Saturday, January 24, 2009

အဆိုးတွေပေါ့ပါးသွားစေဖို့

ဘလော့ဂါ ဒေါင်းမင်း မေးထားတဲ့ အဆိုးတွေပေါ့ပါးသွားအောင် လုပ်နိုင်မဲ့ နည်းလမ်းဖော်ပြပေးပါ့မယ်။ ကျွန်မလဲ မိတ်ဆွေတွေကို မျှဝေလိုတာနဲ့ အတော်ပဲဖြစ်သွားပါတယ်။
ဒီအဆောင်လေးကိုကျွန်မရထားတာ ကြာခဲ့ပါပြီ။ ဒါပေမဲ့ အညွှန်းအတိုင်း အသုံးမပြုခဲ့လို့ အကျိုးမခံစား ခဲ့ရပါဘူး။ အခုတော့လဲ တတ်နိုင်သလောက် လိုက်နာကျင့်သုံးတဲ့အတွက် သိသိသာသာအကျိုးပေးနေပါပြီ။
ရောဂါတစ်ခုဖြစ်လာရင် ရောဂါပျောက်ကင်းအောင် ဆရာညွှန်ကြားတဲ့အတိုင်း သုံဆောင်ဖို့လိုပါ တယ်။ ဘယ်ဆေးကို ဘယ်အချိန်မှာသောက်ပြီး ဘယ်လိုနေထိုင်သင့်တယ်ဆိုတာကို သေချာစွာလိုက်နာကျင့်သုံးရင် အဲဒီဝေဒနာရှင်ဟာ လျှင်မြန်စွာ ရောဂါပျောက်ကင်း သက်သာလာမှာဖြစ်ပါတယ်။
အခုပြောမဲ့ အဆိုးတွေပေါ့ပါးသွားစေမဲ့အဆောင်မှာလဲ လမ်းညွှန်ချက်တွေပါပါတယ်။ အဲ့ဒီ လမ်းညွှန်ချက်တွေကို လိုက်နာကျင့်သုံးနိုင်မှ ထိရောက်အကျိုးရှိမှာ ဖြစ်ပါတယ်လို့ ဦးစွာပြော လိုပါတယ်။ အညွှန်းအတိုင်း မကျင့်သုံးပဲ ဒီအဆောင်ကိုအသုံးပြုလျှင်တော့ အကျိုးပေး မသန်နိုင်ပါဘူး။ ဥပမာ သစ်ပင်တစ်ပင်ကို စိုက်ပျိုးတော့မယ်ဆိုရင် နေရောင်ခြည်၊ မြေသြဇာ၊ ရေ၊ လေ လုံလောက်စွာရနိုင်တဲ့နေရာမှာမှ ဒီအပင်ရှင်သန်ကြီးထွား အကျိုးများမှာဖြစ်ပါတယ်။ အဲ့ဒီအချက်တွေနဲ့ မပြည်စုံရင် မိမိစိုက်တဲ့အပင် မအောင်မြင်နိုင်သလိုပါပဲ။
လိုက်နာကျင့်သုံးရမဲ့ လမ်းညွှန်ချက်တွေကလည်း ခက်ခက်ခဲခဲကြီးတွေတော့ မဟုတ်ပါဘူး။ လူ့ဘဝမှာ လူပီသအောင် လိုက်နာကျင့်သုံးသင့်တဲ့ ကျင့်ဝတ်ငါးပါး(ငါးပါးသီလ)ပါပဲ။ သီတဂူဆရာတော်ဘုရာကြီးရဲ့ နည်းနဲ့ လိုက်နာကျင့်သုံးရမှာပါ။ အဲ့ဒါတွေကတော့


(၁) သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကျဉ်ခြင်း = သတ္တဝါတွေအပေါ် မေတ္တာထား ရပါမည်။

