Wednesday, November 5, 2008

ရေသည်

ပိအိုင်းရဲ့ ပန်းချီလေးပါ
ရေသည်
ရေသည်ဆိုလို့ ဦးပုညရဲ့ ရေသည်ပြဇတ်ထဲက သျှောင်ထန်းစေ့မုတ်နဲ့ ရေသည်ယောက်ျား မဟုတ်သလို သူ့မှာ ဆံထုံးတော်ကြီး တမာသီးလောက်ရှိတဲ့ ရေသည်မိန်းမလည်း မရှိပါဘူး။ ကျမတို့ မြို့လေးက ရေထန်းရောင်းတဲ့လူတယောက်နဲ့ ကျမမှာအရင်ကရှိခဲ့ဖူးတဲ့ မမျှတတဲ့ စိတ်ကလေးအကြောင်း ရင်ဖွင့်ချင်လို့ပါ။

ကျမဇာတိက တောမက မြို့မကျတဲ့ တိုက်နယ်ဒေသလေးမှာပါ။ အမှန်ကတော့ အဲ့ဒီဒေသ မြို့မမည်ခင်ကတည်းက တောခြုံတွေရှင်းပြီး လူတစုနဲ့ စတင်နေထိုင်ခဲ့တာက သူတို့ တတွေရဲ့ မွေးရာဇာတိတွေကို စွန့်ခွာလာခဲ့ကြတဲ့ မိခင်၊ ဖခင်နှင့်သူတို့ရဲ့မိတ်ဆွေတွေပါ။ ကျမတို့အရွယ်ရလာတဲ့အချိန်မှာတော့ တော်တော်လေးစည်ကာလှတဲ့ မြို့လေးဖြစ်နေပါပြီ။ ကျမတို့နေတဲ့ အိမ်လေးမှာ ရေတွင်းလေးတတွင်းရှိပါတယ်။ ကျမတို့ဒေသက မြေပြန့်တွေ၊ ကုန်းမြင့်တွေ၊ ချိုင့်ဝှမ်းတွေပေါ်မှာ တည်ဆောက်ထားတဲ့အတွက် ရေတွင်းဆိုတာ နေရာတိုင်း တူးလို့မရပါဘူး။ ကျမတို့ အိမ်လေးက ချိုင့်လေးထဲကအစုမှာပါ။ ၆ အိမ် ၇ အိမ်လောက်က ရေတွင်းလေးတွေရှိကြတယ်။ အပေါ်အမြင့်ပိုင်းက လူတွေက ကျမတို့ ဆီမှာရေလာခပ်ကြရ တယ်။ မြစ်ချောင်းနဲ့လည်းဝေး၊ ရေကန်တွေ ရေပေးဝေတာတွေကလည်းမရှိတော့ မိုးရေမရတဲ့ နွေအခါတွေမှာ ရေတွင်းမရှိတဲ့အိမ်တွေက ရေတွင်းရှိတဲ့အိမ်တွေမှာ ခွင့်တောင်းပြီး ရေခပ်ရ ပါတယ်။ နားလည်မှုအရပေးခပ်ကြပေမဲ့၊ ရေခန်းတဲ့အခါတွေမှာတော့ ကိုယ်သုံးဖို့မကျန်မှာ စိုးတာကြောင့် တချို့အိမ်တွေက ခြံတံခါးတွေကိုပိတ်ထားလိုက်ကြတယ်။ အဲဒီလို ပိတ်ထားရင် မရင်းနှီးတဲ့လူတွေက ဝင်ခပ်လို့မရတော့ဘူး။

တခြားရေတွင်းတွေအားလုံးပိတ်ထားတဲ့အချိန်မှာ အဖေက ဘယ်သူလာလာ ပေးခပ်ထား တယ်။ ကျမတို့သုံးဖို့မနက်စောစောရေအပြည့်ခပ်ထားပြီးရင် တနေကုန်ပေးခပ်ထားတာ။ ရေကုန်သွားရင် ထပ်ထွက်လာတာကိုစောင့်ပြီး ခပ်ကြတယ်။ လူဘယ်လောက်များများခပ်ခပ် နောက်နေ့မနက် ရေကပြန်ပြည့်လာတာပဲ။ ရေကကြည်လင်ဆဲ၊ အေးမြဲ၊ ချိုမြဲ။ ဘာမှမပြောင်းလဲဘူး။ ရေတွင်းလေးမှာ နေ့တိုင်းလူစည်မြဲ။ ကြာလာတာနဲ့အမျှ ပိတ်ထားတဲ့ ရေတွင်းတွေကရေတွေနောက်လာပေမဲ့ ကျမတို့တွင်းလေးကကြည်လင်မြဲပဲ။ ရေတွင်းတွေက ရေကြောတွေဆက်နေတာမို့ ဘာဖြစ်လို့ ကိုယ်တွင်းကရေကမနောက်တာလဲလို့ အဖေ့ကို မေးတော့ ရေကုန်မှာကြောက်လို့ မခပ်ပဲထားတဲ့တွင်းတွေက အောက်ကရေကြောတွေပိတ် သွားပြီး ရေသစ်မလာတော့ပဲ ရှိတဲ့ရေဟောင်းတွေက အပူရှိန်ကြောင့် ခန်းသွားတာရယ်၊ ရေတွင်းထဲက အနယ်အနှစ်တွေထလာတာကြောင့် ရေနောက်လာတာဖြစ်ကြောင်း ရှင်းပြ တယ်။ ဒါတွေကိုသိလာရတော့ ရေကုသိုလ်ရဲ့အကျိုးက ချက်ချင်းခံစားရပါလားလို့ သိလာ ရတယ်။

