Monday, October 13, 2008
မြေဇာမြက်... တပင် (ဒုတိယ)
(၃)
ကျမအိမ်မှာဘာတွေဖြစ်ခဲ့တာလဲ။ အဲ့ဒီညကအဖေနဲ့အမေကပြန်မလာလို့ မောင်နှမ တွေကြောက်ကြောက်လန့်လန့်နဲ့ အိပ်ကြရတယ်။ မနက်လင်းတော့ လူကြီးတချို့က အမကို နင့်တို့အဖေနဲ့အမေသေပြီတဲ့။ ပြီးတော့ ကျမကို အမေ့အရွယ် လောက်ရှိတဲ့ မိန်းမကြီးတ ယောက်ကသူနဲ့လိုက်ရမယ်တဲ့။ အမကလည်း လိုက်သွားဖို့ ပြောလို့ အမေ့ကိုတွေ့ရမယ် အထင်နဲ့ ကျမလိုက်ခဲ့တယ်။ ဒါပေမဲ့ အမေ့ကိုအဲ့ဒီကတည်းက တခါမှမတွေ့ရတော့ဘူး။ အမေ့ကိုမှမဟုတ်ပါဘူး.. တခြား.. ဘယ်သူ့ကိုမှမတွေ့ရတောတာ ခုချိန်ထိပါ။ ကျမ တွေ့ခဲ့ရတာတွေကတော့….
ဘန်ကောက်တဲ့.. ကျမတို့ကိုခိုင်းတဲ့ ထိုင်းမကြီးက ဗမာစကားနည်းနည်းတတ်တယ်။ ကျမတို့ဆိုတာက ကျမလို အသက် ၅ နှစ်နဲ့ ၁၀နှစ်ကြား ဗမာကလေးတွေ။ အားလုံးပေါင်းဆို ၁၂ ယောက်.. ။ မိန်းခလေး ၉ယောက်နဲ့ ယောက်ျားလေး ၃ယောက်။ အခန်းတခုတည်းမှာ အားလုံးအတူတူနေရတယ်။ ကျမတို့လုပ်ရတဲ့အလုပ်က လူစည်ကားတဲ့ နေရာတွေမှာ tissue စက္ကူလိပ်ကလေးတွေလိုက်ရောင်းရတာ။ ရောင်းတယ်ဆိုတာက ကြားကောင်းအောင်ပြောရ တာပါ။ တကယ်ကတော့ စက္ကူလိပ်လေးတခုပြပြီး တောင်းစားရတဲ့ သူတောင်းစားဘဝပါ။ လူအများစုကလည်း စုတ်ပြတ်ပေရေနေတဲ့ ကလေးတွေရဲ့လက်ထဲက စက္ကူလိပ်တွေကို မယူပဲ သနားလို့ စက္ကူလိပ်ဖိုးထက်တန်ဘိုးရှိတဲ့ငွေကို ပေးသွားကြတာများပါတယ်။ မဝရေစာသာ စားရလို့ ပိန်လှီနေတဲ့ကလေးတွေမို့ တချို့က စားစရာလေးတွေပေးတာလည်းရှိပါတယ်။ ဒါပေမဲ့ ပေးလာတဲ့စားစရာကို ယူစားလိုက်မိလို့ ဆုံးမခံလိုက်ရတာကတော့ တသက်မမေ့နိုင်စ ရာပါပဲ။ ကျမရဲ့ လက်ဆစ်တွေဟာ ဆေးလိပ်မီးနဲ့ အတို့ခံရတာများလွန်းလို့ အမာရွတ်တွေ ဖြစ်နေပါတယ်။ ကျမသူတောင်းစားအဖြစ် ခိုင်းစားခံရတာပါ။ တောင်းလို့ရတဲ့ငွေတွေကတော့ ကျမတို့ဘာမှ မသုံးရပါဘူး။ ကျမတို့ကိုသူက အခကြေးငွေနဲ့ဝယ်ထားရလို့ တန်ရာတန် ကြေးရအောင် ပြန်ခိုင်းစားနေတာလို့ အမြဲပြောပါတယ်။ ကျမကို ဘယ်သူကရောင်းစားလို့ ဘယ်သူပိုက်ဆံရသွားသလဲဆိုတာ ကျမမသိပေမဲ့၊ ကျမလုပ်ဆပ်ခဲ့ရတာကတော့ ကျမဘဝ တစ်ခုလုံးပါပဲ။
