Monday, October 5, 2009
စုပေါင်း သံဃာပဝါရဏာပွဲတော်...
Sunday, October 4, 2009
ဘဝ အလှပြင်နည်း....
သမီးငယ်က မေမေ့ကိုစိတ်ကောက်နေတာကိုး…. အဲ့ဒီလိုနှုတ်ခမ်းကြီးစူပြီး မျက်နှာကြီးပုပ် ထားတာ ဝက်မလေးကြနေတာပဲ….ဟာ ဟ.. ငါ့သမီးက ဘယ်လိုနေနေ အမေ့မျက်စိထဲ လှနေတာပါပဲ… ဘာဖြစ်လို့အမေ့ကိုစိတ်ကောက်နေတာလဲ… အော်… သမီးလိုချင်တဲ့ အလှပြင်တဲ့ပစ္စည်းတွေ မဝယ်ပေးလို့…. ဟုတ်လား… ဒါများသမီးရယ်…. အမေ့မှာ အဲ့ဒီပစ္စည်း တွေမလိုဘဲ… လှအောင်ပြင်နိုင်တဲ့ နည်းရှိတယ်သမီးရဲ့…. လာ.. လာ.. အမေပြောပြမယ်။
လာကြည့်စမ်းပါဦး… သမီးမျက်နှာကိုမှန်ထဲမှာ… လာမှန်ရှေ့မှာလာရပ်… ကဲသမီးမျက်နှာကို သေချာကြည့်နေ… ကဲ.. အမေတချက်ရိုက်လိုက်တော့… သမီးမျက်နှာမဲ့သွားတာ ကြည့်လို့ လှလား… မလှဘူးမဟုတ်လား… ကဲလာ… သမီးပါးလေးကို အမေတချက်နမ်းလိုက်မယ်… ကဲ.. သမီးပြုံး လိုက်တော့ ကြည့်စမ်း.. ဘယ်လောက်ချစ်စရာကောင်းထားလဲ…. သမီး.. တကယ် လှချင်ရင် အမြဲတန်းပြုံးနေနိုင်အောင် ကြိုးစားရမယ်….။
နောက်ပြီးတော့ လူတွေရဲ့ ချစ်ခြင်းကိုရချင်တယ်ဆိုရင် လူတွေကို ချစ်တဲ့မျက်လုံးနဲ့ ကြည့်ရတယ်။ ကိုယ်ချစ်တဲ့လူကိုကြည့်ရင် သမီးမျက်နှာလေးက ကြည်လင်မနေဘူးလား။ ချစ်စရာလဲကောင်နေမယ်လေ….။ အဲ… ကိုယ်နဲ့မတည့်တဲ့လူကိုတွေ့ရင်ကျတော့ သမီးပြုံးနေလားမဲ့နေလား…။ မဲ့နေတော့ မလှဘူးမဟုတ်လား…။ အလှဘယ်လောက် ပြင်ထားပြင်ထား မလှတော့ဘူး…။ ဒါကြောင့် သမီးရဲ့မျက်နှာလေး အမြဲလှနေချင်ရင် အလှပြင်ပစ္စည်းတွေ လိမ်းနေစရာမလိုဘူး။ လူတိုင်းကို ချစ်တဲ့မျက်လုံးနဲ့ကြည့်တတ်အောင် ကြိုးစား၊ ပြီးရင် အမြဲတမ်းပြုံးနေရမယ်နော်….။ ဒါဆို သမီး ထွေထွေထူးထူး အလှပြင်နေ စရာမလိုဘဲ.. အမြဲလှနေမှာ…. ကဲ.. အလှပြင်ပစ္စည်းက အခန့်မသင့်ရင် သမီးမျက်နှာကို လောင်သွားနိုင်သေးတယ်။ မလှမှာစိုးရိမ်ရသေးတယ်…။ အမေ့နည်းက ဘုရားပေးတဲ့နည်း… ဘယ်လောက်သက်သာလဲ… မပင်ပန်းဘဲ အမြဲလှနေမှာ… ပြီးရင် လူတွေ၊ သတ္တဝါတွေကို တကယ်ရင်ထဲက စေတနာအပြည့်နဲ့ မေတ္တာထားပြီး သူတို့ကောင်းကျိုးတွေကို ပြောဆို၊ လုပ်ကိုင်ပေး နိုင်ရမယ်။ ဒါမှ ဘာပဲလုပ်လုပ် ကိုယ့်အကျိုး အများအကျိုး နှစ်မျိုးလုံးအောင်မြင်မှာ…။
သမီးတို့က သိပ်နားမလည်သေးလို့ပါ…။ ဆရာတော်အရှင်သူမြတ်တွေဟောတဲ့ တရားတော် တွေထဲမှာ လူ့လောကအတွက် လောကီ၊ လောကုတ္တရာကောင်းကျိုးတွေ အားလုံးပါတယ်။ တရားနာတယ်ဆိုတာ တောထွက်ပြီး ရဟန်း၊ သီလရှင်ဝတ်ဖို့အတွက်ကြီးဘဲမဟုတ်ဘူး။ လူ့လောကမှာ ဘယ်လိုနေထိုင်လုပ်ကိုင်ရင် အကျိုးစီးပွားဖြစ်မယ်၊ ဘယ်လိုနေထိုင်လုပ်ကိုင် ရင် အကျိုးစီးပွားပျက်မယ်၊ ဒုက္ခရောက်တတ်တယ်ဆိုတာ အားလုံးပါတယ်။ သေသေချာချာ နားထောင်ကြည့်… စိတ်ဝင်တစားနားထောင်တာနဲ့အမျှ ကြာလာရင် နားလည်လာလိမ့်မယ်။ ပါရမီဖြစ်လာလိမ့် မယ်… အဲ့ဒီလိုနားလည်လာတာနဲ့အမျှ တရားထဲက အနှစ်သာရကို သမီးတို့ထုတ်ယူတတ် လာလိမ့်မယ်။ ကိုယ်လုပ်ချင်တာတွေ ဖြစ်ချင်တာတွေကို ဘယ်လိုလုပ်ရင်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ကိုယ်တိုင်သိလာလိမ့်မယ်။ အဲ့ဒါဆို တရားတော်ရဲ့ကျေးဇူးကို သမီးတို့ ရရှိခံစားလာရလိမ့်မယ်။ သမီးတို့မသိသေးလို့ပါ…. သမီးတို့လိုချင်တာအားလုံးရအောင် ဒီတရားတော်တွေက လမ်းညွှန်နိုင်တယ်။ ဒါပေမဲ့ သမီးတို့ကိုယ်တိုင်လုပ်ယူမှရမှာ… လောကကြီးမှာ ကိုယ်ကိုယ်တိုင်မလုပ်ဘဲနဲ့ ရတာဘာမှမရှိဘူး..။ ကဲ…. ဒီတော့ ဒီတရားလေးတခွေ နာကြည့်လိုက်ပါဦး……
Saturday, October 3, 2009
သီတင်းကျွတ်လပြည့်နေ့...
သမီးရေ.. ဒီနေ့ သီတင်းကျွတ်လပြည့်နေ့ရောက်ပြီ… မုန့်ဖက်ထုပ်လုပ်ဖို့ကလဲ ငှက်ပျောရွက် ကမရှိ…. ဟာလဝါလုပ်မလားလို့ စဉ်းစားတော့ တခါမှလည်းမလုပ်ဖူးဘူး…. ဘာလုပ်ရ မလဲစဉ်းစားတုန်း သမီးတို့က ဘုန်းကြီးကျောင်းသွားမယ်တဲ့… ဟုတ်တာပေါ့…. သီိလယူပြီး ဦးပုသ် စောင့်ကြမယ်လေ… .. ဒါကြတော့လဲ သမီးတို့အဖေက သူငယ်ချင်းတွေဆီ မနေ့ကတည်းက ညအိပ်သွားနေတော့ ကားကမရှိ… ဘတ်စ်ကားနဲ့သွားဖို့ကလဲ ခရီးကဝေပြီး ကားဘယ်လိုပြောင်းစီးရမယ်မှန်းမသိဘူး….. မသိတာတွေ မရှိတာတွေကများနေတယ်…. ဒီတော့လဲ အမြဲတန်းရှိတဲ့ အင်တာနက်က တရားကိုပဲ တို့သားအမိတွေနာယူကြတာပေါ့… လာ.. လာ.. သမီးတို့ရေ… ဆရာတော် အရှင်ဇဝန (မေတ္တာရှင်ရွှေပြည်သာ) ရဲ့ တရားတော်တွေ သိပ်ကောင်းတယ်ဆိုပဲ… တခါလောက်နာကြည့်လိုက်ရအောင်နော်…
ကက်စက်ထဲမှာ တရားခွေအဆင်သင့် ထည့်ထားတယ်... ခလုပ်နှိပ်လိုက်ပါဦး သမီးရေ...![]()
သာဓု...သာဓု...သာဓု
Friday, October 2, 2009
သမီးတို့အတွက် ပုံပြင်မဟုတ်သော အိပ်ယာဝင်ပုံပြင်များ (၂)
ငါ့သမီးကြီိးက တော်တော်ဒေါသကြီးတာပဲ…. ဘာလို့လဲ … ဟုတ်လား…. မနေ့ကပြတဲ့ ဗွီဒီယိုကြည့်ပြီး သမီးငိုနေလို့လေ… ဟုတ်တယ်သမီးရဲ့… ဝမ်းနည်းလို့ငိုတာပဲဖြစ်ဖြစ် ဒေါသဖြစ်လို့ငိုတာပဲဖြစ်ဖြစ် အဲ့ဒါဟာ ဒေါသထဲမှာပါတယ်..။ ဆုတ်နစ်တဲ့ဒေါသပေါ့…. သမီးသူတို့တတွေအတွက် မခံချင်စိတ်တွေဖြစ်နေတယ်မဟုတ်လား…။ လောလောဆယ် ကိုယ်လည်းဘာမှမတတ်နိုင်ဘူးလေ..။ အဲ့ဒီတော့ ငိုမိတယ်.. အမေလဲအဲ့ဒီလိုဖြစ်ဖူးပါတယ်…။ ဒါပေမဲ့သမီးရယ်… ဒီလိုငိုနေရုံ၊ ဒေါသဖြစ်နေရုံနဲ့ ဒီပြဿနာတွေက ပြေလည်သွားမှာမဟုတ် ဘူးလေ။ ဒါတွေကို သမီးကလိုက်ခံစား ဒေါသဖြစ်နေရင် ဒီဒေါသ မီးတွေက သမီးကို လောင်နေမှာပေါ့..။ အမေဖြစ်စေချင်တာက သမီးတို့ ဒါတွေကိုသိထားပြီး ဘယ်လိုအကူအညီ တွေပေးနိုင်အောင် ကြိုးစားရမလဲဆိုတာ ရင်ထဲမှာ အသိရှိနေအောင်လို့ပါ။ ဒါမှလဲ သမီးအချိန်တန် အရွယ်ရောက်လာတဲ့တနေ့ သူတို့အတွက် အကူအညီတွေပေးနိုင်မှပေါ့။
မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်တွေနဲ့အညီ လူတွေအပေါ် ဘယ်လိုစိတ်ထားရ မလဲဆိုတာ အမေနည်းနည်းပြောပြချင်တယ်။ တချို့လူကိုမေတ္တာ၊ ဂရုဏာစိတ်နဲ့ ချစ်ခင်ရမယ်။ ဥပမာ မွေးရပ်မြေက အဖိနှိပ်ခံနေကြရတဲ့ အမေတို့သွေးချင်းတွေပေါ့။ ဒါပေမဲ့ တချို့လူတွေ အပေါ်တော့ ဥပေက္ခာစိတ်ထားရမယ်။ သူတို့ကတော့ မတရားသဖြင့် ဖိနှိပ်အုပ်ချုပ်နေတဲ့ လူတစုပေါ့။ သမီးနားလည်အောင် ရှင်းပြရမယ်ဆိုရင်တော့ ဥပမာ ငှက်ကလေးတွေ ဆူးခြုံထဲညိနေရင် ဒီငှက်ကလေးတွေကို ဒီဆူးခြုံအောက်ကလွတ်အောင် ဘယ်လိုကူညီရမလဲ ဆိုတဲ့ သနားဂရုဏာစိတ်သာထားပြီး အေးချမ်းတဲ့စိတ်နဲ့ ကူညီသလို၊ လမ်းမအလယ်မှာ ကျောက်တုံးတခုက လမ်းသွားလမ်းလာတွေအတွက် အနှောက်အယှက်ဖြစ်နေတာကို ဒီိကျောက်တုံးအပေါ် ဒေါသဖြစ်မနေပဲ လမ်းသွားလမ်းလာ အများပြည်သူ ဘေးအန္တရာယ်ကင်း ဖို့ဆိုတဲ့ စေတနာတခုထဲနဲ့ ကျောက်တုံးကို ဖယ်ပစ်သလို ငှက်ကလေးတွေ၊ လမ်းသွားလမ်းလာတွေအပေါ် မေတ္တာစိတ်ထားပြီး ကျောက်တုံးတွေ၊ ဆူးခြုံတွေအပေါ် ဥပေက္ခာစိတ်ထားမျိုး ထားနိုင်ရလိမ့်မယ်။ ဒါမှ သမီးရင်ထဲ အေးချမ်းနေလိမ့်မယ်။ ကိုယ်ကိုယ်တိုင်အေးချမ်းမှ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း အေးချမ်းမှုပေးနိုင်မှာပေါ့..။ သမီး… ဒေါသဆိုတာ ပူလောင်တဲ့စိတ်၊ မေတ္တာဆိုတာ အေးချမ်းတဲ့စိတ်။ ဥပေက္ခာဆိုတာကတော့ သူတို့နဲ့ပတ်သက်ပြီး ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း၊ ဒေါသဖြစ်ခြင်းတွေဘာမှမဖြစ်တာ၊ သူတို့နဲ့ပတ်သက်ပြီး ဘာခံစားမှုမှ မထားတာပေါ့သမီးရယ်… ။ လောဘ၊ ဒေါသ၊ ဣဿာမစ္ဆရိယ၊ မာန်မာနစိတ်တွေဟာ လူတွေရဲ့နှလုံးသားကို ပူပြင်းလောင်ကျွမ်းစေတယ် သမီးရဲ့… သတ္တဝါတွေအတွက် ဆိုးကျိုးကိုသာဖြစ်စေတဲ့ အကုသိုလ်တရားတွေပေါ့။ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားတွေက သတ္တဝါတွေအပေါ် ကုသိုလ်ကောင်းမှုတွေ ဖြစ်စေတယ်။ ဒီလိုစိတ်ထားနဲ့ အများကောင်းကျိုးပြုလုပ်မှ အောင်မြင်နိုင်တာ။ မေတ္တာတရားဟာ သိပ်နက်ရှိုင်းတယ်။ လူသားတွေမှမဟုတ်ဘူး… အဟိတ်တိရစ္ဆာန်တွေ တောင် မေတ္တာစွမ်းအားကို နားလည်ခံစားနိုင်တယ်။ ရယူခြင်းထက် ပေးဆပ်ခြင်းဆိုတဲ့ မေတ္တာ တရားတွေကို သမီးပိုင်ဆိုင်နိုင်ပါစေ..။
Thursday, October 1, 2009
သမီးတို့အတွက်....
သမီးရေ..
အမေတို့အခုနေတဲ့နေရာကနေ မိုင်ပေါင်းထောင်ချီဝေးတဲ့ အမေတို့မွေးရပ်မြေအကြောင်း ပြောပြချင်တယ်။ မိုင်ပေါင်းထောင်ချီဝေးတယ်လို့ပြောရရင်တောင် သိပ်မပြည့်စုံသေးပါဘူး။ အမေတို့နေရာနဲ့ဆို နေ့နဲ့ညကို ကွာခြားနေတာပါ။ သမီးတို့ကျောင်းသွားနေရတဲ့အချိန်ဆို အမေ့တို့ မွေးရပ်မြေကလူတွေက အိပ်လို့ကောင်းကောင်းနဲ့ အိပ်မက်တွေပါ မက်နေကြမှာ။ ညဥ့်သုံးယမ်အလိုက် အချိန်မှန်မှန်တွန်တဲ့ ကြက်တွေကလဲ ဂျူတီမပျက် အသံသာသာနဲ့ တွန်နေကြဦးမှာလေ။ သူတို့တွန်သံတွေကို နာရီလုပ်ပြီး ဆွမ်းချက်တဲ့အမယ်အိုတွေ၊ အိမ်ရှင်မတွေကလဲ သံဃာတော်တွေအတွက် ဆွမ်းထချက်ကြဦးမှာ။ မိုးမလင်းခင် အရောက် သွားပြီး ကိုယ့်ဝမ်းစာအတွက် စိုက်ပျိုးထားကြတဲ့ သစ်သီးဝလံတွေကို စောစောရောင်းချရဖို့ အရေး တနင့်တပိုး ထမ်းပိုးသယ်ဆောင်နေကြတဲ့ တောင်သူဦးကြီးတွေကလည်း လမ်းတွေ ပေါ်မှာ လရောင် လက်ကျန် ဒါမှမဟုတ် မီးတုတ်လေးတွေအားကိုးနဲ့ ဈေးရှိရာကို သွားနေကြဦးမှာ။ အင်း… ဈေးသူမလေးတွေကလဲ သူ့ထက်ငါဦးအောင် တောင်သူဦးကြီးတွေ၊ အဒေါ်ကြီးတွေဆီကနေ ဈေးချိုချိုနဲ့ဝယ်နိုင်ရောင်းနိုင်ရအောင် စောစောစီးစီး ဝီရိယရှိရှိနဲ့ ရောင်းသူတွေလာရာအရပ်မှာ ထွက်ကြိုစောင့်နေကြဦးမှာ။ ကျေးရွာတွေက လယ်တောယာ မြေရှိတဲ့ လယ်သူမတွေ ယာသူမတွေကတော့ နေမပူခင်အိမ်ပြန်နိုင်အောင် မနက်မလင်းခင်က ယာတောဆင်းပြီး လုပ်ငန်းခွင်ဝင်နေကြပြီလေ။
အဲ့… အရှေ့ဘက်ကရောင်နီတက်လာပြီဆိုရင်တော့ ကျေးလက်၊ မြို့ပြအားလုံး စတင်ပြီး တလှုပ်လှုပ်တရွရွ ဖြစ်စပြုလာပြီပေါ။့ အဲ့ဒီအချိန်ဆိုရင်တော့ မြို့ကြီးသူ ကိုကို မမတွေက သူတို့လုပ်ငန်းတွေရှိရာ ရုံးတို့ ကျောင်းတို့ကိုသွားဖို့ ပြင်ဆင်ကြရပြီပေါ့။ ကျောင်းတက်ကြတဲ့ ကိုကိုမမတွေလဲ သူတို့မိဘတွေက ကျောင်းတက်ရမှာမို့ ထကြတော့လို့ နှိုးနေရပြီလေ။ အချိန်ရောက်လို့ သူတို့တတွေ လုပ်ငန်းခွင်ဝင်ကြပြီဆိုရင် အမေတို့ဆီမှာလဲ လုပ်ငန်းအသီးသီး ပြီးကြလို့ အိပ်ဖို့ပြင်နေကြပြီလေ။
ကွာခြားတာက ဒါတင်ဘယ်ကဦးမလဲ…. ရာသီဥတုတွေကလဲ ကွာခြားသေးတာပဲ။ အမေတို့ဆီမှာ အပူချိန်တွေမြင့်တဲ့ နွေရာသီကျောင်းပိတ်ချိန်တွေမှာ ဟိုမှာကတော့ မိုးရာသီ ကျောင်းဖွင့်ချိန်ဖြစ်နေပြီ။ မိုးတွေများလို့ တချို့နေရာက ရေကြီးနေကြသေးတယ်လေ။ ဟော… အခုအမေတို့ဆီမှာ မိုးစရွာလို့ အေးစပြုလာပြီဆိုတော့ ဟိုမှာက မိုးလေကင်းလွတ် သီတင်းကျွတ်ချိန်ကိုရောက်ပြန်ပြီလေ။ အမေတို့ ကလေးဘဝက အပျော်ဆုံးအချိန်တွေဟာ ဒီအချိန်တွေပေါ့..။ သီတင်းကျွတ်ကျောင်း ၁၀ ရက်ပိတ်ပြီဆို ရပ်ကွက်အလိုက် ကပွဲတွေ အပြိုင်အဆိုင်လုပ်ကြဖို့ သူ့ထက်ငါသာအောင် တိတ်တိတ်ဆိတ်ဆိတ် အကတိုက်ကြရတာ။ ဇာတ်လမ်းတွေ၊ တေးသရုပ်ဖော်တွေ၊ စတီရီယိုတေးတွေ (အဲ့ဒီအချိန်က ကာရာအိုကေ မရှိသေးဘူးလေ) အဓိကထားတင်ဆက်ကြတာ။ အဟဲ… ဒါတွေပြောနေလို့ အမေရော… ကတဲ့အထဲပါလားဆိုတော့ မပါပါဘူးကွယ်။ အမေတို့က ပွဲကြည့်ပရိတ်သတ်သက်သက်ပါ။ တခါတော့ ကရင်ဒုံးယိမ်းအကမှာ လူမပြည့်လို့ အမေ့ကို တနေရာပေးကဖူးတယ်။ ကရင်သွေးပါတဲ့ အမေကတာက အရှေ့မှာထားလို့လဲမဖြစ်၊ အနောက်မှာထားလို့လဲမရတော့ ကြားထဲကအတန်းမှာ ထည့်ပေး တာ ရှေ့ကလူကို ကန်မိလိုက် နောက်ကလူကို ကန်မိလိုက်နဲ့ အမေ က- ရင်သူတို့ မကတော့ဘူးဆိုတာနဲ့ အားနာနာနဲ့ ထွက်ပေးလိုက်ရတယ်။ အမေ့ရဲ့ မေမေ သမီးတို့ရဲ့ ဖွားဖွားကတော့ အမေ့ကိုအားပေးရှာပါတယ်။ ကတဲ့ခုန်တဲ့အလုပ်တွေကို စိတ်မဝင်စားပါနဲ့ သမီးရယ်တဲ့လေ။ အိမ်မှာက ပွဲလမ်းသဘင်ဆို အမေတယောက်သာ စိတ်ဝင်စားတာလေ။ ကျန်တဲ့မောင်နှမတွေက အဖော်ညှိလို့မရပါဘူး။ မက ရပေမဲ့ ပွဲကြည့်ဖို့ ကတော့ ပူစရာမလိုဘူး။ အမေ့မှာ ပွဲကြည့်တဲ့သူငယ်ချင်းတွေရှိတယ်။ အမေငယ်ငယ်က သူငယ်ချင်းနှစ်မျိုးရှိတယ်။ ကျောင်းတက်တဲ့သူငယ်ချင်းရယ်၊ ပွဲသွားတဲ့ သူငယ်ချင်းရယ်လေ။ ဘာကြောင့်လဲ… ဟုတ်လား… ဘာလို့လဲဆိုတော့ ကျောင်းသူငယ်ချင်းက အမေနဲ့အမြဲပွဲလိုက် မကြည့်ချင်ဘူးလေ။ အဲ့ဒီတော့ ပွဲကြည့်တဲ့သူငယ်ချင်းက အမေနဲ့ရွယ်တူ အိမ်နီးချင်း ကျောင်းမနေဘဲ ဈေးရောင်းတဲ့အစ္စလာမ်မလေးတွေနဲ့ အဖော်လုပ်ပြီး သွားရတယ်။ သူတို့က ဘယ်နားမှာပွဲရှိတယ်ဆိုတာသိတယ်။ သူတို့ဆွေမျိုးတွေက ပွဲဈေးရောင်းကြတာဆိုတော့ ပိုအဆင်ပြေတယ်လေ။ အင်း… သီတင်းကျွတ်၊ တန်ဆောင်တိုင်မီးထွန်းပွဲအကြောင်းပြောရင်း ငယ်ငယ်ကပွဲကြည့်တဲ့အကြောင်းကများသွားပြီ။
ဝါလကင်းလွတ်သီတင်းကျွတ်ပြီဆိုရင် အဲ့ဒီလိုပျော်ပွဲရွှင်ပွဲတွေရှိသလို ဘာသာရေးအလှူပွဲတွေ၊ ရပ်ရွာဓလေ့ထုံးစံတွေအရ အသက်အရွယ်ကြီးတဲ့ လူကြီးသူမတွေကို သူတို့အတွက် လိုအပ်နိုင်တဲ့ပစ္စည်းတွေ၊ မုန့်ကြွပ်လို ဘီစကစ်လိုမုန့်ခြောက်တွေ၊ ပုဆိုး အင်္ကျီတွေနဲ့ လိုက်ကန်တော့ကြတယ်။ အိမ်တိုင်းအိမ်တိုင်းကလဲ မုန့်ဖက်ထုပ်လို၊ ဟာလဝါလိုမုန့်တွေ လုပ်ပြီး တအိမ်နဲ့တအိမ် အပြန်အလှန် ပို့ပေးကြတယ်။ ဘုန်းကြီးကျောင်းတွေကိုတော့ ဦးဦးဖျားဖျား ပို့ကြတာပေါ့။ အမေတို့ဆီမှာ ဘုန်းကြီးကျောင်းတွေကလဲ ပေါတယ်။ တရွာဆို နှစ်ကျောင်းလောက်က အနည်းဆုံးပေါ့..။ တချို့ရွာဆို အရှေ့ကျောင်း၊ အနောက်ကျောင်း၊ တောင်ကျောင်း၊ မြောက်ကျောင်းဆိုပြီးရှိတာ။ ဘုရားပုထိုးစေတီတွေဆိုတာ လက်ညှိုးထိုး မလွဲဘူး။ တောင်ကုန်းမြင့်မြင့်ဆို စေတီရှိတာပဲ။ ထန်းပင်မြင့်မြင့်တွေနဲ့အတူ ဘုန်းတော်ကြီး ကျောင်းတွေက အမိုးအထွဋ်အဆင့်ဆင့်နဲ့ ကြီးကြီးမားမားတွေဆိုတော့ ကြည့်လိုက် မြင်လိုက်တာနဲ့ လူနေအိမ်တွေနဲ့ ကွဲပြားတယ်။ ဘုန်းတော်ကြီးကျောင်းတွေဟာ လူနေအိမ်တွေနဲ့ဝေးတဲ့ ရွာထိပ်တွေမှာ ဆောက်လုပ်လှူဒါန်းထားကြတာများတယ်..။ ဒါပေမဲ့ ရွာသူရွာသားအများစုကတော့ လပြည့်လကွယ် ဥပုသ်နေ့တွေဆို အမြဲတန်းသွားလာလေ့ရှိကြ တယ်လေ။ ဘုန်းကြီးကျောင်းမှာ ကထိန်ခင်းပြီဆို တရွာလုံး အိမ်လုံးကျွတ် အိမ်သူအိမ်သား ကလေးငယ်လေးတွေပါမကျန် တမိသားစုလုံးသွားကြ၊ စားကြ၊ လှူဒါန်းကြတာ။
ဘုန်းတော်ကြီးတွေကလဲ ကျောင်းကိုလာရောက်ကိုးကွယ်ကြတဲ့ ဒကာ၊ ဒကာမတွေကို ကောင်းမှု ကုသိုလ်တွေကို မှန်မှန်ပြုလုပ်ကြဖို့၊ မကောင်းမှု အကုသိုလ်တွေကို မလုပ်မိအောင် ရှောင်ကျဉ်ကြဖို့ မြတ်စွာဘုရားရဲ့ တရားတော်နဲ့အညီ ဟောပြောဆုံးမကြတယ်။ ရွာသူ ရွာသားတွေအပေါ် မေတ္တာထားကြတယ်။ ရွာသူရွာသားတွေကလဲ ဆရာတော် သံဃာတော် တွေအပေါ် ရတနာသုံးပါးမှာ တပါးအဖြစ် သိမှတ်ကိုးကွယ်အားထားကြတယ်လေ။ အဲဒီလိုနဲ့ အမေတို့တတွေရဲ့ဘဝတွေဟာ သာယာပျော်ရွှင်နေခဲ့ကြတာပါ။
ဒါပေမဲ့သမီးရယ်… ဝမ်းနည်းစရာကောင်းတာက အတ္တမာနတွေဖုံးလွှမ်းနေတဲ့လူတတစုက ဒီသာယာလှပခြင်းတွေကို ရက်ရက်စက်စက် အမျိုးမျိုး ဖျက်ဆီးခဲ့ကြတယ်။ အခုချိန်ဆို အမေတို့မွေးရပ်မြေကလူတွေဟာ ပျော်ရွှင်စရာတွေနဲ့ ကင်းဝေးနေပါပြီ။ အမေတို့ ဘာသာအရ အထွဋ်အမြတ်ထားခံရတဲ့ သံဃာတော်တွေကိုတောင် ဗုဒ္ဓဘာသာတွေဖြစ်ရက်နဲ့ ရက်ရက် စက်စက်နှိပ်စက်ခဲ့ကြတယ်။
ဟိုးလွန်ခဲ့တဲ့ ၆-နှစ်ကျော်လောက်ကပေါ့… တိတိကျကျပြောရရင်တော့ ၂၀၀၃-ခုနှစ် မေလ ၃၀-ရက်နေ့မှာ အမေတို့မွေးရပ်မြေက လူတွေအားလုံးချစ်ခင်ကြတဲ့ အမေ(ဒေါ်အောင်ဆန်း စုကြည်) နဲ့တကွ စည်းရုံးရေး ခရီးသွားကြတဲ့သူတွေကို ဦးပြည်းစိမ်း တွေနဲ့ သံဃာတွေက ဝါးရင်းတုတ်စိမ်းတွေနဲ့ ရက်ရက်စက်စက် ရိုက်သတ်ခဲ့ကြတယ်။ ကံကောင်းလို့အမေလွတ်ခဲ့ ပေမဲ့ လူတော်တော်များများ အသက်ပေးခဲ့ကြရတယ်။ ဒါပေမဲ့အဲဒီက သံဃာတွေဟာ အခုချိန်အထိ အပြစ်ပေးအရေးယူခံရတယ်ဆိုတာ မကြားမိပါဘူး။ အဲ့ဒီရိုက်ပွဲပြီးဒါနဲ့ အဲ့ဒီသံဃာ တွေလဲ ပျောက်ခြင်းမလှ ပျောက်သွားကြတာပဲ။ သူတို့တတွေဟာ ဖမ်းဆီးအရေးယူခြင်းလဲ မခံရပါဘူး.. အံ့သြစရာမကောင်ဘူးလားသမီးရယ်….
အဲ့.. ဒါပေမဲ့ လွန်ခဲ့တဲ့ ၂-နှစ်လောက်က တော့ အုပ်ချုပ်သူတွေနဲ့ အပေါင်းပါတစုကလွဲရင် ကျန်တဲ့လူထုတွေဟာ အတိဒုက္ခရောက်နေကြတာကို သနားဂရုဏာဖြစ်ကြလို့ သံဃာတော် တွေက လမ်းလျှောက်မေတ္တာပို့ခဲ့ကြတာကို ရက်ရက်စက်စက်နှိမ်နင်းပြီး ဒီသံဃာတော်တွေကို သံဃာတု၊ သံဃာယောင်တွေဆိုပြီး ဘုန်းကြီးကျောင်းတွေထဲအထိ စစ်တလင်းမြေတွေမှာလို သံဃာတော်တွေကို ဖမ်းဆီး၊ နှိပ်စက်၊ ထောင်ချခဲ့ကြတယ်….။ ဒါတွေဟာ အမေတို့မွေရပ်မြေမှာ တကယ်ဖြစ်ခဲ့တာပါ။ အမေတို့ သမီးတို့ သက်ရှိထင်ရှားအချိန်မှာကို တကယ်ဖြစ်ခဲ့တာပါသမီးရယ်…။ ဒါတွေဟာ သမိုင်းတွေပါ…။ သမီးတို့ ဒီအကြောင်းတွေကို အမေတို့ မွေးရပ်မြေအကြောင်းကို စိတ်ဝင်စားတယ်…. ဟုတ်လား….။ ဒါဆိုသမီးတို့ကို အမေတခုတောင်းဆိုချင်တယ်။ သမီးတို့ဟာ အမေတို့ မွေးရပ်မြေမှာ ပြောနေသုံးနေတဲ့ စာတွေ၊ စကားတွေကို ဘယ်တော့မှမမေ့အောင် ကြိုးစားသင်ယူရမယ်နော်… အဲ့ဒါလေးတခုတော့ အမေ့ကိုဂတိပေးပါကွယ်…။ ကဲ… အမေတို့ မွေးရပ်မြေကအကြောင်း သီချင်းလေးတပုဒ် သမီးတို့နားထောင်ကြည့်ချင်သေးလား…
သမီးတို့တွေလဲ တနေ့နေ့မှာ အမေတို့ မွေးရပ်မြေအတွက် တထောင့်တနေရာက မားမားမတ်မတ် ရပ်တည်ပေးနိုင်တဲ့သူ၊ အားကိုးရနိုင်တဲ့သူတွေ အဖြစ် အမေမြင်ချင်ပါတယ်...။
Monday, September 28, 2009
“ဒေါက်တာအရှင်ဉာဏိဿရ အဂ္ဂမဟာပဏ္ဍိတ မှ ကမ္ဘာ့ ဘာသာရေး ခေါင်းဆောင်များသို့ ပန်ကြားလွှာ”
“ဒေါက်တာအရှင်ဉာဏိဿရ အဂ္ဂမဟာပဏ္ဍိတ မှ ကမ္ဘာ့ ဘာသာရေး ခေါင်းဆောင်များသို့ ပန်ကြားလွှာ”
၂၈-၉-၂၀၀၉ (တနင်္လာနေ့)
မြတ်စွာဘုရားသည် သူ၏ မြောက်မြားစွာသော နေ့စဉ်လုပ်ငန်းစဉ်တို့တွင် သတ္တလောကကြီး ၏အခြေအနေကို တစ်နေ့နှင့်တစ်ညဥ့်လျှင် ခြောက်ကြိမ်မျှ ကြည့်ရှုတော်မူခြင်းသည် အလွန် အရေးပါသော လုပ်ငန်းကြီးတစ်ရပ်အဖြစ် ပါဝင်ပါသည်။
သတ္တလောကကြီး၏အခြေအနေသည် သို့မဟုတ် ဒေသတစ်ခု၊ သတ္တဝါတစ်စုစု၏ အခြေအနေ သည် ကာမရာဂ လွန်ကဲသောင်းကြမ်းသည်ဟု မြင်တော်မူလျှင် ထိုကာမရာဂကို ငြိမ်းအောင် ထိန်းသိမ်းဖို့ သမာဓိကျင့်စဉ်ကို ညွှန်ပြတော်မူသည်။ ရံခါ ဒေသတစ်ခု သတ္တဝါတစ်စုစုမှာ သို့မ ဟုတ် မင်းစိုးရာဇာတို့ လောကမှာ အာဏာမက်မောမှုတည်းဟူသော အကြောင်းကြောင့် သတ် ဖြတ်နှိပ်စက်ခြင်းများသည်ကို မြင်တော်မူလျှင် ဒေါသကိုနှိမ်နှင်းဖို့ မေတ္တာလမ်းစဉ်ကို ညွှန်ကြား တော်မူသည်။ ရသေ့ ရဟန်း ယောဂီ သမဏ၊ ဗြဟ္မဏတို့လောက၌ ဓမ္မနှင့်အဓမ္မအငြင်းပွား၍ ငြင်းခုံကွဲပြားကြသည်ကို မြင်တော်မူလျှင် ထိုသမဏ၊ ဗြဟ္မဏတို့အား ပညာလမ်းစဉ်ကိုလိုက် နာကျင့်သုံးကြဖို့ ဟောကြားတော်မူပါသည်။
ဤသို့မြတ်စွာဘုရားသည် သတ္တဝါလောကကြီး၏အခြေအနေကို ရှုမြင်သုံးသပ်၍ အခြေအနေ အားလျော်စွာ ကျင့်သုံးပုံနည်းစနစ်များကို ဟောကြားညွှန်ပြတော်မူသည်ကို ကျွန်ုပ်တို့ ဘာသာ ရေးခေါင်းဆောင်များ အတုယူလိုက်နာဆောင်ရွက်ဖို့ ကောင်းပါသည်။ ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များသည် မျက်စိနှင့်နားကိုကျယ်ကျယ်ဖွင့်၍ လောကကြီး၏အခြေအနေကို အစဉ် မပြတ် ကြည့်ရှုသုံးသပ်နေသင့်ပါသည်။ လူ့လောကကြီး၏လိုအပ်ချက်အရ အစဉ်မပြတ်ကြည့် ရှုဖြည့်စွက်ပေးဖို့ရန်မှာ ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်များ၏ တာဝန်တစ်ရပ်ဖြစ်ပါသည်။ ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်များ ဓမ္မကိုဖြန့်ချိခြင်းသည် လူ့လောကကြီး၏လိုအပ်ချက်နှင့် ကိုက်ညီဖို့အရေးကြီးပါသည်။
ဓမ္မနှင့်လူသား တခြားစီမဖြစ်ရလေအောင် ဓမ္မနှင့်လူသားတစ်ထပ် တည်းကျအောင် ဖြန့်ချိနိုင် ပါမှ လူ့လောကကြီး၏လိုအပ်ချက် ပြည့်စုံမည်ဖြစ်ပါသည်။ သို့မှသာ လူသားအများစုတို့က ဘာ သာရေးခေါင်းဆောင်တို့သည် လူ့လောကကြီးအတွက် မရှိမဖြစ်လိုအပ်သော ပုဂ္ဂိုလ်များဖြစ် ကြသည်ဟု ယုံကြည်စိတ်ချ ကျေးဇူးတင်လာကြမည်ဖြစ်ပါသည်။
သိပ္ပံနှင့်နည်းပညာ တစ်ဟုန်ထိုးတိုးတက်ထွန်းကားလာသော ယနေ့ခေတ်၌ လူ့လောကကြီး၏ လိုအပ်ချက်ကို မဖြည့်စွက်နိုင်သော လောကနှင့်ဓမ္မကို တစ်သားတည်းကျအောင် ဦးမဆောင် နိုင်သော ဘာသာရေးခေါင်းဆောင်တို့ကို လူသားတို့က တစ်နေ့တခြား လူ့လောကကြီး၏ အပို အလျှံများသဖွယ် မြင်လာနေကြပြီဖြစ်သည်။ ယနေ့လူငယ်အချို့ကဆိုလျှင် ဘာသာရေးမှရုန်း ထွက်ဖို့ပင် ကြိုးစားနေကြပြီး သိပ္ပံနှင့် နည်းပညာသည်သာလျှင် လောကကိုကောင်းကျိုးပြု သည်ဟု တစ်ဖက်သတ်မြင်လာနေကြပေပြီ။ သို့သော် ထိုသိပ္ပံနှင့်နည်းပညာသည် လောက ကောင်းကျိုးကို ပြုပင်ပြုငြားသော်လည်း လူ့လောကကြီးကို လူညွန့်တုံးအောင် သတ်ဖြတ်နှိပ် စက်သည်မှာလည်း ယင်းတို့ပင်ဖြစ်ကြသည်ကို သတိပြုကြရန် လိုအပ်လှပါသည်။ (တက်ထ ရာဆိုင်ကလင်း) ဆေးသည် အဖျားပျောက်ဆေးတို့တွင် အကောင်းဆုံးပင်ဖြစ်သော်လည်း အစာအိမ်ကိုလောင်ကျွမ်းစေကာ ရောဂါတစ်မျိုးထပ်တိုးစေသည်မှာလည်း ဤဆေးပင်ဖြစ်ပါ သည်။
