Thursday, November 6, 2008

မုဒိတာ

မပေါ့အိုင်းရဲ့ ငှက်ပျောပင်လေး

လူတိုင်းလူတိုင်း ကိုယ့်ဆန္ဒတွေအတိုင်း ဖြစ်ချင်ကြတာ ဓမ္မတာပါ။ ဒါပေမဲ့ ဆန္ဒဖြစ်တိုင်း ပြည့်ကြတဲ့သူတွေရှိသလို မပြည့်ကြတဲ့သူတွေလည်းရှိပါတယ်။ ဒီနေရာမှာ ရွေးချယ်ပိုင်ခွင့် ဆိုတဲ့ ကဏ္ဍဟာလည်း တော်တော်အရေးပါပါတယ်။ ရွေးချယ်ပိုင်ခွင့်ကြောင့် ဆန္ဒပြည့်ဝ ကြသလို တချို့က ရွေးချယ်ပိုင်ခွင့်ရှိပေမဲ့ ဆန္ဒမပြည့်ကြဘူး။ ဒါကတော့ရွေးချယ်သူ အများစု၊ အနည်းစုဆိုတဲ့ သတ်မှတ်ထားချက်ကြောင့် အများစုရဲ့ ဆန္ဒကို ဦးစားပေးကြရတယ်။ ဒါတရား မျှတပါတယ်။

တချို့ကတော့ ကိုယ့်ဆန္ဒတွေအတွက် ဘာရွေးချယ်မှုမှ မရဘဲပေးဆပ်နေကြရတယ်။ ထားရာ မှာနေ၊ ကြွေးတာစား၊ ဆန္ဒတွေကိုမြိုသိပ်၊ သည်းခံခြင်းဆိုတာကို လက်ကိုင်ထားပြီး တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်အောင် ကြိုးစားနေကြရသလို၊ အချို့ကလည်း ရဲရဲ တောက်စိတ်ဓါတ်တွေနဲ့ဆန္ဒတွေကိုဖော်ထုတ် လူတစုရဲ့ ရက်စက်မှုအောက်မှာ အသက် တွေပါစတေးခဲ့ ကြရတယ်။ အချို့ကတော့ မချစ်သော်လည်း အောင့်ကာနမ်း ကိုယ့်ဆန္ဒ အစစ်တွေကို လျှို့ဝှက်လို့ အနာဂတ်အလင်းအတွက် ကန့်လန့်ကာတချပ် ဖြစ်မှန်းမသိ ဖြစ်နေကြတယ်။ အော်.. အတ္တကြီးစိုးတဲ့လူတွေမှာ လောဘ၊ ဒေါသ၊ မောဟမှောင်တွေဖုံးပြီး အလင်းရောင်ကို လည်း မမြင်လိုကြတော့ဘူး။ ကိုယ့်ကိုယ်ကို အမှောင်ချ နောင်လာနောက် သားတွေအတွက်ပါ အမှောင်ဖုံးဖို့ လုံးပမ်းနေကြတယ်။

ကိုယ့်ပြည် ကိုယ့်ရွာမဟုတ်ပေမဲ့ ကိုယ်နေရတဲ့နေရာက ကိုယ်ဆန္ဒတွေကို လွတ်လွတ် လပ်လပ်ဖော်ထုတ်ခွင့်ရှိတဲ့နေရာ။ မတူညီသူတွေက သူနိုင်ကိုယ်နိုင် အပြိုင်အဆိုင် ကြိုးစား ခွင့်ရကြတယ်။ နေရာတိုင်းမှာ ယှဉ်ပြိုင်မှုတွေနဲ့ ကိုယ့်အရည်အချင်းကိုပြကြတယ်။ တချိန်က အဖိနှိပ်ခံတွေတောင် ရိုးသားစွာနဲ့ ကြိုးစားကြတဲ့အခါ အုပ်ချုပ်သူတွေဖြစ်ခွင့်ရလာတယ်။ ဒီလိုအခွင့်အရေးမျိုးတွေအတွက် ကြိုးစားနေကြရတဲ့ ကျမတို့လိုလူတွေအတွက်ကတော့ တကယ့်ကို မုဒိတာပွားစရာပါပဲ။

1 comment:

ဟန်လင်းထွန်း said...

ဟုတ်တယ် ဒါဟာ မုဒိတာ ပွားစရာပါ အမ