Thursday, October 9, 2008

စက်ပတ်လည်ကစစ်ဒဏ်ရာ...(ချွန်း)

ကျမလုပ်နေတဲ့ စက်ရုံမှာ ငုရင်တွေတော်တော်များပါတယ်။ ကျမတို့ဌာနရဲ့အရှေ့ နားကနံရံမှာ စက်ရုံအလုပ်သမားတွေရဲ့ ဓါတ်ပုံနှင့်တကွ အမည်တွေကိုရေးမှတ်ထားပေးလို့ အလုပ်သမားအားလုံးရဲ့ အမည်ကို သိနေကြရပါတယ်။ ဗီယက်နမ်အတော်များများရဲ့ အမည်မှာ ငုရင်တွေပါကြတယ်။ သူတို့ရဲ့မျိုးရိုးနာမည်လို့သိရပါတယ်။ ကျမက ငုရင်ဆိုတဲ့ နာမည်တွေနဲ့ လေ့လာရင်းးစာသင် စာသင်ရင်းလေ့လာခဲ့တဲ့ ပစ္စည်းမဲ့ကျောင်းလေးမှာ ရင်းနှီးခဲ့ ဘူးပါတယ်။ ဒါကြောင့် ငုရင်တွေကို ကျမစိတ်ဝင်စားခဲ့မိပါတယ်။ သူတို့နဲ့ရင်းနှီးအောင်နေရင်း သူတို့နဲ့စကားပြောဖြစ်ခဲ့ပါတယ်။

သူတို့က လူကောင်သေးသေးနဲ့ သွက်သွက်လက်လက်တွေများပါတယ်။ ထွားတဲ့ ဗီယက်နမ်တွေလည်းရှိပါတယ်။ ကျမတို့ဌာနက တစ်ယောက်တည်းသောဗီယက်နမ်လူထွား ကတော့ လူငယ်ဖြစ်ပြီး တော်တော်နှေးကွေးတာတွေ့ရတယ်။ ကျန်တာကတော့ အသက် ခြောက်ဆယ်ကျော် ခုနှစ်ဆယ်နီးပါးတွေ။ တစ်ယောက်ကဆို အသက်ကခြောက်ဆယ့်ရှစ်နှစ်၊ ပင်စင်ယူပြီးမှ ဝင်ငွေနည်းလို့ဆိုပြီး အလုပ်ဝင်လုပ်နေတာ။ သူအလုပ်ဝင်စက အသက်ကြီးတဲ့ သူဆိုပြီး သူ မလုပ်နိုင်မှာစိုးလို့ ကိုယ်ကဝိုင်းလုပ်ပေးဖူးပါတယ်။ အခုကြတော့ သူ့ရဲ့ production ကအများဆုံးဖြစ်နေပြီ။ ဆယ်နာရီလုံးလုံး( နားချိန်နှင့် ထမင်းစားချိန်ကလွှဲလျှင်) ကုလားထိုင်မှာမထိုင်ဘဲ ဆက်တိုက် စက်ကိုမောင်းနေတာ အိမ်ပြန်ချိန်အထိဘဲ။ အဲဒါကြောင့်  ကုမ္မဏီမှာ ဗီယက်နမ်တွေကို အများဆုံးတွေ့ရတာ။
ထမင်းစားချိန်ဆို သူတို့နဲ့စကားပြောဖြစ်ကြပါတယ်။ သူတို့ရဲ့အစားအသောက်တွေ ကိုလည်း လေ့လာမိတယ်။ ဘာတွေစားလို့သူတို့ကျန်းမာပြီး ဒီလောက်အလုပ်လုပ်နိုင်ရသလဲ ဆိုတာကိုပါ။ ကျမတွေ့မိသလောက်တော့ သူတို့ကဆီမစားကြဘူး။ အသားတွေကို အသီးအရွက်တွေနဲ့ ပြုတ်စားကြတာများတယ်။ သူတို့ဟင်းတွေက ချဉ်၊ ငံ၊ စပ်တွေလည်း မရှိ ဘူး။ အရောင်မရှိဘူး။ ဖြူယော်ယော်တွေ။ သူတို့ကအချိုကြိုက်တယ်။ ထူးခြားတာက သူတို့အားလုံးလိုလို အသီးတွေစားကြတာတွေ့ရတယ်။ အသီးမျိုးစုံ သူတို့ဆီမှာရှိတယ်။ ထမင်းစားပြီးတိုင်း၊ နားချိန်တိုင်း သူတို့အသီး၊ အနှံတွေကိုစားကြတယ်။ အသက် ၆၈ နှစ်ရှိတဲ့ အဖိုးကြီးဆို နားချိန်တိုင်း သခွားသီးတလုံးကိုက်စားနေတာ၊ ဒါမှမဟုတ် နံနံရိုးအကြီးစားကို (သူတို့ပြောပေမဲ့ အမည်ကိုကျမမှတ်မိပါ) ကိုက်စားနေတာတွေရတယ်။
သူတို့ကိုဗီယက်နမ်တွေဘာကြောင့် လူကောင်သေးနေရတာလည်းလို့မေးတော့ သူတို့ငယ်စဉ်ကစစ်ပွဲတွေကြားမှာ စားစရာမရှိလို့ ချို့ချို့တဲ့တဲ့စားသောက်ခဲ့ရ၊ မွေးဖွား ကြီးပြင်းခဲ့ရလို့ လို့ဆိုပါတယ်။
တနေ့ကသတင်းစာတခုတွေ့လို့ ကြုံတာနဲ့ အမေရိကန်ရွေးကောက်ပွဲမှာ အိုဗားမား နဲ့ ဂျွန်မက်ကင်း ဘယ်သူ့ကိုကြိုက်သလဲလို့ မေးမိတော့ သူတို့အားလုံးက ဂျွန်မက်ကင်းကို ကြိုက်တယ်လို့ဆိုကြတယ်။ ဘာဖြစ်လို့လဲလို့မေးမိတော့ ဂျွန်ကအသက်ကြီးလို့ နိုင်ငံရေး တွေ့အကြုံရှိတဲ့အပြင် သူတို့တိုင်းပြည်စစ်ဖြစ်တုန်းက လေယာဉ်ပိုင်းလော့အဖြစ်တာဝန်ထမ်း ခဲ့သူဖြစ်လို့တဲ့။ ဒါကတော့ ကျမဌာနက သက်ကြီးတစုရဲ့အမြင်သာဖြစ်ပါသည်။ ကျမ ရင်းနှီးခဲ့ ဖူးတဲ့ငုရင်တွေနဲ့တော့ ဆန့်ကျင်ဖက်ဖြစ်ပေမဲ့ သူတို့ရဲ့ဇွဲ၊ လုံ့လကိုတော့ မြင်ယောင် ကြည့်လို့ရမိပါတယ်။
သူတို့အကြောင်းတစွန်းတစ သိခွင့်ရတဲ့ကျမ သူတို့ကိုကြည့်ရင်း သံဝေဂပွားမိပါတယ် သြော်… စစ်ရဲ့သားကောင်တွေ… စစ်အတွင်းက ဒုက္ခအဝဝကို ကျော်ဖြတ်နိုင်ခဲ့ပြီး ..အခုတော့ စက်တွေရဲ့ ပတ်လည်မှာ… သြော်..ဒါနဲ့ ..ကျမကြတော့ရော… စက်ပတ်လည်က စစ်ဒဏ်ရာ… သြော်… စက်ပတ်လည်ကစစ်ဒဏ်ရာတွေပါလား...
ချွန်း ( ၁၁.၉.၂၀၀၈)

No comments: