ခေတ်မှီိတိုးတက်တယ်ဆိုတဲ့ ခေတ်ကြီးမှာ ကောင်းတာတွေရှိသလို မလိုအပ်တဲ့ ဘေးဒုက္ခတွေ ကလည်း ပြောလို့မကုန်နိုင်အောင်ပါပဲ။ သတင်းတွေထဲမှာ ကလေးတွေသောက်သုံးတဲ့ နို့မှုန့်တွေထဲ မထည့်သင့်တာတွေကို ဈေးကွက်မှာရောင်းကောင်းအောင်ဆိုတဲ့ လောဘ တခုတည်းကြည့်ပြီး ထည့်ခဲ့တဲ့ မသမာတဲ့ စီးပွားရေးသမားတွေကြောင့် ကလေးသန်းပေါင်းများ စွာ ဒုက္ခရောက်ရတယ်ဆိုတဲ့သတင်းတွေ၊ ဂျပန်က Nissin ကုမ္ပဏီနဲ့ Myojo ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ခေါက်ဆွဲခြောက်တွေမှာ ပိုးသတ်ဆေးတွေ တွေ့ရတယ်ဆိုတဲ့သတင်းတွေ ကြောင့် အရင်ကတည်းက ခေတ်မှီအောင်ထုပ်ပိုးပြီး လှပအောင်ပြင်ဆင်ထားတဲ့ အစား အသောက်တွေကို မနှစ်သက်တဲ့ ကျမဟာ ဟိုး..ငယ်စဉ်က စားသောက်ခဲ့ရတာလေးတွေကို ပြန်ပြောင်းတမ်းတ သတိရမိပါတယ်။
ကျမရဲ့မိဘတွေက လယ်သမားလူတန်းစားကနေ မွေးဖွားကြီးပြင်းလာကြတာဖြစ်ပေမဲ့ သူတို့ ကြီးပြင်းလို့ လုပ်ငန်းခွင်ဝင်လို့ရတဲ့ အချိန်မှာတော့ အလုပ်သမား လူတန်းစားဘဝကို ရွေးချယ်ခဲ့ပါတယ်။ အိမ်ထောင်သည်ဘဝရောက်တဲ့အချိန်မှာတော့ ရောက်ရှိလာကြတဲ့ မျိုးဆက်သစ်တွေအတွက် တိုးတက်စေချင်တဲ့ စေတနာတွေနဲ့ ငွေရှာတဲ့အခါမှာ လူတန်းစား နှစ်ရပ် လုပ်ရမဲ့အလုပ်တွေကို ဇယ်စက်သလို အပင်ပန်းခံပြီး လုပ်ခဲ့ရတာကတော့ နအဖ ခေတ်မှာ လူဖြစ်လာရတဲ့ ကျမတို့ရဲ့ မိဘတွေပါ။ ကလေးတစ်ယောက်လောက်မှာ ဝန်ထမ်းလစာနဲ့ လောက်ငှသေးပေမဲ့၊ ကလေးငါးယောက်တို့ရဲ့ ဖခင်ကြီးဟာ စက်ရုံနဲ့ လယ်ယာတွေထဲမှာ ဘဝစက်ရဟတ်ကို လည်ပတ်စေခဲ့ပါတယ်။ မိခင်နဲ့တကွ ကျမတို့ မောင်နှမ တတွေကတော့ စက်ခေါင်းကြီးနောက်က နောက်တွဲလေးတွေပါရသလို လယ်ကွင်း တွေထဲမှာ ကြီးပြင်းကြရတာပေါ့။
ကျမရဲ့ မိဘတွေဟာ လယ်သမား၊ အလုပ်သမားဆိုတဲ့ ဂုဏ်ပုဒ်ကို လူတွေရှေ့မှာ ထုတ်ဖော် ပြောဆိုဖို့ ကျမ ဘယ်တော့မှဝန်မလေးခဲ့၊ မရှက်ခဲ့ပါ။ ဒါ့အပြင် အကယ်၍သာ မြန်မာပြည်ကြီး ဒီမိုကရေစီရလို့ လူတိုင်းလူတိုင်း သူ့နေရာနဲ့သူ နေကြတဲ့အချိန်ရောက်ရင် ကျမလိုချင်တဲ့ နေရာက လယ်သမားတယောက်ရဲ့ဘဝမျိုးပါ။ လယ်ယာတွေက ကျမကိုအဲ့ဒီလောက်အထိ ဆွဲဆောင်နိုင်ခဲ့တာပါ။ ဘဝတလျှောက်မှာ ပျော်ရွှင်ခဲ့ဖူးတဲ့၊ လွမ်းဆွတ်မိတဲ့ အရပ်ဟာလည်း ဒီလယ်ကွင်းတွေထဲမှာပဲဆိုတာ အခုချိန်မှ သိလာရတာပါ။ အစားအသောက်နဲ့ ပတ်သက် လို့လဲ ဒီလယ်ကွင်းတွေထဲက သန့်ရှင်းလတ်ဆတ်တဲ့၊ ဘာဓါတ်မြေသြဇာမှ မပါဝင်တဲ့ အသီးအနှံတွေ၊ သားငါးတွေကို စားသောက်ခဲ့ရတာကို အလွမ်းဆွတ်ဆုံးပါပဲ။ တခါတလေ ကျမရဲ့သမီးလေးတွေကို သနားမိပါတယ်။ စားစရာဆို ရေခဲသေတ္တာထဲမှာ ထည့်ပေးထားတာ လောက်ပဲ စားရပြီး ကျဉ်းကြပ်တဲ့ ဧည့်ခန်းလေးဟာလဲ သူတို့ရဲ့ ကစားကွင်းလေးလို့ သတ်မှတ်ထားရတဲ့ လှောင်အိမ်ထဲက ငှက်ကလေးတွေလိုပါပဲ။
ကျမ အားလပ်တဲ့ရက်မျိုးတွေမှာ သမီးတို့ကို ငယ်စဉ်က ကျမတို့ မိသားစုရဲ့ ဘဝလေးတွေ အကြောင်း ပြန်ပြောင်းပြောပြနေမိပါတယ်။
တောင်တလုံးလို့ခေါ်တဲ့ရွာကလေးမှာ လယ်နဲ့ ခြံလေးနဲ့စပ်လျှက်ရှိတဲ့နေရာတခုကို ကျမတို့ မိသားစု ပိုင်ဆိုင်သလို သုံးအိမ်စုလို့ ခေါ်တဲ့ ရွာလေးမှာတော့၊ သစ်ပင်ကြီးတွေ ဝါးရုံတွေရှိတဲ့ ခြံကို ကျမတို့ ပိုင်ပါတယ်။ ကျမတို့ ငယ်ဘဝတွေက အဲ့ဒီခြံကြီးနှစ်ခုထဲမှာ ဖြတ်သန်းခဲ့ရတာ များပါတယ်။ စာသောက်စရာတွေဆို ငွေကုန်ခံစရာမလိုပါဘူး။ ချွေတာစုဆောင်းပြီး ကလေး ငါးယောက်လုံး ပညာတတ်စေဖို့က ကြီးမားတဲ့ အဖေ့ရည်ရွယ်ချက်ပါ။ ငွေမကုန်ပဲ စားလို့ရတာ အကုန်စိုက်ပြီး ကျမတို့ကို ကြွေးမွေးခဲ့တာပါ။ အဖေ့ခြံဟာ ကျမတို့အတွက် စားစရာ မရှားပါးခဲ့ပါဘူး။ ငှက်ပျော၊ သင်္ဘော၊ မာလကာ၊ သရက်၊ ပိန္နဲနဲ့ ကြံကအစ စုံလင်လှပါတယ်။ ရာသီစာဖြစ်တဲ့ ကဇွန်းဥ၊ စိမ်းစားဥ၊ အာတာလွတ် စတဲ့စားစရာတွေအပြင် ဟင်းချက်စရာ အပင်ပေါင်းကလည်း မနည်းလှပါဘူး။ အိမ်နောက်ဖေး ဈေးဆိုင်တည်ဆိုတဲ့ အတိုင်း လိုချင်တာ အကုန်ဝယ်လို့ရတဲ့ ကျမတို့ခြံဟာ အိမ်နီးနားချင်းတွေအတွက်လည်း အဆင်ပြေခဲ့ပါတယ်။ လယ်ကွင်းထဲက ကောက်ညှင်းဆန်ရသလို၊ ကောက်ညှင်းကနေဖောက် လို့ရတဲ့ ပေါက်ပေါက်ကို ထန်းလျှက်နဲ့ဆုပ်ပြီးစားရတဲ့ ပေါက်ပေါက်ဆုပ်ကိုလည်း အမေက လုပ်ပေးပါတယ်။ ကောက်ညှင်းစပါးနုနုကို ထုပြားပြီးလုပ်ရတဲ့ မုန့်ဆန်း ဆိုတာကိုလဲ လယ်ထဲက ရပါသေးတယ်။ ကိုယ့်လယ်ထဲကထွက် တဲ့ စပါးကို စပါးကျီထဲထားပြီး လိုအပ်တဲ့အချိန်မှထုတ်ပြီး ဆန်စက်မှာ ကြိတ်ခွဲတဲ့လတ်ဆတ်တဲ့ ဆန်ကိုချက်တဲ့ ထမင်းက ရတဲ့ထမင်းရည်ဟာလည်း ကျမတို့အတွက် တော်တော်အာဟာရ ဖြစ်စေပါတယ်။ ထမင်းရည်ငှဲ့ပြီးတာနဲ့ ဥစားကြက်မလေးရဲ့ ဥကိုဖောက်ထည့်ပြီး သကြားနဲ့ ဆား အနေတော်ထည့်ပြီး သောက်ရတဲ့အရသာဟာ အခုကလေးတွေသောက်နေရတဲ့ နို့ထက် သာပါတယ်။
စပါးရိတ်သိမ်းပြီးချိန်မှာတော့ လယ်ကွက်တွေကို အနားမပေးထားပါဘူး။ မြေပဲ၊ နှမ်း၊ ပဲလွန်း၊ ဘိုကိတ်ပဲ နဲ့ ပဲတောက်ရှည်တွေ၊ ပြောင်းဖူးပင်တွေကို တနှစ်နဲ့ တနှစ်မထပ်စေရအောင် စိုက်ပျိုး ရပါတယ်။ ထွက်လာတဲ့မြေပဲနဲ့ နှမ်းတို့ကတော့ ဆီအတွက်လုံလောက်အောင် ထားရပါတယ်။ လယ်ကွက်တွေထဲမှာ စပါးတမျိုးထဲမဟုတ်ပဲ၊ တခြားအပင်တွေကို အလှည့်ကျ စိုက်ပျိုးပေးခြင်းအားဖြင့် လယ်ကွက်အတွက်မြေသြဇာ ဖြစ်စေတယ်လို့ အဖေကပြောပြဖူး ပါတယ်။ ဒါပေမဲ့ လယ်ကွက်တိုင်းမှာ ဘယ်အပင်စိုက်စိုက် ရတယ်လို့တော့ မဟုတ်ပါဘူး။ တချို့အပင်တွေက မြေသြဇာကို စုပ်ယူသွားတတ်တာလည်း ရှိပါတယ်။ ကိုယ့်လယ်ကွက် အကြောင်း လယ်သမားတိုင်း ကောင်းကောင်းသိထားကြပါတယ်။ ဒါကြောင့် သူတို့လယ်အတွက် ကောင်းမယ့်အပင်တွေကို ရွေးစိုက်ကြပါတယ်။ လယ်သမားအတွက် အတတ်ပညာကလည်း သူ့ဟာသူရှိပါတယ်။ ရှေးခေတ်က လယ်သမားတိုင်းဟာ သူတို့သား တွေကို သူများလယ်မှာ သူရင်းငှား အနည်းဆုံးသုံး၊ လေးနှစ် လုပ်စေပြီးမှ မိမိပိုင်တဲ့လယ်တွေကို ပြန်လုပ်စေပါတယ်။ ပညာတွေရအောင်လို့ရယ်၊ ဝန်ထမ်းမဟုတ်ပဲ ကိုယ့်လယ်နဲ့ကိုယ်ပဲဆိုပြီး အစကတည်းက ပေါ့ပေါ့လျှော့လျှော့ လုပ်တဲ့အကျင့် မဖြစ်အောင်လို့ရယ် ဒီလိုလုပ်ကြတာလို့ အဖေကပြောပြဖူးပါတယ်။ အဖေငယ်စဉ်ကလည်း ဒီလိုပဲ လယ်သမားတယောက် တတ်သင့် တဲ့ ပညာရပ်တွေကို သူရင်းငှားနှစ်နဲ့ချီလုပ်ပြီး သင်ယူခဲ့ရတာပါ။ ဒါကြောင့်လဲ လယ်ယာ၊ ခြံမြေတွေကို အောင်မြင်ဖြစ်ထွန်းအောင် လုပ်နိုင်ခဲ့ပါတယ်။
ကျမတို့ အရွယ်ရလာတဲ့ အချိန်မှာ အဖေလယ်မလုပ်တော့ပါဘူး။ ကျမတို့ ဂုဏ်ငယ်မှာ ကြောက်လို့တော့ မဟုတ်ပါဘူး။ အဖေလယ်လုပ်တဲ့အတွက် ဂုဏ်ငယ်တယ်လို့လည်း ကျမတို့ မောင်နှမအားလုံး ဘယ်သူမှ မထင်ကြပါဘူး။ အဖေလယ်မလုပ်တော့တဲ့ အကြောင်းရင်းကတော့ လယ်ထဲကို ထီးဆောင်းလာပြီး၊ လယ်အကြောင်း ဘာမှနားမလည်တဲ့ လူတွေက လယ်တွေမှာစပါးကို နှစ်သီးစား၊ သုံးသီးစား စိုက်ရမယ်လို့ အမိန့်ထုတ် ပြန်လိုက်လို့ ဖြစ်ပါတယ်။ အဖေလည်း လယ်သမားဘဝကို စိတ်မကုန်ပေမဲ့ စိတ်ပျက် ခဲ့ပါတယ်။ ကျမတို့လည်း ပျော်ရွှင်ဖွယ်ရာလယ်ကွင်းတွေနဲ့ ဝေးခဲ့ရပါတော့တယ်။
လူတိုင်း သူ့နေရာနဲ့သူ နေနိုင်ခွင့်လေး ရကြစေချင်ပါတယ်။
3 comments:
သူ့နေရာနဲ့ သူ၊ ဒူးနေရာဒူး တော်နေရာတော် ပေါ့ မဆီမဆိုင် သွားဆက်စပ်မိတာက မင်းဒင်ရဲ့ ပို့စ်တခုမှာ ဖတ်ရတာ ဗိုလ်ချုပ်တင်လှ ဆိုတဲ့ တပ်မ၂၂ နွားက "စစ်သားဆိုတာ မလုပ်တတ်တာဘာမှ မရှိဖူး" လို့ ပြောတာ ၊ ဦးနှောက် မရှိတာများ ပြောပါတယ် ... အင်း သူတို့ရှိနေသမျှ တို့နိုင်ငံ လူလုံး မလှကြရ ဦးမယ်လေ။
အိမ်လွမ်းသူရေ....
ကျနော်တို့ က လယ်သမားမျိုးရိုးမဟုတ်ပါဘူး...
ဒါပေမယ့် နေပူပူ၊မိုးရွာရွာ နွားနဲ့ ဖက်ရုန်းပြီး ကျနော်တို့ စားတဲ့ ထမင်းတွေရဲ့ အရှင်သခင်လယ်သမားတွေကို ငယ်ကတည်းက ခင်မင်လေးစားတာပါ...။
ကျနော်လွမ်းတာက စပါးသီးကာစ နို့ ရည်တည်ကာစ အချိန် လေနဲ့ သင်းဝေ့လာတဲ့  စပါးပင်အနံ့ လေးတွေပါ...။
ခုတော့ လွမ်းတယ်ဗျာ....။
အိမ်လွမ်းသူရဲ့ အဖေလို လယ်သမားတွေ အများကြီးဘဲ...လယ်တွေကို ကျောခိုင်းလိုက်တာ...
အခု လယ်ယာတွေက ကွင်းမသန့် တော့ဘူးလေ...။
တအား လွမ်းပြီး တအားတွေရေးနေတော့ ကိုယ်ပါ လွမ်းသွားတယ် မချို
Post a Comment