လိုချင်လျှင်.... ဆင်းရဲသည်.... မလိုချင်လျှင်.... ချမ်းသာသည်.....
ဆရာတော်အရှင်ရာဇိန္ဒ ရဝေနွယ်(အင်းမ) ၏ ဒါနပါရမီ တရားတော်နှင့် ဒွိပိဋကဆရာတော် အရှင်နေမိန္ဒာဘိဝံသ၏ အရှိကို အသိနှင့်ညှိပါ တရားတော်ကို နာယူနိုင်ပါသည်။

သီလပါရမီတရားတော်...

ဆရာတော်အရှင်ရာဇိန္ဒ ရဝေနွယ်(အင်းမ)၏ သီလပါရမီတရားတော်..


MusicPlaylist

Saturday, January 29, 2011

ရာမယဏ.... ဒေါ်အောင်ဆန်းစုကြည်

အရှေ့တိုင်းယဉ်ကျေးမှုနဲ့ ဒီမိုကရေစီနဲ့ မထိုက်တန်ဘူးတို့၊ အရှေ့တိုင်းယဉ်ကျေးမှုအရ ပြည်သူလူထုဟာ မိမိကိုယ်မိမိ အုပ်ချုပ်နိုင်တဲ့ အရည်အချင်းမရှိဘူးတို့ ဒီလိုပြောတာတွေ ရှိခဲ့ပါတယ်။

အရင်အပတ်ကဆိုရင် အိန္ဒိယနိုင်ငံက ဇာတ်ကြီး ၂ ခုဖြစ်တဲ့ မဟာဘာရတ နဲ့ ရာမယဏ ကို အခြေခံပြီးတော့ အရှေ့တိုင်းယဉ်ကျေးမှုဟာ လူထုရဲ့အခွင့်အရေးတွေ၊ လုပ်ပိုင်ခွင့်တွေ၊ လူထုရဲ့အင်အားတွေကို ဘယ်လောက်အလေးထားတယ်ဆိုတာကို ဖော်ပြသွားချင်ပါတယ်လို့ ကျမပြောခဲ့ပါတယ်။

ဒီအပတ်မှာတော့ ရာမယဏဇာတ်တော်ကြီးအကြောင်း ကျမပြောပြပါမယ်။ ရာမဇာတ် ဆိုတာဟာ သူတို့အိန္ဒိယမှာ ရာမယဏလို့ခေါ်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံ ယဉ်ကျေးမှု တွေအပေါ်မှာအင်မတန်မှ သြဇာလွှမ်းမိုးမှုရှိတဲ့ ဇာတ်ကြီးတစ်ခုဖြစ်ပါတယ်။

ဒီတော့ ဒီဇာတ်ကြီးဟာ ဘာဖြစ်လို့ အရှေ့တိုင်းနိုင်ငံတွေပေါ်မှာ သြဇာလွှမ်းမိုးမှု ရှိသလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။ ရာမဇာတ်တော်ကြီးဆိုတာ ‘မင်းကောင်း’အကြောင်းပဲလို့ ဒီလိုပဲ ကျမကမြင်တယ်။ ကောင်းတဲ့မင်းများ၊ မြင့်မြတ်တဲ့မင်းများဟာ ဘယ်လိုလုပ်တယ်၊ ဘယ်လိုကိုင်တယ်၊ ဘယ်လိုဆက်ဆံတယ်၊ ဒါ နိုင်ငံရေးဘက်က ကြည့်ရင်အများကြီး မြင်ပါတယ်။ ကျမ နိုင်ငံရေးအမြင်နဲ့ ပြောမှာပါ။ ဘာသာရေးအမြင်နဲ့ ပြောမှာမဟုတ်ဘူး၊ လောကီအမြင်နဲ့ ပြောမှာဖြစ်ပါတယ်။

ပထမ စပြီးတော့ ဇာတ်ကြောင်း ဆင်လိုက်တဲ့အခါကျတော့ ရာမမင်းသားဟာ၊ ရာမမင်းသားရဲ့ အပြစ်ကြောင့်ပဲ ဆိုပါတော့၊ တောထွက်သွားရတာ ဖြစ်တယ်။ ဒါကတော့ ဗုဒ
္ဓဘာသာအမြင်နဲ့ ကြည့်ရင် ဝဋ်လိုက်တာပေါ့လေ။ ကံ ကံ ၏အကျိုး၊ ကိုယ်လုပ်သလို ကိုယ်ဖြစ်တာ၊ ဝဋ်လိုက်တဲ့ အကျိုးပေါ့။ ဒီ ရာမမင်းသားရဲ့ ခမည်းတော်ကြီးဟာ မင်းသားဘဝတုန်းက (ဒါ ဟိန္ဒူဇာတ်တော်ကြီးထဲက ကျမပြောတာနော်၊ ဟိန္ဒူဇာတ်တော်ကြီးထဲကဆိုတော့ မြန်မာများသိတဲ့ ရာမဇာတ်ထက် ပိုပြီး အသေးစိတ် ပါပါတယ်။) သူအရင် မင်းသားဘဝတုန်းက တခါကျတော့ သူ တောလိုက်ထွက်တယ်တဲ့။ တောလိုက်ထွက်တဲ့အခါမှာ သူက တောတိရစ္ဆာန် တစ်ကောင်ထင်ပြီးတော့ ချိန်ပြီးတော့ ပစ်လိုက်တာပါ။ တကယ်တမ်းသွားကြည့်တဲ့ အခါကျတော့ တိရစ္ဆာန်မဟုတ်ဘဲနဲ့ လူဖြစ်နေတယ်။ အဲဒီလူကလည်း ရသေ့လေးပေါ့လေ။ (သုဝဏ္ဏသာမဇာတ်နဲ့ နည်းနည်းဆင်တယ်။) သူရဲ့မျက်စိမမြင်တဲ့ မိဘအိုကြီး ၂ ပါးကို လုပ်ကျွေးနေတဲ့ ရသေ့လေး ဖြစ်တယ်။ ရသေ့လေးဟာ သူ့မိဘ ၂ ပါးထံ ခေါ်သွားပါဆိုပြီးတော့ ကွယ်လွန်သွားတယ်။ ကွယ်လွန်သွားတော့ မင်းသားက ရသေ့လေးရဲ့ မိဘ ၂ ပါးထံ သွားပြီးတော့ ဒီလိုပဲ သူဟာ မှားပြီးတော့ မြားနဲ့ပစ်လိုက်တာမို့ သူတို့သားဟာ ကွယ်လွန်သွားပြီလို့ ပြောတော့၊ မိဘများက သူ့ကိုကျိန်ဆဲလိုက်တယ် တဲ့။ “သူတို့မှာ အားကိုးစရာဆိုလို့ ဒီသားပဲရှိတယ်။ ဒါကြောင့်မို့လို့ ဒီလို လုပ်ခဲ့တဲ့သူဟာ အသက်ကြီးလာတဲ့အခါကျရင် အားကိုးစရာ သားမရှိဘဲနဲ့ စိတ်ဆင်းဆင်းရဲရဲနဲ့ သေပါစေသောဝ်” ဆိုပြီးတော့ ကျိန်ဆဲလိုက်တယ်လို့ ဒီလိုအပြောရှိတယ်။

နောက်ကျတော့ ဘုရင်ဖြစ်လာပြီး ရာမမင်းသားနဲ့တကွ တခြားသားတော် ၃ ပါး ဖွားမြင်တော်မူတယ်။ ရာမမင်းသားဟာ အဘက်ဘက်က တော်တယ်။ မင်းကျင့်တရားဆယ်ပါးနဲ့ အုပ်ချုပ်မယ့် မင်းသားဆိုတဲ့ လက္ခဏာအားလုံးရှိပြီးသား ဖြစ်တယ်။ ရာမမင်းသားကို ပြည်သူလူထုကလည်း သိပ်ပြီးတော့ ချစ်တယ်။ မိမိတို့ကို တနေ့ကျရင် ကောင်းကောင်းမွန်မွန် အုပ်စိုးသွားမယ့် ဘုရင်ကောင်း ဖြစ်လာမယ်ဆိုတာကို လက်ခံပြီးသား ဖြစ်တယ်။

ဒါပေမယ့် အားလုံးက ဒီလိုလက်ခံထားသော်လည်း ရာမမင်းသားရဲ့ ညီတော် ဘာရတ ရဲ့ မိခင်ဖြစ်တဲ့မိဖုရားဟာလည်း သူ့ရဲ့သားကို ဘုရင်ဖြစ်စေချင်လို့ ခမည်းတော်ကြီးကို “အရင်တုန်းကပေးထားတဲ့ ကတိအတိုင်း၊ သူတောင်းထားတဲ့ ဆု ၂ဆုကိုပေးမယ်ဆိုတဲ့ ကတိအတိုင်း၊ သူ့သားကို ဘုရင်မြှောက်ပြီးတော့၊ ရာမမင်းသားကို ၁၄ နှစ်တိုင်တိုင် တောထွက်သွားပါစေ” ဆိုပြီးတော့ တောင်းဆိုတယ်။ တောင်းဆိုတော့ ဘုရင်ကြီးက သူ မလုပ်သင့်တဲ့ ကိစ္စဆိုပြီး ငြင်းတယ်။ ငြင်းပေမယ့်လည်း သူကတိမတည်ရာ ရောက်တာပေါ့။ အစတုန်းကတော့ ဆု ၂ဆုတောင်းနိုင်တယ်၊ တောင်းတာပေးမယ်လို့ ပြောထားပြီးမှ၊ အခုတော့ မပေးတော့ဘူးဆိုတော့ သူဟာအင်မတန် “ကတိပျက်တဲ့မင်း”။

ကတိပျက်တဲ့ဘုရင်ဆိုတာ အင်မတန်မှ ရှက်စရာကောင်းတဲ့ မင်းပဲ၊ ဒီတော့ သူသိပ်ပြီးရှက်တော့ မျက်နှာ မသာယာဘူး။ သားတော်လာတဲ့ အခါကျတော့ မေးတယ် တဲ့၊ ဘာဖြစ်လို့ ဒီလောက်တောင်မှ မျက်နှာ မသာသလဲဆိုတော့ ဘုရင်ကြီးက ဘာမှမပြောခင် ဟိုမိဖုရားက ဝင်ပြီးတော့ပြောလိုက်တယ်၊ “သူ့ကိုဒီလိုကတိပေးခဲ့တယ်။ အခု ဒီကတိကိုမတည်ပါဘူး” ဆိုပြီးတော့ ဝင်ပြောတော့ ရာမမင်းသားက၊ သားကောင်းများဆိုတာ ဖခင်များရဲ့ကတိ တည်ရေးအတွက် ဦးတည်ပြီးတော့ လုပ်ဆောင်ရမယ်၊ ဒါ့ကြောင့်မို့ ခမည်းတော်ပေးခဲ့တဲ့ ကတိကိုတည်ပါစေ၊ သားတော် တောထွက်ပါမယ်ဆိုပြီးတော့ တောထွက်ခဲ့တယ်။

ဒီဇာတ်ဟာ ဘာဖြစ်လို့ လူကြိုက်များခဲ့သလဲဆိုတော့ ဒီဇာတ်ထဲမှာပါတဲ့ မင်းညီမင်းသား တော်တော်များများဟာ မင်းကောင်းပီသတယ်။ ရာမမင်းသားဟာလည်း မင်းကောင်းဖြစ်မယ့် မင်းသားတစ်ပါးပီသတယ်။ ရှင်ဘုရင်ကြီးကလည်း သူ့ အပြစ်တော့ သူရှိတာပေါ့လေ၊ ဒါပေမယ့် သူတတ်နိုင်သမျှ သူ့တိုင်းပြည်ကို ကောင်းကောင်းမွန်မွန် အုပ်ချုပ်တယ်။ သူ့တိုင်းပြည်ဟာ သူ့ရဲ့အုပ်ချုပ်မှုအောက်မှာ အင်မတန်မှ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် ရှိတယ်လို့ဆိုတယ်။

ရာမမင်းသားရဲ့ ညီတော်ကလည်း သူ့ကိုနန်းပေးမယ်ဆိုတော့ သူကလက်မခံဘူး။ သူ့ရဲ့ နောင်တော်သာလျှင် ဘုရင်ဖြစ်ထိုက်တယ်။ သူဟာနောင်တော်လောက်လည်း အရည်အချင်းမရှိပါဘူး ဆိုပြီးတော့ သူကလက်မခံဘူး။ ဟာ- ငါရရင်တော့ ယူလိုက်မယ်ဆိုတဲ့ စိတ်လုံးလုံးမရှိဘူးနော်။ ဒါတောင်တရားဝင် ပေးတာ၊ လုပြီးတော့ မခွဲနိုင် မခွာနိုင် တွယ်တာနေတာ မဟုတ်ဘူး။

အဲဒီအချိန်မှာ ရာမမင်းသားဟာ တောထွက်သွားရှာပြီ။ သူရဲ့ညီတော် ဘာရတ က “နောင်တော်ပြန်လာပါ။ ညီတော်အနေနဲ့ အုပ်ချုပ်နိုင်တဲ့အရည်အချင်းလည်း မရှိဘူး။ အုပ်ချုပ်သင့်တာလည်း မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ပြန်ပြီးတော့ ကြွလာတော်မူပါ” ဆိုတော့ ဟိုကငြင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ “သားကောင်းများဟာ ဖခင်ကတိတည်ရေးအတွက် လုပ်ပေးရမယ်၊ ဖခင်များဟာ အထူးသဖြင့် မင်း ဆိုလို့ရှိရင် ကတိတည်ရတယ်။ ဒါကြောင့်မို့လို့ ၁၄ နှစ်တိုင်တိုင်တော့ သူပြန်မလာဘူး။ ” ဆိုပြီးတော့ နေတဲ့အချိန်မှာ ညီတော်က “သူဟာ ဘုရင်မဟုတ်ပါဘူး။ ဒီနိုင်ငံရဲ့ စစ်မှန်တဲ့၊ တကယ့်တရားဝင်စစ်မှန်တဲ့ ဘုရင်ဟာ ရာမမင်းသား ဖြစ်ပါတယ်” ဆိုပြီးတော့ပလ္လင်ပေါ်မှာ ဘယ်တော့မှ မထိုင်ဘူး လို့ ဒီလိုပဲပြောတယ်။ ပလ္လင်ပေါ်မှာ ရာမမင်းသားရဲ့ ဖိနပ်တစ်ရံကို တင်ထားပြီးတော့၊ ဒီမင်းသားဟာ ပလ္လင်အောက်ကနေ ထိုင်ပြီးတော့ တိုင်းရေးပြည်ရေးကို စီရင်တော်မူတယ်လို့ ဒီလိုပဲအဆိုရှိတယ်။ အဲဒီလောက် သူကလည်း မင်းသားကောင်းများရဲ့ အရည်အချင်းနဲ့ ပြည့်စုံတယ်။

သူ့ခမည်းတော်ကြီးခမျာတော့ နတ်ရွာစံသွားရှာတယ်၊ စိတ်မကောင်းဖြစ်ပြီးတော့။ ဟိုတုန်းက သူကျိန်ဆဲခံထားရတဲ့ အတိုင်းပဲပေါ့။ သူ့သားတော်ဟာ သူအတွက်ကြောင့် တောထွက်သွားရတယ် ဆိုတဲ့စိတ်နဲ့ ဝမ်းနည်းပက်လက်နဲ့ပဲ နတ်ရွာစံ သွားတယ်။

နောက်ပိုင်းဇာတ်လမ်းကို မြန်မာနိုင်ငံသူ၊ နိုင်ငံသားများက သိကြပါတယ်။ ရာမမင်းသားနဲ့ သီတာမင်းသမီး တောထွက်သွားတဲ့အချိန်မှာ ပါသွားတာက ရာမမင်းသားရဲ့ညီတော် လက္ခဏ။ ညီတော် လက္ခဏ ဆိုတာကလည်း မင်းသား ကောင်းများရဲ့ အရည်အချင်းနဲ့ အင်မတန်မှ ပြည့်ဝတယ်။ သူ့ရဲ့နောင်တော်နဲ့နာင်တော်ရဲ့ ကြင်ယာတော်ကို သူဘယ်လောက် ကျိုးကျိုးနွံနွံ၊ ကြည်ကြည်ညိုညို၊ လေးလေးစားစားနဲ့ ပြုစုစောင့်ရှောက်တယ်ဆိုတာ မှတ်တမ်းတင်လောက်တယ်။ ဒါ့ကြောင့် တချို့က ‘နောက်လိုက်ကောင်းဆိုရင် လက္ခဏ မင်းသားလို ဖြစ်သင့်တယ်’ လို့ ဒီလိုပဲပြောတယ်။ နောက်လိုက်ကောင်းဆိုရင် ကိုယ့်ရဲ့ခေါင်းဆောင်အပေါ်မှာ အင်မတန်မှ သစ္စာရှိတယ်။ ရဲရဲရင့်ရင့်နဲ့ အကာအကွယ်ပေးတယ်။ သူ့ရဲ့နောင်တော်ကို ချစ်သလိုပဲ၊ သူရဲ့မရီးကိုလည်း အင်မတန်မှ လေးစားတယ်။ အမေတစ်ယောက်လို သူဆက်ဆံတယ်။ ဒီလိုပြုစုဆက်ဆံပြီးတော့ အရာရာမှာ ညာလက်ရုံးသဖွယ် နေခဲ့ပြီးတော့၊ ရာမ မင်းသားနဲ့ ဒဿဂီရိ ခေါင်းဆယ်လုံးဘီလူးတို့ စစ်တွေဘာတွေ ဖြစ်ကြတဲ့အခါမှာလည်း ရာမ မင်းသားရဲ့ ဘေးကနေပြီးတော့ တချိန်လုံးတိုက်ခဲ့တယ်။

ဒဿဂီရိဘီလူးနဲ့ ရာမမင်းသားတို့ စစ်ဖြစ်ရတဲ့အကြောင်းကလည်း အများသိပြီးသား ဖြစ်ပါတယ်။ ဒဿဂီရိက သီတာ မင်းသမီးကို ခိုးသွားတယ်။ ခိုးသွားပြီးတော့ ဟာနုမာန် မျောက်မင်းတို့နဲ့ လိုက်ပြီးတော့ တိုက်ကြတယ်။ တိုက်ကြပြီးတော့ အများအားဖြင့် ကျမတို့သိတဲ့ ပုံပြင်တွေမှာဆိုရင် ဒဿဂီရိအပေါ်မှာ အနိုင်ယူပြီးတဲ့အခါကျတော့ ရာမမင်းသား၊ သီတာမင်းသမီး၊ လက္ခဏမင်းသားတို့ ပြန်လာပြီး ရာမမင်းသားကနေ နန်းပြန်ယူပြီး အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ ပြီးဆုံးသွားတယ် ဆိုတဲ့သဘောမျိုး ဒီလောက်ပဲ သိကြရတယ်။

ဒါပေမယ့် ဟိန္ဒူဇာတ်တော်ကြီးမှာက အဲဒီလောက်နဲ့ မပြီးသေးဘူး။ ရာမ မင်းသားဟာ သူ့ရဲ့နေပြည်တော်ကို ပြန်ရောက်သွားပြီဆိုတော့ ပြန်ပြီးနန်းတက်တဲ့အခါကျတော့ (မင်းကောင်းများဆိုတာက ပြည်သူလူထုရဲ့ စိတ်ထားက ဘယ်လို ရှိတယ်၊ ပြည်သူလူထုထဲမှာ ဘာတွေပြောနေတယ် ဆိုတာကို အမြဲနားစွင့်၊ နားထောင်နေရတယ်။) နားစွင့်၊ နားထောင်နေတော့ ဘယ်လိုအသံတွေ ထွက်လာသလဲဆိုတော့ သီတာ မိဖုရားဟာ ဒဿဂီရိ ခေါင်းဆယ်လုံးဘီလူးရဲ့ နန်းတော်မှာ ဘယ်လောက် ကြာကြာနေခဲ့ရသလဲ၊ ဒီလိုအခြားသူရဲ့ နန်းတော်ထဲမှာနေခဲ့တဲ့ မိဖုရားဟာ သန့်စင်တယ်လို့ သူတို့မယူဆနိုင်ဘူး။

ဒီလို ပြောလာတော့ မင်းကောင်းမင်းမြတ်များဆိုတာ ပြည်သူလူထုပြောတာကို လျစ်လျူရှုမထားဘူး။ ငါ့မိန်းမပြောရပါ့မလားဆိုပြီးတော့ အားလုံး အင်းစိန်ထဲ ထည့်လို့မရဘူး။ မင်းကောင်းမင်းမြတ်များဟာ ဒီလိုလုပ်လို့မရဘူး။ မိဖုရားကလည်း သူဟာအင်မတန် ဖြူစင်သန့်ရှင်းပါတယ်။ သူကမကြောက်ပါဘူး။ ဒါကိုပြရဲပါတယ်ဆို ပြီးတော့ မီးပုံထဲကို ဆင်းပြတယ်။ မီးပုံထဲကို ဆင်းပြီးတော့ပြသော်ငြားလည်း မီးကသူ့ကိုမလောင်ဘူး။ သူ့ရဲ့ဖြူစင်သန့်ရှင်းမှုကြောင့် မီးကလည်းအန္တရာယ်မပြုနိုင်ဘူးလို့ ပြလိုက်တဲ့ အခါကျတော့ လည်း အားလုံးကောင်းသွားပြီလို့ ဒီလိုပဲထင်ရတာပေါ့လေ။ ထင်ရပေမယ့်လည်း ဒီကောလာဟလတွေက မငြိမ်းသွားဘူး။ ဒဿဂီရိရဲ့နန်းတော်ထဲမှာ နေမိတဲ့မိဖုရားကို ပြန်ပြီးတော့ ကောက်သင့်သလား၊ မကောက်သင့်ဘူးလား၊ အချီအချပြောတာဆိုတာတွေက ဆက်ပြီးတော့ရှိနေတယ်။

ဆက်ပြီးတော့ ရှိနေတဲ့အခါကျတော့ ရာမမင်းက သီတာမိဖုရားကို ပြည်နယ်နှင်ဒဏ် ပေးလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုက သံသယရှိပြီဆိုမှဖြင့် သူဘယ်လိုပဲ သူ့စိတ်ထဲမှာရှိရှိ၊ ပြည်သူလူထုရဲ့ အလိုကိုမဆန့်ကျင်ရဘူး တဲ့။ ဒါဟာမင်းကျင့်တရားထဲမှာ တစ်ခုပါတယ်မဟုတ်လား။ ပြည်သူလူထုရဲ့အလိုကို မဆန့်ကျင်ရဘူးဆိုပြီး သီတာ မိဖုရားကို ပြည်နှင်ဒဏ်ပေးလိုက်တယ်။

ပြည်နှင်ဒဏ်ပေးလိုက်တော့ သီတာမိဖုရားကြီးဟာ တောထဲမှာနေရတယ်။ တောထဲမှာနေစဉ်ပဲ သူ့ရဲ့အမွှာပူး သားတော်လေးနှစ်ပါးကို ဖွားမြင်တော်မူတယ်။ နှစ်ပေါင်းအတော်ကြာ တဲ့အခါကျမှ (ကျမသေသေချာချာ မမှတ်မိဘူး) တောလိုက်ရင်းနဲ့လား၊ ဘယ်လိုလားတော့မသိဘူး၊ ရာမမင်းသားရဲ့ အမတ်ကြီးများဟာ ဒီသားတော်လေးနှစ်ပါးကို အကြောင်းပြု ပြီးတော့ ပြန်ခေါ်တာပေါ့လေ။ မိဖုရားကြီးကို ပြန်ပြီးတော့ခေါ်တယ်။

ပြန်ပြီးတော့ခေါ်ပေမယ့် မိဖုရားကြီးက အင်မတန်မှစိတ်နာတယ်လို့ ပြောရမလားမသိဘူး။ သူဟာဒီလောက်တောင်မှ ဖြူစင်သန့်ရှင်းလျက်နဲ့ မီးထဲဝင်ပြပြီးတော့ ဖြူစင်သန့်ရှင်းပါတယ်ဆိုတာကို ပြနိုင်ခဲ့လျက်နဲ့ ရာမမင်းက သူ့ဘက်ကနေ မရပ်တည်ခဲ့ဘူး။ ပြည်သူလူထုတချို့က ဝေဖန်တာကို လက်ခံပြီးတော့ သူ့အပေါ်မှာဆက်ဆံတာ မတရားခဲ့ဘူးလို့ သူမြင်တယ်။ အဲဒီတော့ သူဘယ်တော့မှ မိဖုရားပြန်မလုပ်ချင်တော့ဘူး။

သူဟာဒီလိုပဲ ဖြူစင်တယ်ဆိုတာမှန်ရင် သူ့ရဲ့ဖခင်ဖြစ်တဲ့ မြေကြီးဟာ သူ့ကိုပြန်ပြီး သိမ်းပိုက်ပါတော့ ဆိုပြီး အဓိဋ္ဌာန်လုပ်တဲ့အခါကျတော့၊ ကျမတို့ကတော့ မြေòမိတယ်၊ မကောင်းဘူးလို့ထင်တယ်နော်။ ဒီလိုအဓိပ္ပာယ်နဲ့ မဟုတ်ပါဘူး။ မြေကြီးကနေ ပြန်ပြီးတော့ သိမ်းပိုက်တယ်ဆိုတာ နည်းနည်းပြန်ရှင်းပြရမယ်ဆိုရင် ကျမတို့က ဗမာဆိုတော့ သီတာဟာ “ရေ” ၊ ဒါ့ကြောင့် ရေနဲ့ ဆက်နွယ်နေတယ်။ တကယ်တော့ သူတို့ Sankrit စကားအရ Sita ဆိုတာ ရေဆိုတဲ့အဓိပ္ပါယ် မရောက်ပါဘူး။ Sita ဆိုတဲ့အဓိပ္ပါယ်ဟာ သီတာရဲ့ခမည်းတော်ကြီးဖြစ်တဲ့ ဇနက္ကမင်းကြီးဟာ လယ်ထွန်မင်္ဂလာလုပ်နေတုန်းမှာ လယ်ထဲကနေ ဒီခလေးငယ်ငယ်လေး ထွက်လာလို့၊ လယ်ထွန်ရင်းနဲ့ထွက်လာတာမို့ ထွန်ကြောင်းဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ Sita ဟာ “ပထဝီမြေကြီးနတ်ရဲ့သမီးတော်” လို့ ဒီလိုသူတို့အယူရှိတယ်။ ဒါ့ကြောင့်မို့ သူ့ရဲ့ဖခင်ပထဝီမြေကြီးဟာ သူ့ကိုပြန်ပြီးတော့ လက်ခံတော်မူပါဆိုတာ ကျမတို့အမြင်နဲ့ ဆိုးလို့မြေမြိုတာ မဟုတ်ဘူးဆိုတာကို နားလည်အောင် ကျမရှင်းပြတာပါ။ အဲဒီတော့ ပထဝီမြေကြီးရဲ့မင်းဖြစ်တဲ့ သီတာမိဖုရားရဲ့ ဖခင်အစစ်က ပြန်ပြီးတော့လက်ခံယူရတယ်။ လက်ခံတော်မူတော့ အဲဒီမှာဇာတ်လမ်းက ပြီးသွားတယ်။

ဒီတော့ ဇာတ်လမ်းက ကျမတို့စဉ်းစားစရာ အများကြီးရှိတယ်။ စဉ်းစားစရာရှိတယ်ဆိုတာ နိုင်ငံရေးအမြင်နဲ့ အများကြီးစဉ်းစားစရာရှိတယ်။ ဒါကျမတို့ အရှေ့တိုင်းမှာ အင်မတန်မှသြဇာလွှမ်းမိုးတဲ့ ဇာတ်လမ်းတစ်ခုဖြစ်တယ်။ ကျမတို့ အရှေ့တိုင်းသူ၊ အရှေ့တိုင်းသားတွေဟာ ဘယ်လောက်နိုင်ငံရေးအမြင် ရင့်ကျက်သလဲဆိုတာကို ပြတယ်လို့ ကျမတော့ ဒီလိုပဲမြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာအဖြူနဲ့အမဲ၊ အကောင်းနဲ့အဆိုး ဒီလိုချည်းပဲရှိတာ မဟုတ်ဘူး။ ရာမမင်းရဲ့ခမည်းတော်ဆိုရင်လည်း ကောင်းတာရှိတယ်၊ ဆိုးတာရှိတယ်။ အင်မတန်မှကောင်းတဲ့မင်းကြီး ဖြစ်ခဲ့သော်လည်း သူ့အပြစ်တွေရှိခဲ့တာကြောင့်မို့ ဒီအပြစ်တွေရဲ့ ဝဋ်ကြွေးကို သူဆပ်သွားရတယ်။

ရာမမင်းဆိုရင်လည်း အင်မတန်မှကောင်းတဲ့မင်းတစ်ပါးပဲ။ ဒါပေမယ့်လည်း တကယ်ကြည့်လိုက်တဲ့ အခါမှာတော့ သူ့ရဲ့မိဖုရားကြီးအပေါ်မှာ မျှမျှတတ မဆက်ဆံခဲ့ဘူး။ သီတာမိဖုရားပြောချင်တာက သူဖြူစင်သန့်ရှင်းမှန်း သိရဲ့သားနဲ့ သူများပြောတာတွေ ဘာဖြစ်လို့နားထောင်ရလဲ ဆိုတာကိုပြောတာ၊ ဒီတော့ ဒါကျမတို့အတွက် အများကြီးစဉ်းစားစရာ ဖြစ်တယ်။

ဒီမိုကရေစီဆိုတာ အကောင်းကြီးပဲ မဟုတ်ဘူး။ သူ့ရဲ့အားနည်းချက်တွေ ရှိတယ်ဆိုတော့ ဒီကိစ္စဟာဒီမိုကရေစီရဲ့ အားနည်းချက်တစ်ခုကို ထောက်ပြတယ်လို့ ကျမပြောချင်တယ်။ အများကနေ အလကားသက်သက် သွားပုတ်လေလွင့်၊ အားအားယားယား ပြောနေတဲ့ ကိစ္စတွေဟာ တခါတလေ ဒီမိုကရေစီမှာလည်း လွှမ်းမိုးတတ်တယ်။ အဲဒီဟာတွေကို ကျမတို့အများကြီး သတိထားရမယ်။

ကျမကတော့ထင်တယ်။ အခုခေတ်အခြေအနေဆိုရင် သတင်းစာတွေဘာတွေရှိပြီးတော့ သတင်းစာလွတ်လပ်ခွင့် ရှိတယ်ဆိုရင် သီတာမိဖုရားကြီးဘက်ကနေပြီးတော့ ရေးပေးမယ့် သတင်းစာတွေ အများကြီးရှိမှာပဲလို့ ကျမထင်တယ်။ အဲဒီလိုသာရှိခဲ့ရင် သက်သက် အားအားယားယား အတင်းပြောနေတဲ့လူတွေကြောင့် ဒီမိဖုရားကြီးဟာ ပြည်နှင်ဒဏ်အပေးခံရမှာ မဟုတ်ဘူးလို့ ကျမက ဒီလိုမြင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သီတာမိဖုရားဖက်ကနေ ရပ်တည်တဲ့သတင်းစာတွေက ရေးကြမှာကိုး။ ‘ဘယ်နှယ့် မီးထဲဝင်တာတောင်မှ မလောင်တဲ့မိဖုရားဟာ မဖြူစင်ဘဲရှိနိုင်ပါ့မလား။ မင်းတို့မှန်ရင်၊ မင်းတို့ရဲရင်၊ စွပ်စွဲနေတဲ့လူတွေ မီးထဲဝင်ကြ’လို့ ပြောမှာပေါ့။ စွပ်စွဲနေတဲ့လူတွေကရော မီးထဲကိုဝင်ပြရဲမလား။ ဝင်ရင်ရော သူတို့ဟာ မီးမလောင်ဘဲ နေမလား။ ဒါတွေဟာ အများကြီးစဉ်းစားစရာ ဖြစ်တယ်။

အဲဒါကြောင့် ရာမဇာတ်တော်ကြီးဟာ နိုင်ငံရေးပညာ အများကြီးပဲ ပါပါတယ်။ ဒါဟာ ကျမတို့ဒီမိုကရေစီ လိုအပ်တယ်ဆိုတာ ကျမတို့ အရှေ့တိုင်းယဉ်ကျေးမှုအရ အထောက်အထားတွေ အများကြီးပြနိုင်ပါတယ်။

အဲဒီလို အဖက်ဖက်ကပေါ့လေ နိုင်ငံရေးအမြင်နဲ့ စဉ်းစားတဲ့ဇာတ်တွေ ကမ္ဘာမှာနည်းပါတယ်။ အများအားဖြင့် ပုံပြင်တွေ ဒဏ္ဍာရီတွေဆိုရင် နောက်ဆုံးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြီးသွားတာတို့၊ ဒါမှမဟုတ်ရင်လည်း သိပ်ပြီးတော့ စိတ်ညစ်စရာကောင်းတဲ့ဟာတွေဆိုရင်လည်း တစ်ယောက်မှမကျန်အောင် အားလုံးရှင်းလင်း သုတ်သင်ပစ်လိုက်တာတို့ ဒါတွေရှိတတ်ကြတယ်။ ဒီလိုအဖြူနဲ့အမည်းတင် မဟုတ်ဘဲနဲ့ အဖြူနဲ့အမည်းကြားမှာ မီးခိုးရောင်အမျိုးမျိုးရှိတဲ့ ဇာတ်မျိုးဆိုတာ သိပ်ခေတ်မီတယ်လို့ ပြောနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အမှန်တရားဟာ ခေတ်မရှိဘူးရယ်လို့ ဘယ်တော့မှမဖြစ်နိုင်ဘူး။ ဒါ့ကြောင့် ကျမတို့လိုချင်တဲ့စနစ်ဟာ ကမ္ဘာကြီးတည်သ၍ ဒီစနစ်မျိုးဟာ လိုလားအပ်တဲ့ စနစ်မျိုးကိုဖြစ်မှာပဲ။

ဒီစနစ်ဟာ ပြည်သူတွေကို အကာအကွယ်ပေးတဲ့ စနစ်လည်းဖြစ်တယ်၊ အစိုးရများကို ကာကွယ်ပေးတဲ့စနစ်လည်း ဖြစ်တယ်။ တချို့အစိုးရတွေဟာ ဒီလိုဒီမိုကရေစီစနစ်ကို မနှစ်သက်ဘူး၊ ပြည်သူလူထုကိုသာ အကာအကွယ်ပေးတဲ့စနစ်လို့ သူတို့ထင်တယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်ဟာ လူတိုင်းလူတိုင်းကို အကာအကွယ်ပေးတဲ့ စနစ်ပါ။

ကျမတို့ကို တချို့ကမေးတယ်၊ ဒါလည်းအားလုံးသိနေတဲ့ ကိစ္စကြီးပါ။ ဒီမိုကရေစီတက်လို့ရှိရင် ဘယ်သူဘယ်ဝါကို ကလဲ့စားချေမှာလား၊ မေးတယ်။ ကျမကပြောတယ်၊ ကလဲ့စားချေတယ်ဆိုတာ ကျမတို့ရဲ့ “မူ” လည်း မဟုတ်ဘူး။ ဒီမိုကရေစီအရ ကလဲ့စားချေချင်တိုင်း လိုက်ချေလို့ရတာ မဟုတ်ဘူး။ တရားမျှမျှတတ လုပ်ရတာ။

အခုပြောချင်တာက “အရှေ့တိုင်းဒီမိုကရေစီ”။ ဒီမိုကရေစီ အခွင့်အရေးပြည့်ဝတဲ့ ဒီမိုကရေစီကို ဆိုလိုချင်တာ။ အနောက်တိုင်း ဒီမိုကရေစီထက်ပိုပြီးတော့ မေတ္တာတရားနဲ့ ပြည့်ဝတဲ့ ဒီမိုကရေစီလို့ ဒီလိုကျမတို့မြင်ချင်ပါတယ်။ အားလုံးအတွက် ကောင်းတဲ့စနစ် ဖြစ်ရမယ်။

တချို့ကဆိုရင် ဒီမိုကရေစီရဲ့ အဓိပ္ပာယ်ကို နားမလည်ဘူး။ ဒီမိုကရေစီရဲ့အနှစ်သာရကို နားမလည်ဘူး။ အတိုက်အခံများဟာ တိုက်တယ် ခိုက်တယ်ဆိုတာဟာ အာဃာတတရားနဲ့ ဖျက်ဆီးချင်လို့ တိုက်တယ်လို့ထင်ကြတယ်။ ကိုယ့်စိတ်နဲ့ ကိုယ်နှိုင်းတာလည်း ဖြစ်နိုင်တာပေါ့။ အဲဒီလိုစိတ်တွေကလည်း အများကြီးရှိတယ်။ ဒါပေမယ့်ဒါဟာ လုံးလုံးမဟုတ်ဘူး။ အတိုက်အခံများရဲ့ အလုပ်ကိုက အစိုးရမမှားအောင်လုပ်ဖို့ပဲ။

အစိုးရမမှားအောင်ဆိုတော့ အစိုးရမှားနေတာတွေကို ထောက်ပြရမယ်။ ထောက်ပြမှသာလျှင် မမှားအောင်လုပ်နိုင်မှာပေါ့။ ကိုယ်ဘာမှားမှန်း မသိဘူး၊ ဒါမှမဟုတ် သိရင်လည်း ဘယ်သူမှမပြောရဲဘူးဆိုရင် ဆက်ပြီးတော့မှားနေမှာပေါ့။ ဒီတော့ ကျမတို့က အတိုက်အခံဆိုတော့ အတိုက်အခံအလုပ်ပဲလုပ်မှာပဲ။ ဆက်ပြီးတော့ လုပ်မှာပဲ။ ဒီလိုလုပ်တာဟာ ကျမတို့ကတော့ အာဃာတစိတ်နဲ့ လုပ်တာမဟုတ်ဘူး။ ကိုယ့်နှလုံးသားထဲမှာ အာဃာတအင်မတန်မှများနေတဲ့ လူတွေကတော့ ယုံမှာမဟုတ်ဘူး။ ဒါကိုတော့ ကျမတို့ဘာမှ မတတ်နိုင်ဘူး။ အဲဒီနှလုံးသားထဲက အာဃာတတွေကို ဖျောက်လိုက်ပါလို့ ဒါပဲပြောနိုင်တယ်။ ဖျောက်လိုက်ရင်တော့ ယုံနိုင်ပါလိမ့်မယ်။

ဒီမိုကရေစီနိုင်ငံတွေကိုကြည့်ရင် ဒါကိုသိနိုင်ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် နောင်ဂျိန်နောင်ဂျိန် ချနေတဲ့သူများဟာ ရွေးကောက်ပွဲပြီးတော့ လက်ဆွဲနှုတ်ဆက်ပြီး၊ ယဉ်ကျေးသိမ်မွေ့တဲ့သူများပီပီ ဆက်ဆံကြတာပါပဲ။ ဒါ ဒီမိုကရေစီစိတ်ဓာတ်ပဲ။ ကျမတို့အရှေ့တိုင်းယဉ်ကျေးမှုအရ ဒီလို လူပီပီနေတဲ့စနစ်ကို အင်မတန်မှလိုလားပါတယ်။ လူတွေကိုလူလို ဆက်ဆံတဲ့စနစ်ကို အင်မတန်မှ လိုလားပါတယ်။ ပြည်သူလူထုကို တန်ဖိုးထားတဲ့စနစ်ကို ကျမတို့အရှေ့တိုင်းက အင်မတန်မှ လိုလားပါတယ်။ ။

