Monday, May 17, 2010

ဒါနပါရမီ...

ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့……..
တရားပွဲတွေ တနှစ်တာ ကာလပတ်လုံး အစဉ်မပျက် ကျင်းပပေးလျှက်ရှိသော သိရီမင်္ဂလာ ကျောင်းတိုက်မှာ ယခုအခါ မှာလည်း တရားနာယူ- ကုသိုလ် ပြုလုပ်ခွင့် အခွင့်ကောင်း တစ်ခု ၀မ်းမြောက်ဘွယ် ပေါ်ပေါက် လာခဲ့ပြန်ပါပြီ။ ထေရ၀ါဒ ဗုဒ္ဓ တရားတော်များကို ယနေ့ခေတ် လူငယ်များ ပိုမို၍ နားလည် သဘောပေါက် လက်ခံ နိုင်အောင် သစ်လွင်သော ခေတ်အမြင်၊ ခေတ်အတွေး၊ ခေတ်အရေး များဖြင့် ရေးသား၍ အောင်မြင်နေသော ဆရာတော် အရှင်ရာဇိန္ဒ (ကလောင် အမည် ရဝေနွယ်- အင်းမ) ဆရာတော် အရှင်မြတ်နှင့် တိပိဋက နှစ်ပုံအောင် ဒွိပိဋကဓရ ဆရာတော် အရှင်နေမိန္ဒာဘိဝံသ အရှင်မြတ်(၂)ပါးတို့သည် သိရီမင်္ဂလာကျောင်းသို့ 2010 မေလ ၁၂ရက် နေ့မှ ၁၆ ရက်နေ့အထိ ကြွရောက် သီတင်းသုံး မည်ဖြစ်ပါသည်။ ဆရာတော်များ ကြွရောက် သီတင်းသုံးသည့်အခိုက် ဓမ္မမိတ်ဆွေ အပေါင်းတို့ အား တရားအလှူများ ပေးလှူသွားမည် ဖြစ်ပါသည်။ ယခုကဲ့သို့ ရရှိသည့် ကောင်းမြတ်သော တရားနာယူ ကုသိုလ်ပြုလုပ်ခွင့် အခွင့်ကောင်းကို လက်မလွှတ်တမ်း ကြိုးစား ရယူနိုင်ကြတဲ့ ပါရမီထူးတဲ့ ကုသိုလ်ရှင် သူတော်စင်များ ပီပီ တရားတော်များကို အတူတကွ လာရောက်၍ နာယူ နိုင်ပါရန် အထူးနှိုးဆော် တိုက်တွန်းအပ်ပါသည်။
မွေးရပ်မြေမှ ဝေးကွာလာခဲ့ပြီးကတည်းက ဘုရား တရား သံဃာတော်များနှင့်ပါ ဝေးရလေပြီလို့ အတွေးနှင့်ယူကြုံးမရဖြစ်နေခဲ့ရတဲ့ကျွန်မဟာ မနှစ်ကနွေရာသီမှ စတင်ကာ ပေါ့လန်းမြို့ရှိ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်း ဆရာတော် အရှင်သီရိန္ဒ၏ ကောင်းမှုကြောင့် တနှစ်တာကာလပတ်လုံး ကိုယ့်မြေမှာတောင် ဖူးမျှော်ခွင့်မရခဲ့တဲ့ ဆရာတော်ကြီိးများကို ဖူးခွင့်ရခဲ့ပါပြီ…..

အခုလည်း စာအရေးကောင်းလှတဲ့ ဆရာတော်နှင့် ပိဋကတ်တော်တွေကို အာဂုံဆောင်နိုင်အောင် ပါရမီပြည့်လှတဲ့ ဆရာတော်နှစ်ပါးကို ဖူးဖို့အခွင့် ကြုံလာပြန်ပါပြီ….
အခွင့်သာခိုက်မှမသွားရင် ကိုယ်လောက်မိုက်မဲတဲ့လူ မရှိတော့ဘူးလေ…
အမေရိကန် စရောက်ကတည်းက အလုပ်လုပ်ဖို့ရောက်လာတဲ့သူပီပီ အိမ်နဲ့ အလုပ် အလုပ်နဲ့အိမ်… ဒီချည်တိုင်က ဘယ်မှမခွာရဲခဲ့တာ အခုဆို လေးနှစ်နီးပါး ရှိခဲ့ပြီလေ… လူရယ်လို့ဖြစ်လာကတည်း လိုနေတဲ့ပိုက်ဆံ …. ရှာသလောက်လည်း မပြည့်ဝနိုင်တဲ့ ငွေ … ငွေ… ငွေ…. ကျွန်မတို့ ဒီငွေတွေနောက်ကို လိုက်နေခဲ့တာ အနှစ်လေးဆယ်ရှိခဲ့ပြီပေါ့… ဒါပေမဲ့ အခုထိလည်း ရှိတယ်ရယ်လို့ မရှိခဲ့ပါဘူး…. လိုက်လေဝေးလေ… ရလေလိုလေ.. ပါပဲလား… ဘယ်တော့များ လိုတာအားလုံးပြည့်ဝမှာလည်းလေ…
ကိုယ့်အရိပ်နောက်ကောက်ကောက်ပါအောင်လိုက်နေသလို အရှေ့ရောက်လိုက် အနောက်ရောက်လိုက်ပါပဲ… ဒါကြောင့် မြတ်စွာဘုရားက ပုထုဇ္ဇနော ဥမ္မတ္တကော လို့ ဟောကြားထာခဲ့တာပဲ….
အဲ့ဒီလို ဘုရားသံတရားသံလေးနဲ့လည်း ကိုယ်ကိုယ်ကို လူတတ်ကြီးက လုပ်တတ်သေးတယ်….
တကယ်တမ်း သေသေချာချာ တရားနာကြည့်လိုက်တော့ ကိုယ်သိထားတာ တွေဟာ ဟုတ်တာလည်းရှိ… မဟုတ်တာလည်းရှိ …. ရောထွေးနေတယ်…
ပထမတရက် နာခဲ့ရတဲ့တရားက ဒါနပါရမီ တဲ့….

ဒါနဆိုတာ အလှူဆိုတာတော့ အကျမ်းဖျင်းသိထားခဲ့တယ်.. ငယ်ငယ်က မကြာခဏကြားဖူးတာ မလှူတတ်ရင် ညောင်ပင်ကြီးလောက်လှူလည်း ညောင်စေ့လေးလောက်ပဲ အကျိုးရပြီး… လှူတတ်ရင် ညောင်စေ့လေးလောက် လှူလည်း ညောင်ပင်ကြီးလောက် အကျိုးရတယ်ဆိုတာလောက်ပါပဲ… ဒါပေမဲ့ သေသေချာချာတော့ သဘောမပေါက်ခဲ့သေးပါဘူး…။ ဒါပေမဲ့ ကိုယ့်လောက် မသိသေးတဲ့သူတွေကိုတော့ သိသလိုလိုနဲ့ ဆရာကြီးလုပ်ခဲ့မိပါသေးတယ်…ဒါပေမဲ့ အခုတော့ ဆရာတော်များရဲ့ကျေးဇူးကြောင့် အလှူဒါနကို သေသေ ချာချာ ပြုတတ်ခဲ့ပါပြီ…. ဆရာတော်ဟောခဲ့တဲ့ ဒါနအကြောင်းကို ကျွန်မ နားလည်တဲ့အတိုင်း နည်းနည်းလေး ဖောက်သည်ပြန်ချပြီး မိတ်ဆွေတွေကို ဓမ္မဒါနပြုပါမယ်နော်….
ဒါနမှာ အယုတ်၊ အလတ်၊ အမြတ် ဆိုပြီးသုံးမျိုးရှိပါတယ်…
အယုတ်ဒါန ဆိုတာကတော့ အခုကျွန်မတို့ပတ်ဝန်းကျင်မှာ သိပ်ခေတ်စားတဲ့ ပါတီပေးတယ်ဆိုတာပါပဲ….
ကိုယ်နဲ့ အကျိုးစီးပွားတူပြုကြသူတွေ… ကိုယ့်ကိုအထင်ကြီးစေချင်သူတွေကို ဖိတ်ကြားပြီး ငွေကုန်ကျေးကျ များစွာအကုန်ခံပြီး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြ… အရက်သေစာတွေ မူးယစ်သောက်စားကြ… ဒါတွေဟာ ဘာမှအရာမရောက် ကုသိုလ် မဖြစ်ပါဘူး… ကျွေးနိုင်မွေးနိုင်လို့ လူအထင်ကြီးတာလောက်ပဲ ရှိပါတယ်… အလှူပြုသူတွေကိုယ်တိုင်ကလည်း လူအထင်ကြီးစေချင်တဲ့ စိတ်တခုနဲ့ဘဲပြုတာဖြစ်လို့ အကျိုးထူးလည်းမရနိုင်ပါဘူး… ဒါကတော့ အယုတ်ဒါနပါ….။
အလတ်ဒါန…. ဆိုတာကတော့ လူ့ချမ်းသာ နတ်ချမ်းသာ ကိုရည်မှန်းပြီးပြုတဲ့ ဒါနပါ... ဤကုသိုလ်ကောင်းမှုကြောင့် ကြွယ်ဝချမ်းသာရပါလို၏…..။ နတ်ပြည်ရောက်ရပါလို၏… စတဲ့ ဘဝတွေကိုလိုလားတဲ့ ဆုတောင်းတွေပါ…။ ဒီိဒါနကတော့ အလှူခံပုဂ္ဂိုလ် မြင့်မြတ်ရင် မြင့်မြတ်သလောက် အကျိုးပေးကြီးပါတယ်… ဒီဒါနကလည်း ဒါနပြုသူတွေရဲ့ လိုလားချက်အတိုင်း ဘဝသံသရာထဲမှာ ဝဲလည်ပြီး သံသရာရှည်နေတော့မှာပါ…. ဒါကတော့ အလတ်ဒါနပါ….
အမြတ်ဒါန ဆိုတာကတော့ လူအထင်ကြီးစေဖို့လည်းမလို.. လူချမ်းသာ နတ်ချမ်းသာဖြစ်ဖို့ကိုလည်း မတောင့်တ အလှူခံပုဂ္ဂိုလ် အဆင်ပြေစေဖို့အတွက် နိဗ္ဗာန် ကိုရည်မှန်းပြီး ပြုလုပ်တဲ့ဒါနပါ… ဒီဒါနကတော့ ဘုရားအလောင်းတွေ ဖြည်ကျင့်ကြတဲ့ ပါရမီမြောက်တဲ့ ဒါနဖြစ်ပါတယ်… ဒီလိုပါရမီမြောက်တဲ့ ဒါနမှာတော့ အလှူခံပုဂ္ဂိုလ် အယုတ်၊ အလတ်၊ အမြတ်မရွေးပါဘူး…။ လိုအပ်နေတဲ့ သူတွေ၊ သတ္တဝါတွေကို သူတို့အကျိုးအတွက်ကြည့်ပြီးတော့ သူတို့ အဆင်ပြေဖို့ တခုတည်းကိုကြည့်ပြီး မိမိကိုယ်ကျိုးကိုမငဲ့ကွက်ဘဲ နိဗ္ဗာန်ကိုသာအာရုံပြုပြီး လှူဒါန်းတဲ့ဒါနပါ… ဒါကတော့ အမြတ်ဒါန… ပါရမီမြောက်တဲ့ဒါန ဖြစ်ပါတယ်…
ပါရမီမြောက်တဲ့ဒါနဟာ နိဗ္ဗာန်ကိုသာ အာရုံပြုပေမဲ့ လူချမ်းသာနတ်ချမ်းသာ ဘဝတွေ၊ အများအထင်ကြီးစေချင်တာတွေဟာ သူ့အလိုလို မတောင်းဘဲနဲ့ ပြည်ဝနေတတ်ပါတယ်…။ လောကမှာ အများပြည်သူအတွက် မိမိအကျိုးကို မငဲ့ကွက်ဘဲ စွန့်ဝံ့တဲ့သူတွေဟာ သူတို့စွန့်ဝံ့သလောက် သူတို့နံမည်တွေဟာ ထင်ရှားနေကြတာပါပဲ… သူတို့ဟာ လူအထင်ကြီးချင်လို့ လုပ်ကြတာတော့ မဟုတ်ပါဘူး…

ဒီဒါနအကြောင်းလေး ရေးနေရင်းနဲ့ .. တစုံတခုကိုသွားသတိရလိုက်တယ်..။ ဆရာတော်ဟောတဲ့တရားကို လက်တွေ့အကောင်အထည်ဖော်ဖို့ အခွင့်ကောင်း တခုပါပဲ… အခုမြန်မာပြည်က အများစုသော အခြေခံလူတန်းစားတွေ သောက်ရေအခက်အခဲတွေ ဖြစ်နေကြပြီ… နိုင်သလောက် ဝိုင်းဝန်းကူညီကြ ရပါဦးမယ်… နယုန်လရောက်ပေမဲ့ မိုးတခါမှမရွာသေးဘဲ ပူလောင်အိုက်စပ်နေ ကြတုန်း၊ ရေတွေခန်းခြောက်နေတုန်းပဲတဲ့…
အိမ်က ရေချိုတွင်းလေးတောင် အရင်နှစ်တွေကနဲ့မတူဘဲ ရေခပ်သူများရင် နေ့ခင်းမှာခန်းလို့ ရေထွက်အောင်စောင့်ပြီး ခပ်နေကြရတယ်တဲ့….
မိုးရောက်ရင်လည်း ဘယ်လောက်များရေတွေကြီးကြဦးမှာလည်း… အခုလော လောဆယ်တော့ ရေငတ်တဲ့ဘေးကို ကူညီဖို့အတွက်ကြိုးစားကြပြီး…….. နောင်သုံးလေးလ.. မိုးရာသီရောက်ရင် ကျရောက်လာမယ့် ရေကြီးမဲ့ဘေး အတွက်ကူညီဖို့ကိုလည်း ကြိုတင်ပြင်ဆင်ထားရဦးမယ်လေ…. ကျွန်မက မကောင်းတဲ့နိမိတ် ဖတ်တာတော့မဟုတ်ပါဘူးနော်… သဘာဝပတ်ဝန်းကျင်ကို မထိန်းသိန်းနိုင်ရင် ဒီလိုဖြစ်လာမယ်ဆိုတာ စဉ်းစားနိုင်တဲ့သူတိုင်း သိနိုင်တာ ပဲနော်…. ဒီမှာဆိုရင် ကိုယ်ဝယ်ထားတဲ့ အိမ်ဝင်းထဲက သစ်ပင်မို့လို့ ကိုယ်ပိုင်တယ်ဆိုပြီးခုတ်ချင်တိုင်း ခုတ်လို့မရပါဘူး.. သစ်ပင်ခုတ်မယ်ဆို ဒီသစ်တပင်ခုတ်ရဖို့အတွက် သူတို့သတ်မှတ်ပေးထားတဲ့နေရာမှာ သတ်မှတ်ထားတဲ့သစ်ပင် အပင်နှစ်ဆယ် ပြန်စိုက်ပျိုးပေးရပါတယ်… ဒီမှာက သဘာဝပတ်ဝန်းကျင်ကို အရေးတကြီးထိန်းသိန်းကြတယ်…
ကိုယ်ကိုယ်တိုင်က ဝေးနေလို့ မလုပ်နိုင်ပေမဲ့ ပြည်တွင်းက လူတိုင်းလုပ်နိုင်တဲ့ အသက်ရှည်ရာရှည်ကြောင်း ကုသိုလ်တခုတည်းမှာပါတဲ့ သစ်ပင်ြကီးတွေစိုက်တဲ့ ကုသိုလ်ကို လူတိုင်းလုပ်နိုင်ရင် နောင်နှစ်နှစ်ဆယ်သုံးဆယ်လောက်မှာ ဒီဘေးတွေကနေလွတ်နိုင်ကောင်းပါရဲ့… သီတဂူဆရာတော်ဘုရားကြီး ဟောခဲ့တဲ့တရားအတိုင်းပြောရရင် တို့မြန်မာတွေဟာ ကျွန်းပင်အောက်မှာနေလို့ သာကီမျိုးတွေဖြစ်ခဲ့ပေမဲ့… အခုတော့ ကြက်ဆူပင်တွေသာစိုက်နေကြလို့ ကြက်ဆူမျိုးဟေ့ ဒို့ဗမာလို့ ပြောရတော့မလိုဖြစ်နေပြီတဲ့… ဒါကို ဒီအတိုင်းပဲဆက်ပြီးလစ်လျူရှုနေကြမယ်ဆိုရင်တော့ နောင်နှစ်တရာလောက်ကြ ရင် ရာဇဝင်တည်းကမြန်မာတွေဆိုပြီး ပြတိုက်ရောက်သွားကြလေမလားလို့ တွေးမိတိုင်း….. အင်း… သဗ္ဗေသတ္တာ ကမ္မသကာလို့ဘဲပြောရတော့မလား….
ကယ်ကြပါဦးဗျို့…..
နောက်နေ့တွေမှာ ဒုတိယနေ့မှာနာခဲ့တဲ့ အရှိကို အသိနှင့်ညှိပါ တရားနှင့် တတတိယနေ့မှာနာခဲ့တဲ့ သီလပါရမီတို့ကို ဆက်လက်ရေးသားပါဦးမည်…
အားလုံးကိုကျေးဇူးတင်ပါတယ်…
မိမိဥစ္စာ.. သူ့ဟာဖြစ်လို.. မေတ္တာပို.. ကြည်ညိုလေးစား.. ပေးစွန့်ငြား.. ထူးခြားမြတ်ဒါန..
(ကျေးဇူးရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး)

Sunday, May 16, 2010

မြန်မာပြည်မှ ရေဒုက္ခ.. နည်းလမ်းရှာဖွေကူညီကြ...

ဂတိချိုချို ဂတိခါးခါး....

2010. မေလ ၁၂ ရက်နေ့က ဆရာတော် အရှင်ရာဇိန္ဒ စာရေးဆရာ ရဝေနွယ်(အင်းမ) ဟာ ဓမ္မခရီးစဉ်အဖြစ် မိမိနေတဲ့ Portland Oregonသို့ ကြွလာခဲ့ပါတယ်၊ မိမိအတွက် ဆရာတော် ရဝေနွယ်က နောက်ဆုံးထွက်တဲ့ "စိတ်ညစ်ရင် ရေချိုးပါ"ဆိုတဲ့ စာအုပ်ကလေး ဓမ္မဒါနပြုပါတယ်။ အဲသည်စာအုပ်ထဲက နှစ်သက်တဲ့ ဆောင်းပါးလေးကို ပြောပါ မေတ္တာဥယျာဉ်ဆိုဒ်ထဲကနေ ဓမ္မဒါန ဖြန့်ဝေချင်လို့ပါလို့ လျောက်ထားတော့ စာရေးသူက "ဂတိချိုချို ဂတိခါးခါး"ဆိုတဲ့ ဆောင်းပါးကို နှစ်သက်မိပါတယ်တဲ့ ဒါကြောင့် အဲဒီဆောင်းပါးလေးနဲ့အတူ မနေ့က လိုက်ပို့ဖြစ်ခဲ့တဲ့ နေရာလေးမှာ အမှတ်တရအဖြစ် မှတ်တမ်းတင်ထားတဲ့ ဆရာတော် ရဝေနွယ်ရဲ့ ဓာတ်ပုံလေးနဲ့အတူ ဓမ္မဒါန ဖြ့န့်ဝေလိုက်ပါတယ်။

ရေတံခွန်တောင်ထိပ်မှ အရှင်ရာဇိန္ဒ
တစ်ခါတုန်းက အနိဝတ္တဗြဟ္မဒတ်မင်းဆိုတာ ရှိခဲ့ဖူးပါတယ်။ အနိဝတ္တဆိုတာ မြန်မာလို ပြန်ရင်တော့ နောက်မဆုတ်တဲ့မင်းလို့ အဓိပ္ပာယ်ရပါ တယ်။ အဲဒီမင်းက ဘာကိုပဲလုပ်လုပ် နောက်ဆုတ်လေ့ မရှိပါဘူးတဲ့။
တစ်နေ့တော့ အနိဝတ္တမင်းက ဥယျာဉ်တော်ကို ထွက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ တောမီး ထလောင်ပါတယ်။ မီးက အစိုအခြောက် မရွေး သစ်ပင်မြက်ပင်တွေကို အကုန်လောင်တော့တာပါ။ နောက်မဆုတ်ဘဲ ရှေ့ကို တိုးတိုးပြီးတော့ လောင်သွား တာပါ။ အနိဝတ္တမင်းက လောင်နေတဲ့ မီးကို ဥပမာပြုပြီး အာရုံနိမိတ် ယူပါတယ်။
“ မီးတစ်ဆယ့်တစ်ပါးဟာ သတ္တ၀ါတွေကို ကြီးစွာ ဆင်းရဲစေလျက် နောက်ကို မဆုတ်ဘဲ ဆက်ဆက် လောင်သွားတယ်။ ငါလည်း ဒီဆင်းရဲ တွေငြိမ်းဖို့ ဒီမီး လောင်သလို မဂ်တည်းဟူသော မီးနဲ့ ကိလေသာတွေကို လောင်ပြီး ဘယ်လို သွားရပါ့မလဲ”လို့ အတွေးနိမိတ်ယူပါတယ်။

Vista House မှ ကိုလံဘီယာမြစ်ကို လှမ်းမျှော်ကြည့်နေသော ဆရာတော်အရှင်ရာဇိန္ဒ
နောက် ရှေ့ဆက်သွားတော့ မြစ်ထဲက ငါးတွေကို ဖမ်းနေတဲ့ တံငါသည်တွေကို တွေ့ရပြန်ပါတယ်။ ဒီအချိန်မှာ ပိုက်ကွန်မှာ မိနေတဲ့ ငါးတစ်ကောင်းက ပိုက်ကွန်ကို ဖြတ်ပြီး ထွက်ပြေးသွားပါတယ်။ ဒီတော့ တံငါသည်တွေက “ငါးက ပိုက်ကွန်ကို ဖြတ်ပြေးသွားပြီ”လို့ အော်ပါတယ်။
အနိဝတ္တမင်းက ဒီအသံကြားတော့ ရှေ့ကအတိုင်း အာရုံနိမိတ်ယူမိ ပြန်ပါတယ်။
“ငါလည်း မဂ်ဥာဏ်နဲ့ တဏှာဒိဌိ တည်းဟူသော ပိုက်ကွန်ကို ဘယ်အချိန် လောက် ဖြတ်နိုင်ပါ့မလဲ”လို့ တွေးပါတယ်။
နောက်ဆုံးတော့ ရထားတဲ့ မင်းအဖြစ်ကိုစွန့်ပြီး ၀ိပဿနာ တရားတွေ အားထုတ်လိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတော့တယ်။
(အပါဒါန်အဋ္ဌကထာ၊ စာမျက်နှာ၂၁၀) သုတ္တနိပါတ်အဋ္ဌကထာ ပတွဲ၊ စာမျက်နှာ ၁၀၂)
အနိဝတ္တမင်းကတော့ လောင်နေတဲ့မီး၊ ပိုက်ကွန်က လွတ်သွားတဲ့ ငါးကိုကြည့်ပြီး သံဝေဂဖြစ်ပါတယ်။ အဲဒီ သံသဝေဂကိုပဲ အခြေခံပြီး တရားအား ထုတ်လိုက်တာ တရားထူး တရားမြတ် ရသွားခဲ့ပါတယ်။
ကိုယ့်ဝန်းကျင်မှာ သံဝေဂဖြစ်စရာ သက်ရှိသက်မဲ့တွေ အများကြီးရယ်ပါ။ ဒါတွေကို ကြည့်ုပြီး သံဝေဂဖြစ်ကြတဲ့သူတွေ ရှိကြသလို မဖြစ်ကြတဲ့ သူတွေလည်း အများကြီးပါပဲ။
ပါရမီရှင်တွေကတော့ မမြဲတဲ့ သဘောတရားတွေကို သိပြီး နောက်ဆုံးတော့ မင်းစည်းစိမ်ကိုစွန့် တရားအားထုတ် တော့တာပါပဲ။ တကယ်လို့ ပါရမီ မပြည့်သေးလို့ တရားထူး မရသေးရင်တောင် နောက်ဘ၀ တွေမှာလည်း ဆက်စွန့်ပြီး ဆက်အားထုတ် နေဦးမှာပါ။ စွန့်ရဲတဲ့အထုံ ပါသွားရင် နောက်ဘ၀တွေမှာလည်း စွန့်ဖို့ ၀န်မလေးတော့ပါဘူး။ မစွန့်ရဲသေးတဲ့ စာရေးသူတို့သာ သံသရာထဲမှာ ကျန်နေကြရတာပါ။ စွန့်ရဲတဲ့ သူတွေက စွန့်ပြီး မစွန့်ရဲတဲ့ သူတွေကတော့ စားနေကြတုန်းပါ။
စာရေးသူရဲ့ဇာတိ အင်းမဆိုတာ သရေခေတ္တရာ ပြည်ခရိုင်ထဲကပါ။ တစ်နှစ်ကို နှစ်ခေါက် လောက်တော့ ပြည်ကို ရောက်ဖြစ်ပါတယ်။ ပြည်ေ၇ာက်ရင် အမြဲသွားဖြစ်တဲ့ နှစ်နေရာရှိပါတယ်။ ရွှေဘုံသာမုနိရယ် သရေခေတ္တရာ နန်းတော်ဟောင်း နေရာရယ်ပါ။
ရွှေဘုံသာမုနိမှာ ကုသိုလ် ကောင်းမှုပြု၊ မမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေကို အမျှအတမ်း ပေးဝေပြီးရင် နန်းတော်ဟောင်း နေရာကို ကြည့်ရတာ အရသာတစ် ခုလို ဖြစ်နေလို့ပါ။ နောက် နန်းတော်ဟောင်းကို ကားနဲ့ တစ်ပတ်ပတ်ပြီး ကြည့်လိုက်ပါသေးတယ်။ ကြည့်ရတိုင်းလည်း ဘယ်အခါမှ ရိုးမသွားခဲ့ပါဘူး။ ကြည့်လို့ကောင်းနေခဲ့တာပါ။
တကယ်ဆို နန်းတော်ဟောင်းကို ကြည့်ပြီး သံဝေဂ ပွားရမှာပါ။ သံဝေဂမပွားဘဲ အနုပညာတစ်ခုလို ခံစားနေတော့ တရားနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။
သရေခေတ္တရာမှာ မင်းဆက်(၂၅)ဆက် သံလျက်ကိုင် အုပ်ချုပ်သွားခဲ့ပါတယ်။ ဘာမှ မမြဲတဲ့ သဘောတရားအရ ပျက်စီးခြင်းသာ အဆုံးရှိတဲ့ သဘောတ၇ားအရ ဒီနေ့ဒီအချိန်မှာ သံလျက်ကိုင် အုပ်ချုပ်ခဲ့တဲ့ မင်းတွေ တစ်ပါး မှ မရှိတော့သလို သူတို့ကိုင်ခဲ့တဲ့ သံလျက်တွေလည်း တစ်လက်မှ မရှိတော့ပါ ဘူး။ ဘယ်ဘ၀ ဘယ်ဒေသ ရောက်နေမှန်းလည်း မသိရတော့ပါဘူး။
သံလျက် ကိုင်ခွင့်ရတယ်ဆိုတာ အတိက်ဘ၀တွေက ကုသိုလ်ပါရမီကြီးခဲ့ လို့ပါ။ ဒီတော့ ခပ်ညံညံ့မဟုတ်ဘဲ ကုသိုလ် ပါရမီ ပါခဲ့သူဆိုတာ တွေးလို့ရပါ ပါတယ်။
ဒါကြောင့် ပါလာတဲ့ ကုသိုလ်ပါရမီကို အရင်းတည်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ရ ကြောင်း ကုသိုလ်ပါရမီကောင်းတွေကိုပဲ ဆက်ပြီး ဖြည့်သွားလေသလား၊ ပါခဲ့တဲ့
ကုသိုလ်ပါရမီတွေကိုပဲ ထိုင်ပြီးစားသွားကြလေသလား မပြောတတ်ပါဘူး။
တစ်ချို့လည်း ဂတိချိုချိုကို ရောက်နေကြမှာပါ။ တချို့ကျတော့ ဂတိခါးခါးကို ရောက်ချင် ရောက်နေကြမှာပါ။ မျိုးဆက်အဆင့်ဆင့် ခြားသွားပြီ ဆိုတော့ ဂတိခါးခါးရောက် နေသူတွေအတွက် ရည်မှန်းပြီး ကုသိုလ်ပြု အမျှဝေ ပေးဖို့လည်း ဘယ်သူကမှ စိတ်ကူးမရှိတော့ပါဘူး။
လောကီရေးပဲဖြစ်ဖြစ်၊ လောကုတ္တရာ ရေးပဲဖြစ်ဖြစ် ပါရမီပါခဲ့သူ မပါခဲ့သူ နှစ်ယောက် အားထုတ်ရင် ပါရမီ ပါခဲ့သူက မပါခဲ့သူ လိုက်မမီအောင်ကို အကျိုးပေး ပါတယ်။ ပါရမီပါခဲ့တဲ့ သူတွေ အလုပ်လုပ်ရင် ပိုပြီးထိရောက်ပါတယ်။
ဘုရားဟောအရ ဘာမှ မမြဲပါဘူး။ တစ်နေ့မှာ ပျက်စီးမှာပါပဲ။ နှေးတာနဲ့ မြန်တာပဲ ကွာပါလိမ့်မယ်။ မြဲတယ်ဆိုရင်တော့ ဘုရားဟောနဲ့ ဆန့်ကျင်ဘက်ဖြစ် နေမှာပါ။
ဘာမှ မမြဲတဲ့လောကကြီးမှာ ကိုယ်တစ်ယောက်ကတော့ ကိုယ့်နောက် ပါမယ့် တရားတွေ ရှာနိုင်ဖို့ သိပ်ပြီး အရေးကြီးပါတယ်။
အမှန်တော့ မမြဲတဲ့တရားတွေနဲ့ နေနေရတာ စိတ်ထဲမှာ ပျော်မှာလည်း မဟုတ်ပါဘူး ။ အမြဲပူနေရတာပါ။ ကိုယ့်နောက်ပါမယ့် တရားတွေနဲ့ နေနေရင် တရားတွေက ပြန်စောင့်ရှောက် နေတဲ့အတွက် စိတ်က အမြဲအေးချမ်းနေမှာပါ။ ကိုယ့်နောက်ပါမယ့် တရားတွေကို အမြဲမဟုတ်တောင် အချိန်လေးတစ်ခု အနေနဲ့ ပွားများ အားထုတ်တာတောင် စိတ်ကလေး တဒင်္ဂလေး အေးချမ်းနေတာ က သက်သေပါ။
စာရေးသူကတော့ မမြဲတဲ့ ။ ပျက်စီး သွာြးုပီဖြစ်တဲ့ သရေခေတ္တရာမြို့ ဟောင်း တစ်နေရာကို ရောက်မြဲလည်း ရောက်နေဦးမှာပါ။ ကြည့်မြဲလည်း ကြည့် နေဦးမှာပါ။ တစ်နေ့သောအခါ မှာတော့ သံဝေဂအကြည့်နဲ့ ကြည့်ဖြစ်ပါစေလို့ပဲ ဆုတောင်းမိပါတယ်။
ခန္ဓာကိုယ် စားဝတ်နေရေး ရှိနေတဲ့အတွက်၊ မိသားစု ရှိနေတဲ့အတွက် မမြဲတဲ့ တရားတွေလည်း လိုအပ်နေတာပါပဲ။ ဒါပေမယ့် မမြဲတဲ့ တရားတွေကို ခန္ဓာ ကိုယ်လိုအပ်ချက်အရ မလွှဲမရှောင်သာ အနေနဲ့သာ သုံးပြီး မမြဲတာကို မမြဲမှန်းသိပြီး ကိုယ့်နောက်ပါမယ့် တရားတွေကိုလည်း ကျင့်သုံးရင်း နေထိုင်သွားဖို့ပါပဲ။
တကယ့်တော့လည်း သေရင် မမြဲတဲ့ တရားတွေကို အကုန်လုံး ထားခဲ့ ကြရမှာပါ။ မြန်မာနိုင်ငံမှာ မမြဲတဲ့ တရားတွေကို သိခွင့်ရနေတာကကို သူများ နိုင်ငံထက် သာနေပါပြီ။
အခု မြန်မာနိုင်ငံမှာ ၀ိပဿနာတရားကို မဂ်ပေါက် ဖိုလ်ဝင် ပြပေးနိုင်တဲ့ သီလ သမာဓိ ပညာကြီးတဲ့ ဆရားတော်ကြီးတွေလည်း အများကြီးပါပဲ။ ဒါက ကို ကိုယ့်နိုင်ငံက ကံကောင်းနေတာပါ။
အသက်အရွယ် ကြီးရင့်မှ တရားကို ရှာမယ်ဆိုရင် လူငယ်တစ်ယောက်လို ခရီးမပေါက် နိုင်တော့ပါဘူး။ ငယ်တုန်း ကျန်းမာတုန်း ဖြည့်ကျင့် တာကတော့ အကောင်းဆုံးပါပဲ။
အနိဝတ္တမင်းကတော့ မမြဲတဲ့ သဘောတရားတွေ သိပြီး ဆက်လက်အား ထုတ်သွားတာ ဂတိချိုချို ဂတိခါးခါးတွေကို ဘယ်တော့မှ ပြန်မလာ တော့ဘဲ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားခဲ့ပါပြီ။
ကိုယ်က အနိဝတ္တမင်းလို ဂတိချိုချို ဂတိခါးခါးက မလွန်မြောက်နိုင်သေး ရင်တောင် ကိုယ်ရထားတဲ့ ရာထူးဋ္ဌာနန္တရ ငွေကြေးဥစ္စာ လုပ်ပိုင်ခွင့် ကိုယ့်ဝန်းကျင်မှာ ရှိနေတဲ့ သက်ရှိ သက်မဲ့တွေကို ကြည့်ပြီး “သြော်.. မမြဲတဲ့ တရားတွေဘဲ၊ တစ်နေ့မှာ ဆင်ခြင် ဆင်ခြင်ပေးရပါမယ်။ အဲဒီလို ဆင်ခြင် တာလေးကိုလည်း အထုံအလေ့ အကျင့်ဖြစ်အောင် လုပ်ထားရပါမယ်။ အထုံဆိုတာ အမြဲလေ့ကျင့်ထားရင် ထုံသွားတာပါပဲ၊လေ့ကျင့်စမှာသာ ကိုယ်က အားစိုက်ရတာပါ။ အထုံဖြစ်သွားရင်တော့ အထူး အာရုံစိုက်စရာ မလိုတော့ပါဘူး။ ဆင်ခြင်ပြီးတဲ့အခါ အနိဝတ္တမင်းကို အားကျ အတုယူပြီး ၀င်လေ ထွက်လေပဲ ဖြစ်ဖြစ် ၊ ဖောင်းတယ် ပိန်တယ်ပဲဖြစ်ဖြစ်၊ ထင်ရှားတဲ့ ရုပ်နာမ် တစ်ခုခုမှာ သတိကပ်ပြီး ပဲဖြစ်ဖြစ် ၀ိပဿနာ တရားကို နှစ်မိနစ် သုံးမိနစ်လောက်လေး ရှုမှတ်လိုက်ဖို့ပါ။
သံဝေဂစစ်စစ်၊ ၀ိပဿနာစစ်စစ်တာ့ ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါပေမယ့် ဆင်ခြင်နေတဲ့ အခိုက်အတန့် ရှုမှတ်နေတဲ့ အခိုက်အတန့် လေးမှာတော့ အကုသိုလ် ကိလေသာတွေ ကင်းနေတာ အမှန်ပါပဲ။ အကိုသိုလ် ကိလေသာ ကင်း နေရင် တဒင်္ဂလေးတော့ စိတ်အေး ချမ်းနေပါတယ်။
ဒါတင်မကပါဘူး။ နောက်ဘ၀ နောက်ဘ၀တွေအထိလည်း ဆင်ခြင်တဲ့ အထုံ ပွားများတဲ့ အထုံလေးတွေ ဆက်ဆက်ပါသွားမှာပါ။ ဒီဘ၀ ဆင်ခြင်ပွားများရင် နောက်ဘ၀ နောက်ဘ၀တွေလည်း ဆက်ပြီး ဆင်ခြင်ပွားများနေဦးမှာပါပဲ။ အဲဒီလို ဆင်ခြင် ပွားများနေတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို ပါရမီဖြည့်နေတယ်လို့ လည်း သဘောထားပေါ့။ တစ်နေ့ကို ဆင်ခြင်တာ တစ်မိနစ်၊ ပွားများတာ သုံး မိနစ် စုစုပေါင်း လေးမိနစ် လောက်လေးတော့ လေ့ကျင့် လေ့ကျင့်သွားသင့်ပါ တယ်။ လေးမိနစ်ဆိုတော့ ဘာမှ မကြာပါဘူး ။ နောက်ဘ၀ ဘ၀အထုံတွေ အတွက် အဲဒီလောက် လေးတော့ အချိန်ပေးသင့်ပါတယ်။ ပါရမီ ပြည့်တဲ့ ဘ၀တစ်ခုမှာတော့ အနိဝတ္တမင်းလို တရားထူး ရသွားမှာပါ။
ဒါကြောင့်လည်း ရုံးတက်ရင်းလည်း ဆင်ခြင်ပွားများလို့ ရပါတယ်။ ကားစီးရင်းလည်း ဆင်ခြင်ပွားများ လို့ရပါတယ်။ ဈေးရောင်းရင်းလည်း ဆင်ခြင်ပွား များလို့ရပါတယ်။ နောက်ဆုံး ရေချိုးခန်းဝင်နေရင်းလည်း ဆင်ခြင် ပွားများလို့ ရတာပါပဲ။
ရေချိုးခန်း ၀င်နေတုန်းဆို ကိုယ်တစ်ယောက်တည်း ရှိနေတဲ့အတွက် ၊ အသံတိတ်ဆိတ်မှုလည်း ရှိနေတဲ့အတွက် ဆင်ခြင်ပွားများရတာ ပိုလို့တောင် လွတ်လွတ်လပ်လပ်ရှိဦးမှာပါ။ ရေချိုးခန်းဝင်နေတဲ့ အချိန်မှာ ဧည့်သည်လည်း မလာသလို ဖုန်းလည်း မလာပါဘူး။ ပြင်ပ လုပ်စရာလည်း ဘာမှမရှိပါဘူး။ ဘာအနှောက် အယှက်မှမရှိတဲ့ တကယ့် သီးသန့်ကိုယ်ပိုင် အချိန်တစ်ခုပါပဲ။ ရေးချိုးခန်း ၀င်တာကတော့ လူတိုင်း လူတိုင်း တစ်နေ့ကို တစ်ကြိမ် နှစ်ကြိမ် တော့ မဖြစ်မနေ ၀င်ကြရတာပါ။ တရားအားထုတ်ဖို့ အချိန်မရှိဘူးလို့ ဆိုတဲ့ သူတွေအတွက် “သီးသန့် ကိုယ်ပိုင် အချိန်လေး”တစ်ခုပါ။ ကိုယ်က ရေချိုးခန်း ၀င်တုန်းမှာ ဆင်ခြင်ပွားများတဲ့ အထုံအလေ့ အကျင့်လေး လုပ်ထားလိုက်ရင် နောက်ဆို ရေချိုခန်းဝင်လိုက်တာနဲ့ ဆင်ခြင်ပြီးသား၊ ပွားများပြီးသား ဖြစ်နေပါလိမ့်မယ်။ အမြဲဆင်ခြင် ပွားများ နေတဲ့အတွက် ကိုယ့်ကိုယ်ကို သတိပေးနေရာလည်း ရောက်ပါတယ်။ တရားတွေ အများကြီး မလုပ်နိုင်သေး ပေမယ့် နေ့စဉ် မိနစ်ပိုင်း ဆင်ခြင် ပွားများနေတဲ့အတွက် “ ငါတရားနဲ့ သိပ်ကွာဟ မနေပါဘူးလေ “ဆိုပြီး ကိုယ့်ကိုယ်ကိုလည်း အားပေးလို့ရပါတယ်။ တရားမလုပ်ဖြစ်သေးလို့ တစ်ခါတစ်လေ စိတ်ဓာတ် ကျရသူတွေအတွက် ဖြေဆည်ရာ တစ်ခုပါ။
ဒီလိုပါပဲ ၊ ဈေးရောင်း နေရင်းလည်း ဆင်ခြင်ပွားများလို့ ရတာပါပဲ။ ဈေး ဆိုတာ အချိန်ပြည့်ရောင်းနေတာ မဟုတ်ပါဘူး။ ကြားထဲမှာ ၀ယ်သူမလာသေးတဲ့ အချန်ဆိုတာ ရှိနေတာပါပဲ။ ၀ယ်သူ မလာသေးတဲ့ အချိန်တွေမှာ ဆင်ခြင်ပွားများ နေလို့ရတာပါပဲ။ ဒါဆိုရင် ဈေးရောင်းရင်း ကုသိုလ်တွေ ဖြစ်နေတော့တာပါ။ ဆင်ခြင် ပွားများနေတဲ့ ဈေးသည် တစ်ယေက်ဟာ ဘယ်တော့မှ အကုသိုလ် မကင်းတဲ့ ဈေးရောင်းမှုကို မပြုပါဘူး။ ဈေးရောင်းရင်း ကုသိုလ်ဖြစ်တဲ့သူတွေ ရှိသလို ဈေးရောင်းရင်း အကုသိုလ် ဖြစ်တဲ့သူတွေလည်း အများကြီးပါ။
ဈေးရောင်းတာဟာ သတိရှိရင် နိဗ္ဗာန်နဲ့နီးရသလို သတိမရှိရင် ငရဲနဲ့လည်း နီးရပါတယ်။ ဒါကြောင့် ငရဲနဲ့နီးတဲ့ ဈေးရောင်း နည်းကိုတော့ အထူး ရှောင်ကြဉ် ရပါမယ်။
တရားထူး ရသွားကြတဲ့ ထေရီထေရာ အရှင်မြတ်တွေဟာ တစ်ပါးနဲ့တစ်ပါး ဆင်ခြင်ပုံချင်းတော့ မတူကြပါဘူး။ ဒီတော့ ကိုယ်အားကျကြည်ညိုတဲ့ ထေရီ ထေရာ တစ်ပါးပါးရဲ့ ဆင်ခြင်မှုကို အတုယူပြီး ဆင်ခြင်လို့ ရသလို ကိုယ်ကြားဖူး တဲ့ ရှေးရှေး ဆရာတော်ဘုရားကြီးတွေရဲ့ ဆင်ခြင်မှုမျိုးတွေနဲ့လည်း ဆင်ခြင်လို့ ရပါတယ်။ ဒါမှမဟုတ် ကိုယ်နားလည် သဘောပေါက်တဲ့ ဆင်ခြင်မှုမျိုးနဲ့လည်း ဆင်ခြင်လို့ ရပါတယ်။
သီလ သမာဓိ ပညာ ကြီးမားတဲ့ ရှေးရှေး ဆရာတော်ဘုရားကြီးတွေရဲ့ ဆင်ခြင်မှုလောက် အဆင့်မမြင့်ပေမယ့် သူတော်ကောင်းတွေရဲ့ အပြုအမူ အတိုင်း အတုယူ ကျင့်သုံးနေတဲ့အတွက် ကိုယ့်ကိုယ်ကို ကြည်ညိုလို့ရနေပါပြီ။ ဒါ သူတော်ကောင်းဓာတ် ကူးဆက်တယ်လို့လည်း ခေါ်ပါတယ်။
ဘာပဲပြောပြော ကိုယ့်ဝန်းကျင်မှာရှိတဲ့ သက်ရှိသက်မဲ့ မမြဲတဲ့သဘော တရားတွေကို ကြည့်ပြီး “သြော်… မမြဲတဲ့ တရားတွေဘဲ၊ တစ်နေ့မှာ ပျက်စီးရမှာပဲ”လို့ နေ့စဉ် ဆင်ခြင်ပေးပါ။ နောက်ဘ၀မှာ အထုံပါရမီလေးပါသွား အောင်လို့ပါ။

ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း
ဇန္န၀ါရီ ၂၀၁၀
ရဝေနွယ်(အင်းမ)

ကျမ်းကိုး
ပုံတော်စုံထေရအပါဒါန်ဝတ္ထုတော်ကြီး(အရှင်ဓမ္မသာမီဘိဝံသ)



အရှင်သီရိန္ဒဝဘ်ဆိုဒ်မှ ကူးယူဖော်ပြပါသည်။

Monday, April 12, 2010

မန်းတောင်ရိပ်ခို.....

ဧပြီ ၁၀ရက် ၂၀၁၀ခုနှစ် မှာပြုလုပ်ကျင်းပခဲ့တဲ့ အော်ရီဂွန်ပြည်နယ် ပေါ့လန်းမြို့သင်္ကြန်မှ အဆိုအကများဖြစ်ပါတယ်... ကင်မရာကလည်းညံ့ ရိုက်တဲ့သူကလည်းညံ့လို့ သည်းခံပြီး ကြည့်ပေးကြပါနော်... အားလုံးကိုကျေးဇူးတင်ပါတယ်....




You Tube ထဲဝင်ပြီး အားလုံးကိုကြည့်နိုင်ပါတယ်...ဒီနေရာ လေးမှာလည်း အကအလှလေးတွေတင်ထားပါတယ်...

Friday, March 12, 2010

မင်္ဂလာပါ...

Tuesday, March 9, 2010

Saturday, March 6, 2010

အိမ်အပြန်လမ်းမှာ....



လောလောဆယ်နေတဲ့အိမ်ကို... အလုပ်ကနေပြန်လာတာကိုပြောတာပါ...။ တကယ့်အိမ်ကိုပြန်ရဖို့ကတော့.....

Wednesday, February 3, 2010

မိခင်နှင့်တူသောအရာ တရားတော်....

ဒီနေ့တော့ ပုံပြင်အစား ဒီတရားလေးနာလိုက်ကြဦးနော်...



တရားက အစအဆုံးမရဘူးဖြစ်နေလို့ အစအဆုံးနားထောင်ချင်ရင် ဒီနေရာမှာ ရှာပြီးနာယူနိုင်ပါတယ်ရှင်... ကျေးဇူးတင်ပါတယ်

Friday, January 22, 2010

သမီးတို့အတွက် အိပ်ယာဝင်ပုံပြင်များ (၃)

သမီးရေ… လူရယ်လို့ဖြစ်လာရင် လူပီသအောင်နေတတ်ဖို့အရေးကြေီးတယ်။ အခုရော လူမပီသဘူးလား မေမေ လူပီသအောင်ဘယ်လိုနေရမလဲဆိုရင် မြတ်စွာဘုရားဟောကြားခဲ့တဲ့ လူတို့စောင့်ထိန်းရမယ့်သီလကို စောင့်ထိန်းရမယ်။ သမီးတို့နေ့စဉ် ဘုရားရှိခိုးရင် ငါးပါးသီလ ယူတယ် မဟုတ်လား။
အဲ့ဒီထဲက ပါဏာတိပါတကံ (သူ့အသက်သတ်ခြင်း) နဲ့ပတ်သက်ပြီး ဒီနေ့ပြောပြမယ်။ သူတပါးအသက်ကို မိမိအသက်ကဲ့သို့ တန်ဘိုးထားနိုင်ရင် သူ့အသက်ကို မသတ်ဖြစ်တော့ဘူးပေါ့။ အသားကို နည်းနည်းလေးခိုက်မိရင်တောင် နာကျင်တတ်တာ အသက်သေတဲ့အထိဆို ဘယ်လောက်နာကျင်လိုက်မလဲနော်… သမီးတို့ ကိုယ်ချင်းစာတတ် ရမယ်နော်… နောက်ပြီး သူတပါးကို နာကျင်စေအောင်လုပ်မိရင် ကိုယ်လည်းပဲ တူသောအကျိုးကို ပြန်ခံစားရလိမ့်မယ်။ ဒါဟာ မြတ်စွာဘုရားဟောကြားခဲ့တဲ့ ကံ၊ ကံ၏အကျိုးဆိုတာပဲ…. ။ ချက်ချင်းပြန်ခံရတာရှိသလို အကြောင်းတိုက်ဆိုင်မှ အဆတိုးပြီး ပြန်ခံစားရတာလဲရှိတယ်။ မြတ်စွာဘုရားလက်ထက်တုန်းက ဥတ္တရသာမဏေလေးရဲ့ အကြောင်း အမေမှတ်မိသလောက်ပြောပြမယ်နော်..။
ဥတ္တရ လို့ခေါ်တဲ့ ကိုရင်လေးတပါးဟာ သူနေတဲ့တောကျောင်းလေးကနေ မနက်စောစော ဆွမ်းခံထွက်ဖို့ မိုးမလင်းသေးခင် လူတွေနေတဲ့ ရွာဘက်ကို ထွက်လာရင်း မြစ်ချောင်းနဘေးအရောက်မှာ မျက်နှာသစ်ရအောင် ဆွမ်းခံသပိတ်ကို ချောင်းနဘေး ကန်ဘောင်ပေါ်တင်ထားပြီး ကိုရင်လေးက ချောင်းထဲဆင်းသွားခဲ့တယ်…။ အဲဒီအချိန်မှာပဲ ရွာထဲမှာသူခိုးဝင်ခိုးတာကို အိမ်ရှင်တွေက သိသွားပြီး အော်ဟစ်အကူအညီတောင်းတော့ ရွာသားတွေက တုတ်တွေဓားတွေနဲ့ သူခိုးကို လိုက်ကြတယ်။ သူခိုးကလဲ ပြေးမိပြေးရာပြေးပြီး ရွာအပြင်က ကိုရင်လေးရှိတဲ့ ချောင်းနဘေးကိုရောက်လာခဲ့တယ်။ ရွာသားတွေမိရင် အသတ်ခံရမှာကိုကြောက်တဲ့သူခိုးဟာ သူခိုးလာတဲ့ပစ္စည်းထုပ်ကို ကိုရင်လေးချထားတဲ့ သပိတ်ထဲ ထည့်ခဲ့ပြီး အကွယ်တခုမှာ ပုန်းနေလိုက်တယ်။ ကိုရင်လေးက မျက်နှာသစ်ပြီးလို့ ဆွမ်းခံကြွမယ်ဆိုပြီး သပိတ်ကိုယူပြီး ရွာဘက်ကိုစတင်ထွက်လာချိန်မှာပဲ ရွာသားတွေ အဲ့ဒီနေရာကိုရောက်လာပြီး သူခိုးကိုမတွေ့ပဲ ကိုရင်လေးကို ရှာဖွေကြတဲ့အခါမှာ သပိတ်ထဲမှာ ထည့်ထားတဲ့ ရတနာထုပ်ကို ရှာတွေ့သွားပြီး ကိုရင်ဟာသူခိုးပဲလို့ ထင်ပြီး ဖမ်းသွားခဲ့ကြတယ်တဲ့..။ ဒီအချိန်မှာ ကိုရင်လေးက သူဟာ သူခိုးမဟုတ်ကြောင်းကို ရှင်းပြပေမဲ့ သက်သေခံပစ္စည်းနဲ့မိနေလို့ ဘယ်လိုမှ ပြောလို့မရဘူးတဲ့။
နောက်ပြီး အဲ့ဒီအချိန်က တိုင်းပြည်အုပ်ချုပ်တဲ့မင်းက သူခိုးဆိုသိပ်မုန်းလို့ သူခိုးမိရင် လက်ဝါးကပ်တိုင်မှာ ကြိုးတုပ်ပြီး စအိုကနေ ပါးစပ်အထိ တံကျင်ရှိုသတ်လေ့ရှိတယ်တဲ့။ (တံကျင်ဆိုတာကတော့ ထိပ်ချွန်နေတဲ့သံချောင်းရှည်ကြီးကို မီးထဲမှာရဲနေအောင်ဖုတ်ထားတာ) လူတွေ သူများပစ္စည်းမခိုးရဲအောင်၊ တိုင်းပြည်မှာ သူခိုးသူမရှိအောင်လို့ အမိန့်ထုတ်ထားတယ် ထင်တာပဲ။ ဒါနဲ့ပဲ ကိုရင်လေး ဥတ္တရဟာ ခိုးရာပါပစ္စည်းနဲ့တကွ မိနေလို့ ဘယ်လိုမှဖြေရှင်းလို့ မရဲဘဲ အဲ့ဒီနည်းနဲ့ အသတ်ခံခဲ့ရတယ်တဲ့ …. ဒါပေမဲ့ ကိုရင်ကလေးဟာ နာကျင်မှုတွေခံစားနေရတဲ့အချိန်မှာ မြတ်စွာဘုရား အဝေးကနေရောင်ချည်တော်ကွန့်မြူးပြပြီး ကိုရင်ကလေးနာကျင်မှုတွေကို မေ့သွားတဲ့ခဏမှာ တရားဟောလိုက်တယ်..။ ကိုရင်ကလေး ကလဲ ပါရမီရင့်ပြီးသူဖြစ်လို့ တရားနာရင်း ခန္တာအစဉ်ကို မြင်အောင် ရှုမှတ်လိုက်တဲ့အခါ တရားအဆုံးမှာပဲ ရဟန္တာ ဖြစ်သွားခဲ့တယ်။
အင်း…. ဘုရားကတန်ခိုးနဲ့ ကိုရင်လေးကိုဘာလို့မကယ်သလဲဆိုတော့… ကိုရင်ကလေး ပြုလုပ်ခဲ့တဲ့ သူ့ရဲ့အတိတ်ကံက သူကိုယ်တိုင်ပြန်ခံရမှာမို့ မြတ်စွာဘုရားလဲ အဲ့ဒီလို အသတ်ခံ ရမဲ့ဘေးကနေ မကယ်နိုင်ပါဘူး။ ဒါဟာ ဝဋ်ကြွေးခံရတာလို့ ပြောရမှာပေါ့..။ သမီးတို့ အခုမေးသလို မြတ်စွာဘုရားကို ရဟန်းတွေကလဲမေးပါတယ်။ အဲ့ဒီတော့ မြတ်စွာဘုရားက ရဟန်းတွေကို ဒီကိုရင်ကလေးဟာ တူသောအကျိုးကို ခံစားရတာဆိုပြီး ကိုရင်လေးရဲ့ အတိတ်ကအကြောင်းကို ပြန်ဟောပြပါတယ်။ ကိုရင်ကလေးဟာ ဘဝတခုမှာကလေးသဘာဝ ကစားရင်း တမာပင်ပေါ်က ပေါက်ကာစငှက်သားကလေးတွေကိုတွေ့ပြီး ငှက်သားပေါက် ကလေးတွေရဲ့ ပါးစပ်ထဲကို တမာရိုးနဲ့ထိုးထည့်ပြီး ဆော့ခဲ့ဘူးတယ်။ (ငှက်ကလေးတွေဟာ သူတို့မိခင်အစာရှာပြီးပြန်လာရင် ပါလာတဲ့အစာတွေကို စားရအောင်နှုတ်သီးလေးတွေကို ပြဲနေအောင် ဟထားပေးတာ သမီးတို့မြင်ဘူးတယ်မဟုတ်လား) ပေါက်ကာစငှက်ကလေးတွေ ဆိုတော့ အာခေါင်နုနုလေးတွေကို တမာရိုးနဲ့ ထိုးကစားတော့ ဘယ်ခံနိုင်မှာလဲ … သေကုန်မှာပေါ့…။ ကလေးသဘာဝ ကစားတာဖြစ်ပေမဲ့ သူများအသက်ကို ညှင်းဆဲသတ်ဖြတ်မိတော့ အကြောင်းတိုက်ဆိုင်တဲ့အချိန်တခုမှာ ပြန်ခံရတာပါပဲ….။ သူမသိလို့လုပ်မိလဲ ခံရတာပဲ…။ သိရက်နဲ့လုပ်တယ်ဆိုရင်တော့ ပိုတောင်ခံရဦးမယ်။ ကိုရင်ကလေး အတိတ်ဘဝက မသိနားမလည်သေးတဲ့အရွယ်မှာ ဒီလိုလုပ်ခဲ့မိပေမဲ့ အသက် အရွယ်ရလာလို့ နားလည်လာတဲ့အချိန်မှာတော့ ရဟန်းတရားတွေကို ပွားများအားထုတ်ခဲ့ တယ်။ အဲ့ဒါကြောင့်လဲ မြတ်စွာဘုရားတရားဟောတဲ့အချိန်မှာ ရဟန္တာအဖြစ်နဲ့ သံသရာမှာ ဘဝအမျိုးမျိုးနဲ့ ကျင်လည်ရတဲ့အဖြစ်ကနေ လွတ်ကျွတ်ခွင့်ရသွားတာပေါ့…။
လူတိုင်း သတ္တဝါတိုင်းဟာ ကိုယ်ပြုလုပ်ခဲ့တဲ့ အမှုကိစ္စတိုင်းဟာ ကိုယ့်ရဲ့ကိုယ်ပိုင်ဥစ္စာတွေပဲ..။ ကောင်းတာတွေလုပ်ရင် ကိုယ်ပိုင်ဥစ္စာကောင်းကောင်းရပြီး ကောင်းကျိုးခံစာရမှာပဲ..။ မကောင်းတာတွေလုပ်ရင်လဲ မကောင်းတာတွေရပြီး မကောင်းကျိုးတွေ ခံစားရမှာပဲ။ အမေအဖေက ကိုယ့်ကိုကယ်မယ် ကူညီမယ်ထင်ပြီး အမေအဖေအားကိုးနဲ့လည်း မလုပ်နဲ့ .. ကိုယ်လုပ်ထားတဲ့ မကောင်းမှုရှိနေရင် အဲဒီမကောင်းမှုကို ခံစားရတဲ့အချိန်မှာ ဘုရားတောင်မှ မကယ်နိုင်ဘူး။ အဖေ အမေတို့က သမီးတို့ကို ကူညီနိုင်တာ တနည်းပဲရှိတယ်။ ဘုရားဟောခဲ့တဲ့တရားတွေကို သမီးတို့ နားထောင်ချင်အောင်၊ နားလည်အောင် ကူပြီးပြောပေး လမ်းညွှန်ပေးလို့ပဲရမယ်။ ကျန်တာက သမီးတို့ဖာသာလုပ်ရမှာ။ အမေတို့လည်း ဒီလိုပဲ..။ မြတ်စွာဘုရားဟောခဲ့တဲ့တရားတွေကို ကိုယ်တိုင်ကျင့်ကြံလိုက်နာမှ ဒီသံသရာဝဋ်ဒုက္ခက လွတ်မြောက်မှာ…။ မြတ်စွာဘုရားကိုယ်တိုင်ထိုးထွင်းသိမြင်ခဲ့တဲ့တရားတွေကို သံဃာတော် အရှင်သူမြတ်တွေက တဆင့်ဟောကြားပြသ လမ်းညွှန်ပေးနေကြတယ်။ အမေတို့ သမီးတို့က အဲ့ဒီလမ်းတွေကနေ ကိုယ်တိုင်လျှောက်လှမ်းကြရမှာ။ ငယ်ငယ်တုန်းက လမ်းမလျှောက်ချင်ရင် အမေ အဖေ ချီသွားလို့ရတယ်။ အခုကြီးတော့ ဘယ်သူချီနိုင်သေးလဲ ကိုယ်ဖာသာလျှောက်မှ လိုရာကိုရောက်မယ်မဟုတ်လား။ သမီးတို့ငယ်ငယ်က မိဘတွေက ဟိုဟာမလုပ်နဲ့ ဒီလိုနေ ဆိုပြီး မျက်စေ့ဒေါက်ထောက်ကြည့်နေနိုင်ပေမဲ့ သမီးတို့အရွယ်ရလာလို့ အလုပ်တွေ လုပ်ကိုင်လာရပြီဆိုရင် သမီးတို့ကိုယ်တိုင် ဆုံးဖြတ်၊ လုပ်ကိုင်ရတော့မယ်မဟုတ်လား..။ သမီးတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေအပေါ်မှာမူတည်ပြီး အောင်မြင်မှု ဆုံးရှုံမှုတွေကို သမီးတို့ ကိုယ်တိုင်ခံစားရမှာ…။ ဒါပေမဲ့ သမီးတို့ငယ်ငယ်ကတည်းက သင်ယူထားတဲ့ပညာတွေကိုတော့ အသုံးချရမှာပေါ့..။ ဒါကတော့ လက်ရှိရထားတဲ့ ဒီဘဝလေးတခုအတွက်ပဲနော်.. သံသရာခရီး အတွက်ကတော့ မြတ်စွာဘုရားရဲ့ အဆုံးအမတွေနဲ့ ကျင့်ကြံနေထိုင်မှ မြင့်မြတ်တဲ့၊ ဧချမ်းတဲ့ဘဝကိုရကြမှာ….။ သမီးတို့ကို အမေက သာသနာပြုနိုင်တဲ့ အမျိုးသမီးလေးတွေ ဖြစ်စေချင်တယ်။ လူဖြစ်ရတဲ့တိုတောင်းလှတဲ့ဘဝလေးမှာ လူပီပီသသနေနိုင်အောင် ကျိုးစားကြစေချင်တယ်..။
သာသနာဆိုတာ အဆုံးအမလို့ အဓိပ္ပါယ်ရတယ်။ မြတ်စွာဘုရားရဲ့သာသနာ ဆိုတာ မြတ်စွားဘုရားရဲ့အဆုံးအမကိုပြောတာ…။ မြတ်စွာဘုရား ဆုံးမထားတဲ့အတိုင်း ကျင့်သုံး နေထိုင်တဲ့သူဟာ သာသနာပြုနေသူပဲပေါ့။
ဘယ်လိုလဲ… နောက်ဆို ပိုးကောင်လေးတွေပဲ၊ ငှက်ကလေး ကြက်ကလေးတွေပဲ.. မနာကျင်တတ်ဘူးထင်ပြီး နာအောင်ကျင်အောင်မလုပ်မိစေနဲ့၊ မဆော့မိစေနဲ့နော်… သမီးတို့ နောက်အပတ်ကြရင် အဒိန္နာဒါနာ (သူတပါးပစ္စည်းခိုးခြင်း) နဲ့ ပတ်သက်တဲ့အကြောင်းလေး ပြောပြမယ်နော်…

Monday, October 5, 2009

စုပေါင်း သံဃာပဝါရဏာပွဲတော်...

LA အဇူဇာ-ဗြဟ္မ၀ိဟာရကျောင်းတိုက်အတွင်း၌ ကျင်းပအပ်သော 2009 ခု ၊ စုပေါင်း ပ၀ါရဏာပြုပွဲတော်။ ရပ်နီးရပ်ဝေးမှ ၅၇ ပါေးသော သံဃာတော်အရှင်မြတ်များ သံဃပ၀ါရဏာပြုရန် အဇူဇာကျောင်းခဏ္ဍသိမ်တော်သို့  ကြွတော်မူလာစဉ် ။

Sunday, October 4, 2009

ဘဝ အလှပြင်နည်း....

သမီးငယ်က မေမေ့ကိုစိတ်ကောက်နေတာကိုး…. အဲ့ဒီလိုနှုတ်ခမ်းကြီးစူပြီး မျက်နှာကြီးပုပ် ထားတာ ဝက်မလေးကြနေတာပဲ….ဟာ ဟ.. ငါ့သမီးက ဘယ်လိုနေနေ အမေ့မျက်စိထဲ လှနေတာပါပဲ… ဘာဖြစ်လို့အမေ့ကိုစိတ်ကောက်နေတာလဲ… အော်… သမီးလိုချင်တဲ့ အလှပြင်တဲ့ပစ္စည်းတွေ မဝယ်ပေးလို့…. ဟုတ်လား… ဒါများသမီးရယ်…. အမေ့မှာ အဲ့ဒီပစ္စည်း တွေမလိုဘဲ… လှအောင်ပြင်နိုင်တဲ့ နည်းရှိတယ်သမီးရဲ့…. လာ.. လာ.. အမေပြောပြမယ်။
လာကြည့်စမ်းပါဦး… သမီးမျက်နှာကိုမှန်ထဲမှာ… လာမှန်ရှေ့မှာလာရပ်… ကဲသမီးမျက်နှာကို သေချာကြည့်နေ… ကဲ.. အမေတချက်ရိုက်လိုက်တော့… သမီးမျက်နှာမဲ့သွားတာ ကြည့်လို့ လှလား… မလှဘူးမဟုတ်လား… ကဲလာ… သမီးပါးလေးကို အမေတချက်နမ်းလိုက်မယ်… ကဲ.. သမီးပြုံး လိုက်တော့ ကြည့်စမ်း.. ဘယ်လောက်ချစ်စရာကောင်းထားလဲ…. သမီး.. တကယ် လှချင်ရင် အမြဲတန်းပြုံးနေနိုင်အောင် ကြိုးစားရမယ်….။
နောက်ပြီးတော့ လူတွေရဲ့ ချစ်ခြင်းကိုရချင်တယ်ဆိုရင် လူတွေကို ချစ်တဲ့မျက်လုံးနဲ့ ကြည့်ရတယ်။ ကိုယ်ချစ်တဲ့လူကိုကြည့်ရင် သမီးမျက်နှာလေးက ကြည်လင်မနေဘူးလား။ ချစ်စရာလဲကောင်နေမယ်လေ….။ အဲ… ကိုယ်နဲ့မတည့်တဲ့လူကိုတွေ့ရင်ကျတော့ သမီးပြုံးနေလားမဲ့နေလား…။ မဲ့နေတော့ မလှဘူးမဟုတ်လား…။ အလှဘယ်လောက် ပြင်ထားပြင်ထား မလှတော့ဘူး…။ ဒါကြောင့် သမီးရဲ့မျက်နှာလေး အမြဲလှနေချင်ရင် အလှပြင်ပစ္စည်းတွေ လိမ်းနေစရာမလိုဘူး။ လူတိုင်းကို ချစ်တဲ့မျက်လုံးနဲ့ကြည့်တတ်အောင် ကြိုးစား၊ ပြီးရင် အမြဲတမ်းပြုံးနေရမယ်နော်….။ ဒါဆို သမီး ထွေထွေထူးထူး အလှပြင်နေ စရာမလိုဘဲ.. အမြဲလှနေမှာ…. ကဲ.. အလှပြင်ပစ္စည်းက အခန့်မသင့်ရင် သမီးမျက်နှာကို လောင်သွားနိုင်သေးတယ်။ မလှမှာစိုးရိမ်ရသေးတယ်…။ အမေ့နည်းက ဘုရားပေးတဲ့နည်း… ဘယ်လောက်သက်သာလဲ… မပင်ပန်းဘဲ အမြဲလှနေမှာ… ပြီးရင် လူတွေ၊ သတ္တဝါတွေကို တကယ်ရင်ထဲက စေတနာအပြည့်နဲ့ မေတ္တာထားပြီး သူတို့ကောင်းကျိုးတွေကို ပြောဆို၊ လုပ်ကိုင်ပေး နိုင်ရမယ်။ ဒါမှ ဘာပဲလုပ်လုပ် ကိုယ့်အကျိုး အများအကျိုး နှစ်မျိုးလုံးအောင်မြင်မှာ…။
သမီးတို့က သိပ်နားမလည်သေးလို့ပါ…။ ဆရာတော်အရှင်သူမြတ်တွေဟောတဲ့ တရားတော် တွေထဲမှာ လူ့လောကအတွက် လောကီ၊ လောကုတ္တရာကောင်းကျိုးတွေ အားလုံးပါတယ်။ တရားနာတယ်ဆိုတာ တောထွက်ပြီး ရဟန်း၊ သီလရှင်ဝတ်ဖို့အတွက်ကြီးဘဲမဟုတ်ဘူး။ လူ့လောကမှာ ဘယ်လိုနေထိုင်လုပ်ကိုင်ရင် အကျိုးစီးပွားဖြစ်မယ်၊ ဘယ်လိုနေထိုင်လုပ်ကိုင် ရင် အကျိုးစီးပွားပျက်မယ်၊ ဒုက္ခရောက်တတ်တယ်ဆိုတာ အားလုံးပါတယ်။ သေသေချာချာ နားထောင်ကြည့်… စိတ်ဝင်တစားနားထောင်တာနဲ့အမျှ ကြာလာရင် နားလည်လာလိမ့်မယ်။ ပါရမီဖြစ်လာလိမ့် မယ်… အဲ့ဒီလိုနားလည်လာတာနဲ့အမျှ တရားထဲက အနှစ်သာရကို သမီးတို့ထုတ်ယူတတ် လာလိမ့်မယ်။ ကိုယ်လုပ်ချင်တာတွေ ဖြစ်ချင်တာတွေကို ဘယ်လိုလုပ်ရင်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ကိုယ်တိုင်သိလာလိမ့်မယ်။ အဲ့ဒါဆို တရားတော်ရဲ့ကျေးဇူးကို သမီးတို့ ရရှိခံစားလာရလိမ့်မယ်။ သမီးတို့မသိသေးလို့ပါ…. သမီးတို့လိုချင်တာအားလုံးရအောင် ဒီတရားတော်တွေက လမ်းညွှန်နိုင်တယ်။ ဒါပေမဲ့ သမီးတို့ကိုယ်တိုင်လုပ်ယူမှရမှာ… လောကကြီးမှာ ကိုယ်ကိုယ်တိုင်မလုပ်ဘဲနဲ့ ရတာဘာမှမရှိဘူး..။ ကဲ…. ဒီတော့ ဒီတရားလေးတခွေ နာကြည့်လိုက်ပါဦး……

Saturday, October 3, 2009

သီတင်းကျွတ်လပြည့်နေ့...

သမီးရေ.. ဒီနေ့ သီတင်းကျွတ်လပြည့်နေ့ရောက်ပြီ… မုန့်ဖက်ထုပ်လုပ်ဖို့ကလဲ ငှက်ပျောရွက် ကမရှိ…. ဟာလဝါလုပ်မလားလို့ စဉ်းစားတော့ တခါမှလည်းမလုပ်ဖူးဘူး…. ဘာလုပ်ရ မလဲစဉ်းစားတုန်း သမီးတို့က ဘုန်းကြီးကျောင်းသွားမယ်တဲ့… ဟုတ်တာပေါ့…. သီိလယူပြီး ဦးပုသ် စောင့်ကြမယ်လေ… .. ဒါကြတော့လဲ သမီးတို့အဖေက သူငယ်ချင်းတွေဆီ မနေ့ကတည်းက ညအိပ်သွားနေတော့ ကားကမရှိ… ဘတ်စ်ကားနဲ့သွားဖို့ကလဲ ခရီးကဝေပြီး ကားဘယ်လိုပြောင်းစီးရမယ်မှန်းမသိဘူး….. မသိတာတွေ မရှိတာတွေကများနေတယ်…. ဒီတော့လဲ အမြဲတန်းရှိတဲ့ အင်တာနက်က တရားကိုပဲ တို့သားအမိတွေနာယူကြတာပေါ့… လာ.. လာ.. သမီးတို့ရေ… ဆရာတော် အရှင်ဇဝန (မေတ္တာရှင်ရွှေပြည်သာ) ရဲ့ တရားတော်တွေ သိပ်ကောင်းတယ်ဆိုပဲ… တခါလောက်နာကြည့်လိုက်ရအောင်နော်…
ကက်စက်ထဲမှာ တရားခွေအဆင်သင့် ထည့်ထားတယ်... ခလုပ်နှိပ်လိုက်ပါဦး သမီးရေ...









