လိုချင်လျှင်.... ဆင်းရဲသည်.... မလိုချင်လျှင်.... ချမ်းသာသည်.....
ဆရာတော်အရှင်ရာဇိန္ဒ ရဝေနွယ်(အင်းမ) ၏ ဒါနပါရမီ တရားတော်နှင့် ဒွိပိဋကဆရာတော် အရှင်နေမိန္ဒာဘိဝံသ၏ အရှိကို အသိနှင့်ညှိပါ တရားတော်ကို နာယူနိုင်ပါသည်။

သီလပါရမီတရားတော်...

ဆရာတော်အရှင်ရာဇိန္ဒ ရဝေနွယ်(အင်းမ)၏ သီလပါရမီတရားတော်..


MusicPlaylist

Thursday, January 29, 2009

အရှေ့နှင့် အနောက်.... ဂျာနယ်ကျော်မမလေး

နေရောင်သည် လင်းဝါလာကာ ရွှေခြည်ဖြင့် လမ်းပေါ်သို့ ဖြန်းပက်ထားသည်။ ဘောက်ထော် လမ်းပေါ်ရှိ ချိုင့်ခွက်များကား နေရောင်တွင်မည်းနေကာ အရုပ်ဆိုးစွာ ဟောက်ပက်နေကြ သည်။ လမ်းပေါ်တွင် ဖြတ်သန်းသွားလာနေကြသော ဘတ်(စ်)ကားများသည် စက်ရှိန် သတ်လျက် ချိုင့်ကြီးများတွင် ဘီးနစ်ကာတနဲ့နဲ့ လှိမ့်မောင်းဖြတ်ကျော်နေကြသည်။ ချိုင့်ထဲသို့ ဘီးကျ၍ဝုန်းဒိုင်းနှင့် သွက်သွက်ခါယမ်းသွားသော အသံဗလံများထွက်ပေါ် ဆူညံနေပေသည်။ ကျွန်မတို့နေထိုင်သော ဘောက်ထော်အရပ်ရှိ မြေလမ်းကား တစ်ခေါက်ရောက်ဖူးသူတိုင်း ဖိန့်ဖိန့်တုန်ကြသည်။ ကားပေါ်၌ အသည်းနှလုံး ပြုတ်ကျမလောက် ဆောင့်လျှက် လမ်းတစ်လျှောက်လုံး မောင်းသွားကြသော ဘတ်(စ်)ကားများမှာ လမ်းပေါ်တွင် ဦးစိုက် ပဲ့ထောင် ဖြစ်နေကြသည်။ ကုန်းပေါ်တွင်င်္ကြီးသော လှိုင်းကား ရေလှိုင်းထက် ဆိုးပေသတည်း။
အင်းစိန်ပိုင် အထိမ်းအမှတ် ဘောက်ထော်မြေနီလမ်း ဆုံနှင့် ရန်ကုန်ပိုင် ကတ္တရာလမ်းစပ်မှာ ခရီးဘယ်လောက်မှမဝေးဘဲ ကားများသည် နာရီဝက်ခန့်နီးနီး ကြာအောင် ချိုင့်ထဲတွင် တဖြည်းဖြည်းလှိမ့်ကာ သွားနေကြရသည်။ ကျွန်မ၏ကားသည်လမ်းပေါ်တွင် တရွေ့ရွေ့ ယိမ်းထိုးလှုပ်ကာ မောင်းနှင်နေလေသည်။
လမ်းဆိုးခြင်းသည် ကျွန်မ၏အတွေးကို ငြိမ်ငြိမ်သက်သက်မရှိအောင် နှောက်ယှက်နေသည်။ ယနေ့နံနက် အိမ်မှ ထွက်လာခြင်းသည် ခါတိုင်းနေ့များလိုမဟုတ်။ ခေါင်းထဲတွင် စဉ်းစားတွေးတောစရာများနှင့် ပြည့်နှက်နေသည်။ အိမ်ကထွက်လာခဲ့ရင်း ကိစ္စနှင့်ဆက်စပ်၍ စိတ်ကူးထုတ်ကာ တလှုပ်လှုပ်တနဲ့နဲ့ တွေးရင်းတွေးရင်း သင်္ဘောပေါ်သို့ ရောက်သွားလေ သည်။

မော်လမြိုင်ကျွန်းမှ ဘိုကလေးသို့ ခုတ်မောင်းနေသော ဧရာဝတီနှစ်ထပ် မီိးသင်္ဘောကြီးဖြစ် သည်။ သင်္ဘောဦးခန်းထဲတွင် ကျွန်မနှင့်အတူ စီးလာကြသောသူများကား … ဒို့ဗမာအစည်း အရုံးမှ သခင်အောင်သန်း၊ သခင်ညီ၊ သခင်ဗစိန်၊ သခင်တင်မောင်၊ သခင်မ. မခင်ခင်(သခင်ညီ၏ဇနီး) နှင့် ပြည် သခင်မ. မသိန်းတင်တို့ဖြစ်သည်။ ကျွန်မတို့လူစုသည် မော်လမြိုင်းကျွန်းသို့ တရားသွားဟောရာမှ ပြန်လာကြသည်။
မော်လမြိုင်ကျွန်းဇရပ်ထဲတွင် ကိုယ့်အလှည့်နှင့်ကိုယ် အသီးသီး လက်သီးလက်မောင်းတန်း ကာ အင်္ဂလိပ်နယ်ချဲ့ကို အားရပါးရ ပုတ်ခတ်ရှုတ်ချ ဟောပြောပြန်ခဲ့ကြ၍ အတော်လေး မောပန်းလာကြသည်။ သင်္ဘောခန်းထဲတွင် ငြိမ်သက်စွာထိုင်နေကြလျက် အားလုံးလိုလိုပင် မြစ်ကမ်းနဖူးဘက်ရှိ လယ်ကွက်၊ သစ်ပင်၊ တဲအိမ် စသည့် တရိပ်ရိပ်ပြေးနေသော သဏ္ဌာန်များကို ငေးမောနေကြသည်။
ထိုအခိုက် ရင်တုန်တတ်သော သခင်ညီကသူ၏ အပေါ်အင်္ကျီ၊ အတွင်းအိတ်ထဲမှ ပယင်းရောင် ဆေးပုလင်းလေးကိုထုတ်ကာ လက်ဝါးပေါ်သို့ ဆေးပြားကလေးများ ခေါက်ချလျက် ပါးစပ်ထဲသို့ ပက်မျိုလိုက်သည်။
“ဘာဆေးလဲ.. သခင်ညီ”
ကျွန်မက လှမ်းမေးလိုက်သည်။ သခင်ညီမှာ ဆေးပြားမျိုနေခိုက် ရုတ်တရက်မဖြေနိုင်…။
“ အင်္ဂလိပ်ကို သခင်ညီတို့ မြန်မာပြည်က ဘယ်လိုဘဲမောင်းထုတ်နေပေမယ့် အင်္ဂလိပ်ဆေး တော့ သူ့အိပ်ထောင်ထဲက ဘယ်တော့မှ မချဝံ့ဘူး ခင်ဗျ”
သခင်အောင်သန်းက ဝင်နောက်လိုက်သည်။ အများရယ်မောကြသလို ကျွန်မလည်း ရယ်မော မိသည်။ သို့သော် ထိုစကားမှာ ကျွန်မအဖို့ ပြီိးပြီးပျောက်ပျောက်မဟုတ်ဘဲ တွေးစရာဖြစ်၍ တွေးမိသည်။
“အင်္ဂလိပ်တွေမောင်းထုတ်လိုက်ပါပြီတဲ့၊ မြန်မာပြည်မှာ ကိုယ့်မင်းကိုယ့်ချင်း ကိုယ့်လွတ်လပ် ရေးနဲ့ကိုယ်ရှိပါပြီိတဲ့၊ ဘယ်မှာတုန်း ဆေး….”
ကျွန်မ၏မေးခွန်းကို ကျွန်မကြေနပ်လောက်အောင် အဖြေမပေးနိုင်ခဲ့။ မြန်မာပြည်လွတ်လပ် ရေးရလျှင်ဟု စဉ်းစားမတိုင်း အမျိုးသားဆေးပြဿနာ ပေါ်လာသည်။
မြန်မာဆေးဆိုလျှင်နှာခေါင်းရှုံ့တတ်သော ကျွန်မသည် အင်္ဂလိပ်ဆေးကို မပြတ်မှီဝဲလျက် အင်္ဂလိပ်အစိုးရနှင့် အတိုက်အခံလုပ်ကာ သခင်အသင်းဝင် သခင်မ. ဖြစ်နေသည်။
ထိုစဉ်က သခင်တွေပင်နီဝတ်ကြသလို ကျွန်မလည်းပင်နီဝတ်ခဲ့သည်။ သခင်တွေ မြန်မာဖြစ် အားပေးကြသလို ကျွန်မလည်းမြန်မာဖြစ်ကို တတ်နိုင်သမျှ အားပေးသည်။
အင်္ဂလိပ်အစိုးရကို မကောင်းဟောပြော၍၊ အင်္ဂလိပ်ကိုဆန့်ကျင်၍၊ အင်္ဂလိပ်ကိုတော်လှန်၍…၊ သို့သော် အင်္ဂလိပ်ဆေးကို လက်မလွတ်ဝံ့၊ သပိတ်မမှောက်ဝံ့။
“သူတို့ကို ဘယ်လိုတိုက်တိုက် ဆေးတော့ သူတို့ဆေးကိုအားထားရမှာပဲ”
ယခုလို တွေးတောလက်ခံရသည့်အဖြစ်ကို စိတ်ထဲ၌ အောင့်သက်သက်ရှိလှသည်။ ကိုယ့်လူမျိုး၊ ကိုယ့်ဆေးနှင့်ကိုယ်ဟု ရှေ့သို့ တစ်ဆင့်တိုး၍လည်း မစဉ်းစားရဲ။ အင်္ဂလိပ်ဆေးဝါးကိုတော့ အာမခံဝံ့၍ ကိုယ့်အသက်ကို အင်္ဂလိပ်လက်ထဲ ဝ ကွက်အပ်ထားရသည်။
တရားဟောစင်ပေါ်တက်၍ လက်ရုံးတန်းကာ အင်္ဂလိပ်အစိုးရအား သွေးစုပ်၊ နယ်ချဲ့ ပြောဆိုနေစေကာမူ စိတ်ထဲ၌ကား ဆေးဝါးနှင့်ပတ်သက်၍ အောင့်သက်သက်နှင့်….။
ဤက စလေသည်။ မှတ်မှတ်ရရ အင်္ဂလိပ်ဆေးမရှိရင် ဘယ်နည်းနှင့်မှမဖြစ်သလို အင်္ဂလိပ်ဆေးသာ ဆေးအောက်မေ့ခဲ့သော နေရာဌာနမှာ ဧရာဝတီသင်္ဘောပေါ်၌ ဖြစ်လေသည်။ နောက်ကြောင်းများကို အတောမသတ်တွေးနေစဉ် ကားမှာ ဘောက်ထော်မြေနီလမ်းဆိုးကို ကျော်ခဲ့၍ ကတ္တရာလမ်းပေါ်သို့ရောက်လာလေသည်။ ဖြောင့်ဖြူးသောလမ်းပေါ်တွင် တငြိမ့်ငြိမ့်စီးကျလျက် တစိမ့်စိမ့်ပီတိဖြစ်နေသည်။
ခါတိုင်း မြင်နေကျ မြင်းပြိုင်ကွင်း၊ ဓာတ်ဆီဆိုင်၊ ကားဆိပ်၊ ဒါတွေကို လျှံ၍ မျက်စိထဲတွင် ဝိုးဝိုးဝါးဝါးဖြစ်နေသည့် ရုပ်ပုံကို မှန်းကြည့်လျက်ရှိရာ အသက်အရွယ်လည်းမခန့်မှန်းနိုင်၊ ရုပ်လက္ခဏာလည်းပေါ်ပေါ်ထင်ထင်မရှိ၊ ပုံဖမ်းကြည့်သောသဏ္ဌာန်၌ ထင်ရှားသည့်အသွင် ကား အသားဖြူဖြူ၊ ဂါဝန်ဝတ်…
ဂါဝန်ဝတ်ထားသော အမျိုးသမီး၏ ဝိုးတဝါးသဏ္ဌာန်သည် ကျွန်မမျက်စိရှေ့၌ ဆီးနေလေ သည်။
မမလေး
မနက်စောစော ဆေးတိုက်ကိုလာခဲ့ပါ၊ အင်္ဂလန်က မစ္စဟက်ဆင်ဆိုတဲ့ ဆရာဝန်မကြီး မြန်မာပြည်ရောက်လာပြီး မြန်မာဆေးပညာကို စုံစမ်းချင်လို့ ဘားမင်းသတင်းစာ အယ်ဒီတာ ဦးမောင်မောင်ပြေက ဆရာ့ဆေးတိုက်မှာ ဆွေးနွေးပွဲလုပ်ဖို့ ချိန်းထားလိုက်ပြီး၊ ဆက်ဆက်လာခဲ့ပါ။

ဆရာကြီးထံမှ ပို့လိုက်သော စာအားဖြင့် မစ္စစ်ဟတ်ဆင်ဟူ၍ နာမည်သာသိရသေးကာ လူချင်းမတွေ့ခင် ပုံသဏ္ဌာန်ကို မှန်းကြည့်မိသည်။ နောက်တုန်းက “လွတ်လပ်ရေးရလျှင် ဘယ်မှာတုန်း ဆေး”ဟု ကျွန်မကိုယ်ကျွန်မမေးခဲ့သည်။
လွတ်လပ်ရေးမရခင်က ဤအဖြေကို ကျွန်မမပေးနိုင်ခဲ့။ ယခုအင်္ဂလိပ်လက်အောက်က လွတ်လပ်သွားသည့် အချိန်ကျမှပင် လွတ်လွတ်ကျွတ်ကျွတ် အဖြေပေးနိုင်သောအဖြစ်ကို တစိမ့်စိမ့်ပီတိဖြစ်မိသည်။
အင်္ဂလိပ်ဆရာဝန်မကြီးတစ်ဦးက မြန်မာဆေးပညာကို လိုလိုချင်ချင် ဆွေးနွေးစုံစမ်းလိုပုံမှာ လည်း စိတ်ဝင်စားစရာပင်။ အင်္ဂလိပ်လက်အောက်က လွတ်မြောက်ပြီး အင်္ဂလိပ်ဆရာဝန်မကြီး တစ်ယောက်ရှေ့တွင် မြန်မာဆေးကိုသာ အားထားမှီဝဲ၍ မြန်မာ့ဆေးပညာကို လေးစား ကြောင်းပြရမည်မှာလဲ ကျေနပ်စရာပင်။
ကားသည် ကြည့်မြင်တိုင် ကွမ်းရွဲတန်း နေလဝိဇ္ဇာဆေးတိုက်နားတွင် ထိုးဆိုက်လိုက်သည်။ ဆေးတိုက်ရှေ့တွင် ကားတွေစီရရီရပ်ထား၍ အချို့ဧည့်သည်များ ရောက်နှင့်နေကြလေပြီ။ ဆေးတိုက်ထဲသို့ဝင်သွားသောအခါ ထူးခြားသောဆရာကြီးကို သတိပြုမိသည်။ ဆရာကြီးသည် မီးခိုးရောင် ဘန်ကောက်လုံချည်ကို ဝတ်ဆင်လျက် ပုဝါအသစ်ကို ခေါင်းပေါင်းထားသည်။ တောက်ပြောင်သောအဝတ်အစားနှင့် ဆရာကြီးကို တွေ့ရခဲဘိ၍ အခါအလျှောက် လောကအကြောင်းကို လိုက်လျောသားပဲဟု အောက်မေ့ရသည်။
ဂါဝန်ဝတ် အင်္ဂလိပ်ကပြားမတစ်ယောက်နှင့် စိန်ပေါလ်ကျောင်းမှ ကျောင်းဆရာမတို့သည် စားပွဲခုံတစ်ခုတွင် ဧည့်သည်များကျွေးမွေးရန် ပေါင်မုန့်များလှီးနေကြသည်။
ဆေးဗီရိုများအနီးရှိ ကုလားထိုင်များတွင် ဧည့်သည်များထိုင်နေကြသည်။ အတွင်းဝန် ဦးမောင်ကြီိး၊ တက္ကသိုလ်ကထိကဆရာမ ဒေါ်သင်းကြည်၏ဖခင် လယ်ဝန်ဦးကြို့၊ တက္ကသိုလ် ဓာတုဗေဒ ဌာနဆရာ ဦးသိန်းညွန့်၊ စစ်ဗိုလ် ဦးမောင်မောင်၊ ဝတ်လုံတော်ရ ဦးထွန်းအိ။
သူတို့သည် ကျွန်မအရင်အစောကြီးဆေးတိုက်သို့ ရောက်နေသည်။ ဆရာကြီိးစားပွဲတွင် တင်ထားသော ဘားမင်းသတင်းစာကို ကောက်ယူကြည့်လိုက်ရာ ဆရာဝန်မကြီး မစ္စစ်ဟတ်ဆင်၏ အကြောင်းကို ရေးသားထားသော သတင်းများဖတ်ရှုရသည်။
သူသည် မြန်မာ့ဆေးပညာကိုသာမဟုတ်၊ ဗုဒ္ဓဘာသာ ဝိပဿနာသမထတရားကို လေ့လာ အားထုတ်ရန် ရန်ကုန်သို့ ရောက်လာခြင်းဖြစ်သည်။
မစ္စစ်ဟတ်ဆင်
( အမ်-ဘီ-ဘီ-အက်စ်၊ အမ်အာရ်-င်္စ-အက်စ်)
(လန်ဒန်)

