အမေ့ရွာနဲ့ နော်အောင်းခုဖန်သာ
အမေ့ရွာကို ပထမဆုံးရောက်ဖူးတာ အသက် ငါးနှစ်ကျော် ခြောက်နှစ် လောက်ပဲရှိသေးတယ်။ အဲ့ဒီ ကာလက အမေက ရွာကိုမကြာခဏပြန်ရတယ်။ အိမ်မှာအမေမရှိရင် နေရတာဟာလာ ဟင်းလင်းနဲ့ ဝမ်းနည်းနေရတယ်။ ခြံထဲမှာက အလုပ်သမားလူငှားရယ်၊ အမ ကကျောင်း တက်ရတော့ ကလေးငယ်နဲ့ အမေက ကူဖော်လောင်ဖက်ရအောင် ရွာကတူမလေး ကိုလည်း ခေါ်ထားသေးတယ်။ အမေရွာသွားရင် အမေ့အမေ အဖွားဖြစ်ဖြစ်၊ အမေ့အမ ကြီးမေဖြစ်ဖြစ် အိမ်မှာလာနေ ပေးတော့ အိမ်မှာလူလျှော့နေတာမျိုးလဲ မရှိပါဘူး။ ဒါပေမဲ့ အမေမရှိတော့ တခုတခု လိုနေသလိုဖြစ်ပြီး ဝမ်းနည်းနေတတ်တယ်။ ကိုယ့်အောက်မှာ ညီမအငယ်လေး ရှိနေတော့ အမေမရှိရင် ကိုယ့်ကိုဘယ်သူမှ ဂရုမစိုက်ကြဘူးလို့ထင်ပြီး အားငယ်တာ လည်းပါတယ်။ တပတ်လောက် အမေခရီးသွားလိုက်တာနဲ့ တော်တော်အားငယ်သွားပြီး အမေပြန်လာတော့ အမေ့ကို မျက်စေ့အောက်က အပျောက်မခံတော့ဘူး။ နောက်တစ်ခေါက် အမေရွာသွားဖို့ပြင်တော့ အလိုလိုသိနေပြီ။ သိတာနဲ့တပြိုင်နက် အသံကုန်မနားတမ်း အော်ငိုလိုက်တာ အိမ်ကလူတွေ စိတ်ညစ်ကုန်ပြီး ကျမကို အမေနဲ့အတူခေါ်သွားဖို့ပြောသလို၊ အမေကလည်း မထားခဲ့ရက်တော့ဘူး ထင်ပါတယ်။ အဲ့ဒါနဲ့ ကျမလည်း အမေ့ရွာကိုအလည် ရောက်ဖြစ် သွားတယ်။ ကျမက ၆နှစ်ကျော်မှ ကျောင်းစတက်ရတာ။ ဒါကြောင့် အမေ့ရွာကို အလည်သွားတဲ့ အချိန်မှာ ကျောင်းတောင်မတက်ရသေးဘူး။ကျမမှတ်မိနေသေးတာက ရွာကိုသွားဖို့ကားစီးတော့ ကားပေါ်မှာ သီလရှင်လေးတွေလည်းပါ တယ်။ အဲ့ဒီအချိန်မှာ ကျမကို အဖေက ခေါင်းတုံးတုံးထားပေးတယ်။ ခရီးသွားတဲ့အချိန်မှာ ဝတ်သွားတာက ပန်းရောင်အင်္ကျီနဲ့ဆိုတော့ သီလရှင်လေးတွေနဲ့ အရောင်တူ၊ အဆင်းတူ ဖြစ်နေတယ်။ ဆရာလေးတွေက ကျမကို သူတို့နဲ့သီလရှင်ကျောင်းကိုလိုက်ဖို့ခေါ်တယ်။ ကျမ ကလည်း လိုက်မယ်လို့ခေါင်းညိတ်တာပဲ။ မငြင်းဘူးတဲ့။
အမေ့ရွာက ကရင်ပြည်နယ်က ရသေ့ပြန်ဆိုတဲ့ရွာကလေး။ ရွာကိုသွားရတာ ကားတတန်၊ သင်္ဘောတတန်နဲ့သွားရတာ။ တခါတလေ ကားကအရောက်နောက်ကျပြီး သင်္ဘောထွက်သွား ရင် မြိုင်ကလေးကနေ ရွာကိုလမ်းလျှောက်ရတယ်။ အဲ့ဒီတုန်းက ကားနောက်ကျလို့ ကျမတို့ လမ်းလျှောက်ရတယ်။ ကျမကလမ်းလျှောက်နှေးတော့ ခရီးမတွင်ဘူး။ လမ်းတလျှောက်ကရွာ တွေကိုဖြတ်သွားတုန်း အိမ်ရှေ့တွေမှာ ထမင်းစားနေကြတာနဲ့ဆုံရင် ထမင်းစားဖို့ ခေါ်ကြ တယ်။ သူတို့က ကရင်လိုလှမ်းခေါ်တာ။ ကရင်စကားမတတ်တဲ့ကျမက အမေ့ကို ဘာပြော တာလဲလို့မေးတော့ အမေကထမင်းစားဖို့ခေါ်တာလို့ပြောတယ်။ အမေနဲ့သိလို့လား ဆိုတော့.. မသိဘူးတဲ့… သူတို့ဆီမှာက ဧည့်သည်တွေ့ရင် အဲ့ဒီိလိုပဲခေါ်တယ်တဲ့.. ဗိုက်ဆာလို့ စားချင်ရင် ဝင်စားလို့ရတယ်တဲ့… ။
ရွာကိုရောက်တော့လည်း တရွာလုံးလိုလိုက ကရင်လိုပဲပြောကြတယ်။ လူကြီးတွေကတော့ ဗမာစကားတတ်ပေမဲ့၊ ကျမနဲ့ရွယ်တူကလေးတွေက ဗမာလိုမပြောတတ်ဘူး။
အမျိုးတွေပေမဲ့ သူတို့စကားမတတ်တော့ သိပ်မခင်ကြဘူးလိုပဲ။ အမေကတော့ သူ့ရွာဆိုတော့ တစ်အိမ်ပြီးတစ်အိမ်လျှောက်လည်ပြီး သမီးကိုလိုက်မိတ်ဆက်ပေးတယ်။ ကိုယ်ကတော့ ဘယ်မှတ်မိမှာလဲ.. အမျိုးတွေက ဒီလောက်များတာ။ ကျမမှတ်မိတာကတော့ စားစရာတွေ ပေါမှပေါဆိုတာပဲ။ အမျိုးထဲက မုန့်သည်တွေကလည်း သူတို့မုန့်သွားရောင်းတော့မယ်ဆိုရင် ကျမတို့ကို အရင်ဝင်ပို့သွားတယ်။ တခြားမုန့်သည်တွေလာရင်လဲ တအိမ်အိမ်ကဝယ်ကျွေး သေးတယ်။ ထန်းတောထဲသွားလည်ရင်လဲ ထန်းလျှက်ပူပူလေးတွေကို စားရတယ်။ အုန်းထန်း လျှက်ပူပူလေးက တအားစားကောင်းတယ်။ ထန်းလျှက်လုပ်ရတာ အရမ်းပူလောင်တယ်။ မီးဖိုအကြီးကြီးပေါ်မှာ မိုးဗြဲဒယ်ကြီးနဲ့ ထန်းရည်ချိုတွေကို ပြစ်လာအောင်ကြိုရတယ်။ ထန်းလျှက်ခဲလုပ်လို့ရတဲ့ အနေတော်ဖြစ်ပြီဆို မိုးဗြဲဒယ်ကြီးကို ဖိုပေါ်ကချပြီး ထန်းလက်ဖျာ တွေပေါ်ကို အနေတော်အခဲလေးတွေဖြစ်အောင် ချရတယ်။ အဲဒီလိုလုပ်ဖို့ သစ်သားပြားလေး ကို ကိုင်လို့ကောင်းတဲ့ပုံစံဖြစ်အောင်လုပ်ပြီး အဲဒီပေါ်ကို ထန်းလျှက်အိုးထဲက ကြိုထားတဲ့ ထန်းလျှက်ရည်ပြစ်ပြစ်ခဲခဲကိုတင်ပြီး ဝါးနဲ့လုပ်ထားတဲ့ ခြစ်ချတဲ့ပစ္စည်းလေးနဲ့ အရှည်လိုက်လေး တွေခြစ်ချ ပြီးလေသလပ်ခံလိုက်ရင် မန်ကျည်းတောင့်ဆိုတဲ့ ထန်းလျှက်ခဲလေးတွေဖြစ် လာတယ်။ ချိုပြီးမွှေးနေလို့ အရမ်းစားကောင်းတယ်။
