လိုချင်လျှင်.... ဆင်းရဲသည်.... မလိုချင်လျှင်.... ချမ်းသာသည်.....
ဆရာတော်အရှင်ရာဇိန္ဒ ရဝေနွယ်(အင်းမ) ၏ ဒါနပါရမီ တရားတော်နှင့် ဒွိပိဋကဆရာတော် အရှင်နေမိန္ဒာဘိဝံသ၏ အရှိကို အသိနှင့်ညှိပါ တရားတော်ကို နာယူနိုင်ပါသည်။

သီလပါရမီတရားတော်...

ဆရာတော်အရှင်ရာဇိန္ဒ ရဝေနွယ်(အင်းမ)၏ သီလပါရမီတရားတော်..


MusicPlaylist

Thursday, May 28, 2009

အားလပ်ရက်


နို့ဖိုးဒုက္ခသည်စခန်းမှာနေစဉ်က


ဒီအပတ်တနင်္လာနေ့ အစိုးရရုံပိတ်ရက်မို့ သားအမိတွေအေးအေးဆေးဆေး လျှောက်လည် မယ်လို့စဉ်းစားထားတာ သမီးအငယ်လက် ခွေးကိုက်ခံရလို့ ဘယ်မှကိုမသွားဖြစ်တော့ဘဲ ဆေးရုံမှာအချိန်ကုန်သွားတယ်။
သမီးနှစ်ယောက်မွေးထားတာ တယောက်တမျိုးစီ သူတို့ဝါသနာဗီဇနဲ့သူတို့ အသီးသီးပါလာ ကြတယ်။ ရုပ်ဆိုရင်လည်းတယောက်တမျိုးစီ..။ မသိတဲ့သူဆို ညီိအစ်မလို့ပြောရင် ဟုတ်ရဲ့လားလို့ ပြန်မေးတတ်ကြတယ်။ အသက်က နှစ်နှစ်လောက်ကွာပေမဲ့ အရပ်ကတော်တော်ကွာတယ်။ အကြီးမကြီးကိုမွေးတုန်းက ကိုယ်ဝန်အဆိပ်တက်လို့ လမစေ့ပဲ ခွဲထုတ်လိုက်ရလို့ သန်သန်စွမ်းစွမ်းတောင်ဖြစ်မယ်မထင်မိဘူး။ ကလေးတနှစ်လောက်ကစပြီး အားဆေးတွေ၊ အရပ်ရှည်ဆေးတွေ ဖိကျွေးတာများသွားလို့ဖြစ်မယ်..။ အခုတော့ တနေ့တနေ့ အရပ်ပဲ ရှည်ရှည်ထွက်လာတယ်။ သူ့အတွက်အဝတ်တွေ၊ ဖိနပ်တွေဝယ်ရင် ရှည်ရှည် ဝယ်ထားပေးရတယ်။ ဖိနပ်ဆိုလည်း ခဏလေးစီးရသေးတယ် ဖနောက်ကမဝင်တော့တာနဲ့ ခြေချောင်းတွေက ရှေ့ကျော်ထွက်နေတာနဲ့။


အငယ်မကျတော့တမျိုး… ။ သူ့ကို ကိုယ်ဝန်ဆောင်တော့ အကြီးမကြီးတုန်းကလို မဖြစ်အောင် အာဟာရပြည့်အောင်ဆိုပြီး တွေ့သမျှ ဘာမျှမရှောင်ဘဲ ကလေးကျန်းမာဖို့အဓိကဆိုပြီး ကျိတ်မှိတ်စား၊ အားဆေးတွေသောက်၊ ကိုယ်ဝန်ဆောင်နို့မှုန့်တွေသောက်လိုက်ရတာ မွေးကာနီးတော့ ဗိုက်ကမိုးပျံနေပြီ။ မွေးခန်းထဲကထွက်လာတော့ ကလေးကြီး နဲတာမှမဟုတ်တာ။ ချီရတာလဲ အားရပါးရရှိတယ်။ သူ့အမမွေးတုန်းကဆို သေးလွန်းလို့ ချီလို့တောင်မတတ်ဘူး။ အသားဝါကလဲပါလာတော့ ဆေးရုံမှာဘဲမီးကင်နေရတာ အကြာကြီး။ သူ့အလှည့်ကျတော့ ဆေးရုံမှာသုံးရက်လောက်နေပြီး ဆင်းရတာ။ မွေးပြီးတော့လဲ နို့ထွက်ကောင်းအောင် ဘာစားရမယ်၊ ဘာသောက်ရမယ်ဆိုတာ သိနေပြီဆိုတော့ သူ့အမလိုလဲ နို့မငတ်ပြန်ဘူး။ အဲဒီလိုအစစအဆင်ပြေကျန်းမာနေတော့ ဘာအားဆေး မှတိုက်စရာမလိုဘဲ အစားနဲ့တင်ကြီးလာတော့ အရပ်ကမရှည်ပဲ ဗိုက်ပူ ပါးဖောင်းလေးဖြစ်နေပြန်တယ်။ ကလေးနှစ်ယောက်ကိုကြည့်ပြီး ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ဒိန်းဒေါင်၊ စံရှားကာတွန်းတွေကို သွားသွားသတိရမိတယ်။
ပုံစံတမျိုးစီဖြစ်သလို သူတို့ဝါသနာတွေကလဲ တမျိုးစီ။ အကြီးမက ကလေးမြင်ရင်မနေနိုင်ဘူး။ ချစ်တယ်၊ ချီချင်တယ်။ ကလေးထိန်းရတာဝါသနာပါတယ်။ ကလေးတယောက် သူ့လက်ထဲရောက်လာလို့ကတော့ ငိုမှာမပူရဘူး။ ကလေးစိတ်တိုင်းကျဖြစ်အောင် အမျိုးမျိုးလုပ်ပေးတယ်။ သူ့လက်ထဲနေဖူးတဲ့ကလေးက နောက်တခါသူခေါ်ရင် ဘယ်တော့မှမငြင်းဘူး။ အမြဲလိုက်တယ်။ သူကလဲ ကလေးကိုချစ်သလို ကလေးကလဲ သူ့ကိုပြန်ချစ်တာကို သိပ်သဘောကျတယ်။ ကလေးဆို ချေးသေးကအစ သူမရွံတတ်ဘူး။ သူတတ်သလောက် သန့်ရှင်းနေအောင်လုပ်ပေးတယ်။
အငယ်မကတော့ ကလေးထက် ခွေးလေး၊ ကြောင်လေးတွေကို ပိုသဘောကျတယ်။ ကလေးချီဖို့ ထိန်းဖို့ထက် သူပဲကလေးလုပ်ချင်တယ်။ မအေကသူများကလေးငယ်လေးတွေကို ချစ်လို့ချီရင် သူမနာလိုဘူး။ အငယ်ဖြစ်နေလို့လဲပါမယ်ထင်ပါတယ်။ ဒါပေမဲ့ ခွေးကလေး၊ ကြောင်ကလေးတွေတွေ့လို့ကတော့ အတင်းပြေးပွေ့ချီ၊ ပွတ်သပ်ပေးတတ်တယ်။ အိမ်မှာလဲ မွေးချင်တယ်ဆိုပြီး အမြဲပူဆာလေ့ရှိတယ်။ ကျမကလဲ ခွေးတွေကြောင်တွေကို ချီတာပွေ့တာ လုံးဝမကြိုက်ဘူး။ အသက်ရှူလမ်းကြောင်းထဲ အမွှေးတွေဝင်မှာ၊ ရောဂါဖြစ်မှာစိုးရိမ်လို့ အမြဲတားရတယ်။ ဒါပေမဲ့ အမေမမြင်အောင် ဘေးအိမ်ကခွေးကလေးနဲ့ သွားသွားဆော့တတ်တယ်။ ကိုယ်ကလဲ တွေ့နေပေမဲ့ အပြင်မှာ ခဏတဖြုတ်ဆော့ရင် ဆော့ပါစေလေဆိုပြီး လွတ်ထားပေးလိုက်ပြီး ပြန်လာမှ ရေမိုချိုးခိုင်းရတယ်။ ဖြစ်ချင်တော့ ဒီနေ့ခင်းစားသောက်ပြီး အပြင်ထွက်လည်ဖို့ဆိုပြီး မီးဖိုထဲချက်ပြုတ်နေတာ သူတို့ထွက်ဆော့နေတာ မကြည့်ဖြစ်လိုက်ဘူး။ ထမင်းစားဖို့ခေါ်တော့မှ လက်နဲ့ထမင်းစား လို့မရဘူး၊ ခွေးကိုက်ထားတယ်တဲ့..။ ကြည့်လိုက်တော့ လက်မခုံအတွင်းအပြင်မှာ ခြစ်ရာတွေ။ သွားနဲ့ခြစ်မိထားတာ။ လက်ဖဝါးမှာက နဲနဲနက်တယ်။ သူခွေးကိုင်တာကို မကြိုက်ဘူးပြောထားလို့ ခွေးကိုက်ထားတာကို မပြောဘဲထားထားတာ။ လက်ကို ကိုင်ကြည့် တော့ ငိုမဲ့မဲ့နဲ့ မနာပါဘူးတဲ့။ သူလုပ်ချင်တာလုပ်ထားတော့ ဖြစ်ရင်လဲခံမယ်ဆိုတဲ့ပုံစံနဲ့… ။ ကိုယ်မအေက မွေးထားတာဆိုတော့ မခံနိုင်ဘူး။ တပျစ်တောက်တောက်နဲ့ ခွေးရူးရောဂါ ဖြစ်ရင်ဘယ်လိုလုပ်မလဲဆိုပြီးပူနေရတာ။ သူတို့က ဒါတွေဘာမှမသိတော့ ကိုယ်ပြောမှ မျက်ရည်တွေကျလာပြီး နောက်မလုပ်တော့ပါဘူးတဲ့။ လူ့စိတ်တွေများ ခက်လိုက်တာများနော်။ ဒါအန္တရာယ်ရှိမှန်းသိလို့ ပြောရင်မယုံဘူး။ လက်တွေ့ ကိုယ်တိုင် ခံလိုက်ရမှ ကြေနပ်တော့တာ။ ခွေးဆိုတာက ခွေးစိတ်ပဲလေ။ ဘယ်လောက်ပဲချစ်စရာကောင်းကောင်း၊ လူကသူ့ကို ဘယ်လောက်ပဲချစ်ချစ်၊ သူစားမဲ့အစာ သွားထိလို့ကတော့ အကိုက်ခံရမှာမှာပဲ သူ့အစား ကလွဲရင် ကျန်တာသူမသိဘူးလေ။ ခက်တာက ကလေးဆိုတာကလဲ သူတို့ကိုယ်တိုင် လက်တွေ့ခံထားရမှ မှတ်မှတ်သားသား ရှိကြတာမဟုတ်လား။ အကြီးမတနှစ်လောက်တုန်းက လည်းဒီိလိုဘဲ။ လူကြီိးတွေက ရေနွေးသောက်ဖို့ ရေနွေးခွက်များကိုင်လာပြီဆို ခွက်ကိုအတင်းလိုက်ကိုင်တာ။ မကိုင်ရဘူး။ ပူတယ်လို့ပြောရင် နားမလည်ဘူး။ နောက်တော့ ဒီလောက်ဖြစ်လှတာ ကိုင်ကြည့်ဆိုပြီး ပေးကိုင်လိုက်တော့မှ လက်ပူသွားပြီး နောက်ဆိုရေခွက်ဆို ဘာခွက်ဖြစ်ဖြစ် မကိုင်တော့ဘူး။ လက်တွေ့သင်ခန်းစာတွေလေ။ ဒီနေ့လည်း သမီးငယ်တယောက် လက်တွေ့သင်ခန်းစာတခု ရလိုက်တာနဲ့ ဘယ်မှမလည်ရတော့ပဲ emergency မှာဘဲ တနေကုန်သွားရပါတော့တယ်။
(၂၅ ရက်နေ့ကဖြစ်တာပါ...ကွန်ပြူတာက ခြူခြာနေလို့ ဒီနေ့မှတင်ရတာပါ)

