Saturday, May 23, 2009

Oregon မှ အပတ်စဉ် ဆန္ဒပြပွဲ


ပေါ့လန်းရောက် ဒီိမိုကရေစီအင်အားစုများမှ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲကို အပတ်စဉ် ကျင်းပနေကြနေကြခြင်းဖြစ်ပါတယ်။
ထိုဆန္ဒပြပွဲတွင် အောက်ပါကြွေးကြော်သံများနှင့် မိမိတို့၏ဆန္ဒများကို ထုတ်ဖော်ခဲ့ကြပါတယ်။



Free… Free…… Free …… Burma…….

ဒေါ်အောင်ဆန်းစုကြည်……… ချက်ခြင်းလွှတ်……. ချက်ခြင်းလွှတ်။

Free… Free……… Aung San Suu Kyi ။

နိုင်ငံရေးအကျဉ်းသားများအားလုံး… ချက်ခြင်းလွှတ်… ချက်ခြင်းလွှတ်။

Free… Free… All political Prisoners ။

ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်.... ချက်ခြင်းလွှတ်… ချက်ခြင်းလွှတ်။

Free… Free… Minn Ko Naing ။

၂၀၁၀ ရွေးကောက်ပွဲ…… အလိုမရှိ…… အလိုမရှိ။

2010 Election… No… No ။

ဒီမိုကရေစီအရေးတော်ပုံ… အောင်ရမည် ….အောင်ရမည်။

What do we want…… We want democracy ။

Thursday, May 21, 2009

မပိအိုင်းတို့ရဲ့ ဖျော်ဖြေမှု

သမီးပိအိုင်းတို့ကျောင်းမှ ဂီိတဖျော်ဖြေပွဲလေးတခုပါ။ ဒီက ကလေးငယ်များဟာ သူတို့အရွယ်အလိုက် ကျောင်းတွေမှာ အားလုံးတန်းတူညီမျှစွာ၊ ပျော်ရွှင်စွာ ပညာသင်ကြားခွင့်ရကြပါတယ်။ မိဘအသိုင်းအဝိုင်းချမ်းသာတာ၊ ဆင်းရဲတာဆိုပြီးကွားခြားတာ လုံးဝမရှိပါဘူး။ ပညာမသင်နိုင်တဲ့ ကလေးဆိုတာလည်း မရှိပါဘူး။ ကလေးတွေ ဒီလိုအခွင့်အရေးတွေရကြတာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းရာကျော်က ပြည်သူလူထုတွေဟာ သူတို့တတွေရဲ့အခွင့်အရေးတွေကို သူတို့ကိုယ်တိုင် ရဲရဲဝံ့ဝံ့တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြပြီး တိုင်းပြည်ရဲ့ အခြေခံဥပဒေတွေကို စနစ်တကျရေးဆွဲခဲ့ကြလို့ အခုလို အနာဂတ်လူတွေ ကောင်းကျိုးတွေကို ရရှိခံစားနေကြရတာဖြစ်ပါတယ်။ ကျမတို့တိုင်းပြည်က ကလေးငယ်တိုင်းကိုလည်း တိုင်းပြည်အတွင်းမှာ ဒီလိုအခွင့်အရေးမျိုး ရရှိခံစားကြစေချင်ပါတယ်......။



Monday, May 18, 2009


Sunday, May 17, 2009

Oregon မှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြပွဲ

အော်ရီဂွန်ပြည်နယ် ဆန္ဒပြပွဲသတင်း







၂၀၀၉ ခုနှစ် မေလ ၁၇ ရက်နေ့ မနက်ခင်း ၁၀ နာရီမှစတင်၍ အော်ရီဂွန်ပြည်နယ် ပေါ့လန်းမြို့ Down Town တွင် မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်သူ (၁၀၀) ခန့် လုပ်ကြံ ဖမ်းဆီးခံရသော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး၊ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကို ဆန့်ကျင်ရေးအတွက် ကြွေးကြော် သံများနှင့်အတူ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲကို ဇိုမီးအမျိုးသားကွန်ဂရက် ( Zomi National Congress) ၊ Oregon Rohingyr Society USA ၊ Burma Action Committee ၊ ABSDF ရဲဘော်ဟောင်းများ၊ DPNS ပါတီဝင်များ၊ NLD ပါတီဝင်များ၊ ကရင်၊ ချင်း စသောတိုင်းရင်သားများ၊ မြန်မာ့အရေးစာနာသူ အမေရိကန်များ၊ မျိုးဆက်သစ်လူငယ်များနှင့် သက်ကြီးရွယ်အိုများပါမကျန် တက်ရောက် ဆန္ဒပြခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်မချင်းအပတ်စဉ် နိုင်ငံတကာ မိသားစုများနှင့်အတူ ဆက်လက်၍ ဆန္ဒများကို ထုတ်ဖော်သွားကြမည်ဟု သိရှိရပါသည်။
ဤသတင်းများကို ထပ်ဆင့်ဖော်ပြလိုခြင်း၊ မေးမြန်းစုံစမ်းခြင်းပြုလိုပါက အောက်ပါရဲဘော်များနှင့် ဆက်သွယ်နိုင်ပါသည်။
ကိုအေသင် (ဖုန်း - ၅၀၃ ၂၃၅ ၃၆၆၃)
ကိုထွန်းထွန်း (ဖုန်း - ၅၀၃ ၃၃၄ ၉၉၉၇)
ကိုပံသု (ဖုန်း - ၅၀၃ ၄၃၂ ၃၄၅၀)
အော်ရီဂွန်ရောက် မြန်မာ့ဒီမိုကရေစီိအရေး လှုပ်ရှားဆောင်ရွက်သူများအဖွဲ့

Monday, May 11, 2009

အမွေ …… ဒေါက်တာခင်မောင်ညို

တစ်ခါက လူတစ်ယောက်ဟာ သူရဲ့သားနှစ်ယောက်ကို ပျော်ပွဲရွှင်ပွဲဆင်နွှဲရာ ပန်းခြံထဲကို ခေါ်သွား တယ်။ အဝမှာ အပေါက်စောင့်ကို သူက မေးတယ်။
“ဘယ်လောက်လဲ ခင်ဗျာ”
“တစ်ယောက် ၃ ဒေါ်လာပါ။ ဒါပေမယ့် (၆)နှစ်နဲ့ (၆)နှစ်အောက် ကလေးတွေအတွက်တော့ မပေးရ ဘူး။ အခမဲ့ပါ။
“ဟုတ်ကဲ့ ဒါဆို (၆) ဒေါ်လာယူပါ”
“ဘယ်သူ့အတွက်လဲ”
“ကျွန်တော့်အတွက်က သုံးဒေါ်လာ၊ ဟိုဘက်ကောင်လေး ဆရာဝန်က (၇) နှစ်ဆိုတော့ သုံးဒေါ်လာ။ ဒီဘက်က သားငယ်ရှေ့နေလေးကတော့ ၃ နှစ်”
“ခင်ဗျား ထီပေါက်လာတာလား”
“ဟင်အင်း၊ ဘာဖြစ်လို့လဲ”
“ခင်ဗျားက အကြီးကောင်ကို ခြောက်နှစ်လို့ ပြောလိုက်ရင်ပြီးရော၊ ဒါဆို သုံးဒေါ်လာသက်သာမှာပေါ့။ ဘယ်သူသိတာမှတ်လို့”


“ဒါတော့ ဒါပေါ့ဗျာ။ ကျွန်တော့်ကလေးတွေ ကျွန်တော်လိမ်တာကို သိမှာပေါ့။ သူတို့ကို ကျွန်တော် အဲဒီ အမွေတော့ မပေးချင်ပါဘူး”တဲ့။
ကျွန်တော်တို့ဟာ သားသမီးတွေကို အကောင်းဆုံးသော အမွေတွေကိုလည်း ပေးချင်ကြ တယ်။
သူတို့အတွက် စံပြဖြစ်အောင်လည်း မလုပ်ကြဘူး။
“ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့” တဲ့။
ကလေးတွေဟာ မိဘတွေလုပ်တာကို အတုခိုးတာပဲ။ ပတ်ဝန်းကျင်က လူတွေဟာ မကောင်း မှုနဲ့ ချမ်းသာနေရင် အဲဒါကို အားကျမှာပဲ။
ဒီအတိုင်းပဲ ကောင်းမှုနဲ့ သင့်တင့်မျှတရုံ နေတတ်တယ်ဆိုရင်လည်း အဲဒီသဘောတရားကို လက်ခံမှာပဲ။
သူတို့ကြီးပြင်းလာတဲ့ ဝန်းကျင်ဟာ သူတို့ကို ရောင်ပြန်ဟပ်မှာပါပဲ။
ကျွန်တော်တို့ဟာ အမှန်တရားကို ချွင်းချက်ထားတယ်ဆိုရင် သူတို့လည်း အမှန်ကို မျက်ကွယ်ပြုမှာပဲ။
တကယ်တော့ ဒါဟာ (domino theory) လို့ခေါ်တဲ့ သက်ရောက်မှုကို ပေးတယ်။
မိမိက မကောင်းမှုကိုပြုရင် မိမိနဲ့ ဆက်နွှယ်သူတွေဟာ မကောင်းမှုကိုပြုဖို့ အခွင့်အလမ်း များတယ်။ ဒီလိုလုပ်ပါဆိုတာမျိုး သူတို့ကို အားပေးသလို ဖြစ်တယ်။
အဓိကကတော့ အဲဒီ ကောင်းမှု၊ မကောင်းမှုရဲ့ သက်ရောက်မှုဟာ မိသားစုအတွင်း စတင်ဖြစ်ပေါ် တော့တာပါပဲ။
လီလီတွန်မ်လင်က ရေးထားဖူးတယ်။
The best mind altering drug is the truth.
စိတ်ကိုပြောင်းဖို့ အကောင်းဆုံး ဆေးဝါးကတော့ အမှန်တရားပါပဲ”တဲ့။
လူတွေဟာ အမှန်တရားကို ကြောက်နေကြတယ်။ အမှန်ကို ထုတ်ဖော်ပြောဆိုမယ်၊ အမှန်အတိုင်းကို လုပ်ကိုင်မယ်ဆိုရင် ကိုယ်ကျိုးစီးပွားကို ထိခိုက်မယ်လို့ ထင်နေကြတယ်။
“အမှန်တရားဆိုတာ ဆေးခါးကြီးပါပဲ။ လူတွေက ဒါကို လက်မခံဘူး။” လို့ ခေတ်က ယူဆကြတယ်။ ယနေ့လည်း လက်ခံဆဲပါပဲ။
ဒီနေရာမှာ အောင်မြင်လိုရင် ဆိုတဲ့ သီအိုရီတစ်ခု ထွက်လာတယ်။ အင်မတန် လူကြိုက်များတယ်။ ဒါကို ကျွန်တော်တို့က ဖတ်ပြီး သဘောကျကြတယ်။
လူတွေကို ချိုသာတဲ့စကားသာ ပြောပါ။
အပြစ်မတင်နဲ့။
ပြုံးပါ။
မုန့်ခါးရည်တခွက်က ပျားရည်တစက်လောက် ယင်ကောင်တွေကို မဆွဲဆောင်နိုင်ဘူး...... စတဲ့ စတဲ့... အောင်မြင်မှုလမ်းညွှန်တွေကို လက်ခံကြတယ်။
ဒါတွေကို အမှန်တရားကနေ လမ်းခွဲပြီး ဟန်ဆောင်ပန်ဆောင်လုပ်ရမယ့် သဘောတရားတွေလို့ ယူဆကြတယ်။
အောင်မြင်မှုအတွက် မိမိခံယူချက်သဘောထားကို ဖုံးကွယ်ထားရမှာလား။
ပျားရည်ဆမ်းမျက်နှာတွေရဲ့ နောက်ကွယ်က ဓားနဲ့ ထိုးလာကြတယ်။ ဒါကြောင့်လည်း ပြုံးနေရင် သတိထားဆိုတဲ့စကား ပေါ်ပေါက်လာတာပါပဲ။
တကယ်တော့ ပြုံးနေတာ ကောင်းပါတယ်။
သို့သော် ဟန်ဆောင်ပြုံးရင်တော့ တစ်ခုခု မကောင်းတာရှိမယ်လို့ ယူဆနိုင်တယ်။

နိဂုံး
ကျွန်တော်တို့ဟာ မျိုးဆက်သစ်တွေကို အမွေပေးနေကြတယ်။
ဘာတွေကို ပေးမှာလဲ။
“အမှန်တရား”
“လောကမှာ အမှန်တရားဟာ ရှားပါတယ်ဆရာ။ မဖြစ်နိုင်ပါဘူး” တဲ့။
ဒါဆိုရင် အမှားတွေကို အမွေပေးမလား။ လိမ်တာညာတာတွေကို အမွေပေးမလား။
ဟန်ဆောင်ပန်ဆောင်တာတွေကို အမွေပေးမလား။
“ကျွန်တော်တို့ဟာ စံပြတွေဖြစ်ရမယ်။ အမှန်တရားကို ရင်ဆိုင်ဖို့ဟာ အင်မတန်မှခက်ခဲတယ်။ သိက္ခာရှိရှိနဲ့ ဘဝကိုရင်ဆိုင်တယ်ဆိုတာ မြင့်မြတ်ပါတယ်။ သားသမီးတွေကို ဒါတွေ အမွေပေး ရမယ်”တဲ့။
လောကကြီးမှာ တရားတာတွေ မတရားတာတွေရှိမှာပါပဲ။
ဒါပေမယ့် အမှန်တရားနဲ့သာ လျှောက်လှမ်းပါလို့။
အမှန်တွေကိုသာ အမွေပေးပါ ဟူ၍။

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလထုတ်“အတွေးအမြင်” အမှတ်(၁၈၆) မှ

နေရာမှ ကူးယူမျှဝေပါသည်။

Sunday, May 3, 2009

ကောက်ညှင်းပေါင်း.... ဂျာနယ်ကျော်မမလေး

စမမှာ…
လျှာကခံစားသော စမ
နှာခေါင်းက ခံစားသော စမ
နားကခံစားသော စမ
မျက်စိကခံစားသော စမ
ကိုယ်ကခံစားသော စမဟူ၍
စမ ငါးမျိုးရှိပေသည်။
xxxxxxxxxxxx
ကျွန်မ၏ဆေးတိုက်ထဲတွင် ဆေးယူလာကြသော လူနာများစဲသွားသည့်အခိုက် စာရေးဆရာ ကိုသန်းဆွေသည် ကျွန်မထံသို့ ပေါက်လာလေသည်။ မြဝတီအတွက် ဝတ္ထု၊ ဆောင်းပါး အလိုရှိ၍ ကျွန်မထံလာတောင်းသည်ဟု ထင်မှတ်လိုက်မိသည်။
“ ကျွန်တော် ဆီးဆေး တစ်ပုလင်းလိုချင်လို့ခင်ဗျ” ဟုဆိုမှ ….
“ ရှင်က ဒီဆေးတွေစားနေသလား” ဟု အံ့သြစွာမေးလိုက်မိသည်။
“ ဟုတ်တယ်၊ ကျွန်တော်သွေးဝမ်းတွေသွားနေလို့ ကြည့်မြင်တိုင်က ဆရာကြီးဆီမှာ ဆေးစား တာ ဆေးကုန်သွားလို့ ဒီမှာလာဝယ်တာ” ဗီရိုထဲမှ သူ့အတွက်ဆီးဆေးပုလင်း ယူပေးနေစဉ်
“ ဘယ့်နှယ်လဲ တော်တော်နေရာကျသလား”
ဟု ကိုသန်းဆွေက လှမ်းမေးသည်။ သူ၏အသံမှာ ခပ်တိုးတိုးဖြစ်သော်လည်း သာသလောက် စည်သလောက် စည်မည်သွားလေ၏။
ကိုသန်းဆွေရှေ့၌ ဆေးပုလင်းကိုချလိုက်ကာ နေရာတွင်ပြန်ထိုင်လျက် အဖြေပေးရန် နှုတ်လျှာလေးနေလေသည်။ ဝလုံးကဲ့သို့ သူ့မျက်နှာဝိုင်းဝိုင်းပေါ်၌ တပ်ဆင်ထားသော သူ့မျက်လုံးများသည်။ အရောင်တစ်ပြောင်ပြောင်ထွက်နေကာ ကြားရမည့်အဖြေကို နှစ်လိုချမ်း မြေ့စွာ ဝင်းပကြိုဆိုနေသည်။ ကျွန်မလည်းပြုံးလိုက်သည်။ အနိုင်နိုင်ပြုံးလိုက်ရသောအပြုံးမှာ လျှော့ရဲရဲဖြစ်နေသည်။ ကျွန်မ၏လျှော့ရဲရဲအပြုံးကို သတိထားမိသည့် သူ့မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားလေသည်။ ဝင်းပချိုမြနေသော အရိပ်အယောင်များ ဖျော့လျှော့သွားကာ ခပ်အမ်းအမ်းဖြစ်နေသည်။


“ဆေးဆရာဖြစ်ရတာ မသက်သာပါဘူးရှင်” ဟု လေးတွဲ့တွဲ့ညည်းတွားလျက် လမ်းမဘက်သို့ လှည့်ကာ ငေးစိုက်ကြည့်နေမိသည်။ တိုက်ရှေ့၌ ဖြတ်မောင်းသွားနေကြသော ပုစွန်တံဆိပ် ကားထဲမှ ခရီးသည်များသည် ကျွန်မ၏ “ဂျာနယ်ကျော်မမလေး ဆေးတိုက်” ဟူသော ဆိုင်းဘုတ်ကလေးကို လှမ်းကြည့်သွားကြသည်။ နေရောင်ဖြင့် ပြောင်လက်နေ၍ ကတ္တရာလမ်းမကြီး၏ ပူပြင်းသောအရှိန်သည်။ မျက်နှာသို့ပင် လာဟပ်လေသည်။ ကိုသန်းဆွေမလာခင် စောစောက လူနာများကို အာပေါက်လောက်အောင် ပြောရဟောရ သဖြင့် စိတ်ပင်ပန်းသွားသောကျွန်မမှာ ပြင်းထန်သောနေရှိန်ကြောင့် ပိုမိုငြီိးစီလာကာ ခေါင်းထဲကပင် အုံလာသည်။
“လူနာကုရတာအပန်းမကြီးဘူး၊ ပြောရတာမောပါတယ်ရှင်….”
ကိုသန်းဆွေသည် စားပွဲပေါ်ကဆေးပုလင်းကို ထိပ်မှနေ၍လက်ဖြင့် အသာကိုင်လှည့်လျက်
“ဓာတ်မသိသေးလို့ ပြောရ ဟောရတာပါ၊ ဓာတ်သိတော့လည်း သဘောပေါက်သွားတာပဲ၊ ကျွန်တော်လည်း အစကမသိဘူး၊ နောက်တော့ ကုနေရင်းနဲ့ ကိုယ်နဲ့ ဘာမတည့်ဘူး၊ တည့်တယ်ဆိုတာ တဖြည်းဖြည်းနားလည်လာတယ်” ဟု သူ့အသိကို ပြန်ပြောပြနေသည်။ ဆေးပညာကိုလိုက်စား၍ ဆေးဆရာနယ်ပယ်ထဲသို့ လူသိသူသိရောက်လာသည်နှင့် အလုပ်တိုက်တွင် တစ်နေ့တစ်နေ့ လူနာမျိုးစုံနှင့်တွေ့ဆုံကာ ဆေးကုပေးနေရ၏။ အချို့သော လူနာများမှာ နောက်နောက်ကအစွဲကို တော်ရုံနှင့် မကျွတ်နိုင်ကြ၍ ခံစားနေရသည့်ဝေဒနာ မြန်မြန်ပျောက်ဖို့ရာရှိပါလျက် နှောင့်နှေးနေရပေသည်။ ကျွန်မလက်တွေ့အားဖြင့် ဝေဒနာကို အစွဲကို အရင်ချွတ်ရသူချည်း တွေ့ကြုံနေရလေသည်။ သူတို့အနာကို ကိုယ့်အနာကဲ့သို့ မြန်မြန်ပျောက်ကင်းရန် စိတ်ရှည်လက်ရှည် အတော်ကြီးပြောရသဖြင့် ဆေးမကုခင် သင်္ကာရှင်း ရခြင်းကို စိတ်ပင်ပန်းရသည်။ ကျွန်မ၏ ဆေးပညာဆောင်းပါးကို သွေးသောက်၊ ရှုမဝ မဂ္ဂဇင်းများထဲတွင် ဖတ်ရှုရ၍ ဆေးကုလာကြသောသူများအနက် ကာလ်တန်ရုပ်ရှင်ရုံမှ လက်မှတ်ရောင်းသော ကိုငြိမ်းဆိုသူတစ်ယောက်သည်ခြေမျက်စိက ဒူးဆစ်အထိ နှင်းခူရောဂါ ကြီးစွဲကပ်လျက် အနာထ၍ ရောင်ကိုင်းနေကာ လမ်းပင်ကောင်းစွာမလျှောက်နိုင်ရှာဘဲ ခြေထောက်ကို ထော့ကျိုးထော့ကျိုးလျှောက်ကာ တိုက်ထဲသို့ ဝင်လာသည်။ ကျွန်မက သူ့ခြေထောက်ကို လှမ်းကြည့်ပြီးနောက်
“ ရှင့်ရောဂါမြန်မြန်ပျောက်ချင်ရင် ကျွန်မစကားကို နားထောင်မှပျောက်မှာ” ဟုပြောလိုက် သည်။
“ ကျွန်တော် မဂ္ဂဇင်းထဲဖတ်ရတာနဲ့ လာခဲ့တာပါ၊ နားထောင်ပါ့မယ်” ဟု လေးလေးစားစားရှိ သောဟန်နှင့်ဆိုသည်။
“ ရှင့်ရောဂါက နွားသားစားမှပျောက်မှာ”
ကိုငြိမ်း၏မျက်နှာသည် လငပုပ်ဖမ်းသွားသလို မှောင်မည်းသွားသည်။ အညှီအဟောက်စား လျှင် သည်အနာမျိုးနှင့်မတည့်ဟု လှေနံဓားထစ် စွဲထားသောအယူအဆဖြင့် ကျွန်မကို မယုံသင်္ကာရှိသော မျက်လုံးကြီးများဖြင့်လည်း ပြူးကြည့်နေသည်။
“ ရှင့်အနာက ရေထိလို့လဲမဖြစ်ဘူး၊ သံပုရာသီးလဲ နိုင်နိုင်ကြီးစားပေးနိုင်မှ ဖြစ်မှာ”
ကိုငြိမ်းသည် သိသိသာသာမျက်နှာပျက်သွားပြန်သည်။ ခြေသလုံးကြီးတစ်ခုလုံး ကိုင်းရောင်ကာ အရည်တစိုစိုဖြင့် ငန်းမန်းထနေသော နှင်းခူကြီးကို အနာ- အချဉ်စားလျှင် ယင်းသည်ဟူသော အစွဲဖြင့် သံပုရာနိုင်နိုင်စားရမည်ဆိုခြင်းကိုလည်း ထိတ်လန့်ပုံရှိနေသည်။
“ကျွန်မပြောတဲ့အတိုင်း လုပ်မှဆေးကုပေးချင်တယ်၊ ကျွန်မပြောတာလုပ်လို့ ရောဂါတိုးလာရင် ကျွန်မတရားခံပေါ့၊ ကျွန်မပြောတဲ့အတိုင်း မလုပ်ဘဲ ဖောက်သွားလို့ ရောဂါတိုးတာတော့ ကျွန်မတာဝန်မယူနိုင်ပါဘူးရှင် ကျွန်မနဲ့ကုဖို့ စိတ်ရှိပါသလား”
ကိုငြိမ်းသည် တွေငိုင်လျက်နေ၏။ ထို့နောက် အားတုံ့အားနာ ပြုံးရယ်ကာ
“ကျွန်တော်တော့ ပျောက်ချင်လို့လာတာပါပဲ၊ နွားသားစားဖို့ဆိုတာကတော့ အနာများပိုပြီး ဆိုးလာမလားလို့ပါဗျာ”
ဟုစိုးရိမ်မကင်းသံဖြင့် ပြန်ပြောလေသည်။
“ ကျွန်မအခုဆေးကုနေတာ သေတာ ရှင်တာကို ကုပေးနေတာမဟုတ်ပါဘူးရှင်၊ တည့်တာ မတည့်တာကို ကုပေးနေတာပါ၊ နှင်းခူဝေဒနာမျိုးဟာ နွားသားစားရင်တည့်တယ် ဆိုတဲ့အသိ၊ သညာအမှတ်နဲ့ ကုသတာလည်းမဟုတ်ပါဘူး၊ နှင်းခူဝေဒနာသည်ကိုငြိမ်းနဲ့ နွားသားနဲ့ တည့်တယ်ဆိုတဲ့ အသိပညာနဲ့သာ ကုတာပါ၊ ရှင်နွားသားစာမယ်ဆိုရင် အနာမတိုးဘဲ ပျောက်ရမယ်ဆိုတာ ကျွန်မရဲရဲကြီး အာမခံပါတယ်”
လူနာကို နားဝင်လောက်အောင် သင်္ကာရှင်း၍သော်၎င်း၊ အာမခံ၍သော်၎င်း၊ ကုသရခြင်းမှာ သူ့အနာပျောက်ကင်းချင်လှသည့် မေတ္တာစိတ်ရှေ့ရှုချက်ကြောင့်သာ ဖြစ်သည်။
ခြေထောက်မှ ကောင်းကောင်းမထောက်နိုင်လောက်အောင် ကိုက်ခဲနာကျင်နေသော ဝေဒနာကြီးကို လျှင်မြန်စွာပျောက်ကင်းစေချင်သော ဇောဖြင့် အတော်မောလောက်အောင် ရှင်းလင်းပြောပြနိုင်တော့မှသာ ပြောတဲ့အတိုင်းလုပ်ပါမည်ဟု အဖြေလေသည်။
စားပွဲပေါ်မှ စာရေးစက္ကူဆွဲ၍ “ ကိုငြိမ်းလိုက်နာရန်၊ ဤစာရွက်ထဲမပါသည်ကို မစားရန်၊ မလုပ်ရန် အထူးသတိပြုပါ” ဟူ၍ရေးလိုက်သည်။
ကိုငြိမ်းသည် စာရွက်ပေါ်တွင် ကျွန်မရေးနေသောစာလုံးများကို မျက်ခြည်မပြတ် လိုက်ဖတ်ကြည့်နေသည်။
နွားနို့စစ်စစ်(မျက်စိအမြင်) အစိမ်းသောက်ရန်၊ ထိကရုန်း၊ အုန်းရည်၊ ရွှေဖရုံသီး၊ ထန်းလျက်၊ ရုန်းပတီသီး၊ ကောက်ညှင်း၊ ဆီထမင်း၊ ရမ်းသီး၊ စားတော်ပဲ၊ ခရမ်းချဉ်သီး၊ ဒူးရင်းသီး၊ ကြောင်ရှာသီး၊ သြဇာသီး၊ သုံပုရာသီး၊ နာနတ်သီး၊ တညင်းသီး၊ ဆီးသီး၊ နံနံပင်၊ နွားသား၊ ဆိတ်သား၊ မန်ကျည်းသီး၊ ငါးမြင်းရင်း၊ ငါးစင်ရိုင်း၊ ပုစွန်၊ ငါးပုဏ္ဏား။
ကိုငြိမ်းနှင့် တည့်သည့်အစာများကို ဤသို့ရေးနေစဉ် ကိုငြိမ်းလှမ်းဖတ်ကြည့်နေရာက အနာကြွလာအောင် ပေးတဲ့အစာတွေလားဟု ဖြတ်မေးလိုက်သည်။
“ ရှင် ကျွန်မဆီ အနာလာကုတာ သက်သာအောင်၊ ပျောက်ကင်းအောင် လာကုတာမဟုတ် ဘူးလား၊ အနာကို ကြွအောင်လုပ်ပေးရတယ်လို့ ကျွန်မသင်ယူတဲ့ ဆေးပညာမှာမရှိပါဘူး၊ အနာကို မကြွအောင်၊ ပျောက်အောင်သာ လုပ်ပေးပါတယ်၊ အခုပေးတဲ့အစာတွေက ကြွအောင်လုပ်ပေးတဲ့ အစာတွေမဟုတ်ပါဘူး၊ မကြွနိုင်အောင် ပေးတဲ့အစာတွေပါ”
ကျွန်မပြောသည့်စကားများသည် သူ့နားနှင့် ဆန့်ကျင်နေသည်။ သည်အစာတွေစားခဲ့လျင် အနာကြီးကြွတက်လာတော့မှာပဲဟု တွေထင်နေပုံလည်းရှိသည်။ ကျွန်မက ဆက်လက်၍ ရေးသားပြန်သည်။ သူကလည်း ဆက်လက်၍ လိုက်ဖတ်ကြည့်ပြန်သည်။
ရေအေး- ရေစိမ်းမချိုးရ၊ ရေနွေးချိုးရမည်။ လေစိမ်းတိုက် များများခံပါ၊ မီးခဲတွင် ငရုတ်ကောင်း၊ နဲ့သာဖြူထည့်၍ အခိုးကို နှာခေါင်းနှင့်ရှူပါ၊ ပါးစပ်ထဲမဝင်စေနှင့်။ တစ်နေ့သုံးကြိမ် ဆေးမှုန့်နှင့် အနာကို ကွမ်းရွက်နှင့် နာနာတိုက်ပါ။ ဆေးရည်တစ်နေ့ သုံးကြိမ်သောက်ပါ။
“ ရှင်နဲ့ ဒီစာရွက်ထဲပါတာတွေနဲ့သာ တည့်ပါတယ်၊ အတည့်ဆုံးကတော့ နွားသားပဲများများစား ပါ၊ နွားသားမရမှ ဒီစာရွက်ထဲပါတာတွေ လွယ်ရာလှည့်စားသွားပါ၊ ဒီစာရွက်ထဲမပါတာကိုတော့ ဘာတခုမှ မစားပါနဲ့”
ကိုငြိမ်း၏အကဲကိုခတ်ကာ ဤမျှလောက်ပြောလိုက်ရုံဖြင့် သည်အတိုင်းလိုက်နာဝံ့မည့်သူ မဟုတ်မှန်းသိ၍ သည်အတိုင်းလုပ်ရဲရန် ဘာကြောင့် နွားသားနှင့် တည့်သည်ကို အာခြောက် အောင်ရှင်းပြောပြရလေသည်။
ကျွန်မကုသနည်းကား အမှန်စင်စစ် အနာပျောက်ရုံသာမဟုတ်ပဲ သူ့အတွက် ကျန်းမာရေး မျိုးစေ့ချပေးလိုက်ခြင်းလည်း မည်လေသည်။
ထိုထက်တဆင့်တက်၍ ဘာကြောင့် ဒီအစာတွေ တည့်ရသနည်းဟု ကြံဆမည်ဆိုပါလျှင် ပညာ၏အစကိုပင်ရနိုင်ကာ ကျန်းမာရေးလက်ကိုင် ရသွားပေလိမ့်မည်။ ကျွန်မပေးသော ဓာတ်စာများမှာ ခုနှစ်ခု-စား၊ ရှစ်ခု-စား၊ လနှင့် ရာသီနှင့် ပေးသော ဓာတ်စာမျိုးမဟုတ်ပေ။ ကိုငြိမ်းတသက်လုံး ဤစာရွက်ထဲပါသည်ကိုသာ စားနေပါက အခြားဝေဒနာ စွဲကပ်ဖို့မဆိုထားနှင့် ခေါင်းပင်ကိုက်ခဲလိမ့်မည်မဟုတ်ပေ။
၎င်းအစာများနှင့် တည့်သည်၊ မတည့်သည်ကိုလည်း သူ၏ခန္ဓာကိုယ်က သက်သေခံရပေလိမ့် မည်။
ဝေဒနာသည်များအား ခန္ဓာငါးပါးမှစ၍ တည့်သည့်အစာနှင့် ကျွေးကုသခြင်း၊ တည့်သည့်အသံနှင့် ကုပေးခြင်း၊ တည့်သည့်အနံ့နှင့် ကုပေးခြင်း၊ တည့်သည့်အထိအတွေ့နှင့် ကုပေးခြင်းစသည့် ဓာတ်သဘောမှာ ကျမပြော၍ တည့်သည့်ဓာတ်မဟုတ်ပဲ ကိုယ်တိုင်သိ ဖြစ်ပေမည်။ မတည့်သည့်ဓာတ်များကိုလည်း ကိုယ်တိုင် မိမိနှင့်မတည့်မှန်း သိရပေမည်။
ကိုငြိမ်း ဆေးယူပြန်သွားပြီးနောက် ကျမစိတ်ထဲ ထင့်နေသည်။ ကျမပေးလိုက်သော ဓာတ်စာဆေးဝါးများနှင့် သူ့အနာနှင့် တည့်ပါမလားဟု ထင့်ရပုံမျိုးမဟုတ်ဘဲ နွားသားနှင့် သံပုရာသီးကို စားမှ စားပါ့မလားဟု ထင့်နေမိသည်။

