လိုချင်လျှင်.... ဆင်းရဲသည်.... မလိုချင်လျှင်.... ချမ်းသာသည်.....
ဆရာတော်အရှင်ရာဇိန္ဒ ရဝေနွယ်(အင်းမ) ၏ ဒါနပါရမီ တရားတော်နှင့် ဒွိပိဋကဆရာတော် အရှင်နေမိန္ဒာဘိဝံသ၏ အရှိကို အသိနှင့်ညှိပါ တရားတော်ကို နာယူနိုင်ပါသည်။

သီလပါရမီတရားတော်...

ဆရာတော်အရှင်ရာဇိန္ဒ ရဝေနွယ်(အင်းမ)၏ သီလပါရမီတရားတော်..


MusicPlaylist

Thursday, October 9, 2008

ပင်လယ်ချစ်သူ....(ချွန်း)

ရုပ်မြင်သံကြားမှာ မှုန်တိုင်းသတင်းတွေ ဆက်တိုက်ပါလာပြီး တနေ့ထူးထူးခြားခြား တနေရာ မှာ ပတ်ဝန်းကျင်တခုလုံး ပြိုပျက်လဲကျကုန်ပေမဲ့ အိမ်တလုံးက ထီးထီးကြီး ကျန်နေ ခဲ့တာ တွေ့မိတယ်။ ဒါပေမဲ့ လူအားလုံးကလုံခြုံတဲ့နေရာတွေမှာ။ မှုန်တိုင်းလာတော့မယ် ဆိုရင်ပဲ လုံခြုံတဲ့ နေရာတွေကိုရွေ့ဖို့ အစိုးရကစီစဉ်တော့ မရွေ့ချင်တဲ့သူကရှိသေးတယ်။ ပတ်ဝန်းကျင်တခုလုံး ပျက်စီးကြေမွနေပေမဲ့ သေဆုံးတဲ့စာရင်းက ဆယ်ဂဏန်းထက်မပို။ ရွေးကောက်ပွဲအတွက် မဲဆွယ်မယ့်သမ္မတတွေကလည်း စာနာစိတ်တွေနဲ့ သူတို့ကိစ္စကိုဦးစား မပေး။ အကျိုးစီးပွားအတွက်ဆိုပေမဲ့ သူ့ဘက်၊ ကိုယ့်ဘက် မျှမျှတတ။ သြော်.. လူလူခြင်း အတူတူတောင် လူဖြစ်ရတဲ့ ဘဝခြင်းကမတူ။ အင်း… တူအောင်ညှိဖို့ကလည်း သကြားမင်း တောင်မတတ်နိုင်ဘူးထင်ပါတယ်။
တို့ဗမာပြည်မယ်လေ… သူများနိုင်ငံလို လေမှုန်တိုင်းခဏခဏတိုက်လို့ကတော့ အခု လောက်ဆို လူတွေ ( ပြည်သူ ) တောင်ကျန်ပါ့တော့မလားပဲ။ မေလဆန္ဒခံယူပွဲကိုဖျက်ဖို့ အချိန်ကိုက်ရောက်လာတဲ့ မှုန်တိုင်းကိုတောင် န.အ.ဖက ဂရုမစိုက်။ သူမိုက်ချင်သလို မိုက်ရဖို့ အတွက် လိုင်စင်ရရေးကို ဦးစားပေးလုပ်သွားလိုက်တာ ကမ္ဘာကတောင်တုန်လှုပ်ရတဲ့အထိ။ အဲ့ဒီအချိန်က ရင်ထဲမှာမခံချိမခံသာနဲ့ ဘာလုပ်လို့ လုပ်ရမှန်းမသိနိုင်အောင် အင်တာနက် စာမျက်နှာတွေပေါ်က အတုံးအရုံးသေဆုံးနေကြတဲ့ ဓါတ်ပုံတွေကြည်ရင်း တချိန်လုံးငိုနေ မိတာ။ ကိုယ်ချစ်တဲ့ ကောင်လေးတယောက်လည်း ဒီအထဲပါသွားပြီလား။

၁၉၉၂- ၁၉၉၃ ကိုယ်အဝေးသင် တက်တုန်းကပါ။ ကျောင်းက စာပေးပွဲဖြေကာနီးမှ ၁၀ ရက်လောက်ကျောင်းတက်ရတာဆိုတော့ မူလတန်းကျောင်းလေးတခုမှာ အလုပ်ဝင်လုပ်နေခဲ့ တယ်။ ကိုယ်လုပ်ခဲ့တဲ့ကျောင်းက ဧရာဝတီမြစ်ချောင်းနားက မြစ်ကျိုး ဆိုတဲ့ရွာကလေး။
ရေပတ်လည်ဝိုင်းထားတဲ့ ကုန်းလို့ဆိုရပေမဲ့ ကုန်းပေါ်မှာလည်း ရေတွေ။ လယ်ကွင်း တွေရဲ့ဘေးမှာ ကျမသင်ရတဲ့စာသင်ကျောင်း။ လမ်းဆိုလို့ ကျောက်တုံးကလေးတွေ ခင်းထား ပေမဲ့ မြေနီစေးစေးတွေကြောင့် လမ်းလျှောက်ရအတော်ခက်တဲ့နေရာ။ မနက်ဆို ကျောင်းရှေ့ မြစ်လက်တက်လေးမှာ မုန်းဟင်းခါးသည်က လှေလေးတစင်းနဲ့။ ကိုယ့်နေရာက ကျောင်း ထောင့်မှာ အခန်းငယ်လေးဖွဲ့ပေးထားတယ်။ ရန်ကုန်ကနေလာတဲ့ ဆရာမနဲ့ နှစ်ယောက်အ တူတူ။
ကလေးတွေက ပညာလိုချင်ရှာကြလို့သာ။ ကျောင်းကိုလာရတဲ့လမ်းက ဗွက်တတန်၊ ရေတတန်။ လယ်ကွင်းတွေကိုဖြတ်ပြီး လာလိုက်ကြတာ၊ ကျောင်းရောက်ရင် တကိုယ်လုံးဗွက် တွေလူးလို့။ ကျောင်းရှေ့ကရေကန်မှာ ပေနေတာတွေကိုဆေးပြီး အပိုယူလာတဲ့အဝတ်နဲ့လဲ ကြရတယ်။ လက်တွေ့ဘဝကပေးတဲ့ သင်ခန်းစာတွေက သူတို့နေရာနဲ့သူတို့ အသုံးချတတ် ကြတယ်။ စာသင်ခန်းဆိုတာကလည်း အမိုးနဲ့အကာသာရှိပြီး ကြမ်းခင်းကမရှိ။ တခါတခါ မိုကြီးလာရင် စာသင်ခန်းထဲအထိ ရေဝင်တတ်လို့ ခြေတံရှည်ခုံကလေးတွေနဲ့ သင်ကြရတာ။
ကျောင်းဖွင့်ရင်စာသင်ကြ၊ ကျောင်းပိတ်ချိန်မှာ ကလေးတွေရဲ့မိဘတွေကဖိတ်လို့ သူတို့အိမ်တွေကိုအလည်သွား။ ထမင်းစားသောက်ပြီးမှပြန်ကြတာ။ အိမ်အတည်တကျမရှိ။ ကျောင်းထောင့်ကအခန်းကျဉ်းလေးထဲမှာ ကြပ်ကြပ်တည်းတည်းနေကြရလို့ ရပ်မိရပ်ဖတွေက သနားကြတယ်ထင်ပါရဲ့။ ဟိုအိမ်ကဖိတ်၊ ဒီအိမ်ကဖိတ်နဲ့ ။ တခါတလေဗွက်တောထဲသွားလာ ရပျင်းတာနဲ့ အတင်းကိုငြင်းရတယ်။ နောက်ပိုင်းကြတော့ ငြင်းတဲ့အကြောင်းကိုရိပ်မိပြီး ကလေးတွေနဲ့ဟင်းပို့ခိုင်းတဲ့အထိ။ တခါတလေ သူတို့အိမ်မှာ ဟင်းကောင်းလေးစားရတဲ့ အချိန်တွေမှာပေါ့။ ရိုးသားတဲ့ ရွာသူရွာသားတွေက ဆရာမတွေအပေါ် အဲ့ဒီလောက်ချစ်ကြ တာပါ။
ကိုယ်တွေကလည်း ကလေးတွေကိုသံယောဇဉ်တွေဖြစ်လို့။ အဲ့ဒီမှာ ဇော်ဆိုတဲ့ကောင် လေးကို ကိုယ်ကပိုတယ်။ ပုတက်တက်ကလေးနဲ့ အရမ်းသွက်တဲ့ကလေး။ ဒုတိယတန်းမှာ စာသင်နေပေမဲ့ သူ့အသက်က လေးတန်းလောက်တက်လို့ရနေပြီ။ စာဆိုရင်အရမ်းတတ် ချင်တဲ့စိတ်ရှိပေမဲ့၊ သူကျောင်းမှန်မှန်မတက်နိုင်ဘူး။ မိဘတွေရဲ့အလုပ်ပေါ်မူတည်ပြီး အလုပ် များရင်ဝိုင်းကူရလို့လေ။ သူ့လိုကလေးတွေက အများကြီးပါပဲ။ ခိုင်းမကောင်းသေးတဲ့ အရွယ် လေးတွေဘဲ ကျောင်းမှန်မှန်တက်ကြရတာ။ ကျောင်းမတက်နိုင်တဲ့ရက်တွေဆို စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်နဲ့ အစားထိုးသင်ပေးရတယ်။ ဒါလည်းသူတို့အားတဲ့အခါမှပါ။ တခါတလေ သူတို့ကိုကြိုးစားသင်ထားပေးပေမဲ့ စာမေးပွဲဖြေချိန်မှာ ပေါ်မလာကြလို့လည်း ရင်မောရသေး တယ်။ ကျမတို့လည်း စာတတ်ဖို့အတွက် ရုံးကန်ခဲ့ရပေမဲ့ သူတို့လောက် မခက်ခဲခဲ့။ ဘဝတွေက တဖြည်းဖြည်း ကြပ်ကြပ်လာလိုက်တာ ကြာရင်အသက်ရူရပ်သွားကြမလားပဲ။
အဲ့ဒီရွာလေးမှာ ကျမပျော်ရွင်ခဲ့ပေမဲ့ မနေချင်အောင်ဖြစ်လာတဲ့တနေ့။ အဲ့ဒီနေ့က ရွာထဲကို စစ်သားစုဆောင်းရေးက တပ်ကြပ်တဦီးခေါင်းဆောင်တဲ့ စစ်သားတွေရောက်လာ တယ်။ ရွာလေးဆိုတော့ ရွာသားအားလုံးစုရုံးဖို့ ကျယ်ကျယ်ဝန်းဝန်းဆိုလို့ ကျမတို့နေတဲ့ စာသင်ကျောင်းလေးဘဲရှိတာကိုး။ သူတို့ကျောင်းမှာစုကြမဲ့အကြောင်း မိဘတယောက်ကလာ ပြောပြီး၊ ကျောင်းမှာလူစုကြတဲ့အချိန် သူ့အိမ်မှာနေချင်လျှင်နေနိုင်ကြောင်း ကျမတို့ကိုခေါ် ပါတယ်။ သူတို့မျက်နှာတွေကိုမမြင်ချင်လို့ ကျောင်းသားအိမ်မှာသွားနေပေမဲ့၊ သေးငယ်တဲ့ ရွာလေးမှာ သတင်းကချက်ခြင်းရတယ်။ ဒီရွာက လူနှစ်ယောက် စစ်တပ်ထဲကိုဝင်ရမယ်။ လိုလိုချင်ချင်နဲ့ ဝင်မဲ့သူမရှိရင် မဲနှိုက်ရမယ်တဲ့။ မဲပေါက်တဲ့လူနှစ်ယောက်ကိုထောက်ပံ့ဖို့ တရွာလုံးက ငွေထည့်ရမယ်တဲ့။ ရတဲ့ငွေရဲ့တဝက်ကို သူတို့နှစ်ယောက်ကိုခွဲပေးမယ်တဲ့။ ကျန်တဲ့ငွေက သူတို့အတွက် လိုအပ်တဲ့နေရာမှာသုံးဖို့ တပ်ကြပ်ကြီးက သိမ်းထားရမယ်လို့ ဆိုပါတယ်။ သူတို့ကိုပေးမဲ့ငွေက ကျန်ခဲ့တဲ့မိသားစုအတွက်တဲ့။
အဲ့ဒီနေ့ကတယောက်က သူ့သဘောနဲ့သူဝင်သွားတယ်။ ရွာတောင်စွန်းက သားအမိ နှစ်ယောက်တည်းရှိတဲ့ ကိုရှည်ကြီး။ ရှာစားရခက်ခဲလွန်းလို့ အငတ်ငတ်အပြတ်ပြတ်ဖြစ်ရှာတဲ့ အမေအိုကို ကျေးဇူးဆပ်ချင်လို့တဲ့။ နောက်တယောက်ကတော့ မဲပေါက်သွားတဲ့ ၁၆နှစ်သာရှိ သေးတဲ့ မောင်သိန်းဦး။ အားကိုးနေရပြီဖြစ်တဲ့ သားကြီးအတွက် မိဘတွေမှာမျက်ရည်တွေနဲ့။ ကျောင်းတောင်မတက်တော့ပဲ မိသားစုအတွက်အလုပ်လုပ်နေရရှာတဲ့ မောင်သိန်းဦးက သူ့ ဝေစုရတဲ့ ငွေလေး ကျပ် ၇၅၀ နဲ့ မိဘတွေကိုကန်တော့ခဲ့ရတယ်။ မိုးချုပ်ခါနီးနေပေမဲ့ သူတို့ ကမပြန်သေး။ လမ်းမမြင်ရရင် ပြန်လို့မတတ်မှာစိုးလို့ ကျောင်းနောက်ပေါက်ကနေ အခန်း ကျဉ်းလေးထဲဝင်လိုက်တော့ ဝေစုခွဲနေတဲ့ တပ်ကြပ်ဖြစ်သူရဲ့အသံကို ကြားရတယ်။ ရွာကနေ စုစုပေါင်းရတာက အဲ့ဒီအချိန်က ကျပ်ငွေသုံးထောင်။ အိမ်အရေအတွက်ကိုမေးပြီး ဒီလောက်ရ အောင်ခွဲကောက်လိုက်တာလေ။ ကျပ် ၁၅၀၀ ကိုစစ်ထဲဝင်ရမဲ့သူတွေကို ခွဲပေးပြီး၊ ကျန်တာကို အဆင့်အလိုက်ဝေယူကြတာ။ တော်သေးတာပေါ့ ဒီတခါလာတာ တပ်ကြပ်ကအကြီးဆုံးမို့လို့ ဒီလောက်နဲ့ပြီိးသွားတာတဲ့။ လူခံတွေကပြောကြတယ်။ သြော်.. သူတို့က ခံနေကျလူတွေကိုး။
ကျောင်းပိတ်လို့ အိမ်ပြန်တော့မယ်ဆိုတော့ ကိုယ်ချစ်တဲ့ကောင်လေးကို ဒီဒုက္ခတွေ ကလွတ်အောင် မြို့မှာလိုက်နေချင်ရင် ကျောင်းထားပေးမယ်ဆိုတော့၊ ရေမရှိတဲ့နေရာမို့ မလိုက်ချင်ပါဘူးတဲ့။ ကျမနေတဲ့မြို့လေးရဲ့ အလှဘွဲ့ကို သူတို့ကိုစာသင်ရင်း ပြောပြဖူးတာကိုး ကုန်းမြေမြင့်မြင့် မှာ ဘုရားစေတီတွေနဲ့ လှပတဲ့ငါတို့မြို့လေးက ဒီမှာလို ရေတွေ၊ ဗွက်တွေ မရှိဘဲ အိမ်ရှေ့လမ်းလေးကို တံမျက်စည်းနဲ့လှည်းလိုက်ရင် ချောပြောင်နေတာ သံမံတလင်း ကျနေတာဘဲလို့။ ပင်လယ်ပျော်တဲ့ ဇော်လေးက မလိုက်ချင်ပါဘူးတဲ့။ အဲ့ဒီအချိန်တုန်းက ဇော်လေးက အခုကျမသမီးကြီးအရွယ်ဘဲရှိအုန်းမှာပေါ့။ အခု ကျမသမီးကြီး ၁၀ နှစ်က တောက်တိုမယ်ရလေးခိုင်းရင်တောင် ပင်ပန်းနေတတ်တာ။ သူတို့ဘဝလေးတွေနဲ့တော့ တခြားစီပါဘဲလေ။
မေလတုန်းက တိုက်ခတ်ခဲ့တဲ့မှုန်တိုင်းက ပင်လယ်ပျော်လေးတွေကို သိမ်းကြုံးဆွဲငင် သွားလိုက်တာ ရေပြင်တွေ၊ မြေပြင်တွေ၊ သစ်ပင်တွေမှာ ကြည်လို့မကောင်းအောင် အတုန်း အရုံးပါဘဲလား။ ကျမချစ်တဲ့ကလေး အသက်ရှင်လျှက်မှ ရှိနိုင်ပါတော့မလား။ သူလည်း ကလေးမှ မဟုတ်တော့ပဲလေ။ ဘဝအပြောင်းအလဲတွေရဲ့ကြားမှာ ဝမ်းစာရေးအတွက် တခြား နေရာတွေလဲ ရောက်ချင်ရောက်နေနိုင်တာပဲ။ ပင်လယ်ပျော်လေးတွေ သက်တမ်းစေ့စေ့ နေနိုင်ကြပါစေ။
ချွန်း
(၂၈. ၉. ၂၀၀၈)

No comments: