Monday, December 15, 2008

ဗေဒါရီရဲ့အမေးကိုပြန်ဖြေခြင်း

မအိမ်သူရေ ..
အောရိန်းကို လိမ္မော်လို့ ဖတ်ရင် လီမွန်လို န၀င်းကြေတာပဲ မဟုတ်လား။ အဲလိုသာဆို အခေါ်အဝေါ်ပြောင်းတိုင်း ဆေးဘက်ဝင်ပုံတွေ ပြောင်းသွားမလား မသိဘူးနော်။
ရှောက်ချိုသီးကို တချို့က ကမ္ဗလာသီး လို့ ခေါ်တာမျိုး ... ဆိုရင်ရော .. ဘယ်လို အခေါ်ကို မူသေထားပြီး ဆေးကုမလဲ သိချင်လို့ပါ။

ဗေဒါရီ ရဲ့အမေးလေးကို အခြားစိတ်ဝင်စားသူများလည်း သိချင်ကြလိမ့်မယ်လို့ မျှော်လင့်ပြီး ပို့စ်တခုအဖြစ်နဲ့ အားလုံးဖတ်နိုင်အောင် တင်ဖြစ်သွားပါတယ်။
ဆရာကြီးဦးသာတင့်၏ ပုဂ္ဂလပညတ်ဓာတ်ကျမ်းတွင် ပညတ်အကြာင်းကို ဤသို့ရှင်းလင်းထား ပါသည်။

ပညတ်အကြောင်း

ဤနေရာတွင် ပညတ်နှင့်ပတ်သက်သည့်အကြောင်းကို အကျဉ်းမျှရေးသားဖော်ပြပါမည်။ ပညတ်အကြောင်းကို ဖတ်ရန် မှတ်ရန်အချို့ပုဂ္ဂိုလ်များအဖို့ ဝန်လေးကောင်းလေးနေပါ လိမ့်မည်။ ထိုသို့ဖြစ်ဘိမူ ပုဂ္ဂလပညတ်အခြေခခံဓာတ်ကျမ်းနှင့် ပတ်သက်သည်များကိုသာ ရေရေလည်လည် ပတ်ပတ်နပ်နပ် ရှိစေရန်အထူး ဝါယမ စိုက်ထုတ်စေလိုပါသည်။ ပညတ်အကြောင်းအနေဖြင့်မူ အချို့သောပုဂ္ဂိုလ်များအတွက် အကျိုးတစုံတရာရှိသည်ဟု ယူဆမိသောကြောင့် ရေးသားဖော်ပြပါသည်။

နာမပညတ်သည် ဝိဇ္ဇာမာနပညတ်၊ အဝိဇ္ဇာမာနပညတ် ဟူ၍နှစ်ပါးရှိသည်။
၁။ ။ ဝိဇ္ဇာမာနပညတ် သည်ပရမတ္ထအားဖြင့် ထင်ရှားရှိသောသဘာဝဓမ္မကို ခေါ်ဆို ထားခြင်းဖြစ်သည်။ စိတ်၊ စေတသိတ်၊ ဖဿ၊ ဝေဒနာ၊ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော၊ အဘိဉာဏ်၊ ခန္တာ စသည်တို့ဖြစ်သည်။
၂။ ။ အဝိဇ္ဇာမာနပညတ် သည် အဟုတ်တကယ်မရှိ၊ သမုတ်ရုံမျှသာဖြစ်သော ယောက်ျား၊ မိန်းမ၊ လူ၊ နတ်၊ ကျွဲ၊ နွား၊ စသည်တို့ဖြစ်သည်။ ထိုမှတဆင့် ပညတ်တို့ကိုတွဲ၍ ရှာဖွေကြည့်ရှုကြပြန်သည်။
၃။ ။ ဝိဇ္ဇာမာနေန၊ အဝိဇ္ဇာမာနပညတ်။ ၎င်းသည် ရှိနှင့် မရှိတွဲမှုဖြစ်သည်။ ရှိသည် ဆိုသည်မှာ ခြောက်ပါးသော အဘိဉာဏ် ရှိသောပုဂ္ဂိုလ်ဖြစ်သည်။ အဘိဉာဏ်ပုဂ္ဂိုလ်သည် ပရမတ္ထအားဖြင့် ထင်ရှားရှိသည်။
မရှိဆိုသည်ကား ပုဂ္ဂိုလ်ကိုဆိုလို၏။ ပုဂ္ဂိုလ်ဆိုသည်မှာ ပရမတ္ထအားဖြင့် ထင်ရှားမရှိခြေ။
၎။ ။ အဝိဇ္ဇာမာနေန၊ ဝိဇ္ဇာမာနပညတ်။ ၎င်းသည် မရှိနှင့် ရှိကိုတွဲမှုဖြစ်သည်။ ယောက်ျားအသံ၊ မိန်းမအသံ။
မရှိဆိုသည်မှာ ယောက်ျား၊ မိန်းမတို့သည် ပရမတ္ထအားဖြင့်ထင်ရှားမရှိ။
ရှိသည်ဟူသည်ကား အသံသည် ပရမတ္ထအားဖြင့် ထင်ရှားရှိ၏။
၅။ ။ ဝိဇ္ဇာမာနေန၊ ဝိဇ္ဇာမာနပညတ်။ ၎င်းသည် ရှိနှင့်ရှိခြင်းကို တွဲမှုတည်း။ စက္ခုဝိဉာဏ် ဆိုသည်မှာ စက္ခုပသာဒရုပ်ကိုမှီ၍ (ဝိဉာဏ်) သိခြင်းအဓိပ္ပါယ်ရ၏။ ပထမစကားနှင့် ဒုတိယစကား နှစ်ပါးစလုံးပင် ပရမတ္ထအားဖြင့် ထင်ရှားရှိ၏။
၆။ ။ အဝိဇ္ဇာမာနေန- အဝိဇ္ဇာမာနပညတ်။ ၎င်းသည် မရှိနှင့် မရှိကို တွဲမှုတည်း။ ရာဇပုတ္တ ဆိုရာတွင် ရာဇာဟူသောမင်းသည် ပရမတ္ထအားဖြင့် ထင်ရားမရှိ၊ ပုတ္တဟူသော သားသည် လည်း ပရမတ္ထအားဖြင့် ထင်ရှားမရှိ။
မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် ပညတ်ခြောက်ပါးနှင့် ပတ်သက်၍လူတို့သည် အမြင်မှာပင် ရပ်တန့်မနေကြဘဲ ပညတ်ကိုကျော်လွန်၍ ပရမတ္ထသဘာဝကို ပညာမျက်စိဖြင့် မျှော်ရှုရန်အရေးကြီးသည်။ မြတ်စွာဘုရားကိုယ်တော်တိုင်ကလည်း ထိုအဖြစ်ကိုသာလျှင် အလိုရှိတော်မူသည်။
လောကီ၊ လောကုတ် ဟုတ်နှင့် မဟုတ်မှစ၍ ခေါ်ဝေါ်သမုတ်ကြလေသမျှ အနန္တဝေါဟာရ ပညတ်တို့ကို သိအပ်၊ သိသင့် ၊ မှတ်အပ်၊ မှတ်သင့်လှပေသည်။
ကပ်ဦးအစ အခါကာလတုန်းကပင် ဗြဟ္မာမင်းတို့သည် ပညတ်အရင်းအစဖြစ်သည်။ ထို့ကြောင့်လည်း လောကဘုံပုဂ္ဂိုလ်တို့နှင့် ပရမတ္ထသဘာဝတို့ကို ဗုဒ္ဓမြတ်စွာ စိန္တေယျာက ပြတ်သားစွာဟောတော်မူခဲ့ခြင်းဖြစ်သည်။ လူသားအပေါင်းတို့က မိမိတို့သဘာဝအလျှောက် ခေါ်ဝေါ်နေကြခြင်းကို ပညတ်ဟုဆိုကြသည်။ တနည်းအားဖြင့် အခြေခံအကြောင်းအချက် လုံလောက်စွာပြ၍ ခေါ်ဝေါ်ခြင်းကို ပညတ်ဟုဆိုသည်။ ထို့ကြောင့် ပညတ်ဆိုသည်မှာ ဝေါဟာရအားဖြင့် လူတို့ခေါ်ဝေါ်နေကြသည့် အမည်နာမ၊ အသုံးအနှုန်း စသည်များဖြစ်၏။

ပုဂ္ဂလပညတ်ပါဠိတော်မြန်မာပြန်တွင် ပုဂ္ဂိုလ်ကိုသိစေခြင်းအားဖြင့် ပညတ် (၂၀၉) မျိုးကို အကျဉ်းအားဖြင့် ပြလေသည်။ သို့သော်လည်း ယခုပုဂ္ဂလပညတ်ဓာတ်ကျမ်းအနေဖြင့်မူ (၁) အသိလွယ်ခြင်း၊ (၂) အများသုံးဖြစ်ခြင်း၊ (၃) အသင့်လျော်ဆုံးဖြစ်ခြင်းတို့ကိုသာ အကျဉ်းရုံးပြီး ဖော်ပြပါမည်။
၁။ ။ ဒိသာပညတ်။ လောက၌ အရှေ့အရပ်၊ အနောက်အရပ်၊ တောင်အရပ်၊ မြောက်အရပ်၊ အောက်အရပ်၊ အထက်အရပ် စသည်ဖြင့်ခေါ်ဝေါ်ပညတ်ခြင်းကို ဒိသာပညတ်ဟုခေါ်သည်။ အရှေ့အရပ်၊ အနောက်အရပ် စသည်ဖြင့် ခေါ်ဝေါ်နေခြင်းများမှာ သိမှတ်လွယ်ရန် သတ်မှတ်ထားသည့် ပညတ်များသာဖြစ်သည်။
၂။ ။ ဒိဝသပညတ်။ ဒိဝသပညတ်ဟူသည်မှာ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ စသော နေ့ (၇)နေ့တို့ကို ခေါ်ဆိုခြင်းဖြစ်သည်။
၃။ ။ သမယပညတ်။ နံနက်အခါ၊ မွန်းတည့်အခါ၊ မွန်းလွဲအခါ၊ ညနေချမ်းအခါ အစရှိသည်များဖြစ်သည်။
၎။ ။ မာသပညတ်။ တန်ခူး၊ ကဆုန်၊ နယုန်၊ ဝါဆို၊ဝါခေါင် စသော (၁၂) လ၏ အမည်များ သတ်မှတ်ခေါ်ဝေါ်ခြင်းသည် မာသပညတ်မည်သည်။
၅။ ။ သံဝစ္ဆရပညတ်။ ကောဇာသက္ကရာဇ် တစ်မှစပြီး ရှေ့သို့ရောက်သမျှ ကောဇာ သက္ကရာဇ်တို့ကို ခေါ်ဝေါ်ခြင်းဖြစ်သည်။
၆။ ။ အာကာသပညတ်။ ကောင်းကင် ဟာလာဟင်းလင်းပြင်ကို သတ်မှတ်ခေါ်ဝေါ်ခြင်း အားဖြင့် အာကာသပညတ်ဟုခေါ်သည်။
၇။ ။ ပါဠိပညတ်။ ပါဠိဘာသာဖြင့် ခေါ်ဝေါ်သတ်မှတ်ခြင်းများဖြစ်သည်။
၈။ ။ မြန်မာပညတ်။ မြန်မာဘာသာဖြင့် ခေါ်ဝေါ်သမျှကို ဆိုလိုသည်။
၉-၁၀။ ။ အဝိဇ္ဇာမာနပညတ်၊ ဝိဇ္ဇာမာနပညတ်။ ဝေါဟာရ အမည်နာမများကို ခေါ်ဆို ခြင်းဖြစ်သည်။
၁၁။ ။ အက္ခရာပညတ်၊ ဗျည်းပညတ်။ က-အစ၊ အ-အဆုံး(၃၃)လုံးသော ဗျည်း အက္ခရာများကို ခေါ်ဆိုခြင်းဖြစ်သည်။
၁၂။ ။ သရပညတ်။ အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ သြ ရှစ်လုံးသော သရများကို ခေါ်ဆိုသည်။
၁၃။ ။ ဝဏ္ဏပညတ်။ (၃၃) လုံးသော ဗျည်းအက္ခရာ၊ (၈) လုံးသောသရ၊ ပေါင်း (၄၁) လုံးသော ဝဏ္ဏအက္ခရာများအဖြစ် သတ်မှတ်ခေါ်ဆိုခြင်းသည် ဝဏ္ဏပညတ်ဖြစ်သည်။
၁၄။ ။ သင်္ချာနိယာမ ပညတ်။ ၁- အစ ၉- အဆုံး တို့ကို၎င်း၊ ပေါင်းခြင်း၊ နှုတ်ခြင်း၊ မြှောက်ခြင်း၊ စားခြင်း သိန်းသောင်းသော သင်္ချာတို့ကို၎င်း သင်္ချာနှင့်စပ်ဆိုင်သမျှကို သတ်မှတ်ခေါ်ဝေါ်ခြင်းဖြစ်သည်။

ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှ သန်းခေါင်တိုင်လျှင် ရာဟုဟူ၍၎င်း၊ တနင်္လာနေ့မွန်းလွဲလျှင် ကိတ် ဟူ၍၎င်း၊ ကြာသပတေး မွန်းလွဲလျှင် မိတ္တု ဟူ၍၎င်း ဣန္ဒာစရိယ ဆရာကပြသည်။ ယင်းတို့သည်လည်း ပညတ်များသာဖြစ်သည်။
တနင်္ဂနွေအစ၊ မိတ္တု-၁၀၊ ကိတ်မှာ-၉၊ ရာဟုမှာ-၈ ဂဏန်း အခန်းခန်းပြသောနေ့ရှစ်နေ့တို့၏ ဂြိုဟ်သက်ပေါင်းသော် ၁၀၈-နဝင်းရ၏။ တြင်းကြေ၊ နဝင်းကြေ၊ သတ္တဗီသကြေသည်။ ၎င်းတို့သည်လည်း နိယာမပညတ်များသာဖြစ်သည်။ ပညတ်စကားတို့၌ ဓာတ်တို့သည်လည်း ရှိကုန်၏။ ပညတ် ပရမတ် ဓာတ် ဖြစ်စေတတ်သောကြောင့် ဟောတော်မူသော ပုဂ္ဂလပညတ်ကိုစွဲကာ အသီးသီးသောဆရာတို့သည် ဓာတ်ပညတ်များကိုသာဆိုကြသည်။ ပုဂ္ဂလပညတ်ကျမ်း၌ ဓာတ်လေးပါးဟု ခေါ်ဝေါ်သမုတ်အပ်သော အမည်ပညတ်တို့ကို ဓာတုပညတ္တိယော ဟူ၍၎င်း။
ရူပက္ခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ စသောအမည်ပညတ်တို့ကို ခန္ဓာပညတ္တိယော ဟူ၍၎င်း။
ကိုယ်ဟူသော (၃၂) ပါးသော ကောဋ္ဌာသပညတ်တို့ကို ကာယပညတ္တိယော ဟူ၍၎င်း။
စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှာယတန၊ ကာယာယတန၊ မနာယတန၊ ရူပါယတန၊ သဒ္ဒါယတန၊ ဂန္ဓာယတန၊ ရသာယတန၊ ဖောဋ္ဌဗ္ဗာယတန၊ ဓမ္မာယတန ဟုခေါ်အပ်သော အာယတန (၁၂) ပါးတို့ကို အာယတနပညတ္တိယော ဟူ၍၎င်း။ နာမ်ဟူသောပညတ်တို့ကို နာမပညတ္တိယော ဟူ၍၎င်း လောကတွင်ရှိသည့်ပညတ်တို့ကို သိမှတ်ထားအပ်ပေသည်။

ကျမ်းရင်းလင်္ကာ အပိုဒ် (၁၉) တွင် ပညတ်ပေါ်၍၊ နာမ်ပေါ်သစ်ပင်၊ ဆေးဖက်ဝင်ဟူ၍၎င်း။ ဓာတ်တူနာမ်တူ၊ ဆေးကိုယူဟူ၍၎င်း။ စားသမျှအစာမှန်သမျှတို့သည် အစာလည်းဆေး၊ ဆေးလည်းအစာဟူ၍၎င်း ဖော်ပြပါရှိသည်။ ပညတ်ကို၎င်း၊ နာမ်ကို၎င်း သိမည်ဆိုလျှင် သစ်ပင်တို့ပင်လျှင် ဆေးဖက်ဝင်ကြသည်။ ဆေးအဖြစ်အသုံးချနိုင်သည်။ တည့်သည့်အစာကို ရွေးချယ်စားသောက်နိုင်လျှင် အစာသည်လည်းဆေးဖြစ်သည်။ သောမပညတ်ပါရှိသော သူတို့သည် သောမပညတ်ပါသော အစားအစာများကို၎င်း၊ ပါပပညတ်ပါရှိသူတို့သည် ပါပပညတ်ပါသော အစားအစာတို့ကို၎င်း စာသောက်တတ်ရန်လိုသည်။
မိမိနှင့် သိကျွမ်းသူတစုထဲ “မောင်အေး ခဏလာပါ” ဟုခေါ်လျှင် မောင်အေးသာ လာရမည်။ ထို့ကြောင့် ပညတ်ရှိရာ ဓာတ်သက်ပါဟု ဆိုခြင်းဖြစ်သည်။ အခြေခံကိုလေ့လာပြီးသူအနေဖြင့် မောက်အေးအမည်ကို ကြားရုံမျှဖြင့် အက္ခရာအားဖြင့် အ၊ သင်္ချာအားဖြင့် (၁)၊ နာမ်အားဖြင့် ဂဠုန်၊ ဂြိုဟ်အားဖြင့် ပါပဂြိုဟ်၊ ပိဋကတ်အားဖြင့် တေဇော၊ ပညတ်အားဖြင့် မီးခဲ တေဇောဓာတ်ဖို၊ ဓာတ်အားဖြင့်မီး၊ ဓာတ်ရန်အားဖြင့် ဗုဒ္ဓဟူး စသည်ဖြင့် သိနိုင်ပေလိမ့်မည်။

အထက်ပါ အကြောင်းအရာများကို ဖတ်ရှုပြီ်း ပညတ်ရှိရာ ဓာတ်သက်ပါ ဆိုသည့်အတိုင်း မိမိနေထိုင်သည့်ဝန်းကျင်တွင် ခေါ်တွင်လူသိများကြသည့် အခေါ်အဝေါ်ပညတ်တွင် ဓာတ်သက်ကြောင်း သိသာနိုင်ပါတယ်။ ဥပမာ သံပရာကို လီမွန်ဟု လူများစု ခေါ်ဝေါ်ကြသည့် ဝန်းကျင်တွင် လီိမွန်အဖြစ်ဓာတ်သက်ပြီး သံပရာဟု လူသိများကြသည့်နေရာတွင် သံပရာအပေါ် ဓာတ်သက်ပါတယ်။ ရှောက်ချိုသီးနှင့် ကမ္ဗလာသီး တို့တွင်လည်း ထိုနည်းအတိုင်းပင် အများစုခေါ်တွင်ကြသည့်အပေါ် ဓာတ်သက်မည်ဟုထင်ပါတယ်။
ဆရာကြီးဦးသာတင့်၏ ပုဂ္ဂလပညတ်ကျမ်းတွင်တော့ ကမ္ဗလာသီးရော ရှောက်ချိုသီး၏ သတ္တိများကိုပါ ရေးသားထားတာကို ဖော်ပြလိုက်ပါတယ်။
ကမ္ဗလာသီး။ ။ အဆင်းအသံကောင်း၏။ အားကိုဖြစ်စေ၏။ ဝမ်းမီးတောက်စေ၏။ သုက်သွေး၊ သလိပ်ပွားစေ၏။ သွေးကိုသုတ်သင်တတ်၏။ လေ သည်းခြေကိုနိုင်၏။ ပိန်ကြုံသောရောဂါ၊ သုက်အားနည်းရောဂါ၊ လည်ပင်းရောဂါ၊ အဆိပ်သင့်၊ ရေငတ်၊ ပင်ပန်းသောရောဂါများကို ချမ်းသာစေ၏။
ရှောက်သီး(အချို) ။ ။ ရှောက်သီးအချိုသည် နှုတ်မြိန်ခြင်း၊ သုက်ပွားခြင်းကိုပြု၏။ ကြေကျက်ခဲ၏။ ပူခြင်း၊ သွေးဖောက်ပြန်ခြင်းတို့ကို ပယ်ဖျက်တတ်၏။ သလိပ်ကြွစေ၏။ လေ၊ သည်းခြေ၊ ဒေါသကိုနိုင်သည်။ ၎င်းပြင် ဝမ်းချုပ်၊ ပန်းနာ၊ ချောင်းဆိုး၊ ခယရုပ်(ဘာရောဂါဆိုတာ ကျွန်မမသိပါ)၊ ကြို့ထိုး၊ နှုတ်မမြိန်၊ ရေငတ်၊ အော့အန်ရောဂါတို့ကို ပျောက်ကင်းစေသည်။
ရှောက်သီးမှာ (တောရှောက်၊ တောင်ရှောက်၊ ရှောက်နု၊ ရှောက်ပန်းသီး) ဟူ၍လည်းပါရှိပါ သေးတယ်။
ဗေဒါရီနေတဲ့နေရပ်မှာ လိမ္မော်သီးကို လူအများက လိမ္မော်သီးအဖြစ်အခေါ်များရင် လိမ္မော်သီးအပေါ် ဓာတ်သက်ပါတယ်။ နဝင်းကြေလင်္ကာမှာ အရိုင်း ခေါင်သောက်၊ လူမိုက် စိတ်တို ဆိုပြီးရှိတဲ့အတွက်၊ လူ+မိုက် ဟာ လိမ်+ မော် ဖြစ်လို့ နဝင်းကြေပါတယ်။ လိမ်(ဗုဒ္ဓဟူး ဂြိုဟ်သက် ၁၇ နှစ်)၊ မော်( ကြာသပတေး ဂြိုဟ်သက် ၁၉ နှစ်) (၁၇+၁၉) (၃၆) (၃+၆) (၉) ဖြစ်ပါတယ်။ အခြားဟာတွေကိုလည်း မိမိဒေသအခေါ်ပေါ်မူတည်ပြီး အပေါ်ကလင်္ကာနဲ့ ညှိပြီး နဝင်းကြေ၊ မကြေ တွက်ချက်နိုင်ပါတယ်။ ပုဂ္ဂလပညတ်နည်းတွင် အမည်နာမပညတ်ထားမှု အပေါ်မှာမူတည်၍ ဆေးကုသကြတာဖြစ်ပါတယ်။ လူနာကို ဘယ်နေ့နာမ်၊ အသက် ဘယ်လောက် စသည်ဖြင့်မေးမြန်းပြီးကုသတာမဟုတ်ဘဲ၊ ဥပမာ ကိုသာပုံနေမကောင်းရင် ကိုသာပုံကိုသာကုသမှာဖြစ်ပါတယ်။ ကိုသာပုံရဲ့ ပညတ်ကိုယူပြီး ကိုသာပုံနဲ့ ဓာတ်သက်မဲ့ အရာကို ဆေးအဖြစ်ကုသတာဖြစ်ပါတယ်။ ကိုသာပုံ(သောမပညတ်)ကို သခွားသီး (သောမပညတ်) ကျွေးပြီး ကုသခဲ့တာဖြစ်ပါတယ်။
ဗေဒါရီရဲ့အမေးကို ယခုလောက်ပြန်ဖြေပေးတာကို ကြေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မရဲ့အဖြေဟာ အလုံးစုံပြည်စုံချင်မှ ပြည့်စုံပါလိမ့်မယ်။ ကျွန်မလေ့လာထားတဲ့ သိသလောက်အနည်းငယ်ထဲမှ ပြန်မျှဝေတဲ့သဘောသာဖြစ်ပါတယ်။ ကျွန်မလဲ လေ့လာနေသူ တဦးအဆင့်သာ ရှိပါသေးတယ်။ အခုလိုစိတ်ဝင်တစား မေးမြန်းတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ နောင်လည်း အခုလို ပြန်လှန်ဆွေးနွေးကြခြင်းများကို မျှော်လင့်နေ ပါတယ်။ ကျွန်မမသိသေးတဲ့အကြောင်းအရာများကိုလည်း ထောက်ပြညွှန်ကြားပေးကြဖို့ မေတ္တရပ်ခံပါရစေ။
ရွှင်လန်းချမ်းမြေ့ကြပါစေ။

4 comments:

ဗေဒါရီ said...

မအိမ်သူရေ ...
ကျွန်မရဲ့ အမေးကို ခုလို စုံစုံလင်လင် ဖြေကြားပေးတဲ့အတွက် သိပ်ကို ကျေးဇူးတင်ပါတယ်။ စိတ်ထဲ ဘ၀င်မကျတာလေးလည်း ရှင်းသွားသလို မသိသေးတာတွေလည်း အများအပြား သိလိုက်ရပါတယ်။
ပညတ်ရှိရာ ဓာတ်သက်ပါ ဆိုတဲ့ စကားဆို သုံးနေကျ ကြားနေကျပေမယ့် ဘာအဓိပ္ပါယ် ဆိုတာ မသိခဲ့ဘူး။ ခုမှ သဘောပေါက် တော့တယ်။
မအိမ်သူရဲ့ စေတနာနဲ့ ၀ါယမ စိုက်ထုတ်ခြင်းအပေါ် အထူးလေးစားစွာ ကျေးဇူးတင်ပါကြောင်း ထပ်လောင်း ပြောပါရစေရှင်။

ဒူကဘာ said...

သိသလောက်လေး ဝင်ရော ဖေါဦးမှ...မော်နာလို့ ခေါ်တဲ့ ပါးချိတ်ရောင်တာကို မှင်သုတ်တာနဲ့ ပျောက်ရော..ဒါလဲ ပညတ်၊ ဓါတ်သက်တို့ လားရာ ကက်ကင်း ရိုက်တယ်လို့ ဆိုကြတယ်...မအိမ်လွမ်းသူ ဒီမို ရအောင် ကက်ကင်းရိုက် ဝါယမ စိုက်ပေး..မရဖူး ...အခုပဲ လုပ်ပေး.. လုပ်ပေးဖူးလား? အော်...လိုက်မှာနော် ... ဟော့ဒီက ...ပဲပြုတ်!

Anonymous said...

တစ်ခါမှမကြားဖူးတာတွေ အများကြီးသိလိုက်ရပါတယ်။ ဒီပို့စ်လေးကိုလည်း သိမ်းထားလိုက်ပါတယ်။ ကိတ်၊ မိတ္တု၊ ဣန္ဒာစရိယဆိုတာတွေ ခုမှပဲသိတာပါး)
ကျေးဇူးတင်ပါတယ် မအိမ်လွမ်းသူ။

Unknown said...

ကောင်းလိုက်တာ မအိမ်သူရေ ပုဂ္ဂလပညတ်ကို လူတိုင်းနာလည်သင့်တယ် ဗျ ဆက် ရေးပါ နော