Saturday, October 18, 2008

မြေဇာမြက်... တပင် (ဇာတ်သိမ်းပိုင်း)


ကျမနဲ့ သမီးလေးကို ခိုကိုးရာမဲ့တဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်များစောင့်ရှောက်တဲ့ နေရာကို ပို့ပေးဖို့ ဆရာမတွေက စီစဉ်ပေးပါတယ်။ ဒါပေမဲ့ ကျမ ဒီနေရာလေးကနေ မခွဲနိုင်ဘူးဖြစ်နေတယ်။ ဒီနေရာလေးက ကျမအတွက် အေးချမ်းတဲ့အပြင် ကျမကိုလက်ထပ် လိုတဲ့ ချစ်သူ တယောက်လည်း ရှိနေလို့ ဖြစ်ပါတယ်။ ကျမသူနဲ့လက်ထပ်လိုက်ရင် အားကိုးရာ ရှိပြီပဲ။ ဒါကြောင့် ကျမတို့တိုင်ပင်ပြီး သူခေါ်ရာနောက်လိုက်သွားခဲ့မိပါတယ်။ ကိုယ့်ကိုကူညီပေးကြတဲ့ ဆရာမတို့ကိုအားနာပေမဲ့ သူနဲ့ တသက်လုံးလက်တွဲပြီး မိသားစု ဘဝလေးတည်ဆောက်ချင်လို့ပါ။

ကျမတို့ ခေတ္တတည်းခိုဖို့ တနေရာကိုသွားကြတယ်။ သူ့ရဲ့ မိတ်ဆွေရှိတဲ့နေရာကိုပါ။ အဲ့ဒီကတဆင့် အလုပ်အကိုင်ရှာဖွေပြီး စရိတ်လေးများစုဆောင်းကာ ကျမတို့ရဲ့ မွေရပ်မြေကို ပြန်ကြမယ်လို့ တိုင်ပင်ကြရင်းပေါ့။ ကျမတို့ ရောက်သွားရတဲ့ သူ့မိတ်ဆွေဖြစ်သူရဲ့ နေထိုင်ရာအရပ်ကတော့

အုန်းဖျံ ဒုက္ခသည်စခန်းတဲ့။ တဲအိမ်လေးတွေဟာ တောင်စောင်းတွေမှာ တမျှော်တခေါ် ကြီးပါပဲ။ ကျမတို့ ရောက်သွားတယ်ဆိုရင် နေစရာ ရပေမဲ့ စားစရာက ဒုက္ခသည်စာရင်း မဝင်လို့ မရခဲ့ပါဘူး။ ဒီလောက်များတဲ့ လူတွေဟာ ကျမထက်ပိုပြီး ဒုက္ခရောက်ကြလို့သာ သူတို့ ဒုက္ခသည်ဆိုတဲ့ စာရင်းဝင်ကြတာမို့ ကျမအတွက်တော့ ဖြေသာရာရပါသေးတယ်။ ကျမက သူတို့လောက်မှ ဒုက္ခမရောက်သေးပဲကိုး။ ကိုယ့်ခြေလက်တွေရှိနေသမျှ ကျမ ရုန်းကန်နိုင်ပါတယ်လေ။ အားကိုးစရာ သူတစ်ယောက်လုံးတောင် ကျမအနားမှာ ရှိနေသေး တာပဲ။ ကျမတို့ ရရာအလုပ်ရှာလုပ်ကြပါတယ်။ ပြောင်းဖူးချိုး၊ ငရုတ်ဆွတ် ဘယ်အလုပ်မှ လက်မလွတ်ဘဲ ကြိုးစားပြီးလုပ်ကြပေမဲ့ စားဖို့အတွက်တောင် တော်တော်ခက်ခဲခဲ့ပါတယ်။ နေပူကြီးထဲ ပင်ပန်းလဲ ဇွဲမလျှော့ပဲ အလုပ်လုပ်တဲ့ ကျမ ရောဂါတွေရလာပါတယ်။ တဖြည်းဖြည်း အားအင်တွေဆုတ်ယုတ်လာလိုက်တာ ကိုယ့်ပုံကိုယ် မှန်ထဲပြန်မကြည့် ရဲတော့ဘူး။ စိုပြည်ခဲ့တဲ့ အသားအရေတွေဟာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတာ ကိုယ့် ကိုယ်ကိုတောင် မယုံနိုင်အောင်ပါပဲ။ သူဆိုတာလည်း ကျမရုပ်ပုံကို မကြည့်ရဲတော့လို့ ပျောက် ကွယ်သွားခဲ့ပြီ။

ကျမ အားကိုရာ မဲ့ပြန်ပါပြီ။ ကျမရဲ့ ဒီပုံစံနဲ့တော့ လောကကြီးထဲ နေလဲမနေချင်တော့ ပါဘူး။ ဒါပေမဲ့ ကျမ သေလို့တော့ မဖြစ်သေးဘူး။ ကျမ မရှိတော့တဲ့နောက် သမီးလေးကို စိတ်ချရတဲ့နေရာမှာ ထားခဲ့ချင်သေးတယ်။ မိသားစုဘဝလေး မပိုင်ဆိုင်ရရင်တောင် အေးချမ်းတဲ့ မေတ္တာရိပ် အောက်မှာ သမီးလေးကို ထားခဲ့ချင်တယ်လေ။ ကျမဆုံးဖြတ်ပြီး ချေစုံကန် ထွက်ခဲ့မိတဲ့ နေရာကို မရောက်ရောက်အောင် ပြန်ခဲ့ပါတယ်။ စေတနာကို စော်ကားခဲ့မိတဲ့ ကျမကို ဆရာမလေးတွေက မကြည့်ချင်တော့လောက်အောင် ဖြစ်ခဲ့ပေမဲ့ မိခင်မေတ္တာအပြည့်နဲ့ ( ကျမရင်ထဲမှာ အမေ လို့ခေါ်နေမိတဲ့ ) ဆရာမကြီးကတော့ ကျမအတွက် နေရာတခု ပြန်စီစဉ်ပေးခဲ့ပါတယ်။ ကျမ ဒီမှာသေခွင့်ရရင် ကြေနပ်ပါပြီ အမေရယ်။
နေစရာ၊ စားစရာတွေ ပြန်ရပေမဲ့ ကျမ ဘာမှစားလို့မရတော့ဘူး။ စားချင်တာလေး တွေ့လို့ စားလိုက်မိရင် ချက်ချင်း အိမ်သာပြန်ဝင်ရတယ်။ အမြဲတမ်းလဲ ရင်ပူနေလို့ ရေခဲတုန်းလေးတွေကိုပဲ ကိုက်စားနေရတယ်။ ကျမ ဒီခန္တာကိုယ်ကြီးကို တော်တော်ရွံမုန်းမိ ပါတယ်။ နောင်ဘဝတွေများရှိရင် ဒီလောက်လေးလံတဲ့ ခန္တာကိုယ်ကြီး ဘယ်တော့မှ မရပါစေနဲ့လို့ ဆုတောင်းမိပါတယ်။ ကျမ ရချင်တာကတော့ ပေါ့ပါးတဲ့ခန္တကိုယ်လေးမှာ ကိုယ်သွားလိုရာကို ပြန်သန်းသွားနိုင်တဲ တောင်ပံတစုံပါတဲ့ ငှက်ကလေးဘဝပါ။

နွေတနေ့ရဲ့ ရောင်နီမတက်သေးခင်မှာ ကျမ တောင်ပံတစုံရလာပါတယ်။ ကျမ ကောင်းကင်ပေါ် ပျံသန်းတက်ကြည့်မိတဲ့အခါ… အိုး… လောကကြီးဟာ သိပ်အေးမြပါလား။ ဟိုး… အရှေ့ဘက် မိုးကုပ်စက်ဝိုင်းမှာ ရောင်နီဖျဖျ လှမ်းမြင်နေရပါပြီ။ ကျမ မွေးရပ်မြေရှိရာ ဘက် မှန်းဆပြီးထွက်ခဲ့ပါပြီ။ လမ်းမှာ ပျံသန်းသွားနေကြတဲ့ ငှက်ကလေးတွေကို တွေ့လို့ သူတို့ရှိရာဘက် ပျံထွက်ခဲ့လိုက်တယ် ဆိုရင်ပဲ.. လှပလိုက်တဲ့ မြို့ရွာတွေ။ ဘုရား၊ ကျောင်း၊ ကန်တွေ၊ တန်ဆောင်းပြဿဒ်တွေနဲ့ စိမ်းလန်းစိုပြေတဲ့ လယ်ကွင်းတွေ။ ဒါ.. ငါ့ရဲ့မွေးရပ်မြေလား… ငှက်ကလေးတွေကို လှမ်းမေးလိုက်တော့… မဟုတ်သေးဘူး… တဲ့။ ရှေ့ဆက်ခိုင်းတယ်။ တနေရာရောက်တော့ နေဝင်လုအချိန်ရောက်ပြီပေါ့။ ငှက်ကလေးက ညွန်ပြတယ်… ဟိုးနေရာ…တဲ့။ မွေးရပ်မြေဆိုတာကို သဲသဲကွဲကွဲမမြင်ရလို့ နီးသထက်နီး အောင် ဆင်းကြည့်လိုက်တယ်ဆိုရင်ပဲ…။ မိုးခေါင်ရေရှား ရပ်ဝန်းက လယ်ကွင်းတွေထဲမှာ ကျွဲမဲတအုပ်ပါလား။ သေသေချာချာ ကြည့်လိုက်မှ ကဆုန်ပေါက်မြူး နေကြတဲ့ ကျွဲတအုပ်ရဲ့ ခွာ တွေအောက်မှာ မြေဇာမြက်ပင်ကလေးတွေ တဖုတ်ပြီးတဖုတ် ကမ္ဘာမြေပေါ်က ဆွဲနှုတ်ခံနေကြရပါပေါ့လား။ သည်းးခံလိုက်ပါအုံး မြေဇာမြက် လေးတို့ရယ်။ မကြာခင်မှာ ဒီကျွဲတအုပ် သူတို့ရဲ့ တင်းကုပ်ဆီ သွားကြရတော့မှာပါ။

(မှတ်ချက်။ ။ စိတ်ကူးယဉ်ဝတ္ထုတပုဒ် မဟုတ်ပါ။ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ဆရာမကြီး ဒေါက်တာ စင်သီယာမောင်၏ ဆေးခန်းတွင် AIDS ရောဂါဖြင့် သေဆုံးသွားသူ အမျိုးသမီးငယ်လေး၏ တကယ့်ဖြစ်ရပ်မှန်ကို အနည်းငယ် ဖြည့်စွက်၍ ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ သူမ၏အမည်ကတော့ “နွယ်” ပါ။ သို့သော် တွယ်ချင်ရာ တွယ်ခွင့်မရခဲ့တဲ့ မြေဇာမြက်တပင်မျှသာ….။ ဒုက္ခတွေ တနင့်တပိုးနှင့် သူမထားခဲ့ရစ်သော သမီးငယ်လေး မှာတော့ သူမလောက် ဒုက္ခမရောက်တော့ပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ အခုချိန်မှာ သမီးငယ်လေးက လုံခြုံ အေးချမ်းတဲ့ ထိုနေရာ လေးမှာရောက်ရှိနေတယ်လို့ ကျမ သိထားသောကြောင့် ဖြစ်ပါတယ်။)

ကြိုးစားပါဦးမည်။
ချွန်း (၁၈.၁၀.၂၀၀၈)


2 comments:

ဗေဒါရီ said...

ကိုသစ်နက်ဆူးရဲ့ ဘလော့ကတဆင့် ရောက်လာပါတယ်။ မြေဇာမြက် ၀တ္ထုရှည်ကို အစအဆုံးဖတ်ပြီး ရင်ထဲမှာ ဝေဒနာတွေ အများကြီး ခံစားလိုက်ရတယ်။ :(

စူး said...

အမရယ်
ဒီဟာလေးက အတော်ခံစား၇ပါတယ်။