Saturday, January 7, 2012

ခြောက်ပြစ်ကင်း
တစ်ခါကရန်ကုန်မြို့ ကြည့်မြင်တိုင်(ကြေးမြင့်တိုင်) အမျိုးသမီးကျောင်း ဆုပေးပွဲတွင် ငွေတိုက်ဘဏ်တိုက် ဘက်၌ကျွမ်း ကျင်သော ဦးခင်အမည်ရှိသူ ကျွန်ုပ်၏မိတ်ဆွေ သည် စကားပြောလေသည်၊ သို့ပြောရာ၌ “ခြောက်ပြစ်ကင်း”ဥပမာ ပုံတစ်ခုထည့်၍ ပြောရာ အလွန်မှတ်ဖွယ်ကောင်းလေသည်၊ ထိုပုံ၏သဘော သွားအဓိပ္ပါယ်ပေါ်အောင် အောက်တွင်ရေးပြပါအံ့။
ရွာငယ်တစ်ခု တောင်ပိုင်းတွင် အဖ၊အမိ၊ သမီး၊သား လေးဦးတို့နေထိုင်ကြရာ ၄င်းတို့လေး ဦးလုံးပင် မိမိတို့အပြစ်ကို မမြင်တတ် သို့မဟုတ် မိမိအပြစ်ကို ဖုံးကွယ်ဖျောက်ဖျက်၍ သူတစ်ပါး အပေါ်၌ချတတ်သည်။ ထိုရွာ မြောက်ပိုင်းတွင်လည်း အဖ၊အမိ၊သမီး၊ သား အခြားလေးဦးတို့နေထိုင်ကြရာ မိမိအပြစ်ကို ဝန်ခံ ရန် ဦးမလေးသည့်အပြင် သူတစ်ပါးအပြစ်ကိုပင် မိမိအပြစ်ပြု၍သူတစ်ပါးကို နှစ်သိမ့်စေတတ်ကြ၏။ တောင်ပိုင်းတွင် သမီးသည် ရေအိုးစင် ၌ ရေသောက်ပြီး ဖန်ခွက်ကို အစွန်းအနားတွင် တင်ထားခဲ့၏၊ နောက် မောင်ငယ် သောက်မည်ဟု ဖန်ခွက်ကိုကိုင်လိုက်ရာအစွန်းတွင်ဖြစ်၍ချွတ်ချော်ကာ ဖန်ခွက်ကျကွဲလေ၏။ သား။ ။“ဟောဗျား၊ ဖန်ခွက်ကွဲသွားပြီ၊ ကွဲမှာပေါ့၊ မမကိုယ်က အင်မတန် ပေါ့ပေါ့ဆဆ နိုင်တာ ဖန်ခွက်ကို အတွင်းကျကျနေရာ ရောက်အောင် မထားခဲ့ဘူး၊ ကြည့်ပါလား၊ ဒီအစွန်အဖျားကလေး မှာမှ တင်ထားခဲ့တယ်၊ ဒီက ယူမယ်လို့ လုပ်ရုံ ရှိသေးတယ်၊ ကျသွားတာပေါ့ မမရဲ့အပြစ်ပဲ သိရဲ့ လား” (မျက်စောင်းထိုး၍ပြောသည်။) သမီး။ ။“သြော် သြော်၊ ဟုတ်ကလား၊ အင်း-တယ်တော်တဲ့မောင်ကလေးပဲ၊ မင်းပျာလောင်ခတ် လုပ်ပြီး၊ မိမိရရမကိုင်လို့ ကျကွဲတာကို ငါ့ကို အပြစ် ချသလား၊ ငါထားခဲ့တာဘာမှမဖြစ်ဘူး၊ မင်း နန့်ပျာ ပျာလုပ်လို့ကွဲရတာသိရဲ့လား။” (ထို့နောက်အလယ်ခန်းတွင်ထိုင်၍ဆေးလိပ်သောက်ကာနားထောင် ကြည့်ရှုနေသော အမိဘက်သို့ လှည့်၍) “ဒီဖန်ခွက်ကွဲရတာ အမေလဲ အပြစ်မကင်းဘူး၊ မနက်က ဦးပဉ္စင်းလာလို့ အမေက ဗီရိုထဲက ဒီဖန် ခွက်ကိုထုတ်ပြီး ရေကပ်တယ်၊ရေကပ်ပြီးသူနေရာကိုပြန်ရောက် အောင်မထားဘဲနဲ့ရေအိုးစင်မှာထားလို့ဖြစ်ရတာ၊ ဒီဖန်ခွက်ဟာ ဧည့်သည် ဘုန်းကြီးကို ကပ်ပြီး သူ့နေရာမှာ ပြန်မထားလို့၊ ဒီလိုကွဲရတာ၊ အမေလဲ အတော်ခက်တာပဲ” (နှုတ်ခမ်းတလန် ပန်းတလန်နှင့် ပြောသည်) အမိ။ ။“အင်း-တယ်တော်ကြတယ်၊ ညည်းက အစွန်းမှာတင်ခဲ့တယ်၊ မောင်လုပ်တဲ့တူက နန့်တန့် တန့် သွားလုပ်တော့ ကျကွဲတယ်၊ ငါ့ကို အပြစ်ချ သလား၊ ကိုယ်အသုံးမကြတာကို မကြည့်ဘဲနဲ့ သူ များအပေါ်မှာ တယ်အပြစ်ချတတ်ကြတယ်၊ ညည်း တို့အမျိုးကိုက မကောင်းတာ၊ ညည်းတို့မှာ ငါ့သား ငါ့သမီးပေတဲ့၊ ငါ့သွေးတစ်စက်မှ မပါဘူး၊ ညည်း အဖေ့ သွေးချည်းပဲသိရဲ့လား၊ ခုဖန်ခွက်ကိုမှ ဘိုဆန်တယ်ဆိုပြီး ဝယ်ခဲ့တာကလားအေ့၊ ကတဲ-ဘိုဆန်ချင်လိုက်တာ၊ ဘို့ယောက်ဖလား၊ ဘို့ ယော က္ခမလားမပြောတတ်တော့ပါဘူး”ဆို၍ ဆောင့်-ကြောင့်ထိုင်ကာဆေးပေါ့လိပ်ကို ခတ်ဆတ်ဆတ် ဖွာပြီး တစ်ဖက်သို့မျက်နှာလွှဲနေသည်။ ထိုအခါ ခေါင်းရင်းခန်းတွင်ကွမ်းစားနေ သောအဖက စောင်းငဲ့ကြည့်တဲ့၍ “အင်း-ခြောက်ပြစ်ကင်း ရဟန္တာတွေ၊ ရဟန္တာမတွေနဲ့ ငါတွေ့ရ ကြုံရတာဟာ ငါ့ကုသိုလ်ထူးတာပဲ၊ တစ်ယောက်က နေရာမှာမထားဘူး၊တစ်ယောက်ကအစွန်းမှာတင်ခဲ့တယ်၊ တစ်ယောက်က ကမြင်း တင်းတင်း သွားလုပ်တယ်၊ ဒါနဲ့ဖန်ခွက်ကွဲရတာကို ငါ ဝယ်ခဲ့တဲ့လူကို အပြစ်တင်သလား၊ ဒီလို တင် မယ့်တင်ရင်လည်း ငါ့ကိုချည်း မတင်နဲ့၊ ဟိုရောင်း လိုက်တဲ့ ကုလားကိုလည်း တင်ဦး၊ ပြီးတော့ ဖန်ခွက်လုပ်တဲ့ အဲဟိုဘိလပ်ကဘိုကိုလည်းတင်ဦး ဒါမှတရားမှာ၊ မ,ခြောက်ပြစ်ကင်းတို့ရဲ့၊ ဘယ့်နှယ် ဗျာ၊ ချောချော မွတ်မွတ်၊ ကြည်ကြည်လင်လင် သုံးစွဲကြပါစေလို့ဝယ်ခဲ့တာကပဲ၊ ဟိုဒင်းပြောတာ လို နင်တို့လား နင် တို့လေ၊ ဘုန်းကြီးလို့၊ သက် မရှည်၊ သက်ရှည်လို့ ဘုန်းမကြီးဘူးဟဲ့နော်၊ မှတ် ထား၊ နင်တို့တစ်ယောက်မှမကောင်းဘူး၊ သိရဲ့ လား၊အိတ်သဟာတွေ၊ မြစ်ဆလိတွေ များလားများ ရဲ့၊ ဒေါဘဏစေတသိပ်တွေ များလားများရဲ့၊ နင်တို့တော့ သံသရာမှာလေ ဒုတ်စလိုက် ဗရပျစ်နဲ့ မျောနေဦးမှာ ငါမြင်ယောင်လိုက် လှသဟယ် ထွီး…” အမိ။ ။“အောင်မယ်-ရှင်က၊ စာသံတွေ ပေသံတွေ လုပ်မနေပါနဲ့၊ ပိဋကတ် အိုးကွဲကြီးရဲ့၊ ကတဲ လူကဖြင့် သူ့သားရဲ့ ငါးတန်း ခြောက်တန်း ဖတ်စာကိုတောင်မှ စာ လုံးပေါင်းပြီး ဖတ်ရတဲ့လူက၊ လားလား ဟန်ကြီး ပန်ကြီး ပါဠိတွေ, ပါဠက်တွေနဲ့၊ သူခေါ်တဲ့ ဟာတွေကလဲ တို့ကြားဖူးတာနဲ့ မတူပါဘူး” သမီး။ ။ “ဟုတ်ပါရဲ့ အဖေကလဲ၊ အန်မတန် ခွကျတယ်၊ ရယ်စရာလဲ ကောင်းတယ်၊ စာလဲမ တတ်ဘဲနဲ့၊ ပါဠိတွေသုံးချင်လိုက်တာ၊ ပီလဲမပီဘူး၊ ဣဿာ,မစ္ဆရိယ,ဒေါမနဿ စေတသိက်, သံသ ရာ, ဒုစရိုက်လို့ ခေါ်မှမှန်တယ် အဖေရဲ့ သိရဲ့လား”(မျက်နှာကိုမော့မော့ထား၍ ခပ်ကြွားကြွားပြောသည်) အဖ။ ။“အေးပါလဗျာ၊ ခင်ဗျားလိုတော့ ဟိုရွာဖျားက ရွှေမျက်မှန်နဲ့ ဦးပဉ္စင်းကလေးဆီမှာ ကျုပ်က သဂြုင်္ိဟ် မတက်ရဘဲကိုခင်ဗျာ့၊ ခင်ဗျား-လောက်တော့ဘယ်ပီမလဲ”ဟု ငေါ့လိုက်လေ၏။ သား။ ။“အစစ်ပဲ၊ မမ စာတတ်တဲ့ဦးပဉ္စင်းက စပ်ဖြဲဖြဲနဲ့၊ စာတက်ရတာက တော်တော်ရယ်၊ နှစ်ယောက်သား ဟားတိုက်နေတာက များတာ ပဲ၊ ပြီးတော့လဲ မမက စာတက်သွားတာတဲ့၊ လိမ်းလို့ ဖီးလို့ကြော့နေတာပဲ” အမိ။ ။“နို့-မင်းကကော၊ အရွယ်နဲ့မလိုက်ဘဲ၊ လူပျိုလုပ်ရတာနဲ့၊ အခု စာမေးပွဲကျတာ နှစ် နှစ်ရှိပြီ မဟုတ်လား” သမီး။ ။“ဟေ့-မင်းတွေ့ကရာတွေ အရမ်း ပြော မနေနဲ့၊ ငါ…” သား။ ။“အောင်မယ်၊ ဘာပြုလို့ မဟုတ်ရသလဲ၊ ဟိုတစ်နေ့က …ဘာလဲ…” အမိ။ ။“အလို-မဟိုဒင်း၊ ညည်းက ကျောင်း ကြီးဖျက် လုပ်မလို့လား၊ ကဲကဲ ညည့် အ လုပ်တွေဖြတ်တော့၊ ကြာရင်…” ထိုအခါ အဖေက ဝင်၍ “နင်တို့ဟာတွေ ကြားရတာ ငါ နားရှက်လှသဟယ်” ဆို၍ အိမ် ပြင်သို့ ထွက်သွားလေ၏။ ဤသို့လျှင် သားအမိသားအဖ လေးယောက်၊ ငေါ့ လိုက်စောင်းလိုက်နှင့်“ခြောက်ပြစ်ကင်း” ဇာတ်ကို ခင်း၍နေကြလေသတည်း။ မြောက်ပိုင်းတွင် အထက်ကကဲ့သို့ ဖန်ခွက်ကွဲသော ဇာတ်ဖြစ်၏၊ သို့ရာတွင် ကပြပုံ၊ ပြောဆိုပုံ စာသား တို့မှာ ခြားနား၏။ သား။ ။“အောင်မယ် မမရေ၊ ဖန်ခွက် ကျွန်တော့ကြောင့်ကွဲသွားပြီ၊ ကျွန်တော်က မိမိရရ မကိုင်လိုက်မိဘူး၊ ကျွန်တော်ကို မဟန်ပါဘူးဗျာ” သမီး။ ။ဟဲ့ဟဲ့-မောင်ကလေးရဲ့၊ မင်း အပြစ်မဟုတ်ဘူး၊ ငါ့အပြစ်၊ ငါက အစွန်းမှာ ထားခဲ့ မိတယ်၊ မှန်းမှန်း၊ မင်းဖယ်စမ်း၊ မင့်ကို ဖန်ခွက် ကွဲတွေ စူးကုန်လိမ့်မယ်၊ မမ ကောက်ပစ်လိုက်ဦး မယ်၊ ငါ့ ကိုယ်က ပေါ့ပါသကွယ်” ဆို၍ ဖန်ခွက် ကွဲတို့ကိုကောက်နေသည်၊ မောင်ငယ်က တံမြတ် စည်းနှင့် ထည့်စရာတို့ကို ယူပေး၍ အနားက ကူညီ ရန် စောင့်နေသည်။ အမိကဝင်တဲ့၍ “ဟဲ့-မယ်သင့်ရယ်၊ ညည့်အပြစ်မဟုတ်ဘူး၊ ငါ့အပြစ်အေ့- ငါ့အပြစ် သိရဲ့လား၊ ဘုန်းကြီးကို ကပ်ပြီး ဖန်ခွက်ကို ဗီရိုထဲ ပြန်မထည့်မိဘူး ငါကလဲ မေ့တတ် ရော့ တတ် လိုက်တာ လွန်ရောဟေ့၊ ကဲကွယ်၊ ကွဲတာ ကွဲတာပေါ့၊ ကွဲရင်အသစ်ရတာပေါ့” ဟု ပြုံးရယ် ၍ ပြောလိုက်လေသည်။ ထိုအခါ ခေါင်းရင်း၌ စာကြည့်နေသော အဖဖြစ်သူကလည်း စာအုပ်ကိုချ၍ “ဟေ့ – ဒီမှာ၊ ငါ့သားဟာ နမော်မဲ့ နမာမဲ့ မဟုတ်ဘူး၊ ငါ့သမီး လည်း သတိကောင်းတာပဲ၊ ညည်းကလည်း မအား လို့ ပြန်မထားဖြစ်တာ၊ အပြစ်မူလက ငါဖြစ်တယ်၊ ထိရင်, ကျရင် မခံတဲ့ ဖန်ခွက်ကို ဝယ်ခဲ့မိတာကိုး ကွဲ့ ၊ကိုင်း – ဘာမှပြောမနေနဲ့၊ ငါ့ဆေးလိပ်ဖိုးထဲက စိုက်ပြီး ငါနှီးခွက်အသစ်ဝယ်ချေမယ်၊ ဟို မယ်ညို တို့ဆိုင်မှာ အသစ်တွေရောက်နေတယ်” ဆို၍ နှီးခွက်ဝယ်ထွက်သွားလေ၏ ။ တောင်ပိုင်း“ခြောက်ပြစ်ကင်း” ဇာတ်တွင် သားအမိ သားအဖတို့မှာ မကျေမချမ်း မသင့်မမြတ် တစ်ယောက်ကိုတစ်ယောက် စောင် ၍ နေကြသည်။ တစ်နေ့မဟုတ်၊ နေ့စဉ်လိုပင် တစ်ယောက်အပေါ်တစ်ယောက် အပြစ်ချနေကြ၍ မကြည်မသာ ဖြစ်ကြရကုန်၏ ။ ဤသို့ မကြည်မသာ ဖြစ်နေရခြင်း၏ အပြစ်တို့ကား များလှစွာ၏။ ထမင်းဟင်းပင်-ကောင်းကောင်း မကျက်မနပ် ၊ ကျက်နပ်ပါလည်း အရသာ အဆီအငေါ်မတဲ့၊ တဲ့ပြန်ပါလည်း စား-သောက်၍မကောင်း၊ ဝမ်းထဲရောက်သော်လည်း အစာမကျေ၊ မအီမသာ မကျန်းမာခြင်း၊ အသက် တိုခြင်းလျှင် အဆုံးရှိ၏ ။ စီးပွားရေးဘက်ကလည်း ထိုသို့ မကြည် မလင်ရှိသဖြင့် အလုပ်အကိုင် အကြံအစည် အထ မမြောက်တတ်ချေ၊ တစ်ယောက်နှင့် တစ်-ယောက် စောင်နေလေသဖြင့် တိုင်တိုင်ပင်ပင် မပြု ရ၊ အကြံကောင်းဉာဏ်ကောင်း မထွက်ပေါ်ရ၊ ကြံစည်ပြုလုပ်လေသမျှလည်း ချွတ်ယွင်းပျက်ချော် ၍ အကျိုး ယုတ်သည်က များရလေတော့သည်။ ဤသို့လျှင် “ခြောက်ြပစ်ကင်း” လုပ်ချင် ကြ၍ စီးပွားရေးကိုလည်းကောင်း၊ ကျန်းမာရေးကို လည်းကောင်း၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရေးကို လည်းကောင်း များစွာထိခိုက်လေသည်။ “ထိုခြောက်ပြစ်ကင်း” ဇာတ်သမားတို့ မကြာမီပင် ပျက်စီး၊ ပြိုကွဲ၊ ဆုံးရှုံး၊ ပျောက်ပျက်ကုန်လေပြီဟု ကြားရလျှင် ကျွန်ုပ်တို့ အံ့ဩကြမည်မဟုတ်ချေ ။ မြောက်ပိုင်း“ခြောက်ပြစ်မကင်း” ဇာတ်၏အကျိုးကား တောင်ပိုင်း“ခြောက်ပြစ်ကင်း” ဇာတ် ၏အပြန်ဖြစ်၏ ။ ထမင်းဟင်း ကျက်နပ်၊ အစပ်တဲ့၊ အရသာဩဇာပေါ်၊ အစာကျေ၊ ကျန်းမာ အသက် ရှည်၏ ။ စီးပွားရေးဘက်ကလည်း အရာရာ ချောမောလေရာ၏၊ ကုသိုလ်ကံအလှည့် မသင့်၍ ကြွယ်ပိုးကြွယ်ဝမရှိ ဥစ္စာချို့တဲ့စေဦး၊ တစ်ယောက်နှင့်တစ်ယောက် ကျေနပ်ချစ်ခင်စွာ ကြည်ကြည်သာသာ၊ ပျော်ပျော်ရွှင်ရွှင်၊ ချမ်းချမ်း သာသာ ရှိကြမည်ကား မလွဲတည်း၊ လောက နိဗ္ဗာန်ကိုရနေသည် ဆိုနိုင်၏၊ လောကနိဗ္ဗာန်ကို ရသော် လောကုတ္တရာ နိဗ္ဗာန်လည်း ဝေးသည် မဟုတ်တော့ချေ။
 (ဦးဖိုးကျား ကိုယ်တွေ့ ဝတ္ထုများစာအုပ်မှ)

No comments: