်မှားလျှက် အဓိပ္ပါယ်မှားက အကျင့်မှားလေ၏။ ထို့ကြောင့် အက္ခရကောသလ္လဉာဏ်ကို ဦးစွာပြီးစေအပ်၏ဟု သဒ္ဒါကြီးသန္ဓိပထမပိုင်းတွင် ဆိုထားပေသည်။
ဥပမာ- ကိုဋ် ဟူသောအက္ခရာရေးနည်းမျိုးကား ရှင်ဘုရင် မကိုဋ်သာလျှင် ရေးနိုင်ပေသည်။ ကြောင်ကိုက်သည်ဆိုရာ၌ ထိုအက္ခရာကို မရေးသားနိုင်ပေ။ အက္ခရာအထားအသိုလွဲလျှင် အဓိပ္ပါယ်လွဲရပေလိမ့်မည်။ အဓိပ္ပါယ်လွဲပါက အယူအဆအားလုံး လွဲသွားဖွယ်ရာရှိပေသည်။
“ အက္ခရာတွေကို အက္ခရာသိရုံနဲ့ မပြီးသေးဘူး၊ အသံထွက်ကို နားလည်သိရှိထားရသေး တယ်၊ ဥပမာ လူအများသီလဆောက်တည်တဲ့အခါ ဗုဒ္ဓံသရဏံ ဂစ္ဆာမိကို ဆိုတတ်ရုံနဲ့ ပြီးသော်လည်း သာမဏေကျတော့ ဆိုတတ်ရုံနဲ့မပြီးဘူး၊ ဥပဇ္ဈာယ်ဆရာနှင့်တကွ သာမဏေပါ နှုတ်ခမ်းက ထွက်ရမည့်အသံ၊ သွားကထွက်ရမည့်အသံ၊ လျှာဖျားက ထွက်ရမည့်အသံ၊ အာခေါင်က ထွက်ရမည့်အသံ နှုတ်ခမ်းအဖွင့်အပိတ် သိပ်အရေးကြီးတယ်၊ သည်အက္ခရာ အရေးကြီးသလို လောကီပညာဘက်မှာလည်း စမ အရေးကြီးတယ်”

ဆရာကြီး အမိန့်ရှိဘူးသည့်အတိုင်းစမ အက္ခရာအရေးကြီိးကြောင်း တွေးမိပေသည်။
စမ အက္ခရာမသိပါက ကိုယ်ဟာကိုယ်မှားနေတာ တွေ့ရပြန်သော်လည်း ဘာကြောင့်မှားနေမှန်း မသိပေ။ ကိုယ့်ဟာကိုယ် မှန်နေတာ တွေ့ပြန်သော်လည်း ဘာ့ကြောင့်မှန်နေမှန်း မသိပေ
စမ ကိုသိမှ အဖြေကို သိပေလိမ့်မည်။
အချို့ ဓာတ်ချုပ်လျှင် ကောက်ညှင်းစားပုံမှာ လမ်းမှန်နေသဖြင့် ဘာကြောင့်မှန်နေမှန်းသိဖို့ အရေးကြီးပေသည်။
တဦးကောက်ညှင်းစားပုံ လမ်းမှန်သော်လည်း နောက်တဦးဝင်စားပါက မုချ ဆေးမဖြစ်ဘဲ ဘေးဖြစ်လိမ့်မည်။ ဘာကြောင့် မတည့်မှန်းကိုလည်း သိအပ်လှပေသည်။ နံနက်တိုင်း ထန်းညက်သုံးခဲစားကာ ရေတဝသောက်လျှက် ကောက်ညှင်းသာ အမြဲစားနေပါက ဆရာခေါ်ရသော ဒုက္ခမှ လွတ်ငြိမ်းသွားပေလိမ့်မည်။
ထန်းညက်ကား တေဇောဖြစ်သော်လည်း ရိုးရိုးတေဇောမဟုတ်၊ နဝင်းတေဇောဖြစ်ပေသည်။ ထန်းကား-၁၀၊ ညက်ကား-၈၊ ၎င်း ၁၈ကို ၉-နှင့်စားလျှင် အကြွင်းမရှိသဖြင့် နဝင်းတေဇောခေါ်ခြင်းဖြစ်သည်။ ဤကား ဦးနု၏ စမ အကျိုးဖြစ်လေသည်။ စမ ဆိုသည်မှာ သူ့နေရာနှင့်သူ ဖြစ်ကြောင်းကို ရှင်းခဲ့ပြီးလေပြီ။
စမ မှာ လျှာကခံစားသော စမ၊ ကိုယ်ကခံစားသော စမ ဟူ၍ စမ ငါးမျိုးကို အတိအကျမသိ၍ မျက်စိလည်နေပါက အန္တ ပုထုဇဉ်ခေါ်ပေမည်။
၎င်း စမ ငါးမျိုးကို လောကုတ္တရာနည်းနှင့် ခန္တာငါးပါးဟု ခေါ်ပေသည်။ လောကီနည်းနှင့် လောကုတ္တရာနည်းနှင့် သူ့နေရာနှင့်သူ အတိအကျခံစားတာတွေကို သိပါမှ ကလျာဏ ပုထုဇဉ်ဖြစ်ပေတော့မည်။
“အင်္ဂလိပ်စာတွေ ကုန်းသင်ပြီး မြန်မာရဲ့ အက္ခရာစာပေ စမသဘောနားလည်တဲ့သူများကို သည်ပညာနဲ့ ဆေးကုနည်းသင်ပြဖို့ဟာ မလွယ်လှဘူးရှင်”
ကျမလည်း စမသဘောကို အကျယ်တဝင့် ပြန်လည်တွေးတောနေရာမှ နောက်ဆုံးနိဂုံးချုပ် ပြောလိုက်သဖြင့် ကိုသန်းဆွေသည်ပြုံးကာ “ တဖြည်းဖြည်းတော့ လူတွေလက်ခံမှာပါပဲဗျာ၊ ဒီပညာပြန့်ပွားရင် ဆေးဖိုးအကုန်သက်သာပြီး ကိုယ့်ကျန်းမာရေး ကိုယ်ပိုင်သွားကြမှာပဲ” ဟု စိတ်ရောကိုယ်ပါ ထောက်ခံပြောဆိုသွားပေသည်။
မှတ်ချက်။ ။ ကိုငြိမ်းကို နေဂိုဏ်း အင်္ဂါနာမ် (စ၊ ဆ၊ ဈ၊ ဇ၊ ည) အသံထွက်ကိုယူခြင်းဖြစ်သည်။