မင်းလောင်းမည်သူလဲ
တူရွင်းတောင်ခြေ၌ စုရုံးနေကြသော လူအုပ်ကြီးမှာ ပန်းသပြေ ညောင်ရေလောင်းကာ ကွမ်းဆော်လုလင်အား ဝိုင်း၍ ပူဇော်ကန်တော့ကြကုန်၏။ မင်းလောင်းကြည့်ရန်သွားသော ကွမ်းဆော်မှာ လွန်စွာ အံ့အားသင့်သွားသည်။ မင်းလောင်းကြည့်ချင်ဇောဖြင့် ကသောကမျော လမ်းကယူခဲ့သည့်ပစ္စည်းများကို ခုမှပင် သတိထား၍ကြည့်မိရာ မင်းမြောက်တန်ဆာများ ဖြစ်နေပြီး မိမိကိုယ်တိုင် မင်းလောင်းဖြစ်နေကြောင်း သတိပြုမိလေတော့၏။ထိုအခါမှပင် တချိန်က စောင်းချမ်းပင်စောင့်နတ် ပြောစကားကို ပြန်လည်သတိရလေတော့ သည်။ လူအုပ်ကြီးကား သူ့ကိုပင် ဝိုင်း၍ကန်တော့နေကြ၏။ ပုဂံမြို့ဘက်မှ၎င်း၊ တောရွာများဘက်မှ၎င်း လူစုလူဝေးကြီးများလည်း လာ၍မဆုံးသေး။ လာနေကြတုန်းပင် ဖြစ်သည်။ ကွမ်းဆော်လုလင်မှာလဲ မြင်းစီးလျက်က မင်သက်မိကာ ဘုမသိ ဘမသိ တွေပြီးစဉ်းစားနေစဉ် နေလည်းဝင်လုပြီိဖြစ်၍ အကြံရခက်နေ၏။ မြင်းပေးလိုက်သော အဘိုးအိုက “နန်းရင်ပြင်ကိုသာ မောင်းလာခဲ့ပေတော့” ဟု မှာသည်ကို သတိရကာ မြင်းဇက်ကြိုးဆွဲလည့်ပြီး ရတနာသုံးပါးဂုဏ် အာရုံပြုလျက် ပုဂံနေပြည်တော်သို့ ထွက်ခဲ့လေတော့သည်။
တူရွင်းတောင်ခြေရှိ လူအုပ်ကြီးနှင့် ဟိုမှ သည်မှ လာနေကြသော လူအုပ်ကြီးလည်း မြင်းနောက်ကပင် လိုက်ပါလာကြ၏။ နန်းရင်ပြင်အထိ လိုက်လာကြသူများ ထွက်၍ကြည့်သူများဖြင့် ပုဂံနေပြည်တော်တွင် အစည်ကားဆုံးနေ့ကြီး တနေ့ဖြစ်သွားသည်။ တနန်တော်လုံး အုန်းမောင်း စည်သံများ ခြိမ့်ခြိမ့်ညံသွား၏။
တောင်သူကြီးမင်းလည်း အံ့အားသင့်ကာ နန်းဦးက ထွက်လာ၏။
“ငါကိုယ်တော်မြတ်ရှိနေပါလျက် အဘယ်သူက မင်းပြုလိုဘိသနည်း” ဟု ကြိမ်းဝါးပြောဆို၏။
သူ၏ မင်းဖြစ်ရမည့် ကုသိုလ်ကံအရှိန်အဝါကလည်း ကုန်လေပြီဖြစ်၍ နန်းတော်၌ ထုလုပ်ထားသော တင်းပုတ်ထမ်းသည့် ကျောက်လူရုပ်ကပင် သူအားရိုက်ပုတ်၍ တွန်းချလိုက်သည်။ တောင်သူကြီးမင်းသည်သေလွန်၍ ကွမ်းဆော်လုလင်သည် မင်းဖြစ်လေ၏။ သက္ကရာဇ် ၃၂၆- ခုနှစ်
ကွမ်းဆော်လာပြီ
တောင်သူကြီးမင်၏ မိဘုရား ညီိအစ်မ သုံးဦးကိုလည်း မိဘုရားအရာ ဆက်လက် ချီးမြောက်တော်မူသည်။အကြီးညီအစ်မနှစ်ဦးတွင် “ကြည်းစိုနှင့် စုက္ကတေး” မင်းသားနှစ်ပါးတို့ ကိုယ်ဝန်သန္ဓေများ ပါလာခဲ့၏။ တောင်သူကြီးမင်း၏ သားများဖြစ်သည်။ အငယ်ဆုံးမိဘုရားတွင် ကွမ်းဆော်မင်းနှင့်မှ “အနော်ရထာ”ကို ဖွား၏။
