Sunday, July 19, 2009

အာဇာနည်မျိုး သေရိုးမရှိ...

Saturday, July 18, 2009

အခုတလောအခြေအနေ...

အလည်လာကြသူတွေကို ပြန်လည်နှုတ်မဆက်နိုင်တာကို ခွင့်လွှတ်ကြပါနော်.. အခုတလော အလုပ်က မနက်ပိုင်းဖြစ်သွားလို့ စောစောအိပ်ပြီး စောစောထနေရတာနဲ့ ကိုယ့်ဘလော့ လေးကိုတောင် မဖွင့်ဖြစ်ဘူးဖြစ်နေတယ်။ အလုပ်ကအပြန် ကလေးတွေက ၁၀ ရက် ကြာသင်ကြားပေးမဲ့ ယဉ်ကျေးမှုသင်တန်းမှာ camp ဝင်နေကြလို့ သူတို့ဆီကိုလည်း သွားနေရသေးတယ်လေ။ စာတွေလည်းမတင်ဖြစ်ဘူးဖြစ်နေတယ်။ ဂျာနယ်ကျော်မမလေးရဲ့ မြန်မာ့ဆေးပညာ ဆောင်းပါးမှ အမျိုးသမီးတွေသားဖွားလျှင် အသုံးချနိုင်ဖို့အတွက် ဆောင်းပါးတပုဒ် တင်ပေးနိုင်ဖို့ စာရိုက်နေပါသေးတယ်။ မကြာခင်တင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အလည်လာကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။

Monday, July 13, 2009

သီတဂူဆရာတော်ဘုရားကြီးရဲ့တရားကို သွားရောက်နာယူခြင်း...



ဒီနေ့သွားနာခဲ့ရတဲ့ သီတဂူဆရာတော်ဘုရားကြီးရဲ့ တရားတွေကို နောက်တနေ့ဗွီဒီယိုဖိုင်လေးတွေတင်ပေးပါမယ်.. လောလောဆယ်တော့ ဓာတ်ပုံဆလိုက်ရှိုးလေး တင်ပေးထားပါတယ်နော်...

Tuesday, July 7, 2009

အိမ်ပြန်လက်ဆောင်...

အိမ်လွမ်းသူရဲ့ မိတ်ဆွေတွေအတွက် လက်ဆောင်အဖြစ် ကျေးဇူးရှင်ပိုင်းလော့ဆရာတော်ဘုရား ဟောကြားခဲ့သော ခင်ပွန်းကြီးဆယ်ပါးပစ်မှားလျှင်သင့်တတ်သည့်ဒဏ်ဆယ်ပါး စာမူကိုဖတ်ဖြစ်စေရန် တင်ပေးထားခြင်းဖြစ်ပါတယ်..။ လာရောက်လည်ပတ်သူတိုင်း ဖတ်ဖြစ်အောင် ဖတ်မိစေဖို့ တိုက်တွန်းလိုပါတယ်..။ ကြွရောက်လာသူတိုင်း ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးချမ်း မေတ္တာဓာတ်လွှမ်းနိုင်ကြပါစေ

Monday, July 6, 2009

အိမ်ပြန်ရောက်ပါပြီ.....



သီလရှင်လေးတွေတော့ လူထွက်ပြီး ပြန်လာကြပါပြီ။ သမီးကြီးရဲ့ သီလရှင်ဘွဲ့က ကေတုမာလာ၊ သမီးငယ်ကတော့ ဝဏ္ဏသိင်္ဂီတဲ့၊ အတူဝတ်တဲ့ သူတို့ရဲ့ သူငယ်ချင်းလေးက ထေရစာရီတဲ့ …. ဥပေဇ္ဈာယ်ဆရာတော်ကတော့ မိုညှင်းသိင်္ဂီကျောင်းတိုက်က ဆရာတော် အရှင်ဇေယျပဏ္ဍိတ ဖြစ်ပါတယ်။ ဆရာတော်ဟာ မိုးကုတ်ဓမ္မကထိကဖြစ်ပြီး ၅ ရက်တရားစခန်းမှာ တရားလာပြပေးခဲ့တာဖြစ်ပါတယ်။ ဆရာလေးတွေက ဒီတရားစခန်းမှာ ဝတ်ဖြစ်သွားကြတာဖြစ်ပါတယ်။ အိမ်လွမ်းသူကလည်း ဆရာလေးတွေနဲ့အတူ တရားစခန်းဝင်ဖြစ်လို့ လူ့ဘဝမှာ ချမ်းသာစွားနေထိုင်နည်းတွေကို ရရှိခဲ့ပါတယ်။ ဆရာတော်ဟာ ဘုရားဟောခဲ့တဲ့တရားတော်တွေကို ဥပမာတွေပေး၍ ရှင်းလင်းစွာ ဟောကြားပြသပေးခဲ့တာဖြစ်ပါတယ်။ မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ ဖြစ်စေဆိုတဲ့ ဖန်ဆင်းရှင်တရားမဟုတ်ပါဘူး။ သတ္တဝါတွေအတွက် လမ်းကောင်း၊ လမ်းဆိုးကို ညွှန်ကြားပြသပေးခြင်းသာဖြစ်ပါတယ်။ မိမိကိုယ်တိုင် နာယူမှတ်သား ကျင့်ကြံနိုင်မှ မိမိရရှိမှာ ဖြစ်ပါတယ်။ ဆရာတော်ကိုပိုင်းလော့ဆရာတော်လို့လည်း ခေါ်တွင်ကြပါတယ်။ တနည်းအားဖြင့် တရားတော်နဲ့ လမ်းပြပေးတဲ့ဆရာတော်ဖြစ်ပါတယ်။ မိတ်ဆွေတို့လည်း ဆရာတော်ရဲ့ တရားတော်တွေကို နာယူကြပါဦးလို့ တိုက်တွန်းလိုပါတယ်။ အိမ်လွမ်းသူရဲ့ မိတ်ဆွေတွေ လူ့ဘဝမှာ ချမ်းသာစွာနေထိုင်နိုင်ကြပါစေ…….

Saturday, June 27, 2009

ခွင့်ပြုပါ...


သူတို့တွေပေါ့ မကြာခင် ဂတုံးလေးတွေဖြစ်တော့မှာ
အိမ်လွမ်းသူတယောက် ခုတလောဘလော့ဂင်းခြင်းမှခေတ္တ ရပ်ဆိုင်းထားရမည်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အိမ်လွမ်းသူပိုင်ဆိုင်သော တန်ဘိုးမဖြတ်နိုင်သည့်ရတနား)) လေးများဖြစ်ကြသည့် မပေါ့နှင့် မပိ တို့ သီလရှင်ဝတ်ပြီးလျှင် ငါးရက်ပတ်တရားစခန်း၌ တရားရိပ်သာ ဝင်ကြမည်ဖြစ်ပါသောကြောင့် ထိုကိစ္စအဝဝနှင့် အလုပ်ရှုပ်နေသောကြောင့် ချစ်ခင်လှစွာသော ဘလော့မိတ်ဆွေ မောင်နှမများနှင့် ခေတ္တဝေးနေရပါမည်။ လာရောက်လည်ပတ်သူများကိုလည်း ကျေးဇူးတင်ပါသည်။ ပြန်မလည်နိုင်သေးသည်ကိုလည်း တောင်းပန်အပ်ပါသည်။ တရားရိပ်သာမှပြန်လာလျှင်တော့ သီိလရှင်လေးများအကြောင်း ပြန်ပြောပါမည့်အကြောင်း အသိပေးအပ်ပါသည်း))
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်….

Monday, June 22, 2009

Oregon မှ ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်ပြည့် မွေးနေ့ဆုတောင်းပွဲ...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၄ နှစ်ပြည့်မွေးနေ့ဆုတောင်းပွဲကို Oregon ရောက်မြန်မာ့ဒီိမိုကရေစီ အင်အားစုများနှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့စုပေါင်း၍ ဘာသာပေါင်းစုံစုပေါင်း ဆုတောင်းပွဲကို ဇွန်လ ၂၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ သီရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်းတွင် နေ့ဆွမ်းဆက်ကပ် လျူဒါန်းခဲ့ကြပြီး နေ့လည် ၁-နာရီတွင် ဘာသာပေါင်းစုံမှ လူမျိုးအသီးသီး စုပေါင်း၍ ဆုတောင်းမေတ္တာပို့သခဲ့ကြပါသည်။ ဤမေတ္တာပို့သပွဲသို့ Burma Campaign မှ Edit နှင့် Burma Action Committee မှ Tara တို့လည်း တက်ရောက်အားပေးခဲ့ကြပါသည်။ ဘာသာရေးခေါင်းဆောင်များဖြစ်ကြသော သီရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဦးသီရိန္ဒ၊ အစ္စလာမ် တရားပြဆရာဦးစိုးဝင်းနှင့် ခရစ်ယာန်သာသနာမှ ကိုပေါ့မာန်လ် တို့မှ ဦးဆောင်ကာ ဆုတောင်းမေတ္တာများကို အသီးသီး ပို့သခဲ့ကြပါတယ်။ ဆုတောင်းပွဲလာရောက်ကြသူများကို မုန့်ဟင်းခါးနှင့် ဧည့်ခံကြွေးမွေးပြီး ညနေ ၄-နာရီတွင် အောင်မြင်စွာပြီးဆုံးသွားပါသည်။

Thursday, June 18, 2009

မွေးနေ့ဆုတောင်း...

