မျက်လုံးသိပ်မကောင်းလို့ စာရိုက်တာခဏနားထားလိုက်ရတယ်။ စာအုပ်ထဲကနေကြည့်ပြီး ကူးရိုက်ရတာ ပိုဆိုးတယ်။ ဒါကြောင့်အခုလောလောဆယ်တော့ ဆရာမကြီး ဂျာနယ်ကျော်မမလေးနဲ့ ဆရာကြီိးဦးသာတင့်တို့ရဲ့ မြန်မာ့ဆေးပညာဆောင်းပါးလေးတွေ ခဏရပ်ထားပြီး ကိုယ်ခံစားချက်လေးတွေကို ရေးဦးမလားလို့ စဉ်းစားမိတယ်။ ဒါနဲ့ ဖေဖော်ဝါရီလ ၁၃ ရက် ခလေးများ( ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) နေ့ရောက်ခါနီးတဲ့အချိန်မှာ ခလေးတွေနဲ့ ပါတ်သက်တဲ့ ကိုယ့်ခံစားချက်တွေပေါ်လာတာနဲ့ တိုက်ဆိုင်သွားလို့ စာပြန်ရိုက်ဖြစ်သွားတယ်။
ကျွန်မဒီဘက်ကိုရောက်ပြီးကတည်းက ကိုယ့်ဆွေမျိုးသားချင်းတွေနဲ့ ဝေးကွာပြီး ငယ်စဉ်က နေခဲ့ရတဲ့ ကိုယ့်ရပ်ရွာက အိမ်လေးခြံလေးတွေရယ်၊ ကလေးဘဝက အပူအပင်ကင်းစွာ ပျော်ရွှင်ခဲ့ဖူးတာတွေရယ်ကို မကြာခဏသတိရနေတတ်တယ်။ အဲ့ဒီလိုသတိရရင် သမီးလေး တွေကို အမေတို့ ငယ်ငယ်က ဘယ်လိုကစားခဲ့ရတာပေါ့….၊ ဘယ်လိုစားခဲ့ရတာပေါ့….. ၊ ဘယ်လိုသွားခဲ့ရ၊ ဘယ်လိုနေခဲ့ရတာပေါ့…. စသဖြင့် ငယ်မူပြန်ပြီးပြောပြရင် သူတို့လေးတွေက ပုံပြင်တပုဒ်လို နားထောင်နေတတ်တယ်။ နောက်ပြီး သူတို့လဲ အဲ့ဒီလိုကစားချင်လိုက်တာ၊ အဲ့ဒီလိုသွားချင်လိုက်တာ …. ဆိုပြီး ပြောတတ်ကြတယ်။
သူတို့လေးတွေ နေထိုင်ကြီးပြင်းနေရတဲ့ ပတ်ဝန်းကျင်က ကိုယ့်အနေနဲ့ကြည့်ရင် တကယ့်ကိုအထီးကျန်ဆန်သလို ခံစားမိတယ်။ နောက်ပြီး……. တစ်နေ့ သူတို့လေးတွေ ကြီးပြင်းလာရင် ကျွန်မတို့လို ငယ်စဉ်ကဘဝလေးတွေကို ပြန်အမှတ်တရဖြစ်စေမဲ့ သူတို့အတွက် အမှတ်တရဆိုတာလေးတွေရော ရှိပါမလားလို့ တွေးပူမိတယ်။ အဲ့ဒီလိုတွေးပူမိ စေအောင် ရင်ထဲမှာ စူးစူးနစ်နစ်ခံစားခဲ့ဖူးတာလဲရှိခဲ့ပါတယ်။