အားကိုးရာမဲ့နေတဲ့ ကျမတို့ဟာ သူ့လက်ထဲကနေဘယ်လိုမှ လွတ်အောင်ပြေးလို့ မရနိုင်ပါဘူး။ ကျမရဲ့ခန္တာကိုယ်ကနေ ရသမျှလုပ်အားခတွေကို နည်းအမျိုးမျိုးနဲ့ ဖျစ်ညှစ်ယူခဲ့ တာ သူ့လက်ကလွတ်ခဲ့တဲ့အချိန်မှာတော့ ကြံသာဆိုလျှင်အရည်ခြောက်ခန်းတဲ့ အဖတ်ကြမ်း ဖြစ်နေလောက်ပါပြီ။ သူ့လုပ်ငန်းကို ရဲကသိပြီးအဖမ်းခံရတော့မှ ကျမတို့လွတ်ခဲ့ကြတာ။ သူ့ရဲ့ လက်အောက်မှာ၁၈ နှစ်လောက်နေခဲ့ရပြီးတဲ့ ကျမဘဝဟာ ဘာအသိဥာဏ်မှမရှိတော့ သလိုပါပဲ။ သူခိုင်းသမျှ ကြောက်ကြောက်လန့်လန့်နဲ့ အလုပ်ပေါင်းစုံလုပ်ခဲ့ရပေမဲ့ ကိုယ့်တစ်ယောက်ထဲကျတော့ ဘာလုပ်ရမှန်းမသိတော့လို့ ဖမ်းတဲ့ရဲကပဲ အကူအညီပေးနိုင်မဲ့ သူကို ရှာပေးခဲ့ရ တယ်။ ကျမခဏကံကောင်းခဲ့ပါတယ်။ အိမ်ဖော်အလုပ်တနေရာ ရခဲ့ပါတယ်။ ကျမအဲ့ဒီမှာ အေးအေးဆေးဆေးနေခဲ့ပါတယ်။ အိမ်ရှင်ကလည်း အေးဆေးတယ်လေ။ ဘာပြဿနာမှမရှိတဲ့အပြင် ကျမပျော်ရွင်ခဲ့ရပါသေးတယ်။ အဲ့ဒါကတော့ ကျမနေတဲ့အိမ်က ကားဒရိုင်ဘာ `“ဖိဘွန်း” ကြောင့်ပါ။
(၄)
ဖိဘွန်းက ကျမကိုလက်ထပ်ချင်တယ်တဲ့။ အရက်သမား ဖောသွပ်သွပ်မို့ ယူမဲ့သူမရှိ ပေမဲ့ ကျမလိုလူတယောက်အတွက်ကတော့ အတည်တကျ လက်ထပ်ချင်တယ်ဆိုတဲ့သူ့ စကားဟာ အားဆေးတခွက်လိုဖြစ်ခဲ့ရပါတယ်။ ကျမအရွယ်က မိသားစုဘဝကို တည်ဆောက် နိုင်တဲ့ အရွယ်ရောက်ပြီလေ။ ကျမသူနဲ့ နှစ်ဦးသဘောတူ လက်ထပ်ခဲ့ပါတယ်။ ကျမသဌေး ကိုတောင် အသိမပေးနဲ့ဆိုလို့ တိုးတိုးတိတ်တိတ် လက်ထပ်ထားခဲ့တာ။ ကျမတို့ရှာထားသမျှ လေးတွေ စုဆောင်းထားပြီးမှ နှစ်ယောက်တစ်ဘဝ ထူထောင်ကြမယ်လေ။
ကိုယ့်အိုးကိုယ့်အိမ်လေးနဲ့နေရတဲ့ဘဝဆိုတာ ကျမငယ်စဉ်က ခဏလေးပဲရခဲ့တာပါ။ အခုချိန်မှာ ကိုယ်ကိုတိုင်ဖန်တီးခွင့်ရတော့မှာဆိုတော့ ကျမစဉ်းစားရင်းတောင်ဝမ်းသာမိပါ တယ်။ ကျမဒီတသက် ဒီလိုမိသားစုဘဝမျိုးလေး ပြန်မရနိုင်တော့ဘူးလို့ထင်ထားခဲ့မိလို့ပါ။ မိသားစုဘဝလေးတခုအတွက် ကျမအိပ်မက်မက်ခဲ့ရတာ လပိုင်းလောက်ပဲကြာပါတယ်။ ကံကြမ္မာမှုန်တိုင်းက ဖျက်လိုက်ပြန်တယ်။ ကျမမှာကိုယ်ဝန်ရှိလာတော့ အိမ်ရှင်တွေကမေး လာတယ်။ ကျမကတော့ ခပ်ရဲရဲပဲပြန်ဖြေလိုက်တယ်လေ။ ကျမယောက်ျား`“ဖိဘွန်း” ဆိုတာ။ ဒါကို ကျမရဲ့သဌေးက ဆိုးဆိုးဝါဝါးလုပ်ရပ်အဖြစ်သတ်မှတ်ပြီး ကျမကိုနှင်ချခဲ့တယ်။ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာဆိုတာ တကယ်ကြုံတွေ့ခဲ့ရတဲ့ ကျမအတွက်ကတော့ ခံစားရသိပ် ခက်ပါတယ်။ ဖိဘွန်းနေတဲ့ အခန်းလေးကိုရှာဖွေပြီး ကျမလိုက်သွားတော့ စိမ်းစိမ်းကားကားနဲ့ ကျမကိုမောင်းထုတ်တယ်လေ။ သူနဲ့အတူနေလို့မရဘူးတဲ့။ ဘာတွေဖြစ်ကုန်မှန်းမသိတော့ တဲ့ကျမ ရဲစခန်းမှာသွားပြီးအဖမ်းခံခဲ့ရပါတယ်။ သူတို့ဘာလုပ်လုပ်ကျမခံတော့မယ်။ ထောင်ထဲ ဆိုလည်း နေစရာရှိသေးတယ်လေ။
ဆက်ပါဦးမည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment