လိုချင်လျှင်.... ဆင်းရဲသည်.... မလိုချင်လျှင်.... ချမ်းသာသည်.....
ဆရာတော်အရှင်ရာဇိန္ဒ ရဝေနွယ်(အင်းမ) ၏ ဒါနပါရမီ တရားတော်နှင့် ဒွိပိဋကဆရာတော် အရှင်နေမိန္ဒာဘိဝံသ၏ အရှိကို အသိနှင့်ညှိပါ တရားတော်ကို နာယူနိုင်ပါသည်။

သီလပါရမီတရားတော်...

ဆရာတော်အရှင်ရာဇိန္ဒ ရဝေနွယ်(အင်းမ)၏ သီလပါရမီတရားတော်..


MusicPlaylist

Sunday, November 30, 2008

ပုဂ္ဂလပညတ် အခြေခံဓာတ်ကျမ်း

အရင်တစ်ပတ်က နှုတ်တက်အာဂုံဆောင်သည့် ဂါထာမှ ဗျည်းနှင့်သရ အဓိပ္ပါယ်များကို အကျယ်ပြန်ရှင်းပြပါမည်။ ဤနေရာမှာ ဓာတ်ကျမ်းစာအုပ်ပါအတိုင်း တစ်လုံးမကျန်ရေးကူး တော့မှာမဟုတ်ဘဲ ကျွန်မ နားလည်သလို ချုံ့ရေးသွားပါ့မယ်။ ကျွန်မသည် ပညာရှင်တဦးမဟုတ်သလို၊ ကျမ်းပြုသူလည်းမဟုတ်ပါ။ ကျွန်မသိထားသည့် အနည်းငယ်ကို မျှဝေလိုခြင်း၊ ပညာရှင်များနှင့် တွေ့သိဆွေးနွေးလိုခြင်းသာဖြစ်ပါသည်။ အခြေခံကိုသိထားပြီး ဉာဏ်ကွန့်မြူးလျှင် ကွန့်မြူးသလို စဉ်းစားတွေးခေါ်ကုသနိုင်သည့် ပညာဖြစ်သောကြောင့် ပါရမီရှိပြီးသူများလေ့လာလျှင် ထူးခြားစွာကုသနိုင်ပြီး ၊ အကြံဉာဏ် ကောင်းများဖြင့် ဝေဒနာ သည်များကို သက်သာပျောက်ကင်းစေနိုင်သလို၊ စာဖတ်သူများ အစားအစာများကို ဆင်ခြင် စားသောက်ခြင်းဖြင့် ကျန်းမာကြလျှင် ဤပိုစ့်များကို ရေးကူးတင်ပြရ ကျိုးနပ်သည်ဟု ခံယူပါ သည်။

၁။ က၊ ခ၊ ဂ၊ ဃ၊ င မှာ စန္ဒြာ၊ သေလာမြေဓာတ်ဖို၊ ရှင်းအငန်ဟုဆို။
၂။ စ၊ ည၊ ဘောမ၊ ပညာသ၊ လေပြင်းဓာတ်ဖိုရ၊ တလိုင်းအခါးပ။
၃။ သန်လျှင်းချိတ်၊ နငယ်ပိတ်၊ တစ်ကျိပ်သောရီပ၊ မီးတောက်ဓာတ်မ၊ ကုလားအချဉ်ရ။
၎။ ပ၊ ဖ၊ ဗ၊ ဘ၊ မ ငါးခု၊ ဂြိုလ်ဂုရု၊ ပံသုမြေဓာတ်မ၊ မြန်မာအဆိမ့်ကျ။
၅။ ယ၊ ရ နှစ်ခု ရာဟုလေမှုန်တိုင်း၊ အရိုင်းဓာတ်မ၊ တရုတ်တရက်ကျ၊ ယိုးဒယား အဖန်ရ။
၆။ လ၊ ဝ နှစ်ဦး၊ ဗုဒ္ဓဟူး ဓာတ်ဖို၊ ရေသီတာဟုဆို၊ မျိုးကိုကတူး၊ ရောနှောပူး ဆန်းထူးခါးချဉ်မျှ။
၇။ သုံးဦး သ၊ ဟ၊ ဠ သောကြာရေငန်ပ၊ ဓာတ်မသက်၊ ကသည်းကြိုက်လေ၊ အချိုသာ။
၈။ အ၊ အာ သရ၊ ရစ်ဌာန၊ သူရဇ္ဇနေ့စွဲ၊ မီးခဲဓာတ်ဖို၊ ဂျွမ်းအစပ်ဟုဆို။ မှာ

အက္ခရာ အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ သြ ၏ နေ့မှာ တနင်္ဂနွေ၊ နာမ်မှာ ဂဠုန်၊ ဂြိုဟ်သက် (၆) နှစ်၊ ဂြိုဟ်မှာ ပါပဂြိုဟ်၊ ပညတ်မှာ မီးခဲတေဇော ဓာတ်ဖို၊ သင်္ချာမှာ (၁)၊ အရသာမှာ အစပ်၊ အရပ်ဒေသမှာ အရှေ့မြောက်၊ အရောင်မှာ အနီ၊ ဓာတ်မှာ မီးခဲ၊ ပိဋကတ်မှာ တေဇော ဖြစ်သည်။

အက္ခရာ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ၊ တ၊ ထ၊ ဒ၊ ဓ၊ န ၏ နေ့မှာ စနေ၊ နာမ်မှာ မြွေ (သို့) နဂါး၊ ဂြိုဟ်သက် (၁၀) နှစ်၊ ဂြိုဟ်မှာ ပါပဂြိုဟ်၊ ပညတ်မှာ မီးတောက် တေဇောဓာတ်မ၊ သင်္ချာမှာ ၇ (သို့) ၀၊ အရသာမှာ အချဉ်၊ အရပ်ဒေသမှာ အနောက်တောင်၊ အရောင်မှာ အမည်း- အနက်၊ ဓာတ်မှာ မီးတောက်၊ ပိဋကတ်မှာ တေဇော ဖြစ်သည်။

အက္ခရာ စ၊ ဆ၊ ဇ၊ ဈ၊ ည ၏ နေ့မှာ အင်္ဂါ၊ နာမ်မှာ ခြင်္သေ့၊ ဂြိုဟ်သက် (၈) နှစ်၊ ဂြိုဟ်မှာ ပါပဂြိုဟ်၊ ပညတ်မှာ လေညင်းဝါယော ဓာတ်ဖို၊ သင်္ချာမှာ (၃)၊ အရသာမှာ အခါး၊ အရပ်ဒေသ မှာ အရှေ့တောင်၊ အရောင်မှာ နီဖြူ၊ ဓာတ်မှာ လေ၊ ပိဋကတ်မှာ ဝါယော ဖြစ်သည်။

အက္ခရာ ယ၊ ရ ၏ နေ့မှာ ဗုဒ္ဓဟူး (မွန်းလွဲပိုင်း)၊ နာမ်မှာ ဟိုင်းဆင်၊ ဂြိုဟ်သက် (၁၂) နှစ်၊ ဂြိုဟ်မှာ ပါပဂြိုဟ်၊ ပညတ်မှာ မှုန်တိုင်းဝါယော ဓာတ်မ၊ သင်္ချာမှာ (၈)၊ အရသာမှာ အဖန်၊ အရပ်ဒေသမှာ အနောက်မြောက်၊ အရောင်မှာ နီပြောက်ကျား၊ ဓာတ်မှာ လေ၊ ပိဋကတ်မှာ ဝါယော ဖြစ်သည်။

အက္ခရာ က၊ ခ၊ ဂ၊ ဃ၊ င ၏ နေ့မှာ တနင်္လာ၊ နာမ်မှာ ကျား၊ ဂြိုဟ်သက် (၁၅) နှစ်၊ ဂြိုဟ်မှာ သောမဂြိုဟ်၊ ပညတ်မှာ သေလာပထဝီ ဓာတ်ဖို၊ သင်္ချာမှာ (၂)၊ အရသာ မှာ အငန်၊ အရပ်ဒေသမှာ အရှ့အရပ်၊ အရောင်မှာ အဖြူ၊ ဓာတ်မှာ မြေဓာတ်၊ ပိဋကတ်မှာ ပထဝီ ဖြစ်သည်။

အက္ခရာ ပ၊ ဖ၊ ဗ၊ ဘ၊ မ ၏ နေ့မှာ ကြာသပတေး၊ နာမ်မှာ ကြွက်၊ ဂြိုဟ်သက် (၁၉) နှစ်၊ ဂြိုဟ်မှာ သောမဂြိုဟ်၊ ပညတ်မှာ ပံသုပထဝီ မြေဓာတ်မ၊ သင်္ချာမှာ (၅)၊ အရသာမှာ အဆိမ့်၊ အရပ်ဒေသမှာ အနောက်၊ အရောင်မှာ အဝါ၊ ဓာတ်မှာ မြေ၊ ပိဋကတ်မှာ ပထဝီ ဖြစ်သည်။


အက္ခရာ လ၊ ဝ ၏ နေ့မှာ ဗုဒ္ဓဟူး၊ နာမ်မှာ ဆင်၊ ဂြိုဟ်သက် (၁၇) နှစ်၊ ဂြိုဟ်မှာ သောမဂြိုဟ်၊ ပညတ်မှာ ရေကြည်အာပေါ ဓာတ်ဖို၊ သင်္ချာမှာ (၄)၊ အရသာမှာ အချို၊ အရပ်ဒေသမှာ တောင်အရပ်၊ အရောင်မှာ အစိမ်း၊ ဓာတ်မှာ ရေ၊ ပိဋကတ်မှာ အာပေါ ဖြစ်သည်။

အက္ခရာ သ၊ ဟ၊ ဠ ၏ နေ့မှာ သောကြာ၊ နာမ်မှာ ပူး၊ ဂြိုဟ်သက် (၂၁) နှစ်၊ ဂြိုဟ်မှာ သောမဂြိုဟ်၊ ပညတ်မှာ ရေနောက်- ရေငန်- ရေပုပ်- အာပေါဓာတ်မ၊ သင်္ချာမှာ (၆)၊ အရသာမှာ အချို၊ အရပ်ဒေသမှာ မြောက်အရပ်၊ အရောင်မှာ အဖြူ၊ ဓာတ်မှာ ရေ၊ ပိဋကတ်မှာ အာပေါ ဖြစ်သည်။


ဒီနေရာမှာ မြေ၊ ရေ၊ လေ၊ မီး ဓာတ်ကြီးလေးပါးသာရှိပြီး ဓာတ်ဖို ဓာတ်မ၊ ပါပ သောမ တို့ကို တွဲပြီး ဂါထာလုပ်လိုက်တော့ အန္တော စရေ၊ ဂဗ္ဘေ ဝံသေ အဖြစ်ရပါတယ်။ အန် ဆိုတာ တနင်္ဂနွေ၊ တော ဆိုတာ စနေ၊ ဆိုတာ အင်္ဂါ၊ ရေ ဆိုတာ ရာဟု (ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်း)၊ ဂဗ် ဆိုတာ တနင်္လာ၊ ဘေ ဆိုတာ ကြာသပတေး၊ ဝံ ဆိုတာ ဗုဒ္ဓဟူး၊ သေ ဆိုတာ သောကြာ ဖြစ်ပါတယ်။

(ဆရာကြီး ဦးသာတင့်၏ ပုဂ္ဂလပညတ် အခြေခံဓာတ်ကျမ်းမှ ကောက်နှုတ်တင်ပြပါသည်။)
ဆက်ပါဦးမည်။

သတိရမိတဲ့ .... ငယ်ဘဝတွေ...(၄)

အမေ့ရွာနဲ့ နော်အောင်းခုဖန်သာ
အမေ့ရွာကို ပထမဆုံးရောက်ဖူးတာ အသက် ငါးနှစ်ကျော် ခြောက်နှစ် လောက်ပဲရှိသေးတယ်။ အဲ့ဒီ ကာလက အမေက ရွာကိုမကြာခဏပြန်ရတယ်။ အိမ်မှာအမေမရှိရင် နေရတာဟာလာ ဟင်းလင်းနဲ့ ဝမ်းနည်းနေရတယ်။ ခြံထဲမှာက အလုပ်သမားလူငှားရယ်၊ အမ ကကျောင်း တက်ရတော့ ကလေးငယ်နဲ့ အမေက ကူဖော်လောင်ဖက်ရအောင် ရွာကတူမလေး ကိုလည်း ခေါ်ထားသေးတယ်။ အမေရွာသွားရင် အမေ့အမေ အဖွားဖြစ်ဖြစ်၊ အမေ့အမ ကြီးမေဖြစ်ဖြစ် အိမ်မှာလာနေ ပေးတော့ အိမ်မှာလူလျှော့နေတာမျိုးလဲ မရှိပါဘူး။ ဒါပေမဲ့ အမေမရှိတော့ တခုတခု လိုနေသလိုဖြစ်ပြီး ဝမ်းနည်းနေတတ်တယ်။ ကိုယ့်အောက်မှာ ညီမအငယ်လေး ရှိနေတော့ အမေမရှိရင် ကိုယ့်ကိုဘယ်သူမှ ဂရုမစိုက်ကြဘူးလို့ထင်ပြီး အားငယ်တာ လည်းပါတယ်။ တပတ်လောက် အမေခရီးသွားလိုက်တာနဲ့ တော်တော်အားငယ်သွားပြီး အမေပြန်လာတော့ အမေ့ကို မျက်စေ့အောက်က အပျောက်မခံတော့ဘူး။ နောက်တစ်ခေါက် အမေရွာသွားဖို့ပြင်တော့ အလိုလိုသိနေပြီ။ သိတာနဲ့တပြိုင်နက် အသံကုန်မနားတမ်း အော်ငိုလိုက်တာ အိမ်ကလူတွေ စိတ်ညစ်ကုန်ပြီး ကျမကို အမေနဲ့အတူခေါ်သွားဖို့ပြောသလို၊ အမေကလည်း မထားခဲ့ရက်တော့ဘူး ထင်ပါတယ်။ အဲ့ဒါနဲ့ ကျမလည်း အမေ့ရွာကိုအလည် ရောက်ဖြစ် သွားတယ်။ ကျမက ၆နှစ်ကျော်မှ ကျောင်းစတက်ရတာ။ ဒါကြောင့် အမေ့ရွာကို အလည်သွားတဲ့ အချိန်မှာ ကျောင်းတောင်မတက်ရသေးဘူး။

ကျမမှတ်မိနေသေးတာက ရွာကိုသွားဖို့ကားစီးတော့ ကားပေါ်မှာ သီလရှင်လေးတွေလည်းပါ တယ်။ အဲ့ဒီအချိန်မှာ ကျမကို အဖေက ခေါင်းတုံးတုံးထားပေးတယ်။ ခရီးသွားတဲ့အချိန်မှာ ဝတ်သွားတာက ပန်းရောင်အင်္ကျီနဲ့ဆိုတော့ သီလရှင်လေးတွေနဲ့ အရောင်တူ၊ အဆင်းတူ ဖြစ်နေတယ်။ ဆရာလေးတွေက ကျမကို သူတို့နဲ့သီလရှင်ကျောင်းကိုလိုက်ဖို့ခေါ်တယ်။ ကျမ ကလည်း လိုက်မယ်လို့ခေါင်းညိတ်တာပဲ။ မငြင်းဘူးတဲ့။
အမေ့ရွာက ကရင်ပြည်နယ်က ရသေ့ပြန်ဆိုတဲ့ရွာကလေး။ ရွာကိုသွားရတာ ကားတတန်၊ သင်္ဘောတတန်နဲ့သွားရတာ။ တခါတလေ ကားကအရောက်နောက်ကျပြီး သင်္ဘောထွက်သွား ရင် မြိုင်ကလေးကနေ ရွာကိုလမ်းလျှောက်ရတယ်။ အဲ့ဒီတုန်းက ကားနောက်ကျလို့ ကျမတို့ လမ်းလျှောက်ရတယ်။ ကျမကလမ်းလျှောက်နှေးတော့ ခရီးမတွင်ဘူး။ လမ်းတလျှောက်ကရွာ တွေကိုဖြတ်သွားတုန်း အိမ်ရှေ့တွေမှာ ထမင်းစားနေကြတာနဲ့ဆုံရင် ထမင်းစားဖို့ ခေါ်ကြ တယ်။ သူတို့က ကရင်လိုလှမ်းခေါ်တာ။ ကရင်စကားမတတ်တဲ့ကျမက အမေ့ကို ဘာပြော တာလဲလို့မေးတော့ အမေကထမင်းစားဖို့ခေါ်တာလို့ပြောတယ်။ အမေနဲ့သိလို့လား ဆိုတော့.. မသိဘူးတဲ့… သူတို့ဆီမှာက ဧည့်သည်တွေ့ရင် အဲ့ဒီိလိုပဲခေါ်တယ်တဲ့.. ဗိုက်ဆာလို့ စားချင်ရင် ဝင်စားလို့ရတယ်တဲ့… ။
ရွာကိုရောက်တော့လည်း တရွာလုံးလိုလိုက ကရင်လိုပဲပြောကြတယ်။ လူကြီးတွေကတော့ ဗမာစကားတတ်ပေမဲ့၊ ကျမနဲ့ရွယ်တူကလေးတွေက ဗမာလိုမပြောတတ်ဘူး။
အမျိုးတွေပေမဲ့ သူတို့စကားမတတ်တော့ သိပ်မခင်ကြဘူးလိုပဲ။ အမေကတော့ သူ့ရွာဆိုတော့ တစ်အိမ်ပြီးတစ်အိမ်လျှောက်လည်ပြီး သမီးကိုလိုက်မိတ်ဆက်ပေးတယ်။ ကိုယ်ကတော့ ဘယ်မှတ်မိမှာလဲ.. အမျိုးတွေက ဒီလောက်များတာ။ ကျမမှတ်မိတာကတော့ စားစရာတွေ ပေါမှပေါဆိုတာပဲ။ အမျိုးထဲက မုန့်သည်တွေကလည်း သူတို့မုန့်သွားရောင်းတော့မယ်ဆိုရင် ကျမတို့ကို အရင်ဝင်ပို့သွားတယ်။ တခြားမုန့်သည်တွေလာရင်လဲ တအိမ်အိမ်ကဝယ်ကျွေး သေးတယ်။ ထန်းတောထဲသွားလည်ရင်လဲ ထန်းလျှက်ပူပူလေးတွေကို စားရတယ်။ အုန်းထန်း လျှက်ပူပူလေးက တအားစားကောင်းတယ်။ ထန်းလျှက်လုပ်ရတာ အရမ်းပူလောင်တယ်။ မီးဖိုအကြီးကြီးပေါ်မှာ မိုးဗြဲဒယ်ကြီးနဲ့ ထန်းရည်ချိုတွေကို ပြစ်လာအောင်ကြိုရတယ်။ ထန်းလျှက်ခဲလုပ်လို့ရတဲ့ အနေတော်ဖြစ်ပြီဆို မိုးဗြဲဒယ်ကြီးကို ဖိုပေါ်ကချပြီး ထန်းလက်ဖျာ တွေပေါ်ကို အနေတော်အခဲလေးတွေဖြစ်အောင် ချရတယ်။ အဲဒီလိုလုပ်ဖို့ သစ်သားပြားလေး ကို ကိုင်လို့ကောင်းတဲ့ပုံစံဖြစ်အောင်လုပ်ပြီး အဲဒီပေါ်ကို ထန်းလျှက်အိုးထဲက ကြိုထားတဲ့ ထန်းလျှက်ရည်ပြစ်ပြစ်ခဲခဲကိုတင်ပြီး ဝါးနဲ့လုပ်ထားတဲ့ ခြစ်ချတဲ့ပစ္စည်းလေးနဲ့ အရှည်လိုက်လေး တွေခြစ်ချ ပြီးလေသလပ်ခံလိုက်ရင် မန်ကျည်းတောင့်ဆိုတဲ့ ထန်းလျှက်ခဲလေးတွေဖြစ် လာတယ်။ ချိုပြီးမွှေးနေလို့ အရမ်းစားကောင်းတယ်။
နောက်တခုမှတ်မိသေးတာက ပွဲသွားကြည့်ရတာကိုပါ။ မနက်ကတည်းက အမတစ်ယောက်က ညနေကြရင်ပွဲသွားကြည့်မယ်တဲ့။ ဟုတ်လား.. တကယ် သွားကြည့်ရမလားလို့ သေချာအောင် အမေ့ကိုမေးတော့ အမေကလည်းခေါင်းညိတ်တယ်။ ဒါဆိုသေချာပြီဆိုပြီး ပွဲကြိုက်တဲ့ကျမ ကရင်ထန်းလျှက်အိုးတွေ့သွားတာပေါ့။ ညနေပိုင်းရောက်တော့ အမေ့ကိုမြန်မြန်သွားချင်လို့ လောနေရတယ်။ အမေကတော့ ခပ်အေးအေးပဲ စကားဖောင်ဖွဲ့နေလေရဲ့။ လမ်းမှာလည်း စကားတွေမပြတ်ပြောနေလိုက်ကြတာ ကျမသည်းမခံနိုင်ဘူးဖြစ်လာတယ်။ အမေ့လက်ကို အတင်းဆွဲပြီး ပွဲခင်းရှိတဲ့နေရာကိုသွားမယ်ဆိုတော့ ပွဲခင်းထဲရောက်နေပြီတဲ့..။ ကျမ တော်တော်စိတ်ပျက်သွားတယ်။ အမေတို့ပြောတဲ့ပွဲခင်းကိုလည်းကြည့်ဦးလေ..။ ဘာမှမရှိတဲ့ လယ်ကွင်းကြီးထဲမှာ။ ဈေးသည်လေးဟိုတစ်ယောက်၊ သည်တစ်ယောက်နဲ့။ ကျမတို့ဆီက ပွဲခင်းတွေဆို ဇာတ်စင်ကအကြီးကြီးနဲ့ ဈေးတန်းဆိုတာကလည်း ကြိတ်ကြိတ်တိုးနေတာ..၊ ပွဲသွားရင် လူမပျောက်အောင် လက်တွေကိုအတင်းဆွဲထားရတာ။ ခြားရဟတ်တွေနဲ့၊ ရောင်စုံမီးတွေနဲ့ စည်ကားလှတဲ့ ပွဲခင်းမှတ်နေတဲ့ကျမ အထင်နဲ့အမြင်မကိုက်တော့ စိတ်ပျက် ပြီးအမေ့ကိုရစ်ပါတော့တယ်။ ဘယ်မှာလဲ ပွဲကဖို့စင်၊ ဘယ်မှာလဲဆိုင်းဝိုင်း၊ ဘယ်မှာလဲ အသံချဲ့စက်တွေ ဘာသံမှလည်းမကြားရဘူး….. စသည်ဖြင့်အမေ့ကိုမေးနေတော့တာ..။ အမေကလည်း လယ်ကွက်ကြီးတခုကိုလက်ညှိုးထိုပြပြီး အဲ့ဒီမှာကမှာတဲ့..၊ လူလေးငါးယောက် က ဝါးလုံးတိုလေးတွေ၊ သစ်တုံးလေးတွေနဲ့ ကန်သင်းရိုးပေါ်မှာထိုင်နေတာကို တီးဝိုင်းတဲ့…။ ကျမငိုချင်လိုက်တာ…၊ တနေ့လုံးမျှော်လင့်ထားတဲ့ ပွဲခင်းက ဒါမျိုးဆိုတော့ မကျေမနပ်လည်း ဖြစ်မိတယ်။

တကယ်တန်းပွဲစတော့ လူလေးငါးယောက်ကတီးလိုက်တဲ့အသံက မြိုင်ဆိုင်လှသလို ဘယ်ကဘယ်လို ထွက်လာကြမှန်းမသိတဲ့ ယောက်ျား၊ မိန်းမ ယိမ်းအဖွဲ့တွေက ကောက်ရိုးခင်း ထားတဲ့လယ်ကွင်းကြီးထဲမှာ မြူးကြွနေလိုက်တာ ကိုယ်ပါ ကချင်လာတဲ့အထိ ဖြစ်မိတယ်။ သွေးကစကားပြောတယ်ထင်ပါရဲ့..။ အဲ့ဒါ ပထမဆုံး ဒုံးယိမ်းကြည့်ဖြစ်တာပဲ။ ကတာ မြန်ဆန်သွက်လက်သလို ပုံစံဖော်ပြီးကသွားတာကို အမေကရှင်းပြတယ်။ အဲ့ဒီကတည်းက ကျမကြိုက်တဲ့အကထဲမှာ ဒုံးယိမ်းအကက ရှေ့ဆုံးကဖြစ်သွားပါတော့တယ်။ ငွေကုန်ကျေးကျ ဘာမှမများတဲ့ ရိုးရာအကတခု..၊ ဒါပေမဲ့ အဲ့ဒီလိုကနိုင်ဖို့ကျတော့ အတော့်ကိုခက်ခဲတာ။
တနေ့ အမေခေါ်သွားလို့ ယိမ်းတိုက်နေတဲ့နေရာကို ရောက်သွားသေးတယ်။ အဲ့ဒီမှာ ယိမ်း ဆရာကြီးက ဝါးလက်ခုပ်ကြီးကိုင်ပြီး ကနေတဲ့လူတွေကြားထဲမှာ မှားသွားတဲ့လူတွေကို ဝါးလက်ခုပ်ကြီးနဲ့ တခွမ်းခွမ်းရိုက်နေလိုက်တာ၊ က ချင်လို့ မရိုးမရွဖြစ်နေတဲ့ကျမ တခါတည်း ပိုးသေသွားပါတော့တယ်။ ကနေတဲ့လူတွေကိုကြည့်လိုက်တော့ ချွေးပြိုက်ပြိုက်နဲ့ မောနေ လိုက်ကြတာ။ အမေက ကျမကိုမေးတယ်.. ကချင်သေးလားတဲ့၊ ကျမခေါင်းမြန်မြန်ခါလိုက် တာကို ဘေးကလူတွေက သဘောကျပြီး ရယ်နေကြတယ်။
တကယ့်ကို ပျော်စရာကောင်းတဲ့ အမေ့ရဲ့ရွာလေးပါ။ အပြန်မှာတော့ လမ်းမလျှောက်ရတော့ပါ ဘူး။ ရွာကလူတွေက သံလွင်မြစ်ရိုးတလျှောက်မှာ ပြေးဆွဲနေတဲ့ သင်္ဘောကြီးအမီ ကျမတို့ကို လိုက်ပို့တယ်လေ.. ။ ထန်းရည်ကို ရွာရောက်ကတည်းက တောင်းသောက်တဲ့ကျမကို ရွာမှာတုန်းကတော့ မတိုက်ကြဘဲ သင်္ဘောဆိပ်ရောက်မှ ဝယ်တိုက်ကြလို့ လမ်းခရီးအလှ အပတွေကို ဘာမှမသိတော့ပဲ အိမ်ကိုထန်းရည်မူးမူးနဲ့ ပြန်ခဲ့ရပါတယ်။ ခရီိးသွားရတာကို တချက်လေးမှ မညည်းညူတဲ့ ကျမကို အိမ်ရောက်တော့ အမေက နာမည်အသစ်တခု ပေးပါတယ်။ နော်အောင်းခုဖန်သာ တဲ့… ။

Saturday, November 29, 2008

ပုဂ္ဂလပညတ် အခြေခံဓာတ်ကျမ်း နိဒါန်း... ဆရာကြီးဦးသာတင့်၂

ပုဂ္ဂလပညတ်ဓာတ်ပညာသည် ခက်ခဲနက်နဲ၏။ ခရီးသွားဟန်လွှဲ သင်ယူ၍ ရစကောင်းသော ပညာရပ်မျိုးမဟုတ်ချေ။ နှိုက်လေ နက်လေ၊ လိုက်လေ ဝေးလေဆိုသောပညာရပ်မျိုးဖြစ်၏။ ထို့ကြောင့် အခြေခံကို ကောင်းစွာတတ်မြောက်ရန်လိုသည်။ အခြေခံကို ကောင်းစွာတတ် မြောက်ထားသူကိုပင်လျှင် အယူအဆများမှန်ကန်စေရန် အာပေါက်လောက်အောင် ရှင်းပြနိုင်မှ တန်ကာကျသည်။ သို့ရှိရာတွင်လည်း စာတွေချည်းသက်သက်ဖြင့် သင်ကြားနေခြင်းအားဖြင့် ပြည့်စုံတတ်မြောက်ပြီိဟု မဆိုသာ။ လက်တွေ့ပါ သင်ကြားပေးမှပြည့်စုံနိုင်သည်။ စာရေးသူ သည် ၁၂၉၁ ခုနှစ်နှစ်တွင် အိုင်ကလောင်ဓာတ်ဆရာကြီး ဆရာလှိုင်၏တပြည့်ကြီးဖြစ်သည့် တော်ခရမ်းရွာ ဆရာကျန်ထံမှ ပုဂ္ဂလပညတ်ဓာတ်ကို အခြေခံမှစပြီး ပညာရင်နို့သောက်စို့ခွင့် ကြုံခဲ့ရသည်။ ၁၂၉၂ ခုနှစ် ဝါခေါင်လပြည့်ကျော် ၈ ရက်နေ့တွင် ပုဂ္ဂလပညတ်ဓာတ်ကျမ်း စာအုပ်မှ ကျမ်းရင်းလင်္ကာ ၂၉ ပုဒ်ကို ဆရာကျန်၏ခွင့်ပြုချက်အရ ရေးကူးခွင့်ရပြီး နှုတ်တက် အာဂုံ ဆောင်နိုင်ခဲ့ပါသည်။ ၁၂၉၈ ခုနှစ်တွင် ပုဂ္ဂလပညတ်ဓာတ်ကျမ်းပါ အချက်အလက် များနှင့် ပတ်သက်ပြီး အိုင်ကလောင်ဓာတ်ဆရာကြီး ဆရာလှိုင်ကိုယ်တိုင် စာရေးသူအား စစ်ဆေး မေးမြန်းပါသည်။ အစစ်အဆေးခံဖြေဆိုချက်များကို ဆရာကြီးကိုယ်တိုင် ကျေနပ် နှစ်သက် အားရ လက်ခံပြီိးမှသာလျှင် တပည့်အဖြစ်အသိအမှတ်ပြုပြီး စာရေးသူအား ကန့်ကူလက်လှည့် သင်ကြားပေးတော့သည်။ ဆရာကြီးထံတွင် ၅ နှစ်ကြာမျှ လေ့လာဆည်းပူး လက်ထပ် သင်ယူ ခွင့် ရခဲ့သည်။
စာရေးသူသည် ဟင်္သတခရိုင် အဖျောက်မြို့ဇာတိဖြစ်သည်။ ငယ်စဉ်က လောကဓာတ်ကျောင်း ( ယခုအခေါ် သပ္ပံပညာသင်ကျောင်း) ပညာသင်ကြားခဲ့သည်။ သို့ဖြစ်လင့်ကစား မြန်မာ့ရိုးရာ ပညာရပ်များကို ခုံမင်မိသည့်အလျှောက် ဗေဒင်လက်ရိုး၊ အဘိဓမ္မာသံခိပ်၊ အာဒိကပ္ပကျမ်း၊ နက္ခတ်ပညာ၊ အဘိဓမ္မာတောင်သာဓာတ်ကျမ်း၊ ဒွာဒသိမ်ကျမ်း နှင့် ဆေးကျမ်းပေါင်းများစွာကို ရှာဖွေစုဆောင်း လေ့လာမှတ်သားခြင်းများ ပြုလုပ်ခဲ့သည်။

ဤကျမ်းကို ပုဂ္ဂလပညတ် အခြေခံဓာတ်ကျမ်းဟူ၍ အမည်မှည့်ရသော်လည်း စာရေးသူသည် ကျမ်းပြုသူမဟုတ်ပါ။ ရှေးကပညာရှိကြီးများ ပြုစုခဲ့သော ကျမ်းတစ်စောင်ကို သုတေသီ ပုဂ္ဂိုလ်များလေ့လာကြရာတွင် လွယ်ကူစေရန်အတွက် ဆရာကြီးသင်ပြထားခဲ့သည်များနှင့် စာရေးသူ၏ အတွေ့အကြုံများကို ပေါင်းစပ်ရောမွှေကာ တစ်ဆင့်ပြန်လည် ရေးသားထား ခြင်းသာဖြစ်ပါသည်။ ပုဂ္ဂလပညတ်ဓာတ်ကျမ်း အခြေခံကိုရေးသားခြင်းအားဖြင့် ကျေးဇူးရှင် အိုင်ကလောင်ဓာတ်ဆရာကြီး ဆရာလှိုင်နှင့် ဆရာကျန်တို့အား လည်းကောင်း၊ ငယ်စဉ်ကစပြီး နက္ခတ်ပညာ၊ ဗေဒင်ပညာ၊ ဆေးပညာများကိုသင်ကြားပေးခဲ့သည့် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် အပေါင်းတို့အား လည်းကောင်း စာရေးသူအနေဖြင့် ကျေးဇူးဆပ်သည် မည်ပါစေသတည်း။

ပုဂ္ဂလပညတ်
ကကြီးအစ၊ အ အဆုံး (၃၃)လုံးသော အက္ခရာ၊ ရှစ်လုံးသောသရ ပေါင်း (၄၁)လုံးသောဝဏ္ဏတို့ သည် ပါဋ္ဌိကိုပြုပြင်ခြင်း၊ အဓိပ္ပါယ်ကိုပြုပြင်ခြင်း၊ နည်းအသွယ်သွယ်တို့ဖြင့် ဆန်းကျယ်လှစွာ သော လောကီ၊ လောကုတ္တရာ အဖြာဖြာတို့ကို ပြုပြင်စီရင်တတ်သောကြောင့် နိယာမပညတ် မည်၏။ ရှေးခေတ်က ဘုန်းတော်ကြီးကျောင်းများတွင် စာပေသင်ကြားပို့ချပုံကို အကျဉ်းမျှ လေ့လာကြည့်လျှင် မြန်မာ့ဆေးပညာများ ရှင်သန်ကြီးထွားလာအောင် မည်သို့ဖန်တီးထား သည်ကို အတန်အသင့် ရိပ်စားမိနိုင်သည်။ ထို့ကြောင့် သင်ကြားပုံစနစ်ကို အနည်းငယ်မျှ ဖော်ပြလိုပါသည်။
၁။ က၊ ခ၊ ဂ၊ ဃ၊ င မှာ စန္ဒြာ၊ သေလာမြေဓာတ်ဖို၊ ရှင်းအငန်ဟုဆို။
၂။ စ၊ ည၊ ဘောမ၊ ပညာသ၊ လေပြင်းဓာတ်ဖိုရ၊ တလိုင်းအခါးပ။
၃။ ဋသန်လျှင်းချိတ်၊ နငယ်ပိတ်၊ တစ်ကျိပ်သောရီပ၊ မီးတောက်ဓာတ်မ၊ ကုလားအချဉ်ရ။
၎။ ပ၊ ဖ၊ ဗ၊ ဘ၊ မ ငါးခု၊ ဂြိုလ်ဂုရု၊ ပံသုမြေဓာတ်မ၊ မြန်မာအဆိမ့်ကျ။
၅။ ယ၊ ရ နှစ်ခု ရာဟုလေမှုန်တိုင်း၊ အရိုင်းဓာတ်မ၊ တရုတ်တရက်ကျ၊ ယိုးဒယား အဖန်ရ။
၆။ လ၊ ဝ နှစ်ဦး၊ ဗုဒ္ဓဟူး ဓာတ်ဖို၊ ရေသီတာဟုဆို၊ မျိုးကိုကတူး၊ ရောနှောပူး ဆန်းထူးခါးချဉ်မျှ။
၇။ သုံးဦး သ၊ ဟ၊ ဠ သောကြာရေငန်ပ၊ ဓာတ်မသက်၊ ကသည်းကြိုက်လေ၊ အချိုသာ။
၈။ အ၊ အာ သရ၊ ရစ်ဌာန၊ သူရဇ္ဇနေ့စွဲ၊ မီးခဲဓာတ်ဖို၊ ဂျွမ်းအစပ်ဟုဆို။
အထက်ပါအတိုင်း ဗျည်းနှင့်သရများကို ကျောင်းသားများအား သင်ကြားပို့ချပြီး နှုတ်တက် အာဂုံဆောင်ခိုင်းသည်။ ယင်းတို့ကို ကောင်းစွာရရှိထားလျှင် ပုဂ္ဂလပညတ်ဓာတ်ကျမ်းအတွက် များစွာအထောက်အကူရပြီး အခြေခံဖြစ်လာနိုင်သည်။ ထိုလင်္ကာသည် ပုဂ္ဂလပညတ်အတွက် မည်မျှအရေးကြီးသည်ကို ပုံစံချပြီး ရှင်းပြပါဦးမည်။

ဆက်ပါဦးမည်။

Friday, November 28, 2008

ကျေးဇူးတော်နေ့ ကြက်ဆင်ကင်...

ဟန်လင်းထွန်း, November 27, 2008 8:25 PM

စားချင်တယ်။ စားချင်တယ် ။ စကားမစပ် ကျနော့်တို့ ဂေါ်လီမက အရမ်းလှနေတယ်နော်။ ပေါ့အိုင်းက လူကြီးဆန်လာပြီ။ ကလေးတွေကို အရမ်းသတိရတယ်။ လာလည်ဖို့ ကြိုးစားရအုန်းမယ်

masumon, November 27, 2008 9:45 PM

လာစားသွားတယ် အစ်မရေ
ကလေးတွေက လိမ်မာလိုက်တာနော်. အခုကတည်းက မေမေကို ကူညီချင်စိတ်ရှိတယ် တော်လိုက်တာ
စားချင်လိုက်တာနော် တကယ်ပြောတာ...

ဆောင်း, November 28, 2008 1:57 AM

သမီးလေးတွေက တုတ်တုတ်လေးတွေ ချစ်စရာလေးတွေ

Would you like to try my post!
http://saundoo.co.cc/2008/10/how-to-remove-word-verification.html

ဒူကဘာ, November 28, 2008 5:02 AM

ကျေးဇူးတော်နေ့ဆိုတာ အမှန်တော့ မိတ်ဆွေတွေ မိသားစုင်တွေ ပြန်ဆုံကြတဲ့ နွေးထွေးတဲ့ နေ့တနေ့ပါ...ပုံတွေ လာမြည်းသွားတယ်။

ကမာနီလာ, November 28, 2008 6:38 AM

ကျေးဇူးတော်နေ့မှာ မိတ်ဆွေတွေကိုဖိတ်ကာ ကျွှေးတဲ့ ကြက်ဆင်ကင်အ၀စားသွားတယ်၊
poppi ညီအမရေ ကြက်ကင်က ကောင်းမှကောင်းဟေ့၊

Wednesday, November 26, 2008

သတိရမိတဲ့ .... ငယ်ဘဝတွေ...(၃)

ကြုံခဲ့ရဘူးတယ်
ပုဂ္ဂလပညတ်ကျမ်းနှင့် ဂျာနယ်ကျော်မမလေး၏ ဆေးပညာဂျာနယ်ကို ဖတ်ရှုပြီး ကျွန်မ ငယ်စဉ်ကအကြောင်းတစ်ခုကို အမှတ်မထင် သတိရမိသွားပါတယ်။ ပုဂ္ဂလပညတ် ကျမ်းနှင့်တော့ မဆိုင်လှပါ။ ဆရာကြီးဦးသာတင့်၏ ပုဂ္ဂလပညတ် အခြေခံဓာတ်ကျမ်း နိဒါန်းတွင်ပါဝင်သော အချက်များထဲမှ ပယောဂနည်းဖြင့် ဆေးကုသခြင်းနှင့် ပတ်သက်နိုင် တယ်လို့တော့ထင်ပါတယ်။ ငယ်စဉ်က ကြုံတွေ့ခဲ့ရဘူးသည့် ကိုယ်တွေ့အဖြစ်အပျက်တစ်ခုကို သတိရမိ၍ စာဖတ်သူ များကို မျှဝေလိုက်ရခြင်း ဖြစ်ပါတယ်။

ကျွန်မငယ်စဉ် ကတည်းက မိဘများက ခြံဝယ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများကို စတင် လုပ်ကိုင်နေကြပါပြီ။ ကျွန်မကိုယ်တိုင်ကတော့ သိပ်မမှတ်မိတော့ပဲ မိဘများပြန်ပြောပြ ခြင်းကြောင့် မှတ်မိနေရပါတယ်။ ခြံထဲမှာ သစ်ပင်ကြီးများက အုပ်ဆိုင်းလှပြီး ဒညင်းပင်၊ သရက်ပင်၊ ပိန္နဲပင်နှင့် ဝါးရုံကြီးများဟာလည်း ကြီးမားလှပါတယ်။ အပင်များဟာ နေထိုင်ရာ တဲအိမ်နှင့်ပင် တော်တော်နီးပြီး သစ်ပင်ကြီး များပေါ်မှာ ကရင်နီကောင်၊ ခါချဉ်ကောင် များ ကလည်း အတော်ပေါများလှတယ်။ တနေ့ညနေ မိုးချုပ်ခါစအချိန်မှာ ကျွန်မကို ကရင်နီကောင် တစ်ကောင်ကိုက်လိုက်လို့ အဆိပ်တက်ပြီး ကျွက်ကျွက်ဆူအောင်ငိုနေတာ ဘာမှလုပ်ပေးလို့ မရပါဘူး။ အဖေ့ရဲ့အဖေ အဖိုးက ကျွန်မတို့နဲ့အတူရှိပေမဲ့ သူလည်းဘာမှ မလုပ်ပေးတတ် တာကြောင့် မြိုထဲကဆေးခန်းကိုသွားဖို့ပြောလို့ မိုးတော်တော်ချုပ်တဲ့အချိန်မှာ အဖေက ကျွန်မကိုကျောပိုးပြီး အမေကနောက်ကနေလိုက်လာကာ နှစ်ရွာသုံးရွာလောက်ကို ဖြတ်ကျော် သွားရတဲ့ ကျွန်မရဲ့မွေးရပ်မြေမြို့လေးကို ထွက်လာခဲ့ကြရပါတယ်။ ကျွန်မတို့ရဲ့ခြံလေးဟာ သုံးအိမ်စုရွာရဲ့ အပြင်ဘက်ကျတဲ့နေရာမှာရှိတာပါ။ ရွာထဲကအိမ်တွေကတော့ တစ်အိမ်နဲ့တစ် အိမ် တော်တော်လေးနီးကြပါတယ်။ ကျွန်မတို့ရွာပြင်ကတော့ ခြံတွေဟာ ၃-၄ ဧက ကျယ်ကြပြီး သစ်ပင်ကြီးတွေအုပ်ဆိုင်းနေတာကြောင့် ဘေးခြံတွေနဲ့လည်း အလှမ်းဝေး ပါတယ်။

ခြံထဲကထွက်ပြီး မြို့ကိုသွားဖို့အတွက် သုံးအိမ်စုရွာ၊ တောင်တစ်လုံး၊ တောင်တစ်ခြမ်း၊ မီးရထားဘူတာရုံတို့ကို ဖြတ်သွားပြီးမှ ကျွန်မတို့နေတဲ့မြို့ကအိမ်လေးကိုရောက်မှာပါ။ ခြံထဲက ထွက်ပြီး သုံးအိမ်စုရွာထဲကိုဝင်လိုက်တယ်ဆိုရင်ဘဲ ကျွန်မတစ်ယောက် အငိုရပ်ပြီး ကောင်းကင်ပေါ်က လကိုလက်ညှိုးထိုးပြီး အဖေ့ကျောပိုးပေါ်ကနေ စကားတတွတ်တွတ် ပြောနေပါတော့တယ်။ အဖေနဲ့အမေလည်း ကလေးဘာမှမဖြစ်တော့ပေမဲ့ ထွက်လာပြီးမှ အိမ်မှာနေတဲ့ အဖွားဆီကိုရောက်အောင်သွားပြီး အကျိုးအကြောင်းပြောပြမယ်ဆိုပြီး အိမ်ရောက်အောင်သွားလိုက်ကြပါတယ်။ အိမ်ရောက်တော့မှ အဖွားက “ဒါဟာသူတို့ စားသောက်ချင်လို့ ကလေးငိုအောင်လုပ်ပြီး တောင်းစားတာ.. အဖိုးတစ်ယောက်လုံးရှိနေတာ ဒီလောက်အထိလာရသလား” ဆိုပြီး အဖိုးကိုအပစ်တင်နေပါတော့တယ်။ အိမ်ပြန်သွားပြီး ထမင်းနဲ့ အလွယ်တကူရနိုင်တဲ့ ငါးပိရိုးကိုရောနယ်ပြီး စလောင်းဖုံးထဲထည့်ပြီး နောက်ပြန်ချ ပေးလိုက်ရင် ကိစ္စပြီးသွားပြီတဲ့၊ ပါးစပ်ကလည်း “ရော့ဒီမှာစားကြ” လို့ပြောလိုက်လို့ အဖွားကမှာပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်မထက်ငယ်တဲ့ ညီမလေးလည်း ခြံထဲမှာရှိနေပါတယ်။ သူ့ကျတော့ဘာမှမဖြစ်ပါဘူး။ လောလောဆယ်မှာ ကျွန်မက ကရင်နီကောင် ကိုက်ထားတဲ့ အနာကြောင့် ငိုနေတာကို အကြောင်းရပြီး အငိုမတိတ်အောင် လုပ်ထားတာလို့ အဖွားက ပြောတယ်ဆိုတာ နောက်ပိုင်းကျွန်မကြီးလာတော့ ပြန်ပြောပြတာတွေက သိခဲ့ရပါတယ်။

ကျွန်မတို့နေထိုင်ရာပတ်ဝန်းကျင်တွေမှာ အစွဲအလန်းတွေနဲ့ သေသွားကြပြီး မကျွတ်မလွတ်တဲ့ နာနာဘာဝတွေရှိနေကြတယ်ဆိုတာ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ ပဌာန်းဒေသနာတော် အကျယ်ဖွင့်ဟောထားသောတရား (သို့မဟုတ်) စာအုပ်ကို ဖတ်ရှု နာကြားဖူးသူတိုင်း သိထားကြပြီးထင်ပါတယ်။ ဆရာတော်ဟောကြားတဲ့အထဲမှာတော့ သေကာနီးအချိန်မှာ သူတို့စွဲလန်းတဲ့အပ်ါမူတည်ပြီး ဖြစ်သွားကြတာဖြစ်ပြီး တော်တော်ဒုက္ခ ရောက်ကြတယ်လို့ဆိုပါတယ်။ နေစရာမရှိလို့ လမ်းပေါ်မှာပဲနေရပြီး တချို့ဆို ကလေး တွေက အချင်းချင်း ဒုတ်တွေ၊ ခဲတွေနဲ့ ပစ်ပေါက်ကစားကြရင် သူတို့ကိုထိတတ်လို့ မနဲလွတ်အောင် ရှောင်ရတယ်လို့ ပြန်ပြောပြတာတွေကနေ သိရတယ်လို့ သာဓကတွေနဲ့ ဟောပြခဲ့ပါတယ်။ အချို့ ဒါန၊ သီလ ကုသိုလ်တွေလုပ်ထားပေမဲ့ သေကာနီးစိတ်စွဲလန်းမှုကြောင့် သားသမီးတွေ၊ ပစ္စည်းဥစ္စာတွေ၊ မိမိစွဲလန်းတဲ့ နေရပ်တွေမှာ နေစရာ၊ စားစရာမရဘဲ နေကြရပြီး ကုသိုလ်အမျှဝေကြမှ သာဓုခေါ်ပြီး ကောင်းရာအရပ်ရောက်ကြရတယ်လို့ ဟောကြားထားတာ နာခဲ့ရဖူးပါတယ်။ ဘလော့ဆိုက်ဘားမှ နိဗ္ဗာနဓမ္မဝပ်ဆိုက်ကိုဖွင့်ပြီး အရှင်ဇနကာဘိဝံသ ဟောသော ပဌာန်းဒေသနာတော် အခန်း ၁၇ ကို နာကြားကြလျင် ရှင်းရှင်းလင်းလင်း သဘောပေါက်သွားကြမှာ ဖြစ်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း ဒီအကြောင်းအရာနဲ့ သမီးကြီးကိုမွေးပြီးချိန်မှာ ကြုံတွေခဲ့ရဖူးပါသေးတယ်။

ကျွန်မသမီးကြီးကိုမွေးပြီး ရက် (၂၀) လောက်မှာပါ။ ဆေးရုံကြီးမှာဗိုက်ခွဲမွေးပြီး ဆေးပညာ တွေကိုဘာမှနားမလည်သလို ကလေးကိုဘယ်လိုပြုစုရမယ်၊ မိမိဘယ်လိုနေထိုင်ရမယ် ဆိုတာကို ပြောဆိုပေးနိုင်မဲ့ တတ်သိတဲ့သူလည်း တစ်ယောက်မှမရှိပါဘူး။ အဲ့ဒီနေ့က ယောက်ျားလုပ်သူက စတိတ်ရှိုးတခုမှာ သီချင်းသွားဆိုမယ်ဆိုတာနဲ့ အရက်၂၀သားလေးကို နားထဲဂွမ်းဆို့ပေးကာ အနှီးနှစ်ထပ်ထုပ်ပြီး သီချင်းနားထောင်ချင်လို့ လိုက်သွားခဲ့ပါတယ်။ အစစအဆင်ပြေပြေပါပဲ။ ကလေးကလည်း တီးဝိုင်းကဆူညံတဲ့အသံတွေကို ဘာမှမကြားသလို အအိပ်တောင်မပျက်ပါဘူး။ စတိတ်ရှိုးပြီးသွားပြီး အိမ်ပြန်လမ်းမှာလည်း အေးအေးဆေးဆေး ပါပဲ။ ပြဿနာက အိမ်ပြန်ရောက်မှစတာ။ ကျွန်မတို့နေတဲ့အိမ်နဲ့ လမ်းတလျောက်ကလည်း သစ်ပင်ကြီးတွေ အုပ်ဆိုင်းဆိုင်းပါပဲ။ ဒီလမ်းအတိုင်းပြန်လာပြီး ကလေးကိုလည်း ဒီအတိုင်း ချီလာခဲ့တာ ခြံထဲဝင်ကာမှ သမီးကနိုးပါတော့တယ်။ သမီးကြီးဟာ မွေးစဉ်က ကိုယ်ဝန်ဆိပ် တက်ခြင်းကြောင့် လမစေ့ပဲ မွေးခဲ့ရပါတယ်။ ငိုလျင်အသံဟာသေးသေးလေးနဲ့ တော်တန်ရုံနဲ့ လည်းမငိုတတ်ပါဘူး။
အဲ့ဒီညက အိမ်ပြန်ရောက်တယ်ဆိုရင်ပဲ ငိုလိုက်တဲ့သမီးဟာ ဘယ်လိုမှ မရပ်တော့ပါဘူး။ ချီထားလို့လဲမရ၊ ချထားလို့လဲမရ၊ နို့တိုက်လို့လဲမရတဲ့သမီးကို လင်မယား နှစ်ယောက်ကြည့်ပြီး ဘာမလည်းမလုပ်တတ်ပါဘူး။ ဗိုက်များနာသလား ဆိုပြီး ဗိုက်ကိုမုံညှင်းဆီ လိမ်းပေးလည်း အငိုမရပ်ပါဘူး။ မျက်နှာတွေပျက်နေကြပြီး ကလေးငယ်ငယ်နဲ့ လမ်းသလား ချင်မိတဲ့ကိုယ့်ကို ယောက်ျားအပစ်တင်မှာလည်း စိုးရိမ်ရပါသေးတယ်။ သူကတော့ သူ့ကိုအားသွားပေးတဲ့ ပရိတ်သတ်ကို လေးစားတဲ့အနေနဲ့ ဘာမှမပြောခဲ့ပါဘူး။ ကိုယ်ကတော့ ကလေးငိုတာက တဖက်၊ အဆူခံရမှာစိုးတာကတဖက်နဲ့ ဘယ်လိုလုပ်ရပါ့မလဲဆိုတာကို ခေါင်းပူအောင် စဉ်းစားရပါတယ်။ အဲ့ဒီအချိန်မှာ ကံကောင်းထောက်မစွာ ငယ်စဉ်ကမိမိအဖြစ်ကို မိဘတွေ ပြန်ပြောပြထားတာကို အမှတ်ရမိပြီး အခန်းထဲမှာ အဆင်သင့်ရှိနေတဲ့ စားမကုန်ပဲကျန်နေတဲ့ ထမင်းပန်းကန်ကို ကောက်ယူလိုက်ပြီး ကလေးကို သူ့အဖေနဲ့ထားခဲ့လိုက်ပါတယ်။ အိမ်ရှေ့ ဝရန်တာကိုထွက်ပြီး ခြံထဲကို ပန်းကန်ထဲမှာကျန်နေတဲ့ ထမင်းတွေကို နောက်ပြန်ပစ်လိုက်ပြီး ပါးစပ်ကလည်း အဲ့ဒီမှာစားကြလို့ ပြောလိုက်ပါတယ်။ လုပ်သာလုပ်ရတာ ကိုယ်ကလဲ သိပ်ကြောက်တတ်တာ။ ဘုရားစာလည်းတဖက်ကရွတ်ရသေးတယ်။ အဲ့ဒီလိုပစ်ကျွေးလိုက်ပြီး ကိုယ်လဲကြောက်ကြောက်နဲ့ အိမ်ထဲကိုပြန်ဝင်လာလိုက်တယ်။ အဲ့ဒီတော့မှ သမီးလည်း အငိုတိတ်ပြီး နို့စို့ပါတော့တယ်။ ကျွန်မလည်း ကိုယ်အယူအဆမှန်သွားပေမဲ့ ယောက်ျား ကိုတော့မပြောရဲပါဘူး။ သူကဒါတွေကို သိပ်အယုံအကြည်မရှိဘူးလေ။ ဒါပေမဲ့ သမီးလေးဘာ ကြောင့်ငိုတယ် ဘာ့ကြောင့်အငိုတိတ်သွားတယ် ဆိုတာကိုသူမသိပေမဲ့ အံ့သြနေတာတော့ ရှိပါတယ်။
အမှန်အတိုင်းပြောရရင် ကိုယ်ကိုယ်တိုင်ကဒါတွေကို သိပ်ပြီးယုံကြည်ခဲ့လှတာမဟုတ်ပါဘူး။ တစိတ်တပိုင်းသာ သိထားတာနှင့် စမ်းသပ်ကြည့်လိုက်တာသာဖြစ်ပါတယ်။ အဲ့ဒီအဖြစ်ပြီးမှ ဒါတွေဟာ ပစ်ပယ်ထားလို့မရပဲ သိထားသင့်တယ်လို့ယူဆကာ ဆရာတော်တရားနာပြီးမှ အပြည့်အဝ ယုံကြည်ခဲ့တာဖြစ်ပါတယ်။ ကျွန်မတို့ပတ်ဝန်းကျင်မှာ စွန့်ပစ်စာတွေစားတတ်တဲ့ နာနာဘာဝ (သရဲတစ္ဆေ ပိတ္တာ)တွေကို ကြောက်စရာမလိုဘဲ မေတ္တာပို့အမျှအတန်း ပေးဝေ နိုင်ရင် သူတို့တတွေအတွက်လည်း အကျိုးရှိပြီး ရွှင်လန်းဝမ်းမြောက်ကြမှာပါ။ မိမိတို့လည်း အန္တရာယ်ကင်းရှင်းစွာ နေနိုင်ကြမှာဖြစ်ပါတယ်။ နောက်ပြီးသူတို့က သီလသမာဓိရှိတဲ့သူနဲ့ မရှိတဲ့သူတွေကိုလည်း ခွဲခြားနိုင်တယ်လို့ ကြားဖူးခဲ့ပါတယ်။

ကျေးဇူးတင်ပါတယ်...

Saturday, November 22, 2008

ပုဂ္ဂလပညတ် အခြေခံဓာတ်ကျမ်း နိဒါန်း... ဆရာကြီးဦးသာတင့်


ုဂ္ဂလပညတ်ဓာတ်ကျမ်းနှင့်ပါတ်သက်၍ ဆရာကြီးဦးသာတင့်ရေးသားသော ပုဂ္ဂလပညတ် အခြေခံဓာတ်ကျမ်း၏ နိဒါန်းတွင်ရေးသားထားသောအချက်များထဲမှ အချို့ကို ကောက်နှုတ် တင်ပြလိုက်ပါတယ်။

မြန်မာ့ရိုရာပုဂ္ဂလပညတ်ဓာတ်ပညာကို လျို့ဝှက်သည်ဟု အများက အသိအမှတ်ပြုကြသည်။ အများအသိအမှတ်ပြုကြသကဲ့သို့ လျို့ဝှက်ခြင်းလည်းရှိပါ၏။ နက်နဲခြင်းလည်းရှိပါ၏။ ယင်းသို့ ဖြစ်ရသည်မှာ နှောင်းလူများ မတတ်မြောက်စေလိုသော ကျဉ်းမြောင်းသည့် အမြင်ဖြင့် လျို့ဝှက်ထားခဲ့ခြင်း မဖြစ်နိုင်ချေ။ သီလ၊ သမာဓိမရှိဘဲ လောဘ၊ ဒေါသ၊ အလိုရမ္မက် ကြီးမား သူများ ဤပညာကိုတတ်မြောက်သွားပါက အလွန်တရာဘေးဥပဒ်အန္တရာယ် များနိုင်သည်။ ဤပညာတတ်မြောက်သူမှာ ရန်ဓာတ်၊ မိတ်ဓာတ်တို့ကို သိရှိနားလည့်အလျှောက် အခြားသူ တစ်စုံတစ်ယောက်ကို နာစေ၊ ဖျားစေ၊ ပျက်စီးစေ၊ ကောင်းစားစေနိုင်သည်။ သို့ကလို ဘေးအန္တရာယ်များပြားလှသည့် ပညာရပ်ဖြစ်သဖြင့် သီလ၊ သမာဓိပြည့်စုံသူ ပညာရှိများ သာလျှင် တွေးတော၊ ကြံဆ လေ့လာနိုင်ရန်အတွက် လျှို့ဝှက်စွာထားခဲ့ခြင်း ဖြစ်တန်ရာသည်။

ဤသို့ လျှို့ဝှက်ခဲသည့် ပညာရပ်ကို တိမ်ကောမသွားစေရေးအတွက် တတ်စွမ်းသမျှ ကြိုးပမ်း အားထုတ်ရန် စာရေးသူတွင်ဆန္ဒရှိပါသည်။ အလားတူပင် လက်လှမ်းမီိသူများ၊ အခြေခံမှစ၍ တစ်ဆင့်ပြီးတစ်ဆင့်တက်လှမ်းကာ သိသင့်သိထိုက်သည်များ၊ တတ်သင့်တတ်ထိုက်သည် များကို တတ်သိကျွမ်းကျင်ရန်လည်း ဆန္ဒရှိပါသည်။ ထို့ကြောင့် ဤပညာကို တတ်ကျွမ်းသမျှ ဖော်ထုတ်ရေးသားရခြင်းဖြစ်ပါသည်။ လူသားတိုင်းသည် ကျန်းမာရေးနှင့် ပြည့်စုံလိုကြ၏။ ပြည့်လည်းပြည့်စုံသင့်ပေသည်။ မိမိတို့နေ့စဉ်မှီဝဲစားသောက်နေကြသော အစာအာဟာရ များကို သင့်မသင့် လျှော်မလျှော် ချင့်ချိန်ပြီးမှန်မှန်ကန်ကန် မှီဝဲစားသောက်တတ်ကြခြင်း အားဖြင့် အသက်ရှည်ရာ အနာမဲ့ကြောင်း နည်းလမ်းကောင်းများကို လိုက်နာကျင့်ကြံနေခြင်း လည်းမည်ပါသည်။

စာရေးသူမှာ အသက် (၇၆) နှစ်ရှိပြီိ။ မတိမ်ကောမပပျောက်သင့်သည့် ပညာရပ်များ တိမ်ကော ပပျောက်သွားမည်ကို စိုးရိမ်သောကြောင့် ထိမ်းသိမ်းသည့်အနေဖြင့် ဇရာကိုအန်တုပြီး ရေးခဲ့ခြင်းဖြစ်သည်။ ပညာရှင်တို့သည် မိမိတတ်ကျွမ်းသည့်ပညာကို တဆင့်ပြန်လည် ဖြန့်ဝေရာတွင် ဆရာစားချန်တတ်ကြ၏။ ထိုအလေ့အထသည် မြန်မာပညာရှင် များထဲတွင် အတော်အသင့်လည်း အမြစ်တွယ်ကြီိးထွားခဲ့သည်။ ထို့ကြောင့် မတိမ်ကောမပပျောက် သင့်သည့် အတတ်ပညာအမြောက်အများတို့ တိမ်ကောပျောက်ကွယ်ခဲ့ရပြီကို ဝမ်းနည်းဖွယ်ရာ တွေ့ရပေသည်။ တပည့်ကို ဆရာကပညာသင်ကြားပေးရာတွင် တတ်သိသမျှ အတတ်ပညာ တို့ကို အိတ်သွန်ဖာမှောက် သင်ကြားပြသပေးရန်လိုသည်။ တပည့်ကလည်း ဆရာ သင်ကြားပေးသည့် အဆင့်မှာပင် တင်းတိမ်ရောင့်ရဲခြင်း ဖြစ်မနေဘဲ ဆရာထက်အစွမ်းထက် နိုင်ရန် ကြိုးစားရမည်။ သို့မှသာ အတတ်ပညာများ တစ်စထက်တစ်စ တိုးတက်ရင့်သန်ကာ လူ့လောကကြီးကလည်း တိုးတက်မည်။ ယင်းသို့မဟုတ်မူဘဲ ဆရာကလည်းဆရာစားချန်၊ တပည့်ကလည်း ဆရာသင်သမျှနှင့် ရောင့်ရဲနေပါက အတတ်ပညာ၊ အသိပညာတို့၏ အသီးအပွင့်အခက်အလက်တို့သည် တစ်ခေတ်ထက်တစ်ခေတ် အညွန့်တုံးကာ လုံးဝ ပျောက် ကွယ်သွားပေမည်။

မြန်မာဆေးသမိုင်း
မြန်မာနိုင်ငံတွင် ပုဂံခေတ်အနော်ရထာမင်းစောလက်ထက်မှစပြိး ရတနာပုံမြို့တည် နန်းတည် မင်းတုန်းမင်းလက်ထက်တိုင်အောင် မြန်မာဆေးပညာများကို ဂါမဝါသီခေါ် ရွာဦးထိပ်၌ ကိုးကွယ်ထားခဲ့ကြသော ဆရာဘုန်းတော်ကြီးများက ရှာဖွေဆည်းပူး လေ့လာခဲ့ကြသည်။ တိုးတက်မှုကို ရှာကြံခဲ့ကြသည်။ အလွန်တရာလည်း တိုးတက်ခဲ့သည်။ ထိုခေတ်အခါက မြန်မာတို့၏ ကုထုံးနည်းများမှာ …
၁။ ဗိန္ဓောနည်း
၂။ ဓာတ်နည်း
၃။ နက္ခတ်နည်း
၎။ ဗရင်ဂျီနည်း
၅။ ပယောဂနည်း ဟူ၍ရှိခဲ့သည်။

၁။ ဗိန္ဓောနည်း ဟူရာ၌ ဆေးမြစ်ဆေးဥတို့ကို စုဆောင်းထောင်းထု အမှုန့်ပြု၍သော် လည်းကောင်း၊ အရည် အခိုး သင့်လျှော်ရာပြုလုပ်စီရင်၍သော်လည်းကောင်း လူနာနှင့် လိုက်ဖက်ညီထွေရှိစေရန် ရေလဲအမျိုးမျိုးဖြင့် ကုသောနည်းဖြစ်သည်။

၂။ ဓာတ်နည်းဟူရာ၌ အစားအသောက်တို့ကိုသင့်လျော်အောင် ရွေးချယ်ပြီး ဝေဒနာ အလျောက် စားသောက်စေခြင်း၊ လိမ်းစေ လူးစေခြင်းစသောနည်းဖြစ်သည်။

၃။ နက္ခတ်နည်းဟူရာ၌ ဓာတ်နည်းကဲ့သို့ပင် နက္ခတ်ရာသီကိုချင့်ချိန်၍ အစာနှင့်ဆေးကိုဖြစ်စေ၊ အမျိုးမျိုးကိုဖြစ်စေ ပေး၍ကုသောနည်းဖြစ်သည်။

၎။ ဗရင်ဂျီနည်းမှာမူမြန်မာနည်းမဟုတ်ချေ။ သက္ကရာဇ် (၉၇၄) ခုနှစ်တွင် အနောက်ဘက်လွန် မင်းတရားကြီးသည် ငစင်ကာအမည်ရှိ ပေါ်တူဂီလူမျိုး သန်လျင်မြို့စားကို တိုက်ခိုက် အောင်မြင်တော်မူခဲ့သည်။ ယင်းသို့အောင်မြင်ရာတွင် ကုလားဖြူ (၈၀၀)နှင့် ကုလားနက် (၂၀၀၀) တို့ကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး နေမြေ၊ စားမြေတို့ကိုပေးသနားတော်မူကာ မြန်မာနိုင်ငံအတွင်း၌ နေထိုင်ခွင့်ပြုခဲ့သည်။ ထိုအချိန်မှစပြီး ဗရင်ဂျီကုထုံးနည်းများ မြန်မာနိုင်ငံအတွင်း၌ ပြန့်ပွားလာခဲ့ခြင်းဖြစ်သည်။ ထိုနည်းသည် ရုတ်တရက် ထိခိုက်နာကျင် ခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်း၊ အနာပေါက်ခြင်း၊ အကြောဆွဲခြင်း၊ အဆစ်အရိုးများ ကြိုးခြင်းတို့ကို လျင်မြန်စွာပျောက်ကင်းစေသည်။

၅။ ပယောဂနည်းမှာ စုန်းပူး၊ နတ်တိုက်၊ ဆေးမိ၊ အင်းမြှုပ်၊ သူတစ်ပါးပြုလုပ်ပြုစားသော ဝေဒနာများကို အင်းအိုင်လက်ဖွဲ့၊ ဂါထာမန္တရား၊ သီလသမာဓိ စသည်တို့ဖြင့် ကုသခြင်းဖြစ်သည်။ ထိုနည်းမှာလည်း အလွန်တရာအံ့သြလောက်အောင် ကုသနိုင်ကြောင်း ကျမ်းဟောင်းများ၌ ရေးသားဖော်ပြထားသည်များကို မြင်တွေ့ရသည်။ ယခုမူ ယုံကြည်သူ နည်းပါးလာကြလေကုန်ပြီ။ ဤသို့ ယုံကြည်သူနည်းပါးလာရသည်မှာ ထိုပညာကို တိုးတက် အောင် လုံ့လဝါယမ စိုက်ထုတ်ကြိုးပမ်းခြင်း မပြုခဲ့ကြသောကြောင့် ပညာအနေဖြင့် တဖြည်းဖြည်း ဆုတ်ယုတ်လာခြင်းဖြစ်သည်။

ဆက်ရန်…

အမျိုးသားဆေးပညာ... ဂျာနယ်ကျော်မမလေး










ဓာတ်ပညာမှာ
အစစ်ဆေးခံသော
ပညာတစ်ရပ်လည်းဖြစ်သည်။


ဒေါ်မမလေးရှင့်
စာတစ်စောင်ရာက်လာ၍ ပို့လိုက်ပါသည်။ ကျွန်မအနာများလည်း ဒေါ်မမလေးဆေးနှင့်မှပဲ လက်စသတ်ပျောက်ကုန်ပါတော့သည်။ နဂိုက မြန်မာဆေးလက်လွှတ်သူမဟုတ်သော်လည်း ဒေါ်မမလေးဆောင်းပါးဖတ်ပြီးမှ ပိုမိုလေးစားမိပါသည်။ စာဖတ်ပရိတ်သတ်များ မြန်မာ့ဆေးကို ဂရုစိုက် လေးစားလာစေသော ဆောင်းပါး ထပ်မံရေးသားပေးပါရန် တောင်းပန်ပါသည်။
ကျေးဇူးတင်လေးစားစွာဖြင့်
ခင်လတ်

သွေးသောက်မဂ္ဂဇင်းတိုက်ရှင် ဒေါ်ခင်လတ်၏စာနှင့် တက္ကသိုလ်နယ်မှ ပေးပို့လိုက်သော စာတစောင်ကို ဖောက်၍ဖတ်ကြည့်ရာ မန္တလေးမြို့ စိန်သန်းပိုးထည်တိုက်မှ ရောဂါသည် တဦး၏ ဆေးကုသပေးရန် တောင်းပန်စာတစောင်ဖြစ်နေလေသည်။ ဇန်နဝါရီလထုတ် သွေးသောက်တွင် “တီဘီလား” ဟူသောဆောင်းပါးကိုရေးရင်း အကြောင်းသင့်သဖြင့် အမျိုးသား ဆေးပညာကျွန်မလိုက်စားခဲ့ပုံအကြောင်းများ ထည့်သွင်းရေးသားခဲ့သည်။ သွေးသောက်မဂ္ဂဇင်းထွက်ပြီးနောက် အရပ်ရပ်အနယ်နယ်မှ ဝေဒနာသည်တို့၏ စာများ နေ့စဉ်လိုလိုအလျှိုအလျှိုရောက်လာနေသည့်အပြင် ကျွန်မထံသို့ဝေဒနာသည်များ ကိုယ်တိုင် လိုက်လာကြကာ စွဲကပ်နေသည့် ဝေဒနာတွေကို မြန်မာ့နည်းဖြင့် ကုသပေးရန် ဝိုင်းတောင်းပန်ကြလေသည်။ ကျွန်မမှာ စာရေးဆရာအဖြစ်မှ အရပ်ကသတ်မှတ်၍ ဆေးဆရာ ဖြစ်ရတော့မလို ဖြစ်နေပေသည်။ အမျိုးသားဆေးပညာကို သင်ကြားစဉ်က မိမိအဖို့တွင် မဟုတ်ဘဲ အခြားသူများ၏ ကျန်းမာရေး၊ ချမ်းသာရေးကို အကူအညီပေးနိုင်သည့်အဖြစ် ရောက်ပါစေဟူသောစေတနာဖြင့် သင်ကြားခြင်းဖြစ်သည်။ ထိုစေတနာအတိုင်း ရင်းနှီးသော ရောဂါသည်လူမမာများ၏ ကျန်းမာရေးကို အထောက်အကူပေးနိုင်ခဲ့သည်။ ဤပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုရန် စိတ်ကူးထဲပင် မထည့်ခဲ့ပေ။ ဝေဒနာခံစားနေသူတဦး ကုသ၍ ပျောက်ကင်းချမ်းသာရာရလျှင် ကျေနပ်၍မဆုံးနိုင်သည့် ပီတိသည် ပညာသင်ရကြိုးနပ်ခြင်း ပေတည်း။

ဆေးပညာတတ်စကဆိုလျှင် ဝေဒနာသည်တွေ့လျှင် ပျောက်စေချင်စိတ်ဖြင့် မနေနိုင်မထိုင်နိုင် သွားရောက်ကုသပေးတတ်သည်။ ဆေးဆရာအမည်ခံ၍တော့ တခါမျှဆေးမကုခဲ့ဖူးချေ။ ဆေးကုသခံသော သူတိုင်းကလည်း ကျွန်မအား ဆရာလိုမဆက်ဆံချေ။ နားလည် တတ်သိသည့် သူတဦးအဖြစ်နှင့်သာ ယုံကြည်အားကိုးကြသည်။ ကိုယ့်ကိုယ်ကိုယ် ဆေးဆရာ မသမုတ်ဘဲနှင့် ဆေးကုပေးချင်၍ မရကြောင်း သာဓကတခုကိုမူ ရေးသားဖော်ပြလိုပေသည်။ စာရေးဆရာ ဇော်ဂျီ၏ မျက်နှာတွင် မျက်ခုံးနှစ်ဘက်ကြား နှာယောင်၌ ကွမ်းသီးလုံးခန့် မြင်းဖု ကြီိးကိုတွေ့ရသည်။ “ဆရာ … ဒီိမြင်းဖုကြီိးကိုမကုဘူးလား” ဟု ကျွန်မကမေးသည်။ “ကုတာပဲကွယ့်…. ဆေးရုံတက် မေ့ဆေးပေးပြီးခွဲကုတယ်၊ ခွဲပြီးနောက်လဲ ပြန်ဖောင်းဖု ကြီးလာတာပဲ..၊ သူတို့အဆိုက သိပ်မကြီိးခင်ခွဲလို့ ပြန်ဖောင်းလာတာလို့ ပြောတယ်။ ဒီတခါ သိပ်ကြီးလာမှ သွားခွဲမလို့ပဲ..”
ရန်ကုန်သတင်းစာတိုက်ပေါ်တွင် စာရေးဆရာကိစ္စနှင့် တွေ့ကြစဉ် ကျွန်မမေးမြန်းလိုက်သော မေးခွန်းကို ဆရာက ရိုးရိုးအနာသတင်းမေးသလိုသာ အောက်မေ့ထင်မှတ်ပုံရှိသည်။ “မြန်မာနည်းနဲ့များ တခါတည်း အမြစ်ပါပြတ်ပြီးပျောက်သွားအောင် မကုချင်ဘူးလား ဆရာရယ်” ဟု ကျွန်မကဆက်မေးသည်။ “အေး.. ကုတော့ကုချင်သားပဲ၊ ဒါပေမဲ့ မြန်မာဆေးကကွယ် စားဆေးတွေတင်ပြီး အနာကြီးဖြစ်လာမှာ ဆရာကြောက်တယ်။ ဒါကြောင့် မကုတာ”
“ မခွဲစိတ်ရဘဲ၊ အနာမဖြစ်ရဘဲ ညင်ညင်သာသာကလေးနဲ့ ပျောက်မသွား ချင်ဘူးလားဆရာ” ကျွန်မကထပ်ရှည်လိုက်၍ …
“နေစမ်းပါဦးဟ၊ မမလေးက ဆေးဆရာများဖြစ်နေသလား” ဟုပြောကာ ရယ်နေလေသည်။ ကျွန်မအပြောမရပ်။ ဆရာ့ဝေဒနာပျောက်စေချင်၍ ဆရာသိအောင် ဖွင့်ပြောရလေသည်။ “ဆေးဆရာတော့ မဟုတ်ပါဘူး ဆရာရယ်၊ ဒါပေမယ့် အနာရောဂါဝေဒနာကိုတော့ ပျောက်အောင် ကုပေးနိုင်ပါတယ်။ ဆရာ ဒီမြင်းဖု ပျောက်ချင်ရင် ကျွန်မကုပေးမယ်လေ” ဆရာကလည်း ရယ်နေရာမှ ကျွန်မကိုခပ်တည်တည်ပြန်ကြည့်ကာ … “မမလေးနည်းက ဘာနည်းလဲကွယ့်၊ ကန်တော့ပွဲပေးပြီး ဥုံတို့- ဖွတို့၊ ပျောက်စေတို့နဲ့ ဂါထာ မန်းမှုတ်ကုမှာလား” ဟုပြောလျက် ပြုံးနေလေသည်။ နတ်လိုလို၊ မှော်လိုလို၊ အထက်ဂိုဏ်းလိုလို၊ဟိုဂိုဏ်းဝင်၊ သည်ဂိုဏ်းဝင် စသည်ဖြင့်လိုက်စားကြသည့်အထဲတွင် အများအားဖြင့် မိန်းမများက ယုံလွယ်ကာ သဲသဲမဲမဲစွဲလန်းယုံကြည် လိုက်စားတတ်ကြသောကြောင့် ကျွန်မအား ထိုကဲ့သို့မှတ်၍ မေးလိုက်လေသလားဟု နားထဲတွင် ထောက်သွားမိသည်။ ကျွန်မအား အမျိုးသားဆေးပညာကို ယုံကြည်အားထားနေသည်ဟု ဆရာဘယ်နည်းနှင့်မျှ ထင်ပေလိမ့် မည် မဟုတ်ချေ။ အများနည်းတူတခုခုဖြစ်လျှင် အင်္ဂလိပ်ဆေးသာယုံကြည်သုံးစွဲရမည်ဖြစ်၍ ဒီနည်းမဟုတ်ရင် ဟိုနည်းများလားဟု အောက်မေ့စရာဖြစ်နေသည်။
“ ဒီနည်းမျိုးတွေနှင့် ကုပေးမှာမဟုတ်ပါဘူးဆရာ၊ ဒီဟာတွေလဲ ကျွန်မမလိုက်စားတတ်ပါဘူး၊ ဆရာ့ကို ကျွန်မ ကုပေးမယ်နည်းက ဟိုနှစ်ပေါင်းတစ်ထောင်လောက်က ထွန်းကားခဲ့တဲ့ မြန်မာနည်း၊ ဆရာဇီဝက နည်းပါ”
ကျွန်မအဖြေကို အနားတွင်ဝိုင်းထိုင်နေကြသော မြို့မဆရာဟိန်တို့ပါ သောသောညံအောင် ရယ်မောလိုက်ကြလေသည်။ ဆရာဇော်ဂျီကို ကျမငယ်ငယ်ကတည်းက သိခဲ့သည်။ ကျွန်မတို့ နေရပ်ဇာတိ တစ်မြို့တည်းလည်းဖြစ်ကြသည်။ စာပေလိုက်စားစဉ် ငယ်ငယ်ရွယ်ရွယ်က ဆရာရေးသော ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ ပြဇာတ်များကို နှစ်ခြိုက်သဘောကျကာ တရိုတသေ သိမ်းဆည်း စုဆောင်းရလေသည်။ ကျွန်မကို စာပေနယ်နမိတ်ထဲသို့ရောက်အောင် ဆွဲဆောင် နိုင်သူများတွင် ဆရာလည်းပါလေသည်။ စာပေရေးသားနည်းအတတ်ပညာ၊ စာရေးဆရာ တဦး၏ ရင့်သန်ပြီး အနုပညာမြောက်နေသည့် လက်ရာဟန်တို့ကို လေ့လာဆည်းပူးသည့်အခါ ဆရာဇော်ဂျီ၏ ဝတ္ထုတို၊ ပြဇာတ်နှင့် ကဗျာများမှာလည်း ရင့်သန်သောအသိဉာဏ် တိုးစေ ခဲ့သည်။ ဆရာ၏ကျူပင်ကဗျာ၊ သားချော့တေးကဗျာများတွင် တေးဂီတဟန်နှင့် ဆိုရသည့် အသံမှာ ဋ္ဌာန်ပေါ်နေကာ၊ အဓိပ္ပါယ်အနက်ဖော်ပြပုံ သရုပ်ပါလှပေသည်။ ကဗျာတွင်မဟုတ်၊ ဝတ္ထုတို- ပြဇာတ်တို့၏အဖွဲ့အနွဲ့တွင် ထူခြားစွာပေါ်နေသည့်အရောင်အသွေး၊ ဆရာ့ဟန် ဆရာ့မူကို စွဲစွဲလန်းလန်းမှတ်သားမိနေသည်။ စာပေရှေ့ဆောင်ပုဂ္ဂိုလ်တဦးအနေဖြင့် ဆရာ့ကို ကြည်ညိုခဲ့သည်။ လေးစားခဲ့သည်။

ထိုကဲ့သို့ ကျွန်မကြည်ညိုလေးစားသော ဆရာတဦိး၌ အနာရောဂါရနေခြင်းကို ပျောက်ကင်း ချမ်းသာစေချင်သော စေတနာမှာ ပြင်းပြနေမိရချေသည်။ ဆရာဆေးရုံမတက်စေရ၊ မေ့ဆေး ပေးပြီးမခွဲစေရ၊ မြန်မာနည်းနှင့် ညင်ညင်သာသာ အမြစ်ပါပြတ်၍ ချမ်းသာပျောက်ကင်းရန် မကု ကုအောင်တိုက်တွန်းမည်။ မရ ရအောင်ကုမည်။ ထိုနေ့၊ ထိုနေရာ၌ သည်အတိုင်း စိတ်ထဲတွင်ဖြစ်မိသည်။ များမကြာမီ ဆရာနှင့်တွေ့ကြပြန်သည်။ “ ကုပါဆရာရယ်၊ စားဆေးလဲ မတင်ပါဘူး၊ ဆရာ့မြင်းဖုဟာ သက်သက်သာသာနဲ့ ပျောက်ရပါစေမယ်၊ ကျွန်မ အာမခံပါ တယ်” ။ ကျွန်မကဆရာ့ကို တစာစာတိုက်တွန်းပြောဆိုနေလေသည်။ တပူပူတဆာဆာ ပြောလွန်း၍လားမသိ၊ “အေးကွယ်၊ ကုတာပေါ့” ဟု နောက်ဆုံး၌ အားနာပါးနာ ပြန်ပြော လေသည်။ ဆရာ၏ အားနာပါးနာပြောနေပုံကို အားမရ၍ ကျွန်မကိုယုံကြည်နိုင်ပါစေတော့ ဟု ရည်စူးကာ အမျိုးသားဆေးပညာသဘောကို အရိပ်အငွေ့ ပြော၍ပြသည်။ “လောကကြီးကို အုပ်စိုးနေတာ အပူနဲ့အအေး တရားနှစ်ပါးပဲဆရာ၊ တစ်မိုးအောက်မှာ သက်ရှိသက်မဲ့တွေကို ကြည့်ပါဆရာ၊ နှစ်မျိုးနှစ်စား တွေ့ရပါလိမ့်မယ်။ ဥပမာ ကျွဲလည်းရှိတယ်၊ နွားလည်းရှိတယ်၊ အုန်းသီးရှိသလို၊ သခွားသီးလည်း ရှိလာပါတယ်။ အပူစာ၊ အအေးစာရှိသလို လူတွေမှာလည်း ထိုနည်းနှင်နှင်ပါပဲ၊ နှစ်မျိုးကွဲပြားပါတယ်။ အပူစာ၊ အအေးစာ နှစ်မျိုးနှစ်စား ရှိပါတယ်…။ အစာ အာဟာရတိုင်း လူတိုင်းလူတိုင်းနဲ့ မတည့်ပါဘူး၊ သည်အစာပဲ တည့်တဲ့သူနဲ့ တည့်တယ်၊ သည်အစာပဲ မတည့်တဲ့လူနဲ့ မတည့်ပါဘူး…။ ဘာ့ကြောင့် သူနဲ့ကြတော့တည့်တယ်၊ ဘာ့ကြောင့် သူနဲ့ကြတော့ မတည့်ဘူးဆိုတာ စဉ်းစားစရာ အင်မတန်ကောင်းပါတယ်။ ဓာတ်ကြီးလေးပါးသဘောကိုသိပြီး ဓာတ်ဖိုဓာတ်မ၊ အပူအအေးခွဲခြားသိမြင်နိုင်ရင် ကျန်းမာရေး ဘက်မှာ ဖူလုံနိုင်တာပါပဲ”
ကျွန်မလည်း ဟိုပြောသည်ပြောနှင့် ပညာ၏အစအန အစိတ်အပိုင်းကို လျှောက်ပြောနေမိ သည်။ ဆရာသည် ငြိမ်သက်စွာနားထောင်လျက် နေလေသည်။ ကျွန်မပြောနေသည့် အချက် များကို စိတ်ဝင်စား၍တည်ငြိမ်စွာ နားထောင်နေခြင်းဟု မထင်မိပေ။ ဆရာနဂိုကိုယ်၌ ကိုက တည်ငြိမ်သောအသွင်ရှိလေသည်။ ဆရာ့အဖို့တွင် အနာကိုကုဖို့ရန် ကျွန်မမှာဆေးဆရာလည်း မဟုတ်၍ ယုံကြည်ဖို့ရန် စဉ်းစားနေသလားလည်းမသိပေ။ မလောက်လေးမလောက်စား ဖြစ်နေလေသလားမသိပေ။ “ကုမယ်ဆိုရင် ဘယ်တော့ကုမှာလဲ ဆရာရယ် မြန်မြန်ကုလိုက်ပါ” ဆရာ့ကိုအပူတပြင်းလောနေမိသည်။ ဆရာလည်းငြိမ်နေရာမှ ပြုံးသွားကာ“ကုတာပေါ့ကွယ်” ဟုပြောသွား၍ ကျွန်မတွင် မတင်မကျဖြစ်နေခဲ့သည်။ တနေ့တွင် ဆရာနှင့်ဆုံကြပြန်သည်။ “ဘယ့်နှယ်လဲဆရာရယ် ဘယ်တော့ကုမှာလဲ၊ မြန်မြန်ပျောက်သွားအောင် ကုလိုက်ပါတော့ ဆရာရယ်” ဆရာ့မျက်နှာမြင်တာနှင့် ဆီးပြော၍ဆရာလည်းပြုံးပြန်ကာ ပြောနေကျအတိုင်း စိုစိစိပြောလေသည်။ “အေးကွယ် ကုတာပေါ့…”
ထိုနေ့က အိမ်သို့ပြန်ရာလမ်းတွင် ဆရာအကြောင်းနှင့် ဆရာ့အနာသာတွေးမိလျက် ဘယ်လို များ အကုခံအောင် လုပ်ရပါ့မလဲသာ စိတ်ကူးလာလေသည်။ ဆရာမှာအေးစက်စက်နှင့်မို့ အားမလိုအားမရဖြစ်မိသည်။ ဆေးရုံတက်ကာမေ့ဆေးပေးပြီး ခွဲစိတ်ကု၍ ပျောက်သည်ဆိုလျှင် လည်းဟုတ်သေးသည်။ ခွဲစိတ်ကုပြီး တဖန်ပြန်ဖောင်းဖုကြီးလာသည်ကို ဆရာလည်းအသိ ဖြစ်သည်။ အနာလုံးမကြီိးခင်ခွဲလိုက်၍ ပြန်ဖောင်းဖုကြီးလာသည်ဆိုသော ဆရာဝန်၏ အကြောင်းပြချက်မှာ မခိုင်လုံလှပေ။ ခွဲစဉ်ကအလုံးသေးသေးခွဲလျှင် ပြန်ကြီးလာလိမ့်မည်ကို ပိုင်ပိုင်နိုင်နိုင် ပညာဖြင့် အတတ်သိပါကမေ့ဆေးပေးပြီးခွဲကိုမခွဲစေရ၊ ကြီးအောင်သာ စောင့်ခိုင်းစေရမည်။ အခုတော့ အနာခွဲပြီးပြန်ဖောင်းဖုကြီးလာမှ စောစောက သိပ်မကြီးခင်ခွဲ လိုက်လို့ပါဟုဆိုခြင်းမှာ နှစ်ခါနာအောင် လက်တည့်စမ်းကုသနေသော သဘာများလားဟုပင် တွက်စရာဖြစ်နေပေသည်။ ဘယ်တော့မှပြန်မဖုနိုင်သည့်အဖုမျိုးကို ဆရာကိုယ်တိုင်က လိုလို ချင်ချင်နှင့်ကုချင်အောင် ဘယ်လိုများလုပ်ရပါ့မလဲဟု အကြံရကြပ်လာသည်။ ကျွန်မဆိုလျှင် ဆေးဆရာအမည်မခံသဖြင့် မလောက်လေးမလောက်စား ဖြစ်နေ၍ ဆရာ စဉ်းစားနေဟန် ရှိသည်။ ကျေးဇူးရှင်ဆရာကြီးက ကုပေးမည်ဆိုလျှင် ကျွန်မထက်တော့ ယုံယုံကြည်ကြည် ကုချင်လိမ့်မည်ဟု အကြံရမိသည်။ ဤသို့တွေးကာ အိမ်သို့တန်းမပြန်နိုင်ပဲ ဆရာကြီးအိမ်သို့ ပြန်လှည့်ကွေ့သွားလေသည်။
သာယာသော ညနေစောင်းဖြစ်လေသည်။ ဆရာကြီးထံသို့မရောက်သည်မှာ ကြာမြင့်နေ လေပြီ။ ဆရာကြီးနှင့်တွေ့ရလျှင် ပညာစကားကိုကြားရတတ်၍ သင်ယူမှတ်သားနိုင်လေသည်။ ဆရာကြီးစကားပြောသောအခါ ယခုခေတ်နှင့်နားထောင်လျှင် ရုတ်တရက် နားလည်နိုင်ဖို့ ခက်သည်။ ရှေးသုံးမြန်မာစကားကို တိတိကျကျ တည့်တည့်မတ်မတ်ပြောတတ်သည်။ ပညာစကားကို သိမ်သိမ်မွေ့မွေ့ သိပ်သိပ်သည်းသည်းပြောဆိုသည်။ ဆရာကြီးစကားကို နားထောင်တတ်မှလည်း ပညာတိုးနိုင်စရာရှိသည်။ ဆရာကြီးထံတွင် သင်ယူဆည်းပူးခဲ့သော အမျိုးသား ဆေးပညာမှာ ပညာ၏လမ်းစဉ်အတိုင်း မကွေ့မကောက် မဖောက်မပြန် မမှားမယွင်းအောင် တစ်ဖြောင့်တည်းလိုက်နာ ကျင့်သုံးနိုင်မည်ဆိုလျှင် ဝေဒနာဆို၍ ခေါင်းကိုက်ဝေဒနာလောက်ပင် ခံစားရမည်မဟုတ်ချေ။ “ဆရာ့ရဲ့ ကျေးဇူးရှင်ဆရာကြီးဟာ ဘယ်လောက်များ ကျန်းမာရေးကို ဂရုစိုက်သလဲဆိုရင်ကွယ် သူတို့မှာ အင်္ကျီမဝတ်ရရင် နေပါစေ၊ မပူဘူး။ မကျန်းမာမှာတော့ အလွန်ပူတယ်၊ ခေါင်းကိုက် နှာစေး ဝေဒနာလေးတောင် အဖြစ်မခံကြဘူး….
မတည့်တာစားရမှာ၊ မတည့်တာဖြစ်ရမှာ၊ မှားရမှာအလွန်ကြောက်တယ်။ သူများအိမ်ကို ဧည့်သည်လုပ်ရင် မတည့်တာနဲ့တွေ့မှာစိုးလို့ သူတို့နဲ့တည့်တဲ့အစာကို သွားလေရာ ပခုံးနဲ့ လွယ်ယူသွားကြတယ်..” သည်စကားကို ဆရာကြီးနှုတ်ဖျားတွင် မကြာခဏ ပြောဆိုသည်။ ဆရာကြီးကိုယ်၌ကားကျန်းမာရေးနှင့် အဖက်ဖက်ကပြည့်စုံလှလျက် တခြားဘယ်အရေးမှ မစဉ်းစားပဲ ကျန်းမာရေးသာ စဉ်းစားလေသည်။ တခါတရံ မလွဲမရှောင်သာ၍ မတည့်သည့် ဓာတ်နှင့်တွေ့ထိရသဖြင့် နေထိုင်မကောင်းဖြစ်လျှင် ဆရာကြီးကိုအသိမပေးရဲပေ။ သည်ပညာ ကိုကပင် တခုခုမှားမိလျှင် မှား၍ဖြစ်ကြောင်းကို ဖုံးကွယ်ထား၍မရသော ပညာကြီးဖြစ်သည်။ ပညာမှာ အစစ်ဆေးခံသော ပညာတရပ်လည်းဖြစ်သည်။ မဟုတ်တာပြော၍ မမှန်တာကို ဖုံးဖိ၍လည်းမရ၊ မှားတာလုပ်မိလျှင် အမှားပေါ်ရသည်။ မှန်တာလုပ်လျှင် အမှန်ဖြစ်နေသည်။ ကိုယ်နှင့်တည့်တာစားလျှင် ဧကန်ဒိဋ္ဌ နေထိုင်ကောင်းနေသည်။ တည့်တာ မတည့်တာ သိမှုမှာလည်း သူများပြော၍ ဆရာပြော၍ ကိုယ်နှင့်တည့်တာ မတည့်တာသိရပုံမျိုးမဟုတ်ဘဲ ကုယ်တိုင်သိ (ဝါ) မိမိ၏အတွေ့အကြုံဖြင့် သိနိုင်ရမည်ဖြစ်သော ပညာတရပ်လည်း ဖြစ်ပေသည်။ “လူတွေဟာ မျက်စိလည်လိုက်ကြတာကွယ်၊ မမာမှ တည့်တာစားရတာ မဟုတ်ဘူးကွယ့်၊ မာတုန်းကတည်းက တည့်တာစားရတယ်” တည့်တာ၊ မတည့်တာ သို့မဟုတ်၊ ကိုယ်နှင့်အပ်တာ၊ မအပ်တာကို ဆင်ခြင်ဉာဏ်ရှိစေရန် ရည်သန်လျက် “အပ်ပျောက်ရင် ဆင်နဲ့ရှာ၊ ဆင်ပျောက်ရင် ဆန်ကောနဲ့ရှာ” ဟု ပညာစကားဖြင့်မိန့်မြွက်တတ် လေရာ ပညာစကားပြောလျှင်ကား သာမန်အားဖြင့်နားလည်ဖို့ခက်ခဲသည်။ ဆရာ့ ဆေးခန်းကြီးထဲတွင် လူရှင်းနေ၍ အေးအေးဆေးဆေး ဆရာကြီးနှင့်စကားပြောခွင့်ရမည်ကို ဝမ်းသာသွားမိသည်။ ကျွန်မ ခရီးရောက်မဆိုက် ဆရာဇော်ဂျီ့အနာအကြောင်းကို မပြောရသေးပေ။ ဟိုစကားသည်စကားပြောရင်းပင် သတိရ၍ “တုံးတိုရေနစ်တော့ သောင်စပ်လူလူးတာ၊ နာမ်နဲ့ရုပ်ပဲမဟုတ်လားဆရာ” ဟုကောက်မေးလိုက်သည်။ သူ၏ စူးရှထက်မြက်လှသည့် မျက်စိကို အထက်သို့ပင့်၍ တချက်ကြည့်ပြီးမှ ခေါင်းညိတ်လိုက်သည်။ “စာခြောက်တန်းကို အကျဉ်းချုပ် ချုံ့ကြည်လိုက်စမ်းကွယ်၊ ကျဉ်းလိုက်ရင် သီတ-ဥဏှ ထွက်မလာဘူးလား၊ တည့်တာ မတည့်တာ ထွက်လာရင် ရုပ်နာမ်မပေါ်ဘူးလား၊ ရုပ်နာမ်ပေါ်လာရင် တနင်္ဂနွေ မသိနိုင်ဘူးလား”
အခန်းထဲသို့ လူနာတယောက်ဝင်လာ၍ ဆရာကြီးစကားပြတ်သွားစဉ် ကျွန်မလည်း စာခြောက် တန်းကိုတွေးကာ ဓာတ်သဘောကို စိတ်ဝင်စားနေလေသည်။ မြန်မာ့ဓာတ်ပညာသဘောကား နက်နဲမှန်ကန်လှပေ၏။ လောကဓာတ်ပညာ ဓာတုဗေဒနှင့် ခက်ခက်ခဲခဲစမ်းသပ်ရမည့် အချက်များကို မြန်မာ့ဓာတ်ပညာဖြင့် အလွယ်တကူသိမြင်နိုင်သည်။ အိမ်ရှိငါးပိအိုးတွင် ဒီရေတက်လာချိန်၌ ငါးပိအိုးအလိုလို ငန်ပြာရည်လျှံလာကာ ဒီရေကျသွားလျှင် ငါးပိအိုးတွင် ရေများကျသွားသည်ကို မြန်မာတိုင်းလိုလိုသိကြသည်။ ဘူးစင်တွင်နွားရိုးဆွဲပေးလျှင် ဘူးသီးများသီးသည်ကို မြန်မာတိုင်းလိုလိုသိကြ၏။ နောက်နောက်က ငါးပိရည်လျှံတာ၊ နွားရိုးဆွဲ၍ ဘူးသီးသီးတာသာသိခဲ့သည်။ ဘာဖြစ်လို့မှန်း မသိခဲ့။ ရေတက်လျှင်ဘာ့ကြောင့် ငါးပိအိုးရေတက်လာသည်၊ ရေကျလျှင် ဘာကြောင့် ငါးပိအိုးရေပြန်ကျသွားသည်ကို မည်သည့်ဓာတုဗေဒနှင့် စမ်းသပ်ကြည့်မည်နည်း။ နွားရိုးဆွဲလျှင် ဘူးသီးများများ သီးစေသည်ကို မည်သည့်ဓာတုဗေဒနှင့် စမ်းသပ်မည်နည်း။ ရေတက်သည်နှင့် ဘယ်လိုအကြောင်းကြောင့် ငါးပိအိုးရေလျှံလာသည်၊ နွားရိုးဆွဲသည်နှင့် ဘယ်လိုအကြောင်း ကြောင့် ဘူးသီးများသီးသည်ကို မြန်မာ့ဓာတ်ပညာ ဓာတုဗေဒဖြင့် အကြောင်းရင်း ဇစ်မြစ် အဖြေကို သိမြင်နိုင်သည်။ အမျိုးသားဆေးပညာတွင် ဓာတ်သဘောမှာ အဓိကအချက်အခြာ ဖြစ်၍ ပညာကိုဆည်းပူးစဉ်အခါက ဓာတ်တွေကို ကိုယ်တိုင်စမ်းသပ်ခဲ့ရလေသည်။ မိမိ လေ့လာသည့်ပညာကို စမ်းသပ်လို၍ ရှောက်ပင်တပင်ကို သေသွားရန် ဝါးထောက်ပေးလိုက် သည်။ ဝါးထောက်ထားသည်နှင့် ရှောက်ပင်မှာ ညှိုးကျ၍ မကြာခင်သေသွားတော့သည်။ ရှောက်ပင်နှင့် ဝါးသဘော၊ ဘူးပင်နှင့်နွားရိုးသဘော၊ ဘာ့ကြောင့်သေသည်၊ ဘာ့ကြောင့် သီးသည်ကို ပညာဖြင့်လက်တွေ့အဖြေကိုရှာယူရင်း တစ်စတစ်စ ပညာဉာဏ်မျက်စိ ပွင့်လင်း လာရသည်။ “ငှက်ပျောပင်ကို သေအောင်သတ်လိုက်စမ်းကွယ်” ဟုဆရာကြီးကခိုင်းလျှင် မတည့်သည်ဓာတ်ကို ဆေးပညာဖြင့်တွေးဆကာ လက်တွေ့သတ်ကြည့်လိုက်သည်။ အပင်ဝါ၍ ညှိုးစပြုလျှင် ဆရာကြီးက ငှက်ပျောပင်ကို ကိုယ်တိုင်လာကြည့်ကာ ကျေနပ်သည့် မျက်နှာ ထားဖြင့် “ကိုင်း… ရှင်အောင်ပြန်လုပ်စမ်း” ဟုခိုင်းပြန်သည်။ ကျွန်မလည်း ငှက်ပျောပင် ပြန်ရှင်အောင် ပညာဖြင့်လက်တွေ့ ငှက်ပျောပင်နှင့်တည့်သည့် ဓာတ်တခုကို ရွေးကာ ရှင်လန်းလာအောင် လုပ်ပြရသည်။ ဤသို့လျှင် တစ်မျိုးပြီးတစ်မျိုး အခွင့်သင့်တိုင်း အလျဉ်းသင့်တိုင်း ဓာတ်တွေကို ကိုယ်တိုင်လက်တွေ့ စမ်းသပ်ကာ မိမိစမ်းသပ်အောင်မြင်သမျှ နေ့စဉ်မှတ်တမ်းထဲတွင် ရေးမှတ်ထားခဲ့ရာ စာဖတ်သူတို့အား အနည်းငယ်ကောက်နှုတ် ပြလိုက်ပေသည်။
ဘဲတစ်အုပ်ကြီးဆူညံစွာအော်နေ၍ အသံတိတ်သွားအောင် ပြာပက်လိုက်သည်။
ကြွေအရည်ပျော်အောင် သံပုရာနှင့်စိမ်ကြည့်သည်။ အုံးပင်သေအောင် ထုံးသုတ်သည်။ ဝေဝေဆာဆာပွင့်ဖူးနေသောစံပယ်ခင်းကို သေကုန်အောင် ဝါးညှပ်၊ ဝါးထောက်၊ ဝါးကပ် ပေးလိုက်သည်။ ကြွေပန်းကန်များ အလိုလိုအက်ကွဲအောင် မြေကြီးထဲထည့်ကာ မြေပြန်ဖို့ထားသည်။ အသီးများစွာသီးသော မာလကာပင်ကိုရွေးမှတ်၍ မသီးတော့အောင် လူတက်ခိုင်းသည်။ ခရမ်းပင်တွေရှင်အောင် ခဲပုံပေးသည်။ မိချောင်းသား နံနွင်းနှင့်ထိကြည့်၍ အရည်ဖြစ်သည်။ ပိန္နဲပင်တွင် အသီးများပြွတ်ခဲနေသည်ကို အင်သားထောက်ပေး၍ အပင်မှအသီးတွေ ကြွေကျလာကုန်သည်။ ဆီးချိုပင်တွေ ဆီးသီးများချဉ်ကုန်အောင် သစ်ပင်အောက်၌ မီးထည့်လိုက်သည်။ ကျွဲနို့ချက်ထဲတွင် ကွမ်းသီးစိတ်ကလေးထည့်၍ မချဉ်အောင်ထားသည်။ အသားစိမ်းများ မပုပ်အောင် ယမ်းစိမ်းပက်သည်။ ဓာတ်ကို မည်သည့်နေရာ မည်သည့်အခါတွင် မည်သို့မည်ပုံ စမ်းသပ်ခဲ့ပုံ စိတ်ဝင်စားစွာ အမျိုးမျိုးအဖုံဖုံ အကျယ်တဝင့်ကြီး ရေးမှတ်ထားလေသည်။ ဓာတ်သဘောပေါက်သွား၍ တည့်တာ၊ မတည့် တာ သိလျှင် လူမမာကို တည့်သည့်ဓာတ်ဖြင့် ချက်ချင်းလူကောင်းဖြစ်လာအောင် လုပ်ဖို့ရာ မခက်တော့ပေ။ လူကောင်းတစ်ယောက်ကို လူမမာဖြစ်သွားအောင် မတည့်တာနှင့် လုပ်ရန် လည်းမခက်တော့ပေ။ လူမမာကို ရောဂါတိုးအောင်၊ ရောဂါကျအောင်၊ သေအောင်၊ ရှင်အောင် လုပ်နိုင်သည့် ထက်မြက်သောအစွမ်းသတ္တိ ကြီးမားလှ၍ မသူတော်တို့လက်ထဲတွင် ဤပညာတတ်သိချေက လှည့်စားနိုင်သည်။အမြော်အမြင်ကြီးမား တတ်သိလိမ္မာသော ရှေး ဆရာ့ ဆရာကြီးများသည် ပညာကိုအကျဉ်းချုပ်၍ အတိုကောက် ရုပ်နာမ်ဖျောက်ကာ တနင်္ဂနွေ မြှုပ်၍ စာခြောက်တန်းဖြင့် ထားခဲ့ခြင်းဖြစ်လေသည်။ “အရိုင်းခေါင်သောက်၊ လူမိုက်စိတ်တို သတဲ့ကွယ့် စဉ်းစားပေတော့” ပညာသင်စဉ်က သည်လိုစကားမျိုး နားမထောင်တတ်။ ဆေးပညာသင်ပေးနေသော ဆရာ့စကားကို အဓိပ္ပါယ်နားမလည်နိုင်သဖြင့် သည်လိုထက်မြက် လှသည့်ဆေးပညာရပ်ကြီးကို သည်လောက်လျှို့ဝှက်နေကြ၍သာ မထွန်းကားရ၊ မပြန့်ပွားရ၊ တိမ်မြုပ်ရသည်ဟု စိတ်ထဲ အပြစ်ဖို့မိသည်။ “ရှေးကဆရာတွေ၊ ပညာရှိတွေဟာ သူတို့ပညာကို သိပ်လျှို့ဝှက်တာပဲ၊ ဒါကြောင့် သည်ပညာကြီး တိမ်မြုပ်ရတာ” ကျွန်မ၏နှုတ်မှ ရှေးပညာရှိများ ကိုအပြစ်တင်စကား ပြောဆိုလိုက်သောအခါ၊ ဆရာကြီးက လေးလေးနက်နက်ပြုံး၍ ခေါင်းကို တဆတ်ဆတ်ညိတ်လျက် “ပညာရှိတွေက လျှို့ဝှက်တာ မဟုတ်ဘူးကွယ့်၊ သွားအပြစ်မတင်နဲ့၊ ကိုယ်က ပညာမမီတာ၊ ကိုယ်ကဉာဏ်မမီတိုင်း အပြစ်တင်ရင် မှားမှာပေါ့။ သူ့ခေတ်နဲ့ သူ့စကားအရ ကိုယ်ကသာနားမလည်နိုင်တာ၊ သူ့ခေတ်နဲ့သူတုန်းက နားလည်ကြတယ်။ ဉာဏ် နဲ့တွေးခေါ်စဉ်းစားမှပေါ့” ဟု ဆိုဆုံးမနေလေသည်။ “ဥပမာကွယ်၊ အခုခေတ်မှာ ဖ-ဆ-ပ-လ လို့ခေါ်ကြတယ်မဟုတ်လား၊ အဓိပ္ပာယ်က ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး မဟုတ်လား၊ နောက်အနှစ် တစ်ရာလောက်ကျရင် သည်ဖ-ဆ-ပ-လကို ဘာအဓိပ္ပာယ်ဆိုတာ လူတိုင်းနားလည်ပါဦးမလား၊ ကိုယ်ဉာဏ်မမီတိုင်း အပြစ်မတင်နဲ့၊ အရိုင်းခေါင်သောက်၊ လူမိုက်စိတ်တို ဒါကို အဓိပ္ပာယ်ပေါ်အောင်စဉ်းစား” စဉ်းစားပေတော့ဆို၍ ဘာအဓိပ္ပာယ်မှန်း အဖြေပေါ်အောင် စဉ်းစားအားထုတ်ရသည်မှာ နှစ်ည၊ သုံးညပင်ဆက်၍ မိုးလင်းသွားအောင် အဖြေကိုရှာယူရသည်။ ဓာတ်သဘောကို သိမြင်ကျွမ်းကျင်ကာ တည့်တာ၊မတည့်တာ ပိုင်ပိုင် နိုင်နိုင်နားလည်လာတော့မှပင် ကျန်းမာရေးကို ပြုပြင်နိုင်စွမ်းရှိလာသည်။ ဓာတ်များကို စမ်းသပ်၍ အောင်မြင်သည့်အခါ၌ ကျေးဇူးရှင်ဆရာကြီး၏ ကျေးဇူးဖြင့် ပညာ၏ အရင်းအမြစ် ဖြစ်သော ပုဂ္ဂလပညတ်ဓာတ်ကျမ်းကို လေ့လာရသည်။ ကျွန်မလည်း ဆရာကြီးရှေ့တွင် ထိုင်ကာ စိန်- ကန့်- ဟင်းရိုင်း- ပြဒါး စသည့်ဓာတ်များ၏ အစွမ်းကို တွေးငေးနေရင်း အခန်းထဲမှလူနာထွက်သွား၍ … “မြန်မာ့ဆေးပညာက သညာမဟုတ်ဘူးဆရာ ပညာ” ဟုညည်းဆိုလိုက်သည်။“ပညာပေါ့ကွယ်၊ အနာတစ်ခုဖြစ်လာရင် တခြားဆေးကုနည်းက ဖြစ်လာတဲ့အနာကို ခွဲလိုက်၊ စိတ်လိုက်တာပဲ၊ သည်အနာဘယ်လိုကြောင့် ဖြစ်လာသလဲဆိုတဲ့ အနာရဲ့ ဇစ်မြစ်ကိုအတိအကျမလိုက်နိုင်ဘူး… ရောဂါမှာလည်း ဒီလိုပဲ၊ မျက်စိဖြစ် မျက်စိ ကုပေးလိုက်တာပဲ၊ နားဖြစ် နားကုပေးလိုက်တာပဲ၊ သွားဖြစ် သွားကုပေးလိုက်တာပဲ…” “ဆရာကြီးဆီ ကျွန်မဒီနေ့လာခဲ့တာ အနာတစ်နာနဲ့ပတ်သက်ပြီး လာခဲ့တာပါဆရာ၊ ကောလိပ်ကျောင်းက ဆရာကြီးဦးသိန်ဟန်ရဲ့ အနာပါ..၊ မျက်နှာမှာ မြင်းဖုကြီးဖြစ်နေပါတယ်၊ ဆရာကြီးကုပေးမှ ဖြစ်ပါလိမ့်မယ်” “ဘာဖြစ်လို့လဲကွယ့်…၊ မမလေး ကုပေးလိုက်ပါလား၊ ပျောက်ပါ့မလားလို့ လက်တည့်စမ်းကုရတာမဟုတ်ဘဲ ကိုယ့်ဟာကိုယ်ကုပေါ့” ဆရာကြီိးက လည်း မမလေးကုဟုဆိုနေသည်။ ကုသပေးရမည့် ဆရာဇော်ဂျီကလည်း ကျွန်မအား ဆရာဟုအသိအမှတ်မပြုချင်၍ ခက်နေတော့သည်။ “ ကျွန်မကုလို့ မဖြစ်ပါဘူး ဆရာကြီးရယ်၊ ဆရာကြီးကုပေးဖို့ ကျွန်မတောင်းပန်ပါရစေ၊ ကျွန်မဆိုတော့…” အခက်ရသလို ငြိမ်နေလိုက်စဉ် ဆရာကြီးက ထောက်ပေးသည်။ “ ဆရာတပည့်လို ဖြစ်နေတာပေါ့” ဟုဆက်ပြောလိုက် ရသည်။ “ သူက မြန်မာ့ဆေးပညာကို လေးလေးစားစားရှိသလား” “ မြန်မာဆန်ပါတယ်၊ ခေတ်ပညာတတ်ပေမဲ့ မြန်မာ့ယဉ်ကျေးမှု အရပ်ရပ်ကို ရှေ့ဆောင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါတယ်၊ မြန်မာ့ပညာရပ်တွေကို အထင်မသေးပါဘူး” မမလေး အကုရခက်လို့ ရှိရင်လဲ ဆရာ့ဆီလွှတ်လိုက်လေ” ဆရာကြီးက ရှောရှောရှူရှူ လိုက်လျှော၍ ဝမ်းမြောက်ဝမ်းသာနှင့် အိမ်သို့ပြန်သွားရလေသည်။

အလုပ်ကိစ္စများ မအားလပ်နိုင်၍ ဆရာဇော်ဂျီနှင့် အမြန်ဆုံးတွေ့ရန် နှောက်နှေးနေသည်။ တစ်နေ့တွင် အချိန်ရသဖြင့် ဆရာဇော်ဂျီအိမ်သို့ ထွက်သွားလေသည်။ ဆရာ့အိမ်ထဲတွင် ထိုင်နေသည့်တချိန်လုံး ဆရာကြီးနှင့်ကုသရန် ဆရာ့ကိုအတင်းမရမက တိုက်တွန်းနေရသည်။ ဆေးပညာ ဆည်းပူးစအခါက ဆရာကြီးဆုံးမဖူးလေသည်။ ဆရာများမပင့်ဘဲနှင့်၊ လူနာ မအပ်ဘဲနှင့် ဆေးမကုရကြောင်း သွန်သင်ဆုံးမဖူးသည်။ ဆရာဇီဝက ကပင် သူ့ကိုမပင့်၍ ဝေဒနာကိုမကုနိုင်ဖြစ်ကာ သေဆုံးရပုံ ထုံးများခဏခဏ အမိန့်ရှိလေသည်။ ဆရာကြီး၏ ကျင့်ဝတ်ကို ရိုသေလေးစားဖို့ရာထက် ဆရာဇော်ဂျီဝေဒနာ ချမ်းသာရေးကို ဇောကြီးနေလေ သည်။ “သွားပါဆရာရယ်၊ ဆရာကြီိးဆီ ဆက်ဆက်သွားပါ၊ ဆရာကြီးကို ကျွန်မ ပြောထားပြီးပါပြီ၊ ပျောက်ပါစေ့မယ်ဆရာရယ်၊ သွားပါ” ဆရာ့အိမ်မှ ထ၍အပြန် ကားပေါ်၌ တက်ထိုင်၍ ကားမထွက်ခင်အထိ တတွတ်တွတ် မနားတမ်းနားပူလောက်အောင် တောင်းပန်ခဲ့ ရလေသည်။ မကြာခင် ဆရာနှင့်ဆုံကြပြန်သည်။ “ မသွားသေးဘူးလားဆရာရယ်” ဟု မြင်မြင်ချင်းဆီးပြောလိုက်သည်။ “အေးကွယ်.. ၊ ဆရာသွားမလို့ပါပဲ၊ အလုပ်တွေမအားတတ် သေးလို့ပါ၊ သွားမယ်…သွားမယ်” ဟု အားနာပါးနာပြန်ပြောလေသည်။ ယခုတခါမှ ကျွန်မကို တကယ်အားနာသွားလေတော့သည်။ ဆရာနှင့်ကျွန်မမှာ ဆရာကြီးရှေ့မှောက်သို့ ရောက်ရှိနေ ကြပေပြီ။ ဆရာကြီးလည်း ဆရာ၏မြင်းဖုကိုကြည့်ကာ ဆေးရုံတွင်ခွဲစိတ်ကုသခဲ့ပုံများကို စစ်မေးနေသည်။ “မျက်စိနဲ့မြင်တဲ့ဖုကို ကုလို့တော့ ပြန်ဖောင်းလာဦးမှာပဲ၊ သည်ဖုကြီး ဘယ်ကလာတယ်ဆိုတာသိမှ ပျောက်ပေတော့မပေါ့” ဆရာကြီးသည် မီးခြစ်ဆန်၏ အဖျားကလေးကို ဓားနှင့်ချွန်နေရင်း ဆရာဇော်ဂျီအား လှမ်းပြောနေသည်။ အဖျားချွန်ပြီးသော မီးခြစ်ဆန်နှင့် ပုလင်းငယ်လေးထဲမှ ဆေးကိုတို့လျက် ဆရာဇော်ဂျီနားသို့လာကာ မြင်းဖုကို သုံးကြိမ်တို့ပေးပြီး ဂွမ်းကပ်ပေးလိုက်သည်။ “ နောက်သုံးလေးရက်လောက်ကြာရင် လာခဲ့ပါ၊ ဖုချင်လို့တောင် မဖုရတော့ဘူး၊ ဟောဒီဓာတ်စာ စာရွက်ထဲမှာ ပါတဲ့အတိုင်းစားပါ” ဆရာကြီးက ဦးသိန်းဟန်နှင့်တည့်သော ဓာတ်စာကို ရေးပေးလေသည်။ “ဦးသိန်းဟန်၊ မြင်းဖုပဲပေါက်သည် ဖြစ်စေ၊ ခါးပဲနာသည်ဖြစ်စေ၊ ဖျားပဲဖျားသည်ဖြစ်စေ၊ ဘာနာပဲဖြစ်ဖြစ်၊ ဝေဒနာလို့ ခေါ်ပေတယ်။ သည်ဝေဒနာဟာ မြင်းခြံ၊ ပခုက္ကူက လှေငယ်တစ်စင်းနဲ့လာပြီး ဆရာကြီးတို့ အဒေါ်ကြီးတို့ ဖုထွက်လာရ ပါရစေ၊ ခါးနာပါရစေ၊ ချောင်းဆိုးပါရစေ၊ အဆုပ်ထဲရေဝင်ပါရစေလို့ လှေပေါ်ကဆင်းလာပြီး လာတတ်တာမဟုတ်ပါဘူး၊ တိုတိုပြောရရင် ဗိုက်ထဲကလာတာ” ဟုပြောလေသည်။ ဆရာနှင့်ကျွန်မမှာ ဆရာကြီးပြောသောစကားများကို စိုက်၍နားထောင်နေ ကြသည်။ ဝေဒနာဆိုသည်မှာ သူ့အလိုလိုဖြစ်ခြင်းမျိုးမဟုတ်ဘဲ မတည့်တာကိုစားမိ၍ ဖြစ်ရ ကြောင်းကို အရိပ်အငွေ့ ရှင်းပြောနေလေသည်။ “ ခုလူတွေဟာ ရှေးကလူတွေလိုမဟုတ်ဘူး၊ များသောအားဖြင့် မမာတော့မှ ဆရာရှာကြတယ်၊ ဘယ်မှာရုတ်တရက် ဆရာကောင်းရမလဲ၊ ကျန်းမာနေတဲ့အခါက မိမိအသက်ကိုအပ်ဖို့ ဆရာသမားရှာထားရတယ်၊ သည်တော့မှ စိတ်တိုင်းကျ ဆရာသမားကောင်း ရတော့မှာပေါ့” ဆရာဇော်ဂျီက ခေါင်းကိုညိတ်ကာ “မှန်ပါတယ်” ဟု ပြောလေသည်။ “ ခွဲစိတ်၊ အပ်နဲ့ထိုးတာတွေ ခေတ်မီတယ်ထင်နေကြတယ်၊ ရှေးသမ္မတမင်း လက်ထက်က သစ္စာဆိုပြီး ပျောက်စေသတည်းဆိုတာနဲ့ အနာရောဂါပျောက် တယ်၊ သတ္တဝါတွေ စရိုက်ကြမ်းလာတဲ့ ခေတ်ရောက်တော့ သစ္စာဆိုလို့မရဘူး၊ အနာရောဂါဖြစ်ရင် အမှုန့်တွေထုထောင်း သောက်ကြရ၊ စားကြရတယ်၊ နောက် ဘုရားမှန်း တရားမှန်းမသိ၊ မိဘ ဆရာကျေးဇူးရှင်မှန်းမသိ မိုက်မဲကြမ်းစတမ်းလာပြန်တော့ အပ်နဲ့ထိုး၊ ဓားနဲ့ခွဲရတယ်၊ ဒါကိုခေတ်မှီတယ်လို့ ဆိုကြတယ်”
ကျွန်မတို့ နားထောင်ရင်း ပြုံးနေကြသည်။ “ နောက်ဒီ့ထက် စရိုက်ကြမ်းလာရင် ဓားနဲ့ခွဲလို့ မရဘဲ အမြောက်နဲ့ပစ် ကုရလိမ့်မယ်ထင်တယ်” ကျွန်မတို့လည်း ရယ်ရယ်မောမောဖြင့် ဆရာကြီးထံမှ ထပြန်ခဲ့ကြသည်။ အလုပ်အားလပ်သည့် နေ့တစ်နေ့တွင် ဆရာဇော်ဂျီ သတင်း မေးရန် ဆရာကြီးထံသို့ ကျွန်မရောက်သွားလေသည်။ “ ဆရာဇော်ဂျီ လာပါသလား” ဟု ကျွန်မကမေးကြည့်သည်။ “ ချိန်းတဲ့ရက်မှာလာတယ်၊ သူတစ်ယေက်တည်းမဟုတ်ဘူး၊ စာရေးဆရာတစ်ယောက်လည်း လိုက်လာတယ်၊ ကပ်ထားတဲ့ဂွမ်းကိုခွာပြီး ဖုကိုယူပစ်လိုက်ပြီ” “ ချပ်သွားပြီလားဆရာ” ဟု ကျွန်မက ဝမ်းသာအားရမေးလိုက်သည်။ “ ချောသွားပြီ၊ အနာပေါက်ကလေးကို ဆရာဖွင့်ထားပေးလိုက်သေးတယ်၊ မပိတ်သေးဘူး၊ လာခဲ့ဦးလို့ မှာလိုက်တယ်၊ နောက်တစ်ခါလာမှ ပိတ်ပေးလိုက်မယ်” “ဘာပြောသွားသေးလဲ” “ ဆရာဇော်ဂျီက မေးတယ်ကွယ့်၊ မြန်မာဆေးဆရာတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူဘူး၊ ကျမ်းတွေကလည်း ကွဲပြားနေတာ ဘယ်လိုပါလဲတဲ့” ဆရာကြီးက ငြိမ်နေ၍ “ ဆရာက ဘယ်လိုဖြေလိုက်ပါသလဲ” ဟု ဆရာ၏အဖြေကို ကြားချင်၍ ထပ်မေးရလေသည်။ “ဆေးကျမ်းတွေဟာ ဘယ်ကျမ်းကြည့်ကြည့် တေဇောတစ်လုံးသာ အဓိကထားရေးနေတာပါ၊ သင်တဲ့ဆရာက ဆရာ့ထံမှ သေသေချာချာနည်းခံမသင်ဘဲ၊ ဘုရားဈေးကစာအုပ်ကို ဝယ်ကြည့်ပြီး သူမှီတာသူပြောလို့ ကွဲနေကြတာပေါ့၊ တေဇောတစ်လုံးကို သေသေချာချာသိရင် ငြင်းစရာ၊ ခုံစရာရှိဦးမလား၊ အချင်းချင်းပြောဆိုငြင်းခုံနေကြတဲ့ တချို့ဆရာတွေဟာ တေဇောမပြောနဲ့ ပူတာတောင် ဘယ်ကပူလာမှန်း သိမှာမဟုတ်ဘူး…၊ (အ) ရယ်၊ (၁) ရယ်၊ တနင်္ဂနွေရယ် တစ်မျိုးစီထင်နေကြတယ်၊ အားလုံးပေါင်းလိုက်ရင် တစ်မျိုးထဲမဟုတ်လား၊ တစ်မျိုးစီထင်နေသမျှတော့ အိမ်တိုင်းလူမမာရှိပြီး စောင်ခြုံကလေးတွေနဲ့ အသက်တိုကြမှာပဲ” “ ဆရာသမားဆီမှာမသင်ကြားရဘဲ ဟိုနည်း သည်နည်း ကိုယ့်ဘာသာကိုယ်လိုက်ပြီး လက်တည့်စမ်းဆေးဖော်ကုကြတဲ့ ဆရာယောင်၊ ဆရာတုတွေကြောင့် မြန်မာဆရာတွေ နာမည်ပျက်ကုန်တာပါ၊ မြန်မာ့ဆေးကျောင်းကြီးဖွင့်ပြီး ဆေးတက္ကသိုလ်နဲ့ တကယ်တတ်သိတဲ့ သမားတော်ကြီးတွေနဲ့ ကျကျနနသင်ကြားပေးရင် မြန်မာ့ဆေးပညာဟာ တစ်စနစ်တည်း၊ တစ်မူတည်း ပေါ်လာရမှာဆရာ” ကျွန်မမှာ ဆေးတက္ကသိုလ်ကြီး ရှိချင်ဇောဖြင့် အားတက်သရော ပြောဆိုလိုက်သည်။ “ ဆရာ မကြာသေးခင်က မြို့တစ်မြို့ကို ရောက် သွားတယ်၊ ဆရာနဲ့သိတဲ့လူတွေ၊ စကားလာပြောကြတဲ့အခါ ဆရာနှစ်ယောက်လည်းပါတော့ ဆရာက မေးကြည့်တယ်ကွယ့်၊ ဆရာတို့ ဘာစာအုပ်၊ ဘယ်ဆေးကျမ်းမှာ အားထား ကုပါ သလဲမေးတော့ နှစ်ယောက်စလုံးက တောင်သာကုကြောင်း ပြောပါတယ်” “နေရာကျလိုက် တာ၊ တောင်သာဆိုတာ စာအုပ်နာမည်လား၊ ရွာနာမည်းလားလို့ ဆရာမေးတော့၊ တစ်ယောက်ဆရာက တောင်သာဆိုတာ ရွာနာမည်တဲ့၊ တစ်ယောက်ဆရာက ဘယ်က ရွာနာမည်ဟုတ်ရမှာလဲ တောင်သာဆိုတာ စာအုပ်နာမည်ဗျ လို့ပြောတော့ ဆရာက ခင်ဗျားစာအုပ်နာမည်က အဓိပ္ပာယ် ဘယ်လိုရှိပါသလဲ လို့မေးကြည်ပြန်တယ်” “တောင်သာဆိုတာ အားလုံးဆရာတွေထက် တောင်ကြီးလိုမြင့်မောက်သာလွန်းလို့ တောင်သာလို့ မှည့်တာပါလို့ ပြန်ဖြေတယ်” ကျွန်မမှာရယ်နေသည်။ “ကိုင်း.. ဆရာနဲ့ မမလေး ပေါင်းပြီး ရေး၊ မြိတ်၊ ထားဝယ်က တောင်ကြီးလိုမြင့်အောင်ကုနိုင်တဲ့ ဆရာနှစ်ယောက် တောင်သာလို့နာမည်ပေးရရင် မကောင်းဘူးလား” ကျွန်မလည်း အတောမသတ်နိုင်အောင် ရယ်ကာနေတော့သည်။ “ဆရာလည်း ဦးသိန်းဟန်တို့ကို အနည်းအပါး ရှင်းလင်းတော့ ပြောလိုက်ပါရဲ့၊ လောကုတ္တရာမှာလည်း တစ်ခုတည်းသော တရားနဲ့ကိစ္စပြီးနိုင်ပါတယ်၊ ကိုယ်ကမမီလို့ တောင်ကျောင်းသွား၊ မြောက်ကျောင်းသွားရတတာပါ၊ သရ ရှစ်လုံး၊ ဗျည်းသုံးဆယ့်သုံးလုံး ပေါင်း ဝဏ္ဏလေးဆယ့်တစ်လုံးလို့ခေါ်တယ်၊ သည်ဝဏ္ဏ လေးဆယ့်တစ် လုံးကလွတ်ပြီး မရေးနိုင်ပါဘူး၊ လောကီကျမ်းတွေမှာလဲ သည်ဝဏ္ဏ လေးဆယ်တစ်လုံးက လွတ်ပြီးမရေးနိုင်ပေဘူး… ဗေဒင်ဆရာ၊ ပရောဂဆရာ၊ ဆေးဆရာ၊ ဓာတ်ဆရာအသံတွေ မကွဲလွဲဘူးလား” ကျွန်မက ကွဲလွဲကြောင်း “ဟုတ်ကဲ့” ဟု ဆိုလိုက်သည်။ “ဘယ်လို ကွဲလွဲနေနေ ခုနှစ်နေ့ကလွဲပြီး ဘယ်သူက ဘာလုပ်နိုင်မှာလဲ၊ နေ့ခုနှစ်နေ့ကို အကျဉ်းချုပ် လိုက်ရင် အေးတာ ပူတာပဲရှိတယ်၊ အေးတာပူကို တစ်ခါထပ်အကျဉ်းချုပ်ရင် တေဇောတစ်လုံးဘဲ ရှိတယ်မဟုတ်လား” ကျွန်မမှာ အမျိုးသားဆေးပညာစခန်းကို လေးလေးနက်နက် တွေးဆကာငေးနေမိသည်။ “မမလေးကော ဘယ်လိုတုန်း၊ မြန်မာ ဆေးပညာမြှင့်တင်ချင်တယ် ပြောပြောနေတယ်၊ အလုပ်နဲ့ပြမှပေါ့၊ ခုပဲကြည့်ပါဦး၊ ကိုယ်ဆေးကုပေးချင်တာ ကုနိုင်ရက်သားနဲ့ ကိုယ်တိုင်မကုနိုင်ဘဲ ဆရာ့ဆီခေါ်လာရတာ ဘယ်လောက် ခရီးရှည်ဝေးသလဲ” ကျွန်မလဲ ဆရာဇော်ဂျီ၏ မြင်းဖုကို ပျောက်ကင်းအောင် လုပ်ရသော ကိုယ်တိုင်အခက်အခဲကို စဉ်းစာလျက် ဆရာကြီးရှေ့တွင် ပြုံးနေရလေ တော့သည်။

Monday, November 17, 2008

တီဘီလား... ဂျာနယ်ကျော်မမလေး



မသိသူကျော်သွား သိသူဖော်စားဆိုတဲ့ စကားပုံလေးရှိပါတယ်။ ကျမတို့မြန်မာ့ဆေးပညာတွင် ဝေဒနာကို ဆေးမတိုက်ဘဲ မျက်စိမှလည်းကောင်း၊ နားမှလည်းကောင်း၊ နှာခေါင်းမှ လည်း ကောင်း၊ အထိအတွေ့မှလည်းကောင်း ဓာတ်ကြီးလေးပါးကို အခြေခံ၍ ကုသနိုင်သောနည်း လမ်းများရှိလေသည်။ ကျန်းမာရေးအတွက်သာမကဘဲ စိုက်ပျိုးရေး၊ နေ့စဉ်ဘဝမှာ ဓာတ်သ ဘောကိုနားလည်ပြီး စားသောက်နေထိုင်လျှင်ပင် ရောဂါဘယကင်းပြီး အသက်ရှည်စွာ နေထိုင်နိုင်ကြောင်းကို စာဖတ်သူများအတွက် တစုံတရာအကျိုးကျေးဇူး ရစေခြင်းငှာ ဂျာနယ် ကျော်မမလေးရဲ့ မြန်မာ့ ဆေးပညာစာအုပ်ထဲမှ ဓာတ်ပညာဖြင့် ဆေးကုသခဲ့ခြင်းများကို ပြန်လည်တင်ပြပေးလိုက်ပါသည်။

(၁)
“ ဒေါ်မမလေးခေါင်းလျှော်ရန်အတွက် အောက်ထပ်ကိုအခုဆင်းခဲ့ပါ၊ အားလုံးအဆင်သင့်ရှိ နေပါပြီ” မော်စကိုမြို့ နိုင်ငံခြားယဉ်ကျေးမှုဌာန ဆက်သွယ်ရေးအသင်းချုပ်ကြီး၏ ဧည့်ခံအဖွဲ့မှ မစ္စတာဒရန်နော့က ဟိုတယ်အောက်ထပ်မှ တယ်လီဖုန်းဖြင့် အကြောင်းကြား နေသည်။ ထိုနေ့အဖို့ နံနက်စာစားပြီးသည်နှင့် အပြင်ထွက်စရာအစီအစဉ်များရှိနေ၏။ ခေါင်းလျှော်နေလျှင် အချိန်ကြန့်ကြာဖွယ်ရာ ရှိမည်စိုးလှသဖြင့် ကျွန်မက ကျွန်မခေါင်းလျှော် နေလျှင် အချိန်ကြန့်ကြာနေမည် စိုးရိမ်ပါသည်၊ အချိန်မရှိတော့ပါ၍ ယနေ့အဖို့ ခေါင်းမလျှော်လိုသေးကြောင်း ပြန်ပြောလိုက်ပါသည်။
“နာရီိဝက်အချိန်ရှိပါတယ်၊ နောက်မကျပါဘူး၊ ခေါင်းလျှော်ရန်ပြောထားပြီးပါပြီ၊ အခုဆင်းခဲ့ပါ”
နံနက်စာစားပြီးလျှင်ပြီးခြင်း အပြင်ထွက်ကြရန်ရှိသည့်အတွက် ကျွန်မတို့အဆင်သင့် အဝတ် လဲထားပြီးကုန်မှ ခေါင်းလျှော်ရန်ဝန်လေးနေသည်။ သို့သော် စီစဉ်ထားပြီးပါပြီိဟု ဧည့်ဝတ် ကျေစွာဖိတ်ခေါ်နေခြင်းကိုအားနာ၍ တက္ကသိုလ်ကျော့ရှင်းနှင့် နှစ်ယောက်အောက်သို့ဆင်း သွားကြသည်။ မော်စကိုမြို့ ကျမတို့တည်းခိုနေသောဟိုတယ်မှာ အမျိုးသားဟိုတယ်ကြီး ဖြစ်သည်။ ဟိုတယ်အောက်ဆုံးထပ်၌ ဆံပင်ညှပ်အခန်း၊ ဆံပင်အလှပြုပြင်သည့်အခန်း၊ လက်သည်းလှီးဖြတ် ဆေးဆိုးပေးသည့် အခန်းများရှိသည်။

နံနက်စောသေး၍ အခန်းထဲတွင်လူရှင်းနေသည်။ ဝင်ဝင်ချင်း ယောက်ျားများဆံပင်ညှပ်သည့် နေရာ၊ နောက်ဘက်အခန်း၌ မိန်းမများအတွက် ခေါင်းလျှော်ရန်၊ ဆံပင်အလှပြင်ကောက်တွန့် ရန် ဓာတ်ခွက်ကရိယာတန်ဆာများ ထားရှိသည်။ ကျမတို့အခန်းထဲဝင်သွားကြသောအခါ အဝတ်အဖြူ၊ ဘောင်းဘီအနက်ဝတ်ထားသည့် ရုရှားအဖိုးကြီးတယောက်က ခရီးဦးကြိုပြုကာ မှန်ခုံရှေ့ရှိကုလားထိုင်များတွင် ထိုင်စေသည်။ ဂျပန်ပြည်ရှိ ခေါင်းအလှပြုပြင်ရာဆိုင်ခန်း အတိုင်းပင် ဆံပင်ကောက်သည့်၊ တွန့်သည့်ကရိယာတန်ဆာပလာများ စုံစုံလင်လင်တွေ့ ရသည်။ ရေစိုစိုဆံပင်ကို အလိုရှိသလိုပုံနေပုံထား ပြုပြင်ဖန်တီးကာ အသားကျအောင် ဓာတ်ခွက်အောက်၌ ခေါင်းစွပ်ထားရန် ဓါတ်ခွက်ကြီးများမှာ တစ်ဘက်ခန်းတွင်ရှိသည်။

ဆိုဗီယက်အမျိုးသမီးများမှာ အခြားနိုင်ငံမှအမျိုးသမီးများကဲ့သို့ပင် အလှပြုပြင်ကြကာဆံပင် များကောက်တွန့်ကြလျှက် လက်သည်းနီ၊ နှုတ်ခမ်းနီဆုးကြသည်။ မိန်းမတို့သဘာဝအတိုင်း တင့်တယ်လှပအောင်ပြင်ဆင်ရာ၌ အရောင်အဆင်း အဆန်းအပြားရွေးချယ်စုံမက်သူများ ဖြစ်ကြသည်။
ရုရှားအဖိုးကြီးက ကျွန်မကုလားထိုင်နောက်မှရပ်လျက် ခေါင်းနောက်တွင်ထုံးထားသော ဆံပင်ကို ဖြေချနေသောအခါ အိုင်စီအက်(စ်) ဦးကျော်မင်း၏ “ သံကန့်လန့်ကာနောက်ဖေး ပေါက်မှ” ဟူသော ဆောင်းပါးထဲ၌ မော်စကိုဟိုတယ်၌ ယောက်ျားခေါင်းကိုဆံပင်ညှပ်ပေး သောမိန်းမဆံပင်ညှပ်သမားအကြောင်း ရေးထားပုံကို သွားသတိရမိသည်။ မိန်းမအလှကို ယောက်ျားကပြုပြင်ပေးသည်မှာလည်း စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ ဆံပင်ဖြေချပြီးနောက် ရုရှားဘာသာစကားဖြင့် ပြုံးချိုစွာပြောလေသည်။ ဘာပြောနေမှန်းနားမလည်၍ ကျွန်မခေါင်းကို ပွတ်ပြကာ ခေါင်းလျှော်ပေးရန်အမူအယာဖြင့် နားလည်အောင်လုပ်ပြသည်။
အဝတ်ဖြူကို ကိုယ်ပေါ်တွင်ရုံထားသည်။ ခေါင်းကိုကုလားထိုင်နောက်သို့လှန်ခိုင်းပြီး ဆံပင်များ ကိုဇလုံနှင့်ခံကာ ရေပိုက်လုံးကလေးကိုဆွဲယူပြီး ရေဖြန်းချလိုက်သည်။ ဆပ်ပြာနှင့်တခေါင်းလုံး အနှံ့အစပ်ပွတ်လျက် ဆပ်ပြာရည်များကို ကုန်စင်အောင် အချိန်ကြာကြာရေဖြန်းလျှော်ညှစ် နေလေသည်။ ကျော့ရှင်းကခေါင်းမလျှော်၍ ဘေးမှထိုင်ကာကြည့်နေသည်။
ရေများကိုညှစ်လိုက်ပြီးနောက် သံဘီးကျဲကြီးဖြင့် ဆံပင်ရှေ့မှခွဲ၍ဖြီးလိုက်ပြီး ဆံပင်ကောက်ရန် ကော်ရည်ပုလင်းကို ခုံပေါ်မှလှမ်းယူလိုက်သည်။ ကျွန်မကဆံပင်မကောက်လိုကြောင်း ပုလင်းထဲမှအရည်များမဆွတ်ရန် တောင်းပန်လိုက်သည်။ အချိန်ကြာနေလျှင် အားလုံးက စောင့်နေရမည်ကိုစိုးသဖြင့်မြန်မြန်ကိစ္စပြီးအောင် သူ့လက်ထဲမှဘီးကိုတောင်းယူကာ ကျွန်မ ဖာသာဆံပင်များကိုရှင်းသည်။ သူလုပ်ပေးမည်ဆိုသည့်အမူအယာဖြင့် ဘီးကိုပြန်ယူသွားကာ ဖြည်းဖြည်းဆေးဆေး ရှင်းဖြီးနေလေသည်။ ကျွန်မမှာတထင့်ထင့်နှင့် နာရီကိုသာခဏခဏ ကြည့်မိသည်။ဆံပင်ရှင်ပြီိး ဆံပင်ညှပ်နှင့် ရှေ့ကဆံပင်များကို ကုပ်ပေးကာခေါင်းကို ပိုက်ကြီးအုပ်ပတ်စည်းလိုက်သည်။
ဓာတ်ခွက်အောက်သို့ထိုခိုင်းတော့မည်ကိုသိ၍ အချိန်ကလည်းမရှိသဖြင့် မထိုင်နိုင်တော့ ကြောင်း၊ အပြင်သွားရန်ရှိကြောင်း နာရီကိုပြ၊ ခြေဟန်လက်ဟန်လည်းပြကာ ခေါင်းပေါ်ကပိုက် ကြီးကိုပြန်ဖြေလိုက်ရသည်။ ကျွန်မလုပ်ပုံကိုအံ့သြကာ မျက်လုံးမျက်ဆန်ပြူး၍ ပိုက်မဖြေရန် တားမြစ်လေသည်။ သူ့စကားကိုနားမလည်သော်လည်း အမူအယာမှာ ဆံပင်မခြောက်ပဲ မသွားရန်တားမြစ်ရင်း ခေါင်းကပိုက်ကိုပြန်ချည်ပေးသည်။ ထို့နောက်ဓာတ်ခွက်အောက်တွင် အထိုင်ခိုင်းသည်။ ဓာတ်ခွက်အောက်၌ သွားထိုင်ရကာ ကြာတော့မှာပဲတတွတ်တွတ်ညည်းရင်း မငြိမ်မသက်ဖြစ်နေသည်။ ကိုယ့်အတွက်အနှောင့်အယှက်မဖြစ်အောင် ဒါကိုပင်အထူးဂရုစိုက် နေရသဖြင့်ဆံပင်ခြောက်အောင် ဓာတ်ခွက်အောက်၌ နာရီဝက်ခန့်ထိုင်ရမည်ကို စိတ်ထဲ၌ မသက်မသာ ထင့်နေသည်။
နာရီကိုတကြည့်တည်းကြည့်ရင်းအချိန်ကပ်နေ၍ ဘယ့်နှယ်ရှိရှိဟု ဓာတ်ခွက်နှင့်ခေါင်းခွာကာ ထွက်လာမိသည်။ ဆံပင်မခြောက်သေးပဲ ဓာတ်ခွက်အောက်မှထရမလားဟု အဖိုးကြီျးနှုတ်မှ မကျေမနပ်တတွတ်တွတ်ပြောကာ ကျန်ရစ်ခဲ့၍ “အဖိုးကြီးတော့ စိတ်ဆိုးတော့မှာပဲ” ဟု ကျော့ရှင်းက ပြောလေသည်။ လှေကားကိုအပြေးတက်၍ အခန်းထဲတွင်ရေစိုဆံပင်ကို သုတ်သီးသုတ်ပြာထုံးကာ ထမင်းစားခန်းထဲသို့ ပြန်ပြေးဆင်းလာကြသည့်အခါ အားလုံးပင် စားပြီးကာနီးနေကြပေပြီ။ အချိန်မီိရုံကလေးပင်ရှိသည်။ ကပျာကယာစားပြီိးပြီးချင်း အပြင် သို့ထွက်ရန် ဟိုတယ်အောက်ထပ်၌ စုရုံးကြရသည်။ အပြင်ဘက်ရှိ မြနေသောအအေးဓာတ် ကြီးကို မေ့နေအောင် ဟိုတယ်တခုလုံး အပူငွေ့ပေးထား၍ ဟိုတယ်ထဲ၌ အအေးဒဏ်ကို ပြင်းပြင်းထန်ထန် မခံစားရပေ။ အပြင်ထွက်ရန် ဟိုတယ်မှန်တံခါးကို လက်နှင့်တွန်းဖွင့် လိုက်သည်နှင့်တပြိုင်နက် တခဲနက်လုံးဝင်၍ ရိုက်ခတ်သည့်အအေးဓာတ်မှာ ရက်ရက်စက်စက် အေးမြ၍ မျက်နှာစပ်ကာ နားတွေကျဉ်သွားသည်။ တစ်ကိုယ်လုံးမှာ အနွေးထည်များ အထပ်ထပ် ထပ်ဝတ်ထား၍ခံသာသော်လည်း တစ်ခေါင်းလုံးကျဉ်တက်သွားသည်။ ဦးနှောက် ခိုက်အောင် မချိမဆံ့ ကျိန်းနာသွားလေသည်။ ဆံပင်စိုစိုပေါ်၌ အုပ်ချည်ထားသော ပိုးပဝါကလေးကား ရေထိစိုရွှဲနေသဖြင့် အအေးဓာတ်ကြီးကို မကာကွယ်နိုင်ပေ။ ဟိုတယ်အပြင်ဘက် ပလက်ဖောင်းကို ကျော်ဖြတ်ပြေးလာစဉ် တခေါင်းလုံး ဆူးအပ်တို့ဖြင့် ထိုးဖောက်ဆွံရသည့်အတိုင်း နာကျဉ်ပြင်းပြကာ အခံရဆိုးလှသည်။

ချက်ခြင်းပင် ကားထဲ၌ သုတ်မနိုင် သိမ်းမနိုင်လောက်အောင် နှာခေါင်းမှနှာရည်များ တရဟော ယိုစီးကျလာတော့သည်။ အထပ်ထပ်ဝတ်ထားသည့် ကိုယ်တွင်းကနွေးနေလျက် ခေါင်းကြီးက အေးစက်နေပြီးလျှင် ရေခဲအတုံးကြီးကိုခေါင်းပေါ်၌ ရွက်တင်ထားရသည့်အလား တစိမ့်စိမ့် အေးမြထုံကျဉ်ကိုက်ခဲလာသည်။ ထိုနေ့ကလိုက်လံပြသသောနေရာများကို အောင့်အည်း၍ ဟန်မပျက်ပြီးဆုံးအောင် ကြည့်ရှုနားထောင်နေရသည်။ အအေးဓာတ်လွန်ကဲလွှမ်းမိုး၍ အပူဓာတ်ငုပ်ကာ မော်စကိုတွင် ထိုအဖြစ်နှင့်အသံဝင်သွားတော့သည်။ ကျွန်မစကားပြောလျှင် အသံမထွက်။ တဖက်သားကြားအောင် အားယူယူ၍ ပြောဖန်များလျှင် မောပန်းလာသည်။ အသံထွက်အောင်အပြင်မထွက်ဘဲ ဟိုတယ်ထဲ၌ တရက်နှစ်ရက် ဆက်၍ခိုအောင်းနေလိုက် လျှင် နှာစေးပျောက်ကာ အသံထွက်လာမှာမုချသိသော်လည်း နေ့စဉ်ပင်အအေးဓာတ်နှင့် ထိတွေ့နေရသည်။ “ ဒေါ်မမလေး အသံမထွက်ပါလား” ပြောကြလျှင် “ အအေးလွန်သွား လို့ပါ” ဟုသာပြောလိုက်ရသည်။ ကျွန်မအသံဝင်နေ၍ ယဉ်ကျေးမှုဧည့်ခံအဖွဲ့မှ မစ္စမီရာက ဆရာဝန်ေါ်ရမလားဟု တဖွဖွမေးနေသည်။ ဆရာဝန်ခေါ်ရန်မလိုကြောင်း၊ ကျွန်မတွင်မြန် မာဆေးများပါလာကြောင်း၊ ခေါင်းလျှော်၍ဖြစ်ရကြောင်းမပြောချင်၍ အအေးမိ၍ အသံဝင် သွားခြင်းမျှသာဖြစ်ကြောင်း ပြောပြလိုက်ရသည်။ ဆရာဝန်ခေါ်မှာလက်မခံသော ကျွန်မ အဖြစ်ကားကျွန်မသာသိသည်။ ဆရာဝန်ခေါ်ရန်မလိုပါဟု ပြောနေသည့်ကြားထဲကပင် အဖွဲ့တွင်လိုက်ပါလာသော အချို့သူများက ဆရာဝန်ခေါ်ရန်အတင်းလုပ်ကြသဖြင့် မခေါ်ရန် မြန်မာဆေးရှိကြောင်းကို ဇွတ်တောင်းပန်ရတော့သည်။ ဤတွင်ဆရာဝန်မခေါ်လိုမှုကြောင့် ဘာရောဂါများရှိ၍ ဆရာဝန်မပြဝံ့သနည်းဟု ထင်ယောင်ထင်မှားဖြစ်ကုန်ကြသည်။

(၂)
ကျွန်မကား အင်္ဂလိပ်ဆေးဝါးကို လုံးဝစွန့်လွှတ်လိုက်ပြီးသော သူတယောက်ဖြစ်ပေ၏။ အင်္ဂလိပ်ဆေးဝါး၊ နိုင်ငံခြားဆေးဝါးများနှင့် ကင်းရှင်းခဲ့သည်မှာ (၇) နှစ်ခန့်ပင်ရှိပေတော့မည်။
ကျွန်မခင်ပွန်းဆုံးသွားသည့်အခါ၌ ကျွန်မတွင်ပြတွင်ပြဿနာဖြစ်ပေါ်လာသည်။ ဦးချစ်မောင် နေမကောင်းဖြစ်ဖြစ်ခြင်း ထင်ပေါ်ကျော်ကြားပေ့ဆိုသော ဆရာဝန်ကြီးများကို တစ်ဦးပြီးတဦး ပင့်ကုသခဲ့ရ၏။ ဆရာဝန်တဦးက လူနာကို ဝက်သက်ဟုအနာစွဲကာ ဝက်သက်ဆေးပေးသည်။ ထိုဆရာဝန်နှင့် မသက်သာ၍နောက်တဦးပင့်ပြန်ရာ ဝက်သက် မဟုတ် “ကျောက်”ဟု အနာစွဲကာ ကျောက်ဆေးတွေပေးပြန်သည်။ ထိုဆရာဝန်လက်အတွင်း ရောဂါသည်းလာ၍ နောက်တဦးပင့်ရပြန်ရာ ကျောက်၊ ဝက်သက် မဟုတ်ဘူး၊ ဦးနှောက်ရောဂါ၊ ကျောရိုး ဖောက်ကြည့်ရမည်။ ဆေးရုံပို့ဟု ဆုံးဖြတ်သည်။ ဆေးရုံသို့ပို့၍ ကျောရိုးဖောက်ကြည့်ပြီး နောက်တွင် အသက်ပျောက်သွားသည်။
စ၍ကိုယ်ပူသည့်ရက်မှ အသက်ပျောက်သွားသည့်ရက်အထိ ပေါင်း ဆယ့်နှစ်ရက်မျှသာလျှင် ရှိ၏။ မျက်စိအောက်တွင် မြန်မြန်ဆန်ဆန် အသက်ပျောက်သွားပုံကို နှမြောမဆုံးသဖြင့် ကျေမနပ်ဖြစ်ရာကအစ ပြဿနာတစ်ရပ် ပေါ်လာရခြင်းဖြစ်သည်။
ထိုပြဿနာကား ဆရာဝန်သုံးဦး၏ သုံးမျိုးသောဝေဒနာစွဲမှု ကွဲလွဲပုံကိုဘာကြောင့် ကွဲလွဲကြ သနည်းဟု ဆင်ခြင်စဉ်းစားမိရာမှ နောက်ဆုံးတွင် တကယ့်အရေးဆိုလျှင် အင်္ဂလိပ်ဆေးပညာ ဟာစိတ်မချရဘူးလားဟု သံသယရှိလာသည်။ ထို သံသယကား သာမညသံသယမဟုတ်ဘဲ စဉ်းစားတွေးတောတိုင်း ပြင်းထန်လာသောသံသယ ဖြစ်လာခဲ့သည်။
အကယ်၍သာ လူနာရှင်တို့၏ထုံးစံအတိုင်း “ ဆရာဝန်ကြီးများနှင့် ကုတာပဲ၊ သူ့ရောဂါကြီး၍ ကုမရ၍သာ အသက်ပျောက်ရတာ” ဟုကျေနပ်သော စိတ်ရှိပါက အင်္ဂလိပ်ဆေးပညာကို သံသ ယ ဖြစ်မည်မထင်။ ယခုအချိန်တိုင်အထိ တစ်ခုခုဖြစ်လျှင် အင်္ဂလိပ်ဆေးဝါး မှီဝဲခြင်းမှတပါး အခြား ဘယ်ဆေးမျိုးမှသောက်မည်၊ စားမည်၊ ယုံကြည်နိုင်မည် မဟုတ်သည့်အဖြစ်နှင့် အင်္ဂလိပ်ဆေးဝါးသာလျှင် မျက်စိအောက်တွင် ပျောက်သော်ရှိ၊ မပျောက်သော်ရှိ၊ သေသော်ရှိ၊ မသေသော်ရှိ၊ လူတကာတို့လိုက်နာကျင့်သုံးနေကြသော လမ်းအတိုင်းအင်္ဂလိပ်ဆေးပညာကို အသက်အပ်၍ လောကကြီးတွင်လူလုပ်နေမည်သာ ဖြစ်လေသည်။ နှမျောခြင်းကြောင့် ဖြစ်ပေါ်ရသော မကျေနပ်စိတ်ကစတင်ကာ သံသယရှိလာစေသည်။ “မြန်လိုက်တာ၊ ဘာရောဂါနဲ့ဆုံးတာလဲ” ဟုအသုဘရှု သတင်းမေးသူများ ကမေးကြလျှင် အသုဘရှင်က အဖြေတိတိကျကျမပေးတတ်။ “ဘာရောဂါနှင့်ဆုံးမှန်း ကျွန်မ မသိပါဘူး၊ ဆရာဝန်တစ်ဦးက ကျောက်၊ တစ်ဦးကဝက်သက်၊ တစ်ဦးက ဦိးနှောက်ရောဂါလို့ ပြောကြတာပဲ” ဟုပြောရသော ကျွန်မ၏ အဖြေကိုက ကျမအား ကျေနပ်စရာမရှိအောင်ဖြစ်ခဲ့ပေ၏။ ကျောက်၊ ဝက်သက် ဖြစ်ရင် အင်္ဂလိပ်ဆေးက နိုင်တာမဟုတ်ဘူး၊ မြန်မာဆေးသာနိုင်တာ၊ မြန်မာသာကုနိုင်တာဟု အသုဘရှုတွင် ပြောသွားကြသောစကားများမှာ နားထဲတွင်စွဲကျန်နေသည်။
ထိုအခါ မြန်မာဆေးပညာသည် တကယ်များထက်မြက်သလားဟု မြန်မာဆေးပညာကို အာရုံရောက်သွားကာ အချိန်ရလျှင်ဆေးကျမ်းများကို စုဆောင်းရှာဖွေဖတ်ရှုလျက် မြန်မာ ဆေးဆရာများသို့ တဖြည်းဖြည်းချဉ်းကပ်ကြည့်မိသည်။

တွေ့ဆုံရသော မြန်မာဆရာများကား ဆေးကျမ်းကလေး တစ်အုပ်နှစ်အုပ်ဖတ်ကာ လက် တည့်စမ်း၍ ဆိုင်းဘုတ်ချိတ်ပြီး ဆရာလုပ်နေကြသော ဆေးဆရာများနှင့်သာ တွေ့ရသဖြင့် ထိုဆရာတို့အား အင်္ဂလိပ်ဆရာတို့ထက် ပို၍စိတ်ပျက်သွားသည်။ ကျွန်မ၏ပြဿနာအခက် အခဲကား အင်္ဂလိပ်ဆေးဝါးလည်း သံသယရှိ၏။ မြန်မာ့ဆေးဝါးလည်း မယုံကြည်။ သောင်မတင် ရေမကျ၊ ဟိုမဟုတ် သည်မဟုတ်ဖြစ်ကာ မဆုံးဖြတ်တတ်သော အခက်အခဲနှင့် ရင်ဆိုင်နေရသည်။ ထိုအတွင်း နှစ်စဉ်နှစ်တိုင်း မိုးတွင်းတွင်ဖြစ်နေကျ ဝမ်းကိုက်ရောဂါ ဝေဒနာဖြစ်လာ၏။ ဝမ်းကိုက်လျှင်ဆရာဝန်ခေါ်ကာ အယ်မာတင် ဆေးများထိုးလိုက်လျှင် ပျောက်သွားသည်။ ပျောက်သွားသည်ဆိုသည်မှာ တစ်ခါတည်းစိတ်ချလက်ချ ပျောက်သွား သောအပျောက်မျိုးမဟုတ်။ ရှေ့မိုးတွင်းကျဖြစ်ဦးမှာပဲဟု အသေအချာသိနေ၏။ ငါးနှစ်တိုင်တိုင် ဖြစ်နေသော ဝေဒနာအတွေ့အကြုံကြောင့် ရင့်နေသောအသိမျိုးရှိနေသည်။
ဝေဒနာပြင်းလာ၍ ဆရာဝန်ခေါ်ကာထိုးနေကျဆေးထိုးလိုက်လျှင် သက်သာပျောက်ကင်း မည်ကိုသိပါ၏။ အင်္ဂလိပ်ဆေးကို သံသယဖြစ်နေခိုက် ထိုအပျောက်မျိုးဖြင့် မပျောက်ချင်တော့။ ဘယ်တော့မှ ပြန်မဖြစ်သည့်အပျောက်မျိုးသာ ပျောက်ချင်သောကြောင့်ဆရာဝန်မခေါ်တော့ဘဲ ဘယ်နှယ်လုပ်ရမလဲဟု စဉ်းစားနေမိရင်း ဘာဆေးမှမသောက်ပဲ ပေတေခံနေသဖြင့် လူလည်းမြော့လာ၏။ နောက်ဆုံးတွင် သေချင်သေပါစေ၊ မြန်မာ့ဆေးပညာကို အသက်အပ်ပြီး စူးစမ်းမည်ဟု စိတ်ပိုင်းဖြတ်လိုက်မိသည်။ ပြင်းပြလွန်းသောလိုအင်ဆန္ဒနှင့် အားထုတ်စူးစမ်းရှာ ဖွေလွန်းသောကြောင့်ဖြင့်ပင် ရှေးမြန်မာသမားတော်ကြီးတဦးနှင့်တွေ့ကြုံရကာ ကုသရာမှ ဝေဒနာချက်ခြင်းသက်သာသွားကာ အမြစ်ပါပျောက်ကင်းသွားတော့၏။ ဆရာကြီး၏ ကုသပုံ ကုသနည်း၊ ချက်ခြင်းပျောက်ပုံပျောက်နည်းကို မျက်ခြေမပြတ် စူးစမ်း၏။ ဆန်းကြယ်လှသော ကုနည်းကို ဘာကြောင့်သည်နည်းနှင့်ပျောက်ရသလဲဟု ဆရာကြီးထံ၌ မရမကဇစ်မြစ် လိုက်ကာ မအားမနေ မပေါ့မလျှော့အားထုတ်လေ့လာရင်း ကွယ်မြုပ်နေသော ရှေးမြန်မာ အမျိုးသား ဆေးပညာ၏ထက်မြက်ခြင်းရှိပုံကို ရိပ်မိလာတော့၏။

သုံးနှစ်ခန့်ဆည်းပူးလေ့လာသည်နှင့်မြန်မာ့ဆေးပညာကို အနည်းငယ်ခေါက်မိလာကာ သဘောပေါက်လာသည်။ ဂျာနယ်ကျော်၊ ဟစ်တိုင်သတင်းစာအယ်ဒီတာ ဦးစောဦး၊ ပလိပ် ရောဂါဖြစ်၍ ဆရာဝန်မခေါ်စေရဘဲ အတင်းဝင်တားကာကိုယ်တိုင်လက်တွေ့ စမ်းသပ် ကုကြည့်ရာ ပျောက်ကင်းသွားသည်။ မြန်မာ့ဆေးကုနည်းဖြင့် ရောဂါအမျိုးမျိုးကို ဆရာကြီး၏ ခွင့်ပြုချက်အရ လက်တွေ့စမ်းသပ်ကုကြည့်လေသည်။ ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီး လတ်တလောရောဂါ၊ နာတာရှည်ရောဂါကြီး စသည်ဖြင့် ရောဂါအမျိုးမျိုးအထွေထွေကိုပင် မက အနူအဝဲ၊ အနာကြီးနှင့် အနာကလေး၊ မြင်းဖု စသည့်အနာများကိုလည်း စမ်းသပ်ကုသရာ ပျောက်ကင်းချမ်းသာကုန်ပုံများမှာ စိတ်ဝင်စားစရာဖြစ်ခဲ့သည်။ ဂျာနယ်တဘက်၊ သတင်းစာ တဘက် အလုပ်များလျှက်နှင့် တဖက်တွင်နီးစပ်ရာ၊ ခင်မင်ရာလူမမာများကို ကုသိုလ်ဖြစ် လက်တွေ့စမ်းသပ် လိုက်ကုသပေးလေသည်။ ဆေးပညာကိုလိုက်စားစဉ်က အချိန်မအား လပ်လွန်းသဖြင့် သတင်းစာလုပ်ငန်းပြီးချိန် ည- တချက် နှစ်ချက်မှ ပညာကိုရှာမှီးခွင့်ရ၍ ညနှစ်ချက်မှ နောက်တနေ့ မနက်မိုးလင်းအထိမအိပ်မနေလေ့လာခဲ့ရ၏။ ကျွန်မအဖို့တွင် တညလုံးမလှဲမအိပ်ရ၍လည်း နေနိုင်၏။ တရက်၊ နှစ်ရက်၊ သုံးရက်ဆက်တိုက် မိုးလင်းလည်းနေနိုင်၏။ တညလုံးမအိပ်၍လည်း နေ့လည်နေ့ခင်း ခဏမျှ လှဲအိပ်သည်မရှိ။ သတင်းစာတိုက်ဖျက်ပစ်ကြစဉ်က သတင်းစာထွက်ရန် ဆယ့်ငါးရက်ခန့် ပုံနှိပ်တိုက် သုံးတိုက်တွင် ညလုံးပေါက် သွားရိုက်နှိပ်နေ၏။ မိုးလင်း၍ သတင်းစာများနယ်ပို့ပြီးလျှင် တနေ့လုံးထိုင်အလုပ်လုပ်နေသည်။ ထိုကဲ့သို့ ပေပေတေတေ ထမင်းမှန်းဟင်းမှန်းမသိ အိပ်ပျက်ခံလွန်းသောကြောင့် တနေ့ထက်တနေ့ ပိန်ချုံးလာသည်။ ဣရိယာပုတ်ကို ဆန့်ကျင် လွန်း၍ ကျန်းမာရေးကိုသိလျက်နှင့် ဂရုစိုက်ခွင့်မရ၊ နောက်ဆုံးတွင် အရိုးပေါ်အရေကပ်ကာ လဲတော့မည်ရှိတော့မျှ သတင်းစာတိုက်ကို ပိတ်လိုက်ကာ လွတ်ရာလွတ်ကြောင်းအဝေးသို့ သွားနေ၏။ ထိုအခါတွင်ဆေးပညာကို ကျကျနန လိုက်စားနိုင်ရန်အခါအခွင့် ကြုံရသည်။ သစ်ပင်များကို ရှေးဦးစွာစမ်းသပ်စိုက်ကြည့်၏။ ရှင်သောသစ်ပင်ကိုသေအောင်၊ သေတော့မည် ရှိသောသစ်ပင်ကို ရှင်အောင်၊ အသီးနည်းသောသစ်ပင်ကို အသီးဖွင့်ဖြိုးအောင် စသည်ဖြင့် သစ်ပင်များကို ပထမစမ်းသပ်ရ၏။ ထို့နောက်မှ တိရစ္ဆာန်များကို စမ်းသပ်ကြည့်ရပြန်သည်။ အမျိုးသားဆေးပညာ၌ ဓါတုဗေဒသဘော၊ ရူပဗေဒသဘောများ အကျုံးဝင်၍ စိတ်ဝင်စား လှသည်။ အရိုးပေါ်အရေကပ်နေသော ကိုယ်ခန္တာကို၊ ရုပ်ကိုလည်း နည်းမှန်လမ်းကျ ပိုင်ပိုင်နိုင်နိုင် စမ်းသပ်ပြုပြင်ကြည့်လေတော့သည်။

(၃)
အဝေးတွင်လေးငါးလဖြင့် ဝဖြိုးစိုပြည်သွားအောင် ဆေးပညာဖြင့်စမ်းသပ်ပြုပြင်ခဲ့သည့် အဖြစ်ကို ကျွန်မနှင့်နီးစပ်သည့်သူများသာလျှင် သိကြသည်။ တော်ရုံရင်နှီးရုံလောက်နှင့် မြန်မာ့ဆေးပညာကို ကျွန်မလိုက်စားနေမှန်းမသိနိုင်။ အင်္ဂလိပ်ဆေးဝါးများကို စွန့်လွတ်ထား မှန်းမသိနိုင်။ သူလိုငါလိုခေတ်အမျိုးသမီး၊ အင်္ဂလိပ်ဆေးလက်ခံယုံကြည်သုံးစွဲသူဟု ထင်မြင် ကြပေမည်။ အမေမွေးကတည်းက အင်္ဂလိပ်ဆေးသာလျှင် ဆေးမှတ်ခဲ့ပါ၏။ မြန်မာ့ဆေးကို မယုံကြည်။ လျှက်ဆားများဘယ်တော့မှမလျက်၊ မြန်မာ့ဝမ်းနှုတ်ဆေး လျှာပေါ်မတင်၊ ခေါင်းကိုက်လျှင် အက်စ်ပရိုသောက်ကာ ဝမ်းချုပ်လျှင် ဖရူးဆော့သာ သုံးခဲ့၏။ အားဆေး၊ သွေးတိုးဆေး၊ အစာကြေဆေး စသည့်အင်္ဂလိပ်ဆေးပုလင်း အမျိုးမျိုးအဖုံဖုံကို ဝယ်ယူသုံးစွဲ လွန်း၍ ပိုက်ဆံအကုန်အကျများခဲ့၏။ လူလည်းခဏခဏချူချာ၏။ နောက်နောက်က ကျွန်မအိမ်တွင် အင်္ဂလိပ်ဆေးပုလင်းအမျိုးစုံထားခဲ့၏။ ထိုကြားထဲမှ တစ်ခုခုဖြစ်လျှင် ဆရာဝန်ခေါ်ကာ ဆေးသာထိုး၏။ မြန်မာဆေးဆိုလျှင် အထင်သေးလွန်း၍ ဘယ်ဆေးမှ အဆောင်မထား၊ အသုံးမပြု နေခဲ့ပေသည်။ မြန်မာ့ဆေးပညာကား နက်နဲကျယ်ဝန်းသော ပညာစခန်းဖြစ်ပေ၏။ ရှေးရှေးမြန်မာ့လူထုအဆက်ဆက် ထွန်းကားခဲ့လေပြီးကာမှ အင်္ဂလိပ် စိုးမိုးသောခေတ်၌ အမျိုးသားမှု၊ အမျိုးသားပညာရပ်များ တိမ်ကောသွားသည့်အထဲတွင် အဖိုးတန်သော ဆေးပညာရပ်ကြီးလည်း ပါဝင်သွားရခြင်းဖြစ်ပေသည်။

ကျွန်မလေ့လာဆည်းပူးသော မြန်မာ့ဆေးပညာမှာ ယခုခေတ်လူအများလက်ခံနိုင်ရန် ခဲယဉ်း သေး၏။ လူအများလက်ခံနိုင်အောင်၊ ခေတ်မှီအောင် လုပ်ချင်သောစိတ်များ ပြင်းပြလှသည်။ အင်္ဂလိပ်ဆေးပညာကဲ့သို့ ပြောင်ပြောင်လက်လက်ပစ္စည်းကိရိယာ တန်ဆာပလာတွေဖြင့် သားသားနားနားခေတ်မီမီ စနစ်တကျ မွမ်းမံနိုင်ပါက လူပေါင်းကအထင်ကြီးလက်ခံကာ မြန်မြန်အဆင့်အတန်းတိုးမြင့်သွားမည်ဟု ထင်မြင်သဘောရရှိသည်။ ဤမြန်မာ့ဆေးပညာတွင် အင်္ဂလိပ်ဆေးပညာလို အူအတက်ပေါက်၊ အသဲတခြမ်းကြီး၊ အဆုပ်ရေဝင် စသည့်ဝေဒနာ အခေါ်အဝေါ်ဆန်းဆန်းပြားပြား မရှိလှချေ။ လူတို့တွင် ဖြစ်သမျှဝေဒနာကို တည့်၊ မတည့် ရိုးရိုးပညတ်သဘောဖြင့် ကုသသောကြောင့် ခေတ်ကာလအလိုအားဖြင့် ဆန့်ကျင်နေ၏။ သို့သော် ဆရာဝန်ကြီးများလက်လျော့၍ သေလုသေခင်ဝေဒနာများကို ဤနည်းဖြင့် ကုသပေးခဲ့၍ ယခုတိုင်အသက်ရှင်လျက်ရှိသော သာဓကများမြောက်များစွာရှိသည်။

(၄)
ကျွန်မနေသော ဘောက်ထော်အိမ်နှင့် မျက်နှာချင်းဆိုင်တိုက်တွင် စတီးဘရားသားကုမ္ပဏီ ဆန်ဘက်ဌာန ကုယ်စားလှယ်ကြီိး ဦးလှမောင်နေသည်။ ထိုပုဂ္ဂိုလ်မှာ ကျန်းမာသည်မရှိ။ အမြဲတန်းမောဟိုက်ကာ အသံပျက်လျှက် အသားအရေပြာခြောက်ပန်ချုံးနေ၏။ အချို့ကတီဘီ ဟုပြောကြ၏။ သူ၏ရောဂါကို စတီးကုမ္ပဏီမှ ဆရာဝန်ကြီးများနှင့် ကုသ၍နေလေသည်။ အင်္ဂလိပ်ဆေးကိုမပြတ်မီဝဲနေရ၏။ ဆေးမပြတ်ထိုးနေရ၏။ ရောဂါမသက်သာ၍ နောက်ဆုံး အလုပ်တိုက်မသွားနိုင်တော့ဘဲ၊ အိပ်ယာထဲတွင်လဲလျက်ဆရာဝန်ကြီးနှင့် မပြတ်ကုသနေလေ သည်။ ဦးလှမောင်ထံသို့ သတင်းမေးရောက်သွားသောအခါ အခြေအနေမှာ အသက်ရှင်ဖို့ မမြင်၍ မေတ္တာထားကာ မြန်မာ့ဆေးပညာကို အရိပ်အငွေ့ပြောပြခဲ့သည်။ ဦးလှမောင်အဖို့ကား အင်္ဂလိပ်ဆေးဝါးမပြတ်မှီဝဲလာသူ ဖြစ်ရုံမက အထက်တန်းစားအင်္ဂလိပ်ခေတ်ပညာတတ် တဦးဖြစ်သည့်အတိုင်း မြန်မာ့ဆေးဝါးကို နားမှလေသံမကြားချင်အောင် အယုံအကြည်ကင်းမဲ့ သူဖြစ်သည်။ ကျွန်မလိုအမျိုးသမီးတဦးက မြန်မာ့ဆေးပညာတန်ဖိုး ပြောဟောပြခြင်းပင် အထင်အမြင်သေးစရာ ဖြစ်ကောင်းဖြစ်နေလိမ့်မည်။ သူ့အားသတိပေးသည့်အနေမှလွဲ၍ ကုသရန်မတိုက်တွန်းချေ။ အင်္ဂလိပ်ဆေးကုရင်းမသက်သာပဲနှင့် ဇွတ်တိုးကုကာ အသေခံရ သေသူများကဲ့သို့ သူလည်းသက်သာသည်၊ မသက်သာသည် မစဉ်းစားပဲ နောက်မဆုတ် မည့်သူမှန်း အစင်းသိ၍ တိုက်တွန်းလိုစိတ်မရှိခြင်းဖြစ်သည်။ တနေ့ထက်တနေ့ ရောဂါသည်း လာသည်။ သူ့အိမ်ထဲသို့ဝင်သွားသော ဆရာဝန်ကြီး၏ ကားသွားကားပြန်အခေါက်ရေချင့်၍ ရောဂါတော့သည်းနေပြီ၊ ဘယ်တော့သေရှာမလဲဟု နားစွင့်နေမိသည်။


ထိုအတွင်းတညတွင် ကျွန်မအားဟစ်အော်ခေါ်နှိုးနေသော အသံတသံကို အိပ်ယာထဲမှကြား မိသည်။ အိပ်ယာမှထကာ တံခါးပြေးဖွင့်လိုက်သည့်အခါ ဖိနပ်ပင်စီးမလာနိုင်ပဲ မောကြီိးပန်းကြီး ပြေးလိုက်လာသောဦးလှမောင်၏ဇနီး ခင်ခင်စုဖြစ်နေ၏။ ဦးလှမောင်အသက်ထွက်တော့မည် ဖြစ်၍ကယ်ပါဦးဟု ငိုကြီိးချက်မ လာခေါ်ခြင်းဖြစ်သည်။။ အချိန်မှာ ည ဆယ်နာရီခန့်ရှိမည်။ လမ်းပေါ်တွင်မှောင်မည်းနေ၏။ မှောင်မိုက်ထဲတွင် ကျွန်မတို့နှစ်ယောက်ပြေးသွားကြသည်။ လူမမာ၏အင်္ဂါရုပ်ကား နာရီပိုင်းလောက်သာ ခံတော့မည့်လက္ခဏာပြနေချေပြီ။ အမောဖောက် ကာ ကျို့ထိုးလျက် မျက်ဖြူလန်ကာ ကြပ်နေလေပြီ။ အနားမှခင်ခင်စု၏ မျက်နှာကိုလှည့်ကြည့် လိုက်ကာ အသက်အရွယ်ငယ်ငယ်နှင့် ကျွန်မလို မုဆိုးမဖြစ်တော့မှာပါလားဟု ကိုယ်ချင်းစာ ကာ ရင်လေးသွားမိသည်။ “ဆရာဝန်မပင့်ဘူးလား”ဟု ကျွန်မကမေးလိုက်သည်။ “မပင့်တော့ပါဘူးမမရယ်… ကုနေတာကြာလှပြီမဟုတ်လား မနက်ကပဲ ဆေးထိုးသွားသေး တာပဲ၊ အခုနေသွားပင့်လို့လည်း အကြောင်းထူးတော့မှာမဟုတ်ပါဘူး။ မရဘူးဆိုပြီး ကြွသွားမှာပဲ၊ ဒါကြောင့်မမကိုသတိရပြီး မမများတတ်နိုင်လိုတတ်နိုင်ငြား ကိုကို့ကံပဲဆိုပြီး ပြေးလာတာပဲ၊ တတ်နိုင်ရင်ကယ်ဆယ်ပါမမရယ်” သနားစဖွယ်ရှိုက်သံဖြင့် မျက်ရည် အသွယ်သွယ်ကျရင်းပြောနေသည်။ ကျွန်မလည်းသက်ပြင်းချလျှက် ကြပ်မောနေသော လူမမာကိုတွေ၍ကြည်နေမိသည်။ ဆေးရုံကမရဘူး ဆရာဝန်ကမရဘူးဆိုမှ၊ ရောဂါကျွမ်းမှ သေကာနီးမှ မြန်မာ့ဘက်သို့မျက်စိလည်ကာ ရလိုရငြား နောက်ဆုံးကံစမ်းသဘော ထားတတ် ပုံကိုခံရဖူးပေါင်းများလှပါပေပြီ။
ဆရာဝန်သွားပင့်က သူတွက်ထားသည့်အတိုင်း မရတော့ဘူးသာပြောမည့် အခြေအနေမျိုး ရောက်နေ၍ ကျွန်မတို့ပင် လက်ခံကုပေးရန်မကောင်းတော့ချေ။ “ရောဂါကျွမ်းနေပြီ၊ သေတာရှင်တာကတော့ ခင်ခင်စုပြောသလို ဦးလှမောင်ကံပဲ သက်သာအောင်တော့ ကြိုးစားပါ့မယ်” ။ လူမမာကို လက်ခံလိုက်သော်လည်း ကျွန်မတွင်ဆေးဝါးမရှိ၊ ဆေးဆောင် ထားသူမဟုတ်၍ ဦးလှမောင်နှင့်တည့်သည့် ဓာတ်ပစ္စည်းတခုခုကို မီးဖိုထဲတွင် ဝင်ရှာရ လေသည်။ ကျွန်မအလိုရှိသောပစ္စည်းကား အဆင်သင့်ပင် အိုးခွက်တိုက်ချွတ်သည့်နေရာ ရေစင်တွင် သွားတွေ့လေသည်။ အကယ်၍သာ ဦးလှမောင်အား သူ့အသက်မှာအိုးခွက် တိုက်ရန် မီးဖိုထဲမှရေစင်တွင်ပစ်ထားသော အုန်းခွံခြောက်ဖတ်ပေါ်တွင် တည်ရှိကြောင်း ပြောပြခဲ့လျှင် ဟက်ဟက်ပက်ပက်ရယ်မောပေလိမ့်မည်။ ယခုသော်ကား သတိမရှိ၊ မောကြပ်ကာ အသက်ထွက်ခါနီးနေ၍ ကျွန်မလုပ်သမျှမငြင်းနိုင်ရှာပဲ ခံရပေတော့မည်။ စလောင်းဖုံးထဲတွင် မီးခဲမျာထည့်ကာ အုန်းခွံမှ အုန်းဖတ်ကိုနွာချ၍ ထွက်လာသောအခိုးတွေကို သူ၏နှာခေါင်းရောက်အောင်အနံ့ပေးလိုက်သည်။ “ဖြစ်ပါမလားဟဲ့.. သေခါနီိးလူနာကို ဒီိအညှော်နံ့ကြီးတိုက်နေရင် မြန်မြန်အသက်ထွက်မှာပေါ့တော်” ။ ခင်ခင်စုအားတီးတိုးပြောနေ သော ခင်ခင်စု၏မိခင်အသံကို မှိုင်းတိုက်နေရင်းကြားလိုက်ရသည်။ လူမမာအရေးကြီး၍ အသက်လုနေခိုက် သူတို့ကျေနပ်အောင် ရှင်းမနေနိုင်ပေ။ အနံ့ကြောင့်ဝေဒနာရသည်။ အနံ့ကြောင့်ဝေဒနာ ချမ်းသာနိုင်သည်။ အနံ့ကိုရှုရှိုက်ခြင်းကား ဆေးထိုးသလိုပင် အကြောထဲ သို့အမြန်ဆုံရောက်သွားနိုင်သည်။ မတည့်သည့်အနံ့တခုကို ရှူရှိုက်ရမည်ဆိုလျှင် ချက်ခြင်း ဇက်လေး၊ ခေါင်းကိုက်လာနိုင်သည်။ အနံ့မှာအမြန်ဆုံး ထိရောက်နိုင်သော သတ္တိတန်ခိုးရှိ၏။ ဆေးရုံတွင်မေ့ဆေးအနံ့ကို ရှူရှိုက်ရုံဖြင့် ချက်ခြင်းမေ့၍ အသေလိုဖြစ်သွားနိုင်သည့် သတ္တိစွမ်းရှိ သကဲ့သို့ လူမမာနှင့်တည့်သည့်အနံ့တခုစွမ်းစွမ်းထက်ထက်ရွေးပေးလိုက်နိုင်က ဤလက်နက် လောက် အမြန်ဆုံးထိရောက်နိုင်သော လက်နက်မရှိချေ။ သာမန်အားဖြင့် စလောင်းဖုံးနှင့် အနံ့ဆိုးဆိုးသာ မြင်ကြသိကြ၏။ အာရုံငါးပါးအနက် အနံ့၏အာနိသင်သဘောကို သိချင်မှ သိပေမည်။
ဝေဒနာရခြင်းအကြောင်းများမှာ အာရုံငါးပါးကြောင့်ဖြစ်သည်လည်းရှိ၏။ မျက်စိမှ၊ နားမှ၊ နှာခေါင်းမှ၊ လျှာမှ၊ အထိအတွေ့မှ စသည်ဖြင့် ဝေဒနာရနိုင်သည်။ ဥပမာ မျက်စိမှ သွေးထွက် သံယိုမြင်လျှင် ဤမျက်စိအာရုံကြောင့် နှလုံးထိခိုက်အောင်ဝေဒနာရနိုင်၏။ ထို့အတူ နားကကြားသည့်အသံနှင့်၊ နှာခေါင်းမှရှူသည့်အနံ့နှင့်၊ လျှာမှစားသည့်အရသာနှင့် အထိ အတွေ့နှင့် စသည့်မတည့်သည်ဓာတ်သဘောကြောင့် ဝေဒနာရနိုင်သလို တည့်သည့်ဓာတ်ဖြင့် အာရုံငါးပါးမှနေ၍ ဝေဒနာသက်သာ ချမ်းသာအောင် ကုစွမ်းနိုင်၏။ ဝေဒနာကိုဆေးမတိုက်ဘဲ မျက်စမှနေ၍၎င်း၊ နားမှနေ၍၎င်း၊ အထိအတွေ့မှ၎င်း ကုနိုင်သောနည်းများရှိလေသည်။ ကုသရာတွင် လူမမာနှင့်တည့်သည့်ဓာတ်ကိုသိရန်သာ အခရာဖြစ်ပေသည်။ ထို့ကြောင့် ဓာတ်မသိရင်ခက်တယ်၊ ဓာတ်သိရင်အလွယ်ကလေးဆိုသော ရှေးစကားရှိခဲ့၏။ ဝေဒနာ အတွက်တည့်သည့်ဓာတ်သိဖို့ရန်သာ အဓိကဖြစ်ပေသည်။
ခင်ခင်စုမှာ ဆရာဝန်ပင့်၍ ထူးမလာဟူသောအသိဖြင့် ကျွန်မဘာလုပ်လုပ်မကန့်ကွက်ပေ။ ဘေးနားတွင်တရှုံ့ရှုံငိုယိုလျက် ခြေမကိုင်မိ၊ လက်မကိုင်မဖြစ်နေသည်။ ကျွန်မမှာ လူမမာအနားမှမခွာ၊ အလစ်မပေး၊ အရိပ်အကဲခတ်ကာ မှိုင်းနာအောင်သာ ထိုင်တိုက်ပေးနေ ၏။ နာရီဝက်နီးနီးကြာသောအခါ ကျွန်မဆွဲနေသည့်ဓာတ်ဘက်သို့ လိုက်ပါလာသောလက္ခဏာ အခြင်းအရာတွေ့ရ၍ ကျွန်မဝမ်းသာခြင်းကား စာဖွဲ့၍ပင်မပြောတတ်အောင် ဖြစ်မိသည်။ အရင်လိုမှုဖြင့် စလောင်းဖုံးထဲတွင် မီးခဲနှင့်အနံ့ရအောင် မှိုင်းငွေ့ယူခြင်းကို သာမန်အားဖြင့် ကြည့်က ပစ်စလက်ခတ်နှင့် မလေးစားရာဟု အနောက်တိုင်းဆန်သည့်မျက်စိ၌ ထင်ကောင်း ထင်လေမည်။ အကယ်၍သာ အနံ့ရသည့် ခေတ်မီကရိယာတန်ဆာပလာလက်နက်ဖြင့် ပျောက်ကင်းအောင်ကုသပေးမည်ဆိုပါက ဆရာဝန်ခြေကြွ မြက်မြက်ကလေးရနိုင်စရာရှိသည် ဟု တွေးမိသေးသည်။ သို့သော် မြန်မာ့ဆေးပညာကား လူထုသုံးစွဲနိုင်သောပညာဖြစ်၍ ရှေးနှစ်ပေါင်းထောင်ကျော်လောက်က ထွန်းကားလာသောပညာတရပ်ကို အထင်မသေးအပ် ပေ။
တခါက ပဲခူးရွှေမော်ဓော အုတ်မြစ်ချပွဲတွင် ဘုရားပေါ်၌ ကုသိုလ်ဖြစ်ဆေးကုဌာနကြီးဖွင့်လှစ်၍ လူနာတထောင်ကျော်ခန့် ကုသိုလ်ဖြစ်ဆေးပေးခဲ့စဉ်က အင်္ဂလိပ်ဆေးရုံအလကားရတယ်ဟု လူနာတွေအုံလာကြသည်။ ဆေးတိုက်ဆေးထည့်ပေးမှ မြန်မာဆေးဝါးမှန်း သိသွားကြသည်။ သည်ကုသိုလ်ကို ကျွန်မခဲရာခဲဆစ်လုပ်ရပုံမှာ ဆေးပညာပြန့်ပွားစေရအောင် (နာစ်) သူနာပြုဆရာမများကို ဘန်းပြရန်သူတို့အဝတ်အစားအပြည့်အစုံဖြင့် ငှားရမ်းခေါ်သွားကာ အနာခွဲအင်္ဂလိပ်ကရိယာတန်ဆာပလာစုံစုံနှင့် မြန်မာ့ဆေးကို သည်ပုံသည်နည်း လျှူခဲ့ရဖူး၏။
လူမမာမှာတဖြည်းဖြည်းကျို့ထိုရပ်လျက် မျက်စိအထက်လည်ကာ အမောကြပ်နေခြင်းမှ အသက်ရှူစပြုလာလျှင်ပင် ခုတင်ကိုဝိုင်းနေကြသော ခင်ခင်စုနှင့်အိမ်ရျှိလူများအား မသေပါဘူး စိတ်ချဟု အားပေးစကားပြောလိုက်ကာ စလောင်းဖုံးချပြီး လူနာနှင့်တည့်သည့်ဓာတ်တွေကို တမျိုးပြီးတမျိုးတွင်တွင်ကြီး ဖိလုပ်နေလေသည်။ လူမမာမှာ သန်းခေါင်ကျော်လောက်မှ သတိပြန်လည်လာသည်။ ထိုညအဖို့ အိမ်သို့မပြန်ပဲ လူနာအနီးတွင် စိတ်ရှည်လက်ရှည် ပြုစု ကုသပေးနေရာ အချိန်ကုန်သွားမှန်းပင်မသိတော့။ ညဦးကမျက်ဖြူဆိုက်ကာ ကြပ်မောလျက် ပစ်လိုက်ရတော့မည်ဖြစ်နေသော လူမမာမှာ နံနက်ငါးနာရီလောက်တွင် ရေခဲနှင့် ပန်းသီးကို စားနိုင်တော့၏။ “ကျေးဇူးတင်လိုက်တာ ဒေါ်မမလေးရယ်၊ ကျွန်တော့အသက်ကို ဒေါ်မမလေး ကယ်ဆယ်တာပဲ” ပန်းသီးစားရင်း တုန်တုန်ချည့်ချည့် အားနည်းသောအသံကလေးနှင့် ပြောနေသည်။ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်နေသော လူမမာ၏မျက်နှာကိုကြည့်ကာ ပြုံးလိုက်မိသည်။ “ကျွန်မကို ကျေးဇူးမတင်နဲ့ ဦးလှမောင်၊ အသက်ကိုကယ်ဆယ်တာက ကျွန်မထက် အုန်းဆံက ပိုမှန်လိမ့်မယ်၊ ဒီအုန်းဆံဟာ ဆရာဝန်ကြီးထိုးတဲ့ ဆေးတလုံးဖိုး မပြောနဲ့၊ ပြောရရင် တပြာမှမတန်ဘူး။ ဈေးထဲကအုန်းသီးရောင်းတဲ့ဆိုင်မှာ အိုးခွက်တိုက်ဖို့ အလကားသွားတောင်းရင်တောင် ရနိုင်ပါတယ်။ ကျေးဇူးတင်ရင် အုန်းဆံကိုသာတင်ပါ၊ အုန်းဆံကိုသာ ဦးချပါ”
ကျွန်မလည်း သူစဉ်းစားပါစေဟု ရယ်ရယ်မောမောနှင့် တည့်တည့်ပြောကာ ထပြန်လာခဲ့သည်။ ကျန်းမာရေးနှင့်ပတ်သက်၍ အလွန် အနောက်တိုင်းဆန်သော ဦးလှမောင်ကား ထိုအချိန်မှစ၍ ယခုတိုင်အသားကို အပ်နှင့်တထိုးတည်းထိုးနေရသော ဝဋ်ဒုက္ခကြီးမှ ကျွတ်ထွက်သွား၏။ မနက်စာစားပြီးတမျိုး၊ ညစာစားပြီးတမျိုး ထာဝစဉ်သောက်နေရသော ဆေးဖိုးအကုန်အကျ မရှိတော့ပဲ မြန်မာ့နည်းဖြင့်သာ ဝဖြိုးနေပေ၏။ ကျွန်မကဲ့သို့ပင် တိုင်းတပါးဆေးကို လုံးလုံးစွန့်လွတ်လျက် ဤ့မြန်မာ့ဆေးပညာကို ကိုးကွယ်လိုက်စားဆည်းကပ်ကာ မြန်မာ့ ဆေးကိုသာ အားကိုးအားထားပြုတော့၏။

(၅)
မော်စကိုတွင် ကျွန်မအသံဝင်သွားသည့်အတွက် ဆရာဝန်ခေါ်ရန်မလိုကြောင်း၊ ကျွန်မတွင် မြန်မာဆေးပါကြောင်း အအေးလွန်၍ အသံဝင်ခြင်းမျှသာဖြစ်ကြောင်း ရှင်းပြကာ ငြင်းခဲ့မိသည်။
ကိုယ့်တိုင်းပြည်၊ ကိုယ့်ပညာ၊ ကိုယ်ဆေးရှိသောနိုင်ငံဟု လူမျိုးခြားက သိမှသိပါလေစ။ ကျွန်မအသံဝင်သွားသည့်အတွက် မည်သူ့ကိုမှလည်းဒုက္ခမပေးခဲ့၊ အနှောက်အယှက်မပြု၊ သွားရင်းလာရင်း ကိုယ့်ဆေးကိုယ်စား၍ အသံကိုပြန်ထွက်အောင်လုပ်လိုက်သည်။
မော်စကို၌ မြန်မာဆေးစားကြောင်း ဆရာဝန်ခေါ်ရန်မလိုကြောင်း ငြင်းဆန်မိသည့်အတွက် ကျွန်မနှင်လိုက်ပါလာသော ယဉ်ကျေးမှုအဖွဲ့ဝင် အချို့သောပုဂ္ဂိုလ်များက ကျွန်မ၌ တီိဘရော ဂါပိုးရှိသည်ဟုစွပ်စွဲကြခြင်းကို မြန်မာနိုင်ငံရောက်မှ ဝမ်းနည်းစွာပင် ကြားရတော့သည်။ “ဆရာဝန်မခေါ်ရဲတာ တီဘီရှိတာ လူမသစေချင်လို့လား” ဟု တဦးကထင်မြင်ချက်ပေးခြင်းကို တဦိးကဟုတ်မှာပဲဟု ထောက်ခံကာ ကျွန်မတွင်တီဘီရောဂါရှိကြောင်း အချင်းချင်းဝါဒဖြန့် လျက် ရောဂါမကူးစက်စေရန် ကျွန်မအနာမကပ်မိအောင် အချင်းချင်းလက်ကုပ် သတိပေး နေကြမှန်းလည်း မြန်မာနိုင်ငံရောက်မှ သိရတော့သည်။
ကျွန်မကိုမပြောထားနှင့် ကျွန်မစကားပြောမိသောသူကို သူတို့အနားကပ်လျှင် မောင်းထုတ် ပစ်ကြကြောင်း ကိုလည်းပြန်ပြောပြမှပင် သိတော့သည်။ ကျွန်မနှင့်မျက်နှာချင်းဆုင် စကားပြောမိ၍ မြန်မာနိုင်ငံပြန်ရောက်လျှင် ဓာတ်မှန်ပြေးရိုက်ကြည့်မည် ဆိုသောသူများ လည်းရှိသေးသည်။ တီဘီဆိုလျှင်လူတိုင်းကြောက်ကြသည်။ လူတိုင်းရှောင်ခွာကြ၏။ တီဘီစွဲလျှင် သေရမည်ဟု လူတိုင်းထင်မှတ်ကြ၏။ တီဘီမှာမြန်မာလူမျိုးတို့၏ နှုတ်ဖျားမှာ ခေတ်ဆန်ဆန်စကားဖြစ်နေသည်။ မော်စကိုမှအပြန် တာရှကင့်မြို့တွင် တညသ၌ မအိပ်နိုင်ပဲ အခန်းထဲက ကုလားထိုင်တလုံးမှာ တညလုံးလုံးမိုလင်းသည်အထိ ထိုင်နေလေသည်။ နံနက်လင်းသော် တမြို့လုံး၌ နှင်းဝတ်ဖြူများဖုံးအုပ်ထားခြင်းကို မှန်ပြတင်းမှ မြင်နေရသည်။
ဝါဂွမ်းပွင့်များကဲ့သို့ အဆုပ်လိုက်၊ အခဲလိုက် အိနေသောနှင်းပွင်များမှာ တိုက်ခေါင်မိုးများ၊ သစ်ကိုင်းအခက်အလက်များတွင် တွဲလွှဲဆိုင်းနေသည်။ ညကတညလုံးမအိပ်၍ တမှုံမှုံ ကျနေသော နှင်းထဲုသို့မထွက်ချင်သောကြောင့် ထိုနေ့အဖို့ အထည်စက်ရုံကြီးသို့ လိုက်မကြည့်ပဲ ဟိုတယ်ထဲတွင်နေရစ်ခဲ့သည်။ ညနေဘက်ထမင်းစားပွဲတွင် ကျွန်မတို့ကို ဆိုဗီယက် ပြည်ထောင်စုနယ်စပ်အထိလိုက်ပို့သော မစ္စတာ ဒရန်နော့က ဒေါ်မမလေး နေကောင်းသွားပြီလားဟု စားပွဲထိပ်က လှမ်းမေး၏။ “ကျွန်မနေကောင်းပါတယ်” ဟုပြန်ဖြေလိုက်သည်။ “ကျေးဇူးအများကြီးတင်ပါတယ်”
ကျွန်မနေကောင်းပါတယ်ဆိုခြင်းကို သူက ဘာကြောင့်များ ကျေးဇူးအများကြီးတင်ရပါလိမ့်ဟု သူ့အဖြေကို နားမလည်ခဲ့။ ကျွန်မကိုဘာကြောင့်ကျေးဇူးတင်မှန်း မမေးမြန်းခဲ့မိပေ။ မြန်မာနိုင်ငံပြန်ရောက်၍ ကျွန်မအား တီဘီအဖြစ် ဝါဒဖြန့်နေကြမှန်းသိရသောအခါမှ မစ္စတာ ဒရန်နော့ကို အားနာသွားမိသည်။

ကျွန်မစိတ်အဝင်စားဆုံးအရာကား ဂျော်ဂျီယာနယ်၊ ဂါဂရာမြို့တွင် အလုပ်သမားများအတွက် ကျန်းမာရေးဌာနမှ အထူးတလည်တည်ဆောက်ပေးထားသော အလုပ်သမားများ အနားယူ အပန်းဖြေဆေးကုစခန်းဖြစ်သည်။ အဆောက်အအုံကြီးမှာ ကြီးကျယ်ခန်းနားလှသည်။ ဆေးကုဌာနမှုး ဆရာဝန်ကြီးက အခန်းခန်းအဆောင်ဆောင်ကို လိုက်၍ပြသည်။ အိပ်ခန်း၊ ဧည့်ခန်း၊ စားခန်းများအပြင်ခေတ်မီနည်းများဖြင့် ရောဂါအမျိုးမျိုးကို ကုသပေးသော ဆေးခန်းများကိုတွေ့ရသည်။ အလုပ်သမား မိန်းမ၊ ယောက်ျားများ၏ ဝေဒနာကို ဓာတ်နှင့် ကုသပုံ၊ ရေလောင်း၍ ကုသပုံ၊ ကန့်ရေချိုးကာ ကုသပုံကုသနည်း မျိုးစုံတွေရသည်။ စိမ်းညှို့ကာတညီတညာတည်း မိုးပေါ်သို့ကန်တော့ထိုးနေကြသည့် ဆိုက်ပရပ်ပင်ကြီးများမှာ အဆောက်အအုံကိုခြံရံကာ စီတန်းပေါက်နေကြသည်။ အဆောက်အအုံအတွင်း မြေရာ ကွက်လပ်များတွင် လှပသောဥယျာဉ်များလုပ်ထားသည်။ အဆုပ်အဆုပ်ပွင့်နေကြသည့် နှင်းဆီပွင့်ကြီးများကို နေရာမလပ်တွေ့ရသည်။ အလုပ်သမားများအနားယူလာခိုက် မျက်စိအေး၊ နားအေး စိတ်လက်ချမ်းသာ ကြည်လင်စရာဖြစ်အောင် နေရာတိုင်း၌ပြုပြင် မွမ်းမံထားလေသည်။ အဆောက်အအုံအနောက်ဖက်တွင် ပြန့်သောဝရန်တာကြီး ထုတ်ထား သည်။ ပက်လက်ကုလားထိုင်များခင်းလျက် လေညင်းခံနေသော အနယ်နယ်အရပ်ရပ်မှ အလုပ်သမားများကိုတွေ့ရသည်။ လေမှာတညင်းညင်း တသုန်သုန်တိုက်ခတ်လျက်ရှိ၏။ ဝရန်တာတဘက်ရှိ ပင်လယ်နက်ကြီးကား နက်ပြာရောင်ထလျက် အလှမ်းဝေးဝေးကြည့် လိုက်လျှင် မိုးကောင်းကင်၏ တမ်သားတိမ်ပြာတို့နှင့် ထိနေသောရေပြာနှင့် တိမ်ပြာမှာ တသားတည်းကျနေသည်။ ဝရန်တာမှပင်လယ်ကျယ်ကြီးကို ငေးမျှော်ကြည့်မိသောအခါ ပင်လယ်ထဲတွင် လှိုင်းမရှိ၍ ငြိမ်သက်နေသည်။
ပင်လယ်ထဲမှဝှေ့သုတ်တိုက်ခတ်လာသော အေးမြသောလေကိုရှူလျက် နက်ရှိုင်းသော ပင်လယ်နက်ကြီးထဲတွင် ဆေးပညာစိတ်ကူးဖြင့် မြှပ်နစ်နေစဉ် အပြာရင့်သွေး ကတ္တီပါကော် ဇောထက်တွင် ကင်းကလေးတကောင် တရွရွတွားသွားနေသလို ထင်မှတ်ရသောကမ်းဘက် သို့လှော်ခတ်လာသည့် လှေကလေးကို မနည်းပင် စိုက်ကြည့်ရလေသည်။

Saturday, November 15, 2008

မေတ္တာညီမျှခြင်း

ပန်းချီ ပေါ့အိုင်း

လူသူရှင်းတာနဲ့တပြိုင်နက် ကျမလက်ထဲကအထုပ်လေးကို ညင်သာစွာချလိုက်ပြီး နောက်သို့ ပြန်လှည့်အထွက် တစုံတယောက်ရဲ့ လှမ်းခေါ်သံကိုကြားလိုက်ရတယ်။ ကျမမျက်လုံးတွေပြာ ဝေမှောင်မိုက်သွားပါတော့တယ်..။ ကျမဘယ်လိုဖြေရှင်းရပါ့တော့မလဲ…။ ဒီအမှုက.. ဘယ်လို မှမလွတ်မြောက်နိုင်တော့ပါလား..။ ကျမရင်ဆိုင်ရတော့မယ်..၊ ပေးချင်တဲ့အပစ်တွေပေးကြပါ စေတော့..၊ ကျမခံလိုက်ရတော့မယ်.. သေမထူးနေမထူးတဲ့ဘဝမှာ အရာရာကိုရင်နာနာနဲ့ ဆုံးဖြတ်ခဲ့ရတာ..။ ကြောက်ရွံ့ထိတ်လန့်မှုဆိုတာ ရင်နာရတာလောက်မဆိုးတဲ့ခံစားချက် သာ..။ ဆုံးဖြတ်ချက်ချပြီးတာနဲ့ အထုပ်ကလေးဘက် ပြန်လှည့်ဖို့ကြိုးစားတော့ အားအင် ချည့်နဲ့နေတဲ့ ခြေထောက်တွေက လှမ်းလို့မရနိုင်တော့ဘဲ.. နေရာမှာတင်လဲကျသွားပါတော့ တယ်..။

အားတင်းပြီးထရပ်လိုက်ချိန်မှာ မှောင်မိုက်နေတဲ့မျက်လုံးတွေက ဘာဆိုဘာမှမမြင်ရတော့ပဲ တွဲကူလာသူကိုအားပြုရပ်လိုက်ကာ သူတို့ခေါ်ရာနောက်ကိုလိုက်သွားခဲ့ပြီး သူတို့ချပေးတဲ့နေ ရာမှာပင်လဲလျှောင်းချလိုက်ရပါတော့တယ်..။

