လိုချင်လျှင်.... ဆင်းရဲသည်.... မလိုချင်လျှင်.... ချမ်းသာသည်.....
ဆရာတော်အရှင်ရာဇိန္ဒ ရဝေနွယ်(အင်းမ) ၏ ဒါနပါရမီ တရားတော်နှင့် ဒွိပိဋကဆရာတော် အရှင်နေမိန္ဒာဘိဝံသ၏ အရှိကို အသိနှင့်ညှိပါ တရားတော်ကို နာယူနိုင်ပါသည်။

သီလပါရမီတရားတော်...

ဆရာတော်အရှင်ရာဇိန္ဒ ရဝေနွယ်(အင်းမ)၏ သီလပါရမီတရားတော်..


MusicPlaylist

Sunday, December 28, 2008

ဖြစ်နိုင်ရင် သိပ်ကောင်းမှာပဲ...

ကျွန်မငယ်ငယ်က အရမ်းကိုစိတ်ကူးယဉ်တတ်သူပါ။ မိသားစုနဲ့ ဥယျာဉ်ခြံလေးထဲမှာ သစ်ပင်၊ ပန်းမာန်တွေ စိုက်ပျိုးပြီး အစစအရာရာ ပြည့်ပြည့်စုံစုံနဲ့ ဧချမ်းစွာနေထိုင်ချင်ပါတယ်။ မီးပြည့်စုံရမယ်၊ ရေပြည့်စုံရမယ်၊ နိုင်ငံတကာနဲ့ အဆက်မပြတ်စေရအောင် သတင်းမီဒီယာ ကောင်းကောင်းရှိရမယ်၊ ခြံထွက်သီးနှံလေးတွေကို အလွယ်တကူ သွားရောက်ရောင်းချနိုင်မဲ့ ကိုယ်ပိုင်ကားလေးတစ်စင်းရှိရမယ်၊ ကိုယ့်ကိုချစ်ခင်တဲ့ ဆွေမျိုးသားချင်း၊ မိတ်ဆွေသူငယ်ချင်း တွေနဲ့ နီးနီးနားနားနေရမယ်… အဲ့ဒါဆိုရင် နေပျော်စရာ ဧချမ်းတဲ့ဘဝဖြစ်ပြီလို့ စိတ်ကူးယဉ်ခဲ့ဖူး ပါတယ်။ ဒါပေမဲ့ ခေတ်ကာလအခြေအနေအရ အဲ့ဒီလိုဘဝလေးတခုကိုတောင် မဖန်တီးနိုင် ခဲ့ပါဘူး။ စိတ်ကူးယဉ်တာနဲ့ ဆန့်ကျင်ဖက်တွေပဲ ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီစိတ်ကူးလေး ကတော့ အခုထိရှိနေဆဲပါပဲ..။ တခါတလေ ဦးဂင်ကြီးနဲ့ နောင်ရေးဆွေးနွေးကြရင် တို့သမီးတွေ အရွယ်ရောက်လို့ သူတို့လမ်းသူတို့လျှောက်ကြပြီဆိုရင် တို့အိုကြီးအိုမ နှစ် ယောက်ကတော့ ဆွေမျိုးသားချင်းတွေနဲ့ နီးတဲ့နေရာမှာ ခြံလေးစိုက်ပျိုးပြီး တရားဘာဝနာလေး ပွားများရင်း နေကြတာပေါ့… လို့ တိုင်ပင်ထားကြပါတယ်။ ဒါကတော့ ကိုယ့်အတွက် စိတ်ကူး လေးတွေပေါ့..။

သမီးလေးတွေအတွက်ကတော့ စိတ်ကူးတာရော၊ စိတ်ပူတာရော.. နှစ်ခုစလုံးပဲ။ စိတ်ကူးတာ ကတော့ သူတို့ကိုဖြစ်စေချင်တာလေးတွေပေါ့..။ သူတို့ကို ဆရာဝန်ကြီးတွေ၊ အင်ဂျင်နီယာ ကြီးတွေ၊ ကမ္ဘာကျော်တဲ့ အနုပညာသမားကြီးတွေ.. စတဲ့ အဲ့ဒီလိုကြီးကျယ်တာကြီးတွေတော့ မဖြစ်စေချင်ပါဘူး။ ဂုဏ်ပကာသနကြီးကျယ်တာထက် စိတ်ထားကောင်းတဲ့သူလေးတွေသာ ဖြစ်စေချင်တယ်။ ကိုယ့်အကျိုးစီးပွားထက် သူတပါးကို သနားကြင်နာစိတ် ရှိစေချင်တယ်။ အဆင့်အတန်းမြင့်တယ်လို့ သတ်မှတ်ထားသူတွေနဲ့ ဝင်ဆန့်တာထက် အခြေခံလူထုနဲ့ တသား တည်းဖြစ်စေချင်တယ်။ ရွာသူရွာသားတွေကို နား၊ မျက်စိဖွင့်ပေးနိုင်မဲ့ ကျောင်းဆရာမလေး ဖြစ်ဖြစ်၊ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မဲ့ သူနာပြု ဆရာမလေးဖြစ်ဖြစ် (စနစ်ကောင်းတဲ့ ခေတ်ကြီိးထဲမှာ) ဖြစ်စေချင်တယ်။ ဘာသာတရားကိုင်း ရှိုင်းပြီိး စိတ်ထားနူးညံ့သူလေးတွေ ဖြစ်စေချင်တယ်။ မိန်းကလေးတွေပေမဲ့ အရေးကြုံရင် သတ္တိ ရှိရှိရင်ဆိုင်ဖြေရှင်းတတ် စေချင်တယ်။ စိတ်ထားနူးညံ့ပေမဲ့ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းအောင် ကိုယ်ခံပညာတွေကိုလည်း တတ်ထားကြစေချင်တယ်။ ရိုးရာယဉ်ကျေးမှုကို ချစ်မြတ်နိုးကြစေချင်တယ်။ (မိဘ၊ ဆရာနဲ့ လူကြီိးသူမတွေအပေါ် ရိုသေလေးစား အလိုက်သိတဲ့သူလေးတွေ)။ ဒါပေမဲ့ ရှေးခေတ်ကလို ထိုင်မသိမ်းဝတ်စုံတကားကားနဲ့ နေဖို့မဟုတ်ဘဲ..၊ ခေတ်နဲ့အညီ သင့်တင့် လျှောက်ပတ်တဲ့ ဝတ်စားဆင်ယင်မှုမျိုးနဲ့ပါ။
ကိုယ့်အားကိုယ်ကိုးတဲ့သူလေးတွေ ဖြစ်စေချင်တယ်။ သူတပါးဆီက ပညာကလွဲရင် တခြားဘာ ကိုမှ မလိုချင်ကြစေချင်ဘူး။ ကိုယ့်မှာရှိတာကိုသာ သူတပါးကို ပေးကမ်း၊ လှူဒါန်းစေချင်တယ်။ ပညာတွေ ပြည်ဝပြီး မာနမရှိတဲ့သူလေးတွေ ဖြစ်စေချင်တယ်။ ကိုယ့်တိုင်းပြည်နဲ့ လူမျိုးကို ချစ်ကြစေချင်သလို၊ သူတပါးတိုင်းပြည်နဲ့လူမျိုးကိုလည်း မမုန်းစေချင်ဘူး။ တိုင်းပြည်ချွတ်ခြုံကျ နေရတာဟာ စံနစ်ဆိုးကြောင့်သာဖြစ်ပြီိး ဆင်းရဲမွဲတေနေကြတဲ့ ကိုယ့်လူမျိုးတွေကို အထင် မသေး ကြဖို့ ရှင်းရှင်းလင်းလင်း သဘောပေါက်နားလည်ကြစေချင်တယ်။ ဒုက္ခရောက်နေသူ တွေကို စိတ်ထားသန့်သန့်နဲ့ ကူညီတတ်ပြီး ကြီးနိုင်ငယ်ညှင်းစရိုက်မျိုးကို မုန်းတီးသူတွေဖြစ်စေ ချင်တယ်။ သူတို့လေးတွေမှာလဲ ဒီလိုအကျင့်စရိုက်မျိုးတွေမရှိစေချင်ဘူး။ မပျင်းမရိ ဇွဲရှိရှိနဲ့ စိတ်ဖိစီးမှုမရှိပဲ အလုပ်တွေကို အောင်မြင်အောင်လုပ်တတ်သူတွေ ဖြစ်စေချင်တယ်။ ဘာသာတရားလိုက်စားပြီး စိတ်ချမ်းသာစွာနဲ့ သာသနာပြုနိုင်တဲ့သူလေးတွေလည်း ဖြစ်စေချင်တယ်။

အဲ့ဒါတွေနဲ့ ဆန့်ကျင်ဖက်တွေကတော့ မဖြစ်စေချင်တာတွေပေါ့။ ဖြစ်စေချင်တဲ့ စိတ်ကူးတွေက များသွားပြီ။ ကဲ တူလေး မောင်ကာတွန်းရေ.. ဒီလောက်နဲ့ ကြေနပ်မယ်လို့ထင်ပါတယ်နော်..။ နောက်နေ့ကစပြီး အလုပ်ပြန်ဆင်းရတော့မှာမို့ နှစ်သစ်မကူးခင် အကြွေးမြန်မြန်ဆပ်လိုက်တာ။ နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့စွာနဲ့ ဒီစိတ်ကူးလေးပြည့်ဝအောင် ဆုတောင်းပေးကြပါနော်..။ ကံ၊ ဥာဏ်၊ ဝိရိယနဲ့ ဒီစိတ်ကူးလေးပြည်ဝအောင်လည်း ကြိုးစားသွားမှာပါ..။

တဂ်လာတဲ့ တူလေး မောင်ကာတွန်းနဲ့တကွ လာလည်ပြီးစာဖတ်ကြသူများကို ကျေးဇူးအထူး တင်ပါတယ်။ ညီမလေး မဆုမွန်ရဲ့ ဆန်းပြားတဲ့ စိတ်ကူးလေးတွေကိုတော့ သိချင်သား..၊ ဒါပေမဲ့ အလုပ်မအားရင် နှစ်သစ်ကူးမှာ အကြွေးတွေတင်နေမှာလဲ စိုးတယ်..။ ညီမရေ.. အချိန်လေးရရင်ပေါ့နော်..

ရွှင်လန်းချမ်းမြေ့ကြပါစေ..။

Saturday, December 27, 2008

အိပ်မရတဲ့ညနဲ့ သမီးပေးတဲ့အတွေးစများ ....

အာတိတ်နှင်းမှုန်တိုင်းတိုင်းဒဏ်ကို လူတွေပင်မက သားငှက်တိရစ္ဆာန်တွေပါ အလူးအလဲ ခံကြရသည်။ ဖြစ်နေကြမဟုတ်သဖြင့် ဒဏ်မခံနိုင်ကြ။ နှင်းတဖွဲဖွဲကျနေသည့်ကြားထဲတွင် ငှက်ကလေးများ လူးလားခေါက်ပြန် ဆောက်တည်ရာမရ ပျံသန်းနေကြသည်။ “ အမေ.. ငှက်ကလေးတွေအတွက် အိမ်လုပ်ပေးချင်တယ်” ဆိုပြီး သမီးတွေက သူတို့တတ်သလောက် စက္ကူပုံးလေးတွေနဲ့ ငှက်ကလေးတွေ နေလို့ရအောင်လုပ်နေကြတယ်..။ “သမီးရယ်… သူတို့က ဒီလိုထဲဘယ်နေမလဲ.. အနွေးဓာတ်လဲမရှိတော့ ဘာမှမထူးပါဘူးကွယ်.. လုပ်မနေကြပါနဲ့ ” လို့ပြောပေမဲ့ သမီးတွေက အိမ်ပြတင်းမှန်တံခါးကနေ အပြင်ကိုငေးကြည့်ကာ ငှက်ကလေးတွေ ရဲ့ဒုက္ခကို ကိုယ်ချင်းစာ စိုးရိမ်နေကြရင်း မြက်ခြောက်လေးတွေ ရရင်သိပ်ကောင်းမှာပဲလို့ ညည်းနေကြတယ်။ “ အမေ.. သူတို့အသိုက်လေးတွေလဲ နှင်းတွေဖုံးကုန်ပြီလားမသိဘူးနော်” တဲ့။ “ငှက်သားလေးတွေ အသိုက်ထဲမှာကျန်နေခဲ့ရင် အရမ်းအေးပြီး သေကုန်မလား အမေ..” “သူ့အမေက အစာရှာသွားရင်း ပြန်ရောက်မလာရင် သူတို့ဘယ်လိုနေကြမလဲအမေ” တဲ့။ မေးခွန်းတွေက အမျိုးစုံလှပါတယ်..။ အလုပ်မပိတ်လို့ နှင်းတောထဲမှာ အလုပ်သွားရဖို့ အရေး တွေးနေရတဲ့ကျွန်မကို သမီးတွေကမေးခွန်းတွေမေးရင်း အလုပ်မသွားဖို့လဲ တားတတ်ပါတယ်။

“အမေ.. အမေအလုပ်သွားတဲ့လမ်းကိုပိတ်လိုက်ပြီတဲ့.. သတင်းထဲမှာကြေငြာသွားတယ်” ဆိုပြီး မနက်အလုပ်သွားဖို့အတွက် ဦးဂင်ကြီးနှင့်အတူ ကားဘီးကို ချိန်းသွားတပ်ရာက ပြန်လာတဲ့ကျွန်မကို သမီးကြီးက လှမ်းပြောပါတယ်..။ “ဒါဆိုလဲ လမ်းလျှောက်သွားရမှာ ပေါ့သမီးရယ်” လို့ပြောပြီး ကျွန်မလည်း လုပ်စရာရှိသည်များကို ဆက်လုပ်နေခဲ့ပါတယ်။ သမီးကြီးက ကျွန်မအလုပ်လုပ် နေတဲ့နောက် တကောက်ကောက်လိုက်ရင်း သတင်းထဲမှာ လမ်းလျှောက်သွားတဲ့လူ တစ်ယောက် မြုပ်သွားတဲ့အကြောင်းလည်း ကြေငြာသွားတာ တွေ့လိုက်ကြောင်း ဆက်ပြောပြန်ပါတယ်။
ကျွန်မအလုပ်ချိန်က ညနေပိုင်းဖြစ်ပေမဲ့ အရမ်းဝေးတဲ့နေရာတွေက တချို့အလုပ်သမားတွေ မလာနိုင်တာကြောင့် လာနိုင်တဲ့သူအားလုံး တချိန်ထဲအလုပ်ဝင်လို့ရကြောင်းနှင့် မနက်စော စောအလုပ်လာဖို့ Leader ကအကြောင်းကြားထားပါတယ်။ အဲ့ဒါကြောင့် မနက်စောစော အလုပ်သွားရန် အတွက် အိပ်ယာစောစောဝင်ခဲ့ပါတယ်။

ညအိပ်ယာဝင်လျှင် သမီးတွေက ကျွန်မနဲ့အတူအိပ်နေကြဆဲဖြစ်ပါတယ်။ ကျွန်မအလုပ်ချိန်က ညနေ ၃ နာရီမှ နံနက်၂ နာရီအထိဖြစ်သောကြောင့် ကျွန်မရဲ့လက်မောင်းတဖက်စီကိုခေါင်အုံး လုပ်အိပ်ရင်း အိပ်ယာဝင်ပုံပြင် တွေကိုနားထောင်လိုတဲ့ သမီးတို့က အလုပ်မဆင်းစေချင်ကြ။ အချို့က ကလေးတွေကို ခွဲသိပ်ဖို့ပြောကြလို့ အိပ်ယာခွဲထားပေးပေမဲ့ သမီိးတွေက သူတို့ ဖာသာ အိပ်ခဲပါတယ်။ များသောအားဖြင့် သူတို့အဖေက ညဖက်အလုပ်ဆင်းရတာကြောင့် ကျွန်မတို့အခန်းထဲမှာသာ သားအမိသုံးယောက်အိပ်ပြီး သူတို့အခန်းက အမြဲလိုလို လွတ်နေ လေ့ရှိပါတယ်။ အဲ့ဒီညကလည်း မအိပ်ခင်ပုံပြင်ပြောပြီိးချိန်မှာ သမီးကြီးက မနက်အလုပ်မသွား ဖို့ပြောပြန်ပါတယ်..။ အလုပ်မသွားရင် အိမ်လခ၊ ရေဖိုး၊ မီးဖိုး၊ ကားဖိုး၊ အခြားအသုံး အဆောင်ဖိုး..စသည်ဖြင့် ပေးစရာရှိတဲ့ငွေတွေမပေးနိုင်ရင် အကြွေးတွေတင်ပြီး ဒုက္ခရောက် နိုင်တဲ့အကြောင်း သမီးနားလည်အောင် ရှင်းပြရပါတယ်။ သမီိးကြီးက ဆက်ပြီး “အမေတခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ” တဲ့။ ကျွန်မကလည်း “အမေတခုခုဖြစ်ပြီး သေသွားရင် သမီးတို့အတွက် စိတ်အေးရအောင်အမေစီစဉ်ထားပါတယ်..၊ အမေ့မှာအသက် အာမခံလုပ်ထားတယ်.. အမေသေသွားရင် သမီးတို့ ဒေါ်လာတစ်သိန်းရမယ်” လို့ပြောလိုက် ကာမှ သမီးကြီးက ရှိုက်ကာရှိုက်ကာငိုပါတော့တယ်..။ ပါးစပ်ကလည်း ရှိုက်သံနဲ့ အမေမရှိဘဲနဲ့ အဲ့ဒီပိုက်ဆံတွေက ဘာလုပ်ရမှာလဲ.. သမီးက ပိုက်ဆံမလိုချင်ဘူး.. အဖေ၊ အမေတို့နဲ့ဘဲ အတူနေချင်တာပါ” တဲ့။ ကျွန်မပြောတဲ့စကားဟာ သမီးအတွက် စိတ်ဖြေဖျောက် စရာဖြစ်မ သွားဘဲ ပိုဆိုးသွားတဲ့အတွက် စိတ်မကောင်းဖြစ်မိပြီး ပြောမိတာမှားပြီလို့ နောင်တရမိသွား တယ်။ ငှက်ကလေးတွေအကြောင်းနဲ့ဆက်စပ်ပြီး သူ့မှာဒီအတွေးတွေရှိနေတယ်ထင်ပါရဲ့..။ “အမေတခုခုမဖြစ်အောင် သမီးရထားတဲ့ ဘုရားစာတွေရွတ်ပေါ့”လို့ပြောလိုက်မှ သူရထားတဲ့ သရဏဂုံနဲ့ ၂၄ ပစ္စည်းကို တိုးတိုးရွတ်နေပါတော့တယ်..။ လက်ဝဲဘက် လက်မောင်းပေါ် မှာတော့ သမီးငယ်လေးက တရှူးရှူးနဲ့ အိပ်မောကျနေလေရဲ့.. ။ အကယ်၍ သူသာ အိပ်မပျော်သေးဘူးဆိုလျှင် တရှုပ်ရှုပ်နဲ့ ငိုနေဦးမှာ သေချာပါတယ်။ သမီိးငယ်လေးက ကြိုတင် တွေးပူတတ်သူမဟုတ်ပေမဲ့ သူ့အမပြောသမျှကို လိုက်ပြီးစိုးရိမ်တတ်သူပါ။

သမီိးကြီးက ဘုရားစာတိုးတိုးရွတ်ရင် အိပ်ပျော်သွားပေမဲ့ ကျွန်မမှာတော့ သမီးကြီး ပြောတဲ့စကားကြောင့် အတွေးပွားစရာတွေ ဖြစ်လာခဲ့ပါတယ်။ ဒီတိုင်းပြည်ရောက်ကတည်းက ကျွန်မမှာ သမီးတွေအတွက် အမြဲတမ်းတွေးပူနေခဲ့ရတာပါ။ လင်မယားနှစ်ယောက်စလုံး အလုပ်သွားရင်း တစုံတခုများဖြစ်သွားခဲ့ရင် ကျန်နေရစ်ခဲ့တဲ့သမီးလေးတွေမှာ အရွယ်မရောက် သေးတဲ့အတွက် ဘယ်လိုများနေကြမလဲလို့ စဉ်းစားမိပြီး ကိုယ်မသေခင်မှာ အသေဖြောင့် အောင်ဆိုပြီး အသက်အာမခံကို ငွေအကုန်ခံပြီိး လုပ်ထားခဲ့တာပါ။ ဆွေမျိုးသားချင်းတွေနဲ့ ဝေးကွာနေတဲ့ ဒီအရပ်မှာ သမီးတွေအတွက် ရတက်မအေးနိုင်လို့ စိတ်ဖြေသာအောင် လုပ်ထားခဲ့တဲ့ ဒီအရာဟာ သမီိးတွေအတွက်တော့ ဘာမှအသုံးမဝင်သလိုဖြစ်နေခဲ့ပြီ..။ ငွေ.. ငွေ.. ငွေ ဆိုပြီးနေ့ရှိသ၍ ငွေနောက်ကိုလိုက်နေတဲ့ကျွန်မမှာ သမီးပြောလိုက်မှ ငွေဆိုတာ မေတ္တာတရားနဲ့ ယှဉ်လိုက်ရင် အင်မတန်သေးငယ်လှတဲ့ ရုပ်ဝတ္ထု ပညတ်တခုသာပါ။ ငွေရှိရင် ဘာမဆိုလုပ်လို့ရတယ်၊ ဘာမဆိုဖြစ်တယ်ဆိုပေမဲ့ .. ငွေမရှိပဲလဲ လူတွေအသက်ရှင်နိုင်တဲ့ နေရာတွေရှိပါတယ်။ အဲ့.. ဒါပေမဲ့ မေတ္တာတရားတွေခန်းခြောက်နေရင်တော့ လူတွေဟာ သက်တမ်းရှည်ရှည်နေနိုင်ကြပါ့မလား…။ အရင်တုန်းက ဒါတွေကို ကျွန်မ မတွေးခဲ့မိပါ…။ ရောက်တက်ရာရာတွေ တွေးနေမိတဲ့ကျွန်မ မိုးလင်းတဲ့အထိ အိပ်မရတော့ပါ။

မနက်လင်းလို့ အလုပ်သွားတော့မယ့်အချိန်ရောက်တော့ သမီးတွေက သူတို့လည်း အလုပ်ကို လိုက်ပို့ချင်တယ်တဲ့..။ လမ်းမှာတစုံတခုဖြစ်ရင် အဖေ၊ အမေတို့နဲ့အတူ သမီးတို့လဲ အတူတူခံမယ်တဲ့။ ကျွန်မမတားရက်တော့ပါဘူး..။ အဲ့ဒီနေ့က ကျွန်မတို့မိသားစု နှင်းတော ထဲမှာ ပျော်ပျော်ကြီးသာ ဖြတ်သန်းရင်း အလုပ်ကိုရောက်သွားခဲ့ပါတယ်။ တခါတလေ စိုးရိမ်စိတ်ထက် ဒုက္ခတွေကို ရင်ဆိုင်ဖြေရှင်းလိုက်တာက ပိုပြီး စိတ်သက်သာရာရစေတယ် ထင်ပါတယ်။ အလုပ်ကိုရောက်လို့ ကားပေါ်ကဆင်းပြီး သူတို့ကိုနှုတ်ဆက်တော့ သမီးတွေရဲ့ မျက်နှာက လန်းလန်းဆန်းဆန်း။ အန္တရာယ်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဆိုတဲ့ တက်ကြွမှုတွေ ကိုလည်း သူတို့မျက်နှာပေါ်မှာ အထင်းသားတွေ့နေရပါတယ်။

ကျေးဇူးတင်ပါတယ်

ပန်းချီ ပိအိုင်း

Thursday, December 25, 2008

ပုဂ္ဂလပညတ် ဓာတ်စာများ

ဘလော့ဂါ မောင်နှစ်မတွေဖြစ်ကြတဲ့ ညီမဆုမွန်နဲ့ ကိုကွီနိုင်းတို့က စီဘောက်မှာ ရေးသွားကြ တာတွေ့လို့ “ပုဂ္ဂလပညတ် ဓာတ်စာများ” ကို ဆရာကြီးဦးသာတင့်ရဲ့ ပုဂ္ဂလပညတ် အခြေခံဓာတ်ကျမ်းမှ ကူးယူတင်ပြပေးလိုက်ပါတယ်။ ရှေးက တင်ပြခဲ့တဲ့ အခြေခံတွေကို သိရှိနားလည်ပြီး ဖြစ်မယ်လို့ ယူဆထားသော်လည်း ဘယ်လိုစားသောက် သုံးစွဲရမလဲဆိုတာ အနည်းငယ်ထပ်မံရှင်းပြချင်ပါတယ်။
က၊ ခ၊ ဂ၊ ဃ၊ င တို့သည် လည်းကောင်း၊ ပ၊ ဖ၊ ဗ၊ ဘ၊ မ တို့သည် လည်းကောင်း ၊ ယ၊ လ၊ ဝတို့သည်လည်းကောင်း ယင်းဗျည်းတို့၏ အသံပါသမျှတို့သည်လည်းကောင်း သောမ ပညတ်များဖြစ်ကြသည်။ လဂိုဏ်း ဖြစ်သည်။
လူ၏အမည်များဖြစ်သော မောင်ကျော်၊ မောင်ဝင်း၊ မောင်မြ၊ မောင်သိန်း စသည်များတွင် အရင်းနာမ်ကိုယူရသည်။ သက်မဲ့ဖြစ်လျှင် အဖျားနာမ်ကို ယူရသည်။
ပုဂ္ဂလပညတ် ဓာတ်ဆရာ၏အလိုအားဖြင့် ရေသတ္တဝါဖြစ်လျှင် အဖျားနာမ်ကိုယူလေ့ရှိသည်။
သောမ ပညတ်အမည်ရှိသူသည် သောမပညတ်အမည်ရှိသော ဆေးဝါး၊ အစားအစာတို့ကိုသာ စားသောက်ရမည်။ (ဥပမာ- မောင်ကျော်သည် သောမပညတ်အမည်နှင့်ဆုံးသော ကြက်၊ ဝက်၊ ဘဲ၊ ငါးခူ၊ ငါးမြင်း၊ ငါးကြင်း၊ ငါးပြေမ၊ ငါးဖယ်၊ ပန်းဂေါ်ဖီ၊ သခွားသီး၊ ဘူးသီး၊ ချဉ်ပေါင်၊ ရှောက် စသည့် တို့ဖြစ်သည်။)
စ၊ ဆ၊ ဇ၊ ဈ၊ ည တို့သည်လည်းကောင်း၊ ဋ၊ ဋ္ဌ၊ ဍ၊ ဎ၊ ဏ တို့သည်လည်းကောင်း တ၊ ထ၊ ဒ၊ ဓ၊ န တို့သည်လည်းကောင်း၊ ရ ကောက်သည်လည်းကောင်း၊ အ သည်လည်းကောင်း ယင်းဗျည်း တို့၏ အသံပါသမျှတို့သည် လည်းကောင်း ပါပ ပညတ်များဖြစ်ကြသည်။ နေဂိုဏ်းဖြစ်သည်။
လူ၏အမည်များဖြစ်သော မောင်အုန်း၊ မောင်ဉာဏ်၊ မောင်ထွန်း၊ မောင်ရွှေ တို့သည် ပါပ ပညတ် (နေဂိုဏ်း) များဖြစ်သည် ။ ပါပပညတ် ပါသောအမည်ရှိသူသည် ပါပပညတ် အမည်ပါသော ဆေးဝါး၊ အစားအစာတို့ကိုသာ စားသောက်ရမည်။ (ဥပမာ- အောင်း၊ ကုလားအုပ်၊ ဆိတ်၊ နွား၊ ထုံး၊ ငါးအိုက်၊ ငါးရံ့၊ ငါးတန်၊ ပုစွန်၊ ဂန့်အိပ်၊ ကန်စွန်း၊ ဟင်းနုနယ်၊ ရွှေဖရုံ စသည့် တို့ဖြစ်သည်။)
မိမိတို့ဂိုဏ်းနှင့် သက်ဆိုင်ရာ အစားအသောက်များကို စားခြင်းသည် နာမ်ဆေးဟု ခေါ်ဆို ခြင်းပင်ဖြစ်သည်။
သောမဂိုဏ်းသားသည် မိမိတို့နှင့် မသင့်သော၊ ပါပပညတ်ပါသော ဆေးဝါး အစာအာဟာရ ဝတ္ထုမှန်သမျှတို့ကို အပြင်မှရှူရန်၊ မှိုင်းနံ့ခံရန်၊ လိမ်းရန်၊ စိမ်ပေးရန်သာလျှင် ပြုလုပ်ရသည်။ ယင်းသို့ပြုလုပ်ခြင်းကို ရုပ်ဆေးဟုခေါ်သည်။ ပါပဂိုဏ်းသားတို့သည်လည်း ထို့နည်းတူစွာ ပင်ဖြစ်သည်။
ပုဂ္ဂလပညတ် ဓာတ်စာများ
သာမန်အားဖြင့် လူတို့ နေ့စဉ်စားသုံးနေကြသည့် အစားအစာများကို နေဂိုဏ်း၊ လဂိုဏ်း ခွဲခြား ပေးပါသည်။ မိမိတို့ဂိုဏ်းဝင်အစားအစာများကိုသာ ရွေးချယ်စားသောက်ရန် အရေးကြီးပါ သည်။ အောက်တွင်ဖော်ပြထားသည့်အစာများတွင် ရေသတ္တဝါ၊ ကုန်းသတ္တဝါ၊ သစ်သီး၊ သစ်ရွက်၊ သစ်မြစ်၊ သစ်ဥ ..စသည်များ ပါဝင်ပါသည်။ ယင်းတို့ကို အချဉ်ပြုလုပ်ခြင်း၊ အခြောက်ပြုလုပ်ခြင်း၊ ယိုပြုလုပ်ခြင်း၊ ငါးပိပြုလုပ်ခြင်း၊ ဒိန်ချဉ်ပြုလုပ်ခြင်း၊ ထောပတ် ပြုလုပ်ခြင်း၊ အစိမ်းအတိုင်းစားသောက်ခြင်း စသည်ဖြင့် မိမိကြိုက်နှစ်သက်သလို စားသောက်နိုင်ပါသည်။ ထိုသို့စားသောက်ရာတွင် အဆိပ်အတောက် ဖြစ်စေသည်အထိ အချဉ်တည်ထားခြင်း၊ အခြောက်လုပ်ထားခြင်းကို သတိပြုရန်လိုပါသည်။
လဂိုဏ်း
ကသပေါင်း၊ ငါးပုတ်ပြား၊ ယောက်သွား၊ ဝမ်းဘဲသား
ငါးခူ၊ ငါးဖျင်းသလက်၊ မြွေသား၊ ငန်းဘဲသား
ငါးခုံးမ၊ ငါးဖယ်၊ ကနုကမာ၊ ကြက်သား
ငါးခေါင်းပွ၊ ငါးမုတ်၊ ခိုသား၊ ဖားသား
ငါးကလောင်ကြပ်၊ ငါးသလောက်၊ ခါသား၊ ကြွက်သား
ကင်၊ ငါးသိုင်း၊ ငူသား၊ ကြောင်သား
ငါးပတ်၊ ငါးသပိုး၊ ငုံးသား၊ ယုန်သား
ငါးဘဲဖြူ၊ ငါးနက်ပြာ၊ ချိုးသား၊ ဝက်သား
ငါးပြေမ၊ ငါးသံချိတ်၊ လင်းဝက်သား၊ ကျွဲသား
ကပ်သမျှင်၊ ငါးလူး၊ ဗျိုင်းသား၊ မြင်းသား
ငါးပုတ်သင်၊ လိပ်ကျောက်သား၊ ရေကြက်သား၊ ချေသား
မျောက်သား၊ ကြက်ဟင်းခါး၊ အာလူး၊ ပဲမြစ်
သိုးသား၊ မာလာ၊ မြောက်ဥ၊ သစ်ကြားသီး
ပွေးသား၊ သခွတ်၊ ပိန်းဥ၊ သစ်ခြသီး
ပူသား၊ ကျီးချေ၊ ကြက်သွန်ဖြူ၊ လက်ခုပ်
ဖွတ်သား၊ မဲဇလီ၊ ကြက်သွန်ဥကြီး၊ သီးသီး
မိကျောင်းသား၊ ပိလော၊ ကြက်သွန်မြိတ်၊ သဖန်း
ကျွဲနို့၊ ဘဲ့ပြား၊ ငရုတ်ကောင်း၊ တောင်သလဲ
မြင်းနို့၊ ပဲပြား၊ မာဆလာ၊ ပြောင်းဖူး
၎င်းဒိန်ချဉ်၊ ကင်ပလင်း၊ မှို၊ လိမ္မော်သီး
၎င်းထောပတ်၊ ပဲပင်ပေါက်၊ မျှစ်၊ ကျွဲကောသီး
မြင်းခွာရွက်၊ ခဝ၊ဲ ဖလံတောင်ဝှေး၊ ရှောက်သီး
ကြာရိုး၊ သပွတ်၊ ဂုံမင်း၊ ရှောက်ချိုသီး
ချဉ်ပေါင်ဖြူ၊ ဗုံလုံ၊ ဂုံခါး၊ တုံကျင်သီး
ရွှေဘိုချဉ်ပေါင၊် ကြောင်ပန်း၊ ပရန္နဝါ၊ ဘင်္ဂလားသရက်
ကင်ပွန်းချဉ်၊ ကျောက်ဖရုံ၊ ကြိမ်ဖူး၊ စွန်ပလွန်သီး
ဆလပ်ရွက်၊ လဲလူ၊ သရက်ကင်း၊ သလဲသီး
ဟင်းဂလာ၊ မလွှ၊ ဆီးဖြူသီိး၊ တောင်သလဲ
ဂန့်ဂလာ၊ ဆူးပန်း၊ ဂေါ်ရခါးသီး၊ ဇင်ပြွန်း
မုန်လာ၊ ဖက်သန်း၊ ဖန်ခါးသီး၊ ပဲကျား
တမာ၊ ကြိတ်မှန်၊ ပုံးရည်ကြီး၊ ပဲလွန်း
စပါးလင်၊ ဂေါ်ဖီ၊ ရခိုင်ငှက်ပျော၊ ကုလားပဲ
ပေါက်ပန်းဖြူ၊ ဆူးပုပ်၊ နံ့သာငှက်ပျော၊ ပဲကတ္တီပါ
ဒန့်သလွန်၊ ပိတ်ချင်း၊ ဖီးကြမ်းငှက်ပျော၊ ပဲဖြူလေး
ကြာဟင်း၊ ကွမ်း၊ ဝက်မလွတ်ငှက်ပျော၊ ပဲနုပြာ
ကသစ်၊ သီဟိုသရက်၊ သီးမွှေးငှက်ပျော၊ ပဲထောပတ်
ကြက်သဟင်း၊ ဘူး၊ မာလကာသီး၊ မတ်ပဲ
ကင်းပုံ၊ သဗြု၊ သင်္ဘောသီး၊ မြေပဲ
ဆင်နှာမောင်း၊ သခွား၊ သဖန်းသီး၊ လက်ဖက်
ဒန့်ကျွဲ၊ နိုကိုဥ၊ စပျစ်သီး၊ ချင်း
ဂျူးမြစ်၊ ဖျံဥ၊ မင်းကွတ်သီး၊ လက်ဖက်ရည်
ကာဖီ၊ ကိတ်မုန့်၊ မုန်ဟင်းခါး
ကိုကိုး၊ ပေါင်မုန့်၊ ငချိတ်ပေါင်း
ကြံရည်၊ ကျောက်ကျော၊ သကြား
ဆေးကုလားမ၊ ထောပတ်၊ ကြံသကာ၊ ပျားရည် (ပျားရည်ကို လဂိုဏ်း၊ နေဂိုဏ်းမရွေးရဘဲ ဗဟိုဆေးအဖြစ် ပုဂ္ဂလပညတ် ဆရာကြီးများ အသုံးပြုကြလေသည်။)

နေဂိုဏ်း
ငါးစင်ရိုင်း၊ ကကူရံ၊ ကြက်တူရွေးသား၊ ထိကရုန်း
ငါးဖောင်ရိုး၊ ငါးရွေး၊ ပိုးစာရွက်၊ ရုံးပတီ
ငါးစင်စပ်၊ ငါးသေတ္တာ၊ ရွေဖရုံ၊ ကောက်ရိုးနွယ်
ငါးမြွေထိုး၊ ပုစွန်၊ နံန၊ံ ပါစွန်
ငါးအိုက်၊ ပုစွန်ထုပ်၊ ပင်စိမ်း၊ လိပ်စရွှေ
ငါးသလဲထိုး၊ စာသား၊ မန်ကျည်း၊ သနပ်
ငါးမြင်းရင်း၊ ဆတ်ရက်သား၊ ချဉ်ပေါင်နီ၊ အောင်မဲညို
ငါးထွေ၊ ရစ်သား၊ ကန်စွန်း၊ ကုလားမျက်စိ
ငါးကျည်း၊ ဒေါင်းသား၊ ကညွတ်၊ ခံတက်ချဉ်
ငါးတန်၊ ရှဥ့်သား၊ မှိုနတို ၊ ခံတက်ဥ
ငါးရံ့၊ စိုင်သား ၊ ဟင်းနုနယ် ၊ အင်ဥ
ကကတစ် ၊ ဆတ်သား၊ မုန်ညင်း၊ ကျီးအာ
ငါးပုဏ္ဏား၊ ဆိတ်သား ၊ဇရစ် ၊ ကန့်အိတ်
ငါးကွန်းရှပ်၊ ဆင်သား ၊ လင်းနေ၊ ပြည်ပန်းညို
ငါးရှဥ့်၊ စွန်သား၊ ဥသျှစ် ၊ ပိတ်စွယ်
ငါးကြင်းဇောက်၊ နွားသား၊ ရဲယို၊ ပင်စိမ်း
ငါးရံ့ခေါင်းတို၊ ပုရစ်၊ ကြက်ဆူ၊ မုန်ညင်း
ငါးရွှေ၊ ကြက်ဆင်သား၊ ကြက်သွန်နီ၊ တညင်း
ငါးနှပ်၊ ပဒပ်သား၊ ခရမ်းကစော့၊ ပဲတိုင်ထောင်
ငါးပူတင်း၊ တစ်တီတူးသား၊ ခရမ်းချဉ်၊ ငါးရံ့ပတူ
ငါးမျက်ဆန်နီ၊ ခရု၊ သစ်တိုသီး၊ လယ်ပတူ
ဂွေးတောက်၊ သြဇာ၊ နွားနို့၊ ဒိန်၊ မြူစွမ်
ပူတီနာ၊ ဆီး၊ နွားနို့ထောပတ်၊ ပလာတာ
ပီလောပီနံ၊ စုံပတတ်၊ နွားနို့ထမင်း၊ ဆမူဆာ
တောက်တာ၊ သံပုရာ၊ အုန်းဆီ၊ ဖာလူဒါ
ကတွတ်၊ သံပုရို ၊အုန်းရည်၊ ပူတင်း
ပဲဇောင်းလျား၊ နှမ်း၊ အုန်းထမင်း ၊အိုက်စကရင်
ကြောင်လျှာ၊ နှမ်းပျစ်၊ ဆိတ်နို့ ၊ ထန်းလျက်ကာဖီ
သက်ရင်း၊ နှမ်းဖတ်ချဉ် ၊ ဆိတ်နို့ဒိန်ချဉ် ၊ မဒေါ့သီး
မိုးနံ၊ စိမ်းစားဥ၊ ထန်းလျက်၊ ဗာဒံစေ့
ဝရောင်းချဉ်၊ စားတော်ပဲ၊ ကောက်ညှင်ပေါင်း၊ နို့ဆီ
စောင်းလျား၊ ပဲတီစိမ်း၊ ကောက်ညှင်းဆီထမင်း၊ ပေါက်ဆီ
ကနစိုး၊ ပဲတီနက် ၊ နှမ်းမနဲ၊ မုန့်ဗိုင်းတောင့်
ဖရဲ ၊ ပဲနောက် ၊ထန်းသီး ၊ချပါတီ
နာနတ် ၊ ပဲရာဇာ၊ ထန်းရည် ၊ သူငယ်စာငှက်ပျော
ဒူးရင်း၊ ပဲပိစပ် ၊ လှော်စာ၊ ဓနိရည်
ပိန္နဲ၊ ပဲပုစွန်၊ ခေါက်ဆွဲ ၊ ဓနိသီး
ဒူးရင်းသြဇာ၊ ပဲလေးညှင်း၊ ကြာဆံ၊ ထိုးမုန့်

၎င်းတို့ကို မိမိနှင့်သင့်လျှော်ရာ ရွေးချယ်စားသောက်နိုင်လျှင် အစာလည်းဆေး၊ ဆေးလည်းအစာဖြစ်ပြီး ရောဂါဘယဆိုးများ ကင်းစင်ကာ ကျန်းမာနိုင်ကြမည်ဖြစ်ပါသည်။ ကိုကွီနိုင်းမေးထားသော ဆီးချိုရောဂါဆေးမှာ ကျွန်မတွင်မရှိသော်လည်း ဆီးချိုရောဂါအတွက် ဆေးအဖြစ်အသုံးပြုနိုင်သည့် ဆေးအစာများကိုလည်း ကူးယူဖော်ပြပေးလိုက်ပါသည်။

လဂိုဏ်းသမားများအတွက်ဆေးအစာမှာ ကောလိသိန်၊ စွန်လက်သည်းမြစ် ဖြစ်ပြီး.. ၊ နေဂိုဏ်းသမားများအတွက် ဆေးအစာများမှာ ရေသကျည်း၊ ဇွန်ပန်း၊ တညင်းသီး၊ ပြည်ပန်းညို( အမြစ်၊ အခေါက် ရရာ) တို့ဖြစ်ပါသည်။ လဂိုဏ်းသမားများအတွက် ဆေးအစာကို၊ နေဂိုဏ်သမားတို့က ရှူနိုင်၊ လိမ်းနိုင်ပြီး..၊ နေဂိုဏ်သမားများအတွက် ဆေးအစာကို လဂိုဏ်းသမားများက ရှူနိုင်လိမ်းနိုင်ပါသည်။

ညီိမဆုမွန်အတွက် ထိုင်းနိုင်ငံမှာ စားသောက်နိုင်တဲ့ အမည်များကတော့ ခေါက်ညို (ကောက်ညှင်းပေါင်း)၊ စွန့်တန်(သင်္ဘောသီးထောင်း)၊ ဖတ်စီရို၊ မူကဌ(အသားကင်)၊ ပလာတူး(ငါး)၊ တုန့်ရမ်(ဟင်းချို)၊ နူရ(အမဲသား)၊ မနောင့်( သံပုရာသီး)၊ ပက်စီ .. စသည်ဖြင့် နေဂိုဏ်းအမည်နှင့်ဆုံးသော အစားအသောက်များကို စားသုံးနိုင်ပါတယ်လို့ ထိုင်းအခေါ် သိသလောက် ပြန်ကြားလိုက်ပါတယ်။

(ဆရာကြီးဦးသာတင့်၏ ပုဂ္ဂလပညတ်ဓာတ်ကျမ်းမှ ကူးယူဖော်ပြပါသည်)
စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်

အစဉ်လေးစားလျက်

Wednesday, December 24, 2008

ဥဒေါင်း စင်ယော် ကြင်ဖော် လင်းသက်... ဂျာနယ်ကျော်မမလေး

ဇန်နဝါရီလ၊ ဖေဖော်ဝါရီလထုတ် သွေးသောက်မဂ္ဂဇင်းတွင် တီဘီလားဟူသောဆောင်းပါးနှင့် အမျိုးသားဆေးပညာ ဆောင်းပါးနှစ်ပုဒ် ရေးလိုက်မိသည်။ ထိုဆောင်းပါးနှစ်ပုဒ်ရေးမိ၍ အရပ်ရပ်အနယ်နယ်က ရောဂါသည်များထံမှ သူတို့၏ရောဂါဝဒနာကို ဖော်ပြကာ ကုသပေးရန် နေ့စဉ်ဆိုသလိုပင် စာများရောက်လာလေ၏။ ကျွန်မမှာ ဂန္ထဝင်ဂျာနယ်ကိုထုတ်ဝေရန် ပုံနှိပ်စက်ကြီးမရှိသေး၍ စာဖောင်များကိုစီကာ အခြားပုံနှိပ်စက်တွင် သွားရောက်ရိုက်နှိပ်နေ သောကြောင့် နေ့မအား ညမအားအလုပ်များလျက်ရှိနေသည်။ ကျွန်မထံသို့ တိုက်ရိုက်သော် လည်းကောင်း ၊ သွေးသောက်မှတဆင့်သော်လည်းကောင်း နေ့စဉ်မပြတ် တဖွဲဖွဲရောက်နေ သော စာအိတ်များကိုဖွင့်ဖောက်ကာ မည်သူ့ထံမှ မည်သည့်ရောဂါ စသည်လောက်သာ ကဗျာကသီဖတ်ကြည့်လိုက်ပြီး ဖိုင်တစ်ဖိုင်သီးခြားဖွင့်လျက် ဖိုင်ထဲသို့သာ ညှပ်သွင်းထားလိုက် ရသည်။ အနယ်နယ်ကပို့လိုက်သောစာများမှာ များသောအားဖြင့်စာပြန်ရန် စာအိတ်ခေါင်းပါ တစ်ပါတည်း ထည့်ပေးကြလေသည်။ စာပြန်ရန် စိတ်စေတနာရှိလျက် အချိန်မရ၍ ရုတ်တရက် မပြန်ကြားဘဲ ရှိကာ တစ်နေ့နေ့တော့စုပြန်မှဟု အောက်မေ့ထားရာ ဖိုင်တွဲကြီးမှာ တဖြည်းဖြည်း မို့မောက်၍သာလာတော့သည်။

ဂန္ထဝင်ဂျာနယ်အမှတ်-တစ် ထွက်သွားနိုင်ရေးအတွက် လုံးပမ်းခဲ့သည်မှာ စာပုံနှိပ်တိုက်လုပ်ငန်း စာပေထုတ်လုပ်ရေးလုပ်ငန်းကို မလုပ်ချင်လောက်သည့် အထိဖြစ်ခဲ့၏။ ကျွန်မနေသောအိမ်နှင့် အလုပ်တိုက်မှာ ငါးမိုင်ခန့်ဝေးလေသည်။ နံနက် အိမ်မှ ၇ နာရီလောက်ထွက်ခဲ့ကာ တစ်နေ့လုံး တိုက်တွင်အလုပ်များ ကုန်းလုပ်နေရသည်။ ညနေစောင်းလျှင် သူသူငါငါအလုပ်မှ အိမ်သို့ ပြန်ကြသလို ကျွန်မလည်းပြန်ချင်လာသည်။ ပုံနှိပ်ထုတ်ဝေရန်လုပ်ငန်းကား အချိန် ကန့်သတ်ထား၍ ရသောလုပ်ငန်းမျိုးမဟုတ်ပေ။ ပန်းချီဆရာကနှောင့်နှေးနေလျှင်သော်၎င်း၊ စာတစ်ဖောင်ပြီးစီးအောင် နေ့ရယ် ညရယ်ရွေးနေ၍မဖြစ်နိုင်ဘဲ ပြီးသည့်အချိန်အထိ ပြီးအောင်လုပ်ရလေသည်။ စာဖောင်သွင်းပြီးချိန် ည ဆယ်နာရီဖြစ်စေ၊ ဆယ့်တစ်နာရီ ဆယ့်နှစ်နာရီ၊ တစ်ချက်နှစ်ချက်ဖြစ်စေ မဆိုင်းဘဲ စာဖောင်ကိုစက်ပေါ်တင် ရိုက်နှိပ်ရန် လိုအပ်လာသည်။ စက်မရှိဘဲဂျာနယ်ကိုထုတ်ဝေခြင်းများဖြစ်ရာ သူများစက်တွေတွင် ညကြီးသန်းခေါင် လိုက်လံတောင်းပန်ကာ ချက်ချင်းစက်ပေါ်တင်ရိုက်ပေးပါရန် ပြောရ လေသည်။ ဤအခက်အခဲများကြောင့် ဂျာနယ်ကိုစတင်ထုတ်ဝေသည်ဆိုသည်နှင့်ပင် အိမ်ကို ညနေအချိန်မှန် ပြန်ရသည့်ရက်မရှိပေ။ ဂန္ထဝင်ဂျာနယ်မထုတ်ခင် ကျွန်မ၏မိတ်ဆွေ ပင်လုံ ဒေါ်နုရင်က “ လုပ်ပြန်ပြီလားဒီအလုပ်ကို ၊ ဘယ်တော့အရိုးတခြား အသာတခြားလိုက်ကောက် ရမလဲ၊ မလုပ်ပါနဲ့” ဟုတားမြစ်လေသည်။ ဤလိုသာ စားချိန်မရှိ၊ နားချိန်မရှိ၊ အိပ်ချိန်မရှိ၊ နိစ္စဓူဝ စခန်းသွားနေရမည်ဆိုလျှင် သူပြေသလိုအရိုးတခြား အသားတခြားဖြစ်နိုင်စရာရှိသဖြင့် စက်မရှိဘဲလုပ်ရသော ဤလုပ်ငန်းကို ဂျာနယ်အမှတ် - တစ်၊ မထွက်မီပင် ပင်ပန်းလွန်၍ မလုပ်ချင်သလောက် ဖြစ်လာမိသည်။ ဂန္ထဝင်ဂျာနယ်အမှတ်- တစ်ထွက်ပြီးနောက် စက်ကြီး မရှိဘဲမထုတ်တော့ဟု ဆုံးဖြတ်လိုက်သည်။ ဂျာနယ်ကိုဆက်မထုတ်ဘဲရပ်ထား၍ အားချိန် နားချိန်ရသွားသည့်အခိုက် သွေးသောက်ထဲတွင် ရေးလိုက်သောဆောင်းပါးကြောင့် အနားနေ ရပြန်သည်မရှိဘဲ မြို့ပေါ်ကလူမမာတွေ လာခေါ်ရာနောက်သို့လိုက်ကာ အချိန်ကုန်နေပြန် လေသည်။

တစ်နေ့တွင်အားလပ်၍ အလုပ်တိုက်ရှိစားပွဲပေါ်ကဖိုင်တွဲကြီးကို သွားမျက်စိစူးမိသည်။ ဤဖိုင်တွဲထဲတွင်ရှိသည့် လူမမာဦးရေက မနည်းပေ။ ဖိုင်တွဲကိုဆွဲဖွင့်လိုက်ကာ တစ်ရွက်ပြီး တစ်ရွက် လှန်ဖတ်ကြည့်သည်။ လူတို့တွင် ထွေပြားသော ရောဂါဝေဒနာများအတွက် ရှင်လျက်နှင့်သေရသည့် လေငန်းရောဂါနှင့် လူထဲသူထဲမဝင်နိုင်သည့် ကုဋ္ဌနူနာရောဂါနှစ်မျိုးကို အခြားဝေဒနာများထက် သာလွန်စိတ်ပါဝင်စားခြင်း ဖြစ်မိပါသည်။ သည်လိုဝေဒနာမျိုးကို ပျောက်ကင်းချမ်းသာအောင်ကုပေးလိုက်၍ ကျွန်မအားဝေဒနာရှင်က အမှတ်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ကျွန်မတတ်သိနားလည်သောဆေးပညာ၏အစွမ်းကို များစွာတန်ဘိုးထားကာ အနှစ်သိမ့်ကြီး နှစ်သိမ့်မိလေသည်။ စာတွေထဲတွင် လေငန်းနှင့် ကုဋ္ဌနူနာရောဂါသည်များကို ရွေးစစ်၍ မင်နီဖြင့်ခြစ်မှတ်လိုက်ကာ လူနာဦးရေ ဘယ်နှစ်ဦးလဲဟု ရေတွက်ကြည့်သည်။ ကုဋ္ဌနူနာရောဂါစွဲကပ်နေသောလူနာများမှာ လေငန်းရောဂါစွဲကပ်နေသော လူနာများထက် ပိုများနေသည်။ ယောက်ျား မိန်းမအသီးသီး ဝေဒနာသည်များထဲတွင် အမျိုးသမီးကလေး တစ်ယောက်မှာ ကုပေးရန်စာသာရေးပေးလိုက်ပြီး လိပ်စာအပြည့်အစုံပါမလာဘဲ မင်းလှဟု မြို့နှင့် ၎င်း၏နာမည်သာပါလာသည်။ ကုဋ္ဌနူနာကို ပျောက်ကင်းချမ်းသာအောင် အခြားနိုင်ငံ အခြားဆေးဝါးများ တတ်စွမ်းနိုင်ကြသလို မြန်မာ့ဆေးပညာမှာလည်း အခြားနိုင်ငံများထက် အောက်မကျဘဲ အစွမ်းထက်မြက်ကာ သဲလဲစင်ပျောက်ကင်းအောင် ကုသပေးနိုင်ပေသည်။ ကျွန်မဆေးပညာသင်ယူဆည်းပူးစဉ် နာတာရှည်ကိုယ်ပျက်နေသည့် ကုဋ္ဌနူနာကိုပင် လက်တွေ့ကုသချင်လှသည့် ဆန္ဒပြင်းပြနေခိုက် ကံအားလျော်စွာပင် ဆရာကြီးထံသို့ မကြည့်ရဲအောင် ကိုယ်ပျက်နေသော မိန်းကလေးတစ်ဦးရောက်လာသည်နှင့် အစမှအဆုံး ကုထုံးကုနည်းဗဟုသုတ ကိုယ်တွေ့ရရှိခွင့်ရှိရန် ဆရာကြီးကသင်ပြပေးလေသည်။ ထိုစဉ်က သတင်းစာ ဂျာနယ်တစ်ဖက်နှင့် အလုပ်မအားလပ်သည့်ကြားထဲကပင် အချိန်ကိုခိုး၍ မိန်းကလေးရှိရာသို့သာ လစ်လေသည်။ ကုနေရင်း ရောဂါထူးထွေပြောင်းလွဲသည့်သဘော တွေမှာ မျက်စိထဲတွင် မျက်လှည့်ပြနေသကဲ့သို့ အဆန်းတကြယ်ဖြစ်ကာ ခန္တာကိုယ်၌ ဓာတ်တွေကစားနေပုံကို အာရုံပြုရသည်မှာလည်း စိတ်ဝင်စားစရာကောင်းလှသည်။

နောက်ဆုံး မြွေအရေခွံလဲလိုက်သလို ထိုမိန်းခလေး ဝေဒနာကျွတ်သွားသည့်အခါတွင် ကုဋ္ဌ နူနာနှင့် ပတ်သက်၍ အသည်းစွဲအောင်မှတ်သားမိသည့်အချက်ကား စိန်၊ ကန့်၊ ဟင်းရိုင်း၊ ပြဒါး၊ ရွှေငွေပုလဲ စသည့် ဤအနာနှင့် သက်ဆိုင်သည့်ဓာတ်များကို ကျွေးသည့်အခါ မကျွမ်းကျင်လျှင် ရောဂါကို သူက စားသွားတတ်ပြီး ကျွမ်းကျင်လျှင် သူ့ကိုရောဂါက စားလေ ပုံဖြစ်သည်။ အချို့ဆေးကုမှ ပိုဆိုးသွားရခြင်းတို့မှာ ဓာတ်မနိုင် ဓာတ်မသိ၍ အရိုးခိုက်အောင် တစ်ကိုယ်လုံး ပြန့်နှံ့သွားကုန်ခြင်းဖြစ်ပေသည်။ လူထဲမဝင်နိုင်သည့် ဘဝဆုံးနေသူကို လူထဲဝင်နိုင်အောင် ပို့ပြီးသည့်နောက်တွင် ကျွန်မအဖို့ ကုဋ္ဌနူနာသည်မြင်လျှင် ဘယ်လိုများ ကုပေးချင်မှန်းမသိ။ သူ့အနာယူပစ်ချင်၍ စိတ်ထဲမှာ မရိုးမရွအထိဖြစ်ခဲ့ဖူးသည်။ ထိုကဲ့သို့ ကုဋ္ဌနူနာနှင့်ပတ်သက်၍ စိတ်ဝင်စားရသည့်အထဲ ကျွန်မအား အထူးစိတ်ထိခိုက်၊ စိတ်ဝင်စား လောက်အောင် ဖန်တီးလိုက်သည့်အကြောင်းမှာ…
ကျွန်မ၏မောင် တင်ဝင်းခေါ် မောင်အငယ်ဆုံးတစ်ယောက်ရှိသည်။ ကျွန်မ၏ သတင်းစာ တိုက်တွင် ဓာတ်ပုံသတင်းထောက်လုပ်နေကာ လူငယ်ဘာဝ ဖြုန်းလွန်း၊ သုံးလွန်း၊ ပေလွန်း၊ တေလွန်း၍ သူ့ဒါဏ်ကို မခံနိုင်သဖြင့် နောင်ကျဉ်စေရန် သူနှင့်ဝေးဝေး နေလိုက်၏။ ကျွန်မနှင့် ဝေးရာ၊ ကွယ်ရာတွင် နေချင်ရာနေ၊ သွားချင်ရာသွား၊ တေပေနေရင်းလူငယ်ရောဂါစွဲကပ်ကာ သူ့ဟာသူ ဆရာဝန်နှင့်ကြိတ်၍ ဆေးထိုးနေသည်။ ဆေးအလုံးပေါင်း မရေနိုင်လောက်အောင် ထိုးပြီးနောက် ရောဂါမှာသက်သာမသွားဘဲ ရုပ်ပျက်၊ ဆင်းပျက်ဖြစ်အောင်အထိ အခြေအနေ ဆိုးသွားသည်။ နောက်ဆုံး လူထဲမဝင်နိုင်လောက်အောင် လူရုပ်ပျက်သွားသည့်ဘဝ ရောက်မှပင် သူနှင့်ကျွန်မ ပြန်တွေ့ကြသည်။ သူ့ကိုမြင်တာနှင့် သူမှန်းမသိအောင် အလွန်အမင်း ရုပ်ဆင်းပျက်နေပုံကို ကု၍ရပါ့တော့မလားဟု စိတ်ထိခိုက်သွားသည်။ ပန်းဆိုးတန်းရှိ ဂျာနယ်ကျော်အလုပ်ခန်းကို ပုံနှိပ်တိုက်ထားသော လမ်းလေးဆယ် အယ်ဒီတာ များအခန်းသို့ ပြောင်းရွှေ့ရကာ သူ့အားကိုင်တွယ်ပေးမည့် ကုလားတစ်ယောက်ထားလျက် အလုပ်ခန်းထဲတွင် သူ့ကိုထည့်၍ သော့ပိတ်ရလေတော့သည်။ အိမ်ရှိလူများမှာ သူ့ကို ဘယ်သူမှမကြည့်ဝံ့ကြ။ သူ့အနားသို့ ဘယ်သူမှလည်း မသွားလိုကြတော့ပေ။ ကုဋ္ဌနူနာစွဲကပ်၍ တစ်ကိုယ်လုံးအသားများပွလျက် အဖုအထွတ် အသီးကြီးတွေ ပိန်းဖူးထနေပြီးနောက် အရည်တွေရွှဲကျနေသော အနူတစ်ယောက်နှင့်မခြား သူ့မှာလည်း မည်သူမှသူ့ကို စေ့စေ့မကြည့်ရဲစရာ ဖြစ်ပျက်နေလေသည်။ အကြောအခြင်ဆိုင်းကုန်လျက် ခြေလက်များ ကုပ်လာကာ မမြင်ဝံ့၊ မရှုဝံ့ ဘဝဆုံးနေသည့်အဖြစ်ကို ယူကြုံးမရဖြစ်ရင်း သည်ဝေဒနာ အမြစ်ပြတ် လုံးဝပျောက်ကင်း ချမ်းသာရာရလေအောင် သုံးလတိုင်တိုင် မအိပ်မနေ အားတိုက်ခွန်တိုက် လုံးပမ်းအားထုတ် ကုသပေးခဲ့ရသည်။ သည်ရောဂါမျိုး သည်ဆေးနှင့်ဟု ပုံသေကာချ ကုထုံးနည်းသညာ ကုနည်းမျိုးမဟုတ်ဘဲ ပညာဖြင့်ကုသနေခြင်း ဖြစ်သဖြင့် လူမမာမှာ ထူးခြားသော ကုထုံးကုနည်းကို စိတ်ဝင်စားလာ၏။

တစ်နေ့တစ်ခြား ရောဂါစင်လာခြင်းကို ကိုယ်တိုင်သိ၊ ကိုယ်တိုင်သက်သေအဖြစ်နှင့် ဆေးကု ရင်း ပညာကိုလေ့လာဆည်းပူးလိုစိတ် ပေါက်လာလေသည်။ “ကျွန်တော် လူကောင်းပကတိ ဖြစ်သွားရင် ဒီပညာကိုမတတ်တတ်အောင်သင်မယ်၊ ဘဝဆုံးနေတဲ့ လူတွေကိုဘဝမဆုံးအောင် ကျွန်တော်ကယ်တင်မယ်” ဟု တဖွဖွ တတွတ်တွတ် ပြောလေသည်။
သူပြောသည့်အတိုင်းပင် သူ့ရောဂါ လုံးဝကင်းစင်ချမ်းသာသွားပြီးနောက် ကျွန်မနှင့် မနေ တော့ဘဲ ဆရာကြီိးထံတွင် တပည့်ခံလျက် ဆရာကြီးအိမ်သို့ ပြောင်းရွှေ့နေလေ၏။ လူကောင်း ပကတိဖြစ်သွားပြီးနောက် အမေရိကန်သံရုံးတွင် ဓာတ်ပုံဌာနဘက်၌ အလုပ်ဝင် လုပ်ကာ ဆရာကြီးထံတွင်ပညာကို နေ့ညမပြတ် ဆည်းပူးလေ့လာ သင်ကြားနေတော့သည်။ သမ္မတ အိမ်တော်၊ သံရုံးဧည့်ခံပွဲ စသည့် မင်းပိုင်းစိုးပိုင်း ပွဲလန်းအလည်တွင် ဓာတ်ပုံကင်မရာကို ပခုံး၌လွယ်လျက် အရေးပါအရာရောက်သော ပုဂ္ဂိုလ်များကို ဓာတ်ပုံတဖျပ်ဖျပ် လိုက်ရိုက် နေစဉ် ကျွန်မမှာ အဝေးမှသူ့ကို တစိမ့်စိမ့်လှမ်းကြည့်နေရင်း “သည်ပညာ ကျွန်မသင်မိပေလို့ တော်ပါသေးရဲ့” ဟု ဟင်းချမိတော့သည်။
ပညာ အတော်အသင့်ဆည်းပူးမိလျှင် တစ်နေ့အိမ်သို့ သူပေါက်လာသည်။ ကျွန်မကို မြင်မြင်ခြင်း “ကျွန်တော်အလုပ်ကထွက်တော့မယ်” ဟုပြောလေသည်။ “ဘာလို့ထွက်မလဲ.. မင်းလခ ငါးရာလောက်ရတယ်မဟုတ်လား၊ ဘယ်ပြောင်းဦးမလို့လဲ” ဟု ကျွန်မက ပြန်မေး လိုက်သည်။ “ကျွန်တော် ဘယ်မှပြောင်းမလို့မဟုတ်ဘူး၊ မန္တလေးသွားပြီိး ဆေးတိုက်ဖွင့် ဆေးကုတော့မယ်” ကျွန်မမှာ ဟေ ဟုသာဆိုလိုက်နိုင်သည်။ သူကားအလုပ်ကို စွန့်လွှတ်ကာ မန္တလေးတရုတ်တန်းတွင် ဆေးတိုက်ဖွင်လျက် “ဆရာ မောင်တင်ဝင်း” လုပ်နေချေပြီ။ ကုဋ္ဌ နူနာရောဂါသည်များအတွက် အဝေးမှလှမ်းကုသနေ၍ မြန်မြန်ပျောက်နိုင်ဖို့ ခက်သည်။ မျက်စိ အောက်တွင် ကြပ်မတ်ကုသပေးနိုင်မှသာလျှင် မြန်မြန်ပျောက်ကင်း နိုင်ပေသည်။ ကုဋ္ဌနူနာ ရောဂါသည်များ၏ စာများကို တစ်စောင်ပြီးတစ်စောင် ဖတ်လိုက်ပြီးနောက် သူတို့အတွက် စိတ်အိုက်မိသည်။ ကျွန်မကိုယ်တိုင်လည်း သွားရောက် မကုပေးနိုင်၊ အဝေးမှ ဓာတ်စာဆေးဝါး ပေး၍လည်းမဖြစ်။
သည်ပြဿနာကို မဖြေရှင်းနိုင်အောင် ဖြစ်မိသည်။ ထို့ကြောင့် ထိုစာများကိုထား၍ လေငန်း ရောဂါသည်များ၏ စာတွေကိုတစ်စောင်ပြီးတစ်စောင် လိုက်ရှာဖတ်မိပြန်၏။ ကိုယ်တစ်ပိုင်း သေသောသူ၊ ခြေတစ်ဖက်၊ လက်တစ်ဖက်သေသောသူ ထိုလူနာတွေအားလည်း မေတ္တာ အထူးထားမိ၏။ ရိုးရိုးဝေဒနာရှင်မျာထက် ရှင်လျက်နှင့်သေနေရသည့် ဘဝဆိုးကို ခံစားရမှပင် မချင့်မရဲဖြစ်စရာကောင်းမှန်း သိနိုင်ကြမည်ဖြစ်၏။ ထိုဝေဒနာမျိုးမှာလည်း ဖြစ်စ မရင့်ခင် သာလျှင် အဝေးမှဓာတ်စာဆေးဝါးပို့ကာ နည်းညွှန်ပြသနိုင်သည်။ ရက်ကြာ၍ ရင့်နေပါက၊ အထူးသဖြင့် အသက်အရွယ်ကြီးရင့်နေပါက ကိုယ်တိုင် မျက်မြင်အနားမှာနေကာ ကြပ်မတ် ကုသပေးမှသာ မြန်မြန်ပျောက်ကင်းနိုင်မည်။

