Saturday, October 11, 2008

မြေဇာမြက်... တပင်



(၁)
ကျမရဲ့ အိမ်ပြန်လမ်းက မချောမွေ့ပါဘူး။ ဒါပေမဲ့ ကျမအိမ်ပြန်ခွင့်ရတော့မယ်ဆိုတဲ့ အသိက အရာရာကိုသည်းခံနိုင်ခဲ့ပါတယ်။ ကြပ်ညှပ်နေတဲ့ကားကြီးထဲမှာ လူတွေရဲ့သက်ပြင်း ချသံတွေက တိုးတခါ၊ ကျယ်တလှည့်ပါပဲ။ လူမျိုးစုံ၊ ဘဝမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနဲ့ ကျမတို့ရဲ့ နေထိုင်ရာဒေသကို ပြန်ကြရမဲ့သူတွေက ဘာဖြစ်လို့များ သက်ပြင်းဒီလောက်ချနေကြတယ် ဆိုတာ ကျမနားမလည်နိုင်အောင်ပါပဲ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်ထဲက ခွဲခွါခဲ့ရတဲ့ ကျမရဲ့ မွေးရပ်မြေကို ဒါပထမဆုံး ပြန်ရောက်ဖို့အခွင့်အရေးပါပဲ။ ဘယ်သူတွေဘာဖြစ်နေနေ ကျမကတော့ ပျော်ရွှင်နေခဲ့ပါတယ်။

‘မဗိုက်ကို ဆွဲတင်ပေးလိုက်ပါအုံး’ ဆိုတဲ့အသံနဲ့အတူ လူတစ်ယောက်က ကျမလက်ကို ဆွဲပြီး လှေပေါ်ရောက်ဖို့ကူညီပေးပါတယ်။ ကျမ..ရင်ထဲမှာ ကျင်ခနဲနေအောင် ဝမ်းသာစိတ် ဖြစ်မိပါတယ်။ ဒါ.. ပထမဦးဆုံး လူတွေရဲ့ ဂရုဏာတရားကို ကျမခံစားရခြင်းပါ။ ဒါ.. ကျမရဲ့ မွေးရပ်မြေက ပထမဦးဆုံး ကြိုဆိုလိုက်တဲ့ နွေးထွေးမှုပါလား။ အိမ်အပြန်လမ်းအတွက် ကျမမှာ ခွန်အားတွေရလိုက်ပါပြီ။ မွေးရပ်မြေမှာ ပထမဆုံးခြေချခွင့်ရတဲ့နေရာက မြဝတီတဲ့။ လှေပေါ်ကဆင်းလိုက်သည်နှင့် ဆိုးဝါးလှတဲ့အတိတ်ကဖြစ်ရပ်တွေကို ဒီကမ်းစပ်မှာပဲအပြီးတိုင် မြုပ်နှံခဲ့ပြီး လူသစ်၊ စိတ်သစ်၊ ဘဝသစ်နဲ့ မွေးရပ်မြေမှ မိဘ၊ မောင်နှမတွေထံ မရောက် ရောက်အောင်ပြန်မည်ဟု ကျမ ဆုံးဖြတ်လိုက်ပါတယ်။
မြဝတီမြို့ဆိုတာ အတူလာကြတဲ့ခရီးဖော်တွေပြောလို့ သိခဲ့ရပေမဲ့ ကျမနဲ့တော်တော် စိမ်းပါတယ်။ သူတို့နဲ့အတူလိုက်ရင်း ကျမဘယ်ကိုစပြီး သွားရမလဲဆိုတာစဉ်းစားရင်း၊ သူတို့ဘယ်သွားကြမလဲဆိုတာကိုလည်း ကျမစုံစမ်းကြည့်ပါတယ်။ လူအများစုသွားကြတာက ရုံးခန်းလိုနေရာမျိုးလေး။ ခရီးသွားလက်မှတ် လုပ်ရမဲ့နေရာထင်ပါတယ်။ ကျမလည်းအများ နည်းတူလက်မှတ်လုပ်ဖို့တန်းစီလိုက်ပါတယ်။ အနားရှိနေသူတယောက်ကို ဘယ်သွားမှာလဲ လို့စပ်စုလိုက်မှ လှေတတန်နဲ့လာခဲ့တဲ့ခရီးကို တံတားကတဆင့်ပြန်သွားကြမလို့တဲ့။ ကျမ အတော်လေးအံ့သြသွားရပြီး တန်းစီနေရာက ပြန်ထွက်လိုက်ရပါတယ်။ ဘာလုပ်မှာလဲ။ ဘာလို့ အဲ့ဒီနေရာကို ပြန်သွားရမှာလဲ။ လူတွေကို ကျမနားမလည်တော့ဘူး။ ကျမဆက်ရမဲ့ ခရီးအတွက်ကျမပြင်ဆင်ရတော့မယ်။ သေသေချာချာစဉ်းစားကြည့်လိုက်မှ သွားရမဲ့ခရီးက ကျမရဲ့အသိဥာဏ်ဦးနှောက်ရဲ့ ထောင့်တနေရာမှာ ဝိုးတိုးဝါးတား။ အိမ်ကလေးနဲ့ ခြံဝင်းက လေးသာအသိဥာဏ်ထဲမှာ မှတ်မိနေပေမဲ့၊ ဘယ်နေရာဘယ်အရပ်မှာရှိသလဲဆိုတာ ကျမမသိ။ ကျမနေခဲ့တာဘာရွာပါလိမ့်။ ဘယ်လိုခရီးဆက်ရမလဲဆိုတာထက် လောလောဆယ် ဘယ်မှာ တည်းရမလဲဆိုတာက ပိုအရေးကြီးနေလို့ မြင်နေရတဲ့ဈေးတန်းလေးထဲလှမ်းဝင်လိုက်ပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

(၂)
ခရီးသွားတယ်ဆိုတာကလည်း ကိုယ်သွားချင်တဲ့နေရာဆိုတာတိတိကျကျ ရှိမှ သွားလို့ ရမှာလေ။ ကျမအိမ်ပြန်ချင်ပေမဲ့ အိမ်ဘယ်မှာဆိုတာကိုမသိလို့ လူတချို့က ကျမကိုရူးကြောင် ကြောင်ဖြစ်နေတယ်လို့ ထင်ကြတယ်။ ဘာမှတိတိကျကျ အကူအညီမပေးနိုင်ကြဘူး။ ကျမမှာ ပါလာတဲ့ငွေလေးက တည်းခိုတဲ့အခပေးရလို့ သိပ်မကျန်တော့ဘူး။ ငွေမရှိဘဲနဲ့တော့ အိမ်ပြန် လို့မဖြစ်နိုင်ဘူး။ ဒီတော့ အိမ်မပြန်နိုင်သေးခင် အလုပ်တခုခုလုပ်နေမှ ကျမအတွက်အဆင် ပြေမှာ။ အလုပ်လုပ်ဖို့အကူအညီတောင်းတော့ တည်းခိုတဲ့အိမ်က ကောက်စိုက်တတ်လားတဲ့။ သမာအာဇီဝအလုပ်ဆို ဘာမဆိုလုပ်နိုင်ပေမဲ့ သုံးရက်တည်းနဲ့ ကျမအလုပ်ပြုတ်ခဲ့တယ်။ အကြောင်းကတော့ ကျမကိုယ်ပေါ်က ဝန်ထုပ်ဝန်ပိုးကြောင့်တဲ့။ ဒီ့အတွက်ကြောင့်လည်း ကျမ သေသေချာချာ အလုပ်မလုပ်နိုင်တာလေ။ ဒါကြောင့် ဒီဝန်ထုပ်ကို ဖြုတ်ချလိုက်ဖို့ ကျမ ဆုံးဖြတ်လိုက်တယ်။ ဒါဟာလဲ ကျမရခဲ့တဲ့ ဒုက္ခတခုပဲလေ။ ရှိတဲ့ငွေကလေးနဲ့ သင့်တော်တဲ့ နေရာမှာ ဒီဝန်ထုပ်ကို ဖျက်ချနိုင်ဖို့ စုံစမ်းပြီး အဲ့ဒီနေရာကို ကျမရောက်သွားတယ်။
အမိုးကလည်းမလုံ၊ အကာကလည်းဖယိုဖရဲနဲ့။ တဲသာသာအိမ်လေးရဲ့ တခုတည်း သောအခန်းလေးထဲမှာ ကျမတပတ်လောက်နေရတယ်။ အိမ်ရှင်က ဒေါ်ဘုမ… တဲ့ ။ ကျမမှာ ပါလာတဲ့ငွေ အားလုံးနီးပါး အဲဒီမှာကုန်ပါတော့တယ်။ ကျမ မမှုပါဘူး။ သူကကျမကို ကူညီ နေတာလေ။ ဒီဝဋ်ဒုက္ခကလွတ်သွားရင် ကျမဘာမဆိုပြန်လုပ်နိုင်တာပဲ။ ငွေကို နည်းအမျိုးမျိုး နဲ့ရှာခဲ့ရဖူးတဲ့သူပဲ။ ကျမအသက် ၅ နှစ်အရွယ်ကတည်းက ကြုံခဲ့ရတဲ့ ဒုက္ခတွေဟာ အခုချိန်ထိ မငြိမ်းချမ်းနိုင်သေးပါလား။

ဆက်ရန်

No comments: