Sunday, December 7, 2008

အမည် ပညတ်နှင့် နေဂိုဏ်း လဂိုဏ်း ခွဲခြင်း


က၊ ခ၊ ဂ၊ ဃ၊ င တို့သည် လည်းကောင်း၊ ပ၊ ဖ၊ ဗ၊ ဘ၊ မ တို့သည် လည်းကောင်း ၊ ယ၊ လ၊ တို့သည်လည်းကောင်း ယင်းဗျည်းတို့၏ အသံပါသမျှတို့သည်လည်းကောင်း သောမ ပညတ်များဖြစ်ကြသည်။ လဂိုဏ်း ဖြစ်သည်။
လူ၏အမည်များဖြစ်သော မောင်ကျော်၊ မောင်ဝင်း၊ မောင်မြ၊ မောင်သိန်း စသည်များတွင် အရင်းနာမ်ကိုယူရသည်။ သက်မဲ့ဖြစ်လျှင် အဖျားနာမ်ကို ယူရသည်။
ပုဂ္ဂလပညတ် ဓာတ်ဆရာ၏အလိုအားဖြင့် ရေသတ္တဝါဖြစ်လျှင် အဖျားနာမ်ကိုယူလေ့ရှိသည်။
သံပရာကို ရာဟုနာမ်အဖြစ် ယူသော်လည်း ရှောက်ကို ဓာတ်ဦးခေါင်းချရာ က ကြီးသတ်ကိုယူသောကြောင့် တနင်္လာနာမ်ဖြစ်သွားသည်။ မန်ကျည်းနှင့် ငါးကျည်းတွင်လည်း ဓာတ်ဦးခေါင်းချရာ သတ်ကိုယူသည်။ ထို့ကြောင့် အင်္ဂါနာမ်များဖြစ်သွားသည်။ သို့ရာတွင် အလုံးစုံတွင် သတ်ပုံ၏ ဓာတ်ဦးခေါင်းချရာကိုချည့် လိုက်မယူရကြောင်း သတိပြုသင့်သည်။
သောမ ပညတ်အမည်ရှိသူသည် သောမပညတ်အမည်ရှိသော ဆေးဝါး၊ အစားအစာတို့ကိုသာ စားသောက်ရမည်။ (ဥပမာ- မောင်ကျော်သည် သောမပညတ်အမည်နှင့်ဆုံးသော ကြက်ဝက်ဘဲ၊ ငါးခူ၊ ငါးမြင်း၊ ငါးကြင်း၊ ငါးပြေ၊ ငါးဖယ်၊ ပန်းဂေါ်ဖီ၊ခွားသီး၊ ဘူးသီး၊ ချဉ်ပေါင်၊ ရှောက် စသည့် တို့ဖြစ်သည်။)

စ၊ ဆ၊ ဇ၊ ဈ၊ ည တို့သည်လည်းကောင်း၊ ဋ၊ ဋ္ဌ၊ ဍ၊ ဎ၊ ဏ တို့သည်လည်းကောင်း တ၊ ထ၊ ဒ၊ ဓ၊ န တို့သည်လည်းကောင်း၊ ကောက်သည်လည်းကောင်း၊ သည်လည်းကောင်း ယင်းဗျည်း တို့၏ အသံပါသမျှတို့သည် လည်းကောင်း ပါပ ပညတ်များဖြစ်ကြသည်။ နေဂိုဏ်းဖြစ်သည်။
လူ၏အမည်များဖြစ်သော မောင်အုန်း၊ မောင်ဉာဏ်၊ မောင်ထွန်း၊ မောင်ရွှေ တို့သည် ပါပပညတ် (နေဂိုဏ်း) များဖြစ်သည် ။ ပါပပညတ် ပါသောအမည်ရှိသူသည် ပါပပညတ် အမည်ပါသော ဆေးဝါး၊ အစားအစာတို့ကိုသာ စားသောက်ရမည်။ (ဥပမာ- အောင်း၊ ကုလားအုပ်ဆိတ်နွားထုံး၊ ငါးအိုက်၊ ငါးရံ့၊ ငါးတန်၊ ပုစွန်၊ ဂန့်အိပ်၊ ကန်စွန်း၊ ဟင်းနုနယ်၊ ရွှေဖရုံ စသည့် တို့ဖြစ်သည်။)

မိမိတို့ဂိုဏ်းနှင့် သက်ဆိုင်ရာ အစားအသောက်များကို စားခြင်းသည် နာမ်ဆေးဟု ခေါ်ဆို ခြင်းပင်ဖြစ်သည်။
သောမဂိုဏ်းသားသည် မိမိတို့နှင့် မသင့်သော၊ ပါပပညတ်ပါသော ဆေးဝါး အစာအာဟာရ ဝတ္ထုမှန်သမျှတို့ကို အပြင်မှရှူရန်၊ မှိုင်းနံ့ခံရန်၊ လိမ်းရန်၊ စိမ်ပေးရန်သာလျှင် ပြုလုပ်ရသည်။ ယင်းသို့ပြုလုပ်ခြင်းကို ရုပ်ဆေး ဟုခေါ်သည်။ ပါပဂိုဏ်းသားတို့သည်လည်း ထို့နည်းတူစွာ ပင်ဖြစ်သည်။

ဆရာလှိုင်၏ လက်တွေကုထုံးများ

ကျေးဇူးရှင်ကြီး ဆရာကြီး ဆရာလှိုင်၏ လက်တွေ့ကုသပုံ ကုနည်းများနှင့် အယူအဆများကို စာရေးသူ ကိုယ်တွေ့ကြုံခဲ့ရသမျှ လေ့လာခဲ့ရသမျှထဲမှ ကိုသာပုံအားကုသပုံကို ဖော်ပြလိုပါသည်။
တစ်ချိန်တုန်းက မှော်ဘီခရိုင် ဥက္ကံမြို့အနီး ရွာငယ်တခုတွင် ကိုသာပုံဆိုသူတစ်ယောက်သည် ဖောယောင်သောရောဂါ စွဲကပ်သည်။ အိုမင်းလြှပီဖြစ်သော မြန်မာသမားတော်ကြီး တစ်ယောက်ကို ပင့်ပြီးကုသသည်။ ရောဂါသည် နောက်မဆုတ်ဘဲ တိုး၍တိုး၍လာ သောကြောင့် လူနာရှင်နှင့် သမားတော်ကြီးတို့ တိုင်ပင်ကြသည်။ နောက်ထပ် ဆရာတစ်ယောက် ထပ်မံပင့်ပြီး လက်ရှိဆရာနှင့်လည်း တိုင်ပင်ကုသကြရန်ဖြစ်သည်။ ပထမ ကုနေသည့်ဆရာကလည်း သဘောတူလက်ခံကာ နောက်ထပ် အသက်အရွယ်ကြီးရင်သည့် ဆရာကြီးတယောက်ကို ပင့်ကြသည်။ သမားအိုကြီးနှစ်ယောက် တိုင်ပင်ကုသကြ ပါသော် လည်း လူနာမှာ သက်သာမလာဘဲ ပို၍ပင် ဖောယောင်လာတော့သည်။ ထိုရက်ပိုင်းအတွင်းက အိုင်ကလောင်ဓာတ်ဆရာကြီး ဆရာလှိုင်သည်ဖလုံဘူတာရွာသို့ ရောက်နေခိုက်ဖြစ်သည်။ ထိုသတင်းကို လူနာရှင်ကြားသောကြောင့် မူလဆရာနှစ်ဦးနှင့် တိုင်ပင်ပြန်သည်။ ဆရာလှိုင်၏ သတင်းမှာ အလွန်ကြီးကြောင်း ကုသပုံ ကုသနည်းများကိုလည်း လက်တွေ့ မြင်လိုပါကြောင်းဖြင့် လူနာရှင်ကပြောသည်။ ဆရာများက သဘောတူညီသောကြောင့် ဆရာလှိုင်ကို သွားပင့်သည်။ မူလဆရာနှစ်ဦးကလည်း လူနာထံမှာပင် အသင့်ရှိနေသည်။ လူနာရှင်က ပစ်မထားရန်တောင်းပန်သောကြောင့် လိုအပ်သည်များ အကူအညီပေးရန် နေကြခြင်းဖြစ်သည်။ ဆရာလှိုင်ရောက်သောအခါ တစ်ယေက်က ဆီးပြောသည်။ “ဆရာလှိုင် ရေ လုပ်ပါဦး၊ ကျုပ်တို့နှစ်ယောက်တော့ ဒီရောဂါကို မျက်စိလည်နေပြီ။ ဆရာ့သတင်းကို လည်းကြားလို့ ပင့်ခိုင်းလိုက်တာ ဖြစ်ပါတယ်။ ဦးခေါင်းပိုင်းကစပြီး တကိုယ်လုံးရောင်နေတော့ ကျုပ်တို့အသိနဲ့ ဝိတ္ထမ္ဘီတအနာစွဲပြီး ဝိတ္ထမ္ဘီတ ဆေးတွေနဲ့ကုနေတာ။ကုနေရင်းနဲ့ ပိုပြီးတော့သာ ဖောယောင်လာတော့တယ်။” “ကျုပ်ကတော့ ဝိတ္ထမ္ဘီတ တွေ၊ ဗြူဟနတွေ နားမလည်ပါဘူးဗျာ။ ကိုသာပုံဖောတာ ကိုသာပုံကိုပဲ ကုရမှာပဲ။ ကိုသာပုံဖောနေတာဆိုတော့ ကိုသာပုံနာ မဟုတ်ဘူးလားဗျ” ဟု ဆရာကြီးက ပြုံးလျှက်ပြန်ပြောလိုက်သည်။ စောစောကဆရာကြီး နှစ်ယောက်မှာ ဆရာလှိုင်၏အဖြေကိုကြားရသောအခါ မျက်နှာပျက်သွားကြသည်။ သက်သက်ခွစကားပြောသည်ဟု တီးတိုးဆိုပြီး ဘေးမှ အိမ်တအိမ်သို့ သွားထိုင်နေကြတော့ သည်။
တအောင့်အကြာတွင် လူနာရှင်က ဆရာကြီးကို ထမင်းကျွေးသည်။ ဆရာကြီး ထမင်းစားနေခိုက် လူနာကိုသာပုံသည် ထမင်းဝိုင်းနှင့်မနီးမဝေး အခန်းဝခြေကျော်ပေါက်မှာ စောင်ခြုံထိုင်ရင်း ဆရာကြီး၏မျက်နှာကို လှမ်းကြည့်နေသည်။ လူနာရှင်ကလည်း ဆရာကြီး အနားမှာ ကျုံ့ကျုံ့ထိုင်ရင်း စောင့်နေသည်။ ဆရာကြီးသည်မိမိနှင့်သင့်သော ဟင်းတခွက် တည်းကိုသာ အမြန်ကုန်အောင်ဖိစားလိုက်သည်။ ဟင်းတခွက်ကုန်သောအခါ လူနာရှင်သည် နောက်ထပ်ဟင်းထည့်ပေးရန်အတွက် မီးဖိုချောင်အတွင်းသို့ ဝင်သွားသည်။ ထိုအခိုက် ဆရာကြီးက တို့စရာပန်းကန်ထဲမှ သခွားသီးစိတ် သုံးစိတ်ကိုယူပြီး ကိုသာပုံထံသို့ လှမ်းပစ်ပေးလိုက်သည်။ ကိုသာပုံကလည်း သခွားသီးသုံးစိတ်စလုံးကို ပါးစပ်ထဲထည့်ပြီး တမြုံ့မြုံ့ဝါးနေသည်။ ဆရာကြီးသည် နောက်ထပ်ဟင်းတခွက်ကို အမြန်စားလိုက်ပြန်သည်။ ဟင်းကုန်သွားသောကြောင့် လူနာရှင်က ဟင်းဖြည့်ပေးရန် မီးဖိုချောင်တွင်းသို့ ဝင်သွားပြန် သည်။ ထိုအခိုက်မှာပင် နောက်ထပ်သခွားသီးနှစ်စိတ်ကို ဆရာကြီးက ကိုသာပုံထံသို့ လှမ်းပစ်ပေးလိုက်ပြန်သည်။ ကိုသာပုံကလည်း ရှေးနည်းအတူ စားပြန်သည်။ သခွားသီးငါးစိတ် ကျွေးအပြီိးတွင် ဆရာကြီးလည်း ထမင်းစားပြီးသွား၏။ ထမင်းဝိုင်းမှထကာ စောစောက သမားအိုကြီးနစ်ယောက်ရှိရာသို့ လိုက်သွားပြီး သူတို့နှင့်ပင် စကားတွေဖောင်လောက်အောင် ပြောနေ၏။ ထမင်းအိုးတလုံးချက်ခန့် ကြာသောအခါ လူနာရှင်သည် ဆရာကြီးရှိရာသို့ လိုက်လာသည်။ ကိုသာပုံ ဆီးတွေသွားလိုက်တာ အုန်းမှုတ်ခွက်ကြီးတလုံးတောင် မဆန့်ဘူးဟု ပြောသည်။ ဆရာကြီးကလည်း ယနေ့ညနေ အဖောကျသွားလိမ့်မည်ဟု ပြန်ပြောသည်။ ပြောသည့်အတိုင်းပင် ညနေပိုင်း၌ ကိုသာပုံ အဖောကျသွားတော့သည်။ ရောဂါလုံးဝ ပျောက်ကင်းသည်အထိ ဆရာကြီးကပင် ဆက်လက်ကုသပေးသည်။

