Sunday, December 21, 2008

တိုးတက်ခြင်း၏ နောက်ကွယ်မှာ....

ကျွန်မ ဒီအကြောင်းအရာကို ရေးဖို့ စဉ်းစားနေတာ တော်တော်လေးကြာနေပါပြီ။ ဒါပေမဲ့ အချိန်မရလို့ အခုမှရေးတင်လိုက်ရတာပါ။ တကယ်ဆို ကျွန်မ အခုရောက်ရှိနေတဲ့နေရာဟာ ကမ္ဘာမှာ ခေတ်မီတိုးတက်မှုအရှိဆုံးလို့ ပြောရမဲ့နိုင်ငံမှာပါ။ ရုပ်ပိုင်းဆိုင်ရာတွေ ခေတ်မီ တိုးတက်နေတယ် ဆိုတာကတော့ ငြင်းလို့မရနိုင်ပါဘူး။ ဒါပေမဲ့ သေသေချာချာ လေ့လာ ကြည့်တဲ့အခါ ကောင်းတာတွေတိုးတက်လာတာရှိသလို မကောင်းတာတွေလဲ တိုးတက် နေတာတွေ့ရပါတယ်။ လူတစ်ယောက်မှာ အဓိကအရေးအကြီးဆုံးလို့ သတ်မှတ်ထားတဲ့ ကျန်းမာရေးကိစ္စကို ခေတ်မီတိုးတက်မှုတွေနဲ့ ကျွန်မသိထားသလောက် ယှဉ်ပြချင်ပါတယ်။ ပထမဆုံး အခုကျွန်မလုပ်နေတဲ့အလုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ ခေတ်မီတိုးတက်နေပေမဲ့ လူတွေရဲ့ကျန်းမာရေးဟာ တနေ့တခြား ဆုတ်ယုတ်လာနေတာ တွေ့ရပါတယ်။ ဒါတွေပြောနေလို့ ကျွန်မကို ကျန်းမာရေးသုတေသနပြုနေသူလို့ မထင်လိုက်ပါနဲ့ဦး။ ကျွန်မအခုလုပ်နေတဲ့ အလုပ်နဲ့တော့ ဆက်စပ်နေတာအမှန်ပါ။ ကျွန်မတို့ကုမ္ပဏီ(ကျွန်မက စက်ရုံလို့ခေါ်ရတာကို ပိုကြိုက်တယ်) က ဆေးရုံ(ခွဲစိတ်ခန်း)သုံး အထောက်အကူပြုပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံပါ။

ထုတ်လုပ်တဲ့ပစ္စည်းအမျိုးအစားက ဦးနှောက်၊ နှလုံး သွေးကြောတွေ အဆီပိတ်ပြီး ကျဉ်းနေတာတွေကို ပြန်ချဲ့ပေးတဲ့ အထောက်ကူပြု ကိရိယာတွေ ထုတ်လုပ်တာပါ။ အဲ့ဒါတွေက အမျိုးအစားလေးမျိုးရှိပါတယ်။ အဆီပိတ်တာနဲ့ပတ်သက်လို့ သုံးမျိုးဖြစ်ပြီး၊ သွေးခဲလိုမျိုးပိတ်နေတာကို ထုတ်ယူတာက တမျိုးပါ။ သွေးကြောထဲ အဆီပိတ်နေတဲ့နေရာကို သွေးကြောမကြီးကတဆင့် အရင်းလက်ကိုင်မှာ ကွန်ထရိုးပါတဲ့ ဝါယာကိုသွင်းပြီး သွေးကြော တလျောက် ခလုပ်ကို လိုသလိုထိန်းကိုင်ပြီး ပြုပြင်ရမဲ့နေရာမှာ အဆီအမျိုးအစားကိုလိုက်ပြီး ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ ပျော့နေသေးတဲ့အဆီ အမျိုးအစား ဆိုရင် ပိုက်ခေါင်းပုံစံ ဝါယာလေးကို အဆီတွေကို တွန်းကန်ဖယ်ရှားပေးထားပြီး သွေးကြောကို ချဲ့ပေးထားပါတယ်။ ပိုက်ခေါင်းပုံစံဝါယာလေးက စဝင်သွားတုန်းက သံချောင်းကလေးလို အပိတ်ကလေးဖြစ်ပေမဲ့ အသုံးပြုရမဲ့နေရာမှာသူ့ကိုဖွင့်လိုက်ရင် ဖောင်းကြွပွင့်ထွက်လာတဲ့ သံဇကာပုံစံ ပိုက်ခေါင်းလေးပါ။ နောက်အမျိုးအစားကတော့ နည်းနည်းမာတဲ့ အဆီအမျိုးအစား အတွက်ပါ။ အဲ့ဒါကတော့ ပုံစံနှစ်မျိုးရှိပါတယ်။ ပထမတမျိုးက လွန်ပုံစံမျိုးဝါယာရဲ့အဖျားမှာ ခပ်ကြမ်းကြမ်းဖြစ်အောင် လုပ်ထားပြီိး ဝါယာကို မွှတ်နေအောင်လည်စေပြီး အဆီတွေကို အမှုန်ဖြစ်သွားအောင် လုပ်တဲ့နည်းပါ။ နောက်တခုကတော့ ဝါယာအတွင်းထဲမှာ ဓားခပ်ထက်ထက်လိုမျိုး ထည့်ထားပြီး အဆီတွေကို ခြစ်ယူသွားတဲ့ပုံစံပါ။ နောက်ဆုံး သွေးခဲလိုအရာမျိုး ဆို့နေတာကို ဝါယာအလိမ်လေးကို သွေးခဲထဲနစ်ဝင်စေပြီး ပါသွားတဲ့ပြွန်ထဲကို ဆွဲသွင်းတဲ့နည်းပါ။
ကျွန်မလုပ်ရတာကတော့ သေးငယ်လှတဲ့ ပလက်တီနာမ်ဝါယာပါ။ ပင့်ကူမျှင်လောက်ရှိတဲ့ ပလက်တီနာမ်ကြိုးမျှင်လေးကို ဆံပင်လောက်ရှိတဲ့ ဝါယာလေးတွေလုပ်ရတာပါ။
အခုလို ကမ္ဘာ့စီးပွားရေးပျက်ကပ် ရောက်နေချိန် အခြားစီးပွားရေးလုပ်ငန်းတွေ ဒေဝါလီခံရ၊ အလုပ်သမားတွေ လျှော့ချနေရတဲ့အချိန်မှာ ကျွန်မတို့စက်ရုံက လူသစ်တွေလို၊ အဆောက် အဦးတွေတိုးချဲ့နဲ့ ကျွန်မတို့မှာလည်း အချိန်ပိုတွေဆင်းနေရလို့ နားချိန်တောင်မရှိသလိုဖြစ်နေ ပါတယ်။ ခေတ်မီတိုးတက်နေတဲ့ ခေတ်ကြီးမှာ ရောဂါတွေဘယ်လောက်များနေသလဲဆိုတာ ဒီစက်ရုံက စီးပွားရေးကောင်းနေတာကိုကြည့်ရင် သိသာပါတယ်။
ခေတ်မီစက်ပစ္စည်းတွေနဲ့ ခွဲစိတ်ကုသခံရင်း အခန့်မသင့်ရင် အသက်ပါပါသွားခဲ့တဲ့ ဥပမာတွေ့လည်းတွေ့ခဲ့ရပါတယ်။ မွေးရာပါ နှလုံးသွေးပေါက်ကျယ်နေတဲ့ အမတစ်ယောက်ဟာ အလုပ်ပင်ပင်ပန်းပန်း မလုပ်နိုင်တာကလွဲလို့ တသက်လုံးကျန်းကျန်းမာမာနေလာခဲ့ရာက အသက် ၅၀ကျော်မှ ဒီနိုင်ငံရောက်လာပြီး ခွဲစိတ်ကုသခံလိုက်ရင် အလုပ်လုပ်နိုင်လာမယ် ဆိုတဲ့အတွက် ခွဲစိတ်လိုက်မှ အသက်ပါ ပါသွားခဲ့တာတွေ၊ မျက်လုံးလေးတဖျတ်ဖျတ် ပိတ်လိုက်ဖွင့်လိုက်နဲ့ ဖြစ်နေပြီး အနည်းငယ်လေးကျဉ်းနေတာကလွဲလို့ အားလုံးကျန်းမာနေတဲ့ ၁၁ နှစ်အရွယ်ကလေးတစ်ယောက် ဒီနိုင်ငံမှာ ခွဲစိတ်ကုသခံရင်းနဲ့ ဦးနှောက်ထဲ ပိုးဝင်ပြီး သေဆုံးသွားရတာတွေဟာ ခေတ်မီစက်ကရိယာတွေ၊ နည်းပညာတွေကို မျက်စိစုံမှိတ် ယုံကြည်လက်ခံဖို့ တော်တော်စဉ်းစားစရာဖြစ်လာပါတယ်။ စာရေးဆရာမ ဂျာနယ်ကျော် မမလေးဟာ သမီးခြေထောက်တစ်ဖက်နဲ့ ယောက်ျားရဲ့အသက်ကိုပေးလိုက်ရပြီးမှ မြန်မာ့ ဆေးပညာဘက်ကို လှည့်လာခဲ့ရာက ရေဆုံးရေဖျားလိုက်ပြီး နောက်ဆုံးအချိန် ရောက်နေကြတဲ့ လူနာအများအပြားကို ကယ်တင်နိုင်ခဲ့ပါတယ်။ အကယ်၍သာ အခုချိန်ထိ ဆရာမကြီးရှိဦိးမယ်ဆိုရင် ပညာပေးနည်းပါးမှုကြောင့် မကူးစက်သင့်ဘဲ ကူးစက်ခံနေကြရပြီး ဆေးဝါးလုံလောက်စွာမရကြဘဲ ပစ်ပယ်ခံထားကြရတဲ့ (AIDS) ရောဂါသည် အများအပြားကို အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့ ပုဂ္ဂလပညတ်ဓာတ်ပညာနဲ့ ကယ်တင်လိမ့်မယ်ဆိုတာ ကျွန်မယုံကြည်ထားပါတယ်။
ကျွန်မဒီပုဂ္ဂလပညတ်ဓာတ်ကျမ်းကို ဘလော့မှာရေးတင်နေခြင်းဟာ ဆရာမကြီးရဲ့ စေတနာကို လေးစားသောအားဖြင့် ဒီပညာရပ်တွေ မ ပပျောက်အောင်ရယ် မြန်မာပြည်မှ ဆေးဝါး လုံလောက်စွာမရရှိကြတဲ့ HIV ပိုးကူစက်ခံရတဲ့ (AIDS) ဝေဒနာသည်တွေအတွက် အထောက်အကူရလိုရငြား ရည်ရွယ်၍တင်တာဖြစ်ပြီး မြန်မာပြည်တွင်းမှ ဝေဒနာရှင်များ အနေနဲ့ မြန်မာဆေးဆရာများကို ယုံယုံကြည်ကြည် ရှာဖွေ၊ ကုသကြစေချင်လို့ ဖြစ်ပါတယ်။ ဒါကလည်း အကြောင်းရှိပါတယ်။
လွန်ခဲ့တဲ့ ၅နှစ်ကျော် ၆နှစ်ဝန်းကျင်က မဲဆောက်မြို့ရှိ ဆရာမကြီး ဒေါက်တာစင်သီယာမောင်ရဲ့ ဆေးခန်းမှာ မြန်မာ့ဆေးနဲ့ ဒီရောဂါ ပျောက်ကင်းသွားသူတဦးကို ကျွန်မတွေ့ရှိခဲ့ဖူးပါတယ်။ သွေးလာလျှူတဲ့ စက်ရုံအလုပ်သမား တဦးမှာ (HIV) ပိုးရှိနေတာကို သွေးလျှူတဲ့အချိန်မှ သူသိသွားတာပါ။ အဲ့ဒီလိုသိပြီး နောက်ပိုင်း သိပ်မကြာခင်မှာပဲ သူဟာစိတ်ဖိစီးမှုများပြီး ရောဂါတွေဝင်လာကာ ထင်မှတ်မထား လောက်အောင် ပိန်ချုံးကျသွားပါတယ်။ တဖြည်းဖြည်း ယခင်ရုပ်ကိုပင် မမှတ်မိတော့တဲ့ အထိဖြစ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူ့ကိုမတွေ့ရတော့ပါဘူး။ ကျွန်မတို့လည်း သူသေပြီထင်ပြီး မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့ပါတယ်။ သူ့ကိုခင်မင် ကြပေမဲ့လည်း ဘာမှမကူညီနိုင်ကြပါဘူး။ သတ္တဝါတခု၊ ကံတခုပဲလေ ဆိုပြီး သံဝေဂရနေ ကြပါတယ်။ ဒီရောဂါက ပညာပေးမှုအားနည်းလှတဲ့ မြန်မာပြည်သားတွေအပေါ် အခြေအနေ အမျိုးမျိုးနဲ့ကူးစက်နိုင်တာကြောင့် ဘယ်သူမပြု မိမိမှုဆိုပြီး ပြောလို့လဲမရပါဘူး။ တချို့ဟာ မိမိတို့ကိုယ်တိုင် မဟုတ်မဟတ် လော်မာလို့မဟုတ်ဘဲ ဘုမသိ ဘမသိနဲ့ ကူးစက်ခံသွားရတာ။ အဲ့ဒီလို ကူးစက်ခံရပြီဆိုရင်လည်း ပတ်ဝန်းကျင်က နှာခေါင်းရှုံ့တာခံရပြီး ရှောင်ဖယ်သွား တတ်ကြတော့ ရောဂါသည်တွေက စိတ်အင်အားပါကျဆင်းလာကြပြီး မြန်မြန်ဆန်ဆန် ရောဂါ ဖိစီးခံကြရပါတယ်။ အဲ့ဒီလိုနဲ့ပဲ သေဆုံးတဲ့အထိဖြစ်သွားကြပါတယ်။

ဒါပေမဲ့ ကျွန်မတို့မျက်စေ့အောက်က ပျောက်သွားခဲ့တဲ့ စက်ရုံအလုပ်သမားလေးဟာ ၆လ လောက်ကြာပြီးတဲ့နောက်မှာ ယခင် ကျန်းမာတဲ့ပုံစံအတိုင်း ကျွန်မတို့ရှေ့ကို ပြန်ရောက်လာပါတယ်။ သူ့ကိုသိကြသူအားလုံးဟာ တအံ့တသြဖြစ်ကြရပြီး ဘယ်ကနေဘယ်လို ဒီလို အခြေအနေမျိုးနဲ့ ပြန်ရောက်လာသလဲဆိုတာ ကိုမေးမြန်းကြည့်ကြတဲ့အခါ….
သူဟာ သေလူတယောက်အဖြစ်နဲ့ သူ့ရပ်ရွာကိုပြန်သွားခဲ့ချိန်မှာ မထင်မှတ်ပဲ တောလမ်း တနေရာမှာ ရသေ့လိုဝတ်စားထားတဲ့ ဆရာတယောက်က သူကုသပေးမယ်ဆိုပြီး ကုပေးရာက ပျောက်ကင်းခဲ့တာလို့ ပြောပြခဲ့ပါတယ်။ ဘယ်လိုဆေးတွေနဲ့ ကုပေးခဲ့တာလည်းဆိုတော့ တောထဲက သစ်ဥ၊ သစ်ဖုတွေကို ပြုတ်တိုက်တာကနေ ပျောက်ကင်းခဲ့တာလို့ ပြောပါတယ်။ ဆေးခန်းမှာ သွေးပြန်စစ်တော့လည်း HIV ပိုးကရှိနေသေးပေမဲ့ အခြားဘာရောဂါမှတော့ မရှိတော့တာကို အံ့သြစွာတွေ့ခဲ့ရပါတယ်။ ခုခံအားကျဆင်းတဲ့ပိုးကူးစက်ခံနေရပေမဲ့ မြန်မာ့ဆေးအစွမ်းနဲ့ သူဟာ ရောဂါတွေကို ခံနိုင်ရည်ရှိနေပါတယ်။ သူ့ကိုနမူနာကြည့်ပြီး ဆရာမကြီး ဂျာနယ်ကျော်မမလေးသာ သက်ရှိထင်ရှားရှိနေသေးရင် ဒီရောဂါဝေဒနာသည် တွေကို ပျောက်ကင်းချမ်းသာစေမှာ အသေအချာပဲလို့ ထင်မိပါတယ်။ ဒါကြောင့် ဆရာမကြီးရဲ့ ဆေးပညာ ဆောင်းပါးတွေနဲ့အတူ ဆရာကြီးဦးသာတင့်ရဲ့ ပုဂ္ဂလပညတ် အခြေခံဓာတ်ကျမ်းကို တင်ပြပေးနေခဲ့တာဖြစ်ပါတယ်။ ဒီဆေးပညာကို လေ့လာလိုက်စားခြင်းဖြင့် ရောဂါဝေဒနာများ သက်သာပျောက်ကင်းလိမ့်မယ်လို့လဲ ယုံကြည်ထားပါတယ်။
ဒီယုံကြည်ချက်ကြောင့်ပဲ ပုဂ္ဂပညတ်ဓာတ်ကျမ်းရဲ့ အခြေခံတွေကို အများသိကြရအောင် မျှဝေပေးခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး မျှဝေသွားဖို့အစီအစဉ်တွေလည်းရှိပါသေးတယ်။ ဆရာမကြီးရဲ့ ဆောင်းပါးတွေဟာ ဆေးကုသမှု ပညာရပ်တွေဖြစ်နေတာကြောင့် ဒါတွေကိုလည်း မျှဝေသွားပါဦးမယ်။ ဒါ့အပြင် ဆရာကြီးဦးသာတင့်ရဲ့ အခြေခံဓာတ်ကျမ်းမှ အိုင်ကလောင်ဆရာလှိုင်ရဲ့ ကုသပုံများ၊ ပြုစားပုံများကိုလည်း ဝေဝေဆာဆာ ရေးသားဖော်ပြ သွားပါဦးမယ်။
လာရောက်ဖတ်ရှုသူမိတ်ဆွေများကို
အစဉ်လေးစားလျက်

4 comments:

Anonymous said...

တီတီလွမ်းရေ... နောက်ရေးမယ့်စာတွေ မျှော်နေမယ်နော်.. တီတီပြောသလိုဆို အတော်ထူးဆန်းတဲ့ မြန်မာ့ဆေးပညာပဲ။ ဟိုနေ့က ပညတ်တွေနဲ့ပတ်သက်ပြီးရှင်းပြတော့ လုံးဝနားမလည်ဘူး။ ခုမှနည်းနည်းသဘောပေါက်လာသလိုလို။ ဆက်ပြီးဖတ်ချင်ပါတယ်နော်း)

ဗေဒါရီ said...

မအိမ်သူရေ ..
ကျွန်မလည်း အဲဒီလို စဉ်းစားမိတယ်။ ဂျာနယ်ကျော် မမလေးလိုမျိုး မြန်မာ့ဆေးပညာကို ခေတ်မီနည်းစနစ်နဲ့ ကုသပေးနိုင်မယ့်သူ ရှိရင်ကောင်းမှာလို့ တွေးမိတယ်။ အခု တိုင်းရင်းဆေးပညာရှင်တွေ ရှိပေမဲ့ ကုသပုံက မတူဘူးလေ။ အပူ၊ အအေး ဓာတ်နဲ့ခွဲပြီး ကုသတာမျိုး တွင်တွင်ကျယ်ကျယ် မရှိတော့ဘူး ထင်တာပဲ။ ဒီလို အဖိုးတန်တဲ့ ပညာရပ်ကို မအိမ်သူ ပြန်လည်ဖော်ထုတ် တင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သစ်နက်ဆူး said...

မအိမ်သူ
တော်တော်ပညာယူသင့်တဲ့ စာတွေပါ...
ခေတ်ရဲ့ ဆေးပညာတွေမှာလဲ အားနည်းချက်တွေရှိပါတယ်...
ဒါတွေကို သိပေမယ့် တစ်ချို့ သော သူတွေက
နိုင်ငံခြားဆေးနဲ့ ကုရင် အမြဲတမ်းပိုကောင်းမယ်လို့ ထင်ထားကြတဲ့ အတွက်...
ဒီတိုင်းရင်းဆေးတွေကို တန်ဘိုးထားဖော်ထုတ်ပေးဘို့ လဲ လိုပါတယ်...
အခုနောက်ပိုင်း တော့..
မြန်မာ့တိုင်းရင်းဆေးကိုတော့ ပြန်လည်ဖော်ထုတ်လာကြပါပြီ...။
မအိမ်သူကိုလဲ ကျေးဇူးတင်ပါတယ်...။

mirror said...

နောက်ရေးမယ့်စာတွေကို မျှော်နေမယ်အစ်မရေ..။

စိတ်ကြောင့်ကြေ၊နှုတ်ကြောင့်သေဆိုလား ကြားဖူးတာလေ။တစ်ခါတစ်လေကျတော့ ယုံကြည်မှုတစ်ခုဟာ အရာရာကိုကျော်လွှားနိုင်တယ်လို့ ညီမထင်တယ်။စက်ရုံဝန်ထမ်းလေးလဲ ဒီလိုပဲနေမယ်လို့ ညီမထင်ပါတယ်။ဆေးကြောင့်တင်မက၊ကုတဲ့ ဆေးဆရာရဲ့မေတ္တာအနွေးဓာတ်ကြောင့်လဲ သူကျန်းမာလာတာနေမှာပေါ့
(သိဘူး ဖြန်းကြည့်တာ..အမှားပါရင် မုန့်ဝယ်ကျွေး)

ခင်မင်လျက်