Thursday, April 30, 2009

ဝိပဿနာ....(မသက်သက်လွင်)

ဟန္ဒ ဒါနိဘိက္ခဝေ၊ အာမန္တယာမိဝေါ၊
သယဓမ္မာသင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ။
ရုပ်နာမ်ဓမ္မ၊ ခန္ဓာငါးပါးတည်းဟူသော ပြုပြင်၍ပေါ်ပေါက်လာရသော သင်္ခါရ တရားတို့သည် ကုန်ခြင်း၊ ဆုံးခြင်း၊ ပျက်ပြုန်းခြင်းသာ ရှိကြ၏။ မမေ့မလျော့ မပေါ့သောသတိဖြင့် နှလုံးသွင်းဆင်ခြင်ကြကုန်။

နညတြဗောဇ္ဈာတပသာ၊ နညတြိန္ဒြိယသံဝရာ
နညတြ သဗ္ဓနိဿဂ္ဂါ၊ သောတနတ္ထိပဿဓိ ပါဏိနံ၊
ဝိပဿနာ အလုပ်တည်းဟူသော မဂ္ဂင်အကျင့်၊ ဗောဇ္ဈင် အကျင့်ကို ကြဉ်ထား၍ လည်းကောင်း၊ အိနြေ္ဒစောင့်ရှောက်ခြင်းတည်းဟူသော သီလအလုပ်ကို ကြဉ်ထား၍လည်းကောင်း၊ ကိလေသာတို့၏ ကုန်ရာ နိဗ္ဗန်ကို ကြဉ်ထား၍လည်းကောင်း သတ္တ၀ါတို့အား ချမ်းသာခြင်းကို ငါဘုရားမမြင်ချေ၊
ဗုဒ္ဓမြတ်စွာ ဘုရားရှင်

ဤစာစုသည် ၀ိပဿနာတရား ရှုမှတ်နည်း အကြောင်း ရေးသားထားခြင်း မဟုတ်ပါ။ ၀ိပဿနာ ဘာဝနာ အကျင့်မြတ်သည် ဗုဒ္ဓမြတ်စွာဘုရား၏ သာသနာတော်တွင် အဓိကကျသော အားကိုးအားထားရာ၊ မြတ်စွာဘုရား အချီးမွမ်းဆုံးသောအလုပ်၊ တရားစစ် တရားမှန်ဖြစ်ကြောင်းကို မိမိသိမြင်သကဲ့သို့ လူအများသိစေလိုသော ကွယ်လွန်သူ၏ စေတနာဆန္ဒ၊ ကိုယ်တွေ့ဗုဒ္ဓ၀ါဒ အနှစ်သာရကို ဝေငှလိုသော မွန်မြတ်သော ရည်ရွယ်ချက်က ပဓာန ဖြစ်ပါသည်။

အထက်ပါ အမှာစကားများကို မသက်သက်လွင်၏ အသုဘအခမ်းအနားတွင် ဆစ်ဒနီမြို့ရှိ ကျန်ရင့်သူ မကဒတ ရဲဘော်ဟောင်းများနှင့် သူမ၏ တခြားမိတ်ဆွေများက သူမှာမှာကြားခဲ့သော ၀ိပဿနာ အကြောင်းကို သူမ၏ကုသိုလ်အဖြစ် စာအုပ်ငယ်လေးအဖြစ် ထုတ်ဝေလှူဒါန်းပေးရာ၌ စာအုပ်အဖုံးတွင် အမှာစာအဖြစ် ရေးခဲ့ခြင်းဖြစ်ပါသည်။

မသက်သက်လွင်သည် ABSDF တပ်ရင်း (၆၀၁) မှ တပ်ဖွဲ့ဝင် ရဲမေတဦးဖြစ်ပြီး ABSDF ဒုတိယအကြိမ် ညီလာခံ၌ ပထမဦးဆုံး အမျိုးသမီး ဗဟိုကော်မီတီဝင်အဖြစ် အရွေးချယ်ခံခဲ့သည့် မကဒတအမျိုးသမီး တပ်ဖွဲ့ဝင် ဖြစ်သည်။ သူမသည် ပြည်တွင်း၊ နယ်စပ်၊ ပြည်ပ စသည့် နေရာများအားလုံးတွင် မကဒတ၏ တာဝန်ကို ကျယ်ပြန့်စွာ အမျိုးသားများတပ်ဖွဲ့ဝင်များနှင့် ရင်ဘောင်တန်းပြီး ထမ်းဆောင်ခဲ့သူတဦး ဖြစ်ပါသည်။ ၂၀၀၁ ခုနှစ်တွင် သြစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့သို့ ရောက်ရှိပြီး ၂၀၀၃ ခု ဧပြီလ ၇ ရက်နေ့ နံနက် ၁၀ နာရီ မိနှစ် ၅၀ ၌ ဆစ်ဒနီမြို့ရှိ St. Joseph’s Hospital, Auburn တွင် အစာအိမ် ကင်ဆာရောဂါဖြင့် ဘ၀တပါးသို့ ကူးပြောင်းခဲ့ပါသည်။ အောက်ပါစာစုသည် ဗုဒ္ဓဘာသာဝင်များအတွက် သူမ၏ အမှာစာဖြစ်ပါသည်။


ဝိပဿနာ
၂၀၀၁ ဒီဇင်ဘာကုန်တုန်းက အစာအိမ်ထဲမှာ ကင်ဆာဖြစ်နေပြီဆိုလို့ အစာအိမ်ရဲ့ လေးပုံသုံးပုံကို သြစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့ ၀က်(စ်)မိ ဆေးရုံမှာ ဖြတ်တောက်ခဲ့တယ်။ ဆေးရုံမှာ ကိုးရက်လောက်နေပြီးတော့ ချုပ်ရာတွေ ကျက်တာနဲ့ ပြန်ဆင်းခဲ့ရတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာ လူက နားနေဖို့ အချိန်ကို သတိမရပဲ အင်တာနက်တွေမှာ အစာအိမ်ကင်ဆာနဲ့ ပတ်သက်တဲ့ သတင်းတွေ လျှောက်ရှာဖတ် ဖြစ်ခဲ့တယ်။ ကိုယ့်လို အခြေအနေမျိုး ကုလို့မရတဲ့ အခြေအနေနဲ့ သုံးလေးနှစ်လောက် ခံတယ်ဆိုတဲ့ သတင်းတွေ ပိုပြီးများများ ဖတ်ခဲ့ရတယ်။ ဖတ်သွားလေ ကြောက်တာတွေ ပိုတိုးလာလေ ဖြစ်ဖြစ်လာပြီးတော့ လူဟာ တော်တော်ဆောက်တည်ရာမရ ဖြစ်နေခဲ့တယ်။ ကလေးတွေအဖေက ဒါကို နားလည်ခဲ့ပုံ မရဘူး။ ဆေးရုံမတက်ခင်မှာ ရန်ဖြစ်ပြီး ဆေးရုံတက်ခဲ့တယ်။ ဆေးရုံဆင်းတော့လည်း စကားမပြောဖြစ်ကြဘူး။ အိမ်မှာ ဒီလိုပဲ ကတောက်ကဆ ဖြစ်နေတာ အမြဲတမ်းပါပဲ။ ဒီတော့ ထုံးစံအတိုင်း တယောက်ထဲပဲ စီမံကိန်းတွေဆွဲ တယောက်ထဲပဲ ရင်ဆိုင်ရင်းနဲ့ ၂၀၀၂ ခုနှစ်မေလထဲမှာ ကင်ဆာအတွက် ဓါတ်ကင်ကုတာတွေ၊ ဆေးထိုးတာတွေ ဆက်လုပ်ခဲ့တယ်။ ဒီလိုနေလာရင်းနဲ့ တက္ကသိုလ်မှာ မြို့ပြအင်ဂျင်နီယာဘွဲ့ ဆက်တက်နိုင်အောင်လည်း လိုအပ်တဲ့ သင်တန်းတိုတွေ ပြေးတက်နေခဲ့တယ်။
ပိုပြီးဖြတ်သန်းလာလေ ကင်ဆာရောဂါရဲ့ မရေရာမှုတွေကို ပိုပြီးနားလည်လာလေလေ ဖြစ်ရင်းနဲ့ စိတ်ဓါတ်ကျတဲ့အခါတွေ ဖြစ်တဲ့အအကြိမ်လည်း အများကြီး ဖြစ်လာခဲ့တယ်။ စာအုပ်တွေ အများစုမှာလည်း ကင်ဆာသမားတွေအတွက် တရားထိုင်တာ အင်မတန်ကောင်းတယ်လို့ ရေးသားထားကြတာ ပါပေမယ့် တရားထိုင်ဖို့ ကိစ္စကို စိတ်ကူးနြ့တောင် မလုပ်နိုင်ခဲ့ဘူး။ ဗမာပြည်က အစ်အကြီးဆုံးနဲ့ ဆက်သွယ်ပြီး ဗမာဆေးတချို့ကို ၀ယ်စားတာလောက်ပဲ လုပ်ဖြစ်တယ်။ အဓိက ဗမာပြည်က အစ်မကြီးကို တိုင်ပင် စီမံကိန်းချ ဖြစ်တာကတော့ ကင်ဆာရောဂါ ကုလို့ မရနိုင်တဲ့အကြောင်း၊ စောစောစီးစီး သေသွားမယ်ဆိုရင် သမီးတွေကို အစ်မကြီးနဲ့ ပြန်ထားမယ် ဆိုတဲ့အကြောင်းတွေ ဆွေးနွေးဖြစ်ရင်း ဗမာပြည်မှာ အိမ်ကလေးတလုံး ကြိုဆောက်ထားဖို့ ဆွေးနွေးဖြစ်ခဲ့တယ်။ အစ်မကြီး သဘောတူပါတယ်။ ဒါပေမယ့် သူက ကလေးတွေကို ကျန်းမာရေး၊ ပညာရေး ပိုစိတ်ချလုံခြုံရတဲ့ သြစတြေးလျားမှာပဲ ကြီးပြင်းစေချင်တယ်။
ကိုယ်ကလည်း လက်ခံပါတယ်။ ဒါပေမယ့် ကလေးတွေ ဗမာဇာတိပျောက်သွားမယ့် အခြေအနေကို သိပ်စိုးရိမ်မိတယ်။ တခါတလေကျတော့လည်း ကိုယ့်စဉ်းစားချက်တွေေ၀၀ါးလို့ နေသလိုပါပဲ။ တိုင်ပင်ရမည့်သူကလည်း မရှိ၊ အတွင်းကျကျ ထုတ်ပြောရမည့် သူကလည်းမရှိဘူးလို့ စိတ်ထဲမှာ အမြဲလို ဖြစ်နေတော့ ဒီနောက်ပိုင်းမှာ ကိုယ့်ရဲ့ အထီးကျန် ခံစားချက်တွေ ပိုပြီးဆိုးရွားလာနေသလိုပါပဲ။ နိုဝင်ဘာလကျတော့ ကိုယ့်ရောဂါ အခြေအနေကြောင့် ရထားတဲ့ အစိုးရ ပင်စင်စား အိမ်ရာလေးတခုမှာ ရွှေ့ဖြစ်ကြတယ်။ အဆိုးထဲက အကောင်းထွက်တယ်လို့ ပြောရမှာပဲလေ၊ ရတဲ့အိမ်လေးက အိပ်ခန်း သုံးခန်းနဲ့ ရပ်ကွက်သန့်သန့်တခုမှာ ဆိတ်ငြိမ်တဲ့ အိမ်လေးကို ရခဲ့တယ်။ ကလေးတွေ ကျောင်းအတွက်လည်း အဆင်ပြေတယ်။
အိမ်ပြောင်းလာတဲ့ အချိန်ကစပြီးတော့ လူက နေရထိုင်ရတာ အဆင်မပြေတော့ဘူး။ အစာစားပြီးရင်လည်း အန်တယ်၊ လူက၀မ်းလည်းချုပ်တယ်။ အဲဒါနဲ့ ဆရာဝန်နဲ့ ချိန်းထားတဲ့ရက်လည်း နီးပြီမို့ ပေပြီးစောင့်နေလိုက်တယ်။ တကယ်တမ်း ဆရာဝန်နဲ့ သွားတွေ့တဲ့ ရက်မှာ ကင်ဆာ ပြန်ဖြစ်လာနေတဲ့ လက္ခဏာ ပေါ်လာနေတယ်လို့ သိလိုက်ရတယ်။ ဆေးရုံက အူလမ်းကြောင်း ပြန်ချဲ့ပေးတဲ့နည်းနဲ့ ကုသဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘူး။ အစာအိမ်ကို ဒုတိယအကြိမ် ထပ်ခွဲရပြန်တယ်။ လူဟာ အရင်တုန်းကထက် အဆပေါင်းများစွာ ဆောက်တည်ရာမရ တုန်လှုပ်ခြောက်ခြားမှုတွေ ဖြစ်လာခဲ့ရတယ်။ ခွဲစိတ်ပြီးတဲ့အချိန် ကြားရတဲ့ သတင်းကတော့ ကမ္ဘာပျက်တဲ့ အလားပါပဲ ကင်ဆာ ခွဲထုတ်လို့ မရတော့ဘူး၊ နောက်သုံးလလောက်ပဲ အသက်ဆက်ရှင်နိုင်တော့မယ်။ ပထမဆုံး သတိရလိုက်တာကတော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးပါပဲ။ ဘုရား၊ ဘုရာ၊ ဘုရားလို့ နှုတ်က တမိလိုက်တယ်။ သမီးတွေကို ဘယ်လိုလုပ် ထားခဲ့ရမလဲ၊ ဗမာပြည်ပြန်ပို့ဖို့ အချိန်မီပါ့မလား၊ ဘယ်သူက ပြန်ပို့ပေးမှာလဲ၊ ဘယ်လိုလုပ် ပို့မှာလဲ ပိုက်ဆံလည်းမရှိဘူး အဲဒီလို ပူနေရင်းက ရှမ်းလေးဆိုတဲ့ မိတ်ဆွေတယောက် ဆေးရုံကိုလာလည်တယ်။ သူက ဒီလိုပဲ ဆေးရုံက ခြောက်လပဲလို့ လက်လျှော့လိုက်တဲ့ ရောဂါရှင်တယောက် ခြောက်နှစ်လောက်တောင် နေသွားဖူးတယ်၊ အဲဒီလိုပဲ လေးလပဲခံမယ်ဆိုတဲ့ အဖွားကြီးတယောက် အခုထက်ထိ ရှိနေတယ် ဆိုတဲ့ အားပေးစကားတွေ လာပြောတော့ ရင်ထဲမှာ မျှော်လင့်ချက်လေးတခု ပြန်မြင်လာသလိုပဲ။ ကိုရှမ်းလေးက ထပ်ပြောပြတယ် အဲဒီလူတွေ အားလုံးက (Meditation) တရားထိုင်တာတွေ လုပ်ကြတယ်တဲ့။
ဒီလိုနဲ့ ဆေးရုံက နှစ်ပတ်ကြာပြီး အိမ်ပြန်ရောက်တော့ မိတ်ဆွေတွေလည်း ၀ိုင်းအုံရောက်လာပြီးတော့ ၀ိပဿနာအလုပ်နဲ့ဆိုင်တဲ့ တရားခွေတွေ၊ စာအုပ်တွေ ပေးဖတ်တယ်၊ လူငယ်ဘ၀တုန်းက ဗုဒ္ဓဘာသာရဲ့ အဆီအနှစ်တွေ လေ့လာတယ်၊ ဖတ်ရှုလက်ခံခဲ့တယ်။ သိပ်နှစ်သက်သဘောကျပြီးတော့ ကိုယ့်ကိုယ်ကို လက်တွေ့ကျတဲ့ ဗုဒ္ဓဘာသာဝင်တဦး ဖြစ်ရခြင်းကို ကံကောင်းတယ်လို့ အမြဲယုံကြည်ကျေနပ်ခဲ့သူ တယောက် ဖြစ်တယ်။ ၀ိပဿနာ အလုပ်ကို ရေရေရာရာ မလုပ်ဖြစ်ခဲ့ဘူး။အခုတော့ လုပ်ဖို့ကြိုးစားပါတယ်။ နောက်ကျတယ်၊ စောတယ်ဆိုတာ မရှိပေမယ့် ထင်သလောက်တော့ ခရီးမပေါက်ခဲ့ပါဘူး။ အိမ်မှာ ပူပင်ရတဲ့ ကိစ္စတွေ အများကြီး ရှိနေသေးတယ်။ သားမီး သံယောဇဉ်၊ မိသားစု သံယောဇဉ်တွေ တိကနဲ ဖြတ်ချလိုက်လို့ ရလောက်အောင်လည်း ပါရမီအခံ ရှိခဲ့သူ မဟုတ်ပြန်ဘူး။
ဆေးရုံပြန်ဆင်းလာပြီ ဆိုပေမယ့် အစာစားတဲ့ကိစ္စက ပုံမှန်ပြန်ဖြစ်နိုင်မယ့်ဟာ မဟုတ်ဘူး။ ဒီကြားထဲမှာ ဗမာဆေးသောက်၊ ကချင်ဆေးသောက်၊ တရုတ်ဆေးသောက်နဲ့ ယုံကြည်ရာ ဆေးတွေ ဆက်သောက်နေ ဖြစ်ခဲ့တယ်။ မျှော်လင့်ချက် အမြင့်ကြီးကတော့ သိပ်မထားတော့ပါဘူး။ ဒါပေမယ့် ဒီဘ၀ သက်တမ်းလေးမှာ ဆန့်နိုင်သလောက် ဆန့်ပြီး သွားနိုင်စရာ အကြောင်းတရားတွေနဲ့ ဆက်ပြီးရှာဖွေနေတုန်းပါပဲ။ ဒီလိုနဲ့ ၂၀၀၃ ခုနှစ် ဖေဖေါ်ဝါရီ အလယ်ပိုင်းလောက်က စပြီး ဆေးရုံနဲ့ အိမ်ကြား ပြန်ပြေးခဲ့ရပြန်တယ်။ ဆေးရုံ့ ပြန်မသွားရခင် ဒီနှစ် NSW တက္ကသိုလ်မှာ မြို့ပြပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာဘွဲ့အတွက် ကျောင်းတက်ခွင့်ရတယ်လို့ အကြောင်းကြားစာ ရလာခဲ့တာလည်း ရှိတယ်။ ဒါပေမယ့် ကိုယ့်အခြေအနေမှန်ကို သိနေပြီဖြစ်တော့ အဲဒီကိစ္စအပေါ်မှာ တာရှည်ကြီး စဉ်းစားမနေဖြစ်လိုက်ပါဘူး။ ဆေးရုံမတက်ခင်မှာ သမီးတွေအတွက် ဗမာလို စာမျက်နှာ ငါးမျက်နှာပါတဲ့ စာတစောင်ရေးဖြစ်တယ်။ အဓိကကတော့ သူတို့လေးတွေ ဗမာလိုနေဖို့ ဗုဒ္ဓဘာသာဝင် အခြေခံကျကျ အဆီအနှစ်ကျကျ နားလည်ကြဖို့နဲ့ ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း လူ့ဘ၀မှာ ငြိမ်းငြိမ်းချမ်းချမ်း နေသွားစေလိုတဲ့ စေတနာနဲ့ ရေးဖြစ်တာပါ။ ဆေးရုံက ပြန်ဆင်းလာတယ် အစားမပြောနဲ့ ရေတောင် ကောင်းကောင်း မသောက်နိုင်တော့ပဲ အန်တယ်။ အိမ်မှာရော ဆေးရုံမှာပါ ဘုန်းတော်ကြီးတွေ ကြွလာပြီးတော့ ပရိတ်တရားများ ဟောကြားပေးကြပါတယ်။ သွန်သင်ဆုံးမမှုများ ပြုလုပ်ကြပါတယ်။ မကျန်းမာစဉ်အတွင်းမှာ တရားမှတ်ပြီး နေထိုင်ခြင်းဟာ အကောင်းဆုံးလို့ သင်ကြား ပြသတော်မူခဲ့ကြပါတယ်။
ဆေးရုံက ဆင်းလာခဲ့ပြန်တယ်၊ အိမ်မှာ ဇော်ထွန်းဆိုတဲ့ မိတ်ဆွေတယောက်က လာလည်တယ်။ တရုတ်ပြည်မှာ ဆေးသွားကုဖို့အတွက် မဆိုင်းမတွပဲနဲ့ ၀ိုင်းပြီးတော့ ကူလုပ်ကြတယ်။ အဲဒီနေ့က သူတို့ဇနီးမောင်နံ ပြန်သွားအပြီးမှာ တရားအဖန်ဖန် ရှုမှတ်ရင်းနဲ့ မိမိကိုယ်ကိုယ်မိမိ လက်ခံခြင်း၊ ကောင်းစွာသိခြင်း အဆင့်ကိုရင်ထဲက တွေးကြည့်ရုံ မဟုတ်ပဲနဲ့ အားမတန်လို့ မာန်လျှော့ရတယ်ဆိုတဲ့ အနေအထားမျိုးမဟုတ်ပဲနဲ့ ကျေကျေနပ်နပ် လက်ခံလိုက်နိုင်တယ်။ အဲဒါနဲ့ ကလေးအဖေကို ဖုန်းဆက်ပြီး ပြောခိုင်းတယ်တရုတ်ပြည်မှာ ဆေးကုမယ့် ကိစ္စကို ဆက်မလုပ်ပါနဲ့တော့လို့ ပြောခိုင်းတယ်။ နောက်တနေ့ကျတော့ အိမ်မှာ နေ့စဉ်လာရောက် ကြည့်ရှုပေးနေတဲ့ ဆေးရုံဆရာမ တယောက်ဆီမှာဆားရည်ချိတ်ထားတာ ပြန်ဖြုတ်ပေးဖို့ မေတ္တာရပ်ခံလိုက်တယ်။ ဒီဆားရည်တွေဟာ အသက်ရှည်စရာ အကြောင်းတရား မဟုတ်နိုင်တဲ့ အရာတွေပါပဲ၊ နာရီပိုင်းလောက်သာ မျှော်လင့်ချက် ပေးထားနိုင်တဲ့အရာတွေပါ။ အဲဒါနဲ့ ဆားရည်လည်း ပြန်ဖြုတ်လိုက်တယ်။
အိမ်မှာနေရင်းနဲ့လည်း ကလေးအဖေနဲ့ ကလေးတွေကို အမြဲ အကဲခတ်လေ့လာနေခဲ့တယ်။ သူတို့တွေ ကိုယ်နာမကျန်း ဖြစ်နေတဲ့အပေါ် စိတ်မကောင်းဖြစ်တာရုံ မဟုတ်ဘူး သိပ်တော့ မျှော်လင့်ချက် မထားနိုင်တာကို သိနေကြမှာပါ။ တကယ်တမ်းပြောရရင် ကလေးတွေအတွက်သာ ကိုယ်က မိခင်မေတ္တာနဲ့ ပူပန်စိတ် အမျိုးမျိုးဝင်နေရပေမယ့် သူတို့လေးတွေဟာ ဘာမှ နာလည်ပုံ မရကြဘူး။ ပြောရမယ်ဆိုရင် ဒီကနေ့ ကောက်ကာငင်ကာ သေသွားလည်း သူတို့တွေ ဘယ်လောက်များများ နားလည်ခံစားတတ်မှာလဲ ကလေးဆိုတာ စားချိန်စား ကစားချိန်ကစား အိပ်ချိန်တန် အိပ်သွားတတ်ကြတယ်လေ။ အခြေအနေတခုကြောင့် သူတို့ရဲ့ဘ၀မှာ မိခင်ဆိုတာမျိုး တောင်းတလာမယ့် အချိန်ကျတော့ ကိုယ်က မရှိနိုင်တော့ဘူးပေါ့။ ဒီအခြေအနေအားလုံးလည်း မိမိထိန်းချုပ် ဖန်တီး ဟန့်တားပြုပြင်လို့ ရတဲ့အရာတွေ မဟုတ်ပါဘူး။ ဒီနိယာမဆိုတဲ့ လွန်ဆန်လို့မရတဲ့ သဘာဝတရားတွေကို ကျေကျေနပ်နပ် ခံယူလာနိုင်တဲ့အချိန်ဟာ မိမိအတွက် တကယ်ကို အေးချမ်းတဲ့ အချိန်များပါပဲ။
ကိုယ့်ရဲ့ ၀ိပဿနာညာဏ်စဉ်ဟာ ဘယ်အဆင့်ကို ရောက်တယ်ဆိုတာ မသိပါဘူး။ တခုထင်ရှားတာကတော့ ဒီ မတ်(ခ်ျ)လ ၁၂၊ ၁၃၊ ၁၄၊ ၁၅ ရက်အတွင်းမှာ လူက စိတ်အရ ပေါ့ပါးလွတ်လပ်လာတယ်။ ခန္ဓာကတော့ နာနေတာပေါ့လေ။ လိုအပ်တဲ့ ဆေးဝါးတွေလည်း မှီဝဲနေဆဲပါပဲ။ အထူးသဖြင့် ညဘက်တိတ်ဆိတ်တဲ့ အချိန်များမှာ ပိုပြီး စိတ်ချမ်းသာတယ်။ စိတ်တုန်လှုပ်ခြင်း သောကရောက်ခြင်းတွေ ရှိမနေတော့ဘူး။ အိပ်ပျော်ရာက နိုးလာတဲ့အချိန်မှာ ဒီဘ၀ကလွတ်မြောက်ဖို့ရာ ပိုနီးလာပါလားဆိုတဲ့ ပီတိမျိုးကို သိသိသာသာကြီး ခံစားရတယ်။ ဒီပီတိဖြစ်နေခြင်းဟာ ၀ိဘ၀တဏာဆိုတဲ့ ဘ၀ပျက်ခြင်းကို အလိုရှိခြင်း ဖြစ်နေပြီလားသမ္မာဒိဌိဖြစ်နေမလားလို့ သိချင်တာနဲ့ ၁၅၊၀၃၊၀၃ နေ့လည်ပိုင်းမှာ (ယနောရာ) ဆရာတော် အရှင် ဦးဇာဂရထံမှာ လျှောက်ထား မေးမြန်းခဲ့တယ်။ ဆရာတော်ဘုရားကြီးက ၀ိဘ၀တဏာက ကိုယ်လိုက်လို့ ဒီစိတ်ပေါ်တာ မဟုတ်တဲ့အပြင် ပြုဖူးတဲ့ကုသိုလ်တွေကြောင့် သေရမှာကို မကြောက်တဲ့စိတ် ပေါ်လာတာ ဖြစ်တယ်လို့ ရှင်းပြတယ်။ အဲဒါနဲ့ ကိုယ့်စိတ်ထဲမှာ ကြည်ပြီးတော့ ရှင်းသွားတယ်။ တချို့ရက်တွေမှာ ဆိုလို့ရှိရင် ဒီလိုစိတ်တွေ ရှင်းဖို့ အချိန်မရောက်ခဲ့ဘူး။ တခုမဟုတ်ရင် တခုသောကရောက်လာတာပဲ။ အဲဒီနေ့ ရင်ထဲမှာ ငြိမ်းချမ်းလာမှုတွေနဲ့ ပတ်သက်ပြီးတော့ စာလေးတစောင်လောက် ရေးချင်လိုက်တာလို့ ဆန္ဒရှိလာတာနဲ့ ကလေးအဖေကို ပြောပြတယ်။ သူက ရေးပေးမယ်ဆိုတာနဲ့ ရေးဖြစ်ခဲ့တာပါ။
အနှစ်ချုပ် ပြောချင်တာကတော့ လူတယောက်ရဲ့ ဘ၀ကောင်းရာမွန်ရာ နေနိုင်၊ ရောက်နိုင်အောင်၊ တန်ဖိုးရှိအောင် သံသရာ ၀ဋ်ဆင်းရဲကြီးကနေ လွတ်မြောက်ပြီး သံသရာ ချုပ်ငြိမ်းသွားအောင် ရနိုင်ရောက်နိုင်တဲ့ တရားများဟာ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားဓမ္မများသာလျင် ဖြစ်ကြောင်း၊ ဗုဒ္ဓသည်သာ ကိုးကွယ်ရာ၊ ဓမ္မသည်သည်ကိုးကွယ်ရာ သာသနာ့ဝန်ကို သစ္စာရှိစွာ ထမ်းဆောင်နေသော သံဃာသည်သာ ကိုးကွယ်ရာပဲ ရှိပါတယ်။ ဒီလို ကိုယ်တိုင်ကိုယ်ကျ အားထုတ်လေ့လာနိုင်တဲ့ တရားဓမ္မဆိုတာ ဗုဒ္ဓဘာသာမှာသာ ရှိတဲ့အတွက်ကြောင့် ဒီစာကို ဖတ်တဲ့သူဟာ ဗုဒ္ဓဘာသာဝင်ဖြစ်ရင် မိရိုးဖလာ ဗုဒ္ဓဘာသာဝင် အဖြစ်လောက်နဲ့ပဲ မကျေနပ်နေကြပဲ ၀ိပဿနာ တရားများကို လက်တွေ့ကျင့်ကြံ အားထုတ်ကြဖို့ တိုက်တွန်းလိုပါတယ်။ သေမှာကို မကြောက်တော့ပဲ သတ္တရှိရှိနဲ့ သေခြင်းတရားကို ရင်ဆိုင်သွားနိုင်ပြီဆိုရင် ဘယ်လောက် တန်ဖိုးရှိသလဲဆိုတာ တကယ်ရင်ဆိုင်ဖူးတဲ့သူပဲ သိနိုင်ပါတယ်။ ဒီသတ္တိလေး ရမလာခင် ဒီသတ္တိလေးရှိမလာခင်မှာ ဖြတ်သန်းလိုက်ရတဲ့သောက စိတ်ဆင်းရဲ ပင်ပမ်းခြင်းတွေဟာ ဘယ်လောက်ကြီးတယ်ဆိုတာ ဖြတ်သန်းဖူးသူတွေသာ သိနိုင်ပါတယ်။ စေတနာ၊ မေတ္တာ ဂရုဏာ တရားတွေကို အခြေခံပြီး ဒီစာကို ရေးဖြစ်ပါတယ်။ သာဓု အနု မောဓနာ ခေါ်ယူကြပါကုန်။

သာဓု သာဓု သာဓု



သက်သက်လွင်
စနေနေ့ ၁၅၊ ၃။ ၀၃


Sunday, April 26, 2009

သမားပျက် ….

ဆောင်းမေးလာတာနဲ့ပတ်သက်လို့ ကျမပြန်ဖြေထားတာကို အခြားစာဖတ်သူများလည်း သိရှိအောင် ပိုစ့်အဖြစ်တင်ပေးလိုက်တာပါ..
ကျမရေးနေခဲ့တဲ့ပိုစ့်တွေမှာ ကျမ အခါအားလျှော်စွာ ရေးထားတာရှိပါတယ်..။ ဒီဓာတ်ပညာကို အခုမှ ဆရာမကြီးဂျာနယ်ကျော်မမလေးနဲ့ ဆရာကြီးဦးသာတင့်တို့ ရေးသားခဲ့တဲ့ စာအုပ်တွေ ကိုဖတ်မိပြီး စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။ ပိုစ့်တွေအဖြစ်မျှဝေပေးနေတာဟာလည်း ကျမတတ်သိလွန်းလို့မဟုတ်ပါဘူး..။ စာအုပ်တွေထဲက ရှာဖွေတင်ပြပေးနေခြင်းသာ ဖြစ်ပါတယ်..။ တကယ်တမ်း ကိုယ်ဖြစ်တဲ့ရောဂါကိုတောင် ကိုယ့်ဖာသာ ပြန်ကုနိုင်သေးတာ မဟုတ်ပါဘူး..။ ကျမမှာ လက်တွေ့ကုသနေတဲ့ သင်ဆရာ၊ မြင်ဆရာလည်းမရှိပါဘူး။ ကျမ်းကြီး၊ ကျမ်းငယ်အသွယ်သွယ်ကို လေ့လာဖတ်ရှုခဲ့ဖူးသေးတာလည်း မဟုတ်သေးပါဘူး။ နောက်တခုက ဒီပညာတွေ၊ ဒီကုသမှုတွေဟာ မြန်မာပြည်တွင်းက ခေါ်ဝေါ်ပညတ်ထားတဲ့ ခေါ်အဝေါ်တွေနဲ့ ကုသထားတာဖြစ်လို့ ကျမတို့ နိုင်ငံခြားကအခေါ်အဝေါ်တွေနဲ့ မတူကွဲပြားတာတွေရှိသလို ဆေးဖက်ဝင်၊ မဝင်ဆိုတာတွေလည်း မသေချာပါဘူး..။ ဒီပိုစ့် တွေကို စတင်ခဲ့တဲ့အချိန်က ကျမရည်ရွယ်ချက်က ပြည်တွင်းက ဆေးဝါးလုံလောက်စွာ မရကြတဲ့ HIV (AIDS) ဝေဒနာရှင်တွေကို အစာလည်းဆေး၊ ဆေးလည်းအစာဖြစ်တာကြောင့် သူတို့အနေနဲ့ ဆေးမရခဲ့ရင် ဒီဓာတ်ပညာနဲ့ နေထိုင်စားသောက်နေနိုင်ပြီး ဒီပညာရှင်တွေကို မိမိတို့ပတ်ဝန်းကျင်မှာ ရှာဖွေနိုင်ကြအောင်၊ ဒီအတတ်ပညာတွေနဲ့ ရောဂါတွေပျောက်အောင် ကုသနိုင်တယ်ဆိုတာ သိစေချင်ရုံသက်သက်ပါ။ ကျမဟာဒီပညာကို အခုမှ ကကြီးရေက ကနေလေ့လာနေတဲ့ မူကြိုအဆင့်သာရှိပါသေးတယ်။ ဒီအစာဟာ ကိုယ်နဲ့သင့်တယ်၊ ဒီအစာဟာ ကိုယ်နဲ့မသင့်ဘူးဆိုတာလောက် (ကျမတင်ထားတဲ့ နေဂိုဏ်း၊ လဂိုဏ်း ဓာတ်စာ) သာ စာဖတ်သူတွေ ဖတ်ကြည့်ရင်သိနိုင်တဲ့ အဆင့်လောက်ပဲ ကျမလည်းသိတာပါ။ ဒီပညာကလည်း လေ့လာလေ၊ ခက်ခဲနက်နဲလေဖြစ်ပြီး အရင်က ကိုယ်သိတာလေးနည်းနည်းနဲ့ ဆရာလိုလိုလုပ်နေမိတာကိုလည်း ဒီနေရာကနေစာဖတ်သူတွေကို တောင်းပန်ရပါဦးမယ်..။ ဘာလို့လည်းဆိုတော့ ဒီပညာကို ဖြန့်ဝေပေးခဲ့ကြသူတွေဟာ တလ၊ နှစ်လ စာအုပ်လေးဖတ်ပြီး ရေးသားပြုစုခဲ့ကြတာ မဟုတ်ပါဘူး။ ဆယ်နှစ်၊ အနှစ်နှစ်ဆယ် ကိုယ်တိုင် အမျိုးမျိုး လေ့လာကုသခဲ့ကြပြီးမှ မှတ်တမ်းတင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကို ကျမက စာအုပ်လေးတအုပ်နှစ်အုပ်ဖတ်ပြီး ဆရာလိုလိုပြန်လုပ်နေတာဟာ တကယ်တမ်း စဉ်းစားကြည့်ရင် အသွားထက်တဲ့ သံလျှက်ကို သူငယ်နှပ်စားကိုင်နေသလို ဒီဆေးကျမ်းအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ ဆေးကျမ်းကို ပြန့်ပွားစေတာထက် ဖျက်ဆီးသလို ဖြစ်နေတာကြောင့် ကျမအနေနဲ့ မေးလာတဲ့မေးခွန်းတွေအတွက် တောင်းပန်ပါတယ်..။ ကျမ အခုချိန်ထိ ဒီဓာတ်ကျမ်းနဲ့ပတ်သက်လို့ ဘာမှ မယ်မယ်ရရ မသိသေးပါဘူး။ ဆရာမဂျာနယ်ကျော်မမလေးရဲ့ ဆောင်းပါးတွေကိုတော့ အလျှဉ်းသင့်ရင် မျှဝေတင်ပြသွားပါမယ်..။ မေးခွန်းတွေကိုတော့ ကျမ မဖြေနိုင်တော့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျမဟာ စာဖတ်သူသက်သက်သာဖြစ်ပြီး ဒီိပညာနဲ့ ပတ်သက်လို့ ဘာမှ မသိသေးလို့ပါ..။
ဆေးပညာနဲ့ပတ်သက်ပြီး သေချာစွာတတ်သိခြင်းမရှိသေးဘဲ ဆေးကုသနေသူများဟာ လူသတ်သမားနဲ့တူတယ်ဆိုတဲ့အကြောင်း ဆရာကြီးဦးသာတင့်ရဲ့ အခြေခံဓာတ်ကျမ်းမှာ ဖော်ပြထားတာကို ထပ်မံမျှဝေလိုက်ပါတယ်။
စိန်ဝိဇ္ဖာဆေးကျမ်း ကျမ်းညွှန်စံပြ ဥပဒေသမှာဖော်ပြထားတာဖြစ်ပါတယ်။

ဘုန်းသမ္ဘာရှင်၊ လုံ့လရှင်နှင့် ဉာဏ်ရှင်တို့သာ၊ ထိုက်တန်ရာသား၊ ရတနာတင်းကျမ်း၊ ဂုဏ်ပြည့်လျှမ်းသည့်၊ ဆေးကျမ်းမဟာ၊ အနဂ္ဃါဝယ်၊ ပညာနုပ်သေး၊ ဉာဏ်သရွေးနှင့်၊ မြေလေးဆန်ကုန်၊ အကြံဟုန်သည်၊ ကံနုံသူများ၊ မလိုက်စားနှင့်၊ ပတ္တမြားထိန်တောက်၊ ပြည်တန်ကျောက်နှင့် တောမျောက်ပမာ၊ ချည်းနှီးသာတည်း၊ အဇာတသတ်၊ လောကနတ်၏၊ ဓာတ်တော်ရတနာ၊ ဘေးရန်ကာသည့်၊ မဟာယန္တရား၊ စမ်းတဝါးနှင့်၊ တောသားဉာဏ်မဲ့၊ ထိကိုင်ခဲ့မူ၊ သေဟဲ့ဆိုငေါက်၊ ကြိမ်းသံဟောက်လျက်၊ ဦးစောက်ကျွမ်းပြန်၊ မွမွလန်အောင်၊ တွန်းလှန်မုချ၊ သေတွင်းကျသို့၊ ပုံပြထပ်မြှောင်၊ လားတူဆောင်လိမ့်၊ ရောင်ဖိတ်လက်လက်၊ မြမြထက်သည့်၊ စိန်သံလျှက်ဓား၊ နှစ်ဖက်သွားကို၊ နှပ်စားသူငယ်၊ ထိကိုင်တွယ်က၊ အန္တရာယ်မှု၊ ဧကန်ပြုသို့၊ ဥပမာစံ၊ သာဓကံတည်း၊ အကြံပိုးစား၊ ဉာဏ်ဝိုးဝါးနှင့်၊ အစားမလုံ၊ အကြံကုန်မှ၊ ဂဠုန်ဆားချက်၊ သမားပျက်တို့၊ လေးနက်လှစွာ၊ ဤကျမ်းစာကို၊ ပယ်ခွာသွေရှောင်၊ မသုံးဆောင်နှင့် ဉာဏ်မှောင်စောက်နက်ဖျင်းသူတို့ ဟူ၍ ဖြစ်သည်။
ဘုန်းသမ္ဘာရှင်ဟု မိမိကိုယ်မိမိ မဆုံးဖြတ်နိုင်လင့်ကစား ဝီရိယရှင်၊ လုံ့လရှင်၊ ဉာဏ်ရှင်ဖြစ်အောင် ကြိုးစားနိုင်ပါသည်။ အချို့သော ပုဂ္ဂိုလ်တို့က “ဆေးပညာကို ခေါက်မိ၊ ရမ်းမိရုံ သင်ထားမှတော်မယ်၊ အသက်အရွယ်ကြီးတဲ့အခါ၊ ဆေးဆရာအလုပ်နဲ့ပဲ အသက်မွေးရမယ်” စသည်ဖြင့်ပြောလေ့ ဆိုလေ့ရှိကြသည်။ ခေါက်မိရမ်းမိရုံမျှသော ပညာဖြင့် ဆေးဆရာလုပ်မည်ဆိုလျှင် အကြံပိုးစား၊ ဉာဏ်ဝိုးဝါးနှင့်၊ အစားမလုံ၊ အကြံကုန်မှ၊ ဂဠုန်ဆားချက်၊ သမားပျက်တို့သာ ဖြစ်ကြချေမည်။ သမားပျက်ဆိုလျှင် လူသတ်သမားနှင့် ဘာများခြားပါဦးမည်နည်း။

စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်...

Sunday, April 19, 2009

ဝေဘန်ရေး



ဘာလိုလိုနဲ့ သင်္ကြန်တောင်ပြီးသွားပြီ။ သင်္ကြန်ပွဲနဲ့ ပတ်သက်လို့ ဝေဘန်ရေးပေးစရာရှိတာ ပေးဦးမှ….။
ဒီကိုရောက်ပြီးတဲ့အချိန်တွေမှာ ကျမအနေနဲ့ကတော့ သူများတွေသင်္ကြန်ပွဲဆိုလို့သာ၊ ဧပြီလမှာ သင်္ကြန်ကျတယ်ဆိုလို့သာ သင်္ကြန်လိုက်ရတာ… ကိုယ့်ဆီကသင်္ကြန်လို ခံစားချက် တစက်ကလေးမှမရဘူး။ အဓိကကတော့ အပူချိန်လေ။ ဒီမှာက ဧပြီလမှာ အအေးဓာတ်က ကုန်သေးတာမှမဟုတ်တာ။ ဂျွန်၊ ဂျူလိုင်လို လတွေမှာတော့ ဒီကအပူဟာ ကျမတို့ဆီက ဧပြီလအပူချိန်မျိုးပါ။ အမေရိကန်တွေ အဝတ်မကပ်တဲ့အချိန်ပေါ့..။ အမေရိကန်တွေမှ မဟုတ်ပါဘူး။ အပူဒဏ်ကို လူတိုင်းခံစားရတာပါပဲ…။ အဲ့ဒီအချိန်ကျမှ သင်္ကြန်ပိုးက ကျမဆီဝင်တာ..။ ဘယ်သူတွေဘာပြောပြော ကျမကတော့ သမီးတွေနဲ့ သင်္ကြန်ထမင်းတွေ ချက်စား၊ မုန့်လုံးရေပေါ်တွေ လုပ်စားပြီး သားအမိသုံးယောက် ရေပက်တန်းကစားနေကြတာ။ သင်္ကြန်သီချင်းတွေလည်း ဖွင့်လို့ပေါ့..။ တနှစ်မှာ နှစ်ခါ သင်္ကြန်ကျနေတာပေါ့။

အင်း……….. ဒီနှစ် သင်္ကြန်ပွဲနဲ့ ပတ်သက်လို့ ဝေဘန်စရာလေးတွေတော့ရှိသား..။ အပြုသဘောနဲ့ပေါ့လေ။
ဒီနှစ်သင်္ကြန်ပွဲက ထူးခြားပါတယ်။ အရင်နှစ်တွေက သင်္ကြန်ဆို ဖာသိဖာသာနေတဲ့ ကိုဝိုင်းမော်က ဒီနှစ်သင်္ကြန်လုပ်ဖို့ စတင်ဆော်သြတော့ နဲနဲတော့ထူးခြားနေတာပေါ့။ အဲဒီကတည်းက ဒီနှစ်တော့ ပွဲစည်ပြီလို့ ပြောလိုက်မိသေးတာ။
သင်္ကြန်ပွဲ လုပ်ဖို့ စတင်ပြင်ဆင်ကြတယ်ဆိုရင်ပဲ စနေ၊ တနင်္ဂနွေဆို ဦိးဂင်ကြီိးက အလုပ်ရှုပ်နေတော့တာ။ တခါတလေဆို စနေနေ့ အလုပ်ဆင်းရမဲ့ ကျမကိုတောင် အကြို၊ အပို့ မလုပ်နိုင်တော့ဘူး။ အားလပ်ရက်မှာ ပြင်ဆင်ကြရတာကိုး။
သီချင်းတိုက်တဲ့အချိန် နှစ်ခါလောက် လိုက်သွားဖူးတယ်။ ကလေးတွေဆိုနေကြတာ ဟုတ်နေတာပဲ… ။ တကယ့်ပွဲမှာထက်ကောင်းတယ်။ တိုက်တဲ့အချိန်မှာ စက်တွေ၊ မိုက်ကရိုဖုန်းတွေနဲ့ ဆိုတော့ တကယ်ကိုစင်ပေါ်မှာဆိုနေသလို အသံကုန်ဆိုနေကြတာ..။ ပွဲလည်းစရော… အသံတွေမရှိတော့ဘူး.. :))
ရာသီဥတုအရလည်းပါတာပေါ့…။ ဒီကရာသီက ပန်းတွေကြွေတဲ့အချိန်ဆို နှာစေး၊ ချောင်းဆိုး၊ လည်ပင်းနာတာတွေ ဖြစ်တတ်ကြတယ်လေ။ သမီိးကြီး ပေါ့အိုင်းလည်း သီချင်းတောင်ဆိုနိုင်တော့မယ် ထင်မထားဘူး။ သူကလည်း တိုက်ပြီးသားဆိုတော့ တကယ်ပွဲမှာ ဆိုချင်ရှာတယ်လေ…. ။ နှာစေး၊ ချောင်းဆိုးနေတဲ့ကြားက သွားဆိုနေတာ..။ ကိုယ့်မှာတော့ သီချင်းဆိုရင်း ချောင်းထဆိုးမှာ စိုးနေရတယ်။ တော်သေးတယ်.. အသံနဲနဲလုံးသွားတာကလွဲလို့.. အဆင်ပြေသွားတယ်။
အဆင်မပြေတာက ကျမပဲ..။ အောက်ကနေ ကင်မရာအသေးလေးတလုံးနဲ့ ဓာတ်ပုံရိုက်လိုက်၊ ဗွီဒီယိုရိုက်လိုက်နဲ့ တယောက်တည်း အလုပ်တွေရှုပ်နေတာလေ..။ အဲ့ဒီလောက် အလုပ်ရှုပ်နေတာတောင်မှ လိုချင်တဲ့ပုံတွေရမလာဘူး။ တခါဆို ဒီပွဲမှာ စားသောက်ဖို့ ချက်ပြုတ်ရေးတာဝန်ယူထားတဲ့ ကိုကျော်နိုင် သီချင်းဆိုတဲ့အလှည့်မှာ ကိုယ်ကတော့ အကောင်းဆုံးဖြစ်အောင် ဗွီဒီယိုရိုက်ယူနေတာ…. သူက သီချင်းဆိုလည်းကောင်းတယ်။ ဟန်နဲ့ ပန်နဲ့ ဆိုနေတာ… အရင်နှစ်ကဆို သူတို့လင်မယားနှစ်ယောက် စုံတွဲသီချင်းတောင် ဆိုဖြစ်ကြသေးတာ… ။ ကိုယ့်မှာ.. ကင်မရာကိုင်ပြီး စိတ်ရည်ရှည်နဲ့ အနီးအဝေချိန်ပြီး ဟုတ်တိ ပတ်တိ ရိုက်နေတာ… ဘေးမှာ သမီးတွေစကားလာပြောတာကိုတောင် တိတ်တိတ်နေဖို့ အသာလေး လက်ဟန်ခြေဟန် လုပ်ပြနေရသေးတယ်။ သီချင်းပြီိးလို့ လက်ခုပ်သံတွေ လဲပြီးရော ကင်မရာပိတ်လိုက်မှ RED ဆိုပြီး အနီရောင်မှိတ်တုပ်မှိတ်တုပ်က ပေါ်လာတယ်…။ သေပြီဆိုပြီး ကိုယ်နှဖူး ကိုယ်ပြန်ရိုက်မိသွားတယ်။ နောက်တော့ ကိုကျော်နိုင် သီချင်းဆိုတဲ့နေရာ ဖွင့်ကြည့်တော့ သေပြီဆိုတဲ့အသံပဲ ပါတော့တာ….း)))
နောက်ကျန်သေးတယ်…..
လိဒ်ဂစ်တာတီးတဲ့ ကိုမိုးကျော်တို့ .. လင်မယားနှစ်ယောက် စုံတွဲသီချင်းဆိုကြတာ နှစ်ယောက်စလုံး အဆိုကောင်း၊ အသံကောင်းတွေ.. သူတို့ဆိုတဲ့အလှည့် သမီးတွေနဲ့ သူတို့သူငယ်ချင်းတွေရဲ့ ပြဿနာကို ဖြေရှင်းနေရတာနဲ့ ဗွီဒီယို မရိုက်လိုက်ရဘူး…။ တချို့အလှည့်တွေမှာ ဘက်ထရီအားကုန်လို့ မရိုက်လိုက်ရတာတွေလည်း ရှိသေးတယ်….
စင်ပေါ်တက်ချင်တဲ့ ပိုးကလည်း မနည်း…..
သီချင်းလည်းမဆိုတတ်၊ အကလည်း မရတဲ့ကျမ… စင်ပေါ်ဘယ်လိုမှတက်ခွင့်မရခဲ့တာ.. သံချပ်အလှည့်မှ နောက်ကလိုက်အော်ခွင့် ရတော့တာ…. သံချပ်အလှည့်လည်းရောက်ရော… ဘာမှသတိမရတော့ပဲ… ကင်မရာကို ချောင်တခုမှာ ထိုးထားခဲ့ပြီ စင်ပေါ်တက်သွားတော့တာ ဗွီဒယိုရိုက်ဖို့ တယောက်ယောက်ကို ပေးမထားခဲ့မိဘူး… တခြားလူတွေရိုက်ထားတာတော့ ရှိတာပေါ့… ကိုယ့်ထဲမှာတော့ မပါတော့ဘူး…း(
အစားဆိုလည်း ထိပ်ဆုံးက…..
ဒီပွဲမှာ စားစရာတွေကလည်း အလျှံပယ်ပါပဲ…။ ညကတည်းက စဉ်းစားထားတာက… စားစရာတွေကို တခုခြင်းဓာတ်ပုံလိုက်ရိုက်ယူမယ်ပေါ့….။ စားသောက်ခန်းလည်းဖွင့်ရော… ကိုယ်ကရှေ့ဆုံးကဝင်တာပါပဲ… ကင်မရာလွယ်အိတ်တလုံးနဲ့ပေါ့…။ အခန်းထဲလည်းရောက် ရော… ပန်းကန်တခုဆွဲပြီးလူအုပ်ကြီးထဲမှာ ဟိုတိုး၊ ဒီတိုးနဲ့ စားစရာတွေတခုပြီးတခု ယူစားနေလိုက်တာ.. သမီးက တီးဝိုင်းပြန်စနေပြီဆိုပြီး လာခေါ်မှ ထတော့တာ… ။ ဓာတ်ပုံရိုက်ဖို့ လုံးဝမေ့လာခဲ့တယ်…… အစားသောက်တွေကလည်း.. အဲ့ဒီလောက်အထိ ဆွဲဆောင်နိုင်တာပါ…. သဒ္ဓါတရားတွေကောင်းကြတယ်လေ…
အင်း… တီိးတဲ့လူတွေ၊ ဆိုတဲ့လူတွေ၊ အစားအသောက်တွေ အားလုံးကောင်းကြပါတယ်…
ချို့ယွင်းတာက ကိုယ်ပါပဲ… ခေါင်းစဉ်ပေးတာတောင် မှားသွားပြီလားမသိပါဘူး…. ဝေဘန်ရေး အစား.. ဝန်ခံခြင်း ဆိုပြီးရေးရမှာ…
အော်… ဒါနဲ့.. ဒီပွဲမှာ ဦးဂင်ကြီးတယောက် တဆိတ်ဆရာလုပ်လွန်းသလားလို့… @!#$!%@&**^&%$ ဝှီး…ဝှီးးး…. ဒုတ်…. အအား.. &*^!&*^~*%#%$** !!!!!!!.. ကယ်………….. ကြ………… ပါ ………………… ဦး…….. !!%$#@*&^%#@@#$%%^!!~!!!!!!????/<*&^%$@!?@!##!@%^$$#!~#!?

Thursday, April 16, 2009

တိုက်ပွဲဝင်သံချပ်....( အော်ရီိဂွန်)

ပေါ့လန်းရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများမှ အတာသင်္ကြန်ပွဲတွင် စုပေါင်းတင်ဆက်ခဲ့ကြသော သံချပ်ဖြစ်ပါတယ်။ ဒီသံချပ်ကို ရေးသားခဲ့သူကတော့ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီိအဖွဲ့ချုပ်ဝင် မစန်းစန်းမော်ဖြစ်ပါတယ်...။

ခေတ် စနစ်ကို အပြုသဘောမြင်

Sunday, April 12, 2009

သင်္ကြန်ပွဲမှ အမှတ်တရဓာတ်ပုံလေးတွေ

သင်္ကြန်ပွဲမှ အမှတ်တရလေးတွေ

အော်ရီဂန်က မျိုးဆက်သစ်လေးတွေရဲ့ ဖျော်ဖြေမှုလေး တွေကို ဒီနေရာ လေးမှာ ပြန်လည်တင်ဆက်ပေးထားပါတယ်ရှင်..... ဒီနေရာလေးမှာလဲ သမီးလေးတွေရဲ့ ဖျော်ဖြေမှုကို သွားရောက်ကြည့်ရှု နိုင်ပါတယ်ရှင်...

အော်ရီဂန်ပြည်နယ်မှ မြန်မာ့သင်္ကြန်

မြန်မာသက္ကရာဇ် ၁၃၇၁ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် မြန်မာ့ရိုးရာသင်္ကြန်ပွဲအော်ရီဂွန်ပြည်နယ် ပေါ့လန်းမြို့တွင် ကျင်းပခဲ့တဲ့ ရိုးရာသင်္ကြန်ပွဲပါ။ ဒီပွဲကို မြန်မာ့ရိုးရာယဉ်ကျေးမှုဆန်စွာ သင်္ကြန်သံချပ်၊ မြန်မာ့သမီးပျိုလေးများ ရဲ့ယိမ်းအက၊ သင်္ကြန်သီချင်းများ၊ ခေတ်ပေါ်တေးဂီတ စသည့်ဖြင့်တင်ဆက်သွားးကြပါတယ်။ လာရောက်အားပေး သူမြန်မာနိုင်ငံသားများ၊ မိတ်ဆွေအမေရိကန်များနှင့် အသီးသီးသောပရိသတ်များအား မြန်မာ့ရိုးရာအစားအစာ မျိုးစုံလင်စွာဖြင့် တည့်ခင်းဧည်ခံခဲ့ကြသလို မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အညီ သက်ကြီးပူဇော်ပွဲကိုလဲ ကျင်းပ ခဲ့ကြပါတယ်ရှင်...


သက်ကြီးရွယ်ကြီးများကို ကြွရောက်လာကြသော ပရိတ်သတ်များမှ ကန်တော့ကြပြီး သမီိးငယ်လေးများက ပူဇော်ပစ္စည်းများကို လှူဒါန်းနေကြစဉ်
သမီိးငယ်လေးများက သင်္ကြန်ယိမ်းအကနှင့် ဖျော်ဖြေနေကြစဉ်
အဆိုနှင့်အက တွဲဖက်ဖျော်ဖြေနေကြစဉ်
ပေါ့လန်းလှပျိုဖြူလေးများ၏ သင်္ကြန်ယိမ်းအက
မြနန္ဒာသီချင်းနှင့် ပရိတ်သတ်အားလုံး ပျော်ရွှင်စွာ အဆုံးသတ်ကြကာ ပြီးဆုံးသွားပါတယ်.. အစားအသောက်များစုံလင်လှပေမဲ့ ဧည့်သည်များကို ဧည့်ခံရင်း ဓာတ်ပုံမရိုက်လိုက်နိုင်တဲ့အတွက် မတင်ပြနိုင်သလို သံချပ်ကိုလည်း မိမိကိုယ်တိုင် ဝင်ရောက်ကူညီ သီဆိုနေသောကြောင့် ဓာတ်ပုံရော ဗွီဒီယိုပါ မရိုက်လိုက်နိုင်တဲ့အတွက် ပြောထားသည့်အတိုင်း မတင်ပြနိုင်သည်ကိုလည်း တောင်းပန်ပါတယ်ရှင့်........

Saturday, April 11, 2009

တရေးနိုးလာပါပြီ..

သင်္ကြန်မှာ ရိုးရာမပျက်စေဖို့ သမီးတွေက ဆိုကြ၊ ကကြ … အဖေက တီးလိုက်ဆိုလိုက်နဲ့ သံချပ်သံတွေက ဆူညံညံနဲ့ တိုက်နေလိုက်ကြတာ ဒီနေ့နောက်ဆုံးပဲလေ… မနက်ဖြန်ဆို ပွဲကစပြီလေ… အဲ့ဒီိအခါမှပဲ တဝကြီး သွားကြည့်ရမှာပဲ… အကြွေးအမွေးကလဲ စုံစုံလင်လင်နဲ့ ကောင်းတယ်ဆိုပဲ… မနက်ဖြန်ကြရင်တော့ စားစရာအစုံနဲ့ ယိမ်းအကတွေရော အဆိုတွေကိုပါ စုံစုံလင်လင်မျှဝေပါ့မယ်… ဒီနေ့တော့ သီချင်းတွေ၊ သံချပ်တွေတိုက်နေတာကို ဓာတ်ပုံရိုက်လာလို့ အမြည်းလေးတင်ပေးထားပါတယ်… ပိုစ့်မတင်ဖြစ်တာကြာသွားတဲ့အတွက် အခုမှပဲ မိတ်ဆွေအားလုံးကို တောင်းပန်လိုက်ရပါတယ်ရှင်……


အော်.... အခုပိုစ့်တင်နေတဲ့အချိန်က မနက်၂ နာရီကျော်ပြီဆိုတော့ ပွဲစမှာဒီနေ့ပဲပေါ့နော်...
အားလုံးပျော်ရွှင်ကြပါစေရှင်....

Tuesday, March 3, 2009

ပန်းချီလိုလို ကဗျာလိုလို


ငါ့ကို ……
မာနချောက်ထဲ ဆွဲချနေကြ။
ဖက်တွယ်ထား ခန္ဓီစတရား
သာသနာကြီးများတောင် ပြုမယ်ဆိုထားပြီး
ဘာဝနာလေးတော့ ပွားများနေသင့်တာပေါ့။
သတိဆိုတာ
ပိုတယ်လို့ မရှိပါဘူးကွယ်…..
ပန်းချီလားဘာလားတော့မသိ စိတ်ကူးတည့်ရာ ဆွဲထည့်ထားတာလေးတွေပါ ...
ကဗျာဖြစ်လားတော့မသိဘူး.. မခံချင်စိတ်ဖြစ်နေချိန်မှာ အလုပ်စားပွဲမှာ ကိုယ့်ကိုယ်ကိုယ် ဆုံးမထားတာလေးပါ။
ပိုစ့်အသစ်မတင်ဖြစ်တာကြာလို့ ဒါလေးပဲ လည်လည်လာသူတွေအတွက် အပျင်းပြေပေါ့...

Thursday, February 12, 2009

အနာဂတ်...

ပန်းချီ ... ပေါ့အိုင်း
မျက်လုံးသိပ်မကောင်းလို့ စာရိုက်တာခဏနားထားလိုက်ရတယ်။ စာအုပ်ထဲကနေကြည့်ပြီး ကူးရိုက်ရတာ ပိုဆိုးတယ်။ ဒါကြောင့်အခုလောလောဆယ်တော့ ဆရာမကြီး ဂျာနယ်ကျော်မမလေးနဲ့ ဆရာကြီိးဦးသာတင့်တို့ရဲ့ မြန်မာ့ဆေးပညာဆောင်းပါးလေးတွေ ခဏရပ်ထားပြီး ကိုယ်ခံစားချက်လေးတွေကို ရေးဦးမလားလို့ စဉ်းစားမိတယ်။ ဒါနဲ့ ဖေဖော်ဝါရီလ ၁၃ ရက် ခလေးများ( ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) နေ့ရောက်ခါနီးတဲ့အချိန်မှာ ခလေးတွေနဲ့ ပါတ်သက်တဲ့ ကိုယ့်ခံစားချက်တွေပေါ်လာတာနဲ့ တိုက်ဆိုင်သွားလို့ စာပြန်ရိုက်ဖြစ်သွားတယ်။
ကျွန်မဒီဘက်ကိုရောက်ပြီးကတည်းက ကိုယ့်ဆွေမျိုးသားချင်းတွေနဲ့ ဝေးကွာပြီး ငယ်စဉ်က နေခဲ့ရတဲ့ ကိုယ့်ရပ်ရွာက အိမ်လေးခြံလေးတွေရယ်၊ ကလေးဘဝက အပူအပင်ကင်းစွာ ပျော်ရွှင်ခဲ့ဖူးတာတွေရယ်ကို မကြာခဏသတိရနေတတ်တယ်။ အဲ့ဒီလိုသတိရရင် သမီးလေး တွေကို အမေတို့ ငယ်ငယ်က ဘယ်လိုကစားခဲ့ရတာပေါ့….၊ ဘယ်လိုစားခဲ့ရတာပေါ့….. ၊ ဘယ်လိုသွားခဲ့ရ၊ ဘယ်လိုနေခဲ့ရတာပေါ့…. စသဖြင့် ငယ်မူပြန်ပြီးပြောပြရင် သူတို့လေးတွေက ပုံပြင်တပုဒ်လို နားထောင်နေတတ်တယ်။ နောက်ပြီး သူတို့လဲ အဲ့ဒီလိုကစားချင်လိုက်တာ၊ အဲ့ဒီလိုသွားချင်လိုက်တာ …. ဆိုပြီး ပြောတတ်ကြတယ်။
သူတို့လေးတွေ နေထိုင်ကြီးပြင်းနေရတဲ့ ပတ်ဝန်းကျင်က ကိုယ့်အနေနဲ့ကြည့်ရင် တကယ့်ကိုအထီးကျန်ဆန်သလို ခံစားမိတယ်။ နောက်ပြီး……. တစ်နေ့ သူတို့လေးတွေ ကြီးပြင်းလာရင် ကျွန်မတို့လို ငယ်စဉ်ကဘဝလေးတွေကို ပြန်အမှတ်တရဖြစ်စေမဲ့ သူတို့အတွက် အမှတ်တရဆိုတာလေးတွေရော ရှိပါမလားလို့ တွေးပူမိတယ်။ အဲ့ဒီလိုတွေးပူမိ စေအောင် ရင်ထဲမှာ စူးစူးနစ်နစ်ခံစားခဲ့ဖူးတာလဲရှိခဲ့ပါတယ်။


ကျွန်မမိသားစုလေးတစ်ခုကို ထူထောင်ခဲ့ရတာ ကိုယ့်ရဲ့မိခင်တိုင်းပြည်မှာမဟုတ်ဘဲ တရားမဝင်နေထိုင်နေရတဲ့ သူတစ်ပါးနိုင်ငံမှာပါ။ နေထိုင်နေရတာကမှ တရားမဝင်တော့ မွေးလာတဲ့ခလေးတွေကလည်း တရားမဝင်ဘဲ နိုင်ငံမဲ့ဖြစ်နေခဲ့ကြတယ်။ ငွေရှိမှ နေစရာရှိမယ်။ စားစရာရမယ်။ အဖမ်းအဆီး မခံချင်ရင် ငွေရှိဖို့လိုတယ်။ အဲ့ဒီလိုနေရာမှာ နေအိမ်အတည်တကျဆိုတာ ဘယ်လိုမှမဖြစ်နိုင်။ ဒီကလေးတွေအနာဂတ်အတွက် အတည်တကျနေထိုင်နိုင်ဖို့ နိုင်ငံရှိဖို့လိုအပ်တယ်။ ကိုယ့်ရပ်ရွာကိုပြန်ဖို့ဆိုတာကတော့ ဘယ်လိုမှ စဉ်းစားလို့မရနိုင်တဲ့အခြေအနေ။ အဲ့ဒီတော့ တတိယနိုင်ငံကိုထွက်ဖို့ပြင်ရတယ်။
တတိယနိုင်ငံကိုထွက်မဲ့လူတွေကို စုရပ်တစ်ခုလုပ်ပြီး အဲ့ဒီကနေမှတဆင့် ထွက်ရမယ်ဆိုတော့ ကျွန်မတို့ စုရမယ့်နေရာက နို့ဘိုးဒုက္ခသည်စခန်းတဲ့။ အဲ့ဒီကိုသွားရတယ်။ သွားရတဲ့လမ်းခရီးကဝေးလွန်းပြီး အကွေ့အကောက်များလွန်းလှလို့ ခရီးဝေးမသွားဖူးတဲ့ ကလေးတွေရော ကျွန်မပါ ကားမူးပြီးပျို့အန်ကြတယ်။ အကွေ့တွေရောက်တိုင်း သမီးကြီးက အန်တယ်။ သမီးငယ်လေးကလဲ မူးလွန်းလို့ ငိုနေရှာတယ်။ အဲဒီအချိန်က သမီးကြီးက ၆ နှစ်၊ သမီးငယ်က ၄ နှစ်ပဲရှိသေးတယ်။ လမ်းခရီးထက်ဝက်ကျော်လောက်ရောက်တော့ သူတို့နှစ်ယောက်စလုံး အိမ်ပြန်မယ်လို့ချည်း ပူဆာကြတယ်။ ခလေးတွေ ခံစားနေရတာကိုကြည့်ပြီိး အိမ်ပြန်ချင်ခဲ့ပေမဲ့ ကျွန်မတို့မှာ ပြန်ဖို့အိမ်မရှိဘူး…။ အဲ့ဒီိအချိန်က ကျွန်မရင်ထဲမှာ ဗလာကျင်းပြီး ခိုကိုးရာမဲ့သလို ခံစားရမိတယ်။ သူတို့လေးတွေက ငယ်စဉ်ကတည်းက နေလာခဲ့တဲ့အိမ်ကို သူတို့ဘယ်အချိန်မဆို နေခွင့်ရှိတယ်လို့ ထင်နေရှာကြတယ်။ သူတို့ထင်သလို မဖန်တီးပေးနိုင်တဲ့ မိဘတစ်ယောက်အနေနဲ့ ဝတ္တရားမကြေသလို မလုံမလဲခံစားရတယ်။ အခုချိန်အထိလည်း ဒီခံစားချက်က မပျောက်ပျက် သွားသေးဘူး။ အခုချိန်အထိလည်း နေအိမ်အတည်တကျ နေထိုင်ခွင့်မရကြသေးပါဘူး။ ကိုယ့်တိုင်းပြည်ကို ချစ်ပေမဲ့ နေခွင့်မရကြတဲ့ကျွန်မတို့ နိုင်ငံသားတွေ တိုင်းပြည်ပြင်ပမှာ ပုံစံအမျိုးမျိုးနဲ့ မိသားစုဘဝတွေကို ရုန်းကန်နေကြရချိန်မှာ တိုင်းပြည်တွင်းမှာကတော့ “ချမ်းသာတာမှန်သမျှ တရုတ်၊ ကုလားနဲ့ ထိုင်းတွေချည်းပါပဲ သမီးရယ်” လို့ ပြောလာတဲ့ ကြီးတော်တစ်ယောက်ရဲ့ပြောသံကိုကြားယောင်လာရင်း ငယ်စဉ်ကကြားဖူးခဲ့တဲ့ “တရုတ်ကဖိ၊ ရှမ်းကအိ ရှိသည့်ဗမာ တောင်ဘက်မှာ ” ဆိုသည့် တဘောင်လိုလို စာချိုးလိုလို ကြားခဲ့ဖူးတာ အမှတ်ရမိပါတယ်။
တိုင်းပြည်ရဲ့အနာဂတ်ဟာ ကလေးတွေဖြစ်တယ်လို့ ဆိုထားတော့ ကျွန်မတို့တိုင်းပြည်မှာ အကြောင်းအမျိုးမျိုးကြောင့် နေခွင့်မရကြတဲ့ ကလေးတွေဟာ နိုင်ငံတကာနဲ့ နယ်စပ်ဒေသတွေမှာ ပျံ့နှံ့နေကြတော့ အတည်တကျမရှိတဲ့ ကျွန်မတို့ကလေးတွေအတွက် ယဉ်ကျေးမှုဓလေ့စရိုက်တွေ ပျောက်ကွယ်သွားမှာ ကျွန်မတကယ်ဘဲရင်လေးမိပါတယ်။
ကလေးများအားလုံး ငြိမ်းချမ်းပျော်ရွှင်ပြီး တည်ငြိမ်တဲ့အနာဂတ်ကို ပိုင်ဆိုင်ကြစေချင်ပါတယ်။

Thursday, February 5, 2009

ဒဏ္ဍာရီ


ဘဝဇာတ်ခုံမှာ ကိုယ့်နေရာနဲ့ကိုယ် ကပြနေကြရတဲ့ ကျွန်မတို့ လူ့ဘဝခဏတာအချိန်လေးအတွင်းမှာ ချစ်ခင်ခဲ့ကြသူတွေ တွေ့ဆုံကြုံကွဲကြရတာ ဓမ္မတာဖြစ်လို့ ခဏတွေ့ကြတဲ့အချိန်မှာ ပျော်ရွှင်ကြည်နူးကြစေချင်တဲ့ ဆန္ဒနဲ့ အလည်လာကြသူတွေ မပျင်းရအောင်လို့ ခင်မောင်တိုးရဲ့ ဒဏ္ဍာရီိဆိုတဲ့ သီချင်းလေးကို ရှာဖွေတင်ဆက်ပေးထားပါတယ်ရှင်....

Wednesday, February 4, 2009

ထိပ်ကပ်နာ

အိမ်လွမ်းသူတစ်ယောက် အခုတလော ပျင်းနေလိုက်ပုံများ စားလည်းမစားချင်၊ အလုပ်လဲ မလုပ်ချင်၊ နောက်ဆုံး ဘလော့တောင်မရေးချင်ဘူးဖြစ်နေမိတယ်။ ဘလော့ခဏနားမလားလို့ စဉ်းစားမိတယ်..။ အခုညီမဆောင်း က ထိပ်ကပ်နာအတွက်ဆေးမေးတော့ ရှာဖွေတင်ပေးပြီး ခဏနားပါဦးမယ် မိတ်ဆွေတို့ရေ…. ။ အိမ်လွမ်းသူက ဆေးကုနိုင်တဲ့ဆရာမဟုတ်ပါဘူးနော်..။ ဆေးနည်းလေးတွေနဲ့ ရောဂါကို အစာနဲ့ကုသတာကို စိတ်ဝင်စားပြီး မိတ်ဆွေတွေကို မျှဝေချင်တာနဲ့ ကိုယ်ဖတ်မိထားသလောက်စာအုပ်တွေထဲကနေ ကူးယူတင်ပြပေးနေခြင်း သာဖြစ်ပါတယ်။ မိမိတို့ကိုယ်တိုင် စိတ်ဝင်စားရင် ပိုစ့်အဟောင်းလေးတွေပြန်ဖတ်ပြီး တွက်ချက်ယူကာ မိမိနေ့စဉ်စားသုံးနေတာတွေနဲ့ စမ်းသပ်နိုင်ပါတယ်။ ကျွန်မလည်း စမ်းသပ်နေတဲ့အဆင့်ပဲ ရှိပါသေးတယ်။ အခုတော့ ညီမဆောင်းအတွက် ထိပ်ကပ်နာ ဆေးကိုတော့ စာထဲမှာ ရှာတွေ့သလောက် တင်ပြပေးလိုက်ပါတယ်။
နေဂိုဏ်းအတွက် ထိပ်ကပ်နာဆေးအဖြင့်စားသောက်နိုင်တာကတော့ နာနတ်ကြီးဖြစ်ပါတယ်။
လဂိုဏ်းအတွက် ထိပ်ကပ်နာဆေးအဖြင့် စားသောက်နိုင်တာကတော့ ပေါက်ပန်းဖြူပွင့်နှင့် သစ်ဂျပိုးဖြစ်ပါတယ်။
ဆောင်းက စ၊ ဆ၊ ဇ၊ ဈ၊ ည ဆိုတဲ့ ဗျည်းအက္ခရာထဲမှာပါတာဖြစ်လို့ အန္တော စရေ ဆိုတဲ့ နေဂိုဏ်းဝင်သမားဖြစ်ပါတယ်။ ထို့ကြောင့် ဆောင်းအနေနဲ့ နာနတ်သီးကို ဆားနဲ့ဖြူးစားပြီး သစ်ဂျပိုးခေါက်၊ အရွက်ကို ရှူလျှင်သင့်တော်ပါတယ်ညီမရေ..။
အကယ်၍ အခြားအမည်ဖြစ်ပြီး က၊ ခ၊ ဂ၊ ဃ၊ င၊ လ၊ ဝ၊ သ၊ ဟ၊ ပ၊ ဖ၊ ဘ၊ ဗ၊ မ စတဲ့ဗျည်းအက္ခရာပါတဲ့အမည်တွေဆိုလျှင်တော ဂဗ္ဘေ ဝံသေ ဆိုတဲ့လဂိုဏ်းသမားတွေဖြစ်လို့  ပြောင်းပြန်လုပ်ပြီး နာနတ်ပွင့် နှင့် လေးညှင်းပွင့်ကိုရောပြီး ရှူထုပ်ကလေးလုပ်ထားပြီး ပေါက်ပန်းဖြူပွင့်ကို စားသုံးနိုင်ပါတယ်။ သစ်ဂျပိုးခေါက်တို့ အရွက်တို့ကိုလည်း မိမိအဆင်ပြေ သလို အစားအသောက်တွေထဲထည့်ပြီး စားသုံးနိုင်ပါတယ်လို့ ဖြေကြားလိုက်ပါတယ် ညီမရေ။ ဒါကတော့ ပုဂ္ဂလပညတ် ဓာတ်ကျမ်းထဲမှာရှိတဲ့ ဆေးအမည်တွေပါပဲ။
အပျင်းရောဂါပျောက်လို့ စာပြန်ရိုက်လျှင်တော့ ဆေးကျမ်းထဲမှ ရောဂါအမည်နှင့် ၎င်းရောဂါနှင့် သင့်တော်မည့်ဓာတ်စာများကို ဖော်ပြထားသည်များအားလုံးကို ရေးကူးတင်ထားပေးပါမယ်လို့ စဉ်းစားထားပါတယ်။ အဲ့ဒါမှ မိတ်ဆွေတို့အနေနဲ့ မိမိတို့ သိလိုတာတွေကို ကျွန်မကိုမေးမနေရ တော့ပဲ အလွယ်တကူရှာဖွေသိရှိနိုင်မှာဖြစ်လို့ပါ။ ယခုလောလောဆယ်တော့ ခဏပျင်းလိုက်ဦး မှာမို့ ခွင့်လွတ်ကြပါဦးနော်…။

Sunday, February 1, 2009

ထိုးအောင့်နာ....

ဘလော့ဂါ စိုးသင့်ဆွေ မှ လေထိုးလေအောင့်ဖြစ်လျှင် စားသုံးသင့်သောဓာတ်စာများကို မေးလာသောကြောင့် လေ့လာတွေ့ရှိသမျှ ရှာဖွေတင်ပြပေးလိုက်ပါသည်။
စိုးသင့်ဆွေ ဆိုသောအမည်၏အစဗျည်းသည် စ၊ ဆ၊ ဇ၊ ဈ၊ ည ဟူသော အင်္ဂါနာမ်ဖြစ်သောကြောင့် အန္တော စရေ ဟူသော နေဂိုဏ်းဝင်ဖြစ်သည်။ ထို့အပြင် နေဂိုဏ်း၏ နဝင်းများမှာ အရိုင်း စိတ်တို ဖြစ်သည်။ ထို့ကြောင့် ဤအမည်ပိုင်ရှင်သည် သံပုရာသီးကို အစိတ်သေးလေးများစိတ်၍ ဆားနှင့်တို့စားပြီး အရက်တပက်လောက်သောက်နိုင်လျှင် လေထိုးအောင့်နာအတွက် သင့်တော်ပါသည်ဟု ပြန်ကြားလိုက်ပါသည်။
အရက်သည် နေဂိုဏ်းဝင်ပုဂ္ဂိုလ်များအတွက် နဝင်းကြေဆေးအဖြစ်အသုံးပြုနိုင်သည်။ သို့သော် တန်ဆေး၊ လွန်ဘေးဖြစ်သည်ကိုတော့ သတိပြုသင့်သည်။ အရက်ကို ဆေးအဖြစ် အသုံးပြုရန် ရေးသားခြင်းသာ ဖြစ်ပါသည်။
အခြားအမည်များအတွက် မိမိတို့လိုအပ်သလို ရှာဖွေအသုံးပြုနိုင်ရန် လေနှင့်ပါတ်သက်သည့် ဓာတ်စာများ ကိုလည်းရှာဖွေ တင်ပြပေးလိုက်ပါသည်။


ပထမဦစွာ ပုဂ္ဂလပညတ် ဓာတ်ဆရာကြီး အိုင်ကလောင်ဆရာလှိုင်၏ ဆန်းကြယ်သော ကုထုံးများထဲမှ ထိုးအောင့်နာအား ကုသခဲ့ပုံနှင့် လေနှင့်ပတ်သက်သော ဆေးဓာတ်စာ များကို ဖော်ပြသွားပါ မယ်။

အုန်းရေနှင့် သံပုရာရည်တိုက်ပြီး ကုသခြင်း

ကိုထားဆိုသူ အပြင်းဖျားနေရာမှ ထိုးအောင့်ရောဂါဖြင့် မခံမရပ်နိုင်အောင် ခံစားနေရသည်။ ထို့ကြောင့် ဆရာကြီိးအား သွားပင့်ကြသည်။ ဆရာကြီးရောက်လာသောအခါ အိမ်ရှေ့အုန်းပင် မှ အုန်းစိမ်းနှစ်လုံးခူးခိုင်းပြီး သံပုရာသီးနှစ်လုံးကိုပါ အရှာခိုင်းသည်။ တောရပ်ဒေသ ဖြစ်သောကြောင့် ထိုပစ္စည်းများကို အလွယ်တကူပင်ရရှိသည်။ အုန်းစိမ်းတစ်လုံး၏ မျက်နှာဝကိုဖွင့်ပြီး သံပုရာသီးတစ်လုံး၏အရည်ညှစ်ထည့်၍ ကိုထားအားတိုက်သည်။ ပြီးလျှင် ဆရာကြီးသည် အနီးရှိ အိမ်တစ်အိမ်သို့သွားကာ စကားတစ်ဖောင်ဖောင်ပြောနေတော့သည်။
အုန်းရေနှင့် သံပုရာရေသောက်ပြီးသူ ကိုထားမှာ ဝမ်းများလျှောလေတော့၏။ မခံမရပ်နိုင် ဖြစ်လာသောကြောင့် ဆရာကြီးရှိရာအိမ်သို့ လူတစ်ယောက်ကိုလွှတ်ပြီး ပြောပြစေသည်။ ကိုထား၏ခံစားနေရပုံများကို ထိုသူပြောပြသောအခါ ဆရာကြီးကမကြားဘိသကဲ့သို့ စကားများကို ဖောင်လောက်အောင် ခပ်သောသောပြောနေသည်။ သွားပြောသူမှာ ဆရာကြီး၏အကြောင်း ဓာတ်သိဖြစ်သောကြောင့် ဆက်၍မပြောဝံ့ပဲရှိသည်။ ထိုနယ်ရှိလူများ သည် ဆရာကြီးအား အလွန်တရာရိုသေကိုင်းရှိုင်းကြ၏။ ကြောက်ရွံ့လေးစားကြ၏။ ဆရာကြီး၏ အလေ့အထနှင့် စရိုက်ကလည်း တစ်မျိုးပါပေ။ တိတိပြတ်ပြတ်ပြောတတ်သည်။ မမှန်လျှင် မည်သူ့မျက်နှာကိုမျှ ထောက်ထားလေ့မရှိချေ။
ဤနေရာတွင် အလျှဉ်းသင့်သဖြင့် ဆရာကြီး၏စရိုက်တစ်ခုကို ဖော်ပြလိုပါသည်။ ဆရာကြီးသည် သူတစ်ပါးအိမ်အလည်အပတ်သွားလျှင် အိမ်ရှင်တို့ ထမင်းစားနေခိုက်ကြုံ၍ အိမ်ရှင်များက မြန်မာထုံးတမ်းစဉ်လာအတိုင်း ထမင်းစားခေါ်သည်။ ထိုအခါ ဆရာကြီးကလည်း ချိုချိုသာသာဖြင့်ပင် “ စားကြပါကွာ၊ စားကြပါ” ဟု ရည်မွန်စွာ ပြန်လည်ပြောတတ်၏။ အိမ်ရှင်ကမူထိုမျှနှင့်မရပ်နားဘဲ နောက်တစ်ခွန်းထပ်၍ ထမင်းစားခေါ်မိလျှင် “ မင်းဟာမင်း စားချင်စား မစားချင်နေ” ဟု တိုဆတ်ဆတ်ပြန်ပြောလေ့ရှိ သည်။ ထိုအကြောင်းများကိုလည်း လူတိုင်းသိနေကြသည်။
အိုင်ကလောင်ရွာအတွင်း၌ ဆရာကြီးထံလာပြီး အကြောင်းအားလျှော်စွာ မကြာခဏ ထီးလာငှားတတ်သူတစ်ဦးရှိသည်။ သုံးလေးကြိမ်ခန့်အထိ ဆရာကြီးသည် ကောင်းမွန်စွာ ထီးငှားလိုက်၏။ ပြန်ပေးသည့်အခါတွင်လည်း ကောင်းမွန်စွာယူကာ သိမ်းဆည်းထားလေ့ရှိ သည်။ နောက်တစ်ကြိမ် ထိုလူလာငှားသောအခါတွင် ရှေးနည်းတူစွာပင် ကောင်းမွန်စွာ ပေးပြန်၏။ ထီးပြန်လာပေးသောအခါတွင် ဆရာကြီးက ပြုံးပြုံးရွှင်ရွှင်ဖြင့်ပင် ထီးကိုယူပြီး ထိုလူ၏ရှေ့မှောက်၌ရိုက်ချိုးပစ်လိုက်သည်။ ထီးငှားသူမှာ ဆရာကြီးကို တစ်စုံတစ်ရာ ပြန်မပြောဝံ့ဘဲ ထိုင်ရအခက်၊ ထရအခက် ဖြစ်နေသည်။ ထိုအခက်အခဲကို ဆရာကြီးကသိလေ ဟန်ဖြင့် “ မင်းဘာမှစိတ်မကောင်းမဖြစ်ပါနဲ့ကွာ၊ မင်းကိုစိတ်ဆိုးလို့ ဒီလိုလုပ်တာမဟုတ်ပါဘူး၊ ဒီထီးကိုသာ ငါကစိတ်ဆိုးတာပါ၊ ဒီထီးရှိနေတော့ မင်းကလည်းလာငှားတယ်၊ ငါကလည်း ယူပေးရတယ်၊ ငါပါအလုပ်ရှုပ်စေတဲ့ထီးဖြစ်လို့ ရိုက်ချိုးလိုက်တာပါ၊ ”
စသည်ဖြင့် ဣနြေ္ဒရရပင် ပြန်ပြောသည်။ ထိုအကြောင်းများကို ကောင်းစွာသိနေသည့် ထိုနယ်သူနယ်သားများအနေဖြင့် ဆရာကြီးအား တစ်ခွန်းမှနှစ်ခွန်းပြောရန် ဝန်လေးတတ်ကြ ပေသည်။ ဆရာကြီးသည်လည်း ထိုအခါမှစပြီး ထီးကိုလုံးဝမဆောင်းတော့ဘဲ ဝါးခမောက်ကိုသာ ဆောင်းလေတော့သည်။
သို့သော်လည်း ကိုထားမှာ အဆက်မပြတ်ဝမ်းလျှောပြီး ကြွက်တက်ခမန်းဖြစ်နေသည်။ ထို့ကြောင့် နောက်ထပ်လူတစ်ယောက်လိုက်သွားပြန်သည်။ ဒုတိယလိုက်သွားသူက ပထမလိုက်သွားသူကို ဆရာကြီးအား အကျိုးအကြောင်း ပြောမပြောမေးသည်။ ပထမလူကလည်း တစ်ခွန်းပြောသည်ကို မကြားသဖြင့် နောက်ထပ်ဆက်မပြောဝံ့ကြောင်း ပြန်ပြောသည်။ ဒုတိယလူက မနေသာတော့သဖြင့် ဆရာကြီးထံသွားပြီး ကိုထားမှာ ဝမ်းအလွန်လျှောနေသဖြင့် ကြွက်တက်လုခမန်းဖြစ်နေသည့်အကြောင်းကို ဇွတ်ပင်ပြောရတော့ သည်။
“ဟေ… ဟုတ်လားကွ၊ စောစောကငါ့ကိုဘာကြောင့် မပြောကြတာလဲ”
ဟုဆိုကာ သုတ်သုတ်ပျာပျာဖြင့် လူမမာအိမ်သို့ထလိုက်သွားသည်။ ရောက်လျှင်ရောက်ချင်း ကျန်နေသေးသည့် အုန်းစိမ်းတစ်လုံးကို ရှေ့နည်းတူ မျက်နှာဝဖွင့်ကာ သံပုရာသီးတစ်လုံး ညှစ်ထည့်ပြန်သည်။ ကိုထားကလည်း နောက်တစ်ကြိမ်ထပ်သောက်ရလျှင် သေရုံသာ ရှိတော့ကြောင်း ပြောပြသည်။ ဆရာကြီးက အုန်းစိမ်းနှင့် သံပုရာရေကိုရောစပ်ပြီး ဒန်ခွက်ထဲထည့်၍ မီးနှင့်နွေးကာ တိုက်ပြန်သည်။ “ဟေ့ မောင်ထား၊ ပူပူလေးမှုတ်သောက်လိုက်” ဟုပြောသဖြင့် ပြောသည့်အတိုင်းသောက်ရပြန်သည်။ ခဏကြာမှာပင် ဝမ်းပိတ်သွားသည်။ လေလည်းကောင်းစွာလည်သည်။ အောင့်သောရောဂါမှာ တစ်မဟုတ်ချင်း ပျောက်ကင်းသွားသည်။ အဖျားကျသွားသည်။ ဆရာကြီးက အဖျားတက်တော့မည်မဟုတ်ကြောင်း၊ သင့်သော ဓာတ်စာများကိုသာ ဖိ၍စားသောက်ရန် လိုကြောင်းနှင့် ပြောဆိုကာပြန်ခဲ့သည်။
ဓာတ်ကျမ်းအခြေခံကို ကျွမ်းကျင်သူများအနေဖြင့်ကိုထား၏ နာမပညတ်၊ အုန်းစိမ်းနှင့် သံပုရာတို့၏ နာမပညတ်၊ အထက်ပြဆိုခဲ့သော အရိုင်းစိတ်တို၊ လူမိုက်ခေါင်သောက် ဟူသည့် ဓာတ်ဖက်၊ ကမ္ဘာ့မိတ်ဓာတ်ဖက်၊ အုန်းဟူသော မီးခဲတေဇောဓာတ်ဖို၊ သံပုရာဟူသော မှုန်တိုင်းဝါယောဓာတ်မ စသည်တို့ကိုလည်းကောင်း၊ မီးနှင့်ကားလေ၊ မိတ်ဆွေတော်ကြ သဟာယ ဟူ၍လည်းကောင်း၊ အုန်းဟူသော ဂြိုလ်သက်(၆) နှစ်နှင့် သံပုရာဟူသော ဂြိုလ်သက်(၁၂) နှစ်တို့ကို ပေါင်းသော် (၁၈) ရသဖြင့် နဝင်းကြေကြောင်းကို လည်းကောင်း၊ နဝင်းနဝင်းချင်းဖြတ်၍ နဝင်းကြေလျှင် ဆေးဖြစ်သည်ကို လည်းကောင်း အလွယ်နှင့် သိတန်ကြရာသည်။
အထက်ပါအတိုင်း ကိုထားကိုကုသစဉ်က ပထမတစ်ကြိမ်လာခေါ်သည်ကို ဆရာကြီး အမှန်တကယ်မကြားလေသလားဟု သံသယဖြစ်မိပါသည်။ ထို့ကြောင့်ဆရာကြီးနှင့်အတူ အိပ်သည့်အခါ ကျောပြင်ကို ပွတ်ပေးရင်း ခြင်ကိုက်ဖုများကို ဖျောက်ပေးရင်ဖြင့် စာရေးသူက အကျိုးအကြောင်းမေးကြည့်မိသည်။
“အရင်လူလာခေါ်တာ ငါသိပါတယ်ကွာ…၊ တမင်မကြားချင်ယောင်ဆောင်နေတာပဲ၊ ဒီလိုလုပ် ချင်လို့ စောစောကတည်းက ဟိုဘက်အိမ်သွားပြီး တမင်စကားများများ ပြောနေတာပေါ့။ ဒီလိုတိုက်ရင် ဒီလိုဖြစ်မယ်။ ဒီလိုဖြစ်ရင် ဒီလိုပြန်ပိတ်ရမယ်ဆိုတာ အစကတည်းသိလို့ အုန်းစိမ်းနှစ်လုံးနဲ့ သံပုရာသီးနှစ်လုံးရှာခိုင်းထားတာပေါ့။ ကိုယ်ဓာတ်ကိုယ်ပိုင်ရင် ဘာမှ ကြောက်စရာမလိုပါဘူး။ စောစောလာခေါ်တုန်းက အလျှင်စလိုလိုက်သွားရင် အောင့်တာ ပျောက်ပေမဲ့ ဖျားတာမပျောက်ဘူးကွယ့်။ ဒါ့ကြောင့် ဘာရောဂါမှမကျန်အောင် တခါတည်း အပြတ်ကုဖို့ လူနာရှင်မျက်ကွယ်မှာ တမင်ရှောင်နေတာ၊ ဆရာဇီဝကဆိုရင် ဒီ့ထက် အကြံအဆများစွာ အကြံဉာဏ်ကစားရသေးတာပဲ” ဟု ဆရာကြီးက ပြန်ပြောပြသည်။

ထိုးအောင့်နာအတွက် ဓာတ်စာများ
နေဂိုဏ်း
ကြက်ဆူသီးအနီိပွင့် ---------- ကြက်ဆူဆီ ------------ မရိုး ------------ ဆီမီးတောက် ဆူးပတောင်း ----------- ဆိတ်ကျင်ငယ် ------------ ဆောက်ချဉ်သီး ---------- ဆော်ဒါ ပရုတ်ဆီ ------------- တောပူဒီနာ --------------- ပင်စိမ်းနက် ----------- ပုန်းညက်ပန်း မရိုးပွင့်အဖြူ ----------- ရှားစောင်းမြင်းနား ---------- လေးညင်းပင် ----------- သံပရိုသီးမှည့် သြဇာသီး --------- လင်းနေ --------- သစ်တက်လင်းနေ

နေဂိုဏ်းဝင်အစာများမှ လေနာဝေဒနာသည်များနှင့် သင့်တော်သည့်ဓာတ်စာများ၏ အဘိဓာန်

ကန်စွန်း(အမေရိကန်) ။ ။ အမေရိကန်ကန်စွန်းသည် အမြစ်မှာကြေကျက်၏။ အားနှင့် ကာမကိုအားပေး၏။ နို့နှင့် ဆီးကိုရွှင်စေ၏။ နူနာ၊ ပူခြင်း၊ အန်ခြင်း၊ သွေးရောဂါတို့ကို ပျောက်ကင်းစေ၏။ အသံကိုကောင်းစေ၏။ လေနှင့် သလိပ်ကို ပယ်တတ်၏။

ပင်လယ်ကန်စွန်း။ ။ အူကိုတွန့်ရှုံ့စေ၊ အစာကြေစေ၊ ဝမ်းနူးစေ၊ နာကျင်ကိုက်ခဲခြင်း၊ အန်ခြင်း၊ ဝမ်းသက်ရောဂါတို့ကို ပျောက်ကင်းစေ၏။ အရွက်သည် အဆစ်ရောင်ကိုက်၊ လေထိုးအောင့်၊ ရေဖျဉ်း၊ ဆီးဆေးတို့၌ အကျိုးပြု၏။

ဂဏန်း။ ။ အားဖြစ်စေ၊ ဝဖြိုးစေ၏။ လေသည်းခြေကိုနိုင်၏။ သုက်၊ သလိပ်ပွားစေ၏။ နှုတ်မြိန်စေ၏။

နှမ်းဆီ။ ။ နူးညံ့၏။ စိမ့်ဝင်တတ်၏။ သည်းချေကိုပြုတတ်၏။ သလိပ်၊ ပညာ၊ သုက်အား၊ ခွန်အားတို့ကို ပွားစေ၏။ အနည်းငယ်နှုတ်မြိန်စေ၊ ဆံပင်ကိုကောင်းစေ၏။ အရောင်အဆင်းကိုလည်းဖြစ်စေ၏။ လေဒေါသကိုနိုင်၏။ ၎င်းပြင် ယားယံ၊ နူနာ၊ ပင်ပန်းခြင်း၊ ဒဏ်ရာရခြင်း၊ အရိုးကျိုးဆက်ခြင်း၊ မီးလောင်ခြင်း၊ ဖူးရောင်ခြင်း၊ ခွေး၊ ဖား၊ မြွေဆိပ်တို့၌ အကျိုးပြု၏။

နွားနို့။ ။ နွားနို့သည် ပြေပြစ်၏။ ကြေခဲ၏။ အသက်ရှည်စေ၏။ သလိပ်ကို၎င်း၊ ခွန်အားကို၎င်း၊ အရောင်အဆင်းကို၎င်း၊ သုက်အားကို၎င်း၊ နို့ရည်ကို၎င်း၊ ဝဖြိုးခြင်းကို၎င်းပြုတတ်၏။ လေ၊ သည်းခြေ၊ ဒေါသကို ငြိမ်းစေ၏။ ၎င်းပြင် နှုတ်မမြိန်၊ လေ၊ သည်းခြေရောဂါ၊ ပင်ပန်းခြင်း၊ သွေးအန်၊ သွေးကျရောဂါတို့၌ကောင်း၏။

ပရုပ်ဆီ။ ။ သည်းခြေကိုပြုတတ်၏။ သွားကိုခိုင်စေ၏။ သလိပ် လေကိုပယ်တတ်၏။ ချွေးထွက်စေ၏။ ထိုးအောင့်ခြင်း၊ အဖျား၊ အစာမကြေ၊ လေပြည့်၊ ဝမ်းဗိုက်တင်းရောင်၊ ဦးခေါင်း၊ သွား၊ အရိုးကျိုးရောဂါတို့ကို ပျောက်ကင်းစေ၏။

ရွှေဖရုံသီး။ ။ ရွှေဖရုံသီးသည် ချုပ်စေသည်။ ကြေခဲသည်။ အစိမ်းသည် ဝမ်းမီးကို ပွားစေသည်။ လေ သလိပ်ဒေါသကိုနိုင်သည်။ သွေးအန်၊ သွေးကျ၊ လေရောဂါတို့ကို ပျောက်စေသည်။

ဗာဒံသီး။ ။ ဆီးဝမ်းရွှင်စေ၊ သည်းခြေကို ဖြစ်စေတတ်သည်။ ကြေကျက်ခဲသည်။ သလိပ်၊ လေ၊ သည်းခြေဖောက်ပြန်ခြင်းနှင့် လေကိုပယ်ဖျက်တတ်သည်။ အသီးမှည့်သည် ပြေပြစ်သည်။ သုက်ပွားစေသည်။ ဝဖြိုးစေသည်။ သလိပ်ကိုပြုတတ်သည်။ လေ၊ သည်းခြေကိုကင်းစေသည်။ အသီးဆန်သည် သုက်သွေးကို ပွားစေသည်။ သလိပ်ကို ပြုတတ်သည်။ လေ သည်းခြေကိုကင်းစေသည်။ အသီးစိမ်းသည် ဒေါသ(၃)ပါး၊ အသီးမှည့်သည် လေ ဒေါသကိုနိုင်သည်။ အသီးသည် ရင်ဘတ်နာ၊ အသည်းရောဂါ၊ ချောင်းဆိုး၊ အူရောဂါ၊ သွားရောဂါတို့ကိုနိုင်သည်။ အဆီသည် တွေဝေခြင်း၊ အသည်းရောဂါ၊ ချောင်းဆိုးရောဂါတို့ကို ပျောက်ကင်းစေသည်။

လေးညှင်းပင်။ ။ မြိန်ခြင်း၊ ကြေကျက်ခြင်း၊ ဝမ်းမီးတောက်ခြင်းကိုပြုတတတ်၏။ မျက်စိကို အကျိုးပြု၏။ သလိပ်သည်းခြေဒေါသကိုနိုင်၏။ ၎င်းပြင် သွေးကြောင့်ဖြစ်သောရောဂါ၊ ရေငတ်၊ ဝမ်းဗိုက်ရောင်၊ ထိုးအောင့်၊ ချောင်းဆိုး၊ ပန်းနာ၊ ကြို့ထိုး၊ ခယရုပ် ရောဂါတို့ကို ပျောက်ကင်းစေသည်။

သံပုရာသီး။ ။ ဝမ်းမီးတောက်ခြင်း၊ ကြေကျက်ခြင်းကိုပြုတတ်၏။ လေကိုပယ်ဖျက်တတ်၏။ သလိပ်ဒေါသကို ငြိမ်းစေ၏။ ၎င်းပြင် ချောင်းဆိုး၊ ဂူလုံး၊ အော့အန်၊ ငှက်ဖျား၊ လည်ချောင်းဖောက်ပြန်ခြင်း၊ ခယရုပ်၊ ပိုးရောဂါတို့ကို ပျောက်ကင်းစေတတ်၏။

သံပုယိုသီး။ ။ အစိမ်းသည် ထက်မြက်၏။ လည်ချောင်းကို သုတ်သင်တတ်၏။ ကြေကျက်လွယ်၏။ ဝမ်းမီးတောက်စေ၏။ နှုတ်မြိန်စေ၏။ လျှာ၊ နှလုံးကို စင်ကြယ်စေ၏။ အမှည့်သည် ကိုယ်ကို လှပစေ၏။ နှလုံးခွန်အားအကျိုးပြု၏။ ဝဖြိုးစေ၏။ ၎င်းပြင် အစိမ်းသည် ဒေါသ(၃)ပါး၊ အမှည့်သည် လေ၊ သလိပ်တို့ကိုနိုင်၏။ အစိမ်းသည် ပန်းနာ၊ ရေငတ်၊ ချောင်းဆိုး၊ နှုတ်မမြိန်၊ သွေးအန်၊ သွေးကျ၊ အမှည့်သည် ထိုးအောင့်၊ အစာမကြေ၊ ချုပ်၊ ပန်းနာ၊ ဝမ်းမီးနုံ့၊ ရောင်တင်းသောရောဂါတို့ကို ပျောက်ကင်းစေသည်။

အရက်။ ။ ဝမ်းမီးတောက်ခြင်း၊ ပွင့်လန်းခြင်း၊ နှုတ်မြိန်ခြင်း၊ ထက်မြက်ခြင်းကို ပြုတတ်၏။ မလတို့ကိုကျစေ၏။ အကြောနှင့် ဆီးအိမ်ကို စင်ကြယ်စေ၏။ ခွန်အား၊ ဝဖြိုးခြင်း၊ အသံကောင်းခြင်းကို ပြုတတ်၏။ အရောင်ဆင်းကို လှပစေ၏။ သွေးကို ဖျက်ဆီးတတ်၏။ လေ သလိပ် ဒေါသကိုငြိမ်းစေ၏။ ထိုးအောင့်၊ ဝမ်းဗိုက်တင်းရောင်သော ရောဂါတို့ကို ပျောက်ကင်းစေသည်။

လဂိုဏ်း
ကနုကမာ ----------- ကြေးဝါ ------------ ကျွဲကျင်ငယ် --------- ကြက်မောက်ဆူးပြန် ကြက်မောက်ဆူးပြန်အဖြူ ----------- ပဒိုင်းကြက်သွန် ------------ ကန့်ချုပ်ဖြူ ------ကွမ်းစားဂမုန်း ---------- ချင်းခြောက် ----------ငရုတ်ကောင်း ---------- ငု ------ ငါးပျက် ------တရုတ်စကားပန်း --------- စပါးလင် ---------- တောစပျစ်သီး ----------- စမုံဖြူ ---- စမုံဖွဲ စမြိတ် ---------- စမွတ် --------- မြန်မာစိန်တပေါ် --------- ဆားပုပ် -------- စိန်ပန်းကြီး ------- ဇဝက်သာ --------- ပန်းတမာသီး ---------- တိလင်္ကသာ ---------- ထောပတ် ------- ဒန့်သလွန်သီးအချို ----- နှပ်ချိုကြီး (ပဉ္စငါးပါး)--------- ပရန္နဝါအဖြူ ------ ပီလောအချိုအယဉ် ------ ဘုံဘိုင်ပွေးကိုင်း --------- တောပဲမြစ် -------- ပန်းခြောက် ------ ပိတ်ချင်းသီး --------- ဖန်ခါးသီး --------- ဘူးခါးသီး --------- မက်လင်ချဉ်သီး --------မိဿလင် ---------- ယောက်သွား --------- ရှိန်းခိုပင်အစေး -------- တောရှောက်သီး ------ လိမ္မော်သီးအချဉ် -------- သော်ကပန်း -------- သံ ------ လမ်းတမာ ------- သစ်ပုလွေ

လဂိုဏ်းဝင်အစာများမှ လေနာဝေဒနာသည်များနှင့် သင့်တော်သည့်ဓာတ်စာများ၏ အဘိဓာန်

ကနုကမာ။ ။ ဝမ်းမီးတောက်စေ၏။ နှုတ်မြိန်စေ၏။ ချောင်းဆိုး၊ လေထိုး၊ နှလုံး၊ အကြောရောဂါ၊ အဖျား၊ ပန်းနာ၊ လေနာတို့ကို ပျောက်ကင်းစေ၏။ ၎င်းပြင်အခြားသော နှလုံးကို အေးစေတတ်သော သွေးဆေးတို့၌ ဖက်စပ်၍ အသုံးပြုရသည်။

ကျားရိုး။ ။ အဆိပ်အမျိုးမျိုး၊ လှိုက်တက်သောရောဂါ၊ ဝက်ရူးနာ၊ လေရောဂါ၊ ကျောက်ဝက်သက်၊ မြေဘီလူးဖမ်းစားသော ရောဂါတို့ကို ချမ်းသာစေသည်။

ကြက်။ ။ ဓာတ်(၇) ပါးကို ပွားစေသည်။ ပြေပြစ်သည်။ ကြေကျက်ခဲသည်။ သုက်နှင့် သလိပ်ကို၎င်း၊ ခွန်အားကို၎င်း ဖြစ်စေသည်။ လေဒေါသကိုနိုင်သည်။ ၎င်းပြင် လေရောဂါများ၊ မျက်စိရောဂါများကိုလည်း နိုင်သည်။

ကြက်သွန်ဖြူဥ။ ။ အစာကု ကြေကျက်စေ၏။ ပြေပြစ်၏။ ဆီဝမ်းရွှင်စေ၏။ ဝဖြိုးစေ၏။ ကာမအားကိုပေး၏။ ခွန်အားဖြစ်စေ၏။ အရိုးဆက်စေ၏။ အရောင်အဆင်းကိုဖြစ်စေ၏။ မျက်စိကို အကျိုးပြု၏။ အသက်ရည်စေ၊ သွေးသည်းခြေကို ပွားစေ၏။ ၎င်းပြင် လေ သလိပ်ကိုနိုင်၏။ နှလုံးနာတာရှည်၊ အဖျား၊ ဝမ်းအောင့်၊ ချုပ်လေတကူ၊ နှုတ်မမြိန်၊ ချောင်းဆိုး၊ ရောင်တင်း၊ မြင်းသရိုက်၊ နူနာ၊ ဝမ်းးမီးနုံ့၊ ပိုး၊ လေရောဂါ၊ ပန်းနာတို့ကိုနိုင်သည်။

ကွမ်းစားဂမုန်း။ ။ ပါးစပ်ရှိမလတို့ကို ကင်းဝေးစေ၏။ ဖောရောင်၊ ချောင်းဆိုး၊ အနာပေါက်၊ ပန်းနာ၊ ထိုးအောင့်၊ ကြို့ထိုး၊ ဂြိုဟ်ဖမ်းစားခြင်းတို့ကို ပျောက်ကင်းစေ၏။

ကွမ်းပင်။ ။ မြိန်စေ၊ ဆီးဝမ်းရွှင်စေ၊ အားတိုးစေ၏။ ထက်မြက်၏။ အဆိပ်ကိုပယ်တတ်၏။ ဝမ်းမီးကိုတောက်စေ၏။ လေဒေါသကိုနိုင်၏။ ချောင်းဆိုး၊ ပင်ပန်း၊ နှလုံးရောဂါတို့၌ ကျေးဇူးပြု၏။

ချင်းခြောက်။ ။ ကြေကျက်လွယ်၏။ မြိန်စေ၏။ ချုပ်ခြင်းကို ပျောက်စေ၏။ သုက်ပွားစေ၏။ လေ၊ သလိပ် ဒေါသကိုနိုင်၏။ အော့အန်၊ ပန်းနာ၊ ထိုးအောင့်၊ ချောင်းဆိုး၊ နှလုံး၊ ဆင်ခြေထောက်၊ မြင်းသရိုက်၊ ဝမ်းဗိုက်နှင့် စပ်သောရောဂါတို့ကို ပျောက်ကင်းစေ၏။

ချင်းစိမ်း။ ။ ကြေကျက်ခဲ၏။ ဝမ်းမီးတောက်စေ၏။ ထက်မြက်၏။ ခြောက်ထပ်စေ၏။ မလကို ဖြိုခွဲတတ်၏။ လေ၊ သလိပ်ကိုနိုင်၏။

ငရုတ်ကောင်း။ ။ ထက်မြက်၏။ ဝမ်းမီးကိုတောက်စေ၊ သည်းခြေကို ခြောက်ထပ်စေ၊ သလိပ်နှင့်လေကို ပယ်ဖျက်တတ်၏။ ပန်းနာ၊ ထိုးအောင့်ခြင်း၊ ပိုးရောဂါတို့ကို နိုင်၏။ ကြေခဲ၏။ နူးညံ့စွာ ဝမ်းသက်စေ၏။ လေကိုနိုင်သည်။ အဖျား၊ နှလုံး၊ ရတ္တပိတ်၊ ထိုးအောင့်ခြင်းတို့၌ ကောင်းသည်။ အရွက်သည် သလိပ် အဆီကိုခြောက်စေသည်။ အဖျားနှင့် အခါခပ်သိမ်း သင့်သည်။ မလကို လျှော့ပါးစေသည်။ အပွင့်သည် သလိပ်သည်းခြေကိုနိုင်သည်။ ချုပ်သည်။ လေပွားစေသည်။ အနှစ်သည် ဝမ်းမီးပွား၊ ဝမ်းသက်စေ၏။ သည်းခြေနှင့် လေကိုနိုင်၏။ အမြစ်သည် ပါဒရက်အဖျား၊ နူကွက်တို့ကို ပျောက်ကင်းစေသည်။

ဇာတိပ္ဖိုလ်သီး။ ။ ကြေလွယ်သည်။ မြိန်စေသည်။ ဝမ်းမီးတောက်စေ၊ ချုပ်စေ၏။ လေ၊ သလိပ်ကိုနိုင်သည်။ ချောင်းဆိုး၊ ပိုး၊ အော့အန်၊ မြစ်ခြောက်၊ နှာစေး၊ နှလုံး၊ လည်ချောင်းရောဂါ၊ လေ၊ ဝမ်းသက်၊ တုလာသရောနာတို့ကိုလည်း နိုင်သည်။

နွယ်ချို။ ။ ခွန်အား၊ သုက်ပွားစေ။ မျက်စိကိုအကျိုးပြု၏။ အရာင်အဆင်းကိုကောင်းစေ၊ အသံ၊ ဆံပင်ကိုကောင်းစေ၏။ လေ၊ သည်းခြေကိုနိုင်၏။ သွေးကြောင့်ဖြစ်သောရောဂါ၊ အနာပေါက်၊ ရောင်တင်းခြင်း၊ အဆိပ်၊ အော့အန်၊ ပါဒရက်၊ ရေငတ်၊ ပျို့၊ ခယရုပ်၊ သွေးအန်၊ သွေးကျ ရောဂါတို့ကို ပျောက်ကင်းစေ၏။

နံ့သာဖြူ။ ။ အသားနှစ်သည် ကြေကျက်လွယ်၏။ နှစ်သက်စေ၏။ လေ၊ သည်းခြေကိုနိုင်သည်။ သွေးအန်၊ သွေးကျရောဂါ၊ ရေငတ်၊ အော့အန်ခြင်းကို နိုင်၏။

ရှောက်သီး(အချို) ။ ။ ရှောက်သီးအချိုသည် နှုတ်မြိန်ခြင်း၊ သုက်ပွားခြင်းကိုပြု၏။ ကြေကျက်ခဲ၏။ ပူခြင်း၊ သွေးဖောက်ပြန်ခြင်းတို့ကို ပယ်ဖျက်တတ်၏။ သလိပ်ကြွစေ၏။ လေ၊ သည်းခြေ၊ ဒေါသကိုနိုင်သည်။ ၎င်းပြင် ဝမ်းချုပ်၊ ပန်းနာ၊ ချောင်းဆိုး၊ ခယရုပ်(ဘာရောဂါဆိုတာ ကျွန်မမသိပါ)၊ ကြို့ထိုး၊ နှုတ်မမြိန်၊ ရေငတ်၊ အော့အန်ရောဂါတို့ကို ပျောက်ကင်းစေသည်။

လိမ္မော်သီး။ ။ အချိုသီးသည် သလိပ် သည်းခြေနှင့် ကာမဒေါသကိုပြုတတ်၏။ ကြေကျက်ခဲ၏။ ဝမ်းသက်၏။ အချဉ်သည် နှလုံးကျေးဇူးပြု၏။ ခွန်အားကို တိုးစေ၏။ အဆိပ်ကို ပယ်တတ်၏။ နှုတ်မြိန်စေ၏။ ဆီး၊ ဝမ်းကိုရွှင်စေ၏။ လေ၊ သလိပ်၊ ဒေါသကိုနိုင်၏။ ၎င်းပြင် အချိုသီးသည် လေ၊ ရေငတ်၊ သွေးအန်၊ သွေးကျရောဂါ၊ အချဉ်သီးသည် နှုတ်မမြိန်၊ အစာမကြေ၊ ပိုး၊ လေရောဂါ၊ ပင်ပန်းခြင်း၊ ထိုးအောင့်ခြင်းတို့ကို ချမ်းသာစေသည်။

သကြား။ ။ ပြေပြစ်သည်။ ခွန်အား၊ သုက်၊ သလိပ်ကို ဖြစ်ပွားစေသည်။ မျက်စိကို အကျိုးပြုသည်။ လေ၊ သည်းခြေ၊ ဒေါသကို ငြိမ်းစေသည်။ ၎င်းပြင် ရေငတ်၊ တွေဝေ၊ မြစ်ခြောက်နာတို့ကို ပျောက်ကင်းစေသည်။

သင်္ဘောသီး။ ။ သလိပ်၊ သုက်ကိုဖြစ်ပွားစေ၏။ နှလုံးကိုကျေးဇူးပြု၏။ ပြေပြစ်၏။ လေဒေါသကိုနိုင်၏။ ၎င်းပြင် နှလုံး၊ အရူး၊ လေရောဂါတို့ကိုလည်းနိုင်၏။

သရက်သီး။ ။ အသီးစိမ်းသည် မြိန်ခြင်း၊ လေ၊ သည်းခြေကိုပွားခြင်း၊ အူကိုတွန့်ရှုံ့ခြင်းကို ပြုတတ်သည်။ အမှည့်သည် ပြေပြစ်သည်။ ကြေခဲသည်။ သုက်ပွားခြင်း၊ အရောင်အဆင်းကို ပြုတတ်သည်။ လေဒေါသကိုနိုင်သည်။

မှတ်ချက်။ ။ ဆရာကြီး ဦးသာတင့်၏ ပုဂ္ဂလပညတ်အခြေခံဓာတ်ကျမ်းမှ ကောက်နှုတ် တင်ပြပါသည်။

လာရောက်ဖတ်ရှုသူများအားလုံး ရောဂါခပ်သိမ်းကင်းငြိမ်းပြီး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေရှင်...


Thursday, January 29, 2009

အရှေ့နှင့် အနောက်.... ဂျာနယ်ကျော်မမလေး

နေရောင်သည် လင်းဝါလာကာ ရွှေခြည်ဖြင့် လမ်းပေါ်သို့ ဖြန်းပက်ထားသည်။ ဘောက်ထော် လမ်းပေါ်ရှိ ချိုင့်ခွက်များကား နေရောင်တွင်မည်းနေကာ အရုပ်ဆိုးစွာ ဟောက်ပက်နေကြ သည်။ လမ်းပေါ်တွင် ဖြတ်သန်းသွားလာနေကြသော ဘတ်(စ်)ကားများသည် စက်ရှိန် သတ်လျက် ချိုင့်ကြီးများတွင် ဘီးနစ်ကာတနဲ့နဲ့ လှိမ့်မောင်းဖြတ်ကျော်နေကြသည်။ ချိုင့်ထဲသို့ ဘီးကျ၍ဝုန်းဒိုင်းနှင့် သွက်သွက်ခါယမ်းသွားသော အသံဗလံများထွက်ပေါ် ဆူညံနေပေသည်။ ကျွန်မတို့နေထိုင်သော ဘောက်ထော်အရပ်ရှိ မြေလမ်းကား တစ်ခေါက်ရောက်ဖူးသူတိုင်း ဖိန့်ဖိန့်တုန်ကြသည်။ ကားပေါ်၌ အသည်းနှလုံး ပြုတ်ကျမလောက် ဆောင့်လျှက် လမ်းတစ်လျှောက်လုံး မောင်းသွားကြသော ဘတ်(စ်)ကားများမှာ လမ်းပေါ်တွင် ဦးစိုက် ပဲ့ထောင် ဖြစ်နေကြသည်။ ကုန်းပေါ်တွင်င်္ကြီးသော လှိုင်းကား ရေလှိုင်းထက် ဆိုးပေသတည်း။
အင်းစိန်ပိုင် အထိမ်းအမှတ် ဘောက်ထော်မြေနီလမ်း ဆုံနှင့် ရန်ကုန်ပိုင် ကတ္တရာလမ်းစပ်မှာ ခရီးဘယ်လောက်မှမဝေးဘဲ ကားများသည် နာရီဝက်ခန့်နီးနီး ကြာအောင် ချိုင့်ထဲတွင် တဖြည်းဖြည်းလှိမ့်ကာ သွားနေကြရသည်။ ကျွန်မ၏ကားသည်လမ်းပေါ်တွင် တရွေ့ရွေ့ ယိမ်းထိုးလှုပ်ကာ မောင်းနှင်နေလေသည်။
လမ်းဆိုးခြင်းသည် ကျွန်မ၏အတွေးကို ငြိမ်ငြိမ်သက်သက်မရှိအောင် နှောက်ယှက်နေသည်။ ယနေ့နံနက် အိမ်မှ ထွက်လာခြင်းသည် ခါတိုင်းနေ့များလိုမဟုတ်။ ခေါင်းထဲတွင် စဉ်းစားတွေးတောစရာများနှင့် ပြည့်နှက်နေသည်။ အိမ်ကထွက်လာခဲ့ရင်း ကိစ္စနှင့်ဆက်စပ်၍ စိတ်ကူးထုတ်ကာ တလှုပ်လှုပ်တနဲ့နဲ့ တွေးရင်းတွေးရင်း သင်္ဘောပေါ်သို့ ရောက်သွားလေ သည်။

မော်လမြိုင်ကျွန်းမှ ဘိုကလေးသို့ ခုတ်မောင်းနေသော ဧရာဝတီနှစ်ထပ် မီိးသင်္ဘောကြီးဖြစ် သည်။ သင်္ဘောဦးခန်းထဲတွင် ကျွန်မနှင့်အတူ စီးလာကြသောသူများကား … ဒို့ဗမာအစည်း အရုံးမှ သခင်အောင်သန်း၊ သခင်ညီ၊ သခင်ဗစိန်၊ သခင်တင်မောင်၊ သခင်မ. မခင်ခင်(သခင်ညီ၏ဇနီး) နှင့် ပြည် သခင်မ. မသိန်းတင်တို့ဖြစ်သည်။ ကျွန်မတို့လူစုသည် မော်လမြိုင်းကျွန်းသို့ တရားသွားဟောရာမှ ပြန်လာကြသည်။
မော်လမြိုင်ကျွန်းဇရပ်ထဲတွင် ကိုယ့်အလှည့်နှင့်ကိုယ် အသီးသီး လက်သီးလက်မောင်းတန်း ကာ အင်္ဂလိပ်နယ်ချဲ့ကို အားရပါးရ ပုတ်ခတ်ရှုတ်ချ ဟောပြောပြန်ခဲ့ကြ၍ အတော်လေး မောပန်းလာကြသည်။ သင်္ဘောခန်းထဲတွင် ငြိမ်သက်စွာထိုင်နေကြလျက် အားလုံးလိုလိုပင် မြစ်ကမ်းနဖူးဘက်ရှိ လယ်ကွက်၊ သစ်ပင်၊ တဲအိမ် စသည့် တရိပ်ရိပ်ပြေးနေသော သဏ္ဌာန်များကို ငေးမောနေကြသည်။
ထိုအခိုက် ရင်တုန်တတ်သော သခင်ညီကသူ၏ အပေါ်အင်္ကျီ၊ အတွင်းအိတ်ထဲမှ ပယင်းရောင် ဆေးပုလင်းလေးကိုထုတ်ကာ လက်ဝါးပေါ်သို့ ဆေးပြားကလေးများ ခေါက်ချလျက် ပါးစပ်ထဲသို့ ပက်မျိုလိုက်သည်။
“ဘာဆေးလဲ.. သခင်ညီ”
ကျွန်မက လှမ်းမေးလိုက်သည်။ သခင်ညီမှာ ဆေးပြားမျိုနေခိုက် ရုတ်တရက်မဖြေနိုင်…။
“ အင်္ဂလိပ်ကို သခင်ညီတို့ မြန်မာပြည်က ဘယ်လိုဘဲမောင်းထုတ်နေပေမယ့် အင်္ဂလိပ်ဆေး တော့ သူ့အိပ်ထောင်ထဲက ဘယ်တော့မှ မချဝံ့ဘူး ခင်ဗျ”
သခင်အောင်သန်းက ဝင်နောက်လိုက်သည်။ အများရယ်မောကြသလို ကျွန်မလည်း ရယ်မော မိသည်။ သို့သော် ထိုစကားမှာ ကျွန်မအဖို့ ပြီိးပြီးပျောက်ပျောက်မဟုတ်ဘဲ တွေးစရာဖြစ်၍ တွေးမိသည်။
“အင်္ဂလိပ်တွေမောင်းထုတ်လိုက်ပါပြီတဲ့၊ မြန်မာပြည်မှာ ကိုယ့်မင်းကိုယ့်ချင်း ကိုယ့်လွတ်လပ် ရေးနဲ့ကိုယ်ရှိပါပြီိတဲ့၊ ဘယ်မှာတုန်း ဆေး….”
ကျွန်မ၏မေးခွန်းကို ကျွန်မကြေနပ်လောက်အောင် အဖြေမပေးနိုင်ခဲ့။ မြန်မာပြည်လွတ်လပ် ရေးရလျှင်ဟု စဉ်းစားမတိုင်း အမျိုးသားဆေးပြဿနာ ပေါ်လာသည်။
မြန်မာဆေးဆိုလျှင်နှာခေါင်းရှုံ့တတ်သော ကျွန်မသည် အင်္ဂလိပ်ဆေးကို မပြတ်မှီဝဲလျက် အင်္ဂလိပ်အစိုးရနှင့် အတိုက်အခံလုပ်ကာ သခင်အသင်းဝင် သခင်မ. ဖြစ်နေသည်။
ထိုစဉ်က သခင်တွေပင်နီဝတ်ကြသလို ကျွန်မလည်းပင်နီဝတ်ခဲ့သည်။ သခင်တွေ မြန်မာဖြစ် အားပေးကြသလို ကျွန်မလည်းမြန်မာဖြစ်ကို တတ်နိုင်သမျှ အားပေးသည်။
အင်္ဂလိပ်အစိုးရကို မကောင်းဟောပြော၍၊ အင်္ဂလိပ်ကိုဆန့်ကျင်၍၊ အင်္ဂလိပ်ကိုတော်လှန်၍…၊ သို့သော် အင်္ဂလိပ်ဆေးကို လက်မလွတ်ဝံ့၊ သပိတ်မမှောက်ဝံ့။
“သူတို့ကို ဘယ်လိုတိုက်တိုက် ဆေးတော့ သူတို့ဆေးကိုအားထားရမှာပဲ”
ယခုလို တွေးတောလက်ခံရသည့်အဖြစ်ကို စိတ်ထဲ၌ အောင့်သက်သက်ရှိလှသည်။ ကိုယ့်လူမျိုး၊ ကိုယ့်ဆေးနှင့်ကိုယ်ဟု ရှေ့သို့ တစ်ဆင့်တိုး၍လည်း မစဉ်းစားရဲ။ အင်္ဂလိပ်ဆေးဝါးကိုတော့ အာမခံဝံ့၍ ကိုယ့်အသက်ကို အင်္ဂလိပ်လက်ထဲ ဝ ကွက်အပ်ထားရသည်။
တရားဟောစင်ပေါ်တက်၍ လက်ရုံးတန်းကာ အင်္ဂလိပ်အစိုးရအား သွေးစုပ်၊ နယ်ချဲ့ ပြောဆိုနေစေကာမူ စိတ်ထဲ၌ကား ဆေးဝါးနှင့်ပတ်သက်၍ အောင့်သက်သက်နှင့်….။
ဤက စလေသည်။ မှတ်မှတ်ရရ အင်္ဂလိပ်ဆေးမရှိရင် ဘယ်နည်းနှင့်မှမဖြစ်သလို အင်္ဂလိပ်ဆေးသာ ဆေးအောက်မေ့ခဲ့သော နေရာဌာနမှာ ဧရာဝတီသင်္ဘောပေါ်၌ ဖြစ်လေသည်။ နောက်ကြောင်းများကို အတောမသတ်တွေးနေစဉ် ကားမှာ ဘောက်ထော်မြေနီလမ်းဆိုးကို ကျော်ခဲ့၍ ကတ္တရာလမ်းပေါ်သို့ရောက်လာလေသည်။ ဖြောင့်ဖြူးသောလမ်းပေါ်တွင် တငြိမ့်ငြိမ့်စီးကျလျက် တစိမ့်စိမ့်ပီတိဖြစ်နေသည်။
ခါတိုင်း မြင်နေကျ မြင်းပြိုင်ကွင်း၊ ဓာတ်ဆီဆိုင်၊ ကားဆိပ်၊ ဒါတွေကို လျှံ၍ မျက်စိထဲတွင် ဝိုးဝိုးဝါးဝါးဖြစ်နေသည့် ရုပ်ပုံကို မှန်းကြည့်လျက်ရှိရာ အသက်အရွယ်လည်းမခန့်မှန်းနိုင်၊ ရုပ်လက္ခဏာလည်းပေါ်ပေါ်ထင်ထင်မရှိ၊ ပုံဖမ်းကြည့်သောသဏ္ဌာန်၌ ထင်ရှားသည့်အသွင် ကား အသားဖြူဖြူ၊ ဂါဝန်ဝတ်…
ဂါဝန်ဝတ်ထားသော အမျိုးသမီး၏ ဝိုးတဝါးသဏ္ဌာန်သည် ကျွန်မမျက်စိရှေ့၌ ဆီးနေလေ သည်။
မမလေး
မနက်စောစော ဆေးတိုက်ကိုလာခဲ့ပါ၊ အင်္ဂလန်က မစ္စဟက်ဆင်ဆိုတဲ့ ဆရာဝန်မကြီး မြန်မာပြည်ရောက်လာပြီး မြန်မာဆေးပညာကို စုံစမ်းချင်လို့ ဘားမင်းသတင်းစာ အယ်ဒီတာ ဦးမောင်မောင်ပြေက ဆရာ့ဆေးတိုက်မှာ ဆွေးနွေးပွဲလုပ်ဖို့ ချိန်းထားလိုက်ပြီး၊ ဆက်ဆက်လာခဲ့ပါ။

ဆရာကြီးထံမှ ပို့လိုက်သော စာအားဖြင့် မစ္စစ်ဟတ်ဆင်ဟူ၍ နာမည်သာသိရသေးကာ လူချင်းမတွေ့ခင် ပုံသဏ္ဌာန်ကို မှန်းကြည့်မိသည်။ နောက်တုန်းက “လွတ်လပ်ရေးရလျှင် ဘယ်မှာတုန်း ဆေး”ဟု ကျွန်မကိုယ်ကျွန်မမေးခဲ့သည်။
လွတ်လပ်ရေးမရခင်က ဤအဖြေကို ကျွန်မမပေးနိုင်ခဲ့။ ယခုအင်္ဂလိပ်လက်အောက်က လွတ်လပ်သွားသည့် အချိန်ကျမှပင် လွတ်လွတ်ကျွတ်ကျွတ် အဖြေပေးနိုင်သောအဖြစ်ကို တစိမ့်စိမ့်ပီတိဖြစ်မိသည်။
အင်္ဂလိပ်ဆရာဝန်မကြီးတစ်ဦးက မြန်မာဆေးပညာကို လိုလိုချင်ချင် ဆွေးနွေးစုံစမ်းလိုပုံမှာ လည်း စိတ်ဝင်စားစရာပင်။ အင်္ဂလိပ်လက်အောက်က လွတ်မြောက်ပြီး အင်္ဂလိပ်ဆရာဝန်မကြီး တစ်ယောက်ရှေ့တွင် မြန်မာဆေးကိုသာ အားထားမှီဝဲ၍ မြန်မာ့ဆေးပညာကို လေးစား ကြောင်းပြရမည်မှာလဲ ကျေနပ်စရာပင်။
ကားသည် ကြည့်မြင်တိုင် ကွမ်းရွဲတန်း နေလဝိဇ္ဇာဆေးတိုက်နားတွင် ထိုးဆိုက်လိုက်သည်။ ဆေးတိုက်ရှေ့တွင် ကားတွေစီရရီရပ်ထား၍ အချို့ဧည့်သည်များ ရောက်နှင့်နေကြလေပြီ။ ဆေးတိုက်ထဲသို့ဝင်သွားသောအခါ ထူးခြားသောဆရာကြီးကို သတိပြုမိသည်။ ဆရာကြီးသည် မီးခိုးရောင် ဘန်ကောက်လုံချည်ကို ဝတ်ဆင်လျက် ပုဝါအသစ်ကို ခေါင်းပေါင်းထားသည်။ တောက်ပြောင်သောအဝတ်အစားနှင့် ဆရာကြီးကို တွေ့ရခဲဘိ၍ အခါအလျှောက် လောကအကြောင်းကို လိုက်လျောသားပဲဟု အောက်မေ့ရသည်။
ဂါဝန်ဝတ် အင်္ဂလိပ်ကပြားမတစ်ယောက်နှင့် စိန်ပေါလ်ကျောင်းမှ ကျောင်းဆရာမတို့သည် စားပွဲခုံတစ်ခုတွင် ဧည့်သည်များကျွေးမွေးရန် ပေါင်မုန့်များလှီးနေကြသည်။
ဆေးဗီရိုများအနီးရှိ ကုလားထိုင်များတွင် ဧည့်သည်များထိုင်နေကြသည်။ အတွင်းဝန် ဦးမောင်ကြီိး၊ တက္ကသိုလ်ကထိကဆရာမ ဒေါ်သင်းကြည်၏ဖခင် လယ်ဝန်ဦးကြို့၊ တက္ကသိုလ် ဓာတုဗေဒ ဌာနဆရာ ဦးသိန်းညွန့်၊ စစ်ဗိုလ် ဦးမောင်မောင်၊ ဝတ်လုံတော်ရ ဦးထွန်းအိ။
သူတို့သည် ကျွန်မအရင်အစောကြီးဆေးတိုက်သို့ ရောက်နေသည်။ ဆရာကြီိးစားပွဲတွင် တင်ထားသော ဘားမင်းသတင်းစာကို ကောက်ယူကြည့်လိုက်ရာ ဆရာဝန်မကြီး မစ္စစ်ဟတ်ဆင်၏ အကြောင်းကို ရေးသားထားသော သတင်းများဖတ်ရှုရသည်။
သူသည် မြန်မာ့ဆေးပညာကိုသာမဟုတ်၊ ဗုဒ္ဓဘာသာ ဝိပဿနာသမထတရားကို လေ့လာ အားထုတ်ရန် ရန်ကုန်သို့ ရောက်လာခြင်းဖြစ်သည်။
မစ္စစ်ဟတ်ဆင်
( အမ်-ဘီ-ဘီ-အက်စ်၊ အမ်အာရ်-င်္စ-အက်စ်)
(လန်ဒန်)

ဟူသောဂုဏ်ပုဒ်များအပြင် သူမ၌ ခိုင်မြဲတည်ကြည်သော ဂုဏ်အင်္ဂါတစ်ရပ်လည်း ရှိသေး သည်။ ပထမကမ္ဘာစစ်ကြီိးတွင် သူမသည် ဆေးပညာဘွဲ့ထူးကို ဆွတ်ခူးပြီးနောက် စစ်ထဲသို့ဝင်ရောက်အမှုထမ်းသည်။ စစ်တပ်ထဲတွင်စစ်ဗိုလ်တစ်ဦးနှင့် တွေ့ဆုံကာ ချစ်ခင်စုံမက်ကြလေသည်။ လက်မထပ်ရသေးခင် ချစ်သူမှာ စစ်ထဲတွင် ပေါင်ကျိုးသွား၍ သူမကိုယ်တိုင် ဆေးကုပေးရလေသည်။ စစ်အပြီး ပေါင်ကျိုးနေသော ဗိုလ်ကြီးကို လက်ထပ်ခဲ့သည်။ ခင်ပွန်းသည် ခြေတစ်ပေါင်ကျိုးနှင့် ကနေဒါပြည်တွင် လိုက်နေလေသည်။ ဒုတိယကမ္ဘာစစ်တွင် မစ္စစ်ဟတ်ဆင်သည် အင်္ဂလန်သို့ ပြန်လာခဲ့ကာ စစ်ဆေးရုံတွင် ဆရာဝန်အလုပ်ဖြင့် ဝင်ရောက်အမှုထမ်းပြန်သည်။
မစ္စစ်ဟတ်ဆင်၏ယောက်ျား ကွယ်လွန်သွားပြီးနောက်တွင်ကား မစ္စစ်ဟတ်ဆင်သည် ဝိပဿနာတရားကို လေ့လာအားထုတ်လို၍ သွားရောက်စူးစမ်းလေ့လာကာ နောက်ဆုံးတွင် ဗုဒ္ဓဘာသာထွန်းကားရာဖြစ်သော မြန်မာပြည်သို့ ခေတ္တလာရောက်ခြင်း ဖြစ်ပေသည်။
ယနေ့နံနက်တွင် မစ္စစ်ဟတ်ဆင်၏ ဆွေးနွေးပွဲသို့ လာရောက်ကြသော ပရိတ်သတ်ကား အင်္ဂလိပ်ဆေးဝါးထက် မြန်မာဆေးဝါးကို အားထားမှီဝဲနေကြသော ခေတ်ပညာတတ် ပုဂ္ဂိုလ်က များလေသည်။ မစ္စစ်ဟတ်ဆင်မရောက်လာသေး၍ ဧည့်သည်များဝိုင်းဖွဲ့ကာ ကော်ဖီသောက် နေကြစဉ် ကားတစ်စီးဆေးတိုက်ရှေ့သို့ ထိုးဆိုက်လာသည်။ ဘိုမကြီးတစ်ယောက်နှင့် ဦးမောင်မောင်ပြေတို့ ကားပေါ်မှဆင်းလာကြသည်။ မစ္စစ်ဟတ်ဆင်မှာ အသက်(၅၀) ခန့်ရှိသည်။
အသားနီနီ၊ အရပ်ခပ်မြင့်မြင့်၊ ခပ်ပိန်ပိန်၊ ခေါင်းပေါ်တွင် ဆံပင်များဖြူဖွေးနေသည်။ သွားပုံလာပုံမှာ ခပ်ရို့ရို့ ခပ်ကိုင်းကိုင်းဖြစ်သည်။ စကားပြောသည့်အခါ ပြုံး၍ လူကိုမကြည့်ဘဲ မျက်လုံးကိုအဝေးသို့ စူးစိုက်ကာ သိမ်မွေ့ညင်သာစွာ ပြောသည်။
ကန်စွန်းပွင့်အဆင်ဂါဝန်ဖြူပြာကို ဝတ်ထားကာ ရင်ရှေ့အင်္ကျီကော်လာအောက်တွင် ကြယ်စေ့ အနက်ကြီးများ တပ်ထားသည်။ မစ္စစ်ဟတ်ဆင်က သူ့ရှေ့တွင်တည်ခင်းထားသော ဆီထမင်းနှင့် ပဲပြုတ်ကို အရင်စား၍ ကော်ဖီကိုသောက်ပြီး “မြန်မာ့ဆေးပညာကို ဆွေးနွေးခွင့် ရရှိတဲ့အတွက် ဝမ်းသာကြောင်း” စတင်ပြောဆိုသည်။ ဆရာကြီးမှာ မစ္စစ်ဟတ်ဆင်နှင့်အတူ ယှဉ်ထိုင်လျက် ဝတ်လုံတော်ရ ဦးထွန်းအိက မစ္စစ်ဟတ်ဆင်၏ ဘေးတွင်ထိုင်ကာ ဆရာကြီးနှင့် မစ္စစ်ဟတ်ဆင်တို့ကို ဘာသာပြန်လုပ်လေသည်။
ကျွန်မလည်းဆရာမကြီိးကို စူးစိုက်ကာမေးသမျှ မေးခွန်းကို စိတ်ဝင်စားစွာ မှတ်သားနေမိ သည်။ မြန်မာ့ဆေးပညာနှင့် ပတ်သက်၍ သစ်ဥ၊ သစ်ဖု၊ သစ်မြစ်များကို စိတ်ဝင်စားကြောင်း အကျယ်တဝင့်ပြောဆိုပြီးနောက် “ မြန်မာ့ဆေးပညာတွင် ဆေးမျိုးပေါင်းဘယ်လောက် ရှိပါ သလဲ” ဟု ဆရာကြီးအားမေးလေသည်။
“ နေလ မြန်မာ့ဆေးပညာမှာ ဆေးမျိုးပေါင်း တစ်ရာ့ရှစ်မျိုးပဲရှိတယ်၊ တစ်ရာ့ရှစ်မျိုးမှာ ပထမတန်းစား၊ ဒုတိယတန်းစား၊ တတိယတန်းစား သုံးမျိုးရှိတယ်။ ဒီတစ်ရာ့ရှစ်နည်းကို ကျဉ်းလိုက်ရင် ဆေးမျိုး နှစ်မျိုးဘဲရှိတယ်”
သူမသည် မျက်မှောင်တွန့်လိုက်ကာ “ ဒါအပြီးပဲလား၊ နောက်ဖော်ဦးမလား…” ဟု အံ့သြသလို မေးမြန်းသည်။
“နောက်ထပ်ဖော်ဖို့မရှိဘူး၊ ဒါအပြီးပဲ” ဟု ဆရာကြီးက ပြန်ဖြေသည်။
“ အင်္ဂလိပ်ဆေးပညာမှာတော့ အင်္ဂလိပ်ဆေးများဟာ ဖော်စပ်လို့မဆုံးဘူး၊ အနာတစ်ခုပေါ်ရင် ဆေးတစ်မျိုး ပေါ်လာတာပဲ၊ အနာတစ်ခု ဆေးတစ်မျိုးဖော်တဲ့အတွက် ကျွန်မကုသတဲ့နေရာမှာ ဆေးတွေကို သိပ်အားမထားဘူး၊ ဟိုမရိုပက်သီ ဆိုတဲ့ ဆေးပညာနည်းနဲ့သာ ကျွန်မကိုယ်တိုင် စမ်းသပ်တယ်၊ လူအများလည်း ဒီနည်းနဲ့ပဲ စောင့်ရှောက်တယ်။ နန်းတော်ထဲက ဘုရင်မအဲလီဇဘတ်မင်းသမီးလဲ ဟိုမရိုပက်သီနည်းကို စမ်းသပ်အသုံးပြုတယ်။ ဆေးထိုးပြီးမကုဘူး၊ မခွဲမစိတ်ဘဲ နဲ့ ကုနိုင်တာကို သဘောကျတယ်၊ အင်္ဂလိပ်ဆေးနဲ့ ပတ်သက်ပြီး ဝေဖန်ရမယ်ဆိုရင် ခွဲစိတ်ပြီးကုရတာကိုတော့ ကျွန်မသဘောမကျဘူး၊ အမှန်စင်စစ် မခွဲမစိတ်ဘဲ ကုနိုင်တာ သဘောကျတယ်။ ဆေးထိုးကုနေတာဟာလဲ ဆေးထိုးလို့ အနာပျောက်ကြောင်း အတိအကျမတွေ့ရဘူး၊ ဆေးထိုးတာ ငွေရတာမြန်တာသာ တွေ့ရတယ်”
ပရိတ်သတ်အားလုံးပင် မစ္စစ်ဟတ်ဆင်အားငေးစိုက်၍ နားထောင်နေကြသည်။ ခွဲစိတ်ကုသခြင်း၊ ဆေးထိုးကုခြင်းစသည့် အနောက်နိုင်ငံကုထုံးများကို အင်္ဂလိပ်ဆရာဝန်မက သဘောမကျနိုင်ကြောင်း ရိုးသားစွာပင် ရှင်းပြောပြနေသည်။
မြန်မာ့ဆေးပညာကို အထင်သေးစဉ်ကဆိုလျှင် ကျွန်မမှာ မေ့ဆေးပေးကာ ဓားနှင့်ခွဲစိတ်၍ ကုသပုံကို အဟုတ်ကြီးထင်မှတ်ခဲ့မိသည်။ မစ္စစ်ဟတ်ဆင်ပြောသလို မခွဲမစိတ်ဘဲနှင့် ကုတာကိုသာ သဘောကျရမည်ဟု တစ်ခါမှ သဘောမပေါက်မိ။ ခွဲစိတ်ကုတာကိုမှ အထင်ကြီးကာ မျက်စိလည်နေပေသည်။
ပြဇာတ်ဆရာကြီး ဘားနက်ရှောက “ ဆရာဝန်၏အခက်အခဲ” ဟူသောပြဇာတ်၌ ခွဲစိတ်ကုသ ခြင်းနည်းကို သရော်ထားခဲ့သည်။ သူကခွဲစိတ်ခြင်းသည် လူသတ်နေခြင်းဟုပင် ပြောခဲ့လေသည်။
မြန်မာ့ဆေးပညာကို ကျွန်မသင်ကြားဆည်းပူးသည့်အခါ ဝေဒနာတစ်ခုကို ပျောက်တတ်သည့် ဆေးနည်း (ဝါ) ဖော်နည်းကားကိုရှာ၍ ပညာကို ထုံခြင်းမဟုတ်ပေ။ ပညာအခြေခံဇစ်မြစ်နှင့် ယထာဘူတကျကျ အမှားအမှန်ကိုသာ အတိအကျ ရှာခဲ့သည်။
ပညာတတ်လျှင်ဆေးကို ကိုယ့်နည်းနှင့်ကိုယ် ဖော်စပ်ရပေမည်။ ဆေးလောကကို ကိုယ့်ပညာနှင့်ကိုယ် ဖန်တီးရပေမည်။ အမျိုးအမည်၊ ဆေးအမည်များနှင့် အချိန် တစ်ရွေးသား၊ နှစ်ရွေးသား စသည်ဖော်စပ်ထားသော ဆေးနည်းများကို အားကိုးမှတ်သားကာ ဆေးကုသဖို့ရာ စိတ်ကူးထဲမျှမထည့်ဖူးချေ။ နေလ မြန်မာ့ဆေးပညာ အခြေခံဇစ်မြစ်ကို လိုက်သည့်အခါ၌ ဆရာကြီး အမိန့်ရှိသည့်အတိုင်းပင် နေလမြန်မာ့ဆေးပညာတွင် တစ်ရာ့ရှစ်နည်းမှကျော်လွန်၍ ဆေးမရှိပေ။ တစ်ရာ့ရှစ်နည်းတွင် သုံးစားရှိသည်ဆိုခြင်းမှာ အကယ်၍ လူနာရှင်က ငွေကြေးတတ်နိုင်၍ ပြည့်ဝချမ်းသားခဲ့လျှင် ပုလဲကိုစားခိုင်းကာ အကယ်၍လူနာရှင်မှာ မတတ်နိုင်သူဖြစ်က ကနုကမာသွေးတိုက်၊ သို့မဟုတ် ယောက်သွားဖြင့်ကုရမည့်အတွက် သုံးစား ခွဲထားခြင်းဖြစ်သည်။ ပုလဲ၊ ကနုကမာ၊ ယောက်သွားတို့၏ သတ္တိအစွမ်းမှာ ဝေဒနာပျောက်ခြင်းတူကာ အနှေးအမြန် ခြားနားခြင်းသဘော ရှိပေသည်။
တစ်ရာ့ရှစ်နည်းကို ပညာအရချုံ့ကျဉ်းနိုင်လျှင် နေလ မြန်မာ့ဆေးပညာတွင် ဖော်စပ်ဆေးမှာ နှစ်မျိုး နှစ်နည်းသာရှိသည်။ ပညာကိုသင်ပြသောဆရာကြီးက ကျွန်မကို သြဝါဒပေးဖူးလေ သည်။ ဆေးမတိုက်မီ လူနာကို တည့်တာမတည့်တာ အတိအကျ ဆရာကဆုံးဖြတ်ထားနိုင် ရမယ်။ အကယ်၍ လူနာရှင်က တည့်မတည့်ကိုသိလိုပါက သစ်ပင်ကိုဖြစ်စေ၊ တိရစ္ဆာန်ကို ဖြစ်စေ၊ ထိုလူနာကိုဖြစ်စေ၊ သို့မဟုတ် အခြားသူတစ်ယောက်ကိုဖြစ်စေ တည့် မတည့်ပြောပြီး လုပ်ပြနိုင်ရမယ်၊ “ပျောက် မပျောက် တာဝန်မခံနိုင်ပေမဲ့” ဆိုသောစကားမှာ ဝဋ်နာကံနာများကို ခြွင်းချက်ထား၍ ပြောဆိုခြင်းဖြစ်သည်။
မစ္စစ်ဟတ်ဆင်မှာ “ဆေးဖော်ရန်နောက်ထပ်မရှိဘူး၊ ဒါအပြီးဘဲ၊ အကျယ်တစ်ရာ့ရှစ်၊ အကျဉ်း-နှစ်” ဟူသော ဆရာကြီး၏အဖြေကို အံ့သြသွားပုံရပါသည်။ “ဆေးဖော်စပ်လို့ဆုံးတာ မြန်မာ့ဆေးပညာ၌သာ ကြားသိရကြောင်း” ပြောပြကာ အံ့သြနေပေသည်။
ဆရာကြီးက ထပ်မံ၍ ရှင်းပြရသည်။
“မိမိသင်အံလေ့ကျက်တဲ့ဆေးကျမ်း အမှားအမှန်ချိန်တာမရှိလို့ ဆေးဖော်စပ်လို့မဆုံးတာ၊ သင်အံလေ့ကျက်တဲ့ ဆေးကျမ်းရဲ့ အမှားအမှန်ကို ဆုံးဖြတ်နိုင်ရင် ဆေးဖော်စပ်လို့ ဆုံးရမယ်” ဝတ်လုံတော်ရ ဦးထွန်းအိက ဆရာကြီးစကားကို မစ္စစ်ဟတ်ဆင် သဘောပေါက်အောင် ရှင်းပြသည်။ မစ္စစ်ဟတ်ဆင်သည် ခေါင်းကိုတညိတ်ညိတ်နှင့် လေးလေးနက်နက် တွေးတော မှတ်သားနေပေသည်။
“ စိန်ကို မြန်မာ့ဆေးပညာမှာ သုံးပါသလား၊ ကျွန်မအယူအဆမှာ စိန်ဟာ နည်းနည်းသုံးရင် အပြစ်မရှိဘူး၊ ဘေးမရှိဘူး”
မစ္စစ်ဟတ်ဆင်က မြန်မာဆေးပညာကို တောက်ကြည့်လိုက်သည်။ ဤမေးခွန်းကို ဆေးပညာ လိုက်စားတတ်သိသည့် သူတိုင်းပင် ဘယ်အဓိပ္ပာယ်နှင့်မေးကြောင်း ရိပ်မိသိရှိနိုင်ကြသည်။ မစ္စစ်ဟတ်ဆင်၏မေးခွန်းကို ဆရာကြီးက “ စိန်ကို နည်းနည်းသုံးသုံး များများသုံးသုံး နားမလည်ရင်ဘေးရှိတယ်၊ နားလည်ရင်ဘေးမရှိဘူး” ဟု ပြန်ဖြေလိုက်သည်။
ဓာတ်များနှင့်ပတ်သက်၍ အသုံးချရာတွင် မြန်မာ့ဆေးပညာတွင် ဓာတ်ကိုပိုင်ပိုင်နိုင်နိုင် နားမလည် မတတ်သိဘဲနှင့် ဆေးကိုင်ဖို့ရာ ခက်သည်။ ဓာတ်များကား ငရုတ်ကောင်း၊ ပိတ်ချင်း၊ ဂျင်းတို့ထက် ထက်မြက်သောသတ္တိရှိပေသည်။
“အုန်း၊ ကျွန်း၊ စံ၊ ရာ၊ သံ၊ ဓာတ်၊ ရင်း၊ နှော” ဟူသည် ဓာတ်ကိုးပါးကို ပေါက်မြောက်အောင် နားလည်ခဲ့ပါလျှင် လောက၌ အားလုံးဖန်တီိးနိုင်သောအဆင့်သို့ ရောက်နိုင်လေသည်။
စိန်၊ ဟင်းရိုင်း၊ ဒုဋ္ဌာ၊ ပြဒါး၊ ကျောက်ချဉ်၊ ယမ်း၊ ကန့်၊ ရွှေ၊ ဆား ဤဓာတ်ကိုးပါးထဲမှ အမြောက်၊ ဗုံးမှ အနုမြူအထိ ဖန်တီးနိုင်ကြသည်။ မြန်မာမှုအစဉ်အလာအရဆိုလျှင် ယင်းဓာတ်သဘော များကို လူ့လောကကောင်းကျိုးအတွက် လူအများကျန်းမာရေးအတွက် အသက်ရှည်ရေး အတွက်ကိုသာ လုပ်ဆောင်ခဲ့ကြပေသည်။
ဓာတ်ကိုးပါးကို နားလည်တတ်သိချေက အလိုရှိသလောက် တောင်းခံနိုင်သလောက်၊ ထက်မြက်သောဆေးစွမ်းကို ဖြန့်ဖြူးပေးကမ်းနိုင်သည်။
ဤကဲ့သို့ ထက်မြက်ခြင်းရှိလှသော အမျိုးသားဆေးပညာ၊ ဓာတ်ပညာ၊ ဝိဇ္ဇာပညာများမှာ အင်္ဂလိပ်လက်အောက်ရောက်သောအခါ တိမ်ကောခဲ့ရသည်။ မစ္စစ်ဟတ်ဆင်သည် တစ်စုံတစ်ရာကို စဉ်းစားသလို အင်္ကျီကော်လာမှ ကြယ်သီးကို လက်နှင့်ပွတ်ရင်း
“ ရောဂါရတာ ဘာကြောင့်ရပါသလဲ” ဟု မေးလေသည်။
ဆရာဝန်မ၏ မေးခွန်းတိုင်း ဆရာကြီိးကဖြေသည်။ အင်္ဂလိပ်ဆရာဝန်နှင့် မြန်မာဆရာတို့ အမေးအဖြေကို ဧည့်သည်များက စိုက်လျက်စိတ်ဝင်စားစွာ နားထောင်နေကြသည်။
“ရောဂါရတာ အာရုံငါးပါးမှ မတည့်တဲ့အရာဝတ္ထုကြောင့် ဝေဒနာရတယ်လို့ပြောလိုက်ပါ..၊ သူကဝိပဿနာလိုက်စားတယ်ဆိုတော့ အာရုံငါးပါးကို နားဝေးမယ် မဟုတ်ဘူးထင်တယ်၊ အထူးသဖြင့် အစာကြောင့် ဝေဒနာရတယ်လို့ ဖြေလိုက်ပါ”
ဆရာကြီး အမိန့်ရှိသည့်အတိုင်းပင် ဝတ်လုံတော်ရ ဦိးထွန်းအိက ဆရာဝန်မနားလည်အောင် ရှင်းပြလေသည်။ မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်၊ အထိအတွေ့မှ ကိုယ်နှင့်မတည့်သည့်အရာ၊ အနံ့၊ အသံ၊ အဟာရ၊ အထိအတွေ့ကြောင့် ဝေဒနာရကြောင်း အကြမ်းအားဖြင့်ပြောပြကာ အစားကြောင့် ဝေဒနာဖြစ်တာက များတယ်ဟု အသေးစိတ်ရှင်းပြောပြသည်။
“ ရောဂါတိုင်း ပျောက်အောင်ကုနိုင်ပါသလား”
“ကုနိုင်ပါတယ်”
“ဆေးအပြင် ဘယ်နည်းနဲ့ကုသေးလဲ” ဟု မစ္စစ်ဟတ်ဆင်ကစုံစမ်းပြန်သည်။
“ ဆေးနဲ့မဟုတ်၊ အစာနဲ့ ကုတယ်၊ ဆေးဆိုတာ စားရတဲ့အရာဝတ္ထုတွေ၊ အမှုန့် အရည်လုပ်ထားတာပဲ၊ ကိုယ်နဲ့တည့်တဲ့အစာစားရင် ဒီအစာဟာဆေးပဲ၊ ဆေးရှာစရာမလိုဘူး”
သူမငြိမ်သက်စွာပင် စားပွဲကိုစိုက်ကြည့်လျက် သူ၏ညာလက်မောင်းတွင်ရှိသော အဖုများကို လက်နှင့်ပွတ်နေလေသည်။
“ ဆေးမရှိတဲ့နေရာမှာ ဝေဒနာကို ပျောက်အောင်ဘယ်လိုကုမလဲ”
ဤမေးခွန်းသည် မစ္စစ်ဟတ်ဆင်ကို ဆရာကြီးကမေးလိုက်သော ဆရာကြီး၏ တစ်ခွန်းတည်း သော မေးခွန်းပင်ဖြစ်ပေသည်။
မစ္စစ်ဟတ်ဆင်သည် အဖြေကိုရုတ်တရက်မပေးဘဲ ပြုံးကာစဉ်းစားနေသည်။ ဤတွင် ဝတ်လုံတော်ရ ဦးထွန်းအိက မြန်မာ့ဆေးပညာတွင် ဆရာဆိုတာ ကိုင်မိတာ ဆေးဖြစ်ရမယ် ဟူသောပညာအခြေခံသဘောကို အကြမ်းဖျင်း အချိန်အတော်ကြာလောက်အောင် ရှင်းပြော နေလေသည်။
“နောက်ဆုံး ဆေးမရှိတဲ့နေရာရောက်နေပြီး၊ ဆေးမရှိဘူးဆိုပါတော့ …”
စားပွဲပေါ်က စာရွက်ကို ထောင်ပြလျက် ….
“ နောက်ဆုံးဒီစက္ကူပဲရှိတယ်ဆိုပါတော့၊ အဲ့ဒီိစက္ကူကိုပဲ ဆေးဖြစ်အောင်၊ မြန်မာက ပျောက်အောင်ကုသွားနိုင်တယ်”
ဆရာမမှာ ပြုံးစေ့စေ့နှင့်နားထောင်နေကာ စကားဆုံးလျှင်…
“ ဘာကြောင့် ဒီစက္ကူကြောင့် ဝေဒနာပျောက်ရတယ်ဆိုတာတော့ ကျွန်မနားမလည်ဘူး၊ ဒါပေမဲ့ စက္ကူနဲ့လည်း ပျောက်အောင်လုပ်တတ်ရင် ပျောက်နိုင်တယ်ဆိုတာတော့ ကျွန်မအဖို့ စိတ်ဝင်စားစရာကောင်းနေပြီ”
မစ္စစ်ဟတ်ဆင်သဘောပေါက်အောင် ဦးထွန်းအိက ရှင်းပြနေခိုက် ကျွန်မသည် မြန်မာ့ ဆေးပညာသမိုင်းတွင် ယခုထက်တိုင်ထင်ရှားသော ဆရာဇီဝကအကြောင်းကို သုံးသပ်ကာ တွေးတောဆင်ခြင်မိသည်။ ဆရာဇီဝကသည် တက္ကသိုလ်တွင် ပညာသင်ယူပြီးသောအခါ တက္ကသိုလ် ဒိသာပါမောက္ခ ဆရာကြီးက ဆရာဇီဝကကို အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာသို့ ခရီးတစ်တိုင်စီ သွားခိုင်းပြီးလျှင်ဆေးဖက်မဝင်သည့် သစ်ပင်ကို ရှာရမည်ဟု စေလွတ်လိုက်သည်။ ဆရာဇီဝကသည် အရှေ့ဘက်သို့ ခရီးတစ်တိုင်ခန့် သွားပြီး နောက် ဆရာကြီးအား ဆေးဖက်မဝင်သည့် သစ်ပင်ဆို၍ တစ်ပင်မျှရှာမတွေ့ခဲ့ကြောင်း ပြောလေသည်။ အရပ်လေးမျက်နှာစလုံး၌ပင် ခရီးတစ်တိုင်အထိ ဆေးဖက်မဝင်သည့် သစ်ပင် ဆို၍တစ်ပင်မှ ရှာမရကြောင်းပြန်ကြားသောအခါ “ အသင်ဆရာဖြစ်ပြီ၊ သွားတော့” ဟု ဒိသာပါမောက္ခ ဆရာကြီးက အမိန့်ရှိလိုက်သည်။
ဆရာဆိုတာ ကိုင်မိလျှင်ဆေးဖြစ်ရမယ်ဆိုသော စကားနှင့်ဆက်စပ်၍ ကျွန်မလည်း အထက်ပါ အကြောင်းကို ပြန်လည်သုံးသပ် ဆင်ခြင်ကြည့်မိသည်။ ဘယ်အရာမှ ဆေးဖက်မဝင်တာ မရှိသော မြန်မာ့ဆေးပညာနည်းကို အင်္ဂလိပ်ဆရာဝန်မကြီး တတ်သိနားလည်မည်ဆိုလျှင် ဘယ်လောက်များ စိတ်ဝင်စားလိုက်မလဲဟု အောက်မေ့ရလေသည်။
“အနောက်နိုင်ငံမှာ အခုခေတ်စားနေတာက ခွဲစိတ်ကုရုံ၊ ဆေးထိုးရုံမဟုတ်သေးဘူး၊ ဘာပဲ ဖြစ်ဖြစ် ဓာတ်မှန်သွားရိုက်ကြည့်ချင်ကြတာပဲ၊ ဓာတ်မှန်ပေါ်လာမှ လူတွေရောဂါ တော်တော်ထူ လာကြတယ်၊ ကင်ဆာရောဂါဝေဒနာဟာ ကြောက်ပြီးဖြစ်တာလို့ ကျွန်မယူဆတယ်….. ထစ်ကနဲ့ဆိုရင် သူတို့ကိုယ်တိုင်က ဓာတ်မှန်ပြေးရိုက်ချင်တာပဲ၊ ကျွန်မဆရာကြီးနဲ့ မြန်မာ့ဆေး ပညာကိုဆွေးနွေးပြီးတဲ့နောက် အနည်းငယ်ဝေဖန်ပြောရမယ်ဆိုရင် ဆရာကြီးကုထုံးကုနည်း ဟာ တောရွာတောမြို့မှာပဲ ကိုက်တယ်၊ အခုလို ခွဲစိတ်၊ ဆေးထိုး၊ ဓာတ်မှန်ရိုက် ခေတ်စားနေတဲ့ မြို့ကြီးပြကြီိးများမှာ အခက်အခဲတွေ့လိမ့်မယ်လို့ သဘောရမိတယ်”
မစ္စစ်ဟတ်ဆင်သည် နောက်ဆုံး ဤသို့နိဂုံးချုပ်လိုက်ကာ ပြန်ဖို့ရန်နေရာမှထ၍ အားလုံးအား လက်ဆွဲနှုတ်ဆက်လေသည်။ ကျွန်မလည်း မစ္စစ်ဟတ်ဆင်ကို ဆေးတိုက်ထဲရှိ မြန်မာ့ဆေး ရည်၊ ဆေးမှုန့်များကို ပြသလိုက်သည်။
“ဒီနေ့ ဆရာကြီးနဲ့ တွေ့ပြီးဆွေးနွေးကြတာ မြန်မာ့ဆေးပညာကို ဘယ်လိုသဘောထားပါသလဲ” ဟု နောက်ဆုံးဆရာဝန်မကြီးပြန်ကာနီး တံခါးဝတွင် ကျွန်မကမေးလိုက်သည်။
“ကမ္ဘာလှည့်ပြီး တရုတ်၊ ကုလား၊ ဆေးဝါးကုထုံးတွေကို အကျဉ်းလေ့လာဆည်းပူးကြည့်ခဲ့ တယ်၊ မထူးခြားလှဘူး၊ ဆရာကြီးပြောတဲ့ ရောဂါကို အစာနဲ့ကုတယ်ဆိုတဲ့အချက်ဟာ ထူးခြားပြီး မှတ်သားမိအောင် စိတ်ဝင်စားပါတယ်”
“မြန်မာပြည်ကို ရှင်မလာခင်က မြန်မာ့ဆေးပညာနဲ့ ပတ်သက်လို့ အစအနကြားခဲ့ဖူးပါလား”
ဟု ကျွန်မကထပ်မေးမြန်းလိုက်ကာ မစ္စစ်ဟတ်ဆင်ကို ပြုံးကြည့်နေသည်။
“မြန်မာပြည်မှာ ဆေးဖက်ဝင်တဲ့ သစ်မြစ်၊ သစ်ဖု၊ သစ်ဥတွေရှိတယ်ဆိုတဲ့ သတင်းကို မလာခင်ကပဲ သိရပါတယ်၊ မပြန်ခင်အချိန်ရရင် မြန်မာ့ဆေးပညာ ဆွေးနွးဖို့ ရှင်နဲ့ ကျွန်မဆွေး နွေးကြရအောင်”
ကျွန်မလည်း ပြုံးလျက်ကပင် ခေါင်းကို အသာညိတ်ပြလျက် လက်ဆွဲနှုတ်ဆက်လိုက်ကာ လူချင်းခွဲလိုက်ကြရသည်။

