တနှစ်တခါ ပေါ်လို့လာတဲ့ ဘလော့ဂါ ငြိမ်သက်က "မနှစ်ရဲ့ နောက်ဆုံးညက သူတို့တွေ ဘာလုပ်ခဲ့ကြသလဲ" ဆိုပြီး တဂ်လာတယ်..။ မနှစ်ကတော့ ဘာမှထွေထွေထူးထူးမရှိလို့ မမှတ်မိတော့ဘူး။ ရောက်စနှစ်ကတော့ တကယ့်ကိုမေ့မရလို့ တနှစ်ရဲ့ နောက်ဆုံးည အကြောင်းကိုပဲ ရေးလိုက်တော့မယ်..။ ကိုယ်က သွားတဂ်မိထားမှတော့ ကိုယ်အလှည့်ပြန်ရေး ပေးရတော့မှာပေါ့။
အဲ့ဒီတုန်းက ကိုယ်ကလည်းရောက်တာမကြာသေးတော့ ဒီကအကြောင်းတွေလဲ သိပ်မသိ သေးဘူးလေ။ သမီးတွေက သူငယ်ချင်းတွေဆီကတဆင့် ကြားလာတယ်ထင်ပါတယ်..။ မြို့ထဲမှာ မီိးပန်းဖောက်တာ သွားကြည့်ချင်တယ်ဆိုပြီိး ပူဆာကြတယ်။ အိမ်နီိးချင်းတွေကို စုံစမ်းလိုက်တော့ ကြည့်မဲ့လူတွေက ဝီလျှံမိတ်မြစ်နားမှာ နေ့ခင်းကတည်းက နေရာဦးထား ရတာ၊ လူတွေကြိတ်ကြိတ်တိုးလို့ တချို့ဆို သေကြတာတောင် ရှိသတဲ့..။ အဲ့ဒီနားကနေ မီိးပန်းဖောက်တာကို ကြည့်ရတာ အလှဆုံးပဲတဲ့။ မြစ်ပေါ်မှာ တံတားတွေကို အထပ် အထပ်တွေ၊ အကွေ့အကောက်တွေနဲ့ လုပ်ထားလို့ အဲ့ဒီိကမီးရောင်တွေနဲ့တင် ညဘက် တော်တော်လှနေတာပါ။ ဦးဂင်ကြီးကလည်း အလုပ်လုပ်စဆိုတော့ မနားရလို့ အိမ်မှာမရှိဘူး။ ကိုယ်ကလဲ ကလေးတွေပူဆာတော့ လိုက်ပြချင်တာနဲ့ ကိုယ်တတ်နိုင်တဲ့ နည်းလမ်းရှာပြီး စီစဉ်လိုက်တယ်။ အိမ်သားအားလုံး သွားမယ်ဆိုပြီး ထွက်ကြတယ်။ အဖေ(ဦိးဂင်ကြီးရဲ့)၊ တူလေးစံလင်း(အကိုသားကို မွေးစားပြီးခေါ်လာတာ..။ အခုအသက်ပြည်နေပြီမို့လို့ သူငယ်ချင်းတွေနဲ့အတူသွားနေနေပြီ)၊ ကျွန်မနဲ့ သမီးနှစ်ယောက် စုစုပေါင်း ငါးယောက်..၊ မြို့ပတ်လိုင်းကားနဲ့ မီးပန်းဖောက်တာ သွားကြည့်မယ်ပေါ့..။
ဒီက လိုင်းကားတွေက အချိန်မရွေး စီးလို့ရနေတော့ ပူစရာမရှိဘူး။ အဖေဆို ပျင်းပျင်းရှိရင် ကားလက်မှတ်ယူသွားပြီး ဂိတ်ဆုံးစီးတော့တာပဲ..။ အိမ်နားက မှတ်တိုင်ကတက်ပြီးရင် အိမ်နားမရောက်မချင်း မဆင်းတော့ဘူး။ ကားကဂိတ်ဆုံးရောက်ပြီး ခဏနားလဲ သူတယောက် တည်း ကားပေါ်မှာ ထိုင်စောင့်နေတာပဲ..။ စီးနေကျဆိုတော့ တချို့ ဒရိုင်ဘာတွေဆို သိနေပြီ။
တခါကဆို သူစောင့်နေကျ မှတ်တိုင်မှာ စီးနေကျကားမဟုတ်ဘဲ တခြားကားပေါ် တက်လိုက် သွားမိပြီး အဲ့ဒီကားက လုံးဝမပြန်တော့တဲ့ကားဖြစ်နေတော့ ဒရိုင်ဘာတော်တော် ဒုက္ခဖြစ်လိုက် သေးတယ်..။ ကားဒရိုင်ဘာက ဆင်းခိုင်းတော့ သူကမဆင်းဘဲ “ဆယ့်ခုနှစ် ဖိုးဂိတ်” ဆိုတာကြီးဘဲပြောနေလို့ ဒရိုင်ဘာက ID ကဒ်တောင်းကြည့်ပြီး အိမ်ပြန်ရောက်မဲ့ ကားဂိတ်အထိ သူ့ bus ကြီးနဲ့ လိုက်ပို့ပေးလိုက်ရတယ်။ အဟဲ.. အိမ်ပြန်ရောက်တော့ “သူတို့ဘာပြောမှန်း ငါလည်းမသိတာနဲ့ ဆယ့်ခုနှစ် ဖိုးဂိတ် ကိုပဲငါပြောနေတာ။ သူတို့က ငါပြောတာ နားလည်တယ်ကွ.. ၁၇ ကားစီးရမဲ့ဂိတ်ကို ပြန်ပို့ပေးတယ်” ဆိုပြီးပြောနေလို့ သူမသိအောင် ရယ်မိကြရသေးတယ်။
မီးပန်းဖောက်တာကို သွားကြည့်မဲ့နေ့ကတော့ ည ၁၂ နာရီဆို မီးပန်းဖောက်မှာဆိုတော့ အိမ်က ၁၁ နာရီထွက်ကြတယ်။ ကားစောင့်တော့ နည်းနည်းနောက်ကျပြီးမှ ရောက်လာတယ်။ ကားပေါ်ရောက်ပြီး ဘေးဘက်ကို ကောင်းကောင်းမြင်ရမဲ့နေရာမှာ နေရာယူလိုက်ကြတယ်။ အဲ့ဒီကနေ ကြည့်ကြမယ်ပေါ့။ အဖေကတော့ ရှေ့ဆုံးက လူကြီးတွေထိုင်တဲ့နေရာမှာ ..။
မြို့လည်ကိုရောက်တော့ ကားပေါ်ကလူတွေတဖြည်းဖြည်း ဆင်းကုန်ကြတယ်။ ကျွန်မတို့ ကတော့ ဆင်းဖို့အစီအစဉ်မရှိတော့ အေးအေးဆေးဆေး မြို့တွင်းက အလှဆင်ထားတာ တွေကို လိုက်ကြည့်နေကြတယ်။ မြို့တွင်းကိုကျော်လာတော့ မီးရောင်တွေ တဖြည်းဖြည်း မှိန်လာပြီး ကားပေါ်မှာလည်း လူရှင်းသွားလိုက်တာ ကျွန်မတို့ မိသားစုပဲ ရှိတော့တယ်။ တချို့နေရာတွေဆို မှောင်မဲနေတဲ့ တောတန်းတွေ…. ။
ဂိတ်ဆုံးလည်းရောက်ရော ဒရိုင်ဘာက အားလုံးဆင်းခိုင်းရော..။ ဒီမှာပဲစောင့်နေမယ်ဆိုတော့မှ သူ့ကားက ဒီညပြန်မထွက်တော့ဘူးတဲ့..။ သေပြီဆရာ…ပေါ့။ ကားဂိတ်ကလည်း ခပ်မှောင်မှောင်နဲ့ ကလေးတွေကတော့ ငိုမဲ့မဲ့နဲ့ ဆင်းကြတယ်။ ကျွန်မကတော့ တော်တော်ခေါင်းခြောက်နေပြီ။ အဲ့ဒီဘက်ကိုလည်း အရင်က တခါမှ ရောက်ဖူးတာမဟုတ်ဘူး။ စိတ်တော်တော်ညစ်သွာပြီး ကလေးတွေကို လည်း အားပေးနေရသေးတယ်။ အဖေကတော့ ညကြီးမိုးချုပ် ဖြစ်နေတော့ နည်းနည်းစိုရိမ်နေပုံရတယ်။ တူလေးစံလင်းကတော့ သူတတ်သလောက်၊ မှတ်သလောက် ကားသွားစုံစမ်းနေတယ်။ တော်တော်လေးကြာမှ ကားတစီးဝင်လာတယ်။ သူက မြို့ထဲပြန်ထွက်မယ်တဲ့ ။ သားအမိတွေ ဝမ်းသာအားရ ပြေးတက်ကြရတယ်။ ဒါပေမဲ့ အဲ့ဒီကားက ကျွန်မတို့အိမ်ဘက်ရောက်တဲ့ကားတော့မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် မြို့ထဲလောက်ပြန်ရောက်ရင် တော်ပါသေးတယ်ဆိုပြီး ကားပေါ်မှာပဲ ပြန်ထွက်မဲ့အချိန်ထိ ထိုင်စောင့်နေကြတယ်။
ဒါပေမဲ့ အဲ့ဒီနေ့က ကံကောင်းခဲ့ပါတယ်။ ကျွန်မတို့ ထိုင်စောင့်နေတုန်း အိမ်ဘက်ကို ရောက်တဲ့ကားက ဝင်လာတာကို ဒရိုင်ဘာကပြောပြလို့ ကားပြောင်းစီးခဲ့ရပါတယ်။ မြို့ထဲကိုရောက်တော့ ကားလမ်းတော်တော်များများကို ပိတ်ထားလိုက်ပါပြီ။ ၁၂ နာရီိအတွင်း မြို့တွင်းမှာ ကားမမောင်းရ ဆိုတာ သတင်းမှာကြော်ငြာထားတာ ကျွန်မတို့မှ မသိခဲ့တာ။ လမ်းပိတ်ကာစအချိန်လေးမှာ ရောက်သွားလို့ ကျွန်မတို့စီးလာတဲ့ကား မြို့တွင်းကို ဖြတ်ခွင့်ရခဲ့ပါတယ်။ ည ၁၂ နာရီမှာ ကျွန်မတို့ အိမ်လေးထဲကို ပြန်ရောက်ခဲ့ပါတယ်။ မီးပန်းတွေတော့ မကြည့်ခဲ့ရပါဘူး။ ဒါပေမဲ့ မိသားစုအားလုံး သက်ပြင်းကိုယ်စီချရင်း ပျော်ရွှင်စွာ ရယ်မောနိုင်ခဲ့ပါတယ်။ ဒါကတော့ ကျွန်မတို့ ဖြတ်သန်းခဲ့တဲ့ ပထမဦိးဆုံး အမေရိကန်နှစ်သစ်ကူးလေးပါပဲ…။
ကဲ.. ငြိမ်သက်ရေ.. ရေးပေးပြီးပြီနော်.. ကြေပြီ
Showing posts with label တဂ် ကြွေးဆပ်ခြင်း. Show all posts

Sunday, January 4, 2009
Sunday, December 28, 2008
ဖြစ်နိုင်ရင် သိပ်ကောင်းမှာပဲ...
