နို့ဖိုးဒုက္ခသည်စခန်းမှာနေစဉ်က
ဒီအပတ်တနင်္လာနေ့ အစိုးရရုံပိတ်ရက်မို့ သားအမိတွေအေးအေးဆေးဆေး လျှောက်လည် မယ်လို့စဉ်းစားထားတာ သမီးအငယ်လက် ခွေးကိုက်ခံရလို့ ဘယ်မှကိုမသွားဖြစ်တော့ဘဲ ဆေးရုံမှာအချိန်ကုန်သွားတယ်။
သမီးနှစ်ယောက်မွေးထားတာ တယောက်တမျိုးစီ သူတို့ဝါသနာဗီဇနဲ့သူတို့ အသီးသီးပါလာ ကြတယ်။ ရုပ်ဆိုရင်လည်းတယောက်တမျိုးစီ..။ မသိတဲ့သူဆို ညီိအစ်မလို့ပြောရင် ဟုတ်ရဲ့လားလို့ ပြန်မေးတတ်ကြတယ်။ အသက်က နှစ်နှစ်လောက်ကွာပေမဲ့ အရပ်ကတော်တော်ကွာတယ်။ အကြီးမကြီးကိုမွေးတုန်းက ကိုယ်ဝန်အဆိပ်တက်လို့ လမစေ့ပဲ ခွဲထုတ်လိုက်ရလို့ သန်သန်စွမ်းစွမ်းတောင်ဖြစ်မယ်မထင်မိဘူး။ ကလေးတနှစ်လောက်ကစပြီး အားဆေးတွေ၊ အရပ်ရှည်ဆေးတွေ ဖိကျွေးတာများသွားလို့ဖြစ်မယ်..။ အခုတော့ တနေ့တနေ့ အရပ်ပဲ ရှည်ရှည်ထွက်လာတယ်။ သူ့အတွက်အဝတ်တွေ၊ ဖိနပ်တွေဝယ်ရင် ရှည်ရှည် ဝယ်ထားပေးရတယ်။ ဖိနပ်ဆိုလည်း ခဏလေးစီးရသေးတယ် ဖနောက်ကမဝင်တော့တာနဲ့ ခြေချောင်းတွေက ရှေ့ကျော်ထွက်နေတာနဲ့။
အငယ်မကျတော့တမျိုး… ။ သူ့ကို ကိုယ်ဝန်ဆောင်တော့ အကြီးမကြီးတုန်းကလို မဖြစ်အောင် အာဟာရပြည့်အောင်ဆိုပြီး တွေ့သမျှ ဘာမျှမရှောင်ဘဲ ကလေးကျန်းမာဖို့အဓိကဆိုပြီး ကျိတ်မှိတ်စား၊ အားဆေးတွေသောက်၊ ကိုယ်ဝန်ဆောင်နို့မှုန့်တွေသောက်လိုက်ရတာ မွေးကာနီးတော့ ဗိုက်ကမိုးပျံနေပြီ။ မွေးခန်းထဲကထွက်လာတော့ ကလေးကြီး နဲတာမှမဟုတ်တာ။ ချီရတာလဲ အားရပါးရရှိတယ်။ သူ့အမမွေးတုန်းကဆို သေးလွန်းလို့ ချီလို့တောင်မတတ်ဘူး။ အသားဝါကလဲပါလာတော့ ဆေးရုံမှာဘဲမီးကင်နေရတာ အကြာကြီး။ သူ့အလှည့်ကျတော့ ဆေးရုံမှာသုံးရက်လောက်နေပြီး ဆင်းရတာ။ မွေးပြီးတော့လဲ နို့ထွက်ကောင်းအောင် ဘာစားရမယ်၊ ဘာသောက်ရမယ်ဆိုတာ သိနေပြီဆိုတော့ သူ့အမလိုလဲ နို့မငတ်ပြန်ဘူး။ အဲဒီလိုအစစအဆင်ပြေကျန်းမာနေတော့ ဘာအားဆေး မှတိုက်စရာမလိုဘဲ အစားနဲ့တင်ကြီးလာတော့ အရပ်ကမရှည်ပဲ ဗိုက်ပူ ပါးဖောင်းလေးဖြစ်နေပြန်တယ်။ ကလေးနှစ်ယောက်ကိုကြည့်ပြီး ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ဒိန်းဒေါင်၊ စံရှားကာတွန်းတွေကို သွားသွားသတိရမိတယ်။
ပုံစံတမျိုးစီဖြစ်သလို သူတို့ဝါသနာတွေကလဲ တမျိုးစီ။ အကြီးမက ကလေးမြင်ရင်မနေနိုင်ဘူး။ ချစ်တယ်၊ ချီချင်တယ်။ ကလေးထိန်းရတာဝါသနာပါတယ်။ ကလေးတယောက် သူ့လက်ထဲရောက်လာလို့ကတော့ ငိုမှာမပူရဘူး။ ကလေးစိတ်တိုင်းကျဖြစ်အောင် အမျိုးမျိုးလုပ်ပေးတယ်။ သူ့လက်ထဲနေဖူးတဲ့ကလေးက နောက်တခါသူခေါ်ရင် ဘယ်တော့မှမငြင်းဘူး။ အမြဲလိုက်တယ်။ သူကလဲ ကလေးကိုချစ်သလို ကလေးကလဲ သူ့ကိုပြန်ချစ်တာကို သိပ်သဘောကျတယ်။ ကလေးဆို ချေးသေးကအစ သူမရွံတတ်ဘူး။ သူတတ်သလောက် သန့်ရှင်းနေအောင်လုပ်ပေးတယ်။
အငယ်မကတော့ ကလေးထက် ခွေးလေး၊ ကြောင်လေးတွေကို ပိုသဘောကျတယ်။ ကလေးချီဖို့ ထိန်းဖို့ထက် သူပဲကလေးလုပ်ချင်တယ်။ မအေကသူများကလေးငယ်လေးတွေကို ချစ်လို့ချီရင် သူမနာလိုဘူး။ အငယ်ဖြစ်နေလို့လဲပါမယ်ထင်ပါတယ်။ ဒါပေမဲ့ ခွေးကလေး၊ ကြောင်ကလေးတွေတွေ့လို့ကတော့ အတင်းပြေးပွေ့ချီ၊ ပွတ်သပ်ပေးတတ်တယ်။ အိမ်မှာလဲ မွေးချင်တယ်ဆိုပြီး အမြဲပူဆာလေ့ရှိတယ်။ ကျမကလဲ ခွေးတွေကြောင်တွေကို ချီတာပွေ့တာ လုံးဝမကြိုက်ဘူး။ အသက်ရှူလမ်းကြောင်းထဲ အမွှေးတွေဝင်မှာ၊ ရောဂါဖြစ်မှာစိုးရိမ်လို့ အမြဲတားရတယ်။ ဒါပေမဲ့ အမေမမြင်အောင် ဘေးအိမ်ကခွေးကလေးနဲ့ သွားသွားဆော့တတ်တယ်။ ကိုယ်ကလဲ တွေ့နေပေမဲ့ အပြင်မှာ ခဏတဖြုတ်ဆော့ရင် ဆော့ပါစေလေဆိုပြီး လွတ်ထားပေးလိုက်ပြီး ပြန်လာမှ ရေမိုချိုးခိုင်းရတယ်။ ဖြစ်ချင်တော့ ဒီနေ့ခင်းစားသောက်ပြီး အပြင်ထွက်လည်ဖို့ဆိုပြီး မီးဖိုထဲချက်ပြုတ်နေတာ သူတို့ထွက်ဆော့နေတာ မကြည့်ဖြစ်လိုက်ဘူး။ ထမင်းစားဖို့ခေါ်တော့မှ လက်နဲ့ထမင်းစား လို့မရဘူး၊ ခွေးကိုက်ထားတယ်တဲ့..။ ကြည့်လိုက်တော့ လက်မခုံအတွင်းအပြင်မှာ ခြစ်ရာတွေ။ သွားနဲ့ခြစ်မိထားတာ။ လက်ဖဝါးမှာက နဲနဲနက်တယ်။ သူခွေးကိုင်တာကို မကြိုက်ဘူးပြောထားလို့ ခွေးကိုက်ထားတာကို မပြောဘဲထားထားတာ။ လက်ကို ကိုင်ကြည့် တော့ ငိုမဲ့မဲ့နဲ့ မနာပါဘူးတဲ့။ သူလုပ်ချင်တာလုပ်ထားတော့ ဖြစ်ရင်လဲခံမယ်ဆိုတဲ့ပုံစံနဲ့… ။ ကိုယ်မအေက မွေးထားတာဆိုတော့ မခံနိုင်ဘူး။ တပျစ်တောက်တောက်နဲ့ ခွေးရူးရောဂါ ဖြစ်ရင်ဘယ်လိုလုပ်မလဲဆိုပြီးပူနေရတာ။ သူတို့က ဒါတွေဘာမှမသိတော့ ကိုယ်ပြောမှ မျက်ရည်တွေကျလာပြီး