လိုချင်လျှင်.... ဆင်းရဲသည်.... မလိုချင်လျှင်.... ချမ်းသာသည်.....
ဆရာတော်အရှင်ရာဇိန္ဒ ရဝေနွယ်(အင်းမ) ၏ ဒါနပါရမီ တရားတော်နှင့် ဒွိပိဋကဆရာတော် အရှင်နေမိန္ဒာဘိဝံသ၏ အရှိကို အသိနှင့်ညှိပါ တရားတော်ကို နာယူနိုင်ပါသည်။

သီလပါရမီတရားတော်...

ဆရာတော်အရှင်ရာဇိန္ဒ ရဝေနွယ်(အင်းမ)၏ သီလပါရမီတရားတော်..


MusicPlaylist

Thursday, February 12, 2009

အနာဂတ်...

ပန်းချီ ... ပေါ့အိုင်း
မျက်လုံးသိပ်မကောင်းလို့ စာရိုက်တာခဏနားထားလိုက်ရတယ်။ စာအုပ်ထဲကနေကြည့်ပြီး ကူးရိုက်ရတာ ပိုဆိုးတယ်။ ဒါကြောင့်အခုလောလောဆယ်တော့ ဆရာမကြီး ဂျာနယ်ကျော်မမလေးနဲ့ ဆရာကြီိးဦးသာတင့်တို့ရဲ့ မြန်မာ့ဆေးပညာဆောင်းပါးလေးတွေ ခဏရပ်ထားပြီး ကိုယ်ခံစားချက်လေးတွေကို ရေးဦးမလားလို့ စဉ်းစားမိတယ်။ ဒါနဲ့ ဖေဖော်ဝါရီလ ၁၃ ရက် ခလေးများ( ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) နေ့ရောက်ခါနီးတဲ့အချိန်မှာ ခလေးတွေနဲ့ ပါတ်သက်တဲ့ ကိုယ့်ခံစားချက်တွေပေါ်လာတာနဲ့ တိုက်ဆိုင်သွားလို့ စာပြန်ရိုက်ဖြစ်သွားတယ်။
ကျွန်မဒီဘက်ကိုရောက်ပြီးကတည်းက ကိုယ့်ဆွေမျိုးသားချင်းတွေနဲ့ ဝေးကွာပြီး ငယ်စဉ်က နေခဲ့ရတဲ့ ကိုယ့်ရပ်ရွာက အိမ်လေးခြံလေးတွေရယ်၊ ကလေးဘဝက အပူအပင်ကင်းစွာ ပျော်ရွှင်ခဲ့ဖူးတာတွေရယ်ကို မကြာခဏသတိရနေတတ်တယ်။ အဲ့ဒီလိုသတိရရင် သမီးလေး တွေကို အမေတို့ ငယ်ငယ်က ဘယ်လိုကစားခဲ့ရတာပေါ့….၊ ဘယ်လိုစားခဲ့ရတာပေါ့….. ၊ ဘယ်လိုသွားခဲ့ရ၊ ဘယ်လိုနေခဲ့ရတာပေါ့…. စသဖြင့် ငယ်မူပြန်ပြီးပြောပြရင် သူတို့လေးတွေက ပုံပြင်တပုဒ်လို နားထောင်နေတတ်တယ်။ နောက်ပြီး သူတို့လဲ အဲ့ဒီလိုကစားချင်လိုက်တာ၊ အဲ့ဒီလိုသွားချင်လိုက်တာ …. ဆိုပြီး ပြောတတ်ကြတယ်။
သူတို့လေးတွေ နေထိုင်ကြီးပြင်းနေရတဲ့ ပတ်ဝန်းကျင်က ကိုယ့်အနေနဲ့ကြည့်ရင် တကယ့်ကိုအထီးကျန်ဆန်သလို ခံစားမိတယ်။ နောက်ပြီး……. တစ်နေ့ သူတို့လေးတွေ ကြီးပြင်းလာရင် ကျွန်မတို့လို ငယ်စဉ်ကဘဝလေးတွေကို ပြန်အမှတ်တရဖြစ်စေမဲ့ သူတို့အတွက် အမှတ်တရဆိုတာလေးတွေရော ရှိပါမလားလို့ တွေးပူမိတယ်။ အဲ့ဒီလိုတွေးပူမိ စေအောင် ရင်ထဲမှာ စူးစူးနစ်နစ်ခံစားခဲ့ဖူးတာလဲရှိခဲ့ပါတယ်။


ကျွန်မမိသားစုလေးတစ်ခုကို ထူထောင်ခဲ့ရတာ ကိုယ့်ရဲ့မိခင်တိုင်းပြည်မှာမဟုတ်ဘဲ တရားမဝင်နေထိုင်နေရတဲ့ သူတစ်ပါးနိုင်ငံမှာပါ။ နေထိုင်နေရတာကမှ တရားမဝင်တော့ မွေးလာတဲ့ခလေးတွေကလည်း တရားမဝင်ဘဲ နိုင်ငံမဲ့ဖြစ်နေခဲ့ကြတယ်။ ငွေရှိမှ နေစရာရှိမယ်။ စားစရာရမယ်။ အဖမ်းအဆီး မခံချင်ရင် ငွေရှိဖို့လိုတယ်။ အဲ့ဒီလိုနေရာမှာ နေအိမ်အတည်တကျဆိုတာ ဘယ်လိုမှမဖြစ်နိုင်။ ဒီကလေးတွေအနာဂတ်အတွက် အတည်တကျနေထိုင်နိုင်ဖို့ နိုင်ငံရှိဖို့လိုအပ်တယ်။ ကိုယ့်ရပ်ရွာကိုပြန်ဖို့ဆိုတာကတော့ ဘယ်လိုမှ စဉ်းစားလို့မရနိုင်တဲ့အခြေအနေ။ အဲ့ဒီတော့ တတိယနိုင်ငံကိုထွက်ဖို့ပြင်ရတယ်။
တတိယနိုင်ငံကိုထွက်မဲ့လူတွေကို စုရပ်တစ်ခုလုပ်ပြီး အဲ့ဒီကနေမှတဆင့် ထွက်ရမယ်ဆိုတော့ ကျွန်မတို့ စုရမယ့်နေရာက နို့ဘိုးဒုက္ခသည်စခန်းတဲ့။ အဲ့ဒီကိုသွားရတယ်။ သွားရတဲ့လမ်းခရီးကဝေးလွန်းပြီး အကွေ့အကောက်များလွန်းလှလို့ ခရီးဝေးမသွားဖူးတဲ့ ကလေးတွေရော ကျွန်မပါ ကားမူးပြီးပျို့အန်ကြတယ်။ အကွေ့တွေရောက်တိုင်း သမီးကြီးက အန်တယ်။ သမီးငယ်လေးကလဲ မူးလွန်းလို့ ငိုနေရှာတယ်။ အဲဒီအချိန်က သမီးကြီးက ၆ နှစ်၊ သမီးငယ်က ၄ နှစ်ပဲရှိသေးတယ်။ လမ်းခရီးထက်ဝက်ကျော်လောက်ရောက်တော့ သူတို့နှစ်ယောက်စလုံး အိမ်ပြန်မယ်လို့ချည်း ပူဆာကြတယ်။ ခလေးတွေ ခံစားနေရတာကိုကြည့်ပြီိး အိမ်ပြန်ချင်ခဲ့ပေမဲ့ ကျွန်မတို့မှာ ပြန်ဖို့အိမ်မရှိဘူး…။ အဲ့ဒီိအချိန်က ကျွန်မရင်ထဲမှာ ဗလာကျင်းပြီး ခိုကိုးရာမဲ့သလို ခံစားရမိတယ်။ သူတို့လေးတွေက ငယ်စဉ်ကတည်းက နေလာခဲ့တဲ့အိမ်ကို သူတို့ဘယ်အချိန်မဆို နေခွင့်ရှိတယ်လို့ ထင်နေရှာကြတယ်။ သူတို့ထင်သလို မဖန်တီးပေးနိုင်တဲ့ မိဘတစ်ယောက်အနေနဲ့ ဝတ္တရားမကြေသလို မလုံမလဲခံစားရတယ်။ အခုချိန်အထိလည်း ဒီခံစားချက်က မပျောက်ပျက် သွားသေးဘူး။ အခုချိန်အထိလည်း နေအိမ်အတည်တကျ နေထိုင်ခွင့်မရကြသေးပါဘူး။ ကိုယ့်တိုင်းပြည်ကို ချစ်ပေမဲ့ နေခွင့်မရကြတဲ့ကျွန်မတို့ နိုင်ငံသားတွေ တိုင်းပြည်ပြင်ပမှာ ပုံစံအမျိုးမျိုးနဲ့ မိသားစုဘဝတွေကို ရုန်းကန်နေကြရချိန်မှာ တိုင်းပြည်တွင်းမှာကတော့ “ချမ်းသာတာမှန်သမျှ တရုတ်၊ ကုလားနဲ့ ထိုင်းတွေချည်းပါပဲ သမီးရယ်” လို့ ပြောလာတဲ့ ကြီးတော်တစ်ယောက်ရဲ့ပြောသံကိုကြားယောင်လာရင်း ငယ်စဉ်ကကြားဖူးခဲ့တဲ့ “တရုတ်ကဖိ၊ ရှမ်းကအိ ရှိသည့်ဗမာ တောင်ဘက်မှာ ” ဆိုသည့် တဘောင်လိုလို စာချိုးလိုလို ကြားခဲ့ဖူးတာ အမှတ်ရမိပါတယ်။
တိုင်းပြည်ရဲ့အနာဂတ်ဟာ ကလေးတွေဖြစ်တယ်လို့ ဆိုထားတော့ ကျွန်မတို့တိုင်းပြည်မှာ အကြောင်းအမျိုးမျိုးကြောင့် နေခွင့်မရကြတဲ့ ကလေးတွေဟာ နိုင်ငံတကာနဲ့ နယ်စပ်ဒေသတွေမှာ ပျံ့နှံ့နေကြတော့ အတည်တကျမရှိတဲ့ ကျွန်မတို့ကလေးတွေအတွက် ယဉ်ကျေးမှုဓလေ့စရိုက်တွေ ပျောက်ကွယ်သွားမှာ ကျွန်မတကယ်ဘဲရင်လေးမိပါတယ်။
ကလေးများအားလုံး ငြိမ်းချမ်းပျော်ရွှင်ပြီး တည်ငြိမ်တဲ့အနာဂတ်ကို ပိုင်ဆိုင်ကြစေချင်ပါတယ်။

Thursday, February 5, 2009

ဒဏ္ဍာရီ


ဘဝဇာတ်ခုံမှာ ကိုယ့်နေရာနဲ့ကိုယ် ကပြနေကြရတဲ့ ကျွန်မတို့ လူ့ဘဝခဏတာအချိန်လေးအတွင်းမှာ ချစ်ခင်ခဲ့ကြသူတွေ တွေ့ဆုံကြုံကွဲကြရတာ ဓမ္မတာဖြစ်လို့ ခဏတွေ့ကြတဲ့အချိန်မှာ ပျော်ရွှင်ကြည်နူးကြစေချင်တဲ့ ဆန္ဒနဲ့ အလည်လာကြသူတွေ မပျင်းရအောင်လို့ ခင်မောင်တိုးရဲ့ ဒဏ္ဍာရီိဆိုတဲ့ သီချင်းလေးကို ရှာဖွေတင်ဆက်ပေးထားပါတယ်ရှင်....

Wednesday, February 4, 2009

ထိပ်ကပ်နာ

အိမ်လွမ်းသူတစ်ယောက် အခုတလော ပျင်းနေလိုက်ပုံများ စားလည်းမစားချင်၊ အလုပ်လဲ မလုပ်ချင်၊ နောက်ဆုံး ဘလော့တောင်မရေးချင်ဘူးဖြစ်နေမိတယ်။ ဘလော့ခဏနားမလားလို့ စဉ်းစားမိတယ်..။ အခုညီမဆောင်း က ထိပ်ကပ်နာအတွက်ဆေးမေးတော့ ရှာဖွေတင်ပေးပြီး ခဏနားပါဦးမယ် မိတ်ဆွေတို့ရေ…. ။ အိမ်လွမ်းသူက ဆေးကုနိုင်တဲ့ဆရာမဟုတ်ပါဘူးနော်..။ ဆေးနည်းလေးတွေနဲ့ ရောဂါကို အစာနဲ့ကုသတာကို စိတ်ဝင်စားပြီး မိတ်ဆွေတွေကို မျှဝေချင်တာနဲ့ ကိုယ်ဖတ်မိထားသလောက်စာအုပ်တွေထဲကနေ ကူးယူတင်ပြပေးနေခြင်း သာဖြစ်ပါတယ်။ မိမိတို့ကိုယ်တိုင် စိတ်ဝင်စားရင် ပိုစ့်အဟောင်းလေးတွေပြန်ဖတ်ပြီး တွက်ချက်ယူကာ မိမိနေ့စဉ်စားသုံးနေတာတွေနဲ့ စမ်းသပ်နိုင်ပါတယ်။ ကျွန်မလည်း စမ်းသပ်နေတဲ့အဆင့်ပဲ ရှိပါသေးတယ်။ အခုတော့ ညီမဆောင်းအတွက် ထိပ်ကပ်နာ ဆေးကိုတော့ စာထဲမှာ ရှာတွေ့သလောက် တင်ပြပေးလိုက်ပါတယ်။
နေဂိုဏ်းအတွက် ထိပ်ကပ်နာဆေးအဖြင့်စားသောက်နိုင်တာကတော့ နာနတ်ကြီးဖြစ်ပါတယ်။
လဂိုဏ်းအတွက် ထိပ်ကပ်နာဆေးအဖြင့် စားသောက်နိုင်တာကတော့ ပေါက်ပန်းဖြူပွင့်နှင့် သစ်ဂျပိုးဖြစ်ပါတယ်။
ဆောင်းက စ၊ ဆ၊ ဇ၊ ဈ၊ ည ဆိုတဲ့ ဗျည်းအက္ခရာထဲမှာပါတာဖြစ်လို့ အန္တော စရေ ဆိုတဲ့ နေဂိုဏ်းဝင်သမားဖြစ်ပါတယ်။ ထို့ကြောင့် ဆောင်းအနေနဲ့ နာနတ်သီးကို ဆားနဲ့ဖြူးစားပြီး သစ်ဂျပိုးခေါက်၊ အရွက်ကို ရှူလျှင်သင့်တော်ပါတယ်ညီမရေ..။
အကယ်၍ အခြားအမည်ဖြစ်ပြီး က၊ ခ၊ ဂ၊ ဃ၊ င၊ လ၊ ဝ၊ သ၊ ဟ၊ ပ၊ ဖ၊ ဘ၊ ဗ၊ မ စတဲ့ဗျည်းအက္ခရာပါတဲ့အမည်တွေဆိုလျှင်တော ဂဗ္ဘေ ဝံသေ ဆိုတဲ့လဂိုဏ်းသမားတွေဖြစ်လို့  ပြောင်းပြန်လုပ်ပြီး နာနတ်ပွင့် နှင့် လေးညှင်းပွင့်ကိုရောပြီး ရှူထုပ်ကလေးလုပ်ထားပြီး ပေါက်ပန်းဖြူပွင့်ကို စားသုံးနိုင်ပါတယ်။ သစ်ဂျပိုးခေါက်တို့ အရွက်တို့ကိုလည်း မိမိအဆင်ပြေ သလို အစားအသောက်တွေထဲထည့်ပြီး စားသုံးနိုင်ပါတယ်လို့ ဖြေကြားလိုက်ပါတယ် ညီမရေ။ ဒါကတော့ ပုဂ္ဂလပညတ် ဓာတ်ကျမ်းထဲမှာရှိတဲ့ ဆေးအမည်တွေပါပဲ။
အပျင်းရောဂါပျောက်လို့ စာပြန်ရိုက်လျှင်တော့ ဆေးကျမ်းထဲမှ ရောဂါအမည်နှင့် ၎င်းရောဂါနှင့် သင့်တော်မည့်ဓာတ်စာများကို ဖော်ပြထားသည်များအားလုံးကို ရေးကူးတင်ထားပေးပါမယ်လို့ စဉ်းစားထားပါတယ်။ အဲ့ဒါမှ မိတ်ဆွေတို့အနေနဲ့ မိမိတို့ သိလိုတာတွေကို ကျွန်မကိုမေးမနေရ တော့ပဲ အလွယ်တကူရှာဖွေသိရှိနိုင်မှာဖြစ်လို့ပါ။ ယခုလောလောဆယ်တော့ ခဏပျင်းလိုက်ဦး မှာမို့ ခွင့်လွတ်ကြပါဦးနော်…။

Sunday, February 1, 2009

ထိုးအောင့်နာ....

ဘလော့ဂါ စိုးသင့်ဆွေ မှ လေထိုးလေအောင့်ဖြစ်လျှင် စားသုံးသင့်သောဓာတ်စာများကို မေးလာသောကြောင့် လေ့လာတွေ့ရှိသမျှ ရှာဖွေတင်ပြပေးလိုက်ပါသည်။
စိုးသင့်ဆွေ ဆိုသောအမည်၏အစဗျည်းသည် စ၊ ဆ၊ ဇ၊ ဈ၊ ည ဟူသော အင်္ဂါနာမ်ဖြစ်သောကြောင့် အန္တော စရေ ဟူသော နေဂိုဏ်းဝင်ဖြစ်သည်။ ထို့အပြင် နေဂိုဏ်း၏ နဝင်းများမှာ အရိုင်း စိတ်တို ဖြစ်သည်။ ထို့ကြောင့် ဤအမည်ပိုင်ရှင်သည် သံပုရာသီးကို အစိတ်သေးလေးများစိတ်၍ ဆားနှင့်တို့စားပြီး အရက်တပက်လောက်သောက်နိုင်လျှင် လေထိုးအောင့်နာအတွက် သင့်တော်ပါသည်ဟု ပြန်ကြားလိုက်ပါသည်။
အရက်သည် နေဂိုဏ်းဝင်ပုဂ္ဂိုလ်များအတွက် နဝင်းကြေဆေးအဖြစ်အသုံးပြုနိုင်သည်။ သို့သော် တန်ဆေး၊ လွန်ဘေးဖြစ်သည်ကိုတော့ သတိပြုသင့်သည်။ အရက်ကို ဆေးအဖြစ် အသုံးပြုရန် ရေးသားခြင်းသာ ဖြစ်ပါသည်။
အခြားအမည်များအတွက် မိမိတို့လိုအပ်သလို ရှာဖွေအသုံးပြုနိုင်ရန် လေနှင့်ပါတ်သက်သည့် ဓာတ်စာများ ကိုလည်းရှာဖွေ တင်ပြပေးလိုက်ပါသည်။


ပထမဦစွာ ပုဂ္ဂလပညတ် ဓာတ်ဆရာကြီး အိုင်ကလောင်ဆရာလှိုင်၏ ဆန်းကြယ်သော ကုထုံးများထဲမှ ထိုးအောင့်နာအား ကုသခဲ့ပုံနှင့် လေနှင့်ပတ်သက်သော ဆေးဓာတ်စာ များကို ဖော်ပြသွားပါ မယ်။

အုန်းရေနှင့် သံပုရာရည်တိုက်ပြီး ကုသခြင်း

ကိုထားဆိုသူ အပြင်းဖျားနေရာမှ ထိုးအောင့်ရောဂါဖြင့် မခံမရပ်နိုင်အောင် ခံစားနေရသည်။ ထို့ကြောင့် ဆရာကြီိးအား သွားပင့်ကြသည်။ ဆရာကြီးရောက်လာသောအခါ အိမ်ရှေ့အုန်းပင် မှ အုန်းစိမ်းနှစ်လုံးခူးခိုင်းပြီး သံပုရာသီးနှစ်လုံးကိုပါ အရှာခိုင်းသည်။ တောရပ်ဒေသ ဖြစ်သောကြောင့် ထိုပစ္စည်းများကို အလွယ်တကူပင်ရရှိသည်။ အုန်းစိမ်းတစ်လုံး၏ မျက်နှာဝကိုဖွင့်ပြီး သံပုရာသီးတစ်လုံး၏အရည်ညှစ်ထည့်၍ ကိုထားအားတိုက်သည်။ ပြီးလျှင် ဆရာကြီးသည် အနီးရှိ အိမ်တစ်အိမ်သို့သွားကာ စကားတစ်ဖောင်ဖောင်ပြောနေတော့သည်။
အုန်းရေနှင့် သံပုရာရေသောက်ပြီးသူ ကိုထားမှာ ဝမ်းများလျှောလေတော့၏။ မခံမရပ်နိုင် ဖြစ်လာသောကြောင့် ဆရာကြီးရှိရာအိမ်သို့ လူတစ်ယောက်ကိုလွှတ်ပြီး ပြောပြစေသည်။ ကိုထား၏ခံစားနေရပုံများကို ထိုသူပြောပြသောအခါ ဆရာကြီးကမကြားဘိသကဲ့သို့ စကားများကို ဖောင်လောက်အောင် ခပ်သောသောပြောနေသည်။ သွားပြောသူမှာ ဆရာကြီး၏အကြောင်း ဓာတ်သိဖြစ်သောကြောင့် ဆက်၍မပြောဝံ့ပဲရှိသည်။ ထိုနယ်ရှိလူများ သည် ဆရာကြီးအား အလွန်တရာရိုသေကိုင်းရှိုင်းကြ၏။ ကြောက်ရွံ့လေးစားကြ၏။ ဆရာကြီး၏ အလေ့အထနှင့် စရိုက်ကလည်း တစ်မျိုးပါပေ။ တိတိပြတ်ပြတ်ပြောတတ်သည်။ မမှန်လျှင် မည်သူ့မျက်နှာကိုမျှ ထောက်ထားလေ့မရှိချေ။
ဤနေရာတွင် အလျှဉ်းသင့်သဖြင့် ဆရာကြီး၏စရိုက်တစ်ခုကို ဖော်ပြလိုပါသည်။ ဆရာကြီးသည် သူတစ်ပါးအိမ်အလည်အပတ်သွားလျှင် အိမ်ရှင်တို့ ထမင်းစားနေခိုက်ကြုံ၍ အိမ်ရှင်များက မြန်မာထုံးတမ်းစဉ်လာအတိုင်း ထမင်းစားခေါ်သည်။ ထိုအခါ ဆရာကြီးကလည်း ချိုချိုသာသာဖြင့်ပင် “ စားကြပါကွာ၊ စားကြပါ” ဟု ရည်မွန်စွာ ပြန်လည်ပြောတတ်၏။ အိမ်ရှင်ကမူထိုမျှနှင့်မရပ်နားဘဲ နောက်တစ်ခွန်းထပ်၍ ထမင်းစားခေါ်မိလျှင် “ မင်းဟာမင်း စားချင်စား မစားချင်နေ” ဟု တိုဆတ်ဆတ်ပြန်ပြောလေ့ရှိ သည်။ ထိုအကြောင်းများကိုလည်း လူတိုင်းသိနေကြသည်။
အိုင်ကလောင်ရွာအတွင်း၌ ဆရာကြီးထံလာပြီး အကြောင်းအားလျှော်စွာ မကြာခဏ ထီးလာငှားတတ်သူတစ်ဦးရှိသည်။ သုံးလေးကြိမ်ခန့်အထိ ဆရာကြီးသည် ကောင်းမွန်စွာ ထီးငှားလိုက်၏။ ပြန်ပေးသည့်အခါတွင်လည်း ကောင်းမွန်စွာယူကာ သိမ်းဆည်းထားလေ့ရှိ သည်။ နောက်တစ်ကြိမ် ထိုလူလာငှားသောအခါတွင် ရှေးနည်းတူစွာပင် ကောင်းမွန်စွာ ပေးပြန်၏။ ထီးပြန်လာပေးသောအခါတွင် ဆရာကြီးက ပြုံးပြုံးရွှင်ရွှင်ဖြင့်ပင် ထီးကိုယူပြီး ထိုလူ၏ရှေ့မှောက်၌ရိုက်ချိုးပစ်လိုက်သည်။ ထီးငှားသူမှာ ဆရာကြီးကို တစ်စုံတစ်ရာ ပြန်မပြောဝံ့ဘဲ ထိုင်ရအခက်၊ ထရအခက် ဖြစ်နေသည်။ ထိုအခက်အခဲကို ဆရာကြီးကသိလေ ဟန်ဖြင့် “ မင်းဘာမှစိတ်မကောင်းမဖြစ်ပါနဲ့ကွာ၊ မင်းကိုစိတ်ဆိုးလို့ ဒီလိုလုပ်တာမဟုတ်ပါဘူး၊ ဒီထီးကိုသာ ငါကစိတ်ဆိုးတာပါ၊ ဒီထီးရှိနေတော့ မင်းကလည်းလာငှားတယ်၊ ငါကလည်း ယူပေးရတယ်၊ ငါပါအလုပ်ရှုပ်စေတဲ့ထီးဖြစ်လို့ ရိုက်ချိုးလိုက်တာပါ၊ ”
စသည်ဖြင့် ဣနြေ္ဒရရပင် ပြန်ပြောသည်။ ထိုအကြောင်းများကို ကောင်းစွာသိနေသည့် ထိုနယ်သူနယ်သားများအနေဖြင့် ဆရာကြီးအား တစ်ခွန်းမှနှစ်ခွန်းပြောရန် ဝန်လေးတတ်ကြ ပေသည်။ ဆရာကြီးသည်လည်း ထိုအခါမှစပြီး ထီးကိုလုံးဝမဆောင်းတော့ဘဲ ဝါးခမောက်ကိုသာ ဆောင်းလေတော့သည်။
သို့သော်လည်း ကိုထားမှာ အဆက်မပြတ်ဝမ်းလျှောပြီး ကြွက်တက်ခမန်းဖြစ်နေသည်။ ထို့ကြောင့် နောက်ထပ်လူတစ်ယောက်လိုက်သွားပြန်သည်။ ဒုတိယလိုက်သွားသူက ပထမလိုက်သွားသူကို ဆရာကြီးအား အကျိုးအကြောင်း ပြောမပြောမေးသည်။ ပထမလူကလည်း တစ်ခွန်းပြောသည်ကို မကြားသဖြင့် နောက်ထပ်ဆက်မပြောဝံ့ကြောင်း ပြန်ပြောသည်။ ဒုတိယလူက မနေသာတော့သဖြင့် ဆရာကြီးထံသွားပြီး ကိုထားမှာ ဝမ်းအလွန်လျှောနေသဖြင့် ကြွက်တက်လုခမန်းဖြစ်နေသည့်အကြောင်းကို ဇွတ်ပင်ပြောရတော့ သည်။
“ဟေ… ဟုတ်လားကွ၊ စောစောကငါ့ကိုဘာကြောင့် မပြောကြတာလဲ”
ဟုဆိုကာ သုတ်သုတ်ပျာပျာဖြင့် လူမမာအိမ်သို့ထလိုက်သွားသည်။ ရောက်လျှင်ရောက်ချင်း ကျန်နေသေးသည့် အုန်းစိမ်းတစ်လုံးကို ရှေ့နည်းတူ မျက်နှာဝဖွင့်ကာ သံပုရာသီးတစ်လုံး ညှစ်ထည့်ပြန်သည်။ ကိုထားကလည်း နောက်တစ်ကြိမ်ထပ်သောက်ရလျှင် သေရုံသာ ရှိတော့ကြောင်း ပြောပြသည်။ ဆရာကြီးက အုန်းစိမ်းနှင့် သံပုရာရေကိုရောစပ်ပြီး ဒန်ခွက်ထဲထည့်၍ မီးနှင့်နွေးကာ တိုက်ပြန်သည်။ “ဟေ့ မောင်ထား၊ ပူပူလေးမှုတ်သောက်လိုက်” ဟုပြောသဖြင့် ပြောသည့်အတိုင်းသောက်ရပြန်သည်။ ခဏကြာမှာပင် ဝမ်းပိတ်သွားသည်။ လေလည်းကောင်းစွာလည်သည်။ အောင့်သောရောဂါမှာ တစ်မဟုတ်ချင်း ပျောက်ကင်းသွားသည်။ အဖျားကျသွားသည်။ ဆရာကြီးက အဖျားတက်တော့မည်မဟုတ်ကြောင်း၊ သင့်သော ဓာတ်စာများကိုသာ ဖိ၍စားသောက်ရန် လိုကြောင်းနှင့် ပြောဆိုကာပြန်ခဲ့သည်။
ဓာတ်ကျမ်းအခြေခံကို ကျွမ်းကျင်သူများအနေဖြင့်ကိုထား၏ နာမပညတ်၊ အုန်းစိမ်းနှင့် သံပုရာတို့၏ နာမပညတ်၊ အထက်ပြဆိုခဲ့သော အရိုင်းစိတ်တို၊ လူမိုက်ခေါင်သောက် ဟူသည့် ဓာတ်ဖက်၊ ကမ္ဘာ့မိတ်ဓာတ်ဖက်၊ အုန်းဟူသော မီးခဲတေဇောဓာတ်ဖို၊ သံပုရာဟူသော မှုန်တိုင်းဝါယောဓာတ်မ စသည်တို့ကိုလည်းကောင်း၊ မီးနှင့်ကားလေ၊ မိတ်ဆွေတော်ကြ သဟာယ ဟူ၍လည်းကောင်း၊ အုန်းဟူသော ဂြိုလ်သက်(၆) နှစ်နှင့် သံပုရာဟူသော ဂြိုလ်သက်(၁၂) နှစ်တို့ကို ပေါင်းသော် (၁၈) ရသဖြင့် နဝင်းကြေကြောင်းကို လည်းကောင်း၊ နဝင်းနဝင်းချင်းဖြတ်၍ နဝင်းကြေလျှင် ဆေးဖြစ်သည်ကို လည်းကောင်း အလွယ်နှင့် သိတန်ကြရာသည်။
အထက်ပါအတိုင်း ကိုထားကိုကုသစဉ်က ပထမတစ်ကြိမ်လာခေါ်သည်ကို ဆရာကြီး အမှန်တကယ်မကြားလေသလားဟု သံသယဖြစ်မိပါသည်။ ထို့ကြောင့်ဆရာကြီးနှင့်အတူ အိပ်သည့်အခါ ကျောပြင်ကို ပွတ်ပေးရင်း ခြင်ကိုက်ဖုများကို ဖျောက်ပေးရင်ဖြင့် စာရေးသူက အကျိုးအကြောင်းမေးကြည့်မိသည်။
“အရင်လူလာခေါ်တာ ငါသိပါတယ်ကွာ…၊ တမင်မကြားချင်ယောင်ဆောင်နေတာပဲ၊ ဒီလိုလုပ် ချင်လို့ စောစောကတည်းက ဟိုဘက်အိမ်သွားပြီး တမင်စကားများများ ပြောနေတာပေါ့။ ဒီလိုတိုက်ရင် ဒီလိုဖြစ်မယ်။ ဒီလိုဖြစ်ရင် ဒီလိုပြန်ပိတ်ရမယ်ဆိုတာ အစကတည်းသိလို့ အုန်းစိမ်းနှစ်လုံးနဲ့ သံပုရာသီးနှစ်လုံးရှာခိုင်းထားတာပေါ့။ ကိုယ်ဓာတ်ကိုယ်ပိုင်ရင် ဘာမှ ကြောက်စရာမလိုပါဘူး။ စောစောလာခေါ်တုန်းက အလျှင်စလိုလိုက်သွားရင် အောင့်တာ ပျောက်ပေမဲ့ ဖျားတာမပျောက်ဘူးကွယ့်။ ဒါ့ကြောင့် ဘာရောဂါမှမကျန်အောင် တခါတည်း အပြတ်ကုဖို့ လူနာရှင်မျက်ကွယ်မှာ တမင်ရှောင်နေတာ၊ ဆရာဇီဝကဆိုရင် ဒီ့ထက် အကြံအဆများစွာ အကြံဉာဏ်ကစားရသေးတာပဲ” ဟု ဆရာကြီးက ပြန်ပြောပြသည်။

ထိုးအောင့်နာအတွက် ဓာတ်စာများ
နေဂိုဏ်း
ကြက်ဆူသီးအနီိပွင့် ---------- ကြက်ဆူဆီ ------------ မရိုး ------------ ဆီမီးတောက် ဆူးပတောင်း ----------- ဆိတ်ကျင်ငယ် ------------ ဆောက်ချဉ်သီး ---------- ဆော်ဒါ ပရုတ်ဆီ ------------- တောပူဒီနာ --------------- ပင်စိမ်းနက် ----------- ပုန်းညက်ပန်း မရိုးပွင့်အဖြူ ----------- ရှားစောင်းမြင်းနား ---------- လေးညင်းပင် ----------- သံပရိုသီးမှည့် သြဇာသီး --------- လင်းနေ --------- သစ်တက်လင်းနေ

နေဂိုဏ်းဝင်အစာများမှ လေနာဝေဒနာသည်များနှင့် သင့်တော်သည့်ဓာတ်စာများ၏ အဘိဓာန်

ကန်စွန်း(အမေရိကန်) ။ ။ အမေရိကန်ကန်စွန်းသည် အမြစ်မှာကြေကျက်၏။ အားနှင့် ကာမကိုအားပေး၏။ နို့နှင့် ဆီးကိုရွှင်စေ၏။ နူနာ၊ ပူခြင်း၊ အန်ခြင်း၊ သွေးရောဂါတို့ကို ပျောက်ကင်းစေ၏။ အသံကိုကောင်းစေ၏။ လေနှင့် သလိပ်ကို ပယ်တတ်၏။

ပင်လယ်ကန်စွန်း။ ။ အူကိုတွန့်ရှုံ့စေ၊ အစာကြေစေ၊ ဝမ်းနူးစေ၊ နာကျင်ကိုက်ခဲခြင်း၊ အန်ခြင်း၊ ဝမ်းသက်ရောဂါတို့ကို ပျောက်ကင်းစေ၏။ အရွက်သည် အဆစ်ရောင်ကိုက်၊ လေထိုးအောင့်၊ ရေဖျဉ်း၊ ဆီးဆေးတို့၌ အကျိုးပြု၏။

ဂဏန်း။ ။ အားဖြစ်စေ၊ ဝဖြိုးစေ၏။ လေသည်းခြေကိုနိုင်၏။ သုက်၊ သလိပ်ပွားစေ၏။ နှုတ်မြိန်စေ၏။

နှမ်းဆီ။ ။ နူးညံ့၏။ စိမ့်ဝင်တတ်၏။ သည်းချေကိုပြုတတ်၏။ သလိပ်၊ ပညာ၊ သုက်အား၊ ခွန်အားတို့ကို ပွားစေ၏။ အနည်းငယ်နှုတ်မြိန်စေ၊ ဆံပင်ကိုကောင်းစေ၏။ အရောင်အဆင်းကိုလည်းဖြစ်စေ၏။ လေဒေါသကိုနိုင်၏။ ၎င်းပြင် ယားယံ၊ နူနာ၊ ပင်ပန်းခြင်း၊ ဒဏ်ရာရခြင်း၊ အရိုးကျိုးဆက်ခြင်း၊ မီးလောင်ခြင်း၊ ဖူးရောင်ခြင်း၊ ခွေး၊ ဖား၊ မြွေဆိပ်တို့၌ အကျိုးပြု၏။

နွားနို့။ ။ နွားနို့သည် ပြေပြစ်၏။ ကြေခဲ၏။ အသက်ရှည်စေ၏။ သလိပ်ကို၎င်း၊ ခွန်အားကို၎င်း၊ အရောင်အဆင်းကို၎င်း၊ သုက်အားကို၎င်း၊ နို့ရည်ကို၎င်း၊ ဝဖြိုးခြင်းကို၎င်းပြုတတ်၏။ လေ၊ သည်းခြေ၊ ဒေါသကို ငြိမ်းစေ၏။ ၎င်းပြင် နှုတ်မမြိန်၊ လေ၊ သည်းခြေရောဂါ၊ ပင်ပန်းခြင်း၊ သွေးအန်၊ သွေးကျရောဂါတို့၌ကောင်း၏။

ပရုပ်ဆီ။ ။ သည်းခြေကိုပြုတတ်၏။ သွားကိုခိုင်စေ၏။ သလိပ် လေကိုပယ်တတ်၏။ ချွေးထွက်စေ၏။ ထိုးအောင့်ခြင်း၊ အဖျား၊ အစာမကြေ၊ လေပြည့်၊ ဝမ်းဗိုက်တင်းရောင်၊ ဦးခေါင်း၊ သွား၊ အရိုးကျိုးရောဂါတို့ကို ပျောက်ကင်းစေ၏။

ရွှေဖရုံသီး။ ။ ရွှေဖရုံသီးသည် ချုပ်စေသည်။ ကြေခဲသည်။ အစိမ်းသည် ဝမ်းမီးကို ပွားစေသည်။ လေ သလိပ်ဒေါသကိုနိုင်သည်။ သွေးအန်၊ သွေးကျ၊ လေရောဂါတို့ကို ပျောက်စေသည်။

ဗာဒံသီး။ ။ ဆီးဝမ်းရွှင်စေ၊ သည်းခြေကို ဖြစ်စေတတ်သည်။ ကြေကျက်ခဲသည်။ သလိပ်၊ လေ၊ သည်းခြေဖောက်ပြန်ခြင်းနှင့် လေကိုပယ်ဖျက်တတ်သည်။ အသီးမှည့်သည် ပြေပြစ်သည်။ သုက်ပွားစေသည်။ ဝဖြိုးစေသည်။ သလိပ်ကိုပြုတတ်သည်။ လေ၊ သည်းခြေကိုကင်းစေသည်။ အသီးဆန်သည် သုက်သွေးကို ပွားစေသည်။ သလိပ်ကို ပြုတတ်သည်။ လေ သည်းခြေကိုကင်းစေသည်။ အသီးစိမ်းသည် ဒေါသ(၃)ပါး၊ အသီးမှည့်သည် လေ ဒေါသကိုနိုင်သည်။ အသီးသည် ရင်ဘတ်နာ၊ အသည်းရောဂါ၊ ချောင်းဆိုး၊ အူရောဂါ၊ သွားရောဂါတို့ကိုနိုင်သည်။ အဆီသည် တွေဝေခြင်း၊ အသည်းရောဂါ၊ ချောင်းဆိုးရောဂါတို့ကို ပျောက်ကင်းစေသည်။

လေးညှင်းပင်။ ။ မြိန်ခြင်း၊ ကြေကျက်ခြင်း၊ ဝမ်းမီးတောက်ခြင်းကိုပြုတတတ်၏။ မျက်စိကို အကျိုးပြု၏။ သလိပ်သည်းခြေဒေါသကိုနိုင်၏။ ၎င်းပြင် သွေးကြောင့်ဖြစ်သောရောဂါ၊ ရေငတ်၊ ဝမ်းဗိုက်ရောင်၊ ထိုးအောင့်၊ ချောင်းဆိုး၊ ပန်းနာ၊ ကြို့ထိုး၊ ခယရုပ် ရောဂါတို့ကို ပျောက်ကင်းစေသည်။

သံပုရာသီး။ ။ ဝမ်းမီးတောက်ခြင်း၊ ကြေကျက်ခြင်းကိုပြုတတ်၏။ လေကိုပယ်ဖျက်တတ်၏။ သလိပ်ဒေါသကို ငြိမ်းစေ၏။ ၎င်းပြင် ချောင်းဆိုး၊ ဂူလုံး၊ အော့အန်၊ ငှက်ဖျား၊ လည်ချောင်းဖောက်ပြန်ခြင်း၊ ခယရုပ်၊ ပိုးရောဂါတို့ကို ပျောက်ကင်းစေတတ်၏။

သံပုယိုသီး။ ။ အစိမ်းသည် ထက်မြက်၏။ လည်ချောင်းကို သုတ်သင်တတ်၏။ ကြေကျက်လွယ်၏။ ဝမ်းမီးတောက်စေ၏။ နှုတ်မြိန်စေ၏။ လျှာ၊ နှလုံးကို စင်ကြယ်စေ၏။ အမှည့်သည် ကိုယ်ကို လှပစေ၏။ နှလုံးခွန်အားအကျိုးပြု၏။ ဝဖြိုးစေ၏။ ၎င်းပြင် အစိမ်းသည် ဒေါသ(၃)ပါး၊ အမှည့်သည် လေ၊ သလိပ်တို့ကိုနိုင်၏။ အစိမ်းသည် ပန်းနာ၊ ရေငတ်၊ ချောင်းဆိုး၊ နှုတ်မမြိန်၊ သွေးအန်၊ သွေးကျ၊ အမှည့်သည် ထိုးအောင့်၊ အစာမကြေ၊ ချုပ်၊ ပန်းနာ၊ ဝမ်းမီးနုံ့၊ ရောင်တင်းသောရောဂါတို့ကို ပျောက်ကင်းစေသည်။

အရက်။ ။ ဝမ်းမီးတောက်ခြင်း၊ ပွင့်လန်းခြင်း၊ နှုတ်မြိန်ခြင်း၊ ထက်မြက်ခြင်းကို ပြုတတ်၏။ မလတို့ကိုကျစေ၏။ အကြောနှင့် ဆီးအိမ်ကို စင်ကြယ်စေ၏။ ခွန်အား၊ ဝဖြိုးခြင်း၊ အသံကောင်းခြင်းကို ပြုတတ်၏။ အရောင်ဆင်းကို လှပစေ၏။ သွေးကို ဖျက်ဆီးတတ်၏။ လေ သလိပ် ဒေါသကိုငြိမ်းစေ၏။ ထိုးအောင့်၊ ဝမ်းဗိုက်တင်းရောင်သော ရောဂါတို့ကို ပျောက်ကင်းစေသည်။

လဂိုဏ်း
ကနုကမာ ----------- ကြေးဝါ ------------ ကျွဲကျင်ငယ် --------- ကြက်မောက်ဆူးပြန် ကြက်မောက်ဆူးပြန်အဖြူ ----------- ပဒိုင်းကြက်သွန် ------------ ကန့်ချုပ်ဖြူ ------ကွမ်းစားဂမုန်း ---------- ချင်းခြောက် ----------ငရုတ်ကောင်း ---------- ငု ------ ငါးပျက် ------တရုတ်စကားပန်း --------- စပါးလင် ---------- တောစပျစ်သီး ----------- စမုံဖြူ ---- စမုံဖွဲ စမြိတ် ---------- စမွတ် --------- မြန်မာစိန်တပေါ် --------- ဆားပုပ် -------- စိန်ပန်းကြီး ------- ဇဝက်သာ --------- ပန်းတမာသီး ---------- တိလင်္ကသာ ---------- ထောပတ် ------- ဒန့်သလွန်သီးအချို ----- နှပ်ချိုကြီး (ပဉ္စငါးပါး)--------- ပရန္နဝါအဖြူ ------ ပီလောအချိုအယဉ် ------ ဘုံဘိုင်ပွေးကိုင်း --------- တောပဲမြစ် -------- ပန်းခြောက် ------ ပိတ်ချင်းသီး --------- ဖန်ခါးသီး --------- ဘူးခါးသီး --------- မက်လင်ချဉ်သီး --------မိဿလင် ---------- ယောက်သွား --------- ရှိန်းခိုပင်အစေး -------- တောရှောက်သီး ------ လိမ္မော်သီးအချဉ် -------- သော်ကပန်း -------- သံ ------ လမ်းတမာ ------- သစ်ပုလွေ

လဂိုဏ်းဝင်အစာများမှ လေနာဝေဒနာသည်များနှင့် သင့်တော်သည့်ဓာတ်စာများ၏ အဘိဓာန်

ကနုကမာ။ ။ ဝမ်းမီးတောက်စေ၏။ နှုတ်မြိန်စေ၏။ ချောင်းဆိုး၊ လေထိုး၊ နှလုံး၊ အကြောရောဂါ၊ အဖျား၊ ပန်းနာ၊ လေနာတို့ကို ပျောက်ကင်းစေ၏။ ၎င်းပြင်အခြားသော နှလုံးကို အေးစေတတ်သော သွေးဆေးတို့၌ ဖက်စပ်၍ အသုံးပြုရသည်။

ကျားရိုး။ ။ အဆိပ်အမျိုးမျိုး၊ လှိုက်တက်သောရောဂါ၊ ဝက်ရူးနာ၊ လေရောဂါ၊ ကျောက်ဝက်သက်၊ မြေဘီလူးဖမ်းစားသော ရောဂါတို့ကို ချမ်းသာစေသည်။

ကြက်။ ။ ဓာတ်(၇) ပါးကို ပွားစေသည်။ ပြေပြစ်သည်။ ကြေကျက်ခဲသည်။ သုက်နှင့် သလိပ်ကို၎င်း၊ ခွန်အားကို၎င်း ဖြစ်စေသည်။ လေဒေါသကိုနိုင်သည်။ ၎င်းပြင် လေရောဂါများ၊ မျက်စိရောဂါများကိုလည်း နိုင်သည်။

ကြက်သွန်ဖြူဥ။ ။ အစာကု ကြေကျက်စေ၏။ ပြေပြစ်၏။ ဆီဝမ်းရွှင်စေ၏။ ဝဖြိုးစေ၏။ ကာမအားကိုပေး၏။ ခွန်အားဖြစ်စေ၏။ အရိုးဆက်စေ၏။ အရောင်အဆင်းကိုဖြစ်စေ၏။ မျက်စိကို အကျိုးပြု၏။ အသက်ရည်စေ၊ သွေးသည်းခြေကို ပွားစေ၏။ ၎င်းပြင် လေ သလိပ်ကိုနိုင်၏။ နှလုံးနာတာရှည်၊ အဖျား၊ ဝမ်းအောင့်၊ ချုပ်လေတကူ၊ နှုတ်မမြိန်၊ ချောင်းဆိုး၊ ရောင်တင်း၊ မြင်းသရိုက်၊ နူနာ၊ ဝမ်းးမီးနုံ့၊ ပိုး၊ လေရောဂါ၊ ပန်းနာတို့ကိုနိုင်သည်။

ကွမ်းစားဂမုန်း။ ။ ပါးစပ်ရှိမလတို့ကို ကင်းဝေးစေ၏။ ဖောရောင်၊ ချောင်းဆိုး၊ အနာပေါက်၊ ပန်းနာ၊ ထိုးအောင့်၊ ကြို့ထိုး၊ ဂြိုဟ်ဖမ်းစားခြင်းတို့ကို ပျောက်ကင်းစေ၏။

ကွမ်းပင်။ ။ မြိန်စေ၊ ဆီးဝမ်းရွှင်စေ၊ အားတိုးစေ၏။ ထက်မြက်၏။ အဆိပ်ကိုပယ်တတ်၏။ ဝမ်းမီးကိုတောက်စေ၏။ လေဒေါသကိုနိုင်၏။ ချောင်းဆိုး၊ ပင်ပန်း၊ နှလုံးရောဂါတို့၌ ကျေးဇူးပြု၏။

ချင်းခြောက်။ ။ ကြေကျက်လွယ်၏။ မြိန်စေ၏။ ချုပ်ခြင်းကို ပျောက်စေ၏။ သုက်ပွားစေ၏။ လေ၊ သလိပ် ဒေါသကိုနိုင်၏။ အော့အန်၊ ပန်းနာ၊ ထိုးအောင့်၊ ချောင်းဆိုး၊ နှလုံး၊ ဆင်ခြေထောက်၊ မြင်းသရိုက်၊ ဝမ်းဗိုက်နှင့် စပ်သောရောဂါတို့ကို ပျောက်ကင်းစေ၏။

ချင်းစိမ်း။ ။ ကြေကျက်ခဲ၏။ ဝမ်းမီးတောက်စေ၏။ ထက်မြက်၏။ ခြောက်ထပ်စေ၏။ မလကို ဖြိုခွဲတတ်၏။ လေ၊ သလိပ်ကိုနိုင်၏။

ငရုတ်ကောင်း။ ။ ထက်မြက်၏။ ဝမ်းမီးကိုတောက်စေ၊ သည်းခြေကို ခြောက်ထပ်စေ၊ သလိပ်နှင့်လေကို ပယ်ဖျက်တတ်၏။ ပန်းနာ၊ ထိုးအောင့်ခြင်း၊ ပိုးရောဂါတို့ကို နိုင်၏။ ကြေခဲ၏။ နူးညံ့စွာ ဝမ်းသက်စေ၏။ လေကိုနိုင်သည်။ အဖျား၊ နှလုံး၊ ရတ္တပိတ်၊ ထိုးအောင့်ခြင်းတို့၌ ကောင်းသည်။ အရွက်သည် သလိပ် အဆီကိုခြောက်စေသည်။ အဖျားနှင့် အခါခပ်သိမ်း သင့်သည်။ မလကို လျှော့ပါးစေသည်။ အပွင့်သည် သလိပ်သည်းခြေကိုနိုင်သည်။ ချုပ်သည်။ လေပွားစေသည်။ အနှစ်သည် ဝမ်းမီးပွား၊ ဝမ်းသက်စေ၏။ သည်းခြေနှင့် လေကိုနိုင်၏။ အမြစ်သည် ပါဒရက်အဖျား၊ နူကွက်တို့ကို ပျောက်ကင်းစေသည်။

ဇာတိပ္ဖိုလ်သီး။ ။ ကြေလွယ်သည်။ မြိန်စေသည်။ ဝမ်းမီးတောက်စေ၊ ချုပ်စေ၏။ လေ၊ သလိပ်ကိုနိုင်သည်။ ချောင်းဆိုး၊ ပိုး၊ အော့အန်၊ မြစ်ခြောက်၊ နှာစေး၊ နှလုံး၊ လည်ချောင်းရောဂါ၊ လေ၊ ဝမ်းသက်၊ တုလာသရောနာတို့ကိုလည်း နိုင်သည်။

နွယ်ချို။ ။ ခွန်အား၊ သုက်ပွားစေ။ မျက်စိကိုအကျိုးပြု၏။ အရာင်အဆင်းကိုကောင်းစေ၊ အသံ၊ ဆံပင်ကိုကောင်းစေ၏။ လေ၊ သည်းခြေကိုနိုင်၏။ သွေးကြောင့်ဖြစ်သောရောဂါ၊ အနာပေါက်၊ ရောင်တင်းခြင်း၊ အဆိပ်၊ အော့အန်၊ ပါဒရက်၊ ရေငတ်၊ ပျို့၊ ခယရုပ်၊ သွေးအန်၊ သွေးကျ ရောဂါတို့ကို ပျောက်ကင်းစေ၏။

နံ့သာဖြူ။ ။ အသားနှစ်သည် ကြေကျက်လွယ်၏။ နှစ်သက်စေ၏။ လေ၊ သည်းခြေကိုနိုင်သည်။ သွေးအန်၊ သွေးကျရောဂါ၊ ရေငတ်၊ အော့အန်ခြင်းကို နိုင်၏။

ရှောက်သီး(အချို) ။ ။ ရှောက်သီးအချိုသည် နှုတ်မြိန်ခြင်း၊ သုက်ပွားခြင်းကိုပြု၏။ ကြေကျက်ခဲ၏။ ပူခြင်း၊ သွေးဖောက်ပြန်ခြင်းတို့ကို ပယ်ဖျက်တတ်၏။ သလိပ်ကြွစေ၏။ လေ၊ သည်းခြေ၊ ဒေါသကိုနိုင်သည်။ ၎င်းပြင် ဝမ်းချုပ်၊ ပန်းနာ၊ ချောင်းဆိုး၊ ခယရုပ်(ဘာရောဂါဆိုတာ ကျွန်မမသိပါ)၊ ကြို့ထိုး၊ နှုတ်မမြိန်၊ ရေငတ်၊ အော့အန်ရောဂါတို့ကို ပျောက်ကင်းစေသည်။

လိမ္မော်သီး။ ။ အချိုသီးသည် သလိပ် သည်းခြေနှင့် ကာမဒေါသကိုပြုတတ်၏။ ကြေကျက်ခဲ၏။ ဝမ်းသက်၏။ အချဉ်သည် နှလုံးကျေးဇူးပြု၏။ ခွန်အားကို တိုးစေ၏။ အဆိပ်ကို ပယ်တတ်၏။ နှုတ်မြိန်စေ၏။ ဆီး၊ ဝမ်းကိုရွှင်စေ၏။ လေ၊ သလိပ်၊ ဒေါသကိုနိုင်၏။ ၎င်းပြင် အချိုသီးသည် လေ၊ ရေငတ်၊ သွေးအန်၊ သွေးကျရောဂါ၊ အချဉ်သီးသည် နှုတ်မမြိန်၊ အစာမကြေ၊ ပိုး၊ လေရောဂါ၊ ပင်ပန်းခြင်း၊ ထိုးအောင့်ခြင်းတို့ကို ချမ်းသာစေသည်။

သကြား။ ။ ပြေပြစ်သည်။ ခွန်အား၊ သုက်၊ သလိပ်ကို ဖြစ်ပွားစေသည်။ မျက်စိကို အကျိုးပြုသည်။ လေ၊ သည်းခြေ၊ ဒေါသကို ငြိမ်းစေသည်။ ၎င်းပြင် ရေငတ်၊ တွေဝေ၊ မြစ်ခြောက်နာတို့ကို ပျောက်ကင်းစေသည်။

သင်္ဘောသီး။ ။ သလိပ်၊ သုက်ကိုဖြစ်ပွားစေ၏။ နှလုံးကိုကျေးဇူးပြု၏။ ပြေပြစ်၏။ လေဒေါသကိုနိုင်၏။ ၎င်းပြင် နှလုံး၊ အရူး၊ လေရောဂါတို့ကိုလည်းနိုင်၏။

သရက်သီး။ ။ အသီးစိမ်းသည် မြိန်ခြင်း၊ လေ၊ သည်းခြေကိုပွားခြင်း၊ အူကိုတွန့်ရှုံ့ခြင်းကို ပြုတတ်သည်။ အမှည့်သည် ပြေပြစ်သည်။ ကြေခဲသည်။ သုက်ပွားခြင်း၊ အရောင်အဆင်းကို ပြုတတ်သည်။ လေဒေါသကိုနိုင်သည်။

မှတ်ချက်။ ။ ဆရာကြီး ဦးသာတင့်၏ ပုဂ္ဂလပညတ်အခြေခံဓာတ်ကျမ်းမှ ကောက်နှုတ် တင်ပြပါသည်။

လာရောက်ဖတ်ရှုသူများအားလုံး ရောဂါခပ်သိမ်းကင်းငြိမ်းပြီး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေရှင်...