Thursday, October 9, 2008

သူတို့အမြင်...

ထွေရာလေးပါး ဘော်ဒါများနှင့်
ကျမမှာအဖော်လုပ်စရာ ကိုယ့်လူမျိုးက ကိုယ့်ဌာနမှာမရှိလေတော့ ရှိကြတဲ့ တခြား လူမျိုး လုပ်ဖော် ကိုင်ဖက်တွေနဲ့ဘဲ ထမင်းစားချိန်၊ နားချိန်တွေမှာ အဖော်လုပ်ပြီး စကားပြော ဖြစ်ပါတယ်။ ကျမရဲ့စကားပြောဖော်တွေကတော့ စက်ရုံမှာအများဆုံးဖြစ်တဲ့ ဗီယက်နမ်တွေပါ ဘဲ။ လာအို သူလေးတယောက်လည်းရှိသေးတယ်။ သူတို့တတွေက ငယ်ငယ်လေးထဲက ရောက်နေကြတာ။ ထမင်းစားချိန်ဆို သူတို့နဲ့အတူစား၊ အတူပွားကြတာပေါ့။ ဒီမှာ.. ဗီယက်နမ်တွေအကြောင်းပြောရမယ်ဆိုရင် သူတို့က အမေရိကားရောက် ဗီယက်နမ်တွေမို့ ဆိုပြီး အထင်မသေးလိုက်ပါနဲ့။ မျိုးချစ်စိတ် သိပ်ပြင်းတာ။ သူတို့လူမျိုးအခြင်းခြင်း ဘယ်တော့ မှ အင်္ဂလိပ်လိုမပြောဘူး။ သူတို့စကားပြောပြီဆိုရင်လည်း သူတို့အုပ်စုထဲကို တခြားဘယ်သူမှ စကားဝင်ပြောလို့ မရတော့ဘူး။ ကျမတို့ဆီက စကားပုံတွေနဲ့ပြောရရင် ကုလားတိုက် ကျားဝင်ဆွဲသလို လို့ပြောရမလား၊ ဒါမှမဟုတ် မွန်တစု စကားပြောပြီးလမ်းလျှောက်သွားလိုက် တာ အနောက်ကတယောက်ကို ကျားဆွဲသွားတာမသိလိုက်ဘူးဆိုတဲ့ စကားကို ကိုးကားရမ လား။

ဒါနဲ့ မွန်တွေလို့သိမ်းကြုံးပြောရင်တော့ ဒီစကားက မှားလိမ့်မယ်။ ဘာဖြစ်လို့လဲဆို တော့ ကျမတွေ့ဖူးတဲ့ သူငယ်ချင်းမွန်အမျိုးသမီးတယောက်ဆို စကားပြောတာ ညင်သာလွန်း လို့။ သူ့ယောင်္ကျားနဲ့ စကားပြောနေရင် အိမ်နှစ်လုံးက ဒီလောက်ကပ်နေတာ သူ့အသံကီု သဲသဲကွဲကွဲ ဘယ်တော့မှမကြားရဘူး။ သူ့ယောင်္ကျားရဲ့တုန့်ပြန်သံကိုသာ ဘေးကကြားရ တာ။ တခါတခါ ဘေးကနေ ကို….ရဲ့ အင်း..အင်း.. ဆိုတဲ့အသံကို ကြားနေရလို့ ဘာလို့တယောက်ထဲ တအင်းအင်းနဲ့ ထောက်ခံနေတာလဲဆိုပြီး နားစွင့်လိုက်မှ မအေး. အသံကြားရတာ။ လူနဲ့သာဆိုင်တာပါ။ အားလုံးလို့သိမ်းကြုံးပြောလို့ ဘယ်ရလဲနော်။ ဒါနဲ့ တချို့ကလည်းပြောကြပါတယ်။ လူကြောင့်မဟုတ်ဘဲ.. သူတို့ရဲ့စကားကြောင့်လို့လဲ ပြောကြတယ်။ ကမ္ဘာဦးစ လူတွေဖြစ်ကာစက စကားဆိုတာ မရှိသေးဘူးတဲ့။ စကားလိုချင်ရင် ဘုရားဆီမှာသွားတောင်းရတာတဲ့။ အဲ့ဒီမှာလူမျိုးအသီးသီးက သွားတောင်းပြီးကြလို့ မွန်လူမျိုး သာကျန်တယ်တဲ့။ နောက်ဆုံးကျမှ သူတို့ကသွားတော့ ဘုရားဆီမှာ စကားကမကျန်တော့ ဘူးတဲ့။ ဘုရားကလည်း နောက်ကျမှလာရမလားဆိုပြီး စိတ်တိုတိုနဲ့ ဘေးနားမှာရှိနေတဲ့ ရေ ပုန်းတလုံးကို ကန်ချလိုက်တာ၊ ရေပုံးကတောင်စောင်းအတိုင်း ဂလုံ၊ ဂလွမ်မည်ပြီး လိမ့်ကျ သွားတဲ့အသံကို သူတို့စကားသံအဖြစ်ယူထားရလို့ဆိုပြီးတော့ ပြောကြတာကိုလည်း ကြားဖူး ပါတယ်။ ဒါတွေက ပျော်စရာအဖြစ်ပြောနေကြတာဖြစ်မှာပါနော်။ ကျမကကြားဖူးတာလေး ရေးတာပါ။ အခုကျမပြောချင်က ဗီယက်နမ်တွေအကြောင်း။
ထမင်းအတူစားရင်း ပြောကြတဲ့စကားတွေထဲမှာ သူ့နိုင်ငံအကြောင်း၊ ကိုယ့်နိုင်ငံအ ကြောင်းတွေလည်းပါတာပေါ့။ အိမ်နီးနားခြင်းနိုင်ငံဆိုတော့ သူတို့ကလည်းသိကြတာကိုး။ ကျမတို့ အစိုးရကို သူတို့က ကွန်မြူနစ်လို့ပြောကြတယ်။ မဟုတ်ဘူး၊ စစ်အစိုးရလို့ ကျမက ပြောတော့ သူတို့က အတူတူဘဲတဲ့။ ဘာဖြစ်လို့လဲဆိုတော့.. လည်ပင်းကို ဓားနဲ့လှီး တဲ့ပုံစံ လုပ်ပြတယ်။ လူသတ်တယ်ပေါ့။ ကွန်မြူနစ်က ကောင်းပါတယ်လို့ ကျမကပြောတော့ သူတို့က ကျမကိုအလန့်တကြားကြည့်ကြတယ်။ စစ်အစိုးရက ပိုဆိုးလို့ပါလို့ပြန်ပြောလိုက် ရတယ်။ ဗီယက်နမ်မှမဟုတ်ပါဘူး။ လာအိုမလေးကလဲ ကွန်မြူနစ်ဆိုကြောက်သတဲ့။
ဒါပေမဲ့ သူတို့က ခွင့်ရတိုင်း သူတို့နိုင်ငံ ပြန်လည်ကြတယ်။ နင်တို့ကို မဖမ်းဘူးလား ဆိုတော့ ငါတို့ကနိုင်ငံခြားဝင်ငွေရှာပေးနေတဲ့သူတွေတဲ့။ ခုအစိုးရက အရင်ကနဲ့မတူတော့ ဘူး။ ကွန်မြူနစ်ခြင်းတူပေမဲ့ ပြည်သူတွေအတွက် တိုးတက်ဖို့ကိုဦးစားပေးလာပြီတဲ့။ ကိုယ့် နိုင်ငံသားတွေ ဘယ်သူလာလာ ကြိုဆိုသလို ဘယ်သူသွားသွား ခွင့်ပေးထားပြီတဲ့။ ဗီယက်နမ် တယောက် အမေရိကန်ရောက်ဖို့က လွယ်လွယ်လေးတဲ့။ ဖြစ်နိုင်ပါသည်။ ကျမတို့ စရောက် ကတည်းက ဆက်ဆံခဲ့ရတဲ့သူတွေထဲမှာ ဗီယက်နမ်တွေနဲ့မှမလွတ်တာ။ ကျမကို အလုပ်ရှာ ပေးခဲ့ သူကလည်း ဗီယက်နမ်မလေး။ ရောက်စက သွားတွေကို သန့်စင်ပေးတဲ့ဆေးခန်းက လည်း ဗီယက်နမ်ဆရာမလေးတွေ။ ကိုယ်နေ့စဉ်စားဖို့ ပစ္စည်းတွေဝယ်တော့လည်း ဗီယက်နမ် ဆိုင်တွေ။ အခုအလုပ်အတူလုပ်ကြရတော့လည်း သူတို့တတွေနဲ့။
------------------------------
တနေ့ကထမင်းဝိုင်းမှာစကားပြောကြရင်း ကျမ တော်တော်လေးကသိကအောက်ဖြစ်ခဲ့ ရတယ်။ နင်တို့နိုင်ငံက တရုတ်ကိုလိုနီတဲ့။ အဖိုးကြီးတွေက ပြောကြတယ်။ မဟုတ်ပါဘူးဆို တော့နောက်တယောက်က ထပ်ပြောတယ်၊ ဟုတ်တယ်..နင်တို့အစိုရက တရုတ်ကွန်ထရိုး အောက်မှာ တိုင်းပြည်ကိုအုပ်ချုပ်နေတာတဲ့။ တော်တော်လေးမခံချင်စရာဖြစ်သွားတယ်။ ဒါပေမဲ့ သူတို့ကိုတော့ဘာမှပြန်မပြောဖြစ်ခဲ့ဘူး။ ဘာပြန်ပြောရမှန်းလဲ မသိတော့ဘူး။
ဒီနေ့သတင်းနားထောင်တဲ့အချိန်မှ သူတို့ပြောတာကို လက္ခံရမလိုဖြစ်နေတယ်။ VOA သတင်းထဲမှာ ကြားရတာက၊ ဒီလောက်ဟိုးဟိုးကျော်နေတဲ့ တရုတ်နို့မှုန့်ကိစ္စကို ပညာပေး ဆောင်းပါးတွေမှာ တရုတ်ပြည်မှထုတ်လုပ်သောနို့မှုန့် ဆိုတာကိုရှောင်ပြီးရေးသားနေကြရ တယ်တဲ့။ သြော်… ဘာလို့များတရုတ်ကိုဒီလောက်ကြောက်နေကြပါလိမ့်။ ကျမက.. ပဉ္စာနန္တရိယကံ(သံဃာကိုသတ်သောကံ) ကိုတောင်ကျူးလွန်ရဲတဲ့ နအဖ က တရုတ်ကိုကျမှ ကြောက်နေလိုက်ကြတာ အံ့သြနေမိပါတယ်။
ချွန်း(၂-၁၀-၂၀၀၈)

1 comment:

ဒူကဘာ said...

ဖတ်ယင်း ဒေါသအတောင့်လိုက် ထွက်သွားတယ် ဆိုတော့ စာရေးသူရဲ့ ခေါ်ဆောင်ရာ လိုက်သွားနိုင်တယ်ပေါ့ ဗျာ.... နောက်ကျမှ လာသူကိုတော့ ခွင့်လွှတ်စေချင်တယ်။