သာဓု...သာဓု...သာဓု

Friday, October 2, 2009

သမီးတို့အတွက် ပုံပြင်မဟုတ်သော အိပ်ယာဝင်ပုံပြင်များ (၂)

ငါ့သမီးကြီိးက တော်တော်ဒေါသကြီးတာပဲ…. ဘာလို့လဲ … ဟုတ်လား…. မနေ့ကပြတဲ့ ဗွီဒီယိုကြည့်ပြီး သမီးငိုနေလို့လေ… ဟုတ်တယ်သမီးရဲ့… ဝမ်းနည်းလို့ငိုတာပဲဖြစ်ဖြစ် ဒေါသဖြစ်လို့ငိုတာပဲဖြစ်ဖြစ် အဲ့ဒါဟာ ဒေါသထဲမှာပါတယ်..။ ဆုတ်နစ်တဲ့ဒေါသပေါ့…. သမီးသူတို့တတွေအတွက် မခံချင်စိတ်တွေဖြစ်နေတယ်မဟုတ်လား…။ လောလောဆယ် ကိုယ်လည်းဘာမှမတတ်နိုင်ဘူးလေ..။ အဲ့ဒီတော့ ငိုမိတယ်.. အမေလဲအဲ့ဒီလိုဖြစ်ဖူးပါတယ်…။ ဒါပေမဲ့သမီးရယ်… ဒီလိုငိုနေရုံ၊ ဒေါသဖြစ်နေရုံနဲ့ ဒီပြဿနာတွေက ပြေလည်သွားမှာမဟုတ် ဘူးလေ။ ဒါတွေကို သမီးကလိုက်ခံစား ဒေါသဖြစ်နေရင် ဒီဒေါသ မီးတွေက သမီးကို လောင်နေမှာပေါ့..။ အမေဖြစ်စေချင်တာက သမီးတို့ ဒါတွေကိုသိထားပြီး ဘယ်လိုအကူအညီ တွေပေးနိုင်အောင် ကြိုးစားရမလဲဆိုတာ ရင်ထဲမှာ အသိရှိနေအောင်လို့ပါ။ ဒါမှလဲ သမီးအချိန်တန် အရွယ်ရောက်လာတဲ့တနေ့ သူတို့အတွက် အကူအညီတွေပေးနိုင်မှပေါ့။
မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်တွေနဲ့အညီ လူတွေအပေါ် ဘယ်လိုစိတ်ထားရ မလဲဆိုတာ အမေနည်းနည်းပြောပြချင်တယ်။ တချို့လူကိုမေတ္တာ၊ ဂရုဏာစိတ်နဲ့ ချစ်ခင်ရမယ်။ ဥပမာ မွေးရပ်မြေက အဖိနှိပ်ခံနေကြရတဲ့ အမေတို့သွေးချင်းတွေပေါ့။ ဒါပေမဲ့ တချို့လူတွေ အပေါ်တော့ ဥပေက္ခာစိတ်ထားရမယ်။ သူတို့ကတော့ မတရားသဖြင့် ဖိနှိပ်အုပ်ချုပ်နေတဲ့ လူတစုပေါ့။ သမီးနားလည်အောင် ရှင်းပြရမယ်ဆိုရင်တော့ ဥပမာ ငှက်ကလေးတွေ ဆူးခြုံထဲညိနေရင် ဒီငှက်ကလေးတွေကို ဒီဆူးခြုံအောက်ကလွတ်အောင် ဘယ်လိုကူညီရမလဲ ဆိုတဲ့ သနားဂရုဏာစိတ်သာထားပြီး အေးချမ်းတဲ့စိတ်နဲ့ ကူညီသလို၊ လမ်းမအလယ်မှာ ကျောက်တုံးတခုက လမ်းသွားလမ်းလာတွေအတွက် အနှောက်အယှက်ဖြစ်နေတာကို ဒီိကျောက်တုံးအပေါ် ဒေါသဖြစ်မနေပဲ လမ်းသွားလမ်းလာ အများပြည်သူ ဘေးအန္တရာယ်ကင်း ဖို့ဆိုတဲ့ စေတနာတခုထဲနဲ့ ကျောက်တုံးကို ဖယ်ပစ်သလို ငှက်ကလေးတွေ၊ လမ်းသွားလမ်းလာတွေအပေါ် မေတ္တာစိတ်ထားပြီး ကျောက်တုံးတွေ၊ ဆူးခြုံတွေအပေါ် ဥပေက္ခာစိတ်ထားမျိုး ထားနိုင်ရလိမ့်မယ်။ ဒါမှ သမီးရင်ထဲ အေးချမ်းနေလိမ့်မယ်။ ကိုယ်ကိုယ်တိုင်အေးချမ်းမှ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း အေးချမ်းမှုပေးနိုင်မှာပေါ့..။ သမီး… ဒေါသဆိုတာ ပူလောင်တဲ့စိတ်၊ မေတ္တာဆိုတာ အေးချမ်းတဲ့စိတ်။ ဥပေက္ခာဆိုတာကတော့ သူတို့နဲ့ပတ်သက်ပြီး ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း၊ ဒေါသဖြစ်ခြင်းတွေဘာမှမဖြစ်တာ၊ သူတို့နဲ့ပတ်သက်ပြီး ဘာခံစားမှုမှ မထားတာပေါ့သမီးရယ်… ။ လောဘ၊ ဒေါသ၊ ဣဿာမစ္ဆရိယ၊ မာန်မာနစိတ်တွေဟာ လူတွေရဲ့နှလုံးသားကို ပူပြင်းလောင်ကျွမ်းစေတယ် သမီးရဲ့… သတ္တဝါတွေအတွက် ဆိုးကျိုးကိုသာဖြစ်စေတဲ့ အကုသိုလ်တရားတွေပေါ့။ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားတွေက သတ္တဝါတွေအပေါ် ကုသိုလ်ကောင်းမှုတွေ ဖြစ်စေတယ်။ ဒီလိုစိတ်ထားနဲ့ အများကောင်းကျိုးပြုလုပ်မှ အောင်မြင်နိုင်တာ။ မေတ္တာတရားဟာ သိပ်နက်ရှိုင်းတယ်။ လူသားတွေမှမဟုတ်ဘူး… အဟိတ်တိရစ္ဆာန်တွေ တောင် မေတ္တာစွမ်းအားကို နားလည်ခံစားနိုင်တယ်။ ရယူခြင်းထက် ပေးဆပ်ခြင်းဆိုတဲ့ မေတ္တာ တရားတွေကို သမီးပိုင်ဆိုင်နိုင်ပါစေ..။


Thursday, October 1, 2009

သမီးတို့အတွက်....

