Thursday, October 1, 2009

သမီးတို့အတွက်....

သမီးရေ..
အမေတို့အခုနေတဲ့နေရာကနေ မိုင်ပေါင်းထောင်ချီဝေးတဲ့ အမေတို့မွေးရပ်မြေအကြောင်း ပြောပြချင်တယ်။ မိုင်ပေါင်းထောင်ချီဝေးတယ်လို့ပြောရရင်တောင် သိပ်မပြည့်စုံသေးပါဘူး။ အမေတို့နေရာနဲ့ဆို နေ့နဲ့ညကို ကွာခြားနေတာပါ။ သမီးတို့ကျောင်းသွားနေရတဲ့အချိန်ဆို အမေ့တို့ မွေးရပ်မြေကလူတွေက အိပ်လို့ကောင်းကောင်းနဲ့ အိပ်မက်တွေပါ မက်နေကြမှာ။ ညဥ့်သုံးယမ်အလိုက် အချိန်မှန်မှန်တွန်တဲ့ ကြက်တွေကလဲ ဂျူတီမပျက် အသံသာသာနဲ့ တွန်နေကြဦးမှာလေ။ သူတို့တွန်သံတွေကို နာရီလုပ်ပြီး ဆွမ်းချက်တဲ့အမယ်အိုတွေ၊ အိမ်ရှင်မတွေကလဲ သံဃာတော်တွေအတွက် ဆွမ်းထချက်ကြဦးမှာ။ မိုးမလင်းခင် အရောက် သွားပြီး ကိုယ့်ဝမ်းစာအတွက် စိုက်ပျိုးထားကြတဲ့ သစ်သီးဝလံတွေကို စောစောရောင်းချရဖို့ အရေး တနင့်တပိုး ထမ်းပိုးသယ်ဆောင်နေကြတဲ့ တောင်သူဦးကြီးတွေကလည်း လမ်းတွေ ပေါ်မှာ လရောင် လက်ကျန် ဒါမှမဟုတ် မီးတုတ်လေးတွေအားကိုးနဲ့ ဈေးရှိရာကို သွားနေကြဦးမှာ။ အင်း… ဈေးသူမလေးတွေကလဲ သူ့ထက်ငါဦးအောင် တောင်သူဦးကြီးတွေ၊ အဒေါ်ကြီးတွေဆီကနေ ဈေးချိုချိုနဲ့ဝယ်နိုင်ရောင်းနိုင်ရအောင် စောစောစီးစီး ဝီရိယရှိရှိနဲ့ ရောင်းသူတွေလာရာအရပ်မှာ ထွက်ကြိုစောင့်နေကြဦးမှာ။ ကျေးရွာတွေက လယ်တောယာ မြေရှိတဲ့ လယ်သူမတွေ ယာသူမတွေကတော့ နေမပူခင်အိမ်ပြန်နိုင်အောင် မနက်မလင်းခင်က ယာတောဆင်းပြီး လုပ်ငန်းခွင်ဝင်နေကြပြီလေ။
အဲ့… အရှေ့ဘက်ကရောင်နီတက်လာပြီဆိုရင်တော့ ကျေးလက်၊ မြို့ပြအားလုံး စတင်ပြီး တလှုပ်လှုပ်တရွရွ ဖြစ်စပြုလာပြီပေါ။့ အဲ့ဒီအချိန်ဆိုရင်တော့ မြို့ကြီးသူ ကိုကို မမတွေက သူတို့လုပ်ငန်းတွေရှိရာ ရုံးတို့ ကျောင်းတို့ကိုသွားဖို့ ပြင်ဆင်ကြရပြီပေါ့။ ကျောင်းတက်ကြတဲ့ ကိုကိုမမတွေလဲ သူတို့မိဘတွေက ကျောင်းတက်ရမှာမို့ ထကြတော့လို့ နှိုးနေရပြီလေ။ အချိန်ရောက်လို့ သူတို့တတွေ လုပ်ငန်းခွင်ဝင်ကြပြီဆိုရင် အမေတို့ဆီမှာလဲ လုပ်ငန်းအသီးသီး ပြီးကြလို့ အိပ်ဖို့ပြင်နေကြပြီလေ။
ကွာခြားတာက ဒါတင်ဘယ်ကဦးမလဲ…. ရာသီဥတုတွေကလဲ ကွာခြားသေးတာပဲ။ အမေတို့ဆီမှာ အပူချိန်တွေမြင့်တဲ့ နွေရာသီကျောင်းပိတ်ချိန်တွေမှာ ဟိုမှာကတော့ မိုးရာသီ ကျောင်းဖွင့်ချိန်ဖြစ်နေပြီ။ မိုးတွေများလို့ တချို့နေရာက ရေကြီးနေကြသေးတယ်လေ။ ဟော… အခုအမေတို့ဆီမှာ မိုးစရွာလို့ အေးစပြုလာပြီဆိုတော့ ဟိုမှာက မိုးလေကင်းလွတ် သီတင်းကျွတ်ချိန်ကိုရောက်ပြန်ပြီလေ။ အမေတို့ ကလေးဘဝက အပျော်ဆုံးအချိန်တွေဟာ ဒီအချိန်တွေပေါ့..။ သီတင်းကျွတ်ကျောင်း ၁၀ ရက်ပိတ်ပြီဆို ရပ်ကွက်အလိုက် ကပွဲတွေ အပြိုင်အဆိုင်လုပ်ကြဖို့ သူ့ထက်ငါသာအောင် တိတ်တိတ်ဆိတ်ဆိတ် အကတိုက်ကြရတာ။ ဇာတ်လမ်းတွေ၊ တေးသရုပ်ဖော်တွေ၊ စတီရီယိုတေးတွေ (အဲ့ဒီအချိန်က ကာရာအိုကေ မရှိသေးဘူးလေ) အဓိကထားတင်ဆက်ကြတာ။ အဟဲ… ဒါတွေပြောနေလို့ အမေရော… ကတဲ့အထဲပါလားဆိုတော့ မပါပါဘူးကွယ်။ အမေတို့က ပွဲကြည့်ပရိတ်သတ်သက်သက်ပါ။ တခါတော့ ကရင်ဒုံးယိမ်းအကမှာ လူမပြည့်လို့ အမေ့ကို တနေရာပေးကဖူးတယ်။ ကရင်သွေးပါတဲ့ အမေကတာက အရှေ့မှာထားလို့လဲမဖြစ်၊ အနောက်မှာထားလို့လဲမရတော့ ကြားထဲကအတန်းမှာ ထည့်ပေး တာ ရှေ့ကလူကို ကန်မိလိုက် နောက်ကလူကို ကန်မိလိုက်နဲ့ အမေ က- ရင်သူတို့ မကတော့ဘူးဆိုတာနဲ့ အားနာနာနဲ့ ထွက်ပေးလိုက်ရတယ်။ အမေ့ရဲ့ မေမေ သမီးတို့ရဲ့ ဖွားဖွားကတော့ အမေ့ကိုအားပေးရှာပါတယ်။ ကတဲ့ခုန်တဲ့အလုပ်တွေကို စိတ်မဝင်စားပါနဲ့ သမီးရယ်တဲ့လေ။ အိမ်မှာက ပွဲလမ်းသဘင်ဆို အမေတယောက်သာ စိတ်ဝင်စားတာလေ။ ကျန်တဲ့မောင်နှမတွေက အဖော်ညှိလို့မရပါဘူး။ မက ရပေမဲ့ ပွဲကြည့်ဖို့ ကတော့ ပူစရာမလိုဘူး။ အမေ့မှာ ပွဲကြည့်တဲ့သူငယ်ချင်းတွေရှိတယ်။ အမေငယ်ငယ်က သူငယ်ချင်းနှစ်မျိုးရှိတယ်။ ကျောင်းတက်တဲ့သူငယ်ချင်းရယ်၊ ပွဲသွားတဲ့ သူငယ်ချင်းရယ်လေ။ ဘာကြောင့်လဲ… ဟုတ်လား… ဘာလို့လဲဆိုတော့ ကျောင်းသူငယ်ချင်းက အမေနဲ့အမြဲပွဲလိုက် မကြည့်ချင်ဘူးလေ။ အဲ့ဒီတော့ ပွဲကြည့်တဲ့သူငယ်ချင်းက အမေနဲ့ရွယ်တူ အိမ်နီးချင်း ကျောင်းမနေဘဲ ဈေးရောင်းတဲ့အစ္စလာမ်မလေးတွေနဲ့ အဖော်လုပ်ပြီး သွားရတယ်။ သူတို့က ဘယ်နားမှာပွဲရှိတယ်ဆိုတာသိတယ်။ သူတို့ဆွေမျိုးတွေက ပွဲဈေးရောင်းကြတာဆိုတော့ ပိုအဆင်ပြေတယ်လေ။ အင်း… သီတင်းကျွတ်၊ တန်ဆောင်တိုင်မီးထွန်းပွဲအကြောင်းပြောရင်း ငယ်ငယ်ကပွဲကြည့်တဲ့အကြောင်းကများသွားပြီ။
ဝါလကင်းလွတ်သီတင်းကျွတ်ပြီဆိုရင် အဲ့ဒီလိုပျော်ပွဲရွှင်ပွဲတွေရှိသလို ဘာသာရေးအလှူပွဲတွေ၊ ရပ်ရွာဓလေ့ထုံးစံတွေအရ အသက်အရွယ်ကြီးတဲ့ လူကြီးသူမတွေကို သူတို့အတွက် လိုအပ်နိုင်တဲ့ပစ္စည်းတွေ၊ မုန့်ကြွပ်လို ဘီစကစ်လိုမုန့်ခြောက်တွေ၊ ပုဆိုး အင်္ကျီတွေနဲ့ လိုက်ကန်တော့ကြတယ်။ အိမ်တိုင်းအိမ်တိုင်းကလဲ မုန့်ဖက်ထုပ်လို၊ ဟာလဝါလိုမုန့်တွေ လုပ်ပြီး တအိမ်နဲ့တအိမ် အပြန်အလှန် ပို့ပေးကြတယ်။ ဘုန်းကြီးကျောင်းတွေကိုတော့ ဦးဦးဖျားဖျား ပို့ကြတာပေါ့။ အမေတို့ဆီမှာ ဘုန်းကြီးကျောင်းတွေကလဲ ပေါတယ်။ တရွာဆို နှစ်ကျောင်းလောက်က အနည်းဆုံးပေါ့..။ တချို့ရွာဆို အရှေ့ကျောင်း၊ အနောက်ကျောင်း၊ တောင်ကျောင်း၊ မြောက်ကျောင်းဆိုပြီးရှိတာ။ ဘုရားပုထိုးစေတီတွေဆိုတာ လက်ညှိုးထိုး မလွဲဘူး။ တောင်ကုန်းမြင့်မြင့်ဆို စေတီရှိတာပဲ။ ထန်းပင်မြင့်မြင့်တွေနဲ့အတူ ဘုန်းတော်ကြီး ကျောင်းတွေက အမိုးအထွဋ်အဆင့်ဆင့်နဲ့ ကြီးကြီးမားမားတွေဆိုတော့ ကြည့်လိုက် မြင်လိုက်တာနဲ့ လူနေအိမ်တွေနဲ့ ကွဲပြားတယ်။ ဘုန်းတော်ကြီးကျောင်းတွေဟာ လူနေအိမ်တွေနဲ့ဝေးတဲ့ ရွာထိပ်တွေမှာ ဆောက်လုပ်လှူဒါန်းထားကြတာများတယ်..။ ဒါပေမဲ့ ရွာသူရွာသားအများစုကတော့ လပြည့်လကွယ် ဥပုသ်နေ့တွေဆို အမြဲတန်းသွားလာလေ့ရှိကြ တယ်လေ။ ဘုန်းကြီးကျောင်းမှာ ကထိန်ခင်းပြီဆို တရွာလုံး အိမ်လုံးကျွတ် အိမ်သူအိမ်သား ကလေးငယ်လေးတွေပါမကျန် တမိသားစုလုံးသွားကြ၊ စားကြ၊ လှူဒါန်းကြတာ။
ဘုန်းတော်ကြီးတွေကလဲ ကျောင်းကိုလာရောက်ကိုးကွယ်ကြတဲ့ ဒကာ၊ ဒကာမတွေကို ကောင်းမှု ကုသိုလ်တွေကို မှန်မှန်ပြုလုပ်ကြဖို့၊ မကောင်းမှု အကုသိုလ်တွေကို မလုပ်မိအောင် ရှောင်ကျဉ်ကြဖို့ မြတ်စွာဘုရားရဲ့ တရားတော်နဲ့အညီ ဟောပြောဆုံးမကြတယ်။ ရွာသူ ရွာသားတွေအပေါ် မေတ္တာထားကြတယ်။ ရွာသူရွာသားတွေကလဲ ဆရာတော် သံဃာတော် တွေအပေါ် ရတနာသုံးပါးမှာ တပါးအဖြစ် သိမှတ်ကိုးကွယ်အားထားကြတယ်လေ။ အဲဒီလိုနဲ့ အမေတို့တတွေရဲ့ဘဝတွေဟာ သာယာပျော်ရွှင်နေခဲ့ကြတာပါ။
ဒါပေမဲ့သမီးရယ်… ဝမ်းနည်းစရာကောင်းတာက အတ္တမာနတွေဖုံးလွှမ်းနေတဲ့လူတတစုက ဒီသာယာလှပခြင်းတွေကို ရက်ရက်စက်စက် အမျိုးမျိုး ဖျက်ဆီးခဲ့ကြတယ်။ အခုချိန်ဆို အမေတို့မွေးရပ်မြေကလူတွေဟာ ပျော်ရွှင်စရာတွေနဲ့ ကင်းဝေးနေပါပြီ။ အမေတို့ ဘာသာအရ အထွဋ်အမြတ်ထားခံရတဲ့ သံဃာတော်တွေကိုတောင် ဗုဒ္ဓဘာသာတွေဖြစ်ရက်နဲ့ ရက်ရက် စက်စက်နှိပ်စက်ခဲ့ကြတယ်။
ဟိုးလွန်ခဲ့တဲ့ ၆-နှစ်ကျော်လောက်ကပေါ့… တိတိကျကျပြောရရင်တော့ ၂၀၀၃-ခုနှစ် မေလ ၃၀-ရက်နေ့မှာ အမေတို့မွေးရပ်မြေက လူတွေအားလုံးချစ်ခင်ကြတဲ့ အမေ(ဒေါ်အောင်ဆန်း စုကြည်) နဲ့တကွ စည်းရုံးရေး ခရီးသွားကြတဲ့သူတွေကို ဦးပြည်းစိမ်း တွေနဲ့ သံဃာတွေက ဝါးရင်းတုတ်စိမ်းတွေနဲ့ ရက်ရက်စက်စက် ရိုက်သတ်ခဲ့ကြတယ်။ ကံကောင်းလို့အမေလွတ်ခဲ့ ပေမဲ့ လူတော်တော်များများ အသက်ပေးခဲ့ကြရတယ်။ ဒါပေမဲ့အဲဒီက သံဃာတွေဟာ အခုချိန်အထိ အပြစ်ပေးအရေးယူခံရတယ်ဆိုတာ မကြားမိပါဘူး။ အဲ့ဒီရိုက်ပွဲပြီးဒါနဲ့ အဲ့ဒီသံဃာ တွေလဲ ပျောက်ခြင်းမလှ ပျောက်သွားကြတာပဲ။ သူတို့တတွေဟာ ဖမ်းဆီးအရေးယူခြင်းလဲ မခံရပါဘူး.. အံ့သြစရာမကောင်ဘူးလားသမီးရယ်….
အဲ့.. ဒါပေမဲ့ လွန်ခဲ့တဲ့ ၂-နှစ်လောက်က တော့ အုပ်ချုပ်သူတွေနဲ့ အပေါင်းပါတစုကလွဲရင် ကျန်တဲ့လူထုတွေဟာ အတိဒုက္ခရောက်နေကြတာကို သနားဂရုဏာဖြစ်ကြလို့ သံဃာတော် တွေက လမ်းလျှောက်မေတ္တာပို့ခဲ့ကြတာကို ရက်ရက်စက်စက်နှိမ်နင်းပြီး ဒီသံဃာတော်တွေကို သံဃာတု၊ သံဃာယောင်တွေဆိုပြီး ဘုန်းကြီးကျောင်းတွေထဲအထိ စစ်တလင်းမြေတွေမှာလို သံဃာတော်တွေကို ဖမ်းဆီး၊ နှိပ်စက်၊ ထောင်ချခဲ့ကြတယ်….။ ဒါတွေဟာ အမေတို့မွေရပ်မြေမှာ တကယ်ဖြစ်ခဲ့တာပါ။ အမေတို့ သမီးတို့ သက်ရှိထင်ရှားအချိန်မှာကို တကယ်ဖြစ်ခဲ့တာပါသမီးရယ်…။ ဒါတွေဟာ သမိုင်းတွေပါ…။ သမီးတို့ ဒီအကြောင်းတွေကို အမေတို့ မွေးရပ်မြေအကြောင်းကို စိတ်ဝင်စားတယ်…. ဟုတ်လား….။ ဒါဆိုသမီးတို့ကို အမေတခုတောင်းဆိုချင်တယ်။ သမီးတို့ဟာ အမေတို့ မွေးရပ်မြေမှာ ပြောနေသုံးနေတဲ့ စာတွေ၊ စကားတွေကို ဘယ်တော့မှမမေ့အောင် ကြိုးစားသင်ယူရမယ်နော်… အဲ့ဒါလေးတခုတော့ အမေ့ကိုဂတိပေးပါကွယ်…။ ကဲ… အမေတို့ မွေးရပ်မြေကအကြောင်း သီချင်းလေးတပုဒ် သမီးတို့နားထောင်ကြည့်ချင်သေးလား…



သမီးတို့တွေလဲ တနေ့နေ့မှာ အမေတို့ မွေးရပ်မြေအတွက် တထောင့်တနေရာက မားမားမတ်မတ် ရပ်တည်ပေးနိုင်တဲ့သူ၊ အားကိုးရနိုင်တဲ့သူတွေ အဖြစ် အမေမြင်ချင်ပါတယ်...။

1 comment:

Nge Naing said...

အိမ်လွမ်းသူရေ
လာဖတ်သွားပါတယ်။ ကလေးတွေ အတွက် ဒီလိုရေးပေးထားတာ သိပ်ကောင်းပါတယ်။