ဆယ်ရက်လောက်ကြာလျှင် ကိုငြိမ်းပေါက်လာလေ၏။ တိုက်ထဲမဝင်ခင် သူ့ကိုမြင်မြင်ချင်း ပြောတဲ့အတိုင်းလုပ်မှန်း သိလိုက်သည်။ ဖျက်လတ် သွက်လက်စွာ တိုက်ထဲသို့ဝင်လာ ပြီးနောက် “ အမျာကြီးသက်သာသွားပြီ” ဟု ပြုံးရွှင်စွာ ပြောရင်း ကျမ စားပွဲရှေ့ ကုလားထိုင်တွင် ဝင်၍ထိုင်သည်။
“ရှင်နွားသားစားတော့ အနာကြွသေးလား”
ကျမက ပြောပြီးပြုံးနေသည်။ သူ၏တက်ကြွရွှင်လန်းအားရနေသော မူယာဟန်ပန်ကိုကြည့် လျက် အားရပါးရပြုံးနေမိသည်။
“ပထမတော့ ကြောက်နေသေးတယ်ဗျ၊ ပြောတာတွေ မလုပ်ဝံ့သေဘူး၊ နောက်မှ ဘယ့်နှယ်ရှိရှိ ဒီလောက်အာမခံထားတာ လုပ်မယ်ဆိုပြီး နေ့တိုင်းနွားသားနဲ့ သံပုရာသီးချည်း စားတာပဲ၊ အနာမကြွပါဘူး၊ ခြေထောက်တော့ ပျောက်ကာနီးသလောက် ရှိပါပြီ၊ ဆေးကုန်လို့ လာယူတာပါ”
ကိုငြိမ်း၏ နှင်းခူအနာကြီး ပျောက်ကင်းသွားပြီးနောက် စာရင်းစစ် ဦိးဟင်ဝေး ဆိုသော ပုဂ္ဂိုလ်တယောက်ကို ကိုငြိမ်းကတစ်ဆင့် ညွှန်လိုက်သည်။
လက်ကောက်ဝတ်ကနေ၍ တံတောင်ဆစ်အထိ ရွံရှာဖွယ်အလိလိစိုရွှဲနေသော နှင်းခူအနာကြီးနှင့် ရောက်လာလေသည်။
နွားသားနှင့် သံပုရာသီးကျွေးလျှင် ရဲရဲသာစားရန် ကိုငြိမ်းက မှာလိုက်ကြောင်းကို ပြောပြသည်။ ကျမက သူ့ရဲ့အနာကိုကြည့်ရှုပြီး …
“ ဦိးရဲ့အနာက နွားသားနဲ့ သံပုရာသီး မတည့်ပါဘူး၊ အနာချင်းတူပေမဲ့ လူချင်းမတူကြပါဘူး၊ တဦးနဲ့ တည့်လို့ တဦးနဲ့ မတည့်ပါဘူး၊ ကိုငြိမ်းအနာက ရေထိလို့မရဘူး။ ဦးအနာက ရေစိမ်ပြီး ကုရမှာပါ။ ဦိးကတော့ ငါးသလောက်၊ လိပ်ဥစားမှပျောက်မှာပါ”
ကိုငြိမ်းကဲ့သို့ပင် မျက်စိမျက်နှာ ပျက်သွားပြန်၍ ကျမပြောသည့်အတိုင်းလုပ်လျှင် မြန်မြန် ပျောက်ကင်းသွားမည်ကို မမောမပန်း သင်္ကာရှင်း ပြောရပြန်လေသည်။ နွားသားနှင့် သံပုရာသီးစား၍ တဦးပျောက်တာ ကိုယ်တိုင်မြင်ခဲ့၍ ကျမ နွားသားနှင့် သံပုရာသးကျွေးလျှင် စားဝံ့ပုံရှိသည်။
ငါးသလောက်၊ လိပ်ဥ ဆိုလိုက်၍ တွန့်သွားလေသည်။ နွားသားနှင့် သံပုရာသီးစား၍ တဦးပျောက်တာမြင်ပြီး လိုက်စားမည်ဆိုပါက အနာကြွကာ လက်ကအသားတွေ ကြွေကျဖို့ရာ ရှိလေသည်။ သူ့ကို ငါးသလောက်နှင့် လိပ်ဥကြွေးပြီး အနာကြွအောင်လုပ်ကုတာဟု ထင်မှတ်နေပြန်၍ အနာကြွအောင် ပေးတာမဟုတ်ဘဲ အနာမကြွအောင် နှိမ်ကုခြင်း ဖြစ်သည် ကို သဘောပေါက်အောင် အတော် သင်္ကာရှင်းပြောရသည်။
ဝေဒနာသည်တို့အား အနာကုရတာ ဒါလောက်မခက်လှဘဲ နောက်နောက်ကစွဲထားသည့် အစွဲကို ချွတ်ရသည့်အတတ်က ပိုခက်နေသဖြင့် ကျမ၏ အခက်အခဲများကို ကိုသန်းဆွေအား ညည်းညူပြောမိခြင်း ဖြစ်သည်။
“ကျမအခက်ဆုံးက ဝေဒနာသည်ကို ကောက်ညှင်းကျွေးကုတာနဲ့ ရေစိမ်၊ ရေလောင်းကုတဲ့ ဓာတ်ကို ရုတ်တရက်လူတွေလက်ခံဖို့ အခက်ဆုံးဖြစ်နေတယ်”
ကိုသန်းဆွေသည် သူ၏ရောဂါဝေဒနာကို ဆရာကြီးဓာတ်နည်းဖြင့် ကုသနေသဖြင့် ဓာတ်သဘောကို တီးမိခေါက်မိရှိနေသည်။ သူသည် ငြိမ်သက်လျှက်နေရာမှ တစုံတရာကို စဉ်းစားမိဟန်ဖြင့် ပြုံးရယ်လိုက်သည်။
“ကျနော့ကို ဒေါ်ခင်စု(ခင်နှင်းယု) ကပြောဘူးတယ်ဗျ၊ သူများတွေကောက်ညှင်းပေါင်းစားရင် ဝမ်းချုပ်တယ်ဆိုပေမဲ့ နိုင်ငံတော်အရာရှိကြီးတဦိးကတော့ ဝမ်းချုပ်ရင် ဝမ်းနှုတ်ဆေးမစားဘူး၊ ကောက်ညှင်းပေါင်းခိုင်းပြီး ကောက်ညှင်းပေါင်းအမြဲစားတယ်၊ အဆန်းဘဲလို့ပြောဖူးတယ်”
ကျမက ဘယ့်နှယ်ရှိစ အဓိပ္ပါယ်သက်ဝင်သော မေးခွန်းလက္ခဏာဟန်ပေါ်သွားရုံသာ ရှိသေး ကိုသန်းဆွေက ဆက်လက်၍ ကျမမေးမည့် အမေးကိုကြိုဖြေလိုက်သည်။
“ကျွန်တော်လဲ ဒီဓာတ်သဘောရိပ်မိမှ သူနဲ့ကောက်ညင်းပေါင်း တည့်လို့သာဆိုတာ သက်သေခံရတော့တယ်”
ကျမတို့ နှစ်ယောက်စလုံး ကိုယ့်အတွေးနှင့် ကိုယ်ငြိမ်သက်နေကြပြန်သည်။ ကိုသန်းဆွေ ဘာတွေးမည်ကို မသိနိုင်သော်လည်း ကျမမှာမူ ဆေးပညာသင်စဉ်က ဆရာကြီးဆုံးမ ပြသသော အချက်ကို ဒက်ကနဲတွေးမိသည်။
ဆရာကြီးသည် အတ္ထော အက္ခရာ သညာတော အစရှိသော ပါဋ္ဌိကို ပထမ ရွတ်ပြကာ အနက်ကို ရှင်းပြောပြသည်။
ဆရာကြီး ရှင်းပြဖူးသော ပါဠိအနက်ကို ပြန်တွေးကာ အက္ခရာဟူ၍၎င်း၊ ဝဏ္ဏဟူ၍၎င်း၊ စမ ဟူ၍၎င်း သူ့နေရာနှင့်သူ အသုံးအားဖြင့် ခွဲခြား၍ ခေါ်ပညတ်ခြင်း ဖြစ်ပုံတွေကို တွေးဆင်ခြင်မိသည်။
သရရှစ်လုံး၊ ဗျည်းသုံးဆယ့်သုံးလုံးကိုပေါင်းပါက ဝဏ္ဏ လေးဆယ့်တလုံးခေါ်လေသည်။ သုတ်သုံးကျမ်း၊ ဝိနည်း ငါးကျမ်း၊ အဘိဓမ္မာ ခုနှစ်ကျမ်း၊ ၎င်း သုံးမျိုးကို ပိဋကတ်သုံးပုံဟူ၍ ပြန်ပညတ်၏။
၎င်းပိဋကတ်သုံးပုံကို လေးဆယ့်တလုံးသော ဝဏ္ဏမှ ပို၍မရေးသားနိုင်ချေ။ ရေးသားသော အက္ခရာများ မပျက် မှန်ကန်အောင်ရေးနိုင်ပါမှ ပါဠိမှန်ပေသည်။ ပါဠိမှန်မှ အနက်မှန်ပေမည်။ အနက်မှန်မှ အဓိပ္ပါယ်မှန်ပေသည်။ အဓိပ္ပါယ်မှန်မှ အကျင့်မှန်ပေသည်။
အက္ခရာမှားလျှင် ပါဠိမှားလေသည်။ ပါဠိမှားလျှင် အနက်မှားကာ၊ အနက်မှားလျှင် အဓိပ္ပါယ်မှားလျှက် အဓိပ္ပါယ်မှားက အကျင့်မှားလေ၏။ ထို့ကြောင့် အက္ခရကောသလ္လဉာဏ်ကို ဦးစွာပြီးစေအပ်၏ဟု သဒ္ဒါကြီးသန္ဓိပထမပိုင်းတွင် ဆိုထားပေသည်။
ဥပမာ- ကိုဋ် ဟူသောအက္ခရာရေးနည်းမျိုးကား ရှင်ဘုရင် မကိုဋ်သာလျှင် ရေးနိုင်ပေသည်။ ကြောင်ကိုက်သည်ဆိုရာ၌ ထိုအက္ခရာကို မရေးသားနိုင်ပေ။ အက္ခရာအထားအသိုလွဲလျှင် အဓိပ္ပါယ်လွဲရပေလိမ့်မည်။ အဓိပ္ပါယ်လွဲပါက အယူအဆအားလုံး လွဲသွားဖွယ်ရာရှိပေသည်။
“ အက္ခရာတွေကို အက္ခရာသိရုံနဲ့ မပြီးသေးဘူး၊ အသံထွက်ကို နားလည်သိရှိထားရသေး တယ်၊ ဥပမာ လူအများသီလဆောက်တည်တဲ့အခါ ဗုဒ္ဓံသရဏံ ဂစ္ဆာမိကို ဆိုတတ်ရုံနဲ့ ပြီးသော်လည်း သာမဏေကျတော့ ဆိုတတ်ရုံနဲ့မပြီးဘူး၊ ဥပဇ္ဈာယ်ဆရာနှင့်တကွ သာမဏေပါ နှုတ်ခမ်းက ထွက်ရမည့်အသံ၊ သွားကထွက်ရမည့်အသံ၊ လျှာဖျားက ထွက်ရမည့်အသံ၊ အာခေါင်က ထွက်ရမည့်အသံ နှုတ်ခမ်းအဖွင့်အပိတ် သိပ်အရေးကြီးတယ်၊ သည်အက္ခရာ အရေးကြီးသလို လောကီပညာဘက်မှာလည်း စမ အရေးကြီးတယ်”

ဆရာကြီး အမိန့်ရှိဘူးသည့်အတိုင်းစမ အက္ခရာအရေးကြီိးကြောင်း တွေးမိပေသည်။
စမ အက္ခရာမသိပါက ကိုယ်ဟာကိုယ်မှားနေတာ တွေ့ရပြန်သော်လည်း ဘာကြောင့်မှားနေမှန်း မသိပေ။ ကိုယ့်ဟာကိုယ် မှန်နေတာ တွေ့ပြန်သော်လည်း ဘာ့ကြောင့်မှန်နေမှန်း မသိပေ
စမ ကိုသိမှ အဖြေကို သိပေလိမ့်မည်။
အချို့ ဓာတ်ချုပ်လျှင် ကောက်ညှင်းစားပုံမှာ လမ်းမှန်နေသဖြင့် ဘာကြောင့်မှန်နေမှန်းသိဖို့ အရေးကြီးပေသည်။
တဦးကောက်ညှင်းစားပုံ လမ်းမှန်သော်လည်း နောက်တဦးဝင်စားပါက မုချ ဆေးမဖြစ်ဘဲ ဘေးဖြစ်လိမ့်မည်။ ဘာကြောင့် မတည့်မှန်းကိုလည်း သိအပ်လှပေသည်။ နံနက်တိုင်း ထန်းညက်သုံးခဲစားကာ ရေတဝသောက်လျှက် ကောက်ညှင်းသာ အမြဲစားနေပါက ဆရာခေါ်ရသော ဒုက္ခမှ လွတ်ငြိမ်းသွားပေလိမ့်မည်။
ထန်းညက်ကား တေဇောဖြစ်သော်လည်း ရိုးရိုးတေဇောမဟုတ်၊ နဝင်းတေဇောဖြစ်ပေသည်။ ထန်းကား-၁၀၊ ညက်ကား-၈၊ ၎င်း ၁၈ကို ၉-နှင့်စားလျှင် အကြွင်းမရှိသဖြင့် နဝင်းတေဇောခေါ်ခြင်းဖြစ်သည်။ ဤကား ဦးနု၏ စမ အကျိုးဖြစ်လေသည်။ စမ ဆိုသည်မှာ သူ့နေရာနှင့်သူ ဖြစ်ကြောင်းကို ရှင်းခဲ့ပြီးလေပြီ။
စမ မှာ လျှာကခံစားသော စမ၊ ကိုယ်ကခံစားသော စမ ဟူ၍ စမ ငါးမျိုးကို အတိအကျမသိ၍ မျက်စိလည်နေပါက အန္တ ပုထုဇဉ်ခေါ်ပေမည်။
၎င်း စမ ငါးမျိုးကို လောကုတ္တရာနည်းနှင့် ခန္တာငါးပါးဟု ခေါ်ပေသည်။ လောကီနည်းနှင့် လောကုတ္တရာနည်းနှင့် သူ့နေရာနှင့်သူ အတိအကျခံစားတာတွေကို သိပါမှ ကလျာဏ ပုထုဇဉ်ဖြစ်ပေတော့မည်။
“အင်္ဂလိပ်စာတွေ ကုန်းသင်ပြီး မြန်မာရဲ့ အက္ခရာစာပေ စမသဘောနားလည်တဲ့သူများကို သည်ပညာနဲ့ ဆေးကုနည်းသင်ပြဖို့ဟာ မလွယ်လှဘူးရှင်”
ကျမလည်း စမသဘောကို အကျယ်တဝင့် ပြန်လည်တွေးတောနေရာမှ နောက်ဆုံးနိဂုံးချုပ် ပြောလိုက်သဖြင့် ကိုသန်းဆွေသည်ပြုံးကာ “ တဖြည်းဖြည်းတော့ လူတွေလက်ခံမှာပါပဲဗျာ၊ ဒီပညာပြန့်ပွားရင် ဆေးဖိုးအကုန်သက်သာပြီး ကိုယ့်ကျန်းမာရေး ကိုယ်ပိုင်သွားကြမှာပဲ” ဟု စိတ်ရောကိုယ်ပါ ထောက်ခံပြောဆိုသွားပေသည်။
မှတ်ချက်။ ။ ကိုငြိမ်းကို နေဂိုဏ်း အင်္ဂါနာမ် (စ၊ ဆ၊ ဈ၊ ဇ၊ ည) အသံထွက်ကိုယူခြင်းဖြစ်သည်။

Thursday, April 30, 2009

ဝိပဿနာ....(မသက်သက်လွင်)

ဟန္ဒ ဒါနိဘိက္ခဝေ၊ အာမန္တယာမိဝေါ၊
သယဓမ္မာသင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ။
ရုပ်နာမ်ဓမ္မ၊ ခန္ဓာငါးပါးတည်းဟူသော ပြုပြင်၍ပေါ်ပေါက်လာရသော သင်္ခါရ တရားတို့သည် ကုန်ခြင်း၊ ဆုံးခြင်း၊ ပျက်ပြုန်းခြင်းသာ ရှိကြ၏။ မမေ့မလျော့ မပေါ့သောသတိဖြင့် နှလုံးသွင်းဆင်ခြင်ကြကုန်။

နညတြဗောဇ္ဈာတပသာ၊ နညတြိန္ဒြိယသံဝရာ
နညတြ သဗ္ဓနိဿဂ္ဂါ၊ သောတနတ္ထိပဿဓိ ပါဏိနံ၊
ဝိပဿနာ အလုပ်တည်းဟူသော မဂ္ဂင်အကျင့်၊ ဗောဇ္ဈင် အကျင့်ကို ကြဉ်ထား၍ လည်းကောင်း၊ အိနြေ္ဒစောင့်ရှောက်ခြင်းတည်းဟူသော သီလအလုပ်ကို ကြဉ်ထား၍လည်းကောင်း၊ ကိလေသာတို့၏ ကုန်ရာ နိဗ္ဗန်ကို ကြဉ်ထား၍လည်းကောင်း သတ္တ၀ါတို့အား ချမ်းသာခြင်းကို ငါဘုရားမမြင်ချေ၊
ဗုဒ္ဓမြတ်စွာ ဘုရားရှင်

ဤစာစုသည် ၀ိပဿနာတရား ရှုမှတ်နည်း အကြောင်း ရေးသားထားခြင်း မဟုတ်ပါ။ ၀ိပဿနာ ဘာဝနာ အကျင့်မြတ်သည် ဗုဒ္ဓမြတ်စွာဘုရား၏ သာသနာတော်တွင် အဓိကကျသော အားကိုးအားထားရာ၊ မြတ်စွာဘုရား အချီးမွမ်းဆုံးသောအလုပ်၊ တရားစစ် တရားမှန်ဖြစ်ကြောင်းကို မိမိသိမြင်သကဲ့သို့ လူအများသိစေလိုသော ကွယ်လွန်သူ၏ စေတနာဆန္ဒ၊ ကိုယ်တွေ့ဗုဒ္ဓ၀ါဒ အနှစ်သာရကို ဝေငှလိုသော မွန်မြတ်သော ရည်ရွယ်ချက်က ပဓာန ဖြစ်ပါသည်။

အထက်ပါ အမှာစကားများကို မသက်သက်လွင်၏ အသုဘအခမ်းအနားတွင် ဆစ်ဒနီမြို့ရှိ ကျန်ရင့်သူ မကဒတ ရဲဘော်ဟောင်းများနှင့် သူမ၏ တခြားမိတ်ဆွေများက သူမှာမှာကြားခဲ့သော ၀ိပဿနာ အကြောင်းကို သူမ၏ကုသိုလ်အဖြစ် စာအုပ်ငယ်လေးအဖြစ် ထုတ်ဝေလှူဒါန်းပေးရာ၌ စာအုပ်အဖုံးတွင် အမှာစာအဖြစ် ရေးခဲ့ခြင်းဖြစ်ပါသည်။

မသက်သက်လွင်သည် ABSDF တပ်ရင်း (၆၀၁) မှ တပ်ဖွဲ့ဝင် ရဲမေတဦးဖြစ်ပြီး ABSDF ဒုတိယအကြိမ် ညီလာခံ၌ ပထမဦးဆုံး အမျိုးသမီး ဗဟိုကော်မီတီဝင်အဖြစ် အရွေးချယ်ခံခဲ့သည့် မကဒတအမျိုးသမီး တပ်ဖွဲ့ဝင် ဖြစ်သည်။ သူမသည် ပြည်တွင်း၊ နယ်စပ်၊ ပြည်ပ စသည့် နေရာများအားလုံးတွင် မကဒတ၏ တာဝန်ကို ကျယ်ပြန့်စွာ အမျိုးသားများတပ်ဖွဲ့ဝင်များနှင့် ရင်ဘောင်တန်းပြီး ထမ်းဆောင်ခဲ့သူတဦး ဖြစ်ပါသည်။ ၂၀၀၁ ခုနှစ်တွင် သြစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့သို့ ရောက်ရှိပြီး ၂၀၀၃ ခု ဧပြီလ ၇ ရက်နေ့ နံနက် ၁၀ နာရီ မိနှစ် ၅၀ ၌ ဆစ်ဒနီမြို့ရှိ St. Joseph’s Hospital, Auburn တွင် အစာအိမ် ကင်ဆာရောဂါဖြင့် ဘ၀တပါးသို့ ကူးပြောင်းခဲ့ပါသည်။ အောက်ပါစာစုသည် ဗုဒ္ဓဘာသာဝင်များအတွက် သူမ၏ အမှာစာဖြစ်ပါသည်။


