Tuesday, October 14, 2008

မြေဇာမြက်... တပင် (တတိယပိုင်း)


(၅)

အိပ်ယာကနိုးနိုးခြင်း ခန္တာကိုယ်က အရိုက်ခံထားရသလိုနာကျင်နေတယ်။ သေသေချာ ချာစဉ်းစားလိုက်မှ ကိုယ်ဝန်ဖျက်နေတာ တပတ်တိတိရှိပေမဲ့ ဘာမှထူးခြားမလာသေးတာပဲ။ သွေးနည်းနည်းဆင်းတာလောက်ပဲရှိတယ်။ ကျမဘဝတလျှောက် ခံစားခဲ့ရတဲ့ နာကျင်မှုတွေက ချစ်ခြင်း၊ မုန်းခြင်းတွေကို ဥပေက္ခာပြုနိုင်နေသလိုပဲ။ မိသားစုဘဝလေးဆိုတာကို မရဲတရဲလေး မျှော်လင့်ခဲ့ဖူးပေမဲ့၊ အခု ဝမ်းနဲ့လွယ်ထားရတဲ့ကလေးကို ဖျက်ချတော့လဲ ကြေကွဲဝမ်းနည်းမှု တွေဖြစ်မလာပါဘူး။ သာမန်ကိစ္စတခုလောက်ပဲ ကျမခံစားချက်ရှိတယ်။ ကျမဒီဒုက္ခ တွေကနေ မြန်မြန် လွတ်မြောက်ချင်တယ်။ မဝေးတော့သောကာလတခုမှာ ကျမမိသားစုရှိရာကို ပြန်ရောက်တော့မှာပဲလေ။ `“နင့်ကိစ္စက လုပ်လို့မရတော့ဘူး” တဲ့.. ဒေါ်ဘုမက ပြောလာတယ်။ ဘာဖြစ်လို့လည်းဆိုတော့ `“နင့်ဟာက ရင့်နေပြီ.. အားလုံးအပြီးအစီးဆို နောက်ထပ်ငွေ တသောင်းလောက်ထပ်ကုန်မယ်” တဲ့။ အစကတည်းက ခြောက်လကျော်ရှိနေ တဲ့ ကိုယ်ဝန်ကိုဖျက်ချပေးနိုင်တယ်လို့ အာမခံထားလို့ ရှိသမျှငွေလေး အကုန်ခံပြီး လာပါ တယ်ဆိုမှ အခုတော့ရင့်နေလို့ တဲ့။ ပိုက်ဆံထပ်ပေးရမယ်ဆိုတော့ ကိုယ်ကဘာဝင်ငွေရှိလို့ ဘယ်သူကထောက်ပံ့နေလို့လဲ။
တပူပေါ်နှစ်ပူဆင့်ဆိုတာ ဒါမျိုးပဲဖြစ်မယ်ထင်ပါတယ်။ ကျမမှာ ပိုက်ဆံမရှိ၊ နေစရာမရှိ တဲ့အပြင် ရောဂါပါထပ်တိုးလာပြန်ပြီ။ ကျေးဇူးရှင်ကြီးက ပိုက်ဆံမရှိတော့လို့ သူ့အိမ်မှာလည်း မထားချင်သလို၊ ဘာမှလည်းထပ်မလုပ်ပေးနိုင်တော့လို့ ကျမနေထိုင်လို့ ရနိုင်တဲ့နေရာကို လမ်းညွှန်ပေးပါတယ်။ အဲ့ဒီနေရာလေးကတော့


ကျမနဲ့ရေစက်မကုန်နိုင်ဘူးလို့ပဲ ပြောရတော့မယ်ထင်ပါတယ်။ ဘဝရဲ့ ဆိုးဝါးလှတဲ့ အတိတ်ဖြစ်ရပ်တွေကို ပြန်သတိမရချင်တော့လို့ ခြေဦးတောင်မလှည့်တော့ဘူးလို့ ဆုံးဖြတ် ထားတဲ့နေရာကို ဒုက္ခတွေတပုံကြီးနဲ့ ပြန်သွားရဦးမဲ့ ကျမရဲ့ အဖြစ်က တွင်းရေငင်နေရတဲ့ ရေပုံးတလုံးလို ကြိုးတချောင်းရဲ့ ချည်နှောင်မှုအောက်မှာ မြုပ်လိုက် ပေါ်လိုက်နဲ့ သံသရာ လည်နေတာ ကိုယ်ရောက်ချင်တဲ့နေရာကို တော်ရုံကံတရားနှင့်တော့ ရောက်နိုင်မည့်ပုံ မပေါ်။ ဒေါ်ဘုမရဲ့ ကောင်းမှုနဲ့ပဲ မယ်တော်ဆေးခန်းကို ကျမရောက်ခဲ့ရတယ်။ ဒုက္ခရောက်နေကြတဲ့ လူနာတွေကြားထဲမှာ ကျမလည်းနေရာတခုရခဲ့ပါတယ်။ မကျန်းမာပေမဲ့ ကျမနေခဲ့ရတဲ့ နေရာ အားလုံးထဲမှာ ဒီနေရာလေးကတော့ သုခရိပ်မြုံလေးတခု ဖြစ်ခဲ့ပါတယ်။
ဒီနေရာမှာ ကျမအထီးကျန်မဖြစ်ဘူး။ ကျမအတွက်သူငယ်ချင်းဆိုတာရှိခဲ့တယ်။ ဒီနေရာမှာ ကျမ အားမငယ်ရဘူး။ အားပေးတဲ့ဆရာမတွေ အမြဲရှိတယ်။ ဒီနေရာမှာ ဝမ်းရေးအတွက် မပူရဘူး။ အချိန်တန်ရင် ချက်ပြီးသားထမင်း အရံသင့်စားရတယ်။ ဒီနေရာမှာ နှိပ်စက်မှုတွေမရှိဘူး။ လူလူခြင်းမေတ္တာတရား ထားကြတယ်။ ဒီမေတ္တရိပ်မြုံလေးရဲ့ အရိပ်အောက်မှာ ပျော်ရွှင်စွာ ကျမနေခွင့်ရခဲ့ပါတယ်။ ကြည်လင်ဧချမ်းပြီး အမြဲတမ်းပြုံးရိပ် သန်းနေတဲ့ မျက်ဝန်းတစုံကိုတွေ့ရတဲ့အခါ၊ မေတ္တာဓါတ်တွေနဲ့ ထုံမွမ်းထားတဲ့ စကားသံတခု ကိုကြားရတဲ့အခါ တွေမှာတော့ မိခင်မေတ္တာကိုရရှိခံစားရသလို၊ ကျမကိုယ်တိုင်မှာလည်း မိခင်စိတ်တွေ ပေါက်ဖွားလာတတ်ပါတယ်။ ကျမရဲ့ မပျက်စီးသွားတဲ့ ဗိုက်ထဲက ကလေးကို ကျမ ချစ်တတ်လာပါတယ်။ သားလား၊ သမီးလား မသိရသေးပေမဲ့ သူ့ကိုထိခိုက်အောင်လုပ်ခဲ့ မိတာကို ကျမနောင်တရမိတယ်။ ကျန်းမာစွာမွေးဖွားလာဖို့ကိုလည်း အမြဲဆုတောင်းနေမိ ပါတယ်။ အခြေအနေ အမျိုးမျိုးကြောင့် မမွေးခင်ကတဲက ရောင်းစားခံကြရတဲ့ ကလေးတွေထဲ မှာတော့ ကျမ ကလေးကို အပါမခံတော့ဘူး။ မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ထားရတဲ့ အမျိုးသမီးတွေဆီက ကလေးမမွေးခင် ငွေတဝက်ပေးပြီး ကလေးမွေးပြီးတာနဲ့ ကျန်ငွေတဝက် ကိုချေကာ ကလေးကိုယူသွားကြသူ၊ ပေးလိုက်ကြသူတွေရှိပေမဲ့ ကျမရဲ့ ကလေးကိုတော့ ဒီိလိုမလုပ်ရက်တော့ဘူး။ အရင်ကစိတ်မျိုးနဲ့ဆို ကလေးကိုရောင်း၊ ပြန်စရိတ်လုပ်လို့ မိဘအိမ်ဆိုတာကို ရှာဖွေဖို့ပဲ စဉ်းစာမိမှာပါ။ ဒါပေမဲ့ မေတ္တာတရားရဲ့ အရိပ်အောက်မှာ ဒီိလိုလုပ်ရပ်မျိုးကို ကျမမလုပ်နိုင်တော့ပါဘူး။ ကျမ မေတ္တာငတ်သလို ကျမကလေးကို မဖြစ်စေချင်ဘူးလေ။
(၆)
မီးဖွားခန်းထဲမှာ နာကျင်မှုကို အချိန်အတန်ကြာခံစားရပြီးတဲ့နောက် ကျမဘဝထဲကို ရောက်လာတာကတော့ ဖြူဖြူဖွေးဖွေးသမီးလေးပါ။ သမီးလေးဟာ အရမ်းကိုချစ်စရာကောင်း ပေမဲ့ သူ့ခြေချောင်း၊ လက်ချောင်းလေးတွေက ပူးကပ်ပြီးပုံပျက်၊ ပန်းပျက်ဖြစ်နေပါတယ်။ သမီးလေးကို သနားကြင်နာမှုတွေဖြစ်ရပေမဲ့၊ ကျမရဲ့နို့ချိုကို တိုက်ကြွေးခွင့်မရခဲ့ပါဘူး။ ဘာကြောင့်မှန်းမသိပေမဲ့ ဆရာ၊ ဆရာမတွေက နို့မှုန့်ကိုသာတိုက်စေခဲ့ပါတယ်။ သနားစရာ သမီးငယ်လေးကို ဆရာ၊ ဆရာမတွေကလည်း ချစ်ခဲ့ကြပါတယ်။ နိုင်ငံခြားသား ဆရာမ များကလည်း သမီးလေး အတန်အသင့်အရွယ်ရလို့ ခံနိုင်ရည်ရှိလာရင် ခြေ၊ လက် ကလေးတွေကို ခွဲစိတ်ကုသပေးမည်တဲ့။ အားလုံးက အခမဲ့ပေမဲ့ မေတ္တာတရားတွေနဲ့ပါ။ ကျမ ဘဝလေး လန်းဆန်းစိုပြည်လာပါပြီ။
ကျမတို့ သားအမိအတွက် နေစရာရှိသလို၊ ငွေကြေးကလေးလည်းရှာဖွေဖို့ အခွင့်ရ ထားတယ်။ ဝေးဝေးလံလံသွားလုပ်စရာမလိုပါဘူး။ အမျိုးသမီးလူနာဆောင်မှာ သန့်ရှင်းရေး လေးကိုယ်တတ်နိုင်သလောက်လုပ်ရုံနဲ့ တလတလမုန်ဖိုးလေးရနေတာပါ။ တဆောင်တည်း နေ မီးနေသည်တချို့ရဲ့ အညစ်အကြေးပေတဲ့အဝတ်တွေကို လျှော်ပေးရင်နဲ့လည်း ကုသိုလ် လည်းရ ဝမ်းလည်းဝဆိုတာလို သူတို့ပေးကမ်းသွားတာတွေဟာလည်း၊ ကိုယ့်အတွက် အသား တင်ဝင်ငွေတွေပါ။ ဒီငွေတွေနဲ့ ကိုယ်စားချင်တာ စားလို့ရသလို၊ ကိုယ်ဝတ်ချင်တာကိုလည်း ဝယ်ဝတ်လို့ရတယ်။ ကျမ စိုပြည်လှပခဲ့ပါတယ်။
လူ့စိတ်တွေကလည်း သိပ်ခက်ပါတယ်။ လူ့အလိုနတ်မလိုက်နိုင်ဆိုတာလို ကိုယ်လို ချင်တာရပြီးသွားတဲ့အခါ နောက်ထပ်တခုကို လှမ်းနေတတ်တာ လူတွေရဲ့လောဘတရားတွေ လား။ ပြည့်စုံသွားပြီဆိုတာ မရှိနိုင်ပဲ၊ လိုနေသေးတယ်ဆိုတာက ဘယ်လောက်ရရ အတောမ သတ်နိုင်တဲ့ လောဘနောက်လိုက် ပုထုဇဉ်လူသားတွေရဲ့ အာသာဆန္ဒ။ ကျမလဲ ဒီထဲကလူ တယောက်ပါပဲ။ ကိုယ်ရနေတဲ့ အခွင့်အရေးထက် ပိုပြီးတော့လိုချင်လာခဲ့တယ်။ လိုချင်တော့ ပြုလုပ်၊ ပြုလုပ်တော့ရရှိလာပါတယ်။ ရရှိလာတာတွေကတော့ ဒုက္ခတွေတနင့်တပိုး…
ပိုးဖလံမျိုး၊ မီးကိုတိုး၊ ကိုယ်ကျိုးနည်းလှပြီ… ဆိုတာလို ဒုက္ခမီးတွေထဲကိုပဲ ကျမတိုးဝင်နေမိတယ်။ ကြည်လင်အေးမြတဲ့ ရေတပေါက်ထက်.. ဓါးသွားပေါ်ကပျားရည်စက် ကို ကျမ တပ်မက်မိခဲ့တဲ့အချိန်မှာတော့ ချိုမြိန်ခြင်းဆိုတဲ့ အရသာရဲ့နောက်ကွယ်မှာ….

ဆက်ရန်ကျန်ပါသေးသည်။



3 comments:

ဒူကဘာ said...

သိပ်ကောင်းတဲ့ အရေးအသားတခုရဲ့ သိပ်မကောင်းတဲ့ ဖြစ်ရပ်တခုကို နင့်နေအောင် ခံစားရတယ် ဟူးးးးးးးးးးး လွတ်မြောက်ရာလမ်း ဘယ်ဆီမှာလဲ? တွေးနေမိတယ်... အိမ်လွမ်းသူ လိုပဲ အေးအေးနေလဲ ရှာကြံ ပူတတ်သူမို့ ဒီအပူမီး ငြိမ်းအောင် မတူလဲဇွတ်လုပ် တူလဲ ညှိလုပ်တာတောင် တန်ကာမကြတဲ့ ဘဝများ၊ စကားမစပ် ... စိတ်ကူးရှိယင် စာမူတောင်းချင် ပါတယ်၊ မိတ်ဆွေကြီး ခွင့်ပြုရင်ပေါ့။

အိမ်လွမ်းသူ said...
This comment has been removed by the author.
အိမ်လွမ်းသူ said...

ကျမဘလော့လေးထဲက ကြိုက်တာလေးများရှိရင် ယူသုံးနိုင်ပါတယ်ရှင်.. အားပေးချီးမြောက်တဲ့အတွက် ကျေးဇူးအထူးတင်ရမှာက ကျမပါ။