Monday, December 8, 2008

လင်္ကာများ... ဆရာကြီးဦးသာတင့်

ဂြိုဟ်ရှစ်ခွင်တို့ကို ပိုင်းခြားဝေဖန်ပြီး ဂြိုဟ်ခွင်၏ ဂြိုဟ်သက်ကိုလည်းကောင်း၊ ဂြိုဟ်ခွင်၏ အရုပ်ကိုသော်လည်းကောင်း၊ ဂြိုဟ်ခွင်၏ တည်ရာအရပ်ကိုလည်းကောင်း ဖော်ပြထားသော လင်္ကာကို တင်ပြလိုက်ပါသည်။

၁။ တနင်္ဂနွေဂဠုန်၊ ခြောက်နှစ်ကြုံ၊ နေတုံအရှေ့မြောက်။
၂။ တနင်္လာကျား၊ တစ်ဆယ့်ငါး၊ နေငြားအရှေ့ရပ်။
၃။ အင်္ဂါခြင်္သေ့၊ ရှေ့တောင်ကွေ့၊ မရွေ့ရှစ်နှစ်မျှ။
၎။ ဗုဒ္ဓဟူးဆင်၊ တောင်ရပ်ခွင်၊ နေချင် တစ်ဆယ့်ခွန်။
၅။ စနေနဂါး၊ နောက်တောင်ပါး၊ နေငြားတစ်ဆယ်ပ။
၆။ ကြာသပတေးကြွက်၊ အနောက်ဘက်၊ နေလျက်တဆယ့်ကိုး။
၇။ ဟိုင်းမင်းစစ်စစ်၊ တစ်ဆယ့်နှစ်၊ နေလစ်နောက်မြောက်သာ။။
၈။ ပူးမင်းမှန်လစ်၊ နှစ်ဆယ့်တစ်၊ နေလစ်မြောက်ရပ်သာ။

ဤလင်္ကာမှ ဂြိုဟ်ရှစ်ခွင်တို့၏ ဂြိုဟ်သက်တို့ကို မှတ်သားနိုင်သည်။

အောက်ပါလင်္ကာများကို မှတ်သားထားခြင်းဖြင့်လည်း ပုဂ္ဂလပညတ်ကျမ်းအတွက် အသုံးဝင် ပါသည်။

၁။ အောင်ပကုလားဆွေသားတော်ရင်း၊ မိတ်ဖက်ခြင်း။
အောင်ပကုလား၊ ဆွေသားတော်ရိပ်၊ အပြင်မိတ်။
အောင် (တနင်္ဂနွေ)။ ပ (ကြာသပတေး)
ကု (တနင်္လာ)၊ လား (ဗုဒ္ဓဟူး)
ဆွေ (အင်္ဂါ)၊ သား (သေကြာ)
တော် (စနေ)၊ ရင်း(ရာဟု) စသည့်ဖြင့် နေ့များကောက်ယူပြီး ရန်ဖက် မိတ်ဖက်သိနိုင်ရမည်။ အောက်ပါလင်္ကာများတွင် လည်း ထိုနည်းအတိုင်းကောက်ယူရမည်။

၂။ ဥသာစိန်ပန်းဒါန်းလှကိုရှာ၊ မိတ်ဖက်ပါ။
ဥသာစိန်ပန်း၊ ဒန်းလှကိုရှာ၊ ပြင်မိတ်ပါ။

၃။ အန္တောဂဗ္ဘေ္ဘ၊ စရေဝံသေ ဓာတ်ဖက်ပေ။
အန္တောဂဗ္ဘေ၊ စရေဝံသေ အတွင်းဆွေ။

၎။ ဓမ္မာသောကအင်းဝရာဇာ၊ အသက်မရှည်ရာ။
(ဝါ) အိမ်ထောက်ဖက် အသက်မရှည်ရာ။
ဓမ္မာသောက၊ အင်းဝရာဇာ၊ တွင်းရန်သာ။

၅။ ဥဝေစံကူးရေဘူးတောသူ၊ ဓာတ်ရန်သူ။
ဥဝေစံကူး၊ ရေဘူးတောသူ၊ ပြင်ရန်သူ။

၆။ ဥညိုခေမာသုတဝေရီ ရန်စီစီ။
ဥညိုခေမာ၊ သုတဝေရီ ပြင်ရန်မည်။

၇။ အရိုင်းခေါင်သောက်လူမိုက်စိတ်တို
(အရိုင်း၊ စိတ်တို) (လူမိုက်၊ ခေါင်သောက်)
ပါပဂြိုဟ် နဝင်းကြေဓာတ်နှင့် သောမဂြိုဟ်နဝင်းကြေဓာတ်။

ဆရာလှိုင်မှာ ကိုသာပုံကို သခွားသီးကျွေး၍ကုသခဲ့ရာတွင် သခွားသီးတမျိုးတည်းနှင့်ပင် ခေါင်သောက် (တနင်္လာ ဂြိုဟ်သက် ၁၅နှစ်၊ သောကြာ ဂြိုဟ်သက် ၂၁နှစ်ကိုပေါင်းလျှင် ၃၆ ရပြီး ၃နှင့် ၆ ကို ပေါင်းသော် ရ၍ နဝင်းကြေဓာတ်ဟု သတ်မှတ်သည်။) ဟူသောနဝင်းကြေလျက် ရှိသည်ကို သတိပြုသင့်သည်။ ဓာတ်ဆရာတို့က နဝင်းကြေလျှင် ဆေးဟု ဆိုစမှတ်ပြုကြသည်။

(သခွားသီးမှာ၊ သန္တာပဟု၊ ပြင်းစွာအပူ၊ ဝှန်ဆူကဲလျှံ၊ ပိတ္တံတစ်ရပ်၊ ဥဏှယပေ၊ တေဇောဓာတ်ကြောင့်၊ မဖြောင့်ယွင်းပါး၊ ပျားသော်တဝ၊ ကရိဿမုတ္တံ၊ ဆုရန်တစိ၊ ကျင်ကြီးကျင်ငယ်၊ အသွယ်သွယ်မှာ၊ နာရောဂါကို ပယ်ခွာစေတတ်)
ရသဓာတု
သခွားသီး(စာ)။ ။ စာလေးသခွားအစေ့မှာ ပြုတ်သောက်က ချွေးထွက်စေသည်။ အမြစ်မှာ ပြုတ်သောက်သော် လေရောဂါကို ပျောက်ကင်းစေသည်။ အမြစ်မှာ သွားနာ၊ သွားကိုက်ခြင်း၌ ကောင်းသည်။
သခွားသီး(ကုလား)။ ။ ကုလားသခွားသီးသည် အသီးစိမ်းမှာခြောက်ထပ်စေ၏။ ချုပ်စေ၏။ ကြေကျက်ခဲသည်။ နှုတ်မြိန်စေ၏။ သည်းချေကို ပယ်ဖျက်တတ်၏။ လေဖျားကိုဖြစ်စေသည်။ အပူကို ငြိမ်းစေသည်။ အမှည့်သည် ဝမ်းမီးတောက်စေသည်။ သည်းခြေကိုတိုးပွားစေသည်။ ဒေါသသုံးပါးကိုနိုင်သည်။ ထိုမှတပါး အစိမ်းသည်တွေဝေခြင်း၊ ဆီးအောင့်၊ သွေးအန်၊ သွေးကျ၊ ဖောက်ပြန်သောရောဂါ။ အမှည့်သည် ရေငတ်၊ အပူရောဂါ၊ ပင်ပန်းခြင်းတို့ကို ပျောက်ကင်းစေ၏။
သခွားမ (မွှေးပွင့်)။ ။ ဒေါသသုံးပါးကို ဖြစ်ပွားစေ၏။ ဝမ်းမီးညံ့စေသည်။ အသီးစိမ်းသည် ခြောက်ထပ်စေသည်။ ကြေကျက်ခဲသည်။ အူတို့ကို တွန့်ရှုံ့စေတတ်သည်။ အသီးမှည့်သည် သည်းချေကို ဖြစ်ပွားစေသည်။

ဆရာကြီးဦးသာတင့်၏ ပုဂ္ဂလပညတ် ဓာတ်ကျမ်းမှ ကူးယူဖော်ပြပါသည်။

3 comments:

သစ်နက်ဆူး said...

မအိမ်သူရေ....
အမေရိကန်မှာဘဲ မြန်မာဆေးခန်းဖွင့်လို့ တောင်ရနေပြီဗျ...
လေးစားတယ်ဗျာ...
နေထိုင်နေတဲ့ ခေတ်အမှီဆုံး နိုင်ငံကနေပြီး ကိုယ့်ရိုးရာ ဆေးပညာကို တန်ဘိုးထားဖော်ပြပေးနေတာ...
ကျေးဇူးတင်တယ်ဗျာ...။

ဗေဒါရီ said...

စာလေး သခွါးဆိုတာနဲ့ ကုလားသခွါးဆိုတာတော့ မသိဘူး။ အဲဒါ ရိုးရိုး သခွါးသီးနဲ့ တူတူပဲလား။ သုတ်စားတဲ့ အကြီးစား သခွါးသီးကိုရော ဘယ်လို ခေါ်လဲမသိဘူး။ ကျွန်မကတော့ အားလုံး သခွါးသီးချည်း ခေါ်လိုက်တာပဲ။
သခွါးမ သီးကတော့ ဖျော်ရည်ဖျော်သောက်တဲ့ သခွါးမွှေးဆိုတာ သိတယ်။ သခွါးသီးက အအေးစာလို့ ပြောကြတယ်နော်။ သခွါးသီးက န၀င်းကြေတယ်ဆိုတော့ ကျွန်မ သခွါးသီး ကြိုက်တာနဲ့ အတော်ပဲ။

အိမ်လွမ်းသူ said...

စာလေးသခွားဆိုတာ သခွားသီးအလုံးအသေးစားကိုပြောတာ့ပါ။ ကုလားသခွားသီးဆိုတာကတော့ သုတ်စားတဲ့သခွားသီးပဲဖြစ်မယ်ထင်တယ်။ အစိမ်းရော အမှည့်ရော စားတယ်ဆိုတော့လေ။ ကျမလည်း တချို့ဟာတွေသိပ်မသိဘူး။ စာအုပ်ထဲကအတိုင်း ရေးကူထားတာ ဗေဒါရီရေ..
ကိုဆူးသစ်ရေ့.. ဆေးခန်းဖွင့်ဖို့အထိဆို အနှစ်၂၀လောက် လေ့လာရဦးမယ်ထင်တယ်။