ဆက်လက်ဖော်ပြပါဦးမည်။


ဆရာကြီးဦးသာတင့်၏ ပုဂ္ဂလပညတ် အခြေခံဓာတ်ကျမ်းမှ ကူးယူဖော်ပြသည်။

4 comments:

ဗေဒါရီ said...

ဆရာလှိုင်က သခွါးသီးကလေးနဲ့ ကုပေးလိုက်တာပေါ့နော် ... ။
ဒီစာဖတ်နေရင်း ဂျာနယ်ကျော်မမလေး ရေးခဲ့တာတွေ ပြန်အမှတ် ရမိသေးတယ်။ အနာပဆုပ်ကြီးတွေ ပေါက်နေတဲ့သူကို နွားသားစားခိုင်းတာတို့ ... နောက် သူကိုယ်တိုင် ကိုယ်ဝန်ပျက်တော့ ပုခက်စီးရတာတို့ ... ။
ကုနည်းတွေက သိပ် စိတ်ဝင်စားဖို့ ကောင်းတယ် မအိမ်သူ။ ရှေ့ဆက်မှာကို မျှော်နေပါတယ်။

သစ်နက်ဆူး said...

မအိမ်သူရေ
အရမ်းကိုစိတ်ဝင်စားဘို့ ကောင်းလာပြီဗျ...
အလုပ်မအားတဲ့ ကြားက အချိန်ပေးပြီးရေးနေတာကို သိလို့ အားနာနေလို့ ...ဖတ်ရတာ အားမရဘူး....ဒါပေမယ့် ဖြည်းဖြည်းဘဲရေးပါ..
တန်ဘိုးရှိတဲ့ စာတွေကို စောင့်ဖတ်ရမှာပေါ့...။

အိမ်လွမ်းသူ said...

စိတ်ဝင်စားပြီး စောင့်ဖတ်ပေးကြတဲအတွက်ကျေးဇူးတင်ပါတယ် ကိုဆူးသစ်နဲ့ မဗေဒါရီတို့ရေ့....။

Myo Naing said...


ဒီလို တန်ဖိုးရှိတဲ့ စာတွေ တင်ပေးတဲ့အတွက် အလွန်ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ကျန်းမာပြီး အစစအရာရာ အဆင်ပြေပါစေ။ ကောင်းကျိုးလိုအင်ဆန္ဒတွေလည်း ပြည့်ဝပါစေ။