Friday, December 19, 2008

ကိုယ့်ကိုယ်ကိုယ်မုန်းတဲ့ ၁၀ ချက်

ကိုသစ်နက်ဆူးက ကိုယ့်ကိုယ်ကို မုန်းတဲ့အချက် ၁၀ချက်ရေးပါဆိုပြီး တဂ် လိုက်တော့မှ ကိုယ့်ကိုယ်ကို မုန်းတဲ့အချက်တွေကို လိုက်ရှာကြည့်မိတယ်။ သုံးရက်နဲ့သုံးညတိတိ မအိပ်မနေ ရှာဖွေစဉ်းစားရတာ ကိုယ့်ကိုယ်ကိုယ် မုန်းလောက်တဲ့အချက် ရှာမတွေ့ဘူးဖြစ်နေတယ်။ အဲ့ ဒါပေမဲ့ မကောင်းတဲ့အကျင့်တွေတော့ ရှိတာပေါ့နော်။ ဒါတွေကိုရေးချရင်လဲ ရှိစုမဲ့စုမိတ်ဆွေ လေးတွေများ ကိုယ့်ကိုလန့်ပြီး ရှောင်သွားကြမလား စိုးရိမ်မိသေးတယ်။ ဒါပေမဲ့ ကိုလေးစားရတဲ့ ဘလော့ဂါက တဂ် လိုက်တာဆိုတော့လည်း ရှောင်ချင်တဲ့လူ ရှောင်သွားကြ ပါစေ ကိုယ့်မကောင်းကြောင်းလေးတော့ရေးမှဆိုပြီး ကဲ… ရေးပြီ ကိုဆူးသစ်ရေ့ ….

