Saturday, December 27, 2008

အိပ်မရတဲ့ညနဲ့ သမီးပေးတဲ့အတွေးစများ ....

အာတိတ်နှင်းမှုန်တိုင်းတိုင်းဒဏ်ကို လူတွေပင်မက သားငှက်တိရစ္ဆာန်တွေပါ အလူးအလဲ ခံကြရသည်။ ဖြစ်နေကြမဟုတ်သဖြင့် ဒဏ်မခံနိုင်ကြ။ နှင်းတဖွဲဖွဲကျနေသည့်ကြားထဲတွင် ငှက်ကလေးများ လူးလားခေါက်ပြန် ဆောက်တည်ရာမရ ပျံသန်းနေကြသည်။ “ အမေ.. ငှက်ကလေးတွေအတွက် အိမ်လုပ်ပေးချင်တယ်” ဆိုပြီး သမီးတွေက သူတို့တတ်သလောက် စက္ကူပုံးလေးတွေနဲ့ ငှက်ကလေးတွေ နေလို့ရအောင်လုပ်နေကြတယ်..။ “သမီးရယ်… သူတို့က ဒီလိုထဲဘယ်နေမလဲ.. အနွေးဓာတ်လဲမရှိတော့ ဘာမှမထူးပါဘူးကွယ်.. လုပ်မနေကြပါနဲ့ ” လို့ပြောပေမဲ့ သမီးတွေက အိမ်ပြတင်းမှန်တံခါးကနေ အပြင်ကိုငေးကြည့်ကာ ငှက်ကလေးတွေ ရဲ့ဒုက္ခကို ကိုယ်ချင်းစာ စိုးရိမ်နေကြရင်း မြက်ခြောက်လေးတွေ ရရင်သိပ်ကောင်းမှာပဲလို့ ညည်းနေကြတယ်။ “ အမေ.. သူတို့အသိုက်လေးတွေလဲ နှင်းတွေဖုံးကုန်ပြီလားမသိဘူးနော်” တဲ့။ “ငှက်သားလေးတွေ အသိုက်ထဲမှာကျန်နေခဲ့ရင် အရမ်းအေးပြီး သေကုန်မလား အမေ..” “သူ့အမေက အစာရှာသွားရင်း ပြန်ရောက်မလာရင် သူတို့ဘယ်လိုနေကြမလဲအမေ” တဲ့။ မေးခွန်းတွေက အမျိုးစုံလှပါတယ်..။ အလုပ်မပိတ်လို့ နှင်းတောထဲမှာ အလုပ်သွားရဖို့ အရေး တွေးနေရတဲ့ကျွန်မကို သမီးတွေကမေးခွန်းတွေမေးရင်း အလုပ်မသွားဖို့လဲ တားတတ်ပါတယ်။

“အမေ.. အမေအလုပ်သွားတဲ့လမ်းကိုပိတ်လိုက်ပြီတဲ့.. သတင်းထဲမှာကြေငြာသွားတယ်” ဆိုပြီး မနက်အလုပ်သွားဖို့အတွက် ဦးဂင်ကြီးနှင့်အတူ ကားဘီးကို ချိန်းသွားတပ်ရာက ပြန်လာတဲ့ကျွန်မကို သမီးကြီးက လှမ်းပြောပါတယ်..။ “ဒါဆိုလဲ လမ်းလျှောက်သွားရမှာ ပေါ့သမီးရယ်” လို့ပြောပြီး ကျွန်မလည်း လုပ်စရာရှိသည်များကို ဆက်လုပ်နေခဲ့ပါတယ်။ သမီးကြီးက ကျွန်မအလုပ်လုပ် နေတဲ့နောက် တကောက်ကောက်လိုက်ရင်း သတင်းထဲမှာ လမ်းလျှောက်သွားတဲ့လူ တစ်ယောက် မြုပ်သွားတဲ့အကြောင်းလည်း ကြေငြာသွားတာ တွေ့လိုက်ကြောင်း ဆက်ပြောပြန်ပါတယ်။
ကျွန်မအလုပ်ချိန်က ညနေပိုင်းဖြစ်ပေမဲ့ အရမ်းဝေးတဲ့နေရာတွေက တချို့အလုပ်သမားတွေ မလာနိုင်တာကြောင့် လာနိုင်တဲ့သူအားလုံး တချိန်ထဲအလုပ်ဝင်လို့ရကြောင်းနှင့် မနက်စော စောအလုပ်လာဖို့ Leader ကအကြောင်းကြားထားပါတယ်။ အဲ့ဒါကြောင့် မနက်စောစော အလုပ်သွားရန် အတွက် အိပ်ယာစောစောဝင်ခဲ့ပါတယ်။

ညအိပ်ယာဝင်လျှင် သမီးတွေက ကျွန်မနဲ့အတူအိပ်နေကြဆဲဖြစ်ပါတယ်။ ကျွန်မအလုပ်ချိန်က ညနေ ၃ နာရီမှ နံနက်၂ နာရီအထိဖြစ်သောကြောင့် ကျွန်မရဲ့လက်မောင်းတဖက်စီကိုခေါင်အုံး လုပ်အိပ်ရင်း အိပ်ယာဝင်ပုံပြင် တွေကိုနားထောင်လိုတဲ့ သမီးတို့က အလုပ်မဆင်းစေချင်ကြ။ အချို့က ကလေးတွေကို ခွဲသိပ်ဖို့ပြောကြလို့ အိပ်ယာခွဲထားပေးပေမဲ့ သမီိးတွေက သူတို့ ဖာသာ အိပ်ခဲပါတယ်။ များသောအားဖြင့် သူတို့အဖေက ညဖက်အလုပ်ဆင်းရတာကြောင့် ကျွန်မတို့အခန်းထဲမှာသာ သားအမိသုံးယောက်အိပ်ပြီး သူတို့အခန်းက အမြဲလိုလို လွတ်နေ လေ့ရှိပါတယ်။ အဲ့ဒီညကလည်း မအိပ်ခင်ပုံပြင်ပြောပြီိးချိန်မှာ သမီးကြီးက မနက်အလုပ်မသွား ဖို့ပြောပြန်ပါတယ်..။ အလုပ်မသွားရင် အိမ်လခ၊ ရေဖိုး၊ မီးဖိုး၊ ကားဖိုး၊ အခြားအသုံး အဆောင်ဖိုး..စသည်ဖြင့် ပေးစရာရှိတဲ့ငွေတွေမပေးနိုင်ရင် အကြွေးတွေတင်ပြီး ဒုက္ခရောက် နိုင်တဲ့အကြောင်း သမီးနားလည်အောင် ရှင်းပြရပါတယ်။ သမီိးကြီးက ဆက်ပြီး “အမေတခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ” တဲ့။ ကျွန်မကလည်း “အမေတခုခုဖြစ်ပြီး သေသွားရင် သမီးတို့အတွက် စိတ်အေးရအောင်အမေစီစဉ်ထားပါတယ်..၊ အမေ့မှာအသက် အာမခံလုပ်ထားတယ်.. အမေသေသွားရင် သမီးတို့ ဒေါ်လာတစ်သိန်းရမယ်” လို့ပြောလိုက် ကာမှ သမီးကြီးက ရှိုက်ကာရှိုက်ကာငိုပါတော့တယ်..။ ပါးစပ်ကလည်း ရှိုက်သံနဲ့ အမေမရှိဘဲနဲ့ အဲ့ဒီပိုက်ဆံတွေက ဘာလုပ်ရမှာလဲ.. သမီးက ပိုက်ဆံမလိုချင်ဘူး.. အဖေ၊ အမေတို့နဲ့ဘဲ အတူနေချင်တာပါ” တဲ့။ ကျွန်မပြောတဲ့စကားဟာ သမီးအတွက် စိတ်ဖြေဖျောက် စရာဖြစ်မ သွားဘဲ ပိုဆိုးသွားတဲ့အတွက် စိတ်မကောင်းဖြစ်မိပြီး ပြောမိတာမှားပြီလို့ နောင်တရမိသွား တယ်။ ငှက်ကလေးတွေအကြောင်းနဲ့ဆက်စပ်ပြီး သူ့မှာဒီအတွေးတွေရှိနေတယ်ထင်ပါရဲ့..။ “အမေတခုခုမဖြစ်အောင် သမီးရထားတဲ့ ဘုရားစာတွေရွတ်ပေါ့”လို့ပြောလိုက်မှ သူရထားတဲ့ သရဏဂုံနဲ့ ၂၄ ပစ္စည်းကို တိုးတိုးရွတ်နေပါတော့တယ်..။ လက်ဝဲဘက် လက်မောင်းပေါ် မှာတော့ သမီးငယ်လေးက တရှူးရှူးနဲ့ အိပ်မောကျနေလေရဲ့.. ။ အကယ်၍ သူသာ အိပ်မပျော်သေးဘူးဆိုလျှင် တရှုပ်ရှုပ်နဲ့ ငိုနေဦးမှာ သေချာပါတယ်။ သမီိးငယ်လေးက ကြိုတင် တွေးပူတတ်သူမဟုတ်ပေမဲ့ သူ့အမပြောသမျှကို လိုက်ပြီးစိုးရိမ်တတ်သူပါ။

သမီိးကြီးက ဘုရားစာတိုးတိုးရွတ်ရင် အိပ်ပျော်သွားပေမဲ့ ကျွန်မမှာတော့ သမီးကြီး ပြောတဲ့စကားကြောင့် အတွေးပွားစရာတွေ ဖြစ်လာခဲ့ပါတယ်။ ဒီတိုင်းပြည်ရောက်ကတည်းက ကျွန်မမှာ သမီးတွေအတွက် အမြဲတမ်းတွေးပူနေခဲ့ရတာပါ။ လင်မယားနှစ်ယောက်စလုံး အလုပ်သွားရင်း တစုံတခုများဖြစ်သွားခဲ့ရင် ကျန်နေရစ်ခဲ့တဲ့သမီးလေးတွေမှာ အရွယ်မရောက် သေးတဲ့အတွက် ဘယ်လိုများနေကြမလဲလို့ စဉ်းစားမိပြီး ကိုယ်မသေခင်မှာ အသေဖြောင့် အောင်ဆိုပြီး အသက်အာမခံကို ငွေအကုန်ခံပြီိး လုပ်ထားခဲ့တာပါ။ ဆွေမျိုးသားချင်းတွေနဲ့ ဝေးကွာနေတဲ့ ဒီအရပ်မှာ သမီးတွေအတွက် ရတက်မအေးနိုင်လို့ စိတ်ဖြေသာအောင် လုပ်ထားခဲ့တဲ့ ဒီအရာဟာ သမီိးတွေအတွက်တော့ ဘာမှအသုံးမဝင်သလိုဖြစ်နေခဲ့ပြီ..။ ငွေ.. ငွေ.. ငွေ ဆိုပြီးနေ့ရှိသ၍ ငွေနောက်ကိုလိုက်နေတဲ့ကျွန်မမှာ သမီးပြောလိုက်မှ ငွေဆိုတာ မေတ္တာတရားနဲ့ ယှဉ်လိုက်ရင် အင်မတန်သေးငယ်လှတဲ့ ရုပ်ဝတ္ထု ပညတ်တခုသာပါ။ ငွေရှိရင် ဘာမဆိုလုပ်လို့ရတယ်၊ ဘာမဆိုဖြစ်တယ်ဆိုပေမဲ့ .. ငွေမရှိပဲလဲ လူတွေအသက်ရှင်နိုင်တဲ့ နေရာတွေရှိပါတယ်။ အဲ့.. ဒါပေမဲ့ မေတ္တာတရားတွေခန်းခြောက်နေရင်တော့ လူတွေဟာ သက်တမ်းရှည်ရှည်နေနိုင်ကြပါ့မလား…။ အရင်တုန်းက ဒါတွေကို ကျွန်မ မတွေးခဲ့မိပါ…။ ရောက်တက်ရာရာတွေ တွေးနေမိတဲ့ကျွန်မ မိုးလင်းတဲ့အထိ အိပ်မရတော့ပါ။

