Showing posts with label မျှဝေခြင်း. Show all posts
Showing posts with label မျှဝေခြင်း. Show all posts

Monday, July 13, 2009

သီတဂူဆရာတော်ဘုရားကြီးရဲ့တရားကို သွားရောက်နာယူခြင်း...



ဒီနေ့သွားနာခဲ့ရတဲ့ သီတဂူဆရာတော်ဘုရားကြီးရဲ့ တရားတွေကို နောက်တနေ့ဗွီဒီယိုဖိုင်လေးတွေတင်ပေးပါမယ်.. လောလောဆယ်တော့ ဓာတ်ပုံဆလိုက်ရှိုးလေး တင်ပေးထားပါတယ်နော်...

Tuesday, July 7, 2009

အိမ်ပြန်လက်ဆောင်...

အိမ်လွမ်းသူရဲ့ မိတ်ဆွေတွေအတွက် လက်ဆောင်အဖြစ် ကျေးဇူးရှင်ပိုင်းလော့ဆရာတော်ဘုရား ဟောကြားခဲ့သော ခင်ပွန်းကြီးဆယ်ပါးပစ်မှားလျှင်သင့်တတ်သည့်ဒဏ်ဆယ်ပါး စာမူကိုဖတ်ဖြစ်စေရန် တင်ပေးထားခြင်းဖြစ်ပါတယ်..။ လာရောက်လည်ပတ်သူတိုင်း ဖတ်ဖြစ်အောင် ဖတ်မိစေဖို့ တိုက်တွန်းလိုပါတယ်..။ ကြွရောက်လာသူတိုင်း ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးချမ်း မေတ္တာဓာတ်လွှမ်းနိုင်ကြပါစေ

Wednesday, December 10, 2008

အောရိန်းကို ရှူပြီး လီမွန်ကိုသောက်ကြစို့

လောက၌ ရှိရှိသမျှ အရာဝတ္ထု သက်ရှိသက်မဲ့အားလုံးကို အက္ခရာအားဖြင့်သာလျှင် အမည် ပညတ် သတ်မှတ်ကြရသည်။ အက္ခရာများကိုရှောင်၍ မရနိုင်ချေ။ အက္ခရာများဖြင့် လူအမည်များ၊ အစားအသောက်များကို သောမပညတ်၊ ပါပပညတ်၊ နေဂိုဏ်း၊ လဂိုဏ်း ခွဲခြားပြခဲ့ပြီးဖြစ်သည်။ ပြဆိုခဲ့သည့် ဂြိုဟ်ရှစ်လုံးတို့၏ ကောင်းစွာနားလည်၊ သဘောပေါက် မှတ်မိနေမည်ဆိုလျှင် အလွယ်တကူ အကောင်းအဆိုး ခွဲခြားနိုင်ကြမည်ဖြစ်သည်။ ပုဂ္ဂလပညတ် ဓာတ်ကျမ်းဆရာက နိယာမအက္ခရာ၊ ဘုရားနှင့်မကွာ၊ သတ္တဝါနှင့်မကင်း၊ ဘုံသုံးပါးအတွင်းမှာ၊ ပညတ်ရင်းမူလ၊ အက္ခရာဥက္ကဌမို့၊ ကစ္စည်းလှ မြတ်ဆရာက၊ သညာ သောသဒ္ဒါနှင့် သိစိမ့်သောငှာ ဟောပေရှာ၏ ဟုရေးစပ်ခဲ့သည်။

(၃၃) စီးသောဆင်ပြောင်သည် တောသုံးတောင်၌ထွက်၍ ကျက်စားသောကြောင့် ချည်အပ် သော ကြိုးရှစ်စင်းဖြင့် တိုင်လေးတိုင်မှာ ချည်နိုင်က လိုရာသို့ရောက်သည်ဟုလည်း ပြဆိုပြန် သည်။

(၃၃)စီးသောဆင်ပြောင်ဆိုသည်မှာ ဗျည်း ၃၃ လုံးကို ဆိုလိုသည်။ တောသုံးတောင် ဆိုသည်မှာ ယူဇနာသုံးထောင်ကျယ်ဝန်းသော ဟိမဝန္တာတောကိုဆိုလိုသည်။ ကြိုးရှစ်စင်း ဆိုသည်မှာ သရရှစ်လုံးကို ဆိုသည်။ တိုင်လေးတိုင်ဆိုသည်မှာ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော တည်းဟူသော ဓာတ်လေးပါးကိုဆိုလိုသည်။ ဗျည်း ၃၃ လုံးတို့သည် ဘုံသုံးပါးအတွင်းမှာ ပညတ်ရင်းမူလ အက္ခရာသာ ဥက္ကဌ ဖြစ်ကြောင်းပြဆိုသည်။
မြင်သမျှတွေ့သမျှသော လူကိုသော်၎င်း၊ အစားအသောက်ကိုသော်၎င်း၊ အရာဝတ္ထုကို သော်၎င်း၊ ပညတ်များကိုစစ်ဆေးပြီး သောမဂြိုဟ်၊ ပါပဂြိုဟ်ခွဲခြားခြင်း။ အန္တော၊ ဂဗ္ဘေ၊ စရေ၊ ဝံသေ ဖြင့်ခွဲခြားခြင်း၊ အက္ခရာအားဖြင့်၎င်း၊ သင်္ချာအားဖြင့်၎င်း၊ နေ့အားဖြင့်၎င်း၊ နာမ်အားဖြင့်၎င်း၊ ဂြိုဟ်သက်အားဖြင့်၎င်း ခွဲခြားနိုင်ရမည်။

ဆေးဟူသောအရာသည်သြကာသလောက၌ ရှင်သန်ပေါက်ရောက်နေကြသမျှသော သစ်ပင်၊ သစ်မြစ်၊ သစ်ဥ၊ သစ်ဖု၊ သစ်ရွက်တို့ အားလုံးကိုခေါ်ဆိုခြင်းဖြစ်သည်။
မြင်မြင်သမျှသော သစ်ပင်၊ သစ်မြစ်၊ သစ်ဥ၊ သစ်ဖု၊ သစ်ရွက်တို့အားလုံးတွင် ဓာတ်လေးပါး ပါဝင်သည်။ ဓာတ်လေးပါးနှင့်ကင်းလွတ်၍ မတည်မဖြစ်နိုင်။ ထို့ကြောင့် ၎င်းတို့ကို ဆေးဝါးအဖြစ် အသုံးပြုကုသနိုင်ခြင်းဖြစ်သည်။
(ဆရာကြီးဦးသာတင့် ပုဂ္ဂလပညတ်ဓာတ်ကျမ်း)

စာရေးဆရာမ ဂျာနယ်ကျော်မမလေးနှင့် ဆရာကြီးဦးသာတင့်တို့ ရေးသားတင်ပြခဲ့သည်များမှာ မြန်မာပြည်တွင်း ခေါ်ဝေါ်ပညတ်၊ ကုသခဲ့ခြင်းများဖြစ်သည်။ အခြားတိုင်းပြည်များတွင် ရောက်ရှိနေသူများကလည်း မိမိတို့ရောက်ရှိနေသည့် နိုင်ငံအလိုက် အခေါ်အဝေါ်များအပေါ် မူတည်ပြီး နေဂိုဏ်း၊ လဂိုဏ်း ခွဲခြားနားလည်နိုင်ရမည်။ မည်သို့ ပင်ခေါ်ခေါ် ထွက်ရှိသည့် အသံမှာ ဗျည်း၃၃လုံးနှင့် သရရှစ်လုံး ပေါင်း ဝဏ္ဏ ၄၁လုံးထဲမှ မထွက်နိုင်ပေ။ ဥပမာ မြန်မာပြည်တွင် လိမ္မောသီးဟုခေါ်သော်လည်း အမေရိကန်တွင် အောရိန်း(အရိုင်း) ဟုခေါ်သည်။ လိမ္မော်သီးသည် မြန်မာပြည်တွင်းရှိလူများအတွက် သောမပညတ် လဂိုဏ်း သမားအတွက် နဝင်းကျေဆေးဖြစ်သော်လည်း အမေရိကန်တွင် နေသူများအတွက် ပါပပညတ် နေဂိုဏ်းသမားများအတွက် နဝင်းကျေဆေးဖြစ်နေသည်။ ထို့ကြောင့် အောရိန်းကို အမေရိကန်မှ နေဂိုဏ်း( အ၊ စ၊ဆ၊ ဇ၊ ည၊ ရ၊ တ၊ န၊ ထ) စသည့် အမည်ပညတ်ရှိသူများက စားသောက်နိုင် ပြီး၊ လဂိုဏ်း(က၊ ခ၊ ဂ၊ င၊ ပ၊ ဖ၊ မ၊ လ၊ ဝ၊ သ၊ ဟ) စသည့် အမည်ပညတ်ရှိသူများက ရှူခြင်း လိမ်းခြင်း စသည်ဖြင့်ပြုလုပ်နိုင်သည်။ ထို့အတူ သံပရာကို အမေရိကန်တွင် လီမွန်(လူမိုက်) ဟုခေါ်သောကြောင့် သောမပညတ် လဂိုဏ်း သမားများအတွက် နဝင်းကျေဆေးဖြစ်သည်။ ထို့ကြောင့် လီမွန်ကို အမေရိကန်မှ လဂိုဏ်း(က၊ ခ၊ ဂ၊ င၊ ပ၊ ဖ၊ မ၊ လ၊ ဝ၊ သ၊ ဟ) စသည့် အမည်ပညတ်ရှိသူများက စားသောက်နိုင် ပြီး၊ နေဂိုဏ်း( အ၊ စ၊ဆ၊ ဇ၊ ည၊ ရ၊ တ၊ န၊ ထ) စသည့် အမည်ပညတ်ရှိသူများက ရှူခြင်း လိမ်းခြင်း စသည်ဖြင့်ပြုလုပ်နိုင်သည်။

ဒီနေရာမှာ ကျွန်မ၏ကိုယ်တွေ့တခုကို ပြောပြလိုပါတယ်။ ကျွန်မဟာ သောမပညတ် လဂိုဏ်း သမားဖြစ်ပြီး လဖ္ဘက်ရည်ကိုသိပ်ကြိုက်ပါတယ်။ လဖ္ဘက်ရည်သောက်လို့လဲ အိပ်မရတာတို့၊ ရင်ပြည့်တာတို့လဲ မရှိခဲ့ပါဘူး။ ဒါပေမဲ့ အမေရိကန်ရောက်ပြီးနောက်ပိုင်းမှာ လဖ္ဘက်ခြောက်နဲ့ ရေနွေးကြမ်းကို အလုပ်ချိန်တွေမှာ သောက်တဲ့အခါ ရင်ထဲမှာအစာမကြေသလို တစ်ဆို့ဆို့ ဖြစ်နေပြီး လေတက်တဲ့အခါလည်း ရင်ထဲမှာချောင်သွားတယ်မရှိဘဲ ဆို့ကြပ်နေမြဲပဲ ဖြစ်နေခဲ့ ပါတယ်။ ဘာကြောင့်မှန်းမသိခဲ့ပါဘူး။ ဘာစားမိလို့ပါလိမ့်ဆိုပြီး စားခဲ့တာတွေကို စဉ်းစား ကြည့်လဲ ဘာမထွေထွေထူးထူးမရှိတာတွေ့ရပါတယ်။ နောက်ဆုံး ပုဂ္ဂလပညတ်နည်းနဲ့ တွက်ကြည့်မှ ကျွန်မသောက်နေခဲ့မိတာက တီး လို့ခေါ်တဲ့လဖ္ဘက်ခြောက်ရယ်၊ ဝမ်းမချုပ် အောင်ဆိုပြီး ဆားနဲနဲခပ်သောက်တော့ တီးနဲ့ ဆော့(စိတ်တို)ဆိုပြီး ပါပဂိုဏ်းသား နဝင်းကြေ ဆေးဖြစ်နေတာကိုတွေ့ရပါတယ်။ ဒါဟာ ကျမတစ်ယောက်တည်း ဖြစ်တာမဟုတ်ပါဘူး။ မနီဇိုးတားမှာနေတဲ့ အမတစ်ယောက်လည်း ဒီရောက်မှ လဖ္ဘက်သုပ်စားပြီး လေခံတာ အမြဲ ဖြစ်တယ်လို့ပြောပါတယ်။
အောရိန်း - တနင်္ဂနွေ ဂြိုဟ်သက် (၆) နှစ်- ရာဟု ဂြိုဟ်သက် (၁၂) နှစ် ဂြိုဟ်သက်နှစ်ခုပေါင်းတော့ (၁၈) (၁+၈) (၉) နဝင်းကြေဆေး။
လီမွန်- ဗုဒ္ဓဟူး ဂြိုဟ်သက် (၁၇) နှစ် - ကြာသပတေး ဂြိုဟ်သက် (၁၉)နှစ် ဂြိုဟ်သက်နှစ်ခုပေါင်းတော့ (၃၆) (၃+၆) (၉) နဝင်းကြေဆေး။
တီး နှင့် ဆော့- စနေ ဂြိုဟ်သက် (၁၀)နှစ် အင်္ဂါ ဂြိုဟ်သက်( ၈)နှစ် ဂြိုဟ်သက် နှစ်ခုပေါင်းတော့ (၁၈) (၁+၈) (၉) နဝင်းကြေဆေး။
ကျွန်မသိထားသောအနည်းငယ်အား ရောညှပ်ရေးသားထားခြင်းဖြစ်ပါတယ်။

Monday, October 20, 2008

အကြွေးကင်းကြစေချင်သည်...

ကိုးရီးယားရုပ်ရှင်ကားလေးကြည့်ပြီး ဇတ်လမ်းထဲက မင်းသား၊ မင်းသမီးတွေရဲ့ ပျော်စရာအခန်းလေးကြည့်လိုက်ရလို့ ကိုယ့်စိတ်ထဲ ပျော်ရွင်နေတုန်း၊ ဘလော့တွေကို ကြည့်မိပါတယ်(လူမဆန်သော ရက်စက်မှု)။ မတရားနှိပ်စက် သတ်ဖြတ်နေလိုက်တာများ ကိုယ့်လူမျိုးအချင်းချင်းမှ ဟုတ်ပါသေးရဲ့လားလို့ ထင်မိလာတယ်။ ဒါတွေကိုကြည့်ပြီးရင်ထဲမကောင်းလို့ ကိုယ့်စိတ်ကို ကိုယ့်ဖာသာ ပြန်ဆန်းစစ်နေမိတယ်။ တခဏတည်းမှာ စိတ်ရဲ့ဖြစ်စဉ်တွေဟာ ပေါ်လာတဲ့ အာရုံတွေပေါ်မူတည်ပြီး ပြောင်းလဲနေတာ မပြီးဆုံးနိုင်အောင်ပါပဲ။ ထင်လာတဲ့အာရုံတွေပေါ် လိုက်ပြီး ဖြစ်ပျက်နေတဲ့ စိတ်တွေအပေါ်မှာ မမြဲတဲ့ အနိစ္စတွေပဲဆိုတာကို သတိမထားပဲ လောဘ၊ ဒေါသတွေနဲ့ ကိုယ်ရဲ့နေ့ပေါင်းများစွာတွေကို ဖြတ်သန်းလာခဲ့တာ ကိုယ်ရှင်သန်ရမဲ့ သက်တမ်းရဲ့ ထက်ဝက်နီးပါရှိနေပြီ ဆိုတာကိုထိတ်လန့်စွာဆင်ခြင်မိလာပါတယ်။ အဲ့ဒီိလို ဆင်ခြင်မိလာတာနဲ့ တပြိုင်နက်တည်း ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီးရဲ့ ကြွေးပြေတရားတော်ကို ပြန်လည်နှလုံးသွင်းမိပြီး စာဖတ်သူတို့ကိုလည်း ဝေမျှလိုတာကြောင့် ဒီပို့စ်လေးကို တင်ဖြစ်သွားပါတယ်။

ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး ကြွေးပြေတရားတော်

ကျေးဇူးရှင်ဝေဘူဆရာတော် သီတင်းသုံးရာ ဝေဘူချောင်၌ လပြည့်လကွယ် သီတင်း နေ့များ၌ ဆရာတော်ဘုရားသည် သံဃာတော်များနှင့် သိမ်ဝင်ပြီး သိမ်မှ သံဃကိစ္စ ပြီးစီိးသောအခါ တရားပလ္လင်သို့ကြွလာကာ တရားချီးမြင့်တော်မူပါသည်။ ယခု (၁၃၃၃-ခုနှစ်) ဝါခေါင်လကွယ်နေ့က ဆရာတော်ဘုရားကြီးသည် အဋ္ဌင်္ဂသီလချီးမြင့်ပြီးနောက် မိမိတို့ ဆောက်တည်သည့်သီလကို ပြည့်အောင်ဖြည့်ကျင့်ကြပါက မိမိတို့အလိုရှိရာ ဗောဓိဆုနှင့် စံဝင်နိုင်ကြောင်းမိန့်တော်မူပြီးလျှင် အောက်ပါအတိုင်း မေးမြန်းစစ်ဆေးပြီး ဟောကြားတော် မူပါ၏။

မရပ်နားရသော စိတ်
ဒီနေ့တော့ ဥပုသ်နေ့ဆိုတော့ တို့က ကနေ့အဖို့ပဲ မေးပါမယ်ဗျာ၊ သူတို့ အရုဏ်တက်ကနေ ဒီနေ့တော့ ဥပုသ်နေ့ပဲဆိုပြီး သီလဆောက်တည်ကြပြီးကတည်းက အခုအချိန်ထိ ဘုရားအဆုံးအမနဲ့ နေကြထင်ပါဗျား။ ဟုတ်ကြရဲ့လား။
မဟုတ်ပါ ဘုရား။
ဟေ… ဒါဖြင့် ဘယ်လိုများ နေကြလဲ။ ( နေတဲ့အခါနေပါတယ် ဘုရား။ လွတ်တဲ့အခါလဲ လွတ်ပါတယ်ဘုရား။)
ဘယ်လောက်များလွတ်ပြီး ဘယ်လောက်များနေကြလဲဗျား။ (မဖြေကြပါ)
ထိုအခါ ဆရာတော်က ငြိမ်နေပုံထောက်တော့ တောက်လျှောက်နေကြ ထင်ပါဗျား။
မဟုတ်ပါ ဘုရား။
အေး… ဒါဖြင့်မေးဦးမယ်ဗျာ။ လျှပ်တစ်ပြက်အတွင်းမှာ စိတ်ဟာ ဘယ်လောက်ပျက်သတဲ့ တုန်းဗျာ။
ကုဋေတသိန်းပါ ဘုရား။
ပျက်တာ ကုဋေတသိန်းနော်။
အေး… စိတ်ထဲမှာ ဣဋ္ဌာရုံရယ်၊ အနိဋ္ဌာရုံရယ် တမျိုးစီပေါ်နေတယ် မဟုတ်လား။
မှန်ပါ့ဘုရား။
အေး… အဲ့ဒီဣဋ္ဌာရုံနဲ့ အနိဋ္ဌာရုံတို့ဟာ ပြတ်သွားတယ်ဆိုတာများ ရှိသလားဗျာ။
မရှိပါဘုရား။ တမျိုးမဟုတ်တမျိုး ပေါ်နေပါတယ်ဘုရား။
အင်း… အဲ့ဒီလိုပေါ်ပေါက်နေတာက သံသရာတလျှောက်မှာ မိမိတို့ပြုခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်ကံတွေကြောင့် ကလျာဏ မိတ္တဖြစ်တဲ့ ဣဋ္ဌာရုံတွေပေါ်လာတော့ ဘယ်လိုဖြစ်သလဲ။
လောဘဖြစ်ပါတယ်ဘုရား။
လောဘဖြစ်စေတာက ကုသိုလ်လား၊ အကုသိုလ်လား။
အကုသိုလ်ပါ ဘုရား။
ပါပမိတ္တဖြစ်တဲ့ အနိဋ္ဌာရုံတွေ ပေါ်လာတော့ကောဗျာ။
ဒေါသ ဖြစ်ပါတယ်ဘုရား။
ဒေါသဖြစ်တော့ ကုသိုလ်လား၊ အကုသိုလ်လား။
အကုသိုလ်ပါဘုရား။
အေး… အဲ့သလို ကောင်းတဲ့အာရုံပေါ်လို့ လက်ခံလိုက်ပြန်ယင်လဲ နှစ်သက်မှု တဏှာ၊ လိုချင်မှု လောဘတွေဖြစ်တော့ အပါယ်ကိုသွားစေတဲ့ အကုသိုလ်ပဲ မဟုတ်လားဗျာ။
ဟုတ်ပါတယ်ဘုရား။
မကောင်းတဲ့အာရုံပေါ်လို့ သိမ်းပိုက်မိပြန်ယင်လဲ စိုးရိမ်မှု သောက၊ ဒုက္ခ ဒေါသတရားများ ဖြစ်စေပြန်တော့လဲ အပါယ်စာ အကုသိုလ်ပဲရတယ်မဟုတ်လား။
ဟုတ်ပါတယ်ဘုရား။
အဲ့… ဒါဖြင့် ဒီကလျာဏမိတ္တ၊ ပါပမိတ္တများဖြစ်တဲ့ ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံတို့ဟာ မပေါ်ပဲ ဘယ်အခါမှာနေတုန်းဗျာ။
ဘယ်အခါမှ မနေပါဘုရား။ အမြဲပေါ်နေပါတယ်ဘုရား။
အေး… အဲ့ဒါတွေက သံသရာတလျှောက် ကိုယ်ပြုခဲ့တဲ့ အမှုတွေပဲဗျာ။ အဲ့သလို ဘယ်သူမပြု မမိပြုခဲ့တဲ့ ကလျာဏမိတ္တဘဲ ဖြစ်ဖြစ်၊ ပါပိတ္တဘဲဖြစ်ဖြစ် သူတို့ပေါ်လာရင် ကိုယ့်မှာဘာရသလဲ။
အကုသိုလ်ပဲ ရပါတယ်ဘုရား။
အေးဟုတ်တယ်၊ ကောင်းတာဖြစ်တော့ နှစ်သက်မှုတဏှာနဲ့ လိုချင်မှု လောဘဖြစ်ပါတယ်။ အဲ့ဒီတဏှာတို့ လောဘတို့က ဘာမှုတွေလဲဗျာ။
မီးတွေပါဘုရား။
အေးဗျာ… လောဘကလည်း မီး၊ တဏှာကလည်း မီး၊ ဒေါသကကောဗျာ။
မီးပါ ဘုရား။
အေး… အဲ့ဒီတော့ ဘာပေါ်ပေါ် မီးလောင်ခံရတာပဲ မဟုတ်လားဗျာ။
မှန်ပါ့ဘုရား။
အဲ့ဒီတော့ သူတို့ ပေါ်ချင်တာ ပေါ်ပါစေ၊ ကိုယ်က ဘုရားအဆုံးအမနဲ့နေတော့ သူတို့ဝင်လို့ရသလားဗျာ။
မရတော့ပါ ဘုရား။
အေး… ဘုရားအဆုံးအမနဲ့သာ ကိုယ်ကနေတော့ သူတို့ဝင်ခွင့်မရတာပေါ့ဗျာ။
မှန်ပါ့ဘုရား။
ဘုရားရှင်ရဲ့ အဆုံးအမဟာ ဘာနဲ့တူသလဲဆိုတော့ အနောတတ္က ရေအိုင်ကြီးနဲ့ တူတယ်။ အဲ့ဒီရေအိုင်ထဲကို လောဘမီး၊ ဒေါသမီး ဘာမီးတွေပဲကျလာလာ ရေထဲကျ မီး ငြိမ်းသွားရသလို ဘယ်မှအလောင်မခံရတော့ဘူးဗျာ။ ကြားလား။
မှန်ပါ့ဘုရား။

ကြွေးဟောင်းမဆပ် ကြွေးသစ်ထပ်
အေး … ထပ်မေးရအုံးမယ်။ မျက်စိတစ်မှိတ် လျှပ်တစ်ပျက်အတွင်း ဘယ်လောက် ပျက်သတုန်း။
ကုဋေတစ်သိန်းပါ ဘုရား။
အေး… ကုဋေတစ်သိန်း ဖြစ်ပျက်တွေကိုသိမှ အဓိပညာလို့ ခေါ်တယ်ဗျာ။ အဲဒီတော့ ခန္တာအစဉ်မှာ ဖြစ်ပျက်တဲ့တရားကို သိမှဗျာ။ ဘုရားရှင်ရဲ့ အဆုံးအမအသိနဲ့ မနေယင် ခုတင်ကပြောခဲ့တဲ့ ဘယ်လောက်တဲ့လဲဟဲ့။
ကုဋေတစ်သိန်းပါ ဘုရား။
အေး… လျှပ်တစ်ပြက်အတွင်းမှာ ဖြစ်ပြီးပျက်သွားတဲ့ ကလျာဏမိတ္တ၊ ပါပမိတ္တ ကုဋေ တစ်သိန်းဟာ ကိုယ့်မှာ ကြွေးတင်တာပါပဲဗျာ။ ဟုတ်ရဲ့လားဗျာ။
ဟုတ်ပါတယ်ဘုရား။
ခန္တာမှာ အစဉ်ပေါ်နေတဲ့ ဣဋ္ဌာရုံနဲ့ အနိဋ္ဌာရုံတွေဟာ ဘယ်သူပြုနေတာလဲဗျာ။
ကိုယ့်ဟာကိုယ် ပြုတာပါ ဘုရား။
အေး… ကိုယ်ပြုခဲ့တဲ့ သံသရာတလျှောက်လုံးက ပါလာခဲ့တဲ့ ကြွေးတွေကို ခုချိန်ထိ ဘုရားရှင်ရဲ့ အဆုံးအမနဲ့ စိတ်ကလေးကို မထားယင် လျှပ်တစ်ပြက်အတွင်း ကုဋေတစ်သိန်း ကြွေးထပ်တင်ပြန်တော့ ကြွေးတွေရေတွက်လို့ ရပါဦးမလားဗျာ။
မရတော့ပါဘုရား။
အေး… အဲ့ဒါကြောင့် ဘုရားရှင်အဆုံးအမနဲ့ နေကြဗျာ။ ဒါမှ သူ့ဘာသာသူ ဖြစ်ပြီး ပျက်သွားတာကို ကိုယ်ကမယူတော့ ကြွေးတွေကြေကုန်တာပေါ့ဗျာ။ ဟုတ်ရဲ့လား။
ဟုတ်ပါတယ်ဘုရား။
ကိုယ်က မယူတော့ ကြွေးသစ်လည်းတိုးသေးသလားဗျာ။
မတိုးတော့ပါဘုရား။
အဲ့ဒီတော့ ကြွေးသစ်လည်းမတင်တော့။ ကြွေးဟောင်းလည်းကြေပြီး၊ ဖြစ်ပြီးပျက်သွားတာကို သိမှ အဓိပညာဗျား။
မှန်ပါ့ ဘုရား။
အေး… ဒီတော့ ဘုရားရှင် အဆုံးအမဖြစ်တဲ့ အသိစိတ်ကလေးနဲ့ နေဖို့ရာက ဘယ်နေရာမှာမှ နေလို့ဖြစ်တယ်လို့ ကန့်သတ်ထားချက် ရှိသေးသလားဗျာ။
မရှိပါဘုရား။
တစ်ယောက်ထဲနေယင်ရောဗျာ ဖြစ်ရဲ့လား။ ဖြစ်ပါတယ်ဘုရား။
အများနဲ့ရောဗျာ။ ဖြစ်ပါတယ်ဘုရား။
ထိုင်နေယင်းကောဗျာ။ ဖြစ်ပါတယ်ဘုရား။
သွားယင်းကောဗျာ။ ဖြစ်ပါတယ်ဘုရား။
အေး… အဲ့သလို ကန့်သတ်ချက်မရှိ ဣရိယာပုတ် လေးပါးလုံးလဲဖြစ်၊ တစ်ယောက်ထဲလဲဖြစ်။ အများနဲ့လည်းဖြစ်။ ဟုတ်ရဲ့လားဗျာ။
ဟုတ်ပါတယ်ဘုရား။
အေး… ဟုတ်ပြီ။ ဘယ်မှာနေနေ နေလို့ရပြီ။ ပိုက်ဆံကော ကုန်ရဦးမှာလားဗျာ။
မကုန်ပါဘုရား။
အချိန်ကော သီးခြား ယူရသေးလားဗျာ။
မယူရပါဘုရား။
ဒါဖြင့် ဘယ်ဟာများ ခက်သတုန်း။ ထားရတာကောပင်ပန်းလို့လားဗျာ။
မပင်ပန်းပါ ဘုရား။
အေး .. ဒါဖြင့် ဘယ်ဟာခဲယဉ်းသတုန်း။
ဘာမှ မခဲယဉ်းပါဘုရား။
အေးပေါ့လေ၊ သူတို့ကဟိုဥပမာလိုပေါ့ဟယ်။ နင်တို့စီးပွာရှာတာ သိပ်အများကြီးရတော့ ဘေးလူတွေက ခင်ဗျားတို့ ရွေတွေ ငွေတွေ ဘယ်လောက်ရသလဲလို့ မေးတော့ ပြောကြမှာလားဗျာ။
မပြောကြပါဘုရား။
ဘာကြောင့်လဲ။ ။ မပြောအပ်လို့ပါဘုရား။
အေး… အဲ့သလိုပ၊ ရွေငွေနဲ့ တရားရတနာ ဘယ်ရတနာက မြတ်သလဲ။
တရားရတနာက မြတ်ပါတယ်ဘုရား။
အေး… အဲဒါကြောင့် တို့ဒါယကာ ဒါယိကာမကြီးတွေက ဖွင့်မပြောကြတာပါလေ။ ယခု ဘယ်အချိန်ရှိပါသလဲ။
ည ၇-နာရီပါဘုရား။
အေး… အာရုဏ်တက်ရဖို့ အချိန်ဘယ်လောက်ရသေးလဲ။
၁၀- နာရီလောက်ရပါသေးတယ် ဘုရား။
အေး…အေး…၊ သူတို့က တဆက်တည်း ဆောက်တည်ကြမှာ ထင်ပါရဲ့ဗျာ။ ကြွေးတွေပြေအောင် ကြိုးစားကြဗျာ။ အတိတ်ကပြုခဲ့တဲ့ ဝီရိယနဲ့ ကုသိုလ်တရားတွေက စောင့်နေပါတယ်ဗျာ၊ အကျိုးပေးမလို့ပါ။ ကဲ.. ကဲ အားလုံးလဲ အောင်ကြပါပြီဗျာ။
သာဓု… သာဓု… သာဓု…။


( မှတ်ချက်။ ။ ဓမ္မာစရိယဦးဌေးလှိုင်၏ ရတနာသုံးပါဂုဏ်ကျေးဇူး စာအုပ်မှ ကူးယူဖော်ပြ ပါသည်။ )