ဟူသောဂုဏ်ပုဒ်များအပြင် သူမ၌ ခိုင်မြဲတည်ကြည်သော ဂုဏ်အင်္ဂါတစ်ရပ်လည်း ရှိသေး သည်။ ပထမကမ္ဘာစစ်ကြီိးတွင် သူမသည် ဆေးပညာဘွဲ့ထူးကို ဆွတ်ခူးပြီးနောက် စစ်ထဲသို့ဝင်ရောက်အမှုထမ်းသည်။ စစ်တပ်ထဲတွင်စစ်ဗိုလ်တစ်ဦးနှင့် တွေ့ဆုံကာ ချစ်ခင်စုံမက်ကြလေသည်။ လက်မထပ်ရသေးခင် ချစ်သူမှာ စစ်ထဲတွင် ပေါင်ကျိုးသွား၍ သူမကိုယ်တိုင် ဆေးကုပေးရလေသည်။ စစ်အပြီး ပေါင်ကျိုးနေသော ဗိုလ်ကြီးကို လက်ထပ်ခဲ့သည်။ ခင်ပွန်းသည် ခြေတစ်ပေါင်ကျိုးနှင့် ကနေဒါပြည်တွင် လိုက်နေလေသည်။ ဒုတိယကမ္ဘာစစ်တွင် မစ္စစ်ဟတ်ဆင်သည် အင်္ဂလန်သို့ ပြန်လာခဲ့ကာ စစ်ဆေးရုံတွင် ဆရာဝန်အလုပ်ဖြင့် ဝင်ရောက်အမှုထမ်းပြန်သည်။
မစ္စစ်ဟတ်ဆင်၏ယောက်ျား ကွယ်လွန်သွားပြီးနောက်တွင်ကား မစ္စစ်ဟတ်ဆင်သည် ဝိပဿနာတရားကို လေ့လာအားထုတ်လို၍ သွားရောက်စူးစမ်းလေ့လာကာ နောက်ဆုံးတွင် ဗုဒ္ဓဘာသာထွန်းကားရာဖြစ်သော မြန်မာပြည်သို့ ခေတ္တလာရောက်ခြင်း ဖြစ်ပေသည်။
ယနေ့နံနက်တွင် မစ္စစ်ဟတ်ဆင်၏ ဆွေးနွေးပွဲသို့ လာရောက်ကြသော ပရိတ်သတ်ကား အင်္ဂလိပ်ဆေးဝါးထက် မြန်မာဆေးဝါးကို အားထားမှီဝဲနေကြသော ခေတ်ပညာတတ် ပုဂ္ဂိုလ်က များလေသည်။ မစ္စစ်ဟတ်ဆင်မရောက်လာသေး၍ ဧည့်သည်များဝိုင်းဖွဲ့ကာ ကော်ဖီသောက် နေကြစဉ် ကားတစ်စီးဆေးတိုက်ရှေ့သို့ ထိုးဆိုက်လာသည်။ ဘိုမကြီးတစ်ယောက်နှင့် ဦးမောင်မောင်ပြေတို့ ကားပေါ်မှဆင်းလာကြသည်။ မစ္စစ်ဟတ်ဆင်မှာ အသက်(၅၀) ခန့်ရှိသည်။
အသားနီနီ၊ အရပ်ခပ်မြင့်မြင့်၊ ခပ်ပိန်ပိန်၊ ခေါင်းပေါ်တွင် ဆံပင်များဖြူဖွေးနေသည်။ သွားပုံလာပုံမှာ ခပ်ရို့ရို့ ခပ်ကိုင်းကိုင်းဖြစ်သည်။ စကားပြောသည့်အခါ ပြုံး၍ လူကိုမကြည့်ဘဲ မျက်လုံးကိုအဝေးသို့ စူးစိုက်ကာ သိမ်မွေ့ညင်သာစွာ ပြောသည်။
ကန်စွန်းပွင့်အဆင်ဂါဝန်ဖြူပြာကို ဝတ်ထားကာ ရင်ရှေ့အင်္ကျီကော်လာအောက်တွင် ကြယ်စေ့ အနက်ကြီးများ တပ်ထားသည်။ မစ္စစ်ဟတ်ဆင်က သူ့ရှေ့တွင်တည်ခင်းထားသော ဆီထမင်းနှင့် ပဲပြုတ်ကို အရင်စား၍ ကော်ဖီကိုသောက်ပြီး “မြန်မာ့ဆေးပညာကို ဆွေးနွေးခွင့် ရရှိတဲ့အတွက် ဝမ်းသာကြောင်း” စတင်ပြောဆိုသည်။ ဆရာကြီးမှာ မစ္စစ်ဟတ်ဆင်နှင့်အတူ ယှဉ်ထိုင်လျက် ဝတ်လုံတော်ရ ဦးထွန်းအိက မစ္စစ်ဟတ်ဆင်၏ ဘေးတွင်ထိုင်ကာ ဆရာကြီးနှင့် မစ္စစ်ဟတ်ဆင်တို့ကို ဘာသာပြန်လုပ်လေသည်။
ကျွန်မလည်းဆရာမကြီိးကို စူးစိုက်ကာမေးသမျှ မေးခွန်းကို စိတ်ဝင်စားစွာ မှတ်သားနေမိ သည်။ မြန်မာ့ဆေးပညာနှင့် ပတ်သက်၍ သစ်ဥ၊ သစ်ဖု၊ သစ်မြစ်များကို စိတ်ဝင်စားကြောင်း အကျယ်တဝင့်ပြောဆိုပြီးနောက် “ မြန်မာ့ဆေးပညာတွင် ဆေးမျိုးပေါင်းဘယ်လောက် ရှိပါ သလဲ” ဟု ဆရာကြီးအားမေးလေသည်။
“ နေလ မြန်မာ့ဆေးပညာမှာ ဆေးမျိုးပေါင်း တစ်ရာ့ရှစ်မျိုးပဲရှိတယ်၊ တစ်ရာ့ရှစ်မျိုးမှာ ပထမတန်းစား၊ ဒုတိယတန်းစား၊ တတိယတန်းစား သုံးမျိုးရှိတယ်။ ဒီတစ်ရာ့ရှစ်နည်းကို ကျဉ်းလိုက်ရင် ဆေးမျိုး နှစ်မျိုးဘဲရှိတယ်”
သူမသည် မျက်မှောင်တွန့်လိုက်ကာ “ ဒါအပြီးပဲလား၊ နောက်ဖော်ဦးမလား…” ဟု အံ့သြသလို မေးမြန်းသည်။
“နောက်ထပ်ဖော်ဖို့မရှိဘူး၊ ဒါအပြီးပဲ” ဟု ဆရာကြီးက ပြန်ဖြေသည်။
“ အင်္ဂလိပ်ဆေးပညာမှာတော့ အင်္ဂလိပ်ဆေးများဟာ ဖော်စပ်လို့မဆုံးဘူး၊ အနာတစ်ခုပေါ်ရင် ဆေးတစ်မျိုး ပေါ်လာတာပဲ၊ အနာတစ်ခု ဆေးတစ်မျိုးဖော်တဲ့အတွက် ကျွန်မကုသတဲ့နေရာမှာ ဆေးတွေကို သိပ်အားမထားဘူး၊ ဟိုမရိုပက်သီ ဆိုတဲ့ ဆေးပညာနည်းနဲ့သာ ကျွန်မကိုယ်တိုင် စမ်းသပ်တယ်၊ လူအများလည်း ဒီနည်းနဲ့ပဲ စောင့်ရှောက်တယ်။ နန်းတော်ထဲက ဘုရင်မအဲလီဇဘတ်မင်းသမီးလဲ ဟိုမရိုပက်သီနည်းကို စမ်းသပ်အသုံးပြုတယ်။ ဆေးထိုးပြီးမကုဘူး၊ မခွဲမစိတ်ဘဲ နဲ့ ကုနိုင်တာကို သဘောကျတယ်၊ အင်္ဂလိပ်ဆေးနဲ့ ပတ်သက်ပြီး ဝေဖန်ရမယ်ဆိုရင် ခွဲစိတ်ပြီးကုရတာကိုတော့ ကျွန်မသဘောမကျဘူး၊ အမှန်စင်စစ် မခွဲမစိတ်ဘဲ ကုနိုင်တာ သဘောကျတယ်။ ဆေးထိုးကုနေတာဟာလဲ ဆေးထိုးလို့ အနာပျောက်ကြောင်း အတိအကျမတွေ့ရဘူး၊ ဆေးထိုးတာ ငွေရတာမြန်တာသာ တွေ့ရတယ်”
ပရိတ်သတ်အားလုံးပင် မစ္စစ်ဟတ်ဆင်အားငေးစိုက်၍ နားထောင်နေကြသည်။ ခွဲစိတ်ကုသခြင်း၊ ဆေးထိုးကုခြင်းစသည့် အနောက်နိုင်ငံကုထုံးများကို အင်္ဂလိပ်ဆရာဝန်မက သဘောမကျနိုင်ကြောင်း ရိုးသားစွာပင် ရှင်းပြောပြနေသည်။
မြန်မာ့ဆေးပညာကို အထင်သေးစဉ်ကဆိုလျှင် ကျွန်မမှာ မေ့ဆေးပေးကာ ဓားနှင့်ခွဲစိတ်၍ ကုသပုံကို အဟုတ်ကြီးထင်မှတ်ခဲ့မိသည်။ မစ္စစ်ဟတ်ဆင်ပြောသလို မခွဲမစိတ်ဘဲနှင့် ကုတာကိုသာ သဘောကျရမည်ဟု တစ်ခါမှ သဘောမပေါက်မိ။ ခွဲစိတ်ကုတာကိုမှ အထင်ကြီးကာ မျက်စိလည်နေပေသည်။
ပြဇာတ်ဆရာကြီး ဘားနက်ရှောက “ ဆရာဝန်၏အခက်အခဲ” ဟူသောပြဇာတ်၌ ခွဲစိတ်ကုသ ခြင်းနည်းကို သရော်ထားခဲ့သည်။ သူကခွဲစိတ်ခြင်းသည် လူသတ်နေခြင်းဟုပင် ပြောခဲ့လေသည်။
မြန်မာ့ဆေးပညာကို ကျွန်မသင်ကြားဆည်းပူးသည့်အခါ ဝေဒနာတစ်ခုကို ပျောက်တတ်သည့် ဆေးနည်း (ဝါ) ဖော်နည်းကားကိုရှာ၍ ပညာကို ထုံခြင်းမဟုတ်ပေ။ ပညာအခြေခံဇစ်မြစ်နှင့် ယထာဘူတကျကျ အမှားအမှန်ကိုသာ အတိအကျ ရှာခဲ့သည်။
ပညာတတ်လျှင်ဆေးကို ကိုယ့်နည်းနှင့်ကိုယ် ဖော်စပ်ရပေမည်။ ဆေးလောကကို ကိုယ့်ပညာနှင့်ကိုယ် ဖန်တီးရပေမည်။ အမျိုးအမည်၊ ဆေးအမည်များနှင့် အချိန် တစ်ရွေးသား၊ နှစ်ရွေးသား စသည်ဖော်စပ်ထားသော ဆေးနည်းများကို အားကိုးမှတ်သားကာ ဆေးကုသဖို့ရာ စိတ်ကူးထဲမျှမထည့်ဖူးချေ။ နေလ မြန်မာ့ဆေးပညာ အခြေခံဇစ်မြစ်ကို လိုက်သည့်အခါ၌ ဆရာကြီး အမိန့်ရှိသည့်အတိုင်းပင် နေလမြန်မာ့ဆေးပညာတွင် တစ်ရာ့ရှစ်နည်းမှကျော်လွန်၍ ဆေးမရှိပေ။ တစ်ရာ့ရှစ်နည်းတွင် သုံးစားရှိသည်ဆိုခြင်းမှာ အကယ်၍ လူနာရှင်က ငွေကြေးတတ်နိုင်၍ ပြည့်ဝချမ်းသားခဲ့လျှင် ပုလဲကိုစားခိုင်းကာ အကယ်၍လူနာရှင်မှာ မတတ်နိုင်သူဖြစ်က ကနုကမာသွေးတိုက်၊ သို့မဟုတ် ယောက်သွားဖြင့်ကုရမည့်အတွက် သုံးစား ခွဲထားခြင်းဖြစ်သည်။ ပုလဲ၊ ကနုကမာ၊ ယောက်သွားတို့၏ သတ္တိအစွမ်းမှာ ဝေဒနာပျောက်ခြင်းတူကာ အနှေးအမြန် ခြားနားခြင်းသဘော ရှိပေသည်။
တစ်ရာ့ရှစ်နည်းကို ပညာအရချုံ့ကျဉ်းနိုင်လျှင် နေလ မြန်မာ့ဆေးပညာတွင် ဖော်စပ်ဆေးမှာ နှစ်မျိုး နှစ်နည်းသာရှိသည်။ ပညာကိုသင်ပြသောဆရာကြီးက ကျွန်မကို သြဝါဒပေးဖူးလေ သည်။ ဆေးမတိုက်မီ လူနာကို တည့်တာမတည့်တာ အတိအကျ ဆရာကဆုံးဖြတ်ထားနိုင် ရမယ်။ အကယ်၍ လူနာရှင်က တည့်မတည့်ကိုသိလိုပါက သစ်ပင်ကိုဖြစ်စေ၊ တိရစ္ဆာန်ကို ဖြစ်စေ၊ ထိုလူနာကိုဖြစ်စေ၊ သို့မဟုတ် အခြားသူတစ်ယောက်ကိုဖြစ်စေ တည့် မတည့်ပြောပြီး လုပ်ပြနိုင်ရမယ်၊ “ပျောက် မပျောက် တာဝန်မခံနိုင်ပေမဲ့” ဆိုသောစကားမှာ ဝဋ်နာကံနာများကို ခြွင်းချက်ထား၍ ပြောဆိုခြင်းဖြစ်သည်။
မစ္စစ်ဟတ်ဆင်မှာ “ဆေးဖော်ရန်နောက်ထပ်မရှိဘူး၊ ဒါအပြီးဘဲ၊ အကျယ်တစ်ရာ့ရှစ်၊ အကျဉ်း-နှစ်” ဟူသော ဆရာကြီး၏အဖြေကို အံ့သြသွားပုံရပါသည်။ “ဆေးဖော်စပ်လို့ဆုံးတာ မြန်မာ့ဆေးပညာ၌သာ ကြားသိရကြောင်း” ပြောပြကာ အံ့သြနေပေသည်။
ဆရာကြီးက ထပ်မံ၍ ရှင်းပြရသည်။
“မိမိသင်အံလေ့ကျက်တဲ့ဆေးကျမ်း အမှားအမှန်ချိန်တာမရှိလို့ ဆေးဖော်စပ်လို့မဆုံးတာ၊ သင်အံလေ့ကျက်တဲ့ ဆေးကျမ်းရဲ့ အမှားအမှန်ကို ဆုံးဖြတ်နိုင်ရင် ဆေးဖော်စပ်လို့ ဆုံးရမယ်” ဝတ်လုံတော်ရ ဦးထွန်းအိက ဆရာကြီးစကားကို မစ္စစ်ဟတ်ဆင် သဘောပေါက်အောင် ရှင်းပြသည်။ မစ္စစ်ဟတ်ဆင်သည် ခေါင်းကိုတညိတ်ညိတ်နှင့် လေးလေးနက်နက် တွေးတော မှတ်သားနေပေသည်။
“ စိန်ကို မြန်မာ့ဆေးပညာမှာ သုံးပါသလား၊ ကျွန်မအယူအဆမှာ စိန်ဟာ နည်းနည်းသုံးရင် အပြစ်မရှိဘူး၊ ဘေးမရှိဘူး”
မစ္စစ်ဟတ်ဆင်က မြန်မာဆေးပညာကို တောက်ကြည့်လိုက်သည်။ ဤမေးခွန်းကို ဆေးပညာ လိုက်စားတတ်သိသည့် သူတိုင်းပင် ဘယ်အဓိပ္ပာယ်နှင့်မေးကြောင်း ရိပ်မိသိရှိနိုင်ကြသည်။ မစ္စစ်ဟတ်ဆင်၏မေးခွန်းကို ဆရာကြီးက “ စိန်ကို နည်းနည်းသုံးသုံး များများသုံးသုံး နားမလည်ရင်ဘေးရှိတယ်၊ နားလည်ရင်ဘေးမရှိဘူး” ဟု ပြန်ဖြေလိုက်သည်။
ဓာတ်များနှင့်ပတ်သက်၍ အသုံးချရာတွင် မြန်မာ့ဆေးပညာတွင် ဓာတ်ကိုပိုင်ပိုင်နိုင်နိုင် နားမလည် မတတ်သိဘဲနှင့် ဆေးကိုင်ဖို့ရာ ခက်သည်။ ဓာတ်များကား ငရုတ်ကောင်း၊ ပိတ်ချင်း၊ ဂျင်းတို့ထက် ထက်မြက်သောသတ္တိရှိပေသည်။
“အုန်း၊ ကျွန်း၊ စံ၊ ရာ၊ သံ၊ ဓာတ်၊ ရင်း၊ နှော” ဟူသည် ဓာတ်ကိုးပါးကို ပေါက်မြောက်အောင် နားလည်ခဲ့ပါလျှင် လောက၌ အားလုံးဖန်တီိးနိုင်သောအဆင့်သို့ ရောက်နိုင်လေသည်။
စိန်၊ ဟင်းရိုင်း၊ ဒုဋ္ဌာ၊ ပြဒါး၊ ကျောက်ချဉ်၊ ယမ်း၊ ကန့်၊ ရွှေ၊ ဆား ဤဓာတ်ကိုးပါးထဲမှ အမြောက်၊ ဗုံးမှ အနုမြူအထိ ဖန်တီးနိုင်ကြသည်။ မြန်မာမှုအစဉ်အလာအရဆိုလျှင် ယင်းဓာတ်သဘော များကို လူ့လောကကောင်းကျိုးအတွက် လူအများကျန်းမာရေးအတွက် အသက်ရှည်ရေး အတွက်ကိုသာ လုပ်ဆောင်ခဲ့ကြပေသည်။
ဓာတ်ကိုးပါးကို နားလည်တတ်သိချေက အလိုရှိသလောက် တောင်းခံနိုင်သလောက်၊ ထက်မြက်သောဆေးစွမ်းကို ဖြန့်ဖြူးပေးကမ်းနိုင်သည်။
ဤကဲ့သို့ ထက်မြက်ခြင်းရှိလှသော အမျိုးသားဆေးပညာ၊ ဓာတ်ပညာ၊ ဝိဇ္ဇာပညာများမှာ အင်္ဂလိပ်လက်အောက်ရောက်သောအခါ တိမ်ကောခဲ့ရသည်။ မစ္စစ်ဟတ်ဆင်သည် တစ်စုံတစ်ရာကို စဉ်းစားသလို အင်္ကျီကော်လာမှ ကြယ်သီးကို လက်နှင့်ပွတ်ရင်း
“ ရောဂါရတာ ဘာကြောင့်ရပါသလဲ” ဟု မေးလေသည်။
ဆရာဝန်မ၏ မေးခွန်းတိုင်း ဆရာကြီိးကဖြေသည်။ အင်္ဂလိပ်ဆရာဝန်နှင့် မြန်မာဆရာတို့ အမေးအဖြေကို ဧည့်သည်များက စိုက်လျက်စိတ်ဝင်စားစွာ နားထောင်နေကြသည်။
“ရောဂါရတာ အာရုံငါးပါးမှ မတည့်တဲ့အရာဝတ္ထုကြောင့် ဝေဒနာရတယ်လို့ပြောလိုက်ပါ..၊ သူကဝိပဿနာလိုက်စားတယ်ဆိုတော့ အာရုံငါးပါးကို နားဝေးမယ် မဟုတ်ဘူးထင်တယ်၊ အထူးသဖြင့် အစာကြောင့် ဝေဒနာရတယ်လို့ ဖြေလိုက်ပါ”
ဆရာကြီး အမိန့်ရှိသည့်အတိုင်းပင် ဝတ်လုံတော်ရ ဦိးထွန်းအိက ဆရာဝန်မနားလည်အောင် ရှင်းပြလေသည်။ မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်၊ အထိအတွေ့မှ ကိုယ်နှင့်မတည့်သည့်အရာ၊ အနံ့၊ အသံ၊ အဟာရ၊ အထိအတွေ့ကြောင့် ဝေဒနာရကြောင်း အကြမ်းအားဖြင့်ပြောပြကာ အစားကြောင့် ဝေဒနာဖြစ်တာက များတယ်ဟု အသေးစိတ်ရှင်းပြောပြသည်။
“ ရောဂါတိုင်း ပျောက်အောင်ကုနိုင်ပါသလား”
“ကုနိုင်ပါတယ်”
“ဆေးအပြင် ဘယ်နည်းနဲ့ကုသေးလဲ” ဟု မစ္စစ်ဟတ်ဆင်ကစုံစမ်းပြန်သည်။
“ ဆေးနဲ့မဟုတ်၊ အစာနဲ့ ကုတယ်၊ ဆေးဆိုတာ စားရတဲ့အရာဝတ္ထုတွေ၊ အမှုန့် အရည်လုပ်ထားတာပဲ၊ ကိုယ်နဲ့တည့်တဲ့အစာစားရင် ဒီအစာဟာဆေးပဲ၊ ဆေးရှာစရာမလိုဘူး”
သူမငြိမ်သက်စွာပင် စားပွဲကိုစိုက်ကြည့်လျက် သူ၏ညာလက်မောင်းတွင်ရှိသော အဖုများကို လက်နှင့်ပွတ်နေလေသည်။
“ ဆေးမရှိတဲ့နေရာမှာ ဝေဒနာကို ပျောက်အောင်ဘယ်လိုကုမလဲ”
ဤမေးခွန်းသည် မစ္စစ်ဟတ်ဆင်ကို ဆရာကြီးကမေးလိုက်သော ဆရာကြီး၏ တစ်ခွန်းတည်း သော မေးခွန်းပင်ဖြစ်ပေသည်။
မစ္စစ်ဟတ်ဆင်သည် အဖြေကိုရုတ်တရက်မပေးဘဲ ပြုံးကာစဉ်းစားနေသည်။ ဤတွင် ဝတ်လုံတော်ရ ဦးထွန်းအိက မြန်မာ့ဆေးပညာတွင် ဆရာဆိုတာ ကိုင်မိတာ ဆေးဖြစ်ရမယ် ဟူသောပညာအခြေခံသဘောကို အကြမ်းဖျင်း အချိန်အတော်ကြာလောက်အောင် ရှင်းပြော နေလေသည်။
“နောက်ဆုံး ဆေးမရှိတဲ့နေရာရောက်နေပြီး၊ ဆေးမရှိဘူးဆိုပါတော့ …”
စားပွဲပေါ်က စာရွက်ကို ထောင်ပြလျက် ….
“ နောက်ဆုံးဒီစက္ကူပဲရှိတယ်ဆိုပါတော့၊ အဲ့ဒီိစက္ကူကိုပဲ ဆေးဖြစ်အောင်၊ မြန်မာက ပျောက်အောင်ကုသွားနိုင်တယ်”
ဆရာမမှာ ပြုံးစေ့စေ့နှင့်နားထောင်နေကာ စကားဆုံးလျှင်…
“ ဘာကြောင့် ဒီစက္ကူကြောင့် ဝေဒနာပျောက်ရတယ်ဆိုတာတော့ ကျွန်မနားမလည်ဘူး၊ ဒါပေမဲ့ စက္ကူနဲ့လည်း ပျောက်အောင်လုပ်တတ်ရင် ပျောက်နိုင်တယ်ဆိုတာတော့ ကျွန်မအဖို့ စိတ်ဝင်စားစရာကောင်းနေပြီ”
မစ္စစ်ဟတ်ဆင်သဘောပေါက်အောင် ဦးထွန်းအိက ရှင်းပြနေခိုက် ကျွန်မသည် မြန်မာ့ ဆေးပညာသမိုင်းတွင် ယခုထက်တိုင်ထင်ရှားသော ဆရာဇီဝကအကြောင်းကို သုံးသပ်ကာ တွေးတောဆင်ခြင်မိသည်။ ဆရာဇီဝကသည် တက္ကသိုလ်တွင် ပညာသင်ယူပြီးသောအခါ တက္ကသိုလ် ဒိသာပါမောက္ခ ဆရာကြီးက ဆရာဇီဝကကို အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာသို့ ခရီးတစ်တိုင်စီ သွားခိုင်းပြီးလျှင်ဆေးဖက်မဝင်သည့် သစ်ပင်ကို ရှာရမည်ဟု စေလွတ်လိုက်သည်။ ဆရာဇီဝကသည် အရှေ့ဘက်သို့ ခရီးတစ်တိုင်ခန့် သွားပြီး နောက် ဆရာကြီးအား ဆေးဖက်မဝင်သည့် သစ်ပင်ဆို၍ တစ်ပင်မျှရှာမတွေ့ခဲ့ကြောင်း ပြောလေသည်။ အရပ်လေးမျက်နှာစလုံး၌ပင် ခရီးတစ်တိုင်အထိ ဆေးဖက်မဝင်သည့် သစ်ပင် ဆို၍တစ်ပင်မှ ရှာမရကြောင်းပြန်ကြားသောအခါ “ အသင်ဆရာဖြစ်ပြီ၊ သွားတော့” ဟု ဒိသာပါမောက္ခ ဆရာကြီးက အမိန့်ရှိလိုက်သည်။
ဆရာဆိုတာ ကိုင်မိလျှင်ဆေးဖြစ်ရမယ်ဆိုသော စကားနှင့်ဆက်စပ်၍ ကျွန်မလည်း အထက်ပါ အကြောင်းကို ပြန်လည်သုံးသပ် ဆင်ခြင်ကြည့်မိသည်။ ဘယ်အရာမှ ဆေးဖက်မဝင်တာ မရှိသော မြန်မာ့ဆေးပညာနည်းကို အင်္ဂလိပ်ဆရာဝန်မကြီး တတ်သိနားလည်မည်ဆိုလျှင် ဘယ်လောက်များ စိတ်ဝင်စားလိုက်မလဲဟု အောက်မေ့ရလေသည်။
“အနောက်နိုင်ငံမှာ အခုခေတ်စားနေတာက ခွဲစိတ်ကုရုံ၊ ဆေးထိုးရုံမဟုတ်သေးဘူး၊ ဘာပဲ ဖြစ်ဖြစ် ဓာတ်မှန်သွားရိုက်ကြည့်ချင်ကြတာပဲ၊ ဓာတ်မှန်ပေါ်လာမှ လူတွေရောဂါ တော်တော်ထူ လာကြတယ်၊ ကင်ဆာရောဂါဝေဒနာဟာ ကြောက်ပြီးဖြစ်တာလို့ ကျွန်မယူဆတယ်….. ထစ်ကနဲ့ဆိုရင် သူတို့ကိုယ်တိုင်က ဓာတ်မှန်ပြေးရိုက်ချင်တာပဲ၊ ကျွန်မဆရာကြီးနဲ့ မြန်မာ့ဆေး ပညာကိုဆွေးနွေးပြီးတဲ့နောက် အနည်းငယ်ဝေဖန်ပြောရမယ်ဆိုရင် ဆရာကြီးကုထုံးကုနည်း ဟာ တောရွာတောမြို့မှာပဲ ကိုက်တယ်၊ အခုလို ခွဲစိတ်၊ ဆေးထိုး၊ ဓာတ်မှန်ရိုက် ခေတ်စားနေတဲ့ မြို့ကြီးပြကြီိးများမှာ အခက်အခဲတွေ့လိမ့်မယ်လို့ သဘောရမိတယ်”
မစ္စစ်ဟတ်ဆင်သည် နောက်ဆုံး ဤသို့နိဂုံးချုပ်လိုက်ကာ ပြန်ဖို့ရန်နေရာမှထ၍ အားလုံးအား လက်ဆွဲနှုတ်ဆက်လေသည်။ ကျွန်မလည်း မစ္စစ်ဟတ်ဆင်ကို ဆေးတိုက်ထဲရှိ မြန်မာ့ဆေး ရည်၊ ဆေးမှုန့်များကို ပြသလိုက်သည်။
“ဒီနေ့ ဆရာကြီးနဲ့ တွေ့ပြီးဆွေးနွေးကြတာ မြန်မာ့ဆေးပညာကို ဘယ်လိုသဘောထားပါသလဲ” ဟု နောက်ဆုံးဆရာဝန်မကြီးပြန်ကာနီး တံခါးဝတွင် ကျွန်မကမေးလိုက်သည်။
“ကမ္ဘာလှည့်ပြီး တရုတ်၊ ကုလား၊ ဆေးဝါးကုထုံးတွေကို အကျဉ်းလေ့လာဆည်းပူးကြည့်ခဲ့ တယ်၊ မထူးခြားလှဘူး၊ ဆရာကြီးပြောတဲ့ ရောဂါကို အစာနဲ့ကုတယ်ဆိုတဲ့အချက်ဟာ ထူးခြားပြီး မှတ်သားမိအောင် စိတ်ဝင်စားပါတယ်”
“မြန်မာပြည်ကို ရှင်မလာခင်က မြန်မာ့ဆေးပညာနဲ့ ပတ်သက်လို့ အစအနကြားခဲ့ဖူးပါလား”
ဟု ကျွန်မကထပ်မေးမြန်းလိုက်ကာ မစ္စစ်ဟတ်ဆင်ကို ပြုံးကြည့်နေသည်။
“မြန်မာပြည်မှာ ဆေးဖက်ဝင်တဲ့ သစ်မြစ်၊ သစ်ဖု၊ သစ်ဥတွေရှိတယ်ဆိုတဲ့ သတင်းကို မလာခင်ကပဲ သိရပါတယ်၊ မပြန်ခင်အချိန်ရရင် မြန်မာ့ဆေးပညာ ဆွေးနွးဖို့ ရှင်နဲ့ ကျွန်မဆွေး နွေးကြရအောင်”
ကျွန်မလည်း ပြုံးလျက်ကပင် ခေါင်းကို အသာညိတ်ပြလျက် လက်ဆွဲနှုတ်ဆက်လိုက်ကာ လူချင်းခွဲလိုက်ကြရသည်။

မှတ်ချက်။ ။ ဂျာနယ်ကျော်မမလေး၏ မြန်မာဆေးပညာစာအုပ်မှ ကူးယူမျှဝေပါသည်။

Tuesday, January 27, 2009

ချောင်းဆိုးပျောက်ဆေး....

ဆရာဒူကဘာက ဂျပန်မှ ကမာအတွက် ချောင်းဆိုးပျောက်ဆေးတောင်းဆိုတဲ့အတွက် ဒီပိုစ့်ကိုရေးပါတယ်။ ပထမဆုံး မိမိတို့၏အမည်များကို နေဂိုဏ်း၊ လဂိုဏ်း ခွဲခြားပြီး မိတ်ဆွေဓာတ်ဖက်များကို ရှာရပါမယ်။ ဥပမာ- မောင်ကျော် ရဲ့ မိတ်ဆွေဓာတ်ဖက်များမှာ ပ၊ ဖ၊ ဗ၊ ဘ၊ မ၊ သ၊ ဟ၊ က၊ လ၊ ဝ တို့ဖြစ်ပါတယ်။ ထို့ကြောင့်မောင်ကျော်ဟာ ပ၊ ဖ၊ ဗ၊ ဘ၊ မ၊ သ၊ ဟ၊ က၊ လ၊ ဝ တို့နှင့်ဆုံးသော ဓာတ်စာများကိုစားသုံး ရပါမယ်။ အခြားအမည်များကိုလည်း အောက်တွင်ဖော်ပြထားသော မိတ်ဆွေဓာတ်ဖက်များ ကိုကြည့်ပြီး တွက်ချက်နိုင်ပါတယ်။ ပြီးလျှင်အောက်တွင် ချောင်းဆိုးရောဂါအတွက် သင့်တော်သော ဓာတ်စာများကို အလွယ်တကူရှာဖွေနိုင်ရန် ဖော်ပြထားပါတယ်။

နေဂိုဏ်းဝင် မိတ်ဆွေဓာတ်ဖက်များ
အန္တော စရေ
အ= မီးခဲတေဇော ဓာတ်ဖို (တနင်္ဂနွေ ) (အ)
တော= မီးတောက်တေဇော ဓာတ်မ (စနေ) (တ၊ ထ၊ ဒ၊ ဓ၊ န)
စ= လေညှင်းဝါယော ဓာတ်ဖို (အင်္ဂါ) (စ၊ ဆ၊ ဇ၊ ဈ၊ ည)
ရေ= မုန်တိုင်းဝါယော ဓာတ်မ (ရာဟု) (ရ)

လဂိုဏ်းဝင် မိတ်ဆွေဓာတ်ဖက်များ
ဂဗ္ဘေ ဝံသေ
ဂ= သေလာပထဝီ ဓာတ်ဖို (တနင်္လာ) (က၊ ခ၊ ဂ၊ ဃ၊ င)
ဘေ= ပံသုပထဝီ ဓာတ်မ (ကြာသပတေး) (ပ၊ ဖ၊ ဗ၊ ဘ၊ မ)
ဝံ= ရေကြည်အာပေါ ဓာတ်ဖို ( ယ၊ လ၊ ဝ)
သေ= ရေနောက်၊ ရေငန်၊ ရေပုပ်အာပေါ ဓာတ်မ ( သ၊ ဟ)

ဆေးဖြစ်စေသော နဝင်းများ

အရိုင်း စိတ်တို (ပါပဂြိုဟ် လေးလုံး)

အ= မီးခဲတေဇောဓာတ်ဖို ဂြိုဟ်သက် (၆)နှစ်+ ရ= မုန်တိုင်းဝါယော ဓာတ်မ ဂြိုဟ်သက် (၁၂)
ဥပမာ- အုန်းနဲ့ သံပုရာ
စ= လေညှင်းဝါယော ဓာတ်ဖို ဂြိုဟ်သက် (၈)နှစ်+ တ= မီးတောက်တေဇော ဓာတ်မ ဂြိုဟ်သက် (၁၀) နှစ်
ဥပမာ- နွားနို့ နဲ့ ဆား

လူမိုက် ခေါင်သောက် (သောမဂြိုဟ် လေးလုံး)

ခ= သေလာပထဝီ ဓာတ်ဖို ဂြိုဟ်သက် (၁၅)နှစ်+ သ= ရေနောက်၊ ရေငန်၊ ရေပုပ်အာပေါ ဓာတ်မ ဂြိုဟ်သက် (၂၁)နှစ်
ဥပမာ- သခွားသီး
လ= ရေကြည်အာပေါ ဓာတ်ဖို ဂြိုဟ်သက် (၁၇)နှစ်+ မ= ပံသုပထဝီ ဓာတ်မ ဂြိုဟ်သက် (၁၉)နှစ်
ဥပမာ- လိမ္မော်သီး

လ ဂိုဏ်းဝင်ပုဂ္ဂိုလ်များ ချောင်းဆိုးရောဂါအတွက်ဓာတ်စာများ
ကနခို၊ ---------- ကနဖော့၊ ---------- ကရဝေးသီး၊ --------- ကြေးမြီးဖို၊----------- ကြေးမြီးမ၊ ကြက်မောက်ပွင့်၊ ---------- ကြက်သွန်ဥ၊ ------- ကင်းပုံခါး၊ --------- ကန့်ချုပ်ဖြူ၊ --------- ကွမ်းစားဂမုန်း၊ --------- ကွမ်းပင်၊ --------- ကြိတ်စေ့၊ --------ကြိတ်မှန်၊ ------- ကုက္ကိုသီး၊ --- ကုံကုမံ၊ -------- ကုန်းကျီးသီး၊ -------- ခဝဲသီးအချို၊-------- ဆင်ဂျင်း၊-------- ချင်းခြောက်၊ --- ချိပ်၊ --------ဂေါ်ဖီပန်း၊ --------- ဂေါ်မုတ်ကျောက်၊ ------- ဂုံခါး(ချောင်းခြောက်ဆိုး)၊ --------- ဂျိုးစကောက်ပင်၊ ------ စပါးလင်၊ ------- တောစပျစ်သီး၊ -------- စမုံစပါး၊ -------- စမုံဖြူကြီး (ကြက်ညှာချောင်း)၊ ------ စာလေးသခွား၊ -------- စူလနဖာ(ချောင်းဆိုးသွေးပါ)၊ ------- စမ္ပာ(ကြက်ညှာချောင်း)၊ ------- ဘိန်းစေ့နှင့် သကြား၊ -------- ဘိန်းသီး၊ ------ မာလာပင်၊ --- မုရားကြီး(ပဉ္စငါးပါး)၊ ------- မက်မန်းသီး၊ -------- မြင်းခွာပင်၊ -------- မြင်းသီလာ၊ ----------- မြင်းကျင်ငယ်၊ ----- ဖာလာနမိတ်၊ -------- ဘူးခါးသီး၊ -------- ယောက်သွား၊ ------- ရင်ခတ်သီး(သလိပ်ခဲ၊ သလိပ်ကျောက်) ------- ရှိန်းခိုပင်အစေး၊ ----- ရှောက်ချိုသီး၊ ----- ရှောက်ပန်းသီး၊ ------လက်ချား၊ ------- သကြားခဲ၊ ----- သမင်ချို၊ ----- သီးသီးမှည့်၊ ---- တောသစ်ဂျပိုးစေ့ပြုတ်ရည် (ပျားရည်နှင့် ကလေးတိုက်)၊ ------- သစ်တက်လင်းလေ၊ ------- ဟင်းဂလာအယဉ်(ချောင်းမပြတ်ဆိုး ရောဂါအတွက်)၊-------- ဥပသကာ၊ ------- အင်ကြင်းပင်၊ ----- ဣဿယမူလီ၊ ------- ရှားစောင်းလက်ပပ်အဝါပွင့်၊ ------ ရှားစောင်းလက်ပပ်အကြီး၊ --- စွန်ပလွန်သီး၊ ----- ဆီးဖြူသီး၊ -------- မြေဆီးဖြူသီး၊ ------ ဆူးပုပ်ကြီး၊ ------- ဆူးလေငယ် အမြစ်နှင့်အသီး၊ ------ ဆေးဥတစ်လုံး၊ ------ မြန်မာဆေးခါး၊ ------ ဆိပ်ဖလူး၊ --------- ဇာတိပ္ဖိုလ်သီး၊ -------- ဇာတိပ္ဖိုလ်ပွင့်၊ -------- ဇင်ပြွန်းသီး၊ ------- ပန်းတမာရွက်၊ ---------- တယောပင်အစေး၊ ------- ထောက်ကြံ့၊ ----- နကျယ်ပန်း၊------ နေကြာပန်း၊ ----- နီလာ၊ ---- နိုကိုဥအရွက်၊ -------- နှမ်းလုံကြိုင်ပင်၊ ------- ပဒဲကောကြီး၊------- ပရန္နဝါအဖြူ၊ ------ ဘုံဘေပွေးကိုင်း၊ ------ ပဲနံ့သာ(ပါဒရက် ချောင်းဆိုး)၊ ------ ပျားရည်၊ ------ ပန်းမ၊ ------- ပိတ်ချင်းသီး၊ -------- ပြောင်ချို၊ ------- ဖလံတောင်ဝှေးအမြစ်၊ ------ ဖာလာငယ်။

နေ ဂိုဏ်းဝင်ပုဂ္ဂိုလ်များ ချောင်းဆိုးရောဂါအတွက်ဓာတ်စာများ
ကညင်ဆီ၊ ----- ကြေးနီ၊ ------- ကပ်စေးနှဲပွင့်ချောက်၊ ------- ရေကန်စွန်း၊ ----- နွားသွားပြာ၊ ----- သန္တာ၊ ------ ငါးရံ့ပတူ၊ ------ စရိုပင်၊ ----- စားတော်ပဲ၊ ------- ဆီးစေ့အဆန်၊ ------ ဆား၊ ----- ဆင်တုံးမနွယ်၊ ---- ဆိတ်ကျင်ငယ်၊ ------- ဆိတ်ချို၊ ------ ဆောက်ချဉ်သီး၊ ----- မြန်မာဇီယာရွက်၊ ------- ဇီရာနက်၊ ------ ထနောင်းပင်၊ ------ ဒူးရင်းသြဇာအပွင့်အဖူး၊ ------ နဂါးစက်၊ ----- နံနံစေ့၊ ----- နွားနောက်သား၊ ----- နွားနို့ဒိန်ချဉ်၊ ------ ဆိတ်နို့ရည်၊ -------- ပဒိုင်းသီးအနက်၊ -------- ပူဒီနာ၊ ------- ပဲပိစပ်၊ ------- ပင်စိမ်းနက်၊ ------- ပန္နုပင်အဆီ၊ ---- ဖရဲသီးအခါး၊ ---- မရိုးအပွင့်၊ ------- မုရားနှင်းသီး၊ ------- မြေပဲထွေးပင်၊ ------ တောပဲရိုင်းအမြစ်ပြုတ်ရည်၊ ------လေးညှင်းပင်၊ ------ တောသီတင်းပင်၊ ----- သံပုရာသီး၊ --- သံပုရိုသီးမှည့်၊ ------ သစ်ဆိမ့်သီး၊ -----အုံတုံပင်၊ ------- ကြက်ဆူဆီသီးအဖြူ၊ --------- သဖန်းနွယ်အမြစ်ခေါက်။

မြန်မာပြည်တွင်းမှ ဝေဒနာရှင်များအတွက် ရှာဖွေရန်လွယ်ကူပေမဲ့ ပြင်ပမှ ဝေဒနာရှင်များ အတွက်တော့ အခက်အခဲများ ရှိနိုင်ပါတယ်။
တလောက ကျွန်မရဲ့ သမီးကြီးချောင်းဆိုးတာကို ကွမ်းရွက်ထဲသို့ ကွမ်းရွက်ပုံဆေးနှင့် ဖာလာတစ်စေ့ထည့်ကာ ကိုက်ပြီးပါးစောင်တွင်ငုံထားစေပြီး ထွက်လာသောဆေးရည်များကို မျိုချခိုင်းခြင်းဖြင့် တစ်ရက်တည်းနှင့် ပျောက်သွားခဲ့ပါတယ်။ ချောင်းဆိုးကာစ ဖြစ်သောကြောင့် အပျောက်မြန်ခြင်းဖြစ်နိုင်ပါတယ်။ အထက်ပါဓာတ်စာများထဲမှ မိမိတို့နေရာဒေသတွင် အလွယ်တကူရနိုင်သည့် အမျိုးအစားကို မိမိသင့်တော်သလို ဓာတ်ခိုက်အောင် ပြုလုပ်သုံးစွဲသင့်ပါတယ်လို့ ဖြေကြားလိုက်ပါတယ်ရှင်….။

ရွှင်လန်းချမ်းမြေ့ကြပါစေ.....။

မှတ်ချက်။ ။ ဆရာကြီးဦးသာတင့်၏ ပုဂ္ဂလပညတ် အခြေခံဓာတ်ကျမ်းမှ ကောက်နှုတ်တင်ပြပါသည်။


Saturday, January 24, 2009

အဆိုးတွေပေါ့ပါးသွားစေဖို့

ဘလော့ဂါ ဒေါင်းမင်း မေးထားတဲ့ အဆိုးတွေပေါ့ပါးသွားအောင် လုပ်နိုင်မဲ့ နည်းလမ်းဖော်ပြပေးပါ့မယ်။ ကျွန်မလဲ မိတ်ဆွေတွေကို မျှဝေလိုတာနဲ့ အတော်ပဲဖြစ်သွားပါတယ်။
ဒီအဆောင်လေးကိုကျွန်မရထားတာ ကြာခဲ့ပါပြီ။ ဒါပေမဲ့ အညွှန်းအတိုင်း အသုံးမပြုခဲ့လို့ အကျိုးမခံစား ခဲ့ရပါဘူး။ အခုတော့လဲ တတ်နိုင်သလောက် လိုက်နာကျင့်သုံးတဲ့အတွက် သိသိသာသာအကျိုးပေးနေပါပြီ။
ရောဂါတစ်ခုဖြစ်လာရင် ရောဂါပျောက်ကင်းအောင် ဆရာညွှန်ကြားတဲ့အတိုင်း သုံဆောင်ဖို့လိုပါ တယ်။ ဘယ်ဆေးကို ဘယ်အချိန်မှာသောက်ပြီး ဘယ်လိုနေထိုင်သင့်တယ်ဆိုတာကို သေချာစွာလိုက်နာကျင့်သုံးရင် အဲဒီဝေဒနာရှင်ဟာ လျှင်မြန်စွာ ရောဂါပျောက်ကင်း သက်သာလာမှာဖြစ်ပါတယ်။
အခုပြောမဲ့ အဆိုးတွေပေါ့ပါးသွားစေမဲ့အဆောင်မှာလဲ လမ်းညွှန်ချက်တွေပါပါတယ်။ အဲ့ဒီ လမ်းညွှန်ချက်တွေကို လိုက်နာကျင့်သုံးနိုင်မှ ထိရောက်အကျိုးရှိမှာ ဖြစ်ပါတယ်လို့ ဦးစွာပြော လိုပါတယ်။ အညွှန်းအတိုင်း မကျင့်သုံးပဲ ဒီအဆောင်ကိုအသုံးပြုလျှင်တော့ အကျိုးပေး မသန်နိုင်ပါဘူး။ ဥပမာ သစ်ပင်တစ်ပင်ကို စိုက်ပျိုးတော့မယ်ဆိုရင် နေရောင်ခြည်၊ မြေသြဇာ၊ ရေ၊ လေ လုံလောက်စွာရနိုင်တဲ့နေရာမှာမှ ဒီအပင်ရှင်သန်ကြီးထွား အကျိုးများမှာဖြစ်ပါတယ်။ အဲ့ဒီအချက်တွေနဲ့ မပြည်စုံရင် မိမိစိုက်တဲ့အပင် မအောင်မြင်နိုင်သလိုပါပဲ။
လိုက်နာကျင့်သုံးရမဲ့ လမ်းညွှန်ချက်တွေကလည်း ခက်ခက်ခဲခဲကြီးတွေတော့ မဟုတ်ပါဘူး။ လူ့ဘဝမှာ လူပီသအောင် လိုက်နာကျင့်သုံးသင့်တဲ့ ကျင့်ဝတ်ငါးပါး(ငါးပါးသီလ)ပါပဲ။ သီတဂူဆရာတော်ဘုရာကြီးရဲ့ နည်းနဲ့ လိုက်နာကျင့်သုံးရမှာပါ။ အဲ့ဒါတွေကတော့


(၁) သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကျဉ်ခြင်း = သတ္တဝါတွေအပေါ် မေတ္တာထား ရပါမည်။

(၂) သူတစ်ပါးပစ္စည်းကို ခိုးယူခြင်းမှရှောင်ကျဉ်ခြင်း = သတ္တဝါတွေကို လှူဒါန်း၊ ပေးကမ်း၊ စွန့်ကြဲ ရပါမည်။

(၃) သူတစ်ပါးအိမ်ယာ(မိသားစု)ကို ကျူးလွန် ဖျက်ဆီိးခြင်းမှ ရှောင်ကျဉ်ခြင်း = သူတစ်ပါး မိသားစုကို မပျက်စီးအောင်စောင့်ရှောက်ရပါမည်။

(၄) လိမ်ညာပြောဆိုခြင်းမှ ရှောင်ကျဉ်ခြင်း = မှန်ကန်ချိုသာသောစကားကိုသာ ပြောဆိုရပါ မည်။

(၅) မူးယဇ်ထုံထိုင်းစေတတ်သော အရက်သေစာသောက်စားခြင်းမှ ရှောင်ကျဉ်ခြင်း = ရောင်း ချခြင်း၊ ထုတ်လုပ်ခြင်းမျာကိုပါ ပပျောက်အောင် ကြိုးစားအားထုတ်ရပါမည်။

ဒီအချက်တွေကို လိုက်နာကျင့်သုံးနိုင်ရင် ကျွန်မပေးမဲ့အဆောင်ဟာ ကောင်းစွာအကျိုးပြုမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ယခုပစ္စုပ္ပန်ကျကျကိုသာကြည့်ပြီး ပြောကြရင် အငြင်းပွားစရာတွေ ရှိနိုင်ပါတယ်။ “ ဒီခေတ်ကြီးမှာ များများလိမ်လေ ယုံကြည်လေ၊ များများခိုးလေ မြန်မြန် ချမ်းသာလေ၊ ကမ်းကုန်အောင်မိုက်မှ ဗိုလ်ဖြစ်တာ” စသဖြင့် ပြောစရာတွေရှိလာပါ တယ်။ တစ်ချိန်က ဒီလိုပဲ ကျွန်မ ထင်ခဲ့ဖူးလို့ပါ။
“အမေ.. ဒေါ်တင်နုကြီး ကြက်တွေသတ်ရောင်းနေတာ ရွှေတွေတံတောင်ဆစ်အထိ ရောက်တော့မယ်။ အခုထိ ဒုက္ခမရောက်သေးပါလား၊ ဘုန်းကြီးကျောင်းက ကပ္ပိယကြီး.. နေ့တိုင်း ကုသိုလ်ကောင်းမှုတွေလုပ်နေတာ ခွေးကိုက်ခံရတယ်။ အဲ့ဒါကျတော့ ဘယ်လိုဖြစ် တာလဲအမေ” လို့ မေးခဲ့ဘူးပါတယ်။
အဲ့ဒီတော့ အမေက သာဓကတစ်ခုကို ပြောပြခဲ့ပါတယ်။
“ ဟိုးတစ်ချိန်တုန်းက ရွာတစ်ရွာရဲ့ လမ်းတစ်ခုမှာ လူနှစ်ယောက်အတူ လမ်းလျှောက်လာကြ တယ်။ တစ်ယောက်က ငါးပါးသီကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲအောင်ကျင့်ကြံနေထိုင်တဲ့သူဖြစ်ပြီး၊ နောက်တစ်ဦးကတော့ မကောင်းမှုမှန်သမျှ အကုန်လုပ်တယ်။ သူတို့နှစ်ဦး လမ်းတလျှောက် သွားနေစဉ် ငှက်ပစ်သမားရဲ့ လောက်လေးသီးဟာ အရှိန်ပြင်းစွာနဲ့ သီလစောင့်ထိန်းတဲ့ သူတော်ကောင်းကို လာမှန်တယ်။ သူတော်ကောင်းဟာတော်တော်လေးခံလိုက်ရပြီး ထိတဲ့ နေရာမှာဖုလာသတဲ့။ ဆက်လျှောက်သွားလို့ သိပ်မကြာခင်မှာပဲ မကောင်းမှုတွေအကုန် လုပ်တဲ့လူဟာ အဿပြာတစ်ထုပ်ကို ကောက်ရခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး သူတို့နှစ်ယောက် ဟာ အငြင်းပွားစရာတွေဖြစ်လာခဲ့တယ်။ မကောင်းမှုတွေကို ပြုလုပ်တဲ့လူက “သီလစောင့်ထိန်း နေလဲအလကားပဲ၊ လေးသီးမှန်တာသာ အဖတ်တင်တယ်၊ ငါလုပ်နေတဲ့အလုပ်တွေကို မကောင်းမှုလို့ ပြောနေကြတယ်၊ ဒီမှာကြည့်စမ်း အဿပြာထုပ်တောင် ကောက်ရသေးတယ်” ဆိုပြီး ပြောနေလို့ သူတို့နှစ်ဦးဟာ ရဟန်းတစ်ပါးဆီသွားပြီး အကျိုးအကြောင်းကို မေးလျှောက်ကြပါတယ်။ ရဟန်းကအတိတ်ဖြစ်စဉ်တွေကို သိမြင်နိုင်တရဟန္တာဖြစ်ပါတယ်။ ရဟန္တာက ယခုဖြစ်စဉ်ကို အခုလိုရှင်းပြခဲ့ပါတယ်။ လက်ရှိသီလစောင့်ထိန်းနေတဲ့သူဟာ အတိတ်ကာလက အကုသိုလ်ကြီးမားခဲ့ပါတယ်။ အကယ်၍ သူဟာ သီလကိုအခုလိုမစောင့် ထိန်းရင် မိုးကြိုးပစ်ခံရပြီး သေမဲ့ကိန်းရှိသူပါ။ အခုတော့ သီလအစွမ်းကြောင့် လေးသီးနဲ့ ပွဲပြီးသွားတာ သာဖြစ်ပါတယ်။
အကုသိုလ်အမှုတွေကို ပြုလုပ်နေတဲ့ သူဟာ အတိတ်ကာလက ကုသိုလ်ကံကြီးမားခဲ့သူဖြစ် ပါတယ်။ အကယ်၍ အကုသိုလ်အမှုတွေရှောင်ကျဉ်ပြီး ကုသိုလ်ကောင်းမှုတွေသာ ပြုလုပ်ရင် ယခုဘဝမှာ တိုင်းပြည်အုပ်ချုပ်တဲ့ ရင်ဘုရင်တောင် ဖြစ်နိုင်တဲ့သူပါ”တဲ့။ ဒါကြောင့်မို့ ကံထမ်းလာတာမမြင်ရ၊ လှံထမ်းလာတာမြင်ရတယ်ဆိုတဲ့ ရှေးကစကားရှိခဲ့တာဖြစ်ပါတယ်။ အတိတ်ကပြုခဲ့တဲ့ မိမိရဲ့ကံကို မမြင်နိုင်ပေမဲ့ လက်ရှိပစ္စုပ္ပန်မှာ ပြုလုပ်နေတဲ့ ကံ ကိုတော့ မိမိကိုယ်တိုင် ပြုပြင်နိုင်ပါတယ်။ ကံ ဆိုတာ မိမိပြုလုပ်တဲ့ ကောင်းမှု၊ မကောင်းမှုတွေကို ခေါ်တာပါဘဲ။
အဲ့ဒါတွေကတော့ လိုက်နာကျင့်သုံးရမဲ့ လမ်းညွှန်ချက်တွေနဲ့ ရှင်းလင်းချက်တွေပါဘဲ။
ဒါတွေလိုက်နာနိုင်မယ်ဆိုရင်တော့ ကျွန်မအမြဲတမ်းဆောင်ထားတဲ့ အဆိုးတွေလျှော့ပါးသွား စေနိုင်တဲ့ အဆောင်ကိုမျှဝေပေးပါတော့မယ်။ သုံးလုံးထဲရှိတဲ့ ဂါထာလေးပါပဲရှင်..။ ယုံယုံကြည်ကြည်နဲ့ အာရုံပြုပြီး ရွတ်ဆိုရပါမယ်..။ အဓိပ္ပါယ်တွေကတော့ မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အရိယာ သံဃာတော်အရှင်သူမြတ်တို့ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
“ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ”


လူသားအားလုံး အဆိုးတွေကင်းပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေ…။

Thursday, January 22, 2009

နေလဝိဇ္ဇာဆေးနဲ့ ဓာတ်စာအကြောင်း

မိတ်ဆွေ ဘလော့ဂါများဖြစ်ကြတဲ့ ဆောင်းကွီနိုင်းညီမလေးဆုမွန်ဒေါင်းမင်းနိုဝင်ဘာ တို့ရဲ့ အမေးတွေကို ပြန်လည်ဖြေကြားပေးသွားပါမယ်။ ဆရာဒေါင်းမင်းရဲ့ အဆိုးတွေပေါ့ပါး သွားအောင်ဆိုတဲ့ အမေးကိုတော့ နောက်ထပ်ပိုစ့်တခုအဖြစ်နဲ့ တင်ပြပေးသွားပါ့မယ်။ နိုဝင်ဘာ မေးထားတဲ့ စာအုပ်ကိစ္စကတော့ ကျွန်မလည်း ဒီစာအုပ်တွေကို ဦးကြီး(ရွေကြီးညို) မှ လက်ဆင့်ကမ်း ဝေမျှပေးခဲ့တာဖြစ်လို့ ဘယ်ကရှာရမှန်းလည်းမသိပါဘူး။ ဦးကြီးဟာ ဖင်လန်နိုင်ငံမှာ ရောက်ရှိနေပြီး ကျွန်မနဲ့လည်း အဆက်အသွယ်ပြတ်နေပါတယ်။ မြန်မာပြည်မှာတော့ ရှိနိုင်တဲ့ အတွက် နောက်ထပ်လေ့လာစရာတွေအတွက် စုံစမ်းထားဆဲပါ။ အကယ်၍ ရရှိခဲ့ရင် အကြောင်းကြားပေးပါမယ်။ ဆောင်းနဲ့ YoungGun တို့ကတော့ နေလဝိဇ္ဇာဆေးနဲ့ ဓာတ်စာအကြောင်းလေးတွေ တင်ပေးပါဆိုတဲ့အတွက် စုပေါင်းပြီး တင်ပြပေးလိုက်ပါတယ်။

နေနှင့်လ
“ဗျ ဂ္ဃကျားကို နိုင်ငြားစေမူ ပူးဆင်သီဟ နာမသညာ တံခွန်သာ၊ ရာသီမရွေး ရသည့်ဆေးကို တွေး၍ယူဘိ၊ အရမဒ္ဒနံ ပြည်ပေါက္ကံဝယ် စိန္ဒာမုနိ ငါဖြစ်သည်”
ဟူသောစကားမှာ ရာသီမရွေးဟူရာ၌။
ရာသီဆိုသည်မှာ (၁၂)လ၊ (၁၂) ရာသီကိုခေါ်သည်။ ထို(၁၂)လ၊ (၁၂)ရာသီမှာပင် နွေဥတု၊ မိုးဥတု၊ ဆောင်းဥတုတည်းဟူသော ဥတုသုံးပါးရှိသည်။ သို့သော်လည်း နွေအပူ၊ မိုး-အအေး၊ ဆောင်း-အအေး စသည်ဖြင့် အပူအအေးသာရှိသည်။ ထို့ကြောင့်ရာသီဆိုသောစကားသည် အပူနှင့် အအေးကိုသာ ဆိုလိုသည်။ အချုပ်ရာသီ ဆယ်နှစ်လီ ဆိုသောစကားမှာ သီတနှင့် ဥဏှစက်အတွင်းမျှ မလွတ်ကင်းနိုင်။ မြင်မြင်သမျှ သစ်ပင်များကို (၁၂)လရာသီတွင် အကျဉ်းချုပ်၍ ဆေးလုပ်ပြသောကြောင့် ရာသီမရွေး ရသည့်ဆေးကို တွေး၍ယူဘိဟု ပြဆိုခဲ့ခြင်းဖြစ်သည်။
ဥတုသုံးပါးသည်လည်း နွေအပူ၊ မိုး-အအေး၊ ဆောင်း-အအေး စသည်ဖြင့် အပူအအေး နှစ်ပါးသာရှိသည်။
စကြဝဠာ အနန္တမှာပင် ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ဓာတ်လေးပါးသာရှိသည်။ ဓာတ်လေးပါးကိုပင် အကျဉ်းအားဖြင့် ဖွဲ့စည်းကြလျှင် သီတနှင့် ဥဏှ၊ အအေးအပူ နှစ်ပါးကိုသာ မြင်ရမည်။
ဆေးဟူသောအရာသည် သြကာသလောက၌ ရှင်သန်ပေါက်ရောက်နေကြသမျှသော သစ်ပင်၊ သစ်မြစ်၊ သစ်ဥ၊ သစ်ဖု၊ သစ်ရွက် အားလုံးတို့ကိုပင် ခေါ်ဆိုခြင်းဖြစ်သည်။ မြင်မြင်သမျှသော သစ်ပင်၊ သစ်မြစ်၊ သစ်ဥ၊ သစ်ဖု၊ သစ်ရွက် အားလုံးတို့တွင် ဓာတ်လေးပါး ပါဝင်သည်။ ဓာတ်လေးပါးနှင့်ကင်းလွတ်၍ မတည်မဖြစ်နိုင်။ ထို့ကြောင့် ၎င်းတို့ကိုဆေးဝါးအဖြစ် အသုံးပြု ကုသနိုင်ခြင်းဖြစ်သည်။



နေမင်းခေါ်ကြ သူရိယ

တနင်္ဂနွေ နေမင်းသည် သင်္ချာအားဖြင့် ၁- ဂဏန်း၊ ပိဋကတ်အလိုအားဖြင့် တေဇော၊ သဘာဝအားဖြင့် အပူ ဖြစ်သည်။
သူရိယနေမင်းအား တနင်္ဂနွေဟု ကျမ်းဂန်များက ပြသည်။ ထိုနေမင်းတွင် ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ၊ အဋ္ဌကလာပ်ရှစ်ပါး အပြည့်အစုံပါသည်။ အကျဉ်းချုပ်သော် သီတနှင့် ဥဏှ၊ အအေးနှင့် အပူသာရှိသည်။
နေမင်းတွင် အဋ္ဌကလာပ်ရုပ်ရှစ်ပါးရှိသကဲ့သို့ နေမင်း၏အောက်တွင် ရှိနေကြသည့် သစ်ပင်၊ တောတောင်၊ ရေမြေ၊ သမုဒ္ဒရာတို့မှာလည်း အဋ္ဌကလာပ်ရှစ်ပါး၊ ဓာတ်လေးပါး သဘာဝမခြားဘဲ သီတ- ဥဏှ နှစ်ပါးခြင်းတူညီကြသည်။
လောကီအရပ်ရပ်မှာ အဋ္ဌကလာပ်ရှစ်ပါးနှင့် ဓာတ်လေးပါးကဲဆင့်၍ ကြီးရင့်ရသည့်အကြောင်း ကို ရုပ်နာမ်ရှိ ခပင်းထိုထိုမှာ ဓာတ်လေးဖြာသာ အရင်းခံဟု မြတ်ဗုဒ္ဓ ဟောကြားတော်မူခဲ့သည်။
အဋ္ဌကလာပ်ရုပ်ရှစ်ဖြာ ဓာတ်လေးပါးမကင်းသာသည့် တနင်္ဂနွေ၏လက္ခဏာကား အပူ၊ နေ၏အရသာကား အပူ၊ တနင်္ဂနွေကို အပူဟုခေါ်ဆိုကြသဖြင့် အပူနာမ်မှန်သမျှ တနင်္ဂနွေ(နေဂိုဏ်း) ဟု ဆုံးဖြတ်ချက်ချရာသည်။

လမင်းခေါ်ကြ စန္ဒြ

ကောင်းကင်၌ (၄၉) ယူဇနာရှိသော လမင်းခေါ် တနင်္လာဂြိုဟ်မင်းကို စန်းဟူ၍လည်း ကျမ်းဂန်များက ပြဆိုသည်။
လ- ဆိုသည်မှာ တနင်္လာ၊ တနင်္လာဆိုသည်မှာ စန်း၊ စန်း၏အရသာမှာ အအေး။ သို့ဖြစ်သောကြောင့် အအေးနာမ်မှန်သမျှကို လ ဟူ၍မုချမှတ်ယူရမည်။ တနင်္လာ၏လက္ခဏာ မှာ လ၊ လ၏အရသာမှာ အအေး၊ လနှင့်တကွ တနင်္လာစန်း၏ အေးခြင်းကို ပြ၏။

သူရိယနှင့် စန္ဒြ ကောင်းကင်ဝ

ကောင်းကင်တွင် နေ-လနှစ်ပါး ထင်ရှားစွာရှိကြကုန်သည်။ ယင်းနေလနှစ်ပါးတို့ အသွားမမှန် သောကြောင့် ခပ်သိမ်းကုန်သောလူတို့မှာ အနာရောဂါစွဲကပ်ကြရသည်ဟူ၍လည်း ပညာရှိများ က လင်္ကာများဖြင့်စပ်ဆိုခဲ့ကြသည်။
ပုဂ္ဂလပညတ် ဓာတ်ကျမ်းဆရာကလည်း နေလနှစ်ဖြာ ဘယ်ကျမ်းမှာ ရှာကြမလဲဟု အမေးပုစ္ဆာထုတ်သည်။ တနင်္ဂနွေတစ်လုံးကို သဘောကျ၍မဆုံးနိုင်ကြသော်လည်း ဉာဏ်ယှဉ် ကာသုံးတတ်ကြလျှင် အားလုံးအတူတူ ဖြစ်သည်ဟု အဆိုရှိသည်။ ကောင်းကင်မှ တနင်္ဂနွေကို စွဲကြငြားသော်လည်း ထိုတနင်္ဂနွေသည် မိမိ၏ ခန္ဓာကိုယ်နှင့်အတူ အဋ္ဌကလာပ်ရုပ်ရှစ်ဖြာ သာလျှင်ရှိသည်။ ထို့ကြောင့် ကောင်းကင်မှာ အမှန်ရှိနေသည့် တနင်္ဂနွေထက် မိမိတို့၏ အဇ္ဈတ္တ၊ ဗဟိဒ္ဓတည်းဟူသော အတွင်းသန္တာန်မှာရှိနေသည့် တနင်္ဂနွေကိုသာလျှင် အခြေခံနှင့်တကွ ကောင်းစွာသဘောပေါက်နားလည်အောင် ကြံဆောင်သင့်ကြသည်။
တနင်္ဂနွေ၏အရသာမှာ အပူဖြစ်သည်။ အပူရှိလျှင် အအေးရှိရမည်။ အအေးဟူသည်မှာ တနင်္လာဖြစ်သည်။ ဓာတ်လေးပါးရှိလျှင် အပူ အအေးရှိပြီသာဖြစ်သည်။ ထို အဋ္ဌကလာပ်ရုပ် ရှစ်ခု၊ ဓာတ်လေးပါးအစုတို့ကို ဥတုကသာချုပ်ပါသည်။ ယင်းဥတုသည် သီတဥတု ၊ ဥဏှဥတု အဖြစ် မြင်အောင်ကြည့်တတ်ရန် အရေးကြီးသည်။ လောကသုံးပါး၌ ရှိရှိသမျှသော ပုဂ္ဂိုလ်၊ သတ္တဝါ၊ ဗြဟ္မာ၊ နတ်၊ လူမှစ၍ တောတောင်ရေမြေ သမုဒ္ဒရာ အနန္တတို့သည် သီတနှင့် ဥဏှ၊ အပူနှင့် အအေး နှစ်ပါးသာရှိကြောင်း ဗုဒ္ဓကိုယ်တော်တိုင် ဟောကြားတော်မူခဲ့သည်။

