Thursday, October 9, 2008

သတိရမိတဲ့... ငယ်ဘဝတွေ..(အပိုင်း-၁)

ကလေးထိန်းတဲ့ခွေးကလေး
ဘာလိုလိုနဲ့နောက်တရာသီကို ပြောင်းသွားပြန်ပါပြီ။ Autumn လို့ခေါ်တဲ့ ဆောင်းဦး ရာသီတဲ့။ မိုးရေစက်တွေနဲ့အတူ ရွက်ဟောင်းတွေတဖွဲဖွဲကြွေလို့ Fall လို့လဲသိထားကြတယ်။ ဘာလိုလိုနဲ့ဒီမှာရောက်တာ အခုဆို ၂.နှစ်ပြည့်ပြီ။ ရောက်ကာစက ဒီအချိန်ဆိုအေးပေမဲ့ ဒီနှစ်မှာတော့တော်တော် ပူနေသေးတယ်။ သစ်ရွက် တွေကတော့ Fall color ဆိုတဲ့ လိမ္မော်ရောင်ဘက်ကို သန်းနေပြီိ။ တဖြည်းဖြည်း ရွက်ခြောက် တွေဖြစ်ပြီး မိုးဖွဲတွေနဲ့အတူ တဖြုတ်ဖြုတ် ကြွေကြတော့မှာ။ တခါကကြည့်ခဲ့ဖူးတဲ့ Autumn Tale (ဆောင်းဦးရွက်ကြွေ ချစ်သက်သေ) ဆိုတဲ့ကိုးရီးယားကားလေးမှာလည်း ဒီကရာသီ ဥတုမျိုးနဲ့တူနေတာ တွေ့ရတော့ အာရှခြင်းတူပေမဲ့ ရာသီဥတုကွဲနေတာကို သတိထားမိတယ်။
ဒီမှာကရာသီလေးမျိုးရှိတယ်။ စက်တင်ဘာ ၂၂ကနေ ဒီဇင်ဘာ ၂၁အထိက fall လို့ခေါ်တဲ့ ဆောင်းဦးရာသီ။ ဒီဇင်ဘာ ၂၁ကနေ မတ် ၂၀အထိက Winter လို့ခေါ်တဲ့ ဆောင်းဥတု။ ဒီကဆောင်းက ပတ်ဝန်းကျင်တခုလုံး အေးစိမ့်နေပေမဲ့ သစ်ပင်တွေကြည့်လိုက်ရင် ရိုးတံပြိုင်းပြိုင်းနဲ့ သစ်ခြောက်ပင်တွေလိုဖြစ်နေလို့ အမြင်အားဖြင့်က ကိုယ့်ဆီကနွေနဲ့တူနေတယ်။ ဒါပေမဲ့ ဥသြသံတော့မကြားရနိုင်ဘူး။ အပူကြိုက်တဲ့ ဥသြငှက်ကဒီလောက်အေးတဲ့ နေရာကိုဘယ်လိုသတ္တိနဲ့မှလာနိုင်မှာ မဟုတ်ဘူးလေ။ မတ်လ ၂၀ကနေ ဂျွန်လ ၂၁ထိကတော့ Spring လို့ခေါ်တဲ့ နွေဦး ရာသီ။ ဂျွန်လ ၂၁ကနေ စက်တင်ဘာ ၂၁ထိက Summer လို့ခေါ်တဲ့ နွေရာသီ။ နွေရာသီက ကိုယ့်ဆီကနဲ့ ပြောင်းပြန်။ ပူတာခြင်းတူပေမဲ့ သစ်ပင်တွေအားလုံးက စိမ်းစိုလန်းဆန်းလို့ တိုက်ခတ်တဲ့လေက အေးမြနေတာ။ ပူလောင်တာကိုသိပ်မခံစား ရဘူး။

ကိုယ့်ဆီမှာက နွေရာသီဆို ရွက်ဟောင်းတွေက လေနဲ့အတူ ကြွေကျပြီး ဥသြငှက်ကလေး တွေကလည်း ရိုးတံပြိုင်းပြိုင်း သစ်ကိုင်းတွေပေါ်မှာ ဆွေးဆွေး မြည့်မြည့်လေး အော်နေတတ်တာ။ တခါတခါ သစ်ရွက် ခြောက်တွေကြောင့် တောမီး လောင်နေတဲ့ မီးခိုးငွေ့တွေကို ဝေးဝေးကနေ လှမ်းမြင် နေရတတ်ပြီး မီးလောင်ခံ နေရတဲ့ ဝါးဆစ်တွေရဲ့ပေါက်ကွဲသံတွေကိုလည်း ကြားနေ ရတတ်တယ်။ သစ်ပင်ကြီး တွေကလည်း သူတို့ရဲ့ကိုယ်ပေါ်က ဟောင်းနွမ်းနေတဲ့ သစ်ရွက်အို တွေကို တရွက်ပြီးတရွက် ချွေချနေကြတာကလည်း ဝမ်းနည်းစရာပါ။ ရွက်ဟောင်းတွေခြွေချပြီး တန်ခူး၊ ကဆုန်လတွေမှာ တဖြိုက်နှစ်ဖြိုက် ရွာလိုက်တဲ့မိုးလေးနဲ့အတူ ဖူးပုရစ်တွေနဲ့ ပြန်လည် သစ်လွင်လာတဲ့ သစ်ပင်ကြီးတွေက ပတ်ဝန်းကျင်ကို တမျိုးအမြင်ဆန်း စေပါတယ်။ မိုးရာသီမှာတော့ စိုပြည်စိမ်းလန်းနေတဲ့ လယ်ကွင်းပြင်တွေက မျက်စိအေး စရာပါ။ အုံ့အုံ့မှိုင်းမှိုင်းနဲ့ ရွာချလိုက်တဲ့မိုးရေတွေရဲ့အောက်မှာ ရှိရှိသမျှအပင်တွေဟာ စိမ်းစိုနေပါတော့တယ်။ လယ်သမားတွေ အလုပ်များတဲ့ကာလပေါ့။ မိုးဘယ်လောက် ရွာရွာ လယ်သမားတွေကတော့ နားဖို့အချိန်မရပါဘူး။ စပါးခင်းကြီး ရွေဝါရောင်သန်း လာရင်တော့ ဆောင်းရာသီဝင်လာပြီ။ မြည့်ဝင်းနေတဲ့ စပါးခင်းကြီးတွေက ဆောင်းရာ သီရဲ့ နှင်းစက်တွေနဲ့အတူ စိုဝင်းနေတော့တာ။ ဒီအချိန်က လယ်သမားကြီးတွေအဖို့ စိုက်ခဲ့သမျှ ရိတ်သိမ်းရဖို့ အလုပ်ရှုပ်ကြတော့မှာ။
ယခုလို မိုးဦးကျကာလ… ဟိုးလွန်ခဲ့တဲ့ကလေးဘဝလေးက မေ့မရနိုင်တဲ့ အဖြစ် အပျက်လေးတွေကအများသားပါ။ အဲဒီထဲက ငယ်ရွယ်သေးတဲ့ကျမတို့ မောင်နှမတ စုကို ထိမ်းခဲ့တဲ့ခွေးလေးအကြောင်း သတိတရဖြစ်မိပါတယ်။ ကြောက် လန့်တကြားနဲ့ ရယ်ရမလို၊ ငိုရမလိုဖြစ် ခဲ့တဲ့ငယ်ငယ်တုန်းက ကျမတို့မောင် နှစ်မတစုရဲ့အဖြစ် အပျက်လေးတခုပါ။ အဲ့ဒီအကြောင်းပြောရင် ခွေးကလေးရဲ့ အကြောင်း ကနေ စပြောရပါလိမ့်မယ်။
ခြံလုံအောင်ခွေးကလေးတွေ မွေးထားချင်ပါတယ်ဆိုတဲ့ အမေ့စကားကြောင့် အဖေယူလာတာကခွေးကလေးနှစ်ကောင်။ မိခင်နို့ဖြတ်ကာစလေးတွေ။ တကောင်က အောင်ပင်လယ်၊ တကောင်က ဖိုးထောင်တဲ့။ သူ့သခင်ကနာမည်ပေးထားတာ။ တဲရောက်ပြီးလို့ တရက်နှစ်ရက်ပဲနေရသေးတယ်၊ အောင်ပင်လယ်က အစာနင်ပြီး သေရှာတယ်။ ဒီမှာလိုဆိုရင်တော့ တိရစ္ဆန်ဆေးကုခန်းတွေကို အရေးပေါ်သွားလို့ရ တာပေါ့။ အော်… ကိုယ်ဆီမှာသိတဲ့အတိုင်း၊ လူကိုတောင်အနိုင်နိုင်ကုကြရတာမဟုတ် လား။ အဲ့ဒါနဲ့.. ဖိုးထောင်လေးလည်း အဖော်မဲ့သွာရှာတယ်။ လူတွေနဲ့ပဲနီးနီးကပ်ကပ် နေရင်း အမေသင်ပေးတဲ့ စည်းကမ်းတွေနဲ့ ကြီးပြင်းလာခဲ့တယ်။
ဘယ်လောက်လိမ္မာသလဲဆိုရင် အိမ်ရှေ့မှာ ငါးခြောက်စတဲ့ စားစရာတွေလှမ်း ထားရင် ကြက်၊ ငှက်ဆွဲမှာပူစရာမလိုဘူး။ ဖိုးထောင်ကစောင့်နေတာ။ သူ့အတွက် အစာကိုတောင် စားဖို့သတ်မှတ်ပေးထားတဲ့ ခွက်ထဲမှာမဟုတ်ရင် မစားဘူး။ တခါဆို.. အမေတောင် အတော်စိတ်မကောင်းဖြစ်ဘူးတယ်။ သူ့အစာခွက်ကသေးတော့ စားဖို့ ထည့်ပြီးကျန်တဝက်ကို သူ့အစာခွက်နားမှာထားပြီး တခြားအလုပ်တခု သွားလုပ် နေတာ ထပ်ထည့်ပေးဖို့မေ့သွားခဲ့တယ်။ သူ့ခမြာ အမေမလာမခြင်း ထိုင်စောင့်နေ ရှာတယ်။ အမေလည်းမေ့နေခဲ့တာ အလုပ်ပြီးလို့ တရေးတမောအိပ်ပြီး မှသတိရတာ။ သူ့ခမြာ ခွက်ဘေးကမခွာဘဲ ကြက်ငှက်မစားအောင် ကာကွယ်ထား ရှာတယ်။ တခါကလည်း မှတ်မှတ်ရရ.. ကျမတို့ဥစားဖို့မွေးထားတဲ့ ဥစားကြက်မလေး ခြံကျော်ပြီး ခြေရှည်သွားလိုက်တာ၊ အိမ်ကဘယ်သူမှသတိမထားလိုက်မိဘူး။ ဖိုးထောင် က ကြက်မလေးသွားတဲ့နေရာဘက်ကို တခြားတဖက်ကကွေ့သွား ပြီးပြန် မောင်း လာခဲ့တာ၊ ကြက်မလေးက ကိုယ်လုံးကြီးပြီးနှေးနေလို့ သူ့ပါးစပ်နဲ့ ကိုက်ချီ လာခဲ့တယ်လေ။ ကြက်မလေးကလည်း အေးအေးဆေးဆေးလိုက် လာခဲ့တာ အံ့သြစရာ တွေ့ရတယ်။ ဒီမှာဆို ဗွီဒီယိုရိုက်ပြီး (American funniest home videos AFV ) အစီအစဉ် ကိုပို့လိုက်ရင် ဆုတွေတောင် ရနိုင်တယ်။
ခွေးကလေးအကြောင်းပြီးတော့ ကျမတို့အကြောင်းမိတ်ဆက်ပေးရမှာပေါ့။ ကျမတို့မောင်နှမဆိုတာက ကျမနဲ့တကွ ညီမလေးတယောက်နဲ့ မောင်လေးနှစ် ယောက်ပါ။ အကြီးဆုံးဖြစ်တဲ့အမကတော့ ကျမထက် ၇နှစ်ကြီးလို့ အပျိုဖြစ်နေပြီ။ အမ က မြို့ပေါ်ကအိမ်မှာ အဖွားတို့နဲ့နေရင်း ကျောင်းတက်နေတာ။ ကျမအောက်က အငယ်မလေးက အစိုးရိမ်လွန်ပြီး ပူပန်တတ်သူ။ ဘယ်လောက်အထိပူတတ်သလဲ ဆိုရင် အဖေတောင်အရှုံးပေးရတယ်။ တခါတုန်းက မိုးတွေအရမ်းရွာပြီး လယ်ကွင်းတွေ ရေလျှံတုန်း ကလေးတွေလှေမစီးဖူးလို့ စီးကြရပါစေဆိုပြီး အဖေက လက်ထွင်းလှေက လေးတစင်းရှာလာပြီး လယ်ကွင်းဘေးက ချောင်းရိုးသေးသေးထဲမှာ ဝါးလုံးတချောင်း နဲ့ ပဲ့ထိမ်းပြီး လိုက်လှော်ပေးပါတယ်။ အနောက်ဘက်ဆီက မိုးတွေအုံ့မှိုင်းပြီး ရွာခါနီး မိုးညှို့တက်လာချိန်မှာ ပူပင်တတ်တဲ့ ညီမလေးက ပါးစပ်ကတဖွဖွနဲ့ သူစိုးရိမ်တာ တွေကိုပြောလာလိုက်တာ၊ အဖေပါလျှက်သားနဲ့ ကျမတို့ပါ ကြောက်စိတ်ဝင်လာရပါ တယ်။ အဖေကလည်း ပျော်စေချင်လို့ လုပ်ပေးကာမှ ကလေးတွေစိတ်ဆင်းရဲနေရ တာကြောင့် အိမ်ပြန်လှည့်ရတဲ့အထိပါပဲ။
မောင်လေးတွေအကြောင်းကတော့ ထူးထူးထွေထွေမရှိ။ ဒါပေမဲ့ ကြီးစဉ်ငယ် လိုက်ဆိုတဲ့အတိုင်း၊ အကြီးတွေဝတ်လို့မတော်တော့တဲ့ အင်္ကျီ တွေကို အငယ်တွေက ဆက်ဝတ်ရတာ ဆင်းရဲ့တဲ့မိသားစုတွေရဲ့ ခြွေတာနည်းတခု ပါပဲ။ မိန်းခလေးသုံး ယောက်မွေးပြီးမှ ရောက်လာတဲ့မောင်လေးတွေခမျှာ ဂါဝန်ကိုယ်စီ ဝတ်ရသည်ပေါ့။ အဲ့ဒီအချိန်က ကျမတို့မောင်နှမလေးယောက် ချောင်းရိုးလေးတ လျှောက် လေ့လာ ရေးခရီးထွက်ကြစဉ်။
အချိန်က မိုးလေးတဖြိုက်နှစ်ဖြိုက်ရွာပြီး လယ်ကွက်တွေထဲက နှုတ်သိမ်းချိန်က ကျန်ခဲ့တဲ့ မြေပဲဥတွေက အစို့အညှောက်တွေထွက်စအချိန်။ ပဲပင်အိုတွေပေါ်က အသီးတွေကလည်း လုံလုံလောက်လောက် ရောင်းမရတော့လို့ ပိုင်ရှင်ကလည်း ခြံကာတွေဖြုတ်ပြီး ဘေးမဲ့ထားလိုက်ပြီ။ ခူးချင်သူတွေ ဝင်ခူးသွားကြ။ ကျမတို့လေး ယောက်က အဲ့ဒီလယ်ကွက်တွေထဲမှာ၊ လူကြီးဆိုတာက ကျမဘဲ။ အိမ်မှာကြော်စားရ အောင်ဆိုပြီး မြေပဲပင်ပေါက်တွေကောက်၊ ပဲသီးတွေခူး။ အမေမသိအောင်ထွက်လာပြီး အဆူမခံရအောင် လာဘ်ထိုးဘို့။ စားစရာတွေရှာလာတော့ အကူအညီရတဲ့ကလေး တွေဆိုပြီး အမေလည်းသဘောကျမှာ။ ပြောကြဆိုကြရင်း ဆက်ဆက်သွားလိုက်တာ ချောင်းရိုးလေးနားရောက်လာတယ်။ ချောင်းထဲနည်းနည်းဆင်းကြည့်လိုက်ရင်ဘဲ…. လားလား … မိုးဦးကျမှာဥနေကြတဲ့ခရုတွေ ကုန်းနဲ့ရေအစပ်တွေမှာ တန်းစီနေတာဘဲ။ ဒီခရုတွေပေါ့၊ ရှောက်ရွက်ပါးပါးလှီးပြီး သံပုရာရည်ညှစ်လို့ ငရုတ်သီးစိမ်းစပ်စပ်လေးနဲ့ အမေသုပ်ကြွေးတာ။ ဒါပေမဲ့ ဒီအတိုင်းအလုံးလိုက်မဟုတ်ပါဘူး။ သူများတွေပြုတ်၊ အဆံထုတ်ပြီး လာရောင်းတဲ့အခါ အမေဝယ်ပြီးသုပ်ကြွေးတာ။ ဒါတွေ ငါတို့ကောက် သွားရင် ပိုက်ဆံမကုန်ဘဲ အလကားရလို့ အမေ့ချီးမွမ်းခံရမှာဆိုပြီး ချောင်းရိုးတ လျှောက် ကောက်သွားကြတာ ကိုယ့်ခြံနဲ့အလှမ်းဝေးလာတာကို သတိမထားမိဘူး။ သတိထားမိလိုက်တဲ့အချိန်က ချောင်းရိုးအကွေ့၊ ဟိုးခပ်လှမ်းလှမ်းကနေ ပြေးလာတဲ့ သတ္တဝါတကောင်။ နားရွက်ကိုထောင်၊ အမြီးကိုကုပ်ပြီးလုံးနေအောင်လုပ်ပြီး ပြေးလာ တာ။ ဘာပါလိမ့်လို့မှင်တက်မိနေတုန်း အငယ်မက ခွေးရူးဆိုပြီးအော်လို့ လေး ယောက်သားပြေးလိုက်ရတာ၊ ကောက်ထားတာတွေအကုန်လုံးဘယ်ဆီရောက်လို့ ရောက်မှန်းမသိတော့။ အိမ်နဲ့အတော်အလှမ်းဝေးနေလို့ အားကုန်ပြေးနေကြရတဲ့ အထဲ အငယ်မက ပါးစပ်ကလည်းပြောလာလိုက်သေးတာစုံလို့။ ငါတို့တတွေသူများ အသက်သတ်လို့ ချောင်းစောင့်နတ်က ဒဏ်ခတ်တာတဲ့။ သူပြောမှ ကြောက်စိတ် တွေပိုပိုတိုးလာပြီး ပြေးလိုက်ကြတာ ခြံနားရောက်တဲ့အထိ မောမှန်းတောင်မသိကြ တော့ဘူး။ ခြံနားရောက်ကာနီးမှ ဖိုးထောင်ကအသံပေးပြီး ပုံမှန်အတိုင်းပြေးလာတော့မှ ကိုယ့်ခွေးဆိုတာသိကြတော့တာ။ အဲ့ဒီတော့မှ ကြောက်စိတ်တွေပြေပြီး သတိထားမိ လိုက်တော့ ကျမတို့လက်တွေထဲမှာ ဘာမှပါမလာတော့ပဲ၊ အငယ်ဆုံးမောင်လေးက သူဂါဝန်လေးမပြီးလုံးထားလို့ ဖြန့်ကြည့်လိုက်တာ သူခူးထားတဲ့ပဲသီးတွေ မပစ်ချခဲ့ပဲ ကိုး။ သုံးနှစ်သားလောက်သာရှိသေးတဲ့ အငယ်ဆုံးမောင်လေးက ဘောင်းဘီမပါပဲ ဝတ်ခဲ့တဲ့ သူ့ဂါဝန်လေးထဲကို သူခူးလို့ရသလောက်ပဲသီးတွေထည့်ပြီး ကျမတို့နဲ့ အပြိုင်ပြေးနိုင်ခဲ့တာကိုပဲ အံ့သြခဲ့ကြရသေးတယ်။ အကြီးတွေဖြစ်တဲ့ ကျမတို့ကတော့ ခွေးကိုပဲအပစ်ပုံချ၊ စိတ်ဆိုးနေကြပြီး လိုက်ရိုက်ခဲ့မိသေးတယ်။ အဲ့ဒီနေ့က အမေဆူတာခံရလို့ ဖိုးထောင်ကိုမကြေနပ်ကြဘူး။ အခုမှပြန်စဉ်းစားကြည့်တော့.. သူသာအဲ့ဒီလိုမလုပ်ခဲ့ရင်… ကျမတို့လည်းပြန်ဖို့မစဉ်းစား… ဘယ်အထိတောင်မှ ရောက်သွားမလဲ မသိနိုင်…
ပြန်စဉ်းစားကြည့်လေ ခွေးလေးကိုကျေးဇူးတင်မိလေဖြစ်မိပါတယ်။ ဘယ်ဘဝ ရောက်နေမှန်းမသိတော့တဲ့ ခွေးလေးကို အခုမှ ကျမ ချစ်မိပါတယ်။
ချွန်း
(၃.၁၀.၂၀၀၈)

1 comment:

ဒူကဘာ said...

မြန်မာ ရနံ့ ထုံသင်းကြိုင်တာ ငါအကြိုက်ဆုံးပဲ...။

ကချင်ကြီး ဒူကဘာ