Saturday, May 23, 2009

Oregon မှ အပတ်စဉ် ဆန္ဒပြပွဲ


ပေါ့လန်းရောက် ဒီိမိုကရေစီအင်အားစုများမှ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲကို အပတ်စဉ် ကျင်းပနေကြနေကြခြင်းဖြစ်ပါတယ်။
ထိုဆန္ဒပြပွဲတွင် အောက်ပါကြွေးကြော်သံများနှင့် မိမိတို့၏ဆန္ဒများကို ထုတ်ဖော်ခဲ့ကြပါတယ်။



Free… Free…… Free …… Burma…….

ဒေါ်အောင်ဆန်းစုကြည်……… ချက်ခြင်းလွှတ်……. ချက်ခြင်းလွှတ်။

Free… Free……… Aung San Suu Kyi ။

နိုင်ငံရေးအကျဉ်းသားများအားလုံး… ချက်ခြင်းလွှတ်… ချက်ခြင်းလွှတ်။

Free… Free… All political Prisoners ။

ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်.... ချက်ခြင်းလွှတ်… ချက်ခြင်းလွှတ်။

Free… Free… Minn Ko Naing ။

၂၀၁၀ ရွေးကောက်ပွဲ…… အလိုမရှိ…… အလိုမရှိ။

2010 Election… No… No ။

ဒီမိုကရေစီအရေးတော်ပုံ… အောင်ရမည် ….အောင်ရမည်။

What do we want…… We want democracy ။

Thursday, May 21, 2009

မပိအိုင်းတို့ရဲ့ ဖျော်ဖြေမှု

သမီးပိအိုင်းတို့ကျောင်းမှ ဂီိတဖျော်ဖြေပွဲလေးတခုပါ။ ဒီက ကလေးငယ်များဟာ သူတို့အရွယ်အလိုက် ကျောင်းတွေမှာ အားလုံးတန်းတူညီမျှစွာ၊ ပျော်ရွှင်စွာ ပညာသင်ကြားခွင့်ရကြပါတယ်။ မိဘအသိုင်းအဝိုင်းချမ်းသာတာ၊ ဆင်းရဲတာဆိုပြီးကွားခြားတာ လုံးဝမရှိပါဘူး။ ပညာမသင်နိုင်တဲ့ ကလေးဆိုတာလည်း မရှိပါဘူး။ ကလေးတွေ ဒီလိုအခွင့်အရေးတွေရကြတာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းရာကျော်က ပြည်သူလူထုတွေဟာ သူတို့တတွေရဲ့အခွင့်အရေးတွေကို သူတို့ကိုယ်တိုင် ရဲရဲဝံ့ဝံ့တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြပြီး တိုင်းပြည်ရဲ့ အခြေခံဥပဒေတွေကို စနစ်တကျရေးဆွဲခဲ့ကြလို့ အခုလို အနာဂတ်လူတွေ ကောင်းကျိုးတွေကို ရရှိခံစားနေကြရတာဖြစ်ပါတယ်။ ကျမတို့တိုင်းပြည်က ကလေးငယ်တိုင်းကိုလည်း တိုင်းပြည်အတွင်းမှာ ဒီလိုအခွင့်အရေးမျိုး ရရှိခံစားကြစေချင်ပါတယ်......။



