Sunday, December 28, 2008

ဖြစ်နိုင်ရင် သိပ်ကောင်းမှာပဲ...

ကျွန်မငယ်ငယ်က အရမ်းကိုစိတ်ကူးယဉ်တတ်သူပါ။ မိသားစုနဲ့ ဥယျာဉ်ခြံလေးထဲမှာ သစ်ပင်၊ ပန်းမာန်တွေ စိုက်ပျိုးပြီး အစစအရာရာ ပြည့်ပြည့်စုံစုံနဲ့ ဧချမ်းစွာနေထိုင်ချင်ပါတယ်။ မီးပြည့်စုံရမယ်၊ ရေပြည့်စုံရမယ်၊ နိုင်ငံတကာနဲ့ အဆက်မပြတ်စေရအောင် သတင်းမီဒီယာ ကောင်းကောင်းရှိရမယ်၊ ခြံထွက်သီးနှံလေးတွေကို အလွယ်တကူ သွားရောက်ရောင်းချနိုင်မဲ့ ကိုယ်ပိုင်ကားလေးတစ်စင်းရှိရမယ်၊ ကိုယ့်ကိုချစ်ခင်တဲ့ ဆွေမျိုးသားချင်း၊ မိတ်ဆွေသူငယ်ချင်း တွေနဲ့ နီးနီးနားနားနေရမယ်… အဲ့ဒါဆိုရင် နေပျော်စရာ ဧချမ်းတဲ့ဘဝဖြစ်ပြီလို့ စိတ်ကူးယဉ်ခဲ့ဖူး ပါတယ်။ ဒါပေမဲ့ ခေတ်ကာလအခြေအနေအရ အဲ့ဒီလိုဘဝလေးတခုကိုတောင် မဖန်တီးနိုင် ခဲ့ပါဘူး။ စိတ်ကူးယဉ်တာနဲ့ ဆန့်ကျင်ဖက်တွေပဲ ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီစိတ်ကူးလေး ကတော့ အခုထိရှိနေဆဲပါပဲ..။ တခါတလေ ဦးဂင်ကြီးနဲ့ နောင်ရေးဆွေးနွေးကြရင် တို့သမီးတွေ အရွယ်ရောက်လို့ သူတို့လမ်းသူတို့လျှောက်ကြပြီဆိုရင် တို့အိုကြီးအိုမ နှစ် ယောက်ကတော့ ဆွေမျိုးသားချင်းတွေနဲ့ နီးတဲ့နေရာမှာ ခြံလေးစိုက်ပျိုးပြီး တရားဘာဝနာလေး ပွားများရင်း နေကြတာပေါ့… လို့ တိုင်ပင်ထားကြပါတယ်။ ဒါကတော့ ကိုယ့်အတွက် စိတ်ကူး လေးတွေပေါ့..။

သမီးလေးတွေအတွက်ကတော့ စိတ်ကူးတာရော၊ စိတ်ပူတာရော.. နှစ်ခုစလုံးပဲ။ စိတ်ကူးတာ ကတော့ သူတို့ကိုဖြစ်စေချင်တာလေးတွေပေါ့..။ သူတို့ကို ဆရာဝန်ကြီးတွေ၊ အင်ဂျင်နီယာ ကြီးတွေ၊ ကမ္ဘာကျော်တဲ့ အနုပညာသမားကြီးတွေ.. စတဲ့ အဲ့ဒီလိုကြီးကျယ်တာကြီးတွေတော့ မဖြစ်စေချင်ပါဘူး။ ဂုဏ်ပကာသနကြီးကျယ်တာထက် စိတ်ထားကောင်းတဲ့သူလေးတွေသာ ဖြစ်စေချင်တယ်။ ကိုယ့်အကျိုးစီးပွားထက် သူတပါးကို သနားကြင်နာစိတ် ရှိစေချင်တယ်။ အဆင့်အတန်းမြင့်တယ်လို့ သတ်မှတ်ထားသူတွေနဲ့ ဝင်ဆန့်တာထက် အခြေခံလူထုနဲ့ တသား တည်းဖြစ်စေချင်တယ်။ ရွာသူရွာသားတွေကို နား၊ မျက်စိဖွင့်ပေးနိုင်မဲ့ ကျောင်းဆရာမလေး ဖြစ်ဖြစ်၊ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မဲ့ သူနာပြု ဆရာမလေးဖြစ်ဖြစ် (စနစ်ကောင်းတဲ့ ခေတ်ကြီိးထဲမှာ) ဖြစ်စေချင်တယ်။ ဘာသာတရားကိုင်း ရှိုင်းပြီိး စိတ်ထားနူးညံ့သူလေးတွေ ဖြစ်စေချင်တယ်။ မိန်းကလေးတွေပေမဲ့ အရေးကြုံရင် သတ္တိ ရှိရှိရင်ဆိုင်ဖြေရှင်းတတ် စေချင်တယ်။ စိတ်ထားနူးညံ့ပေမဲ့ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းအောင် ကိုယ်ခံပညာတွေကိုလည်း တတ်ထားကြစေချင်တယ်။ ရိုးရာယဉ်ကျေးမှုကို ချစ်မြတ်နိုးကြစေချင်တယ်။ (မိဘ၊ ဆရာနဲ့ လူကြီိးသူမတွေအပေါ် ရိုသေလေးစား အလိုက်သိတဲ့သူလေးတွေ)။ ဒါပေမဲ့ ရှေးခေတ်ကလို ထိုင်မသိမ်းဝတ်စုံတကားကားနဲ့ နေဖို့မဟုတ်ဘဲ..၊ ခေတ်နဲ့အညီ သင့်တင့် လျှောက်ပတ်တဲ့ ဝတ်စားဆင်ယင်မှုမျိုးနဲ့ပါ။
ကိုယ့်အားကိုယ်ကိုးတဲ့သူလေးတွေ ဖြစ်စေချင်တယ်။ သူတပါးဆီက ပညာကလွဲရင် တခြားဘာ ကိုမှ မလိုချင်ကြစေချင်ဘူး။ ကိုယ့်မှာရှိတာကိုသာ သူတပါးကို ပေးကမ်း၊ လှူဒါန်းစေချင်တယ်။ ပညာတွေ ပြည်ဝပြီး မာနမရှိတဲ့သူလေးတွေ ဖြစ်စေချင်တယ်။ ကိုယ့်တိုင်းပြည်နဲ့ လူမျိုးကို ချစ်ကြစေချင်သလို၊ သူတပါးတိုင်းပြည်နဲ့လူမျိုးကိုလည်း မမုန်းစေချင်ဘူး။ တိုင်းပြည်ချွတ်ခြုံကျ နေရတာဟာ စံနစ်ဆိုးကြောင့်သာဖြစ်ပြီိး ဆင်းရဲမွဲတေနေကြတဲ့ ကိုယ့်လူမျိုးတွေကို အထင် မသေး ကြဖို့ ရှင်းရှင်းလင်းလင်း သဘောပေါက်နားလည်ကြစေချင်တယ်။ ဒုက္ခရောက်နေသူ တွေကို စိတ်ထားသန့်သန့်နဲ့ ကူညီတတ်ပြီး ကြီးနိုင်ငယ်ညှင်းစရိုက်မျိုးကို မုန်းတီးသူတွေဖြစ်စေ ချင်တယ်။ သူတို့လေးတွေမှာလဲ ဒီလိုအကျင့်စရိုက်မျိုးတွေမရှိစေချင်ဘူး။ မပျင်းမရိ ဇွဲရှိရှိနဲ့ စိတ်ဖိစီးမှုမရှိပဲ အလုပ်တွေကို အောင်မြင်အောင်လုပ်တတ်သူတွေ ဖြစ်စေချင်တယ်။ ဘာသာတရားလိုက်စားပြီး စိတ်ချမ်းသာစွာနဲ့ သာသနာပြုနိုင်တဲ့သူလေးတွေလည်း ဖြစ်စေချင်တယ်။

အဲ့ဒါတွေနဲ့ ဆန့်ကျင်ဖက်တွေကတော့ မဖြစ်စေချင်တာတွေပေါ့။ ဖြစ်စေချင်တဲ့ စိတ်ကူးတွေက များသွားပြီ။ ကဲ တူလေး မောင်ကာတွန်းရေ.. ဒီလောက်နဲ့ ကြေနပ်မယ်လို့ထင်ပါတယ်နော်..။ နောက်နေ့ကစပြီး အလုပ်ပြန်ဆင်းရတော့မှာမို့ နှစ်သစ်မကူးခင် အကြွေးမြန်မြန်ဆပ်လိုက်တာ။ နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့စွာနဲ့ ဒီစိတ်ကူးလေးပြည့်ဝအောင် ဆုတောင်းပေးကြပါနော်..။ ကံ၊ ဥာဏ်၊ ဝိရိယနဲ့ ဒီစိတ်ကူးလေးပြည်ဝအောင်လည်း ကြိုးစားသွားမှာပါ..။

တဂ်လာတဲ့ တူလေး မောင်ကာတွန်းနဲ့တကွ လာလည်ပြီးစာဖတ်ကြသူများကို ကျေးဇူးအထူး တင်ပါတယ်။ ညီမလေး မဆုမွန်ရဲ့ ဆန်းပြားတဲ့ စိတ်ကူးလေးတွေကိုတော့ သိချင်သား..၊ ဒါပေမဲ့ အလုပ်မအားရင် နှစ်သစ်ကူးမှာ အကြွေးတွေတင်နေမှာလဲ စိုးတယ်..။ ညီမရေ.. အချိန်လေးရရင်ပေါ့နော်..

ရွှင်လန်းချမ်းမြေ့ကြပါစေ..။

8 comments:

Anonymous said...

အန်တီရေ..
လာဖတ်တာနောက်ကျသွားတယ်..ကွိကွိ..း)
ဒီနေ့ဒီမှာပိတ်ရက်ဆိုတော့ အစုံလျှောက်သွားနေလို့ဗျို့။ ဒေါ်လေးက စိတ်ကူးလေးတွေကောင်းတာပဲ။ ညီမလေးတွေအတွက် တကယ့်မိခင်ပီသတဲ့ မိခင်တွေထဲက မိခင်ပါ။ ဖြစ်စေချင်သလိုတွေ ဖြစ်စေဖို့လည်း ဆုတောင်းပေးပါ့မယ်။ အတတ်နိုင်ဆုံး ဒီလိုဖြစ်အောင် ကြိုးစားပျိုးထောင်နိုင်လိမ့်မယ်လို့လည်း ယုံကြည်နေပါတယ်ဗျာ..။း)

ချစ်တဲ့ တူလေး။

သစ်နက်ဆူး said...

မအိမ်သူ...
မအိမ်သူရဲ့ စိတ်ကူးလေးတွေ လာဖတ်သွားတယ်..
မိခင်ပီသပါပေတယ်..
ဖြစ်ကိုဖြစ်မှာ မအိမ်သူရေ...
ဘာလို့ လဲဆိုတော့..
ကာယကံရှင်ရဲ့ စိတ်ကူးက
ရေခံမြေခံကောင်းတယ်လေ...။

ဖိုးဂျယ် said...

ကြည်နှုးစရာကောင်းတဲ့ မိခင်မေတ္တာ
စိတ်ကူးလေးလာဖတ်သွားပါတယ်

မဆုမွန် said...

အစ်မရေ စိတ်ချ ရေးပေးမယ် ညီမလေး စိတ်ထဲမှာ စိတ်ကူးယဉ်ထားတာတွေမှ အများကြီးပဲ...တူမလေးတွေကိုလဲ အဲ့လို စိတ်ကူးယဉ်အတွေးလေးတွေ စာရေးခိုင်းပါလား အစ်မ..ဖတ်ချင်လို့လေ..
အစ်မတို့မိသားစု ငြိမ်းချမ်းပါစေ

ATN said...

စိတ်ကူးယဉ်တယ်ဆိုတာ တကယ်တော့လည်း ဆန္ဒတွေကို စဉ်းစားမိတာပါပဲ... တချို့ ဆန္ဒတွေဟာလည်း တကယ့် ဘ၀ထဲမှာ ပြည့်ဝလာတတ်ပါသေးတယ်...

တချို့တွေတော့လည်း စိတ်ကူးယဉ်ရုံမျှသာ...

ဘာပဲဖြစ်ဖြစ် ဆန္ဒတွေ ပြည့်ဝပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ...

ဒူကဘာ said...

အိပ်မက်မှ သည် စိတ်ကူး
စိတ်ကူးမှ သည် ဆန္ဒတွေ
ထပ်တူပြုမိကြယင် ရည်မှန်းချက် ရောက်ပြီးပေါ့ မအိမ်သူရယ်...ဖြစ်နိုင်တဲ့ လိုတ နှစ်သစ်မှသည် နောင်ပေါင်းများစွာ တထပ်တည်းကျလျှက် မင်္ဂလာအပေါင်း ခညောင်းစေသားးးးးးးးးးးးး

mirror said...

အစ်မရေ..မိန်းမသားချင်း မိခင်မေတ္တာတွေနိုင်းချင်းခင်းထားတဲ့ ဒီပိုစ့်လေးကို သေချာလေးနက်ခံစားသွားပါတယ်။
လုံခြုံစိတ်ချနေရတဲ့ ခေတ်အခြေအနေဆိုရင်တော့သမီးလေးတွေကို ကိုယ်ခံပညာသင်ပေးဖို့ လိုမယ်မထင်ဘူးအစ်မရဲ့။မသာကာ..ညီမတို့လို ခေတ်ကြီးဆို တစ်မျိုးလေ..:)

စိတ်ကူးဆန္ဒတွေ တစ်နေ့တကယ်ပြည့်ပါစေ အစ်မ။

အိမ်လွမ်းသူ said...

စိတ်ကူးလေးပြည့်ဝစေဖို့အတွက် ဆုမွန်ကောင်းလေးများ တောင်းပေးသွားကြလို့ တူလေးကာတွန်း၊ ကိုဆူးသစ်၊ တူလေးဖိုးဂျယ်၊ ညီမလေးမဆုမွန်၊ ကိုအောင်သာငယ်၊ ကိုဒူကဘာနှင့် ညီမလေးမှန်လေးတို့ကို အထူးပဲ ကျေးဇူးတင်ပါတယ်ရှင်...