Wednesday, December 24, 2008

ဥဒေါင်း စင်ယော် ကြင်ဖော် လင်းသက်... ဂျာနယ်ကျော်မမလေး

ဇန်နဝါရီလ၊ ဖေဖော်ဝါရီလထုတ် သွေးသောက်မဂ္ဂဇင်းတွင် တီဘီလားဟူသောဆောင်းပါးနှင့် အမျိုးသားဆေးပညာ ဆောင်းပါးနှစ်ပုဒ် ရေးလိုက်မိသည်။ ထိုဆောင်းပါးနှစ်ပုဒ်ရေးမိ၍ အရပ်ရပ်အနယ်နယ်က ရောဂါသည်များထံမှ သူတို့၏ရောဂါဝဒနာကို ဖော်ပြကာ ကုသပေးရန် နေ့စဉ်ဆိုသလိုပင် စာများရောက်လာလေ၏။ ကျွန်မမှာ ဂန္ထဝင်ဂျာနယ်ကိုထုတ်ဝေရန် ပုံနှိပ်စက်ကြီးမရှိသေး၍ စာဖောင်များကိုစီကာ အခြားပုံနှိပ်စက်တွင် သွားရောက်ရိုက်နှိပ်နေ သောကြောင့် နေ့မအား ညမအားအလုပ်များလျက်ရှိနေသည်။ ကျွန်မထံသို့ တိုက်ရိုက်သော် လည်းကောင်း ၊ သွေးသောက်မှတဆင့်သော်လည်းကောင်း နေ့စဉ်မပြတ် တဖွဲဖွဲရောက်နေ သော စာအိတ်များကိုဖွင့်ဖောက်ကာ မည်သူ့ထံမှ မည်သည့်ရောဂါ စသည်လောက်သာ ကဗျာကသီဖတ်ကြည့်လိုက်ပြီး ဖိုင်တစ်ဖိုင်သီးခြားဖွင့်လျက် ဖိုင်ထဲသို့သာ ညှပ်သွင်းထားလိုက် ရသည်။ အနယ်နယ်ကပို့လိုက်သောစာများမှာ များသောအားဖြင့်စာပြန်ရန် စာအိတ်ခေါင်းပါ တစ်ပါတည်း ထည့်ပေးကြလေသည်။ စာပြန်ရန် စိတ်စေတနာရှိလျက် အချိန်မရ၍ ရုတ်တရက် မပြန်ကြားဘဲ ရှိကာ တစ်နေ့နေ့တော့စုပြန်မှဟု အောက်မေ့ထားရာ ဖိုင်တွဲကြီးမှာ တဖြည်းဖြည်း မို့မောက်၍သာလာတော့သည်။

ဂန္ထဝင်ဂျာနယ်အမှတ်-တစ် ထွက်သွားနိုင်ရေးအတွက် လုံးပမ်းခဲ့သည်မှာ စာပုံနှိပ်တိုက်လုပ်ငန်း စာပေထုတ်လုပ်ရေးလုပ်ငန်းကို မလုပ်ချင်လောက်သည့် အထိဖြစ်ခဲ့၏။ ကျွန်မနေသောအိမ်နှင့် အလုပ်တိုက်မှာ ငါးမိုင်ခန့်ဝေးလေသည်။ နံနက် အိမ်မှ ၇ နာရီလောက်ထွက်ခဲ့ကာ တစ်နေ့လုံး တိုက်တွင်အလုပ်များ ကုန်းလုပ်နေရသည်။ ညနေစောင်းလျှင် သူသူငါငါအလုပ်မှ အိမ်သို့ ပြန်ကြသလို ကျွန်မလည်းပြန်ချင်လာသည်။ ပုံနှိပ်ထုတ်ဝေရန်လုပ်ငန်းကား အချိန် ကန့်သတ်ထား၍ ရသောလုပ်ငန်းမျိုးမဟုတ်ပေ။ ပန်းချီဆရာကနှောင့်နှေးနေလျှင်သော်၎င်း၊ စာတစ်ဖောင်ပြီးစီးအောင် နေ့ရယ် ညရယ်ရွေးနေ၍မဖြစ်နိုင်ဘဲ ပြီးသည့်အချိန်အထိ ပြီးအောင်လုပ်ရလေသည်။ စာဖောင်သွင်းပြီးချိန် ည ဆယ်နာရီဖြစ်စေ၊ ဆယ့်တစ်နာရီ ဆယ့်နှစ်နာရီ၊ တစ်ချက်နှစ်ချက်ဖြစ်စေ မဆိုင်းဘဲ စာဖောင်ကိုစက်ပေါ်တင် ရိုက်နှိပ်ရန် လိုအပ်လာသည်။ စက်မရှိဘဲဂျာနယ်ကိုထုတ်ဝေခြင်းများဖြစ်ရာ သူများစက်တွေတွင် ညကြီးသန်းခေါင် လိုက်လံတောင်းပန်ကာ ချက်ချင်းစက်ပေါ်တင်ရိုက်ပေးပါရန် ပြောရ လေသည်။ ဤအခက်အခဲများကြောင့် ဂျာနယ်ကိုစတင်ထုတ်ဝေသည်ဆိုသည်နှင့်ပင် အိမ်ကို ညနေအချိန်မှန် ပြန်ရသည့်ရက်မရှိပေ။ ဂန္ထဝင်ဂျာနယ်မထုတ်ခင် ကျွန်မ၏မိတ်ဆွေ ပင်လုံ ဒေါ်နုရင်က “ လုပ်ပြန်ပြီလားဒီအလုပ်ကို ၊ ဘယ်တော့အရိုးတခြား အသာတခြားလိုက်ကောက် ရမလဲ၊ မလုပ်ပါနဲ့” ဟုတားမြစ်လေသည်။ ဤလိုသာ စားချိန်မရှိ၊ နားချိန်မရှိ၊ အိပ်ချိန်မရှိ၊ နိစ္စဓူဝ စခန်းသွားနေရမည်ဆိုလျှင် သူပြေသလိုအရိုးတခြား အသားတခြားဖြစ်နိုင်စရာရှိသဖြင့် စက်မရှိဘဲလုပ်ရသော ဤလုပ်ငန်းကို ဂျာနယ်အမှတ် - တစ်၊ မထွက်မီပင် ပင်ပန်းလွန်၍ မလုပ်ချင်သလောက် ဖြစ်လာမိသည်။ ဂန္ထဝင်ဂျာနယ်အမှတ်- တစ်ထွက်ပြီးနောက် စက်ကြီး မရှိဘဲမထုတ်တော့ဟု ဆုံးဖြတ်လိုက်သည်။ ဂျာနယ်ကိုဆက်မထုတ်ဘဲရပ်ထား၍ အားချိန် နားချိန်ရသွားသည့်အခိုက် သွေးသောက်ထဲတွင် ရေးလိုက်သောဆောင်းပါးကြောင့် အနားနေ ရပြန်သည်မရှိဘဲ မြို့ပေါ်ကလူမမာတွေ လာခေါ်ရာနောက်သို့လိုက်ကာ အချိန်ကုန်နေပြန် လေသည်။