လေငန်းရောဂါကို ကုသည့်အခါတွင် တစ်ထုံးတည်း၊ တစ်နည်းတည်း၊ တစ်ဆေးတည်း ကု၍မရချေ။ သူနှင့်တည့်တာကို အဓိကထားရသည်။ အချို့ ရေစိမ်ကုခဲ့ရသည်။ အချို့ ဒါန်းလွှဲ ကုခဲ့ရသည်။အချို့ မြေဓာတ်ပေး၍ မြေဖို့ကုခဲ့ရသည်။ လိမ်းဆေးသောက်ဆေးများပင်လျှင် တစ်ယောက်နှင့်တစ်ယောက် မတူကြ။ သေနေသည့်လက်တစ်ဖက် လှုပ်နိုင်၊ မြှောက်နိုင်သွား အောင်သော်လည်းကောင်း၊ စန့်နေသည့်ခြေထောက် ထောက်နိုင် လျှောက်နိုင်သွားအောင် သော်လည်းကောင်း ပြုလုပ်ပေးရသည်လောက် စိတ်ကြည်နူးစရာကောင်းသည်မရှိ။ အသက် သွင်းပေးသလို လှုပ်လာ၍ စိတ်ဝင်စားပုံမှာလည်း ရိုးရိုးရောဂါမျိုးနှင့်မတူချေ။
ကျွန်မလည်းလေငန်းရောဂါသည်များ၏ စာများကို တစ်စောင်ပြီးတစ်စောင် ဖတ်ရှုရင်း လွန်ခဲ့ သည့်နှစ်နှစ်လောက်က လေငန်းနှင့်ကျွန်မ နပန်းလုံးခဲ့ရဖူးသော ထုံးတစ်ထုံးကို သွားအမှတ် ရမိသည်။
ကျွန်မခင်ပွန်းဆုံးပြီး၍ ငါးနှစ်မြောက်ချိန်ဖြစ်သည်။ ကွယ်လွန်သွားသည့် လက စ၍ လစဉ် လတိုင်း လဆန်းနှစ်ရက်နေ့တွင် ဘုန်းတော်ကြီးများနှင့် ဆွမ်းသွပ်သည့် ဝတ်တခုပြုထားခဲ့ရာ ငါးနှစ်ပြည့် အကြိမ်ခြောက်ဆယ်မြောက် ဆွမ်းသွပ်တွင် သူ့မိတ်ဆွေသင်္ဂဟ အပေါင်းတို့ကိုပါ ဖိတ်ခေါ်၍ ဆွမ်းကျွေးသည့်အလျှူကို ပြုချင်လာသည်။ လစဉ်လတိုင်းလိုလို သံဃာတော်များ သာမဟုတ်ဘဲ ငါးနှစ်ပြည့်မြောက် အထိမ်းအမှတ်အဖြစ် သူ့မိတ်ဆွေများပါ လူတရာခန့် ဖိတ်လိုက်သည်။ ကျွန်မအိမ်တွင် လူတစ်ရာခန့်ထမင်းကျွေးရန် ကျွန်မနှင့် မိန်းကလေး တစ်ယောက်သာရှိသည်။ မချက်ပြုတ်နိုင်ကြသဖြင့် ဆွမ်းအတွက်ရော လူအတွက်ပါ ဆန်း ကာဖေးသို့ လွှဲအပ်ရန် ဆန်းကာဖေး တိုက်သို့ သွားလေသည်။ “ လက်ခံထားတဲ့ အလျှူတွေက ဒီရက်မှာဆုံနေလို့ လက်မခံနိုင်ပါဘူး” ဟု ဆန်းဦးထွန်းရင်၏ အစ်ကိုက ပြောလိုက်ရာ လူတွေကို ဖိတ်စာကမ်းပြီးသဖြင့် မကြံတတ်အောင် ဖြစ်သွားသည်။ “ လက်မခံနိုင်ရင်တော့ အခက်ပဲ ဦးရယ်၊ အားလုံးလည်း ဖိတ်ပြီးပြီ၊ ရက်ကကပ်နေပြီ၊ ဒီ့ပြင် ဘယ်များ သွားအပ်ရမလဲရှင်”
“ ဒါဖြင့် ဒီလိုလုပ်၊ ခင်ဗျား အနောက်ပိုင်းကိုသွား၊ ရန်ကုန် သတင်းစာတိုက်နားမှာ လက်ဖက်ရည်ဆိုင် တဆိုင်ရှိတယ်၊ အဲ့ဒီဆိုင်မှာ လူဝဝကြီးတစ်ယောက်ကို တွေ့လိမ့်မယ်၊ သူ့ကိုအကုန်လွှဲလိုက်၊ သူတာဝန်ယူချက်ပေးလိမ့်မယ်၊ စားပွဲ၊ ကုလားထိုင်၊ ပန်းကန်တော့ တခြားမှာသက်သက်ငှားယူပေါ့၊ ကျွန်တော်တို့လည်း တစ်ခါတစ်လေ ဒီမှာမနိုင်ရင် သူ့ဆီမှာအပ်ပြီး ချက်ခိုင်းရတယ်။ အချက်အပြုတ် မညံ့ဘူး”
ဆန်းကာဖေး ညွန်လိုက်သည့်အတိုင်း လူဝဝကြီးကို သွားရှာရသည်။ လက်ဖက်ရည်ဆိုင်နားသို့ မရောက်ခင်ကပင် ဆိုင်ထဲတွင်ထိုင်နေသော ပုပု၊ မည်းမည်း၊ ဝဝ ကြီးကို အဝေးက လှမ်းမြင်ရသည်။ လူဝဝကြီးဟု ပြောလိုက်သည့်အတိုင်းပင် ဝ လိုက်ပုံမှာ စည်ပိုင်းကြီး တည်ထားသကဲ့သို့ မြင်မကောင်း၊ ရှုမကောင်းအောင် ဝပေ၏။ ခေါင်းကသေးသေးနှင့် ခန္တာကိုယ်ကြီးမှာ ပုပ်ကြီးအတိုင်းပင်၊ သူ့ကိုယ်သူမှ နိုင်ပါလေရဲ့လားဟု အောက်မေ့မိသည်။
ဆိုင်ထဲတွင် အသက်ငါးဆယ်ခန့်ရှိမည့် မိန်းမပိန်ပိန်တယောက်နှင့် လူဝဝကြီးသာ ရှိလေသည်။ “ဆန်း” ကညွန်လိုက်သည့်အကြောင်းပြောပြကာ လူတစ်ရာ ထမင်းကျွေးရန်အတွက် တာဝန်ယူ ချက်ပြုတ်ပေးနိုင်မည်လားဟု မေးကြည့်သည်။
“ ချက်ပေးတာပေါ့၊ ဒီိလိုချက်လေ၊ ထောပတ်ထမင်းရယ်၊ ဆိတ်သားဟင်း၊ ကြက်သားဟင်း၊ ချဉ်ပေါင်ရွက်ဟင်းချို၊ လက်သုပ်တစ်ခွက်၊ ငါးပိကျော်လည်းပါမယ်၊ လူတစ်ယောက်အတွက် အပြီးအငြိမ်း ၃ ကျပ်ပဲ၊ မလျှော့ဘူး၊ ကျွန်တော့လက်ရာ ကောင်းမကောင်း နောက်တော့ ကြည့်လေ…”
စကားကိုသွယ်ဝိုက်ပြောမနေဘဲ လိုရင်းကိစ္စ ခပ်တိုတို ပြတ်ပြတ်ပင်ပြောသည်။
“ ဦးပြောတဲ့အတိုင်း ကျွန်မပေးပါ့မယ်၊ ချက်တော့ဘယ်မှာ ချက်မှာလဲ”
“ မနက်ဘက်ကို ဈေးဝယ်ပြီး ညနေသုံးနာရီလောက် ဒီကကျွန်တော့မိန်းမရယ်၊ ကျွန်တော်ရယ်၊ ကျွန်တော့သားရယ် လာခဲ့မယ်၊ ဟိုရောက်မှ တညလုံးချက်ရမှာ ကျွန်တော်တို့ အိုးခွက်နဲ့အစုံ ထင်းပါမကျန် ယူလာမယ်။ ခင်ဗျားတို့ နေရာပေးရုံပဲ”
ကျွန်မ စရံငွေပေးလိုက်ကာ ကိစ္စအေးသွားခြင်းကို ရင်ထဲတွင် ပေါ့သွားလေသည်။ ချိန်းသည့်နေ့ သုံးနာရီလောက်တွင် လော်ရီကားကြီးပေါ်၌ အိုးခွက်ပစ္စည်းများတင်ကာ သားအမိသားအဖသုံးယောက် ပေါက်လာကြသည်။ အိမ်နောက်ဖေး ရေတွင်းအနီးရှိ မြေပေါ်၌ အိုးခွက်တွေချလျက် မီးဖိုကာ ချက်ပြုတ်ဖို့ စီစဉ်ကြလေသည်။ သူတို့လည်း အလုပ်ရှုပ်နေ ကြသည်။ ကျွန်မမှာလည်း အိမ်ထဲတွင် စားပွဲကုလားထိုင်များ ခင်းကျင်းလျက် အလုပ်များနေ လေသည်။ အချိန်ကုန်မှန်းမသိ ကုန်၍သွားသည်။ သူတို့ချက်နေကြသည့်နေရာတွင် သရက်ပင်ကိုင်း၌ သွယ်ထွန်းပေးထားသော ဓာတ်မီးရောင်မှာ ထိန်လင်းနေ၏။ မီးရောင် အောက်တွင် လူဝဝကြီး၏ဇနီး ပိန်ပိန် အဒေါ်ကြီးက စားပွဲခုံ၌ ကြက်သွန်ထိုင်လှီးနေလေ၏။ လူဝဝကြီးကား ပုဆိုးတစ်ထည်ကို ခေါင်းတွင်ပေါင်းလျက် ၊ အင်္ကျီမရှိ၊ ကိုယ်တုံးလုံးကြီးနှင့် ဖိုပေါ်ရှိဟင်းအိုးကို ယောက်မကြီးနှင့် မတ်တတ်ရပ်မွှေပေးနေသည်။ အသက်အစိတ်ခန့်ရှိမည့် သားမှာ ရေတွင်းတွင် ဂေါ်ဖီထုပ်များကို ဆေးကြောနေသည်။
“ဦးကြီး တော်တော်ပြီးပြီလား” ဟု ကျွန်မက မီးဖိုပေါက်က လှမ်းမေးလိုက်သည်။
“ ဘယ် အပြီးချက်ထားလို့ ဖြစ်မလဲ.. အခု အသားတွေကို ငရုတ်သီးနဲ့ ဆီနဲ့ လုံးရုံလုံးထားရမယ်။ ညနှစ်နာရီလောက်မှထပြီး ထမင်းရော၊ ဟင်းတွေရော အားလုံးချက်ရမှာ”
တစ်ကိုယ်လုံးမှာရေချိုးထားသကဲ့သို့ ချွေးလုံးချွေးပေါက်တို့သည် တပြိုက်ပြိုက်ယိုစီးကျလျက် ရှိနေ၏။ မီးခိုး၍ မျက်စိမပွင့်တပွင့်နှင့် ကိုယ်ရှေ့တွင်စူထွက်နေသည့် ဝမ်းဗိုက်ကြီးကို ယောက်မနှင့်လွတ်အောင် ခဲခဲယဉ်းယဉ်း မွှေနေရင်းမှ အော်၍ပြောနေသည်။ သူ့ခန္ဓာနှင့် သူ့အလုပ်ကို မြင်ရသည်မှာ မသက်သာ၍ “ဝလိုက်တာကလဲ ဒုက္ခပဲ” ဟု စိတ်ကညည်းဆိုရင်း အိမ်ထဲသို့ ပြန်ဝင်ခဲ့သည်။ နံနက် ဘုန်းကြီးများအတွက်နှင့် ဧည့်သည်များအတွက် အပေါ်ထပ်၊ အောက်ထပ်၊ နေရာထိုင်ခင်း၊ ပန်းကန်ခွက်ယောက် အဆင်သင့်ပြင်ဆင်နေသည်မှာ ည ဆယ့်နှစ်နာရီလောက်မှပင် ပြီးစီးသွားသည်။
“ဦးကြီးတို့လဲ အိမ်ထဲဝင်အိပ်ကြနော်” ဟု ကျွန်မက ပြတင်းပေါက်မ လှမ်းအော်ပြေလိုက်သည်။ လူဝဝကြီးက အတော်ပင်ပန်းသွားပုံရသည်။ မီးဖှိုနှင့်မနီးမဝေး မြေပေါ်တွင် ဖျာတစ်ချပ် ခင်းလျက် ပက်လက်စန့်နေရာ ဗိုက်ကွယ်နေ၍ သူ့ခြေထောက်ကို သူ မြင်ချင်မှမြင်ရပေမည်။
“ အိမ်ထဲမှာလဲ မအိပ်နိုင်ဘူး၊ ဒီကကောင်းတယ်၊ လေတိုက်တယ်၊ အိပ်လဲမအိပ်နိုင်ပါဘူးဗျာ ခဏလှဲတာပါ၊ ည နှစ်နာရီလောက်စချက်မှ မနက်မီမှာ….”
တစ်နေ့လုံးစိတ်မော ကိုယ်မောသွားပြီး ညောင်းလာ၍ ကျွန်မလည်းအိမ်ပေါ်သို့တက်သွားကာ ခင်းထားသောကော်ဇောတွေပေါ်တွင် အညောင်းဆန့်ရန် လှဲချလိုက်သည်။
မျက်စိမှေးလာ၍ မျက်လုံးများကို မှိတ်လိုက်တာနှင့် ငါးနှစ်ရှိပါပကောဟု သွားလေသူကို သတိရမိသည်။ သွားလေသူအကြောင်းကို တွေးနေရာမှ နက်ဖြန်လာမည့်ပရိတ်သတ်များကို ဆက်တွေးနေပြန်သည်။ ပရိတ်သတ်များအနက် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ “ အေး.. အေး၊ လာမှာပေါ့ကွယ်” ဟုပြောပြီး သွားလေသူအား သတိတရပြောလိုက်သောစကားတို့သည် နားထဲတွင် တစိမ့်စိမ့်ဝင်နေသည်။
ဟွန်းသံ သဲ့ကနဲတစ်ချက်ကြားလိုက်ရသည်။ မျက်လုံးအစုံကို ဆတ်ကနဲဖွင့်လိုက်ကာ ကပျာကယာ လူးလဲထလျက် ပြတင်းပေါက်သို့ ပြေးကြည့်သည်။ ကားနောက်ပိုင်း၏ မီးနီကလေးကို ရိပ်ကနဲသာ မြင်လိုက်ရသည်။
“ အာရုဏ်တက်မှ ဘုန်းကြီးတွေ သွားပင့်ရမှာ၊ ဘယ့်နှယ် ကားကအစောကြီးသွားရတာလဲ” ဟုစဉ်းစာရင်း လှေကားထိပ်မှ “ ကားဘယ်သွားတာလဲ” ဟု အောက်ထပ်၌ မနက်ဆွမ်း အတွက် ညဘက်က ကြိုတင်လာအိပ်နေသော တူကလေးမောင်စိုးလွင်ကို အော်မေးလိုက် သည်။
“ ထမင်းချက်တဲ့လူကြီး တက်နေလို့ ဆရာသွားပင့်တာ”
ကျွန်မလဲ လှေကားမှပြေးဆင်းကာ နောက်ဖေးသို့ပြေးဝင်သွားပါသည်။ မြေပေါ်၌ ပက်လက် လှန်နေသော လူဝဝကြီးပေါ်တွင် သားရော၊ မယားရော မက မနက်အလှူအတွက် ညဦးကရောက်လာကြသော ဦးလေးရော တက်နင်းနေကြ၏။ “ဘယ်လိုဖြစ်တာလဲ” ဟု ပြောပြောဆိုဆို မျက်နှာကိုငုံ့ကြည့်လိုက်ရာ တမျက်နှာလုံးရွဲ့နေလျက် ပါးစပ်မှထွက်နေသော လျှာကို သွားနှင့် သူ့ဟာသူ ကြိတ်ကိုက်ထားသည်။
“ ဗိုင်းကနဲ လန်ပြီး တက်တော့တာပဲ၊ ရမှရပါ့ဦးမလား၊ လုပ်ကြပါဦး၊ ဆရာတော့သွားပင့်နေပြီ”
အဒေါ်ကြီးက စိုးရိမ်စွာဖြင့်ပြောရာတွင် ငိုသံပါနေလေသည်။ မြင်ရပုံအခြေမလှ၍ ကျွန်မ တစ်ကိုယ်လုံး ပူထူသွားလေသည်။ အခြေအနေမှာ ကမန်းကတန်းကြီးဖြစ်နေပြီဖြစ်၍ ချက်ချင်း သေလျှင်လည်းသေ၊ မသေလျှင်လည်း လေဖြတ်တော့ပေမည်။
“ ဒီအပြင်ဘက် ဒီလောက်လေတိုက်ကြီးထဲမှာ မဖြစ်ဘူး၊ သေမယ်၊ ရွှေ့မှ… ရွှေ့မှ…” ရင်ထဲတွင် ထိတ်လျက် ကမူးရှူးထိုးနှင့် ကိုယ်တိုင်ပွေ့ယူတော့မလိုပင် ပြေလိုက်သည်။ သူ့ခန္ဓာကိုယ်ကြီးကို အထဲသို့ရွှေ့ဖို့ရာမှာ မလွယ်လှချေ။
“ ရွှေ့ကြပါ… ရွှေ့ကြပါ..၊ အိမ်ထဲမရောက်တောင် မီးဖိုထဲရောက်ရင်တော်ပြီ၊ ကိုင်း…ကိုင်း”
အသက်မရှူနိုင်ပဲ ဇွတ်အတင်းသာ ကျွန်မပြောရသည်။ ရေတွင်းနားမှ မီးဖိုထဲသို့ ဟီးတိုက်၍ ဘယ်ပုံဘယ်နည်း ရွှေ့ယူကြရသည်ကို စာနှင့်ရေးသားဖော်မပြဘဲ၊ ဓာတ်ပုံရိုက်၍သာ ပြဖို့ကောင်းတော့သည်။
မီးဖိုထဲရောက်လာသောအခါ တစ်တောင်တော့ကျော်ပြီဟု အောက်မေ့လိုက်ကာ ထိတ်မွှန်ပျနေသဖြင့် အနာနှင့်တည့်မည့် အထက်ဆုံးလက်နက်ကို အလွယ်ဆုံးလည်း ဖြစ်အောင် ဖုတ်ပူမီးတိုက် စဉ်းစားရသည်မှာ ခေါင်းကို ပူခြောက်သွားသည်။ ဥဒေါင်း စင်ရော် ကြင်ဖော် လင်းသက်ဟူသည့် ဆေးပညာက ပေးထားသည့်လက်နက်နှင့် တိုက်မှဖြစ်မည်။ ကျွန်မတွင် ဆေးမရှိ။
ဆေးလည်းဆောင်မထား။ မီးဖိုထဲတွင်ရှိသည့် ပစ္စည်းများမှလွဲ၍ သူ့အတွက် အခြားကိုးကွယ် အားထားစရာမရှိတော့ပေ။ ကမန်းကတန်း အလောသုံးဆယ်ဖြစ်နေသော ဝေဒနာကိုတိုက်ရန် ပညာအရ ရှာဖွေကိုင်စွဲရမည့် လက်နက်များမှာ
၁။ ငရုတ်သီးတစ်တောင့်၊
၂။ ရှောက်သီးသကြား၊
၃။ ရေနံ
ကျွန်မငယ်ရွယ်စဉ်က “ဆရာဆိုတာ ကိုင်မိတာ ဆေးဖြစ်ရတယ်” ဟု ကြားဖူးနားဝ ရှိဖူးသည်။ သည်စကားမှာ လူတိုင်းပါးစပ်ဖျားတွင် ထွန်းကားသော စကားတစ်ရပ်လည်းဖြစ်သည်။ ထိုစဉ်က ဆရာ့လက်နှင့်ကိုင်လိုက်ရင် ဆေးဖြစ်သွားတာကိုပြောတာလားဟု သည်လိုဘဲ ထင်မှတ်မိခဲ့သည်။
ဆေးပညာကိုသင်ယူလိုက်စားမှပင် ဆရာဆိုတာ အမှုန့်၊ အရည်၊ ဆေးရှိမှ ဆရာမဟုတ်ဘဲ တည့်တာ မတည့်တာကို ပိုင်းခြားနားလည်ပြီးကိုင်တတ်ရင် ဘယ်အရာဝတ္ထုကိုမဆို ဆေးပဲဟု နားလည်သွားသည်။
ကိုင်ကတည်းက ကိုင်သည့်အရာဝတ္ထုမှာ ဆေးဖက်အသုံးဝင်တာကို ကိုင်သည့် အဓိပ္ပာယ် သဘောပေါက်တော့သည်။
လူနာမီးဖိုထဲရောက်လျှင်ပင် ကြောက်လန့်ဖွယ်ရာ ရုပ်ဆင်းပျက်လာသည်။ “ ဖယ်.. ဖယ်၊ အားလုံးဖယ်ကြ” ဟု လူတွေကို ရှဲလိုက်ပြီးနောက် ငရုတ်သီးတောင့်ကို ရေစည်ပိုင်းထဲသို့ လှမ်းနှစ်လိုက်ကာ လက်နှင့်ဖျစ်၍ အရည်ရလျှင် မျက်ခွံကို တွန်းမကာ မျက်စိထဲသို့ ငရုတ်သီး ရည်များ ညှစ်ချလိုက်သည်။ မျက်စိထဲ ငရုတ်သီးရည်ဝင်သည်နှင့် တစ်ပြိုင်နက် သူ့သွားနှင့် တအားကိုက်ထားသော သူ့လျှာကိုလွှတ်လိုက်လေသည်။ တစ်ကိုယ်လုံး ရေခဲတုံးကြီးကဲ့သို့ အေးစက်၍တောင့်နေသည်။ မီးခဲထဲတွင် ရေနံထည့်၍ အခိုးများ နှာခေါင်းထဲသို့ လုံးဝင်အောင် မှိုင်းတိုက်ပေးရလေသည်။ ကျွန်မအဖို့ အသက်မရှူရဲလောက်အောင် တထိတ်ထိတ် တဖိုဖို ဖြစ်ခဲ့ရသော ညဖြစ်သည်။ သူ့အတွက်စိုးရိမ်ရသည်မှာ မပြောဖွယ်နိုင်။ အကယ်၍ တစ်စုံတစ်ခုဖြစ်သွားပါက မနက်ကျလျှင် သည်အိမ်မှာ အသုဘအိမ် မုချဖြစ်ရတော့မည်။ အသက်မပျောက်သည့်တိုင် ဝေဒနာမသက်သာဘူးဆိုပါက အရုဏ်တက်ကြွလာမည့် ကိုယ်တော်များအား ကန်တော့ဆွမ်းပါ ဘုရားဟု လုပ်ရပြီးလျှင် မိုးလင်းရောက်လာကြမည့် ပရိတ်သတ်ကို ဘယ်လိုမျက်နှာပြရမည် မသိတော့ပေ။
ညဦးက ငရုတ်သီးနှင့် ဆီသာလုံးထားသည့် ဆိတ်သား၊ ကြက်သား ဟင်းအိုးနှစ်အိုးသာ ရှိသည်။ ထောပတ်ထမင်းလည်း မချက်ရသေး၊ အခြားဟင်းရန်များလည်း မကိုင်ရသေး။ အဖက်ဖက်ဆုံ၍ စိုးရိမ်ထိတ်လန့် ဗျာပါဒများနေရသည့်ကြားထဲ ဘယ်နေရာက ခေါက်လိုက် မှန်းမသိ၊ နာရီသံချောင်း နှစ်ချက်ခေါက်သံကြားရသဖြင့် ခေါင်းကိုခေါက်လိုက်သလားပင် မှတ်ထင်လိုက်ရသည်။
လူနာဘေးတွင်ကပ်ထိုင်လျက် ပါးစပ်ကိုအတင်းဖွင့်၍ ပါးစပ်ထဲသို့ဝင်အောင် ရှောက်ရည်နှင့် သကြားဖော်ထားသည့် အရည်ကို မရပ်မနား အစက်ချပေးနေရသည်
ထိုအချိန်၌ လူမမာကလွဲ၍ အခြားဘာကိုမှ လှည့်မကြည့်တော့။ အိမ်ကကားနှင့်ပင့်လာသော သူတို့ဆရာကို လှည့်၍မျှပင်မကြည့်အားနိုင်ဘဲ ဆရာအနားရောက်လာသံ ကြားကြားခြင်း
“ ဆရာ့ကို ပြန်ပို့လိုက်ပါ၊ ဒီမှာကျွန်မ ကုနေပြီ၊ ကိစ္စမရှိဘူး၊ အခုသက်သာသွားမယ်” ဟုပြောလိုက်ရာ အဒေါ်ကြီးက ကျွန်မနားနားကပ်၍ “ တူမရယ် သက်သာပါ့မလား၊ ဖြစ်ပါ့မလား” ဟု တုန်တုန်ယင်ယင် မေးနေပြန်ချေသည်။ “ အို.. ပျောက်မယ်စိတ်ချ၊ အခုပျောက်မှာ”
လူမမာမှာ အလျှဉ်းသတိမရသေးပေ။ ကိုယ်တွေ လက်တွေမှ လှုပ်နိုင်ပါတော့မလားဟု စိတ်မချနိုင်သဖြင့် လက်ကိုခဏခဏဆုပ်ကိုင်ကာ ကြည့်မိသည်။ ကားထွက်သွားသံ ကြားရမှ ဆရာတော့ပြန်ပြီဟု သတိပြုမိသည်။ လူနာအား မည်မျှအာရုံစိုက် လုံးပမ်းရခြင်း၊ လေငန်းနှင့် ကျွန်မစွန့်စွန့်စားစား ဘယ်လိုနပမ်းလုံးနေရခြင်းမှာ အနားကသူများ သိချင်မှ သိပေမည်။ အရှိန်နှင့်ပြေးနေသော ကားနောက်သို့ ကျွန်မအမီိပြေးလိုက်နေရသလို မောဟိုက်ပင်ပန်း လှချေသည်။ ကျွန်မဘက်သို့ပါလာလိုက်၊ သူ့ဘက်သို့ပါသွားလိုက်နှင့် လေငန်းနှင့် ကျွန်မမှာ သူတစ်ပြန် ငါတစ်ပြန်ဖြစ်နေကြသည်။ လူနာ၏အရိပ်အကဲကို တစ်စက္ကန့်မျှ အလစ်မပေးဘဲ မှန်ကြည့်သလိုကြည့်ကာ စိတ်ရှိလက်ရှိနောက်အောင် တိုက်နေ၏။
ကျွန်မသင်ယူထားသော ဆေးပညာဓာတ်သဘောကား ရေများရေနိုင်၊ မီးများမီးနိုင်ဖြစ်၍ ထက်မြက်သည့် ဓာတ်နှင့် ကျွန်မနိုင်အောင်လုပ်ဖို့သာ အဓိကဖြစ်ပေသည်။
“ တမလွန်ဘဝသို့ ပြောင်းသွားသော ခင်ပွန်းသည်အား၎င်း၊ ကိုယ်စောင့်နတ်…… အိမ်စောင့်နတ်….” ကျွန်မသည်တုန်ယင်သောလက်နှင့် မောင်းထောင်ခွက်ထဲသို့ ရေစက်သွန်း ချနေသည်။ ပန်းတေင်းဆရာတော်ကြီး တိုင်ပေးသည့်အတိုင်း နှုတ်မှရေစက်ချလိုက်ဆိုရင်း ကျွန်မ၏ ငါးနှစ်မြောက်အလှူ မပျက်မကွက် ထမြောက်အောင်မြင်သွားခြင်းအတွက် ရင်ထဲတွင်သိမ့်ခါလျက် နှစ်ခြိုက်အားရ ဖြစ်နေ၏။ အရုဏ်တက်သံဃာတော်များ စားကြသောဆွမ်းနှင့် ထိုနေ့နံနက်က ကြွလာကြသည့် မိတ်ဆွေပရိတ်သတ်အပေါင်းတို့ သုံးဆောင်သွားကြသော ထမင်းဟင်းလျာတို့သည် လူဝဝကြီး အချိန်မီထချက်ပေးသော ထမင်းဟင်းလျာများ ဖြစ်ပေသတည်း။
လေငန်းရောဂါစာများ ဖတ်ရှုပြီးနောက် အခြားရောဂါဝေဒနာသည်များ၏ စာများကို တစ်စောင်ပြီးတစ်စောင် ဖတ်နေပြန်သည်။ တစ်ဖိုင်တွဲလုံးပြီးသွားသောအခါ စာပုံကြီးကို ယနေ့စာပြန်တော့အံ့ဟု ဖိုင်တွဲကို မှောက်လိုက်လေသည်။ အောက်ဘက်အဆုံးတွင် ရောက်နေသော ရှေးဦိးစွာရောက်သည့်စာကစ၍ အစဉ်လိုက် တစ်စောင်ပြီးတစ်စောင် ပြန်စာရေးကြည့်သည်။ သူ၏ ဝေဒနာကိုချိန်ဆလျှက် ဓာတ်စာပေး၊ နည်းပေး ရေးသား ပြန်ကြားရမည်ဖြစ်သည်။ ထိုနေ့က ကျွန်မပြန်ကြားလိုက်သောစာများကို တစ်ဆယ့်ငါးစောင် လောက် ဆက်တိုက်ရေးသားပြီးသည့်အခါ လက်ညောင်းပြီး ဦးနှောက်ပူသွားတော့သည်။ နောက်ထပ်၍ ရေးရမည့်စာများမှာ တစ်ရာကျော်လောက် ပြန်ရမည်ဖြစ်နေသည်။ ကျန်စာများကို တစ်နေ့စီ နည်းနည်းရေးပြန်သွားမည်ဟု ထားလိုက်ရပြန်သည်။ ဤအတွင်း ဂန္ထဝင်အတွက် ပုံနှိပ်စက်ကြီးမှာ တိုက်ပေါ်သို့ရောက်လာချေသည်။ ပုံနှိပ်စက်ကြီးရောက်လာ၍ ဂျာနယ်ပြန်ထုတ်ရန် ဖြစ်လာပြန်သည်။ စာတွေပြန်ချိန်မရနိုင်သေးသည့်အတွင်း လူနာများမှာ နေ့စဉ်လာရောက်နေကြသည်က တစ်ဖက်၊ နောက်ထပ်လည်း စာတွေရောက်နေပြန်လေရာ တစ်နေ့ထက်တစ်နေ့ မို့နေသော ဖိုင်တွဲကြီးကိုကြည့်၍ ကျွန်မဘက်က ဝတ္တရားပျက်ကွက် ခြင်းကို ဘယ်လိုလုပ်ရပါ့မလဲဟု စိတ်မသက်မသာဖြစ်မိသည်။ ရပ်ဝေးရပ်နီးလူများအား ဓာတ်စာပေး၊ နည်းပေးရုံနှင့် မဖြစ်။ ဆေးဝါးပါရှိဖို့လိုသေး၍ ဆေးပြဿနာကလည်း ရှိသေးသည်။
နောက်ဆုံး ကျွန်မ၏အခြေအနေမှာ ဂျာနယ်ချည်း ထုတ်နေ၍မဖြစ်။ ဆေးတိုက်ဖွင့်၍ ဆေးလည်းကုမှ ဖြစ်တော့မည့်ပုံ ဖြစ်နေပေတော့သတည်း။

ဂျာနယ်ကျော်မမလေး၏ မြန်မာ့ဆေးပညာစာအုပ်မှ ကူးယူမျှဝေပါသည်။
မူရင်းပန်းချီပိုင်ရှင်မှာ သစ်နက်ဆူး ဖြစ်ပါသည်။

Sunday, December 21, 2008

တိုးတက်ခြင်း၏ နောက်ကွယ်မှာ....

ကျွန်မ ဒီအကြောင်းအရာကို ရေးဖို့ စဉ်းစားနေတာ တော်တော်လေးကြာနေပါပြီ။ ဒါပေမဲ့ အချိန်မရလို့ အခုမှရေးတင်လိုက်ရတာပါ။ တကယ်ဆို ကျွန်မ အခုရောက်ရှိနေတဲ့နေရာဟာ ကမ္ဘာမှာ ခေတ်မီတိုးတက်မှုအရှိဆုံးလို့ ပြောရမဲ့နိုင်ငံမှာပါ။ ရုပ်ပိုင်းဆိုင်ရာတွေ ခေတ်မီ တိုးတက်နေတယ် ဆိုတာကတော့ ငြင်းလို့မရနိုင်ပါဘူး။ ဒါပေမဲ့ သေသေချာချာ လေ့လာ ကြည့်တဲ့အခါ ကောင်းတာတွေတိုးတက်လာတာရှိသလို မကောင်းတာတွေလဲ တိုးတက် နေတာတွေ့ရပါတယ်။ လူတစ်ယောက်မှာ အဓိကအရေးအကြီးဆုံးလို့ သတ်မှတ်ထားတဲ့ ကျန်းမာရေးကိစ္စကို ခေတ်မီတိုးတက်မှုတွေနဲ့ ကျွန်မသိထားသလောက် ယှဉ်ပြချင်ပါတယ်။ ပထမဆုံး အခုကျွန်မလုပ်နေတဲ့အလုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ ခေတ်မီတိုးတက်နေပေမဲ့ လူတွေရဲ့ကျန်းမာရေးဟာ တနေ့တခြား ဆုတ်ယုတ်လာနေတာ တွေ့ရပါတယ်။ ဒါတွေပြောနေလို့ ကျွန်မကို ကျန်းမာရေးသုတေသနပြုနေသူလို့ မထင်လိုက်ပါနဲ့ဦး။ ကျွန်မအခုလုပ်နေတဲ့ အလုပ်နဲ့တော့ ဆက်စပ်နေတာအမှန်ပါ။ ကျွန်မတို့ကုမ္ပဏီ(ကျွန်မက စက်ရုံလို့ခေါ်ရတာကို ပိုကြိုက်တယ်) က ဆေးရုံ(ခွဲစိတ်ခန်း)သုံး အထောက်အကူပြုပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံပါ။

ထုတ်လုပ်တဲ့ပစ္စည်းအမျိုးအစားက ဦးနှောက်၊ နှလုံး သွေးကြောတွေ အဆီပိတ်ပြီး ကျဉ်းနေတာတွေကို ပြန်ချဲ့ပေးတဲ့ အထောက်ကူပြု ကိရိယာတွေ ထုတ်လုပ်တာပါ။ အဲ့ဒါတွေက အမျိုးအစားလေးမျိုးရှိပါတယ်။ အဆီပိတ်တာနဲ့ပတ်သက်လို့ သုံးမျိုးဖြစ်ပြီး၊ သွေးခဲလိုမျိုးပိတ်နေတာကို ထုတ်ယူတာက တမျိုးပါ။ သွေးကြောထဲ အဆီပိတ်နေတဲ့နေရာကို သွေးကြောမကြီးကတဆင့် အရင်းလက်ကိုင်မှာ ကွန်ထရိုးပါတဲ့ ဝါယာကိုသွင်းပြီး သွေးကြော တလျောက် ခလုပ်ကို လိုသလိုထိန်းကိုင်ပြီး ပြုပြင်ရမဲ့နေရာမှာ အဆီအမျိုးအစားကိုလိုက်ပြီး ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ ပျော့နေသေးတဲ့အဆီ အမျိုးအစား ဆိုရင် ပိုက်ခေါင်းပုံစံ ဝါယာလေးကို အဆီတွေကို တွန်းကန်ဖယ်ရှားပေးထားပြီး သွေးကြောကို ချဲ့ပေးထားပါတယ်။ ပိုက်ခေါင်းပုံစံဝါယာလေးက စဝင်သွားတုန်းက သံချောင်းကလေးလို အပိတ်ကလေးဖြစ်ပေမဲ့ အသုံးပြုရမဲ့နေရာမှာသူ့ကိုဖွင့်လိုက်ရင် ဖောင်းကြွပွင့်ထွက်လာတဲ့ သံဇကာပုံစံ ပိုက်ခေါင်းလေးပါ။ နောက်အမျိုးအစားကတော့ နည်းနည်းမာတဲ့ အဆီအမျိုးအစား အတွက်ပါ။ အဲ့ဒါကတော့ ပုံစံနှစ်မျိုးရှိပါတယ်။ ပထမတမျိုးက လွန်ပုံစံမျိုးဝါယာရဲ့အဖျားမှာ ခပ်ကြမ်းကြမ်းဖြစ်အောင် လုပ်ထားပြီိး ဝါယာကို မွှတ်နေအောင်လည်စေပြီး အဆီတွေကို အမှုန်ဖြစ်သွားအောင် လုပ်တဲ့နည်းပါ။ နောက်တခုကတော့ ဝါယာအတွင်းထဲမှာ ဓားခပ်ထက်ထက်လိုမျိုး ထည့်ထားပြီး အဆီတွေကို ခြစ်ယူသွားတဲ့ပုံစံပါ။ နောက်ဆုံး သွေးခဲလိုအရာမျိုး ဆို့နေတာကို ဝါယာအလိမ်လေးကို သွေးခဲထဲနစ်ဝင်စေပြီး ပါသွားတဲ့ပြွန်ထဲကို ဆွဲသွင်းတဲ့နည်းပါ။
ကျွန်မလုပ်ရတာကတော့ သေးငယ်လှတဲ့ ပလက်တီနာမ်ဝါယာပါ။ ပင့်ကူမျှင်လောက်ရှိတဲ့ ပလက်တီနာမ်ကြိုးမျှင်လေးကို ဆံပင်လောက်ရှိတဲ့ ဝါယာလေးတွေလုပ်ရတာပါ။
အခုလို ကမ္ဘာ့စီးပွားရေးပျက်ကပ် ရောက်နေချိန် အခြားစီးပွားရေးလုပ်ငန်းတွေ ဒေဝါလီခံရ၊ အလုပ်သမားတွေ လျှော့ချနေရတဲ့အချိန်မှာ ကျွန်မတို့စက်ရုံက လူသစ်တွေလို၊ အဆောက် အဦးတွေတိုးချဲ့နဲ့ ကျွန်မတို့မှာလည်း အချိန်ပိုတွေဆင်းနေရလို့ နားချိန်တောင်မရှိသလိုဖြစ်နေ ပါတယ်။ ခေတ်မီတိုးတက်နေတဲ့ ခေတ်ကြီးမှာ ရောဂါတွေဘယ်လောက်များနေသလဲဆိုတာ ဒီစက်ရုံက စီးပွားရေးကောင်းနေတာကိုကြည့်ရင် သိသာပါတယ်။
ခေတ်မီစက်ပစ္စည်းတွေနဲ့ ခွဲစိတ်ကုသခံရင်း အခန့်မသင့်ရင် အသက်ပါပါသွားခဲ့တဲ့ ဥပမာတွေ့လည်းတွေ့ခဲ့ရပါတယ်။ မွေးရာပါ နှလုံးသွေးပေါက်ကျယ်နေတဲ့ အမတစ်ယောက်ဟာ အလုပ်ပင်ပင်ပန်းပန်း မလုပ်နိုင်တာကလွဲလို့ တသက်လုံးကျန်းကျန်းမာမာနေလာခဲ့ရာက အသက် ၅၀ကျော်မှ ဒီနိုင်ငံရောက်လာပြီး ခွဲစိတ်ကုသခံလိုက်ရင် အလုပ်လုပ်နိုင်လာမယ် ဆိုတဲ့အတွက် ခွဲစိတ်လိုက်မှ အသက်ပါ ပါသွားခဲ့တာတွေ၊ မျက်လုံးလေးတဖျတ်ဖျတ် ပိတ်လိုက်ဖွင့်လိုက်နဲ့ ဖြစ်နေပြီး အနည်းငယ်လေးကျဉ်းနေတာကလွဲလို့ အားလုံးကျန်းမာနေတဲ့ ၁၁ နှစ်အရွယ်ကလေးတစ်ယောက် ဒီနိုင်ငံမှာ ခွဲစိတ်ကုသခံရင်းနဲ့ ဦးနှောက်ထဲ ပိုးဝင်ပြီး သေဆုံးသွားရတာတွေဟာ ခေတ်မီစက်ကရိယာတွေ၊ နည်းပညာတွေကို မျက်စိစုံမှိတ် ယုံကြည်လက်ခံဖို့ တော်တော်စဉ်းစားစရာဖြစ်လာပါတယ်။ စာရေးဆရာမ ဂျာနယ်ကျော် မမလေးဟာ သမီးခြေထောက်တစ်ဖက်နဲ့ ယောက်ျားရဲ့အသက်ကိုပေးလိုက်ရပြီးမှ မြန်မာ့ ဆေးပညာဘက်ကို လှည့်လာခဲ့ရာက ရေဆုံးရေဖျားလိုက်ပြီး နောက်ဆုံးအချိန် ရောက်နေကြတဲ့ လူနာအများအပြားကို ကယ်တင်နိုင်ခဲ့ပါတယ်။ အကယ်၍သာ အခုချိန်ထိ ဆရာမကြီးရှိဦိးမယ်ဆိုရင် ပညာပေးနည်းပါးမှုကြောင့် မကူးစက်သင့်ဘဲ ကူးစက်ခံနေကြရပြီး ဆေးဝါးလုံလောက်စွာမရကြဘဲ ပစ်ပယ်ခံထားကြရတဲ့ (AIDS) ရောဂါသည် အများအပြားကို အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့ ပုဂ္ဂလပညတ်ဓာတ်ပညာနဲ့ ကယ်တင်လိမ့်မယ်ဆိုတာ ကျွန်မယုံကြည်ထားပါတယ်။
ကျွန်မဒီပုဂ္ဂလပညတ်ဓာတ်ကျမ်းကို ဘလော့မှာရေးတင်နေခြင်းဟာ ဆရာမကြီးရဲ့ စေတနာကို လေးစားသောအားဖြင့် ဒီပညာရပ်တွေ မ ပပျောက်အောင်ရယ် မြန်မာပြည်မှ ဆေးဝါး လုံလောက်စွာမရရှိကြတဲ့ HIV ပိုးကူစက်ခံရတဲ့ (AIDS) ဝေဒနာသည်တွေအတွက် အထောက်အကူရလိုရငြား ရည်ရွယ်၍တင်တာဖြစ်ပြီး မြန်မာပြည်တွင်းမှ ဝေဒနာရှင်များ အနေနဲ့ မြန်မာဆေးဆရာများကို ယုံယုံကြည်ကြည် ရှာဖွေ၊ ကုသကြစေချင်လို့ ဖြစ်ပါတယ်။ ဒါကလည်း အကြောင်းရှိပါတယ်။
လွန်ခဲ့တဲ့ ၅နှစ်ကျော် ၆နှစ်ဝန်းကျင်က မဲဆောက်မြို့ရှိ ဆရာမကြီး ဒေါက်တာစင်သီယာမောင်ရဲ့ ဆေးခန်းမှာ မြန်မာ့ဆေးနဲ့ ဒီရောဂါ ပျောက်ကင်းသွားသူတဦးကို ကျွန်မတွေ့ရှိခဲ့ဖူးပါတယ်။ သွေးလာလျှူတဲ့ စက်ရုံအလုပ်သမား တဦးမှာ (HIV) ပိုးရှိနေတာကို သွေးလျှူတဲ့အချိန်မှ သူသိသွားတာပါ။ အဲ့ဒီလိုသိပြီး နောက်ပိုင်း သိပ်မကြာခင်မှာပဲ သူဟာစိတ်ဖိစီးမှုများပြီး ရောဂါတွေဝင်လာကာ ထင်မှတ်မထား လောက်အောင် ပိန်ချုံးကျသွားပါတယ်။ တဖြည်းဖြည်း ယခင်ရုပ်ကိုပင် မမှတ်မိတော့တဲ့ အထိဖြစ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူ့ကိုမတွေ့ရတော့ပါဘူး။ ကျွန်မတို့လည်း သူသေပြီထင်ပြီး မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့ပါတယ်။ သူ့ကိုခင်မင် ကြပေမဲ့လည်း ဘာမှမကူညီနိုင်ကြပါဘူး။ သတ္တဝါတခု၊ ကံတခုပဲလေ ဆိုပြီး သံဝေဂရနေ ကြပါတယ်။ ဒီရောဂါက ပညာပေးမှုအားနည်းလှတဲ့ မြန်မာပြည်သားတွေအပေါ် အခြေအနေ အမျိုးမျိုးနဲ့ကူးစက်နိုင်တာကြောင့် ဘယ်သူမပြု မိမိမှုဆိုပြီး ပြောလို့လဲမရပါဘူး။ တချို့ဟာ မိမိတို့ကိုယ်တိုင် မဟုတ်မဟတ် လော်မာလို့မဟုတ်ဘဲ ဘုမသိ ဘမသိနဲ့ ကူးစက်ခံသွားရတာ။ အဲ့ဒီလို ကူးစက်ခံရပြီဆိုရင်လည်း ပတ်ဝန်းကျင်က နှာခေါင်းရှုံ့တာခံရပြီး ရှောင်ဖယ်သွား တတ်ကြတော့ ရောဂါသည်တွေက စိတ်အင်အားပါကျဆင်းလာကြပြီး မြန်မြန်ဆန်ဆန် ရောဂါ ဖိစီးခံကြရပါတယ်။ အဲ့ဒီလိုနဲ့ပဲ သေဆုံးတဲ့အထိဖြစ်သွားကြပါတယ်။

ဒါပေမဲ့ ကျွန်မတို့မျက်စေ့အောက်က ပျောက်သွားခဲ့တဲ့ စက်ရုံအလုပ်သမားလေးဟာ ၆လ လောက်ကြာပြီးတဲ့နောက်မှာ ယခင် ကျန်းမာတဲ့ပုံစံအတိုင်း ကျွန်မတို့ရှေ့ကို ပြန်ရောက်လာပါတယ်။ သူ့ကိုသိကြသူအားလုံးဟာ တအံ့တသြဖြစ်ကြရပြီး ဘယ်ကနေဘယ်လို ဒီလို အခြေအနေမျိုးနဲ့ ပြန်ရောက်လာသလဲဆိုတာ ကိုမေးမြန်းကြည့်ကြတဲ့အခါ….
သူဟာ သေလူတယောက်အဖြစ်နဲ့ သူ့ရပ်ရွာကိုပြန်သွားခဲ့ချိန်မှာ မထင်မှတ်ပဲ တောလမ်း တနေရာမှာ ရသေ့လိုဝတ်စားထားတဲ့ ဆရာတယောက်က သူကုသပေးမယ်ဆိုပြီး ကုပေးရာက ပျောက်ကင်းခဲ့တာလို့ ပြောပြခဲ့ပါတယ်။ ဘယ်လိုဆေးတွေနဲ့ ကုပေးခဲ့တာလည်းဆိုတော့ တောထဲက သစ်ဥ၊ သစ်ဖုတွေကို ပြုတ်တိုက်တာကနေ ပျောက်ကင်းခဲ့တာလို့ ပြောပါတယ်။ ဆေးခန်းမှာ သွေးပြန်စစ်တော့လည်း HIV ပိုးကရှိနေသေးပေမဲ့ အခြားဘာရောဂါမှတော့ မရှိတော့တာကို အံ့သြစွာတွေ့ခဲ့ရပါတယ်။ ခုခံအားကျဆင်းတဲ့ပိုးကူးစက်ခံနေရပေမဲ့ မြန်မာ့ဆေးအစွမ်းနဲ့ သူဟာ ရောဂါတွေကို ခံနိုင်ရည်ရှိနေပါတယ်။ သူ့ကိုနမူနာကြည့်ပြီး ဆရာမကြီး ဂျာနယ်ကျော်မမလေးသာ သက်ရှိထင်ရှားရှိနေသေးရင် ဒီရောဂါဝေဒနာသည် တွေကို ပျောက်ကင်းချမ်းသာစေမှာ အသေအချာပဲလို့ ထင်မိပါတယ်။ ဒါကြောင့် ဆရာမကြီးရဲ့ ဆေးပညာ ဆောင်းပါးတွေနဲ့အတူ ဆရာကြီးဦးသာတင့်ရဲ့ ပုဂ္ဂလပညတ် အခြေခံဓာတ်ကျမ်းကို တင်ပြပေးနေခဲ့တာဖြစ်ပါတယ်။ ဒီဆေးပညာကို လေ့လာလိုက်စားခြင်းဖြင့် ရောဂါဝေဒနာများ သက်သာပျောက်ကင်းလိမ့်မယ်လို့လဲ ယုံကြည်ထားပါတယ်။
ဒီယုံကြည်ချက်ကြောင့်ပဲ ပုဂ္ဂပညတ်ဓာတ်ကျမ်းရဲ့ အခြေခံတွေကို အများသိကြရအောင် မျှဝေပေးခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး မျှဝေသွားဖို့အစီအစဉ်တွေလည်းရှိပါသေးတယ်။ ဆရာမကြီးရဲ့ ဆောင်းပါးတွေဟာ ဆေးကုသမှု ပညာရပ်တွေဖြစ်နေတာကြောင့် ဒါတွေကိုလည်း မျှဝေသွားပါဦးမယ်။ ဒါ့အပြင် ဆရာကြီးဦးသာတင့်ရဲ့ အခြေခံဓာတ်ကျမ်းမှ အိုင်ကလောင်ဆရာလှိုင်ရဲ့ ကုသပုံများ၊ ပြုစားပုံများကိုလည်း ဝေဝေဆာဆာ ရေးသားဖော်ပြ သွားပါဦးမယ်။
လာရောက်ဖတ်ရှုသူမိတ်ဆွေများကို
အစဉ်လေးစားလျက်

Friday, December 19, 2008

ကိုယ့်ကိုယ်ကိုယ်မုန်းတဲ့ ၁၀ ချက်

ကိုသစ်နက်ဆူးက ကိုယ့်ကိုယ်ကို မုန်းတဲ့အချက် ၁၀ချက်ရေးပါဆိုပြီး တဂ် လိုက်တော့မှ ကိုယ့်ကိုယ်ကို မုန်းတဲ့အချက်တွေကို လိုက်ရှာကြည့်မိတယ်။ သုံးရက်နဲ့သုံးညတိတိ မအိပ်မနေ ရှာဖွေစဉ်းစားရတာ ကိုယ့်ကိုယ်ကိုယ် မုန်းလောက်တဲ့အချက် ရှာမတွေ့ဘူးဖြစ်နေတယ်။ အဲ့ ဒါပေမဲ့ မကောင်းတဲ့အကျင့်တွေတော့ ရှိတာပေါ့နော်။ ဒါတွေကိုရေးချရင်လဲ ရှိစုမဲ့စုမိတ်ဆွေ လေးတွေများ ကိုယ့်ကိုလန့်ပြီး ရှောင်သွားကြမလား စိုးရိမ်မိသေးတယ်။ ဒါပေမဲ့ ကိုလေးစားရတဲ့ ဘလော့ဂါက တဂ် လိုက်တာဆိုတော့လည်း ရှောင်ချင်တဲ့လူ ရှောင်သွားကြ ပါစေ ကိုယ့်မကောင်းကြောင်းလေးတော့ရေးမှဆိုပြီး ကဲ… ရေးပြီ ကိုဆူးသစ်ရေ့ ….

ကျွန်မမှာက အပေါင်းသင်းမိတ်ဆွေ သိပ်မရှိဘူး။ အပေါင်အသင်းလည်းမမက်ဘူး။ ငယ်ငယ် ကတည်း သီးခြားနေချင်တဲ့ အကျင့်ရှိတယ်။ အဲ့..ခင်မင်မိသွားပြီဆိုရင်လည်း ကောင်းကောင်း ဆိုးဆိုး ဘာကိုမှမသိတော့ဘူး။ ငါ့သား၊ ငါ့သမီး၊ ငါ့လင်၊ ငါ့မိဘ၊ ငါ့ဆွေမျိုး၊ ငါ့မိတ်ဆွေ၊ ငါ့လူမျိုး၊ ငါ့တိုင်းပြည်……. စတဲ့ ငါဆိုတဲ့ အတ္တစွဲသိပ်ကြီးတဲ့ သူ။
ဒီကြားထဲ ထစ်ကနဲဆို ဒေါသကလည်း ထွက်တတ်သေးတာ။ ဟိုတလောတုန်းကများ သမီးတွေက သူ့သူငယ်ချင်းတွေဖြစ်တဲ့ အမေရိကန်မလေးနဲ့ အဖရိကန်မလေးနှစ်ယောက်နဲ့ အိမ်နောက်ဘက် မြက်ခင်းထဲဆော့နေကြတာ တော်တော်ကြာနေပြီ။ သူတို့ကို ကိုယ် ကြည့်လိုက်တဲ့အချိန်မှာ သမီးငယ်က ခါးကုန်းထားပြီး ဟိုကလေးနှစ်ယောက်က ကျောပေါ်ခုန် တက်နေကြတာလဲတွေရရော မျက်စိထဲဘာမှမမြင်တော့ပဲ အဲ့ဒီကလေးတွေကို အော်ထုတ်ပြီး သမီးတွေကို အတင်းပြန်ခေါ်၊ သမီးကြီးကိုလဲ“ညီမလေးကိုဒီလိုလုပ်နေတာကို ဘာလို့ မပြော တာလဲ” ဆိုတော့ “ သူတို့ တစ်ယောက်တစ်လှည့် ကုန်းပိုးတမ်းကစားနေကြတာ… ညီမလေးက စီးပြီးသွားပြီ” တဲ့။ ဒါနဲ့တောင်ဒေါသက မလျော့ဘဲ ကိုယ်သမီးဝတုတ်အချိန်စီးစီး ကြီးမှန်းသိရက်နဲ့ “ သူတို့က ကြီးနေပြီ.. ငါ့သမီးလေး ခါးကျိုးသွားမှာပေါ့… နောက်သူတို့နဲ့ မဆော့နဲ့” လို့ ပြောပြီး အဲ့ဒီကလေးတွေလာတိုင်း မောင်းထုတ်ပစ်တာ။ သူတို့လဲ နောက်ပိုင်း ကိုယ်ရှိရင် မလာကြတော့ဘူး။ အဲ့ဒီလို ဒေါသတွေမျိုးတွေနဲ့…. သူ။
ကိုယ့်မှာမရှိသေးရင် လိုချင်တယ်။ အဲ့ဒါရပြီးတော့လဲ.. နောက်တမျိုး.. နောက်တမျိုးပြီး နောက်တမျိုး… ဒါရပြီးရင် ဟိုဟာလိုချင်.. အတောမသတ်နိုင်တဲ့ လောဘကလည်း များမှများ။ ဟိုဟာလည်းလုပ်ချင်၊ ဒီဟာလည်းလုပ်ချင်နဲ့ ဘယ်တော့မှ ပြည်စုံသွားပြီဆိုတာကို မရှိဘူး။ အဲ့ဒီလိုလောဘကြီးတဲ့ … သူ။
ပြီးတော့ သူတပါးကို မနာလိုဝန်တိုတဲ့စိတ်ကလည်း များမှများ။ တယောက်ယောက်က ကိုယ်နဲ့ သိပ်အစေးမကပ်တဲ့၊ ပြိုင်ဘက်လူတယောက်ရဲ့ တော်ကြောင်း၊ တတ်ကြောင်း ပြော နေရင် နားကိုမထောင် ချင်ဘူး။ အဲ့.. အဲ့ဒီလူရဲ့ မကောင်းကြောင်းပြောနေရင်တော့ ဝမ်းကိုသာ လို့။
ကိုယ့်ရဲ့ ကောင်းကြောင်းတွေကို ပြောနေကြရင် ဝမ်းသာသလောက်၊ ကိုယ့်မကောင်းကြောင်း ပြောတဲ့သူကိုတော့ ရန်သူစာရင်းထဲ ထည့်လိုက်တတ်တာ။
ငါ့ကိုများ ဘာမှတ်နေသလဲဆိုတဲ့ မာနကလည်း ရှိသေးတယ်။ ကိုယ့်မှာ ဘာမှမရှိလည်း ဆင်းရဲသားမာနဆိုပြီး လက်မတထောင်ထောင်နဲ့ ဂဏန်းလို…. လူ။
ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီအထင်နဲ့ လုပ်ချင်ရာကိုလည်း ရှေ့နောက်မစဉ်းစားဘဲ စွတ်လုပ် တတ်တယ်။ သူများဘယ်လောက်တားတား နောက်မဆုတ်ဘဲ လုပ်ပြီးမှ နောင်တရတတ် တယ်။
လုပ်ချင်တာကြတော့ စွတ်လုပ်တတ်ပြီး ကြောက်တတ်တဲ့နေရာမှာကြတော့လဲ သူများထက် ကြောက်တတ်လို့ အခုချိန်ထိ ကားမမောင်းရဲသေးဘူး။
စကားကို ချိုချိုသာသာမပြောတတ်လို့ ဆရာလုပ်တယ်လို့ အမြဲ အပြောခံရတယ်။ အစည်းအဝေးတွေမှာ သေသေချာချာ စကားပြောရတော့မယ်ဆိုရင်တော့ အချက်အလက်နဲ့ ဘာမှမပြောတတ်ပဲ သူခိုးပြေးမှ ထိုးကွင်းထ ဆိုသလို ပြီးသွားမှ ငါဒီလို ပြောလိုက်ရ ကောင်းသားဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်နေတတ်သူ။ ( ယောက်ျားနဲ့ စကားများတော့မယ်ဆိုရင်တော့ ကြိုတင်ပြီး စာလေးနဲ့ ရေးမှတ်ထားရတယ်။ ဒါနဲ့တောင် တကယ်စကားများကြပြီဆိုရင် နိုင်အောင်မပြောနိုင်လို့ မျက်ရည်နဲ့ပဲ အဆုံးသတ်ရတာ။)
ကိုယ့်ဆီမှာ အပေါဆုံးက မျက်ရည်ပဲ။
အဲ့ဒါတွေက ကျွန်မသိထားတဲ့ မကောင်းတဲ့အချက်တွေ။ သူများတွေသိထားတဲ့ ကျွန်မရဲ့ မကောင်းတဲ့ တခြားအချက်တွေရှိချင်ရှိနေဦးမှာ။ ကိုယ့်ကိုယ်ကိုယ်မုန်းဖို့ကိုတော့ သင်တန်း သွားတက်ရဦးမယ်။ မိုးကုတ်ဆရာတော်ဘုရားကြီးကတော့ ဖြစ်ပျက်ကိုမြင်အောင်ကြည့်၊ ပြီးရင် ဖြစ်ပျက်ကို မုန်းအောင်ရှု၊ ဖြစ်ပျက်ကိုမုန်း.. ဖြစ်ပျက်ဆုံးရင် နိဗ္ဗာန်ဘဲတဲ့။ အဲ့ဒီတော့မှဘဲ.. ကိုယ့်ကိုယ်ကိုယ် မုန်းမယ်ထင်တယ်။ အခုချိန်ထိကတော့ ကိုယ့်ကိုယ်ကိုယ် ချစ်ခင်နေဆဲ။ အပေါ်က အချက်တွေကလည်း မကောင်းမှန်းသိပေမဲ့ အချိန်တန်ရင် ပေါ်လာစမြဲပဲ။ တားဆီးလို့မရဘူး။ အဲ့ဒါတွေကိုက ကျွန်မရဲ့မုန်းစရာတွေဖြစ်မယ်။
ကိုဆူးသစ်ရေ.. ကျွန်မ မကောင်းကြောင်းတွေ ရေးပြီးပြီနော်.. အကြွေးကြေပြီ။ နော်ဝေက ပုတ်လိုက်တဲ့ဘောလုံးကို သြော်စီရယ်၊ ထိုင်းရယ်ကို ပြန်ပုတ်လိုက်မယ်..။ အားရင်တော့ ရေးကြပေါ့နော်..။ ကဲလာပြီ.. မဆုမွန်ငြိမ်သက်လင်းလင်းနွေဦးမောင်တို့ရေ… ဖမ်းလိုက်ကြပါ ကိုယ့်ကိုယ်ကိုယ်မုန်းတဲ့အချက်တွေဆိုတဲ့ဘောလုံးကြီးကို..။


Monday, December 15, 2008

ဗေဒါရီရဲ့အမေးကိုပြန်ဖြေခြင်း

မအိမ်သူရေ ..
အောရိန်းကို လိမ္မော်လို့ ဖတ်ရင် လီမွန်လို န၀င်းကြေတာပဲ မဟုတ်လား။ အဲလိုသာဆို အခေါ်အဝေါ်ပြောင်းတိုင်း ဆေးဘက်ဝင်ပုံတွေ ပြောင်းသွားမလား မသိဘူးနော်။
ရှောက်ချိုသီးကို တချို့က ကမ္ဗလာသီး လို့ ခေါ်တာမျိုး ... ဆိုရင်ရော .. ဘယ်လို အခေါ်ကို မူသေထားပြီး ဆေးကုမလဲ သိချင်လို့ပါ။

ဗေဒါရီ ရဲ့အမေးလေးကို အခြားစိတ်ဝင်စားသူများလည်း သိချင်ကြလိမ့်မယ်လို့ မျှော်လင့်ပြီး ပို့စ်တခုအဖြစ်နဲ့ အားလုံးဖတ်နိုင်အောင် တင်ဖြစ်သွားပါတယ်။
ဆရာကြီးဦးသာတင့်၏ ပုဂ္ဂလပညတ်ဓာတ်ကျမ်းတွင် ပညတ်အကြာင်းကို ဤသို့ရှင်းလင်းထား ပါသည်။

ပညတ်အကြောင်း

ဤနေရာတွင် ပညတ်နှင့်ပတ်သက်သည့်အကြောင်းကို အကျဉ်းမျှရေးသားဖော်ပြပါမည်။ ပညတ်အကြောင်းကို ဖတ်ရန် မှတ်ရန်အချို့ပုဂ္ဂိုလ်များအဖို့ ဝန်လေးကောင်းလေးနေပါ လိမ့်မည်။ ထိုသို့ဖြစ်ဘိမူ ပုဂ္ဂလပညတ်အခြေခခံဓာတ်ကျမ်းနှင့် ပတ်သက်သည်များကိုသာ ရေရေလည်လည် ပတ်ပတ်နပ်နပ် ရှိစေရန်အထူး ဝါယမ စိုက်ထုတ်စေလိုပါသည်။ ပညတ်အကြောင်းအနေဖြင့်မူ အချို့သောပုဂ္ဂိုလ်များအတွက် အကျိုးတစုံတရာရှိသည်ဟု ယူဆမိသောကြောင့် ရေးသားဖော်ပြပါသည်။

နာမပညတ်သည် ဝိဇ္ဇာမာနပညတ်၊ အဝိဇ္ဇာမာနပညတ် ဟူ၍နှစ်ပါးရှိသည်။
၁။ ။ ဝိဇ္ဇာမာနပညတ် သည်ပရမတ္ထအားဖြင့် ထင်ရှားရှိသောသဘာဝဓမ္မကို ခေါ်ဆို ထားခြင်းဖြစ်သည်။ စိတ်၊ စေတသိတ်၊ ဖဿ၊ ဝေဒနာ၊ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော၊ အဘိဉာဏ်၊ ခန္တာ စသည်တို့ဖြစ်သည်။
၂။ ။ အဝိဇ္ဇာမာနပညတ် သည် အဟုတ်တကယ်မရှိ၊ သမုတ်ရုံမျှသာဖြစ်သော ယောက်ျား၊ မိန်းမ၊ လူ၊ နတ်၊ ကျွဲ၊ နွား၊ စသည်တို့ဖြစ်သည်။ ထိုမှတဆင့် ပညတ်တို့ကိုတွဲ၍ ရှာဖွေကြည့်ရှုကြပြန်သည်။
၃။ ။ ဝိဇ္ဇာမာနေန၊ အဝိဇ္ဇာမာနပညတ်။ ၎င်းသည် ရှိနှင့် မရှိတွဲမှုဖြစ်သည်။ ရှိသည် ဆိုသည်မှာ ခြောက်ပါးသော အဘိဉာဏ် ရှိသောပုဂ္ဂိုလ်ဖြစ်သည်။ အဘိဉာဏ်ပုဂ္ဂိုလ်သည် ပရမတ္ထအားဖြင့် ထင်ရှားရှိသည်။
မရှိဆိုသည်ကား ပုဂ္ဂိုလ်ကိုဆိုလို၏။ ပုဂ္ဂိုလ်ဆိုသည်မှာ ပရမတ္ထအားဖြင့် ထင်ရှားမရှိခြေ။
၎။ ။ အဝိဇ္ဇာမာနေန၊ ဝိဇ္ဇာမာနပညတ်။ ၎င်းသည် မရှိနှင့် ရှိကိုတွဲမှုဖြစ်သည်။ ယောက်ျားအသံ၊ မိန်းမအသံ။
မရှိဆိုသည်မှာ ယောက်ျား၊ မိန်းမတို့သည် ပရမတ္ထအားဖြင့်ထင်ရှားမရှိ။
ရှိသည်ဟူသည်ကား အသံသည် ပရမတ္ထအားဖြင့် ထင်ရှားရှိ၏။
၅။ ။ ဝိဇ္ဇာမာနေန၊ ဝိဇ္ဇာမာနပညတ်။ ၎င်းသည် ရှိနှင့်ရှိခြင်းကို တွဲမှုတည်း။ စက္ခုဝိဉာဏ် ဆိုသည်မှာ စက္ခုပသာဒရုပ်ကိုမှီ၍ (ဝိဉာဏ်) သိခြင်းအဓိပ္ပါယ်ရ၏။ ပထမစကားနှင့် ဒုတိယစကား နှစ်ပါးစလုံးပင် ပရမတ္ထအားဖြင့် ထင်ရှားရှိ၏။
၆။ ။ အဝိဇ္ဇာမာနေန- အဝိဇ္ဇာမာနပညတ်။ ၎င်းသည် မရှိနှင့် မရှိကို တွဲမှုတည်း။ ရာဇပုတ္တ ဆိုရာတွင် ရာဇာဟူသောမင်းသည် ပရမတ္ထအားဖြင့် ထင်ရားမရှိ၊ ပုတ္တဟူသော သားသည် လည်း ပရမတ္ထအားဖြင့် ထင်ရှားမရှိ။
မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် ပညတ်ခြောက်ပါးနှင့် ပတ်သက်၍လူတို့သည် အမြင်မှာပင် ရပ်တန့်မနေကြဘဲ ပညတ်ကိုကျော်လွန်၍ ပရမတ္ထသဘာဝကို ပညာမျက်စိဖြင့် မျှော်ရှုရန်အရေးကြီးသည်။ မြတ်စွာဘုရားကိုယ်တော်တိုင်ကလည်း ထိုအဖြစ်ကိုသာလျှင် အလိုရှိတော်မူသည်။
လောကီ၊ လောကုတ် ဟုတ်နှင့် မဟုတ်မှစ၍ ခေါ်ဝေါ်သမုတ်ကြလေသမျှ အနန္တဝေါဟာရ ပညတ်တို့ကို သိအပ်၊ သိသင့် ၊ မှတ်အပ်၊ မှတ်သင့်လှပေသည်။
ကပ်ဦးအစ အခါကာလတုန်းကပင် ဗြဟ္မာမင်းတို့သည် ပညတ်အရင်းအစဖြစ်သည်။ ထို့ကြောင့်လည်း လောကဘုံပုဂ္ဂိုလ်တို့နှင့် ပရမတ္ထသဘာဝတို့ကို ဗုဒ္ဓမြတ်စွာ စိန္တေယျာက ပြတ်သားစွာဟောတော်မူခဲ့ခြင်းဖြစ်သည်။ လူသားအပေါင်းတို့က မိမိတို့သဘာဝအလျှောက် ခေါ်ဝေါ်နေကြခြင်းကို ပညတ်ဟုဆိုကြသည်။ တနည်းအားဖြင့် အခြေခံအကြောင်းအချက် လုံလောက်စွာပြ၍ ခေါ်ဝေါ်ခြင်းကို ပညတ်ဟုဆိုသည်။ ထို့ကြောင့် ပညတ်ဆိုသည်မှာ ဝေါဟာရအားဖြင့် လူတို့ခေါ်ဝေါ်နေကြသည့် အမည်နာမ၊ အသုံးအနှုန်း စသည်များဖြစ်၏။

ပုဂ္ဂလပညတ်ပါဠိတော်မြန်မာပြန်တွင် ပုဂ္ဂိုလ်ကိုသိစေခြင်းအားဖြင့် ပညတ် (၂၀၉) မျိုးကို အကျဉ်းအားဖြင့် ပြလေသည်။ သို့သော်လည်း ယခုပုဂ္ဂလပညတ်ဓာတ်ကျမ်းအနေဖြင့်မူ (၁) အသိလွယ်ခြင်း၊ (၂) အများသုံးဖြစ်ခြင်း၊ (၃) အသင့်လျော်ဆုံးဖြစ်ခြင်းတို့ကိုသာ အကျဉ်းရုံးပြီး ဖော်ပြပါမည်။
၁။ ။ ဒိသာပညတ်။ လောက၌ အရှေ့အရပ်၊ အနောက်အရပ်၊ တောင်အရပ်၊ မြောက်အရပ်၊ အောက်အရပ်၊ အထက်အရပ် စသည်ဖြင့်ခေါ်ဝေါ်ပညတ်ခြင်းကို ဒိသာပညတ်ဟုခေါ်သည်။ အရှေ့အရပ်၊ အနောက်အရပ် စသည်ဖြင့် ခေါ်ဝေါ်နေခြင်းများမှာ သိမှတ်လွယ်ရန် သတ်မှတ်ထားသည့် ပညတ်များသာဖြစ်သည်။
၂။ ။ ဒိဝသပညတ်။ ဒိဝသပညတ်ဟူသည်မှာ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ စသော နေ့ (၇)နေ့တို့ကို ခေါ်ဆိုခြင်းဖြစ်သည်။
၃။ ။ သမယပညတ်။ နံနက်အခါ၊ မွန်းတည့်အခါ၊ မွန်းလွဲအခါ၊ ညနေချမ်းအခါ အစရှိသည်များဖြစ်သည်။
၎။ ။ မာသပညတ်။ တန်ခူး၊ ကဆုန်၊ နယုန်၊ ဝါဆို၊ဝါခေါင် စသော (၁၂) လ၏ အမည်များ သတ်မှတ်ခေါ်ဝေါ်ခြင်းသည် မာသပညတ်မည်သည်။
၅။ ။ သံဝစ္ဆရပညတ်။ ကောဇာသက္ကရာဇ် တစ်မှစပြီး ရှေ့သို့ရောက်သမျှ ကောဇာ သက္ကရာဇ်တို့ကို ခေါ်ဝေါ်ခြင်းဖြစ်သည်။
၆။ ။ အာကာသပညတ်။ ကောင်းကင် ဟာလာဟင်းလင်းပြင်ကို သတ်မှတ်ခေါ်ဝေါ်ခြင်း အားဖြင့် အာကာသပညတ်ဟုခေါ်သည်။
၇။ ။ ပါဠိပညတ်။ ပါဠိဘာသာဖြင့် ခေါ်ဝေါ်သတ်မှတ်ခြင်းများဖြစ်သည်။
၈။ ။ မြန်မာပညတ်။ မြန်မာဘာသာဖြင့် ခေါ်ဝေါ်သမျှကို ဆိုလိုသည်။
၉-၁၀။ ။ အဝိဇ္ဇာမာနပညတ်၊ ဝိဇ္ဇာမာနပညတ်။ ဝေါဟာရ အမည်နာမများကို ခေါ်ဆို ခြင်းဖြစ်သည်။
၁၁။ ။ အက္ခရာပညတ်၊ ဗျည်းပညတ်။ က-အစ၊ အ-အဆုံး(၃၃)လုံးသော ဗျည်း အက္ခရာများကို ခေါ်ဆိုခြင်းဖြစ်သည်။
၁၂။ ။ သရပညတ်။ အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ သြ ရှစ်လုံးသော သရများကို ခေါ်ဆိုသည်။
၁၃။ ။ ဝဏ္ဏပညတ်။ (၃၃) လုံးသော ဗျည်းအက္ခရာ၊ (၈) လုံးသောသရ၊ ပေါင်း (၄၁) လုံးသော ဝဏ္ဏအက္ခရာများအဖြစ် သတ်မှတ်ခေါ်ဆိုခြင်းသည် ဝဏ္ဏပညတ်ဖြစ်သည်။
၁၄။ ။ သင်္ချာနိယာမ ပညတ်။ ၁- အစ ၉- အဆုံး တို့ကို၎င်း၊ ပေါင်းခြင်း၊ နှုတ်ခြင်း၊ မြှောက်ခြင်း၊ စားခြင်း သိန်းသောင်းသော သင်္ချာတို့ကို၎င်း သင်္ချာနှင့်စပ်ဆိုင်သမျှကို သတ်မှတ်ခေါ်ဝေါ်ခြင်းဖြစ်သည်။

ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှ သန်းခေါင်တိုင်လျှင် ရာဟုဟူ၍၎င်း၊ တနင်္လာနေ့မွန်းလွဲလျှင် ကိတ် ဟူ၍၎င်း၊ ကြာသပတေး မွန်းလွဲလျှင် မိတ္တု ဟူ၍၎င်း ဣန္ဒာစရိယ ဆရာကပြသည်။ ယင်းတို့သည်လည်း ပညတ်များသာဖြစ်သည်။
တနင်္ဂနွေအစ၊ မိတ္တု-၁၀၊ ကိတ်မှာ-၉၊ ရာဟုမှာ-၈ ဂဏန်း အခန်းခန်းပြသောနေ့ရှစ်နေ့တို့၏ ဂြိုဟ်သက်ပေါင်းသော် ၁၀၈-နဝင်းရ၏။ တြင်းကြေ၊ နဝင်းကြေ၊ သတ္တဗီသကြေသည်။ ၎င်းတို့သည်လည်း နိယာမပညတ်များသာဖြစ်သည်။ ပညတ်စကားတို့၌ ဓာတ်တို့သည်လည်း ရှိကုန်၏။ ပညတ် ပရမတ် ဓာတ် ဖြစ်စေတတ်သောကြောင့် ဟောတော်မူသော ပုဂ္ဂလပညတ်ကိုစွဲကာ အသီးသီးသောဆရာတို့သည် ဓာတ်ပညတ်များကိုသာဆိုကြသည်။ ပုဂ္ဂလပညတ်ကျမ်း၌ ဓာတ်လေးပါးဟု ခေါ်ဝေါ်သမုတ်အပ်သော အမည်ပညတ်တို့ကို ဓာတုပညတ္တိယော ဟူ၍၎င်း။
ရူပက္ခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ စသောအမည်ပညတ်တို့ကို ခန္ဓာပညတ္တိယော ဟူ၍၎င်း။
ကိုယ်ဟူသော (၃၂) ပါးသော ကောဋ္ဌာသပညတ်တို့ကို ကာယပညတ္တိယော ဟူ၍၎င်း။
စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှာယတန၊ ကာယာယတန၊ မနာယတန၊ ရူပါယတန၊ သဒ္ဒါယတန၊ ဂန္ဓာယတန၊ ရသာယတန၊ ဖောဋ္ဌဗ္ဗာယတန၊ ဓမ္မာယတန ဟုခေါ်အပ်သော အာယတန (၁၂) ပါးတို့ကို အာယတနပညတ္တိယော ဟူ၍၎င်း။ နာမ်ဟူသောပညတ်တို့ကို နာမပညတ္တိယော ဟူ၍၎င်း လောကတွင်ရှိသည့်ပညတ်တို့ကို သိမှတ်ထားအပ်ပေသည်။

ကျမ်းရင်းလင်္ကာ အပိုဒ် (၁၉) တွင် ပညတ်ပေါ်၍၊ နာမ်ပေါ်သစ်ပင်၊ ဆေးဖက်ဝင်ဟူ၍၎င်း။ ဓာတ်တူနာမ်တူ၊ ဆေးကိုယူဟူ၍၎င်း။ စားသမျှအစာမှန်သမျှတို့သည် အစာလည်းဆေး၊ ဆေးလည်းအစာဟူ၍၎င်း ဖော်ပြပါရှိသည်။ ပညတ်ကို၎င်း၊ နာမ်ကို၎င်း သိမည်ဆိုလျှင် သစ်ပင်တို့ပင်လျှင် ဆေးဖက်ဝင်ကြသည်။ ဆေးအဖြစ်အသုံးချနိုင်သည်။ တည့်သည့်အစာကို ရွေးချယ်စားသောက်နိုင်လျှင် အစာသည်လည်းဆေးဖြစ်သည်။ သောမပညတ်ပါရှိသော သူတို့သည် သောမပညတ်ပါသော အစားအစာများကို၎င်း၊ ပါပပညတ်ပါရှိသူတို့သည် ပါပပညတ်ပါသော အစားအစာတို့ကို၎င်း စာသောက်တတ်ရန်လိုသည်။
မိမိနှင့် သိကျွမ်းသူတစုထဲ “မောင်အေး ခဏလာပါ” ဟုခေါ်လျှင် မောင်အေးသာ လာရမည်။ ထို့ကြောင့် ပညတ်ရှိရာ ဓာတ်သက်ပါဟု ဆိုခြင်းဖြစ်သည်။ အခြေခံကိုလေ့လာပြီးသူအနေဖြင့် မောက်အေးအမည်ကို ကြားရုံမျှဖြင့် အက္ခရာအားဖြင့် အ၊ သင်္ချာအားဖြင့် (၁)၊ နာမ်အားဖြင့် ဂဠုန်၊ ဂြိုဟ်အားဖြင့် ပါပဂြိုဟ်၊ ပိဋကတ်အားဖြင့် တေဇော၊ ပညတ်အားဖြင့် မီးခဲ တေဇောဓာတ်ဖို၊ ဓာတ်အားဖြင့်မီး၊ ဓာတ်ရန်အားဖြင့် ဗုဒ္ဓဟူး စသည်ဖြင့် သိနိုင်ပေလိမ့်မည်။

အထက်ပါ အကြောင်းအရာများကို ဖတ်ရှုပြီ်း ပညတ်ရှိရာ ဓာတ်သက်ပါ ဆိုသည့်အတိုင်း မိမိနေထိုင်သည့်ဝန်းကျင်တွင် ခေါ်တွင်လူသိများကြသည့် အခေါ်အဝေါ်ပညတ်တွင် ဓာတ်သက်ကြောင်း သိသာနိုင်ပါတယ်။ ဥပမာ သံပရာကို လီမွန်ဟု လူများစု ခေါ်ဝေါ်ကြသည့် ဝန်းကျင်တွင် လီိမွန်အဖြစ်ဓာတ်သက်ပြီး သံပရာဟု လူသိများကြသည့်နေရာတွင် သံပရာအပေါ် ဓာတ်သက်ပါတယ်။ ရှောက်ချိုသီးနှင့် ကမ္ဗလာသီး တို့တွင်လည်း ထိုနည်းအတိုင်းပင် အများစုခေါ်တွင်ကြသည့်အပေါ် ဓာတ်သက်မည်ဟုထင်ပါတယ်။
ဆရာကြီးဦးသာတင့်၏ ပုဂ္ဂလပညတ်ကျမ်းတွင်တော့ ကမ္ဗလာသီးရော ရှောက်ချိုသီး၏ သတ္တိများကိုပါ ရေးသားထားတာကို ဖော်ပြလိုက်ပါတယ်။
ကမ္ဗလာသီး။ ။ အဆင်းအသံကောင်း၏။ အားကိုဖြစ်စေ၏။ ဝမ်းမီးတောက်စေ၏။ သုက်သွေး၊ သလိပ်ပွားစေ၏။ သွေးကိုသုတ်သင်တတ်၏။ လေ သည်းခြေကိုနိုင်၏။ ပိန်ကြုံသောရောဂါ၊ သုက်အားနည်းရောဂါ၊ လည်ပင်းရောဂါ၊ အဆိပ်သင့်၊ ရေငတ်၊ ပင်ပန်းသောရောဂါများကို ချမ်းသာစေ၏။
ရှောက်သီး(အချို) ။ ။ ရှောက်သီးအချိုသည် နှုတ်မြိန်ခြင်း၊ သုက်ပွားခြင်းကိုပြု၏။ ကြေကျက်ခဲ၏။ ပူခြင်း၊ သွေးဖောက်ပြန်ခြင်းတို့ကို ပယ်ဖျက်တတ်၏။ သလိပ်ကြွစေ၏။ လေ၊ သည်းခြေ၊ ဒေါသကိုနိုင်သည်။ ၎င်းပြင် ဝမ်းချုပ်၊ ပန်းနာ၊ ချောင်းဆိုး၊ ခယရုပ်(ဘာရောဂါဆိုတာ ကျွန်မမသိပါ)၊ ကြို့ထိုး၊ နှုတ်မမြိန်၊ ရေငတ်၊ အော့အန်ရောဂါတို့ကို ပျောက်ကင်းစေသည်။
ရှောက်သီးမှာ (တောရှောက်၊ တောင်ရှောက်၊ ရှောက်နု၊ ရှောက်ပန်းသီး) ဟူ၍လည်းပါရှိပါ သေးတယ်။
ဗေဒါရီနေတဲ့နေရပ်မှာ လိမ္မော်သီးကို လူအများက လိမ္မော်သီးအဖြစ်အခေါ်များရင် လိမ္မော်သီးအပေါ် ဓာတ်သက်ပါတယ်။ နဝင်းကြေလင်္ကာမှာ အရိုင်း ခေါင်သောက်၊ လူမိုက် စိတ်တို ဆိုပြီးရှိတဲ့အတွက်၊ လူ+မိုက် ဟာ လိမ်+ မော် ဖြစ်လို့ နဝင်းကြေပါတယ်။ လိမ်(ဗုဒ္ဓဟူး ဂြိုဟ်သက် ၁၇ နှစ်)၊ မော်( ကြာသပတေး ဂြိုဟ်သက် ၁၉ နှစ်) (၁၇+၁၉) (၃၆) (၃+၆) (၉) ဖြစ်ပါတယ်။ အခြားဟာတွေကိုလည်း မိမိဒေသအခေါ်ပေါ်မူတည်ပြီး အပေါ်ကလင်္ကာနဲ့ ညှိပြီး နဝင်းကြေ၊ မကြေ တွက်ချက်နိုင်ပါတယ်။ ပုဂ္ဂလပညတ်နည်းတွင် အမည်နာမပညတ်ထားမှု အပေါ်မှာမူတည်၍ ဆေးကုသကြတာဖြစ်ပါတယ်။ လူနာကို ဘယ်နေ့နာမ်၊ အသက် ဘယ်လောက် စသည်ဖြင့်မေးမြန်းပြီးကုသတာမဟုတ်ဘဲ၊ ဥပမာ ကိုသာပုံနေမကောင်းရင် ကိုသာပုံကိုသာကုသမှာဖြစ်ပါတယ်။ ကိုသာပုံရဲ့ ပညတ်ကိုယူပြီး ကိုသာပုံနဲ့ ဓာတ်သက်မဲ့ အရာကို ဆေးအဖြစ်ကုသတာဖြစ်ပါတယ်။ ကိုသာပုံ(သောမပညတ်)ကို သခွားသီး (သောမပညတ်) ကျွေးပြီး ကုသခဲ့တာဖြစ်ပါတယ်။
ဗေဒါရီရဲ့အမေးကို ယခုလောက်ပြန်ဖြေပေးတာကို ကြေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မရဲ့အဖြေဟာ အလုံးစုံပြည်စုံချင်မှ ပြည့်စုံပါလိမ့်မယ်။ ကျွန်မလေ့လာထားတဲ့ သိသလောက်အနည်းငယ်ထဲမှ ပြန်မျှဝေတဲ့သဘောသာဖြစ်ပါတယ်။ ကျွန်မလဲ လေ့လာနေသူ တဦးအဆင့်သာ ရှိပါသေးတယ်။ အခုလိုစိတ်ဝင်တစား မေးမြန်းတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ နောင်လည်း အခုလို ပြန်လှန်ဆွေးနွေးကြခြင်းများကို မျှော်လင့်နေ ပါတယ်။ ကျွန်မမသိသေးတဲ့အကြောင်းအရာများကိုလည်း ထောက်ပြညွှန်ကြားပေးကြဖို့ မေတ္တရပ်ခံပါရစေ။
ရွှင်လန်းချမ်းမြေ့ကြပါစေ။

Wednesday, December 10, 2008

အောရိန်းကို ရှူပြီး လီမွန်ကိုသောက်ကြစို့

လောက၌ ရှိရှိသမျှ အရာဝတ္ထု သက်ရှိသက်မဲ့အားလုံးကို အက္ခရာအားဖြင့်သာလျှင် အမည် ပညတ် သတ်မှတ်ကြရသည်။ အက္ခရာများကိုရှောင်၍ မရနိုင်ချေ။ အက္ခရာများဖြင့် လူအမည်များ၊ အစားအသောက်များကို သောမပညတ်၊ ပါပပညတ်၊ နေဂိုဏ်း၊ လဂိုဏ်း ခွဲခြားပြခဲ့ပြီးဖြစ်သည်။ ပြဆိုခဲ့သည့် ဂြိုဟ်ရှစ်လုံးတို့၏ ကောင်းစွာနားလည်၊ သဘောပေါက် မှတ်မိနေမည်ဆိုလျှင် အလွယ်တကူ အကောင်းအဆိုး ခွဲခြားနိုင်ကြမည်ဖြစ်သည်။ ပုဂ္ဂလပညတ် ဓာတ်ကျမ်းဆရာက နိယာမအက္ခရာ၊ ဘုရားနှင့်မကွာ၊ သတ္တဝါနှင့်မကင်း၊ ဘုံသုံးပါးအတွင်းမှာ၊ ပညတ်ရင်းမူလ၊ အက္ခရာဥက္ကဌမို့၊ ကစ္စည်းလှ မြတ်ဆရာက၊ သညာ သောသဒ္ဒါနှင့် သိစိမ့်သောငှာ ဟောပေရှာ၏ ဟုရေးစပ်ခဲ့သည်။

(၃၃) စီးသောဆင်ပြောင်သည် တောသုံးတောင်၌ထွက်၍ ကျက်စားသောကြောင့် ချည်အပ် သော ကြိုးရှစ်စင်းဖြင့် တိုင်လေးတိုင်မှာ ချည်နိုင်က လိုရာသို့ရောက်သည်ဟုလည်း ပြဆိုပြန် သည်။

(၃၃)စီးသောဆင်ပြောင်ဆိုသည်မှာ ဗျည်း ၃၃ လုံးကို ဆိုလိုသည်။ တောသုံးတောင် ဆိုသည်မှာ ယူဇနာသုံးထောင်ကျယ်ဝန်းသော ဟိမဝန္တာတောကိုဆိုလိုသည်။ ကြိုးရှစ်စင်း ဆိုသည်မှာ သရရှစ်လုံးကို ဆိုသည်။ တိုင်လေးတိုင်ဆိုသည်မှာ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော တည်းဟူသော ဓာတ်လေးပါးကိုဆိုလိုသည်။ ဗျည်း ၃၃ လုံးတို့သည် ဘုံသုံးပါးအတွင်းမှာ ပညတ်ရင်းမူလ အက္ခရာသာ ဥက္ကဌ ဖြစ်ကြောင်းပြဆိုသည်။
မြင်သမျှတွေ့သမျှသော လူကိုသော်၎င်း၊ အစားအသောက်ကိုသော်၎င်း၊ အရာဝတ္ထုကို သော်၎င်း၊ ပညတ်များကိုစစ်ဆေးပြီး သောမဂြိုဟ်၊ ပါပဂြိုဟ်ခွဲခြားခြင်း။ အန္တော၊ ဂဗ္ဘေ၊ စရေ၊ ဝံသေ ဖြင့်ခွဲခြားခြင်း၊ အက္ခရာအားဖြင့်၎င်း၊ သင်္ချာအားဖြင့်၎င်း၊ နေ့အားဖြင့်၎င်း၊ နာမ်အားဖြင့်၎င်း၊ ဂြိုဟ်သက်အားဖြင့်၎င်း ခွဲခြားနိုင်ရမည်။

ဆေးဟူသောအရာသည်သြကာသလောက၌ ရှင်သန်ပေါက်ရောက်နေကြသမျှသော သစ်ပင်၊ သစ်မြစ်၊ သစ်ဥ၊ သစ်ဖု၊ သစ်ရွက်တို့ အားလုံးကိုခေါ်ဆိုခြင်းဖြစ်သည်။
မြင်မြင်သမျှသော သစ်ပင်၊ သစ်မြစ်၊ သစ်ဥ၊ သစ်ဖု၊ သစ်ရွက်တို့အားလုံးတွင် ဓာတ်လေးပါး ပါဝင်သည်။ ဓာတ်လေးပါးနှင့်ကင်းလွတ်၍ မတည်မဖြစ်နိုင်။ ထို့ကြောင့် ၎င်းတို့ကို ဆေးဝါးအဖြစ် အသုံးပြုကုသနိုင်ခြင်းဖြစ်သည်။
(ဆရာကြီးဦးသာတင့် ပုဂ္ဂလပညတ်ဓာတ်ကျမ်း)

စာရေးဆရာမ ဂျာနယ်ကျော်မမလေးနှင့် ဆရာကြီးဦးသာတင့်တို့ ရေးသားတင်ပြခဲ့သည်များမှာ မြန်မာပြည်တွင်း ခေါ်ဝေါ်ပညတ်၊ ကုသခဲ့ခြင်းများဖြစ်သည်။ အခြားတိုင်းပြည်များတွင် ရောက်ရှိနေသူများကလည်း မိမိတို့ရောက်ရှိနေသည့် နိုင်ငံအလိုက် အခေါ်အဝေါ်များအပေါ် မူတည်ပြီး နေဂိုဏ်း၊ လဂိုဏ်း ခွဲခြားနားလည်နိုင်ရမည်။ မည်သို့ ပင်ခေါ်ခေါ် ထွက်ရှိသည့် အသံမှာ ဗျည်း၃၃လုံးနှင့် သရရှစ်လုံး ပေါင်း ဝဏ္ဏ ၄၁လုံးထဲမှ မထွက်နိုင်ပေ။ ဥပမာ မြန်မာပြည်တွင် လိမ္မောသီးဟုခေါ်သော်လည်း အမေရိကန်တွင် အောရိန်း(အရိုင်း) ဟုခေါ်သည်။ လိမ္မော်သီးသည် မြန်မာပြည်တွင်းရှိလူများအတွက် သောမပညတ် လဂိုဏ်း သမားအတွက် နဝင်းကျေဆေးဖြစ်သော်လည်း အမေရိကန်တွင် နေသူများအတွက် ပါပပညတ် နေဂိုဏ်းသမားများအတွက် နဝင်းကျေဆေးဖြစ်နေသည်။ ထို့ကြောင့် အောရိန်းကို အမေရိကန်မှ နေဂိုဏ်း( အ၊ စ၊ဆ၊ ဇ၊ ည၊ ရ၊ တ၊ န၊ ထ) စသည့် အမည်ပညတ်ရှိသူများက စားသောက်နိုင် ပြီး၊ လဂိုဏ်း(က၊ ခ၊ ဂ၊ င၊ ပ၊ ဖ၊ မ၊ လ၊ ဝ၊ သ၊ ဟ) စသည့် အမည်ပညတ်ရှိသူများက ရှူခြင်း လိမ်းခြင်း စသည်ဖြင့်ပြုလုပ်နိုင်သည်။ ထို့အတူ သံပရာကို အမေရိကန်တွင် လီမွန်(လူမိုက်) ဟုခေါ်သောကြောင့် သောမပညတ် လဂိုဏ်း သမားများအတွက် နဝင်းကျေဆေးဖြစ်သည်။ ထို့ကြောင့် လီမွန်ကို အမေရိကန်မှ လဂိုဏ်း(က၊ ခ၊ ဂ၊ င၊ ပ၊ ဖ၊ မ၊ လ၊ ဝ၊ သ၊ ဟ) စသည့် အမည်ပညတ်ရှိသူများက စားသောက်နိုင် ပြီး၊ နေဂိုဏ်း( အ၊ စ၊ဆ၊ ဇ၊ ည၊ ရ၊ တ၊ န၊ ထ) စသည့် အမည်ပညတ်ရှိသူများက ရှူခြင်း လိမ်းခြင်း စသည်ဖြင့်ပြုလုပ်နိုင်သည်။

ဒီနေရာမှာ ကျွန်မ၏ကိုယ်တွေ့တခုကို ပြောပြလိုပါတယ်။ ကျွန်မဟာ သောမပညတ် လဂိုဏ်း သမားဖြစ်ပြီး လဖ္ဘက်ရည်ကိုသိပ်ကြိုက်ပါတယ်။ လဖ္ဘက်ရည်သောက်လို့လဲ အိပ်မရတာတို့၊ ရင်ပြည့်တာတို့လဲ မရှိခဲ့ပါဘူး။ ဒါပေမဲ့ အမေရိကန်ရောက်ပြီးနောက်ပိုင်းမှာ လဖ္ဘက်ခြောက်နဲ့ ရေနွေးကြမ်းကို အလုပ်ချိန်တွေမှာ သောက်တဲ့အခါ ရင်ထဲမှာအစာမကြေသလို တစ်ဆို့ဆို့ ဖြစ်နေပြီး လေတက်တဲ့အခါလည်း ရင်ထဲမှာချောင်သွားတယ်မရှိဘဲ ဆို့ကြပ်နေမြဲပဲ ဖြစ်နေခဲ့ ပါတယ်။ ဘာကြောင့်မှန်းမသိခဲ့ပါဘူး။ ဘာစားမိလို့ပါလိမ့်ဆိုပြီး စားခဲ့တာတွေကို စဉ်းစား ကြည့်လဲ ဘာမထွေထွေထူးထူးမရှိတာတွေ့ရပါတယ်။ နောက်ဆုံး ပုဂ္ဂလပညတ်နည်းနဲ့ တွက်ကြည့်မှ ကျွန်မသောက်နေခဲ့မိတာက တီး လို့ခေါ်တဲ့လဖ္ဘက်ခြောက်ရယ်၊ ဝမ်းမချုပ် အောင်ဆိုပြီး ဆားနဲနဲခပ်သောက်တော့ တီးနဲ့ ဆော့(စိတ်တို)ဆိုပြီး ပါပဂိုဏ်းသား နဝင်းကြေ ဆေးဖြစ်နေတာကိုတွေ့ရပါတယ်။ ဒါဟာ ကျမတစ်ယောက်တည်း ဖြစ်တာမဟုတ်ပါဘူး။ မနီဇိုးတားမှာနေတဲ့ အမတစ်ယောက်လည်း ဒီရောက်မှ လဖ္ဘက်သုပ်စားပြီး လေခံတာ အမြဲ ဖြစ်တယ်လို့ပြောပါတယ်။
အောရိန်း - တနင်္ဂနွေ ဂြိုဟ်သက် (၆) နှစ်- ရာဟု ဂြိုဟ်သက် (၁၂) နှစ် ဂြိုဟ်သက်နှစ်ခုပေါင်းတော့ (၁၈) (၁+၈) (၉) နဝင်းကြေဆေး။
လီမွန်- ဗုဒ္ဓဟူး ဂြိုဟ်သက် (၁၇) နှစ် - ကြာသပတေး ဂြိုဟ်သက် (၁၉)နှစ် ဂြိုဟ်သက်နှစ်ခုပေါင်းတော့ (၃၆) (၃+၆) (၉) နဝင်းကြေဆေး။
တီး နှင့် ဆော့- စနေ ဂြိုဟ်သက် (၁၀)နှစ် အင်္ဂါ ဂြိုဟ်သက်( ၈)နှစ် ဂြိုဟ်သက် နှစ်ခုပေါင်းတော့ (၁၈) (၁+၈) (၉) နဝင်းကြေဆေး။
ကျွန်မသိထားသောအနည်းငယ်အား ရောညှပ်ရေးသားထားခြင်းဖြစ်ပါတယ်။

