Saturday, November 1, 2008

သတိရမိတဲ့... ငယ်ဘဝတွေ..(အပိုင်း-၂)

ပန်းချီ.. ပေါ့အိုင်း
ကျေးဇူးရှင်များသို့ လွမ်းချင်း
ကျမ လေးတန်းနှစ်တုန်းကထင်ပါတယ်။ ကျောင်းပိတ်ထားချိန်မှာပါ။ လယ်ထဲမှာတော့ ရိုးပြတ် (စပါးရိတ်ပြီး ကျန်ခဲ့သောအရင်းပိုင်း) တွေထိုးထိုးထောင်ထောင် ရှိနေတာ မှတ်မိပါတယ်။ ဆောင်းကုန်ခါနီး အအေးဓါတ်လျှော့နေပါပြီ။ မနက်ခင်း ၈ နာရီလောက်မှာပါ..။ အမေက မီးဖိုချောင်ထဲမှာ ရွှေဖရုံသီးဟင်းချက်ဖို့ စပါးလင်နှစ်ပင် သုံးပင်ကို စပါးလင်အုံကနေ ခူးပြီး ကျမကိုလည်း အဝတ်စောစောလျှော်ဖို့ပြောပါတယ်။ ကျမကလည်း ခပ်စောစော ဆိုတော့ ပျင်းနေတာနဲ့ အမေကသုံးခါလောက်ပြောမှ စိတ်မပါလက်မပါနဲ့ ရေတွင်းဆီကို ရေခပ်ထွက်သွားပါတယ်။

ကျမတို့နေတဲ့တဲနဲ့ ရေတွင်းနဲ့က ၁၅ ကိုက်၊ ကိုက် ၂၀ လောက်ဝေးပါတယ်။ အဝတ်လျှော်တဲ့ ကျောက်တုံးလေးကတော့ တဲနဲ့သိပ်မဝေးပါဘူး။ နောက်ပြီး ခြံထဲမှာ ရေတွင်းက နှစ်တွင်းရှိပြီး ကျမသွားခပ်တဲ့ ရေတွင်းက အောက်တွင်းလို့ ကျမတို့ခေါ်တဲ့ လယ်ကွင်းစပ်က တွင်းမှာပါ။ ရေတွင်းရဲ့အချင်းက ၆ ပေလောက် ကျယ်မယ်လို့ ထင်ပါတယ်။ အနက်ကတော့ မြေပြင်ကနေ အောက်ကို ၁၈ ပေလောက်နက်ပြီး ရေအနက်ကတော့ ၁၄-၁၅ ပေလောက် ရှိမယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေတွင်းဘောင်ကနေရပ်ပြီး ကြိုးချည်ထားတဲ့ ရေပုံးလေးနဲ့ တလှမ်းထဲ အားနဲ့ဆွဲတင်လိုက်ရင် ရေရတာပါပဲ။ ရေတွင်းဘောင်ဆိုတာ ကလည်း ဂဝံအုတ်လို့ခေါ်တဲ့ အုတ်ခဲတလုံးစီကို ရေတွင်နှုတ်ခမ်းမှာစီတင်ထားရင်း ကြာလာတော့ မြေကြီးထဲ နစ်ပြီးခိုင်ခံ့နေတာပါ။ ရေတွင်းရှိတယ်ဆိုတာ အဝေးကသိနိုင်တဲ့ အမှတ်အသားကတော့ ဘေးနားကသစ်ပင်ခွကြားပေါ်မှာ ဆုံချက်အဖြင့်ဝါးလုံရှည်တချောင်း တင်ထားပြီး အရင်းမှာ သစ်မြစ်၊ ကျောက်ခဲ စတာတွေကို တွဲချည်ထားပြီး ရေတွင်းဘက် အခြမ်းမှာတော့ ထောင်နေတဲ့ ဝါးအဖျားပိုင်းမှာ သေးသွယ်ရှည်လျှားတဲ့ နောက်ထပ်ဝါး တချောင်းရဲ့အဖျားကိုပူးပြီး ရေတွင်းပေါ်တည့်တည့် ထောက်မှန်အနေထားအတိုင်း ကျနေ အောင် ချည်ထားရတယ်။ ဝါးအရင်းပိုင်းမှာတော့ ရေပုံးတလုံးတပ်ထားပြီး နွေဘက်ရေခန်းလို့ အောက်နက်နက်ကရေကို ခပ်ရတဲ့အခါတွေမှာ သုံးရတာပါ။ အဲ့ဒါကိုကျမတို့က မောင်းလက်လို့ ခေါ်ပါတယ်။ မိုးရာသီဆို ရေတွင်းကရေပြည့်လျှံ နေလို့မောင်းလက်သုံးစရာ မလိုပါဘူး။ ရေခွက်နဲ့အလွယ်တကူခပ်လို့ရပါတယ်။

အမေက စောစောစီးစီးခိုင်းလို့ဆိုပြီး စိတ်မကြည်မလင်နဲ့ ခပ်ဆောင့်ဆောင့်ထွက်သွားပြီး ရေသွားခပ်တဲ့ ကျမဟာ ရေပုံးထဲရေအပြည့်ဝင်အောင်လုပ်ပြီး အားနဲ့ တလှမ်းထဲဆွဲတင် လိုက်တဲ့အခါ.. ရေပုန်းက လွတ်လွတ်ကျွတ်ကျွတ် တက်မလာပဲ ကျမတက်ရပ်နေတဲ့ အုတ်ခဲနဲ့တိုက်မိပြီး အရှိန်နဲ့ဆွဲတင်တဲ့ကျမကို ရေတွင်းထဲကျအောင် ပြန်ဆွဲချလိုက်ပါတော့ တယ်။ ကျကျခြင်း ကျမစိတ်ထဲမှာသတိရသွားတာက ရွှေသွေးထဲမှာဖတ်ထားတဲ့ ပုံပြင်လေးကို သွားသတိရတယ်။ ရှင်ဘုရင်တပါးက မူးမတ်တွေနဲ့ ကွဲသွားပြီး ဆင်တစ်ကောင်နဲ့ကျန်ခဲ့ရာက ရေဆာလို့ ရေတွင်းတွေ့တာနဲ့ ကြိုးတချောင်းရဲ့အစကို မိမိကိုယ်မှာချည်၊ တစကို ဆင်ခြေထောက်မှာချည်ပြီး ရေတွင်းထဲဆင်းသွားခဲ့ရာက ကြိုးကတိုနေလို့ ရေရှိတဲ့နေရာကို မမှီတမှီဖြစ်နေလို့ ခြေနှစ်ဖက်ကိုကားပြီး ရေတွင်းနံရံနှစ်ဖက်မှာထောက်ရပ်ပြီး နေလို့ရတယ် ဆိုတာကို သတိရသွားပြီး ခြေနှစ်ချောင်းကို ကားပြီးရေတွင်းနံရံကို ထောက်ကြည့် ပေမဲ့ ရေတွင်းကကျယ်ပြီး ခြေထောက်ကတိုနေတာကြောင့် မမှီပဲဖြစ်နေတယ်။ ရေကလဲ မကူးတတ်ဘူး။ နောက်တော့ရေမွှန်းပြီး မျက်စိထဲမှာ နီညိုညိုရောင်တွေ၊ တီကောင်နီနီ လေးတွေ လှုပ်ရှားနေတာလို့ထင်ရတာတွေ မျက်စိထဲမြင်လာရပြီး ဘာမှမသိ တော့ပါဘူး။

အပြင်မှာတော့ အမေက ကျမခေါ်သံသဲ့သဲ့ကိုကြားရပြီး ရေခပ်သွားတာကြာလို့ရေတွင်းနားကို လိုက်လာမှ ရေတွင်းထဲကျနေတဲ့ ကျမကိုတွေ့တော့ ကျမရဲ့မျက်နှာက ရေအောက်တထွာ လောက်မှာရောက်နေပြီး ချေကားယား လက်ကားယားဖြစ်နေတယ်တဲ့။ အမေလည်းကြောက် အားလန့်အားနဲ့ ဘာလုပ်လို့လုပ်ရမှန်းမသိ၊ ဟိုရှာဒီရှာနဲ့ ထွန်ခြစ်တချောင်းရလာပြီး ရေတွင်း နားပြန်ရောက်တော့ ကျမကို မတွေ့ရတော့ဘူး။ ရေပလုံစီလေးတွေပဲ တက်လာတော့တယ်။ အဲ့ဒီအချိန်မှ ပတ်ဝန်းကျင်ကို အော်ဟစ်အကူ အညီတောင်းတော့တယ်။ ကျမတို့လယ်ရဲ့ ချောင်းတဖက်ခြမ်းက လယ်ထဲမှာတော့ ဦးမောင်ကြွယ်က စပါးနယ်နေတယ်။ အမေက သူ့ကို အော်ဟစ်အကူအညီတောင်းတာပါ။ ဒါပေမဲ့ တခြားသူတွေသာရောက်လာခဲ့တယ်၊ သူကတော့ စပါးနယ်မပျက်ဘူး။ အမေ့နားကို အရင်ဦးဆုံးရောက်လာတဲ့သူက လယ်ချင်းကပ်လျှက်က ကိုဝင်းကြိုင်။ သူကသူ့ပုံစံအတိုင်း အေးတိအေးစက်နဲ့ ရောက်လာပြီး ရေတွင်းက… အနက်ကြီးလား….လို့ သူ့အသံလေးလေးကြီးနဲ့ အမေ့ကိုမေးပါတယ်။ အမေကလည်း စိတ်ပူတာကတဖက် သူ့ကို စိတ်မရှည်တာကတဖက်နဲ့ နက်တာပေါ့ဟဲ့.. ဆင်း..ဆင်း.. ဆိုပြီး အတင်းဆင်းခိုင်းတော့ မဆင်းရဲဘူးတဲ့.. လေးလေးကြီးပြန်ပြောတယ်။ လူတော်တော်များများ ရေတွင်းနား ရောက်လာကြပေမဲ့ ဘယ်သူမှမဆင်းရဲကြဘူး။

