Thursday, May 20, 2010

အရှိကို အသိနှင့်ညှိခြင်း...

ဆရာတော် အရှင်နေမိန္ဒာဘိဝံသနှင့် ဆရာတော် အရှင်ရာဇိန္ဒရဝေနွယ်(အင်းမ)

ဒီနေ့တော့ ဒုတိယနေ့မှာနာခဲ့ရတဲ့ တရားအကြောင်းရေးမယ်လို့ စဉ်းစားပေမဲ့ တော်တော် များများက မေ့နေပြီ… တရားဟောတဲ့ ဆရာတော်လေးကလဲ ပြောပါတယ်။ ကိုယ်တိုင်ကလည်း စာချဆရာပဲဖြစ်လို့ တရားဟောမကျွမ်းကျင်ကြောင်းနဲ့ တရားနာတဲ့အခါ ဖြည့်ဖြည့်တွေးဖို့ကို ရယ်စရာလေးနဲ့ ပြောသွားပါတယ်…။ ဒါပေမဲ့ ဆရာတော်က သူဟောတဲ့ တရားခေါင်းစဉ်အတိုင်း ကျင့်သုံးပုံလေးကို လက်တွေ့ပြခဲ့လို့ မှတ်မှတ်ရရ နဲ့ ဒီပို့လေးကို ရေးရတာပါ…။
ဆရာတော် ဟောတဲ့တရားခေါင်းစဉ်က အရှိကို အသိနဲ့ ညှိပါ ဆိုတဲ့တရားလေးပါ…။ ပိဋကတ် ၂ ပုံဆောင်ဆရာတော် ဓမ္မဘဏ္ဍာတိုက်ပီပီ တရားတွေကို အချက်အလက်တွေနဲ့ ထုတ်နှုတ်ဟောပြလိုက်တာ နာယူနေချိန်မှာတော့ တကယ်ကိုရှင်းရှင်းလင်းလင်း ရှိခဲ့ပေမဲ့ အချက်အလက်တွေက ပြန်ရေးပြနိုင်လောက်အောင် ကိုယ့်ဦးနှောက်ထဲ မကျန်ခဲ့တော့ဘူး…. အဓမ္မတွေနဲ့ အနေကြာလာတော့ ဓမ္မက လွယ်လွယ်နဲ့ ဘယ်ကိန်းနိုင်မလဲလေ……
ဒါပေမဲ့ ကိုယ်သဘောပေါက်သလောက်လေးတော့ ပြန်ရေးပြနိုင်ပါတယ်…။ ဒါမှလဲ တရားဟော ဆရာတော် ဟောရကျိုးနပ်တော့မှာပေါ့နော်…
အဓိပ္ပါယ်ကတော့ တရားခေါင်းစဉ်အတိုင်းပဲ မိမိမှာလက်ရှိရရှိထားတဲ့ စည်းစိမ်ဥစ္စာ၊ ဆွေမျိုးဉာတကာနဲ့ သက်ရှည်ကျန်းမာခြင်းဆိုတဲ့ အခွင့်အရေးကောင်းတွေကို မိမိရဲ့ အသိဉာဏ်နဲ့ ယှဉ်ပြီးနေထိုင်တတ်ဖို့… ဟောခဲ့တာပါ…။ မိမိရှာဖွေထားတဲ့ စည်းစိမ်ဥစ္စာတွေအပေါ် အသိကလေးမထားတတ်ရင် ဒီစည်းစိမ်တွေက မိမိကိုပြန်လည်ဒုက္ခပေးတတ်တဲ့အကြောင်းလည်း ဝတ္ထုကြောင်းကလေးနဲ့ ဟောခဲ့ပါတယ်။ ဘုရားလက်ထက်က သဌေးကြီးတဦးဟာ သူရှာဖွေထားတဲ့ ပစ္စည်းတွေကို ကိုယ်တိုင်လည်းမသုံးစွဲရက်၊ သားသမီးတွေကိုလည်း မပေးရက်ပဲ.. သိမ်းဆည်းထားခဲ့ပြီး သေလွန်တဲ့အခါ သူနေခဲ့တဲ့အိမ်မှာဘဲ ခွေးကြီးပြန်ဖြစ်နေပါတယ်..။ ခွေးဘဝရောက်မှ သူသိုဝှက်ထားခဲ့တဲ့ ပစ္စည်းဥစ္စာတွေကို သားသမီးတွေကိုပြန်ပြပေးနိုင်ခဲ့ပါတယ်.။