တစ်နေ့တွင်အားလပ်၍ အလုပ်တိုက်ရှိစားပွဲပေါ်ကဖိုင်တွဲကြီးကို သွားမျက်စိစူးမိသည်။ ဤဖိုင်တွဲထဲတွင်ရှိသည့် လူမမာဦးရေက မနည်းပေ။ ဖိုင်တွဲကိုဆွဲဖွင့်လိုက်ကာ တစ်ရွက်ပြီး တစ်ရွက် လှန်ဖတ်ကြည့်သည်။ လူတို့တွင် ထွေပြားသော ရောဂါဝေဒနာများအတွက် ရှင်လျက်နှင့်သေရသည့် လေငန်းရောဂါနှင့် လူထဲသူထဲမဝင်နိုင်သည့် ကုဋ္ဌနူနာရောဂါနှစ်မျိုးကို အခြားဝေဒနာများထက် သာလွန်စိတ်ပါဝင်စားခြင်း ဖြစ်မိပါသည်။ သည်လိုဝေဒနာမျိုးကို ပျောက်ကင်းချမ်းသာအောင်ကုပေးလိုက်၍ ကျွန်မအားဝေဒနာရှင်က အမှတ်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ကျွန်မတတ်သိနားလည်သောဆေးပညာ၏အစွမ်းကို များစွာတန်ဘိုးထားကာ အနှစ်သိမ့်ကြီး နှစ်သိမ့်မိလေသည်။ စာတွေထဲတွင် လေငန်းနှင့် ကုဋ္ဌနူနာရောဂါသည်များကို ရွေးစစ်၍ မင်နီဖြင့်ခြစ်မှတ်လိုက်ကာ လူနာဦးရေ ဘယ်နှစ်ဦးလဲဟု ရေတွက်ကြည့်သည်။ ကုဋ္ဌနူနာရောဂါစွဲကပ်နေသောလူနာများမှာ လေငန်းရောဂါစွဲကပ်နေသော လူနာများထက် ပိုများနေသည်။ ယောက်ျား မိန်းမအသီးသီး ဝေဒနာသည်များထဲတွင် အမျိုးသမီးကလေး တစ်ယောက်မှာ ကုပေးရန်စာသာရေးပေးလိုက်ပြီး လိပ်စာအပြည့်အစုံပါမလာဘဲ မင်းလှဟု မြို့နှင့် ၎င်း၏နာမည်သာပါလာသည်။ ကုဋ္ဌနူနာကို ပျောက်ကင်းချမ်းသာအောင် အခြားနိုင်ငံ အခြားဆေးဝါးများ တတ်စွမ်းနိုင်ကြသလို မြန်မာ့ဆေးပညာမှာလည်း အခြားနိုင်ငံများထက် အောက်မကျဘဲ အစွမ်းထက်မြက်ကာ သဲလဲစင်ပျောက်ကင်းအောင် ကုသပေးနိုင်ပေသည်။ ကျွန်မဆေးပညာသင်ယူဆည်းပူးစဉ် နာတာရှည်ကိုယ်ပျက်နေသည့် ကုဋ္ဌနူနာကိုပင် လက်တွေ့ကုသချင်လှသည့် ဆန္ဒပြင်းပြနေခိုက် ကံအားလျော်စွာပင် ဆရာကြီးထံသို့ မကြည့်ရဲအောင် ကိုယ်ပျက်နေသော မိန်းကလေးတစ်ဦးရောက်လာသည်နှင့် အစမှအဆုံး ကုထုံးကုနည်းဗဟုသုတ ကိုယ်တွေ့ရရှိခွင့်ရှိရန် ဆရာကြီးကသင်ပြပေးလေသည်။ ထိုစဉ်က သတင်းစာ ဂျာနယ်တစ်ဖက်နှင့် အလုပ်မအားလပ်သည့်ကြားထဲကပင် အချိန်ကိုခိုး၍ မိန်းကလေးရှိရာသို့သာ လစ်လေသည်။ ကုနေရင်း ရောဂါထူးထွေပြောင်းလွဲသည့်သဘော တွေမှာ မျက်စိထဲတွင် မျက်လှည့်ပြနေသကဲ့သို့ အဆန်းတကြယ်ဖြစ်ကာ ခန္တာကိုယ်၌ ဓာတ်တွေကစားနေပုံကို အာရုံပြုရသည်မှာလည်း စိတ်ဝင်စားစရာကောင်းလှသည်။

နောက်ဆုံး မြွေအရေခွံလဲလိုက်သလို ထိုမိန်းခလေး ဝေဒနာကျွတ်သွားသည့်အခါတွင် ကုဋ္ဌ နူနာနှင့် ပတ်သက်၍ အသည်းစွဲအောင်မှတ်သားမိသည့်အချက်ကား စိန်၊ ကန့်၊ ဟင်းရိုင်း၊ ပြဒါး၊ ရွှေငွေပုလဲ စသည့် ဤအနာနှင့် သက်ဆိုင်သည့်ဓာတ်များကို ကျွေးသည့်အခါ မကျွမ်းကျင်လျှင် ရောဂါကို သူက စားသွားတတ်ပြီး ကျွမ်းကျင်လျှင် သူ့ကိုရောဂါက စားလေ ပုံဖြစ်သည်။ အချို့ဆေးကုမှ ပိုဆိုးသွားရခြင်းတို့မှာ ဓာတ်မနိုင် ဓာတ်မသိ၍ အရိုးခိုက်အောင် တစ်ကိုယ်လုံး ပြန့်နှံ့သွားကုန်ခြင်းဖြစ်ပေသည်။ လူထဲမဝင်နိုင်သည့် ဘဝဆုံးနေသူကို လူထဲဝင်နိုင်အောင် ပို့ပြီးသည့်နောက်တွင် ကျွန်မအဖို့ ကုဋ္ဌနူနာသည်မြင်လျှင် ဘယ်လိုများ ကုပေးချင်မှန်းမသိ။ သူ့အနာယူပစ်ချင်၍ စိတ်ထဲမှာ မရိုးမရွအထိဖြစ်ခဲ့ဖူးသည်။ ထိုကဲ့သို့ ကုဋ္ဌနူနာနှင့်ပတ်သက်၍ စိတ်ဝင်စားရသည့်အထဲ ကျွန်မအား အထူးစိတ်ထိခိုက်၊ စိတ်ဝင်စား လောက်အောင် ဖန်တီးလိုက်သည့်အကြောင်းမှာ…
ကျွန်မ၏မောင် တင်ဝင်းခေါ် မောင်အငယ်ဆုံးတစ်ယောက်ရှိသည်။ ကျွန်မ၏ သတင်းစာ တိုက်တွင် ဓာတ်ပုံသတင်းထောက်လုပ်နေကာ လူငယ်ဘာဝ ဖြုန်းလွန်း၊ သုံးလွန်း၊ ပေလွန်း၊ တေလွန်း၍ သူ့ဒါဏ်ကို မခံနိုင်သဖြင့် နောင်ကျဉ်စေရန် သူနှင့်ဝေးဝေး နေလိုက်၏။ ကျွန်မနှင့် ဝေးရာ၊ ကွယ်ရာတွင် နေချင်ရာနေ၊ သွားချင်ရာသွား၊ တေပေနေရင်းလူငယ်ရောဂါစွဲကပ်ကာ သူ့ဟာသူ ဆရာဝန်နှင့်ကြိတ်၍ ဆေးထိုးနေသည်။ ဆေးအလုံးပေါင်း မရေနိုင်လောက်အောင် ထိုးပြီးနောက် ရောဂါမှာသက်သာမသွားဘဲ ရုပ်ပျက်၊ ဆင်းပျက်ဖြစ်အောင်အထိ အခြေအနေ ဆိုးသွားသည်။ နောက်ဆုံး လူထဲမဝင်နိုင်လောက်အောင် လူရုပ်ပျက်သွားသည့်ဘဝ ရောက်မှပင် သူနှင့်ကျွန်မ ပြန်တွေ့ကြသည်။ သူ့ကိုမြင်တာနှင့် သူမှန်းမသိအောင် အလွန်အမင်း ရုပ်ဆင်းပျက်နေပုံကို ကု၍ရပါ့တော့မလားဟု စိတ်ထိခိုက်သွားသည်။ ပန်းဆိုးတန်းရှိ ဂျာနယ်ကျော်အလုပ်ခန်းကို ပုံနှိပ်တိုက်ထားသော လမ်းလေးဆယ် အယ်ဒီတာ များအခန်းသို့ ပြောင်းရွှေ့ရကာ သူ့အားကိုင်တွယ်ပေးမည့် ကုလားတစ်ယောက်ထားလျက် အလုပ်ခန်းထဲတွင် သူ့ကိုထည့်၍ သော့ပိတ်ရလေတော့သည်။ အိမ်ရှိလူများမှာ သူ့ကို ဘယ်သူမှမကြည့်ဝံ့ကြ။ သူ့အနားသို့ ဘယ်သူမှလည်း မသွားလိုကြတော့ပေ။ ကုဋ္ဌနူနာစွဲကပ်၍ တစ်ကိုယ်လုံးအသားများပွလျက် အဖုအထွတ် အသီးကြီးတွေ ပိန်းဖူးထနေပြီးနောက် အရည်တွေရွှဲကျနေသော အနူတစ်ယောက်နှင့်မခြား သူ့မှာလည်း မည်သူမှသူ့ကို စေ့စေ့မကြည့်ရဲစရာ ဖြစ်ပျက်နေလေသည်။ အကြောအခြင်ဆိုင်းကုန်လျက် ခြေလက်များ ကုပ်လာကာ မမြင်ဝံ့၊ မရှုဝံ့ ဘဝဆုံးနေသည့်အဖြစ်ကို ယူကြုံးမရဖြစ်ရင်း သည်ဝေဒနာ အမြစ်ပြတ် လုံးဝပျောက်ကင်း ချမ်းသာရာရလေအောင် သုံးလတိုင်တိုင် မအိပ်မနေ အားတိုက်ခွန်တိုက် လုံးပမ်းအားထုတ် ကုသပေးခဲ့ရသည်။ သည်ရောဂါမျိုး သည်ဆေးနှင့်ဟု ပုံသေကာချ ကုထုံးနည်းသညာ ကုနည်းမျိုးမဟုတ်ဘဲ ပညာဖြင့်ကုသနေခြင်း ဖြစ်သဖြင့် လူမမာမှာ ထူးခြားသော ကုထုံးကုနည်းကို စိတ်ဝင်စားလာ၏။

တစ်နေ့တစ်ခြား ရောဂါစင်လာခြင်းကို ကိုယ်တိုင်သိ၊ ကိုယ်တိုင်သက်သေအဖြစ်နှင့် ဆေးကု ရင်း ပညာကိုလေ့လာဆည်းပူးလိုစိတ် ပေါက်လာလေသည်။ “ကျွန်တော် လူကောင်းပကတိ ဖြစ်သွားရင် ဒီပညာကိုမတတ်တတ်အောင်သင်မယ်၊ ဘဝဆုံးနေတဲ့ လူတွေကိုဘဝမဆုံးအောင် ကျွန်တော်ကယ်တင်မယ်” ဟု တဖွဖွ တတွတ်တွတ် ပြောလေသည်။
သူပြောသည့်အတိုင်းပင် သူ့ရောဂါ လုံးဝကင်းစင်ချမ်းသာသွားပြီးနောက် ကျွန်မနှင့် မနေ တော့ဘဲ ဆရာကြီိးထံတွင် တပည့်ခံလျက် ဆရာကြီးအိမ်သို့ ပြောင်းရွှေ့နေလေ၏။ လူကောင်း ပကတိဖြစ်သွားပြီးနောက် အမေရိကန်သံရုံးတွင် ဓာတ်ပုံဌာနဘက်၌ အလုပ်ဝင် လုပ်ကာ ဆရာကြီးထံတွင်ပညာကို နေ့ညမပြတ် ဆည်းပူးလေ့လာ သင်ကြားနေတော့သည်။ သမ္မတ အိမ်တော်၊ သံရုံးဧည့်ခံပွဲ စသည့် မင်းပိုင်းစိုးပိုင်း ပွဲလန်းအလည်တွင် ဓာတ်ပုံကင်မရာကို ပခုံး၌လွယ်လျက် အရေးပါအရာရောက်သော ပုဂ္ဂိုလ်များကို ဓာတ်ပုံတဖျပ်ဖျပ် လိုက်ရိုက် နေစဉ် ကျွန်မမှာ အဝေးမှသူ့ကို တစိမ့်စိမ့်လှမ်းကြည့်နေရင်း “သည်ပညာ ကျွန်မသင်မိပေလို့ တော်ပါသေးရဲ့” ဟု ဟင်းချမိတော့သည်။
ပညာ အတော်အသင့်ဆည်းပူးမိလျှင် တစ်နေ့အိမ်သို့ သူပေါက်လာသည်။ ကျွန်မကို မြင်မြင်ခြင်း “ကျွန်တော်အလုပ်ကထွက်တော့မယ်” ဟုပြောလေသည်။ “ဘာလို့ထွက်မလဲ.. မင်းလခ ငါးရာလောက်ရတယ်မဟုတ်လား၊ ဘယ်ပြောင်းဦးမလို့လဲ” ဟု ကျွန်မက ပြန်မေး လိုက်သည်။ “ကျွန်တော် ဘယ်မှပြောင်းမလို့မဟုတ်ဘူး၊ မန္တလေးသွားပြီိး ဆေးတိုက်ဖွင့် ဆေးကုတော့မယ်” ကျွန်မမှာ ဟေ ဟုသာဆိုလိုက်နိုင်သည်။ သူကားအလုပ်ကို စွန့်လွှတ်ကာ မန္တလေးတရုတ်တန်းတွင် ဆေးတိုက်ဖွင်လျက် “ဆရာ မောင်တင်ဝင်း” လုပ်နေချေပြီ။ ကုဋ္ဌ နူနာရောဂါသည်များအတွက် အဝေးမှလှမ်းကုသနေ၍ မြန်မြန်ပျောက်နိုင်ဖို့ ခက်သည်။ မျက်စိ အောက်တွင် ကြပ်မတ်ကုသပေးနိုင်မှသာလျှင် မြန်မြန်ပျောက်ကင်း နိုင်ပေသည်။ ကုဋ္ဌနူနာ ရောဂါသည်များ၏ စာများကို တစ်စောင်ပြီးတစ်စောင် ဖတ်လိုက်ပြီးနောက် သူတို့အတွက် စိတ်အိုက်မိသည်။ ကျွန်မကိုယ်တိုင်လည်း သွားရောက် မကုပေးနိုင်၊ အဝေးမှ ဓာတ်စာဆေးဝါး ပေး၍လည်းမဖြစ်။
သည်ပြဿနာကို မဖြေရှင်းနိုင်အောင် ဖြစ်မိသည်။ ထို့ကြောင့် ထိုစာများကိုထား၍ လေငန်း ရောဂါသည်များ၏ စာတွေကိုတစ်စောင်ပြီးတစ်စောင် လိုက်ရှာဖတ်မိပြန်၏။ ကိုယ်တစ်ပိုင်း သေသောသူ၊ ခြေတစ်ဖက်၊ လက်တစ်ဖက်သေသောသူ ထိုလူနာတွေအားလည်း မေတ္တာ အထူးထားမိ၏။ ရိုးရိုးဝေဒနာရှင်မျာထက် ရှင်လျက်နှင့်သေနေရသည့် ဘဝဆိုးကို ခံစားရမှပင် မချင့်မရဲဖြစ်စရာကောင်းမှန်း သိနိုင်ကြမည်ဖြစ်၏။ ထိုဝေဒနာမျိုးမှာလည်း ဖြစ်စ မရင့်ခင် သာလျှင် အဝေးမှဓာတ်စာဆေးဝါးပို့ကာ နည်းညွှန်ပြသနိုင်သည်။ ရက်ကြာ၍ ရင့်နေပါက၊ အထူးသဖြင့် အသက်အရွယ်ကြီးရင့်နေပါက ကိုယ်တိုင် မျက်မြင်အနားမှာနေကာ ကြပ်မတ် ကုသပေးမှသာ မြန်မြန်ပျောက်ကင်းနိုင်မည်။

လေငန်းရောဂါကို ကုသည့်အခါတွင် တစ်ထုံးတည်း၊ တစ်နည်းတည်း၊ တစ်ဆေးတည်း ကု၍မရချေ။ သူနှင့်တည့်တာကို အဓိကထားရသည်။ အချို့ ရေစိမ်ကုခဲ့ရသည်။ အချို့ ဒါန်းလွှဲ ကုခဲ့ရသည်။အချို့ မြေဓာတ်ပေး၍ မြေဖို့ကုခဲ့ရသည်။ လိမ်းဆေးသောက်ဆေးများပင်လျှင် တစ်ယောက်နှင့်တစ်ယောက် မတူကြ။ သေနေသည့်လက်တစ်ဖက် လှုပ်နိုင်၊ မြှောက်နိုင်သွား အောင်သော်လည်းကောင်း၊ စန့်နေသည့်ခြေထောက် ထောက်နိုင် လျှောက်နိုင်သွားအောင် သော်လည်းကောင်း ပြုလုပ်ပေးရသည်လောက် စိတ်ကြည်နူးစရာကောင်းသည်မရှိ။ အသက် သွင်းပေးသလို လှုပ်လာ၍ စိတ်ဝင်စားပုံမှာလည်း ရိုးရိုးရောဂါမျိုးနှင့်မတူချေ။
ကျွန်မလည်းလေငန်းရောဂါသည်များ၏ စာများကို တစ်စောင်ပြီးတစ်စောင် ဖတ်ရှုရင်း လွန်ခဲ့ သည့်နှစ်နှစ်လောက်က လေငန်းနှင့်ကျွန်မ နပန်းလုံးခဲ့ရဖူးသော ထုံးတစ်ထုံးကို သွားအမှတ် ရမိသည်။
ကျွန်မခင်ပွန်းဆုံးပြီး၍ ငါးနှစ်မြောက်ချိန်ဖြစ်သည်။ ကွယ်လွန်သွားသည့် လက စ၍ လစဉ် လတိုင်း လဆန်းနှစ်ရက်နေ့တွင် ဘုန်းတော်ကြီးများနှင့် ဆွမ်းသွပ်သည့် ဝတ်တခုပြုထားခဲ့ရာ ငါးနှစ်ပြည့် အကြိမ်ခြောက်ဆယ်မြောက် ဆွမ်းသွပ်တွင် သူ့မိတ်ဆွေသင်္ဂဟ အပေါင်းတို့ကိုပါ ဖိတ်ခေါ်၍ ဆွမ်းကျွေးသည့်အလျှူကို ပြုချင်လာသည်။ လစဉ်လတိုင်းလိုလို သံဃာတော်များ သာမဟုတ်ဘဲ ငါးနှစ်ပြည့်မြောက် အထိမ်းအမှတ်အဖြစ် သူ့မိတ်ဆွေများပါ လူတရာခန့် ဖိတ်လိုက်သည်။ ကျွန်မအိမ်တွင် လူတစ်ရာခန့်ထမင်းကျွေးရန် ကျွန်မနှင့် မိန်းကလေး တစ်ယောက်သာရှိသည်။ မချက်ပြုတ်နိုင်ကြသဖြင့် ဆွမ်းအတွက်ရော လူအတွက်ပါ ဆန်း ကာဖေးသို့ လွှဲအပ်ရန် ဆန်းကာဖေး တိုက်သို့ သွားလေသည်။ “ လက်ခံထားတဲ့ အလျှူတွေက ဒီရက်မှာဆုံနေလို့ လက်မခံနိုင်ပါဘူး” ဟု ဆန်းဦးထွန်းရင်၏ အစ်ကိုက ပြောလိုက်ရာ လူတွေကို ဖိတ်စာကမ်းပြီးသဖြင့် မကြံတတ်အောင် ဖြစ်သွားသည်။ “ လက်မခံနိုင်ရင်တော့ အခက်ပဲ ဦးရယ်၊ အားလုံးလည်း ဖိတ်ပြီးပြီ၊ ရက်ကကပ်နေပြီ၊ ဒီ့ပြင် ဘယ်များ သွားအပ်ရမလဲရှင်”
“ ဒါဖြင့် ဒီလိုလုပ်၊ ခင်ဗျား အနောက်ပိုင်းကိုသွား၊ ရန်ကုန် သတင်းစာတိုက်နားမှာ လက်ဖက်ရည်ဆိုင် တဆိုင်ရှိတယ်၊ အဲ့ဒီဆိုင်မှာ လူဝဝကြီးတစ်ယောက်ကို တွေ့လိမ့်မယ်၊ သူ့ကိုအကုန်လွှဲလိုက်၊ သူတာဝန်ယူချက်ပေးလိမ့်မယ်၊ စားပွဲ၊ ကုလားထိုင်၊ ပန်းကန်တော့ တခြားမှာသက်သက်ငှားယူပေါ့၊ ကျွန်တော်တို့လည်း တစ်ခါတစ်လေ ဒီမှာမနိုင်ရင် သူ့ဆီမှာအပ်ပြီး ချက်ခိုင်းရတယ်။ အချက်အပြုတ် မညံ့ဘူး”
ဆန်းကာဖေး ညွန်လိုက်သည့်အတိုင်း လူဝဝကြီးကို သွားရှာရသည်။ လက်ဖက်ရည်ဆိုင်နားသို့ မရောက်ခင်ကပင် ဆိုင်ထဲတွင်ထိုင်နေသော ပုပု၊ မည်းမည်း၊ ဝဝ ကြီးကို အဝေးက လှမ်းမြင်ရသည်။ လူဝဝကြီးဟု ပြောလိုက်သည့်အတိုင်းပင် ဝ လိုက်ပုံမှာ စည်ပိုင်းကြီး တည်ထားသကဲ့သို့ မြင်မကောင်း၊ ရှုမကောင်းအောင် ဝပေ၏။ ခေါင်းကသေးသေးနှင့် ခန္တာကိုယ်ကြီးမှာ ပုပ်ကြီးအတိုင်းပင်၊ သူ့ကိုယ်သူမှ နိုင်ပါလေရဲ့လားဟု အောက်မေ့မိသည်။
ဆိုင်ထဲတွင် အသက်ငါးဆယ်ခန့်ရှိမည့် မိန်းမပိန်ပိန်တယောက်နှင့် လူဝဝကြီးသာ ရှိလေသည်။ “ဆန်း” ကညွန်လိုက်သည့်အကြောင်းပြောပြကာ လူတစ်ရာ ထမင်းကျွေးရန်အတွက် တာဝန်ယူ ချက်ပြုတ်ပေးနိုင်မည်လားဟု မေးကြည့်သည်။
“ ချက်ပေးတာပေါ့၊ ဒီိလိုချက်လေ၊ ထောပတ်ထမင်းရယ်၊ ဆိတ်သားဟင်း၊ ကြက်သားဟင်း၊ ချဉ်ပေါင်ရွက်ဟင်းချို၊ လက်သုပ်တစ်ခွက်၊ ငါးပိကျော်လည်းပါမယ်၊ လူတစ်ယောက်အတွက် အပြီးအငြိမ်း ၃ ကျပ်ပဲ၊ မလျှော့ဘူး၊ ကျွန်တော့လက်ရာ ကောင်းမကောင်း နောက်တော့ ကြည့်လေ…”
စကားကိုသွယ်ဝိုက်ပြောမနေဘဲ လိုရင်းကိစ္စ ခပ်တိုတို ပြတ်ပြတ်ပင်ပြောသည်။
“ ဦးပြောတဲ့အတိုင်း ကျွန်မပေးပါ့မယ်၊ ချက်တော့ဘယ်မှာ ချက်မှာလဲ”
“ မနက်ဘက်ကို ဈေးဝယ်ပြီး ညနေသုံးနာရီလောက် ဒီကကျွန်တော့မိန်းမရယ်၊ ကျွန်တော်ရယ်၊ ကျွန်တော့သားရယ် လာခဲ့မယ်၊ ဟိုရောက်မှ တညလုံးချက်ရမှာ ကျွန်တော်တို့ အိုးခွက်နဲ့အစုံ ထင်းပါမကျန် ယူလာမယ်။ ခင်ဗျားတို့ နေရာပေးရုံပဲ”
ကျွန်မ စရံငွေပေးလိုက်ကာ ကိစ္စအေးသွားခြင်းကို ရင်ထဲတွင် ပေါ့သွားလေသည်။ ချိန်းသည့်နေ့ သုံးနာရီလောက်တွင် လော်ရီကားကြီးပေါ်၌ အိုးခွက်ပစ္စည်းများတင်ကာ သားအမိသားအဖသုံးယောက် ပေါက်လာကြသည်။ အိမ်နောက်ဖေး ရေတွင်းအနီးရှိ မြေပေါ်၌ အိုးခွက်တွေချလျက် မီးဖိုကာ ချက်ပြုတ်ဖို့ စီစဉ်ကြလေသည်။ သူတို့လည်း အလုပ်ရှုပ်နေ ကြသည်။ ကျွန်မမှာလည်း အိမ်ထဲတွင် စားပွဲကုလားထိုင်များ ခင်းကျင်းလျက် အလုပ်များနေ လေသည်။ အချိန်ကုန်မှန်းမသိ ကုန်၍သွားသည်။ သူတို့ချက်နေကြသည့်နေရာတွင် သရက်ပင်ကိုင်း၌ သွယ်ထွန်းပေးထားသော ဓာတ်မီးရောင်မှာ ထိန်လင်းနေ၏။ မီးရောင် အောက်တွင် လူဝဝကြီး၏ဇနီး ပိန်ပိန် အဒေါ်ကြီးက စားပွဲခုံ၌ ကြက်သွန်ထိုင်လှီးနေလေ၏။ လူဝဝကြီးကား ပုဆိုးတစ်ထည်ကို ခေါင်းတွင်ပေါင်းလျက် ၊ အင်္ကျီမရှိ၊ ကိုယ်တုံးလုံးကြီးနှင့် ဖိုပေါ်ရှိဟင်းအိုးကို ယောက်မကြီးနှင့် မတ်တတ်ရပ်မွှေပေးနေသည်။ အသက်အစိတ်ခန့်ရှိမည့် သားမှာ ရေတွင်းတွင် ဂေါ်ဖီထုပ်များကို ဆေးကြောနေသည်။
“ဦးကြီး တော်တော်ပြီးပြီလား” ဟု ကျွန်မက မီးဖိုပေါက်က လှမ်းမေးလိုက်သည်။
“ ဘယ် အပြီးချက်ထားလို့ ဖြစ်မလဲ.. အခု အသားတွေကို ငရုတ်သီးနဲ့ ဆီနဲ့ လုံးရုံလုံးထားရမယ်။ ညနှစ်နာရီလောက်မှထပြီး ထမင်းရော၊ ဟင်းတွေရော အားလုံးချက်ရမှာ”
တစ်ကိုယ်လုံးမှာရေချိုးထားသကဲ့သို့ ချွေးလုံးချွေးပေါက်တို့သည် တပြိုက်ပြိုက်ယိုစီးကျလျက် ရှိနေ၏။ မီးခိုး၍ မျက်စိမပွင့်တပွင့်နှင့် ကိုယ်ရှေ့တွင်စူထွက်နေသည့် ဝမ်းဗိုက်ကြီးကို ယောက်မနှင့်လွတ်အောင် ခဲခဲယဉ်းယဉ်း မွှေနေရင်းမှ အော်၍ပြောနေသည်။ သူ့ခန္ဓာနှင့် သူ့အလုပ်ကို မြင်ရသည်မှာ မသက်သာ၍ “ဝလိုက်တာကလဲ ဒုက္ခပဲ” ဟု စိတ်ကညည်းဆိုရင်း အိမ်ထဲသို့ ပြန်ဝင်ခဲ့သည်။ နံနက် ဘုန်းကြီးများအတွက်နှင့် ဧည့်သည်များအတွက် အပေါ်ထပ်၊ အောက်ထပ်၊ နေရာထိုင်ခင်း၊ ပန်းကန်ခွက်ယောက် အဆင်သင့်ပြင်ဆင်နေသည်မှာ ည ဆယ့်နှစ်နာရီလောက်မှပင် ပြီးစီးသွားသည်။
“ဦးကြီးတို့လဲ အိမ်ထဲဝင်အိပ်ကြနော်” ဟု ကျွန်မက ပြတင်းပေါက်မ လှမ်းအော်ပြေလိုက်သည်။ လူဝဝကြီးက အတော်ပင်ပန်းသွားပုံရသည်။ မီးဖှိုနှင့်မနီးမဝေး မြေပေါ်တွင် ဖျာတစ်ချပ် ခင်းလျက် ပက်လက်စန့်နေရာ ဗိုက်ကွယ်နေ၍ သူ့ခြေထောက်ကို သူ မြင်ချင်မှမြင်ရပေမည်။
“ အိမ်ထဲမှာလဲ မအိပ်နိုင်ဘူး၊ ဒီကကောင်းတယ်၊ လေတိုက်တယ်၊ အိပ်လဲမအိပ်နိုင်ပါဘူးဗျာ ခဏလှဲတာပါ၊ ည နှစ်နာရီလောက်စချက်မှ မနက်မီမှာ….”
တစ်နေ့လုံးစိတ်မော ကိုယ်မောသွားပြီး ညောင်းလာ၍ ကျွန်မလည်းအိမ်ပေါ်သို့တက်သွားကာ ခင်းထားသောကော်ဇောတွေပေါ်တွင် အညောင်းဆန့်ရန် လှဲချလိုက်သည်။
မျက်စိမှေးလာ၍ မျက်လုံးများကို မှိတ်လိုက်တာနှင့် ငါးနှစ်ရှိပါပကောဟု သွားလေသူကို သတိရမိသည်။ သွားလေသူအကြောင်းကို တွေးနေရာမှ နက်ဖြန်လာမည့်ပရိတ်သတ်များကို ဆက်တွေးနေပြန်သည်။ ပရိတ်သတ်များအနက် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ “ အေး.. အေး၊ လာမှာပေါ့ကွယ်” ဟုပြောပြီး သွားလေသူအား သတိတရပြောလိုက်သောစကားတို့သည် နားထဲတွင် တစိမ့်စိမ့်ဝင်နေသည်။
ဟွန်းသံ သဲ့ကနဲတစ်ချက်ကြားလိုက်ရသည်။ မျက်လုံးအစုံကို ဆတ်ကနဲဖွင့်လိုက်ကာ ကပျာကယာ လူးလဲထလျက် ပြတင်းပေါက်သို့ ပြေးကြည့်သည်။ ကားနောက်ပိုင်း၏ မီးနီကလေးကို ရိပ်ကနဲသာ မြင်လိုက်ရသည်။
“ အာရုဏ်တက်မှ ဘုန်းကြီးတွေ သွားပင့်ရမှာ၊ ဘယ့်နှယ် ကားကအစောကြီးသွားရတာလဲ” ဟုစဉ်းစာရင်း လှေကားထိပ်မှ “ ကားဘယ်သွားတာလဲ” ဟု အောက်ထပ်၌ မနက်ဆွမ်း အတွက် ညဘက်က ကြိုတင်လာအိပ်နေသော တူကလေးမောင်စိုးလွင်ကို အော်မေးလိုက် သည်။
“ ထမင်းချက်တဲ့လူကြီး တက်နေလို့ ဆရာသွားပင့်တာ”
ကျွန်မလဲ လှေကားမှပြေးဆင်းကာ နောက်ဖေးသို့ပြေးဝင်သွားပါသည်။ မြေပေါ်၌ ပက်လက် လှန်နေသော လူဝဝကြီးပေါ်တွင် သားရော၊ မယားရော မက မနက်အလှူအတွက် ညဦးကရောက်လာကြသော ဦးလေးရော တက်နင်းနေကြ၏။ “ဘယ်လိုဖြစ်တာလဲ” ဟု ပြောပြောဆိုဆို မျက်နှာကိုငုံ့ကြည့်လိုက်ရာ တမျက်နှာလုံးရွဲ့နေလျက် ပါးစပ်မှထွက်နေသော လျှာကို သွားနှင့် သူ့ဟာသူ ကြိတ်ကိုက်ထားသည်။
“ ဗိုင်းကနဲ လန်ပြီး တက်တော့တာပဲ၊ ရမှရပါ့ဦးမလား၊ လုပ်ကြပါဦး၊ ဆရာတော့သွားပင့်နေပြီ”
အဒေါ်ကြီးက စိုးရိမ်စွာဖြင့်ပြောရာတွင် ငိုသံပါနေလေသည်။ မြင်ရပုံအခြေမလှ၍ ကျွန်မ တစ်ကိုယ်လုံး ပူထူသွားလေသည်။ အခြေအနေမှာ ကမန်းကတန်းကြီးဖြစ်နေပြီဖြစ်၍ ချက်ချင်း သေလျှင်လည်းသေ၊ မသေလျှင်လည်း လေဖြတ်တော့ပေမည်။
“ ဒီအပြင်ဘက် ဒီလောက်လေတိုက်ကြီးထဲမှာ မဖြစ်ဘူး၊ သေမယ်၊ ရွှေ့မှ… ရွှေ့မှ…” ရင်ထဲတွင် ထိတ်လျက် ကမူးရှူးထိုးနှင့် ကိုယ်တိုင်ပွေ့ယူတော့မလိုပင် ပြေလိုက်သည်။ သူ့ခန္ဓာကိုယ်ကြီးကို အထဲသို့ရွှေ့ဖို့ရာမှာ မလွယ်လှချေ။
“ ရွှေ့ကြပါ… ရွှေ့ကြပါ..၊ အိမ်ထဲမရောက်တောင် မီးဖိုထဲရောက်ရင်တော်ပြီ၊ ကိုင်း…ကိုင်း”
အသက်မရှူနိုင်ပဲ ဇွတ်အတင်းသာ ကျွန်မပြောရသည်။ ရေတွင်းနားမှ မီးဖိုထဲသို့ ဟီးတိုက်၍ ဘယ်ပုံဘယ်နည်း ရွှေ့ယူကြရသည်ကို စာနှင့်ရေးသားဖော်မပြဘဲ၊ ဓာတ်ပုံရိုက်၍သာ ပြဖို့ကောင်းတော့သည်။
မီးဖိုထဲရောက်လာသောအခါ တစ်တောင်တော့ကျော်ပြီဟု အောက်မေ့လိုက်ကာ ထိတ်မွှန်ပျနေသဖြင့် အနာနှင့်တည့်မည့် အထက်ဆုံးလက်နက်ကို အလွယ်ဆုံးလည်း ဖြစ်အောင် ဖုတ်ပူမီးတိုက် စဉ်းစားရသည်မှာ ခေါင်းကို ပူခြောက်သွားသည်။ ဥဒေါင်း စင်ရော် ကြင်ဖော် လင်းသက်ဟူသည့် ဆေးပညာက ပေးထားသည့်လက်နက်နှင့် တိုက်မှဖြစ်မည်။ ကျွန်မတွင် ဆေးမရှိ။
ဆေးလည်းဆောင်မထား။ မီးဖိုထဲတွင်ရှိသည့် ပစ္စည်းများမှလွဲ၍ သူ့အတွက် အခြားကိုးကွယ် အားထားစရာမရှိတော့ပေ။ ကမန်းကတန်း အလောသုံးဆယ်ဖြစ်နေသော ဝေဒနာကိုတိုက်ရန် ပညာအရ ရှာဖွေကိုင်စွဲရမည့် လက်နက်များမှာ
၁။ ငရုတ်သီးတစ်တောင့်၊
၂။ ရှောက်သီးသကြား၊
၃။ ရေနံ
ကျွန်မငယ်ရွယ်စဉ်က “ဆရာဆိုတာ ကိုင်မိတာ ဆေးဖြစ်ရတယ်” ဟု ကြားဖူးနားဝ ရှိဖူးသည်။ သည်စကားမှာ လူတိုင်းပါးစပ်ဖျားတွင် ထွန်းကားသော စကားတစ်ရပ်လည်းဖြစ်သည်။ ထိုစဉ်က ဆရာ့လက်နှင့်ကိုင်လိုက်ရင် ဆေးဖြစ်သွားတာကိုပြောတာလားဟု သည်လိုဘဲ ထင်မှတ်မိခဲ့သည်။
ဆေးပညာကိုသင်ယူလိုက်စားမှပင် ဆရာဆိုတာ အမှုန့်၊ အရည်၊ ဆေးရှိမှ ဆရာမဟုတ်ဘဲ တည့်တာ မတည့်တာကို ပိုင်းခြားနားလည်ပြီးကိုင်တတ်ရင် ဘယ်အရာဝတ္ထုကိုမဆို ဆေးပဲဟု နားလည်သွားသည်။
ကိုင်ကတည်းက ကိုင်သည့်အရာဝတ္ထုမှာ ဆေးဖက်အသုံးဝင်တာကို ကိုင်သည့် အဓိပ္ပာယ် သဘောပေါက်တော့သည်။
လူနာမီးဖိုထဲရောက်လျှင်ပင် ကြောက်လန့်ဖွယ်ရာ ရုပ်ဆင်းပျက်လာသည်။ “ ဖယ်.. ဖယ်၊ အားလုံးဖယ်ကြ” ဟု လူတွေကို ရှဲလိုက်ပြီးနောက် ငရုတ်သီးတောင့်ကို ရေစည်ပိုင်းထဲသို့ လှမ်းနှစ်လိုက်ကာ လက်နှင့်ဖျစ်၍ အရည်ရလျှင် မျက်ခွံကို တွန်းမကာ မျက်စိထဲသို့ ငရုတ်သီး ရည်များ ညှစ်ချလိုက်သည်။ မျက်စိထဲ ငရုတ်သီးရည်ဝင်သည်နှင့် တစ်ပြိုင်နက် သူ့သွားနှင့် တအားကိုက်ထားသော သူ့လျှာကိုလွှတ်လိုက်လေသည်။ တစ်ကိုယ်လုံး ရေခဲတုံးကြီးကဲ့သို့ အေးစက်၍တောင့်နေသည်။ မီးခဲထဲတွင် ရေနံထည့်၍ အခိုးများ နှာခေါင်းထဲသို့ လုံးဝင်အောင် မှိုင်းတိုက်ပေးရလေသည်။ ကျွန်မအဖို့ အသက်မရှူရဲလောက်အောင် တထိတ်ထိတ် တဖိုဖို ဖြစ်ခဲ့ရသော ညဖြစ်သည်။ သူ့အတွက်စိုးရိမ်ရသည်မှာ မပြောဖွယ်နိုင်။ အကယ်၍ တစ်စုံတစ်ခုဖြစ်သွားပါက မနက်ကျလျှင် သည်အိမ်မှာ အသုဘအိမ် မုချဖြစ်ရတော့မည်။ အသက်မပျောက်သည့်တိုင် ဝေဒနာမသက်သာဘူးဆိုပါက အရုဏ်တက်ကြွလာမည့် ကိုယ်တော်များအား ကန်တော့ဆွမ်းပါ ဘုရားဟု လုပ်ရပြီးလျှင် မိုးလင်းရောက်လာကြမည့် ပရိတ်သတ်ကို ဘယ်လိုမျက်နှာပြရမည် မသိတော့ပေ။
ညဦးက ငရုတ်သီးနှင့် ဆီသာလုံးထားသည့် ဆိတ်သား၊ ကြက်သား ဟင်းအိုးနှစ်အိုးသာ ရှိသည်။ ထောပတ်ထမင်းလည်း မချက်ရသေး၊ အခြားဟင်းရန်များလည်း မကိုင်ရသေး။ အဖက်ဖက်ဆုံ၍ စိုးရိမ်ထိတ်လန့် ဗျာပါဒများနေရသည့်ကြားထဲ ဘယ်နေရာက ခေါက်လိုက် မှန်းမသိ၊ နာရီသံချောင်း နှစ်ချက်ခေါက်သံကြားရသဖြင့် ခေါင်းကိုခေါက်လိုက်သလားပင် မှတ်ထင်လိုက်ရသည်။
လူနာဘေးတွင်ကပ်ထိုင်လျက် ပါးစပ်ကိုအတင်းဖွင့်၍ ပါးစပ်ထဲသို့ဝင်အောင် ရှောက်ရည်နှင့် သကြားဖော်ထားသည့် အရည်ကို မရပ်မနား အစက်ချပေးနေရသည်
ထိုအချိန်၌ လူမမာကလွဲ၍ အခြားဘာကိုမှ လှည့်မကြည့်တော့။ အိမ်ကကားနှင့်ပင့်လာသော သူတို့ဆရာကို လှည့်၍မျှပင်မကြည့်အားနိုင်ဘဲ ဆရာအနားရောက်လာသံ ကြားကြားခြင်း
“ ဆရာ့ကို ပြန်ပို့လိုက်ပါ၊ ဒီမှာကျွန်မ ကုနေပြီ၊ ကိစ္စမရှိဘူး၊ အခုသက်သာသွားမယ်” ဟုပြောလိုက်ရာ အဒေါ်ကြီးက ကျွန်မနားနားကပ်၍ “ တူမရယ် သက်သာပါ့မလား၊ ဖြစ်ပါ့မလား” ဟု တုန်တုန်ယင်ယင် မေးနေပြန်ချေသည်။ “ အို.. ပျောက်မယ်စိတ်ချ၊ အခုပျောက်မှာ”
လူမမာမှာ အလျှဉ်းသတိမရသေးပေ။ ကိုယ်တွေ လက်တွေမှ လှုပ်နိုင်ပါတော့မလားဟု စိတ်မချနိုင်သဖြင့် လက်ကိုခဏခဏဆုပ်ကိုင်ကာ ကြည့်မိသည်။ ကားထွက်သွားသံ ကြားရမှ ဆရာတော့ပြန်ပြီဟု သတိပြုမိသည်။ လူနာအား မည်မျှအာရုံစိုက် လုံးပမ်းရခြင်း၊ လေငန်းနှင့် ကျွန်မစွန့်စွန့်စားစား ဘယ်လိုနပမ်းလုံးနေရခြင်းမှာ အနားကသူများ သိချင်မှ သိပေမည်။ အရှိန်နှင့်ပြေးနေသော ကားနောက်သို့ ကျွန်မအမီိပြေးလိုက်နေရသလို မောဟိုက်ပင်ပန်း လှချေသည်။ ကျွန်မဘက်သို့ပါလာလိုက်၊ သူ့ဘက်သို့ပါသွားလိုက်နှင့် လေငန်းနှင့် ကျွန်မမှာ သူတစ်ပြန် ငါတစ်ပြန်ဖြစ်နေကြသည်။ လူနာ၏အရိပ်အကဲကို တစ်စက္ကန့်မျှ အလစ်မပေးဘဲ မှန်ကြည့်သလိုကြည့်ကာ စိတ်ရှိလက်ရှိနောက်အောင် တိုက်နေ၏။
ကျွန်မသင်ယူထားသော ဆေးပညာဓာတ်သဘောကား ရေများရေနိုင်၊ မီးများမီးနိုင်ဖြစ်၍ ထက်မြက်သည့် ဓာတ်နှင့် ကျွန်မနိုင်အောင်လုပ်ဖို့သာ အဓိကဖြစ်ပေသည်။
“ တမလွန်ဘဝသို့ ပြောင်းသွားသော ခင်ပွန်းသည်အား၎င်း၊ ကိုယ်စောင့်နတ်…… အိမ်စောင့်နတ်….” ကျွန်မသည်တုန်ယင်သောလက်နှင့် မောင်းထောင်ခွက်ထဲသို့ ရေစက်သွန်း ချနေသည်။ ပန်းတေင်းဆရာတော်ကြီး တိုင်ပေးသည့်အတိုင်း နှုတ်မှရေစက်ချလိုက်ဆိုရင်း ကျွန်မ၏ ငါးနှစ်မြောက်အလှူ မပျက်မကွက် ထမြောက်အောင်မြင်သွားခြင်းအတွက် ရင်ထဲတွင်သိမ့်ခါလျက် နှစ်ခြိုက်အားရ ဖြစ်နေ၏။ အရုဏ်တက်သံဃာတော်များ စားကြသောဆွမ်းနှင့် ထိုနေ့နံနက်က ကြွလာကြသည့် မိတ်ဆွေပရိတ်သတ်အပေါင်းတို့ သုံးဆောင်သွားကြသော ထမင်းဟင်းလျာတို့သည် လူဝဝကြီး အချိန်မီထချက်ပေးသော ထမင်းဟင်းလျာများ ဖြစ်ပေသတည်း။
လေငန်းရောဂါစာများ ဖတ်ရှုပြီးနောက် အခြားရောဂါဝေဒနာသည်များ၏ စာများကို တစ်စောင်ပြီးတစ်စောင် ဖတ်နေပြန်သည်။ တစ်ဖိုင်တွဲလုံးပြီးသွားသောအခါ စာပုံကြီးကို ယနေ့စာပြန်တော့အံ့ဟု ဖိုင်တွဲကို မှောက်လိုက်လေသည်။ အောက်ဘက်အဆုံးတွင် ရောက်နေသော ရှေးဦိးစွာရောက်သည့်စာကစ၍ အစဉ်လိုက် တစ်စောင်ပြီးတစ်စောင် ပြန်စာရေးကြည့်သည်။ သူ၏ ဝေဒနာကိုချိန်ဆလျှက် ဓာတ်စာပေး၊ နည်းပေး ရေးသား ပြန်ကြားရမည်ဖြစ်သည်။ ထိုနေ့က ကျွန်မပြန်ကြားလိုက်သောစာများကို တစ်ဆယ့်ငါးစောင် လောက် ဆက်တိုက်ရေးသားပြီးသည့်အခါ လက်ညောင်းပြီး ဦးနှောက်ပူသွားတော့သည်။ နောက်ထပ်၍ ရေးရမည့်စာများမှာ တစ်ရာကျော်လောက် ပြန်ရမည်ဖြစ်နေသည်။ ကျန်စာများကို တစ်နေ့စီ နည်းနည်းရေးပြန်သွားမည်ဟု ထားလိုက်ရပြန်သည်။ ဤအတွင်း ဂန္ထဝင်အတွက် ပုံနှိပ်စက်ကြီးမှာ တိုက်ပေါ်သို့ရောက်လာချေသည်။ ပုံနှိပ်စက်ကြီးရောက်လာ၍ ဂျာနယ်ပြန်ထုတ်ရန် ဖြစ်လာပြန်သည်။ စာတွေပြန်ချိန်မရနိုင်သေးသည့်အတွင်း လူနာများမှာ နေ့စဉ်လာရောက်နေကြသည်က တစ်ဖက်၊ နောက်ထပ်လည်း စာတွေရောက်နေပြန်လေရာ တစ်နေ့ထက်တစ်နေ့ မို့နေသော ဖိုင်တွဲကြီးကိုကြည့်၍ ကျွန်မဘက်က ဝတ္တရားပျက်ကွက် ခြင်းကို ဘယ်လိုလုပ်ရပါ့မလဲဟု စိတ်မသက်မသာဖြစ်မိသည်။ ရပ်ဝေးရပ်နီးလူများအား ဓာတ်စာပေး၊ နည်းပေးရုံနှင့် မဖြစ်။ ဆေးဝါးပါရှိဖို့လိုသေး၍ ဆေးပြဿနာကလည်း ရှိသေးသည်။
နောက်ဆုံး ကျွန်မ၏အခြေအနေမှာ ဂျာနယ်ချည်း ထုတ်နေ၍မဖြစ်။ ဆေးတိုက်ဖွင့်၍ ဆေးလည်းကုမှ ဖြစ်တော့မည့်ပုံ ဖြစ်နေပေတော့သတည်း။

ဂျာနယ်ကျော်မမလေး၏ မြန်မာ့ဆေးပညာစာအုပ်မှ ကူးယူမျှဝေပါသည်။
မူရင်းပန်းချီပိုင်ရှင်မှာ သစ်နက်ဆူး ဖြစ်ပါသည်။

5 comments:

Anonymous said...

အန်တီအိမ်ရေ..
ဖတ်ကောင်းကောင်းနဲ့ အားလုံးကိုတောင်ခဏမေ့သွားတယ်။ ကိုယ်ပါ စာနောက်ကိုပါသွားပြီး ရင်တွေခုန်နေတယ်။ ဆရာမကြီးဂျာနယ်ကျော်မမလေးရဲ့ စာတွေကိုသိပ်အများကြီးမဖတ်ဖြစ်ပေမယ့် ဖတ်မိသမျှကိုလည်း မေ့လို့မရဘူး။ စာတိုင်းက ကောင်းနေတော့တယ်။ တော်လိုက်တာ.. လေးလည်းလေးစားပါတယ်။ အခုလိုမျှဝေပေးလို့ ဖတ်ခွင့်ရတာ.. အရမ်းလည်းကျေးဇူးတင်ပါတယ်အန်တီ။

ဦးဦးဆူးက ပန်းချီအဆွဲတော်တယ်နော်။း)

သစ်နက်ဆူး said...

မအိမ်သူရေ....
တန်ဘိုးရှိတဲ့ စာတွေဖတ်ရတာ ကျေးဇူးတင်ပါတယ်..
မူရင်းထဲမှာပါရင် ဆေးကုတဲ့ အခါသုံးတဲ့ ဆေးနည်း( ဥပမာ...ကိုယ်မကောင်းတဲ့ သူတွေကုထုံး) တွေပါရေးထားရင် ပိုကောင်းမယ်..။
တစ်ကယ်ကို ကုသိုလ်ဖြစ်နည်းတွေပါ...။
တစ်ကိုယ်လုံးနူနာဖြစ်နေတာကို ကုသနည်းတစ်ခုဖတ်ဘူးတယ်..
နွားမဒာန်းတစ်ကောင်ကို သတ်ပြီး ရင်ခွဲလို့ အထဲက ကလီစာတွေ အကုန်ထုတ်ယူရတယ်...ပြီးရင် လူနာ ကို အ၀တ်မဲ့ နဲ့  နွားဝမ်းထဲမှာ သွေးအလူးလူးနဲ့ နေခိုင်းတယ်...၁နာရီလောက်နေပြီး...တော့ လုံးဝကင်းစင်ပြီး ပျောက်သွားတယ်လို့ ဖတ်ဘူးတယ်...
ထွက်လာပြီး ရေသန့်စင်ခိုင်းတာပေါ့နွားသွေးတွေနဲ့ နွားအသားက ပိုးတွေကို စုပ်ယူပစ်တာ ...ပြီးရင်တော့ ဒီနွားကို ကျင်းကြီးကြီး နက်နက်ထဲမှာ မီးရှို့ ပြီး မြေမြှုပ်ရတယ်တဲ့ ...
အန္တရာယ်ရှိတာက ဒီနွားဘဲ...စားလို့ မရဘူး...
နူနာရောဂါတွေက နွားထဲမှာ...။
ဖတ်မှတ်ဘူးတာပါ...။
ပညာရပ်တွေ လိုချင်တယ် မအိမ်သူရေ....။

အိမ်လွမ်းသူ said...

တူလေးမောင်ကာတွန်းရေ.. မျှဝေပေးတာကို အခုလိုစိတ်ဝင်စားတဲ့အတွက် ဝမ်းသာပါတယ်..။ နောင်ကိုလည်း ဒေါ်လေးသိသလောက်မျှဝေပါဦးမယ်..။
ကိုဆူးရေ.. ကျွန်မဆီမှာအဲဒီကုထုံးတွေတော့ မရှိသေးဘူး..။ ပုဂ္ဂလပညတ်ဓာတ်ပညာက ဆရာတွေရဲ့ ပညာအသိနဲ့ ကုကြတာဆိုတော့ ဓာတ်သဘောကို အဓိကနားလည်ထားရင် ဆေးမရှိလည်း ကိုယ့်မှာရှိတဲ့ပစ္စည်းနဲ့ ဆေးလုပ်ကုလို့ရတဲ့သဘောရှိပါတယ်။ နွားတစ်ကောင်လုံးရဲ့ အသက်နဲ့ ကုတာကြီးကတော့ ရက်စက်လွန်းပါတယ်.. ကိုဆူးရယ်..။ အဲ့ဒါဟာလည်း ကုသတဲ့ဆရာရဲ့ ပညာနဲ့ ကုတာပဲထင်ပါတယ်..။
နောက်ပိုင်းမှာတော့ နေဂိုဏ်း၊ လဂိုဏ်း ခွဲခြားစားသောက်ရမဲ့ အစားအသောက်အမည်တွေကို တင်ဖို့တော့ စဉ်းစားထားပါတယ်..။ အခုလိုစိတ်ဝင်တစားနဲ့ အကြံပေးတာကိုလည်း ကျေးဇူးတင်ပါတယ်ရှင်..။

မဆုမွန် said...

အစ်မရေ
ကျေးဇူးတင်လိုက်တာ တော်တော်လေး ဗဟုသုတရတယ်
မြန်မာတိုင်းရင်းဆေးပညာတွေ အစွမ်းကို သိရလို့ ကြက်သီးတောင် ထမိတယ်..သစ္စာလေးနက်ပေါ်ဆီတက်က..ဆိုသလိုပဲ စိတ် စေတနာတွေပေါ်မှာလည်း မူတည်တယ်နော် အစ်မ

အိမ်လွမ်းသူ said...

ဟုတ်တယ်ညီမရေ..အရင်တုန်းက လူတွေကသစ္စာရှိကြ၊ သီလသမာဓိတွေနဲ့ ပြည့်စုံကြတော့ နွယ်မြက်သစ်ပင်တောင်ဆေးဖက်ဝင်တယ်လေ။ ရှေးသမ္မတမင်း လက်ထက်က သစ္စာဆိုပြီး ပျောက်စေသတည်းဆိုတာနဲ့ အနာရောဂါပျောက် တယ်၊ သတ္တဝါတွေ စရိုက်ကြမ်းလာတဲ့ ခေတ်ရောက်တော့ သစ္စာဆိုလို့မရဘူး၊ အနာရောဂါဖြစ်ရင် အမှုန့်တွေထုထောင်း သောက်ကြရ၊ စားကြရတယ်၊ နောက် ဘုရားမှန်း တရားမှန်းမသိ၊ မိဘ ဆရာကျေးဇူးရှင်မှန်းမသိ မိုက်မဲကြမ်းစတမ်းလာပြန်တော့ အပ်နဲ့ထိုး၊ ဓားနဲ့ခွဲရတယ်၊ ဒါကိုခေတ်မှီတယ်လို့ ဆိုကြတယ်” နောက်ဒီ့ထက် စရိုက်ကြမ်းလာရင် ဓားနဲ့ခွဲလို့ မရဘဲ အမြောက်နဲ့ပစ် ကုရလိမ့်မယ်ထင်တယ်” လို့ အိုင်ကလောင်ဓာတ်ဆရာကြီး ဆရာလှိုင်က ဆရာဇော်ဂျီကိုပြောခဲ့ဖူးတာ ဆရာမကြီးရေးတဲ့ ဆောင်းပါထဲမှာဖတ်ခဲ့ရဖူးတယ်လေ..။ ရှေးဆရာ ဆရာမကြီးတွေက လူနာတွေအပေါ် တကယ့်ကို မေတ္တာ၊ စေတနာတွေ ကောင်းကြပါတယ်..။