Monday, May 18, 2009


Sunday, May 17, 2009

Oregon မှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြပွဲ

အော်ရီဂွန်ပြည်နယ် ဆန္ဒပြပွဲသတင်း







၂၀၀၉ ခုနှစ် မေလ ၁၇ ရက်နေ့ မနက်ခင်း ၁၀ နာရီမှစတင်၍ အော်ရီဂွန်ပြည်နယ် ပေါ့လန်းမြို့ Down Town တွင် မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်သူ (၁၀၀) ခန့် လုပ်ကြံ ဖမ်းဆီးခံရသော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး၊ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကို ဆန့်ကျင်ရေးအတွက် ကြွေးကြော် သံများနှင့်အတူ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲကို ဇိုမီးအမျိုးသားကွန်ဂရက် ( Zomi National Congress) ၊ Oregon Rohingyr Society USA ၊ Burma Action Committee ၊ ABSDF ရဲဘော်ဟောင်းများ၊ DPNS ပါတီဝင်များ၊ NLD ပါတီဝင်များ၊ ကရင်၊ ချင်း စသောတိုင်းရင်သားများ၊ မြန်မာ့အရေးစာနာသူ အမေရိကန်များ၊ မျိုးဆက်သစ်လူငယ်များနှင့် သက်ကြီးရွယ်အိုများပါမကျန် တက်ရောက် ဆန္ဒပြခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်မချင်းအပတ်စဉ် နိုင်ငံတကာ မိသားစုများနှင့်အတူ ဆက်လက်၍ ဆန္ဒများကို ထုတ်ဖော်သွားကြမည်ဟု သိရှိရပါသည်။
ဤသတင်းများကို ထပ်ဆင့်ဖော်ပြလိုခြင်း၊ မေးမြန်းစုံစမ်းခြင်းပြုလိုပါက အောက်ပါရဲဘော်များနှင့် ဆက်သွယ်နိုင်ပါသည်။
ကိုအေသင် (ဖုန်း - ၅၀၃ ၂၃၅ ၃၆၆၃)
ကိုထွန်းထွန်း (ဖုန်း - ၅၀၃ ၃၃၄ ၉၉၉၇)
ကိုပံသု (ဖုန်း - ၅၀၃ ၄၃၂ ၃၄၅၀)
အော်ရီဂွန်ရောက် မြန်မာ့ဒီမိုကရေစီိအရေး လှုပ်ရှားဆောင်ရွက်သူများအဖွဲ့

Monday, May 11, 2009

အမွေ …… ဒေါက်တာခင်မောင်ညို

တစ်ခါက လူတစ်ယောက်ဟာ သူရဲ့သားနှစ်ယောက်ကို ပျော်ပွဲရွှင်ပွဲဆင်နွှဲရာ ပန်းခြံထဲကို ခေါ်သွား တယ်။ အဝမှာ အပေါက်စောင့်ကို သူက မေးတယ်။
“ဘယ်လောက်လဲ ခင်ဗျာ”
“တစ်ယောက် ၃ ဒေါ်လာပါ။ ဒါပေမယ့် (၆)နှစ်နဲ့ (၆)နှစ်အောက် ကလေးတွေအတွက်တော့ မပေးရ ဘူး။ အခမဲ့ပါ။
“ဟုတ်ကဲ့ ဒါဆို (၆) ဒေါ်လာယူပါ”
“ဘယ်သူ့အတွက်လဲ”
“ကျွန်တော့်အတွက်က သုံးဒေါ်လာ၊ ဟိုဘက်ကောင်လေး ဆရာဝန်က (၇) နှစ်ဆိုတော့ သုံးဒေါ်လာ။ ဒီဘက်က သားငယ်ရှေ့နေလေးကတော့ ၃ နှစ်”
“ခင်ဗျား ထီပေါက်လာတာလား”
“ဟင်အင်း၊ ဘာဖြစ်လို့လဲ”
“ခင်ဗျားက အကြီးကောင်ကို ခြောက်နှစ်လို့ ပြောလိုက်ရင်ပြီးရော၊ ဒါဆို သုံးဒေါ်လာသက်သာမှာပေါ့။ ဘယ်သူသိတာမှတ်လို့”


“ဒါတော့ ဒါပေါ့ဗျာ။ ကျွန်တော့်ကလေးတွေ ကျွန်တော်လိမ်တာကို သိမှာပေါ့။ သူတို့ကို ကျွန်တော် အဲဒီ အမွေတော့ မပေးချင်ပါဘူး”တဲ့။
ကျွန်တော်တို့ဟာ သားသမီးတွေကို အကောင်းဆုံးသော အမွေတွေကိုလည်း ပေးချင်ကြ တယ်။
သူတို့အတွက် စံပြဖြစ်အောင်လည်း မလုပ်ကြဘူး။
“ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့” တဲ့။
ကလေးတွေဟာ မိဘတွေလုပ်တာကို အတုခိုးတာပဲ။ ပတ်ဝန်းကျင်က လူတွေဟာ မကောင်း မှုနဲ့ ချမ်းသာနေရင် အဲဒါကို အားကျမှာပဲ။
ဒီအတိုင်းပဲ ကောင်းမှုနဲ့ သင့်တင့်မျှတရုံ နေတတ်တယ်ဆိုရင်လည်း အဲဒီသဘောတရားကို လက်ခံမှာပဲ။
သူတို့ကြီးပြင်းလာတဲ့ ဝန်းကျင်ဟာ သူတို့ကို ရောင်ပြန်ဟပ်မှာပါပဲ။
ကျွန်တော်တို့ဟာ အမှန်တရားကို ချွင်းချက်ထားတယ်ဆိုရင် သူတို့လည်း အမှန်ကို မျက်ကွယ်ပြုမှာပဲ။
တကယ်တော့ ဒါဟာ (domino theory) လို့ခေါ်တဲ့ သက်ရောက်မှုကို ပေးတယ်။
မိမိက မကောင်းမှုကိုပြုရင် မိမိနဲ့ ဆက်နွှယ်သူတွေဟာ မကောင်းမှုကိုပြုဖို့ အခွင့်အလမ်း များတယ်။ ဒီလိုလုပ်ပါဆိုတာမျိုး သူတို့ကို အားပေးသလို ဖြစ်တယ်။
အဓိကကတော့ အဲဒီ ကောင်းမှု၊ မကောင်းမှုရဲ့ သက်ရောက်မှုဟာ မိသားစုအတွင်း စတင်ဖြစ်ပေါ် တော့တာပါပဲ။
လီလီတွန်မ်လင်က ရေးထားဖူးတယ်။
The best mind altering drug is the truth.
စိတ်ကိုပြောင်းဖို့ အကောင်းဆုံး ဆေးဝါးကတော့ အမှန်တရားပါပဲ”တဲ့။
လူတွေဟာ အမှန်တရားကို ကြောက်နေကြတယ်။ အမှန်ကို ထုတ်ဖော်ပြောဆိုမယ်၊ အမှန်အတိုင်းကို လုပ်ကိုင်မယ်ဆိုရင် ကိုယ်ကျိုးစီးပွားကို ထိခိုက်မယ်လို့ ထင်နေကြတယ်။
“အမှန်တရားဆိုတာ ဆေးခါးကြီးပါပဲ။ လူတွေက ဒါကို လက်မခံဘူး။” လို့ ခေတ်က ယူဆကြတယ်။ ယနေ့လည်း လက်ခံဆဲပါပဲ။
ဒီနေရာမှာ အောင်မြင်လိုရင် ဆိုတဲ့ သီအိုရီတစ်ခု ထွက်လာတယ်။ အင်မတန် လူကြိုက်များတယ်။ ဒါကို ကျွန်တော်တို့က ဖတ်ပြီး သဘောကျကြတယ်။
လူတွေကို ချိုသာတဲ့စကားသာ ပြောပါ။
အပြစ်မတင်နဲ့။
ပြုံးပါ။
မုန့်ခါးရည်တခွက်က ပျားရည်တစက်လောက် ယင်ကောင်တွေကို မဆွဲဆောင်နိုင်ဘူး...... စတဲ့ စတဲ့... အောင်မြင်မှုလမ်းညွှန်တွေကို လက်ခံကြတယ်။
ဒါတွေကို အမှန်တရားကနေ လမ်းခွဲပြီး ဟန်ဆောင်ပန်ဆောင်လုပ်ရမယ့် သဘောတရားတွေလို့ ယူဆကြတယ်။
အောင်မြင်မှုအတွက် မိမိခံယူချက်သဘောထားကို ဖုံးကွယ်ထားရမှာလား။
ပျားရည်ဆမ်းမျက်နှာတွေရဲ့ နောက်ကွယ်က ဓားနဲ့ ထိုးလာကြတယ်။ ဒါကြောင့်လည်း ပြုံးနေရင် သတိထားဆိုတဲ့စကား ပေါ်ပေါက်လာတာပါပဲ။
တကယ်တော့ ပြုံးနေတာ ကောင်းပါတယ်။
သို့သော် ဟန်ဆောင်ပြုံးရင်တော့ တစ်ခုခု မကောင်းတာရှိမယ်လို့ ယူဆနိုင်တယ်။

နိဂုံး
ကျွန်တော်တို့ဟာ မျိုးဆက်သစ်တွေကို အမွေပေးနေကြတယ်။
ဘာတွေကို ပေးမှာလဲ။
“အမှန်တရား”
“လောကမှာ အမှန်တရားဟာ ရှားပါတယ်ဆရာ။ မဖြစ်နိုင်ပါဘူး” တဲ့။
ဒါဆိုရင် အမှားတွေကို အမွေပေးမလား။ လိမ်တာညာတာတွေကို အမွေပေးမလား။
ဟန်ဆောင်ပန်ဆောင်တာတွေကို အမွေပေးမလား။
“ကျွန်တော်တို့ဟာ စံပြတွေဖြစ်ရမယ်။ အမှန်တရားကို ရင်ဆိုင်ဖို့ဟာ အင်မတန်မှခက်ခဲတယ်။ သိက္ခာရှိရှိနဲ့ ဘဝကိုရင်ဆိုင်တယ်ဆိုတာ မြင့်မြတ်ပါတယ်။ သားသမီးတွေကို ဒါတွေ အမွေပေး ရမယ်”တဲ့။
လောကကြီးမှာ တရားတာတွေ မတရားတာတွေရှိမှာပါပဲ။
ဒါပေမယ့် အမှန်တရားနဲ့သာ လျှောက်လှမ်းပါလို့။
အမှန်တွေကိုသာ အမွေပေးပါ ဟူ၍။

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလထုတ်“အတွေးအမြင်” အမှတ်(၁၈၆) မှ

နေရာမှ ကူးယူမျှဝေပါသည်။

Sunday, May 3, 2009

ကောက်ညှင်းပေါင်း.... ဂျာနယ်ကျော်မမလေး

စမမှာ…
လျှာကခံစားသော စမ
နှာခေါင်းက ခံစားသော စမ
နားကခံစားသော စမ
မျက်စိကခံစားသော စမ
ကိုယ်ကခံစားသော စမဟူ၍
စမ ငါးမျိုးရှိပေသည်။
xxxxxxxxxxxx
ကျွန်မ၏ဆေးတိုက်ထဲတွင် ဆေးယူလာကြသော လူနာများစဲသွားသည့်အခိုက် စာရေးဆရာ ကိုသန်းဆွေသည် ကျွန်မထံသို့ ပေါက်လာလေသည်။ မြဝတီအတွက် ဝတ္ထု၊ ဆောင်းပါး အလိုရှိ၍ ကျွန်မထံလာတောင်းသည်ဟု ထင်မှတ်လိုက်မိသည်။
“ ကျွန်တော် ဆီးဆေး တစ်ပုလင်းလိုချင်လို့ခင်ဗျ” ဟုဆိုမှ ….
“ ရှင်က ဒီဆေးတွေစားနေသလား” ဟု အံ့သြစွာမေးလိုက်မိသည်။
“ ဟုတ်တယ်၊ ကျွန်တော်သွေးဝမ်းတွေသွားနေလို့ ကြည့်မြင်တိုင်က ဆရာကြီးဆီမှာ ဆေးစား တာ ဆေးကုန်သွားလို့ ဒီမှာလာဝယ်တာ” ဗီရိုထဲမှ သူ့အတွက်ဆီးဆေးပုလင်း ယူပေးနေစဉ်
“ ဘယ့်နှယ်လဲ တော်တော်နေရာကျသလား”
ဟု ကိုသန်းဆွေက လှမ်းမေးသည်။ သူ၏အသံမှာ ခပ်တိုးတိုးဖြစ်သော်လည်း သာသလောက် စည်သလောက် စည်မည်သွားလေ၏။
ကိုသန်းဆွေရှေ့၌ ဆေးပုလင်းကိုချလိုက်ကာ နေရာတွင်ပြန်ထိုင်လျက် အဖြေပေးရန် နှုတ်လျှာလေးနေလေသည်။ ဝလုံးကဲ့သို့ သူ့မျက်နှာဝိုင်းဝိုင်းပေါ်၌ တပ်ဆင်ထားသော သူ့မျက်လုံးများသည်။ အရောင်တစ်ပြောင်ပြောင်ထွက်နေကာ ကြားရမည့်အဖြေကို နှစ်လိုချမ်း မြေ့စွာ ဝင်းပကြိုဆိုနေသည်။ ကျွန်မလည်းပြုံးလိုက်သည်။ အနိုင်နိုင်ပြုံးလိုက်ရသောအပြုံးမှာ လျှော့ရဲရဲဖြစ်နေသည်။ ကျွန်မ၏လျှော့ရဲရဲအပြုံးကို သတိထားမိသည့် သူ့မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားလေသည်။ ဝင်းပချိုမြနေသော အရိပ်အယောင်များ ဖျော့လျှော့သွားကာ ခပ်အမ်းအမ်းဖြစ်နေသည်။