ကျွန်မမိသားစုလေးတစ်ခုကို ထူထောင်ခဲ့ရတာ ကိုယ့်ရဲ့မိခင်တိုင်းပြည်မှာမဟုတ်ဘဲ တရားမဝင်နေထိုင်နေရတဲ့ သူတစ်ပါးနိုင်ငံမှာပါ။ နေထိုင်နေရတာကမှ တရားမဝင်တော့ မွေးလာတဲ့ခလေးတွေကလည်း တရားမဝင်ဘဲ နိုင်ငံမဲ့ဖြစ်နေခဲ့ကြတယ်။ ငွေရှိမှ နေစရာရှိမယ်။ စားစရာရမယ်။ အဖမ်းအဆီး မခံချင်ရင် ငွေရှိဖို့လိုတယ်။ အဲ့ဒီလိုနေရာမှာ နေအိမ်အတည်တကျဆိုတာ ဘယ်လိုမှမဖြစ်နိုင်။ ဒီကလေးတွေအနာဂတ်အတွက် အတည်တကျနေထိုင်နိုင်ဖို့ နိုင်ငံရှိဖို့လိုအပ်တယ်။ ကိုယ့်ရပ်ရွာကိုပြန်ဖို့ဆိုတာကတော့ ဘယ်လိုမှ စဉ်းစားလို့မရနိုင်တဲ့အခြေအနေ။ အဲ့ဒီတော့ တတိယနိုင်ငံကိုထွက်ဖို့ပြင်ရတယ်။
တတိယနိုင်ငံကိုထွက်မဲ့လူတွေကို စုရပ်တစ်ခုလုပ်ပြီး အဲ့ဒီကနေမှတဆင့် ထွက်ရမယ်ဆိုတော့ ကျွန်မတို့ စုရမယ့်နေရာက နို့ဘိုးဒုက္ခသည်စခန်းတဲ့။ အဲ့ဒီကိုသွားရတယ်။ သွားရတဲ့လမ်းခရီးကဝေးလွန်းပြီး အကွေ့အကောက်များလွန်းလှလို့ ခရီးဝေးမသွားဖူးတဲ့ ကလေးတွေရော ကျွန်မပါ ကားမူးပြီးပျို့အန်ကြတယ်။ အကွေ့တွေရောက်တိုင်း သမီးကြီးက အန်တယ်။ သမီးငယ်လေးကလဲ မူးလွန်းလို့ ငိုနေရှာတယ်။ အဲဒီအချိန်က သမီးကြီးက ၆ နှစ်၊ သမီးငယ်က ၄ နှစ်ပဲရှိသေးတယ်။ လမ်းခရီးထက်ဝက်ကျော်လောက်ရောက်တော့ သူတို့နှစ်ယောက်စလုံး အိမ်ပြန်မယ်လို့ချည်း ပူဆာကြတယ်။ ခလေးတွေ ခံစားနေရတာကိုကြည့်ပြီိး အိမ်ပြန်ချင်ခဲ့ပေမဲ့ ကျွန်မတို့မှာ ပြန်ဖို့အိမ်မရှိဘူး…။ အဲ့ဒီိအချိန်က ကျွန်မရင်ထဲမှာ ဗလာကျင်းပြီး ခိုကိုးရာမဲ့သလို ခံစားရမိတယ်။ သူတို့လေးတွေက ငယ်စဉ်ကတည်းက နေလာခဲ့တဲ့အိမ်ကို သူတို့ဘယ်အချိန်မဆို နေခွင့်ရှိတယ်လို့ ထင်နေရှာကြတယ်။ သူတို့ထင်သလို မဖန်တီးပေးနိုင်တဲ့ မိဘတစ်ယောက်အနေနဲ့ ဝတ္တရားမကြေသလို မလုံမလဲခံစားရတယ်။ အခုချိန်အထိလည်း ဒီခံစားချက်က မပျောက်ပျက် သွားသေးဘူး။ အခုချိန်အထိလည်း နေအိမ်အတည်တကျ နေထိုင်ခွင့်မရကြသေးပါဘူး။ ကိုယ့်တိုင်းပြည်ကို ချစ်ပေမဲ့ နေခွင့်မရကြတဲ့ကျွန်မတို့ နိုင်ငံသားတွေ တိုင်းပြည်ပြင်ပမှာ ပုံစံအမျိုးမျိုးနဲ့ မိသားစုဘဝတွေကို ရုန်းကန်နေကြရချိန်မှာ တိုင်းပြည်တွင်းမှာကတော့ “ချမ်းသာတာမှန်သမျှ တရုတ်၊ ကုလားနဲ့ ထိုင်းတွေချည်းပါပဲ သမီးရယ်” လို့ ပြောလာတဲ့ ကြီးတော်တစ်ယောက်ရဲ့ပြောသံကိုကြားယောင်လာရင်း ငယ်စဉ်ကကြားဖူးခဲ့တဲ့ “တရုတ်ကဖိ၊ ရှမ်းကအိ ရှိသည့်ဗမာ တောင်ဘက်မှာ ” ဆိုသည့် တဘောင်လိုလို စာချိုးလိုလို ကြားခဲ့ဖူးတာ အမှတ်ရမိပါတယ်။
တိုင်းပြည်ရဲ့အနာဂတ်ဟာ ကလေးတွေဖြစ်တယ်လို့ ဆိုထားတော့ ကျွန်မတို့တိုင်းပြည်မှာ အကြောင်းအမျိုးမျိုးကြောင့် နေခွင့်မရကြတဲ့ ကလေးတွေဟာ နိုင်ငံတကာနဲ့ နယ်စပ်ဒေသတွေမှာ ပျံ့နှံ့နေကြတော့ အတည်တကျမရှိတဲ့ ကျွန်မတို့ကလေးတွေအတွက် ယဉ်ကျေးမှုဓလေ့စရိုက်တွေ ပျောက်ကွယ်သွားမှာ ကျွန်မတကယ်ဘဲရင်လေးမိပါတယ်။
ကလေးများအားလုံး ငြိမ်းချမ်းပျော်ရွှင်ပြီး တည်ငြိမ်တဲ့အနာဂတ်ကို ပိုင်ဆိုင်ကြစေချင်ပါတယ်။
3 comments:
အစ်မရေ..
ပို့စ်လေး ဖတ်ပြီး စိတ်မကောင်းဘူး..
ဒါပေမယ့် ပေါ့နဲ့ ပိနဲ့ အတွက် လူတစ်ယောက်ရဲ့ တန်ဖိုးကို သိတဲ့ လူကို တန်ဖိုးထားတဲ့ လွတ်လပ်တဲ့ လူ့အခွင့်အရေးရှိတဲ့ နေရာတစ်ခုမှာ ပညာသင်ခွင့် ရှင်သန်ကြီးပြင်းခွင့်ရနေတဲ့အတွက် အစ်မ စိတ်ဖြေလိုက်ပါနော်..
အစ်မ နေကောင်းပါစေ
အမရေစိတ်မကောင်းမဖြစ်ပါနဲ့..မလိုတော့တဲ့အချိန်မှာ
ကျွန်တော်တို့ဖြစ်ချင်တာဖြစ်ရတော့မှာ.တရုတ်ကဖိ..ရှမ်းကအိဆိုတာ..ပြောင်းလိုက်ပြီ...တရုတ်ကိုကျော်..
ရှမ်းကိုဆော်..ဇမ္မူတလွားလွန်ထင်ရှား.တိုင်းရင်းပြည်နောင်မြန်မာများ..တဲ့.....
......................
နောက်တခုက...ယိုးဒယားမင်းဆက်၂၀လျှင်ယိုးဒယားနိုင်ငံသည်မြန်မာလက်အောက်သို့တဖန်ကျရောက်အံ့တဲ့....
စိတ်မပူနဲ့အရာရာအဆင်ပြေပါစေအမရေ...
ခံစားချက်ကိုနားလည်ပေးလို့ရတယ်။ ဘယ်မှာဘဲရောက်နေနေ ကလေးတွေကို ကိုယ့်လူမျိုး ကိုယ့်ဓလေ့ ရိုးရာလေးတွေကို မိဘတွေကသင်ကြားပေးနိုင်ရင်အကောင်းဆုံးပေါ့ အမရယ်...။ ပေါ့ပီညီအမရော နေကောင်းကြတယ်မဟုတ်လား ၊
Post a Comment