နောက်မလုပ်တော့ပါဘူးတဲ့။ လူ့စိတ်တွေများ ခက်လိုက်တာများနော်။ ဒါအန္တရာယ်ရှိမှန်းသိလို့ ပြောရင်မယုံဘူး။ လက်တွေ့ ကိုယ်တိုင် ခံလိုက်ရမှ ကြေနပ်တော့တာ။ ခွေးဆိုတာက ခွေးစိတ်ပဲလေ။ ဘယ်လောက်ပဲချစ်စရာကောင်းကောင်း၊ လူကသူ့ကို ဘယ်လောက်ပဲချစ်ချစ်၊ သူစားမဲ့အစာ သွားထိလို့ကတော့ အကိုက်ခံရမှာမှာပဲ သူ့အစား ကလွဲရင် ကျန်တာသူမသိဘူးလေ။ ခက်တာက ကလေးဆိုတာကလဲ သူတို့ကိုယ်တိုင် လက်တွေ့ခံထားရမှ မှတ်မှတ်သားသား ရှိကြတာမဟုတ်လား။ အကြီးမတနှစ်လောက်တုန်းက လည်းဒီိလိုဘဲ။ လူကြီိးတွေက ရေနွေးသောက်ဖို့ ရေနွေးခွက်များကိုင်လာပြီဆို ခွက်ကိုအတင်းလိုက်ကိုင်တာ။ မကိုင်ရဘူး။ ပူတယ်လို့ပြောရင် နားမလည်ဘူး။ နောက်တော့ ဒီလောက်ဖြစ်လှတာ ကိုင်ကြည့်ဆိုပြီး ပေးကိုင်လိုက်တော့မှ လက်ပူသွားပြီး နောက်ဆိုရေခွက်ဆို ဘာခွက်ဖြစ်ဖြစ် မကိုင်တော့ဘူး။ လက်တွေ့သင်ခန်းစာတွေလေ။ ဒီနေ့လည်း သမီးငယ်တယောက် လက်တွေ့သင်ခန်းစာတခု ရလိုက်တာနဲ့ ဘယ်မှမလည်ရတော့ပဲ emergency မှာဘဲ တနေကုန်သွားရပါတော့တယ်။
(၂၅ ရက်နေ့ကဖြစ်တာပါ...ကွန်ပြူတာက ခြူခြာနေလို့ ဒီနေ့မှတင်ရတာပါ)
4 comments:
ညီမလေးသနားပါတယ်.. နောက်ဆိုလုပ်ရဲမှာတော့ မဟုတ်ပါဘူး.. မြန်မြန်သက်သာပါစနော်.. ခုရော ဘယ်လိုတဲ့လဲအန်တီ..ဆရာဝန်ကဆေးထိုးနဲ့ပေးမှာပါ
သားတို့နဲ့များကွာပါ့.. ခွေး၊ ကြောင် ဘာအကောင်မှမချစ်တတ်ဘူး.. ချစ်တဲ့သူကျတော့လည်း ဘယ်လောက်ဆူဆူ ပြောပြော မရဘူးရယ်လေ.. သဘာဝ သဘာဝ..
မချိုရေ...
ပိပိလေးကို ဂရုစိုက်ပါ..။
ကလေးဆိုတာတော့ ဒီလိုဘဲပေါ့...
ဝတုတ်ပိအိုင်းလေး လက်အနာမြန်မြန်ပျောက်အောင် ဦးငယ်လည်းဆုတောင်းပေးပါတယ်..။
ဖြစ်မှဖြစ်ရလေဗျာ၊ အမရေ ခွေးကိုက်တာတော့မပေါ့နဲ့ ၊ ကလေးကိုသေချာ ဂရုစိုက်ပါ၊ တူမလေး အနာမြန်မြန် ပျောက်ပါစေ၊
လက်ကတော့သက်သာနေပါပြီ.. ပိပိက ကာကွယ်ဆေတးအားလုံးထိုးပြီးသားဖြစ်လို့ ဘာမှတော့ထပ်မထိုးပေးတော့ဘူး တူလေးရေ.. ဒီကခွေးတွေကလဲ အားလုံးက ကာကွယ်ဆေးမထိုးဘဲမွေးလို့မရဘူးဆိုတော့ နဲနဲစိတ်သက်သာရပါတယ်.. အခုလိုဆုတောင်ပေးကြတဲ့အတွက် ပိပိက ကိုကိုတို့ ဦးဦးဆူးတို့ ဦးဦးကမာတို့ကို ကျေးဇူးတင်ပါတယ်တဲ့ရှင်...
Post a Comment