ဝိပဿနာ
၂၀၀၁ ဒီဇင်ဘာကုန်တုန်းက အစာအိမ်ထဲမှာ ကင်ဆာဖြစ်နေပြီဆိုလို့ အစာအိမ်ရဲ့ လေးပုံသုံးပုံကို သြစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့ ၀က်(စ်)မိ ဆေးရုံမှာ ဖြတ်တောက်ခဲ့တယ်။ ဆေးရုံမှာ ကိုးရက်လောက်နေပြီးတော့ ချုပ်ရာတွေ ကျက်တာနဲ့ ပြန်ဆင်းခဲ့ရတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာ လူက နားနေဖို့ အချိန်ကို သတိမရပဲ အင်တာနက်တွေမှာ အစာအိမ်ကင်ဆာနဲ့ ပတ်သက်တဲ့ သတင်းတွေ လျှောက်ရှာဖတ် ဖြစ်ခဲ့တယ်။ ကိုယ့်လို အခြေအနေမျိုး ကုလို့မရတဲ့ အခြေအနေနဲ့ သုံးလေးနှစ်လောက် ခံတယ်ဆိုတဲ့ သတင်းတွေ ပိုပြီးများများ ဖတ်ခဲ့ရတယ်။ ဖတ်သွားလေ ကြောက်တာတွေ ပိုတိုးလာလေ ဖြစ်ဖြစ်လာပြီးတော့ လူဟာ တော်တော်ဆောက်တည်ရာမရ ဖြစ်နေခဲ့တယ်။ ကလေးတွေအဖေက ဒါကို နားလည်ခဲ့ပုံ မရဘူး။ ဆေးရုံမတက်ခင်မှာ ရန်ဖြစ်ပြီး ဆေးရုံတက်ခဲ့တယ်။ ဆေးရုံဆင်းတော့လည်း စကားမပြောဖြစ်ကြဘူး။ အိမ်မှာ ဒီလိုပဲ ကတောက်ကဆ ဖြစ်နေတာ အမြဲတမ်းပါပဲ။ ဒီတော့ ထုံးစံအတိုင်း တယောက်ထဲပဲ စီမံကိန်းတွေဆွဲ တယောက်ထဲပဲ ရင်ဆိုင်ရင်းနဲ့ ၂၀၀၂ ခုနှစ်မေလထဲမှာ ကင်ဆာအတွက် ဓါတ်ကင်ကုတာတွေ၊ ဆေးထိုးတာတွေ ဆက်လုပ်ခဲ့တယ်။ ဒီလိုနေလာရင်းနဲ့ တက္ကသိုလ်မှာ မြို့ပြအင်ဂျင်နီယာဘွဲ့ ဆက်တက်နိုင်အောင်လည်း လိုအပ်တဲ့ သင်တန်းတိုတွေ ပြေးတက်နေခဲ့တယ်။
ပိုပြီးဖြတ်သန်းလာလေ ကင်ဆာရောဂါရဲ့ မရေရာမှုတွေကို ပိုပြီးနားလည်လာလေလေ ဖြစ်ရင်းနဲ့ စိတ်ဓါတ်ကျတဲ့အခါတွေ ဖြစ်တဲ့အအကြိမ်လည်း အများကြီး ဖြစ်လာခဲ့တယ်။ စာအုပ်တွေ အများစုမှာလည်း ကင်ဆာသမားတွေအတွက် တရားထိုင်တာ အင်မတန်ကောင်းတယ်လို့ ရေးသားထားကြတာ ပါပေမယ့် တရားထိုင်ဖို့ ကိစ္စကို စိတ်ကူးနြ့တောင် မလုပ်နိုင်ခဲ့ဘူး။ ဗမာပြည်က အစ်အကြီးဆုံးနဲ့ ဆက်သွယ်ပြီး ဗမာဆေးတချို့ကို ၀ယ်စားတာလောက်ပဲ လုပ်ဖြစ်တယ်။ အဓိက ဗမာပြည်က အစ်မကြီးကို တိုင်ပင် စီမံကိန်းချ ဖြစ်တာကတော့ ကင်ဆာရောဂါ ကုလို့ မရနိုင်တဲ့အကြောင်း၊ စောစောစီးစီး သေသွားမယ်ဆိုရင် သမီးတွေကို အစ်မကြီးနဲ့ ပြန်ထားမယ် ဆိုတဲ့အကြောင်းတွေ ဆွေးနွေးဖြစ်ရင်း ဗမာပြည်မှာ အိမ်ကလေးတလုံး ကြိုဆောက်ထားဖို့ ဆွေးနွေးဖြစ်ခဲ့တယ်။ အစ်မကြီး သဘောတူပါတယ်။ ဒါပေမယ့် သူက ကလေးတွေကို ကျန်းမာရေး၊ ပညာရေး ပိုစိတ်ချလုံခြုံရတဲ့ သြစတြေးလျားမှာပဲ ကြီးပြင်းစေချင်တယ်။
ကိုယ်ကလည်း လက်ခံပါတယ်။ ဒါပေမယ့် ကလေးတွေ ဗမာဇာတိပျောက်သွားမယ့် အခြေအနေကို သိပ်စိုးရိမ်မိတယ်။ တခါတလေကျတော့လည်း ကိုယ့်စဉ်းစားချက်တွေေ၀၀ါးလို့ နေသလိုပါပဲ။ တိုင်ပင်ရမည့်သူကလည်း မရှိ၊ အတွင်းကျကျ ထုတ်ပြောရမည့် သူကလည်းမရှိဘူးလို့ စိတ်ထဲမှာ အမြဲလို ဖြစ်နေတော့ ဒီနောက်ပိုင်းမှာ ကိုယ့်ရဲ့ အထီးကျန် ခံစားချက်တွေ ပိုပြီးဆိုးရွားလာနေသလိုပါပဲ။ နိုဝင်ဘာလကျတော့ ကိုယ့်ရောဂါ အခြေအနေကြောင့် ရထားတဲ့ အစိုးရ ပင်စင်စား အိမ်ရာလေးတခုမှာ ရွှေ့ဖြစ်ကြတယ်။ အဆိုးထဲက အကောင်းထွက်တယ်လို့ ပြောရမှာပဲလေ၊ ရတဲ့အိမ်လေးက အိပ်ခန်း သုံးခန်းနဲ့ ရပ်ကွက်သန့်သန့်တခုမှာ ဆိတ်ငြိမ်တဲ့ အိမ်လေးကို ရခဲ့တယ်။ ကလေးတွေ ကျောင်းအတွက်လည်း အဆင်ပြေတယ်။
အိမ်ပြောင်းလာတဲ့ အချိန်ကစပြီးတော့ လူက နေရထိုင်ရတာ အဆင်မပြေတော့ဘူး။ အစာစားပြီးရင်လည်း အန်တယ်၊ လူက၀မ်းလည်းချုပ်တယ်။ အဲဒါနဲ့ ဆရာဝန်နဲ့ ချိန်းထားတဲ့ရက်လည်း နီးပြီမို့ ပေပြီးစောင့်နေလိုက်တယ်။ တကယ်တမ်း ဆရာဝန်နဲ့ သွားတွေ့တဲ့ ရက်မှာ ကင်ဆာ ပြန်ဖြစ်လာနေတဲ့ လက္ခဏာ ပေါ်လာနေတယ်လို့ သိလိုက်ရတယ်။ ဆေးရုံက အူလမ်းကြောင်း ပြန်ချဲ့ပေးတဲ့နည်းနဲ့ ကုသဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘူး။ အစာအိမ်ကို ဒုတိယအကြိမ် ထပ်ခွဲရပြန်တယ်။ လူဟာ အရင်တုန်းကထက် အဆပေါင်းများစွာ ဆောက်တည်ရာမရ တုန်လှုပ်ခြောက်ခြားမှုတွေ ဖြစ်လာခဲ့ရတယ်။ ခွဲစိတ်ပြီးတဲ့အချိန် ကြားရတဲ့ သတင်းကတော့ ကမ္ဘာပျက်တဲ့ အလားပါပဲ ကင်ဆာ ခွဲထုတ်လို့ မရတော့ဘူး၊ နောက်သုံးလလောက်ပဲ အသက်ဆက်ရှင်နိုင်တော့မယ်။ ပထမဆုံး သတိရလိုက်တာကတော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးပါပဲ။ ဘုရား၊ ဘုရာ၊ ဘုရားလို့ နှုတ်က တမိလိုက်တယ်။ သမီးတွေကို ဘယ်လိုလုပ် ထားခဲ့ရမလဲ၊ ဗမာပြည်ပြန်ပို့ဖို့ အချိန်မီပါ့မလား၊ ဘယ်သူက ပြန်ပို့ပေးမှာလဲ၊ ဘယ်လိုလုပ် ပို့မှာလဲ ပိုက်ဆံလည်းမရှိဘူး အဲဒီလို ပူနေရင်းက ရှမ်းလေးဆိုတဲ့ မိတ်ဆွေတယောက် ဆေးရုံကိုလာလည်တယ်။ သူက ဒီလိုပဲ ဆေးရုံက ခြောက်လပဲလို့ လက်လျှော့လိုက်တဲ့ ရောဂါရှင်တယောက် ခြောက်နှစ်လောက်တောင် နေသွားဖူးတယ်၊ အဲဒီလိုပဲ လေးလပဲခံမယ်ဆိုတဲ့ အဖွားကြီးတယောက် အခုထက်ထိ ရှိနေတယ် ဆိုတဲ့ အားပေးစကားတွေ လာပြောတော့ ရင်ထဲမှာ မျှော်လင့်ချက်လေးတခု ပြန်မြင်လာသလိုပဲ။ ကိုရှမ်းလေးက ထပ်ပြောပြတယ် အဲဒီလူတွေ အားလုံးက (Meditation) တရားထိုင်တာတွေ လုပ်ကြတယ်တဲ့။
ဒီလိုနဲ့ ဆေးရုံက နှစ်ပတ်ကြာပြီး အိမ်ပြန်ရောက်တော့ မိတ်ဆွေတွေလည်း ၀ိုင်းအုံရောက်လာပြီးတော့ ၀ိပဿနာအလုပ်နဲ့ဆိုင်တဲ့ တရားခွေတွေ၊ စာအုပ်တွေ ပေးဖတ်တယ်၊ လူငယ်ဘ၀တုန်းက ဗုဒ္ဓဘာသာရဲ့ အဆီအနှစ်တွေ လေ့လာတယ်၊ ဖတ်ရှုလက်ခံခဲ့တယ်။ သိပ်နှစ်သက်သဘောကျပြီးတော့ ကိုယ့်ကိုယ်ကို လက်တွေ့ကျတဲ့ ဗုဒ္ဓဘာသာဝင်တဦး ဖြစ်ရခြင်းကို ကံကောင်းတယ်လို့ အမြဲယုံကြည်ကျေနပ်ခဲ့သူ တယောက် ဖြစ်တယ်။ ၀ိပဿနာ အလုပ်ကို ရေရေရာရာ မလုပ်ဖြစ်ခဲ့ဘူး။အခုတော့ လုပ်ဖို့ကြိုးစားပါတယ်။ နောက်ကျတယ်၊ စောတယ်ဆိုတာ မရှိပေမယ့် ထင်သလောက်တော့ ခရီးမပေါက်ခဲ့ပါဘူး။ အိမ်မှာ ပူပင်ရတဲ့ ကိစ္စတွေ အများကြီး ရှိနေသေးတယ်။ သားမီး သံယောဇဉ်၊ မိသားစု သံယောဇဉ်တွေ တိကနဲ ဖြတ်ချလိုက်လို့ ရလောက်အောင်လည်း ပါရမီအခံ ရှိခဲ့သူ မဟုတ်ပြန်ဘူး။
ဆေးရုံပြန်ဆင်းလာပြီ ဆိုပေမယ့် အစာစားတဲ့ကိစ္စက ပုံမှန်ပြန်ဖြစ်နိုင်မယ့်ဟာ မဟုတ်ဘူး။ ဒီကြားထဲမှာ ဗမာဆေးသောက်၊ ကချင်ဆေးသောက်၊ တရုတ်ဆေးသောက်နဲ့ ယုံကြည်ရာ ဆေးတွေ ဆက်သောက်နေ ဖြစ်ခဲ့တယ်။ မျှော်လင့်ချက် အမြင့်ကြီးကတော့ သိပ်မထားတော့ပါဘူး။ ဒါပေမယ့် ဒီဘ၀ သက်တမ်းလေးမှာ ဆန့်နိုင်သလောက် ဆန့်ပြီး သွားနိုင်စရာ အကြောင်းတရားတွေနဲ့ ဆက်ပြီးရှာဖွေနေတုန်းပါပဲ။ ဒီလိုနဲ့ ၂၀၀၃ ခုနှစ် ဖေဖေါ်ဝါရီ အလယ်ပိုင်းလောက်က စပြီး ဆေးရုံနဲ့ အိမ်ကြား ပြန်ပြေးခဲ့ရပြန်တယ်။ ဆေးရုံ့ ပြန်မသွားရခင် ဒီနှစ် NSW တက္ကသိုလ်မှာ မြို့ပြပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာဘွဲ့အတွက် ကျောင်းတက်ခွင့်ရတယ်လို့ အကြောင်းကြားစာ ရလာခဲ့တာလည်း ရှိတယ်။ ဒါပေမယ့် ကိုယ့်အခြေအနေမှန်ကို သိနေပြီဖြစ်တော့ အဲဒီကိစ္စအပေါ်မှာ တာရှည်ကြီး စဉ်းစားမနေဖြစ်လိုက်ပါဘူး။ ဆေးရုံမတက်ခင်မှာ သမီးတွေအတွက် ဗမာလို စာမျက်နှာ ငါးမျက်နှာပါတဲ့ စာတစောင်ရေးဖြစ်တယ်။ အဓိကကတော့ သူတို့လေးတွေ ဗမာလိုနေဖို့ ဗုဒ္ဓဘာသာဝင် အခြေခံကျကျ အဆီအနှစ်ကျကျ နားလည်ကြဖို့နဲ့ ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း လူ့ဘ၀မှာ ငြိမ်းငြိမ်းချမ်းချမ်း နေသွားစေလိုတဲ့ စေတနာနဲ့ ရေးဖြစ်တာပါ။ ဆေးရုံက ပြန်ဆင်းလာတယ် အစားမပြောနဲ့ ရေတောင် ကောင်းကောင်း မသောက်နိုင်တော့ပဲ အန်တယ်။ အိမ်မှာရော ဆေးရုံမှာပါ ဘုန်းတော်ကြီးတွေ ကြွလာပြီးတော့ ပရိတ်တရားများ ဟောကြားပေးကြပါတယ်။ သွန်သင်ဆုံးမမှုများ ပြုလုပ်ကြပါတယ်။ မကျန်းမာစဉ်အတွင်းမှာ တရားမှတ်ပြီး နေထိုင်ခြင်းဟာ အကောင်းဆုံးလို့ သင်ကြား ပြသတော်မူခဲ့ကြပါတယ်။
ဆေးရုံက ဆင်းလာခဲ့ပြန်တယ်၊ အိမ်မှာ ဇော်ထွန်းဆိုတဲ့ မိတ်ဆွေတယောက်က လာလည်တယ်။ တရုတ်ပြည်မှာ ဆေးသွားကုဖို့အတွက် မဆိုင်းမတွပဲနဲ့ ၀ိုင်းပြီးတော့ ကူလုပ်ကြတယ်။ အဲဒီနေ့က သူတို့ဇနီးမောင်နံ ပြန်သွားအပြီးမှာ တရားအဖန်ဖန် ရှုမှတ်ရင်းနဲ့ မိမိကိုယ်ကိုယ်မိမိ လက်ခံခြင်း၊ ကောင်းစွာသိခြင်း အဆင့်ကိုရင်ထဲက တွေးကြည့်ရုံ မဟုတ်ပဲနဲ့ အားမတန်လို့ မာန်လျှော့ရတယ်ဆိုတဲ့ အနေအထားမျိုးမဟုတ်ပဲနဲ့ ကျေကျေနပ်နပ် လက်ခံလိုက်နိုင်တယ်။ အဲဒါနဲ့ ကလေးအဖေကို ဖုန်းဆက်ပြီး ပြောခိုင်းတယ်တရုတ်ပြည်မှာ ဆေးကုမယ့် ကိစ္စကို ဆက်မလုပ်ပါနဲ့တော့လို့ ပြောခိုင်းတယ်။ နောက်တနေ့ကျတော့ အိမ်မှာ နေ့စဉ်လာရောက် ကြည့်ရှုပေးနေတဲ့ ဆေးရုံဆရာမ တယောက်ဆီမှာဆားရည်ချိတ်ထားတာ ပြန်ဖြုတ်ပေးဖို့ မေတ္တာရပ်ခံလိုက်တယ်။ ဒီဆားရည်တွေဟာ အသက်ရှည်စရာ အကြောင်းတရား မဟုတ်နိုင်တဲ့ အရာတွေပါပဲ၊ နာရီပိုင်းလောက်သာ မျှော်လင့်ချက် ပေးထားနိုင်တဲ့အရာတွေပါ။ အဲဒါနဲ့ ဆားရည်လည်း ပြန်ဖြုတ်လိုက်တယ်။
အိမ်မှာနေရင်းနဲ့လည်း ကလေးအဖေနဲ့ ကလေးတွေကို အမြဲ အကဲခတ်လေ့လာနေခဲ့တယ်။ သူတို့တွေ ကိုယ်နာမကျန်း ဖြစ်နေတဲ့အပေါ် စိတ်မကောင်းဖြစ်တာရုံ မဟုတ်ဘူး သိပ်တော့ မျှော်လင့်ချက် မထားနိုင်တာကို သိနေကြမှာပါ။ တကယ်တမ်းပြောရရင် ကလေးတွေအတွက်သာ ကိုယ်က မိခင်မေတ္တာနဲ့ ပူပန်စိတ် အမျိုးမျိုးဝင်နေရပေမယ့် သူတို့လေးတွေဟာ ဘာမှ နာလည်ပုံ မရကြဘူး။ ပြောရမယ်ဆိုရင် ဒီကနေ့ ကောက်ကာငင်ကာ သေသွားလည်း သူတို့တွေ ဘယ်လောက်များများ နားလည်ခံစားတတ်မှာလဲ ကလေးဆိုတာ စားချိန်စား ကစားချိန်ကစား အိပ်ချိန်တန် အိပ်သွားတတ်ကြတယ်လေ။ အခြေအနေတခုကြောင့် သူတို့ရဲ့ဘ၀မှာ မိခင်ဆိုတာမျိုး တောင်းတလာမယ့် အချိန်ကျတော့ ကိုယ်က မရှိနိုင်တော့ဘူးပေါ့။ ဒီအခြေအနေအားလုံးလည်း မိမိထိန်းချုပ် ဖန်တီး ဟန့်တားပြုပြင်လို့ ရတဲ့အရာတွေ မဟုတ်ပါဘူး။ ဒီနိယာမဆိုတဲ့ လွန်ဆန်လို့မရတဲ့ သဘာဝတရားတွေကို ကျေကျေနပ်နပ် ခံယူလာနိုင်တဲ့အချိန်ဟာ မိမိအတွက် တကယ်ကို အေးချမ်းတဲ့ အချိန်များပါပဲ။
ကိုယ့်ရဲ့ ၀ိပဿနာညာဏ်စဉ်ဟာ ဘယ်အဆင့်ကို ရောက်တယ်ဆိုတာ မသိပါဘူး။ တခုထင်ရှားတာကတော့ ဒီ မတ်(ခ်ျ)လ ၁၂၊ ၁၃၊ ၁၄၊ ၁၅ ရက်အတွင်းမှာ လူက စိတ်အရ ပေါ့ပါးလွတ်လပ်လာတယ်။ ခန္ဓာကတော့ နာနေတာပေါ့လေ။ လိုအပ်တဲ့ ဆေးဝါးတွေလည်း မှီဝဲနေဆဲပါပဲ။ အထူးသဖြင့် ညဘက်တိတ်ဆိတ်တဲ့ အချိန်များမှာ ပိုပြီး စိတ်ချမ်းသာတယ်။ စိတ်တုန်လှုပ်ခြင်း သောကရောက်ခြင်းတွေ ရှိမနေတော့ဘူး။ အိပ်ပျော်ရာက နိုးလာတဲ့အချိန်မှာ ဒီဘ၀ကလွတ်မြောက်ဖို့ရာ ပိုနီးလာပါလားဆိုတဲ့ ပီတိမျိုးကို သိသိသာသာကြီး ခံစားရတယ်။ ဒီပီတိဖြစ်နေခြင်းဟာ ၀ိဘ၀တဏာဆိုတဲ့ ဘ၀ပျက်ခြင်းကို အလိုရှိခြင်း ဖြစ်နေပြီလားသမ္မာဒိဌိဖြစ်နေမလားလို့ သိချင်တာနဲ့ ၁၅၊၀၃၊၀၃ နေ့လည်ပိုင်းမှာ (ယနောရာ) ဆရာတော် အရှင် ဦးဇာဂရထံမှာ လျှောက်ထား မေးမြန်းခဲ့တယ်။ ဆရာတော်ဘုရားကြီးက ၀ိဘ၀တဏာက ကိုယ်လိုက်လို့ ဒီစိတ်ပေါ်တာ မဟုတ်တဲ့အပြင် ပြုဖူးတဲ့ကုသိုလ်တွေကြောင့် သေရမှာကို မကြောက်တဲ့စိတ် ပေါ်လာတာ ဖြစ်တယ်လို့ ရှင်းပြတယ်။ အဲဒါနဲ့ ကိုယ့်စိတ်ထဲမှာ ကြည်ပြီးတော့ ရှင်းသွားတယ်။ တချို့ရက်တွေမှာ ဆိုလို့ရှိရင် ဒီလိုစိတ်တွေ ရှင်းဖို့ အချိန်မရောက်ခဲ့ဘူး။ တခုမဟုတ်ရင် တခုသောကရောက်လာတာပဲ။ အဲဒီနေ့ ရင်ထဲမှာ ငြိမ်းချမ်းလာမှုတွေနဲ့ ပတ်သက်ပြီးတော့ စာလေးတစောင်လောက် ရေးချင်လိုက်တာလို့ ဆန္ဒရှိလာတာနဲ့ ကလေးအဖေကို ပြောပြတယ်။ သူက ရေးပေးမယ်ဆိုတာနဲ့ ရေးဖြစ်ခဲ့တာပါ။
အနှစ်ချုပ် ပြောချင်တာကတော့ လူတယောက်ရဲ့ ဘ၀ကောင်းရာမွန်ရာ နေနိုင်၊ ရောက်နိုင်အောင်၊ တန်ဖိုးရှိအောင် သံသရာ ၀ဋ်ဆင်းရဲကြီးကနေ လွတ်မြောက်ပြီး သံသရာ ချုပ်ငြိမ်းသွားအောင် ရနိုင်ရောက်နိုင်တဲ့ တရားများဟာ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားဓမ္မများသာလျင် ဖြစ်ကြောင်း၊ ဗုဒ္ဓသည်သာ ကိုးကွယ်ရာ၊ ဓမ္မသည်သည်ကိုးကွယ်ရာ သာသနာ့ဝန်ကို သစ္စာရှိစွာ ထမ်းဆောင်နေသော သံဃာသည်သာ ကိုးကွယ်ရာပဲ ရှိပါတယ်။ ဒီလို ကိုယ်တိုင်ကိုယ်ကျ အားထုတ်လေ့လာနိုင်တဲ့ တရားဓမ္မဆိုတာ ဗုဒ္ဓဘာသာမှာသာ ရှိတဲ့အတွက်ကြောင့် ဒီစာကို ဖတ်တဲ့သူဟာ ဗုဒ္ဓဘာသာဝင်ဖြစ်ရင် မိရိုးဖလာ ဗုဒ္ဓဘာသာဝင် အဖြစ်လောက်နဲ့ပဲ မကျေနပ်နေကြပဲ ၀ိပဿနာ တရားများကို လက်တွေ့ကျင့်ကြံ အားထုတ်ကြဖို့ တိုက်တွန်းလိုပါတယ်။ သေမှာကို မကြောက်တော့ပဲ သတ္တရှိရှိနဲ့ သေခြင်းတရားကို ရင်ဆိုင်သွားနိုင်ပြီဆိုရင် ဘယ်လောက် တန်ဖိုးရှိသလဲဆိုတာ တကယ်ရင်ဆိုင်ဖူးတဲ့သူပဲ သိနိုင်ပါတယ်။ ဒီသတ္တိလေး ရမလာခင် ဒီသတ္တိလေးရှိမလာခင်မှာ ဖြတ်သန်းလိုက်ရတဲ့သောက စိတ်ဆင်းရဲ ပင်ပမ်းခြင်းတွေဟာ ဘယ်လောက်ကြီးတယ်ဆိုတာ ဖြတ်သန်းဖူးသူတွေသာ သိနိုင်ပါတယ်။ စေတနာ၊ မေတ္တာ ဂရုဏာ တရားတွေကို အခြေခံပြီး ဒီစာကို ရေးဖြစ်ပါတယ်။ သာဓု အနု မောဓနာ ခေါ်ယူကြပါကုန်။

သာဓု သာဓု သာဓု



သက်သက်လွင်
စနေနေ့ ၁၅၊ ၃။ ၀၃


Sunday, April 26, 2009

သမားပျက် ….

ဆောင်းမေးလာတာနဲ့ပတ်သက်လို့ ကျမပြန်ဖြေထားတာကို အခြားစာဖတ်သူများလည်း သိရှိအောင် ပိုစ့်အဖြစ်တင်ပေးလိုက်တာပါ..
ကျမရေးနေခဲ့တဲ့ပိုစ့်တွေမှာ ကျမ အခါအားလျှော်စွာ ရေးထားတာရှိပါတယ်..။ ဒီဓာတ်ပညာကို အခုမှ ဆရာမကြီးဂျာနယ်ကျော်မမလေးနဲ့ ဆရာကြီးဦးသာတင့်တို့ ရေးသားခဲ့တဲ့ စာအုပ်တွေ ကိုဖတ်မိပြီး စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။ ပိုစ့်တွေအဖြစ်မျှဝေပေးနေတာဟာလည်း ကျမတတ်သိလွန်းလို့မဟုတ်ပါဘူး..။ စာအုပ်တွေထဲက ရှာဖွေတင်ပြပေးနေခြင်းသာ ဖြစ်ပါတယ်..။ တကယ်တမ်း ကိုယ်ဖြစ်တဲ့ရောဂါကိုတောင် ကိုယ့်ဖာသာ ပြန်ကုနိုင်သေးတာ မဟုတ်ပါဘူး..။ ကျမမှာ လက်တွေ့ကုသနေတဲ့ သင်ဆရာ၊ မြင်ဆရာလည်းမရှိပါဘူး။ ကျမ်းကြီး၊ ကျမ်းငယ်အသွယ်သွယ်ကို လေ့လာဖတ်ရှုခဲ့ဖူးသေးတာလည်း မဟုတ်သေးပါဘူး။ နောက်တခုက ဒီပညာတွေ၊ ဒီကုသမှုတွေဟာ မြန်မာပြည်တွင်းက ခေါ်ဝေါ်ပညတ်ထားတဲ့ ခေါ်အဝေါ်တွေနဲ့ ကုသထားတာဖြစ်လို့ ကျမတို့ နိုင်ငံခြားကအခေါ်အဝေါ်တွေနဲ့ မတူကွဲပြားတာတွေရှိသလို ဆေးဖက်ဝင်၊ မဝင်ဆိုတာတွေလည်း မသေချာပါဘူး..။ ဒီပိုစ့် တွေကို စတင်ခဲ့တဲ့အချိန်က ကျမရည်ရွယ်ချက်က ပြည်တွင်းက ဆေးဝါးလုံလောက်စွာ မရကြတဲ့ HIV (AIDS) ဝေဒနာရှင်တွေကို အစာလည်းဆေး၊ ဆေးလည်းအစာဖြစ်တာကြောင့် သူတို့အနေနဲ့ ဆေးမရခဲ့ရင် ဒီဓာတ်ပညာနဲ့ နေထိုင်စားသောက်နေနိုင်ပြီး ဒီပညာရှင်တွေကို မိမိတို့ပတ်ဝန်းကျင်မှာ ရှာဖွေနိုင်ကြအောင်၊ ဒီအတတ်ပညာတွေနဲ့ ရောဂါတွေပျောက်အောင် ကုသနိုင်တယ်ဆိုတာ သိစေချင်ရုံသက်သက်ပါ။ ကျမဟာဒီပညာကို အခုမှ ကကြီးရေက ကနေလေ့လာနေတဲ့ မူကြိုအဆင့်သာရှိပါသေးတယ်။ ဒီအစာဟာ ကိုယ်နဲ့သင့်တယ်၊ ဒီအစာဟာ ကိုယ်နဲ့မသင့်ဘူးဆိုတာလောက် (ကျမတင်ထားတဲ့ နေဂိုဏ်း၊ လဂိုဏ်း ဓာတ်စာ) သာ စာဖတ်သူတွေ ဖတ်ကြည့်ရင်သိနိုင်တဲ့ အဆင့်လောက်ပဲ ကျမလည်းသိတာပါ။ ဒီပညာကလည်း လေ့လာလေ၊ ခက်ခဲနက်နဲလေဖြစ်ပြီး အရင်က ကိုယ်သိတာလေးနည်းနည်းနဲ့ ဆရာလိုလိုလုပ်နေမိတာကိုလည်း ဒီနေရာကနေစာဖတ်သူတွေကို တောင်းပန်ရပါဦးမယ်..။ ဘာလို့လည်းဆိုတော့ ဒီပညာကို ဖြန့်ဝေပေးခဲ့ကြသူတွေဟာ တလ၊ နှစ်လ စာအုပ်လေးဖတ်ပြီး ရေးသားပြုစုခဲ့ကြတာ မဟုတ်ပါဘူး။ ဆယ်နှစ်၊ အနှစ်နှစ်ဆယ် ကိုယ်တိုင် အမျိုးမျိုး လေ့လာကုသခဲ့ကြပြီးမှ မှတ်တမ်းတင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကို ကျမက စာအုပ်လေးတအုပ်နှစ်အုပ်ဖတ်ပြီး ဆရာလိုလိုပြန်လုပ်နေတာဟာ တကယ်တမ်း စဉ်းစားကြည့်ရင် အသွားထက်တဲ့ သံလျှက်ကို သူငယ်နှပ်စားကိုင်နေသလို ဒီဆေးကျမ်းအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ ဆေးကျမ်းကို ပြန့်ပွားစေတာထက် ဖျက်ဆီးသလို ဖြစ်နေတာကြောင့် ကျမအနေနဲ့ မေးလာတဲ့မေးခွန်းတွေအတွက် တောင်းပန်ပါတယ်..။ ကျမ အခုချိန်ထိ ဒီဓာတ်ကျမ်းနဲ့ပတ်သက်လို့ ဘာမှ မယ်မယ်ရရ မသိသေးပါဘူး။ ဆရာမဂျာနယ်ကျော်မမလေးရဲ့ ဆောင်းပါးတွေကိုတော့ အလျှဉ်းသင့်ရင် မျှဝေတင်ပြသွားပါမယ်..။ မေးခွန်းတွေကိုတော့ ကျမ မဖြေနိုင်တော့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျမဟာ စာဖတ်သူသက်သက်သာဖြစ်ပြီး ဒီိပညာနဲ့ ပတ်သက်လို့ ဘာမှ မသိသေးလို့ပါ..။
ဆေးပညာနဲ့ပတ်သက်ပြီး သေချာစွာတတ်သိခြင်းမရှိသေးဘဲ ဆေးကုသနေသူများဟာ လူသတ်သမားနဲ့တူတယ်ဆိုတဲ့အကြောင်း ဆရာကြီးဦးသာတင့်ရဲ့ အခြေခံဓာတ်ကျမ်းမှာ ဖော်ပြထားတာကို ထပ်မံမျှဝေလိုက်ပါတယ်။
စိန်ဝိဇ္ဖာဆေးကျမ်း ကျမ်းညွှန်စံပြ ဥပဒေသမှာဖော်ပြထားတာဖြစ်ပါတယ်။

ဘုန်းသမ္ဘာရှင်၊ လုံ့လရှင်နှင့် ဉာဏ်ရှင်တို့သာ၊ ထိုက်တန်ရာသား၊ ရတနာတင်းကျမ်း၊ ဂုဏ်ပြည့်လျှမ်းသည့်၊ ဆေးကျမ်းမဟာ၊ အနဂ္ဃါဝယ်၊ ပညာနုပ်သေး၊ ဉာဏ်သရွေးနှင့်၊ မြေလေးဆန်ကုန်၊ အကြံဟုန်သည်၊ ကံနုံသူများ၊ မလိုက်စားနှင့်၊ ပတ္တမြားထိန်တောက်၊ ပြည်တန်ကျောက်နှင့် တောမျောက်ပမာ၊ ချည်းနှီးသာတည်း၊ အဇာတသတ်၊ လောကနတ်၏၊ ဓာတ်တော်ရတနာ၊ ဘေးရန်ကာသည့်၊ မဟာယန္တရား၊ စမ်းတဝါးနှင့်၊ တောသားဉာဏ်မဲ့၊ ထိကိုင်ခဲ့မူ၊ သေဟဲ့ဆိုငေါက်၊ ကြိမ်းသံဟောက်လျက်၊ ဦးစောက်ကျွမ်းပြန်၊ မွမွလန်အောင်၊ တွန်းလှန်မုချ၊ သေတွင်းကျသို့၊ ပုံပြထပ်မြှောင်၊ လားတူဆောင်လိမ့်၊ ရောင်ဖိတ်လက်လက်၊ မြမြထက်သည့်၊ စိန်သံလျှက်ဓား၊ နှစ်ဖက်သွားကို၊ နှပ်စားသူငယ်၊ ထိကိုင်တွယ်က၊ အန္တရာယ်မှု၊ ဧကန်ပြုသို့၊ ဥပမာစံ၊ သာဓကံတည်း၊ အကြံပိုးစား၊ ဉာဏ်ဝိုးဝါးနှင့်၊ အစားမလုံ၊ အကြံကုန်မှ၊ ဂဠုန်ဆားချက်၊ သမားပျက်တို့၊ လေးနက်လှစွာ၊ ဤကျမ်းစာကို၊ ပယ်ခွာသွေရှောင်၊ မသုံးဆောင်နှင့် ဉာဏ်မှောင်စောက်နက်ဖျင်းသူတို့ ဟူ၍ ဖြစ်သည်။
ဘုန်းသမ္ဘာရှင်ဟု မိမိကိုယ်မိမိ မဆုံးဖြတ်နိုင်လင့်ကစား ဝီရိယရှင်၊ လုံ့လရှင်၊ ဉာဏ်ရှင်ဖြစ်အောင် ကြိုးစားနိုင်ပါသည်။ အချို့သော ပုဂ္ဂိုလ်တို့က “ဆေးပညာကို ခေါက်မိ၊ ရမ်းမိရုံ သင်ထားမှတော်မယ်၊ အသက်အရွယ်ကြီးတဲ့အခါ၊ ဆေးဆရာအလုပ်နဲ့ပဲ အသက်မွေးရမယ်” စသည်ဖြင့်ပြောလေ့ ဆိုလေ့ရှိကြသည်။ ခေါက်မိရမ်းမိရုံမျှသော ပညာဖြင့် ဆေးဆရာလုပ်မည်ဆိုလျှင် အကြံပိုးစား၊ ဉာဏ်ဝိုးဝါးနှင့်၊ အစားမလုံ၊ အကြံကုန်မှ၊ ဂဠုန်ဆားချက်၊ သမားပျက်တို့သာ ဖြစ်ကြချေမည်။ သမားပျက်ဆိုလျှင် လူသတ်သမားနှင့် ဘာများခြားပါဦးမည်နည်း။

စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်...

Sunday, April 19, 2009

ဝေဘန်ရေး



ဘာလိုလိုနဲ့ သင်္ကြန်တောင်ပြီးသွားပြီ။ သင်္ကြန်ပွဲနဲ့ ပတ်သက်လို့ ဝေဘန်ရေးပေးစရာရှိတာ ပေးဦးမှ….။
ဒီကိုရောက်ပြီးတဲ့အချိန်တွေမှာ ကျမအနေနဲ့ကတော့ သူများတွေသင်္ကြန်ပွဲဆိုလို့သာ၊ ဧပြီလမှာ သင်္ကြန်ကျတယ်ဆိုလို့သာ သင်္ကြန်လိုက်ရတာ… ကိုယ့်ဆီကသင်္ကြန်လို ခံစားချက် တစက်ကလေးမှမရဘူး။ အဓိကကတော့ အပူချိန်လေ။ ဒီမှာက ဧပြီလမှာ အအေးဓာတ်က ကုန်သေးတာမှမဟုတ်တာ။ ဂျွန်၊ ဂျူလိုင်လို လတွေမှာတော့ ဒီကအပူဟာ ကျမတို့ဆီက ဧပြီလအပူချိန်မျိုးပါ။ အမေရိကန်တွေ အဝတ်မကပ်တဲ့အချိန်ပေါ့..။ အမေရိကန်တွေမှ မဟုတ်ပါဘူး။ အပူဒဏ်ကို လူတိုင်းခံစားရတာပါပဲ…။ အဲ့ဒီအချိန်ကျမှ သင်္ကြန်ပိုးက ကျမဆီဝင်တာ..။ ဘယ်သူတွေဘာပြောပြော ကျမကတော့ သမီးတွေနဲ့ သင်္ကြန်ထမင်းတွေ ချက်စား၊ မုန့်လုံးရေပေါ်တွေ လုပ်စားပြီး သားအမိသုံးယောက် ရေပက်တန်းကစားနေကြတာ။ သင်္ကြန်သီချင်းတွေလည်း ဖွင့်လို့ပေါ့..။ တနှစ်မှာ နှစ်ခါ သင်္ကြန်ကျနေတာပေါ့။

အင်း……….. ဒီနှစ် သင်္ကြန်ပွဲနဲ့ ပတ်သက်လို့ ဝေဘန်စရာလေးတွေတော့ရှိသား..။ အပြုသဘောနဲ့ပေါ့လေ။
ဒီနှစ်သင်္ကြန်ပွဲက ထူးခြားပါတယ်။ အရင်နှစ်တွေက သင်္ကြန်ဆို ဖာသိဖာသာနေတဲ့ ကိုဝိုင်းမော်က ဒီနှစ်သင်္ကြန်လုပ်ဖို့ စတင်ဆော်သြတော့ နဲနဲတော့ထူးခြားနေတာပေါ့။ အဲဒီကတည်းက ဒီနှစ်တော့ ပွဲစည်ပြီလို့ ပြောလိုက်မိသေးတာ။
သင်္ကြန်ပွဲ လုပ်ဖို့ စတင်ပြင်ဆင်ကြတယ်ဆိုရင်ပဲ စနေ၊ တနင်္ဂနွေဆို ဦိးဂင်ကြီိးက အလုပ်ရှုပ်နေတော့တာ။ တခါတလေဆို စနေနေ့ အလုပ်ဆင်းရမဲ့ ကျမကိုတောင် အကြို၊ အပို့ မလုပ်နိုင်တော့ဘူး။ အားလပ်ရက်မှာ ပြင်ဆင်ကြရတာကိုး။
သီချင်းတိုက်တဲ့အချိန် နှစ်ခါလောက် လိုက်သွားဖူးတယ်။ ကလေးတွေဆိုနေကြတာ ဟုတ်နေတာပဲ… ။ တကယ့်ပွဲမှာထက်ကောင်းတယ်။ တိုက်တဲ့အချိန်မှာ စက်တွေ၊ မိုက်ကရိုဖုန်းတွေနဲ့ ဆိုတော့ တကယ်ကိုစင်ပေါ်မှာဆိုနေသလို အသံကုန်ဆိုနေကြတာ..။ ပွဲလည်းစရော… အသံတွေမရှိတော့ဘူး.. :))
ရာသီဥတုအရလည်းပါတာပေါ့…။ ဒီကရာသီက ပန်းတွေကြွေတဲ့အချိန်ဆို နှာစေး၊ ချောင်းဆိုး၊ လည်ပင်းနာတာတွေ ဖြစ်တတ်ကြတယ်လေ။ သမီိးကြီး ပေါ့အိုင်းလည်း သီချင်းတောင်ဆိုနိုင်တော့မယ် ထင်မထားဘူး။ သူကလည်း တိုက်ပြီးသားဆိုတော့ တကယ်ပွဲမှာ ဆိုချင်ရှာတယ်လေ…. ။ နှာစေး၊ ချောင်းဆိုးနေတဲ့ကြားက သွားဆိုနေတာ..။ ကိုယ့်မှာတော့ သီချင်းဆိုရင်း ချောင်းထဆိုးမှာ စိုးနေရတယ်။ တော်သေးတယ်.. အသံနဲနဲလုံးသွားတာကလွဲလို့.. အဆင်ပြေသွားတယ်။
အဆင်မပြေတာက ကျမပဲ..။ အောက်ကနေ ကင်မရာအသေးလေးတလုံးနဲ့ ဓာတ်ပုံရိုက်လိုက်၊ ဗွီဒီယိုရိုက်လိုက်နဲ့ တယောက်တည်း အလုပ်တွေရှုပ်နေတာလေ..။ အဲ့ဒီလောက် အလုပ်ရှုပ်နေတာတောင်မှ လိုချင်တဲ့ပုံတွေရမလာဘူး။ တခါဆို ဒီပွဲမှာ စားသောက်ဖို့ ချက်ပြုတ်ရေးတာဝန်ယူထားတဲ့ ကိုကျော်နိုင် သီချင်းဆိုတဲ့အလှည့်မှာ ကိုယ်ကတော့ အကောင်းဆုံးဖြစ်အောင် ဗွီဒီယိုရိုက်ယူနေတာ…. သူက သီချင်းဆိုလည်းကောင်းတယ်။ ဟန်နဲ့ ပန်နဲ့ ဆိုနေတာ… အရင်နှစ်ကဆို သူတို့လင်မယားနှစ်ယောက် စုံတွဲသီချင်းတောင် ဆိုဖြစ်ကြသေးတာ… ။ ကိုယ့်မှာ.. ကင်မရာကိုင်ပြီး စိတ်ရည်ရှည်နဲ့ အနီးအဝေချိန်ပြီး ဟုတ်တိ ပတ်တိ ရိုက်နေတာ… ဘေးမှာ သမီးတွေစကားလာပြောတာကိုတောင် တိတ်တိတ်နေဖို့ အသာလေး လက်ဟန်ခြေဟန် လုပ်ပြနေရသေးတယ်။ သီချင်းပြီိးလို့ လက်ခုပ်သံတွေ လဲပြီးရော ကင်မရာပိတ်လိုက်မှ RED ဆိုပြီး အနီရောင်မှိတ်တုပ်မှိတ်တုပ်က ပေါ်လာတယ်…။ သေပြီဆိုပြီး ကိုယ်နှဖူး ကိုယ်ပြန်ရိုက်မိသွားတယ်။ နောက်တော့ ကိုကျော်နိုင် သီချင်းဆိုတဲ့နေရာ ဖွင့်ကြည့်တော့ သေပြီဆိုတဲ့အသံပဲ ပါတော့တာ….း)))
နောက်ကျန်သေးတယ်…..
လိဒ်ဂစ်တာတီးတဲ့ ကိုမိုးကျော်တို့ .. လင်မယားနှစ်ယောက် စုံတွဲသီချင်းဆိုကြတာ နှစ်ယောက်စလုံး အဆိုကောင်း၊ အသံကောင်းတွေ.. သူတို့ဆိုတဲ့အလှည့် သမီးတွေနဲ့ သူတို့သူငယ်ချင်းတွေရဲ့ ပြဿနာကို ဖြေရှင်းနေရတာနဲ့ ဗွီဒီယို မရိုက်လိုက်ရဘူး…။ တချို့အလှည့်တွေမှာ ဘက်ထရီအားကုန်လို့ မရိုက်လိုက်ရတာတွေလည်း ရှိသေးတယ်….
စင်ပေါ်တက်ချင်တဲ့ ပိုးကလည်း မနည်း…..
သီချင်းလည်းမဆိုတတ်၊ အကလည်း မရတဲ့ကျမ… စင်ပေါ်ဘယ်လိုမှတက်ခွင့်မရခဲ့တာ.. သံချပ်အလှည့်မှ နောက်ကလိုက်အော်ခွင့် ရတော့တာ…. သံချပ်အလှည့်လည်းရောက်ရော… ဘာမှသတိမရတော့ပဲ… ကင်မရာကို ချောင်တခုမှာ ထိုးထားခဲ့ပြီ စင်ပေါ်တက်သွားတော့တာ ဗွီဒယိုရိုက်ဖို့ တယောက်ယောက်ကို ပေးမထားခဲ့မိဘူး… တခြားလူတွေရိုက်ထားတာတော့ ရှိတာပေါ့… ကိုယ့်ထဲမှာတော့ မပါတော့ဘူး…း(
အစားဆိုလည်း ထိပ်ဆုံးက…..
ဒီပွဲမှာ စားစရာတွေကလည်း အလျှံပယ်ပါပဲ…။ ညကတည်းက စဉ်းစားထားတာက… စားစရာတွေကို တခုခြင်းဓာတ်ပုံလိုက်ရိုက်ယူမယ်ပေါ့….။ စားသောက်ခန်းလည်းဖွင့်ရော… ကိုယ်ကရှေ့ဆုံးကဝင်တာပါပဲ… ကင်မရာလွယ်အိတ်တလုံးနဲ့ပေါ့…။ အခန်းထဲလည်းရောက် ရော… ပန်းကန်တခုဆွဲပြီးလူအုပ်ကြီးထဲမှာ ဟိုတိုး၊ ဒီတိုးနဲ့ စားစရာတွေတခုပြီးတခု ယူစားနေလိုက်တာ.. သမီးက တီးဝိုင်းပြန်စနေပြီဆိုပြီး လာခေါ်မှ ထတော့တာ… ။ ဓာတ်ပုံရိုက်ဖို့ လုံးဝမေ့လာခဲ့တယ်…… အစားသောက်တွေကလည်း.. အဲ့ဒီလောက်အထိ ဆွဲဆောင်နိုင်တာပါ…. သဒ္ဓါတရားတွေကောင်းကြတယ်လေ…
အင်း… တီိးတဲ့လူတွေ၊ ဆိုတဲ့လူတွေ၊ အစားအသောက်တွေ အားလုံးကောင်းကြပါတယ်…
ချို့ယွင်းတာက ကိုယ်ပါပဲ… ခေါင်းစဉ်ပေးတာတောင် မှားသွားပြီလားမသိပါဘူး…. ဝေဘန်ရေး အစား.. ဝန်ခံခြင်း ဆိုပြီးရေးရမှာ…
အော်… ဒါနဲ့.. ဒီပွဲမှာ ဦးဂင်ကြီးတယောက် တဆိတ်ဆရာလုပ်လွန်းသလားလို့… @!#$!%@&**^&%$ ဝှီး…ဝှီးးး…. ဒုတ်…. အအား.. &*^!&*^~*%#%$** !!!!!!!.. ကယ်………….. ကြ………… ပါ ………………… ဦး…….. !!%$#@*&^%#@@#$%%^!!~!!!!!!????/<*&^%$@!?@!##!@%^$$#!~#!?

Thursday, April 16, 2009

တိုက်ပွဲဝင်သံချပ်....( အော်ရီိဂွန်)

ပေါ့လန်းရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများမှ အတာသင်္ကြန်ပွဲတွင် စုပေါင်းတင်ဆက်ခဲ့ကြသော သံချပ်ဖြစ်ပါတယ်။ ဒီသံချပ်ကို ရေးသားခဲ့သူကတော့ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီိအဖွဲ့ချုပ်ဝင် မစန်းစန်းမော်ဖြစ်ပါတယ်...။

ခေတ် စနစ်ကို အပြုသဘောမြင်

Sunday, April 12, 2009

သင်္ကြန်ပွဲမှ အမှတ်တရဓာတ်ပုံလေးတွေ

သင်္ကြန်ပွဲမှ အမှတ်တရလေးတွေ

အော်ရီဂန်က မျိုးဆက်သစ်လေးတွေရဲ့ ဖျော်ဖြေမှုလေး တွေကို ဒီနေရာ လေးမှာ ပြန်လည်တင်ဆက်ပေးထားပါတယ်ရှင်..... ဒီနေရာလေးမှာလဲ သမီးလေးတွေရဲ့ ဖျော်ဖြေမှုကို သွားရောက်ကြည့်ရှု နိုင်ပါတယ်ရှင်...

အော်ရီဂန်ပြည်နယ်မှ မြန်မာ့သင်္ကြန်

မြန်မာသက္ကရာဇ် ၁၃၇၁ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် မြန်မာ့ရိုးရာသင်္ကြန်ပွဲအော်ရီဂွန်ပြည်နယ် ပေါ့လန်းမြို့တွင် ကျင်းပခဲ့တဲ့ ရိုးရာသင်္ကြန်ပွဲပါ။ ဒီပွဲကို မြန်မာ့ရိုးရာယဉ်ကျေးမှုဆန်စွာ သင်္ကြန်သံချပ်၊ မြန်မာ့သမီးပျိုလေးများ ရဲ့ယိမ်းအက၊ သင်္ကြန်သီချင်းများ၊ ခေတ်ပေါ်တေးဂီတ စသည့်ဖြင့်တင်ဆက်သွားးကြပါတယ်။ လာရောက်အားပေး သူမြန်မာနိုင်ငံသားများ၊ မိတ်ဆွေအမေရိကန်များနှင့် အသီးသီးသောပရိသတ်များအား မြန်မာ့ရိုးရာအစားအစာ မျိုးစုံလင်စွာဖြင့် တည့်ခင်းဧည်ခံခဲ့ကြသလို မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အညီ သက်ကြီးပူဇော်ပွဲကိုလဲ ကျင်းပ ခဲ့ကြပါတယ်ရှင်...


သက်ကြီးရွယ်ကြီးများကို ကြွရောက်လာကြသော ပရိတ်သတ်များမှ ကန်တော့ကြပြီး သမီိးငယ်လေးများက ပူဇော်ပစ္စည်းများကို လှူဒါန်းနေကြစဉ်
သမီိးငယ်လေးများက သင်္ကြန်ယိမ်းအကနှင့် ဖျော်ဖြေနေကြစဉ်
အဆိုနှင့်အက တွဲဖက်ဖျော်ဖြေနေကြစဉ်
ပေါ့လန်းလှပျိုဖြူလေးများ၏ သင်္ကြန်ယိမ်းအက
မြနန္ဒာသီချင်းနှင့် ပရိတ်သတ်အားလုံး ပျော်ရွှင်စွာ အဆုံးသတ်ကြကာ ပြီးဆုံးသွားပါတယ်.. အစားအသောက်များစုံလင်လှပေမဲ့ ဧည့်သည်များကို ဧည့်ခံရင်း ဓာတ်ပုံမရိုက်လိုက်နိုင်တဲ့အတွက် မတင်ပြနိုင်သလို သံချပ်ကိုလည်း မိမိကိုယ်တိုင် ဝင်ရောက်ကူညီ သီဆိုနေသောကြောင့် ဓာတ်ပုံရော ဗွီဒီယိုပါ မရိုက်လိုက်နိုင်တဲ့အတွက် ပြောထားသည့်အတိုင်း မတင်ပြနိုင်သည်ကိုလည်း တောင်းပန်ပါတယ်ရှင့်........

Saturday, April 11, 2009

တရေးနိုးလာပါပြီ..

သင်္ကြန်မှာ ရိုးရာမပျက်စေဖို့ သမီးတွေက ဆိုကြ၊ ကကြ … အဖေက တီးလိုက်ဆိုလိုက်နဲ့ သံချပ်သံတွေက ဆူညံညံနဲ့ တိုက်နေလိုက်ကြတာ ဒီနေ့နောက်ဆုံးပဲလေ… မနက်ဖြန်ဆို ပွဲကစပြီလေ… အဲ့ဒီိအခါမှပဲ တဝကြီး သွားကြည့်ရမှာပဲ… အကြွေးအမွေးကလဲ စုံစုံလင်လင်နဲ့ ကောင်းတယ်ဆိုပဲ… မနက်ဖြန်ကြရင်တော့ စားစရာအစုံနဲ့ ယိမ်းအကတွေရော အဆိုတွေကိုပါ စုံစုံလင်လင်မျှဝေပါ့မယ်… ဒီနေ့တော့ သီချင်းတွေ၊ သံချပ်တွေတိုက်နေတာကို ဓာတ်ပုံရိုက်လာလို့ အမြည်းလေးတင်ပေးထားပါတယ်… ပိုစ့်မတင်ဖြစ်တာကြာသွားတဲ့အတွက် အခုမှပဲ မိတ်ဆွေအားလုံးကို တောင်းပန်လိုက်ရပါတယ်ရှင်……


အော်.... အခုပိုစ့်တင်နေတဲ့အချိန်က မနက်၂ နာရီကျော်ပြီဆိုတော့ ပွဲစမှာဒီနေ့ပဲပေါ့နော်...
အားလုံးပျော်ရွှင်ကြပါစေရှင်....