Sunday, April 19, 2009

ဝေဘန်ရေး



ဘာလိုလိုနဲ့ သင်္ကြန်တောင်ပြီးသွားပြီ။ သင်္ကြန်ပွဲနဲ့ ပတ်သက်လို့ ဝေဘန်ရေးပေးစရာရှိတာ ပေးဦးမှ….။
ဒီကိုရောက်ပြီးတဲ့အချိန်တွေမှာ ကျမအနေနဲ့ကတော့ သူများတွေသင်္ကြန်ပွဲဆိုလို့သာ၊ ဧပြီလမှာ သင်္ကြန်ကျတယ်ဆိုလို့သာ သင်္ကြန်လိုက်ရတာ… ကိုယ့်ဆီကသင်္ကြန်လို ခံစားချက် တစက်ကလေးမှမရဘူး။ အဓိကကတော့ အပူချိန်လေ။ ဒီမှာက ဧပြီလမှာ အအေးဓာတ်က ကုန်သေးတာမှမဟုတ်တာ။ ဂျွန်၊ ဂျူလိုင်လို လတွေမှာတော့ ဒီကအပူဟာ ကျမတို့ဆီက ဧပြီလအပူချိန်မျိုးပါ။ အမေရိကန်တွေ အဝတ်မကပ်တဲ့အချိန်ပေါ့..။ အမေရိကန်တွေမှ မဟုတ်ပါဘူး။ အပူဒဏ်ကို လူတိုင်းခံစားရတာပါပဲ…။ အဲ့ဒီအချိန်ကျမှ သင်္ကြန်ပိုးက ကျမဆီဝင်တာ..။ ဘယ်သူတွေဘာပြောပြော ကျမကတော့ သမီးတွေနဲ့ သင်္ကြန်ထမင်းတွေ ချက်စား၊ မုန့်လုံးရေပေါ်တွေ လုပ်စားပြီး သားအမိသုံးယောက် ရေပက်တန်းကစားနေကြတာ။ သင်္ကြန်သီချင်းတွေလည်း ဖွင့်လို့ပေါ့..။ တနှစ်မှာ နှစ်ခါ သင်္ကြန်ကျနေတာပေါ့။

အင်း……….. ဒီနှစ် သင်္ကြန်ပွဲနဲ့ ပတ်သက်လို့ ဝေဘန်စရာလေးတွေတော့ရှိသား..။ အပြုသဘောနဲ့ပေါ့လေ။
ဒီနှစ်သင်္ကြန်ပွဲက ထူးခြားပါတယ်။ အရင်နှစ်တွေက သင်္ကြန်ဆို ဖာသိဖာသာနေတဲ့ ကိုဝိုင်းမော်က ဒီနှစ်သင်္ကြန်လုပ်ဖို့ စတင်ဆော်သြတော့ နဲနဲတော့ထူးခြားနေတာပေါ့။ အဲဒီကတည်းက ဒီနှစ်တော့ ပွဲစည်ပြီလို့ ပြောလိုက်မိသေးတာ။
သင်္ကြန်ပွဲ လုပ်ဖို့ စတင်ပြင်ဆင်ကြတယ်ဆိုရင်ပဲ စနေ၊ တနင်္ဂနွေဆို ဦိးဂင်ကြီိးက အလုပ်ရှုပ်နေတော့တာ။ တခါတလေဆို စနေနေ့ အလုပ်ဆင်းရမဲ့ ကျမကိုတောင် အကြို၊ အပို့ မလုပ်နိုင်တော့ဘူး။ အားလပ်ရက်မှာ ပြင်ဆင်ကြရတာကိုး။
သီချင်းတိုက်တဲ့အချိန် နှစ်ခါလောက် လိုက်သွားဖူးတယ်။ ကလေးတွေဆိုနေကြတာ ဟုတ်နေတာပဲ… ။ တကယ့်ပွဲမှာထက်ကောင်းတယ်။ တိုက်တဲ့အချိန်မှာ စက်တွေ၊ မိုက်ကရိုဖုန်းတွေနဲ့ ဆိုတော့ တကယ်ကိုစင်ပေါ်မှာဆိုနေသလို အသံကုန်ဆိုနေကြတာ..။ ပွဲလည်းစရော… အသံတွေမရှိတော့ဘူး.. :))
ရာသီဥတုအရလည်းပါတာပေါ့…။ ဒီကရာသီက ပန်းတွေကြွေတဲ့အချိန်ဆို နှာစေး၊ ချောင်းဆိုး၊ လည်ပင်းနာတာတွေ ဖြစ်တတ်ကြတယ်လေ။ သမီိးကြီး ပေါ့အိုင်းလည်း သီချင်းတောင်ဆိုနိုင်တော့မယ် ထင်မထားဘူး။ သူကလည်း တိုက်ပြီးသားဆိုတော့ တကယ်ပွဲမှာ ဆိုချင်ရှာတယ်လေ…. ။ နှာစေး၊ ချောင်းဆိုးနေတဲ့ကြားက သွားဆိုနေတာ..။ ကိုယ့်မှာတော့ သီချင်းဆိုရင်း ချောင်းထဆိုးမှာ စိုးနေရတယ်။ တော်သေးတယ်.. အသံနဲနဲလုံးသွားတာကလွဲလို့.. အဆင်ပြေသွားတယ်။
အဆင်မပြေတာက ကျမပဲ..။ အောက်ကနေ ကင်မရာအသေးလေးတလုံးနဲ့ ဓာတ်ပုံရိုက်လိုက်၊ ဗွီဒီယိုရိုက်လိုက်နဲ့ တယောက်တည်း အလုပ်တွေရှုပ်နေတာလေ..။ အဲ့ဒီလောက် အလုပ်ရှုပ်နေတာတောင်မှ လိုချင်တဲ့ပုံတွေရမလာဘူး။ တခါဆို ဒီပွဲမှာ စားသောက်ဖို့ ချက်ပြုတ်ရေးတာဝန်ယူထားတဲ့ ကိုကျော်နိုင် သီချင်းဆိုတဲ့အလှည့်မှာ ကိုယ်ကတော့ အကောင်းဆုံးဖြစ်အောင် ဗွီဒီယိုရိုက်ယူနေတာ…. သူက သီချင်းဆိုလည်းကောင်းတယ်။ ဟန်နဲ့ ပန်နဲ့ ဆိုနေတာ… အရင်နှစ်ကဆို သူတို့လင်မယားနှစ်ယောက် စုံတွဲသီချင်းတောင် ဆိုဖြစ်ကြသေးတာ… ။ ကိုယ့်မှာ.. ကင်မရာကိုင်ပြီး စိတ်ရည်ရှည်နဲ့ အနီးအဝေချိန်ပြီး ဟုတ်တိ ပတ်တိ ရိုက်နေတာ… ဘေးမှာ သမီးတွေစကားလာပြောတာကိုတောင် တိတ်တိတ်နေဖို့ အသာလေး လက်ဟန်ခြေဟန် လုပ်ပြနေရသေးတယ်။ သီချင်းပြီိးလို့ လက်ခုပ်သံတွေ လဲပြီးရော ကင်မရာပိတ်လိုက်မှ RED ဆိုပြီး အနီရောင်မှိတ်တုပ်မှိတ်တုပ်က ပေါ်လာတယ်…။ သေပြီဆိုပြီး ကိုယ်နှဖူး ကိုယ်ပြန်ရိုက်မိသွားတယ်။ နောက်တော့ ကိုကျော်နိုင် သီချင်းဆိုတဲ့နေရာ ဖွင့်ကြည့်တော့ သေပြီဆိုတဲ့အသံပဲ ပါတော့တာ….း)))
နောက်ကျန်သေးတယ်…..
လိဒ်ဂစ်တာတီးတဲ့ ကိုမိုးကျော်တို့ .. လင်မယားနှစ်ယောက် စုံတွဲသီချင်းဆိုကြတာ နှစ်ယောက်စလုံး အဆိုကောင်း၊ အသံကောင်းတွေ.. သူတို့ဆိုတဲ့အလှည့် သမီးတွေနဲ့ သူတို့သူငယ်ချင်းတွေရဲ့ ပြဿနာကို ဖြေရှင်းနေရတာနဲ့ ဗွီဒီယို မရိုက်လိုက်ရဘူး…။ တချို့အလှည့်တွေမှာ ဘက်ထရီအားကုန်လို့ မရိုက်လိုက်ရတာတွေလည်း ရှိသေးတယ်….
စင်ပေါ်တက်ချင်တဲ့ ပိုးကလည်း မနည်း…..
သီချင်းလည်းမဆိုတတ်၊ အကလည်း မရတဲ့ကျမ… စင်ပေါ်ဘယ်လိုမှတက်ခွင့်မရခဲ့တာ.. သံချပ်အလှည့်မှ နောက်ကလိုက်အော်ခွင့် ရတော့တာ…. သံချပ်အလှည့်လည်းရောက်ရော… ဘာမှသတိမရတော့ပဲ… ကင်မရာကို ချောင်တခုမှာ ထိုးထားခဲ့ပြီ စင်ပေါ်တက်သွားတော့တာ ဗွီဒယိုရိုက်ဖို့ တယောက်ယောက်ကို ပေးမထားခဲ့မိဘူး… တခြားလူတွေရိုက်ထားတာတော့ ရှိတာပေါ့… ကိုယ့်ထဲမှာတော့ မပါတော့ဘူး…း(
အစားဆိုလည်း ထိပ်ဆုံးက…..
ဒီပွဲမှာ စားစရာတွေကလည်း အလျှံပယ်ပါပဲ…။ ညကတည်းက စဉ်းစားထားတာက… စားစရာတွေကို တခုခြင်းဓာတ်ပုံလိုက်ရိုက်ယူမယ်ပေါ့….။ စားသောက်ခန်းလည်းဖွင့်ရော… ကိုယ်ကရှေ့ဆုံးကဝင်တာပါပဲ… ကင်မရာလွယ်အိတ်တလုံးနဲ့ပေါ့…။ အခန်းထဲလည်းရောက် ရော… ပန်းကန်တခုဆွဲပြီးလူအုပ်ကြီးထဲမှာ ဟိုတိုး၊ ဒီတိုးနဲ့ စားစရာတွေတခုပြီးတခု ယူစားနေလိုက်တာ.. သမီးက တီးဝိုင်းပြန်စနေပြီဆိုပြီး လာခေါ်မှ ထတော့တာ… ။ ဓာတ်ပုံရိုက်ဖို့ လုံးဝမေ့လာခဲ့တယ်…… အစားသောက်တွေကလည်း.. အဲ့ဒီလောက်အထိ ဆွဲဆောင်နိုင်တာပါ…. သဒ္ဓါတရားတွေကောင်းကြတယ်လေ…
အင်း… တီိးတဲ့လူတွေ၊ ဆိုတဲ့လူတွေ၊ အစားအသောက်တွေ အားလုံးကောင်းကြပါတယ်…
ချို့ယွင်းတာက ကိုယ်ပါပဲ… ခေါင်းစဉ်ပေးတာတောင် မှားသွားပြီလားမသိပါဘူး…. ဝေဘန်ရေး အစား.. ဝန်ခံခြင်း ဆိုပြီးရေးရမှာ…
အော်… ဒါနဲ့.. ဒီပွဲမှာ ဦးဂင်ကြီးတယောက် တဆိတ်ဆရာလုပ်လွန်းသလားလို့… @!#$!%@&**^&%$ ဝှီး…ဝှီးးး…. ဒုတ်…. အအား.. &*^!&*^~*%#%$** !!!!!!!.. ကယ်………….. ကြ………… ပါ ………………… ဦး…….. !!%$#@*&^%#@@#$%%^!!~!!!!!!????/<*&^%$@!?@!##!@%^$$#!~#!?

6 comments:

ငြိမ်သက် said...

မချိုရေ...ဦဂင်ကိုနာမည်ဖျက်နေပြန်ပါပြီ
ဦးဂင်ကအဲသလောက်လဲဆိုးပါဘူး...

သစ်နက်ဆူး said...

မချို...
မချိုအစွမ်းတွေ သိသွားပြီ..
နောက်ပွဲတွေ ကျနော်ကရင်...မှတ်တမ်းတင် ဗီဒီယိုရိုက်ဘို့  မချိုကိုဘဲ စပွန်လုပ်ပြီး ခေါ်တော့မယ်...။

အိမ်လွမ်းသူ said...

အစွမ်းပြခဲ့ဘူးတာတွေကတော့ အများကြီးဘဲ ကိုဆူးရေ.. ဖလင်တလိပ်လုံးကုန်အောင် ရိုက်ပေးလိုက်တာ ဓာတ်ပုံထွက်လာတော့ အရပ်ရှည်တဲ့သူတွေ ခေါင်းတလုံးမှ မပါတာတွေ ခြေထောက်တွေပဲပါတာတွေ မရေးရသေးလို့...

ငြိမ်သက်ရေ.. ဦိးဂင်ဆိုးတယ်လို့ ငါလဲမပြောရပါဘူးဟယ်...

မဆုမွန် said...

အစ်မ မပူနဲ့ အစ်မက ညီမလေးရှိတယ်..မကြောက်နဲ့
ငါ့အစ်မ ဓာတ်ပုံရိုက်ကျွမ်းတာ သိလို့ နောက်ဆို ဆနပြပွဲတွေ သွားရင် ဓာတ်ပုံရိုက်ဖို့ ပြေးဖော်ခေါ်သွားဦးမှ..:)

အိမ်လွမ်းသူ said...

အင်း.... ဟုတ်တယ်ညီမရေ.... ပြေးရင်းလွှားရင်းရိုက်တာဆိုရင်တော့ ဓာတ်ပုံကောင်းတွေထွက်နိုင်တယ်နော်း)))

Anonymous said...

ဘာဘဲဖြစ်ဖြစ် အော်ရီဂွန်ကသင်္ကြန်ပွဲလေးက မြန်မာပြည်အလွမ်းပြေ စိတ်ဖြေစရာတခုတော့ရမယ်ထင်မိသား၊ ပေါ့အိုင်းရဲ့ အဆိုလေးရော ကိုဂင်ရဲ့ ခေတ္တာလေးလည်းကောင်းပါ့၊ အမအိမ်လွမ်းသူရဲ့ ဝေဖန်ရေးက နောက်ဆုံးတော့ ကိုဂင်ဆီပုံအောလိုက်တာပေါ့လေ..ဟား...ဟား
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ အမရေ။