ရတနာသုံးပါးကျေးဇူးကြောင့် သိကြားနတ်များပင် မနေနိုင်ဘဲ ကူညီစောင့်မကြ၏။ ကွမ်းဆော်မင်းဟု၎င်း၊ ကြောင်ဖြူမင်းဟု၎င်း ခေါ်ဆိုကြသည်။ မင်းပြုလျက်ကပင် ရဟန်းဝတ်၍ ထေရဝါဒ သာသနာ အစစ်အမှန်များ ပြန့်ပွားထွန်းကားအောင် ဆောင်ရွက်လိုစိတ်များလည်း မကြာခဏ ဖြစ်ပေါ်နေ၏။
နန်းစံ ၂၂- နှစ်ရှိသောအခါ ကြည်းစိုနှင့် စုက္ကတေး မင်းသားနှစ်ဦးသည် ကျောင်း ဆောက်လုပ်ကြ၏။ ကျောင်းပြီးလျှင်
“ခမည်းတော်ဘုရား.. သားတော်များဆောက်လှူထားတဲ့ ကျောင်းတော်ကို လိုက်၍ ကြည်ညိုလှဲ့ပါဦး၊ သာဓုခေါ်ပါဦီး။” ဟုပင့်ခေါ်ကာ ကျောင်းကို ပြသကြကုန်၏။ ကျောင်းသို့ရောက်လျှင် အသင့်စီစဉ်ထားသော သင်္ကန်းများပေးအပ်၍ အတင်းအကြပ် ရဟန်းပြုခိုင်းကြလေ၏။ “ သူ့အလိုအလျှောက် ရဟန်းပြုသွားပြီ” ဟု နေပြည်တော်၌ ကောလဟာလလုပ်ပြီး သားအကြီး ကြည်းစိုက မင်းပြုသည်။
ထို့နောက် စုက္ကတေးမင်းပြုရာ အဒေါ်ဖြစ်သူ အနော်ရထာ၏မိခင်ကိုပင် မိဘုရားတင်မြောက်ရန် ကြံစည်သဖြင့် အနော်ရထာနှင့် မသင့်မတင့်ဖြစ်ကြသည်။ စီးချင်းထိုးကြရာ စုက္ကတေးကျဆုံးသွားသည်။
“ခမည်းတော်ဘုရား.. ယနေ့အခါ ဘေးရန်များလည်း ကင်းရှင်းနေပြီဖြစ်၍ ရဟန်းဝတ်ချွတ်လဲ ကာ မင်းပြုတော်မူပါဘုရား”
သားတော်ငယ်အနော်ရထာသည် ရဟန်းပြုနေပြီဖြစ်သော မည်းတော်ထံ သွား၍လျှောက်၏။ ကွမ်းဆော်ဘုန်းတော်ကြီးကား ရှေးယခင်ကပင် ရဟန်းပြုရန်ဆန္ဒလည်းရှိ၊ တရားပီတိလည်း ရတော်မူနေပြီဖြစ်၍ လျှောက်ထားတောင်းပန်သည်ကို ငြင်းပယ်လိုက်လေသည်။
“သားတော် .. ခမည်းတော်ဟာ ငယ်စဉ်ကာလကပင် တရားသဖြင့် မင်းပြုရသည်ကိုသာ လိုလားခဲ့တယ်၊ ပုဂံနေပြည်တော်တခွင်လုံး မစင်မကြယ် မဖွယ်မရာ ယုတ်မာညစ်ညမ်းသော ရဟန်းဆိုး ရဟန်းယုတ်များရဲ့ တရားမှား အကျင့်မှားများကိုလည်း ရှေးယခင်ကတည်းက သုတ်သင်လိုခဲ့တယ်။ ခမည်းတော်လည်း အသက်ကြီးပြီ… မင်းလည်းမလုပ်လိုတော့။ ငါ့သားတော်သာ တရားသဖြင့် မင်းပြုပြီး မြတ်စွာဘုရားရဲ့ အတုမရှိတဲ့ သာသနာတော်ကြီး စည်ပင်ပွင့်လင်းအောင် ဆောင်ရွက်ပေတော့..” ဟုဆိုကာ သားတော်ကိုပင် မင်းပြုစေ၏။
ဓမ္မာစရိယ ဦိးဌေးလှိုင်၏ ရတနာသုံးပါးကျေးဇူး စာအုပ်မှကူးယူဖော်ပြပါသည်။
5 comments:
ဇာတ်သိမ်းပိုင်းေးလ လာဖတ်ပါတယ် အစ်မရေ ကျေးဇူးတင်ပါတယ်...မင်းလောင်းပေါ်စေချင်တယ်..
ဟုတ်တယ်ညီမရေ... ဒီလိုဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်... မကောင်းမှုနည်း၊ ကောင်းမှုများအောင်ကြိုးစားပြီး အနိုင်ယူရမှာပဲ... လူဖြောင့် လူမှန်တွေ တို့တိုင်းပြည်မှာ များများရှိလာပါစေလို့ ဆုတောင်းပါတယ်......
ကောင်းပါတယ်
ကောင်းပါတယ်
ကောင်းပါတယ်
Post a Comment