Sunday, January 11, 2009

ဓာတ်ပညာဖြင့် ပြုစားခြင်း... ဆရာကြီးဦးသာတင့်

ပန်းချီ... သစ်နက်ဆူး

မြန်မာသကရာဇ် (၁၂၉၀) ခုနှစ်ခန့်က ဖြစ်သည်။ အိုင်ကလောင်ဓာတ်ဆရာကြီး ဆရာလှိုင်နှင့် တော်ခရမ်းအရှေ့ဘက်ကမ်းနေ လယ်ပိုင်ရှင် ဦိးဘိုးသင်တို့သည် တစ်ဦးနှင့်တစ်ဦး အလွန်ရင်းနှီးကြ၏။ ကျန်းမာရေးနှင့်ပတ်သက်၍လည်း ဦးဘိုးသင်တို့က ဆရာလှိုင်ကိုသာ အားကိုးနေကြရသည်။ တစ်နေ့သောအခါတွင် ဆရာလှိုင်နှင့် ဦးဘိုးသင်တို့ ဆုံမိကြပြီိး ရင်းနှီိးရင်းစွဲရှိသည့်အတိုင်း ဦးဘိုးသင်က ဆရာလှိုင်ကို စကားဖြင့် ခနဲ့သည်။
“ဒီိမယ် ဆရာလှိုင် ခင်ဗျားတို့ဆရာတွေဟာ စုန်းပြုစားတဲ့ ပယောဂတွေကိုတော့ ပျောက်ကင်းအောင် ကုသနိုင်ကြတယ်၊ စုန်းပညာကျတော့ ဘာဖြစ်လို့ မတတ်ကြသလဲ” ဟု မေးသည်။
“ခင်ဗျားက ဆရာတွေကို အထင်သေးနေတာကိုး၊ ဆရာတွေက စုန်းထက်တတ်သေးတယ်၊ ဒါကို ခင်ဗျားမှမသိဘဲ”
ဆရာလှိုင်၏စကားကို ကြားသောအခါ ဦးဘိုးသင်က တဟားဟားရယ်ရင်း…
“ဆရာဟာ စကားပြောတဲ့အခါမှာ ဘယ်တော့မှ အောက်ကျမခံဘူးဆိုတာ သိပါတယ်။ ခင်ဗျားစုန်းတွေထက်တတ်တယ်ဆိုရင် ကျုပ်ကို ပြုစားပြစမ်းပါ.. သေတော့မသေစေနဲ့ဗျို့”
“ သေတော့မသေစေနဲ့ ဟုတ်လား..၊ ကျုပ်ကပြုစားပြီး ကျုပ်ကဘဲ ပြန်ကုပေးရဦးမယ်ပေါ့၊ ဟုတ်..ဟုတ်သေးတော့ဗျာ။ ဒီမှာဦးဘိုးသင် ရေမှုတ်ထဲမိကျောင်းပေါ်၊ မရာကျော် ကိုက်တဲ့ မိကျောင်း၊ ဟဲ့ မိကျောင်း ဟဲ့ မိကျောင်းဆိုတာ ခင်ဗျားသိရဲ့လား”
“ ဒါတော့ ခင်ဗျားစဉ်းစားကြည့်ပါဦးဗျာ၊ ရေမှုတ်ထဲ မိကျောင်းဘယ်လိုလုပ်ဝင်သလဲ၊ ဆံ့ကောဆံ့ရဲ့လား၊ မဖြစ်နိုင်တာပဲ ကျုပ်တို့ငယ်ငယ်တုန်းက ကလေးတွေ မဟုတ်က ဟုတ်က ပြောတာကို ဆရာက စကားလုပ်ပြောနေတာကိုး”
စသည်ဖြင့်ပြန်ပြောပြီး ရယ်မောနေသည်။ ထို့နောက် လမ်းခွဲခဲ့ကြသည်။

တပို့တွဲလတွင် တော်ခရမ်းအင်းမ အနောက်ဖက်ကမ်းရွာ ရွာသူကြီး ဦးရွှေဆိုင်၊ သူကြီးကတော် ဒေါ်စောတို့အိမ်၌ နှမ်းမနဲခေါ် ထမနဲပွဲ ကျင်းပသည်။ ထိုအလှူက ဖိတ်သောကြောင့် ကျေးဇူးရှင်ဆရာကြီးသည် မိုးမလင်းခင်ကပင် တော်ခရမ်းသို့ ထွက်လာသည်။ ထိုသို့လာရင်း လမ်းတလျှောက်တွင် တွေ့ရသမျှသော ဝါးလုံးတို၊ ဝါးလုံးစ၊ နှီးမှိုက်ထွေးများကို ရသလောက် စုဆောင်းကောက်ယူခဲ့သည်။ ဦိးဘိုးသင်အိမ်သို့ရောက်သောအခါ အိပ်ယာမှ မထသေးသော ဦးဘိုးသင်ကို နှိုးပြီး ထမနဲပွဲ သွားရန်ခေါ်သည်။
“ ဆရာကလည်း မိုးမှမလင်းသေးဘူး၊ ဘယ်အချိန်ကထလာလို့ ဒီကိုရောက်လာတာလဲ၊ ဆရာတို့ လုပ်လိုက်ပြီဆိုမှဖြင့် အချိန်တောင်မသိတော့ဘူးထင်တယ်”
ဟု ပြောပြောဆိုဆို အိပ်ယာမှထခဲ့သည်။
“နှာရည်ယိုရွှဲ တပို့တွဲဆိုတာ မသိဘူးလား၊ စောစောစီးစီး ချမ်းလှတယ်ဗျာ၊ မီးလှုံကြရအောင်”
ဟု ဆရာကြီးကပြောပြီး ပါလာသော ဝါးလုံးတိုဝါးလုံစနှင့် နှီးမှိုက်ထွေးများကို မီးမွှေး လေတော့သည်။ ဦးဘိုသင်လည်း ဆရာကြီးနှင့်အတူ မီးဝင်လှုံသည်။
“ဆရာ့ ဝါးတို ဝါးစတွေက ဘာလုပ်မှာလဲ၊ ကျုပ်ကလယ်သမားပဲ၊ ဟိုမှာပုံထားတဲ့ ထင်းတွေကို ကြည့်ပါဦး၊ ဆရာ့ကိုတောင် ဖို့နိုင်သေးတယ်၊ နှီးမှိုက်ထွေးဆိုရင်လည်း ကျုပ်ခြံစည်းရိုးမှာ ပုံနေတာပဲ၊ သက်သက်အပင်ပန်းခံပြီး တခြားက သယ်လာတယ်”
“ နှီးမှိုက်ထွေးတို့၊ ဝါးတိုဝါးစတို့က မီးမွှေးလို့ လွယ်တယ်ဗျ၊ မြေသြဇာဖြစ်မဲ့ဟာတွေ ဘာ့ကြောင့် အမှတ်မဲ့ထားမလဲ၊ မီးရှို့ပစ်တော့ မီိးလည်းလှုံရတယ်၊ ပြာကလည်း မြေသြဇာဖြစ်တာပေါ့”
ပြောပြောဆိုဆို ဖြစ်ပင် ခြံစည်းရိုးနားတဝိုက်ရှိ နှီးမှိုက်ထွေးများကိုပါ ထပ်မံယူပြီး မီးလှုံကြ သည်။ မိုးလင်းသောအခါတွင် အလှူအိမ်ရှိရာသို့ နှစ်ယောက်အတူ ထွက်လာကြသည်။ တော်ခရမ်းကြီး အင်းမကိုဖြတ်၍ ဆောက်လုပ်ထားသောတံတားမှာ ဦိးဘိုးသင်၏ အိမ်ရှေ့မှာပင် ရှိနေသောကြောင့် ထိုတံတားအတိုင်း လျှောက်လာကြလေသည်။ တံတားအလယ်သို့ ရောက်သည်တွင် ဆရာကြီးက ဦးဘိုးသင်အား မတော်တဆ တိုက်မိသလိုလိုနှင့် လူချင်းတိုက်ချလိုက်သည်။ ဦးဘိုးသင်လည်း အရှိန်လွန်ပြီိး ရေထဲသို့ကျသွားသည်။ ဦးဘိုးသင်ရေထဲမှ ပြန်ပေါ်လာပြီး “ဆရာ ဘယ့်နှယ်လုပ်လိုက်တာလဲ” ဟု ပြောသည်။ ဆရာကြီးကလဲ …
“ မတော်လို့ပါဗျာ ၊ ကဲ… ဦးဘိုးသင် ပြန်တော့၊ ရေမှုတ်ထဲက မိကျောင်းမကိုက်ဘဲ အင်းထဲက မိကျောင်းကိုက်လိမ့်မယ်၊ မြန်မြန်တက်” ဟုပြောကာ သူကိုယ်တိုင်လဲ အိုင်ကလောင်သို့ ခပ်မြန်မြန်ပြန်သွားတော့သည်။ ဦးဘိုးသင်သည် အိမ်ရောက်သည်နှင့် တစ်ပြိုင်နက်တည်း အပြင်းဖျားလေတော့သည်။ ထို့ကြောင့် ဆရာကြီးကိုပင် သွားရောက်ပင့်ခေါ်ကြရသည်။
“ မင်းတို့လူမမာ မသေပါဘူးကွာ၊ မသင့်တဲ့အစာတွေသာ မကျွေးကြနဲ့၊ သန်ဘက်ခါ နေ့လည်ကျမှ ငါလာခဲ့မယ်” ဟုပြောပြီး ပြန်လွှတ်လိုက်သည်။ ပြောသည့်နေ့မှာပင် ဆရာကြီးရောက်လာသည်။ လူမမာကို ဝါးရွက်ပြုတ်ရည်နှင့် သကြားရောစပ်ပြီးတိုက်သည်။ ခဏနှင့်ပင် ချွေးထွက်ကာ ဆီးသွားပြီးသက်သာသည်။ ရောဂါ ရှင်းရှင်းပျောက်အောင် ဆက်လက်ကုသပေးလိုက်သည်။ ရောဂါပျောက်သဖြင့် ဆရာကြီးအား ခြေကြွခနှင့် ဉာဏ်ပူဇော်ခပေးသည်။
“ငွေမယူပါဘူး၊ ဦးဘိုးသင်က ပြုစားပြပါဆိုလို့ ပြုစားပြတာပါ၊ သေတော့မသေပါစေနဲ့လို့ ပြောထားတဲ့အတွက် ရေမှုတ်ထဲက မိကျောင်းလိမ္မာနဲ့ ပြန်ကယ်ရတာပဲ၊ ရေမှုတ်ထဲက မိကျောင်းက အသေကိုက်ခိုင်းရင် သေအောင်ကိုက်တတ်သေးရဲ့” ဟု ပြန်ပြောသည်။ ထိုအခါတွင် ဓာတ်ပညာသည်။ စုန်းပညာထက် ထက်မြက်ကြောင်း ယုံကြည်ပါသည်ဟု ဦးဘိုးသင်က ဝန်ခံလေတော့သည်။
ပုဂ္ဂပညတ်ဓာတ်ကျမ်းအခြေခံကို ကျွမ်းကျွမ်းကျင်ကျင် လေ့လာပြီးသူများအတွက် အထူးရှင်း နေရန်မလိုတော့ပါ။ ဦိးဘိုးသင်ဟူသော သောမပညတ်ကို သောမပညတ်ဖြစ်သည့်ဝါးဖြင့် ဓာတ်ခိုက်စေခြင်းဖြစ်သည် ဝါးသည် ဦးဘိုးသင်အတွက် နာမ်ဆေးဖြစ်သော်လည်း ရုပ်ဆေးလုပ်၍ ဓာတ်ခိုက်စေသည့်အတွက် ယခုလို အပြင်းဖျားခြင်းဖြစ်သည်။
ကျမ်းရင်းလင်္ကာ အပိုဒ် (၇)
တစ်နည်းထွေလာ၊ မိန့်ခဲ့မှာသည်၊ ရန်မှာရန်ငှား၊ သဘောထားလော့၊ အ၊ နှင့်၊ စ၊ ရ၊ ခေတ္တငြိုငြင်၊ မရွှင်ဒေါသ၊ မာနအမျက်၊ ထွက်လိမ့်ပုံသေ၊ မယွင်းပေတည့်၊ အရှည်ပေါင်းကာ၊ သင့်တင့်ပါ၏။ နောင်လာလူများ၊ မြဲမှတ်သားလေ၊ စီိးပွားချမ်းသာ၊ ဥစ္စာဓန၊ ပေါကြွယ်ဝအောင်၊ တန်းခိုးဆောင်သည်၊ ဘုန်းရောင်ရှိန်ပြင်း၊ မိတ်ချင်းခိုက်ရန်၊ ဖြစ်တတ်ပြန်သည်၊ စိတ်ဉာဏ်ဝေခွဲစေသတည်း။
(အ၊ နှင့်၊ ရ၊ စ) ခေတ္တငြိုငြင်၊ မရွှင်ဒေါသ၊ မာနအမျက်၊ ထွက်လိမ့်ပုံသေ၊ မယွင်းပေတည်း ဟူသောလင်္ကာအရ အင်းရေသည် ရုပ်ဆေးအတွက် အမှန်ပင်သင့်လျှော်သည်။ သို့သော် နာမ်ဆေးဖြစ်သည့် ဝါးမီးတို့ဖြင့် မှိုင်းတိုက်ခြင်းက ထိခိုက်နေသည်။ ရုပ်ဆေးအင်းရေဖြင့် ဖြေ၍ပေးသော်လည်း ခေတ္တငြိုငြင်ဆိုသော စကားကိုထောက်လျှင် သိသာနိုင်ပါသည်။ အရှည်ပေါင်းခါ ၊ သင့်တင့်ပါ၏ ဟူသောစကားနှင့် တဖန်ဆက်စပ်ကြည့်မည်ဆိုပါလျှင် ခေတ္တ ဓာတ်ခိုက်စေနည်းဟူ၍ သဘောပေါက်မည်ဖြစ်ပါသည်။ သောမပညတ်ဦးဘိုးသင်အား သေလာကျောက်ဓာတ် ပထဝီဖြစ်သော သကြားနှင့် ရေကြည်အာပေါဓာတ် ဖြစ်သော ဝါးရွက်ပြုတ်ရည်တို့ကို စပ်၍တိုက်ပေးခြင်းသည် ဝင်္ဂဓာတ်ပင်ဖြစ်သည်။ ဝင်-သည် ဗုဒ္ဓဟူးဖြစ်၍ ဂ-သည် တနင်္လာဟု သိစေလိုသည်။
ကျမ်းရင်းလင်္ကာ အပုဒ် (၁၁)တွင်
မလွန်ကောင်းစွာ၊ မှတ်တုံပါလော့။ မြေပံသုဓာတ်၊ ခိုင်ခံ့လတ်သော်၊ အပင့်ဝါယော၊ တေဇောလွန်မြောက်၊ ခန်းခြောက်အာပေါ၊ ကျလျောစေလို၊ ရှေ့ကိုထောက်ချင့်၊ ပေးသင့်သေလာ၊ ဖက်စပ်ရာကား၊ “ဝ” ဟုပညတ်၊ ဝတ္တုစပ်၍၊ ဆုံးဖြတ်သောအခါ၊ လွတ်ကင်းရာသည်၊ ပေးရာမှန်လှ ဓာတ်စဉ်တည်း ဟု ပါရှိသည်။
အထက်က ရေးသားခဲ့သကဲ့သို့ သုံးခွင့်သင့်က သုံးအပ်လှ၏။ စားခွင့်သင့်က စားအပ်လှ၏။ သောက်ခွင့်သင့်က သောက်အပ်လှ၏။ ပေးခွင့်သင့်က ပေးအပ်လှ၏ ဟူသော ကုထုံးများကို သတိပြုရန်လိုပါသည်။ ဝါးမီးနှင့် ပြုစား၍ ဝါးရွက်နှင့် ပြန်လည်ကုသပေးခြင်းမှာ ရုပ်ဆေး နာမ်ဆေးမြင်သူတို့အတွက် ကြံနိုင်သလောက် တိုးတက်ကြံနိုင်သည်။ ကြံနိုင်သော၊ တိုးတက်သော ဉာဏ်ရှိဖို့သာလိုသည်ဟု ဆုံးဖြတ်ရာ၏။

ဆရာကြီး ဦးသာတင့်၏ ပုဂ္ဂလပညတ် အခြေခံဓာတ်ကျမ်းမှ ကူးယူဖော်ပြပါသည်။

5 comments:

Younggun said...

ဓာတ်ပညာဖြင့် ပြုစားခြင်းဆိုတဲ့ ခေါင်းစဉ်ကို လင့်ခ်တစ်ခုမှာ တွေ့လိုက်တာနဲ့ အပြေးအလွှားကို ရောက်လာတယ်။ ဆရာကြီးဦးသာတင့် ပညာတွေဆိုတော့ ငယ်ငယ်ကလေ့လာဖူးတာလေးတွေ ပြန်သွားသတိရမိတယ်။ အခုလို ပြန်နူးခွင့်ရတာ ကျေးဇူးတင်ပါတယ်ဗျာ။ နောက်လည်း ဒါမျိုးလေးတွေ တင်ပေးပါ။ ကျနော်က လက်လမ်းမမီတော့ဘူး။

အောင်မြေ said...

ထူးခြားတဲ့ ပညာပေး စာလေး ဖတ်သွားပါတယ်။ တကူးတက မျှဝေပေးလို့ ကျေးဇူးပါ။

Welcome said...

ရသသစ်ပေးနိုင်တဲ့ ပညာပေးပို့စ်လေး
လာဖတ်ဖြစ်ပါတယ်။ နက်မကောင်းလို့
သိပ်မရောက်ဖြစ်ခဲ့ဘူး။
ကျန်းမာပျော်ရွှင်နိုင်ပါစေ .. ..

Anonymous said...

ဓာတ်ပညာနဲ့ ပြုစားလို့ရတယ်ဆိုတာ အခုမှဘဲသိရတော့တယ် ၊ စိတ်ဝင်စားဘို့ကောင်းတယ်၊ မျှဝေပေးလို့ ကျေးဇူးတင်ပါတယ် အမ အိမ်လွမ်းသူရေ...၊

Anonymous said...

လာဖတ်တယ်ဒေါ်လေး..
အရမ်းကိုအကျိုးရှိတယ်.. ဓာတ်နဲ့ဒီလိုလုပ်လို့ရမှန်း ခုမှသိတာ။ ထူးဆန်းတယ်နော်.. ဓာတ်ပိုင်ရင် လုပ်ချင်သလိုလုပ်နိုင်တာပဲ.. အံ့သြဖို့ကောင်းလိုက်တဲ့ မြန်မာ့ဆေးကျမ်းတွေ။ အဆင့်မြင့်ပါပေတယ်။