ရန်ကုန်မိုးက comment မှာ ဒီကဗျာလေး ရေးခဲ့ပေးလို့ ပြန်တင်ပေးထားပါတယ်...


" အမေ ပင်ပန်းနေမှာ "


အမေ...
ဒီနေ့ဆိုရင် ...အမေနဲ့လူချင်းမတွေ့ရတာ
နစ်ပေါင်း နှစ်ဆယ်တိတိ ရှိပြီ အမေ ။

အမေ...
ကျန်းမာလို့ ရွှင်လန်းပါစေလို့
ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ် အမေ ။

အမေ...
သို့ပေမဲ့..အမေရဲ့ အေးမြပြီးဖြူစင်တဲ့ ရုပ်ပုံလွာလေးတွေ
အမေရဲ့ ရင့်ကျက်တည်ငြိမ်တဲ့ စကားသံလေးတွေကို
ကျွန်တော် တွေ့ရကြားရလို့ ဝမ်းသာမိတယ် အမေ ။

အမေ...
ကျွန်တော်တို့အတွက် အမေပေးဆပ်ခဲ့တာတွေ
စွန့်လွှတ်ခဲ့တာတွေ ၊ စေတနာထားခဲ့တာတွေ အားလုံးကို
ကျွန်တော် ဒီနေ့အထိ မေ့လို့မရဘူး အမေ ။

အမေ...
မြင့်မြတ်တဲ့ စိတ်ထား ၊ ကောင်းမွန်တဲ့ လမ်းညွှန်မှူ
မလျော့သော ဇွဲ ၊ ခိုင်ကြည်တဲ့ စိတ်ဓါတ်တွေကို
ကျွန်တော် လေးစားအားကျမိတယ် အမေ ။

အမေ...
ကျွန်တော်တို့တွေ အဝေးရောက်နေကြလို့
အမေ့ကို အထီးကျန်မဆန်စေရဘူး အမေ ။

အမေ...
အမေ့ဘေးနားမှာ ညီငယ်လေးတွေ ရှိနေသလို
အဝေးရောက်နေတဲ့ ကျွန်တော်တို့ သားကြီးတွေကလည်း
အမေ့ကို အမြဲအားပေးနေမှာပါ အမေ ။

အမေ...
အခုလေ .. ဒီကဗျာလေးကို ရေးရင်းနဲ့
ကျွန်တော် မျက်ရည်ဝဲမိတယ် အမေ ။

အမေ...
စိတ်ဓါတ်ခိုင်ကြည်တဲ့ သူတွေဟာ
ဘယ်တော့မှ မျက်ရည်မကျရဘူးဆိုလို့
ကျွန်တော် မငိုမိအောင် စိတ်ကိုတင်းထားတယ် အမေ ။

အမေ...
အမေ ကျန်းမာပါစေ ၊ သက်တော်ရာကျော်ရှည်ပါစေ...
အမေ ငြိမ်းချမ်းပါစေ ၊ အေးမြပါစေ...
အမေ ဆန္ဒပြုခဲ့တဲ့အရာတွေ အောင်မြင်ပါစေ...


သြော်....အမေ...ပင်ပန်းနေမှာပဲနော် ။





[*]အမေ့ကို ချစ်တတ်တဲ့ ညီအစ်ကို ၊ မောင်နှမများ အားလုံးအတွက် ရည်ရွယ်ပါတယ် ။



၂၀၀၈ ခုနှစ် ၊ သြဂုတ်လ ၊ ၈ ရက် ။
ရန်ကုန်မိုး

Monday, June 15, 2009

အဖေ့ကျေးဇူး...

ဒီနှစ် ဇွန်လ ၂၁ ရက်နေ့ဟာ အဖေများနေ့ဆိုပြီးသိရပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အရင်တုန်းက ဒါတွေမသိခဲ့ပါဘူး။ ဒီိကိုရောက်လာတာတောင် သမီးတွေက သူတို့ကျောင်းတွေကနေ အမေနေ့ဆို အမေအတွက်လက်ဆောင်တခုခု၊ အဖေနေ့ဆို အဖေအတွက် လက်ဆောင်တခုခု အမြဲလုပ်လာလေ့ရှိပါတယ်။ အဲဒီတော့မှ ကိုယ်ကသတိထားမိတာပါ။ အစိုးရ ရုံးပိတ်ရက်မဟုတ်လို့လဲ ကိုယ်ကသတိမထားမိပါဘူး။ နောက်တခုက အမှတ်တရနေ့တွေက တနှစ်နဲ့တနှစ် ရက်တွေမတူကြဘူး။ ဥပမာ- လွတ်လပ်ရေးနေ့ဆို July 4 ဖြစ်ပြီး အလုပ်သမားနေ့က စက်တင်ဘာလရဲ့ ပထမဆုံးတနင်္လာနေ့..။ Thanksgiving Day က နိုဝင်ဘာလရဲ့ နောက်ဆုံးပတ် ကြာသပတေးနေ့..။ အဲ့ဒီလိုဆိုတော့ နေ့တွေရက်တွေက တနှစ်နဲ့ တနှစ်မတူဘူးဖြစ်နေတယ်..။ ဒီိကကျောင်းတွေမှာက အမှတ်တရနေ့တွေ အများသားပဲ..။ ကလေးတွေကတော့ ဒါတွေကိုအမြဲ အမှတ်ရနေကြတယ်။ ဒီလိုဖြစ်အောင်လဲ သူတို့ကျောင်းတွေက အဲဒီရက်တွေကို အမှတ်တရဖြစ်အောင် လုပ်ပေးကြပါတယ်။ အမေနေ့ဆို ကျောင်းဖွင့်ချိန်မို့ ကျောင်းကပြန်လာရင် လက်ဆောင်လေးတွေ သူတို့ကိုယ်တိုင်လုပ်ပြီး ယူလာပေးနိုင်ပေမဲ့ အဖေနေ့ကတော့ ကျောင်းပိတ်ချိန်နဲ့ တိုက်နေလို့ ကြိုတင်လုပ်ပေးလာကြရတယ်။ သူတို့က ဇွန် ၁၈ ရက်ဆို နွေရာသီ ကျောင်းသုံးလပိတ်ပြီလေ…။ အဖေနေ့ဆို အဖေကို စိတ်ချမ်းသာအောင် ဦးစားပေးဆက်ဆံပြီး အမေနေ့ဆိုလည်း အမေကို ပျော်ရွှင်အောင် စိတ်ချမ်းသာအောင် အထူးအရေးပေး လုပ်ဆောင်ပေးကြတယ်။

ကိုယ်တွေဆီမှာတော့ မိဘဆိုတာ အနန္တဂိုဏ်းဝင်တွေမို့ ဦးစားပေးဆက်ဆံကြတာ အစဉ်အလာလိုဖြစ်နေတာပါ။ နေ့ထူးနေ့မြတ်တွေဆို မိဘတွေကို ကန်တော့ပြီး ပြောမှားဆိုမှား ပစ်မှားမှုတွေရှိခဲ့ရင် ခွင့်လွတ်ဖို့ တောင်းပန်ကန်တော့တဲ့ အစဉ်အလာတော့ ရှိပါတယ်။ အဖေနေ့ အမေနေ့ရယ်လို့ သတ်မှတ်ထားတာမရှိတော့ နေ့ရက်တွေကိုလည်း သတိမထားမိခဲ့ဘူး။ အခုမှ ပိုစ့်တွေလိုက်ဖတ်ရင်း အဖေ့အကြောင်းလေးရေးချင်လာတာနဲ့ ဒီပိုစ့်လေး ရေလိုက်တာပါ။

အဖေက ပအိုဝ့်အမျိုးသားစစ်စစ်ပါ။ အင်္ဂါသားမို့ စိတ်ကြီးပါတယ်။ ကျမတို့ငယ်ငယ်ကဆို အဖေ့ကို ချစ်ရမှန်းမသိအောင်ကို ကြောက်တာပါ။ သားသမီးတွေကို အမွေပေးစရာ ပညာသာရှိတယ်ဆိုပြီး သားသမီး ငါးယောက်စလုံးကို ပညာတတ်တွေဖြစ်အောင် ငယ်စဉ်ကတည်းက ကြိုးစားစေချင်တဲ့ စေတနာအပြည့်ရှိသူပါ။ အဖေက ကျေးရွာလယ်သမား ဘဝကနေ စက်ရုံအလုပ်သမားအဖြစ်နဲ့ ဘဝကိုရုန်းကန်ခဲ့တဲ့ အလုပ်သမားစစ်စစ်ပါ။ ပညာဆိုလို့ ဖုန်းကြီးကျောင်းစာကိုသာ ကျေညက်ခဲ့သူပါ။ အလုပ်သမားဘဝမှာ ပညာရဲ့တန်ဘိုးကိုသိပြီး သားသမီးတွေကြီးလာရင် နေပူထဲမှာ ပင်ပန်းတကြီး အလုပ်လုပ် ရမှာထက် စားပွဲမှာထိုင်ပြီး အေးအေးချမ်းချမ်း အလုပ်လုပ်နေရတာကိုသာ မြင်ချင်တဲ့သူပါ။ တခါတရံ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေကြတဲ့ သူငယ်ချင်းတွေက ဈေးရောင်း၊ နွားကျောင်းနဲ့ ငွေရှာနေကြကာ လွတ်လပ်နေကြတာကိုကြည့်ရင်း ကျောင်းသွားစာသင်ရတာကို ငြီးငွေ့တဲ့ ကျမက ကျောင်းမတက်ပဲ ဈေးရောင်းချင်တယ်ပြောမိလို့ အဖေရိုက်တာ ခံခဲ့ရပါတယ်။ အဖေ စိတ်တိုလို့ ရိုက်ရင် တချက်တည်းနဲ့ အီိစိမ့်နေအောင်ဆော်တာပါ။ ကျောင်းပျင်းတဲ့ကျမ အဖေ့ကြောင့် စာတတ်ခဲ့တာပါ။ ဒါကိုလည်း အရွယ်ရောက်ပြီး ကိုယ့်ဘဝ ကိုယ်ထူထောင်မှ ပညာတတ်မှ လူရာဝင်တယ်ဆိုတာသိပြီး အဖေ့ကိုကျေးဇူးတင်ခဲ့တာ။
နောက်တခုကတော့ ဘာသာရေးနဲ့ ပတ်သက်လို့ပါ။ အဖေဟာ ငယ်စဉ်ဘုန်းကြီးကျောင်းသား ဘဝကတည်းက ဆရာကောင်းနဲ့တွေ့ခဲ့လို့ ထေရဝါဒ ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်ခဲ့ပါတယ်။ သားသမီးတွေကိုလည်း ငယ်စဉ်ကတည်းက ဘာသာရေးလိုက်စားစေခဲ့တာပါ။ အပျော်အပါးထက် တရားဘာဝနာဘက်ကို နည်းမျိုးစုံနဲ့ လိုက်စားစေခဲ့တာပါ။ အပျော်အပါးမက်ပြီး စိတ်ထားကြမ်းတဲ့ ကျမကို တရားဘာဝနာနဲ့ နူးညံ့စေခဲ့သူပါ။ အဖေကိုယ်တိုင်က ထစ်ကနဲဆို စိတ်တိုတတ်သူဖြစ်ပေမဲ့ သူတပါးအသက်သတ်တာ တခါမှမတွေ့ခဲ့ဖူးပါ။ အိမ်မွေးကြက်တွေ မွေးထားပေမဲ့ အဖေကြက်သတ်ပြီး ချက်ကြွေးတာ တခါမှမတွေ့ဖူးပါဘူး။ အမေကကြက်မွေးပြီး ဝယ်သူတွေလာလို့ ကြက်ဖမ်းရင် ဆူညံနေတတ်တာကို ဘဝင်မကျလို့ ဝင်ငွေကောင်းပေမဲ့ သူတပါးအသက်နဲ့ စီးပွားမလုပ်ဖို့ အဖေတားမြစ်ခဲ့တယ်။ ကိုယ်ကိုယ်တိုင်မသတ်ပေမဲ့ သွယ်ဝိုက်တဲ့နည်းနဲ့ အကုသိုလ် ဖြစ်တယ်ဆိုလို့ ဥစားကြက်မလေးတကောင်သာ သားသမီိးတွေ ကြက်ဥစားရဖို့ မွေးခွင့်ရခဲ့တယ်။
လယ်၊ ခြံနဲ့ စက်ရုံအလုပ်တွေလုပ်ရင်း ဘဝကိုပင်ပန်းစွာဖြတ်သန်းခဲ့တဲ့အဖေဟာ အခုဆို အသက် ၇၇ နှစ်ရှိပါပြီ။ သားသမီး ငါးယောက်မှာ အကြီးဆုံးနဲ့ အငယ်ဆုံးကလွဲရင် ကျန်အလယ်သုံးယောက်က အိမ်ထောင်အသီးသီးကျပြီး ကိုယ့်အိမ်ထောင်နဲ့ကိုယ် ဖြစ်နေကြပါပြီ။ အငယ်ဆုံးကလည်း အခုဆို လျှပ်စစ်အင်ဂျင်နီယာဘွဲ့ရပြီးလို့ မိဘတွေနဲ့အတူပြန်နေနိုင်နေပါပြီ။ မိဘတွေကို အေးအေးချမ်းချမ်းနေခွင့်ပေးနိုင်နေပြီဖြစ်ပေမဲ့ အဖေကတော့ အခုချိန်ထိ အနားမယူသေးပါဘူး။ စက်ရုံအလုပ်က ပင်စင်ရနေပေမဲ့ ခြံစိုက်တာကိုတော့ ဝါသနာအရ တားလို့မရသေးပါဘူး။ အခုချိန်အထိ ပေါက်တူးတလက်နဲ့ စားပင်၊ သီိးပင်တွေ စိုက်ပျိုးနေတုန်းပါပဲ။ အဖေ့လက်နဲ့ စိုက်တဲ့အပင်တွေကလည်း အခုထိ ဖြစ်ထွန်းအောင်မြင်နေဆဲပါပဲ။ အဖေဟာ အလုပ်မလုပ်ရရင် မနေနိုင်တော့ပါဘူး။ အဖေ့ကို တရားဘာဝနာပွားပြီး အေးအေးချမ်းချမ်းနေဖို့ တိုက်တွန်းရင် “ ဒြီံခံဟာ အဖေ့တရားစခန်း ပေါ့သမီးရယ်.. တရားစခန်းသွားရတာက ကိုယ်ကနားမလည်သေးလို့ ကျောင်းသွားတက်ရတဲ့ သဘောပေါ့.. ကိုယ်နားလည်သွားရင် ကိုယ့်ခန္တာမှာ ကိုယ်ရှုမှတ်ရတော့မှာ.. အခုဒီခြံလေးက လူတွေနဲ့ဝေပြီး အေးချမ်းတိတ်ဆိတ်နေလို့ တရားမှတ်လို့လဲကောင်းတယ်။ အပင်တွေစိုက်ထားတော့ မရှိတဲ့သူတွေ လာခူးစားလဲရတယ်… လာဝယ်တော့လဲ ဆွမ်းလျူဖို့ရတယ်။ နောက်ဆုံး ကျေးငှက်တွေစားသွားကြတော့လဲ ကုသိုလ်ရတာပါပဲ” တဲ့ ။ အဖေ့ကို ပြောမရတဲ့အဆုံး အငယ်ဆုံးမောင်လေးက အင်ဂျင်နီယာအလုပ်မလုပ်ရဘဲ အဖေနဲ့ ခြံထဲမှာ အခုချိန်ထိ ပေါက်တူးတလက်နဲ့ ခြံသမားလေးဘဝကို ကြေကြေနပ်နပ်နဲ့ ဖြတ်သန်းနေရဆဲပါပဲ။
အဖေက နိုင်ငံရေးဘာညာတော့ နားမလည်ပါဘူး။ သူယုံကြည်တဲ့ ဘာသာရေးနဲ့ဘဲ နိုင်ငံရေးအပေါ်အမြင်ကို အခုလိုဆုံးမထားတာတော့ ရှိပါတယ်..။ ဒီိစကားလေးကို ဘလော့ဆိုက်ဘားမှာလဲ တင်ထားပါတယ်..။ အဖေဆုံးမသလို တည်ကြည်ဖြောင့်မတ်အောင် ကြိုးစားနေထိုင်ရင်း အဖေ့ကိုကျေးဇူးဆပ်ပါမယ်…
သမီး… လူဆိုတာ တည်ကြည်ဖြောင့်မတ်ရမယ်။
လောကမှာ… မီးများမီးနိုင်…
ရေများရေနိုင်… ဆိုတာ ဓမ္မတာပဲ။
တနေ့…တည်ကြည်ဖြောင့်မတ်သူတွေ
များလာရင် ...
တို့နိုင်ငံမှာ… တည်ကြည်ဖြောင့်မတ်တဲ့
အစိုးရတရပ် ပေါ်ပေါက်လာမှာပါ။
အဲ့ဒီအချိန်ဟာ အဖေလည်းရှိတော့မှာမဟုတ်ဘူး။
သမီးတို့လည်း မှီချင်မှမှီမယ်
ဒါပေမဲ့သမီး… အဖေတို့အခုစားနေရတဲ့
အသီးအပွင့်တွေဆိုတာ
ရှေးလူကြီးတွေစိုက်ပျိုးခဲ့လို့ပဲ။

ငါးမရ ရေချိုးပြန်....

ဘာရယ်မဟုတ်ပါဘူး..။ လုပ်နေကျ လုထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွတ်ပေးဖို့ ဆုတောင်းပွဲကိုသွားစဉ်မှာ လုပ်နေကျနေရာမှာက လူတွေပြည့်နှက်နေပြီး ကိုယ့်ဆီက တန်ဆောင်တိုင်အလှပြပွဲတွေလို လှည့်နေကြတာတွေရလို့ ကိုယ့်ဆန္ဒတွေ ထုတ်ဖော်ခွင့်မရဘဲ ပြန်တော့မယ်အတူတူ ဘလော့မောင်နှမတွေကိုပါ တွေ့စေချင်လို့ စိတ်ကူးပေါက်တဲ့အချိန်လေးမှာ ရသလောက် ရိုက်ယူခဲ့တာ... ကံမကောင်းချင်တော့ ကိုယ်ရိုက်နေတဲ့အချိန်မှာ စိတ်ဝင်စားစရာကောင်းတာ သိပ်မပါဘူး ဖြစ်နေတယ်..။ သူတို့က တနေကုန် မပြီးနိုင်မစီးနိုင် လှည့်နေကြတာဆိုတော့ ရောက်လာကြတဲ့သူတွေလဲ နောက်အပတ်ချိန်းပြီး ပြန်ကြရတယ်..။ သူတို့လုပ်ကြတာကမီးပုံးပျံပွဲလို့ အဓိပ္ပါယ်ရမယ်ထင်တယ်..။ ကိုယ်လဲဗဟုသုတနည်းတော့ သိပ်မသိဘူး... ။သိတဲ့လူတွေပြောပေးကြပါဦး.. အရင်အပတ်ကလဲ Rose festival တဲ့ ... အဲ့ဒီနေ့ကတော့ ကိုယ်တွေဦးသွားတယ်။

Saturday, June 13, 2009

Monday, June 8, 2009

မင်းကိုမသတ်ဘဲ မင်းဖြစ်သူ....ဇာတ်သိမ်း

မင်းလောင်းမည်သူလဲ
တူရွင်းတောင်ခြေ၌ စုရုံးနေကြသော လူအုပ်ကြီးမှာ ပန်းသပြေ ညောင်ရေလောင်းကာ ကွမ်းဆော်လုလင်အား ဝိုင်း၍ ပူဇော်ကန်တော့ကြကုန်၏။ မင်းလောင်းကြည့်ရန်သွားသော ကွမ်းဆော်မှာ လွန်စွာ အံ့အားသင့်သွားသည်။ မင်းလောင်းကြည့်ချင်ဇောဖြင့် ကသောကမျော လမ်းကယူခဲ့သည့်ပစ္စည်းများကို ခုမှပင် သတိထား၍ကြည့်မိရာ မင်းမြောက်တန်ဆာများ ဖြစ်နေပြီး မိမိကိုယ်တိုင် မင်းလောင်းဖြစ်နေကြောင်း သတိပြုမိလေတော့၏။
ထိုအခါမှပင် တချိန်က စောင်းချမ်းပင်စောင့်နတ် ပြောစကားကို ပြန်လည်သတိရလေတော့ သည်။ လူအုပ်ကြီးကား သူ့ကိုပင် ဝိုင်း၍ကန်တော့နေကြ၏။ ပုဂံမြို့ဘက်မှ၎င်း၊ တောရွာများဘက်မှ၎င်း လူစုလူဝေးကြီးများလည်း လာ၍မဆုံးသေး။ လာနေကြတုန်းပင် ဖြစ်သည်။ ကွမ်းဆော်လုလင်မှာလဲ မြင်းစီးလျက်က မင်သက်မိကာ ဘုမသိ ဘမသိ တွေပြီးစဉ်းစားနေစဉ် နေလည်းဝင်လုပြီိဖြစ်၍ အကြံရခက်နေ၏။ မြင်းပေးလိုက်သော အဘိုးအိုက “နန်းရင်ပြင်ကိုသာ မောင်းလာခဲ့ပေတော့” ဟု မှာသည်ကို သတိရကာ မြင်းဇက်ကြိုးဆွဲလည့်ပြီး ရတနာသုံးပါးဂုဏ် အာရုံပြုလျက် ပုဂံနေပြည်တော်သို့ ထွက်ခဲ့လေတော့သည်။
တူရွင်းတောင်ခြေရှိ လူအုပ်ကြီးနှင့် ဟိုမှ သည်မှ လာနေကြသော လူအုပ်ကြီးလည်း မြင်းနောက်ကပင် လိုက်ပါလာကြ၏။ နန်းရင်ပြင်အထိ လိုက်လာကြသူများ ထွက်၍ကြည့်သူများဖြင့် ပုဂံနေပြည်တော်တွင် အစည်ကားဆုံးနေ့ကြီး တနေ့ဖြစ်သွားသည်။ တနန်တော်လုံး အုန်းမောင်း စည်သံများ ခြိမ့်ခြိမ့်ညံသွား၏။
တောင်သူကြီးမင်းလည်း အံ့အားသင့်ကာ နန်းဦးက ထွက်လာ၏။
“ငါကိုယ်တော်မြတ်ရှိနေပါလျက် အဘယ်သူက မင်းပြုလိုဘိသနည်း” ဟု ကြိမ်းဝါးပြောဆို၏။
သူ၏ မင်းဖြစ်ရမည့် ကုသိုလ်ကံအရှိန်အဝါကလည်း ကုန်လေပြီဖြစ်၍ နန်းတော်၌ ထုလုပ်ထားသော တင်းပုတ်ထမ်းသည့် ကျောက်လူရုပ်ကပင် သူအားရိုက်ပုတ်၍ တွန်းချလိုက်သည်။ တောင်သူကြီးမင်းသည်သေလွန်၍ ကွမ်းဆော်လုလင်သည် မင်းဖြစ်လေ၏။ သက္ကရာဇ် ၃၂၆- ခုနှစ်

ကွမ်းဆော်လာပြီ
တောင်သူကြီးမင်၏ မိဘုရား ညီိအစ်မ သုံးဦးကိုလည်း မိဘုရားအရာ ဆက်လက် ချီးမြောက်တော်မူသည်။
အကြီးညီအစ်မနှစ်ဦးတွင် “ကြည်းစိုနှင့် စုက္ကတေး” မင်းသားနှစ်ပါးတို့ ကိုယ်ဝန်သန္ဓေများ ပါလာခဲ့၏။ တောင်သူကြီးမင်း၏ သားများဖြစ်သည်။ အငယ်ဆုံးမိဘုရားတွင် ကွမ်းဆော်မင်းနှင့်မှ “အနော်ရထာ”ကို ဖွား၏။
ရတနာသုံးပါးကျေးဇူးကြောင့် သိကြားနတ်များပင် မနေနိုင်ဘဲ ကူညီစောင့်မကြ၏။ ကွမ်းဆော်မင်းဟု၎င်း၊ ကြောင်ဖြူမင်းဟု၎င်း ခေါ်ဆိုကြသည်။ မင်းပြုလျက်ကပင် ရဟန်းဝတ်၍ ထေရဝါဒ သာသနာ အစစ်အမှန်များ ပြန့်ပွားထွန်းကားအောင် ဆောင်ရွက်လိုစိတ်များလည်း မကြာခဏ ဖြစ်ပေါ်နေ၏။
နန်းစံ ၂၂- နှစ်ရှိသောအခါ ကြည်းစိုနှင့် စုက္ကတေး မင်းသားနှစ်ဦးသည် ကျောင်း ဆောက်လုပ်ကြ၏။ ကျောင်းပြီးလျှင်
“ခမည်းတော်ဘုရား.. သားတော်များဆောက်လှူထားတဲ့ ကျောင်းတော်ကို လိုက်၍ ကြည်ညိုလှဲ့ပါဦး၊ သာဓုခေါ်ပါဦီး။” ဟုပင့်ခေါ်ကာ ကျောင်းကို ပြသကြကုန်၏။ ကျောင်းသို့ရောက်လျှင် အသင့်စီစဉ်ထားသော သင်္ကန်းများပေးအပ်၍ အတင်းအကြပ် ရဟန်းပြုခိုင်းကြလေ၏။ “ သူ့အလိုအလျှောက် ရဟန်းပြုသွားပြီ” ဟု နေပြည်တော်၌ ကောလဟာလလုပ်ပြီး သားအကြီး ကြည်းစိုက မင်းပြုသည်။
ထို့နောက် စုက္ကတေးမင်းပြုရာ အဒေါ်ဖြစ်သူ အနော်ရထာ၏မိခင်ကိုပင် မိဘုရားတင်မြောက်ရန် ကြံစည်သဖြင့် အနော်ရထာနှင့် မသင့်မတင့်ဖြစ်ကြသည်။ စီးချင်းထိုးကြရာ စုက္ကတေးကျဆုံးသွားသည်။
“ခမည်းတော်ဘုရား.. ယနေ့အခါ ဘေးရန်များလည်း ကင်းရှင်းနေပြီဖြစ်၍ ရဟန်းဝတ်ချွတ်လဲ ကာ မင်းပြုတော်မူပါဘုရား”
သားတော်ငယ်အနော်ရထာသည် ရဟန်းပြုနေပြီဖြစ်သော မည်းတော်ထံ သွား၍လျှောက်၏။ ကွမ်းဆော်ဘုန်းတော်ကြီးကား ရှေးယခင်ကပင် ရဟန်းပြုရန်ဆန္ဒလည်းရှိ၊ တရားပီတိလည်း ရတော်မူနေပြီဖြစ်၍ လျှောက်ထားတောင်းပန်သည်ကို ငြင်းပယ်လိုက်လေသည်။
“သားတော် .. ခမည်းတော်ဟာ ငယ်စဉ်ကာလကပင် တရားသဖြင့် မင်းပြုရသည်ကိုသာ လိုလားခဲ့တယ်၊ ပုဂံနေပြည်တော်တခွင်လုံး မစင်မကြယ် မဖွယ်မရာ ယုတ်မာညစ်ညမ်းသော ရဟန်းဆိုး ရဟန်းယုတ်များရဲ့ တရားမှား အကျင့်မှားများကိုလည်း ရှေးယခင်ကတည်းက သုတ်သင်လိုခဲ့တယ်။ ခမည်းတော်လည်း အသက်ကြီးပြီ… မင်းလည်းမလုပ်လိုတော့။ ငါ့သားတော်သာ တရားသဖြင့် မင်းပြုပြီး မြတ်စွာဘုရားရဲ့ အတုမရှိတဲ့ သာသနာတော်ကြီး စည်ပင်ပွင့်လင်းအောင် ဆောင်ရွက်ပေတော့..” ဟုဆိုကာ သားတော်ကိုပင် မင်းပြုစေ၏။

ဓမ္မာစရိယ ဦိးဌေးလှိုင်၏ ရတနာသုံးပါးကျေးဇူး စာအုပ်မှကူးယူဖော်ပြပါသည်။