စာမရေးဖြစ်တာကြာသွားလို့ စာရေးဖို့စဉ်းစားလိုက်ရင်း စိတ်မကောင်းစရာတွေပဲ ပေါ်ပေါ်လာ လို့ စာလာဖတ်ကြသူတွေကို အားနာတာနဲ့ ပျော်ရွင်စရာလေးတွေပဲ ရေးမယ်လို့စိတ်ကဖြစ် ပေမဲ့ ဘာမှချရေးလို့မရဘူး။ အခုလည်း အားနာနာနဲ့ပဲ ရေးရပါဦးမယ်..။ ဒီရက်ထဲမှာ တိုက်တိုက်ဆိုင်ဆိုင် ဟိုးလွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်ဝန်းကျင်များဆီကအမျိုးသမီးလေး တယောက်ကို ပြန်သတိရမိလို့ သူမအကြောင်းကိုရေးချင်နေမိတယ်။ သူမကို ကျမ စတွေ့ချိန်က အတော့်ကိုလူမဆန်တဲ့ မိန်းမတယောက်လို့ထင်ခဲ့မိတယ်..။ ဒီလိုလူမျိုး တွေကြောင့် လောကကြီးကို အကျည်းတန်စေခဲ့တယ်လို့လဲ.. ထင်ယောင်မှားမိခဲ့တယ်။ နောက်တော့ သူမရဲ့အပြုအမူတွေနဲ့ သူမရင်ထဲကစကားတွေကို ကြားလိုက်ရချိန်မှာတော့ ကျမမှားယွင်းစွာ တွေးမိခဲ့တာတွေကို နောင်တရမိတယ်..။

သူမဟာ မည်သူ့ကိုမှလည်းမကြည့်..။ မျက်လုံးကြောင်တောင်နဲ့ ရှေ့တည့်တည့်မှ မှန်မှာပေါ် နေတဲ့ အမှိုက်ပုံထဲမှာစွန့်ပစ်ခံထားရတဲ့ တွန့်ရှုံ့နေတဲ့ သစ်သီးတလုံးကဲ့သို့ အရောင်အဆင်း ကင်းမဲ့နေတဲ့ သူမရဲ့မျက်နှာကို စက်ဆုပ်ရွံရှာစွာပြန်စိုက်ကြည့်နေခဲ့တယ်။ တခါ.. သူမ ဘေးမှာတလှုပ်တုတ်တုတ်ဖြစ်နေတဲ့ အထုပ်လေးအပေါ် မျက်စိအရောက်မှာတော့ သည်း သည်းမည်းမည်း ရွာတော့မည့်မိုးကောင်းကင်နှယ် မျက်နှာတပြင်လုံး ညိုမှောင်လာကာ မျက်ဝန်းထဲမှမျက်ရည် များဟာလည်း တလိမ့်လိမ့်ကျဆင်းလာခဲ့တယ်။ အားနည်းနေတဲ့ သူမဟာ အချိုရည်တဗူးနဲ့ ကိတ်မုန့်တခုစားပြီးချိန်မှာ စတင်စကားပြောနိုင်လာတယ်..။ သူမယောက်ျားပြန်မလာတာ ၁၄ ရက်ရှိပြီတဲ့။ ဒီအကြာင်းချက်တခုတည်းနဲ့ မိမိရင်နဲ့လွယ်ပြီး မွေးခဲ့ရတဲ့ကလေးကို ဒီလိုလုပ်ဖို့ လိုလို့လားဆိုတော့..။ သူမရဲ့အမေနဲ့ အရွယ်မရောက်သေးတဲ့ မောင်နှမတွေက အခုလက်ရှိ ခြောက်လမ်းသွားဖောက်လုပ်တဲ့နေရာမှာ နေအိမ်ပါသွားလို့ နေစရာပါမရှိတော့ဘူးတဲ့..။ ကျမတဖြည်းဖြည်းစိတ်ဝင်စားလာခဲ့တယ်..။ တကယ့်ဘဝတွေပါ။

သူမက.. မဲဆောက်စက်ချုပ်ရုံမှာ မိသားစုစားဝတ်နေရေးအတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်လာလုပ်နေသူလေးပါ။ မိဘဆွေမျိုးတွေရဲ့အလည်မှာ တင့်တယ်စွာနေခွင့်မရှိတဲ့သူမမှာ မေတ္တာရှိလာသူနဲ့ နှစ်ဦးသဘောတူလက်ထပ်လို့ ဘဝတခုကိုထူထောင်၊ မိခင်နဲ့မောင်နှမများ ကိုလည်း နှစ်ယောက်အတူအလုပ်အကြွေးပြုဖို့ တိုင်ပင်ခဲ့ကြတယ်။ အချိန်အတိုင်းအတာ တခုထိတော့ အဆင်ပြေခဲ့ပါတယ်။ သူမရဲ့လစာနှင့် မိဘမရှိတော့တဲ့ သူမအမျိုးသား လစာလေးပါပေါင်းပြီး ငွေမှန်မှန်ပို့နိုင်ခဲ့လို့ သူမမိသားစုနေတဲ့အိမ်လေးတောင် တောက် တောက်ပြောင်ပြောင်လေး ဖြစ်လာခဲ့ရပါတယ်။ အရင်းအနှီးရရင် အမေ၊ မောင်လေး၊ ညီမလေးတွေနဲ့အတူပြန်နေကာ လင်မယားနှစ်ယောက်ဦးဆောင်ပြီး စီးပွားပြန်လုပ်မယ် စိတ်ကူးလေးနဲ့ ပျော်ရွင်နေခဲ့ကြပါသေးတယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ သူမမှာကိုယ်ဝန် ဆောင်လာရပြီး သူမအလုပ်လုပ်ရာ စက်ချုပ်ရုံမှာ အလုပ်မလုပ်နိုင်ဖြစ်ခဲ့ရပါတယ်။ အလုပ်ချိန် ကလည်း မနက်၆ နာရီမှ ည၁၀ နာရီဆိုတော့ နားချိန်မရတဲ့သူမမှာ ကျန်းမာရေး ထိခိုက်လာ ရတဲ့အတွက် အလုပ်ထွက်ကာ သူမအမျိုးသားတဦးတည်းရဲ့ဝင်ငွေနဲ့ ရပ်တည်ကြရပါ တော့တယ်။

သူမအလုပ်မရှိတော့ စက်ရုံမှာနေလို့မရတော့ပဲ နေစရာအိမ်လေးအတွက် ငွေပေးပြီးငှား နေရတယ်။ အိမ်ကိုငွေမပို့နိုင်တော့တဲ့အပြင် ယောက်ျားဖြစ်သူက အလုပ်ပိုလုပ်ရတော့တယ်။ သူမကလေးမွေးချိန်မှာတောင် မိန်းမနားမနေနိုင်အောင် အလုပ်ရှုပ်နေရာက ပြန်တောင်မလာ တော့တဲ့အထိဖြစ်ခဲ့တယ်။ သူမစောင့်နေခဲ့ပါသေးတယ်။ အိမ်ခန်းခပေးစရာမရှိတော့တဲ့သူမ ဟာ လစာထုတ်ပြီးပြန်လာမဲ့ယောက်ျားဖြစ်သူကို နေ့နေ့ညည အိပ်မရပဲစိုးရိမ်ကြီးစွာ စောင့်စား နေခဲ့ပါတယ်။ ဒါပေမဲ့ သူမယောက်ျားက အိမ်လခပေးရက်ကျော်တဲ့အထိ ပြန်ရောက်မလာ တာကြောင့် သူမလည်းနေစရာမရှိတော့တဲ့အပြင် ကြားရတဲ့သတင်းကလည်း ခြောက်လမ်း သွားကားလမ်းဖောက်တဲ့နေရာမှာ အိမ်ပါသွားလို့ အမေနဲ့ မောင်နှမတွေလည်း နေစရာမရှိပဲ ဒုက္ခရောက်နေကြသတဲ့..။

ကျမနဲ့ သူမတွေ့ကြတဲ့အချိန်မှာ သူမကလေးဟာ တလမပြည့်တတ်သေးပါဘူး။ ဒီကလေးကို စွန့်ပစ်ဖို့ သူမကြိုးစားနေခဲ့တာပါ။ ဒါပေမဲ့မိခင်တယောက်ရဲ့ ချစ်ခြင်းတွေအပြည့်နဲ့ ရင်ကွဲ မတတ်ခံစားနေရရှာတာကို ကျမကိုယ်တိုင်သမီးကြီးတနှစ်လောက်မှာ ခွဲခဲ့ဖူးတာကြောင့် စာနာ နိုင်ခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းက သူမပြောခဲ့တဲ့စကားကို ခုချိန်ထိကျမမမေ့နိုင်သေးပါ။ သူမယောက်ျားပြန်မလာတာကြောင့် ခုလိုဒုက္ခရောက်ရတဲ့အပေါ် မည်သူ့ကိုအပစ်တင်ရမှန်း သူမ မသိခဲ့ပါဘူး။့ သူမဟာ ယောက်ျားကပဲ ဒုက္ခမခံနိုင်တော့လို့ ပြန်မလာတာလား၊ ဒါမှ မဟုတ် ထိုင်းနိုင်ငံမှာ တရားမဝင်အလုပ်သမားတွေရဲ့ဘဝဟာ သူတို့ပြုသမျှ နုရ တဲ့အခြေ အနေမို့ ငွေမပေးချင်တဲ့အလုပ်ရှင်ရဲ့ လက်ချက်နဲ့အသက်ထွက်သွားပြီလား ဆိုတာ ရေရေ ရာရာမသိခဲ့ရပဲ သူတို့အတွက် စကားတခွန်းကို နင့်နင့်နဲနဲပြောခဲ့တာက “ ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံး ကျမကလေးကိုစွန့်ပစ်ဖို့ဆုံးဖြတ်ခဲ့ရတဲ့ ကျမရဲ့ရင်ထဲမှာ နှလုံးသွေးပွက် ပွက်ဆူသလို ခံစားခဲ့ရတာပါအမရယ်..။ သူတို့သာကြားနိုင်မယ်ဆိုရင် ကျမတခု ပြောလိုက် ချင်ပါတယ်.. ကျမရင်ထဲက နှလုံးသွေးပွက်ပွက်ဆူသံဟာ သူတို့ဘဝတွေ အတွက် တော်လည်းသံတွေအဖြစ် မပြောင်းလဲသွားပါစေနဲ့လို့…” တဲ့။ ဟိုးလွန်ခဲ့တဲ့တချိန်က သူမ ပြောခဲ့တာပါ။ မိခင်နဲ့ကလေးငယ်တွေဒီလိုခွဲခွာ နေကြရတာဟာ သူမတယောက်တည်း မဟုတ်ပဲ.. မြန်မာပြည်တနံတလျှားမှာ ပုံစံအမျိုးမျိုးနဲ့ စနစ်တခုကြောင့် ဖြစ်နေကြရတာ ဆိုတာကို အဲ့ဒီအချိန်က ကျမ မရှင်းပြနိုင်ခဲ့ပါဘူး။ မိဘမောင်နှမတွေအတွက် သူမဘဝကိုပေး ဆပ်ရင်း သားအမိရှင်ကွဲကွဲခဲ့ရတဲ့ အဖြစ်အပျက်လေးပါ။

ဒီအကြောင်းကိုပြန်သတိရမိစေတာကတော့ လောင်စာဆီဈေးနှုန်းကြီးမြင့်လို့ ပြည်သူတွေဒုက္ခ ရောက်တာကို မကြည့်ရက်နိုင်ရာကနေ လသားအရွယ်သမီးငယ်နဲ့ ရှင်ကွဲကွဲနေကြရတဲ့ မနီလာသိန်းတို့ ဇနီးမောင်နှံနဲ့ သမီးငယ်လေးဖြူနေကြည် တို့ရဲ့အဖြစ်အပျက်တွေကို ဘယ်အချိန်မှာ ပြန်ဆုံကြပါ့လိမ့်မလဲဆိုပြီး ရင်နာနာနဲ့ စောင့်ကြည်နေရတဲ့ကျမတို့မှာ ၆၅ နှစ်ဆိုတဲ့ အချိန် အတိုင်းအတာကြီးကိုကြားလိုက်ရချိန်မှာတော့ မိခင်နဲ့သမီးငယ်တို့ရဲ့ ဝေးကွာခြင်းအတွက် တချိန်က သူမပြောခဲ့ဖူးတဲ့ မိခင်၏နှလုံးသွေးပွက်ပွက်ဆူသံတွေဟာ သူတို့တတွေအတွက် တော်လည်းသံတွေအဖြစ် မပြောင်းလဲသွားပါစေနဲ့လို့ပဲ ထပ်မံဆု တောင်းလိုက်ချင်ပါတယ်..။ အကယ်၍များ သူမကိုပြန်တွေ့နိုင်ခဲ့မည်ဆိုပါလျှင် ဒီလိုအဖြစ် အပျက်မျိုးတွေဟာ သူမတဦးတည်းခံစားနေရတာမဟုတ်ပဲ.. မိခင်အတော်များများကြုံတွေ့နေ ကြရပြီး အများပြည်သူအကျိုးအတွက် ပေးဆပ်နေခဲ့တဲ့ မိခင်ဒေါ်အောင်ဆန်းစုကြည် တောင်မှ သားငယ်လေးတွေကို အနှစ်နှစ်ဆယ်ကျော်လုံးလုံး ပစ်ပယ်ထားခဲ့ရတာဟာ တရားခံလူတဦး တယောက်ကြောင့်မဟုတ်ပဲ ဆိုးဝါးလှတဲ့ခေတ်ကြီးကို အသက်သွင်းနေသူတစုကြောင့် ဆိုတာ ပြောပြပြီး သူမအပစ်တင်ခဲ့တဲ့ ဘယ်ဆီဘယ်ဘဝ ရောက်နေမှန်းမသိရတဲ့ သူမရဲ့ယောက်ျားကို ခွင့်လွှတ်နိုင်ဖို့ ဖြောင်းဖျရပါဦးမည်။

ပြီးတော့.. ကျမရခဲ့တဲ့အဖြေတခုကိုလည်း သူမကိုပြောပြချင်ပါသေးတယ်..။ မိခင်စိတ်မရှိတဲ့ အမေလို့ ထင်ထားခဲ့ရတဲ့သူတွေမှာလည်း အခြေအနေတွေအရ လှုပ်ရှားနေကြရပေမဲ့ ရင်နာစွာနဲ့ဘဝတွေကိုဖြတ်သန်းနေကြရတာဟာ ကိုယ့်သားသမီးတွေနဲ့ အတူနေခွင့်ရကြသူ တွေထက်မလျှော့တဲ့မေတ္တာတွေရှိနေကြတယ်ဆိုတာ.. မတူညီတဲ့ဘဝတွေ ဘယ်လိုပဲလာလာ မိခင်အားလုံအတွက် ညီမျှခြင်းတွေညှိလိုက်တဲ့အခါမှာတော့ ထွက်လာတဲ့အဖြေအားလုံးက မိခင်မေတ္တာတခုတည်း ဆိုတာ တူညီစွာတွေခွင့်ရခဲ့ပါတယ်..။ သူမအခုဘယ်မှာရှိတယ်ဆိုတာ မသိရတော့ပေမဲ့ သမီးငယ်လေးကိုတော့ အနာဂတ်အတွက်စိတ်ချရမယ့် မိဘများကိုရှာဖွေ ပေးတဲ့ ထိုနေရာလေး က မိဘအသစ်တွေကို ရှာဖွေပေးနိုင်ခဲ့ပါပြီ။ သြော်… ခုဆိုရင် သမီးလေးတောင် တော်တော်အရွယ်ရောက်နေရှာတော့မည်။


Sunday, November 9, 2008

ဘဝသံသရာ...


တချိန်တုန်းက…
စိမ်းလန်းပျိုမြစ်ခဲ့ဖူးတယ်ဆိုတာ…
ငါ့မှာလေ..ဟိုးအရင် တချိန်တုန်းက…
စိမ်းလန်းပျိုမြစ်ခဲ့ဖူးတယ်ဆိုတာ…
နင်မှတ်မိပါသေးရဲ့လား…။
ညှာတံတွေ ခိုင်ခိုင်မတ်မတ်နဲ့…
ငါတို့.. တောက်ပခဲ့ဖူးပါတယ်..။
လေအဝှေ့မှာ.. ယိမ်းနွဲ့လို့လဲ…
ငါတို့ ပျော်ခဲ့ဖူးသေးတယ်..။
ပူလောင်တဲ့နေရောင်အောက်က..
နင်တို့တတွေအတွက်…
အေးမြတဲ့အရိပ်တွေ ပေးခဲ့ဖူးတယ်လေ..။
နင်တို့တတွေ အသက်ဆက်ဖို့..
အောက်ဆီဂျင်ဆိုတာကိုလည်း..
ငါတို့ ပေးနိုင်ခဲ့ပါတယ်…။ဒါပေမဲ့.. ခုချိန်မှာတော့..
မိုးရေစက်နဲ့… လေပြေတွေက…
အင်အားမရှိတော့တဲ့ ငါ့ကို..
ပျိုမြစ်ခြင်းအတွက် ပေးဆပ်ဖို့..
မိခင်အပင်ကြီးပေါ်က..
ချွေချခဲ့ကြပြီလေ..။မြေပေါ်ကျလာတဲ့ ငါတို့ကို..
နင်းဖို့.. ဘယ်သူဝန်လေးကြလို့လဲ..။ဒီလိုနဲ့ တစတစ..
ဒီကမ္ဘာမြေပေါ်က..
ငါတို့ပျောက်ကွယ်သွားရမှာ..မမြဲတဲ့ သင်္ခါရ
နင်တို့ကို.. တရားပြခဲ့တယ်…သတိရနေကြပါ…
ဒီကမ္ဘာမြေပေါ်က..
နင်တို့ … မပျောက်ကွယ်ရသေးခင်အထိပေါ့…။

Thursday, November 6, 2008

မုဒိတာ

မပေါ့အိုင်းရဲ့ ငှက်ပျောပင်လေး

လူတိုင်းလူတိုင်း ကိုယ့်ဆန္ဒတွေအတိုင်း ဖြစ်ချင်ကြတာ ဓမ္မတာပါ။ ဒါပေမဲ့ ဆန္ဒဖြစ်တိုင်း ပြည့်ကြတဲ့သူတွေရှိသလို မပြည့်ကြတဲ့သူတွေလည်းရှိပါတယ်။ ဒီနေရာမှာ ရွေးချယ်ပိုင်ခွင့် ဆိုတဲ့ ကဏ္ဍဟာလည်း တော်တော်အရေးပါပါတယ်။ ရွေးချယ်ပိုင်ခွင့်ကြောင့် ဆန္ဒပြည့်ဝ ကြသလို တချို့က ရွေးချယ်ပိုင်ခွင့်ရှိပေမဲ့ ဆန္ဒမပြည့်ကြဘူး။ ဒါကတော့ရွေးချယ်သူ အများစု၊ အနည်းစုဆိုတဲ့ သတ်မှတ်ထားချက်ကြောင့် အများစုရဲ့ ဆန္ဒကို ဦးစားပေးကြရတယ်။ ဒါတရား မျှတပါတယ်။

တချို့ကတော့ ကိုယ့်ဆန္ဒတွေအတွက် ဘာရွေးချယ်မှုမှ မရဘဲပေးဆပ်နေကြရတယ်။ ထားရာ မှာနေ၊ ကြွေးတာစား၊ ဆန္ဒတွေကိုမြိုသိပ်၊ သည်းခံခြင်းဆိုတာကို လက်ကိုင်ထားပြီး တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်အောင် ကြိုးစားနေကြရသလို၊ အချို့ကလည်း ရဲရဲ တောက်စိတ်ဓါတ်တွေနဲ့ဆန္ဒတွေကိုဖော်ထုတ် လူတစုရဲ့ ရက်စက်မှုအောက်မှာ အသက် တွေပါစတေးခဲ့ ကြရတယ်။ အချို့ကတော့ မချစ်သော်လည်း အောင့်ကာနမ်း ကိုယ့်ဆန္ဒ အစစ်တွေကို လျှို့ဝှက်လို့ အနာဂတ်အလင်းအတွက် ကန့်လန့်ကာတချပ် ဖြစ်မှန်းမသိ ဖြစ်နေကြတယ်။ အော်.. အတ္တကြီးစိုးတဲ့လူတွေမှာ လောဘ၊ ဒေါသ၊ မောဟမှောင်တွေဖုံးပြီး အလင်းရောင်ကို လည်း မမြင်လိုကြတော့ဘူး။ ကိုယ့်ကိုယ်ကို အမှောင်ချ နောင်လာနောက် သားတွေအတွက်ပါ အမှောင်ဖုံးဖို့ လုံးပမ်းနေကြတယ်။

ကိုယ့်ပြည် ကိုယ့်ရွာမဟုတ်ပေမဲ့ ကိုယ်နေရတဲ့နေရာက ကိုယ်ဆန္ဒတွေကို လွတ်လွတ် လပ်လပ်ဖော်ထုတ်ခွင့်ရှိတဲ့နေရာ။ မတူညီသူတွေက သူနိုင်ကိုယ်နိုင် အပြိုင်အဆိုင် ကြိုးစား ခွင့်ရကြတယ်။ နေရာတိုင်းမှာ ယှဉ်ပြိုင်မှုတွေနဲ့ ကိုယ့်အရည်အချင်းကိုပြကြတယ်။ တချိန်က အဖိနှိပ်ခံတွေတောင် ရိုးသားစွာနဲ့ ကြိုးစားကြတဲ့အခါ အုပ်ချုပ်သူတွေဖြစ်ခွင့်ရလာတယ်။ ဒီလိုအခွင့်အရေးမျိုးတွေအတွက် ကြိုးစားနေကြရတဲ့ ကျမတို့လိုလူတွေအတွက်ကတော့ တကယ့်ကို မုဒိတာပွားစရာပါပဲ။

Wednesday, November 5, 2008

ရေသည်

ပိအိုင်းရဲ့ ပန်းချီလေးပါ
ရေသည်
ရေသည်ဆိုလို့ ဦးပုညရဲ့ ရေသည်ပြဇတ်ထဲက သျှောင်ထန်းစေ့မုတ်နဲ့ ရေသည်ယောက်ျား မဟုတ်သလို သူ့မှာ ဆံထုံးတော်ကြီး တမာသီးလောက်ရှိတဲ့ ရေသည်မိန်းမလည်း မရှိပါဘူး။ ကျမတို့ မြို့လေးက ရေထန်းရောင်းတဲ့လူတယောက်နဲ့ ကျမမှာအရင်ကရှိခဲ့ဖူးတဲ့ မမျှတတဲ့ စိတ်ကလေးအကြောင်း ရင်ဖွင့်ချင်လို့ပါ။

ကျမဇာတိက တောမက မြို့မကျတဲ့ တိုက်နယ်ဒေသလေးမှာပါ။ အမှန်ကတော့ အဲ့ဒီဒေသ မြို့မမည်ခင်ကတည်းက တောခြုံတွေရှင်းပြီး လူတစုနဲ့ စတင်နေထိုင်ခဲ့တာက သူတို့ တတွေရဲ့ မွေးရာဇာတိတွေကို စွန့်ခွာလာခဲ့ကြတဲ့ မိခင်၊ ဖခင်နှင့်သူတို့ရဲ့မိတ်ဆွေတွေပါ။ ကျမတို့အရွယ်ရလာတဲ့အချိန်မှာတော့ တော်တော်လေးစည်ကာလှတဲ့ မြို့လေးဖြစ်နေပါပြီ။ ကျမတို့နေတဲ့ အိမ်လေးမှာ ရေတွင်းလေးတတွင်းရှိပါတယ်။ ကျမတို့ဒေသက မြေပြန့်တွေ၊ ကုန်းမြင့်တွေ၊ ချိုင့်ဝှမ်းတွေပေါ်မှာ တည်ဆောက်ထားတဲ့အတွက် ရေတွင်းဆိုတာ နေရာတိုင်း တူးလို့မရပါဘူး။ ကျမတို့ အိမ်လေးက ချိုင့်လေးထဲကအစုမှာပါ။ ၆ အိမ် ၇ အိမ်လောက်က ရေတွင်းလေးတွေရှိကြတယ်။ အပေါ်အမြင့်ပိုင်းက လူတွေက ကျမတို့ ဆီမှာရေလာခပ်ကြရ တယ်။ မြစ်ချောင်းနဲ့လည်းဝေး၊ ရေကန်တွေ ရေပေးဝေတာတွေကလည်းမရှိတော့ မိုးရေမရတဲ့ နွေအခါတွေမှာ ရေတွင်းမရှိတဲ့အိမ်တွေက ရေတွင်းရှိတဲ့အိမ်တွေမှာ ခွင့်တောင်းပြီး ရေခပ်ရ ပါတယ်။ နားလည်မှုအရပေးခပ်ကြပေမဲ့၊ ရေခန်းတဲ့အခါတွေမှာတော့ ကိုယ်သုံးဖို့မကျန်မှာ စိုးတာကြောင့် တချို့အိမ်တွေက ခြံတံခါးတွေကိုပိတ်ထားလိုက်ကြတယ်။ အဲဒီလို ပိတ်ထားရင် မရင်းနှီးတဲ့လူတွေက ဝင်ခပ်လို့မရတော့ဘူး။

တခြားရေတွင်းတွေအားလုံးပိတ်ထားတဲ့အချိန်မှာ အဖေက ဘယ်သူလာလာ ပေးခပ်ထား တယ်။ ကျမတို့သုံးဖို့မနက်စောစောရေအပြည့်ခပ်ထားပြီးရင် တနေကုန်ပေးခပ်ထားတာ။ ရေကုန်သွားရင် ထပ်ထွက်လာတာကိုစောင့်ပြီး ခပ်ကြတယ်။ လူဘယ်လောက်များများခပ်ခပ် နောက်နေ့မနက် ရေကပြန်ပြည့်လာတာပဲ။ ရေကကြည်လင်ဆဲ၊ အေးမြဲ၊ ချိုမြဲ။ ဘာမှမပြောင်းလဲဘူး။ ရေတွင်းလေးမှာ နေ့တိုင်းလူစည်မြဲ။ ကြာလာတာနဲ့အမျှ ပိတ်ထားတဲ့ ရေတွင်းတွေကရေတွေနောက်လာပေမဲ့ ကျမတို့တွင်းလေးကကြည်လင်မြဲပဲ။ ရေတွင်းတွေက ရေကြောတွေဆက်နေတာမို့ ဘာဖြစ်လို့ ကိုယ်တွင်းကရေကမနောက်တာလဲလို့ အဖေ့ကို မေးတော့ ရေကုန်မှာကြောက်လို့ မခပ်ပဲထားတဲ့တွင်းတွေက အောက်ကရေကြောတွေပိတ် သွားပြီး ရေသစ်မလာတော့ပဲ ရှိတဲ့ရေဟောင်းတွေက အပူရှိန်ကြောင့် ခန်းသွားတာရယ်၊ ရေတွင်းထဲက အနယ်အနှစ်တွေထလာတာကြောင့် ရေနောက်လာတာဖြစ်ကြောင်း ရှင်းပြ တယ်။ ဒါတွေကိုသိလာရတော့ ရေကုသိုလ်ရဲ့အကျိုးက ချက်ချင်းခံစားရပါလားလို့ သိလာ ရတယ်။

ရေလျှူတာ ရေခပ်တဲ့လူတွေကိုပဲလျှူပေါ့၊ ရောင်းတဲ့သူတွေက စီိးပွားရေးလုပ်တာဆိုပြီး ပြောလာတဲ့လူလည်းရှိပါတယ်။ ဒါလည်းဟုတ်တာပဲ.. ကိုယ်ကအလကားပေးခပ်ထားပေမဲ့ သူကရေခပ်ပြီး ပိုက်ဆံရှာနေတယ်ဆိုပြီး ရေရောင်းတဲ့သူတွေကို ပေးမခပ်ဘူးဆိုပြီး ရေရောင်းတဲ့သူတွေကို ကျမကလာမခပ်ဖို့တားခဲ့ဘူးတယ်။ ဒါပေမဲ့ အဖေကအချိန်မှီတားခဲ့ တယ်။ သူ့ဖာသာ ရောင်းတာဖြစ်ဖြစ်၊ သုံးဖို့ဖြစ်ဖြစ် ရေကအားလုံးသုံးဖို့ပေးခပ်ထားတာပဲ။ ခပ်နိုင်တဲ့သူတွေက ကိုယ်တိုင်လာခပ်ကြသလို မခပ်နိုင်တဲ့သူတွေက ရေခပ်ပေးတဲ့သူကို ပိုက်ဆံပေးပြီးခပ်ခိုင်းတာ အဲ့ဒီလိုမတားရဘူး။ သူက ရေရောင်းစားတာမဟုတ်ဘူး။ သူ့လုပ်အားကို ရောင်းစားတာတဲ့..။ အရင်းအနှီးမရှိတဲ့ ရေသည်ကိုမှ ရေလာမခပ်ဖို့ တားခဲ့ဖူးတဲ့ကျမဟာ ကိုယ့်ကိုယ်ကို နောင်တရနေမိတယ်။