Monday, December 8, 2008

လင်္ကာများ... ဆရာကြီးဦးသာတင့်

ဂြိုဟ်ရှစ်ခွင်တို့ကို ပိုင်းခြားဝေဖန်ပြီး ဂြိုဟ်ခွင်၏ ဂြိုဟ်သက်ကိုလည်းကောင်း၊ ဂြိုဟ်ခွင်၏ အရုပ်ကိုသော်လည်းကောင်း၊ ဂြိုဟ်ခွင်၏ တည်ရာအရပ်ကိုလည်းကောင်း ဖော်ပြထားသော လင်္ကာကို တင်ပြလိုက်ပါသည်။

၁။ တနင်္ဂနွေဂဠုန်၊ ခြောက်နှစ်ကြုံ၊ နေတုံအရှေ့မြောက်။
၂။ တနင်္လာကျား၊ တစ်ဆယ့်ငါး၊ နေငြားအရှေ့ရပ်။
၃။ အင်္ဂါခြင်္သေ့၊ ရှေ့တောင်ကွေ့၊ မရွေ့ရှစ်နှစ်မျှ။
၎။ ဗုဒ္ဓဟူးဆင်၊ တောင်ရပ်ခွင်၊ နေချင် တစ်ဆယ့်ခွန်။
၅။ စနေနဂါး၊ နောက်တောင်ပါး၊ နေငြားတစ်ဆယ်ပ။
၆။ ကြာသပတေးကြွက်၊ အနောက်ဘက်၊ နေလျက်တဆယ့်ကိုး။
၇။ ဟိုင်းမင်းစစ်စစ်၊ တစ်ဆယ့်နှစ်၊ နေလစ်နောက်မြောက်သာ။။
၈။ ပူးမင်းမှန်လစ်၊ နှစ်ဆယ့်တစ်၊ နေလစ်မြောက်ရပ်သာ။

ဤလင်္ကာမှ ဂြိုဟ်ရှစ်ခွင်တို့၏ ဂြိုဟ်သက်တို့ကို မှတ်သားနိုင်သည်။

အောက်ပါလင်္ကာများကို မှတ်သားထားခြင်းဖြင့်လည်း ပုဂ္ဂလပညတ်ကျမ်းအတွက် အသုံးဝင် ပါသည်။

၁။ အောင်ပကုလားဆွေသားတော်ရင်း၊ မိတ်ဖက်ခြင်း။
အောင်ပကုလား၊ ဆွေသားတော်ရိပ်၊ အပြင်မိတ်။
အောင် (တနင်္ဂနွေ)။ ပ (ကြာသပတေး)
ကု (တနင်္လာ)၊ လား (ဗုဒ္ဓဟူး)
ဆွေ (အင်္ဂါ)၊ သား (သေကြာ)
တော် (စနေ)၊ ရင်း(ရာဟု) စသည့်ဖြင့် နေ့များကောက်ယူပြီး ရန်ဖက် မိတ်ဖက်သိနိုင်ရမည်။ အောက်ပါလင်္ကာများတွင် လည်း ထိုနည်းအတိုင်းကောက်ယူရမည်။

၂။ ဥသာစိန်ပန်းဒါန်းလှကိုရှာ၊ မိတ်ဖက်ပါ။
ဥသာစိန်ပန်း၊ ဒန်းလှကိုရှာ၊ ပြင်မိတ်ပါ။

၃။ အန္တောဂဗ္ဘေ္ဘ၊ စရေဝံသေ ဓာတ်ဖက်ပေ။
အန္တောဂဗ္ဘေ၊ စရေဝံသေ အတွင်းဆွေ။

၎။ ဓမ္မာသောကအင်းဝရာဇာ၊ အသက်မရှည်ရာ။
(ဝါ) အိမ်ထောက်ဖက် အသက်မရှည်ရာ။
ဓမ္မာသောက၊ အင်းဝရာဇာ၊ တွင်းရန်သာ။

၅။ ဥဝေစံကူးရေဘူးတောသူ၊ ဓာတ်ရန်သူ။
ဥဝေစံကူး၊ ရေဘူးတောသူ၊ ပြင်ရန်သူ။

၆။ ဥညိုခေမာသုတဝေရီ ရန်စီစီ။
ဥညိုခေမာ၊ သုတဝေရီ ပြင်ရန်မည်။

၇။ အရိုင်းခေါင်သောက်လူမိုက်စိတ်တို
(အရိုင်း၊ စိတ်တို) (လူမိုက်၊ ခေါင်သောက်)
ပါပဂြိုဟ် နဝင်းကြေဓာတ်နှင့် သောမဂြိုဟ်နဝင်းကြေဓာတ်။

ဆရာလှိုင်မှာ ကိုသာပုံကို သခွားသီးကျွေး၍ကုသခဲ့ရာတွင် သခွားသီးတမျိုးတည်းနှင့်ပင် ခေါင်သောက် (တနင်္လာ ဂြိုဟ်သက် ၁၅နှစ်၊ သောကြာ ဂြိုဟ်သက် ၂၁နှစ်ကိုပေါင်းလျှင် ၃၆ ရပြီး ၃နှင့် ၆ ကို ပေါင်းသော် ရ၍ နဝင်းကြေဓာတ်ဟု သတ်မှတ်သည်။) ဟူသောနဝင်းကြေလျက် ရှိသည်ကို သတိပြုသင့်သည်။ ဓာတ်ဆရာတို့က နဝင်းကြေလျှင် ဆေးဟု ဆိုစမှတ်ပြုကြသည်။

(သခွားသီးမှာ၊ သန္တာပဟု၊ ပြင်းစွာအပူ၊ ဝှန်ဆူကဲလျှံ၊ ပိတ္တံတစ်ရပ်၊ ဥဏှယပေ၊ တေဇောဓာတ်ကြောင့်၊ မဖြောင့်ယွင်းပါး၊ ပျားသော်တဝ၊ ကရိဿမုတ္တံ၊ ဆုရန်တစိ၊ ကျင်ကြီးကျင်ငယ်၊ အသွယ်သွယ်မှာ၊ နာရောဂါကို ပယ်ခွာစေတတ်)
ရသဓာတု
သခွားသီး(စာ)။ ။ စာလေးသခွားအစေ့မှာ ပြုတ်သောက်က ချွေးထွက်စေသည်။ အမြစ်မှာ ပြုတ်သောက်သော် လေရောဂါကို ပျောက်ကင်းစေသည်။ အမြစ်မှာ သွားနာ၊ သွားကိုက်ခြင်း၌ ကောင်းသည်။
သခွားသီး(ကုလား)။ ။ ကုလားသခွားသီးသည် အသီးစိမ်းမှာခြောက်ထပ်စေ၏။ ချုပ်စေ၏။ ကြေကျက်ခဲသည်။ နှုတ်မြိန်စေ၏။ သည်းချေကို ပယ်ဖျက်တတ်၏။ လေဖျားကိုဖြစ်စေသည်။ အပူကို ငြိမ်းစေသည်။ အမှည့်သည် ဝမ်းမီးတောက်စေသည်။ သည်းခြေကိုတိုးပွားစေသည်။ ဒေါသသုံးပါးကိုနိုင်သည်။ ထိုမှတပါး အစိမ်းသည်တွေဝေခြင်း၊ ဆီးအောင့်၊ သွေးအန်၊ သွေးကျ၊ ဖောက်ပြန်သောရောဂါ။ အမှည့်သည် ရေငတ်၊ အပူရောဂါ၊ ပင်ပန်းခြင်းတို့ကို ပျောက်ကင်းစေ၏။
သခွားမ (မွှေးပွင့်)။ ။ ဒေါသသုံးပါးကို ဖြစ်ပွားစေ၏။ ဝမ်းမီးညံ့စေသည်။ အသီးစိမ်းသည် ခြောက်ထပ်စေသည်။ ကြေကျက်ခဲသည်။ အူတို့ကို တွန့်ရှုံ့စေတတ်သည်။ အသီးမှည့်သည် သည်းချေကို ဖြစ်ပွားစေသည်။

ဆရာကြီးဦးသာတင့်၏ ပုဂ္ဂလပညတ် ဓာတ်ကျမ်းမှ ကူးယူဖော်ပြပါသည်။

Sunday, December 7, 2008

အမည် ပညတ်နှင့် နေဂိုဏ်း လဂိုဏ်း ခွဲခြင်း


က၊ ခ၊ ဂ၊ ဃ၊ င တို့သည် လည်းကောင်း၊ ပ၊ ဖ၊ ဗ၊ ဘ၊ မ တို့သည် လည်းကောင်း ၊ ယ၊ လ၊ တို့သည်လည်းကောင်း ယင်းဗျည်းတို့၏ အသံပါသမျှတို့သည်လည်းကောင်း သောမ ပညတ်များဖြစ်ကြသည်။ လဂိုဏ်း ဖြစ်သည်။
လူ၏အမည်များဖြစ်သော မောင်ကျော်၊ မောင်ဝင်း၊ မောင်မြ၊ မောင်သိန်း စသည်များတွင် အရင်းနာမ်ကိုယူရသည်။ သက်မဲ့ဖြစ်လျှင် အဖျားနာမ်ကို ယူရသည်။
ပုဂ္ဂလပညတ် ဓာတ်ဆရာ၏အလိုအားဖြင့် ရေသတ္တဝါဖြစ်လျှင် အဖျားနာမ်ကိုယူလေ့ရှိသည်။
သံပရာကို ရာဟုနာမ်အဖြစ် ယူသော်လည်း ရှောက်ကို ဓာတ်ဦးခေါင်းချရာ က ကြီးသတ်ကိုယူသောကြောင့် တနင်္လာနာမ်ဖြစ်သွားသည်။ မန်ကျည်းနှင့် ငါးကျည်းတွင်လည်း ဓာတ်ဦးခေါင်းချရာ သတ်ကိုယူသည်။ ထို့ကြောင့် အင်္ဂါနာမ်များဖြစ်သွားသည်။ သို့ရာတွင် အလုံးစုံတွင် သတ်ပုံ၏ ဓာတ်ဦးခေါင်းချရာကိုချည့် လိုက်မယူရကြောင်း သတိပြုသင့်သည်။
သောမ ပညတ်အမည်ရှိသူသည် သောမပညတ်အမည်ရှိသော ဆေးဝါး၊ အစားအစာတို့ကိုသာ စားသောက်ရမည်။ (ဥပမာ- မောင်ကျော်သည် သောမပညတ်အမည်နှင့်ဆုံးသော ကြက်ဝက်ဘဲ၊ ငါးခူ၊ ငါးမြင်း၊ ငါးကြင်း၊ ငါးပြေ၊ ငါးဖယ်၊ ပန်းဂေါ်ဖီ၊ခွားသီး၊ ဘူးသီး၊ ချဉ်ပေါင်၊ ရှောက် စသည့် တို့ဖြစ်သည်။)

စ၊ ဆ၊ ဇ၊ ဈ၊ ည တို့သည်လည်းကောင်း၊ ဋ၊ ဋ္ဌ၊ ဍ၊ ဎ၊ ဏ တို့သည်လည်းကောင်း တ၊ ထ၊ ဒ၊ ဓ၊ န တို့သည်လည်းကောင်း၊ ကောက်သည်လည်းကောင်း၊ သည်လည်းကောင်း ယင်းဗျည်း တို့၏ အသံပါသမျှတို့သည် လည်းကောင်း ပါပ ပညတ်များဖြစ်ကြသည်။ နေဂိုဏ်းဖြစ်သည်။
လူ၏အမည်များဖြစ်သော မောင်အုန်း၊ မောင်ဉာဏ်၊ မောင်ထွန်း၊ မောင်ရွှေ တို့သည် ပါပပညတ် (နေဂိုဏ်း) များဖြစ်သည် ။ ပါပပညတ် ပါသောအမည်ရှိသူသည် ပါပပညတ် အမည်ပါသော ဆေးဝါး၊ အစားအစာတို့ကိုသာ စားသောက်ရမည်။ (ဥပမာ- အောင်း၊ ကုလားအုပ်ဆိတ်နွားထုံး၊ ငါးအိုက်၊ ငါးရံ့၊ ငါးတန်၊ ပုစွန်၊ ဂန့်အိပ်၊ ကန်စွန်း၊ ဟင်းနုနယ်၊ ရွှေဖရုံ စသည့် တို့ဖြစ်သည်။)

မိမိတို့ဂိုဏ်းနှင့် သက်ဆိုင်ရာ အစားအသောက်များကို စားခြင်းသည် နာမ်ဆေးဟု ခေါ်ဆို ခြင်းပင်ဖြစ်သည်။
သောမဂိုဏ်းသားသည် မိမိတို့နှင့် မသင့်သော၊ ပါပပညတ်ပါသော ဆေးဝါး အစာအာဟာရ ဝတ္ထုမှန်သမျှတို့ကို အပြင်မှရှူရန်၊ မှိုင်းနံ့ခံရန်၊ လိမ်းရန်၊ စိမ်ပေးရန်သာလျှင် ပြုလုပ်ရသည်။ ယင်းသို့ပြုလုပ်ခြင်းကို ရုပ်ဆေး ဟုခေါ်သည်။ ပါပဂိုဏ်းသားတို့သည်လည်း ထို့နည်းတူစွာ ပင်ဖြစ်သည်။

ဆရာလှိုင်၏ လက်တွေကုထုံးများ

ကျေးဇူးရှင်ကြီး ဆရာကြီး ဆရာလှိုင်၏ လက်တွေ့ကုသပုံ ကုနည်းများနှင့် အယူအဆများကို စာရေးသူ ကိုယ်တွေ့ကြုံခဲ့ရသမျှ လေ့လာခဲ့ရသမျှထဲမှ ကိုသာပုံအားကုသပုံကို ဖော်ပြလိုပါသည်။
တစ်ချိန်တုန်းက မှော်ဘီခရိုင် ဥက္ကံမြို့အနီး ရွာငယ်တခုတွင် ကိုသာပုံဆိုသူတစ်ယောက်သည် ဖောယောင်သောရောဂါ စွဲကပ်သည်။ အိုမင်းလြှပီဖြစ်သော မြန်မာသမားတော်ကြီး တစ်ယောက်ကို ပင့်ပြီးကုသသည်။ ရောဂါသည် နောက်မဆုတ်ဘဲ တိုး၍တိုး၍လာ သောကြောင့် လူနာရှင်နှင့် သမားတော်ကြီးတို့ တိုင်ပင်ကြသည်။ နောက်ထပ် ဆရာတစ်ယောက် ထပ်မံပင့်ပြီး လက်ရှိဆရာနှင့်လည်း တိုင်ပင်ကုသကြရန်ဖြစ်သည်။ ပထမ ကုနေသည့်ဆရာကလည်း သဘောတူလက်ခံကာ နောက်ထပ် အသက်အရွယ်ကြီးရင်သည့် ဆရာကြီးတယောက်ကို ပင့်ကြသည်။ သမားအိုကြီးနှစ်ယောက် တိုင်ပင်ကုသကြ ပါသော် လည်း လူနာမှာ သက်သာမလာဘဲ ပို၍ပင် ဖောယောင်လာတော့သည်။ ထိုရက်ပိုင်းအတွင်းက အိုင်ကလောင်ဓာတ်ဆရာကြီး ဆရာလှိုင်သည်ဖလုံဘူတာရွာသို့ ရောက်နေခိုက်ဖြစ်သည်။ ထိုသတင်းကို လူနာရှင်ကြားသောကြောင့် မူလဆရာနှစ်ဦးနှင့် တိုင်ပင်ပြန်သည်။ ဆရာလှိုင်၏ သတင်းမှာ အလွန်ကြီးကြောင်း ကုသပုံ ကုသနည်းများကိုလည်း လက်တွေ့ မြင်လိုပါကြောင်းဖြင့် လူနာရှင်ကပြောသည်။ ဆရာများက သဘောတူညီသောကြောင့် ဆရာလှိုင်ကို သွားပင့်သည်။ မူလဆရာနှစ်ဦးကလည်း လူနာထံမှာပင် အသင့်ရှိနေသည်။ လူနာရှင်က ပစ်မထားရန်တောင်းပန်သောကြောင့် လိုအပ်သည်များ အကူအညီပေးရန် နေကြခြင်းဖြစ်သည်။ ဆရာလှိုင်ရောက်သောအခါ တစ်ယေက်က ဆီးပြောသည်။ “ဆရာလှိုင် ရေ လုပ်ပါဦး၊ ကျုပ်တို့နှစ်ယောက်တော့ ဒီရောဂါကို မျက်စိလည်နေပြီ။ ဆရာ့သတင်းကို လည်းကြားလို့ ပင့်ခိုင်းလိုက်တာ ဖြစ်ပါတယ်။ ဦးခေါင်းပိုင်းကစပြီး တကိုယ်လုံးရောင်နေတော့ ကျုပ်တို့အသိနဲ့ ဝိတ္ထမ္ဘီတအနာစွဲပြီး ဝိတ္ထမ္ဘီတ ဆေးတွေနဲ့ကုနေတာ။ကုနေရင်းနဲ့ ပိုပြီးတော့သာ ဖောယောင်လာတော့တယ်။” “ကျုပ်ကတော့ ဝိတ္ထမ္ဘီတ တွေ၊ ဗြူဟနတွေ နားမလည်ပါဘူးဗျာ။ ကိုသာပုံဖောတာ ကိုသာပုံကိုပဲ ကုရမှာပဲ။ ကိုသာပုံဖောနေတာဆိုတော့ ကိုသာပုံနာ မဟုတ်ဘူးလားဗျ” ဟု ဆရာကြီးက ပြုံးလျှက်ပြန်ပြောလိုက်သည်။ စောစောကဆရာကြီး နှစ်ယောက်မှာ ဆရာလှိုင်၏အဖြေကိုကြားရသောအခါ မျက်နှာပျက်သွားကြသည်။ သက်သက်ခွစကားပြောသည်ဟု တီးတိုးဆိုပြီး ဘေးမှ အိမ်တအိမ်သို့ သွားထိုင်နေကြတော့ သည်။
တအောင့်အကြာတွင် လူနာရှင်က ဆရာကြီးကို ထမင်းကျွေးသည်။ ဆရာကြီး ထမင်းစားနေခိုက် လူနာကိုသာပုံသည် ထမင်းဝိုင်းနှင့်မနီးမဝေး အခန်းဝခြေကျော်ပေါက်မှာ စောင်ခြုံထိုင်ရင်း ဆရာကြီး၏မျက်နှာကို လှမ်းကြည့်နေသည်။ လူနာရှင်ကလည်း ဆရာကြီး အနားမှာ ကျုံ့ကျုံ့ထိုင်ရင်း စောင့်နေသည်။ ဆရာကြီးသည်မိမိနှင့်သင့်သော ဟင်းတခွက် တည်းကိုသာ အမြန်ကုန်အောင်ဖိစားလိုက်သည်။ ဟင်းတခွက်ကုန်သောအခါ လူနာရှင်သည် နောက်ထပ်ဟင်းထည့်ပေးရန်အတွက် မီးဖိုချောင်အတွင်းသို့ ဝင်သွားသည်။ ထိုအခိုက် ဆရာကြီးက တို့စရာပန်းကန်ထဲမှ သခွားသီးစိတ် သုံးစိတ်ကိုယူပြီး ကိုသာပုံထံသို့ လှမ်းပစ်ပေးလိုက်သည်။ ကိုသာပုံကလည်း သခွားသီးသုံးစိတ်စလုံးကို ပါးစပ်ထဲထည့်ပြီး တမြုံ့မြုံ့ဝါးနေသည်။ ဆရာကြီးသည် နောက်ထပ်ဟင်းတခွက်ကို အမြန်စားလိုက်ပြန်သည်။ ဟင်းကုန်သွားသောကြောင့် လူနာရှင်က ဟင်းဖြည့်ပေးရန် မီးဖိုချောင်တွင်းသို့ ဝင်သွားပြန် သည်။ ထိုအခိုက်မှာပင် နောက်ထပ်သခွားသီးနှစ်စိတ်ကို ဆရာကြီးက ကိုသာပုံထံသို့ လှမ်းပစ်ပေးလိုက်ပြန်သည်။ ကိုသာပုံကလည်း ရှေးနည်းအတူ စားပြန်သည်။ သခွားသီးငါးစိတ် ကျွေးအပြီိးတွင် ဆရာကြီးလည်း ထမင်းစားပြီးသွား၏။ ထမင်းဝိုင်းမှထကာ စောစောက သမားအိုကြီးနစ်ယောက်ရှိရာသို့ လိုက်သွားပြီး သူတို့နှင့်ပင် စကားတွေဖောင်လောက်အောင် ပြောနေ၏။ ထမင်းအိုးတလုံးချက်ခန့် ကြာသောအခါ လူနာရှင်သည် ဆရာကြီးရှိရာသို့ လိုက်လာသည်။ ကိုသာပုံ ဆီးတွေသွားလိုက်တာ အုန်းမှုတ်ခွက်ကြီးတလုံးတောင် မဆန့်ဘူးဟု ပြောသည်။ ဆရာကြီးကလည်း ယနေ့ညနေ အဖောကျသွားလိမ့်မည်ဟု ပြန်ပြောသည်။ ပြောသည့်အတိုင်းပင် ညနေပိုင်း၌ ကိုသာပုံ အဖောကျသွားတော့သည်။ ရောဂါလုံးဝ ပျောက်ကင်းသည်အထိ ဆရာကြီးကပင် ဆက်လက်ကုသပေးသည်။

ဆက်လက်ဖော်ပြပါဦးမည်။


ဆရာကြီးဦးသာတင့်၏ ပုဂ္ဂလပညတ် အခြေခံဓာတ်ကျမ်းမှ ကူးယူဖော်ပြသည်။