ကျွန်မမှာက အပေါင်းသင်းမိတ်ဆွေ သိပ်မရှိဘူး။ အပေါင်အသင်းလည်းမမက်ဘူး။ ငယ်ငယ် ကတည်း သီးခြားနေချင်တဲ့ အကျင့်ရှိတယ်။ အဲ့..ခင်မင်မိသွားပြီဆိုရင်လည်း ကောင်းကောင်း ဆိုးဆိုး ဘာကိုမှမသိတော့ဘူး။ ငါ့သား၊ ငါ့သမီး၊ ငါ့လင်၊ ငါ့မိဘ၊ ငါ့ဆွေမျိုး၊ ငါ့မိတ်ဆွေ၊ ငါ့လူမျိုး၊ ငါ့တိုင်းပြည်……. စတဲ့ ငါဆိုတဲ့ အတ္တစွဲသိပ်ကြီးတဲ့ သူ။
ဒီကြားထဲ ထစ်ကနဲဆို ဒေါသကလည်း ထွက်တတ်သေးတာ။ ဟိုတလောတုန်းကများ သမီးတွေက သူ့သူငယ်ချင်းတွေဖြစ်တဲ့ အမေရိကန်မလေးနဲ့ အဖရိကန်မလေးနှစ်ယောက်နဲ့ အိမ်နောက်ဘက် မြက်ခင်းထဲဆော့နေကြတာ တော်တော်ကြာနေပြီ။ သူတို့ကို ကိုယ် ကြည့်လိုက်တဲ့အချိန်မှာ သမီးငယ်က ခါးကုန်းထားပြီး ဟိုကလေးနှစ်ယောက်က ကျောပေါ်ခုန် တက်နေကြတာလဲတွေရရော မျက်စိထဲဘာမှမမြင်တော့ပဲ အဲ့ဒီကလေးတွေကို အော်ထုတ်ပြီး သမီးတွေကို အတင်းပြန်ခေါ်၊ သမီးကြီးကိုလဲ“ညီမလေးကိုဒီလိုလုပ်နေတာကို ဘာလို့ မပြော တာလဲ” ဆိုတော့ “ သူတို့ တစ်ယောက်တစ်လှည့် ကုန်းပိုးတမ်းကစားနေကြတာ… ညီမလေးက စီးပြီးသွားပြီ” တဲ့။ ဒါနဲ့တောင်ဒေါသက မလျော့ဘဲ ကိုယ်သမီးဝတုတ်အချိန်စီးစီး ကြီးမှန်းသိရက်နဲ့ “ သူတို့က ကြီးနေပြီ.. ငါ့သမီးလေး ခါးကျိုးသွားမှာပေါ့… နောက်သူတို့နဲ့ မဆော့နဲ့” လို့ ပြောပြီး အဲ့ဒီကလေးတွေလာတိုင်း မောင်းထုတ်ပစ်တာ။ သူတို့လဲ နောက်ပိုင်း ကိုယ်ရှိရင် မလာကြတော့ဘူး။ အဲ့ဒီလို ဒေါသတွေမျိုးတွေနဲ့…. သူ။
ကိုယ့်မှာမရှိသေးရင် လိုချင်တယ်။ အဲ့ဒါရပြီးတော့လဲ.. နောက်တမျိုး.. နောက်တမျိုးပြီး နောက်တမျိုး… ဒါရပြီးရင် ဟိုဟာလိုချင်.. အတောမသတ်နိုင်တဲ့ လောဘကလည်း များမှများ။ ဟိုဟာလည်းလုပ်ချင်၊ ဒီဟာလည်းလုပ်ချင်နဲ့ ဘယ်တော့မှ ပြည်စုံသွားပြီဆိုတာကို မရှိဘူး။ အဲ့ဒီလိုလောဘကြီးတဲ့ … သူ။
ပြီးတော့ သူတပါးကို မနာလိုဝန်တိုတဲ့စိတ်ကလည်း များမှများ။ တယောက်ယောက်က ကိုယ်နဲ့ သိပ်အစေးမကပ်တဲ့၊ ပြိုင်ဘက်လူတယောက်ရဲ့ တော်ကြောင်း၊ တတ်ကြောင်း ပြော နေရင် နားကိုမထောင် ချင်ဘူး။ အဲ့.. အဲ့ဒီလူရဲ့ မကောင်းကြောင်းပြောနေရင်တော့ ဝမ်းကိုသာ လို့။
ကိုယ့်ရဲ့ ကောင်းကြောင်းတွေကို ပြောနေကြရင် ဝမ်းသာသလောက်၊ ကိုယ့်မကောင်းကြောင်း ပြောတဲ့သူကိုတော့ ရန်သူစာရင်းထဲ ထည့်လိုက်တတ်တာ။
ငါ့ကိုများ ဘာမှတ်နေသလဲဆိုတဲ့ မာနကလည်း ရှိသေးတယ်။ ကိုယ့်မှာ ဘာမှမရှိလည်း ဆင်းရဲသားမာနဆိုပြီး လက်မတထောင်ထောင်နဲ့ ဂဏန်းလို…. လူ။
ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီအထင်နဲ့ လုပ်ချင်ရာကိုလည်း ရှေ့နောက်မစဉ်းစားဘဲ စွတ်လုပ် တတ်တယ်။ သူများဘယ်လောက်တားတား နောက်မဆုတ်ဘဲ လုပ်ပြီးမှ နောင်တရတတ် တယ်။
လုပ်ချင်တာကြတော့ စွတ်လုပ်တတ်ပြီး ကြောက်တတ်တဲ့နေရာမှာကြတော့လဲ သူများထက် ကြောက်တတ်လို့ အခုချိန်ထိ ကားမမောင်းရဲသေးဘူး။
စကားကို ချိုချိုသာသာမပြောတတ်လို့ ဆရာလုပ်တယ်လို့ အမြဲ အပြောခံရတယ်။ အစည်းအဝေးတွေမှာ သေသေချာချာ စကားပြောရတော့မယ်ဆိုရင်တော့ အချက်အလက်နဲ့ ဘာမှမပြောတတ်ပဲ သူခိုးပြေးမှ ထိုးကွင်းထ ဆိုသလို ပြီးသွားမှ ငါဒီလို ပြောလိုက်ရ ကောင်းသားဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်နေတတ်သူ။ ( ယောက်ျားနဲ့ စကားများတော့မယ်ဆိုရင်တော့ ကြိုတင်ပြီး စာလေးနဲ့ ရေးမှတ်ထားရတယ်။ ဒါနဲ့တောင် တကယ်စကားများကြပြီဆိုရင် နိုင်အောင်မပြောနိုင်လို့ မျက်ရည်နဲ့ပဲ အဆုံးသတ်ရတာ။)
ကိုယ့်ဆီမှာ အပေါဆုံးက မျက်ရည်ပဲ။
အဲ့ဒါတွေက ကျွန်မသိထားတဲ့ မကောင်းတဲ့အချက်တွေ။ သူများတွေသိထားတဲ့ ကျွန်မရဲ့ မကောင်းတဲ့ တခြားအချက်တွေရှိချင်ရှိနေဦးမှာ။ ကိုယ့်ကိုယ်ကိုယ်မုန်းဖို့ကိုတော့ သင်တန်း သွားတက်ရဦးမယ်။ မိုးကုတ်ဆရာတော်ဘုရားကြီးကတော့ ဖြစ်ပျက်ကိုမြင်အောင်ကြည့်၊ ပြီးရင် ဖြစ်ပျက်ကို မုန်းအောင်ရှု၊ ဖြစ်ပျက်ကိုမုန်း.. ဖြစ်ပျက်ဆုံးရင် နိဗ္ဗာန်ဘဲတဲ့။ အဲ့ဒီတော့မှဘဲ.. ကိုယ့်ကိုယ်ကိုယ် မုန်းမယ်ထင်တယ်။ အခုချိန်ထိကတော့ ကိုယ့်ကိုယ်ကိုယ် ချစ်ခင်နေဆဲ။ အပေါ်က အချက်တွေကလည်း မကောင်းမှန်းသိပေမဲ့ အချိန်တန်ရင် ပေါ်လာစမြဲပဲ။ တားဆီးလို့မရဘူး။ အဲ့ဒါတွေကိုက ကျွန်မရဲ့မုန်းစရာတွေဖြစ်မယ်။
ကိုဆူးသစ်ရေ.. ကျွန်မ မကောင်းကြောင်းတွေ ရေးပြီးပြီနော်.. အကြွေးကြေပြီ။ နော်ဝေက ပုတ်လိုက်တဲ့ဘောလုံးကို သြော်စီရယ်၊ ထိုင်းရယ်ကို ပြန်ပုတ်လိုက်မယ်..။ အားရင်တော့ ရေးကြပေါ့နော်..။ ကဲလာပြီ.. မဆုမွန်ငြိမ်သက်လင်းလင်းနွေဦးမောင်တို့ရေ… ဖမ်းလိုက်ကြပါ ကိုယ့်ကိုယ်ကိုယ်မုန်းတဲ့အချက်တွေဆိုတဲ့ဘောလုံးကြီးကို..။


4 comments:

သစ်နက်ဆူး said...

မအိမ်သူရေ...
တဟားဟားအော်ရယ်မတတ်ကို သဘောကျတာ...
အဲလိုမျိုးဆို၇င်တော့ ပွင့်လင်းမှုနဲ့ တင် တစ်သက်တာ မိတ်ဆွေ ဖြစ်ပြီဗျ..။
စာလေးနဲ့ ကြိုရေးပြီး ကိုဂင်နဲ့ စကားများတာတောင် မနိုင်ဘူးဆိုတော့...
နိုင်ံ့ခြားရေးက ၀န်ကြီးဦးဥာဏ်ဝင်းနဲ့ များ အမျိုးတော်နေလားဗျာ...
ဟားဟားဟားးးးးးးးးးးးးးးးးးးးးးးးးးးး။

မဆုမွန် said...

အစ်မနဲ့ တော်တော်များများ တူနေတယ်
ဟိဟိ
မျက်စိထဲ အမြင်မတော်ရင် အရင်အော်လိုက်ရမှ ကျေနပ်တယ်..ရေးပေးမယ် စိတ်ချ အစ်မ...

ဒူကဘာ said...

စာမှတ်ပြီး ရန်တွေ့မယ် လုပ်လိုက် ဟိုလူကြီးက ဂစ်တာနဲ့ ချော့လိုက် .. ဒီလိုနဲ့ .. ပျော့သွားလိုက် ဒါကို ပြောတာ မဟုတ်လား? မျက်ရည်ကတော့ သီချင်းရဲ့ ခံစားမှု ဓါတ်ခံကောင်းလွန်းလို့ ဖြစ်ပါလိမ့်မယ်၊
စကားမစပ်... အခုလိုလေးတွေလဲ ရေးပါဦး၊ ဟိုလေ.. ဒဘလျူဒဘလျူဒဘလျူ. ဒေါ့ခ် ဓါတ်ခန်း နတ်ခန်း ဒေါ့ခ်ကွန် (WWW.ဓါတ်ခန်း၊နတ်ခန်း.Com) က ကောင်းတော့ ကောင်းတယ် ကြာတော့ ပျင်းလာတယ် :P

Anonymous said...

ကိုဂင့်ဒေါသနဲ့ အမဒေါသဘယ်သူကပိုကြီးလည်းဆိုတာလည်း မပါဘူး၊ ကိုဂင်ကပြောတာကတော့ အလံဖြူအောက်ကဆိုဘဲ အပေါ်က ကွန်မန့်ပေးသွားတဲက ဒူကဘာကတော့ အလံဖြူ ဥက္ကဌကနေ တပြားမှမလျှော့ဘူးဆိုဘဲ၊