“ဆေးဆရာဖြစ်ရတာ မသက်သာပါဘူးရှင်” ဟု လေးတွဲ့တွဲ့ညည်းတွားလျက် လမ်းမဘက်သို့ လှည့်ကာ ငေးစိုက်ကြည့်နေမိသည်။ တိုက်ရှေ့၌ ဖြတ်မောင်းသွားနေကြသော ပုစွန်တံဆိပ် ကားထဲမှ ခရီးသည်များသည် ကျွန်မ၏ “ဂျာနယ်ကျော်မမလေး ဆေးတိုက်” ဟူသော ဆိုင်းဘုတ်ကလေးကို လှမ်းကြည့်သွားကြသည်။ နေရောင်ဖြင့် ပြောင်လက်နေ၍ ကတ္တရာလမ်းမကြီး၏ ပူပြင်းသောအရှိန်သည်။ မျက်နှာသို့ပင် လာဟပ်လေသည်။ ကိုသန်းဆွေမလာခင် စောစောက လူနာများကို အာပေါက်လောက်အောင် ပြောရဟောရ သဖြင့် စိတ်ပင်ပန်းသွားသောကျွန်မမှာ ပြင်းထန်သောနေရှိန်ကြောင့် ပိုမိုငြီိးစီလာကာ ခေါင်းထဲကပင် အုံလာသည်။
“လူနာကုရတာအပန်းမကြီးဘူး၊ ပြောရတာမောပါတယ်ရှင်….”
ကိုသန်းဆွေသည် စားပွဲပေါ်ကဆေးပုလင်းကို ထိပ်မှနေ၍လက်ဖြင့် အသာကိုင်လှည့်လျက်
“ဓာတ်မသိသေးလို့ ပြောရ ဟောရတာပါ၊ ဓာတ်သိတော့လည်း သဘောပေါက်သွားတာပဲ၊ ကျွန်တော်လည်း အစကမသိဘူး၊ နောက်တော့ ကုနေရင်းနဲ့ ကိုယ်နဲ့ ဘာမတည့်ဘူး၊ တည့်တယ်ဆိုတာ တဖြည်းဖြည်းနားလည်လာတယ်” ဟု သူ့အသိကို ပြန်ပြောပြနေသည်။ ဆေးပညာကိုလိုက်စား၍ ဆေးဆရာနယ်ပယ်ထဲသို့ လူသိသူသိရောက်လာသည်နှင့် အလုပ်တိုက်တွင် တစ်နေ့တစ်နေ့ လူနာမျိုးစုံနှင့်တွေ့ဆုံကာ ဆေးကုပေးနေရ၏။ အချို့သော လူနာများမှာ နောက်နောက်ကအစွဲကို တော်ရုံနှင့် မကျွတ်နိုင်ကြ၍ ခံစားနေရသည့်ဝေဒနာ မြန်မြန်ပျောက်ဖို့ရာရှိပါလျက် နှောင့်နှေးနေရပေသည်။ ကျွန်မလက်တွေ့အားဖြင့် ဝေဒနာကို အစွဲကို အရင်ချွတ်ရသူချည်း တွေ့ကြုံနေရလေသည်။ သူတို့အနာကို ကိုယ့်အနာကဲ့သို့ မြန်မြန်ပျောက်ကင်းရန် စိတ်ရှည်လက်ရှည် အတော်ကြီးပြောရသဖြင့် ဆေးမကုခင် သင်္ကာရှင်း ရခြင်းကို စိတ်ပင်ပန်းရသည်။ ကျွန်မ၏ ဆေးပညာဆောင်းပါးကို သွေးသောက်၊ ရှုမဝ မဂ္ဂဇင်းများထဲတွင် ဖတ်ရှုရ၍ ဆေးကုလာကြသောသူများအနက် ကာလ်တန်ရုပ်ရှင်ရုံမှ လက်မှတ်ရောင်းသော ကိုငြိမ်းဆိုသူတစ်ယောက်သည်ခြေမျက်စိက ဒူးဆစ်အထိ နှင်းခူရောဂါ ကြီးစွဲကပ်လျက် အနာထ၍ ရောင်ကိုင်းနေကာ လမ်းပင်ကောင်းစွာမလျှောက်နိုင်ရှာဘဲ ခြေထောက်ကို ထော့ကျိုးထော့ကျိုးလျှောက်ကာ တိုက်ထဲသို့ ဝင်လာသည်။ ကျွန်မက သူ့ခြေထောက်ကို လှမ်းကြည့်ပြီးနောက်
“ ရှင့်ရောဂါမြန်မြန်ပျောက်ချင်ရင် ကျွန်မစကားကို နားထောင်မှပျောက်မှာ” ဟုပြောလိုက် သည်။
“ ကျွန်တော် မဂ္ဂဇင်းထဲဖတ်ရတာနဲ့ လာခဲ့တာပါ၊ နားထောင်ပါ့မယ်” ဟု လေးလေးစားစားရှိ သောဟန်နှင့်ဆိုသည်။
“ ရှင့်ရောဂါက နွားသားစားမှပျောက်မှာ”
ကိုငြိမ်း၏မျက်နှာသည် လငပုပ်ဖမ်းသွားသလို မှောင်မည်းသွားသည်။ အညှီအဟောက်စား လျှင် သည်အနာမျိုးနှင့်မတည့်ဟု လှေနံဓားထစ် စွဲထားသောအယူအဆဖြင့် ကျွန်မကို မယုံသင်္ကာရှိသော မျက်လုံးကြီးများဖြင့်လည်း ပြူးကြည့်နေသည်။
“ ရှင့်အနာက ရေထိလို့လဲမဖြစ်ဘူး၊ သံပုရာသီးလဲ နိုင်နိုင်ကြီးစားပေးနိုင်မှ ဖြစ်မှာ”
ကိုငြိမ်းသည် သိသိသာသာမျက်နှာပျက်သွားပြန်သည်။ ခြေသလုံးကြီးတစ်ခုလုံး ကိုင်းရောင်ကာ အရည်တစိုစိုဖြင့် ငန်းမန်းထနေသော နှင်းခူကြီးကို အနာ- အချဉ်စားလျှင် ယင်းသည်ဟူသော အစွဲဖြင့် သံပုရာနိုင်နိုင်စားရမည်ဆိုခြင်းကိုလည်း ထိတ်လန့်ပုံရှိနေသည်။
“ကျွန်မပြောတဲ့အတိုင်း လုပ်မှဆေးကုပေးချင်တယ်၊ ကျွန်မပြောတာလုပ်လို့ ရောဂါတိုးလာရင် ကျွန်မတရားခံပေါ့၊ ကျွန်မပြောတဲ့အတိုင်း မလုပ်ဘဲ ဖောက်သွားလို့ ရောဂါတိုးတာတော့ ကျွန်မတာဝန်မယူနိုင်ပါဘူးရှင် ကျွန်မနဲ့ကုဖို့ စိတ်ရှိပါသလား”
ကိုငြိမ်းသည် တွေငိုင်လျက်နေ၏။ ထို့နောက် အားတုံ့အားနာ ပြုံးရယ်ကာ
“ကျွန်တော်တော့ ပျောက်ချင်လို့လာတာပါပဲ၊ နွားသားစားဖို့ဆိုတာကတော့ အနာများပိုပြီး ဆိုးလာမလားလို့ပါဗျာ”
ဟုစိုးရိမ်မကင်းသံဖြင့် ပြန်ပြောလေသည်။
“ ကျွန်မအခုဆေးကုနေတာ သေတာ ရှင်တာကို ကုပေးနေတာမဟုတ်ပါဘူးရှင်၊ တည့်တာ မတည့်တာကို ကုပေးနေတာပါ၊ နှင်းခူဝေဒနာမျိုးဟာ နွားသားစားရင်တည့်တယ် ဆိုတဲ့အသိ၊ သညာအမှတ်နဲ့ ကုသတာလည်းမဟုတ်ပါဘူး၊ နှင်းခူဝေဒနာသည်ကိုငြိမ်းနဲ့ နွားသားနဲ့ တည့်တယ်ဆိုတဲ့ အသိပညာနဲ့သာ ကုတာပါ၊ ရှင်နွားသားစာမယ်ဆိုရင် အနာမတိုးဘဲ ပျောက်ရမယ်ဆိုတာ ကျွန်မရဲရဲကြီး အာမခံပါတယ်”
လူနာကို နားဝင်လောက်အောင် သင်္ကာရှင်း၍သော်၎င်း၊ အာမခံ၍သော်၎င်း၊ ကုသရခြင်းမှာ သူ့အနာပျောက်ကင်းချင်လှသည့် မေတ္တာစိတ်ရှေ့ရှုချက်ကြောင့်သာ ဖြစ်သည်။
ခြေထောက်မှ ကောင်းကောင်းမထောက်နိုင်လောက်အောင် ကိုက်ခဲနာကျင်နေသော ဝေဒနာကြီးကို လျှင်မြန်စွာပျောက်ကင်းစေချင်သော ဇောဖြင့် အတော်မောလောက်အောင် ရှင်းလင်းပြောပြနိုင်တော့မှသာ ပြောတဲ့အတိုင်းလုပ်ပါမည်ဟု အဖြေလေသည်။
စားပွဲပေါ်မှ စာရေးစက္ကူဆွဲ၍ “ ကိုငြိမ်းလိုက်နာရန်၊ ဤစာရွက်ထဲမပါသည်ကို မစားရန်၊ မလုပ်ရန် အထူးသတိပြုပါ” ဟူ၍ရေးလိုက်သည်။
ကိုငြိမ်းသည် စာရွက်ပေါ်တွင် ကျွန်မရေးနေသောစာလုံးများကို မျက်ခြည်မပြတ် လိုက်ဖတ်ကြည့်နေသည်။
နွားနို့စစ်စစ်(မျက်စိအမြင်) အစိမ်းသောက်ရန်၊ ထိကရုန်း၊ အုန်းရည်၊ ရွှေဖရုံသီး၊ ထန်းလျက်၊ ရုန်းပတီသီး၊ ကောက်ညှင်း၊ ဆီထမင်း၊ ရမ်းသီး၊ စားတော်ပဲ၊ ခရမ်းချဉ်သီး၊ ဒူးရင်းသီး၊ ကြောင်ရှာသီး၊ သြဇာသီး၊ သုံပုရာသီး၊ နာနတ်သီး၊ တညင်းသီး၊ ဆီးသီး၊ နံနံပင်၊ နွားသား၊ ဆိတ်သား၊ မန်ကျည်းသီး၊ ငါးမြင်းရင်း၊ ငါးစင်ရိုင်း၊ ပုစွန်၊ ငါးပုဏ္ဏား။
ကိုငြိမ်းနှင့် တည့်သည့်အစာများကို ဤသို့ရေးနေစဉ် ကိုငြိမ်းလှမ်းဖတ်ကြည့်နေရာက အနာကြွလာအောင် ပေးတဲ့အစာတွေလားဟု ဖြတ်မေးလိုက်သည်။
“ ရှင် ကျွန်မဆီ အနာလာကုတာ သက်သာအောင်၊ ပျောက်ကင်းအောင် လာကုတာမဟုတ် ဘူးလား၊ အနာကို ကြွအောင်လုပ်ပေးရတယ်လို့ ကျွန်မသင်ယူတဲ့ ဆေးပညာမှာမရှိပါဘူး၊ အနာကို မကြွအောင်၊ ပျောက်အောင်သာ လုပ်ပေးပါတယ်၊ အခုပေးတဲ့အစာတွေက ကြွအောင်လုပ်ပေးတဲ့ အစာတွေမဟုတ်ပါဘူး၊ မကြွနိုင်အောင် ပေးတဲ့အစာတွေပါ”
ကျွန်မပြောသည့်စကားများသည် သူ့နားနှင့် ဆန့်ကျင်နေသည်။ သည်အစာတွေစားခဲ့လျင် အနာကြီးကြွတက်လာတော့မှာပဲဟု တွေထင်နေပုံလည်းရှိသည်။ ကျွန်မက ဆက်လက်၍ ရေးသားပြန်သည်။ သူကလည်း ဆက်လက်၍ လိုက်ဖတ်ကြည့်ပြန်သည်။
ရေအေး- ရေစိမ်းမချိုးရ၊ ရေနွေးချိုးရမည်။ လေစိမ်းတိုက် များများခံပါ၊ မီးခဲတွင် ငရုတ်ကောင်း၊ နဲ့သာဖြူထည့်၍ အခိုးကို နှာခေါင်းနှင့်ရှူပါ၊ ပါးစပ်ထဲမဝင်စေနှင့်။ တစ်နေ့သုံးကြိမ် ဆေးမှုန့်နှင့် အနာကို ကွမ်းရွက်နှင့် နာနာတိုက်ပါ။ ဆေးရည်တစ်နေ့ သုံးကြိမ်သောက်ပါ။
“ ရှင်နဲ့ ဒီစာရွက်ထဲပါတာတွေနဲ့သာ တည့်ပါတယ်၊ အတည့်ဆုံးကတော့ နွားသားပဲများများစား ပါ၊ နွားသားမရမှ ဒီစာရွက်ထဲပါတာတွေ လွယ်ရာလှည့်စားသွားပါ၊ ဒီစာရွက်ထဲမပါတာကိုတော့ ဘာတခုမှ မစားပါနဲ့”
ကိုငြိမ်း၏အကဲကိုခတ်ကာ ဤမျှလောက်ပြောလိုက်ရုံဖြင့် သည်အတိုင်းလိုက်နာဝံ့မည့်သူ မဟုတ်မှန်းသိ၍ သည်အတိုင်းလုပ်ရဲရန် ဘာကြောင့် နွားသားနှင့် တည့်သည်ကို အာခြောက် အောင်ရှင်းပြောပြရလေသည်။
ကျွန်မကုသနည်းကား အမှန်စင်စစ် အနာပျောက်ရုံသာမဟုတ်ပဲ သူ့အတွက် ကျန်းမာရေး မျိုးစေ့ချပေးလိုက်ခြင်းလည်း မည်လေသည်။
ထိုထက်တဆင့်တက်၍ ဘာကြောင့် ဒီအစာတွေ တည့်ရသနည်းဟု ကြံဆမည်ဆိုပါလျှင် ပညာ၏အစကိုပင်ရနိုင်ကာ ကျန်းမာရေးလက်ကိုင် ရသွားပေလိမ့်မည်။ ကျွန်မပေးသော ဓာတ်စာများမှာ ခုနှစ်ခု-စား၊ ရှစ်ခု-စား၊ လနှင့် ရာသီနှင့် ပေးသော ဓာတ်စာမျိုးမဟုတ်ပေ။ ကိုငြိမ်းတသက်လုံး ဤစာရွက်ထဲပါသည်ကိုသာ စားနေပါက အခြားဝေဒနာ စွဲကပ်ဖို့မဆိုထားနှင့် ခေါင်းပင်ကိုက်ခဲလိမ့်မည်မဟုတ်ပေ။
၎င်းအစာများနှင့် တည့်သည်၊ မတည့်သည်ကိုလည်း သူ၏ခန္ဓာကိုယ်က သက်သေခံရပေလိမ့် မည်။
ဝေဒနာသည်များအား ခန္ဓာငါးပါးမှစ၍ တည့်သည့်အစာနှင့် ကျွေးကုသခြင်း၊ တည့်သည့်အသံနှင့် ကုပေးခြင်း၊ တည့်သည့်အနံ့နှင့် ကုပေးခြင်း၊ တည့်သည့်အထိအတွေ့နှင့် ကုပေးခြင်းစသည့် ဓာတ်သဘောမှာ ကျမပြော၍ တည့်သည့်ဓာတ်မဟုတ်ပဲ ကိုယ်တိုင်သိ ဖြစ်ပေမည်။ မတည့်သည့်ဓာတ်များကိုလည်း ကိုယ်တိုင် မိမိနှင့်မတည့်မှန်း သိရပေမည်။
ကိုငြိမ်း ဆေးယူပြန်သွားပြီးနောက် ကျမစိတ်ထဲ ထင့်နေသည်။ ကျမပေးလိုက်သော ဓာတ်စာဆေးဝါးများနှင့် သူ့အနာနှင့် တည့်ပါမလားဟု ထင့်ရပုံမျိုးမဟုတ်ဘဲ နွားသားနှင့် သံပုရာသီးကို စားမှ စားပါ့မလားဟု ထင့်နေမိသည်။