ကျွန်မငယ်ငယ်က အရမ်းကိုစိတ်ကူးယဉ်တတ်သူပါ။ မိသားစုနဲ့ ဥယျာဉ်ခြံလေးထဲမှာ သစ်ပင်၊ ပန်းမာန်တွေ စိုက်ပျိုးပြီး အစစအရာရာ ပြည့်ပြည့်စုံစုံနဲ့ ဧချမ်းစွာနေထိုင်ချင်ပါတယ်။ မီးပြည့်စုံရမယ်၊ ရေပြည့်စုံရမယ်၊ နိုင်ငံတကာနဲ့ အဆက်မပြတ်စေရအောင် သတင်းမီဒီယာ ကောင်းကောင်းရှိရမယ်၊ ခြံထွက်သီးနှံလေးတွေကို အလွယ်တကူ သွားရောက်ရောင်းချနိုင်မဲ့ ကိုယ်ပိုင်ကားလေးတစ်စင်းရှိရမယ်၊ ကိုယ့်ကိုချစ်ခင်တဲ့ ဆွေမျိုးသားချင်း၊ မိတ်ဆွေသူငယ်ချင်း တွေနဲ့ နီးနီးနားနားနေရမယ်… အဲ့ဒါဆိုရင် နေပျော်စရာ ဧချမ်းတဲ့ဘဝဖြစ်ပြီလို့ စိတ်ကူးယဉ်ခဲ့ဖူး ပါတယ်။ ဒါပေမဲ့ ခေတ်ကာလအခြေအနေအရ အဲ့ဒီလိုဘဝလေးတခုကိုတောင် မဖန်တီးနိုင် ခဲ့ပါဘူး။ စိတ်ကူးယဉ်တာနဲ့ ဆန့်ကျင်ဖက်တွေပဲ ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီစိတ်ကူးလေး ကတော့ အခုထိရှိနေဆဲပါပဲ..။ တခါတလေ ဦးဂင်ကြီးနဲ့ နောင်ရေးဆွေးနွေးကြရင် တို့သမီးတွေ အရွယ်ရောက်လို့ သူတို့လမ်းသူတို့လျှောက်ကြပြီဆိုရင် တို့အိုကြီးအိုမ နှစ် ယောက်ကတော့ ဆွေမျိုးသားချင်းတွေနဲ့ နီးတဲ့နေရာမှာ ခြံလေးစိုက်ပျိုးပြီး တရားဘာဝနာလေး ပွားများရင်း နေကြတာပေါ့… လို့ တိုင်ပင်ထားကြပါတယ်။ ဒါကတော့ ကိုယ့်အတွက် စိတ်ကူး လေးတွေပေါ့..။
သမီးလေးတွေအတွက်ကတော့ စိတ်ကူးတာရော၊ စိတ်ပူတာရော.. နှစ်ခုစလုံးပဲ။ စိတ်ကူးတာ ကတော့ သူတို့ကိုဖြစ်စေချင်တာလေးတွေပေါ့..။ သူတို့ကို ဆရာဝန်ကြီးတွေ၊ အင်ဂျင်နီယာ ကြီးတွေ၊ ကမ္ဘာကျော်တဲ့ အနုပညာသမားကြီးတွေ.. စတဲ့ အဲ့ဒီလိုကြီးကျယ်တာကြီးတွေတော့ မဖြစ်စေချင်ပါဘူး။ ဂုဏ်ပကာသနကြီးကျယ်တာထက် စိတ်ထားကောင်းတဲ့သူလေးတွေသာ ဖြစ်စေချင်တယ်။ ကိုယ့်အကျိုးစီးပွားထက် သူတပါးကို သနားကြင်နာစိတ် ရှိစေချင်တယ်။ အဆင့်အတန်းမြင့်တယ်လို့ သတ်မှတ်ထားသူတွေနဲ့ ဝင်ဆန့်တာထက် အခြေခံလူထုနဲ့ တသား တည်းဖြစ်စေချင်တယ်။ ရွာသူရွာသားတွေကို နား၊ မျက်စိဖွင့်ပေးနိုင်မဲ့ ကျောင်းဆရာမလေး ဖြစ်ဖြစ်၊ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မဲ့ သူနာပြု ဆရာမလေးဖြစ်ဖြစ် (စနစ်ကောင်းတဲ့ ခေတ်ကြီိးထဲမှာ) ဖြစ်စေချင်တယ်။ ဘာသာတရားကိုင်း ရှိုင်းပြီိး စိတ်ထားနူးညံ့သူလေးတွေ ဖြစ်စေချင်တယ်။ မိန်းကလေးတွေပေမဲ့ အရေးကြုံရင် သတ္တိ ရှိရှိရင်ဆိုင်ဖြေရှင်းတတ် စေချင်တယ်။ စိတ်ထားနူးညံ့ပေမဲ့ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းအောင် ကိုယ်ခံပညာတွေကိုလည်း တတ်ထားကြစေချင်တယ်။ ရိုးရာယဉ်ကျေးမှုကို ချစ်မြတ်နိုးကြစေချင်တယ်။ (မိဘ၊ ဆရာနဲ့ လူကြီိးသူမတွေအပေါ် ရိုသေလေးစား အလိုက်သိတဲ့သူလေးတွေ)။ ဒါပေမဲ့ ရှေးခေတ်ကလို ထိုင်မသိမ်းဝတ်စုံတကားကားနဲ့ နေဖို့မဟုတ်ဘဲ..၊ ခေတ်နဲ့အညီ သင့်တင့် လျှောက်ပတ်တဲ့ ဝတ်စားဆင်ယင်မှုမျိုးနဲ့ပါ။
ကိုယ့်အားကိုယ်ကိုးတဲ့သူလေးတွေ ဖြစ်စေချင်တယ်။ သူတပါးဆီက ပညာကလွဲရင် တခြားဘာ ကိုမှ မလိုချင်ကြစေချင်ဘူး။ ကိုယ့်မှာရှိတာကိုသာ သူတပါးကို ပေးကမ်း၊ လှူဒါန်းစေချင်တယ်။ ပညာတွေ ပြည်ဝပြီး မာနမရှိတဲ့သူလေးတွေ ဖြစ်စေချင်တယ်။ ကိုယ့်တိုင်းပြည်နဲ့ လူမျိုးကို ချစ်ကြစေချင်သလို၊ သူတပါးတိုင်းပြည်နဲ့လူမျိုးကိုလည်း မမုန်းစေချင်ဘူး။ တိုင်းပြည်ချွတ်ခြုံကျ နေရတာဟာ စံနစ်ဆိုးကြောင့်သာဖြစ်ပြီိး ဆင်းရဲမွဲတေနေကြတဲ့ ကိုယ့်လူမျိုးတွေကို အထင် မသေး ကြဖို့ ရှင်းရှင်းလင်းလင်း သဘောပေါက်နားလည်ကြစေချင်တယ်။ ဒုက္ခရောက်နေသူ တွေကို စိတ်ထားသန့်သန့်နဲ့ ကူညီတတ်ပြီး ကြီးနိုင်ငယ်ညှင်းစရိုက်မျိုးကို မုန်းတီးသူတွေဖြစ်စေ ချင်တယ်။ သူတို့လေးတွေမှာလဲ ဒီလိုအကျင့်စရိုက်မျိုးတွေမရှိစေချင်ဘူး။ မပျင်းမရိ ဇွဲရှိရှိနဲ့ စိတ်ဖိစီးမှုမရှိပဲ အလုပ်တွေကို အောင်မြင်အောင်လုပ်တတ်သူတွေ ဖြစ်စေချင်တယ်။ ဘာသာတရားလိုက်စားပြီး စိတ်ချမ်းသာစွာနဲ့ သာသနာပြုနိုင်တဲ့သူလေးတွေလည်း ဖြစ်စေချင်တယ်။
အဲ့ဒါတွေနဲ့ ဆန့်ကျင်ဖက်တွေကတော့ မဖြစ်စေချင်တာတွေပေါ့။ ဖြစ်စေချင်တဲ့ စိတ်ကူးတွေက များသွားပြီ။ ကဲ တူလေး မောင်ကာတွန်းရေ.. ဒီလောက်နဲ့ ကြေနပ်မယ်လို့ထင်ပါတယ်နော်..။ နောက်နေ့ကစပြီး အလုပ်ပြန်ဆင်းရတော့မှာမို့ နှစ်သစ်မကူးခင် အကြွေးမြန်မြန်ဆပ်လိုက်တာ။ နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့စွာနဲ့ ဒီစိတ်ကူးလေးပြည့်ဝအောင် ဆုတောင်းပေးကြပါနော်..။ ကံ၊ ဥာဏ်၊ ဝိရိယနဲ့ ဒီစိတ်ကူးလေးပြည်ဝအောင်လည်း ကြိုးစားသွားမှာပါ..။
တဂ်လာတဲ့ တူလေး မောင်ကာတွန်းနဲ့တကွ လာလည်ပြီးစာဖတ်ကြသူများကို ကျေးဇူးအထူး တင်ပါတယ်။ ညီမလေး မဆုမွန်ရဲ့ ဆန်းပြားတဲ့ စိတ်ကူးလေးတွေကိုတော့ သိချင်သား..၊ ဒါပေမဲ့ အလုပ်မအားရင် နှစ်သစ်ကူးမှာ အကြွေးတွေတင်နေမှာလဲ စိုးတယ်..။ ညီမရေ.. အချိန်လေးရရင်ပေါ့နော်..
ရွှင်လန်းချမ်းမြေ့ကြပါစေ..။

Friday, December 19, 2008
ကိုယ့်ကိုယ်ကိုယ်မုန်းတဲ့ ၁၀ ချက်
ကိုသစ်နက်ဆူးက ကိုယ့်ကိုယ်ကို မုန်းတဲ့အချက် ၁၀ချက်ရေးပါဆိုပြီး တဂ် လိုက်တော့မှ ကိုယ့်ကိုယ်ကို မုန်းတဲ့အချက်တွေကို လိုက်ရှာကြည့်မိတယ်။ သုံးရက်နဲ့သုံးညတိတိ မအိပ်မနေ ရှာဖွေစဉ်းစားရတာ ကိုယ့်ကိုယ်ကိုယ် မုန်းလောက်တဲ့အချက် ရှာမတွေ့ဘူးဖြစ်နေတယ်။ အဲ့ ဒါပေမဲ့ မကောင်းတဲ့အကျင့်တွေတော့ ရှိတာပေါ့နော်။ ဒါတွေကိုရေးချရင်လဲ ရှိစုမဲ့စုမိတ်ဆွေ လေးတွေများ ကိုယ့်ကိုလန့်ပြီး ရှောင်သွားကြမလား စိုးရိမ်မိသေးတယ်။ ဒါပေမဲ့ ကိုလေးစားရတဲ့ ဘလော့ဂါက တဂ် လိုက်တာဆိုတော့လည်း ရှောင်ချင်တဲ့လူ ရှောင်သွားကြ ပါစေ ကိုယ့်မကောင်းကြောင်းလေးတော့ရေးမှဆိုပြီး ကဲ… ရေးပြီ ကိုဆူးသစ်ရေ့ ….
ကျွန်မမှာက အပေါင်းသင်းမိတ်ဆွေ သိပ်မရှိဘူး။ အပေါင်အသင်းလည်းမမက်ဘူး။ ငယ်ငယ် ကတည်း သီးခြားနေချင်တဲ့ အကျင့်ရှိတယ်။ အဲ့..ခင်မင်မိသွားပြီဆိုရင်လည်း ကောင်းကောင်း ဆိုးဆိုး ဘာကိုမှမသိတော့ဘူး။ ငါ့သား၊ ငါ့သမီး၊ ငါ့လင်၊ ငါ့မိဘ၊ ငါ့ဆွေမျိုး၊ ငါ့မိတ်ဆွေ၊ ငါ့လူမျိုး၊ ငါ့တိုင်းပြည်……. စတဲ့ ငါဆိုတဲ့ အတ္တစွဲသိပ်ကြီးတဲ့ သူ။
ဒီကြားထဲ ထစ်ကနဲဆို ဒေါသကလည်း ထွက်တတ်သေးတာ။ ဟိုတလောတုန်းကများ သမီးတွေက သူ့သူငယ်ချင်းတွေဖြစ်တဲ့ အမေရိကန်မလေးနဲ့ အဖရိကန်မလေးနှစ်ယောက်နဲ့ အိမ်နောက်ဘက် မြက်ခင်းထဲဆော့နေကြတာ တော်တော်ကြာနေပြီ။ သူတို့ကို ကိုယ် ကြည့်လိုက်တဲ့အချိန်မှာ သမီးငယ်က ခါးကုန်းထားပြီး ဟိုကလေးနှစ်ယောက်က ကျောပေါ်ခုန် တက်နေကြတာလဲတွေရရော မျက်စိထဲဘာမှမမြင်တော့ပဲ အဲ့ဒီကလေးတွေကို အော်ထုတ်ပြီး သမီးတွေကို အတင်းပြန်ခေါ်၊ သမီးကြီးကိုလဲ“ညီမလေးကိုဒီလိုလုပ်နေတာကို ဘာလို့ မပြော တာလဲ” ဆိုတော့ “ သူတို့ တစ်ယောက်တစ်လှည့် ကုန်းပိုးတမ်းကစားနေကြတာ… ညီမလေးက စီးပြီးသွားပြီ” တဲ့။ ဒါနဲ့တောင်ဒေါသက မလျော့ဘဲ ကိုယ်သမီးဝတုတ်အချိန်စီးစီး ကြီးမှန်းသိရက်နဲ့ “ သူတို့က ကြီးနေပြီ.. ငါ့သမီးလေး ခါးကျိုးသွားမှာပေါ့… နောက်သူတို့နဲ့ မဆော့နဲ့” လို့ ပြောပြီး အဲ့ဒီကလေးတွေလာတိုင်း မောင်းထုတ်ပစ်တာ။ သူတို့လဲ နောက်ပိုင်း ကိုယ်ရှိရင် မလာကြတော့ဘူး။ အဲ့ဒီလို ဒေါသတွေမျိုးတွေနဲ့…. သူ။
ကိုယ့်မှာမရှိသေးရင် လိုချင်တယ်။ အဲ့ဒါရပြီးတော့လဲ.. နောက်တမျိုး.. နောက်တမျိုးပြီး နောက်တမျိုး… ဒါရပြီးရင် ဟိုဟာလိုချင်.. အတောမသတ်နိုင်တဲ့ လောဘကလည်း များမှများ။ ဟိုဟာလည်းလုပ်ချင်၊ ဒီဟာလည်းလုပ်ချင်နဲ့ ဘယ်တော့မှ ပြည်စုံသွားပြီဆိုတာကို မရှိဘူး။ အဲ့ဒီလိုလောဘကြီးတဲ့ … သူ။
ပြီးတော့ သူတပါးကို မနာလို၊ ဝန်တိုတဲ့စိတ်ကလည်း များမှများ။ တယောက်ယောက်က ကိုယ်နဲ့ သိပ်အစေးမကပ်တဲ့၊ ပြိုင်ဘက်လူတယောက်ရဲ့ တော်ကြောင်း၊ တတ်ကြောင်း ပြော နေရင် နားကိုမထောင် ချင်ဘူး။ အဲ့.. အဲ့ဒီလူရဲ့ မကောင်းကြောင်းပြောနေရင်တော့ ဝမ်းကိုသာ လို့။
ကိုယ့်ရဲ့ ကောင်းကြောင်းတွေကို ပြောနေကြရင် ဝမ်းသာသလောက်၊ ကိုယ့်မကောင်းကြောင်း ပြောတဲ့သူကိုတော့ ရန်သူစာရင်းထဲ ထည့်လိုက်တတ်တာ။
ငါ့ကိုများ ဘာမှတ်နေသလဲဆိုတဲ့ မာနကလည်း ရှိသေးတယ်။ ကိုယ့်မှာ ဘာမှမရှိလည်း ဆင်းရဲသားမာနဆိုပြီး လက်မတထောင်ထောင်နဲ့ ဂဏန်းလို…. လူ။
ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီအထင်နဲ့ လုပ်ချင်ရာကိုလည်း ရှေ့နောက်မစဉ်းစားဘဲ စွတ်လုပ် တတ်တယ်။ သူများဘယ်လောက်တားတား နောက်မဆုတ်ဘဲ လုပ်ပြီးမှ နောင်တရတတ် တယ်။
လုပ်ချင်တာကြတော့ စွတ်လုပ်တတ်ပြီး ကြောက်တတ်တဲ့နေရာမှာကြတော့လဲ သူများထက် ကြောက်တတ်လို့ အခုချိန်ထိ ကားမမောင်းရဲသေးဘူး။