နောက်တခုမှတ်မိသေးတာက ပွဲသွားကြည့်ရတာကိုပါ။ မနက်ကတည်းက အမတစ်ယောက်က ညနေကြရင်ပွဲသွားကြည့်မယ်တဲ့။ ဟုတ်လား.. တကယ် သွားကြည့်ရမလားလို့ သေချာအောင် အမေ့ကိုမေးတော့ အမေကလည်းခေါင်းညိတ်တယ်။ ဒါဆိုသေချာပြီဆိုပြီး ပွဲကြိုက်တဲ့ကျမ ကရင်ထန်းလျှက်အိုးတွေ့သွားတာပေါ့။ ညနေပိုင်းရောက်တော့ အမေ့ကိုမြန်မြန်သွားချင်လို့ လောနေရတယ်။ အမေကတော့ ခပ်အေးအေးပဲ စကားဖောင်ဖွဲ့နေလေရဲ့။ လမ်းမှာလည်း စကားတွေမပြတ်ပြောနေလိုက်ကြတာ ကျမသည်းမခံနိုင်ဘူးဖြစ်လာတယ်။ အမေ့လက်ကို အတင်းဆွဲပြီး ပွဲခင်းရှိတဲ့နေရာကိုသွားမယ်ဆိုတော့ ပွဲခင်းထဲရောက်နေပြီတဲ့..။ ကျမ တော်တော်စိတ်ပျက်သွားတယ်။ အမေတို့ပြောတဲ့ပွဲခင်းကိုလည်းကြည့်ဦးလေ..။ ဘာမှမရှိတဲ့ လယ်ကွင်းကြီးထဲမှာ။ ဈေးသည်လေးဟိုတစ်ယောက်၊ သည်တစ်ယောက်နဲ့။ ကျမတို့ဆီက ပွဲခင်းတွေဆို ဇာတ်စင်ကအကြီးကြီးနဲ့ ဈေးတန်းဆိုတာကလည်း ကြိတ်ကြိတ်တိုးနေတာ..၊ ပွဲသွားရင် လူမပျောက်အောင် လက်တွေကိုအတင်းဆွဲထားရတာ။ ခြားရဟတ်တွေနဲ့၊ ရောင်စုံမီးတွေနဲ့ စည်ကားလှတဲ့ ပွဲခင်းမှတ်နေတဲ့ကျမ အထင်နဲ့အမြင်မကိုက်တော့ စိတ်ပျက် ပြီးအမေ့ကိုရစ်ပါတော့တယ်။ ဘယ်မှာလဲ ပွဲကဖို့စင်၊ ဘယ်မှာလဲဆိုင်းဝိုင်း၊ ဘယ်မှာလဲ အသံချဲ့စက်တွေ ဘာသံမှလည်းမကြားရဘူး….. စသည်ဖြင့်အမေ့ကိုမေးနေတော့တာ..။ အမေကလည်း လယ်ကွက်ကြီးတခုကိုလက်ညှိုးထိုပြပြီး အဲ့ဒီမှာကမှာတဲ့..၊ လူလေးငါးယောက် က ဝါးလုံးတိုလေးတွေ၊ သစ်တုံးလေးတွေနဲ့ ကန်သင်းရိုးပေါ်မှာထိုင်နေတာကို တီးဝိုင်းတဲ့…။ ကျမငိုချင်လိုက်တာ…၊ တနေ့လုံးမျှော်လင့်ထားတဲ့ ပွဲခင်းက ဒါမျိုးဆိုတော့ မကျေမနပ်လည်း ဖြစ်မိတယ်။
တကယ်တန်းပွဲစတော့ လူလေးငါးယောက်ကတီးလိုက်တဲ့အသံက မြိုင်ဆိုင်လှသလို ဘယ်ကဘယ်လို ထွက်လာကြမှန်းမသိတဲ့ ယောက်ျား၊ မိန်းမ ယိမ်းအဖွဲ့တွေက ကောက်ရိုးခင်း ထားတဲ့လယ်ကွင်းကြီးထဲမှာ မြူးကြွနေလိုက်တာ ကိုယ်ပါ ကချင်လာတဲ့အထိ ဖြစ်မိတယ်။ သွေးကစကားပြောတယ်ထင်ပါရဲ့..။ အဲ့ဒါ ပထမဆုံး ဒုံးယိမ်းကြည့်ဖြစ်တာပဲ။ ကတာ မြန်ဆန်သွက်လက်သလို ပုံစံဖော်ပြီးကသွားတာကို အမေကရှင်းပြတယ်။ အဲ့ဒီကတည်းက ကျမကြိုက်တဲ့အကထဲမှာ ဒုံးယိမ်းအကက ရှေ့ဆုံးကဖြစ်သွားပါတော့တယ်။ ငွေကုန်ကျေးကျ ဘာမှမများတဲ့ ရိုးရာအကတခု..၊ ဒါပေမဲ့ အဲ့ဒီလိုကနိုင်ဖို့ကျတော့ အတော့်ကိုခက်ခဲတာ။
တနေ့ အမေခေါ်သွားလို့ ယိမ်းတိုက်နေတဲ့နေရာကို ရောက်သွားသေးတယ်။ အဲ့ဒီမှာ ယိမ်း ဆရာကြီးက ဝါးလက်ခုပ်ကြီးကိုင်ပြီး ကနေတဲ့လူတွေကြားထဲမှာ မှားသွားတဲ့လူတွေကို ဝါးလက်ခုပ်ကြီးနဲ့ တခွမ်းခွမ်းရိုက်နေလိုက်တာ၊ က ချင်လို့ မရိုးမရွဖြစ်နေတဲ့ကျမ တခါတည်း ပိုးသေသွားပါတော့တယ်။ ကနေတဲ့လူတွေကိုကြည့်လိုက်တော့ ချွေးပြိုက်ပြိုက်နဲ့ မောနေ လိုက်ကြတာ။ အမေက ကျမကိုမေးတယ်.. ကချင်သေးလားတဲ့၊ ကျမခေါင်းမြန်မြန်ခါလိုက် တာကို ဘေးကလူတွေက သဘောကျပြီး ရယ်နေကြတယ်။
တကယ့်ကို ပျော်စရာကောင်းတဲ့ အမေ့ရဲ့ရွာလေးပါ။ အပြန်မှာတော့ လမ်းမလျှောက်ရတော့ပါ ဘူး။ ရွာကလူတွေက သံလွင်မြစ်ရိုးတလျှောက်မှာ ပြေးဆွဲနေတဲ့ သင်္ဘောကြီးအမီ ကျမတို့ကို လိုက်ပို့တယ်လေ.. ။ ထန်းရည်ကို ရွာရောက်ကတည်းက တောင်းသောက်တဲ့ကျမကို ရွာမှာတုန်းကတော့ မတိုက်ကြဘဲ သင်္ဘောဆိပ်ရောက်မှ ဝယ်တိုက်ကြလို့ လမ်းခရီးအလှ အပတွေကို ဘာမှမသိတော့ပဲ အိမ်ကိုထန်းရည်မူးမူးနဲ့ ပြန်ခဲ့ရပါတယ်။ ခရီိးသွားရတာကို တချက်လေးမှ မညည်းညူတဲ့ ကျမကို အိမ်ရောက်တော့ အမေက နာမည်အသစ်တခု ပေးပါတယ်။ နော်အောင်းခုဖန်သာ တဲ့… ။
3 comments:
တပုဒ်လုံး ခံစားလာပြီးမှ နောက်ဆုံး နော်အောင်းခုဖန်သာ ဆိုတာနားမလည် ဖြစ်ရတယ် အဲတာ နာမည်လား ?
ကျွန်မလည်း အဲဒါမေးမလို့။ ဘာလို့ နော်အောင်းခုဖန်သာလို့ ပြောတာလဲဟင်။
တိုင်းရင်းသားတွေက ရိုးသား ဖော်ရွေ ပွင့်လင်းပြီး ချစ်ဖို့ကောင်းတယ်နော်။
ဆက်ရန်ဆိုတာကျန်သွားလို့ပါ.. အခုတော့ပြောပြလိုက်တော့မယ်.. မလမ်းရှာလို့ပြောတာပါ။ အိမ်မှာမနေချင်ဘဲ လျှောက်သွားချင်နေတဲ့သူ လို့အဓိပါယ်ရမယ်ထင်တယ်။
Post a Comment