လိုချင်လျှင်.... ဆင်းရဲသည်.... မလိုချင်လျှင်.... ချမ်းသာသည်.....
ဆရာတော်အရှင်ရာဇိန္ဒ ရဝေနွယ်(အင်းမ) ၏ ဒါနပါရမီ တရားတော်နှင့် ဒွိပိဋကဆရာတော် အရှင်နေမိန္ဒာဘိဝံသ၏ အရှိကို အသိနှင့်ညှိပါ တရားတော်ကို နာယူနိုင်ပါသည်။

သီလပါရမီတရားတော်...

ဆရာတော်အရှင်ရာဇိန္ဒ ရဝေနွယ်(အင်းမ)၏ သီလပါရမီတရားတော်..


MusicPlaylist

Thursday, May 27, 2010

သမီးတို့ ကျောင်းပိတ်တော့မယ်....

သမီးငယ်လေး ဟန်နီတို့ အတန်းက ၃ တန်းကလေးငယ်တွေရဲ့ ကျောင်းပိတ်ကာနီး နှုတ်ဆက်တဲ့အနေနဲ့ ညအိပ်ပျော်ပွဲစားထွက်တဲ့ သရုပ်ဖော် ဖျော်ဖြေတင်ဆက်မှုလေးပါ... မီးတွေမှိတ်ပြီး ညအမှောင်လို သရုပ်ဖော်တဲ့အပိုင်းတွေကတော့ သိပ်မမြင်ရလို့ မတင်လိုက်တော့ဘူး....အပျင်းပြေကြည့်ရအောင်လေ...



Monday, May 24, 2010

ကျန်ရှိနေတဲ့သက်တမ်းကို ဘယ်လိုနေမလဲ


လူတိုင်းလူတိုင်း ကိုယ့်အမျိုးဆို သိတ်ချစ်ကြ သိတ်သိတတ်ကြပါတယ်။ အဲ့ အောင်မြင်ကျော်ကြားတဲ့၊ လိမ္မာရေးခြားရှိတဲ့သူဆို ပိုတောင်ချစ်ခင်ကြ၊ ဂုဏ်ယူကြရသေးတယ်...။ မြတ်စွာဘုရားကတော့ သတ္တဝါတွေဟာ သံသရာမှာ ဆွေမျိုးမတော်ဖူးတဲ့သူ မရှိဘူးလို့ ဟောခဲ့ပါတယ်..။ အခုလည်း ကိုယ့်အမျိုး ဦးဇင်းလေးက ဟောခဲ့တဲ့တရားတွေကို ကိုယ့်အမျိုးတွေဖြစ်တဲ့ စာလာဖတ်သူတွေကို ပြန်မျှဝေလိုက်ပါတယ်..။ ဆရာတော်နဲ့ ရင်းရင်းနှီးနှီး စကားမပြောဖူးပေမဲ့ တရားနာယူရင်း တကယ့်အမျိုးတွေလို စိတ်ထဲမှာ ရင်းနှီးနေခဲ့တာပါ... ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် ဆရာတော်ရဝေနွယ်ဆိုတာ ကြားဖူးနေပေမဲ့ ကိုယ်တိုင်ဆုံတွေ့တရားနာပြီးမှ ဆရာတော်ရဲ့ အေးချမ်းမှုတွေကို ခံစားရပြီး ဆရာတော့်စာတွေ ဖတ်ကြည့်မိတာပါ.. နောက်မကျသေးပါဘူးနော်... ဒီစာဖတ်ပြီး အမျိုးတွေအားလုံး ကိုယ်စိတ်နှစ်ပါး အေးချမ်းပြီး ဝဋ်ဒုက္ခအပေါင်းမှ လွတ်မြောက်နိုင်ကြပါစေ....



တစ်ခါတုန်းက ဂျပန်ဘုန်းကြီးတစ်ပါးဟာ နန်းဆောင်ထဲကို ၀င်လာခဲ့ပါတယ်။ သူဝင်လာချိန်မှာ အစောင့်တွေက မတားဆီးလိုက်နိုင်ပါဘူး။ ဒီတော့ ဘုရင်ကြီးဆီကို တန်းရောက်သွားပါတယ်။ ဘုရင်ကြီးကလည်း ဂျပန်ဘုန်းကြီးကို တွေ့ လိုက်ရတော့ ချက်ချင်းပဲ မေးလိုက်ပါတယ်။
“အရှင်ဘုရား... ဘာများအလိုရှိပါသလဲ ဘုရား”
“ငါအိပ်ဖို့ အခန်းကောင်းကောင်းတစ်ခု အလိုရှိတယ်”

“အို...အရှင်ဘုရား နေရာမှားလာပြီ။ ဒါ တည်းခိုခန်းမဟုတ်ဘူး။ နန်းတော်ဘုရား။”

“နေပါအုံး။ မေးပါအုံးမယ်။ မင်းပြောတဲ့ ဒီနန်းတော်မှာ မင်း အရင် ဘယ်သူနေသွားသလဲ”

“တပည့်တော်အရင် တပည့်တော် အဖေ နေသွားပါတယ်။ အခု တပည့်တော် အဖေ မရှိတော့ပါဘူး။”
“မင်းအဖေ အရင်ကော ဘယ်သူနေသွားသလဲ”
“တပည့်တော် အဘိုး နေသွားပါတယ်။ အခုတော့ မရှိတော့ပါဘူး ဘုရား”

“မင်းအဘိုးအရင်ကော”
“တပည့်တော် အဘေး နေသွားပါတယ် ဘုရား”
“ဒါများကွာ.... နန်းတော်တဲ့၊ မင်းအဖေလည်း နေပြီး ထွက်သွားရပြီ၊ မင်းအဘိုးလည်း နေပြီး ထွက်သွားရပြီ၊ မင်းအဘေးလည်း နေပြီး ထွက်သွားရပြီ၊ မင်းလည်း နေပြီး ထွက်သွားရအုံးမယ်၊ ဒါတည်းခိုခန်းမဟုတ်လို့  ဘာလဲကွာ”
ဂျပန်ဘုန်းကြီးရဲ့ စကားကို ကြားလိုက်ရတော့ ဘုရင်ကြီးလည်း တစ်ခါမှ မစဉ်းစားဖူးတဲ့
“သြော်... ငါဟာတည်းခိုခန်းမှာ နေနေပါလား” ဆိုတဲ့ အသိဉာဏ်သစ်တစ်ခု လင်းကနဲ ၀င်သွားပါတော့သတဲ့။

(ဂျပန် ဇင်ပုံဝတ္ထု)


ဘုရင်ကြီးက ဂျပန်ဘုန်းကြီးကို အခန်းပေး မပေးတော့ စာထဲမှာ ဆက်ပြမထားပါဘူး။
ပုံပြင်လေးကတော့ ဒါပါပဲ။
တကယ်တော့ ဂျပန်ဘုန်းကြီးပြောသလို အားလုံး အားလုံးဟာ တည်းခိုခန်းမှာ ခေတ္တခဏ ၀င်တည်းနေကြရတာပါ။ အချိန်တန်ရင် သတ်မှတ်ရက်စေ့ရင် အိမ်ပြန်ကြရမှာပါ။
ဒီတော့ တည်းခိုခန်းမှာ ဘယ်လောက်အထိ နေခွင့်ရအုံးမလဲ...?

လူ့ ဘ၀သက်တမ်းကို ယေဘုယျ ၇၅နှစ်ပဲ ထားလိုက်ပါတော့။ အသက် ၄၀ ရှိတဲ့ လူတစ်ယောက်ဟာ တည်းခိုခန်းမှာ ၃၅ နှစ်ပဲ နေခွင့်ရတော့မှာပါ။ အသက် ၅၀ ရှိတဲ့ လူတစ်ယောက်ဟာ တည်းခိုခန်းမှာ ၂၅နှစ်ပဲ နေခွင့်ရတော့မှာပါ။ အသက်၆၀ ရှိတဲ့သူတစ်ယောက်ဟာ တည်းခိုခန်းမှာ ၁၅နှစ်ပဲ နေခွင့်ရတော့မှာပါ။

လက်ကျန်အချိန်ကနည်းနေပါပြီ။ ကျန်နေတဲ့အချိန်က ကိုယ့်အတွက် သိပ်တန်ဖိုးရှိနေပါတယ်။

ဒီအချိန်ဟာ သူတစ်ပါး ကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့်အချိန်၊ အရွယ် မဟုတ်တော့ပါဘူး။ ကိုယ်ကောင်းအောင်ပဲ နေရမယ့် အချိန်၊ အရွယ်ဖြစ်နေပါပြီ။

ဆိုလိုတာက သူတစ်ပါး ကောင်းတာ မကောင်းတာထက် ကိုယ်ကောင်းအောင်နေဖို့ က အဓိကပါ။

ဒီတော့ ကျန်ရှိနေတဲ့ သက်တမ်းကို ဘယ်လိုနေမလဲ....?
ဒီမေးခွန်းကို နေ့ တိုင်း ကိုယ့်ကိုယ်ကို မေးရမှာပါ။
ဒါဆို လူတစ်ယောက်ရဲ့  တန်ဖိုးကို ဘာနဲ့ ဆုံးဖြတ်မလဲ။ ရာထူးဌာနန္တရ၊ ငွေကြေးဥစ္စာ၊ ပညာ၊ အောင်မြင်ကျော်ကြားမှု၊ အခြံအရံတွေနဲ့ တိုင်းတာမလား။

ဒါတွေနဲ့ တိုင်းတာလို့ မရပါဘူး။ လူတစ်ယောက်ရဲ့ တန်ဖိုးကို သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာသုံးပါးနဲ့ ပဲ တိုင်းတာရမှာပါ။ လူတစ်ယောက်ဟာ သိက္ခာသုံးပါးနဲ့  ပြည့်စုံနေရင် တန်ဖိုးရှိနေတာပါပဲ။

ရာထူးဌာနန္တရ၊ ငွေကြေးဥစ္စာ၊ ပညာ၊ အောင်မြင်ကျော်ကြားမှု၊ အခြံအရံတွေတော့ရှိပါရဲ့ ။ ဒါပေမယ့် သိက္ခာသုံးပါး မရှိဘူးဆိုရင် တန်ဖိုးရှိတယ်လို့  မဆိုနိုင်ပါဘူး။ ရာထူးဌာနန္တရ စသည်တွေလည်း ရှိမယ်၊ သိက္ခာသုံးပါးလည်း ရှိမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ။

ဒါကိုထောက်ပြီး ကိုယ့်မှာ ရာထူးဌာနန္တရ၊ ငွေကြေးဥစ္စာ၊ ပညာ၊ အောင်မြင်ကျော်ကြားမှု၊ အခြံအရံတွေ မရှိပေမယ့် ဘာမှ အားငယ်စရာ မလိုပါဘူး။ ကိုယ့်ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင် ကိုယ်ဟာ တန်ဖိုးရှိနေတာပါ။

ဒါကြောင့် ကိုယ့်ကိုယ်ကို သိက္ခာသုံးပါးတည်အောင် လုပ်လိုက်ရုံပါဘဲ။

မနက်အိပ်ရာထ ကိုယ်လက်သန့် စင်ပြီးတာနဲ့  ဘုရားခန်းထဲသွားလိုက်ပါ။ ပြီးတော့ ငါးပါးသီလယူလိုက်ပါ။ ဒါဆို သီလသိက္ခာတည်သွားပါပြီ။ နောက် ဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ် ပွားလိုက်ပါ။ ဒါဆို သမာဓိသိက္ခာတည်သွားပါပြီ။ နောက်ဆက်ပြီး ၀ိပဿနာကို ငါးမိနစ်ပွားလိုက်ပါ။ ဒါဆိုရင် ပညာသိက္ခာတည်သွားပါပြီ။

သိက္ခာသုံးပါး ကိုယ့်ရင်ထဲကို ရောက်သွားတာနဲ့  ကိုယ်ဟာ တန်ဖိုးရှိတဲ့သူ ဖြစ်သွားပါပြီ။ ခက်လား။ မခက်ပါဘူး။ ဆယ့်ငါးမိနစ်လောက်ပဲ အချိန်ပေးရပါတယ်။

ပြီးတော့ “ငါ့ရင်ထဲမှာ သိက္ခာသုံးပါးတည်နေရင် ငါဟာတန်ဖိုးရှိနေတာပဲ” လို့  အသံထွက်ပြီး သုံးကြိမ်လောက် ရွတ်လိုက်ပါ။

နေ့ ခင်းကျရင် တစ်ကြိမ်ရွတ်လိုက်ပါ။ ညပိုင်းရောက်ရင် တစ်ကြိမ်ရွတ်လိုက်ပါ။ အသံနဲ့ ပါ ပူးတွဲပြီး ကိုယ့်ကိုယ်ကို အားပေးလိုက်တာပါ။

ကိုယ့်ရင်ထဲ သိက္ခာသုံးပါး ရောက်လာတာနဲ့  စိတ်ပါဝါစွမ်းအားတွေလည်း အလိုလိုရောက်လာတာပါ။ တရားသံနဲ့ ပြောရင် ကိုယ့်ကိုယ်ကို ကြည်ညိုလာတာပါ။

ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ကြည်ညိုသွားပြီဆိုရင် နေရထိုင်ရတာ ပျော်ပျော်ရွှင်ရွှင် ဖြစ်သွားတော့တာပါ။ သူတစ်ပါးကြည်ညိုတာ မကြည်ညိုတာထက် ကိုယ့်ကိုယ်ကို ကြည်ညိုဖို့ က အဓိကပါ။

အသံထွက်ပြီး ကိုယ့်ကိုယ်ကို အားပေးတာကို လျှော့မတွက်ပါနဲ့ ။ အသံထဲမှာ စွမ်းအားတွေရှိနေပါတယ်။ ဒါကြောင့် တစ်နေ့ ကို သုံးခါလောက် အသံထွက်ပြီး ရွတ်ဆိုပါ။ အသံကလည်း ကိုယ့်ရဲ့ စိတ်ဓါတ်တက်ကြွမှုကို ကူညီပါလိမ့်မယ်။

တစ်ခါတလေ အဆင်မပြေမှုတွေ ကြုံတဲ့အခါပဲဖြစ်ဖြစ်၊ လောကဓံဆိုးတွေ တွေ့ ကြုံတဲ့အခါပဲဖြစ်ဖြစ် အားငယ်စိတ်ဝင်လာရင် ကိုယ့်ရင်ထဲကို သိက္ခာသုံးပါး တည်အောင် လုပ်လိုက်ပါ။ တည်လိုက်တာနဲ့  ကိုယ်ဟာ တန်ဘိုးရှိတဲ့သူတစ်ယောက် ဖြစ်သွားပါပြီ။ ဒါဆို ဘာမှ အားငယ်စရာ မလိုတော့ပါ။

တစ်စုံတစ်ယောက်က ကိုယ့်ကို မချစ်ဘူး၊ ဘာဖြစ်လဲ၊ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ တစ်စုံတစ်ယောက်က ကိုယ့်ကို မုန်းနေတယ်၊ ဘာဖြစ်လဲ။ သူ့ ဟာသူ ကြိုက်သလောက်မုန်း၊ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ ကိုယ့်မှာ အခြံအရံ အသိုင်းအ၀ိုင်းမရှိဘူး၊ ဘာဖြစ်လဲ။ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ ကိုယ်က မအောင်မြင်ဘူး။ ဘာဖြစ်လဲ။ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ ကိုယ့်မှာ ကားမရှိဘူး။ ဘာဖြစ်လဲ။ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ ကိုယ့်မှာ မကျန်းမာဘူး။ ဘာဖြစ်လဲ။ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ ကိုယ့်မှာ ငွေကြေး မချမ်းသာဘူး။ ဘာဖြစ်လဲ။ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးကို အခြံအရံအသိုင်းအ၀ိုင်းတွေနဲ့  ဆုံးဖြတ်တာမှ မဟုတ်တာ။ သိက္ခာသုံးပါးနဲ့ ပဲ ဆုံးဖြတ်တာပဲ။

အလုပ်သွားတဲ့အခါ ကားပေါ်မှာပဲဖြစ်ဖြစ်၊ အလုပ်ထဲမှာပဲဖြစ်ဖြစ် ဂုဏ်တော်လေးကို ပွားနေမယ်။ အလုပ်နားနေတဲ့အချိန်လေးတွေမှာာလည်း ဂုဏ်တော်လေးကို ပွားနေမယ်။ နောက်ဆုံးအိမ်သာတက်ရင်လည်း ဟိုဟိုဒီဒီတွေ တွေးမနေဘဲ ဂုဏ်တော်လေးပွားတက်မယ်ဆိုရင် ပိုက်ဆံမကုန်ဘဲ သမာဓိသိက္ခာတွေဖြစ်နေတာပါ။။ တစ်ယောက်တည်း လုပ်ရတဲ့အလုပ်တွေမှာလည်း တတ်နိုင်သမျှ သတိလေးကပ်ပြီး လုပ်နေမယ်ဆိုရင်လည်း ပညာသိက္ခာတွေတည်နေတာပါ။

ငါ့ရင်ထဲမှာ သိက္ခာသုံးပါးတည်နေရင် ငါဟာတန်ဖိုးရှိနေတာပါပဲ” ဆိုတဲ့ အတွေးလေးကိုတော့ ရင်ထဲမှာ သေချာ ထည့်ထားရမှာပါ။ တတ်နိုင်ရင် ကိုယ့်အိပ်ခန်းထဲမှာပဲ ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အလုပ်စားပွဲပေါ်မှာပဲဖြစ်ဖြစ်၊ ကိုယ်အမြဲ မြင်နေရတဲ့ နေရာမှာပဲဖြစ်ဖြစ် “ငါ့ရင်ထဲမှာ သိက္ခာသုံးပါးတည်နေရင် ငါဟာ တန်ဖိုးရှိနေတာပါပဲ” ဆိုတဲ့စာတမ်းလေးကို ကပ်ထားရမှာပါ။ ဒါဆို စာတမ်းကို မြင်တိုင်း မြင်တိုင်း ကိုယ့်ကိုယ်ကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ သတိပေးပြီးသား ဖြစ်နေတော့တာပါ။

ကျန်ရှိနေတဲ့ သက်တမ်းလေးကို သိက္ခာသုံးပါးနဲ့ နေသွားရုံပါပဲ။

ဒီနေရာမှာ တွေးစရာ သံဝေဂဖြစ်ဖွယ် ဥဒယဘဒ္ဒဇာတ်ကလေးကို အကျဉ်းချုပ်ပြောပြပါအုံးမယ်။

တစ်ခုသော ညတစ်ညမှာ ဥဒယဘဒ္ဒမင်းသမီးဟာ ပြဿဒ်ထက် တိုက်ခန်းမှာ နေနေပါတယ်။

အဲဒီအချိန်မှာပဲ လုလင်ပျိုတစ်ယောက်ဟာ ရွှေခွက်နဲ့  ရွှေအပြည့်ထည့်ပြီး ရောက်လာပါတယ်။ နောက်လုလင်က မင်းသမီးကို လူပျိုစကား စပြောပါတယ်။

“မင်းသမီး... တစ်ညလောက် သင့်တိုက်ခန်းမှာ အတူတကွ နေပါရစေ”

မင်းသမီးလည်း အတော်ထိတ်လန့် သွားပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အောက်မှာ အစောင့်တွေအများကြီး ချထားလို့ ပါ။ ဒါကြောင့် မင်းသမီးက “ဘယ်လိုလုပ် တက်လာတာလဲ” ပြန်မေးပါတယ်။

လုလင်ကလည်း “ငါဟာ နတ်သားတစ်ယောက်ဖြစ်တယ်။ ငါ့အတွက် မခက်ပါဘူး။ သင်က ငါ့ကိုချစ်တယ်ဆိုရင် ပါလာတဲ့ ရွှေခွက်နဲ့  ရွှေအပြည့် ပေးပါ့မယ်” လို့  ပြန်ပြောပါတယ်။

ဒီတော့ မင်းသမီးက “သင့်ဟာသင် နတ်သားမကလို့  ဘာပဲဖြစ်နေဖြစ်နေ ကွယ်လွန်သွားတဲ့ ကျွန်မခင်ပွန်းဟောင်း မင်းသားမှတစ်ပါး ဘယ်သူ့ ကိုမှ မမြတ်နိုးဘူး။ သင်ပြန်ပါတော့” လို့  နှင်လွှတ်လိုက်ပါတယ်။

ဒုတိယညကျတော့ လုလင်ပျိုနတ်သားက ငွေခွက်နဲ့  ရွှေအပြည့်ထည့်ပြီး ရောက်လာပြန်ပါတယ်။ ဒါပေမယ့် မင်းသမီးက ချက်ချင်းပဲ ပြန်လွှတ်ပါတယ်။

တတိယညကျတော့လည်း လုလင်ပျိုနတ်သားက ကြေးခွက်နဲ့ ရွှေအပြည့်ထည့်ပြီး ချစ်ရေးဆိုလာပြန်ပါတယ်။

ဒီမှာတင် မင်းသမီးက စဉ်းစားပါပြီ။ ပထမရက်မှာ ရွှေခွက်နဲ့ ။ ဒုတိယရက်မှာ ငွေခွက်နဲ့ ။ တတိယရက်မှာ ကြေးခွက်နဲ့ ဆိုတော့ သူ့ အတွက် အထူးအဆန်းဖြစ်နေပါတယ်။ ဒါကြောင့် မင်းသမီးက လုလင်ကို မေးကြည့်ပါတယ်။

“အသင် ယောက်ျား...ယောက်ျားဟာ မိန်းမကို ချစ်ရေးဆိုရင် ဥစ္စာပစ္စည်းကို တိုးတိုးပဲ ပေးရတယ်။ သင်က ဘာဖြစ်လို့  တစ်နေ့ ထက်တစ်နေ့  လျှော့လျှော့ပေးရတာလဲ” လို့  မေးပါတယ်။

ဒီတော့ လုလင်ပျိုကလည်း ပြန်ဖြေပါတယ်။ “မင်းသမီးရယ်၊ သင့်ရဲ့ အသက်နဲ့  ရုပ်ရည်အဆင်းက တစ်နေ့ ထက်တစ်နေ့  တိုးတိုးပျိုပျိုလာတယ်ဆိုရင်တော့ ဥစ္စာပစ္စည်းကို တိုးတိုးပေးမှာပေါ့။ သင်မင်းသမီးရဲ့ အသက်နဲ့  ရုပ်ရည်အဆင်းက တစ်နေ့ ထက်တစ်နေ့ လျော့လျော့အိုအိုလာတာပဲ။ ဒါကြောင့် ငါက ပစ္စည်းကို လျှော့လျှော့ပေးတာပါ။ မင်းသမီးရယ် တစ်ရက် တစ်ည ကုန်လွန်တာကို ထားလိုက်ပါဦး။ အခု သင့်ကို ငါကြည့်နေဆဲမှာပဲ သင့်ရဲ့ ရုပ်ရည် အဆင်းတွေက တဖြုတ်ဖြုတ်နဲ့  အို အို လာနေပြီလေ။ တဖြည်းဖြည်း တစ်နေ့ ထက် တစ်နေ့  ပျိုပျိုလာတာမှ မဟုတ်တာ” လို့  ရှင်းပြလိုက်ပါတယ်။