ဆယ်ရက်လောက်ကြာလျှင် ကိုငြိမ်းပေါက်လာလေ၏။ တိုက်ထဲမဝင်ခင် သူ့ကိုမြင်မြင်ချင်း ပြောတဲ့အတိုင်းလုပ်မှန်း သိလိုက်သည်။ ဖျက်လတ် သွက်လက်စွာ တိုက်ထဲသို့ဝင်လာ ပြီးနောက် “ အမျာကြီးသက်သာသွားပြီ” ဟု ပြုံးရွှင်စွာ ပြောရင်း ကျမ စားပွဲရှေ့ ကုလားထိုင်တွင် ဝင်၍ထိုင်သည်။
“ရှင်နွားသားစားတော့ အနာကြွသေးလား”
ကျမက ပြောပြီးပြုံးနေသည်။ သူ၏တက်ကြွရွှင်လန်းအားရနေသော မူယာဟန်ပန်ကိုကြည့် လျက် အားရပါးရပြုံးနေမိသည်။
“ပထမတော့ ကြောက်နေသေးတယ်ဗျ၊ ပြောတာတွေ မလုပ်ဝံ့သေဘူး၊ နောက်မှ ဘယ့်နှယ်ရှိရှိ ဒီလောက်အာမခံထားတာ လုပ်မယ်ဆိုပြီး နေ့တိုင်းနွားသားနဲ့ သံပုရာသီးချည်း စားတာပဲ၊ အနာမကြွပါဘူး၊ ခြေထောက်တော့ ပျောက်ကာနီးသလောက် ရှိပါပြီ၊ ဆေးကုန်လို့ လာယူတာပါ”
ကိုငြိမ်း၏ နှင်းခူအနာကြီး ပျောက်ကင်းသွားပြီးနောက် စာရင်းစစ် ဦိးဟင်ဝေး ဆိုသော ပုဂ္ဂိုလ်တယောက်ကို ကိုငြိမ်းကတစ်ဆင့် ညွှန်လိုက်သည်။
လက်ကောက်ဝတ်ကနေ၍ တံတောင်ဆစ်အထိ ရွံရှာဖွယ်အလိလိစိုရွှဲနေသော နှင်းခူအနာကြီးနှင့် ရောက်လာလေသည်။
နွားသားနှင့် သံပုရာသီးကျွေးလျှင် ရဲရဲသာစားရန် ကိုငြိမ်းက မှာလိုက်ကြောင်းကို ပြောပြသည်။ ကျမက သူ့ရဲ့အနာကိုကြည့်ရှုပြီး …
“ ဦိးရဲ့အနာက နွားသားနဲ့ သံပုရာသီး မတည့်ပါဘူး၊ အနာချင်းတူပေမဲ့ လူချင်းမတူကြပါဘူး၊ တဦးနဲ့ တည့်လို့ တဦးနဲ့ မတည့်ပါဘူး၊ ကိုငြိမ်းအနာက ရေထိလို့မရဘူး။ ဦးအနာက ရေစိမ်ပြီး ကုရမှာပါ။ ဦိးကတော့ ငါးသလောက်၊ လိပ်ဥစားမှပျောက်မှာပါ”
ကိုငြိမ်းကဲ့သို့ပင် မျက်စိမျက်နှာ ပျက်သွားပြန်၍ ကျမပြောသည့်အတိုင်းလုပ်လျှင် မြန်မြန် ပျောက်ကင်းသွားမည်ကို မမောမပန်း သင်္ကာရှင်း ပြောရပြန်လေသည်။ နွားသားနှင့် သံပုရာသီးစား၍ တဦးပျောက်တာ ကိုယ်တိုင်မြင်ခဲ့၍ ကျမ နွားသားနှင့် သံပုရာသးကျွေးလျှင် စားဝံ့ပုံရှိသည်။
ငါးသလောက်၊ လိပ်ဥ ဆိုလိုက်၍ တွန့်သွားလေသည်။ နွားသားနှင့် သံပုရာသီးစား၍ တဦးပျောက်တာမြင်ပြီး လိုက်စားမည်ဆိုပါက အနာကြွကာ လက်ကအသားတွေ ကြွေကျဖို့ရာ ရှိလေသည်။ သူ့ကို ငါးသလောက်နှင့် လိပ်ဥကြွေးပြီး အနာကြွအောင်လုပ်ကုတာဟု ထင်မှတ်နေပြန်၍ အနာကြွအောင် ပေးတာမဟုတ်ဘဲ အနာမကြွအောင် နှိမ်ကုခြင်း ဖြစ်သည် ကို သဘောပေါက်အောင် အတော် သင်္ကာရှင်းပြောရသည်။
ဝေဒနာသည်တို့အား အနာကုရတာ ဒါလောက်မခက်လှဘဲ နောက်နောက်ကစွဲထားသည့် အစွဲကို ချွတ်ရသည့်အတတ်က ပိုခက်နေသဖြင့် ကျမ၏ အခက်အခဲများကို ကိုသန်းဆွေအား ညည်းညူပြောမိခြင်း ဖြစ်သည်။
“ကျမအခက်ဆုံးက ဝေဒနာသည်ကို ကောက်ညှင်းကျွေးကုတာနဲ့ ရေစိမ်၊ ရေလောင်းကုတဲ့ ဓာတ်ကို ရုတ်တရက်လူတွေလက်ခံဖို့ အခက်ဆုံးဖြစ်နေတယ်”
ကိုသန်းဆွေသည် သူ၏ရောဂါဝေဒနာကို ဆရာကြီးဓာတ်နည်းဖြင့် ကုသနေသဖြင့် ဓာတ်သဘောကို တီးမိခေါက်မိရှိနေသည်။ သူသည် ငြိမ်သက်လျှက်နေရာမှ တစုံတရာကို စဉ်းစားမိဟန်ဖြင့် ပြုံးရယ်လိုက်သည်။
“ကျနော့ကို ဒေါ်ခင်စု(ခင်နှင်းယု) ကပြောဘူးတယ်ဗျ၊ သူများတွေကောက်ညှင်းပေါင်းစားရင် ဝမ်းချုပ်တယ်ဆိုပေမဲ့ နိုင်ငံတော်အရာရှိကြီးတဦိးကတော့ ဝမ်းချုပ်ရင် ဝမ်းနှုတ်ဆေးမစားဘူး၊ ကောက်ညှင်းပေါင်းခိုင်းပြီး ကောက်ညှင်းပေါင်းအမြဲစားတယ်၊ အဆန်းဘဲလို့ပြောဖူးတယ်”
ကျမက ဘယ့်နှယ်ရှိစ အဓိပ္ပါယ်သက်ဝင်သော မေးခွန်းလက္ခဏာဟန်ပေါ်သွားရုံသာ ရှိသေး ကိုသန်းဆွေက ဆက်လက်၍ ကျမမေးမည့် အမေးကိုကြိုဖြေလိုက်သည်။
“ကျွန်တော်လဲ ဒီဓာတ်သဘောရိပ်မိမှ သူနဲ့ကောက်ညင်းပေါင်း တည့်လို့သာဆိုတာ သက်သေခံရတော့တယ်”
ကျမတို့ နှစ်ယောက်စလုံး ကိုယ့်အတွေးနှင့် ကိုယ်ငြိမ်သက်နေကြပြန်သည်။ ကိုသန်းဆွေ ဘာတွေးမည်ကို မသိနိုင်သော်လည်း ကျမမှာမူ ဆေးပညာသင်စဉ်က ဆရာကြီးဆုံးမ ပြသသော အချက်ကို ဒက်ကနဲတွေးမိသည်။
ဆရာကြီးသည် အတ္ထော အက္ခရာ သညာတော အစရှိသော ပါဋ္ဌိကို ပထမ ရွတ်ပြကာ အနက်ကို ရှင်းပြောပြသည်။
ဆရာကြီး ရှင်းပြဖူးသော ပါဠိအနက်ကို ပြန်တွေးကာ အက္ခရာဟူ၍၎င်း၊ ဝဏ္ဏဟူ၍၎င်း၊ စမ ဟူ၍၎င်း သူ့နေရာနှင့်သူ အသုံးအားဖြင့် ခွဲခြား၍ ခေါ်ပညတ်ခြင်း ဖြစ်ပုံတွေကို တွေးဆင်ခြင်မိသည်။
သရရှစ်လုံး၊ ဗျည်းသုံးဆယ့်သုံးလုံးကိုပေါင်းပါက ဝဏ္ဏ လေးဆယ့်တလုံးခေါ်လေသည်။ သုတ်သုံးကျမ်း၊ ဝိနည်း ငါးကျမ်း၊ အဘိဓမ္မာ ခုနှစ်ကျမ်း၊ ၎င်း သုံးမျိုးကို ပိဋကတ်သုံးပုံဟူ၍ ပြန်ပညတ်၏။
၎င်းပိဋကတ်သုံးပုံကို လေးဆယ့်တလုံးသော ဝဏ္ဏမှ ပို၍မရေးသားနိုင်ချေ။ ရေးသားသော အက္ခရာများ မပျက် မှန်ကန်အောင်ရေးနိုင်ပါမှ ပါဠိမှန်ပေသည်။ ပါဠိမှန်မှ အနက်မှန်ပေမည်။ အနက်မှန်မှ အဓိပ္ပါယ်မှန်ပေသည်။ အဓိပ္ပါယ်မှန်မှ အကျင့်မှန်ပေသည်။
အက္ခရာမှားလျှင် ပါဠိမှားလေသည်။ ပါဠိမှားလျှင် အနက်မှားကာ၊ အနက်မှားလျှင် အဓိပ္ပါယ်မှားလျှက် အဓိပ္ပါယ်မှားက အကျင့်မှားလေ၏။ ထို့ကြောင့် အက္ခရကောသလ္လဉာဏ်ကို ဦးစွာပြီးစေအပ်၏ဟု သဒ္ဒါကြီးသန္ဓိပထမပိုင်းတွင် ဆိုထားပေသည်။
ဥပမာ- ကိုဋ် ဟူသောအက္ခရာရေးနည်းမျိုးကား ရှင်ဘုရင် မကိုဋ်သာလျှင် ရေးနိုင်ပေသည်။ ကြောင်ကိုက်သည်ဆိုရာ၌ ထိုအက္ခရာကို မရေးသားနိုင်ပေ။ အက္ခရာအထားအသိုလွဲလျှင် အဓိပ္ပါယ်လွဲရပေလိမ့်မည်။ အဓိပ္ပါယ်လွဲပါက အယူအဆအားလုံး လွဲသွားဖွယ်ရာရှိပေသည်။
“ အက္ခရာတွေကို အက္ခရာသိရုံနဲ့ မပြီးသေးဘူး၊ အသံထွက်ကို နားလည်သိရှိထားရသေး တယ်၊ ဥပမာ လူအများသီလဆောက်တည်တဲ့အခါ ဗုဒ္ဓံသရဏံ ဂစ္ဆာမိကို ဆိုတတ်ရုံနဲ့ ပြီးသော်လည်း သာမဏေကျတော့ ဆိုတတ်ရုံနဲ့မပြီးဘူး၊ ဥပဇ္ဈာယ်ဆရာနှင့်တကွ သာမဏေပါ နှုတ်ခမ်းက ထွက်ရမည့်အသံ၊ သွားကထွက်ရမည့်အသံ၊ လျှာဖျားက ထွက်ရမည့်အသံ၊ အာခေါင်က ထွက်ရမည့်အသံ နှုတ်ခမ်းအဖွင့်အပိတ် သိပ်အရေးကြီးတယ်၊ သည်အက္ခရာ အရေးကြီးသလို လောကီပညာဘက်မှာလည်း စမ အရေးကြီးတယ်”

ဆရာကြီး အမိန့်ရှိဘူးသည့်အတိုင်းစမ အက္ခရာအရေးကြီိးကြောင်း တွေးမိပေသည်။
စမ အက္ခရာမသိပါက ကိုယ်ဟာကိုယ်မှားနေတာ တွေ့ရပြန်သော်လည်း ဘာကြောင့်မှားနေမှန်း မသိပေ။ ကိုယ့်ဟာကိုယ် မှန်နေတာ တွေ့ပြန်သော်လည်း ဘာ့ကြောင့်မှန်နေမှန်း မသိပေ
စမ ကိုသိမှ အဖြေကို သိပေလိမ့်မည်။
အချို့ ဓာတ်ချုပ်လျှင် ကောက်ညှင်းစားပုံမှာ လမ်းမှန်နေသဖြင့် ဘာကြောင့်မှန်နေမှန်းသိဖို့ အရေးကြီးပေသည်။
တဦးကောက်ညှင်းစားပုံ လမ်းမှန်သော်လည်း နောက်တဦးဝင်စားပါက မုချ ဆေးမဖြစ်ဘဲ ဘေးဖြစ်လိမ့်မည်။ ဘာကြောင့် မတည့်မှန်းကိုလည်း သိအပ်လှပေသည်။ နံနက်တိုင်း ထန်းညက်သုံးခဲစားကာ ရေတဝသောက်လျှက် ကောက်ညှင်းသာ အမြဲစားနေပါက ဆရာခေါ်ရသော ဒုက္ခမှ လွတ်ငြိမ်းသွားပေလိမ့်မည်။
ထန်းညက်ကား တေဇောဖြစ်သော်လည်း ရိုးရိုးတေဇောမဟုတ်၊ နဝင်းတေဇောဖြစ်ပေသည်။ ထန်းကား-၁၀၊ ညက်ကား-၈၊ ၎င်း ၁၈ကို ၉-နှင့်စားလျှင် အကြွင်းမရှိသဖြင့် နဝင်းတေဇောခေါ်ခြင်းဖြစ်သည်။ ဤကား ဦးနု၏ စမ အကျိုးဖြစ်လေသည်။ စမ ဆိုသည်မှာ သူ့နေရာနှင့်သူ ဖြစ်ကြောင်းကို ရှင်းခဲ့ပြီးလေပြီ။
စမ မှာ လျှာကခံစားသော စမ၊ ကိုယ်ကခံစားသော စမ ဟူ၍ စမ ငါးမျိုးကို အတိအကျမသိ၍ မျက်စိလည်နေပါက အန္တ ပုထုဇဉ်ခေါ်ပေမည်။
၎င်း စမ ငါးမျိုးကို လောကုတ္တရာနည်းနှင့် ခန္တာငါးပါးဟု ခေါ်ပေသည်။ လောကီနည်းနှင့် လောကုတ္တရာနည်းနှင့် သူ့နေရာနှင့်သူ အတိအကျခံစားတာတွေကို သိပါမှ ကလျာဏ ပုထုဇဉ်ဖြစ်ပေတော့မည်။
“အင်္ဂလိပ်စာတွေ ကုန်းသင်ပြီး မြန်မာရဲ့ အက္ခရာစာပေ စမသဘောနားလည်တဲ့သူများကို သည်ပညာနဲ့ ဆေးကုနည်းသင်ပြဖို့ဟာ မလွယ်လှဘူးရှင်”
ကျမလည်း စမသဘောကို အကျယ်တဝင့် ပြန်လည်တွေးတောနေရာမှ နောက်ဆုံးနိဂုံးချုပ် ပြောလိုက်သဖြင့် ကိုသန်းဆွေသည်ပြုံးကာ “ တဖြည်းဖြည်းတော့ လူတွေလက်ခံမှာပါပဲဗျာ၊ ဒီပညာပြန့်ပွားရင် ဆေးဖိုးအကုန်သက်သာပြီး ကိုယ့်ကျန်းမာရေး ကိုယ်ပိုင်သွားကြမှာပဲ” ဟု စိတ်ရောကိုယ်ပါ ထောက်ခံပြောဆိုသွားပေသည်။
မှတ်ချက်။ ။ ကိုငြိမ်းကို နေဂိုဏ်း အင်္ဂါနာမ် (စ၊ ဆ၊ ဈ၊ ဇ၊ ည) အသံထွက်ကိုယူခြင်းဖြစ်သည်။