လိုချင်လျှင်.... ဆင်းရဲသည်.... မလိုချင်လျှင်.... ချမ်းသာသည်.....
ဆရာတော်အရှင်ရာဇိန္ဒ ရဝေနွယ်(အင်းမ) ၏ ဒါနပါရမီ တရားတော်နှင့် ဒွိပိဋကဆရာတော် အရှင်နေမိန္ဒာဘိဝံသ၏ အရှိကို အသိနှင့်ညှိပါ တရားတော်ကို နာယူနိုင်ပါသည်။

သီလပါရမီတရားတော်...

ဆရာတော်အရှင်ရာဇိန္ဒ ရဝေနွယ်(အင်းမ)၏ သီလပါရမီတရားတော်..


MusicPlaylist

Wednesday, October 29, 2008

ယနေ့သတင်း...

သမီးကြီးပေါ့အိုင်းရဲ့ ပန်းချီလေးပါ..
အိမ်လွမ်းသူတယောက် ဖလူ မိနေပါတယ်။ စာဖတ်သူတို့ ဖလူ ကာကွယ်ဆေးလေးများ မထိုးထား ရသေးလျှင် ဆေးကြိုတင်ထိုးကြဖို့ သတိပေးချင်ပါတယ်။ ဂျီတော့တွင် ကုလားမ(India ကလာသော ဗိုင်းရပ်) လိုက်နှာက် ယှက်နေသလို အိမ်လွမ်းသူကိုလည်း ဖလူနှောက်ယှက်နေပါတယ်… အားလုံးကို စေတနာရှေ့ထား၍ သတိပေးခြင်းဖြစ်ပါတယ်…။

Tuesday, October 28, 2008

သီလပန်းများ လန်းဆန်းကြစေချင်ပါသည်...

သမီးပေါ့အိုင်းရဲ့..ပန်းချီလေးပါ
အလုပ်ထဲမှာက ရှားရှားပါးပါး အမျိုးသမီးနှစ်ယောက်ထဲရှိပါတယ်.. တယောက်က ပြောင်းရအုံးမယ်တဲ့။ ကျမတို့အလုပ်မှာက နှစ်ဆိုင်းခွဲထားတာ။ မနက်ပိုင်းက အမျိုးသမီးတွေ များပြီး ညဆိုင်းမှာကတော့ အမျိုးသားတွေများတယ်။ ကျမက ညဆိုင်းမှာလုပ်ရတာ။ ကျမတို့ ဌာနမှာက စက် ၁၄ လုံးရှိပြီး အလုပ်သမားက ၁၅ ယောက်ရှိတယ်။ တယောက်က Leader ပါ။ သူကတော့ စက်လည်တဲ့ လူတွေအတွက် လိုအပ်တဲ့ (ဝါယာ) ယူပေးတာတို့ ဘယ်သူက ဘယ်စက်လည် ဆိုပြီး ကြီးကြပ်တဲ့ အလုပ်လုပ်ရတာ။ ကျမရဲ့ တဦးတည်းသော အမျိုးသမီး ဖော်က ရုရှားမလေးပါ။ လူးဒါ လို့ခေါ်တယ်။ သူ့အသက်က ၄၅ နှစ်ရှိပြီ။ ကလေးသုံးယောက် ရဲ့မိခင်၊ မြေးငါးယောက်ရဲ့ အဖွား။ သားတယောက်၊ သမီးတယောက်က အိမ်ထောင်ကျပြီး ကလေးတွေရနေတာ။ သူနဲ့အတူနေတာက ၁၃ နှစ်အရွယ် သမီးလေး။ အခုသူ နေ့ဆိုင်းကို ပြောင်းဖို့ဖြစ်လာရတာကလည်း အဲ့ဒီသမီးကြောင့်ပါပဲ။