နောက် လုလင်နတ်သားက မင်းသမီးကို နတ်ပြည်ရောက်ကြောင်း ကုသိုလ်ကောင်းမှုတွေကို ဆက်ပြီး ဟောပြပေးပါတယ်။

တကယ်တော့ လုလင်ပျိုက အတိတ်လူ့ ဘ၀က မင်းသမီးရဲ့ ခင်ပွန်းဟောင်းပါ။ လူ့ ပြည်မှာ ကျန်ခဲ့တဲ့ ဇနီးဟောင်းကို လာပြီး သတိပေးတရားဟောတာပါ။

လူတစ်ယောက်ဟာ တစ်ရက်ကုန်သွားတာနဲ့  သေဖို့ တစ်ရက် နီးနီးသွားတာပါ။ သေဖို့ တစ်ရက် နီးသွားတာနဲ့  ကုသိုလ်ပြုဖို့  အခွင့်အရေးတွေ တစ်ရက်လျှော့သွားတာပါ။ ပြီးတော့ တစ်ရက်ကုန်သွားတာနဲ့  အို အိုသွားတာပါ။ တိုး တိုးပြီး ပျိုပျို မလာပါဘူး။

ဒီတရားသဘောကို အခြေခံပြီး ဆရာတော်ဘုရားတွေက “တစ်ရက်ကုန်ပြန်၊ ငါ့ရုပ်နာမ်၊ သေရန် တစ်ရက်နီးလာပြီ” လို့  သတိပေးထားပါတယ်။

မနက်အိပ်ရာကနိုးတာနဲ့ မထသေးဘဲ “တစ်ရက်ကုန်ပြန်၊ ငါ့ရုပ်နာမ်၊ သေရန် တစ်ရက် နီးလာပြီ” လို့  နှစ်ခေါက်လောက်ဆင်ခြင်လိုက်ရင် ကိုယ့်ကိုယ်ကိုလည်း သတိပေးပြီးသား ဖြစ်သွားပါတယ်။ ဒါဆိုရင် တစ်နေ့ တာဖြတ်သန်းတဲ့အခါ အကုသိုလ်ပြုချင်စိတ် ရှိတော့မှာ မဟုတ်သလို ကုသိုလ်ပြုဖို့ ကိုလည်း သေချာအားထုတ်တော့မှာပါ။

တစ်ရက်ကုန်သွားတာနဲ့  သေဖို့ တစ်ရက်နီးလာပြီဆိုတာလေးကို သံဝေဂဖြစ်အောင် သေချာဆင်ခြင်ရမှာပါ။

ငယ်ရွယ်နုပျိုတဲ့ သူတွေအတွက်တော့ ကုသိုလ်ပါရမီဖြည့်ဖို့  အခွင့်အရေး ရက်တွေက ပိုပြီး ရှိနေပါသေးတယ်။

ဘယ်အသက်အရွယ်ပဲ ရောက်နေရောက်နေ “ကျန်ရှိနေတဲ့ သက်တမ်းကို ဘယ်လိုနေမလဲ” ဆိုတဲ့ မေးခွန်းကို သေချာမေးပြီး ကျန်ရှိနေတဲ့ သက်တမ်းအတွက် “ဘ၀ပုံစံ” ကို သေချာချရမှာပါ။ ကိုယ်ချထားတဲ့ “ဘ၀ပုံစံ” အတိုင်း နေသွားဖို့ ပါ။

ဘာပဲဖြစ်နေဖြစ်နေ၊ ဘာမှ အားငယ်စရာ မလိုပါဘူး။ ကိုယ့်ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင် ကိုယ်ဟာ တန်ဖိုးရှိနေတာပါပဲ။
အလင်းတန်းဂျာနယ်
၃၁.၈.၂၀၀၉

စာကြွင်း။ ။ ဒီဓမ္မစာစုလေးဟာ စာရေးသူ ၄.၆.၂၀၀၉ နေ့ က မုံရွာဗောဓိတစ်ထောင်မှာ ၀န်ချီစက်ပြုတ်ကျလို့ ခြေထောက်ကျိုးပြီး ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်ပြန်ဟောထားတဲ့ တရားလေးကိုဆောင်းပါးအဖြစ်ပြန်ရေးလိုက်တာပါ။ စာရေးသူ ခြေထောက်ကျိုးပြီး နောက်ပိုင်းမှာ စိတ်နှစ်စိတ်ဖြစ်လာပါတယ်။ တစ်စိတ်က ကြောက်လန့် သွားတဲ့စိတ်ပါ။ တစ်စိတ်က သံဝေဂ စိတ်ပါ။ သံဝေဂစိတ်ဖြစ်တာ ကောင်းပေမယ့် ကြောက်လန့်စိတ်ကျတော့ လူကို တော်တော်ဒုက္ခပေးပါတယ်။ ခရီးဝေးသွားရမှာတောင် ကြောက်သွားပါတယ်။ ဘ၀မှာဖြစ်ချင်တာတွေ အကုန်နီးပါးဖြစ်၊ လိုချင်တာတွေ အကုန်နီးပါးရဆိုတော့ “သြော်...ငါအတိတ်ကုသိုလ် ပါရမီတွေ တော်တော်ကောင်းခဲ့ပါလား၊ ဒီဘ၀ပြုနေတဲ့ကုသိုလ်တွေကလည်း အကျိုးပေးနေပုံရတယ်။ ဆက်လည်း ပြုနေအုံးမှာဆိုတော့ နောင်လည်း ဒီထက်မကတဲ့ ကောင်းကျိုးတွေက လာနေအုံးမှာပဲ” ဆိုတဲ့ အတွေးက အစဉ်သဖြင့်ရှိနေလို့ပါ။ ဒီမှာတင် အဖြစ်ဆိုးကြီးနဲ့  ကြုံလိုက်ရတော့ ကြောက်လန့် စိတ်ဝင်သွားပါတယ်။ ကျိုးပြီးနောက်ပိုင်း ဒကာ ဒကာမတွေက ယခင်ကထက် ပိုဂရုစိုက်ပေးပါတယ်။ န၀ကမ္မဆိုလည်း ကပ္ပိယမှတစ်ဆင့် ပိုပိုလျှံလျှံလှူပေးတာပါ။ ဘယ်ဆေးရုံသွားချင်လဲ၊ ဘယ်လောက်ပဲကုန်ကုန်ဆိုပြီး ကုန်ကျစရိတ် အကုန်လှူမယ်လို့ ဆိုလာတဲ့ ဒကာ ဒကာမတွေလည်း အများကြီးရယ်ပါ။ ရန်ကုန်- မန္တလေး ဆရာဝန်တွေကလည်း သိပ်ဂရုစိုက်ကြတာပါ။ ဒါပေမယ့် ကြောက်လန့် စိတ်ကတော့ ပျောက်မသွားခဲ့ပါဘူး။ ဒါကြောင့် အထက်ပါ ဓမ္မစာစုလေးကို ကိုယ့်ကိုယ်ကို နေ့ ရော ညပါ အကြိမ်ကြိမ် ပြန်ဟောခဲ့ရတာပါ။ ကိုယ့်ကိုယ်ကို ဟောရတာလည်း မရိုးနိုင်၊ နာရတာလည်း မရိုးနိုင်ခဲ့ပါဘူး။ အကြိမ်ကြိမ်ဟောခဲ့မှ စိတ်သက်သာရာ ရခဲ့တာပါ။ အခုလည်း ဟောနေဆဲပါ။ စာရေးသူနဲ့ စာဖတ်သူဆိုတာ မသိကြပေမယ့် စိတ်ချင်းရင်းနှီးကြတာ များပါတယ်။ ကိုယ်က ရဟန်းဆိုတော့ ကြည်ညိုစိတ်နဲ့ ပိုပြီးတောင် ရင်နှီးစိတ် ဖြစ်ကြအုံးမှာပါ။ စိတ်ချင်းရင်းနှီးရင် ကိုယ်ရေးလိုက်တဲ့စာဟာ စာဖတ်သူအတွက် လက်ခံကျင့်ကြံအားထုတ်ဖို့  ပိုဖြစ်သွားတော့မှာပါ။ ဒီဓမ္မစာစုလေးဟာ စာဖတ်သူအတွက် ကျင့်ချင်စရာ အကျင့်စရဏလေးတစ်ခု ဖြစ်သွားလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ တကယ်လို့ စာဖတ်သူက ရင်းနှီးစိတ်ကို အခြေခံပြီး လက်တွေ့ ကျင်ြ့ဖစ်သွားတယ် ဆိုရင်တော့ စာရေးသူအတွက် ရေးရကျိုး နပ်သွားပါပြီ။
ရဝေနွယ်(အင်းမ)
ဝိမုတ္တိသုခမှ ကူးယူဖော်ပြပါတယ်....

Thursday, May 20, 2010

အရှိကို အသိနှင့်ညှိခြင်း...

ဆရာတော် အရှင်နေမိန္ဒာဘိဝံသနှင့် ဆရာတော် အရှင်ရာဇိန္ဒရဝေနွယ်(အင်းမ)