အမည်ပညတ်ကိုလိုက်၍ နေဂိုဏ်- လဂိုဏ်းခွဲခြင်း

က၊ ခ၊ ဂ၊ ဃ၊ င တို့သည် လည်းကောင်း၊ ပ၊ ဖ၊ ဗ၊ ဘ၊ မ တို့သည် လည်းကောင်း ၊ ယ၊ လ၊ ဝတို့သည်လည်းကောင်း ယင်းဗျည်းတို့၏ အသံပါသမျှတို့သည်လည်းကောင်း သောမ ပညတ်များဖြစ်ကြသည်။ (လဂိုဏ်း) ဖြစ်သည်။
လူ၏အမည်များဖြစ်သော မောင်ကျော်၊ မောင်ဝင်း၊ မောင်မြ၊ မောင်သိန်း၊ မောင်လွင်၊ မောင်ငယ်၊ မောင်ဟန်၊ မောင်ဘို စသည်များတွင် အရင်းနာမ်ကိုယူရသည်။ သက်မဲ့ဖြစ်လျှင် အဖျားနာမ်ကို ယူရသည်။
ပုဂ္ဂလပညတ် ဓာတ်ဆရာ၏အလိုအားဖြင့် ရေသတ္တဝါဖြစ်လျှင် အဖျားနာမ်ကိုယူလေ့ရှိသည်။
သံပရာကို ရာဟုနာမ်အဖြစ် ယူသော်လည်း ရှောက်ကို ဓာတ်ဦးခေါင်းချရာ က ကြီးသတ်ကိုယူသောကြောင့် တနင်္လာနာမ်ဖြစ်သွားသည်။ မန်ကျည်းနှင့် ငါးကျည်းတွင်လည်း ဓာတ်ဦးခေါင်းချရာ ည သတ်ကိုယူသည်။ ထို့ကြောင့် အင်္ဂါနာမ်များဖြစ်သွားသည်။ သို့ရာတွင် အလုံးစုံတွင် သတ်ပုံ၏ ဓာတ်ဦးခေါင်းချရာကိုချည့် လိုက်မယူရကြောင်း သတိပြုသင့်သည်။
သောမ ပညတ်အမည်ရှိသူသည် သောမပညတ်အမည်ရှိသော ဆေးဝါး၊ အစားအစာတို့ကိုသာ စားသောက်ရမည်။ (ဥပမာ- မောင်ကျော်သည် သောမပညတ်အမည်နှင့်ဆုံးသော ကြက်၊ ဝက်၊ ဘဲ၊ ငါးခူ၊ ငါးမြင်း၊ ငါးကြင်း၊ ငါးပြေမ၊ ငါးဖယ်၊ ပန်းဂေါ်ဖီ၊ သခွားသီး၊ ဘူးသီး၊ ချဉ်ပေါင်၊ ရှောက် စသည့် တို့ဖြစ်သည်။)

စ၊ ဆ၊ ဇ၊ ဈ၊ ည တို့သည်လည်းကောင်း၊ ဋ၊ ဋ္ဌ၊ ဍ၊ ဎ၊ ဏ တို့သည်လည်းကောင်း တ၊ ထ၊ ဒ၊ ဓ၊ န တို့သည်လည်းကောင်း၊ ရ ကောက်သည်လည်းကောင်း၊ အ သည်လည်းကောင်း ယင်းဗျည်း တို့၏ အသံပါသမျှတို့သည် လည်းကောင်း ပါပ ပညတ်များဖြစ်ကြသည်။ (နေဂိုဏ်း)ဖြစ်သည်။
လူ၏အမည်များဖြစ်သော မောင်အုန်း၊ မောင်ဉာဏ်၊ မောင်ထွန်း၊ မောင်ရွှေ၊ မောင်စံ၊ မောင်နိုင်၊ မောင်ငြိမ်း(သည် င-အက္ခရာဖြစ်သော်လည်း အသံထွက်မှာ ည-အက္ခရာ၏ အသံဖြစ်သော ကြောင့် နေဂိုဏ်းဝင်ဖြစ်သွားသည်။) တို့သည် ပါပ ပညတ် (နေဂိုဏ်း) များဖြစ်သည် ။ ပါပပညတ်ပါသောအမည်ရှိသူသည် ပါပပညတ် အမည်ပါသော ဆေးဝါး၊ အစားအစာတို့ကိုသာ စားသောက်ရမည်။ (ဥပမာ- အောင်း၊ ကုလားအုပ်၊ ဆိတ်၊ နွား၊ ထုံး၊ ငါးအိုက်၊ ငါးရံ့၊ ငါးတန်၊ ပုစွန်၊ ဂန့်အိပ်၊ ကန်စွန်း၊ ဟင်းနုနယ်၊ ရွှေဖရုံ စသည့် တို့ဖြစ်သည်။)
မိမိတို့ဂိုဏ်းနှင့် သက်ဆိုင်ရာ အစားအသောက်များကို စားခြင်းသည် နာမ်ဆေးဟု ခေါ်ဆို ခြင်းပင်ဖြစ်သည်။
သောမဂိုဏ်းသားသည် မိမိတို့နှင့် မသင့်သော၊ ပါပပညတ်ပါသော ဆေးဝါး အစာအာဟာရ ဝတ္ထုမှန်သမျှတို့ကို အပြင်မှရှူရန်၊ မှိုင်းနံ့ခံရန်၊ လိမ်းရန်၊ စိမ်ပေးရန်သာလျှင် ပြုလုပ်ရသည်။ ယင်းသို့ပြုလုပ်ခြင်းကို ရုပ်ဆေးဟုခေါ်သည်။ ပါပဂိုဏ်းသားတို့သည်လည်း ထို့နည်းတူစွာ ပင်ဖြစ်သည်။
နေလမြန်မာဆေးနှင့်ပတ်သက်၍ အိုင်ကလောင်ဆရာကြီး ရှင်းပြထားတာက “ နေလမြန်မာ့ ဆေးပညာမှာ ဆေးအမျိုးပေါင်း ၁၀၈ မျိုးဘဲရှိတယ်။ တစ်ရာ့ရှစ်မျိုးမှာ ပထမတန်းစား၊ ဒုတိယ တန်းစား၊ တတိယတန်းစား သုံးမျိုးရှိတယ်၊ ဒီတစ်ရာ့ရှစ်နည်းကို ကျဉ်းလိုက်ရင် ဆေးနှစ်မျိုးဘဲ ရှိတယ်”
တစ်ရာ့ရှစ်နည်းတွင် သုံးစားရှိသည်ဆိုခြင်းမှာ အကယ်၍ လူနာရှင်က ငွေကြေးချမ်းသာ၍ ပြည့်စုံခဲ့လျှင် ပုလဲကိုစားခိုင်းကာ အကယ်၍ လူနာရှင်မှာ မတတ်နိုင်သူဖြစ်က ကနုကမာ သွေးတိုက်၊ သို့မဟုတ် ယောက်သွားဖြင့်ကုရမည့်အတွက် သုံးစားခွဲထားခြင်းဖြစ်သည်။ ပုလဲ၊ ကနုကမာနှင့် ယောက်သွားတို့၏ သတ္တိအစွမ်းမှာ ဝေဒနာပျောက်ခြင်းတူကာ အနှေးအမြန် ခြားနားခြင်းသဘောရှိသညဟု ဂျာနယ်ကျော်မမလေး၏ အရှေ့နှင့်အနောက်ဆိုသော ဆောင်းပါးတွင် ရေးသားဖော်ပြထားပါသည်။ ထိုဆောင်းပါကိုလည်း မကြာခင်တင်ပြပေး သွားပါမယ်…။ မိမိဂိုဏ်းနှင့်သက်ဆိုင်သည့် မိတ်ဆွေဓာတ်ဖက်များကို အောက်တွင်ရှင်းပြထား ပါသည်။ မိမိ၏အမည်နာမသည် ဓာတ်ဖိုလား ဓာတ်မလားဆိုတာ ခွဲခြားသိနိုင်ရမည်။ မိမိသည် ဓာတ်ဖိုဖြစ်လျှင် ဓာတ်မဖြစ်သည့်နာမ်များကို တွဲဖက်စားသုံးရမည်။ ဥပမာ- မောင်အောင်သည် မီးခဲဓာတ်ဖိုဖြစ်သည်။ ထို့ ကြောင့် မောင်အောင်သည် အုန်းရေ၊ အုန်းနို့၊ အုန်းသီးနှင့် သံပုရာ စသည်တို့သည် သူ့အတွက် ဆေးဖက်ဝင်အစာ နာမ်ဆေးဖြစ်သွားသည်။ ရှောက်သည် သေလာပထဝီ ဓာတ်ဖိုဖြစ်သည့်အတွက် မောင်အောင်၏ ရန်ဓာတ်ဖြစ်သည်။ သူငယ်နာ ဆိုသော ဆောင်းပါးတွင် မောင်အောင်တက်နေခိုက် မျက်စေ့ထဲသို့ ရှောက်ရည် ညှစ်ထည့်ခြင်းသည် ရုပ်ဆေးအဖြစ် အသုံးပြုသွားခြင်းဖြစ်သည်။ အောက်တွင် မိမိတို့၏ အမည်အလိုက် တွဲဖက်စားသုံးနိုင်သည့်အစာများကို ရွေးချယ်နိုင်ရန် နေဂိုဏ်းမိတ်ဆွေ ဓာတ်ဖက်၊ လဂိုဏ်းမိတ်ဆွေ ဓာတ်ဖက်၊ ဆေးဖြစ်စေသောနဝင်းများနှင့် ဓာတ်စာများကို ဖော်ပြထားပါတယ်။

နေဂိုဏ်းဝင် မိတ်ဆွေဓာတ်ဖက်များ
အန္တော စရေ
အ= မီးခဲတေဇော ဓာတ်ဖို (တနင်္ဂနွေ ) (အ)
တော= မီးတောက်တေဇော ဓာတ်မ (စနေ) (တ၊ ထ၊ ဒ၊ ဓ၊ န)
စ= လေညှင်းဝါယော ဓာတ်ဖို (အင်္ဂါ) (စ၊ ဆ၊ ဇ၊ ဈ၊ ည)
ရေ= မုန်တိုင်းဝါယော ဓာတ်မ (ရာဟု) (ရ)

လဂိုဏ်းဝင် မိတ်ဆွေဓာတ်ဖက်များ
ဂဗ္ဘေ ဝံသေ
ဂ= သေလာပထဝီ ဓာတ်ဖို (တနင်္လာ) (က၊ ခ၊ ဂ၊ ဃ၊ င)
ဘေ= ပံသုပထဝီ ဓာတ်မ (ကြာသပတေး) (ပ၊ ဖ၊ ဗ၊ ဘ၊ မ)
ဝံ= ရေကြည်အာပေါ ဓာတ်ဖို ( ယ၊ လ၊ ဝ)
သေ= ရေနောက်၊ ရေငန်၊ ရေပုပ်အာပေါ ဓာတ်မ ( သ၊ ဟ)

ဆေးဖြစ်စေသော နဝင်းများ (နဝင်းဆိုသည်မှာ ဂဏန်းသင်္ချာများကို တစ်လုံးတည်းကျန်အောင် ပေါင်းလျှင် ၉ ဂဏန်းရခြင်းကိုခေါ်သည်)

အရိုင်း စိတ်တို (ပါပဂြိုဟ် လေးလုံး)

အ= မီးခဲတေဇောဓာတ်ဖို ဂြိုဟ်သက် (၆)နှစ်+ ရ= မုန်တိုင်းဝါယော ဓာတ်မ ဂြိုဟ်သက် (၁၂)
ဥပမာ- အုန်းနဲ့ သံပုရာ
စ= လေညှင်းဝါယော ဓာတ်ဖို ဂြိုဟ်သက် (၈)နှစ်+ တ= မီးတောက်တေဇော ဓာတ်မ ဂြိုဟ်သက် (၁၀) နှစ်
ဥပမာ- နွားနို့ နဲ့ ဆား

လူမိုက် ခေါင်သောက် (သောမဂြိုဟ် လေးလုံး)

ခ= သေလာပထဝီ ဓာတ်ဖို ဂြိုဟ်သက် (၁၅)နှစ်+ သ= ရေနောက်၊ ရေငန်၊ ရေပုပ်အာပေါ ဓာတ်မ ဂြိုဟ်သက် (၂၁)နှစ်
ဥပမာ- သခွားသီး
လ= ရေကြည်အာပေါ ဓာတ်ဖို ဂြိုဟ်သက် (၁၇)နှစ်+ မ= ပံသုပထဝီ ဓာတ်မ ဂြိုဟ်သက် (၁၉)နှစ်
ဥပမာ- လိမ္မော်သီး

၎င်းတို့ကို နားလည်လျှင်မိမိစားသုံးနေသည့် အစားအသောက်များမှ မိမိနှင့်တည့်သည့် အစာများကို မိမိဉာဏ်သွားသလို အသုံးပြုနိုင်ပါသည်။ မိမိ၏ဂိုဏ်းနှင့်သင့်သည့် အစားစာများကို အလွယ်တကူသိရှိနိုင်ရန် ပုဂ္ဂလပညတ် ဓာတ်စာများကို ပြန်လည် တင်ပြပေးလိုက်ပါတယ်။

ပုဂ္ဂလပညတ် ဓာတ်စာများ
သာမန်အားဖြင့် လူတို့ နေ့စဉ်စားသုံးနေကြသည့် အစားအစာများကို နေဂိုဏ်း၊ လဂိုဏ်း ခွဲခြား ပေးပါသည်။ မိမိတို့ဂိုဏ်းဝင်အစားအစာများကိုသာ ရွေးချယ်စားသောက်ရန် အရေးကြီးပါ သည်။ အောက်တွင်ဖော်ပြထားသည့်အစာများတွင် ရေသတ္တဝါ၊ ကုန်းသတ္တဝါ၊ သစ်သီး၊ သစ်ရွက်၊ သစ်မြစ်၊ သစ်ဥ ..စသည်များ ပါဝင်ပါသည်။ ယင်းတို့ကို အချဉ်ပြုလုပ်ခြင်း၊ အခြောက်ပြုလုပ်ခြင်း၊ ယိုပြုလုပ်ခြင်း၊ ငါးပိပြုလုပ်ခြင်း၊ ဒိန်ချဉ်ပြုလုပ်ခြင်း၊ ထောပတ် ပြုလုပ်ခြင်း၊ အစိမ်းအတိုင်းစားသောက်ခြင်း စသည်ဖြင့် မိမိကြိုက်နှစ်သက်သလို စားသောက်နိုင်ပါသည်။ ထိုသို့စားသောက်ရာတွင် အဆိပ်အတောက် ဖြစ်စေသည်အထိ အချဉ်တည်ထားခြင်း၊ အခြောက်လုပ်ထားခြင်းကို သတိပြုရန်လိုပါသည်။

လဂိုဏ်း

ကသပေါင်း၊ -------- ငါးပုတ်ပြား၊ -------- ယောက်သွား၊ --------- ဝမ်းဘဲသား
ငါးခူ၊ --------- ငါးဖျင်းသလက်၊ ----------- မြွေသား၊ --------- ငန်းဘဲသား
ငါးခုံးမ၊ --------- ငါးဖယ်၊ ---------- ကနုကမာ၊ ----------- ကြက်သား
ငါးခေါင်းပွ၊ -------- ငါးမုတ်၊ --------- ခိုသား၊ ---------- ဖားသား
ငါးကလောင်ကြပ်၊ ------- ငါးသလောက်၊ ------- ခါသား၊ -------- ကြွက်သား
ကင်၊ ----------- ငါးသိုင်း၊ ----------- ငူသား၊ ----------- ကြောင်သား
ငါးပတ်၊ --------- ငါးသပိုး၊ --------- ငုံးသား၊ ---------- ယုန်သား
ငါးဘဲဖြူ၊ ----------- ငါးနက်ပြာ၊ ----------- ချိုးသား၊ ------ ဝက်သား
ငါးပြေမ၊ ---------- ငါးသံချိတ်၊ ------- လင်းဝက်သား၊ ----------- ကျွဲသား
ကပ်သမျှင်၊ ----------- ငါးလူး၊ ------------- ဗျိုင်းသား၊ ----------- မြင်းသား
ငါးပုတ်သင်၊ ----- လိပ်ကျောက်သား၊ ------ ရေကြက်သား၊ --------- ချေသား
မျောက်သား၊ ------ ကြက်ဟင်းခါး၊ -------- အာလူး၊ --------- ပဲမြစ်
သိုးသား၊ -------- မာလာ၊ ---------- မြောက်ဥ၊ -------- သစ်ကြားသီး
ပွေးသား၊ --------- သခွတ်၊ --------- ပိန်းဥ၊ -------- သစ်ခြသီး
ပူသား၊ ------- ကျီးချေ၊ ------ ကြက်သွန်ဖြူ၊ ------- လက်ခုပ်
ဖွတ်သား၊ -------- မဲဇလီ၊ -------- ကြက်သွန်ဥကြီး၊ ----- သီးသီး
မိကျောင်းသား၊ -------- ပိလော၊ ------ ကြက်သွန်မြိတ်၊ ------ သဖန်း
ကျွဲနို့၊ ------- ဘဲ့ပြား၊ -------- ငရုတ်ကောင်း၊ -------- တောင်သလဲ
မြင်းနို့၊ -------- ပဲပြား၊ -------- မာဆလာ၊ ------- ပြောင်းဖူး
၎င်းဒိန်ချဉ်၊ ------- ကင်ပလင်း၊ --------- မှို၊ ------- လိမ္မော်သီး
၎င်းထောပတ်၊ ------- ပဲပင်ပေါက်၊ -------- မျှစ်၊ ------ ကျွဲကောသီး
မြင်းခွာရွက်၊ --------- ခဝ၊ဲ --------- ဖလံတောင်ဝှေး၊ -------- ရှောက်သီး
ကြာရိုး၊ ------ သပွတ်၊ --------- ဂုံမင်း၊ ---------- ရှောက်ချိုသီး
ချဉ်ပေါင်ဖြူ၊ ---------- ဗုံလုံ၊ --------- ဂုံခါး၊ ------- တုံကျင်သီး
ရွှေဘိုချဉ်ပေါင၊် ---------- ကြောင်ပန်း၊ ------- ပရန္နဝါ၊ ------- ဘင်္ဂလားသရက်
ကင်ပွန်းချဉ်၊ -------- ကျောက်ဖရုံ၊ -------- ကြိမ်ဖူး၊ --------- စွန်ပလွန်သီး
ဆလပ်ရွက်၊ -------- လဲလူ၊ --------- သရက်ကင်း၊ --------- သလဲသီး
ဟင်းဂလာ၊ --------- မလွှ၊ -------- ဆီးဖြူသီိး၊ ---------- တောင်သလဲ
ဂန့်ဂလာ၊ -------- ဆူးပန်း၊ ------- ဂေါ်ရခါးသီး၊ -------- ဇင်ပြွန်း
မုန်လာ၊ -------- ဖက်သန်း၊ ------- ဖန်ခါးသီး၊ -------- ပဲကျား
တမာ၊ -------- ကြိတ်မှန်၊ --------- ပုံးရည်ကြီး၊ --------- ပဲလွန်း
စပါးလင်၊ -------- ဂေါ်ဖီ၊ --------- ရခိုင်ငှက်ပျော၊ ------ကုလားပဲ
ပေါက်ပန်းဖြူ၊ ------- ဆူးပုပ်၊ -------- နံ့သာငှက်ပျော၊ ---- ပဲကတ္တီပါ
ဒန့်သလွန်၊ -------- ပိတ်ချင်း၊ ------ ဖီးကြမ်းငှက်ပျော၊ -----ပဲဖြူလေး
ကြာဟင်း၊ -------- ကွမ်း၊ ----- ဝက်မလွတ်ငှက်ပျော၊ ------ပဲနုပြာ
ကသစ်၊ ------- သီဟိုသရက်၊ --------- သီးမွှေးငှက်ပျော၊ ------ ပဲထောပတ်
ကြက်သဟင်း၊ ------ ဘူး၊ --------- မာလကာသီး၊ -------- မတ်ပဲ
ကင်းပုံ၊ --------- သဗြု၊ ------- သင်္ဘောသီး၊ ------------- မြေပဲ
ဆင်နှာမောင်း၊ --------- သခွား၊ --------- သဖန်းသီး၊ ------လက်ဖက်
ဒန့်ကျွဲ၊ ------------ နိုကိုဥ၊ ----------- စပျစ်သီး၊ ---------- ချင်း
ဂျူးမြစ်၊ ----------- ဖျံဥ၊ -------- မင်းကွတ်သီး၊ --------- လက်ဖက်ရည်
ကာဖီ၊ -------- ကိတ်မုန့်၊ --------- မုန်ဟင်းခါး၊--------- ကိုကိုး
ပေါင်မုန့်၊ ---------- ငချိတ်ပေါင်း၊ ------ကြံရည်၊ -------- ကျောက်ကျော
သကြား၊ -------- ဆေးကုလားမ၊ -------- ထောပတ်၊ --------ကြံသကာ
ပျားရည် (ပျားရည်ကို လဂိုဏ်း၊ နေဂိုဏ်းမရွေးရဘဲ ဗဟိုဆေးအဖြစ် ပုဂ္ဂလပညတ် ဆရာကြီးများ အသုံးပြုကြလေသည်။)

နေဂိုဏ်း
ငါးစင်ရိုင်း၊ -------- ကကူရံ၊ ------- ကြက်တူရွေးသား၊ ------- ထိကရုန်း
ငါးဖောင်ရိုး၊ ------- ငါးရွေး၊ -------- ပိုးစာရွက်၊ ---------- ရုံးပတီ
ငါးစင်စပ်၊ --------- ငါးသေတ္တာ၊ --------- ရွေဖရုံ၊ ------- ကောက်ရိုးနွယ်
ငါးမြွေထိုး၊ ------- ပုစွန်၊ --------- နံန၊ံ ---------- ပါစွန်
ငါးအိုက်၊ -------- ပုစွန်ထုပ်၊ --------- ပင်စိမ်း၊ ------- လိပ်စရွှေ
ငါးသလဲထိုး၊ --------- စာသား၊ ---------- မန်ကျည်း၊ --------- သနပ်
ငါးမြင်းရင်း၊ --------- ဆတ်ရက်သား၊ ------- ချဉ်ပေါင်နီ၊ --------- အောင်မဲညို
ငါးထွေ၊ -------- ရစ်သား၊ -------- ကန်စွန်း၊ --------- ကုလားမျက်စိ
ငါးကျည်း၊ --------- ဒေါင်းသား၊--------- ကညွတ်၊ --------ခံတက်ချဉ်
ငါးတန်၊ ------- ရှဥ့်သား၊ -------- မှိုနတို ၊ -------- ခံတက်ဥ
ငါးရံ့၊ ------- စိုင်သား ၊ ---------- ဟင်းနုနယ် ၊ ------ အင်ဥ
ကကတစ် ၊ --------- ဆတ်သား၊ -------- မုန်ညင်း၊ ------- ကျီးအာ
ငါးပုဏ္ဏား၊ --------- ဆိတ်သား ၊--------- ဇရစ် ၊ --------- ကန့်အိတ်
ငါးကွန်းရှပ်၊ --------- ဆင်သား ၊ --------- လင်းနေ၊ --------- ပြည်ပန်းညို
ငါးရှဥ့်၊ ----------- စွန်သား၊ ------------ ဥသျှစ် ၊ --------- ပိတ်စွယ်
ငါးကြင်းဇောက်၊ ------ နွားသား၊ -------- ရဲယို၊ --------- ပင်စိမ်း
ငါးရံ့ခေါင်းတို၊ -------- ပုရစ်၊ --------- ကြက်ဆူ၊ ------- မုန်ညင်း
ငါးရွှေ၊ -------- ကြက်ဆင်သား၊ -------- ကြက်သွန်နီ၊ ------- တညင်း
ငါးနှပ်၊ -------- ပဒပ်သား၊ ---------- ခရမ်းကစော့၊ ---------- ပဲတိုင်ထောင်
ငါးပူတင်း၊ ---------- တစ်တီတူးသား၊ --------- ခရမ်းချဉ်၊ ------ ငါးရံ့ပတူ
ငါးမျက်ဆန်နီ၊ ------- ခရု၊ ---------- သစ်တိုသီး၊ ---------- လယ်ပတူ
ဂွေးတောက်၊ ------- သြဇာ၊ ---------- နွားနို့၊ ------- ဒိန်၊ ------- မြူစွမ်
ပူတီနာ၊ ----------- ဆီး၊ -------- နွားနို့ထောပတ်၊ --------- ပလာတာ
ပီလောပီနံ၊ ---------- စုံပတတ်၊ ---------- နွားနို့ထမင်း၊ ------ ဆမူဆာ
တောက်တာ၊ --------- သံပုရာ၊ ------- အုန်းဆီ၊ -------- ဖာလူဒါ
ကတွတ်၊ -------- သံပုရို ၊--------- အုန်းရည်၊ ---------- ပူတင်း
ပဲဇောင်းလျား၊ -------- နှမ်း၊ ------- အုန်းထမင်း ၊-------- အိုက်စကရင်
ကြောင်လျှာ၊ -------- နှမ်းပျစ်၊ ------ ဆိတ်နို့ ၊ -------- ထန်းလျက်ကာဖီ
သက်ရင်း၊ ------- နှမ်းဖတ်ချဉ် ၊ ------- ဆိတ်နို့ဒိန်ချဉ် ၊ ----- မဒေါ့သီး
မိုးနံ၊ --------- စိမ်းစားဥ၊ --------- ထန်းလျက်၊ --------- ဗာဒံစေ့
ဝရောင်းချဉ်၊ -------- စားတော်ပဲ၊ ------- ကောက်ညှင်ပေါင်း၊ ------ နို့ဆီ
စောင်းလျား၊ ------- ပဲတီစိမ်း၊ ------ကောက်ညှင်းဆီထမင်း၊------- ပေါက်ဆီ
ကနစိုး၊ --------- ပဲတီနက် ၊ -------- နှမ်းမနဲ၊ ---------- မုန့်ဗိုင်းတောင့်
ဖရဲ ၊ -------- ပဲနောက် ၊--------- ထန်းသီး ၊--------ချပါတီ
နာနတ် ၊ -------- ပဲရာဇာ၊ -------- ထန်းရည် ၊ ------ သူငယ်စာငှက်ပျော
ဒူးရင်း၊ -------- ပဲပိစပ် ၊ ---------- လှော်စာ၊ -------- ဓနိရည်
ပိန္နဲ၊ -------- ပဲပုစွန်၊ ---------- ခေါက်ဆွဲ ၊ --------- ဓနိသီး
ဒူးရင်းသြဇာ၊ -------- ပဲလေးညှင်း၊ -------- ကြာဆံ၊ ----- ထိုးမုန့်