မှတ်ချက်။ ။ ဂျာနယ်ကျော်မမလေး၏ မြန်မာဆေးပညာစာအုပ်မှ ကူးယူမျှဝေပါသည်။

Tuesday, January 27, 2009

ချောင်းဆိုးပျောက်ဆေး....

ဆရာဒူကဘာက ဂျပန်မှ ကမာအတွက် ချောင်းဆိုးပျောက်ဆေးတောင်းဆိုတဲ့အတွက် ဒီပိုစ့်ကိုရေးပါတယ်။ ပထမဆုံး မိမိတို့၏အမည်များကို နေဂိုဏ်း၊ လဂိုဏ်း ခွဲခြားပြီး မိတ်ဆွေဓာတ်ဖက်များကို ရှာရပါမယ်။ ဥပမာ- မောင်ကျော် ရဲ့ မိတ်ဆွေဓာတ်ဖက်များမှာ ပ၊ ဖ၊ ဗ၊ ဘ၊ မ၊ သ၊ ဟ၊ က၊ လ၊ ဝ တို့ဖြစ်ပါတယ်။ ထို့ကြောင့်မောင်ကျော်ဟာ ပ၊ ဖ၊ ဗ၊ ဘ၊ မ၊ သ၊ ဟ၊ က၊ လ၊ ဝ တို့နှင့်ဆုံးသော ဓာတ်စာများကိုစားသုံး ရပါမယ်။ အခြားအမည်များကိုလည်း အောက်တွင်ဖော်ပြထားသော မိတ်ဆွေဓာတ်ဖက်များ ကိုကြည့်ပြီး တွက်ချက်နိုင်ပါတယ်။ ပြီးလျှင်အောက်တွင် ချောင်းဆိုးရောဂါအတွက် သင့်တော်သော ဓာတ်စာများကို အလွယ်တကူရှာဖွေနိုင်ရန် ဖော်ပြထားပါတယ်။

နေဂိုဏ်းဝင် မိတ်ဆွေဓာတ်ဖက်များ
အန္တော စရေ
အ= မီးခဲတေဇော ဓာတ်ဖို (တနင်္ဂနွေ ) (အ)
တော= မီးတောက်တေဇော ဓာတ်မ (စနေ) (တ၊ ထ၊ ဒ၊ ဓ၊ န)
စ= လေညှင်းဝါယော ဓာတ်ဖို (အင်္ဂါ) (စ၊ ဆ၊ ဇ၊ ဈ၊ ည)
ရေ= မုန်တိုင်းဝါယော ဓာတ်မ (ရာဟု) (ရ)

လဂိုဏ်းဝင် မိတ်ဆွေဓာတ်ဖက်များ
ဂဗ္ဘေ ဝံသေ
ဂ= သေလာပထဝီ ဓာတ်ဖို (တနင်္လာ) (က၊ ခ၊ ဂ၊ ဃ၊ င)
ဘေ= ပံသုပထဝီ ဓာတ်မ (ကြာသပတေး) (ပ၊ ဖ၊ ဗ၊ ဘ၊ မ)
ဝံ= ရေကြည်အာပေါ ဓာတ်ဖို ( ယ၊ လ၊ ဝ)
သေ= ရေနောက်၊ ရေငန်၊ ရေပုပ်အာပေါ ဓာတ်မ ( သ၊ ဟ)

ဆေးဖြစ်စေသော နဝင်းများ

အရိုင်း စိတ်တို (ပါပဂြိုဟ် လေးလုံး)

အ= မီးခဲတေဇောဓာတ်ဖို ဂြိုဟ်သက် (၆)နှစ်+ ရ= မုန်တိုင်းဝါယော ဓာတ်မ ဂြိုဟ်သက် (၁၂)
ဥပမာ- အုန်းနဲ့ သံပုရာ
စ= လေညှင်းဝါယော ဓာတ်ဖို ဂြိုဟ်သက် (၈)နှစ်+ တ= မီးတောက်တေဇော ဓာတ်မ ဂြိုဟ်သက် (၁၀) နှစ်
ဥပမာ- နွားနို့ နဲ့ ဆား

လူမိုက် ခေါင်သောက် (သောမဂြိုဟ် လေးလုံး)

ခ= သေလာပထဝီ ဓာတ်ဖို ဂြိုဟ်သက် (၁၅)နှစ်+ သ= ရေနောက်၊ ရေငန်၊ ရေပုပ်အာပေါ ဓာတ်မ ဂြိုဟ်သက် (၂၁)နှစ်
ဥပမာ- သခွားသီး
လ= ရေကြည်အာပေါ ဓာတ်ဖို ဂြိုဟ်သက် (၁၇)နှစ်+ မ= ပံသုပထဝီ ဓာတ်မ ဂြိုဟ်သက် (၁၉)နှစ်
ဥပမာ- လိမ္မော်သီး

လ ဂိုဏ်းဝင်ပုဂ္ဂိုလ်များ ချောင်းဆိုးရောဂါအတွက်ဓာတ်စာများ
ကနခို၊ ---------- ကနဖော့၊ ---------- ကရဝေးသီး၊ --------- ကြေးမြီးဖို၊----------- ကြေးမြီးမ၊ ကြက်မောက်ပွင့်၊ ---------- ကြက်သွန်ဥ၊ ------- ကင်းပုံခါး၊ --------- ကန့်ချုပ်ဖြူ၊ --------- ကွမ်းစားဂမုန်း၊ --------- ကွမ်းပင်၊ --------- ကြိတ်စေ့၊ --------ကြိတ်မှန်၊ ------- ကုက္ကိုသီး၊ --- ကုံကုမံ၊ -------- ကုန်းကျီးသီး၊ -------- ခဝဲသီးအချို၊-------- ဆင်ဂျင်း၊-------- ချင်းခြောက်၊ --- ချိပ်၊ --------ဂေါ်ဖီပန်း၊ --------- ဂေါ်မုတ်ကျောက်၊ ------- ဂုံခါး(ချောင်းခြောက်ဆိုး)၊ --------- ဂျိုးစကောက်ပင်၊ ------ စပါးလင်၊ ------- တောစပျစ်သီး၊ -------- စမုံစပါး၊ -------- စမုံဖြူကြီး (ကြက်ညှာချောင်း)၊ ------ စာလေးသခွား၊ -------- စူလနဖာ(ချောင်းဆိုးသွေးပါ)၊ ------- စမ္ပာ(ကြက်ညှာချောင်း)၊ ------- ဘိန်းစေ့နှင့် သကြား၊ -------- ဘိန်းသီး၊ ------ မာလာပင်၊ --- မုရားကြီး(ပဉ္စငါးပါး)၊ ------- မက်မန်းသီး၊ -------- မြင်းခွာပင်၊ -------- မြင်းသီလာ၊ ----------- မြင်းကျင်ငယ်၊ ----- ဖာလာနမိတ်၊ -------- ဘူးခါးသီး၊ -------- ယောက်သွား၊ ------- ရင်ခတ်သီး(သလိပ်ခဲ၊ သလိပ်ကျောက်) ------- ရှိန်းခိုပင်အစေး၊ ----- ရှောက်ချိုသီး၊ ----- ရှောက်ပန်းသီး၊ ------လက်ချား၊ ------- သကြားခဲ၊ ----- သမင်ချို၊ ----- သီးသီးမှည့်၊ ---- တောသစ်ဂျပိုးစေ့ပြုတ်ရည် (ပျားရည်နှင့် ကလေးတိုက်)၊ ------- သစ်တက်လင်းလေ၊ ------- ဟင်းဂလာအယဉ်(ချောင်းမပြတ်ဆိုး ရောဂါအတွက်)၊-------- ဥပသကာ၊ ------- အင်ကြင်းပင်၊ ----- ဣဿယမူလီ၊ ------- ရှားစောင်းလက်ပပ်အဝါပွင့်၊ ------ ရှားစောင်းလက်ပပ်အကြီး၊ --- စွန်ပလွန်သီး၊ ----- ဆီးဖြူသီး၊ -------- မြေဆီးဖြူသီး၊ ------ ဆူးပုပ်ကြီး၊ ------- ဆူးလေငယ် အမြစ်နှင့်အသီး၊ ------ ဆေးဥတစ်လုံး၊ ------ မြန်မာဆေးခါး၊ ------ ဆိပ်ဖလူး၊ --------- ဇာတိပ္ဖိုလ်သီး၊ -------- ဇာတိပ္ဖိုလ်ပွင့်၊ -------- ဇင်ပြွန်းသီး၊ ------- ပန်းတမာရွက်၊ ---------- တယောပင်အစေး၊ ------- ထောက်ကြံ့၊ ----- နကျယ်ပန်း၊------ နေကြာပန်း၊ ----- နီလာ၊ ---- နိုကိုဥအရွက်၊ -------- နှမ်းလုံကြိုင်ပင်၊ ------- ပဒဲကောကြီး၊------- ပရန္နဝါအဖြူ၊ ------ ဘုံဘေပွေးကိုင်း၊ ------ ပဲနံ့သာ(ပါဒရက် ချောင်းဆိုး)၊ ------ ပျားရည်၊ ------ ပန်းမ၊ ------- ပိတ်ချင်းသီး၊ -------- ပြောင်ချို၊ ------- ဖလံတောင်ဝှေးအမြစ်၊ ------ ဖာလာငယ်။

နေ ဂိုဏ်းဝင်ပုဂ္ဂိုလ်များ ချောင်းဆိုးရောဂါအတွက်ဓာတ်စာများ
ကညင်ဆီ၊ ----- ကြေးနီ၊ ------- ကပ်စေးနှဲပွင့်ချောက်၊ ------- ရေကန်စွန်း၊ ----- နွားသွားပြာ၊ ----- သန္တာ၊ ------ ငါးရံ့ပတူ၊ ------ စရိုပင်၊ ----- စားတော်ပဲ၊ ------- ဆီးစေ့အဆန်၊ ------ ဆား၊ ----- ဆင်တုံးမနွယ်၊ ---- ဆိတ်ကျင်ငယ်၊ ------- ဆိတ်ချို၊ ------ ဆောက်ချဉ်သီး၊ ----- မြန်မာဇီယာရွက်၊ ------- ဇီရာနက်၊ ------ ထနောင်းပင်၊ ------ ဒူးရင်းသြဇာအပွင့်အဖူး၊ ------ နဂါးစက်၊ ----- နံနံစေ့၊ ----- နွားနောက်သား၊ ----- နွားနို့ဒိန်ချဉ်၊ ------ ဆိတ်နို့ရည်၊ -------- ပဒိုင်းသီးအနက်၊ -------- ပူဒီနာ၊ ------- ပဲပိစပ်၊ ------- ပင်စိမ်းနက်၊ ------- ပန္နုပင်အဆီ၊ ---- ဖရဲသီးအခါး၊ ---- မရိုးအပွင့်၊ ------- မုရားနှင်းသီး၊ ------- မြေပဲထွေးပင်၊ ------ တောပဲရိုင်းအမြစ်ပြုတ်ရည်၊ ------လေးညှင်းပင်၊ ------ တောသီတင်းပင်၊ ----- သံပုရာသီး၊ --- သံပုရိုသီးမှည့်၊ ------ သစ်ဆိမ့်သီး၊ -----အုံတုံပင်၊ ------- ကြက်ဆူဆီသီးအဖြူ၊ --------- သဖန်းနွယ်အမြစ်ခေါက်။

မြန်မာပြည်တွင်းမှ ဝေဒနာရှင်များအတွက် ရှာဖွေရန်လွယ်ကူပေမဲ့ ပြင်ပမှ ဝေဒနာရှင်များ အတွက်တော့ အခက်အခဲများ ရှိနိုင်ပါတယ်။
တလောက ကျွန်မရဲ့ သမီးကြီးချောင်းဆိုးတာကို ကွမ်းရွက်ထဲသို့ ကွမ်းရွက်ပုံဆေးနှင့် ဖာလာတစ်စေ့ထည့်ကာ ကိုက်ပြီးပါးစောင်တွင်ငုံထားစေပြီး ထွက်လာသောဆေးရည်များကို မျိုချခိုင်းခြင်းဖြင့် တစ်ရက်တည်းနှင့် ပျောက်သွားခဲ့ပါတယ်။ ချောင်းဆိုးကာစ ဖြစ်သောကြောင့် အပျောက်မြန်ခြင်းဖြစ်နိုင်ပါတယ်။ အထက်ပါဓာတ်စာများထဲမှ မိမိတို့နေရာဒေသတွင် အလွယ်တကူရနိုင်သည့် အမျိုးအစားကို မိမိသင့်တော်သလို ဓာတ်ခိုက်အောင် ပြုလုပ်သုံးစွဲသင့်ပါတယ်လို့ ဖြေကြားလိုက်ပါတယ်ရှင်….။

ရွှင်လန်းချမ်းမြေ့ကြပါစေ.....။

မှတ်ချက်။ ။ ဆရာကြီးဦးသာတင့်၏ ပုဂ္ဂလပညတ် အခြေခံဓာတ်ကျမ်းမှ ကောက်နှုတ်တင်ပြပါသည်။