ဒီနေ့တော့ ဒုတိယနေ့မှာနာခဲ့ရတဲ့ တရားအကြောင်းရေးမယ်လို့ စဉ်းစားပေမဲ့ တော်တော် များများက မေ့နေပြီ… တရားဟောတဲ့ ဆရာတော်လေးကလဲ ပြောပါတယ်။ ကိုယ်တိုင်ကလည်း စာချဆရာပဲဖြစ်လို့ တရားဟောမကျွမ်းကျင်ကြောင်းနဲ့ တရားနာတဲ့အခါ ဖြည့်ဖြည့်တွေးဖို့ကို ရယ်စရာလေးနဲ့ ပြောသွားပါတယ်…။ ဒါပေမဲ့ ဆရာတော်က သူဟောတဲ့ တရားခေါင်းစဉ်အတိုင်း ကျင့်သုံးပုံလေးကို လက်တွေ့ပြခဲ့လို့ မှတ်မှတ်ရရ နဲ့ ဒီပို့လေးကို ရေးရတာပါ…။
ဆရာတော် ဟောတဲ့တရားခေါင်းစဉ်က အရှိကို အသိနဲ့ ညှိပါ ဆိုတဲ့တရားလေးပါ…။ ပိဋကတ် ၂ ပုံဆောင်ဆရာတော် ဓမ္မဘဏ္ဍာတိုက်ပီပီ တရားတွေကို အချက်အလက်တွေနဲ့ ထုတ်နှုတ်ဟောပြလိုက်တာ နာယူနေချိန်မှာတော့ တကယ်ကိုရှင်းရှင်းလင်းလင်း ရှိခဲ့ပေမဲ့ အချက်အလက်တွေက ပြန်ရေးပြနိုင်လောက်အောင် ကိုယ့်ဦးနှောက်ထဲ မကျန်ခဲ့တော့ဘူး…. အဓမ္မတွေနဲ့ အနေကြာလာတော့ ဓမ္မက လွယ်လွယ်နဲ့ ဘယ်ကိန်းနိုင်မလဲလေ……
ဒါပေမဲ့ ကိုယ်သဘောပေါက်သလောက်လေးတော့ ပြန်ရေးပြနိုင်ပါတယ်…။ ဒါမှလဲ တရားဟော ဆရာတော် ဟောရကျိုးနပ်တော့မှာပေါ့နော်…
အဓိပ္ပါယ်ကတော့ တရားခေါင်းစဉ်အတိုင်းပဲ မိမိမှာလက်ရှိရရှိထားတဲ့ စည်းစိမ်ဥစ္စာ၊ ဆွေမျိုးဉာတကာနဲ့ သက်ရှည်ကျန်းမာခြင်းဆိုတဲ့ အခွင့်အရေးကောင်းတွေကို မိမိရဲ့ အသိဉာဏ်နဲ့ ယှဉ်ပြီးနေထိုင်တတ်ဖို့… ဟောခဲ့တာပါ…။ မိမိရှာဖွေထားတဲ့ စည်းစိမ်ဥစ္စာတွေအပေါ် အသိကလေးမထားတတ်ရင် ဒီစည်းစိမ်တွေက မိမိကိုပြန်လည်ဒုက္ခပေးတတ်တဲ့အကြောင်းလည်း ဝတ္ထုကြောင်းကလေးနဲ့ ဟောခဲ့ပါတယ်။ ဘုရားလက်ထက်က သဌေးကြီးတဦးဟာ သူရှာဖွေထားတဲ့ ပစ္စည်းတွေကို ကိုယ်တိုင်လည်းမသုံးစွဲရက်၊ သားသမီးတွေကိုလည်း မပေးရက်ပဲ.. သိမ်းဆည်းထားခဲ့ပြီး သေလွန်တဲ့အခါ သူနေခဲ့တဲ့အိမ်မှာဘဲ ခွေးကြီးပြန်ဖြစ်နေပါတယ်..။ ခွေးဘဝရောက်မှ သူသိုဝှက်ထားခဲ့တဲ့ ပစ္စည်းဥစ္စာတွေကို သားသမီးတွေကိုပြန်ပြပေးနိုင်ခဲ့ပါတယ်.။
ပစ္စည်းဥစ္စာ ဘယ်လောက်ပဲရှိရှိ မသုံးတတ်ဘဲ ဒီဥစ္စာတွေအပေါ်မှာဘဲ စွဲလမ်းနေရင် ဘာမှအကျိုးမရှိပါဘူး။ ဆွေမျိုးဉာတကာတွေအပေါ်လည်း ဒီနည်းအတိုင်းပါဘဲ…။ အခြွေအရံ ဆိုတဲ့ သားသမီးဆွေမျိုးတွေ ပြည့်စုံရတာဟာလည်း ရခဲတဲ့ဘဝပါဘဲ…။ ဒါပေမဲ့ သူတို့အပေါ်စွဲလန်းလွန်းရင် ဒီအတိုင်းဘဲဖြစ်တတ်ပါတယ်။
တကယ်တန်း ဝိပဿနာဉာဏ်နဲ့စဉ်းစားကြည့်လိုက်ရင် ကိုယ်ကိုယ်တိုင်တောင်မှ မမြဲဘဲနဲ့ ဘာတွေကို စွဲလမ်းစရာလိုနေသေးလို့လဲ….။
ဒါပေမဲ့ ဒီအသိတွေမရှိသေးတော့ မရှိတာကို အရှိထင်ပြီး လိုချင်နေကြတာလေ….
သူများကိုပြောတာမဟုတ်ဘူးနော်… ကျွန်မကိုတိုင် တရားနာနေရင်း ဆရာတော်က သီလနားကပ်နဲ့ စိန်နားကပ်နဲ့အတူတူ ယှဉ်ပေးမယ်ဆိုရင် ဘယ်နားကပ်ယူမလဲမေးတော့ စိန်နားကပ်ဆိုတာ ဆရာတော်ဆီမှာ မရှိမှန်းလဲသိရက်နဲ့ နှခုလုံးယူမယ်လို့ ပြောနေမိသေးတာ ပုထုဇဉ်တယောက်ရဲ့လောဘပေါ့နော်….။
မြတ်စွာဘုရားဟောကြားခဲ့တဲ့ အဘိဓမ္မာတရားတော်အတိုင်းဆိုရင် လောကမှာ တကယ်ရှိတာ လေးမျိုးဘဲလေ….။ ကျွန်မတို့ အခုရှိတယ်လို့ထင်နေတဲ့အရာအားလုံးဟာ လောကမှာ တကယ်အရှိတွေမဟုတ်ဘူး။ ကျွန်မတို့ ခန္ဓာကိုယ်ကစလို့ ကျွန်မတို့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အရာအားလုံးဟာ အမည်တွေပေးပြီး ခေါ်ဝေါ်သတ်မှတ်ထားတဲ့ ပညတ်တရား တွေကြီးပဲလေ…။ လူ၊ ခွေး၊ ကြောင်၊ ဆင်၊ မြင်း၊ အိမ်၊ သစ်ပင်….. စတဲ့ အရာတွေဟာ တချိန်ချိန်မှာ ပျောက်ကွယ်သွားကြရတာပဲ… အမြဲတမ်းမရှိနိုင်ဘူးလေ….
တကယ့်အရှိတရားလေးခုက အားလုံးကြားဖူးနေကြတဲ့ စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန်…. ဒီလေးမျိုးပဲ မဟုတ်လား…
ဒီလေးမျိုးထဲက ကိုယ်လွယ်လွယ်ကူကူသိနိုင်တဲ့ စိတ်ကလေးတခုအကြောင်းပဲ အခုပြောမှာပါ

ပြောမယ်ဆိုတာကလည်း ဆရာတော်ဟောသွားတဲ့ အရှိကို အသိနဲ့ ညှိပါဆိုတဲ့တရားနဲ့ ဆရာတော်ကိုယ်တိုင် လက်တွေ့ကျင့်သုံးပြသွားလို့ပါ…
တရားပွဲသုံးညမှာ နောက်ဆုံးညတရားပွဲမှာ ဆရာတော်တို့ကို နဝကမ္မအလှူငွေအဖြစ် ဒကာ၊ ဒကာမတွေ လှူဒါန်းကြပါတယ်။ ဆရာတော်တို့က ဒီအလှူငွေတွေကို လက်ခံပြီး သူတို့ လက္ခံ ရရှိပြီးသား အလှူငွေအားလုံးကို လက်ရှိကျောင်းဆောင်ဖွံ့ဖြိုးအရှည်တည်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြန်လည်လှူဒါန်းခဲ့ပါတယ်….။ ရိုးရိုးကြည့်ရင်တော့ ဆရာတော်တို့ ဘာမှ မယူသွားကြဘူးလို့ ထင်ရပါတယ်…။ ဒါပေမဲ့ ဆရာတော်တို့က အရှိတရားကိုပဲ ယူသွားကြတာပါ…။ ဝတ္ထုငွေဆိုတဲ့ ပညတ်တရားနဲ့ အရင်းတည်းပြီး ကုသိုလ်ဆိုတဲ့ ပရမတ် အရှိတရားကို ဆရာတော်တို့နှလုံးသားထဲ ထည့်ယူသွားကြတာပါ…. ဒါကိုကြည့်ပြီး ကျွန်မ မျက်ရည်လည်မိပါတယ်…။ ဆရာတော်တို့ ကျွန်မတို့ကို လက်တွေ့ကျင့်သုံးပြသွားတာပါ…. သူတို့ဟောခဲ့တဲ့တရား (မြတ်စွာဘုရားရဲ့တရား) ကို လက်တွေ့မှာဒီလိုကျင့်သုံး ဆိုပြီး ပြသွားခဲ့ပါပြီ… ကျွန်မတို့ ကြိုးစားရပါမည်…။

အော်...... နောက်ပြီး နောက်ပြီး ဆရာတော် ပေးခဲ့တဲ့ လက်ဆောင်လေးတခု ကျန်နေသေး တယ်...။
မိမိတို့ခန္ဓာကိုယ်ဟာ အိုရ၊ နာရသေရဦးမယ်.... မသေခင်မှာ ကိုယ်မွေးဖွားကြီးပြင်းခဲ့တဲ့ ကိုယ့်တိုင်းပြည်... ကိုယ့်လူမျိုး ... ကိုယ်ကိုးကွယ်ရာသာသနာအတွက် တိုးတက်ကျန်ရစ်စေဖို့ ကိုယ်လုပ်သင့်တာ လုပ်ခဲ့ကြရဦးမယ်... ဘာတွေလုပ်ပြီးပြီလဲ... ကိုယ်ကိုယ်ကိုပြန်မေးနေမိတယ်..
ဆရာဇော်ဂျီရဲ့ ကဗျာလေးနဲ့ အဆုံးသတ်ပါမယ်နော်....

အားလုံးကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ......

သင်သေသွားသော်

သြော်... လူ့ပြည်လောက
လူ့ဘဝကား
အိုရ၊ နာရ၊ သေရဦးမည်
မှန်ပေသည်တည့်..။

သို့တပြီးကား
သင်သေသွားသော်
သင်ဖွားသောမြေ
သင်တို့မြေသည်
အခြေတိုးမြှင့်
ကျန်ကောင်းသင့်၏။

သင်၏မျိုးသား
စာစကားလည်း
ကြီးပွားတက်မြင့်
ကျန်ကောင်းသင့်၏။

သင်ဦးချ၍
အမျှဝေရာ
စေတီသာနှင့်
သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက်
ကျန်စေတည်း။ ။

ဇော်ဂျီ (၁၉၃၉)

Tuesday, May 18, 2010

ဒါနပါရမီတရားတော်... အရှင်ရာဇိန္ဒ (ရဝေနွယ် - အင်းမ)

ပိုစ့်မတင်ဖြစ်တာကြာလို့ ပြန်တင်ဖြစ်လိုက်တော့လည်း လာလည်ကြတဲ့မိတ်ဆွေတွေကို အပူတွေမျှဝေသလိုဖြစ်သွားတယ်... စရေးတုန်းကတော့ ဓမ္မဒါနပြုဖို့ပါပဲ... ဒါပေမဲ့ ရေးဖြစ်သွားတော့ ခံစားချက်တွေနဲ့ အဆုံးသတ်သွားတယ်... ဘာဘဲပြောပြော မိတ်ဆွေတွေကို ရင်မအေးစေခဲ့ဘူး... ကျွန်မက အဲ့ဒီလို အမြဲဖြစ်နေကျ... ဖြစ်ရိုးဖြစ်စဉ်တခုလိုဖြစ်နေပါပြီ... အခုလည်း ကိုယ်တိုင်ရေးရင် ပြည့်စုံနိုင်မှာမဟုတ်လို့ လွန်ခဲ့တဲ့ ၂ နှစ်က ဆရာတော်ကိုယ်တိုင်ဟောကြားခဲ့တဲ့ ဒါနပါရမီတရားလေးကို ပြန်တင်ပေးလိုက်ပါတယ်နော်.. ဒီတခါတော့ တကယ်ကို အေးချမ်းပြီး ဒါနပါရမီဖြစ်အောင်ပြုနိုင်မယ့် နည်းကောင်းလေးတွေ ရနိုင်ကြမှာပါ...
အလည်ရောက်လာကြသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ....


Monday, May 17, 2010

ဒါနပါရမီ...

ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့……..
တရားပွဲတွေ တနှစ်တာ ကာလပတ်လုံး အစဉ်မပျက် ကျင်းပပေးလျှက်ရှိသော သိရီမင်္ဂလာ ကျောင်းတိုက်မှာ ယခုအခါ မှာလည်း တရားနာယူ- ကုသိုလ် ပြုလုပ်ခွင့် အခွင့်ကောင်း တစ်ခု ၀မ်းမြောက်ဘွယ် ပေါ်ပေါက် လာခဲ့ပြန်ပါပြီ။ ထေရ၀ါဒ ဗုဒ္ဓ တရားတော်များကို ယနေ့ခေတ် လူငယ်များ ပိုမို၍ နားလည် သဘောပေါက် လက်ခံ နိုင်အောင် သစ်လွင်သော ခေတ်အမြင်၊ ခေတ်အတွေး၊ ခေတ်အရေး များဖြင့် ရေးသား၍ အောင်မြင်နေသော ဆရာတော် အရှင်ရာဇိန္ဒ (ကလောင် အမည် ရဝေနွယ်- အင်းမ) ဆရာတော် အရှင်မြတ်နှင့် တိပိဋက နှစ်ပုံအောင် ဒွိပိဋကဓရ ဆရာတော် အရှင်နေမိန္ဒာဘိဝံသ အရှင်မြတ်(၂)ပါးတို့သည် သိရီမင်္ဂလာကျောင်းသို့ 2010 မေလ ၁၂ရက် နေ့မှ ၁၆ ရက်နေ့အထိ ကြွရောက် သီတင်းသုံး မည်ဖြစ်ပါသည်။ ဆရာတော်များ ကြွရောက် သီတင်းသုံးသည့်အခိုက် ဓမ္မမိတ်ဆွေ အပေါင်းတို့ အား တရားအလှူများ ပေးလှူသွားမည် ဖြစ်ပါသည်။ ယခုကဲ့သို့ ရရှိသည့် ကောင်းမြတ်သော တရားနာယူ ကုသိုလ်ပြုလုပ်ခွင့် အခွင့်ကောင်းကို လက်မလွှတ်တမ်း ကြိုးစား ရယူနိုင်ကြတဲ့ ပါရမီထူးတဲ့ ကုသိုလ်ရှင် သူတော်စင်များ ပီပီ တရားတော်များကို အတူတကွ လာရောက်၍ နာယူ နိုင်ပါရန် အထူးနှိုးဆော် တိုက်တွန်းအပ်ပါသည်။
မွေးရပ်မြေမှ ဝေးကွာလာခဲ့ပြီးကတည်းက ဘုရား တရား သံဃာတော်များနှင့်ပါ ဝေးရလေပြီလို့ အတွေးနှင့်ယူကြုံးမရဖြစ်နေခဲ့ရတဲ့ကျွန်မဟာ မနှစ်ကနွေရာသီမှ စတင်ကာ ပေါ့လန်းမြို့ရှိ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်း ဆရာတော် အရှင်သီရိန္ဒ၏ ကောင်းမှုကြောင့် တနှစ်တာကာလပတ်လုံး ကိုယ့်မြေမှာတောင် ဖူးမျှော်ခွင့်မရခဲ့တဲ့ ဆရာတော်ကြီိးများကို ဖူးခွင့်ရခဲ့ပါပြီ…..

အခုလည်း စာအရေးကောင်းလှတဲ့ ဆရာတော်နှင့် ပိဋကတ်တော်တွေကို အာဂုံဆောင်နိုင်အောင် ပါရမီပြည့်လှတဲ့ ဆရာတော်နှစ်ပါးကို ဖူးဖို့အခွင့် ကြုံလာပြန်ပါပြီ….
အခွင့်သာခိုက်မှမသွားရင် ကိုယ်လောက်မိုက်မဲတဲ့လူ မရှိတော့ဘူးလေ…
အမေရိကန် စရောက်ကတည်းက အလုပ်လုပ်ဖို့ရောက်လာတဲ့သူပီပီ အိမ်နဲ့ အလုပ် အလုပ်နဲ့အိမ်… ဒီချည်တိုင်က ဘယ်မှမခွာရဲခဲ့တာ အခုဆို လေးနှစ်နီးပါး ရှိခဲ့ပြီလေ… လူရယ်လို့ဖြစ်လာကတည်း လိုနေတဲ့ပိုက်ဆံ …. ရှာသလောက်လည်း မပြည့်ဝနိုင်တဲ့ ငွေ … ငွေ… ငွေ…. ကျွန်မတို့ ဒီငွေတွေနောက်ကို လိုက်နေခဲ့တာ အနှစ်လေးဆယ်ရှိခဲ့ပြီပေါ့… ဒါပေမဲ့ အခုထိလည်း ရှိတယ်ရယ်လို့ မရှိခဲ့ပါဘူး…. လိုက်လေဝေးလေ… ရလေလိုလေ.. ပါပဲလား… ဘယ်တော့များ လိုတာအားလုံးပြည့်ဝမှာလည်းလေ…
ကိုယ့်အရိပ်နောက်ကောက်ကောက်ပါအောင်လိုက်နေသလို အရှေ့ရောက်လိုက် အနောက်ရောက်လိုက်ပါပဲ… ဒါကြောင့် မြတ်စွာဘုရားက ပုထုဇ္ဇနော ဥမ္မတ္တကော လို့ ဟောကြားထာခဲ့တာပဲ….
အဲ့ဒီလို ဘုရားသံတရားသံလေးနဲ့လည်း ကိုယ်ကိုယ်ကို လူတတ်ကြီးက လုပ်တတ်သေးတယ်….
တကယ်တမ်း သေသေချာချာ တရားနာကြည့်လိုက်တော့ ကိုယ်သိထားတာ တွေဟာ ဟုတ်တာလည်းရှိ… မဟုတ်တာလည်းရှိ …. ရောထွေးနေတယ်…
ပထမတရက် နာခဲ့ရတဲ့တရားက ဒါနပါရမီ တဲ့….

ဒါနဆိုတာ အလှူဆိုတာတော့ အကျမ်းဖျင်းသိထားခဲ့တယ်.. ငယ်ငယ်က မကြာခဏကြားဖူးတာ မလှူတတ်ရင် ညောင်ပင်ကြီးလောက်လှူလည်း ညောင်စေ့လေးလောက်ပဲ အကျိုးရပြီး… လှူတတ်ရင် ညောင်စေ့လေးလောက် လှူလည်း ညောင်ပင်ကြီးလောက် အကျိုးရတယ်ဆိုတာလောက်ပါပဲ… ဒါပေမဲ့ သေသေချာချာတော့ သဘောမပေါက်ခဲ့သေးပါဘူး…။ ဒါပေမဲ့ ကိုယ့်လောက် မသိသေးတဲ့သူတွေကိုတော့ သိသလိုလိုနဲ့ ဆရာကြီးလုပ်ခဲ့မိပါသေးတယ်…ဒါပေမဲ့ အခုတော့ ဆရာတော်များရဲ့ကျေးဇူးကြောင့် အလှူဒါနကို သေသေ ချာချာ ပြုတတ်ခဲ့ပါပြီ…. ဆရာတော်ဟောခဲ့တဲ့ ဒါနအကြောင်းကို ကျွန်မ နားလည်တဲ့အတိုင်း နည်းနည်းလေး ဖောက်သည်ပြန်ချပြီး မိတ်ဆွေတွေကို ဓမ္မဒါနပြုပါမယ်နော်….
ဒါနမှာ အယုတ်၊ အလတ်၊ အမြတ် ဆိုပြီးသုံးမျိုးရှိပါတယ်…
အယုတ်ဒါန ဆိုတာကတော့ အခုကျွန်မတို့ပတ်ဝန်းကျင်မှာ သိပ်ခေတ်စားတဲ့ ပါတီပေးတယ်ဆိုတာပါပဲ….
ကိုယ်နဲ့ အကျိုးစီးပွားတူပြုကြသူတွေ… ကိုယ့်ကိုအထင်ကြီးစေချင်သူတွေကို ဖိတ်ကြားပြီး ငွေကုန်ကျေးကျ များစွာအကုန်ခံပြီး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြ… အရက်သေစာတွေ မူးယစ်သောက်စားကြ… ဒါတွေဟာ ဘာမှအရာမရောက် ကုသိုလ် မဖြစ်ပါဘူး… ကျွေးနိုင်မွေးနိုင်လို့ လူအထင်ကြီးတာလောက်ပဲ ရှိပါတယ်… အလှူပြုသူတွေကိုယ်တိုင်ကလည်း လူအထင်ကြီးစေချင်တဲ့ စိတ်တခုနဲ့ဘဲပြုတာဖြစ်လို့ အကျိုးထူးလည်းမရနိုင်ပါဘူး… ဒါကတော့ အယုတ်ဒါနပါ….။
အလတ်ဒါန…. ဆိုတာကတော့ လူ့ချမ်းသာ နတ်ချမ်းသာ ကိုရည်မှန်းပြီးပြုတဲ့ ဒါနပါ... ဤကုသိုလ်ကောင်းမှုကြောင့် ကြွယ်ဝချမ်းသာရပါလို၏…..။ နတ်ပြည်ရောက်ရပါလို၏… စတဲ့ ဘဝတွေကိုလိုလားတဲ့ ဆုတောင်းတွေပါ…။ ဒီိဒါနကတော့ အလှူခံပုဂ္ဂိုလ် မြင့်မြတ်ရင် မြင့်မြတ်သလောက် အကျိုးပေးကြီးပါတယ်… ဒီဒါနကလည်း ဒါနပြုသူတွေရဲ့ လိုလားချက်အတိုင်း ဘဝသံသရာထဲမှာ ဝဲလည်ပြီး သံသရာရှည်နေတော့မှာပါ…. ဒါကတော့ အလတ်ဒါနပါ….
အမြတ်ဒါန ဆိုတာကတော့ လူအထင်ကြီးစေဖို့လည်းမလို.. လူချမ်းသာ နတ်ချမ်းသာဖြစ်ဖို့ကိုလည်း မတောင့်တ အလှူခံပုဂ္ဂိုလ် အဆင်ပြေစေဖို့အတွက် နိဗ္ဗာန် ကိုရည်မှန်းပြီး ပြုလုပ်တဲ့ဒါနပါ… ဒီဒါနကတော့ ဘုရားအလောင်းတွေ ဖြည်ကျင့်ကြတဲ့ ပါရမီမြောက်တဲ့ ဒါနဖြစ်ပါတယ်… ဒီလိုပါရမီမြောက်တဲ့ ဒါနမှာတော့ အလှူခံပုဂ္ဂိုလ် အယုတ်၊ အလတ်၊ အမြတ်မရွေးပါဘူး…။ လိုအပ်နေတဲ့ သူတွေ၊ သတ္တဝါတွေကို သူတို့အကျိုးအတွက်ကြည့်ပြီးတော့ သူတို့ အဆင်ပြေဖို့ တခုတည်းကိုကြည့်ပြီး မိမိကိုယ်ကျိုးကိုမငဲ့ကွက်ဘဲ နိဗ္ဗာန်ကိုသာအာရုံပြုပြီး လှူဒါန်းတဲ့ဒါနပါ… ဒါကတော့ အမြတ်ဒါန… ပါရမီမြောက်တဲ့ဒါန ဖြစ်ပါတယ်…
ပါရမီမြောက်တဲ့ဒါနဟာ နိဗ္ဗာန်ကိုသာ အာရုံပြုပေမဲ့ လူချမ်းသာနတ်ချမ်းသာ ဘဝတွေ၊ အများအထင်ကြီးစေချင်တာတွေဟာ သူ့အလိုလို မတောင်းဘဲနဲ့ ပြည်ဝနေတတ်ပါတယ်…။ လောကမှာ အများပြည်သူအတွက် မိမိအကျိုးကို မငဲ့ကွက်ဘဲ စွန့်ဝံ့တဲ့သူတွေဟာ သူတို့စွန့်ဝံ့သလောက် သူတို့နံမည်တွေဟာ ထင်ရှားနေကြတာပါပဲ… သူတို့ဟာ လူအထင်ကြီးချင်လို့ လုပ်ကြတာတော့ မဟုတ်ပါဘူး…

ဒီဒါနအကြောင်းလေး ရေးနေရင်းနဲ့ .. တစုံတခုကိုသွားသတိရလိုက်တယ်..။ ဆရာတော်ဟောတဲ့တရားကို လက်တွေ့အကောင်အထည်ဖော်ဖို့ အခွင့်ကောင်း တခုပါပဲ… အခုမြန်မာပြည်က အများစုသော အခြေခံလူတန်းစားတွေ သောက်ရေအခက်အခဲတွေ ဖြစ်နေကြပြီ… နိုင်သလောက် ဝိုင်းဝန်းကူညီကြ ရပါဦးမယ်… နယုန်လရောက်ပေမဲ့ မိုးတခါမှမရွာသေးဘဲ ပူလောင်အိုက်စပ်နေ ကြတုန်း၊ ရေတွေခန်းခြောက်နေတုန်းပဲတဲ့…
အိမ်က ရေချိုတွင်းလေးတောင် အရင်နှစ်တွေကနဲ့မတူဘဲ ရေခပ်သူများရင် နေ့ခင်းမှာခန်းလို့ ရေထွက်အောင်စောင့်ပြီး ခပ်နေကြရတယ်တဲ့….
မိုးရောက်ရင်လည်း ဘယ်လောက်များရေတွေကြီးကြဦးမှာလည်း… အခုလော လောဆယ်တော့ ရေငတ်တဲ့ဘေးကို ကူညီဖို့အတွက်ကြိုးစားကြပြီး…….. နောင်သုံးလေးလ.. မိုးရာသီရောက်ရင် ကျရောက်လာမယ့် ရေကြီးမဲ့ဘေး အတွက်ကူညီဖို့ကိုလည်း ကြိုတင်ပြင်ဆင်ထားရဦးမယ်လေ…. ကျွန်မက မကောင်းတဲ့နိမိတ် ဖတ်တာတော့မဟုတ်ပါဘူးနော်… သဘာဝပတ်ဝန်းကျင်ကို မထိန်းသိန်းနိုင်ရင် ဒီလိုဖြစ်လာမယ်ဆိုတာ စဉ်းစားနိုင်တဲ့သူတိုင်း သိနိုင်တာ ပဲနော်…. ဒီမှာဆိုရင် ကိုယ်ဝယ်ထားတဲ့ အိမ်ဝင်းထဲက သစ်ပင်မို့လို့ ကိုယ်ပိုင်တယ်ဆိုပြီးခုတ်ချင်တိုင်း ခုတ်လို့မရပါဘူး.. သစ်ပင်ခုတ်မယ်ဆို ဒီသစ်တပင်ခုတ်ရဖို့အတွက် သူတို့သတ်မှတ်ပေးထားတဲ့နေရာမှာ သတ်မှတ်ထားတဲ့သစ်ပင် အပင်နှစ်ဆယ် ပြန်စိုက်ပျိုးပေးရပါတယ်… ဒီမှာက သဘာဝပတ်ဝန်းကျင်ကို အရေးတကြီးထိန်းသိန်းကြတယ်…
ကိုယ်ကိုယ်တိုင်က ဝေးနေလို့ မလုပ်နိုင်ပေမဲ့ ပြည်တွင်းက လူတိုင်းလုပ်နိုင်တဲ့ အသက်ရှည်ရာရှည်ကြောင်း ကုသိုလ်တခုတည်းမှာပါတဲ့ သစ်ပင်ြကီးတွေစိုက်တဲ့ ကုသိုလ်ကို လူတိုင်းလုပ်နိုင်ရင် နောင်နှစ်နှစ်ဆယ်သုံးဆယ်လောက်မှာ ဒီဘေးတွေကနေလွတ်နိုင်ကောင်းပါရဲ့… သီတဂူဆရာတော်ဘုရားကြီး ဟောခဲ့တဲ့တရားအတိုင်းပြောရရင် တို့မြန်မာတွေဟာ ကျွန်းပင်အောက်မှာနေလို့ သာကီမျိုးတွေဖြစ်ခဲ့ပေမဲ့… အခုတော့ ကြက်ဆူပင်တွေသာစိုက်နေကြလို့ ကြက်ဆူမျိုးဟေ့ ဒို့ဗမာလို့ ပြောရတော့မလိုဖြစ်နေပြီတဲ့… ဒါကို ဒီအတိုင်းပဲဆက်ပြီးလစ်လျူရှုနေကြမယ်ဆိုရင်တော့ နောင်နှစ်တရာလောက်ကြ ရင် ရာဇဝင်တည်းကမြန်မာတွေဆိုပြီး ပြတိုက်ရောက်သွားကြလေမလားလို့ တွေးမိတိုင်း….. အင်း… သဗ္ဗေသတ္တာ ကမ္မသကာလို့ဘဲပြောရတော့မလား….
ကယ်ကြပါဦးဗျို့…..
နောက်နေ့တွေမှာ ဒုတိယနေ့မှာနာခဲ့တဲ့ အရှိကို အသိနှင့်ညှိပါ တရားနှင့် တတတိယနေ့မှာနာခဲ့တဲ့ သီလပါရမီတို့ကို ဆက်လက်ရေးသားပါဦးမည်…
အားလုံးကိုကျေးဇူးတင်ပါတယ်…
မိမိဥစ္စာ.. သူ့ဟာဖြစ်လို.. မေတ္တာပို.. ကြည်ညိုလေးစား.. ပေးစွန့်ငြား.. ထူးခြားမြတ်ဒါန..
(ကျေးဇူးရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး)

Sunday, May 16, 2010

မြန်မာပြည်မှ ရေဒုက္ခ.. နည်းလမ်းရှာဖွေကူညီကြ...

ဂတိချိုချို ဂတိခါးခါး....

2010. မေလ ၁၂ ရက်နေ့က ဆရာတော် အရှင်ရာဇိန္ဒ စာရေးဆရာ ရဝေနွယ်(အင်းမ) ဟာ ဓမ္မခရီးစဉ်အဖြစ် မိမိနေတဲ့ Portland Oregonသို့ ကြွလာခဲ့ပါတယ်၊ မိမိအတွက် ဆရာတော် ရဝေနွယ်က နောက်ဆုံးထွက်တဲ့ "စိတ်ညစ်ရင် ရေချိုးပါ"ဆိုတဲ့ စာအုပ်ကလေး ဓမ္မဒါနပြုပါတယ်။ အဲသည်စာအုပ်ထဲက နှစ်သက်တဲ့ ဆောင်းပါးလေးကို ပြောပါ မေတ္တာဥယျာဉ်ဆိုဒ်ထဲကနေ ဓမ္မဒါန ဖြန့်ဝေချင်လို့ပါလို့ လျောက်ထားတော့ စာရေးသူက "ဂတိချိုချို ဂတိခါးခါး"ဆိုတဲ့ ဆောင်းပါးကို နှစ်သက်မိပါတယ်တဲ့ ဒါကြောင့် အဲဒီဆောင်းပါးလေးနဲ့အတူ မနေ့က လိုက်ပို့ဖြစ်ခဲ့တဲ့ နေရာလေးမှာ အမှတ်တရအဖြစ် မှတ်တမ်းတင်ထားတဲ့ ဆရာတော် ရဝေနွယ်ရဲ့ ဓာတ်ပုံလေးနဲ့အတူ ဓမ္မဒါန ဖြ့န့်ဝေလိုက်ပါတယ်။

ရေတံခွန်တောင်ထိပ်မှ အရှင်ရာဇိန္ဒ
တစ်ခါတုန်းက အနိဝတ္တဗြဟ္မဒတ်မင်းဆိုတာ ရှိခဲ့ဖူးပါတယ်။ အနိဝတ္တဆိုတာ မြန်မာလို ပြန်ရင်တော့ နောက်မဆုတ်တဲ့မင်းလို့ အဓိပ္ပာယ်ရပါ တယ်။ အဲဒီမင်းက ဘာကိုပဲလုပ်လုပ် နောက်ဆုတ်လေ့ မရှိပါဘူးတဲ့။
တစ်နေ့တော့ အနိဝတ္တမင်းက ဥယျာဉ်တော်ကို ထွက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ တောမီး ထလောင်ပါတယ်။ မီးက အစိုအခြောက် မရွေး သစ်ပင်မြက်ပင်တွေကို အကုန်လောင်တော့တာပါ။ နောက်မဆုတ်ဘဲ ရှေ့ကို တိုးတိုးပြီးတော့ လောင်သွား တာပါ။ အနိဝတ္တမင်းက လောင်နေတဲ့ မီးကို ဥပမာပြုပြီး အာရုံနိမိတ် ယူပါတယ်။
“ မီးတစ်ဆယ့်တစ်ပါးဟာ သတ္တ၀ါတွေကို ကြီးစွာ ဆင်းရဲစေလျက် နောက်ကို မဆုတ်ဘဲ ဆက်ဆက် လောင်သွားတယ်။ ငါလည်း ဒီဆင်းရဲ တွေငြိမ်းဖို့ ဒီမီး လောင်သလို မဂ်တည်းဟူသော မီးနဲ့ ကိလေသာတွေကို လောင်ပြီး ဘယ်လို သွားရပါ့မလဲ”လို့ အတွေးနိမိတ်ယူပါတယ်။

Vista House မှ ကိုလံဘီယာမြစ်ကို လှမ်းမျှော်ကြည့်နေသော ဆရာတော်အရှင်ရာဇိန္ဒ
နောက် ရှေ့ဆက်သွားတော့ မြစ်ထဲက ငါးတွေကို ဖမ်းနေတဲ့ တံငါသည်တွေကို တွေ့ရပြန်ပါတယ်။ ဒီအချိန်မှာ ပိုက်ကွန်မှာ မိနေတဲ့ ငါးတစ်ကောင်းက ပိုက်ကွန်ကို ဖြတ်ပြီး ထွက်ပြေးသွားပါတယ်။ ဒီတော့ တံငါသည်တွေက “ငါးက ပိုက်ကွန်ကို ဖြတ်ပြေးသွားပြီ”လို့ အော်ပါတယ်။
အနိဝတ္တမင်းက ဒီအသံကြားတော့ ရှေ့ကအတိုင်း အာရုံနိမိတ်ယူမိ ပြန်ပါတယ်။
“ငါလည်း မဂ်ဥာဏ်နဲ့ တဏှာဒိဌိ တည်းဟူသော ပိုက်ကွန်ကို ဘယ်အချိန် လောက် ဖြတ်နိုင်ပါ့မလဲ”လို့ တွေးပါတယ်။
နောက်ဆုံးတော့ ရထားတဲ့ မင်းအဖြစ်ကိုစွန့်ပြီး ၀ိပဿနာ တရားတွေ အားထုတ်လိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတော့တယ်။
(အပါဒါန်အဋ္ဌကထာ၊ စာမျက်နှာ၂၁၀) သုတ္တနိပါတ်အဋ္ဌကထာ ပတွဲ၊ စာမျက်နှာ ၁၀၂)
အနိဝတ္တမင်းကတော့ လောင်နေတဲ့မီး၊ ပိုက်ကွန်က လွတ်သွားတဲ့ ငါးကိုကြည့်ပြီး သံဝေဂဖြစ်ပါတယ်။ အဲဒီ သံသဝေဂကိုပဲ အခြေခံပြီး တရားအား ထုတ်လိုက်တာ တရားထူး တရားမြတ် ရသွားခဲ့ပါတယ်။
ကိုယ့်ဝန်းကျင်မှာ သံဝေဂဖြစ်စရာ သက်ရှိသက်မဲ့တွေ အများကြီးရယ်ပါ။ ဒါတွေကို ကြည့်ုပြီး သံဝေဂဖြစ်ကြတဲ့သူတွေ ရှိကြသလို မဖြစ်ကြတဲ့ သူတွေလည်း အများကြီးပါပဲ။
ပါရမီရှင်တွေကတော့ မမြဲတဲ့ သဘောတရားတွေကို သိပြီး နောက်ဆုံးတော့ မင်းစည်းစိမ်ကိုစွန့် တရားအားထုတ် တော့တာပါပဲ။ တကယ်လို့ ပါရမီ မပြည့်သေးလို့ တရားထူး မရသေးရင်တောင် နောက်ဘ၀ တွေမှာလည်း ဆက်စွန့်ပြီး ဆက်အားထုတ် နေဦးမှာပါ။ စွန့်ရဲတဲ့အထုံ ပါသွားရင် နောက်ဘ၀တွေမှာလည်း စွန့်ဖို့ ၀န်မလေးတော့ပါဘူး။ မစွန့်ရဲသေးတဲ့ စာရေးသူတို့သာ သံသရာထဲမှာ ကျန်နေကြရတာပါ။ စွန့်ရဲတဲ့ သူတွေက စွန့်ပြီး မစွန့်ရဲတဲ့ သူတွေကတော့ စားနေကြတုန်းပါ။
စာရေးသူရဲ့ဇာတိ အင်းမဆိုတာ သရေခေတ္တရာ ပြည်ခရိုင်ထဲကပါ။ တစ်နှစ်ကို နှစ်ခေါက် လောက်တော့ ပြည်ကို ရောက်ဖြစ်ပါတယ်။ ပြည်ေ၇ာက်ရင် အမြဲသွားဖြစ်တဲ့ နှစ်နေရာရှိပါတယ်။ ရွှေဘုံသာမုနိရယ် သရေခေတ္တရာ နန်းတော်ဟောင်း နေရာရယ်ပါ။
ရွှေဘုံသာမုနိမှာ ကုသိုလ် ကောင်းမှုပြု၊ မမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေကို အမျှအတမ်း ပေးဝေပြီးရင် နန်းတော်ဟောင်း နေရာကို ကြည့်ရတာ အရသာတစ် ခုလို ဖြစ်နေလို့ပါ။ နောက် နန်းတော်ဟောင်းကို ကားနဲ့ တစ်ပတ်ပတ်ပြီး ကြည့်လိုက်ပါသေးတယ်။ ကြည့်ရတိုင်းလည်း ဘယ်အခါမှ ရိုးမသွားခဲ့ပါဘူး။ ကြည့်လို့ကောင်းနေခဲ့တာပါ။
တကယ်ဆို နန်းတော်ဟောင်းကို ကြည့်ပြီး သံဝေဂ ပွားရမှာပါ။ သံဝေဂမပွားဘဲ အနုပညာတစ်ခုလို ခံစားနေတော့ တရားနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။
သရေခေတ္တရာမှာ မင်းဆက်(၂၅)ဆက် သံလျက်ကိုင် အုပ်ချုပ်သွားခဲ့ပါတယ်။ ဘာမှ မမြဲတဲ့ သဘောတရားအရ ပျက်စီးခြင်းသာ အဆုံးရှိတဲ့ သဘောတ၇ားအရ ဒီနေ့ဒီအချိန်မှာ သံလျက်ကိုင် အုပ်ချုပ်ခဲ့တဲ့ မင်းတွေ တစ်ပါး မှ မရှိတော့သလို သူတို့ကိုင်ခဲ့တဲ့ သံလျက်တွေလည်း တစ်လက်မှ မရှိတော့ပါ ဘူး။ ဘယ်ဘ၀ ဘယ်ဒေသ ရောက်နေမှန်းလည်း မသိရတော့ပါဘူး။
သံလျက် ကိုင်ခွင့်ရတယ်ဆိုတာ အတိက်ဘ၀တွေက ကုသိုလ်ပါရမီကြီးခဲ့ လို့ပါ။ ဒီတော့ ခပ်ညံညံ့မဟုတ်ဘဲ ကုသိုလ် ပါရမီ ပါခဲ့သူဆိုတာ တွေးလို့ရပါ ပါတယ်။
ဒါကြောင့် ပါလာတဲ့ ကုသိုလ်ပါရမီကို အရင်းတည်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ရ ကြောင်း ကုသိုလ်ပါရမီကောင်းတွေကိုပဲ ဆက်ပြီး ဖြည့်သွားလေသလား၊ ပါခဲ့တဲ့
ကုသိုလ်ပါရမီတွေကိုပဲ ထိုင်ပြီးစားသွားကြလေသလား မပြောတတ်ပါဘူး။
တစ်ချို့လည်း ဂတိချိုချိုကို ရောက်နေကြမှာပါ။ တချို့ကျတော့ ဂတိခါးခါးကို ရောက်ချင် ရောက်နေကြမှာပါ။ မျိုးဆက်အဆင့်ဆင့် ခြားသွားပြီ ဆိုတော့ ဂတိခါးခါးရောက် နေသူတွေအတွက် ရည်မှန်းပြီး ကုသိုလ်ပြု အမျှဝေ ပေးဖို့လည်း ဘယ်သူကမှ စိတ်ကူးမရှိတော့ပါဘူး။
လောကီရေးပဲဖြစ်ဖြစ်၊ လောကုတ္တရာ ရေးပဲဖြစ်ဖြစ် ပါရမီပါခဲ့သူ မပါခဲ့သူ နှစ်ယောက် အားထုတ်ရင် ပါရမီ ပါခဲ့သူက မပါခဲ့သူ လိုက်မမီအောင်ကို အကျိုးပေး ပါတယ်။ ပါရမီပါခဲ့တဲ့ သူတွေ အလုပ်လုပ်ရင် ပိုပြီးထိရောက်ပါတယ်။
ဘုရားဟောအရ ဘာမှ မမြဲပါဘူး။ တစ်နေ့မှာ ပျက်စီးမှာပါပဲ။ နှေးတာနဲ့ မြန်တာပဲ ကွာပါလိမ့်မယ်။ မြဲတယ်ဆိုရင်တော့ ဘုရားဟောနဲ့ ဆန့်ကျင်ဘက်ဖြစ် နေမှာပါ။
ဘာမှ မမြဲတဲ့လောကကြီးမှာ ကိုယ်တစ်ယောက်ကတော့ ကိုယ့်နောက် ပါမယ့် တရားတွေ ရှာနိုင်ဖို့ သိပ်ပြီး အရေးကြီးပါတယ်။
အမှန်တော့ မမြဲတဲ့တရားတွေနဲ့ နေနေရတာ စိတ်ထဲမှာ ပျော်မှာလည်း မဟုတ်ပါဘူး ။ အမြဲပူနေရတာပါ။ ကိုယ့်နောက်ပါမယ့် တရားတွေနဲ့ နေနေရင် တရားတွေက ပြန်စောင့်ရှောက် နေတဲ့အတွက် စိတ်က အမြဲအေးချမ်းနေမှာပါ။ ကိုယ့်နောက်ပါမယ့် တရားတွေကို အမြဲမဟုတ်တောင် အချိန်လေးတစ်ခု အနေနဲ့ ပွားများ အားထုတ်တာတောင် စိတ်ကလေး တဒင်္ဂလေး အေးချမ်းနေတာ က သက်သေပါ။
စာရေးသူကတော့ မမြဲတဲ့ ။ ပျက်စီး သွာြးုပီဖြစ်တဲ့ သရေခေတ္တရာမြို့ ဟောင်း တစ်နေရာကို ရောက်မြဲလည်း ရောက်နေဦးမှာပါ။ ကြည့်မြဲလည်း ကြည့် နေဦးမှာပါ။ တစ်နေ့သောအခါ မှာတော့ သံဝေဂအကြည့်နဲ့ ကြည့်ဖြစ်ပါစေလို့ပဲ ဆုတောင်းမိပါတယ်။
ခန္ဓာကိုယ် စားဝတ်နေရေး ရှိနေတဲ့အတွက်၊ မိသားစု ရှိနေတဲ့အတွက် မမြဲတဲ့ တရားတွေလည်း လိုအပ်နေတာပါပဲ။ ဒါပေမယ့် မမြဲတဲ့ တရားတွေကို ခန္ဓာ ကိုယ်လိုအပ်ချက်အရ မလွှဲမရှောင်သာ အနေနဲ့သာ သုံးပြီး မမြဲတာကို မမြဲမှန်းသိပြီး ကိုယ့်နောက်ပါမယ့် တရားတွေကိုလည်း ကျင့်သုံးရင်း နေထိုင်သွားဖို့ပါပဲ။
တကယ့်တော့လည်း သေရင် မမြဲတဲ့ တရားတွေကို အကုန်လုံး ထားခဲ့ ကြရမှာပါ။ မြန်မာနိုင်ငံမှာ မမြဲတဲ့ တရားတွေကို သိခွင့်ရနေတာကကို သူများ နိုင်ငံထက် သာနေပါပြီ။
အခု မြန်မာနိုင်ငံမှာ ၀ိပဿနာတရားကို မဂ်ပေါက် ဖိုလ်ဝင် ပြပေးနိုင်တဲ့ သီလ သမာဓိ ပညာကြီးတဲ့ ဆရားတော်ကြီးတွေလည်း အများကြီးပါပဲ။ ဒါက ကို ကိုယ့်နိုင်ငံက ကံကောင်းနေတာပါ။