ကိုကွီနိုင်းနဲ့ ညီမဆုမွန်တို့ မေးထားတဲ့ ဆီးချိုဆေးကိစ္စကတော့ အဓိက အစားအသောက်ကို အပေါ်မှာရှင်းပြခဲ့သလို တည့်တာတွေကို စားသောက် နေထိုင်နိုင်ရင် ရောဂါသက်သာလာပြီး တဖြည်းဖြည်းပျောက်ကင်းသွားမှာပါ။ ဥပမာ- ရ နဲ့စတဲ့အမည်ဖြစ်လျှင် အ- စ-ဆ-ဇ-ဈ ည စတဲ့ ဗျည်းအသံထွက်တွေနဲ့ ဆုံးတဲ့ အစားစာတွေကို နာမ်ဆေးအဖြစ် စားသုံးရန်သင့်တော်ပြီး၊ ပ-ဖ-ဗ-ဘ-မ-သ-ဟ စတဲ့ ဗျည်းနဲ့ဆုံးတဲ့ အရာတွေကိုတော့ ရုပ်ဆေးအဖြစ် လိမ်းရန်၊ ရှူရန်၊ စိမ်ပေးရန်တို့ ပြုလုပ်နိုင်ပါတယ်လို့ ဖြေကြားပါရစေ…။ ဆေးအဖြစ်စားသောက်နိုင်တာကတော့ ရေသကျည်း၊ ဇွန်ပန်း၊ တညင်းသီး၊ ပြည်ပန်းညို(အမြစ်၊ အခေါက် ရရာ) တို့ဖြစ်ပါတယ်။ ကျွန်မလည်း ပညာရှင်အဆင့်မဟုတ်ဘဲ ဝါသနာအရ လေ့လာနေသူအဆင့်သာ ရှိနေသေးသည့်အတွက် ပြန်လည်ဖြေကြားပေးတဲ့နေရ၊ တင်ပြပုံတွောမှာ ချွတ်ယွင်းချက်တွေ ရှိနိုင်တဲ့အတွက် သည်းခံပေးရန်နှင့် အကယ်၍ နားလည်တတ်သိသူများဖြစ်ပါက ကျွန်မအားကူညီလမ်းညွှန် ပေးစေလိုပါသည် ဟု မေတ္တာရပ်ခံ ပါတယ်ရှင်….။


မှတ်ချက်။ ။ ဆရာကြီးဦးသာတင့်နှင့် ဆရာမ ဂျာနယ်ကျော်မမလေး၏စာအုပ်များမှ ကိုးကားတင်ပြပါသည်။

Sunday, January 11, 2009

ဓာတ်ပညာဖြင့် ပြုစားခြင်း... ဆရာကြီးဦးသာတင့်

ပန်းချီ... သစ်နက်ဆူး

မြန်မာသကရာဇ် (၁၂၉၀) ခုနှစ်ခန့်က ဖြစ်သည်။ အိုင်ကလောင်ဓာတ်ဆရာကြီး ဆရာလှိုင်နှင့် တော်ခရမ်းအရှေ့ဘက်ကမ်းနေ လယ်ပိုင်ရှင် ဦိးဘိုးသင်တို့သည် တစ်ဦးနှင့်တစ်ဦး အလွန်ရင်းနှီးကြ၏။ ကျန်းမာရေးနှင့်ပတ်သက်၍လည်း ဦးဘိုးသင်တို့က ဆရာလှိုင်ကိုသာ အားကိုးနေကြရသည်။ တစ်နေ့သောအခါတွင် ဆရာလှိုင်နှင့် ဦးဘိုးသင်တို့ ဆုံမိကြပြီိး ရင်းနှီိးရင်းစွဲရှိသည့်အတိုင်း ဦးဘိုးသင်က ဆရာလှိုင်ကို စကားဖြင့် ခနဲ့သည်။
“ဒီိမယ် ဆရာလှိုင် ခင်ဗျားတို့ဆရာတွေဟာ စုန်းပြုစားတဲ့ ပယောဂတွေကိုတော့ ပျောက်ကင်းအောင် ကုသနိုင်ကြတယ်၊ စုန်းပညာကျတော့ ဘာဖြစ်လို့ မတတ်ကြသလဲ” ဟု မေးသည်။
“ခင်ဗျားက ဆရာတွေကို အထင်သေးနေတာကိုး၊ ဆရာတွေက စုန်းထက်တတ်သေးတယ်၊ ဒါကို ခင်ဗျားမှမသိဘဲ”
ဆရာလှိုင်၏စကားကို ကြားသောအခါ ဦးဘိုးသင်က တဟားဟားရယ်ရင်း…
“ဆရာဟာ စကားပြောတဲ့အခါမှာ ဘယ်တော့မှ အောက်ကျမခံဘူးဆိုတာ သိပါတယ်။ ခင်ဗျားစုန်းတွေထက်တတ်တယ်ဆိုရင် ကျုပ်ကို ပြုစားပြစမ်းပါ.. သေတော့မသေစေနဲ့ဗျို့”
“ သေတော့မသေစေနဲ့ ဟုတ်လား..၊ ကျုပ်ကပြုစားပြီး ကျုပ်ကဘဲ ပြန်ကုပေးရဦးမယ်ပေါ့၊ ဟုတ်..ဟုတ်သေးတော့ဗျာ။ ဒီမှာဦးဘိုးသင် ရေမှုတ်ထဲမိကျောင်းပေါ်၊ မရာကျော် ကိုက်တဲ့ မိကျောင်း၊ ဟဲ့ မိကျောင်း ဟဲ့ မိကျောင်းဆိုတာ ခင်ဗျားသိရဲ့လား”
“ ဒါတော့ ခင်ဗျားစဉ်းစားကြည့်ပါဦးဗျာ၊ ရေမှုတ်ထဲ မိကျောင်းဘယ်လိုလုပ်ဝင်သလဲ၊ ဆံ့ကောဆံ့ရဲ့လား၊ မဖြစ်နိုင်တာပဲ ကျုပ်တို့ငယ်ငယ်တုန်းက ကလေးတွေ မဟုတ်က ဟုတ်က ပြောတာကို ဆရာက စကားလုပ်ပြောနေတာကိုး”
စသည်ဖြင့်ပြန်ပြောပြီး ရယ်မောနေသည်။ ထို့နောက် လမ်းခွဲခဲ့ကြသည်။

တပို့တွဲလတွင် တော်ခရမ်းအင်းမ အနောက်ဖက်ကမ်းရွာ ရွာသူကြီး ဦးရွှေဆိုင်၊ သူကြီးကတော် ဒေါ်စောတို့အိမ်၌ နှမ်းမနဲခေါ် ထမနဲပွဲ ကျင်းပသည်။ ထိုအလှူက ဖိတ်သောကြောင့် ကျေးဇူးရှင်ဆရာကြီးသည် မိုးမလင်းခင်ကပင် တော်ခရမ်းသို့ ထွက်လာသည်။ ထိုသို့လာရင်း လမ်းတလျှောက်တွင် တွေ့ရသမျှသော ဝါးလုံးတို၊ ဝါးလုံးစ၊ နှီးမှိုက်ထွေးများကို ရသလောက် စုဆောင်းကောက်ယူခဲ့သည်။ ဦိးဘိုးသင်အိမ်သို့ရောက်သောအခါ အိပ်ယာမှ မထသေးသော ဦးဘိုးသင်ကို နှိုးပြီး ထမနဲပွဲ သွားရန်ခေါ်သည်။
“ ဆရာကလည်း မိုးမှမလင်းသေးဘူး၊ ဘယ်အချိန်ကထလာလို့ ဒီကိုရောက်လာတာလဲ၊ ဆရာတို့ လုပ်လိုက်ပြီဆိုမှဖြင့် အချိန်တောင်မသိတော့ဘူးထင်တယ်”
ဟု ပြောပြောဆိုဆို အိပ်ယာမှထခဲ့သည်။
“နှာရည်ယိုရွှဲ တပို့တွဲဆိုတာ မသိဘူးလား၊ စောစောစီးစီး ချမ်းလှတယ်ဗျာ၊ မီးလှုံကြရအောင်”
ဟု ဆရာကြီးကပြောပြီး ပါလာသော ဝါးလုံးတိုဝါးလုံစနှင့် နှီးမှိုက်ထွေးများကို မီးမွှေး လေတော့သည်။ ဦးဘိုသင်လည်း ဆရာကြီးနှင့်အတူ မီးဝင်လှုံသည်။
“ဆရာ့ ဝါးတို ဝါးစတွေက ဘာလုပ်မှာလဲ၊ ကျုပ်ကလယ်သမားပဲ၊ ဟိုမှာပုံထားတဲ့ ထင်းတွေကို ကြည့်ပါဦး၊ ဆရာ့ကိုတောင် ဖို့နိုင်သေးတယ်၊ နှီးမှိုက်ထွေးဆိုရင်လည်း ကျုပ်ခြံစည်းရိုးမှာ ပုံနေတာပဲ၊ သက်သက်အပင်ပန်းခံပြီး တခြားက သယ်လာတယ်”
“ နှီးမှိုက်ထွေးတို့၊ ဝါးတိုဝါးစတို့က မီးမွှေးလို့ လွယ်တယ်ဗျ၊ မြေသြဇာဖြစ်မဲ့ဟာတွေ ဘာ့ကြောင့် အမှတ်မဲ့ထားမလဲ၊ မီးရှို့ပစ်တော့ မီိးလည်းလှုံရတယ်၊ ပြာကလည်း မြေသြဇာဖြစ်တာပေါ့”
ပြောပြောဆိုဆို ဖြစ်ပင် ခြံစည်းရိုးနားတဝိုက်ရှိ နှီးမှိုက်ထွေးများကိုပါ ထပ်မံယူပြီး မီးလှုံကြ သည်။ မိုးလင်းသောအခါတွင် အလှူအိမ်ရှိရာသို့ နှစ်ယောက်အတူ ထွက်လာကြသည်။ တော်ခရမ်းကြီး အင်းမကိုဖြတ်၍ ဆောက်လုပ်ထားသောတံတားမှာ ဦိးဘိုးသင်၏ အိမ်ရှေ့မှာပင် ရှိနေသောကြောင့် ထိုတံတားအတိုင်း လျှောက်လာကြလေသည်။ တံတားအလယ်သို့ ရောက်သည်တွင် ဆရာကြီးက ဦးဘိုးသင်အား မတော်တဆ တိုက်မိသလိုလိုနှင့် လူချင်းတိုက်ချလိုက်သည်။ ဦးဘိုးသင်လည်း အရှိန်လွန်ပြီိး ရေထဲသို့ကျသွားသည်။ ဦးဘိုးသင်ရေထဲမှ ပြန်ပေါ်လာပြီး “ဆရာ ဘယ့်နှယ်လုပ်လိုက်တာလဲ” ဟု ပြောသည်။ ဆရာကြီးကလဲ …
“ မတော်လို့ပါဗျာ ၊ ကဲ… ဦးဘိုးသင် ပြန်တော့၊ ရေမှုတ်ထဲက မိကျောင်းမကိုက်ဘဲ အင်းထဲက မိကျောင်းကိုက်လိမ့်မယ်၊ မြန်မြန်တက်” ဟုပြောကာ သူကိုယ်တိုင်လဲ အိုင်ကလောင်သို့ ခပ်မြန်မြန်ပြန်သွားတော့သည်။ ဦးဘိုးသင်သည် အိမ်ရောက်သည်နှင့် တစ်ပြိုင်နက်တည်း အပြင်းဖျားလေတော့သည်။ ထို့ကြောင့် ဆရာကြီးကိုပင် သွားရောက်ပင့်ခေါ်ကြရသည်။
“ မင်းတို့လူမမာ မသေပါဘူးကွာ၊ မသင့်တဲ့အစာတွေသာ မကျွေးကြနဲ့၊ သန်ဘက်ခါ နေ့လည်ကျမှ ငါလာခဲ့မယ်” ဟုပြောပြီး ပြန်လွှတ်လိုက်သည်။ ပြောသည့်နေ့မှာပင် ဆရာကြီးရောက်လာသည်။ လူမမာကို ဝါးရွက်ပြုတ်ရည်နှင့် သကြားရောစပ်ပြီးတိုက်သည်။ ခဏနှင့်ပင် ချွေးထွက်ကာ ဆီးသွားပြီးသက်သာသည်။ ရောဂါ ရှင်းရှင်းပျောက်အောင် ဆက်လက်ကုသပေးလိုက်သည်။ ရောဂါပျောက်သဖြင့် ဆရာကြီးအား ခြေကြွခနှင့် ဉာဏ်ပူဇော်ခပေးသည်။
“ငွေမယူပါဘူး၊ ဦးဘိုးသင်က ပြုစားပြပါဆိုလို့ ပြုစားပြတာပါ၊ သေတော့မသေပါစေနဲ့လို့ ပြောထားတဲ့အတွက် ရေမှုတ်ထဲက မိကျောင်းလိမ္မာနဲ့ ပြန်ကယ်ရတာပဲ၊ ရေမှုတ်ထဲက မိကျောင်းက အသေကိုက်ခိုင်းရင် သေအောင်ကိုက်တတ်သေးရဲ့” ဟု ပြန်ပြောသည်။ ထိုအခါတွင် ဓာတ်ပညာသည်။ စုန်းပညာထက် ထက်မြက်ကြောင်း ယုံကြည်ပါသည်ဟု ဦးဘိုးသင်က ဝန်ခံလေတော့သည်။
ပုဂ္ဂပညတ်ဓာတ်ကျမ်းအခြေခံကို ကျွမ်းကျွမ်းကျင်ကျင် လေ့လာပြီးသူများအတွက် အထူးရှင်း နေရန်မလိုတော့ပါ။ ဦိးဘိုးသင်ဟူသော သောမပညတ်ကို သောမပညတ်ဖြစ်သည့်ဝါးဖြင့် ဓာတ်ခိုက်စေခြင်းဖြစ်သည် ဝါးသည် ဦးဘိုးသင်အတွက် နာမ်ဆေးဖြစ်သော်လည်း ရုပ်ဆေးလုပ်၍ ဓာတ်ခိုက်စေသည့်အတွက် ယခုလို အပြင်းဖျားခြင်းဖြစ်သည်။
ကျမ်းရင်းလင်္ကာ အပိုဒ် (၇)
တစ်နည်းထွေလာ၊ မိန့်ခဲ့မှာသည်၊ ရန်မှာရန်ငှား၊ သဘောထားလော့၊ အ၊ နှင့်၊ စ၊ ရ၊ ခေတ္တငြိုငြင်၊ မရွှင်ဒေါသ၊ မာနအမျက်၊ ထွက်လိမ့်ပုံသေ၊ မယွင်းပေတည့်၊ အရှည်ပေါင်းကာ၊ သင့်တင့်ပါ၏။ နောင်လာလူများ၊ မြဲမှတ်သားလေ၊ စီိးပွားချမ်းသာ၊ ဥစ္စာဓန၊ ပေါကြွယ်ဝအောင်၊ တန်းခိုးဆောင်သည်၊ ဘုန်းရောင်ရှိန်ပြင်း၊ မိတ်ချင်းခိုက်ရန်၊ ဖြစ်တတ်ပြန်သည်၊ စိတ်ဉာဏ်ဝေခွဲစေသတည်း။
(အ၊ နှင့်၊ ရ၊ စ) ခေတ္တငြိုငြင်၊ မရွှင်ဒေါသ၊ မာနအမျက်၊ ထွက်လိမ့်ပုံသေ၊ မယွင်းပေတည်း ဟူသောလင်္ကာအရ အင်းရေသည် ရုပ်ဆေးအတွက် အမှန်ပင်သင့်လျှော်သည်။ သို့သော် နာမ်ဆေးဖြစ်သည့် ဝါးမီးတို့ဖြင့် မှိုင်းတိုက်ခြင်းက ထိခိုက်နေသည်။ ရုပ်ဆေးအင်းရေဖြင့် ဖြေ၍ပေးသော်လည်း ခေတ္တငြိုငြင်ဆိုသော စကားကိုထောက်လျှင် သိသာနိုင်ပါသည်။ အရှည်ပေါင်းခါ ၊ သင့်တင့်ပါ၏ ဟူသောစကားနှင့် တဖန်ဆက်စပ်ကြည့်မည်ဆိုပါလျှင် ခေတ္တ ဓာတ်ခိုက်စေနည်းဟူ၍ သဘောပေါက်မည်ဖြစ်ပါသည်။ သောမပညတ်ဦးဘိုးသင်အား သေလာကျောက်ဓာတ် ပထဝီဖြစ်သော သကြားနှင့် ရေကြည်အာပေါဓာတ် ဖြစ်သော ဝါးရွက်ပြုတ်ရည်တို့ကို စပ်၍တိုက်ပေးခြင်းသည် ဝင်္ဂဓာတ်ပင်ဖြစ်သည်။ ဝင်-သည် ဗုဒ္ဓဟူးဖြစ်၍ ဂ-သည် တနင်္လာဟု သိစေလိုသည်။
ကျမ်းရင်းလင်္ကာ အပုဒ် (၁၁)တွင်
မလွန်ကောင်းစွာ၊ မှတ်တုံပါလော့။ မြေပံသုဓာတ်၊ ခိုင်ခံ့လတ်သော်၊ အပင့်ဝါယော၊ တေဇောလွန်မြောက်၊ ခန်းခြောက်အာပေါ၊ ကျလျောစေလို၊ ရှေ့ကိုထောက်ချင့်၊ ပေးသင့်သေလာ၊ ဖက်စပ်ရာကား၊ “ဝ” ဟုပညတ်၊ ဝတ္တုစပ်၍၊ ဆုံးဖြတ်သောအခါ၊ လွတ်ကင်းရာသည်၊ ပေးရာမှန်လှ ဓာတ်စဉ်တည်း ဟု ပါရှိသည်။
အထက်က ရေးသားခဲ့သကဲ့သို့ သုံးခွင့်သင့်က သုံးအပ်လှ၏။ စားခွင့်သင့်က စားအပ်လှ၏။ သောက်ခွင့်သင့်က သောက်အပ်လှ၏။ ပေးခွင့်သင့်က ပေးအပ်လှ၏ ဟူသော ကုထုံးများကို သတိပြုရန်လိုပါသည်။ ဝါးမီးနှင့် ပြုစား၍ ဝါးရွက်နှင့် ပြန်လည်ကုသပေးခြင်းမှာ ရုပ်ဆေး နာမ်ဆေးမြင်သူတို့အတွက် ကြံနိုင်သလောက် တိုးတက်ကြံနိုင်သည်။ ကြံနိုင်သော၊ တိုးတက်သော ဉာဏ်ရှိဖို့သာလိုသည်ဟု ဆုံးဖြတ်ရာ၏။

ဆရာကြီး ဦးသာတင့်၏ ပုဂ္ဂလပညတ် အခြေခံဓာတ်ကျမ်းမှ ကူးယူဖော်ပြပါသည်။

Tuesday, January 6, 2009

သူငယ်နာ ... ဂျာနယ်ကျော်မမလေး

ဓာတ်ပညာကား ရှေးဦးစွာ ပညတ်နှင့် ပရမတ်ကို ကွဲပြားထင်ရှားအောင် ပြနိုင်စွမ်းသော အခြေခံပညာတစ်မျိုးဖြစ်သည်။

မိုးပေါ်ကဆင်းလာသော သိကြားမင်းနှင့် တွေ့ရသလိုပင် မှတ်ထင်ကြကာတစ်မိနစ်၊ နှစ်မိနစ် ခန့် ငြိမ်သက်နေကြရသည့် အတောအတွင်း ရင်ထဲ၌ခုန်နေလေသည်။ ခင်လေးမြင့်သည် သူ့အဖေပေါင်ပေါ်၌ ထိုင်နေကာ ဆရာဝန်ကို မကြည့်ဝံ့ဘဲ မျက်လုံးကလေးမှိတ်လျက် ခြေထောက်ကို အသာဆန့်တန်းပေးထားသည်။
ဆရာဝန်က ခြေမမှကိုင်၍ ခြေထောက်ကို ဆွဲခါလှုပ်ကြည့်လိုက်သည့်တိုင်အောင်လည်း မျက်လုံးတစ်ချက်မဖွင့်၊ ကြောက်အားလန့်အားဖြင့် နင်းကန်မှိတ်ထားလေသည်။
ဆရာသည်ခြေထောက်ကို အသာအယာပြန်လွတ်ချလိုက်ကာ ချိုမြစွာပြုံးကြည့်လိုက်သည်။ ကလေး၏ခေါင်းလေးကို ပုတ်လျက် “ကလေးရေ၊ ကလေးရေ” ဟုခေါ်လိုက်သည်။ ခင်လေးမြင့်မျက်လုံဖွင့်မကြည့်၍ ဦးချစ်မောင်ကပါ “ဝက်မ… ဝက်မ၊ ဒီမှာ ဖေဖေ့ကိုကြည့်စမ်း” ဟု ငုံ့ခေါ်လေသည်။
ခင်လေးမြင့်ကို တော်တော်နှင့် မျက်လုံဖွင့်ခိုင်း၍မရ။ နောက်မှ မျက်လုံးကလေး မရဲတရဲ ဖွင့်ကြည့်လျက် သူ့အဖေပေါင်ပေါ်မှ ကျွန်မထံသို့ ပြေးလာမည်လုပ်သည်။
“သည်မှာကလေး၊ ခဏလေးနေပါဦး၊ ဦီးချစ်မောင်၊ သူ့ကိုလမ်းလျှောက်ခိုင်းစမ်းပါ”
ကျွန်မမှာ အခြေအနေကို သိချင်လှပြီ။ ဆရာဝန်စကားကို ကြားချင်လှပြီ။ ဆရာဝန်စမ်းသပ်မပြီး သေး၍ ရင်ထဲတထိတ်ထိတ်နှင့် စောင့်နေရသည်။ ခင်လေးမြင့်ကို ဆရာဝန်ရှေ့၌ လမ်းလျှောက်ပြအောင် ချော့ကြရသည်။ ကျွန်မတို့ချော့ပြောနေကြခိုက် မျက်လုံးပြာပြာ၊ နှာခေါင်းချွန်ချွန်၊ အသားနီနီရှိသော ဆရာဝန်၏မျက်နှာပုံပန်းကို အလစ်ခိုးကြည့်လျက် ပေါင်ပေါ်မှမထဘဲ ပေကတ်ထိုင်နေသည်။

“ သမီးလေး.. တင်ပါးထဲကနာတယ်ဆို၊ အဲ့ဒါပျောက်သွားမယ်၊ ထလေ၊ လျှောက်ပြလိုက်၊ ထ…ထ”
ကျွန်မ သူ့နားသို့ထသွားကာ သူ့လက်ကို ဆွဲထူခေါ်သည်။ ခင်လေးမြင့်သည် ဘယ်လို ခေါ်ခေါ်မထဘဲ ခေါင်းသာတွင်တွင်ရမ်းပြနေကာ သူ့အဖေ၏လက်ကို အတင်းဆုပ်ကိုင် ထားလေသည်။ ဆရာဝန်သည် ကိုယ်ကို ဆန့်ရပ်ကာ လက်ဝါးနှစ်ဖက် နောက်ဖြန့် ခါးထောက်လျှက် ကျွန်မတို့ကို ပြုံးကြည့်နေသည်။ ပြုံးလျှက်ကပင် ကလေးဝေဒနာကို စူးစမ်း နေသောမျက်စိဖြင့် မျက်မှောင်ကြုတ်ထားသည်။
ဆရာဝန်မှာ ခင်လေးမြင့် အထ ကို ပြုံးရပ်စောင့်နေသည်။ သူ့အဖေက ချိုင်းမှကိုင်၍ မ ထူပေးရင်း “အရုပ်လိုချင်တယ်ဆို၊ ထလေ၊ ထလိုက်” ဆိုမှ “ဖေဖေပါ ထ” ဟု တိုးတိုးလေး မော့ပြောသည်။ “ဖေဖေ့ …ကိုင်မထားနဲ့လေ၊ ဝက်မဘာသာဝက်မ လျှောက်မှပေါ့၊ ဖေဖေလဲ လျှောက်မယ်.. လာ”
သားအဖနှစ်ယောက်သည် ဧည့်ခန်းအဆုံး အုတ်နံရံအထိ လျှောက်သွားကြလေသည်။ ဦးချစ်မောင်ဘေးမှ ခင်လေးမြင့်က ခပ်ဖြည်းဖြည်း ကပ်လျှောက်လိုက်သွားလေသည်။ ဆရာဝန်မှာ ခင်လေးမြင့်လျှောက်ပုံကို မျက်တောင်မခတ် လှမ်းကြည့်နေသည်။ ဧည့်ခန်းထဲသို့ပြန်လျှောက်လာကြသောအခါ ကျွန်မအနားသို့ “ စိတ်မပူပါနဲ့ မစ္စစ်ချစ်မောင် စိုးရိမ်စရာ ဘာမှမရှိပါဘူး” ဟု လာပြောသည်။ ကျွန်မသည် အားရဝမ်းသာ ရှိုက်၍ ပင့်သက်ချလိုက်ကာ စိတ်ကိုအများကြီး ပေါ့ပါးသွားတော့သည်။
စစ်အတွင်း ဂျပန်ခေတ်က ရွှေတောင်ကြားလမ်း၊ ဗိုလ်လက်ျာအိမ်၌ ကျွန်မတို့နေကြစဉ် ခင်လေးမြင့်မှာ သုံးနှစ်သမီိးရှိသေးသည်။ တနေ့မှာ အဖျားပျောက်ကာစ ထကစားနေရင်း တင်ပါးထဲက နာတယ်ဟုဆိုကာ ငိုနေလေသည်။ ပြေးလွှားကစားရင်းက အကြောမြက် သွားသည်ထင်မှတ်၍ တင်ပါးကို လီနီမင် လိမ်းဆေးများလိမ်းပေးလိုက်သည်။ ဆေးလူးပေး လည်း အလျှင်းမပျောက်။၊ သက်သာသလို ထ ကစားပြီး တင်ပါးထဲကနာတယ်ဟု ညည်းငိုနေတတ်သည်။
ကျွန်မမှာ ဘာဖြစ်နေမှန်းမသိ၍ စိတ်ပူလာသည်။ ခင်လေးမြင့်ကို ပြည်သူ့ဆေးရုံသို့ခေါ်သွား ကာ ဆရာဝန်ဆီသွားပြသည်။ ဆရာဝန်က ခြေထောက်ကို စမ်းကြည့်ပြီး ဆေးထိုးပေးလိုက် သည်။ စစ်အတွင်း ဆေးစွမ်း၊ ဆေးကောင်း ရှားပါးကြောင်းကိုလည်း ဆရာဝန်က ညည်းပြောလိုက်သေးသည်။ “ ဒါ သူငယ်နာခေါ်တယ်ဟဲ့၊ ဆေးထိုးမနေနဲ့၊ သူငယ်နာအုပ်ဆေး ကလေး လိမ်းပေးလိုက်စမ်းပါ”
ဟု ကြီးတော်ကြီးက ဆေးမထိုးရန် ကန့်ကွက်သည်။ ထိုအချိန်က အင်္ဂလိပ်ဆေးသာလျှင် ဆေးထင်လျက် မြန်မာ အုပ်ဆေးကို ဆေးဟူ၍ လေးလေးစားစားအသိအမှတ်မပြုချင်သဖြင့် ကြီးတော်ကြီိးစကားကို နားမဝင်နိုင်ဘဲ ဆေးရုံသို့သာသွားကာ ဆေးထိုးပေးနေတော့သည်။ ဆေးထိုးပြီိးနောက်လည်း တင်ပါးထဲက နာတယ်ဟုသာ ပြောနေသည်။ တင်ပါးနာမှာကြောက် ပြီး လမ်းကို ကောင်းကောင်းမလျှောက်ဘဲ အမြဲထိုင်ကစားနေတော့သည်။ “ ပေါ့မနေနဲ့၊ ဟဲ့ .. ဒါဟာ သူငယ်နာဟဲ့၊ မြန်မာဆရာခေါ်ပြစမ်း..” ဟု ကြီးတော်ကြီးက နားပူနားဆာ လုပ်လေသည်။ ဆရာဝန်ဆေးထိုးနေသည်ဖြစ်၍ မြန်မာဆရာကိုပြရန် စိတ်မကူးဘဲ ဆရာဝန်စကားသာနားထောင်ကာ ဆရာဝန့်အမှာအတိုင်း လုပ်ပေးနေသည်။
ဂျပန်တစ်ခေတ်လုံး ခင်လေးမြင့်ကို လမ်းကြာကြာလျှောက်ခိုင်း၍မရဘဲ အထိုင်များနေလေ သည်။ လျှောက်ခိုင်း၍ လျှောက်လျှင်လည်း ခဏတဖြုတ်သာလျှောက်ကာ တင်ပါးထဲက နာတယ်ဆိုလျက် ထိုင်ချတတ်ချေသည်။ ဆရာဝန့်အမှာအတိုင်း တင်ပါးကို ရေနွေးအိတ်ကပ် ပေးရလွန်း၍ ခင်လေးမြင့်လည်း ရေနွေးအိတ်ကို ကြောက်နေသည်။
လမ်းမလျှောက်ပဲနေလျှင် ရေနွးအိတ်ကိုပြ၍ ခြောက်မှ ထလျှောက်သွားလေသည်။ ဂျပန်တစ်ခေတ်လုံး အင်္ဂလိပ်ဆေးဝါး ရှားပါးလှသည်။ အင်္ဂလိပ်ဆေးကောင်းများမရှိ၍သာ မြန်မြန်မပျောက်ဖြစ်ရသည်။ အင်္ဂလိပ်လက်ထက်တုန်းကများဖြစ်လျှင် ယခုလိုကြာကြာခံစား နေရမည်မဟုတ်ဟုထင်မြင်ကာ အင်္ဂလိပ်ဆေးကောင်းများနှင့် ဝေးနေရခြင်းအတွက် စိတ်အား ငယ်မိသည်။ ခင်လေးမြင့် အသက် ၇- နှစ်တွင် စစ်ကြီးပြီးသွားလေသည်။ ဂျပန်အထွက် အင်္ဂလိပ်အဝင် ကျွန်မတို့သိမ်ချောင်းရွာက ရန်ကုန်ဘက်သို့ ပြန်ခဲ့၏။ ကံဘဲ့တွင် ခေတ္တနေထိုင်ကြရသည်။ ထိုအချိန်တွင် ကျွန်မတို့အိမ်အနီးအနား၌ အင်္ဂလိပ်စစ်တပ်ချလျှင် စစ်သားများ၏ ရွက်ထည်ရုံမှာ အိမ်ကိုဝိုင်းရံနေကြပေသည်။ အိမ်နားစစ်တပ်ရောက်လာပြီး စစ်တပ်မသိမ်းခင်ကလေး အိမ်နားကစစ်တပ်ထဲမှ မျက်နှာဖြူ မေဂျာစစ်ဗိုလ် တစ်ဦးနှင့် အသိဖြစ်ခဲ့ကြသည်။ ကျွန်မတို့အိမ်သို့ အလည်အပတ် ဝင်ထွက်သွားလာနေသော မေဂျာ စစ်ဗိုလ်ကို တနေ့သ၌ စကားစပ်မိ၍ စစ်အတွင်း ကျွန်မသမီးလေး လမ်းလျှောက်လျှင် တင်ပါးမျက်နေတာ ဆေးကောင်းမရှိသဖြင့် ကောင်းကောင်းမပျောက်ဘဲ ဖြစ်နေကြောင်း ပြောပြမိသည်။ “ အိုး.. ဟုတ်လား.. ဒီလိုဆိုရင် မြန်မြန်ကုလိုက်ပါ၊ အခုဆေးရုံကြီးမှာ အကြောအခြင်ကုသတဲ့ စပါယ်ရှယ်လစ် ဆရာဝန်ကြီး မေဂျာ မစ်ချယ်လ်ရှိတယ် သူ့ကိုပြပါ၊ နက်ဖြန်ညနေ ကျုပ်ခေါ်လာခဲ့မယ်”
စစ်ဗိုလ်၏စကားကိုကြားရသောအခါ ကျွန်မတို့ဇနီးမောင်နှံမှာ တစ်ယောက်မျက်နှာ တစ်ယောက် လှမ်းကြည့်လိုက်ကြကာ စစ်ဗိုလ်ရှေ့၌ ဣနြေ္ဒပင်မဆောင်နိုင်ဘဲ “ဘုရားသိကြား မ တာပဲ” ဟု ဝမ်းသာအားရပြောမိသည်။
အကြောအရိုး စပါယ်ရှယ်လစ်ဆရာဝန်ကြီိးက ကျွန်မကို ကိစ္စမရှိပါဘူးပြောဆိုပြီးနောက် ခင်လေးမြင့်ကို ဆိုဖာပေါ်၌ ပြန်ထိုင်ခိုင်းလျက် ခြေထောက်ကလေးကိုကိုင်ကာ ခြေမျက်စိကို လက်မနှင့် နှိပ်ကြည့်နေပြန်သည်။ “ နာသလား.. ကလေး”
ခင်လေးမြင့်သည် မျက်စိကလေးကြောင်တောင်ဖြင့် ဆရာဝန်ပြောတာမကြားသလို အရုပ်ကလေးအတိုင်း ငြိမ်နေသည်။ “ ဝက်မ.. နာသလား.. ဆရာဝန်နှိပ်တော့ နာသလား” သူ၏ခေါင်းကို ရမ်းလိုက်ကာ ခြေထောက်ကလေးကို လိမ်လျက် မည်သူ့ကိုမျှမကြည့်ဘဲ ခေါင်းကို ငုံ့ထားလိုက်၏။
“ လမ်းလျှောက်ရင် တင်ပါးထဲကမျက်တာဟာ ခြေမျက်စိကအကြောကလေး ထပ်နေလို့ ဖြစ်ရမယ်၊ အကြောကလေးကို ဖြည်ပေးလိုက်ရင် တင်ပါးကနာတော့မယ်မဟုတ်ဘူး၊ နက်ဖြန်ဆေးရုံတင်ပါ၊ ပျောက်သွားအောင်လုပ်ပေးမယ်”
ဆရာဝန်ပြန်သွားပြီးနောက် ခင်လေးမြင့်ကို နက်ဖြန်ဆေးရုံတင်ဖို့အရေး ကြီိးတော်ကြီးက ဖျစ်တောက် ဖျစ်တောက်နှင့် ဆူပူကန့်ကွက်နေပေ၏။
“ ညည်းတို့မလဲ တစ်ဆိတ်ရှိဆရာဝန် ဒါများအေ.. ဆေးရုံတင်ဦိးမလို့လား၊ သူငယ်နာအေ့ သူငယ်နာ၊ လူးဆေး အုပ်ဆေးကလေးနဲ့ တဖြည်းဖြည်းပျောက်မှာပဲလို့ပြောနေတာ ဆေးရုံမတင်ကြပါနဲ့”
ကျွန်မကြီးတော်မှာ ရှေးအမယ်ကြီးမို့ အင်္ဂလိပ်ဆေးပညာကို မယုံကြည်တာဟု ထင်မြင်ကာ ဖျစ်တောက်ဖျစ်တောက်ပြောနေခြင်းကို စိတ်မရှည်နိုင်တော့ဘဲ ပြန်ပြောမိသည်။
“ အို… အကြီးကလဲ ဆေးရုံတင်တာ ဘာဖြစ်သလဲ၊ ကောင်းအောင်လုပ်ပေးတာပဲ၊ အကြီးမုန်ညှင်းဆီလူးပေးနေလို့ကော ပျောက်လို့လား အကြီးရဲ့”
“ မုန်ညှင်းဆီလူးပေးနိုင်လို့ သက်သာလာတာမဟုတ်လားဟဲ့၊ တို့ရွာက ကိုကျောက်လုံးသားက လေးလည်း ဒီလိုပဲဖြစ်တာပဲ၊ သူငယ်နာဆေးခွံ့ပြီး လင်းပိုင်ဆီနဲ့နှိပ်ပေးတာနဲ့ ပျောက်သွားတာပဲ တော်”
“ အကြီးလင်းပိုင်ဆီက ဘယ်ကရမှာလဲ၊ အခုကုမဲ့ဆရာဝန်က အကြောအခြင်ကို နားလည်တဲ့ ဆရာဝန်၊ ဆေးရုံတင်တော့ ပျောက်မယ်မဟုတ်လား.. အကြီးရဲ့….”
ကျွန်မနှင့်အကြီးတို့ တစ်ယောက်တစ်ခွန်းဖြစ်နေကြခြင်းကို နားထောင်နေသော ဦးချစ်မောင်က .. “ စိတ်မပူပါနဲ့ အကြီးရယ်.. ကောင်းသွားမှာပေါ့” ဟု အေးအေးသာသာဝင်ရှင်းပြောပြသည်။ နောက်တစ်နေ့ ကျွန်မတို့ ခင်လေးမြင့်ကို ဆေးရုံခေါ်သွားကြသည်။ ဆရာဝန်က ကျွန်မကို အပြင်ဘက်၌နေစေကာ ဦးချစ်မောင်နှင့် ခင်လေးမြင့်ကို အခန်းထဲသို့ ခေါ်သွင်းသွားသည်။ အပြင်၌ နှစ် နာရီခန့် ထိုင်စောင့်နေသဖြင့် အချိန်ကြာနေ၍ ဘယ်လိုများလုပ်နေပါလိမ့်ဟု သိချင်စိတ် ကြီးမားနေတော့သည်။ သိချင်ဇောဖြင့် စောင့်ဆိုင်းနေစဉ် တစ်ချိန်လုံး ကျွန်မလှမ်း ကြည်နေသော အခန်းတံခါးပေါက်သည် ပွင့်လာကာ လက်တွန်းလှည်းကလေး ထွက်လာသည်။ ကျွန်မလည်း လက်တွန်းလှည်းကလေးဆီသို့ ထ ပြေးသွားသည်။ လက်တွန်းလှည်းကလေးပေါ်၌ ပက်လက်ကလေး ပါလာသော ခင်လေးမြင့်သည် အသက်မရှိ သလို မျက်လုံးမှိတ်လျက် ပါးစပ်၌ အမြှုပ်တစီစီထွက်နေသည်။
“ ကိုကို … ပြီးပြီလား၊ ဘယ်လိုလုပ်လိုက်တာလဲ”
လက်တွန်းလှည်းနောက်မှထွက်လာကြသော ဦးချစ်မောင်နှင့် ဆရာဝန်ကို စိုးရိမ်ကြီးစွာ လှမ်းမေးလိုက်သည်။
“ မေ့ဆေးပေးပြီး ခြေမျက်စိက အကြောကလေးထုံးနေတာ ဖြေလိုက်တယ်၊ အခုခြေထောက် ကို ပလာစတာနဲ့ ကိုင်ထားတယ်၊ တစ်လကြာမှ ဖြေရမယ်တဲ့”
ကျွန်မမျက်စိထဲ၌ ပျောက်မှာပဲဟု တစ်ထစ်ချဟုံကြည်ထားသော်လည်းမေ့ဆေးမပြယ်ခင် မြင်တွေ့ရပုံ မသက်သာလှသဖြင့် မျက်စိမျက်နှာပျက်ကာ စိတ်ထဲနောက်သွားသည်။ ခင်လေးမြင့်ကို ခလေးခန်းထဲသို့ ပို့လိုက်သည်။ ကျွန်မတို့လည်း ခင်လေးမြင့် သတိရသည့် အချိန်အထိ ဆေးရုံ၌ စောင့်နေကြရသည်။ ခင်လေးမြင့်သည် သတိရတာနှင့်ပင်…
“ အိမ်ပြန်မယ်ဖေဖေ၊ ပြန်မယ်” ဟု အော်ဟစ်ငိုပြော၏။ ချော့မော့ပြောဆို၍မရ အောင်ငိုနေသဖြင့် နောက်ဆုံး၌ ဆရာဝန်က ကျွန်မကို ကလေးခန်းထဲ၌ ခင်လေးမြင့်နှင့်အတူ နေထိုင်ခွင့်ပြုလိုက်သည်။ ကျွန်မမှာ ခင်လေးမြင့်ဘေးရှိ ကလေးကုတင်လေးတစ်လုံးပေါ်၌ ခွေအိပ်ရလျက် တစ်ညလုံးအိပ်မပျော်နိုင်ဘဲ အင်္ဂတေကိုင်ထားသည့် ခြေထောက်ဖြူဖြူကြီးကို ခဏခဏ ထကြည့်မိလေသည်။
ဆေးရုံ၌ ဆယ်ရက်နေခဲ့ကြသည်။ ဆယ်ရက်စေ့လျှင် ဆရာဝန်က အိမ်သို့ခေါ်သွားရန်ခွင့်ပြု လျက် တစ်လစေ့မှ ဖြေကြည့်ရန်ပြောဆိုသည်။ ခင်လေးမြင့်ကို ဆေးရုံမှ အိမ်သို့ခေါ်သွားသော အခါ အကြီးသည် ခြေထောက်ဖြူကြီးကို လာကိုင်ကြည့်လျှက် မျက်နှာမကောင်း ဖြစ်နေ၏။
“ခေတ်မီကုနည်း အကြီးရဲ့… ၊ ဒီလိုကုနည်းမျိုး ရှေးကမရှိဘူး၊ အခုစစ်ပြီးမှ သိပ်တိုးတက် လာတာပဲ” ဟု ပြောရသည်။
ခင်လေးမြင့်အိမ်ရောက်၍ ၁၀ ရက်ခန့်ကြာလျှင် ဆရာဝန်ကြီးမေဂျာမစ်ချယ်သည် ဘိလပ်သို့ ပြန်သွားရလေသည်။ ဘိလပ်မပြန်ခင် ဦးချစ်မောင်က ဆရာဝန်ကြီးအားကျေးဇူးတင်ကြောင်း အထိမ်းအမှတ် လက်ဆောင်တစ်ခု ပေးလိုလှသည်ဆို၍ ဆရာဝန်ကြီးဇနီးအတွက် စိန်နှင့်မြ ရံထားသော တစ်ထောင့်ငါးရာကျပ်တန် လက်စွပ်တစ်ကွင်း အမီလုပ်ကာ လက်ဆောင်ပေး လိုက်ကြသည်။ ဆရာဝန်က တစ်လစေ့လျှင် လွှကလေးနှင့်မံထားသော ပလာစတာများကို တိုက်ဖြေရန် မှာကြားသွားလေသည်။
ခင်လေးမြင့်မှာ တစ်လလုံး အိပ်ယာပေါ်၌ ပက်လက်နေရသည်။ ဖွင့်ရမည့်ရက်ကိုသာ တစ်မေးတည်းမေးကာ စိတ်အိုက်လျက် တစ်ခါတစ်ရံလည်း အထဲကယားတယ်၊ ဖွင့်ပေးပါတော့ဟု အော်ဟစ်ငိုယိုနေလေသည်။ တစ်လစေ့သော အချိန်သို့ ရောက်ပေပြီ။ ကျွန်မတို့ လွှကလေးကို ကြိုတင်ရှာဖွေထားကြသည်။ ခင်လေးမြင့်ကို ကုတင်ပေါ်မှပွေ့လျက် ဧည့်ခန်းထဲက ဆိုဖာပေါ်တွင် ထိုင်စေကာ သူအဖေက လွှကလေးဖြင့် အဖတ်ကြီးကို အသာတိုက်ဖြတ်ပေးလေသည်။ အကြီးနှင့်ကျွန်မမှာ အင်္ဂတေကဲ့သို့ မာကြောလှသည့် အခွံကြီး မကွာမချင်း အနားက တထိတ်ထိတ်နှင့် ကြည့်နေကြသည်။ ဒူးဆစ်က ခြေဖဝါးအထိ မံအုံထားသော အဖတ်ကြီးမှာ လွှချက်ဖြင့် တဖြည်းဖြည်း ဟပွင့်လာလေသည်။ သူ့အသားကို ထိမည်စိုး၍ တစ်ချက်တစ်ချက် လန့်ဖျပ် ရုန်းနေပြန်သောကြောင့်
“ဝက်မ… ငြိမ်ငြိမ်နေလေ၊ ဖေဖေ ဖြည်းဖြည်းလုပ်ပေးမယ်” ဟုချော့မော့ရလျက် အသားမထိ အောင် ဂရုစိုက်ပြီး လွှနှင့်တိုက်နေသည်။ ဦးချစ်မောင်၏ နဖူး၌ ချွေးပေါက်များ စို့ထွက်နေအောင် အသက်မရှူဘဲ သတိထားလုပ်ကိုင်နေပုံကို စိတ်ထဲ၌ ကြာတယ်ထင်မိ၏။ တစ်ခန်းလုံး တိတ်ဆိတ်၍ နေလေသည်။ လွှသံသည် အသက်ရှူသံများနှင့်လိုက်ကာ မြန်ဆန် လာလေသည်။ ဒူးဆစ်မှ ခြေဖဝါးအထိ ဟပွင့်သွားကာ အထဲမှ ခြေထောက်ကလေး ပေါ်လာသည်။
“ ဟဲ့” အကြီး၏ အော်သံဖြစ်သည်။
ကျွန်မသည် ခင်လေးမြင့်၏ ခြေခုံထိပ် ခြေဆစ်၌ လက်ညှိုးတစ်ချောင်းစာလောက်ရှိမည့် ကင်းခြေများသဏ္ဍာန်ပေါ်နေသော ချုပ်ရိုးကြီးကို စူးစိုက်ကြည့်ကာ မျက်စိထဲမြင်ထဲမြင်လိုက်ရ သော ခြေဖဝါးအနေအထားကို လန့်ဖျပ်သွားလျက်
“သမီး ထစမ်း..ထစမ်း၊ လမ်းလျှောက်စမ်း” ဟု ကမူရျှူးထိုးပြောလိုက်သည်။ ခင်လေးမြင့်သည် ထိုင်ရာမှ ထကာ ဧည့်ခန်းအဆုံး အုတ်နံရံအထိ လျှောက်သွားသည်။
“ဟင်”
ဦးချစ်မောင်၏ အသံနှင့်အတူ ကျွန်မက “အို” လန့်အော်မည်လိုက်သည်။
“အမယ်လေးတော်..” ဟူ၍ လည်ခေချာင်းထဲက ညှစ်မည်နေသည့် မဆုံးနိုင်သော အကြီး၏ အသံကြီးကြောင့် ရင်ထဲ၌လှိုက်ကာ ပိုမို၍ ဖိုသွားတော့သည်။ ခင်လေးမြင့်သည် မအေ မွေးတုန်းက ခြေထောက်အကောင်း၊ ဆေးရုံပို့လိုက်ကာမှ ခြေဖဝါးတစ်ဘက် ဘေးသို့ ရွဲ့သွားကာ ခြေတစ်ချောင်းကအတည့်၊ ခြေတစ်ချောင်းက အရွဲ့ဖြင့် ကျွန်မတို့ကို အရုပ်ဆိုးစွာ လမ်းလျှောက်ပြနေသည်။ ကျွန်မမှာ မျက်စိတွေပြာလာလျက် ရင်တခုန်ခုန်၊ တလှပ်လှပ်ဖြင့်
“ဟဲ့.. ဝက်မ၊ တည့်တည့်လျှောက်စမ်း၊ တည့်တည့်လျှောက်…. တည့်တည့်လျှောက်” ဟု ကြောက်ကြောက်လန့်လန့် အော်ပြောနေသည်။
ခင်လေးမြင့်သည် မတ်တပ်က ကုန်း၍ ဘေးရွဲ့နေသော သူ့ခြေဖဝါးကို လက်နှင့်ပုတ်ပြလျက် ..
“တည့်တည့်ထားလို့ မရဘူး မေမေရဲ့..၊ ဒီဥစ္စာ ဟိုဘက်ရောက်သွားပြီ”
ဦိးချစ်မောင်သည် ခင်လေးမြင့်လျှောက်ဟန်ကို ကြည့်နေစဉ်က ကျောက်ရုပ်ကြီးလို ဖြစ်နေ ရာမှ ခင်လေးမြင့်ကို သွားပွေ့လိုက်သည်။ ကုလားထိုင်၌ ခင်လေးမြင့်ကို ပေါင်ပေါ်တင်ထိုင်ပြီိး ခေါင်းကြီးငုံ့ကာ စိတ်အတော်ထိခိုက်သွားလေသည်။ စိတ်မကောင်းလွန်း၍ ခင်လေးမြင့် ခြေထောက်ကို ယုယုယယ နယ်နေသည်။ ထို့နောက် ကျွန်မမျက်နှာကို မကြည့်ရက်ကြည့်ရက် ဖြင့် တဖြည်းဖြည်းမော့ကြည့်သည်။ ကျွန်မမှာ နေရာမှ လှုပ်ရှားလို့ပင်မရနိုင်ဘဲ သူ၏မျက်နှာကို မျက်ရည်ဝိုင်းသော မျက်လုံးဖြင့် ပြန်ဆိုင်ကြည့်နေမိသည်။
“အမယ်လေးတော်.. သူငယ်နာပါလို့ ငါကတဖွဖွပြောပါလျက်နဲ့ ဆေးရုံတက်ခွဲလိုက်ကြတာ အခုတော့ မြင်လို့ကောင်းကြသေးရဲ့လား”
အကြီးသည် ရှိုက်ကာရှိုက်ကာ ငိုမြည်တမ်းပြီးနောက် အနားတွင်မနေချင်တော့ဘဲ အခန်းထဲသို့ ထ ဝင်သွားသည်။ ခင်လေးမြင့်မှာ ခြေထောက်ရွဲ့သွားခြင်းကို နားမလည်သော်လည်း အင်္ဂတေခွံခွာလိုက်ခြင်းကို ဝမ်းသာကျေနပ်နေရှာသည်။ သူ့ခြေထောက်က ချုပ်ရိုးကြီးကို ကုန်း၍ လက်ဖြင့်ပွတ်ကြည့်လိုက်၊ ရွဲ့နေသည့်ခြေဖဝါးကို လက်နှင့်ဆွဲကြည့်လိုက်နှင့် အငြိမ်ကိုမနေဘဲ ပေါင်ပေါ်တွင် တလှုပ်လှုပ်လုပ်နေသည်။ ကျွန်မမှာ သူ့ခြေထောက်ကို မမြင်ဝံ့အောင်ဖြစ်ကာ ကြည့်ချင်စိတ်မရှိတော့ချေ။ သူ့အဖေကိုလည်း ဘာပြောရမှန်း စကားရှာ မတွေ့ဘဲ ဆို့ကာရပ်နေသည့်အတိုင်း ရပ်နေရာက မျက်ရည်တွေ စီးကျလာသည်။
သူသည် ကျွန်မလက်ကို လှမ်းဆွဲကိုင်လိုက်ကာ ကျွန်မကိုဘာမှမပြောနိုင်ဘဲ မျက်နှာကိုသာ စိုက်ကြည့်လျက်နေတုန်းပင်…
“အပျိုလေးများဖြစ်လာရင် ကိုကိုရယ်…”
ကျွန်မမှာ ရှေ့သို့ ဆက်၍ပြောနိုင်စွမ်းမရှိတော့ချေ။ သူ၏ မျက်နှာတစ်ပြင်လုံး မည်းမှောင်သွား သည်ကိုသာ မြင်လိုက်ရတော့သည်။ ခင်လေးမြင့် ဤသို့ခြေထောက်ရွဲ့သွားပြီိးနောက် တစ်လ လောက်ကြာလျှင် သူ့အဖေ ဆေးရုံ၌ဆုံးသွားလေသည်။ သေသောသူအတွက် စိတ်ဆင်းရဲခြင်း ဒုက္ခသာမက ရှင်သောသူအတွက် စိတ်ဆင်းရဲခြင်းကို နေ့စဉ်နေ့တိုင်း ခံစားနေရသည်။ ခင်လေးမြင့်သည် တင်ပါးကနာသည်ဟု ခါတိုင်းလိုမပြောသော်လည်း ခါးကိုလိမ်ကာ ရွဲ့စောင်း ရွဲ့စောင်းလျှောက်နေပုံမှာ ကြာလေကြာလေ အရုပ်ဆိုးနေသဖြင့် ကြီးတော်စကားကို နားမ ထောင်ဘဲ ဆေးရုံတင်၍ ရွဲ့ရတာဟု ရင်ထုမနာ ဖြစ်နေရသည်။ ခင်လေးမြင့်၏ ကံကြမ္မာဟု သဘောမထားနိုင်ဘဲ မိဘအပြစ်ဟု စိတ်ထဲ စွဲနာနေတော့သည်။
သေသူ၏ဝေဒနာကို စဉ်းစားလိုက်လျှင် ကျောက်လိုလို၊ ဝက်သက်လိုလိုဖြင့် ဘာရောဂါမှန်း မသိရဘဲ ဆယ်ရက်တည်းနှင့် ဆေးရုံတင်ပြီး အသက်ကုန်ရ၏။
ရှင်သူ၏ဝေဒနာကို စဉ်းစားမိပြန်လျှင်လည်း အကြောထုံးသလိုလို၊ အကြောတင်းသလိုလိုဖြင့် ဆေးရုံတင်ပြီး အကောင်းပကတိက ရွဲ့သွားလေသည်။ မျက်စိရှေ့တွင် ခါးကိုလိမ်၍ ရွဲ့စောင်း ရွဲ့စောင်းလျှောက်ရရှာသော ခင်လေးမြင့်ကိုမြင်ရတိုင်း စိတ်မချမ်းမသာဖြစ်နေကာ အကယ်၍ ကျွန်မသာမြန်မာဆေးဝါးကို ယုံကြည်နိုင်ပါက ယခုလို ဖြစ်ချင်မှ ဖြစ်မှာဟု တွေးထင်လာသည်။
မြန်မာဆေးကို ယုံကြည်လေးစားဖို့ရန်လည်း ခက်နေသည်။ နောက်နောက်က အထင်မကြီးသောစိတ်ကို ရုတ်တရက် ဖျောက်မရနိုင်ဘဲ ယုံလည်းယုံချင်၊ ယုံလည်းမယုံဝံ့၊ မယုံဝံ့၍ နိုင်ငံခြားဆေးဝါးကို အားထားဖို့ရန်လည်း စိတ်ပျက်လှသည်။ တကယ့်အရေးတွင် သားအဖနှစ်ယောက်စလုံး မျက်မှောက် လတ်တလောကြီး ပက်ပက်စက်စက် ဖြစ်ကုန်ကြသော အတွေ့အကြုံကြောင့် ဆက်လက်အားထားချင်စိတ် ကုန်ခန်းနေသည်။
ကျွန်မမှာ တောင်မရောက်၊ မြောက်မရောက် အတော့်ကို စိတ်ညစ်စရာကောင်းနေသည်။ ဤအတွင်း နေထိုင်မကောင်းဖြစ်ရာ မြန်မာဆေးလည်းမသောက်ဝံ့၊ အင်္ဂလိပ်ဆေးလည်း မသောက်ချင်၊ ဘယ်ဘက်မှ မပြတ်သားဘဲ ဝေဒနာတစ်ဘက်နှင့် အခက်ကြုံလာသည်။ တခုခုကိုရွေးချယ်ကာ ပြတ်သားမှ ဖြစ်တော့မည့်အချိန်အခါကို ရောက်မှပင် စိတ်ကို ပြတ်သားအောင်လုပ်ရသည်။ နိုင်ငံခြားဆေးဝါးကို အားထားချင်စိတ်ကုန်ခန်းခြင်းဖြင့် ဆက်လက်၍ မစဉ်းစားဘဲ မယုံဝံ့ဖြစ်နေသော မြန်မာဆေးဝါးကို ယုံအောင်၊ ယုံကြည်နိုင်မည့် နည်းလမ်းကို ရှာဖွေစဉ်းစားကြည့်သည်။
ဆေးကို စမ်းသပ်စားသုံးခြင်းထက် ပညာကိုလိုက်စားခြင်းဖြင့် ယုံကြည်သင့်လျှင် ယုံကြည်မည် ဟု ဆုံးဖြတ်လိုက်သည်။ ထိုဆုံးဖြတ်ချက်၏ လှုံ့ဆော်ချက်၊ စေစားချက်အရ မြန်မာ့ဆေး ပညာကို အားထုတ်ကြိုးစားလေ့လာလိုက်စားခြင်း ဖြစ်တော့သည်။
ကျွန်မ သင်ကြားယူသောဆေးပညာ၊ ဓာတ်ပညာကား ရှေးဦးစွာ ပညတ်နှင့် ပရမတ်ကို ကွဲပြား ထင်ရှားအောင် ပြနိုင်စွမ်းသော အခြေခံပညာမျိုးဖြစ်သည်။ သင်္ခတဓာတ်၊ အသင်္ခတဓာတ် ဓာတ်အားဖြင့်နှစ်ပါး အပြားရှိခြင်းကို ထင်လင်းစေနိုင်သည်။ သင်္ခတဓာတ်သည် အဝိဇ္ဇာမာန ပညတ်၊ သမုတိပညတ်ဖြစ်၍ လောကီတရားကိုယ်အရ လောကဓာတ် မည်၏။
လောကီ သမုတိပညတ်မှလွတ်သော လောကုတ္တရာ နိဗ္ဗာန်သည် ပရမတ္တစစ်စစ်ဖြစ်၍ အသင်္ခတဓာတ်မည်၏။ ထိုအသင်္ခတဓာတ်သည် ဝိဇ္ဇာမာနပညတ်ဖြစ်၍ ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းတရား လေးပါးတို့မှ ပြုပြင်ခြင်းကင်း၏။ သင်္ခါရမှ လွတ်၏။ ထိုအသင်္ခတ ဓာတ်သည် မမြင်နိုင်သော ဓာတ်မျိုးဖြစ်သည်။
သင်္ခတဓာတ်မှာ အဝိဇ္ဇာ မာန ပညတ်ဖြစ်၍ ကံ၊ စိတ်၊ ဥတု၊ အာဟာရလေးပါးတို့မှ ပြုပြင်ခြင်းမကင်းသော သင်္ခါရနယ်အတွင်း ဖြစ်၍ပျက်ခြင်း အကြောင်းကြောင့် သင်္ခတဓာတ်မည်၏။ သင်္ခတဓာတ်၌ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟု သုံးပါးခွဲခြားထားရာတွင် ထိုသုံးပါးသော လောကတို့၌ သတ္တပုဂ္ဂလ၊ သတ္တဝါပုဂ္ဂိုလ် အစရှိသည်တို့သည် သတ္တလောကဖြစ်၏။
ဆိုအပ်ပြီးသော သတ္တလောကတည်ရာ ဣန္ဒြိယ အနိ ဣန္ဒြိယ၊ ဘဒ္ဒ၊ သဒ္ဒရုပ်အပေါင်းတို့သည် သြကာသလောကမည်၏။
ဤသို့ ပညတ်နှင့် ပရမတ်၊ သင်္ခတနှင့် အသင်္ခတဓာတ် တခြားစီ ကွဲပြားခြားနားကြရာဝယ် မြန်မာဆေးကျမ်း၊ ဓာတ်ကျမ်းတို့၌ ပညတ်နှင့် ပရမတ်၊ လောကီ လောကုတ္တရာ ရောထွေးယှက်တင်နေကာ အဓိပ္ပါယ် အယူအဆ မရှင်းနိုင်အောင် ရှုပ်ထွေးနေသည်။
လောကုတ္တရာမှာ သင်္ခါရလွတ်ရာဓာတ်၊ ဗိန္ဓော၊ ဆေးဝါး စားစရာမရှိ။ လောကီမှာသာ ဆေးဝါး စားစရာရှိသည်။
ကျွန်မဆေးပညာကို ဆရာသမားထံသင်ကြားစက ဆရာကြီးသည် သူ၏နှုတ်တွင် ခဲနေသော ဆေးတံကို ချွတ်ကာ ဒါဘာလဲဟု မေးလေသည်။ ဆေးတံကို ဒါဘာလဲဟု မေးခြင်းမှာ စဉ်းစား စရာကောင်းသဖြင့် ကျွန်မမှာဆရာ့အမေးကို ခေတ္တမျှစဉ်းစားနေပြီးနောက် ဆေးတံဟု မဖြေဘဲ “ဓာတ်ရှစ်ပါးနဲ့ ဖွဲ့စည်းထားတဲ့အရာပါ” ဟု ဖြေလိုက်သည်။
“ ဘာဓာတ်တွေနဲ့ ဖွဲ့စည်းထားတာလဲ”
ဆရာက ပြုံးကာထပ်မေးလိုက်၏။ ကျွန်မ၏အဖြေကို အားတက်ကာ…