သမီးရေ..
အမေတို့အခုနေတဲ့နေရာကနေ မိုင်ပေါင်းထောင်ချီဝေးတဲ့ အမေတို့မွေးရပ်မြေအကြောင်း ပြောပြချင်တယ်။ မိုင်ပေါင်းထောင်ချီဝေးတယ်လို့ပြောရရင်တောင် သိပ်မပြည့်စုံသေးပါဘူး။ အမေတို့နေရာနဲ့ဆို နေ့နဲ့ညကို ကွာခြားနေတာပါ။ သမီးတို့ကျောင်းသွားနေရတဲ့အချိန်ဆို အမေ့တို့ မွေးရပ်မြေကလူတွေက အိပ်လို့ကောင်းကောင်းနဲ့ အိပ်မက်တွေပါ မက်နေကြမှာ။ ညဥ့်သုံးယမ်အလိုက် အချိန်မှန်မှန်တွန်တဲ့ ကြက်တွေကလဲ ဂျူတီမပျက် အသံသာသာနဲ့ တွန်နေကြဦးမှာလေ။ သူတို့တွန်သံတွေကို နာရီလုပ်ပြီး ဆွမ်းချက်တဲ့အမယ်အိုတွေ၊ အိမ်ရှင်မတွေကလဲ သံဃာတော်တွေအတွက် ဆွမ်းထချက်ကြဦးမှာ။ မိုးမလင်းခင် အရောက် သွားပြီး ကိုယ့်ဝမ်းစာအတွက် စိုက်ပျိုးထားကြတဲ့ သစ်သီးဝလံတွေကို စောစောရောင်းချရဖို့ အရေး တနင့်တပိုး ထမ်းပိုးသယ်ဆောင်နေကြတဲ့ တောင်သူဦးကြီးတွေကလည်း လမ်းတွေ ပေါ်မှာ လရောင် လက်ကျန် ဒါမှမဟုတ် မီးတုတ်လေးတွေအားကိုးနဲ့ ဈေးရှိရာကို သွားနေကြဦးမှာ။ အင်း… ဈေးသူမလေးတွေကလဲ သူ့ထက်ငါဦးအောင် တောင်သူဦးကြီးတွေ၊ အဒေါ်ကြီးတွေဆီကနေ ဈေးချိုချိုနဲ့ဝယ်နိုင်ရောင်းနိုင်ရအောင် စောစောစီးစီး ဝီရိယရှိရှိနဲ့ ရောင်းသူတွေလာရာအရပ်မှာ ထွက်ကြိုစောင့်နေကြဦးမှာ။ ကျေးရွာတွေက လယ်တောယာ မြေရှိတဲ့ လယ်သူမတွေ ယာသူမတွေကတော့ နေမပူခင်အိမ်ပြန်နိုင်အောင် မနက်မလင်းခင်က ယာတောဆင်းပြီး လုပ်ငန်းခွင်ဝင်နေကြပြီလေ။
အဲ့… အရှေ့ဘက်ကရောင်နီတက်လာပြီဆိုရင်တော့ ကျေးလက်၊ မြို့ပြအားလုံး စတင်ပြီး တလှုပ်လှုပ်တရွရွ ဖြစ်စပြုလာပြီပေါ။့ အဲ့ဒီအချိန်ဆိုရင်တော့ မြို့ကြီးသူ ကိုကို မမတွေက သူတို့လုပ်ငန်းတွေရှိရာ ရုံးတို့ ကျောင်းတို့ကိုသွားဖို့ ပြင်ဆင်ကြရပြီပေါ့။ ကျောင်းတက်ကြတဲ့ ကိုကိုမမတွေလဲ သူတို့မိဘတွေက ကျောင်းတက်ရမှာမို့ ထကြတော့လို့ နှိုးနေရပြီလေ။ အချိန်ရောက်လို့ သူတို့တတွေ လုပ်ငန်းခွင်ဝင်ကြပြီဆိုရင် အမေတို့ဆီမှာလဲ လုပ်ငန်းအသီးသီး ပြီးကြလို့ အိပ်ဖို့ပြင်နေကြပြီလေ။
ကွာခြားတာက ဒါတင်ဘယ်ကဦးမလဲ…. ရာသီဥတုတွေကလဲ ကွာခြားသေးတာပဲ။ အမေတို့ဆီမှာ အပူချိန်တွေမြင့်တဲ့ နွေရာသီကျောင်းပိတ်ချိန်တွေမှာ ဟိုမှာကတော့ မိုးရာသီ ကျောင်းဖွင့်ချိန်ဖြစ်နေပြီ။ မိုးတွေများလို့ တချို့နေရာက ရေကြီးနေကြသေးတယ်လေ။ ဟော… အခုအမေတို့ဆီမှာ မိုးစရွာလို့ အေးစပြုလာပြီဆိုတော့ ဟိုမှာက မိုးလေကင်းလွတ် သီတင်းကျွတ်ချိန်ကိုရောက်ပြန်ပြီလေ။ အမေတို့ ကလေးဘဝက အပျော်ဆုံးအချိန်တွေဟာ ဒီအချိန်တွေပေါ့..။ သီတင်းကျွတ်ကျောင်း ၁၀ ရက်ပိတ်ပြီဆို ရပ်ကွက်အလိုက် ကပွဲတွေ အပြိုင်အဆိုင်လုပ်ကြဖို့ သူ့ထက်ငါသာအောင် တိတ်တိတ်ဆိတ်ဆိတ် အကတိုက်ကြရတာ။ ဇာတ်လမ်းတွေ၊ တေးသရုပ်ဖော်တွေ၊ စတီရီယိုတေးတွေ (အဲ့ဒီအချိန်က ကာရာအိုကေ မရှိသေးဘူးလေ) အဓိကထားတင်ဆက်ကြတာ။ အဟဲ… ဒါတွေပြောနေလို့ အမေရော… ကတဲ့အထဲပါလားဆိုတော့ မပါပါဘူးကွယ်။ အမေတို့က ပွဲကြည့်ပရိတ်သတ်သက်သက်ပါ။ တခါတော့ ကရင်ဒုံးယိမ်းအကမှာ လူမပြည့်လို့ အမေ့ကို တနေရာပေးကဖူးတယ်။ ကရင်သွေးပါတဲ့ အမေကတာက အရှေ့မှာထားလို့လဲမဖြစ်၊ အနောက်မှာထားလို့လဲမရတော့ ကြားထဲကအတန်းမှာ ထည့်ပေး တာ ရှေ့ကလူကို ကန်မိလိုက် နောက်ကလူကို ကန်မိလိုက်နဲ့ အမေ က- ရင်သူတို့ မကတော့ဘူးဆိုတာနဲ့ အားနာနာနဲ့ ထွက်ပေးလိုက်ရတယ်။ အမေ့ရဲ့ မေမေ သမီးတို့ရဲ့ ဖွားဖွားကတော့ အမေ့ကိုအားပေးရှာပါတယ်။ ကတဲ့ခုန်တဲ့အလုပ်တွေကို စိတ်မဝင်စားပါနဲ့ သမီးရယ်တဲ့လေ။ အိမ်မှာက ပွဲလမ်းသဘင်ဆို အမေတယောက်သာ စိတ်ဝင်စားတာလေ။ ကျန်တဲ့မောင်နှမတွေက အဖော်ညှိလို့မရပါဘူး။ မက ရပေမဲ့ ပွဲကြည့်ဖို့ ကတော့ ပူစရာမလိုဘူး။ အမေ့မှာ ပွဲကြည့်တဲ့သူငယ်ချင်းတွေရှိတယ်။ အမေငယ်ငယ်က သူငယ်ချင်းနှစ်မျိုးရှိတယ်။ ကျောင်းတက်တဲ့သူငယ်ချင်းရယ်၊ ပွဲသွားတဲ့ သူငယ်ချင်းရယ်လေ။ ဘာကြောင့်လဲ… ဟုတ်လား… ဘာလို့လဲဆိုတော့ ကျောင်းသူငယ်ချင်းက အမေနဲ့အမြဲပွဲလိုက် မကြည့်ချင်ဘူးလေ။ အဲ့ဒီတော့ ပွဲကြည့်တဲ့သူငယ်ချင်းက အမေနဲ့ရွယ်တူ အိမ်နီးချင်း ကျောင်းမနေဘဲ ဈေးရောင်းတဲ့အစ္စလာမ်မလေးတွေနဲ့ အဖော်လုပ်ပြီး သွားရတယ်။ သူတို့က ဘယ်နားမှာပွဲရှိတယ်ဆိုတာသိတယ်။ သူတို့ဆွေမျိုးတွေက ပွဲဈေးရောင်းကြတာဆိုတော့ ပိုအဆင်ပြေတယ်လေ။ အင်း… သီတင်းကျွတ်၊ တန်ဆောင်တိုင်မီးထွန်းပွဲအကြောင်းပြောရင်း ငယ်ငယ်ကပွဲကြည့်တဲ့အကြောင်းကများသွားပြီ။
ဝါလကင်းလွတ်သီတင်းကျွတ်ပြီဆိုရင် အဲ့ဒီလိုပျော်ပွဲရွှင်ပွဲတွေရှိသလို ဘာသာရေးအလှူပွဲတွေ၊ ရပ်ရွာဓလေ့ထုံးစံတွေအရ အသက်အရွယ်ကြီးတဲ့ လူကြီးသူမတွေကို သူတို့အတွက် လိုအပ်နိုင်တဲ့ပစ္စည်းတွေ၊ မုန့်ကြွပ်လို ဘီစကစ်လိုမုန့်ခြောက်တွေ၊ ပုဆိုး အင်္ကျီတွေနဲ့ လိုက်ကန်တော့ကြတယ်။ အိမ်တိုင်းအိမ်တိုင်းကလဲ မုန့်ဖက်ထုပ်လို၊ ဟာလဝါလိုမုန့်တွေ လုပ်ပြီး တအိမ်နဲ့တအိမ် အပြန်အလှန် ပို့ပေးကြတယ်။ ဘုန်းကြီးကျောင်းတွေကိုတော့ ဦးဦးဖျားဖျား ပို့ကြတာပေါ့။ အမေတို့ဆီမှာ ဘုန်းကြီးကျောင်းတွေကလဲ ပေါတယ်။ တရွာဆို နှစ်ကျောင်းလောက်က အနည်းဆုံးပေါ့..။ တချို့ရွာဆို အရှေ့ကျောင်း၊ အနောက်ကျောင်း၊ တောင်ကျောင်း၊ မြောက်ကျောင်းဆိုပြီးရှိတာ။ ဘုရားပုထိုးစေတီတွေဆိုတာ လက်ညှိုးထိုး မလွဲဘူး။ တောင်ကုန်းမြင့်မြင့်ဆို စေတီရှိတာပဲ။ ထန်းပင်မြင့်မြင့်တွေနဲ့အတူ ဘုန်းတော်ကြီး ကျောင်းတွေက အမိုးအထွဋ်အဆင့်ဆင့်နဲ့ ကြီးကြီးမားမားတွေဆိုတော့ ကြည့်လိုက် မြင်လိုက်တာနဲ့ လူနေအိမ်တွေနဲ့ ကွဲပြားတယ်။ ဘုန်းတော်ကြီးကျောင်းတွေဟာ လူနေအိမ်တွေနဲ့ဝေးတဲ့ ရွာထိပ်တွေမှာ ဆောက်လုပ်လှူဒါန်းထားကြတာများတယ်..။ ဒါပေမဲ့ ရွာသူရွာသားအများစုကတော့ လပြည့်လကွယ် ဥပုသ်နေ့တွေဆို အမြဲတန်းသွားလာလေ့ရှိကြ တယ်လေ။ ဘုန်းကြီးကျောင်းမှာ ကထိန်ခင်းပြီဆို တရွာလုံး အိမ်လုံးကျွတ် အိမ်သူအိမ်သား ကလေးငယ်လေးတွေပါမကျန် တမိသားစုလုံးသွားကြ၊ စားကြ၊ လှူဒါန်းကြတာ။
ဘုန်းတော်ကြီးတွေကလဲ ကျောင်းကိုလာရောက်ကိုးကွယ်ကြတဲ့ ဒကာ၊ ဒကာမတွေကို ကောင်းမှု ကုသိုလ်တွေကို မှန်မှန်ပြုလုပ်ကြဖို့၊ မကောင်းမှု အကုသိုလ်တွေကို မလုပ်မိအောင် ရှောင်ကျဉ်ကြဖို့ မြတ်စွာဘုရားရဲ့ တရားတော်နဲ့အညီ ဟောပြောဆုံးမကြတယ်။ ရွာသူ ရွာသားတွေအပေါ် မေတ္တာထားကြတယ်။ ရွာသူရွာသားတွေကလဲ ဆရာတော် သံဃာတော် တွေအပေါ် ရတနာသုံးပါးမှာ တပါးအဖြစ် သိမှတ်ကိုးကွယ်အားထားကြတယ်လေ။ အဲဒီလိုနဲ့ အမေတို့တတွေရဲ့ဘဝတွေဟာ သာယာပျော်ရွှင်နေခဲ့ကြတာပါ။
ဒါပေမဲ့သမီးရယ်… ဝမ်းနည်းစရာကောင်းတာက အတ္တမာနတွေဖုံးလွှမ်းနေတဲ့လူတတစုက ဒီသာယာလှပခြင်းတွေကို ရက်ရက်စက်စက် အမျိုးမျိုး ဖျက်ဆီးခဲ့ကြတယ်။ အခုချိန်ဆို အမေတို့မွေးရပ်မြေကလူတွေဟာ ပျော်ရွှင်စရာတွေနဲ့ ကင်းဝေးနေပါပြီ။ အမေတို့ ဘာသာအရ အထွဋ်အမြတ်ထားခံရတဲ့ သံဃာတော်တွေကိုတောင် ဗုဒ္ဓဘာသာတွေဖြစ်ရက်နဲ့ ရက်ရက် စက်စက်နှိပ်စက်ခဲ့ကြတယ်။
ဟိုးလွန်ခဲ့တဲ့ ၆-နှစ်ကျော်လောက်ကပေါ့… တိတိကျကျပြောရရင်တော့ ၂၀၀၃-ခုနှစ် မေလ ၃၀-ရက်နေ့မှာ အမေတို့မွေးရပ်မြေက လူတွေအားလုံးချစ်ခင်ကြတဲ့ အမေ(ဒေါ်အောင်ဆန်း စုကြည်) နဲ့တကွ စည်းရုံးရေး ခရီးသွားကြတဲ့သူတွေကို ဦးပြည်းစိမ်း တွေနဲ့ သံဃာတွေက ဝါးရင်းတုတ်စိမ်းတွေနဲ့ ရက်ရက်စက်စက် ရိုက်သတ်ခဲ့ကြတယ်။ ကံကောင်းလို့အမေလွတ်ခဲ့ ပေမဲ့ လူတော်တော်များများ အသက်ပေးခဲ့ကြရတယ်။ ဒါပေမဲ့အဲဒီက သံဃာတွေဟာ အခုချိန်အထိ အပြစ်ပေးအရေးယူခံရတယ်ဆိုတာ မကြားမိပါဘူး။ အဲ့ဒီရိုက်ပွဲပြီးဒါနဲ့ အဲ့ဒီသံဃာ တွေလဲ ပျောက်ခြင်းမလှ ပျောက်သွားကြတာပဲ။ သူတို့တတွေဟာ ဖမ်းဆီးအရေးယူခြင်းလဲ မခံရပါဘူး.. အံ့သြစရာမကောင်ဘူးလားသမီးရယ်….
အဲ့.. ဒါပေမဲ့ လွန်ခဲ့တဲ့ ၂-နှစ်လောက်က တော့ အုပ်ချုပ်သူတွေနဲ့ အပေါင်းပါတစုကလွဲရင် ကျန်တဲ့လူထုတွေဟာ အတိဒုက္ခရောက်နေကြတာကို သနားဂရုဏာဖြစ်ကြလို့ သံဃာတော် တွေက လမ်းလျှောက်မေတ္တာပို့ခဲ့ကြတာကို ရက်ရက်စက်စက်နှိမ်နင်းပြီး ဒီသံဃာတော်တွေကို သံဃာတု၊ သံဃာယောင်တွေဆိုပြီး ဘုန်းကြီးကျောင်းတွေထဲအထိ စစ်တလင်းမြေတွေမှာလို သံဃာတော်တွေကို ဖမ်းဆီး၊ နှိပ်စက်၊ ထောင်ချခဲ့ကြတယ်….။ ဒါတွေဟာ အမေတို့မွေရပ်မြေမှာ တကယ်ဖြစ်ခဲ့တာပါ။ အမေတို့ သမီးတို့ သက်ရှိထင်ရှားအချိန်မှာကို တကယ်ဖြစ်ခဲ့တာပါသမီးရယ်…။ ဒါတွေဟာ သမိုင်းတွေပါ…။ သမီးတို့ ဒီအကြောင်းတွေကို အမေတို့ မွေးရပ်မြေအကြောင်းကို စိတ်ဝင်စားတယ်…. ဟုတ်လား….။ ဒါဆိုသမီးတို့ကို အမေတခုတောင်းဆိုချင်တယ်။ သမီးတို့ဟာ အမေတို့ မွေးရပ်မြေမှာ ပြောနေသုံးနေတဲ့ စာတွေ၊ စကားတွေကို ဘယ်တော့မှမမေ့အောင် ကြိုးစားသင်ယူရမယ်နော်… အဲ့ဒါလေးတခုတော့ အမေ့ကိုဂတိပေးပါကွယ်…။ ကဲ… အမေတို့ မွေးရပ်မြေကအကြောင်း သီချင်းလေးတပုဒ် သမီးတို့နားထောင်ကြည့်ချင်သေးလား…



သမီးတို့တွေလဲ တနေ့နေ့မှာ အမေတို့ မွေးရပ်မြေအတွက် တထောင့်တနေရာက မားမားမတ်မတ် ရပ်တည်ပေးနိုင်တဲ့သူ၊ အားကိုးရနိုင်တဲ့သူတွေ အဖြစ် အမေမြင်ချင်ပါတယ်...။