မနက်လင်းလို့ အလုပ်သွားတော့မယ့်အချိန်ရောက်တော့ သမီးတွေက သူတို့လည်း အလုပ်ကို လိုက်ပို့ချင်တယ်တဲ့..။ လမ်းမှာတစုံတခုဖြစ်ရင် အဖေ၊ အမေတို့နဲ့အတူ သမီးတို့လဲ အတူတူခံမယ်တဲ့။ ကျွန်မမတားရက်တော့ပါဘူး..။ အဲ့ဒီနေ့က ကျွန်မတို့မိသားစု နှင်းတော ထဲမှာ ပျော်ပျော်ကြီးသာ ဖြတ်သန်းရင်း အလုပ်ကိုရောက်သွားခဲ့ပါတယ်။ တခါတလေ စိုးရိမ်စိတ်ထက် ဒုက္ခတွေကို ရင်ဆိုင်ဖြေရှင်းလိုက်တာက ပိုပြီး စိတ်သက်သာရာရစေတယ် ထင်ပါတယ်။ အလုပ်ကိုရောက်လို့ ကားပေါ်ကဆင်းပြီး သူတို့ကိုနှုတ်ဆက်တော့ သမီးတွေရဲ့ မျက်နှာက လန်းလန်းဆန်းဆန်း။ အန္တရာယ်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဆိုတဲ့ တက်ကြွမှုတွေ ကိုလည်း သူတို့မျက်နှာပေါ်မှာ အထင်းသားတွေ့နေရပါတယ်။

ကျေးဇူးတင်ပါတယ်

ပန်းချီ ပိအိုင်း

4 comments:

Anonymous said...

အင်း.. အန်တီအိမ်ရေ.. ဟုတ်တယ်နော်။ သားသမီးတွေက မြန်မာပြည်မှာ ကျန်ခဲ့တဲ့မိခင်ကို ပူသလို
ရေခြားမြေခြားက သားသမီးတွေအတွက် မိခင်တို့ရဲ့အပူကလည်းကြီးရတာပဲ။ အန်တီက အတူတူနေတယ်ဆိုပေမယ့်လည်း ဒီလိုပူမိတာ မမှားပါဘူး။ ဒါကမိခင်စိတ်ပဲလေ။
ညီမလေးတွေဘက်က တွေးကြည့်တော့လည်း စိတ်မကောင်းစရာအဖြစ်သား။ ဒီလိုပါပဲအန်တီအိမ်ရေ.. အခက်အခဲတွေကို ကျော်ဖြတ်နိုင်ပြီး သမီးတွေနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်နဲ့ အန္တာရာယ်ကင်း၂ရှင်း၂ နေထိုင်နိုင်ပါစေခင်မျာ။း)

Anonymous said...

ဒီပို့စ်လေးဖတ်ပြီး ရင်ထဲမှာ အမည်မဖော်နိုင်တဲ့ ပိတီတခုကိုခံစားလိုက်ရတယ်၊poppi ညီအမရဲ့ သနားကြင်နာတတ်တဲ့ စိတ်ကလေးတွေရယ်၊ အမေကိုချစ်တဲ့မေတ္တာတရားက တော်တော်လေးနက်တယ်နော်၊ သမီးအလိမ္မာလေးတွေရထားလို့ ကိုဂင်နဲ့အမတော့ ဂုဏ်ယူကြည်နူးစရာပါဘဲဗျာ။

မဆုမွန် said...

အစ်မရေ ဖတ်ပြီး စိတ်ထဲ မကောင်းဘူး..ကလေးတွေက အမေ့အပေါ် စိတ်ပူပင်တာ စိုးရိမ်စိတ်ရှိတာလေးတွေ ဖတ်မိတော့ မျက်ရည်ဝဲမိတယ်..ကလေးတွေ ၀မ်းနည်းအောင် မပြောပါနဲ့ အစ်မရယ် ပြန်ရမယ့်ငွေကြေးနဲ့ သူတို့ ဆုံးရူံးရမယ့် အတိုင်းအတာက နိုင်းလို့မရဘူးလေ...
အစ်မမှာ အစ်မကိုချစ်တဲ့ သမီးလေးတွေ ဦးဂင်ကြိးရယ် ပျော်ရွှင်တဲ့ မိသားစုဘ၀လေးမှာ အသက်ရာကျော်နေနိုင်ပါစေလို့ ဆုတောင်းတယ် အစ်မ ငြိမ်းချမ်းပျော်ရွှင်ပါစေ

ဒူကဘာ said...

မိဘရင်ငွေ့ လွှမ်းချုံထားတဲ့ ကလေးတွေလောက် လူဖြစ်ကျိုးနပ်တာ ဘာရှိမလဲ ! ဘော်ဒါကြီးရေ...အေးချမ်းတဲ့ နှစ်သစ်ကာလမှာ မင်္ဂလာ အပေါင်းခညောင်း စေသားဗျာ.....။