“ ပထဝီ၊ တေဇာ၊ အာပေါ၊ ဝါယော၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ အစရှိတဲ့ ဓာတ်ရှစ်ပါးအစုအဝေးပါ”
ဟု ဖြေရှင်းပြောလိုက်သည်။ ကျွန်မ၏အဖြေဆုံးလျှင် ဆရာက မျက်မှောင်ကြုတ်ထားလျက်…
“ ကိုယ့်မျက်စိနဲ့ ဒီလောက်စုဝေးနေတာကို အသေအချာမြင်ရသလား” ဟု မေး၏။
“မြင်တော့ မမြင်ရပါဘူး ဆရာ”
“နို့ မမြင်ရဘဲ ဘာနဲ့ဖြေသလဲ”
“ ဆရာမိဘဆုံးမလို့ ကြားဖူးနားဝအသိနဲ့ ပြောရတာပါ ဆရာ”
“ တကယ်မြင်တဲ့အသိက ဘာလဲ”
“ဆေးတံပါ ဆရာ”
ဆရာ၏ မျက်နှာမှာ လင်းသွားကာ ပညတ်၊ ပရမတ် အဓိပ္ပါယ်ရှင်းသွားအောင် သင်ကြားလေ သည်။
“ကိုယ် မြင်တာ၊ ကိုယ်သိတာ ပြောမှပေါ့ကွယ့်၊ ဓာတ်ရှစ်ပါး၊ ရုပ်ရှစ်ခုရှိတယ်ဆိုတာ ဘုရား၊ ရဟန္တာများသာတခုချင်း ပိုင်းခြားသိမြင်တာပဲ။ ဘုရားမြင်တာကို ကိုယ်ကပါ လိုက်မြင်နေသလို ပြောနေလို့ ဖြစ်နိုင်ပါ့မလား၊ ဒီပညာကို တတ်ချင်ရင် ကိုယ်မြင်တာ၊ ကိုယ်သိတာပြောမှ တတ်မယ်…….
ဆေးကုနေကြတဲ့ အချို့ဆရာများလဲ ပထဝီပျက်တယ်၊ တေဇောလွန်ကဲတယ် စသည်အားဖြင့် ဒီဓာတ်တွေသိသလို၊ မြင်သလို ပြောကုနေကြတယ်၊ ပထဝီဓာတ်၊ တေဇောဓာတ်တွေသာ တကယ်သိ၊ တကယ်မြင်ကြပါတယ်ဆိုရင် ဒီဆရာတွေကို ဓာတ်ပုံရိုက်ပြီး ကိုးကွယ်ကြဖို့ ရှိတော့တယ်၊ ပညတ်နယ်၊ ပရမတ်နယ်၊ ပိုင်းခြားနားလည်မှသာ ဒီပညာတတ်မှာ၊ ကိုယ်မသိတဲ့ စကားမပြောနဲ့၊ ပညတ်ကို စဉ်းစား၊ ပညတ်ကိုသိမှ ဓာတ်ကိုသိမယ်”
“ ပညတ်သွားရာ ဓာတ်သက်ပါကြောင်း၊
ဉာဏ်ဆင့်လောင်း၍
ကုကောင်းလှစွာ၊
ထွေရာဝိုးဝါး၊
ယူမမှားနှင့်…။”
ဟူ၍ ရှင်အရဟံ သိုက်စာကို သတိရကာ ဆရာကြီိး၏ သြဝါဒအတိုင်း ပညတ်အရာကို ပညာအစ၊ စတင်တွေးဆင်ခြင်လာသည်။
ပညတ်၊ ပရမတ်၊ ခွဲခြားကာ လောကဓာတ်သဘာဝ၏ အစကို ရှာကြည့်လိုက်ရာ၌ ပညတ်ကစခြင်းကို ရိပ်မိလာသည်။ ပညတ်ကို အရင်သိမြင်ထားမှလည်း ပရမတ်သဘော ပေါက်နိုင်မည်ဟုထင်သည်။
ထို့ကြောင့် ပညတ်နယ်ကို အကျဉ်းချုပ်၍ ဆည်းပူးလိုက်စားသည့်အခါ၌ အက္ခရာပညတ်၊ သင်္ချာပညတ်၊ နေ့ပညတ် ဟူ၍ ပညတ်သုံးချက် ထွက်ပေါ်လာသည်။ က-အစ၊ အ-အဆုံး၊ သုံးဆယ့်သုံးလုံးသော အက္ခရာတို့မှာ အက္ခရာပညတ် ဖြစ်သည်။ အ အာ ဣ ဤ စသည့် သရ ရှစ်လုံးမှာ သရပညတ်ဖြစ်သည်။ တနင်္ဂနွေအစ၊ စနေအဆုံးဤ ခုနှစ်လုံးမှာ နေ့ဟူသောပညတ်ဖြစ်သည်။ က-အစ၊ အ-အဆုံး သုံးဆယ့်သုံးလုံးသော အက္ခရာ၊ ရှစ်လုံးသောသရ၊ ဝဏ္ဏလေးဆယ့်တစ်လုံးတို့မှ ပါဠိကိုပြုပြင်ခြင်း၊ အနက်ကို ပြုပြင်ခြင်း၊ အနည်းနည်းအသွယ်သွယ် ဆန်းကြယ်လှစွာသော လောကီ၊ လောကုတ္တရာ အရာရာ အပေါင်းတို့ကို ပြုပြင်စီရင်ဖန်တီးတတ်သောကြောင့် အက္ခရာပညတ်ဖြစ်သည်။
တစ်-အစ၊ ကိုး-အဆုံး ဤကိုးလုံးသောသင်္ချာသည် မြှောက်ခြင်း၊ နှုတ်ခြင်း၊ ပေါင်းခြင်းသိ အောင် သင်္ချာ၊ သင်္ချေ ကုဋေကုဋာ ရေတွက်ခြင်းမှန်သမျှကို ပြုပြင်စီရင် ဖန်တီိးတတ်သောကြောင့် သင်္ချာပညတ်ဖြစ်သည်။
ထို့ပြင် တနင်္ဂနွေအစ၊ စနေအဆုံး ခုနစ်လုံးတွင် တစ်ရာ့ရှစ်နဝင်းတြင်းပေါင်း၊ နဝင်းပေါင်း၊ ကောင်းကင်တာရာ နေ- လနက္ခတ် အစရှိသည်တို့ကို ပြုပြင်စီရင်ဖန်တီးတတ်သောကြောင့် နေ့ ပညတ်ဖြစ်သည်။
သုံးဆယ့်သုံးစီးသောဆင်ပြောင်၊ တောသုံးတောင်၌ ထွက်၍ ကျက်စားသောကြောင့် ချည်အပ်သော ကြိုးရှစ်စင်းနှင့် တိုင်လေးတိုင်မှာ ချည်နိုင်က ဆေးကုသတော့ဟု ဓာတ်ပညာ၏ သြဝါဒတစ်ချက်၊ တြိမူလ ဆေးယူကြလော့ ဟူသော ခင်ကြီးဖျော်၏ ဆိုဆုံးမအရ ကျွန်မအကျဉ်းချုပ်၍ ရထားအပ်သော ပညတ်သုံးသွယ်တွင် ဆေးပညာ၊ ဓာတ်ပညာကို လိုက်စား ရှာဖွေသင်ကြားပေတော့သည်။
ရေ၊ မြေ၊ လေ၊ မီး ဟူသော ဓာတ်ကြီးလေးပါးသည် နိယာမအစဉ်မပျက် ကမ္ဘာအဆက်ဆက် တည်ကြကုန်သည်။
ရေ၊ မြေ၊ လေ၊ မီး ဓာတ်ကြီးလေးပါးကို အန္တော၊ ဂဗ္ဘေ၊ စရေ၊ ဝံသေ ချ၍ ဓာတ်ခွဲလိုက်သောအခါ ရှစ်မျိုးကွဲကာ အဖို၊ အမ ဓာတ်များ တွဲပေါ်လာသည်။
ကမ္ဘာဦးအစ ဗြဟ္မာများ ကိုယ်ရောင်ကွယ်ပကာ နေထွက်လာပြီး တနင်္ဂနွေဟု ပညတ်သည့်အတွက် တနင်္ဂနွေကပင်စ၍ ပညတ်သုံးချက်ဖြင့် ဖွဲ့စည်းကြည့်လိုက်မည်ဆိုလျှင်.. တနင်္ဂနွေကား အက္ခရာအားဖြင့် -အ၊ ဂဏန်းသင်္ချာအားဖြင့်-၁၊ ဂြိုဟ်စဉ်ကား ဂဠုန်၊ ပိဋကတ်ကား တေဇော၊ ပညတ်ကား မီးခဲ၊ ဓာတ်သရုပ်မှာ နာ၊ အရသာကား အစပ်၊ အမျိုးကား ဂျွန်း၊ ဓာတ်ကိုကြည့်လျှင် ဓာတ်ဖို…။
တနင်္ဂနွေကစ၍ စနေအထိ ဤသို့အားဖြင့် ကောက်ယူဖွဲ့စည်း သင်အံမှတ်သားပြီးနောက် ဆရာသမားတို့ ညွှန်ပြချက်အတိုင်း တည့် မတည့်၊ တည့်သည့်ဓာတ်- မတည့်သည့်ဓာတ်၊ အရှင်- အသေ၊ ဓာတ်ပညာဖြင့် သစ်ပင်များကိုစိုက်ကာ ဓာတ်သဘာဝကို စမ်းသပ်ခြင်း၊ တိရစ္ဆာန်များကို စမ်းသပ်ကုသခြင်း ၊ လူ၏ဝေဒနာကို ကုသခြင်း၊ တည့်သည့်ဓာတ်၊ မတည့်သည့်ဓာတ်များကို ဧကန်မလွဲသိနိုင်သော မြန်မာ့ဆေးပညာရပ်ကို အထင်မသေး တော့ဘဲ ယုံကြည်အားထားမှု ကြီိးမားလာသည်။ ဆရာကြီးမှာ ဆေးပညာကို ထူးချွန်အောင် လိုက်စားနေခြင်းကို အားရဝမ်းသာဖြစ်ကာ ဆတက်ထမ်းပိုး တိုး၍ ဉာဏ်အားထုတ်လာစေနိုင် အောင် ပညာကို တိုက်ရိုက်မသင်ဘဲ သဘောပေါက်စွဲမြဲ ယုံကြည်နိုင်အောင် လက်တွေ့ရှာနည်းဖြင့် သင်ကြားစေသည်။
မြန်မာပီသ၍ မြန်မာဆန်ကာ ရှေးမြန်မာဆရာကြီးတစ်ဦးဖြစ်သဖြင့် ပညာသင်ကြားစဉ်က ကျွန်မမှာ တတ်နိုင်သမျှ ခေတ်ပညာသင်ကြားခဲ့သော စိတ်ကို ဖျောက်ထားရသည်။ ဆရာကြီးသင်ပြောသွားသည့် အချက်များမှာ ခေတ်နားနှင့် ခေတ်ပညာတတ်အဖြစ်နှင့် နားထောင်လျှင် ပညာ၏အဓိပ္ပာယ်ကို ဘာဆိုလိုမှန်းပင် သိဖို့ခဲယဉ်းနေသည်။
အဓိပ္ပာယ် မိမိရရသိရှိအောင် နားထောင်နိုင်ပါမှ အကျိုးများတော့သည်။
“ပေါက်ပင်ကိုင်းကိုင်း၊ ဘာဖြစ်လို့ကိုင်းရတယ်၊ ဗျိုင်းနားလို့ ကိုင်းရတယ်၊ ဗျိုင်းဘာဖြစ်လို့ နားရတယ်၊ ငါးပေါ်လို့ နားရတယ်၊ ငါးဘာဖြစ်လို့ပေါ်ရတယ်၊ ကျွဲလူးလို့ ပေါ်ရတယ်၊ ကျွဲဘာဖြစ်လို့ လူးရတယ်၊ ဖြုတ်ကိုက်လို့ လူးရတယ်၊ ဖြုတ်ဘာဖြစ်လို့ ကိုက်ရတယ်၊ မိုးရွာလို့ ကိုက်ရတယ်၊ မိုးဘာဖြစ်လို့ ရွာရတယ်၊ ဖားအော်လို့ ရွာရတယ်၊ ဖားဘာဖြစ်လို့ အော်ရတယ်၊ မြွေကိုက်လို့ အော်ရတယ်၊ မြွေဘာဖြစ်လို့ ကိုက်ရတယ်၊ ဝမ်းဟာလို့ ကိုက်ရတယ် ….
ဒီစာဟာ မြန်မာမှန်ရင် သိကြတယ်ကွယ့်…. မြန်မာတိုင်း ကြားဖူးကြတာပဲ၊ စာရဲ့အဓိပ္ပာယ်နဲ့ အသုံးသိတဲ့လူကတော့ နည်းတယ်၊ ဘာကိုဆိုလိုတာလဲ.. ရိပ်မိလား”
ကျွန်မလည်း ငယ်ငယ်တုန်းက ရွတ်ဖတ်မိခဲ့ဖူးသောအဖြစ်ကို သတိရမိသည်။ စာ၏ အဓိပ္ပာယ်ကိုလည်း မစဉ်းစားမိ၊ ဆိုကောင်းအောင် အစီအစဉ်နဲ့ စပ်ထားတဲ့ ပေါက်ကရစာပဲဟု ထင်မှတ်ကာ ထူးခြားသည့်အဓိပ္ပာယ်ကို တွေးရမည်မှန်းပင် မသိချေ။
“ ဓာတ်တူ နာမ်တူ ဆေးဖက်ယူ၊ ကက်ကင်းရှင်သေယူဆိုတဲ့ စကားပဲမဟုတ်လားကွယ့်”
မြန်မာ့ပညာ၊ မြန်မာ့ပရိယာယ်၊ မြန်မာ့ နည်းနိဿယများမှာ သညာအတတ်မျိုးမဟုတ်ဘဲ ဉာဏ်ပေါ်၍ စေစားထားသော ခက်ခက်ခဲခဲပညာအတတ်မျိုးဖြစ်၍ ခေတ်လူများ လိုက်စားချင်မှုမရှိသောကြောင့် တဖြည်းဖြည်း ကွယ်မြုပ်ခဲ့ရပုံများကို တွေးနေမိလေသည်။
“ ပေါက်ပင် ကိုင်းကိုင်း၊ ဘာဖြစ်လို့ကိုင်းရတယ်၊ ဗျိုင်းနားလို့ ကိုင်းရတယ် ဆိုတဲ့နေရာမှာ ဓာတ်သဘောရှာစမ်း၊ ဆူညံနေအောင် အော်နေတဲ့ ဘဲအုပ်ကို ပြာပက်လိုက်ရင် ချက်ချင်းတိတ်သွားမယ်၊ ပေါက်ပင်ကို နက်အောင်ထွင်းပြီး ဘင်ကို မြုပ်ထားလိုက်ပြီး သုံးနှစ်စေ့တော့ ထုတ်ယူကြည့်ရင် ပေါက်ပင်ကိုင်းကိုင်း ဗျိုင်းဘာဖြစ်လို့ နားရတယ် ဆိုတဲ့ အဓိပ္ပာယ်ကို သိလိမ့်မယ်”
ကျွန်မမှာ ဘဲနှင့်ပြာ၊ ပေါက်ပင်နှင့် ဗျိုင်း၊ ရုပ်ကနေခိုက်သည့်ဓာတ်၊ ကက်ကင်းသဘော၊ ဓာတ်ပညာဖြင့် တွေးဆကြံစည်ကာ စိတ်ဝင်စားစွာ နာယူသင်မှတ်နေသည်။
“ ဗျိုင်း ဘာဖြစ်လို့နားရတယ်၊ ငါးပေါ်လို့ နားရတယ်ဆိုတဲ့ နေရာကတော့… ငါးကလေးချဉ်ကို အထက်မြင်းခြံ ပခုက္ကူ ယူဆောင်သွားရင် ရက်ကြာကြာမခံလို့ ပစ်လိုက်ရမယ်၊ ဗျိုင်းဘာဖြစ်လို့နားရတယ် ဆိုတဲ့အတိုင်း ငါးချဉ်အိုး အလယ်တည့်တည့်မှာ လက်ပံသား ဇောက်ထိုးစိုက်ပြီး ယူဆောင်သွားရင် ရက်ကြာပေမဲ့ ငါးချဉ်မူမပျက်ပဲ စားကောင်းတယ်၊ လက်ပံသားက အပူမဟုတ်လား”
ဓာတ်သဘောကို အရိပ်ပြ၍ ရှင်းလင်းသင်ပြောနေလေရာ အကောင်ထင်လာအောင် မိမိရရ အဓိပ္ပာယ်ကေက်ာယူနိုင်ရန် မလွယ်ကူလှပေ။ ဓာတ်ဖို၊ ဓာတ်မ၊ အပူ၊ အအေးကို သိနားလည်ရုံဖြင့် ဓာတ်ကို ပိုင်းခြားခွဲနိုင်ပြီမဟုတ်ရကား ပိုင်းခြားခွဲမြင်သိရန် ပညာအဆင့်ဆင့် ရှိသေးသည်။
“ ငါးဘာဖြစ်လို့ ပေါ်ရတယ်၊ ကျွဲလူးလို့ ပေါ်ရတယ်၊ ကျွဲဘာဖြစ်လို့လူး၊ ဖြုတ်ကိုက်လို့ လူးဆိုတဲ့နေရာမှာကောဆရာ”
ဆရာကြီိးအဖြေမှာ ရုတ်တရက် အဓိပ္ပာယ်သိအောင်မပေါ်နိုင်ဘဲ တဖြည်းဖြည်း တွေးဆ ကောက်ယူမှ ပေါ်လာပေသည်။
“ဖန်ဘူးဆိုတဲ့ ပုလင်းဖွင့်မရရင် ငွေဒင်္ဂါးနဲ့ အသာတီးလိုက်၊ ဖွင့်လို့ရမှာပေါ့၊ ငှက်ပျောပင်ကို အဖျားကဖြတ်လို့ မိုကြိုးသွားတင်ထား အညွန့်မထွက်ဘူး၊ နာနတ်ပင်စိုက်ရင် တူရွင်းနဲ့ တစ်ချက်တူးရင် တစ်နှစ်ကြာမှ သီးတယ်၊ နှစ်ချက်တူးရင် နှစ်နှစ်ကြာမှ သီးတယ်၊ ဒီးဒူးတစ်ချောင်း အုတ်တစ်သောင်းဆိုတာ ကြားဖူးမဟုတ်လား၊ အုတ်ဖိုတစ်ဖိုမှာ များသောအားဖြင့် အုတ်တစ်သောင်းဖိုပြီး ဖုတ်လေ့ရှိကြတယ်။ အုတ်တစ်သောင်းဖို မီးဖုတ်တဲ့အခါ ဒီးဒူးသားတစ်ချောင်းပါသွားရင် အုတ်တွေ ပျက်စီးရတဲ့ဓာတ်ကို စဉ်းစား၊ ရှောက်ရည်ညစ်ထားတာ ကြာကြာခံချင်ရင် ဘယ်ဓာတ်နဲ့ လုပ်မလဲ”
ကျွန်မလဲ တည့်သည့်ဓာတ်၊ မတည့်သည့်ဓာတ်ကို အတန်ကြာစဉ်းစားကာ နှမ်းဆီနည်းနည်း ထည့်ထားရင်တော့ ကြာကြာခံပါလိမ့်မယ်ဟု ဖြေလိုက်သည်။
“အေး.. ဒီိဓာတ်ဆိုရင် ခံလိမ့်မယ်၊ ဒါတွေဟာ ပထဝီပျက်လို့လား၊ တေဇောပျက်လို့လား၊ ဝါယောပျက်လို့လား၊ ဝါယောလွန်လို့ဖြစ်ကြသလားကွယ့်၊ ခင်ကြီးဖျော်က ဓာတ်လေးပါးညွှန် ကြားတာ ပရမတ်ညွှန်ကြားတာမဟုတ်ဘူး၊ ပညတ်ညွှန်ကြားတာ”
“ ဖြုတ်ဘာဖြစ်လို့ ကိုက်ရတယ်၊ မိုးရွာလို့ ကိုက်ရတယ်၊ မိုးဘာဖြစ်လို့ ရွာရတယ်၊ ဖားအော်လို့ ရွာရတယ်၊ ဖားဘာဖြစ်လို့ အော်ရတယ်၊ မြွေကိုက်လို့ အော်ရတယ်ဆိုတဲ့ အဓိပ္ပာယ် ကကောဆရာ၊ ကျွန်မစဉ်းစားလို့ မရသေးပါဘူး”
ဆရာကြီး၏ စိတ်ပါလက်ပါ သွက်လက်သော အမူအယာများမှာ ရုတ်တရက် လေးထိုင် သွားကာ အတန်ကြာတိတ်ဆိတ်နေ၏။ နောက်မှ…
“ မြန်မာ့ဆေးပညာဟာ ဘုန်းကြီးတစ်ပါးပြောသွားတယ်ဆိုတဲ့ ပညာမျိုးမဟုတ်ဘူးကွယ့်” ဟုပြောလေသည်။
“ မမလေးမေးတဲ့ မေးခွန်းတိုင်းကို လူတိုင်းသိလောက်တဲ့ ပညတ်နဲ့ ဆက်စပ်ပြမယ်၊ ဇာတ်မင်းသားကြီး ဦးဖိုးစိန်နဲ့ ဦးစိန်ကတုံးကို သတိပြုလိုက်စမ်း၊ ဦးစိန်ကတုံးဟာ ဦးဖိုးစိန်လောက် အသက်မရှည်ဘူး မဟုတ်လား၊ ဆိုင်းဝိုင်းတီးအကျော် ဦးဘမောင်က အသက်ရှည်ပြီး စိန်ဗေဒါက အသက်တိုတယ်မဟုတ်လား၊ မိုးတွင်း ဖားဂုံညင်းတွေအော်ရင် တညင်းသီးပြုတ်ရည်နဲ့ လောင်းကြည့်၊ အသံတိတ်သွားမယ်၊ ဒီဓာတ်ပေါ့…”
သူနှင့်သူနှင့် တည့် မတည့် ဓာတ်များမှာ နားစိုက်ထောင်ရင်း တစ်စတစ်စ ရိပ်မိလာသည်။ ပညတ်သွားရာ ဓာတ်သက်ပါကြောင်း ဉာဏ်ဆင့်လောင်း၍ ကုကောင်းလှစွာ ထွေရာဝိုးဝါး၊ ယူမမှားလင့် ဆိုသည့်အတိုင်း စမ ဦးခေါင်းချရာကို ကျွန်မအဖို့ လွယ်လင့်တကူ ရပါစေသောငှာ မြန်မာဆေးပညာကား ဤလိုလက်တွေ့အမှန်တွေ ရှိပါသည်ဟု သိစိမ့်ပါသောငှာ သင်ပြောပြနေခြင်း ဖြစ်သည်။
ကျွန်မသည် လက်တွေ့ တည့်မတည့် ဓာတ်များကို ကိုယ်တိုင်ဉာဏ်လွှာ စဉ်းစားစမ်းသပ်ကာ ပညာကိုသာ အားထားလျက် ဆေးကိုမူ ကိုယ့်ဖာသာကိုယ် ဖြစ်နိုင်ကြောင်း တွေ့ရှိလာသည်။
ခင်လေးမြင့် ခြေထောက်ရွဲ့သွားခြင်းကို အကြောင်းပြု၍ မြန်မာ့ဆေးပညာကို လိုက်စားမိကာ ခုနှစ်နှစ်ခန့် သင်ကြားမိသောအခါ ကျွန်မမှာ ဓာတ်သဘောကို ထောက်မိ၊ ခေါက်မိသော ဆေးဆရာပေါက်စဖြစ်လာသည်။
“မမလေး.. ကလေးလေးတစ်ယောက် တက်နေတယ်၊ သေတော့မယ်၊ သွားကုလိုက်စမ်းပါ”
ဆရာကြီးအမိန့်အရ ကျွန်မမှာ မနေသာဘဲ ကလေးအဖေခေါ်ရာ ရေကျော်ဦးရွှေဂွန်းလမ်းသို့ လိုက်သွားရလေသည်။ ကျွန်မရောက်သွားသောအိမ်မှာ တလိုင်းတစ်ထပ်အိမ်ဖြစ်သည်။ အိမ်ရှင်များမှာ မော်တော်ဘတ်စ်ကားများထောင်လျက် ဆွေမျိုးမိသားတစ်စု စုဝေးနေ ထိုင်ကြသော ဦးကြီးရှိန်၏အိမ်ဖြစ်သည်။
အိမ်ပေါ်တွင် ပရိတ်သတ်များအိမ်နှင့်တစ်လုံးပြည့်ကျပ်နေပေ၏။ အိမ်နီးနားချင်း အသိမိတ်ဆွေ များဖြစ်လျက် ကလေးအသည်းအသန်ဖြစ်နေခြင်းကို လာရောက်သတင်းမေး ဝိုင်းအုံ ကြည့်ရှု နေကြသည်။ လူတွေကများနေ၍ ကျွန်မကုသမည့်ထုံးနှင့် ဖြစ်ပါ့မလား၊ ကဖျက်ယဖျက် လုပ်ကြမလားဟု ပူပန်သွားကာ အိမ်ထဲမဝင်ခင်
“ လူတွေများလှချည်လား တစ်ယောက်တစ်ပေါက်နဲ့ ဖြစ်ပါ့မလား” ဟု ကလေးအဖေ ကိုစိန်မြ ကို ပြောလိုက်သည်။
“ ဆရာမသဘောပါ ဆရာမ၊ ကျွန်တော်တို့ အပ်ပါတယ်၊ အသက်ရှင်ရင်ပြီးရော၊ လုပ်ချင်သလိုသာ လုပ်ပါဆရာမ”
ဝဝတုတ်တုတ် ဖြူဖြူ ဆယ်လသားအရွယ်လောက်ရှိမည့် ကလေးလေးမှာ တခွီးခွီးနှင့် တက်နေ၏။ တက်ပုံမှာ ကလေးနှင့်မလိုက်အောင် ကြမ်းလှသည်။ မျက်စိနှစ်ဘက် ပျက်နေပြီး ဆန့်ငင်ဆန့်ငင်တက်နေသောကလေးနား၌ ဝိုင်းအုံနေကြသော လူထုပရိတ်သတ်ကို ဖယ်ရှား စေခိုင်းပြီး ကလေးကို ပွေ့ချီယူလိုက်သည်။ ကလေးတစ်ကိုယ်လုံး အနွေးထည်အထူဝတ် များကို ချွတ်ခိုင်းကာ အဝတ်ပါးနှင့်လဲပေးသည်။ နှမ်းဆီနှင့် ဆေးများဖျော်ကာ တစ်ကိုယ်လုံး ကို အုပ်လိမ်းထားသဖြင့် တစ်ကိုယ်လုံး မည်းပေနေသည်။
“ သူငယ်နာအုပ်ဆေး ဆရာကလူးခိုင်းထားလို့ လူးထားတာပါ”
ကလေးကိုယ်က နှမ်းဆီနှင့်ဆေးများကို စင်ကြယ်အောင်သုတ်ပစ်လိုက်သည်။ ထို့နောက် ရှောက်သီးကို ခွဲစိတ်ခိုင်းကာ ကလေး၏မျက်စိထဲသို့ ရှောက်ရည်များ ညှစ်ချလိုက်သည်။
ကျွန်မအနားရှိလူအုပ်မှာ မျက်လုံးမျက်ဆန်ပြူးနေကာ မျက်စိထဲညှစ်နေပုံကို မနှစ်သက်သလို ကြည့်နေကြသည်။
“ သူငယ်နာအေ့၊ မျက်စိထဲရှောက်ရည်ညှစ်ချလို့ ဖြစ်ပါ့မလား” ဟု အချင်းချင်းတီးတိုးပြော လိုက်သော မိန်းမနှစ်ဦး၏အသံကို သဲ့သဲ့ကြားလိုက်ရသည်။
ကျွန်မရင်ခွင်ထဲ၌ တလွန့်လွန့်ဖြင့် ကိုယ်လက်ဆန့်ငင် တက်နေသောကလေးမှာ မျက်စိထဲသို့ ရှောက်ရည်ဝင်လျှင် ထွန့်ထွန့်လူးဖြစ်သွားကာ မကြာမီ ငြိမ်ကျသွားလေသည်။
“ကျောက်ပြင်နဲ့ သနပ်ခါးတုံး၊ နံ့သာဖြူတုံး ကျွန်မအနားယူခဲ့ပါ”
ကလေး၏ဘွားအေက ကျောက်ပြင်နှင့် သနပ်ခါးတုံးယူလာသည်။ “သွေးပါရှင့်” ဟုပြော လိုက်ကာ ကျွန်မလည်း ကလေး၏ခြေဖဝါးကို ရှောက်ရည်နှင့် ဆေးဖြင့် နာနာတိုက်ပေးနေ သည်ကလေးတစ်ကိုယ်လုံး သနပ်ခါးနံ့သာဖြူရည်များလူးချကာ အနားရှိ ကလေးကြီးတော် အား ကလေးလေရအောင် ယပ်နာနာခပ်ခိုင်းရသည်။ မီိးခဲထဲတွင် ကရမက်နှင့် ငရုတ်ကောင်းကို ထည့်စေကာ တခန်းလုံးမီးခိုးများမှုန်ဝေနေအောင် မှိုင်းနံ့ပေးထားလိုက်သည်။ ကလေးသည် ငြိမ်မှိန်းသွားရာမှ မျက်လုံးကလေး ဖွင့်လှစ်ကာ ဝေဒနာသက်သာရာရသွား သကဲ့သို့ အသက်ကို မှန်မှန်ရှူလာသည်။ စိန်ကဲကျောက်ကဲ ခတ်ကြည့်သည့်အတိုင်း ကလေး၏အခြေအနေကို မပြတ်စောင့်ကြည့် အကဲခတ်နေမိသည်။ ကလေးအတက်ကျသွား လျှင် မိန်းမ ယောင်္ကျားလူအုပ်ကြီးလဲ လေသံဖြင့် တစ်ယောက်တစ်ခွန်း တွတ်တွတ်ထိုးနေ ကြတော့သည်။ ကျွန်မမှာ တစ်ချိန်လုံး ဘယ်အရာမှ သတိမပြုနိုင်ဘဲ ကလေး၏ဝေဒနာ သက်သာရေးအသက်ချမ်းသာရေးကို ရှေ့ရှုလျက် တစ်ခုပြီးတစ်ခု နိုင်နိုင်နင်းနင်း လုပ်ပေးနေ လေသည်။ မှိန်းနေသောကလေးမှာ ငြိမ်နေရာမှ တက်ချင်လာပြန်သည်။ မျက်စိထဲသို့ လျင်မြန်စွာ ရှောက်ရည်စက် ချပေးလိုက်ပြန်သည်။ တွန့်လိမ်သွားပြီးနောက် ပြန်ငြိမ်ကျ သွားသည်။
“ ဆရာဝန်တွေနဲ့လဲ ဆေးထိုးတာ အတက်မကျဘူး၊ မြန်မာဆရာခေါ်လဲ မရပါဘူး၊ ခဏခဏတက်နေတာပဲ၊ ဒီနေ့တော့ ကျွန်တော်တို့ ပစ်လိုက်ရပြီထားတာပါ ဆရာမရယ်”
ကလေးအဖေက ကျွန်မအနား၌ထိုင်ကာ တတွတ်တွတ်ပြောပြနေလေသည်။ ကလေးအမေမှာ ကလေးအနားသို့ မကပ်ဝံ့ဘဲ မကြည့်ဝံ့၍ ထွက်ပြေးနေလေသည်။
“ ဒီဆေးတိုက်လိုက်ပါ၊ ဒီလိုလုပ်ပါ” ဟုပြောရုံမှာရုံဖြင့် သည်ကလေးချမ်းသာမည်မဟုတ်။ အနားကစောင့်၍ ကိုယ်တိုင်ကြပ်မတ်လုပ်ပေးနိုင်မှသာ အသက်ချမ်းသာစရာရှိသဖြင့် ကျွန်မမှာ တစ်နေကုန်တစ်နေခန်း နေရာမှမထဘဲ စောင့်ကြည့် လုပ်နေသည်။
ကြောင်ပန်းရွက်ကို ခင်းစေကာ ကလေးကိုချသိပ်လိုက်ပြီး မောင်းကလေးတစ်လုံးကို ဝယ်ခိုင်းလိုက်ပြီး မောင်းရောက်လာလျှင် ကလေးနားတွင်ကပ်၍ တီးခိုင်ထားသည်။
ယပ်ကိုလည်း မပြတ်ခပ်ပေးသည်။
ကျွန်မကုသပုံကို ကာလမျက်စိနှင့်ကြည့်လျှင် ကရော်ကမည် ဖြစ်ချင်လည်းဖြစ်မည်။ အမှန်မှာ မည်သည့်နည်းဖြင့်ကုကု ဝေဒနာပျောက်တာသာ ကျေနပ်ဖို့ရာဖြစ်မည်။
ဘူး၊ ပုလင်းလှလှ ဖိတ်ဖိတ်လက်လက် ပစ္စည်းများဖြင့် ဝေဒနာမချမ်းသာဘဲ အသက်ပျောက် သွားက ကျေနပ်စရာမရှိထိုက်ပေ။
အသက်ပျောက်တာကို မကျေနပ်မှာလား၊ သို့မဟုတ် ဘူး၊ ပုလင်းလှလှ ဖိတ်ဖိတ်လက်လက် ပစ္စည်းကို ကျေနပ်မှာလားကို တွေးဆစဉ်းစားဖွယ်ရာ ဖြစ်သည်။
ဓာတ်မသိတော့ခက်သည်၊ ဓာတ်သိရင်အလွယ်ကလေး ဆိုသည့်စကားမှာ မြန်မာ့ဆေးပညာ ရပ်၌ ဖြစ်ပေါ်သောစကားဟု ဆိုချင်ပါသည်။
ကျွန်မအဖို့မူ သည်လိုတည့်သည်ဓာတ်နှင့် ကုသပေးတတ်အောင် ဆရာသမားထံ၌ ခုနှစ်နှစ်၊ ရှစ်နှစ် ဆည်းပူးသင်ကြားခဲ့ရသော ပညာဖြစ်သည်။
ကလေးမိဘများကို လက်တွန်းလှည်းကလေးတစ်စီး ရှာခိုင်းလိုက်သည်။ ကလေးကို လက်တွန်းလှည်းပေါ်တင်လျက် တစ်ယောက်ပြီးတစ်ယောက် တွန်းစေသည်။
ကလေး၏ဝေဒနာကို ခန္ဓာငါးပါးမှ နေ့တည့်သည်ဓာတ်များနှင့် တိုက်ခိုက်တွန်းလှန်နေခိုက် အ-နှင့် စ၊ ရ၊ ခေတ္တငြိုငြင် မရွှင်ဒေါသမာနအမျက် ထွက်လိမ့်ပုံသေ၊ မယွင်းပေသည့် အရှည်ပေါင်းကာ သင့်တင့်ပါ၏ဟု ဓာတ်ဆရာကြီးများ ညွှန်ကြားခဲ့သည့်အတိုင်း မီးဓာတ်နှင့် လေဓာတ်တို့၏ တန်ခိုးအာနိသင်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရသည်။
လေစာမီးတောက် ပေးတုံမြောက်က ရောက်သည့်ရောဂါ၊ ကင်းလွတ်ကွာလိမ့်ဟု ဆရာအမှာ ရှိသည့်အတိုင်း ကလေးနှင့် တည့်သည့်ဓာတ်များဖြင့် ထောက်ကူနှိမ်နင်းနိုင်စွမ်းမှုကြောင့် ကလေးမှာမတက်တော့ဘဲ ပျက်စောင်းနေသော မျက်လုံးနှစ်ဘက်စလုံး မိမွေးတိုင်း၊ ဖမွေး တိုင်း ပြန်တည့်သွားကာ ဝေဒနာပျောက်ကင်း ချမ်းသားသွားရသည်။
ရေကျော်ဦိးရွှေဂွန်းလမ်း တစ်ရပ်ကွက်လုံးက သည်ကလေး ဘယ်တော့သေမလဲဟု နားတစွင့်စွင့် ဖြစ်နေကြသည်။ ကလေးဝေဒနာပျောက်ကင်း ချမ်းသာသွားသည်ကို မြင်ကြလျှင် ကလေးမျက်စိထဲ ရှောက်ရည်ခတ်တာနဲ့ ပျောက်တယ်ဟု ကုထုံးစကားဖြစ်နေကြသည်။
အမှန်စင်စစ် သည်ကလေးအဖို့ ရှောက်ရည်နှင့် တည့်ခြင်းဖြစ်၍ မတည့်သည့်ကလေးများ တက်နေခိုက် ရှောက်ရည်ခတ်လိုက်လျှင် ကြက်ကလေးဇက်လိမ်ချိုးလိုက်သလို အသက် ပျောက်သွားပေလိမ့်မည်။
တစ်ဦးပျောက်တာမြင်ရသည်နှင့် အားလုံးပျောက်နိုင်သည်ဟု ထင်မှတ်ခြင်းသည် လွဲမှားသော ဝါဒဖြစ်သည်။ ကလေးမိဘများသည် ကလေးလေးကို ကျွန်မ၏ဆေးတိုက်ခန်းထဲသို့ ခေါ်လာ ကာ စားပွဲပေါ်၌ တင်ထိုင်ပေးလိုက်သည်။
မောင်အောင်… ကန်တော့ မင်းမေမေကို ရှိခိုးလေ ရှိခိုး…”
ကလေး၏လက်ထဲတွင် ငွေသုံးရာကျပ်ထည့်ထားသောစာအိတ်ကို ကိုင်စေကာ လူကြီးက ကိုင်၍ ပုံစံပြုပေးလျက် ရှိခိုးကန်တော့ ခိုင်းနေကြသည်။ လူကြီိးလုပ်ပေးထားသည့်ပုံစံအတိုင်း မောင်အောင်ကလိုက်၍ ရှိခိုးဦးချနေပေသည်။ ကျွန်မရင်ထဲတွင်လှုပ်ရှားနေလေသည်။ ဒီတစ် သက်တွင် ဘယ်နည်းနှင့်မျှ ကုမရနိုင်တော့အောင် အကြောဖြတ်ပစ်ထားသော ခင်လေးမြင့်၏ ခြေထောက်ကို သွားမြင်လိုက်မိသည်။ အပျိုပေါက်ကလေး အရွယ်သို့ရောက်လာလျှင် ခါးကို စောင်းကာရွဲ့ကာလျှောက်သွားနေရရှာသော ပုံပန်းသဏ္ဌာန်သည် ဖျောက်ဖျက်၍မရအောင် ပေါ်နေလေသည်။ ရင်ထဲ၌ ဆို့တက်လာသော အလုံးကိုကျသွားရန် ဖြေဆည်ဖျောက်ဖွယ်ရာ ရအောင် နှစ်လုံးသွင်းလိုက်ရသည်။
ခင်လေးမြင့်သူငယ်နာအကြောင်းပြု၍ သည်ကလေး အသက်ရှင်ရခြင်း……။

ဂျာနယ်ကျော်မမလေး၏ မြန်မာ့ဆေးပညာ စာအုပ်မှ ကူယူမျှဝေပါသည်။

Sunday, January 4, 2009

ပျော်စရာ ..နှစ်သစ်ကူး

တနှစ်တခါ ပေါ်လို့လာတဲ့ ဘလော့ဂါ ငြိမ်သက်က "မနှစ်ရဲ့ နောက်ဆုံးညက သူတို့တွေ ဘာလုပ်ခဲ့ကြသလဲ" ဆိုပြီး တဂ်လာတယ်..။ မနှစ်ကတော့ ဘာမှထွေထွေထူးထူးမရှိလို့ မမှတ်မိတော့ဘူး။ ရောက်စနှစ်ကတော့ တကယ့်ကိုမေ့မရလို့ တနှစ်ရဲ့ နောက်ဆုံးည အကြောင်းကိုပဲ ရေးလိုက်တော့မယ်..။ ကိုယ်က သွားတဂ်မိထားမှတော့ ကိုယ်အလှည့်ပြန်ရေး ပေးရတော့မှာပေါ့။

အဲ့ဒီတုန်းက ကိုယ်ကလည်းရောက်တာမကြာသေးတော့ ဒီကအကြောင်းတွေလဲ သိပ်မသိ သေးဘူးလေ။ သမီးတွေက သူငယ်ချင်းတွေဆီကတဆင့် ကြားလာတယ်ထင်ပါတယ်..။ မြို့ထဲမှာ မီိးပန်းဖောက်တာ သွားကြည့်ချင်တယ်ဆိုပြီိး ပူဆာကြတယ်။ အိမ်နီိးချင်းတွေကို စုံစမ်းလိုက်တော့ ကြည့်မဲ့လူတွေက ဝီလျှံမိတ်မြစ်နားမှာ နေ့ခင်းကတည်းက နေရာဦးထား ရတာ၊ လူတွေကြိတ်ကြိတ်တိုးလို့ တချို့ဆို သေကြတာတောင် ရှိသတဲ့..။ အဲ့ဒီနားကနေ မီိးပန်းဖောက်တာကို ကြည့်ရတာ အလှဆုံးပဲတဲ့။ မြစ်ပေါ်မှာ တံတားတွေကို အထပ် အထပ်တွေ၊ အကွေ့အကောက်တွေနဲ့ လုပ်ထားလို့ အဲ့ဒီိကမီးရောင်တွေနဲ့တင် ညဘက် တော်တော်လှနေတာပါ။ ဦးဂင်ကြီးကလည်း အလုပ်လုပ်စဆိုတော့ မနားရလို့ အိမ်မှာမရှိဘူး။ ကိုယ်ကလဲ ကလေးတွေပူဆာတော့ လိုက်ပြချင်တာနဲ့ ကိုယ်တတ်နိုင်တဲ့ နည်းလမ်းရှာပြီး စီစဉ်လိုက်တယ်။ အိမ်သားအားလုံး သွားမယ်ဆိုပြီး ထွက်ကြတယ်။ အဖေ(ဦိးဂင်ကြီးရဲ့)၊ တူလေးစံလင်း(အကိုသားကို မွေးစားပြီးခေါ်လာတာ..။ အခုအသက်ပြည်နေပြီမို့လို့ သူငယ်ချင်းတွေနဲ့အတူသွားနေနေပြီ)၊ ကျွန်မနဲ့ သမီးနှစ်ယောက် စုစုပေါင်း ငါးယောက်..၊ မြို့ပတ်လိုင်းကားနဲ့ မီးပန်းဖောက်တာ သွားကြည့်မယ်ပေါ့..။
ဒီက လိုင်းကားတွေက အချိန်မရွေး စီးလို့ရနေတော့ ပူစရာမရှိဘူး။ အဖေဆို ပျင်းပျင်းရှိရင် ကားလက်မှတ်ယူသွားပြီး ဂိတ်ဆုံးစီးတော့တာပဲ..။ အိမ်နားက မှတ်တိုင်ကတက်ပြီးရင် အိမ်နားမရောက်မချင်း မဆင်းတော့ဘူး။ ကားကဂိတ်ဆုံးရောက်ပြီး ခဏနားလဲ သူတယောက် တည်း ကားပေါ်မှာ ထိုင်စောင့်နေတာပဲ..။ စီးနေကျဆိုတော့ တချို့ ဒရိုင်ဘာတွေဆို သိနေပြီ။
တခါကဆို သူစောင့်နေကျ မှတ်တိုင်မှာ စီးနေကျကားမဟုတ်ဘဲ တခြားကားပေါ် တက်လိုက် သွားမိပြီး အဲ့ဒီကားက လုံးဝမပြန်တော့တဲ့ကားဖြစ်နေတော့ ဒရိုင်ဘာတော်တော် ဒုက္ခဖြစ်လိုက် သေးတယ်..။ ကားဒရိုင်ဘာက ဆင်းခိုင်းတော့ သူကမဆင်းဘဲ “ဆယ့်ခုနှစ် ဖိုးဂိတ်” ဆိုတာကြီးဘဲပြောနေလို့ ဒရိုင်ဘာက ID ကဒ်တောင်းကြည့်ပြီး အိမ်ပြန်ရောက်မဲ့ ကားဂိတ်အထိ သူ့ bus ကြီးနဲ့ လိုက်ပို့ပေးလိုက်ရတယ်။ အဟဲ.. အိမ်ပြန်ရောက်တော့ “သူတို့ဘာပြောမှန်း ငါလည်းမသိတာနဲ့ ဆယ့်ခုနှစ် ဖိုးဂိတ် ကိုပဲငါပြောနေတာ။ သူတို့က ငါပြောတာ နားလည်တယ်ကွ.. ၁၇ ကားစီးရမဲ့ဂိတ်ကို ပြန်ပို့ပေးတယ်” ဆိုပြီးပြောနေလို့ သူမသိအောင် ရယ်မိကြရသေးတယ်။
မီးပန်းဖောက်တာကို သွားကြည့်မဲ့နေ့ကတော့ ည ၁၂ နာရီဆို မီးပန်းဖောက်မှာဆိုတော့ အိမ်က ၁၁ နာရီထွက်ကြတယ်။ ကားစောင့်တော့ နည်းနည်းနောက်ကျပြီးမှ ရောက်လာတယ်။ ကားပေါ်ရောက်ပြီး ဘေးဘက်ကို ကောင်းကောင်းမြင်ရမဲ့နေရာမှာ နေရာယူလိုက်ကြတယ်။ အဲ့ဒီကနေ ကြည့်ကြမယ်ပေါ့။ အဖေကတော့ ရှေ့ဆုံးက လူကြီးတွေထိုင်တဲ့နေရာမှာ ..။
မြို့လည်ကိုရောက်တော့ ကားပေါ်ကလူတွေတဖြည်းဖြည်း ဆင်းကုန်ကြတယ်။ ကျွန်မတို့ ကတော့ ဆင်းဖို့အစီအစဉ်မရှိတော့ အေးအေးဆေးဆေး မြို့တွင်းက အလှဆင်ထားတာ တွေကို လိုက်ကြည့်နေကြတယ်။ မြို့တွင်းကိုကျော်လာတော့ မီးရောင်တွေ တဖြည်းဖြည်း မှိန်လာပြီး ကားပေါ်မှာလည်း လူရှင်းသွားလိုက်တာ ကျွန်မတို့ မိသားစုပဲ ရှိတော့တယ်။ တချို့နေရာတွေဆို မှောင်မဲနေတဲ့ တောတန်းတွေ…. ။
ဂိတ်ဆုံးလည်းရောက်ရော ဒရိုင်ဘာက အားလုံးဆင်းခိုင်းရော..။ ဒီမှာပဲစောင့်နေမယ်ဆိုတော့မှ သူ့ကားက ဒီညပြန်မထွက်တော့ဘူးတဲ့..။ သေပြီဆရာ…ပေါ့။ ကားဂိတ်ကလည်း ခပ်မှောင်မှောင်နဲ့ ကလေးတွေကတော့ ငိုမဲ့မဲ့နဲ့ ဆင်းကြတယ်။ ကျွန်မကတော့ တော်တော်ခေါင်းခြောက်နေပြီ။ အဲ့ဒီဘက်ကိုလည်း အရင်က တခါမှ ရောက်ဖူးတာမဟုတ်ဘူး။ စိတ်တော်တော်ညစ်သွာပြီး ကလေးတွေကို လည်း အားပေးနေရသေးတယ်။ အဖေကတော့ ညကြီးမိုးချုပ် ဖြစ်နေတော့ နည်းနည်းစိုရိမ်နေပုံရတယ်။ တူလေးစံလင်းကတော့ သူတတ်သလောက်၊ မှတ်သလောက် ကားသွားစုံစမ်းနေတယ်။ တော်တော်လေးကြာမှ ကားတစီးဝင်လာတယ်။ သူက မြို့ထဲပြန်ထွက်မယ်တဲ့ ။ သားအမိတွေ ဝမ်းသာအားရ ပြေးတက်ကြရတယ်။ ဒါပေမဲ့ အဲ့ဒီကားက ကျွန်မတို့အိမ်ဘက်ရောက်တဲ့ကားတော့မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် မြို့ထဲလောက်ပြန်ရောက်ရင် တော်ပါသေးတယ်ဆိုပြီး ကားပေါ်မှာပဲ ပြန်ထွက်မဲ့အချိန်ထိ ထိုင်စောင့်နေကြတယ်။
ဒါပေမဲ့ အဲ့ဒီနေ့က ကံကောင်းခဲ့ပါတယ်။ ကျွန်မတို့ ထိုင်စောင့်နေတုန်း အိမ်ဘက်ကို ရောက်တဲ့ကားက ဝင်လာတာကို ဒရိုင်ဘာကပြောပြလို့ ကားပြောင်းစီးခဲ့ရပါတယ်။ မြို့ထဲကိုရောက်တော့ ကားလမ်းတော်တော်များများကို ပိတ်ထားလိုက်ပါပြီ။ ၁၂ နာရီိအတွင်း မြို့တွင်းမှာ ကားမမောင်းရ ဆိုတာ သတင်းမှာကြော်ငြာထားတာ ကျွန်မတို့မှ မသိခဲ့တာ။ လမ်းပိတ်ကာစအချိန်လေးမှာ ရောက်သွားလို့ ကျွန်မတို့စီးလာတဲ့ကား မြို့တွင်းကို ဖြတ်ခွင့်ရခဲ့ပါတယ်။ ည ၁၂ နာရီမှာ ကျွန်မတို့ အိမ်လေးထဲကို ပြန်ရောက်ခဲ့ပါတယ်။ မီးပန်းတွေတော့ မကြည့်ခဲ့ရပါဘူး။ ဒါပေမဲ့ မိသားစုအားလုံး သက်ပြင်းကိုယ်စီချရင်း ပျော်ရွှင်စွာ ရယ်မောနိုင်ခဲ့ပါတယ်။ ဒါကတော့ ကျွန်မတို့ ဖြတ်သန်းခဲ့တဲ့ ပထမဦိးဆုံး အမေရိကန်နှစ်သစ်ကူးလေးပါပဲ…။
ကဲ.. ငြိမ်သက်ရေ.. ရေးပေးပြီးပြီနော်.. ကြေပြီ