(၂) သူတစ်ပါးပစ္စည်းကို ခိုးယူခြင်းမှရှောင်ကျဉ်ခြင်း = သတ္တဝါတွေကို လှူဒါန်း၊ ပေးကမ်း၊ စွန့်ကြဲ ရပါမည်။

(၃) သူတစ်ပါးအိမ်ယာ(မိသားစု)ကို ကျူးလွန် ဖျက်ဆီိးခြင်းမှ ရှောင်ကျဉ်ခြင်း = သူတစ်ပါး မိသားစုကို မပျက်စီးအောင်စောင့်ရှောက်ရပါမည်။

(၄) လိမ်ညာပြောဆိုခြင်းမှ ရှောင်ကျဉ်ခြင်း = မှန်ကန်ချိုသာသောစကားကိုသာ ပြောဆိုရပါ မည်။

(၅) မူးယဇ်ထုံထိုင်းစေတတ်သော အရက်သေစာသောက်စားခြင်းမှ ရှောင်ကျဉ်ခြင်း = ရောင်း ချခြင်း၊ ထုတ်လုပ်ခြင်းမျာကိုပါ ပပျောက်အောင် ကြိုးစားအားထုတ်ရပါမည်။

ဒီအချက်တွေကို လိုက်နာကျင့်သုံးနိုင်ရင် ကျွန်မပေးမဲ့အဆောင်ဟာ ကောင်းစွာအကျိုးပြုမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ယခုပစ္စုပ္ပန်ကျကျကိုသာကြည့်ပြီး ပြောကြရင် အငြင်းပွားစရာတွေ ရှိနိုင်ပါတယ်။ “ ဒီခေတ်ကြီးမှာ များများလိမ်လေ ယုံကြည်လေ၊ များများခိုးလေ မြန်မြန် ချမ်းသာလေ၊ ကမ်းကုန်အောင်မိုက်မှ ဗိုလ်ဖြစ်တာ” စသဖြင့် ပြောစရာတွေရှိလာပါ တယ်။ တစ်ချိန်က ဒီလိုပဲ ကျွန်မ ထင်ခဲ့ဖူးလို့ပါ။
“အမေ.. ဒေါ်တင်နုကြီး ကြက်တွေသတ်ရောင်းနေတာ ရွှေတွေတံတောင်ဆစ်အထိ ရောက်တော့မယ်။ အခုထိ ဒုက္ခမရောက်သေးပါလား၊ ဘုန်းကြီးကျောင်းက ကပ္ပိယကြီး.. နေ့တိုင်း ကုသိုလ်ကောင်းမှုတွေလုပ်နေတာ ခွေးကိုက်ခံရတယ်။ အဲ့ဒါကျတော့ ဘယ်လိုဖြစ် တာလဲအမေ” လို့ မေးခဲ့ဘူးပါတယ်။
အဲ့ဒီတော့ အမေက သာဓကတစ်ခုကို ပြောပြခဲ့ပါတယ်။
“ ဟိုးတစ်ချိန်တုန်းက ရွာတစ်ရွာရဲ့ လမ်းတစ်ခုမှာ လူနှစ်ယောက်အတူ လမ်းလျှောက်လာကြ တယ်။ တစ်ယောက်က ငါးပါးသီကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲအောင်ကျင့်ကြံနေထိုင်တဲ့သူဖြစ်ပြီး၊ နောက်တစ်ဦးကတော့ မကောင်းမှုမှန်သမျှ အကုန်လုပ်တယ်။ သူတို့နှစ်ဦး လမ်းတလျှောက် သွားနေစဉ် ငှက်ပစ်သမားရဲ့ လောက်လေးသီးဟာ အရှိန်ပြင်းစွာနဲ့ သီလစောင့်ထိန်းတဲ့ သူတော်ကောင်းကို လာမှန်တယ်။ သူတော်ကောင်းဟာတော်တော်လေးခံလိုက်ရပြီး ထိတဲ့ နေရာမှာဖုလာသတဲ့။ ဆက်လျှောက်သွားလို့ သိပ်မကြာခင်မှာပဲ မကောင်းမှုတွေအကုန် လုပ်တဲ့လူဟာ အဿပြာတစ်ထုပ်ကို ကောက်ရခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး သူတို့နှစ်ယောက် ဟာ အငြင်းပွားစရာတွေဖြစ်လာခဲ့တယ်။ မကောင်းမှုတွေကို ပြုလုပ်တဲ့လူက “သီလစောင့်ထိန်း နေလဲအလကားပဲ၊ လေးသီးမှန်တာသာ အဖတ်တင်တယ်၊ ငါလုပ်နေတဲ့အလုပ်တွေကို မကောင်းမှုလို့ ပြောနေကြတယ်၊ ဒီမှာကြည့်စမ်း အဿပြာထုပ်တောင် ကောက်ရသေးတယ်” ဆိုပြီး ပြောနေလို့ သူတို့နှစ်ဦးဟာ ရဟန်းတစ်ပါးဆီသွားပြီး အကျိုးအကြောင်းကို မေးလျှောက်ကြပါတယ်။ ရဟန်းကအတိတ်ဖြစ်စဉ်တွေကို သိမြင်နိုင်တရဟန္တာဖြစ်ပါတယ်။ ရဟန္တာက ယခုဖြစ်စဉ်ကို အခုလိုရှင်းပြခဲ့ပါတယ်။ လက်ရှိသီလစောင့်ထိန်းနေတဲ့သူဟာ အတိတ်ကာလက အကုသိုလ်ကြီးမားခဲ့ပါတယ်။ အကယ်၍ သူဟာ သီလကိုအခုလိုမစောင့် ထိန်းရင် မိုးကြိုးပစ်ခံရပြီး သေမဲ့ကိန်းရှိသူပါ။ အခုတော့ သီလအစွမ်းကြောင့် လေးသီးနဲ့ ပွဲပြီးသွားတာ သာဖြစ်ပါတယ်။
အကုသိုလ်အမှုတွေကို ပြုလုပ်နေတဲ့ သူဟာ အတိတ်ကာလက ကုသိုလ်ကံကြီးမားခဲ့သူဖြစ် ပါတယ်။ အကယ်၍ အကုသိုလ်အမှုတွေရှောင်ကျဉ်ပြီး ကုသိုလ်ကောင်းမှုတွေသာ ပြုလုပ်ရင် ယခုဘဝမှာ တိုင်းပြည်အုပ်ချုပ်တဲ့ ရင်ဘုရင်တောင် ဖြစ်နိုင်တဲ့သူပါ”တဲ့။ ဒါကြောင့်မို့ ကံထမ်းလာတာမမြင်ရ၊ လှံထမ်းလာတာမြင်ရတယ်ဆိုတဲ့ ရှေးကစကားရှိခဲ့တာဖြစ်ပါတယ်။ အတိတ်ကပြုခဲ့တဲ့ မိမိရဲ့ကံကို မမြင်နိုင်ပေမဲ့ လက်ရှိပစ္စုပ္ပန်မှာ ပြုလုပ်နေတဲ့ ကံ ကိုတော့ မိမိကိုယ်တိုင် ပြုပြင်နိုင်ပါတယ်။ ကံ ဆိုတာ မိမိပြုလုပ်တဲ့ ကောင်းမှု၊ မကောင်းမှုတွေကို ခေါ်တာပါဘဲ။
အဲ့ဒါတွေကတော့ လိုက်နာကျင့်သုံးရမဲ့ လမ်းညွှန်ချက်တွေနဲ့ ရှင်းလင်းချက်တွေပါဘဲ။
ဒါတွေလိုက်နာနိုင်မယ်ဆိုရင်တော့ ကျွန်မအမြဲတမ်းဆောင်ထားတဲ့ အဆိုးတွေလျှော့ပါးသွား စေနိုင်တဲ့ အဆောင်ကိုမျှဝေပေးပါတော့မယ်။ သုံးလုံးထဲရှိတဲ့ ဂါထာလေးပါပဲရှင်..။ ယုံယုံကြည်ကြည်နဲ့ အာရုံပြုပြီး ရွတ်ဆိုရပါမယ်..။ အဓိပ္ပါယ်တွေကတော့ မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အရိယာ သံဃာတော်အရှင်သူမြတ်တို့ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
“ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ”