အသက်အရွယ် ကြီးရင့်မှ တရားကို ရှာမယ်ဆိုရင် လူငယ်တစ်ယောက်လို ခရီးမပေါက် နိုင်တော့ပါဘူး။ ငယ်တုန်း ကျန်းမာတုန်း ဖြည့်ကျင့် တာကတော့ အကောင်းဆုံးပါပဲ။
အနိဝတ္တမင်းကတော့ မမြဲတဲ့ သဘောတရားတွေ သိပြီး ဆက်လက်အား ထုတ်သွားတာ ဂတိချိုချို ဂတိခါးခါးတွေကို ဘယ်တော့မှ ပြန်မလာ တော့ဘဲ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားခဲ့ပါပြီ။
ကိုယ်က အနိဝတ္တမင်းလို ဂတိချိုချို ဂတိခါးခါးက မလွန်မြောက်နိုင်သေး ရင်တောင် ကိုယ်ရထားတဲ့ ရာထူးဋ္ဌာနန္တရ ငွေကြေးဥစ္စာ လုပ်ပိုင်ခွင့် ကိုယ့်ဝန်းကျင်မှာ ရှိနေတဲ့ သက်ရှိ သက်မဲ့တွေကို ကြည့်ပြီး “သြော်.. မမြဲတဲ့ တရားတွေဘဲ၊ တစ်နေ့မှာ ဆင်ခြင် ဆင်ခြင်ပေးရပါမယ်။ အဲဒီလို ဆင်ခြင် တာလေးကိုလည်း အထုံအလေ့ အကျင့်ဖြစ်အောင် လုပ်ထားရပါမယ်။ အထုံဆိုတာ အမြဲလေ့ကျင့်ထားရင် ထုံသွားတာပါပဲ၊လေ့ကျင့်စမှာသာ ကိုယ်က အားစိုက်ရတာပါ။ အထုံဖြစ်သွားရင်တော့ အထူး အာရုံစိုက်စရာ မလိုတော့ပါဘူး။ ဆင်ခြင်ပြီးတဲ့အခါ အနိဝတ္တမင်းကို အားကျ အတုယူပြီး ၀င်လေ ထွက်လေပဲ ဖြစ်ဖြစ် ၊ ဖောင်းတယ် ပိန်တယ်ပဲဖြစ်ဖြစ်၊ ထင်ရှားတဲ့ ရုပ်နာမ် တစ်ခုခုမှာ သတိကပ်ပြီး ပဲဖြစ်ဖြစ် ၀ိပဿနာ တရားကို နှစ်မိနစ် သုံးမိနစ်လောက်လေး ရှုမှတ်လိုက်ဖို့ပါ။
သံဝေဂစစ်စစ်၊ ၀ိပဿနာစစ်စစ်တာ့ ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါပေမယ့် ဆင်ခြင်နေတဲ့ အခိုက်အတန့် ရှုမှတ်နေတဲ့ အခိုက်အတန့် လေးမှာတော့ အကုသိုလ် ကိလေသာတွေ ကင်းနေတာ အမှန်ပါပဲ။ အကိုသိုလ် ကိလေသာ ကင်း နေရင် တဒင်္ဂလေးတော့ စိတ်အေး ချမ်းနေပါတယ်။
ဒါတင်မကပါဘူး။ နောက်ဘ၀ နောက်ဘ၀တွေအထိလည်း ဆင်ခြင်တဲ့ အထုံ ပွားများတဲ့ အထုံလေးတွေ ဆက်ဆက်ပါသွားမှာပါ။ ဒီဘ၀ ဆင်ခြင်ပွားများရင် နောက်ဘ၀ နောက်ဘ၀တွေလည်း ဆက်ပြီး ဆင်ခြင်ပွားများနေဦးမှာပါပဲ။ အဲဒီလို ဆင်ခြင် ပွားများနေတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို ပါရမီဖြည့်နေတယ်လို့ လည်း သဘောထားပေါ့။ တစ်နေ့ကို ဆင်ခြင်တာ တစ်မိနစ်၊ ပွားများတာ သုံး မိနစ် စုစုပေါင်း လေးမိနစ် လောက်လေးတော့ လေ့ကျင့် လေ့ကျင့်သွားသင့်ပါ တယ်။ လေးမိနစ်ဆိုတော့ ဘာမှ မကြာပါဘူး ။ နောက်ဘ၀ ဘ၀အထုံတွေ အတွက် အဲဒီလောက် လေးတော့ အချိန်ပေးသင့်ပါတယ်။ ပါရမီ ပြည့်တဲ့ ဘ၀တစ်ခုမှာတော့ အနိဝတ္တမင်းလို တရားထူး ရသွားမှာပါ။
ဒါကြောင့်လည်း ရုံးတက်ရင်းလည်း ဆင်ခြင်ပွားများလို့ ရပါတယ်။ ကားစီးရင်းလည်း ဆင်ခြင်ပွားများ လို့ရပါတယ်။ ဈေးရောင်းရင်းလည်း ဆင်ခြင်ပွား များလို့ရပါတယ်။ နောက်ဆုံး ရေချိုးခန်းဝင်နေရင်းလည်း ဆင်ခြင် ပွားများလို့ ရတာပါပဲ။
ရေချိုးခန်း ၀င်နေတုန်းဆို ကိုယ်တစ်ယောက်တည်း ရှိနေတဲ့အတွက် ၊ အသံတိတ်ဆိတ်မှုလည်း ရှိနေတဲ့အတွက် ဆင်ခြင်ပွားများရတာ ပိုလို့တောင် လွတ်လွတ်လပ်လပ်ရှိဦးမှာပါ။ ရေချိုးခန်းဝင်နေတဲ့ အချိန်မှာ ဧည့်သည်လည်း မလာသလို ဖုန်းလည်း မလာပါဘူး။ ပြင်ပ လုပ်စရာလည်း ဘာမှမရှိပါဘူး။ ဘာအနှောက် အယှက်မှမရှိတဲ့ တကယ့် သီးသန့်ကိုယ်ပိုင် အချိန်တစ်ခုပါပဲ။ ရေးချိုးခန်း ၀င်တာကတော့ လူတိုင်း လူတိုင်း တစ်နေ့ကို တစ်ကြိမ် နှစ်ကြိမ် တော့ မဖြစ်မနေ ၀င်ကြရတာပါ။ တရားအားထုတ်ဖို့ အချိန်မရှိဘူးလို့ ဆိုတဲ့ သူတွေအတွက် “သီးသန့် ကိုယ်ပိုင် အချိန်လေး”တစ်ခုပါ။ ကိုယ်က ရေချိုးခန်း ၀င်တုန်းမှာ ဆင်ခြင်ပွားများတဲ့ အထုံအလေ့ အကျင့်လေး လုပ်ထားလိုက်ရင် နောက်ဆို ရေချိုခန်းဝင်လိုက်တာနဲ့ ဆင်ခြင်ပြီးသား၊ ပွားများပြီးသား ဖြစ်နေပါလိမ့်မယ်။ အမြဲဆင်ခြင် ပွားများ နေတဲ့အတွက် ကိုယ့်ကိုယ်ကို သတိပေးနေရာလည်း ရောက်ပါတယ်။ တရားတွေ အများကြီး မလုပ်နိုင်သေး ပေမယ့် နေ့စဉ် မိနစ်ပိုင်း ဆင်ခြင် ပွားများနေတဲ့အတွက် “ ငါတရားနဲ့ သိပ်ကွာဟ မနေပါဘူးလေ “ဆိုပြီး ကိုယ့်ကိုယ်ကိုလည်း အားပေးလို့ရပါတယ်။ တရားမလုပ်ဖြစ်သေးလို့ တစ်ခါတစ်လေ စိတ်ဓာတ် ကျရသူတွေအတွက် ဖြေဆည်ရာ တစ်ခုပါ။
ဒီလိုပါပဲ ၊ ဈေးရောင်း နေရင်းလည်း ဆင်ခြင်ပွားများလို့ ရတာပါပဲ။ ဈေး ဆိုတာ အချိန်ပြည့်ရောင်းနေတာ မဟုတ်ပါဘူး။ ကြားထဲမှာ ၀ယ်သူမလာသေးတဲ့ အချန်ဆိုတာ ရှိနေတာပါပဲ။ ၀ယ်သူ မလာသေးတဲ့ အချိန်တွေမှာ ဆင်ခြင်ပွားများ နေလို့ရတာပါပဲ။ ဒါဆိုရင် ဈေးရောင်းရင်း ကုသိုလ်တွေ ဖြစ်နေတော့တာပါ။ ဆင်ခြင် ပွားများနေတဲ့ ဈေးသည် တစ်ယေက်ဟာ ဘယ်တော့မှ အကုသိုလ် မကင်းတဲ့ ဈေးရောင်းမှုကို မပြုပါဘူး။ ဈေးရောင်းရင်း ကုသိုလ်ဖြစ်တဲ့သူတွေ ရှိသလို ဈေးရောင်းရင်း အကုသိုလ် ဖြစ်တဲ့သူတွေလည်း အများကြီးပါ။
ဈေးရောင်းတာဟာ သတိရှိရင် နိဗ္ဗာန်နဲ့နီးရသလို သတိမရှိရင် ငရဲနဲ့လည်း နီးရပါတယ်။ ဒါကြောင့် ငရဲနဲ့နီးတဲ့ ဈေးရောင်း နည်းကိုတော့ အထူး ရှောင်ကြဉ် ရပါမယ်။
တရားထူး ရသွားကြတဲ့ ထေရီထေရာ အရှင်မြတ်တွေဟာ တစ်ပါးနဲ့တစ်ပါး ဆင်ခြင်ပုံချင်းတော့ မတူကြပါဘူး။ ဒီတော့ ကိုယ်အားကျကြည်ညိုတဲ့ ထေရီ ထေရာ တစ်ပါးပါးရဲ့ ဆင်ခြင်မှုကို အတုယူပြီး ဆင်ခြင်လို့ ရသလို ကိုယ်ကြားဖူး တဲ့ ရှေးရှေး ဆရာတော်ဘုရားကြီးတွေရဲ့ ဆင်ခြင်မှုမျိုးတွေနဲ့လည်း ဆင်ခြင်လို့ ရပါတယ်။ ဒါမှမဟုတ် ကိုယ်နားလည် သဘောပေါက်တဲ့ ဆင်ခြင်မှုမျိုးနဲ့လည်း ဆင်ခြင်လို့ ရပါတယ်။
သီလ သမာဓိ ပညာ ကြီးမားတဲ့ ရှေးရှေး ဆရာတော်ဘုရားကြီးတွေရဲ့ ဆင်ခြင်မှုလောက် အဆင့်မမြင့်ပေမယ့် သူတော်ကောင်းတွေရဲ့ အပြုအမူ အတိုင်း အတုယူ ကျင့်သုံးနေတဲ့အတွက် ကိုယ့်ကိုယ်ကို ကြည်ညိုလို့ရနေပါပြီ။ ဒါ သူတော်ကောင်းဓာတ် ကူးဆက်တယ်လို့လည်း ခေါ်ပါတယ်။
ဘာပဲပြောပြော ကိုယ့်ဝန်းကျင်မှာရှိတဲ့ သက်ရှိသက်မဲ့ မမြဲတဲ့သဘော တရားတွေကို ကြည့်ပြီး “သြော်… မမြဲတဲ့ တရားတွေဘဲ၊ တစ်နေ့မှာ ပျက်စီးရမှာပဲ”လို့ နေ့စဉ် ဆင်ခြင်ပေးပါ။ နောက်ဘ၀မှာ အထုံပါရမီလေးပါသွား အောင်လို့ပါ။

ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း
ဇန္န၀ါရီ ၂၀၁၀
ရဝေနွယ်(အင်းမ)

ကျမ်းကိုး
ပုံတော်စုံထေရအပါဒါန်ဝတ္ထုတော်ကြီး(အရှင်ဓမ္မသာမီဘိဝံသ)



အရှင်သီရိန္ဒဝဘ်ဆိုဒ်မှ ကူးယူဖော်ပြပါသည်။