ရေလျှူတာ ရေခပ်တဲ့လူတွေကိုပဲလျှူပေါ့၊ ရောင်းတဲ့သူတွေက စီိးပွားရေးလုပ်တာဆိုပြီး ပြောလာတဲ့လူလည်းရှိပါတယ်။ ဒါလည်းဟုတ်တာပဲ.. ကိုယ်ကအလကားပေးခပ်ထားပေမဲ့ သူကရေခပ်ပြီး ပိုက်ဆံရှာနေတယ်ဆိုပြီး ရေရောင်းတဲ့သူတွေကို ပေးမခပ်ဘူးဆိုပြီး ရေရောင်းတဲ့သူတွေကို ကျမကလာမခပ်ဖို့တားခဲ့ဘူးတယ်။ ဒါပေမဲ့ အဖေကအချိန်မှီတားခဲ့ တယ်။ သူ့ဖာသာ ရောင်းတာဖြစ်ဖြစ်၊ သုံးဖို့ဖြစ်ဖြစ် ရေကအားလုံးသုံးဖို့ပေးခပ်ထားတာပဲ။ ခပ်နိုင်တဲ့သူတွေက ကိုယ်တိုင်လာခပ်ကြသလို မခပ်နိုင်တဲ့သူတွေက ရေခပ်ပေးတဲ့သူကို ပိုက်ဆံပေးပြီးခပ်ခိုင်းတာ အဲ့ဒီလိုမတားရဘူး။ သူက ရေရောင်းစားတာမဟုတ်ဘူး။ သူ့လုပ်အားကို ရောင်းစားတာတဲ့..။ အရင်းအနှီးမရှိတဲ့ ရေသည်ကိုမှ ရေလာမခပ်ဖို့ တားခဲ့ဖူးတဲ့ကျမဟာ ကိုယ့်ကိုယ်ကို နောင်တရနေမိတယ်။

5 comments:

ဟန်လင်းထွန်း said...

အမေ၇
ကောင်းတယ်။ အသက်နှင့်အရွယ်က စကားပြောတယ် ဆိုတာ နေမှာနော်။:)

စူး said...

အမအဖေကတော်တယ်နော်
အ၇င်ပို့စ်တွေလဲဖတ်သွားတယ်
ကိုသစ်နက်ဆူးဆီက လာတာလေ

ဒူကဘာ said...

ရေအကျိုး (၁၀)ပါး၊ ရေအပြစ် နာဂစ်တဲ့...ဟဲ..ဟဲ

သစ်နက်ဆူး said...

မအိမ်သူ...
မအိမ်သူရဲ့ ဖခင်က တော်တော် သဘောထားပြည့်ဝတယ်ဗျာ...တွေ့ ဘူးချင်လိုက်တာ...။
မအိမ်သူ...လူငယ်ဆိုတာ...တခါလောက်မက စိတ်အမှားတွေ ၀င်တတ်ပါတယ်...
ကိုယ်က အမှားကို သိသွားပြီဆို...ရှေ့ ကို ကောင်းဘို့ ပါဘဲ....။

ဗေဒါရီ said...

ရေတွင်းရေကန်လှူတာက ထာဝရဒါန ဆိုပြီး ကြားဖူးတယ်။ ဒါကြောင့် အသောကမင်းကြီးက ရေတွင်း ရေကန်ပေါင်း ရှစ်သောင်းလေးထောင် လှူသွားခဲ့တာ ထင်တယ်နော်။
အမအဖေရဲ့ စိတ်ဓာတ်က လေးစား အတုယူစရာ ...။ အသောက မင်းကြီးလို မလှူနိုင်သော်ငြား ကိုယ်တတ်နိုင်တဲ့ဘက်က လှူဒါန်း ပေးကမ်း စွန့်ကြဲ တာဟာ မင်္ဂလာတပါးပါပဲ။