ပစ္စည်းဥစ္စာ ဘယ်လောက်ပဲရှိရှိ မသုံးတတ်ဘဲ ဒီဥစ္စာတွေအပေါ်မှာဘဲ စွဲလမ်းနေရင် ဘာမှအကျိုးမရှိပါဘူး။ ဆွေမျိုးဉာတကာတွေအပေါ်လည်း ဒီနည်းအတိုင်းပါဘဲ…။ အခြွေအရံ ဆိုတဲ့ သားသမီးဆွေမျိုးတွေ ပြည့်စုံရတာဟာလည်း ရခဲတဲ့ဘဝပါဘဲ…။ ဒါပေမဲ့ သူတို့အပေါ်စွဲလန်းလွန်းရင် ဒီအတိုင်းဘဲဖြစ်တတ်ပါတယ်။
တကယ်တန်း ဝိပဿနာဉာဏ်နဲ့စဉ်းစားကြည့်လိုက်ရင် ကိုယ်ကိုယ်တိုင်တောင်မှ မမြဲဘဲနဲ့ ဘာတွေကို စွဲလမ်းစရာလိုနေသေးလို့လဲ….။
ဒါပေမဲ့ ဒီအသိတွေမရှိသေးတော့ မရှိတာကို အရှိထင်ပြီး လိုချင်နေကြတာလေ….
သူများကိုပြောတာမဟုတ်ဘူးနော်… ကျွန်မကိုတိုင် တရားနာနေရင်း ဆရာတော်က သီလနားကပ်နဲ့ စိန်နားကပ်နဲ့အတူတူ ယှဉ်ပေးမယ်ဆိုရင် ဘယ်နားကပ်ယူမလဲမေးတော့ စိန်နားကပ်ဆိုတာ ဆရာတော်ဆီမှာ မရှိမှန်းလဲသိရက်နဲ့ နှခုလုံးယူမယ်လို့ ပြောနေမိသေးတာ ပုထုဇဉ်တယောက်ရဲ့လောဘပေါ့နော်….။
မြတ်စွာဘုရားဟောကြားခဲ့တဲ့ အဘိဓမ္မာတရားတော်အတိုင်းဆိုရင် လောကမှာ တကယ်ရှိတာ လေးမျိုးဘဲလေ….။ ကျွန်မတို့ အခုရှိတယ်လို့ထင်နေတဲ့အရာအားလုံးဟာ လောကမှာ တကယ်အရှိတွေမဟုတ်ဘူး။ ကျွန်မတို့ ခန္ဓာကိုယ်ကစလို့ ကျွန်မတို့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အရာအားလုံးဟာ အမည်တွေပေးပြီး ခေါ်ဝေါ်သတ်မှတ်ထားတဲ့ ပညတ်တရား တွေကြီးပဲလေ…။ လူ၊ ခွေး၊ ကြောင်၊ ဆင်၊ မြင်း၊ အိမ်၊ သစ်ပင်….. စတဲ့ အရာတွေဟာ တချိန်ချိန်မှာ ပျောက်ကွယ်သွားကြရတာပဲ… အမြဲတမ်းမရှိနိုင်ဘူးလေ….
တကယ့်အရှိတရားလေးခုက အားလုံးကြားဖူးနေကြတဲ့ စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန်…. ဒီလေးမျိုးပဲ မဟုတ်လား…
ဒီလေးမျိုးထဲက ကိုယ်လွယ်လွယ်ကူကူသိနိုင်တဲ့ စိတ်ကလေးတခုအကြောင်းပဲ အခုပြောမှာပါ

ပြောမယ်ဆိုတာကလည်း ဆရာတော်ဟောသွားတဲ့ အရှိကို အသိနဲ့ ညှိပါဆိုတဲ့တရားနဲ့ ဆရာတော်ကိုယ်တိုင် လက်တွေ့ကျင့်သုံးပြသွားလို့ပါ…
တရားပွဲသုံးညမှာ နောက်ဆုံးညတရားပွဲမှာ ဆရာတော်တို့ကို နဝကမ္မအလှူငွေအဖြစ် ဒကာ၊ ဒကာမတွေ လှူဒါန်းကြပါတယ်။ ဆရာတော်တို့က ဒီအလှူငွေတွေကို လက်ခံပြီး သူတို့ လက္ခံ ရရှိပြီးသား အလှူငွေအားလုံးကို လက်ရှိကျောင်းဆောင်ဖွံ့ဖြိုးအရှည်တည်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြန်လည်လှူဒါန်းခဲ့ပါတယ်….။ ရိုးရိုးကြည့်ရင်တော့ ဆရာတော်တို့ ဘာမှ မယူသွားကြဘူးလို့ ထင်ရပါတယ်…။ ဒါပေမဲ့ ဆရာတော်တို့က အရှိတရားကိုပဲ ယူသွားကြတာပါ…။ ဝတ္ထုငွေဆိုတဲ့ ပညတ်တရားနဲ့ အရင်းတည်းပြီး ကုသိုလ်ဆိုတဲ့ ပရမတ် အရှိတရားကို ဆရာတော်တို့နှလုံးသားထဲ ထည့်ယူသွားကြတာပါ…. ဒါကိုကြည့်ပြီး ကျွန်မ မျက်ရည်လည်မိပါတယ်…။ ဆရာတော်တို့ ကျွန်မတို့ကို လက်တွေ့ကျင့်သုံးပြသွားတာပါ…. သူတို့ဟောခဲ့တဲ့တရား (မြတ်စွာဘုရားရဲ့တရား) ကို လက်တွေ့မှာဒီလိုကျင့်သုံး ဆိုပြီး ပြသွားခဲ့ပါပြီ… ကျွန်မတို့ ကြိုးစားရပါမည်…။

အော်...... နောက်ပြီး နောက်ပြီး ဆရာတော် ပေးခဲ့တဲ့ လက်ဆောင်လေးတခု ကျန်နေသေး တယ်...။
မိမိတို့ခန္ဓာကိုယ်ဟာ အိုရ၊ နာရသေရဦးမယ်.... မသေခင်မှာ ကိုယ်မွေးဖွားကြီးပြင်းခဲ့တဲ့ ကိုယ့်တိုင်းပြည်... ကိုယ့်လူမျိုး ... ကိုယ်ကိုးကွယ်ရာသာသနာအတွက် တိုးတက်ကျန်ရစ်စေဖို့ ကိုယ်လုပ်သင့်တာ လုပ်ခဲ့ကြရဦးမယ်... ဘာတွေလုပ်ပြီးပြီလဲ... ကိုယ်ကိုယ်ကိုပြန်မေးနေမိတယ်..
ဆရာဇော်ဂျီရဲ့ ကဗျာလေးနဲ့ အဆုံးသတ်ပါမယ်နော်....

အားလုံးကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ......

သင်သေသွားသော်

သြော်... လူ့ပြည်လောက
လူ့ဘဝကား
အိုရ၊ နာရ၊ သေရဦးမည်
မှန်ပေသည်တည့်..။

သို့တပြီးကား
သင်သေသွားသော်
သင်ဖွားသောမြေ
သင်တို့မြေသည်
အခြေတိုးမြှင့်
ကျန်ကောင်းသင့်၏။

သင်၏မျိုးသား
စာစကားလည်း
ကြီးပွားတက်မြင့်
ကျန်ကောင်းသင့်၏။

သင်ဦးချ၍
အမျှဝေရာ
စေတီသာနှင့်
သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက်
ကျန်စေတည်း။ ။

ဇော်ဂျီ (၁၉၃၉)

1 comment:

srimingalar said...

လာလည်ပါတယ်။နေကောင်းရဲ့နော်။ကျန်းမာပါစေ။