(၅၊ ၈၊ ၁၉၄၇) ရက်တွင် ဂျပန်နိုင်ငံရှိ နာဂါဆာကီနှင့် ဟီရိုရှီးမားမြို့တို့မှာ လူသိန်းပေါင်းများစွာ ကိုသတ်ခဲ့သော အဏုမြူဗုံးသည် သိပ္ပံဆရာများ တီထွင်ခဲ့သောလက်နက်ပင် မဟုတ်ပါလော။ ဘာသာရေးတိုင်းသည် လူသားတို့၏စိတ်နှလုံးကို သူ့နည်းသူ့ဟန်ဖြင့် အသီးသီး ငြိမ်းချမ်းမှု ပေးနိုင်ကြပြီး လူသားတို့စိတ်နှလုံးကို ယဉ်ကျေးစေနိုင်သည်ဟု ကျွန်ုပ်တို့ ယုံကြည်မျှော်လင့် ပါသည်။ ယနေ့မျက်မှောက်ခေတ်၌ ကျွန်ုပ်တို့ဘာသာရေးခေါင်းဆာင် အားလုံးသည် လူ့လော ကကြီး၏ မရှိမဖြစ်လိုအပ်သော ပုဂ္ဂိုလ်များဖြစ်ကြောင်း လူသားအများစု နားလည်ခံယူလာ အောင် ကျွန်ုပ်တို့အားထုတ်ကြရမည်ဖြစ်ပါသည်။ မြတ်ဗုဒ္ဓလက်ထက်တော်ကာလက ကုရု တိုင်း၊ ထုလ္လကောဋ္ဌိကမြို့သို့ မြတ်စွာဘုရားရောက်သွားသောအခါ မြတ်ဗုဒ္ဓ၏ဓမ္မကိုနာကြား ရသဖြင့် ဘီလျံနာသူဋ္ဌေးရဋ္ဌပါလ ရဟန်းပြုခဲ့သည်။
ဘီလျံပေါင်းများစွာသော ပစ္စည်းဥစ္စာတို့ကိုစွန့်၍ ရဟန်းပြုခဲ့သော အရှင်ရဋ္ဌပါလကို ကောရဗျ မင်းကြီးက အောက်ပါအတိုင်းမေးလျှောက်ပါသည်။ ''အရှင်ဘုရားသည် ဤမျှကြီးကျယ်သော ပစ္စည်းဥစ္စာတွေကိုစွန့်ပြီး မည်သည့်ချမ်းသာသုခကိုမြင်၍ ရဟန်းပြုခဲ့ပါသနည်း'' အရှင်ရဌပါ လက ပြန်လှန်၍မေးခွန်းထုတ်ပါသည်။ ''ဒကာတော်မင်းကြီး ရသေ့ရဟန်းတို့အပေါ်မှာ သင် သည် အဘယ်ကဲ့သို့မြင်ပါသနည်း'' မင်းကြီးကဆိုပါသည်။ ''လူတွေဟာ စီးပွားပျက်သော ကြောင့်လည်းကောင်း၊ ဆွေမျိုးပျက်သောကြောင့်လည်းကောင်း၊ အိုမင်းရင့်ရော်သောကြောင့် လည်းကောင်း၊ ကျန်းမာရေးပျက်သောကြောင့် လည်းကောင်း၊ စားဝတ်နေရေး အခက်တွေ့ တဲ့လူတွေဟာ ဘာသာရေးခေါင်းဆောင်ဝင်လုပ်ပြီး စားစရာ၊ ဝတ်စရာ၊ နေစရာ တွေကို ရှာကြ တာပဲ''။ တိုင်းပြည်နှင့်လူသားတွေအတွက် ဘာအကျိုးကျေးဇူးမှမပြုသည့်အဓိပ္ပာယ်ကို မင်းကြီး ကဆိုလာသည်။
ဘာသာရေးခေါင်းဆောင်တွေဟာ လူပိုတွေ အချောင်သမား တွေလို့မြင်တဲ့ အမြင်ရှိသူအချို့ ဗုဒ္ဓရှင်တော်လက်ထက်တော်အခါကပင်လျှင် ရှိဖူးပါသည်။ ပညာမဲ့သောလူသားတို့ ဤသို့မြင် သည်မှာ အလွန်အရေးမကြီးလှသော်လည်း ကောရဗျမင်းကဲ့သို့ မင်းစိုးရာဇာတို့က ဤအမြင် မျိုးရှိသည်မှာ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ သတိပြုစရာပင်ဖြစ်ပါသည်။
အရှင်ရဌပါလ၏အဖြေမှာ---
၁။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီးတစ်ခုလုံး တလှုပ်လှုပ်ဖြစ်နေသည်။ သတ္တဝါလော ကကြီးတစ်ခုလုံးမှာ တည်ငြိမ်မှုမရှိဘူး။ ငါသည် ဗုဒ္ဓသာသနာတော်၌ ဘဝ၏တည်ငြိမ်မှုကို တည်ဆောက်ဖို့ ဝင်ရောက်လာခြင်းဖြစ်သည်ဟု ဖြေပါသည်။ အရှင်ဘုရား၏ဘဝတည်ငြိမ်မှုကို ဘာနှင့်တည်ဆောက်သလဲဟု မင်းကြီးကမေးလျှင်အရှင်ရဌပါလက ငါ့ဘဝရဲ့တည်ငြိမ်မှုကို ဓမ္မ ဖြင့် တည်ဆောက်နိုင်ခဲ့သည်ဟု ဖြေကြားလိုက်သည်။
၂။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီးတစ်ခုလုံးမှာ မီးဟုန်းဟုန်းတောက်လောင်နေပါ သည်။ ငါသည် မြတ်ဗုဒ္ဓ၏သာသနာတော်၌ တဟုန်းဟုန်းတောက်လောင်နေသောမီးကို ငြိမ်း အေးစေဖို့ ဝင်ရောက်လာခြင်းဖြစ်သည်။ ဘဝမီးတောက်မီးလျှံများကို ဓမ္မဖြင့်ထိန်းချုပ်နိုင်ခဲ့ သည်ဟု ဖြေတော်မူခဲ့ပါသည်။
၃။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီးတစ်ခုလုံး အို နာ သေ သုံးမျိုးတို့ နှိပ်စက်သောအခါ ဘယ်တန်ခိုးရှင်မှ ထိန်းချုပ်လို့မရဘူး။ ထို့ကြောင့် ထိုဒုက္ခသုံးမျိုးတို့ကိုထိန်းချုပ်ဖို့ ငါသည် သာသနာတော်သို့ ဝင်ရောက်လာခဲ့သည်။ ထိုဒုက္ခသုံးမျိုးတို့ကို ငါသည် ဓမ္မဖြင့်ထိန်းချုပ်နိုင်ခဲ့ သည်ဟု ဖြေတော်မူခဲ့ပါသည်။
၎။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီးတစ်ခုလုံးမှာ ပစ္စည်းဥစ္စာ ရာထူးအာဏာတွေဆို တာ တကယ်စင်စစ် ကိုယ်ပိုင်ဥစ္စာအဖြစ် ဘာကိုမှမပိုင်ဆိုင်ကြဘူး။ ငါ့ဥစ္စာဟု ပြောနေကြ သော်လည်း နှစ်ပေါင်းတစ်ရာထက်ပို၍ ပြောဆိုပိုင်ဆိုင်ခွင့်မရှိကြဘူး။ နှစ်တစ်ရာမပြည့်မီမှာ ထို ပိုင်ဆိုင်မှုအားလုံးတို့ကို စွန့်လွှတ်ကြရစမြဲဖြစ်သည်။ သို့ဖြစ်ခြင်းကြောင့် ဗုဒ္ဓသာသနာတော်၌ ငါ သည် ကိုယ်ပိုင်ဥစ္စာရှာဖို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ငါကျင့်ထားသော ဓမ္မအားလုံးတို့ကို ငါ ပိုင်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။
၅။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီးတစ်ခုလုံးသည် မည်သည့်ပစ္စည်းဥစ္စာ မည်သည့် ရာထူးအာဏာတို့ မည်မျှပင်ရထားကြစေကာမူ အလိုမပြည့်နိုင်အောင်ဖြစ်နေကြသည်။ အလိုရှိ နေသမျှ မည်သို့ပင်ဖြည့်ကြသော်လည်း အလိုကားမပြည့်ကြပေ။ အလိုမပြည့်မီမှာပင် လူသား အားလုံးတို့ သေကြရမည်ဖြစ်သည်။ ထို့ကြောင့် ငါသည် မြတ်ဗုဒ္ဓသာသနာ၌ ငါ၏ အလိုဆန္ဒ တို့ကို ပစ္စည်းဥစ္စာ ရာထူးအာဏာတို့ဖြင့်မဖြည့်ဘဲ ဓမ္မဖြင့် ဖြည့်ခဲ့လေပြီ။ လိုသည်ဆိုသည့် လောဘ၏နေရာ၌ ဓမ္မဖြင့်အစားထိုးနိုင်ခဲ့သဖြင့် ကျွန်ုပ်အလိုပြည့်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါ သည်။
၆။ ဒကာတော်မင်းကြီး လူသားတို့သည် ''လိုသည် လိုသည်''ဆိုသည့် လိုအပ်ချက်ကို ရှာဖွေ ဖြည့်စွက်ကြရာ၌ လိုအပ်ချက်တို့ကို အဆုံးမသတ်နိုင်ခဲ့ကြသည့်အတွက်ကြောင့် တဏှာလော ဘ၏ ကျေးကျွန်များအဖြစ်သာ ဖြစ်ခဲ့ကြရလေသည်။ ငါသည် တဏှာ၏ ကျေးကျွန်အဖြစ်က လွတ်ဖို့ရန်အတွက် ရဟန်းဝတ်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။ ဤသို့လျှင် အရှင်ရဌပါလ၏ မွန်မြတ်သော မှန်ကန်သောရဟန်းပြုခြင်း၏ ရည်ရွယ်ချက်တို့ကို မင်းကြီးကြားသောအခါ အ လွန်ပင်ကျေနပ်နှစ်သက်ခဲ့လေသည်။ ကျေနပ်နှစ်သက်ခြင်းကြောင့် သူစွပ်စွဲခဲ့မိသောအပြစ်တို့ ကို တောင်းပန်ဝန်ချကန်တော့ခဲ့သည်။
ဤနေ့မှစ၍ ရတနာသုံးပါးကို ကိုးကွယ်ပါ၏ဟု လျှောက်ထားခဲ့လေသည်။ သို့ဖြစ်ခြင်းကြောင့် ယနေ့နိုင်ငံအသီးသီး လူမျိုးအသီးသီး စီးပွားရေးအကြပ်အတည်းတို့နှင့် ရင်ဆိုင်ကြုံတွေ့နေ ကြရသောကာလ၌ နိုင်ငံအသီးသီးရှိ လူသားတော်တော်များများ အလုပ်လက်မဲ့ဖြစ်၍ စားဝတ် နေရေး အခက်အခဲတွေ့နေကြရသည်ကို ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များအားလုံး မြင် တွေ့နေကြရပြီးဖြစ်ပါသည်။
စီးပွားရေး အကြပ်အတည်း နိုင်ငံရေးအကြပ်အတည်း ဘာသာရေးအကြပ်အတည်း ဤသုံးခု တို့သည် တခြားစီမနေကြဘဲ အပြန်အလှန်မှီတွယ်၍နေတတ်ကြပေသည်။ နိုင်ငံရေးစီးပွားရေး အကြပ်အတည်းကြောင့် လူအများစု အလုပ်လက်မဲ့ဖြစ်နေကြရသည်ကိုကြည့်၍ ကျွန်ုပ်တို့ ခေါင်းဆောင်များ ဘာသာရေး အလုပ်လက်မဲ့မဖြစ်ရလေအောင် အထူးသတိပြုကြရမည် ဖြစ် ပေသည်။
ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မိမိတို့လုပ်ဆောင်ကြရမည့် လူမှုရေးအကျိုးပြုလုပ်ငန်းများ၊ ပိဋ ကတ်သင်ကြားပို့ချရေးလုပ်ငန်းများ၊ ကမ္မဋ္ဌာန်းကျင့်ကြံအားထုတ်ရေးလုပ်ငန်းများကို ယနေ့ ခေတ်၌ နှစ်ဆတိုးကြိုးစား၍ လုပ်ဆောင်ကြရမည်ဖြစ်သည်။ အရှင်ရဌပါကကို ကောရဗျမင်း ကြီးစွပ်စွဲသလို အစွပ်စွဲမခံကြရလေအောင် ကြိုးစားကြရမည်ဖြစ်ပေသည်။ ကောရဗျမင်းကြီး ကဲ့သို့ ဘာသာရေးခေါင်းဆောင်တို့အပေါ် အထင်အမြင်သေးကြသည့် လူတို့၏စိတ်နှလုံးကို ကျေနပ်နှစ်သိမ့်မှုရအောင် အရှင်ရဌပါလကဲ့သို့ အားထုတ်ကြရမည်ဖြစ်သည်။ ထို့ပြင် လှုပ်ရှား နေသောကမ္ဘာကို တည်ငြိမ်မှုရှိအောင်ကြိုးစားဖို့မှာ ကျွန်ုပ်တို့၏တာဝန်ဖြစ်ပေသည်။ ကမ္ဘာကို တုန်လှုပ်စေသော လူတွေထဲမှာ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ မပါဝင်ဖို့ အရေးကြီး ပါသည်။
လူ့လောကကြီး၏ လိုအပ်ချက်တို့ကို ကျွန်ုပ်တို့ ဝိုင်းဝန်းဖြည့်စွက်ပေးနိုင်ကြဖို့ အားထုတ်ကြ ရမည်ဖြစ်ပါသည်။ လိုအပ်ချက်ဆိုသည်မှာ စိတ်ဓာတ်ရေးရာလိုအပ်ချက်ကို ဆိုလိုပါသည်။ သို့မှသာ ကမ္ဘာ့လူသားအများစုက ဘာသာရေးခေါင်းဆောင်တို့သည် ကမ္ဘာ့လူသားအားလုံးတို့ အတွက် ကျေးဇူးပြုတတ်သော အထူးအားကိုးထိုက်သော ပုဂ္ဂိုလ်များဖြစ်သည်ဟု သိမြင်လာ ကြမည်ဖြစ်ပါသည်။ ဤသည်ကား ကျွန်ုပ်၏ တောင်းဆိုမှုပင်ဖြစ်ပါသတည်း။
ပူလောင်နေသော ကမ္ဘာမှာ ကျွန်ုပ်တို့သည် မီးသတ်သမားများသဖွယ် ကိလေသာမီး၊ သောက မီး၊ စစ်မီးတို့ကို ငြိမ်းသတ်နိုင်သောပုဂ္ဂိုလ်များအဖြစ် ကမ္ဘာ့ရေးရာမှာ ပါဝင်ကြရမည်ဖြစ်ပါသည်။ ကမ္ဘာ့လောကကိုမီးဝိုင်းရှို့သောလူတွေထဲမှာ ကျွန်ုပ်တို့မပါဝင်နိုင်ပေ။ ကျွန်ုပ်တို့ဘာသာရေး ခေါင်းဆောင်များသည် လူသားတို့ထံမှ ဘာကိုမျှမတောင်းဆိုကြပါ။ သို့သော် '' Jeal ousy ကို Joy ပြောင်းကြပါ။ Evil ကို Good သို့ပြောင်းကြပါ။ Ignorance ကို Enlightenment သို့ ပြောင်းကြပါ။ အဝိဇ္ဇာမှ ဝိဇ္ဇာသို့ ပြောင်းကြပါ'' ဟူသော Change ကို တကယ်ပဲ တောင်းဆို လိုပါသည်။ သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
ဒေါက်တာအရှင်ဉာဏိဿရ အဂ္ဂမဟာပဏ္ဍိတ၊
Ph.D., Litt.
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း။
ဟံသာဝတီဝဘ်ဆိုဒ် မှတဆင့် ဖော်ပြသည်။
Friday, September 25, 2009
စက်တင်ဘာမှာ စတဲ့ရောဂါ....
ငြိမ်ချက်သားကောင်းနေတဲ့ အိမ်လွမ်းသူတယောက် မိုးရာသီ( fall season) ရောက်မှ တခါပြန် နိုးလာသလားလို့ ကိုယ့်မိတ်ဆွေတွေက ထင်နေကြဦးမယ်… တကယ်တော့ ပိုစ့်တွေတင်ချင် တဲ့စိတ်ကရှိပါတယ်။ လူကမအားလိုက် ကွန်ပြူတာက ပျက်လိုက်၊ မအားလိုက်ဖြစ်နေလို့ သူငယ်ချင်းတွေဆီတောင် မလည်နိုင်တာ ကြာသွားပြီ။ အခုတော့ သမီးကြီးက ဒီအချိန်ရောက်ရင် ဖြစ်နေကြ နှာစေချောင်းဆိုးက ဒီနှစ် ဖြစ်နေကြတဲ့ ဝက်တုပ်ကွေးနဲ့ ရောသွားမှာစိုးလို့ သူ့ကိုဂရုစိုက်နေရင်းက ရုတ်တရက် နှာချေ၊ ချောင်းဆိုးရင် ဘေးပတ်ဝန်းကျင်ကို မကူးစက်ရအောင် သင်ခန်းစာလေးတခုကို တွေ့တာနဲ့ မသိသေးတဲ့ မိတ်ဆွေတွေအတွက်ပါ အသုံးဝင်နိုင်တာမို့ ဒီဗွီဒီယိုလေးကို မျှဝေပေးထားတာပါ။ ဟာသကလေးနှောပြီး တင်ပြထားတဲ့အတွက် ရယ်စရာလဲကောင်းသလို ပညာလဲရပါတယ်။ လာလည်ကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဘာမှမတင်နိုင်ပေမဲ့ အမြဲလာလည်ကြလို့လဲ ပိုပြီးကျေးဇူးတင်ပါတယ်။ သိမ်းထားတဲ့စာတွေအားလုံး ကွန်ပြူတာပျက်တော့ ပါသွားလို့ အခုလောလောဆယ် ပို့စ်တွေမတင်နိုင်သေးပါဘူး။ မကြာခင် ပိုစ့်များများတင်နိုင်အောင် (power ball) ထိုးနေ ပါတယ်။ ပေါက်မှ ကွန်ပြူတာ တယောက်တလုံးစီ အိမ်ရှိလူကုန် ဝယ်ပေးပလိုက်မယ်… ဟင်း…
Sunday, August 9, 2009
Sunday, July 19, 2009
Saturday, July 18, 2009
အခုတလောအခြေအနေ...
အလည်လာကြသူတွေကို ပြန်လည်နှုတ်မဆက်နိုင်တာကို ခွင့်လွှတ်ကြပါနော်.. အခုတလော အလုပ်က မနက်ပိုင်းဖြစ်သွားလို့ စောစောအိပ်ပြီး စောစောထနေရတာနဲ့ ကိုယ့်ဘလော့ လေးကိုတောင် မဖွင့်ဖြစ်ဘူးဖြစ်နေတယ်။ အလုပ်ကအပြန် ကလေးတွေက ၁၀ ရက် ကြာသင်ကြားပေးမဲ့ ယဉ်ကျေးမှုသင်တန်းမှာ camp ဝင်နေကြလို့ သူတို့ဆီကိုလည်း သွားနေရသေးတယ်လေ။ စာတွေလည်းမတင်ဖြစ်ဘူးဖြစ်နေတယ်။ ဂျာနယ်ကျော်မမလေးရဲ့ မြန်မာ့ဆေးပညာ ဆောင်းပါးမှ အမျိုးသမီးတွေသားဖွားလျှင် အသုံးချနိုင်ဖို့အတွက် ဆောင်းပါးတပုဒ် တင်ပေးနိုင်ဖို့ စာရိုက်နေပါသေးတယ်။ မကြာခင်တင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အလည်လာကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။
Tuesday, July 14, 2009
အော်ရီဂွန်ပြည်နယ် ပေါ့လန်းမြို့တွင် သီတဂူဆရာတော်ဘုရားကြီးဟောကြားခဲ့သော တရားတော်များ...
Monday, July 13, 2009
သီတဂူဆရာတော်ဘုရားကြီးရဲ့တရားကို သွားရောက်နာယူခြင်း...
ဒီနေ့သွားနာခဲ့ရတဲ့ သီတဂူဆရာတော်ဘုရားကြီးရဲ့ တရားတွေကို နောက်တနေ့ဗွီဒီယိုဖိုင်လေးတွေတင်ပေးပါမယ်.. လောလောဆယ်တော့ ဓာတ်ပုံဆလိုက်ရှိုးလေး တင်ပေးထားပါတယ်နော်...
Tuesday, July 7, 2009
အိမ်ပြန်လက်ဆောင်...
အိမ်လွမ်းသူရဲ့ မိတ်ဆွေတွေအတွက် လက်ဆောင်အဖြစ် ကျေးဇူးရှင်ပိုင်းလော့ဆရာတော်ဘုရား ဟောကြားခဲ့သော ခင်ပွန်းကြီးဆယ်ပါးပစ်မှားလျှင်သင့်တတ်သည့်ဒဏ်ဆယ်ပါး စာမူကိုဖတ်ဖြစ်စေရန် တင်ပေးထားခြင်းဖြစ်ပါတယ်..။ လာရောက်လည်ပတ်သူတိုင်း ဖတ်ဖြစ်အောင် ဖတ်မိစေဖို့ တိုက်တွန်းလိုပါတယ်..။ ကြွရောက်လာသူတိုင်း ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးချမ်း မေတ္တာဓာတ်လွှမ်းနိုင်ကြပါစေ
Monday, July 6, 2009
အိမ်ပြန်ရောက်ပါပြီ.....
သီလရှင်လေးတွေတော့ လူထွက်ပြီး ပြန်လာကြပါပြီ။ သမီးကြီးရဲ့ သီလရှင်ဘွဲ့က ကေတုမာလာ၊ သမီးငယ်ကတော့ ဝဏ္ဏသိင်္ဂီတဲ့၊ အတူဝတ်တဲ့ သူတို့ရဲ့ သူငယ်ချင်းလေးက ထေရစာရီတဲ့ …. ဥပေဇ္ဈာယ်ဆရာတော်ကတော့ မိုညှင်းသိင်္ဂီကျောင်းတိုက်က ဆရာတော် အရှင်ဇေယျပဏ္ဍိတ ဖြစ်ပါတယ်။ ဆရာတော်ဟာ မိုးကုတ်ဓမ္မကထိကဖြစ်ပြီး ၅ ရက်တရားစခန်းမှာ တရားလာပြပေးခဲ့တာဖြစ်ပါတယ်။ ဆရာလေးတွေက ဒီတရားစခန်းမှာ ဝတ်ဖြစ်သွားကြတာဖြစ်ပါတယ်။ အိမ်လွမ်းသူကလည်း ဆရာလေးတွေနဲ့အတူ တရားစခန်းဝင်ဖြစ်လို့ လူ့ဘဝမှာ ချမ်းသာစွားနေထိုင်နည်းတွေကို ရရှိခဲ့ပါတယ်။ ဆရာတော်ဟာ ဘုရားဟောခဲ့တဲ့တရားတော်တွေကို ဥပမာတွေပေး၍ ရှင်းလင်းစွာ ဟောကြားပြသပေးခဲ့တာဖြစ်ပါတယ်။ မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ ဖြစ်စေဆိုတဲ့ ဖန်ဆင်းရှင်တရားမဟုတ်ပါဘူး။ သတ္တဝါတွေအတွက် လမ်းကောင်း၊ လမ်းဆိုးကို ညွှန်ကြားပြသပေးခြင်းသာဖြစ်ပါတယ်။ မိမိကိုယ်တိုင် နာယူမှတ်သား ကျင့်ကြံနိုင်မှ မိမိရရှိမှာ ဖြစ်ပါတယ်။ ဆရာတော်ကိုပိုင်းလော့ဆရာတော်လို့လည်း ခေါ်တွင်ကြပါတယ်။ တနည်းအားဖြင့် တရားတော်နဲ့ လမ်းပြပေးတဲ့ဆရာတော်ဖြစ်ပါတယ်။ မိတ်ဆွေတို့လည်း ဆရာတော်ရဲ့ တရားတော်တွေကို နာယူကြပါဦးလို့ တိုက်တွန်းလိုပါတယ်။ အိမ်လွမ်းသူရဲ့ မိတ်ဆွေတွေ လူ့ဘဝမှာ ချမ်းသာစွာနေထိုင်နိုင်ကြပါစေ…….
Saturday, June 27, 2009
ခွင့်ပြုပါ...
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်….