စကားကို ချိုချိုသာသာမပြောတတ်လို့ ဆရာလုပ်တယ်လို့ အမြဲ အပြောခံရတယ်။ အစည်းအဝေးတွေမှာ သေသေချာချာ စကားပြောရတော့မယ်ဆိုရင်တော့ အချက်အလက်နဲ့ ဘာမှမပြောတတ်ပဲ သူခိုးပြေးမှ ထိုးကွင်းထ ဆိုသလို ပြီးသွားမှ ငါဒီလို ပြောလိုက်ရ ကောင်းသားဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်နေတတ်သူ။ ( ယောက်ျားနဲ့ စကားများတော့မယ်ဆိုရင်တော့ ကြိုတင်ပြီး စာလေးနဲ့ ရေးမှတ်ထားရတယ်။ ဒါနဲ့တောင် တကယ်စကားများကြပြီဆိုရင် နိုင်အောင်မပြောနိုင်လို့ မျက်ရည်နဲ့ပဲ အဆုံးသတ်ရတာ။)
ကိုယ့်ဆီမှာ အပေါဆုံးက မျက်ရည်ပဲ။
အဲ့ဒါတွေက ကျွန်မသိထားတဲ့ မကောင်းတဲ့အချက်တွေ။ သူများတွေသိထားတဲ့ ကျွန်မရဲ့ မကောင်းတဲ့ တခြားအချက်တွေရှိချင်ရှိနေဦးမှာ။ ကိုယ့်ကိုယ်ကိုယ်မုန်းဖို့ကိုတော့ သင်တန်း သွားတက်ရဦးမယ်။ မိုးကုတ်ဆရာတော်ဘုရားကြီးကတော့ ဖြစ်ပျက်ကိုမြင်အောင်ကြည့်၊ ပြီးရင် ဖြစ်ပျက်ကို မုန်းအောင်ရှု၊ ဖြစ်ပျက်ကိုမုန်း.. ဖြစ်ပျက်ဆုံးရင် နိဗ္ဗာန်ဘဲတဲ့။ အဲ့ဒီတော့မှဘဲ.. ကိုယ့်ကိုယ်ကိုယ် မုန်းမယ်ထင်တယ်။ အခုချိန်ထိကတော့ ကိုယ့်ကိုယ်ကိုယ် ချစ်ခင်နေဆဲ။ အပေါ်က အချက်တွေကလည်း မကောင်းမှန်းသိပေမဲ့ အချိန်တန်ရင် ပေါ်လာစမြဲပဲ။ တားဆီးလို့မရဘူး။ အဲ့ဒါတွေကိုက ကျွန်မရဲ့မုန်းစရာတွေဖြစ်မယ်။
ကိုဆူးသစ်ရေ.. ကျွန်မ မကောင်းကြောင်းတွေ ရေးပြီးပြီနော်.. အကြွေးကြေပြီ။ နော်ဝေက ပုတ်လိုက်တဲ့ဘောလုံးကို သြော်စီရယ်၊ ထိုင်းရယ်ကို ပြန်ပုတ်လိုက်မယ်..။ အားရင်တော့ ရေးကြပေါ့နော်..။ ကဲလာပြီ.. မဆုမွန်၊ ငြိမ်သက်၊ လင်းလင်း၊ နွေဦးမောင်တို့ရေ… ဖမ်းလိုက်ကြပါ ကိုယ့်ကိုယ်ကိုယ်မုန်းတဲ့အချက်တွေဆိုတဲ့ဘောလုံးကြီးကို..။

Subscribe to:
Posts (Atom)