လူသားအားလုံး အဆိုးတွေကင်းပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေ…။

7 comments:

ငွန်ငယ် said...

အမ ရေ ..မှတ်သားနာခံ၍ သေချာစွာ ဖတ်သွားပါတယ်။အားလုံး အဆင်ပြေ ငြိမ်းချမ်းပါစေ။ခင်တဲ့

ဒေါင်းမင်း said...

အမရေကျေးဇူးဗျာ...ကျွန်တော်မှတ်သားနာယူပါတယ်
အခုလိုတင်ပြပေးတာကျေးဇူးပါ။ဘုရား၊တရား၊သံဃာ
ကိုမမေ့ပါဘူးဗျာ..အမအိမ်လွမ်းသူတစ်ယောက်
အရာရာအဆင်ပြေ၍နှလုံးစိတ်ဝမ်းအေးချမ်းပါစေဗျာ။
လှိက်လှိက်လှဲလှဲဆုတောင်းပါတယ်
ကျွန်တော်စာအုပ်ထဲသေချာကူးထည့်ထားပါတယ်။

Anonymous said...

ဒေါ်လေးရေ..
လွယ်ကူရိုးရှင်းပြီး လိုက်နာရလွယ်အောင် ရေးပေးလို့ ကျေးဇူးတင်ပါတယ်။ အတတ်နိုင်ဆုံးကြိုးစားနေပါတယ်

D Soe said...

အမရေ...သေချာဖတ်သွားပါတယ်။ ကျွန်မကတော့ များသောအားဖြင့် အဌာနမေတံ ကိုရွတ်ပါတယ်။ခုလည်း မှတ်သားသွားပါတယ်။ကျေးဇူးတင်ပါတယ်နော်။

မဆုမွန် said...

အစ်မရေ
ညီမလေးလဲ အမြဲ အာဂုံဆောင်တဲ့ အဆောင်လေးပါ အစားတစ်ခုခုစားတိုင်း မစားခင် လမ်းခရီးတစ်ခုခုကို ထွက်ရတိုင်း သွားနေစဉ်..မအိပ်ခင် အမြဲ ရွတ်ဖတ်လေ့ရှိပါတယ်..ငယ်ငယ်က အမေက ပုံပြောဖူးတယ် ဘီလူးအကိုက်မခံရအောင် ကလေးလေးကို သူ့မိဘတွေက သင်ပေးခဲ့တာ နောက်ဆုံး ဘီလူးကတောင် ရွှေခွက်နဲ့ ထမင်း လာကျွေးတယ်တဲ့..

ကောင်းကင်ပြာ said...

အမြဲတမ်းရွတ်ဆိုနေကျပါ၊အခုလိုလေးမျှဝေတာကျေးဇူးပါ၊

Unknown said...

အကျိုးကြီးမှန်းအရင်ထဲကသိထားပေမဲ့ ဘုရားရှိခိုးမှသာရွတ်ပြီးပူဇော်တာ ကျန်တဲ့အချိန်တော့ ပေါ့ပေါ့ဆဆနေမိတယ် ဒီစာလေးဖတ်ရတော့ ပြန်ပြီးအလေးနက်ထားဖြစ်သွားတယ် မကြာမကြာပူဇော်မယ်လို့တွေးလိုက်ပါတယ် ကျေးဇူးတင်ပါတယ်ရှင်