အဲ့ဒီအချိန်မှာ အဖေကလယ်ကွင်းတွေရဲ့တဖက်ခြမ်းက သုံးအိမ်စုရွာရဲ့ ဘုန်းကြီးကျောင်းမှာ သိမ်ဆောက်ဖို့ ဘုန်းကြီးနဲ့ သွားတိုင်ပင်နေတဲ့အချိန်။ အော်သံသဲ့သဲ့ကြားတာနဲ့ လယ်နား မှာရှိတဲ့ ချောင်းလေးထဲမှာ ပိုးထိ (မြွေကိုက်) တယ်လို့ထင်ပြီး ကျောင်းနောက်ဖက်က ဂမူလေး ပေါ်ထွက်ကြည့ှ်မှ ကိုယ့်ရေတွင်းနားမှာ လူစုနေကြတာတွေ့ပြီး တဲဆီကို အပြေးအလွှား ပြန်လာတာ။ စိတ်ထဲမှာတော့ ကလေးအငယ်လေးတယောက်ယောက် ရေတွင်းထဲကျတာ ထင်ပြီး ကျမတို့အကြီးတွေကို ကြိမ်းလာတယ်တဲ့။
ရေတွင်းနားမှာတော့ လူများပေမဲ့ ရေတွင်းထဲ ဆင်းရဲတဲ့သူမရှိဘူးဖြစ်နေပြီး ကျမကိုကယ်မဲ့ ဦးဘအေး ဆိုသူက ကျမတို့တဲနဲ့ ခပ်ဝေးဝေးမှာ အလုပ်လုပ်နေတာကြောင့် အရောက် နောက်ကျပေမဲ့ ရောက်ရောက်ခြင်း ရေတွင်းထဲဆင်းလိုက်ပါတယ်။ သူလာရာလမ်းမှာလည်း အဖေကာထားတဲ့ ခြံကို အမြန်ရောက်အောင်ခုန်ကျော်ခဲ့ရတာကြောင့် တအားမောနေတာပါ။ ရောက်ရောက်ခြင်း အမေကလည်း အတင်းဆင်းခိုင်းတာကြောင့် ဆင်းလိုက်ရပေမဲ့ အမော ကဆို့နေသေးတော့ ရေပေါ်ပြန်တက်လာပြီး ဝါးတချောင်းတောင်းရသေးတယ်။ ဦးဘအေး ကတော့ သုံးအိမ်စုရွာက လူပျိုခေါင်း လူချောကြီးပါ။ လူမှုရေးမှာတက်တက်ကြွကြွ ကူညီတတ် သူပါ။ သူဝါးလုံးတောင်း တော့ ရေတွင်းနားရှိတဲ့သူအားလုံးက ရေတွင်းနားပုံထားတဲ့ဝါးတွေကို ဘယ်သူမှမတွေ့ပဲ ဗူးစင် လုပ်ထားတဲ့ ဝါးတွေကို သွားဆွဲချလာကြတယ်။ ရလာတဲ့ ဝါးတလုံး ကို ရေတွင်းထဲချလိုက်ပြီး တဖက်နံရံကိုထောက်ထားလိုက်ပြီး ဦးဘအေးလည်း အမောပြေ တာနဲ့ ဆင်းဆယ်တော့ နံရံမှာထောက်ထားတဲ့ ဝါးချွန်က ကျမခေါင်းပေါ် တည့်တည့်မှာတဲ့။ နည်းနည်းအောက်ရောက်ရင် ဝါးချွန်က ကျမမျက်နှာတည့်တည့်ထိုးမိမှာ။ ကံကောင်းလို့ ပေါ့လေ။ ဒါနဲ့ ဦးဘအေးလည်း ကျမကိုဆွဲတင်ပြီးရေပေါ်တက်လာခဲ့တော့ မျက်နှာကသိပ် မကောင်းတော့ဘူး။ ကျမတကိုယ် လုံးလည်း မဲပြာနေပြီ။ ရေတွင်းထဲကထွက် လာပြီး အားလုံး က သေသွားပြီဆိုပြီး အမေကလည်း ငိုနေပြီ။ ခြံနားက ဘုန်းကြီးကျောင်းက ဆရာတော် ကလည်း ကြွလာပြီး တရားလေးဘာလေး ဟောနေပြီ။

အဲ့ဒီအချိန်မှာ အဖေရောက်လာပြီး ကျမကိုယ်လုံးကို မ ချီပြီး ဗိုက်ကိုသူ့ပခုံးပေါ်တင်၊ တင်ပါးကို ခပ်ဆပ်ဆပ် နှစ်ချက်လောက်ရိုက်လိုက်တယ်။ အဲ့ဒါကိုမြင်ကြပြီး ကိုဝင်းကြိုင်က ကျမကို သနားတဲ့ပုံစံနဲ့သူ့အသံလေးလေးကြီးနဲ့ သူ့သမီိးမဟုတ်တာကျနေတာပဲဆိုပြီး အဖေ့ကို အပြစ်ပြောတယ်တဲ့။ ဘုန်းကြီးကလည်း အဖေအဲ့ဒီလို လုပ်နေတာကို ဘေးကနေ တရားချနေတယ်။ သေတဲ့လူ အေးအေးဆေးဆေးသေပါစေတဲ့။ အဖေကတော့ ဘာမှပြန် မပြောအားဘူး။ ကျမဗိုက်ထဲကရေတွေ မြန်နိုင်သမျှ မြန်မြန်ပြန်ထွက်အောင် လုပ်နေတယ်။ သူ့သမီးကို သေမင်းလက်ထဲကနေ သူလုပ်နိုင်သလောက်လုပ်ပြီး ပြန်လုတာပါ။ နောက်ဆုံး တော့ အဖေနိုင်သွားပါတယ်။ ကျမပါးစပ်တွေကနေ ရေတွေတဝေါ့ဝေါ့နဲ့ ပြန်ထွက်လာတယ်။ ကျမသတိရလာတော့ ကျမအောက်မှာမီးပုံဖိုထားပြီး အပူပေးထားတယ်။ ကျမက အံနေတုန်းပဲ။ ကျမပါးစပ်ထဲက အံဖတ်တွေကို နှိုက်ထုတ်နေတာကတော့ ခပ်လှမ်းလှမ်းမှာ စပါးနယ်နေတဲ့ ဦးမောင်ကြွယ်။ ဦးဘအေး ကျမကိုဆယ်ပေးတယ်ဆိုတာကတော့ အမေပြန် ပြောပြလို့ သိရတာ။ အမေကတော့ နှစ်တိုင်းနှစ်တိုင်း ဦးဘအေးကို သွားကန်တော့ခိုင်းတယ်။ သမီးရဲ့ အသက်သခင် ကျေးဇူးရှင်တဲ့။ ကျမကိုလည်း ရေမခပ်ခိုင်းတော့ဘူး။ အမေဆိုလည်း စိတ္တဇတွေဖြစ်လို့။ ကျမသေသွားရင်ပိုဆိုးမယ်တဲ့။ မသေတာတောင်မှ ရေသွားခပ်တိုင်း ရေအောက်တထွာလောက် ကျမမျက်နှာနဲ့ ခြေလက်ကားယားဖြစ်နေတာကို မြင်ယောင်နေ လို့ အဲ့ဒီတွင်းမှာ ရေမခပ်ရဲတော့ဘူး။ တခါတလေ အမေ့ကို စ ချင်ရင် ရေတွင်းနားသွားပြီး အမေ့လို့တချက်အော်ပြီး ပုန်းနေရင် အမေတယောက် ပြာယာခတ်ပြီးရောက်လာရော။ ရင်ဘတ်ဖိပြီး ရေတွင်းထဲ သွားကြည့်၊ မတွေ့မှ ကျမကို အော်ခေါ်တာ။ ကျမလည်း အမေ့ပုံစံ ကိုကြည့်ပြီးသနားတာနဲ့ ပုန်းနေရာက ပြန်ထွက်လာရတာ။

ရေတွင်းထဲကျပြီးတဲ့နေ့မှာပဲ အဖေက ကျမကို ဆေးခန်းခေါ်သွားပြီး ဆရာဝန်နဲ့စစ်ဆေးခိုင်း သေးတယ်။ နားထဲမှာရေဝင်နေတာကလွဲရင် ဘာမှမဖြစ်ဘူးတဲ့။ အဲ့ဒီနေ့က မြို့ထဲရောက်လို့ အိမ်ကိုဝင်ပြီး အဖွားတို့၊ အမတို့ကိုပြောပြတော့ သူတို့က မယုံကြဘူး။ ရေတွင်းထဲကျတဲ့ သူက ကိုယ်တိုင်လာပြောနေလို့ သူတို့မယုံကြဘူး။ အမေနဲ့တွေလို့ အကြောင်းစုံ ရှင်းပြမှ အမ ကယုံတယ်။ ကျမအဖြစ်အပျက်က သေချိန်မကျသေးလို့ လူသုံးယောက်က အချိန်မှီ ဟန်ချက်ညီညီ ကူညီလိုက်နိုင်တယ်… လို့ ထင်မိပါတယ်။ အကယ်၍ သုံးယောက်မဟုတ်ပဲ နှစ်ယောက်ထဲ ဆိုရင်လည်း ကျမအသက်ရှင်နိုင်စရာမရှိပါဘူး။ ဒါကြောင့် အမေ၊ ဦးဘအေးနှင့် အဖေတို့သုံးယောက်စလုံးဟာ ကျမရဲ့အသက်တချောင်းကို တချိန်ထဲမှာ ကယ်တင်ခဲ့တာပါ။ အဖေနဲ့ အမေကတော့ မွေးထားတဲ့ကျေးဇူးလည်းရှိ၊ အသက်ပြန်ရှင်စေတဲ့ ကျေးဇူးလည်းရှိ တော့ ကျေးဇူးနှစ်ထပ်ဆပ်သင့်သူတွေပါ။ ဦးဘအေးကိုလည်း ဘယ်တော့မှမမေ့ပါဘူး။ အခုချိန်မှာတော့ အဝေးမှာရောက်နေလို့ လူကိုယ်တိုင်သွားမကန်တော့နိုင်ပေမဲ့ စိတ်ကတော့ အမြဲတန်းသတိရနေတယ်။ လယ်သမားဦးကြီးဘဝနဲ့ အရိုးထုတ်သွားကြမဲ့ သူတို့မိသားစုကို အခုလိုခေတ်မှာ ဘယ်လိုရှာဖွေစားသောက်နေကြသလဲဆိုတာ တခေါက်လောက်ရောက် အောင်သွားပြီး ကြည်လိုက်ချင်တာပဲ ကံကြမ္မာရယ်။ ကိုယ့်အတွက် အချိန်တွေရှိသေးတယ် ဆိုရင်ပေါ့..။
အော်… ကျမသေမယ်ဆိုရင် နောက်ဘဝပြန်ဖြစ်မဲ့ သေကာနီးနိမိတ်က.. အရွယ်ရလာလို့ မိုးကုတ်တရားစခန်းဝင်မှ အမိဝမ်းရည် ကဗ္ဗလာနီဆိုတာ သဘောပေါက်လာတယ်။ ငယ်ငယ်ကတော့ အမေ့ကို အဲ့ဒီအချိန်မှာ သမီးသေရင်တီကောင်ဖြစ်မှာလို့ ပြောမိတယ်။

မိုးအေးအေးမှာ အလွမ်းတွေပိပြီး ရေးမိပါသည်။ ကျေးဇူးရှင်အားလုံးကို ဒီပို့စ်လေးနဲ့ အတူထပ်ဆင့် ကန်တော့လိုက်ပါတယ်ရှင်။


5 comments:

သစ်နက်ဆူး said...

အိမ်လွမ်းသူရေ....
ရေးပြနေတဲ့ လယ်ကွင်းလေးတွေကိုကြည်နူးနေတုန်းရှိသေး....
မသေကောင်းမပျောက်ကောင်းဗျာ...။
ကျေးဇူးရှင်တွေကိုမမေ့တတ်တာ ကောင်းပါတယ်..။
အသက်တစ်ချောင်းရဲ့ တန်ဘိုးက သေမလိုဖြစ်ပြီးမှ ပိုသိတာ...။
နောက်ပြီး....အကျိုးမဲ့ အသက်ရှင်နေခြင်းကိုလဲ
အပြစ်တစ်ခုလို နားလည်ခဲ့ ၇တော့တာပါဘဲ...။

အိမ်လွမ်းသူ said...

ဟုတ်ပါတယ်ရှင်.. အသက်ရှင်စဉ်မှာ ကိုယ်လုပ်ချင်တာတွေကို လုပ်ခွင့်မရသေးတဲ့ ဘဝကိုလည်း အားမရဘူး... ။

ဗေဒါရီ said...

မအိမ်လွမ်းသူ ဘလော့လေးက ငြိမ်းချမ်းလိုက်တာ။ သမီးကြီးရဲ့ ပန်းချီလေးတွေကလည်း ချစ်စရာ။
မအိမ်လွမ်းသူ ငယ်ဘ၀ ဒေသလေးက .. လွမ်းချင်လည်း လွမ်းစရာနော် ... ။
ရေတွင်းထဲ ပြုတ်ကျတာကတော့ ကြောက်စရာကြီးပဲ။ သေကံမရောက် သက်မပျောက်လို့ ဆိုရမယ်။

ဒီဘလော့လေးကို နောက် အမြဲလာဖတ်မယ့် စာရင်းထဲ ထည့်ပါရစေရှင်။

အိမ်လွမ်းသူ said...

အခုလိုလာအားပေးတာ ကျေးဇူးတင်ပါတယ် မဗေဒါရီ...။

ဒူကဘာ said...

အမေ ရေခပ်ခိုင်းတာ ရေတွင်းထဲ ဆင်းပုန်းသူက ရှိသေး။