(မှတ်ချက် - ၁၉၉၅/၉၆ ခုနှစ် မိန့်ခွန်းများမှ ကောက်နှုတ်ဖော်ပြပါသည်။)

Tuesday, January 25, 2011

အသံတော့ စမ်းနေပြီ **ကျော်ရင်မြင့်**




ကမ္ဘာပျက်ခါနီးမှာ နေဆယ်စင်းထွက်တယ်ဆိုတာ တော်တော်ပူမှာပဲလို့ ၀င်းဝင်းတောက်နေတဲ့ နေလုံးကြီးကို လက်ဖ၀ါးနဲ့ကာပြီးကြည့်ရင်း ကိုငွေတိုး တွေးနေတယ်။

ကိုငွေတိုး ၀တ်ထားတဲ့ ဖျင်အင်္ကျီ ကြီးလည်း ချွေးတွေနဲ့ နစ်နေပြီ။ အင်္ကျီကိုချွတ်ပြီး ညှစ်ရင် ရေစိမ်ထားသလို ချွေးတွေ ထွက်လာမှာပဲ။ ကောင်းကင်မှာတော့ တိမ်တစ်စ တစ်မျှင်မျှ မရှိ။ မီးလုံးကြီးနဲ့ တူတဲ့ နေမင်းက ရှိသမျှ အပူဓာတ် တွေကို အားရပါးရ လွှတ်ထုတ် ပေးနေတယ်။ နေပူတော့ မိုးတိမ်တွေလည်း အငွေ့ပြန်ပြီး ပျောက်ကုန်ပြီ ထင်ပါရဲ့။ မိုးတစ်ပေါက် တောင်မှ မရွာတာ ကြာလှပြီ။ မိုးမရွာတာ ကြာတော့ ၀ါပင်တွေလည်း သံချေး တက်နေပြီ။ “၀ါပင်တွေက သံချေးတက်၊ အိမ်ကမိန်းမ ဆန်ချေးထွက်”လို့ မြောက်ဘက်အိမ်က ဖိုးတော အပြောင်အပြက် ပြောတဲ့စကားကိုနားထဲမှာကြားယောင်လာတယ်။

နေကပူ မိုးကခေါင် မြေက ပတ်ကြားအက်တော့ ၀ါပင်တွေမှာ သံချေး တက်သလို ညိုမည်း ခြောက်သယောင်း လာတာ။ ကိုငွေတိုးက သူ့ဝါခင်း သူကြည့်ပြီး အားပျက်မိတယ်။

မြေဆီခန်းခန်း ရာသီ ဆိုးဆိုးမှာ ပွင့်လာတဲ့ ၀ါပွင့်တွေကလည်း အားမရစရာ။ ရွာက လူတွေလည်း မိုးရွာအောင် လွန်ဆွဲလွန်းလို့ လက်ဖ၀ါး တွေလည်း အသား မာလိုက်နေပြီ။ မိုးခေါင်ကျော်စွာ နတ်လည်း ကိုငွေတိုးတို့ မိုးတောင်းတာ များပြီး နားငြီးလို့ ပြေးပြီထင်ပါ့။ ကိုငွေတိုးတို့ ရွာသားတွေက စကားတော့ ကြွယ်တယ်။ ဟိုတစ်ခါတုန်းက ချည်မျှင်ရှည်ဝါ စီမံကိန်း ဆိုတာ သူတို့ ကြုံဖူးတယ်။ မြို့ကလာတဲ့ တိုက်ပုံ အင်္ကျီဝတ်တွေက ချည်မျှင်ရှည်ဝါ စိုက်ရင် နေ့ချင်းညချင်း သူဌေး ဖြစ်မှာလောက် ဟောကြ၊ ပြောကြတာပေါ့။ ကိုငွေတိုးတို့ ကိုလည်း ဘယ်တောင်သူ ဘယ်နှဧက စိုက်ရမယ်လို့ စီမံကိန်း ခွဲတမ်းချတာပေါ့။

လည်ပတ်ပါးနပ်တဲ့ ရွာကတောင်သူ အချို့ကတော့ စီမံကိန်း ခွဲတမ်းချတဲ့ ၀ါမျိုး စေ့တွေကို ရေနွေးပူပူ စိမ်တယ်။ ၀ါစေ့ အကောင်း နည်းနည်းရောပြီး စိုက်တယ်။ ၀ါစိုက်ကွက်ထဲမှာ ၀ါပင်တွေက ပေါက်တဲ့ နေရာပေါက်၊ မပေါက်တဲ့ နေရာ မပေါက်နဲ့ ကျိုးတိုးကျဲတဲ။ စိုက်ပျိုးရေး တို့၊ မြေစာရင်းတို့ ဌာန ပေါင်းစုံက ကွင်းဆင်းလာရင် အကျွေးအမွေး လေးနဲ့ အခင်းထဲ ခေါ်ပြတယ်။ သမ၀ါယမ ဆိုင်က ရွှေဝါဆပ်ပြာချောင်း၊ မွှေးဆပ်ပြာခဲ၊ ဂလူးကို့စ် ထုပ်တွေ ကြက်ကြောက်အိတ် ခေါ်တဲ့ သူတို့ လက်ဆွဲအိတ်ထဲ ထည့်ပေးလိုက်ရင် သူတို့ကလည်း ၀ါစိုက်ဧကတွေ အပျက်စာရင်း သွင်းပေးကြတယ်။ ဌာနဆိုင်ရာက လူတွေ ကိုင်လေ့ရှိတဲ့ လက်ဆွဲအိတ် တွေကို ကြက်ကြောက်အိတ်လို့ ရွာမှာခေါ်တယ်။ အဲဒီလို အိတ်တွေဆွဲတဲ့ ဧည့်သည်လာရင် ရွာက ကြက်သားဟင်းနဲ့ ထမင်း ကျွေးရတယ်။ သူတို့တွေ လာဖန်များတော့ အဲဒီ အိတ်မျိုးမြင်ရင် ရွာကကြက်တွေ ကြောက်ပြီး ပြေးကုန် တယ်လို့ တောသားတွေက ဟာသလုပ်တာပါ။

ပြောမယ့်သာ ပြောရတာပါ။ သူတို့ခမျာများက တောသူတောင်သားတွေ အပေါ် မဆိုးရှာ ကြပါဘူး။ ဟင်း ကောင်းကောင်းနဲ့ ထမင်းကျွေးရရုံ၊ သောက်တတ်စား တတ်သူဆိုရင် တောအရက်လေး၊ ထန်းရည်လေး ဧည့်ခံရရုံ၊ သူတို့ အပြန်မှာ သမဆိုင်က ဆပ်ပြာလေး၊ ဆေးဝါးလေးကို အမွန်အမြတ် လက်ဆောင်ပေးရရုံပါ။ သူတို့က လက်ဆောင်လောက်ပဲ ယူကြတာပါ။ လာဘ်ပေးလာဘ်ယူမဟုတ်ကြဘူး။ ဌာနပေါင်းစုံက ကွင်းဆင်းစစ်ပြီး ချည်မျှင် ရှည်ဝါနဲ့ အဲသည်ရွာက မကိုက်ညီဘူး စာရင်းတင်ပေးလိုက်ရင် အဆင်ပြေတာပဲ။ ၀ါအစားအလုပ်ဖြစ်တဲ့ပဲစင်းငုံတို့နှမ်းတို့စိုက်နိုင်တယ်။

အဲဒီရွာတွေ တာဝန်ကျတဲ့ စိုက်ဧကက ကိုငွေတိုးတို့လို အူတူတူ အတတတောင် သူတွေ ပခုံးပေါ် ကျတော့တာပ။ ကိုငွေတိုးတို့ကတော့ လူရိုးကြီး။ သက်ဆိုင်ရာက ချည်မျှင်ရှည်ဝါ(မွေးရှည်)စိုက်ဆို စိုက်တာပဲ။ နေကြာဆို နေ ကြာပဲ။ ဘယ်ရွေ့ဘယ်မျှ စီမံကိန်း ချသလောက် တာဝန်ကျေအောင် စိုက်တယ်။ ကိုယ့် သားမယား မစားရရင် နေပါစေ။

အဲ... အူတယ်၊ အတယ်ဆိုပေမယ့် ဟာသတော့ မခေါင်းပါးဘူး။ ဟို တုန်းက ချည်မျှင်ရှည်ဝါ စီမံကိန်း လုပ်တော့ ရွာမှာ စာပြောင်ပေါ်တယ်။ “မွေးရှည် လုပ်တော့ ရှေးရွှေပြုတ်တယ်” တဲ့။

မိဘဘိုးဘွား လက်ထက်ကတည်းက စုဆောင်းထားတဲ့ ရှေးရွှေတိုငွေစလေး တွေ မွေးရှည်က ၀ါးသွားတာ ကို ဟားတာပါ။ ကိုငွေတိုးတို့ မြန်မာတွေက နာတာကို ခံသာအောင် ဟာသ နှောတယ်လေ။

တစ်ခါတုန်းကလည်း “ရေရာ သေချာအောင် နေကြာစိုက်ပါ” ဆိုပြီး ဆိုင်းဘုတ် အကြီးကြီးတွေ ရွာအ၀င်မှာ ထောင်ရဖူးပါရောလား။ “ရေရာ သေချာအောင် နေကြာ စိုက်ပါ”ဆိုတဲ့ စကားနောက်မှာ “သွားမလုပ်နဲ့ နွားပြုတ်သွားမယ်”လို့ အချို့က ပြောတယ်။ လူရိုးကြီး ကိုငွေတိုးခမျာလည်း အိမ်မှာ အနေကြာတဲ့ နွား တစ်ရှဉ်း ရောင်းလိုက်ရတယ်။ အခြားသူတွေ အနေကြာ၊ မကြာ မသေချာပေမယ့် ကိုငွေတိုးကတော့ တာဝန် ကျေခဲ့ပါတယ်။

ယခုလည်း ၀ါပင်တွေ သံချေး တက်နေပြီ။ သူ့မိန်းမလည်း ဆန်ချေး ထွက်ရခါနီးပြီ။ မိုးကတော့ မရွာသေးဘူး။ ထန်းလက်တဲလေးထဲမှာ ကိုငွေတိုးက ဓာတ်ခဲရေဒီ ယိုလေး ဖွင့်နားထောင်ရင်း မိုးမျှော်နေတယ်။ ကိုငွေတိုးက ရေဒီယိုတော့ တော်တော် ၀ါသနာ ပါတယ်။ သူနဲ့ ထက်ကြပ်မကွာ ရေဒီယို အမြဲပါတယ်။ ရေဒီယိုထဲက အားကုန်လို့ လဲလိုက်တဲ့ ဓာတ်ခဲတွေ အိမ်မှာထန်းခေါက်တောင်းနဲ့တစ်လုံးရှိတယ်။ ကိုငွေတိုး ရေဒီယို နားထောင်တယ် ဆိုတာ ဘီဘီစီ၊ ဗွီအိုအေ၊ ဒီဗွီဘီ၊ အာရ်အက်ဖ်အေ ပြည်ပ အသံလွှင့် ဌာနတွေ မဟုတ်ဘူး။ ကိုငွေတိုးက ရိုးတယ်၊ အတယ်ဆိုပေမယ့် ပြည်ပအသံ လွှင့်ဌာနတွေက မုသာဝါဒတွေ ဘာညာဆိုတာ လောက်တော့ ကြားဖူးပါတယ်။ ပြီးတော့ အဲဒါတွေ ဘယ်အချိန် လွှင့်လို့ ဘယ်နေရာမှာ ဖမ်းရတယ် ဆိုတာလည်း သူမသိဘူး။ သူအမြဲ နားထောင်တာက မြန်မာ့အသံတို့၊ပိတောက်မြေတို့၊အက်ဖ်အမ်တို့ပါ။

သီချင်းကြိုက်တဲ့ သူတွေက သီချင်းကောင်းရင် ရေဒီယို ဖွင့်ပြီး သတင်းတို့၊ သတင်းစာ ကောက်နုတ်ချက်တို့ ဘာညာတွေ လာရင် ရေဒီ ယိုကို ချောက်ခနဲ ပြိုင်တူ ခလုတ် ပိတ်တတ်တယ်။ ကိုငွေတိုးက အဲဒီလို လူစား မဟုတ်ဘူး။ အသံထွက် သလောက် နားထောင်တယ်။ ကိုငွေတိုးတို့ တောင်သူ လယ်သမားတွေက မိုးပေါ်က ရေပဲ အားကိုးပြီး စိုက်ပျိုး ရတာ။ ဆည်ရေ ဆိုတာလည်း အားမကိုးလောက်ဘူး။ မိုးရွာမှ ဆည်ထဲ ရေရှိတာ။ ဒါ ကြောင့် မိုးကိုတော့ ကိုငွေတိုး သိပ်မျှော်တယ်။ ရေဒီယိုထဲက မိုးလေ၀သ သတင်းကို အမြဲ နားထောင်တယ်။

မျှော်တုန်းမျှော်ဆဲ မှာပဲ မိုးလေ၀သ သတင်း ကြေညာတယ်။ မိုးရွာမယ်တဲ့။ တနင်္သာရီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရခိုင် ပြည်နယ်မှာ မိုးရွာမယ်၊

ရွာရန် ရာနှုန်း ၈၀ တဲ့။ ကိုငွေတိုးတို့ အညာတော့ မပါဘူး။ ကိုငွေတိုး “တောက်” တစ်ချက် ခပ်ပြင်းပြင်း ခေါက်လိုက်တယ်။ “ခွေးမသားတွေ မျက်နှာရှိရာ ဟင်းဖတ်ပါသကွာ” လို့လည်း တစ်ယောက်တည်းမို့ စကား ခပ်ကြမ်းကြမ်း ပါးစပ်က ထွက်သွားတယ်။ သူ့စိတ်ထဲမှာ မိုးကို ခွဲတမ်းချ ပေးနေတယ် ထင်တာ။ ရန်ကုန်တို့လို မျက်နှာရှိတဲ့ နေရာတွေမှာ ရာနှုန်း ၈၀ ခွဲဝေပေးတယ်ထင်တာ။

တကယ့်တကယ်တော့ ကိုငွေတိုးက သူတို့အုတ်ဖိုကန်ရွာမှာ မျက်စိကြီးနားကြီး ပါ။ ရေဒီယို အမြဲနားထောင် နေတာဆိုတော့ သူများနဲ့ယှဉ် ရင် ခေါင်းတစ်လုံးမြင့်တယ် လေ။ ရွာမြောက်ပိုင်းက ကိုဝင်းမောင်ရဲ့သမီးလေး စာပေးစာယူနဲ့ ဘွဲ့ရတယ်။ ကလေးမလေးက ၀န်ထမ်း လုပ်ချင်တယ်။ ကိုငွေတိုးရဲ့ တူမတစ်ယောက်က မြို့ကြီး မှာ အရာရောက်နေတယ်။ ဒီတော့ ကိုဝင်းမောင်က ကိုငွေတိုးကို ဆရာတင်ပြီး မြို့ကို ချီတက်ကြတာပေါ့။

တောသားတွေ ရိုးတယ်၊ အ တယ်လို့ မြို့ကလူတွေက နှိမ်ပေမယ့် ကိုငွေတိုးတို့က သုံးစားလို့ မရလောက် အောင်တော့ မအပါဘူး။ ဂါရ၀ပြုဖို့ဆိုပြီး ဆီပုံး သယ်လာတယ်။ အပွေးကောင်း ကောင်းသနပ်ခါးတုံးကြီးလည်းသုံးတုံးယူလာတယ်။ ဒီလို လေးလေးပင်ပင်တွေသယ်လာတော့ ကိုငွေတိုးရဲ့ တူမက အပြစ်တင်တယ်။ ဒီလို ပစ္စည်းတွေ ယူလာတာ လူမြင်တယ်၊ စာအိတ် တစ်အိတ်ဆို ကိစ္စပြီး ပါတယ်လို့ ပြောတယ်။ ဖြစ်ချင်တော့ လုပ်ပေး နိုင်တဲ့သူက ဟိုသွားဒီသွား ခရီးများနေသတဲ့။ စောင့်ရုံ ပေါ့။ အဲဒါနဲ့ ကိုငွေတိုးတူမရဲ့ အသိဦးစံထွားအိမ်မှာ တည်းရင်းထိုင်စောင့်နေကြရတယ်။

တစ်ညနေမှာတော့ ကောင်းကင်တစ်ခွင်လုံး ပြို တော့မှာလို မိုးတွေညို့လာတယ်။ ဦးစံထွားရယ်၊ ကိုဝင်းမောင်ရယ်၊ ကိုငွေတိုး ရယ် အိမ်ရှေ့က မြေကွက်လပ် လေးမှာ ခုံတန်းလျားလေးချပြီး လက်ဖက်ရည်ကြမ်း သောက်နေကြတယ်။ ကောင်းကင်ကို မော့ကြည့်ပြီး ကိုငွေတိုးက မိုးရွာတော့မယ် ထင်တယ်လို့ ပြောတယ်။ ဦးစံထွားက ခဏတော့ စောင့်ကြည့်ပါဦးတဲ့။ အဲဒီ အချိန်မှာပဲ အိမ်တံစက်မြိတ်က “တောက်တဲ့” လို့ အော်သံကြားတယ်။ ကိုငွေတိုးက အသံကြားရာ လှမ်းကြည့်ပြီး “ပုတ်သင်ညို နဲ့တော့တူတယ်၊ ပုတ်သင်ညိုတော့ မဟုတ်ဘူး”လို့ ပြောလိုက်တယ်။ ဦးစံထွားက “အဲဒါ တောက်တဲ့လို့ခေါ် တယ်၊ မိုးလေ၀သ ဗေဒင် ဟောတတ်တယ်” ပြောတော့ ကိုငွေတိုး စိတ်ဝင်စားနေပြီ။

“တောက်တဲ့” လို့ အော်လိုက်တော့ ဦးစံထွားက “မိုး လား” မေးတယ်။ နောက်တစ်ခါ “တောက်တဲ့”အော်တော့“လေလား”မေးတယ်။ တောက်တဲ့အော်လိုက် မိုးလား၊ လေလား မေးလိုက် နဲ့ နောက်ဆုံးတော့ “လေလား” မှာ အော်သံ ရပ်သွားတယ်။ ဦးစံထွားက “ဒီနေ့

မိုးမရွာဘူး လေပဲတိုက်မယ်”ဆိုပြီး တောက်တဲ့ဗေဒင် ဟောလိုက်တယ်။ ကိုငွေတိုး စိတ်ထဲ ကတော့မိုးတွေဒါလောက်တောင်ညိုမည်းနေတာမိုးမရွာဘူးဆိုတာ မဖြစ်နိုင်ဘူးလို့ တွေးတယ်။ ဒါပေမယ့် တကယ်ပဲမိုးမရွာဘဲ လေပဲ နည်းနည်းတိုက်တော့ ကိုငွေတိုး အံ့သြသွားတယ်။

နောက်နေ့ ညနေပိုင်းလည်း ဒီလိုပဲ။ မိုးတွေ အုံ့လာပြန်ရော။ လေလည်း တသုန်သုန် တိုက်တယ်။ ဦးစံထွားက မိုးလား၊ လေလား တောက်တဲ့ဗေဒင်မေးပြီး ဒီနေ့ မိုးရွာမယ်လို့ တပ်အပ်သေချာ ပြောချလိုက်တယ်။ အ၀တ်တွေ လှန်းထားတာ ရုပ်ကြလို့ သူ့သမီးတွေကို ခိုင်းတယ်။ တကယ်ပဲ အဲဒီညနေမှာ မိုး တွေ သဲကြီးမဲကြီးရွာတယ်။

ကိုငွေတိုးကတော့ တောက်တဲ့ ဗေဒင်ကို အရမ်း သဘောကျသွားတယ်။ မိုးရွာမှာလား၊ မရွာဘူးလား ဆိုတဲ့ ကိစ္စဟာ ကိုငွေတိုးတို့လို စိုက်ပျိုးရေး သမားတွေ အတွက် အရေးကြီးတယ်။ အဲဒီလို အကောင်မျိုး တစ်ကောင်လောက် ရှိလို့ကတော့ ရွှေပဲ။ ကိုငွေတိုးက မ၀ံ့မရဲနဲ့မိုးလေ၀သကောင်သူ့ကိုရောင်းပေးပါပြောတယ်။ ဦးစံထွားက ခပ်အင်အင်ရယ်။ သူတို့အိမ်မှာ ဒီ တစ်ကောင်ပဲရှိတာ စဉ်းစား ပြီးမှပေးမယ်တဲ့။ ကိုငွေတိုးတို့ ပြန်ရမယ့် ရက်ကို ရောက်လာပြီ။ ဦးစံ ထွားက မိုးလေ၀သကောင် ပေါက်ကလေး မျှပေးမယ် တဲ့။ ကိုငွေတိုးတစ်ယောက်ပျော်လွန်းလို့ ထမင်းတောင်မစားနိုင်ဘူး။ တစ်သက်လုံးသူလိုချင်တဲ့ ဆန္ဒပြည့်ဝတော့မယ်ပေါ့။


ကိစ္စတွေပြီးလို့ ရွာကို ပြန်ကြတော့မယ် ဆိုတော့ ဦးစံထွားက အိမ်မြှောင် တစ်ကောင်ကို ဟောလစ် ပုလင်းခွံထဲထည့်၊ အပိတ် မပိတ်ဘဲ ပု လင်းဝကို ဇာပ၀ါပါးပါး လေးတပ်၊ ရော်ဘာကွင်းနဲ့ စည်းပေးလိုက်တယ်။ ဒါ ဗေဒင်ဆရာ ပေါက်စလေးပဲ၊ မကြာခင် အရွယ်ရောက်ပြီး တောက်တဲ့ အော်လိမ့်မယ်၊ ဒီကောင် အရွယ်ရောက်လာအောင် ပိုးကောင် လေးတွေဖမ်းကျွေးပါလို့ဦးစံထွားကမှာပါတယ်။



ကိုငွေတိုး ရွာပြန်ရောက် တော့ သူ့ဗေဒင်ဆရာပေါက်စ လေးကို အရိပ်တကြည့်ကြည့် နဲ့ပေါ့။ ငရဲမကြောက်၊ ဘာ မကြောက် ပိုးကောင်လေး တွေဖမ်းကျွေးရတာလည်း မမောနိုင်မပန်းနိုင်။ ရေဒီယို တောင် အရင်လောက် စိတ် ၀င်တစား နားမထောင်နိုင် ဘူး။
အိမ်မြှောင်လေးက တော့ ပိုးကောင်တွေ တစ် ကောင်ပြီးတစ်ကောင် စားနေ ရပေမယ့် တောက်တဲ့ဖြစ် မလာသေးဘူး။ လူရိုးကြီး ကိုငွေတိုးကတော့ တစ်နေ့ ဖြစ်လာနိုးနိုးနဲ့ ထိုင်စောင့် ကြည့်နေတာပေါ့။ အိမ်မြှောင် လေးက “တစ်၊ တစ်၊ တစ်၊ တစ်” နဲ့ အသံပြုတဲ့အခါ ကိုငွေတိုးက “အသံတော့ စမ်းနေပြီဟေ့”လို့ သူ့မိန်းမကို အားရ၀မ်းသာပြောပါတယ်။


**ကျော်ရင်မြင့်**
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၁)

by http://jacbaburma.blogspot.com/