Sunday, November 30, 2008

ပုဂ္ဂလပညတ် အခြေခံဓာတ်ကျမ်း

အရင်တစ်ပတ်က နှုတ်တက်အာဂုံဆောင်သည့် ဂါထာမှ ဗျည်းနှင့်သရ အဓိပ္ပါယ်များကို အကျယ်ပြန်ရှင်းပြပါမည်။ ဤနေရာမှာ ဓာတ်ကျမ်းစာအုပ်ပါအတိုင်း တစ်လုံးမကျန်ရေးကူး တော့မှာမဟုတ်ဘဲ ကျွန်မ နားလည်သလို ချုံ့ရေးသွားပါ့မယ်။ ကျွန်မသည် ပညာရှင်တဦးမဟုတ်သလို၊ ကျမ်းပြုသူလည်းမဟုတ်ပါ။ ကျွန်မသိထားသည့် အနည်းငယ်ကို မျှဝေလိုခြင်း၊ ပညာရှင်များနှင့် တွေ့သိဆွေးနွေးလိုခြင်းသာဖြစ်ပါသည်။ အခြေခံကိုသိထားပြီး ဉာဏ်ကွန့်မြူးလျှင် ကွန့်မြူးသလို စဉ်းစားတွေးခေါ်ကုသနိုင်သည့် ပညာဖြစ်သောကြောင့် ပါရမီရှိပြီးသူများလေ့လာလျှင် ထူးခြားစွာကုသနိုင်ပြီး ၊ အကြံဉာဏ် ကောင်းများဖြင့် ဝေဒနာ သည်များကို သက်သာပျောက်ကင်းစေနိုင်သလို၊ စာဖတ်သူများ အစားအစာများကို ဆင်ခြင် စားသောက်ခြင်းဖြင့် ကျန်းမာကြလျှင် ဤပိုစ့်များကို ရေးကူးတင်ပြရ ကျိုးနပ်သည်ဟု ခံယူပါ သည်။

၁။ က၊ ခ၊ ဂ၊ ဃ၊ င မှာ စန္ဒြာ၊ သေလာမြေဓာတ်ဖို၊ ရှင်းအငန်ဟုဆို။
၂။ စ၊ ည၊ ဘောမ၊ ပညာသ၊ လေပြင်းဓာတ်ဖိုရ၊ တလိုင်းအခါးပ။
၃။ သန်လျှင်းချိတ်၊ နငယ်ပိတ်၊ တစ်ကျိပ်သောရီပ၊ မီးတောက်ဓာတ်မ၊ ကုလားအချဉ်ရ။
၎။ ပ၊ ဖ၊ ဗ၊ ဘ၊ မ ငါးခု၊ ဂြိုလ်ဂုရု၊ ပံသုမြေဓာတ်မ၊ မြန်မာအဆိမ့်ကျ။
၅။ ယ၊ ရ နှစ်ခု ရာဟုလေမှုန်တိုင်း၊ အရိုင်းဓာတ်မ၊ တရုတ်တရက်ကျ၊ ယိုးဒယား အဖန်ရ။
၆။ လ၊ ဝ နှစ်ဦး၊ ဗုဒ္ဓဟူး ဓာတ်ဖို၊ ရေသီတာဟုဆို၊ မျိုးကိုကတူး၊ ရောနှောပူး ဆန်းထူးခါးချဉ်မျှ။
၇။ သုံးဦး သ၊ ဟ၊ ဠ သောကြာရေငန်ပ၊ ဓာတ်မသက်၊ ကသည်းကြိုက်လေ၊ အချိုသာ။
၈။ အ၊ အာ သရ၊ ရစ်ဌာန၊ သူရဇ္ဇနေ့စွဲ၊ မီးခဲဓာတ်ဖို၊ ဂျွမ်းအစပ်ဟုဆို။ မှာ

အက္ခရာ အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ သြ ၏ နေ့မှာ တနင်္ဂနွေ၊ နာမ်မှာ ဂဠုန်၊ ဂြိုဟ်သက် (၆) နှစ်၊ ဂြိုဟ်မှာ ပါပဂြိုဟ်၊ ပညတ်မှာ မီးခဲတေဇော ဓာတ်ဖို၊ သင်္ချာမှာ (၁)၊ အရသာမှာ အစပ်၊ အရပ်ဒေသမှာ အရှေ့မြောက်၊ အရောင်မှာ အနီ၊ ဓာတ်မှာ မီးခဲ၊ ပိဋကတ်မှာ တေဇော ဖြစ်သည်။

အက္ခရာ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ၊ တ၊ ထ၊ ဒ၊ ဓ၊ န ၏ နေ့မှာ စနေ၊ နာမ်မှာ မြွေ (သို့) နဂါး၊ ဂြိုဟ်သက် (၁၀) နှစ်၊ ဂြိုဟ်မှာ ပါပဂြိုဟ်၊ ပညတ်မှာ မီးတောက် တေဇောဓာတ်မ၊ သင်္ချာမှာ ၇ (သို့) ၀၊ အရသာမှာ အချဉ်၊ အရပ်ဒေသမှာ အနောက်တောင်၊ အရောင်မှာ အမည်း- အနက်၊ ဓာတ်မှာ မီးတောက်၊ ပိဋကတ်မှာ တေဇော ဖြစ်သည်။

အက္ခရာ စ၊ ဆ၊ ဇ၊ ဈ၊ ည ၏ နေ့မှာ အင်္ဂါ၊ နာမ်မှာ ခြင်္သေ့၊ ဂြိုဟ်သက် (၈) နှစ်၊ ဂြိုဟ်မှာ ပါပဂြိုဟ်၊ ပညတ်မှာ လေညင်းဝါယော ဓာတ်ဖို၊ သင်္ချာမှာ (၃)၊ အရသာမှာ အခါး၊ အရပ်ဒေသ မှာ အရှေ့တောင်၊ အရောင်မှာ နီဖြူ၊ ဓာတ်မှာ လေ၊ ပိဋကတ်မှာ ဝါယော ဖြစ်သည်။

အက္ခရာ ယ၊ ရ ၏ နေ့မှာ ဗုဒ္ဓဟူး (မွန်းလွဲပိုင်း)၊ နာမ်မှာ ဟိုင်းဆင်၊ ဂြိုဟ်သက် (၁၂) နှစ်၊ ဂြိုဟ်မှာ ပါပဂြိုဟ်၊ ပညတ်မှာ မှုန်တိုင်းဝါယော ဓာတ်မ၊ သင်္ချာမှာ (၈)၊ အရသာမှာ အဖန်၊ အရပ်ဒေသမှာ အနောက်မြောက်၊ အရောင်မှာ နီပြောက်ကျား၊ ဓာတ်မှာ လေ၊ ပိဋကတ်မှာ ဝါယော ဖြစ်သည်။

အက္ခရာ က၊ ခ၊ ဂ၊ ဃ၊ င ၏ နေ့မှာ တနင်္လာ၊ နာမ်မှာ ကျား၊ ဂြိုဟ်သက် (၁၅) နှစ်၊ ဂြိုဟ်မှာ သောမဂြိုဟ်၊ ပညတ်မှာ သေလာပထဝီ ဓာတ်ဖို၊ သင်္ချာမှာ (၂)၊ အရသာ မှာ အငန်၊ အရပ်ဒေသမှာ အရှ့အရပ်၊ အရောင်မှာ အဖြူ၊ ဓာတ်မှာ မြေဓာတ်၊ ပိဋကတ်မှာ ပထဝီ ဖြစ်သည်။

အက္ခရာ ပ၊ ဖ၊ ဗ၊ ဘ၊ မ ၏ နေ့မှာ ကြာသပတေး၊ နာမ်မှာ ကြွက်၊ ဂြိုဟ်သက် (၁၉) နှစ်၊ ဂြိုဟ်မှာ သောမဂြိုဟ်၊ ပညတ်မှာ ပံသုပထဝီ မြေဓာတ်မ၊ သင်္ချာမှာ (၅)၊ အရသာမှာ အဆိမ့်၊ အရပ်ဒေသမှာ အနောက်၊ အရောင်မှာ အဝါ၊ ဓာတ်မှာ မြေ၊ ပိဋကတ်မှာ ပထဝီ ဖြစ်သည်။


အက္ခရာ လ၊ ဝ ၏ နေ့မှာ ဗုဒ္ဓဟူး၊ နာမ်မှာ ဆင်၊ ဂြိုဟ်သက် (၁၇) နှစ်၊ ဂြိုဟ်မှာ သောမဂြိုဟ်၊ ပညတ်မှာ ရေကြည်အာပေါ ဓာတ်ဖို၊ သင်္ချာမှာ (၄)၊ အရသာမှာ အချို၊ အရပ်ဒေသမှာ တောင်အရပ်၊ အရောင်မှာ အစိမ်း၊ ဓာတ်မှာ ရေ၊ ပိဋကတ်မှာ အာပေါ ဖြစ်သည်။

အက္ခရာ သ၊ ဟ၊ ဠ ၏ နေ့မှာ သောကြာ၊ နာမ်မှာ ပူး၊ ဂြိုဟ်သက် (၂၁) နှစ်၊ ဂြိုဟ်မှာ သောမဂြိုဟ်၊ ပညတ်မှာ ရေနောက်- ရေငန်- ရေပုပ်- အာပေါဓာတ်မ၊ သင်္ချာမှာ (၆)၊ အရသာမှာ အချို၊ အရပ်ဒေသမှာ မြောက်အရပ်၊ အရောင်မှာ အဖြူ၊ ဓာတ်မှာ ရေ၊ ပိဋကတ်မှာ အာပေါ ဖြစ်သည်။


ဒီနေရာမှာ မြေ၊ ရေ၊ လေ၊ မီး ဓာတ်ကြီးလေးပါးသာရှိပြီး ဓာတ်ဖို ဓာတ်မ၊ ပါပ သောမ တို့ကို တွဲပြီး ဂါထာလုပ်လိုက်တော့ အန္တော စရေ၊ ဂဗ္ဘေ ဝံသေ အဖြစ်ရပါတယ်။ အန် ဆိုတာ တနင်္ဂနွေ၊ တော ဆိုတာ စနေ၊ ဆိုတာ အင်္ဂါ၊ ရေ ဆိုတာ ရာဟု (ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်း)၊ ဂဗ် ဆိုတာ တနင်္လာ၊ ဘေ ဆိုတာ ကြာသပတေး၊ ဝံ ဆိုတာ ဗုဒ္ဓဟူး၊ သေ ဆိုတာ သောကြာ ဖြစ်ပါတယ်။

(ဆရာကြီး ဦးသာတင့်၏ ပုဂ္ဂလပညတ် အခြေခံဓာတ်ကျမ်းမှ ကောက်နှုတ်တင်ပြပါသည်။)
ဆက်ပါဦးမည်။

4 comments:

ဗေဒါရီ said...

ဂျာနယ်ကျော်မမလေးရဲ့ ဆောင်းပါးတွေထဲမှာ ပုဂ္ဂလပညတ် ဓာတ်ညာအကြောင်း ရေးထားတာ ဖတ်ခဲ့ရဖူးတယ်။ အိုင်ကလောင် ဆရာကြီး ဆရာလှိုင်ဆိုတာလည်း သူ့ဆောင်းပါးကတည်းက ရင်းနှီးနေခဲ့တဲ့ နာမည်ပဲ။
ဂျာနယ်ကျော်မမလေးကိုယ်တိုင် ဒီပညာကိုလေ့လာပြီး အဲဒီပညာနဲ့ ဆေးကုခဲ့တာပဲနော်။

အဲဒီပညာရပ်က တော်တော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဓာတ်ချင်းမတူရင် အစာအစား တမျိုးထဲက လူတယောက်အတွက် ဆေးဖြစ်သလို နောက်တယောက်အတွက် အဆိပ်ဖြစ်စေတယ်ဆိုတာလဲ မှတ်သားခဲ့ရဖူးတယ်။
သူ့စာထဲမှာ ကျွန်မ မှတ်မိနေတာလေးတခုက ကောက်ညှင်းစားရင် လူအများစုက ၀မ်းချုပ်တယ်ဆိုပေမဲ့ ၀န်ကြီးချုပ်ဦးနုကတော့ ၀မ်းသွားတယ် ဆိုတာလေးပါပဲ။

ဓာတ်သဘောတွေက သိပ် ထူးဆန်းတာပဲ။ မအိမ်သူ တကူးတက ဖော်ပြပေးတာ ကျေးဇူးတင်ပါတယ်။

သစ်နက်ဆူး said...

မအိမ်သူ...
ဆေးပညာရှင်၊ကျမ်းပြုသူမဟုတ်ပေမယ့်
အခုလို မြန်မာ့ဆေးပညာတွေကို ပင်ပန်းခံပြီး ရေးသားမျှဝေပေးတာကိုဘဲ ကျေးဇူးတင်ပါတယ်...။
ဓါတ်စာကိုလဲ ကြားဘူးတယ်...
နောက်ဒီနေ့ နာမ်တွေရဲ့ ဓါတ်တွေကိုလဲ အနည်းငယ် လေ့လာဘူးပါတယ်...
မြန်မာ့ဆေးပညာ၊ အဂ္ဂိရတ်ပညာတွေမှာ
ဆုံးမ စကားတစ်ခွန်းမှတ်သားဘူးတယ်
“ ဓါတ်မပိုင်လျှင် ဆေးမကိုင်နဲ့ ” တဲ့ ။
ရှေးသမဇဉ်ဆရာကြီးတွေက လူနာတစ်ယောက်ကို ကြည့်ရင် ဓါတ်ကြီး ၄ပါး မှာ ဘယ်ဓါတ်ငုတ်နေတာလဲဆိုတာ လက်ကောက်ဝတ်ကို စမ်းလိုက်တာနဲ့ သိကြတယ်...။
တစ်ကယ်တန်ဘိုးရှိတဲ့ ပညာပါ...
ဆက်ရေးပါ...အားပေးနေပါတယ်။

Unknown said...

မအိမ်သူရေ... ပုဂ္ဂလပညတ် ဓာတ်ကျမ်းကို ရန်ကုန် ဘယ်နား မှာဝယ်လို့ရနိုင်မလဲ။ ပြောပြပါနော်...

mmtarotlenormand said...

စိတ်ဝင်စားစရာလေးတွေ မျှဝေပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။