သူတို့မိသားစု အမေရိကားကိုရောက်တာ ရှစ်နှစ်လောက်ကြာပြီလို့ပြောတယ်။ သူတို့ စရောက်တုန်းက မိသားစုပျော်ပျော်ရွှင်ရွှင်ပဲတဲ့။ နောက်ပိုင်း လင်မယားပြဿနာတက်ပြီး တကွဲတပြားဖြစ်ကုန်တာ။ အခုဆို သမီးတယောက်က သူ့တိုင်းပြည်ပြန်ပြီး အိမ်ထောင်နဲ့ အဲ့ဒီမှာပဲနေတော့တယ်။ သားတယောက်ကလည်း သူ့အိမ်ထောင်နဲ့သူ မြောက် ကယ်ရိုလိုင်းနားမှာတဲ့။ လူ့ဒါရဲ့အမျိုးသားကတော့ သူတို့ကွဲပြီးကတည်းက ဒီပြည်နယ်ကို လာလို့မရတော့ဘူးတဲ့။ အဲ့ဒါနဲ့ လူ့ဒါလည်း အရွယ်ရောက်စ သမီးလေးနဲ့ နှစ်ယောက်တည်း နေရတော့တာပေါ့။ သူကလည်းခေသူတော့မဟုတ်ပါ။ ၄၅ နှစ်ဆိုပေမဲ့ ချစ်ချင်သူတွေ ဝိုင်းဝိုင်းလည်အောင် ရုပ်ရည်ရှိသူပါ။ သူ့အပြောအရ လက်ရှိချစ်သူက နှစ်ယောက်တဲ့။ ဒါပေမဲ့ ကိုယ်သိတဲ့ သူ့ကိုပိုးနေတဲ့သူမပါသေးဘူး။ ဒီလို ပိုးပန်းနေသူတွေကလည်း ဘယ်နှစ်ယောက် ရှိမှန်းတော့ ကျမလည်းမသိဘူး။

သူ့မှာက ချစ်သူတွေရှိပေမဲ့ လက်ထပ်ဖို့အထိတော့ သူမဆုံးဖြတ်နိုင်ဘူးဖြစ်နေတယ်။ ချစ်သူ တွေဆိုပေမဲ့လည်း သူ့ဘဝတခုလုံးအတွက် တာဝန်ယူလက်တွဲချင်တဲ့သူတွေတော့ ဟုတ်ဟန် မတူပါဘူး။ ခဏတဖြုတ်သာယာမှုလေးအတွက်သာဖြစ်ပြီး အရေးကြုံလာလျှင်တော့ သူ့အနား မှာ အားကိုးစရာဆိုလို့ ဘယ်သူမှမရှိတာပဲ။ သူတို့သားအမိနှစ်ယောက် နေထိုင်စားသောက် နိုင်ဖို့အတွက် စနေနေ့တောင်မနားနိုင်ပဲ သူအလုပ်လုပ်ရတယ်။ သူက ညဘက်အလုပ်ဆင်း တော့ သမီးလေးက အုပ်ထိမ်းမဲ့သူမရှိဘူး။ သူ့အပေါင်းအသင်းတွေနဲ့ သူထင်သလိုနေတယ်။ မအေ မရှိတော့ညဘက် သွားချင်တဲ့နေရာကို သူငယ်ချင်းတွေနဲ့ သွားတယ်။ သူငယ်ချင်းအိမ် မှာအိပ်တယ်။ မအေက ဖုန်းဆက်ရင်တော့ အိမ်မှာရှိနေတဲ့ ပုံစံမျိုးလုပ်ပြီး မအေကို ညာထားတယ်။

တနေ့… လူ့ဒါတယောက် ပျာယာခတ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့သမီးဆီကို ဖုန်းဆက်တာ အိမ်ဖုန်းရော၊ လက်ကိုင်ဖုန်းရော မကိုင်ဘူး။ ဘာများဖြစ်နေလို့လဲမသိဘူး ဆိုပြီး Leader ဆီခွင့်တောင်းပြီး ပြန်သွားတယ်။ အိမ်ရောက်တော့ သူ့သမီးမရှိဘူး။ လက်ကိုင်ဖုန်းကိုဆက်လိုက်တော့ အလုပ်ထဲကဆက်တာထင်ပြီး အိပ်နေပြီလို့ပြောတယ်။ သူက အခုအိမ်ကနေဖုန်းဆက်နေတာ ဆိုတော့မှ ပြာယိပြာယာနဲ့ သူ့သူငယ်ချင်းအိမ်မှာ ရောက်နေတာဖြစ်ကြောင်း၊ သူ့သူငယ်ချင်းရဲ့ အမေဖြစ်သူက မနက်မှပြန်ပို့ပေးနိုင်မှာလို့ ဖုန်းဆက်သတဲ့။ အပူမောတွေနဲ့ သူအလုပ်ကိုပြန်ရောက်လာပြီး ပြောပြတယ်။ ပြီးတော့ သမီးနဲ့ ညဘက်အတူရှိနိုင်ဖို့ မန်နေဂျာကို အကျိုးအကြောင်းပြောပြီး နေ့ဆိုင်းပြောင်းဖို့ လျှောက်လွှာတင်ရတယ်။ သူက လုပ်သက်ကလည်း ၅ နှစ်ကျော်နေပြီဆိုတော့ စာနာထောက် ထားမှုတွေနဲ့ အမြန်ပြောင်းဖို့ အမိန့်ကျလာပါတယ်။ တခဏ အပူမီးကတော့ သူ့အတွက်ငြိမ်းသွားပါတယ်။

အဲ့ဒီကိစ္စတွေမဖြစ်ခင်က သူနဲ့ကျမ မကြာခဏစကားပြောဖြစ်ကြပါတယ်။ သူ့အကြောင်းတွေ၊ တခြားအမျိုးသမီးတွေရဲ့အကြောင်းတွေကို ကျမလည်နေတဲ့ စက်နားမှာ လာလာပြီးပြောနေ တာပါ။ ကျမကသိပ်မကြိုက်ပေမဲ့ အားနာပြီး နားထောင်နေရတယ်။ ထမင်းစားချိန်တွေ၊ နားချိန်တွေမှာတော့ သူ့ boy friend တွေကို ဖုန်းနဲ့စကားပြောနေရလို့ ကျမတို့နဲ့ စကား ပြောချိန်မရပါဘူး။ အလုပ်ချိန်မှာ သူလာပြောတဲ့စကားတွေကလည်း အရေမရ အဖတ်မရတဲ့ စကားတွေကများပါတယ်။ ကျမက သူနဲ့ စကားပြောရတာထက် ဗီယက်နမ်အဖိုးကြီးတွေနဲ့ စကားပြောရတာကို ပိုကြိုက်ပါတယ်။ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေကို မေးလို့ရတယ်။ သူနဲ့ကြတော့ သူပြောချင်တဲ့ သူ့အတွင်းရေးကိစ္စတွေကိုပဲ လာလာပြောနေလို့ ကိုယ်သိချင် တဲ့ သူ့နိုင်ငံအကြောင်းတောင် မေးလို့မရပါဘူး။ သူ့နိုင်ငံအကြောင်းမေးရင် မပြောချင်သလို စကားလွှဲသွားရော။

သူပြောတဲ့ သူ့အကြောင်းတွေထဲမှာ ကိုယ်ဌာနမှာ အတူတူအလုပ် လုပ်နေတဲ့ ဗီယက်နမ် အဖိုးကြီးအကြောင်းလဲပါတယ်။ အဲ့ဒီအဖိုးကြီးနာမည်က လောင်း လို့ခေါ်တယ်။ လောင်းက အသက် ၆၅နှစ်ကျော်နေပေမဲ့ လုပ်သက် ၁၀ နှစ်မပြည့်သေးလို့ ပင်စင်မရသေးဘူး။ လောင်းက ကျမနဲ့လည်းခင်တယ်။ လောင်းက လူ့ဒါဟာ သူ့ girl friend ပါလို့ လူ့ဒါဓါတ်ပုံ ထုတ်ပြပြီး ပြောပြဖူးတယ်။ သူတို့နှစ် ယောက်ကလည်း အမြဲတတွဲတွဲပဲ။ လောင်းက လူ့ဒါ စားချင်တာဆိုအမြဲဝယ်ခဲ့ပေးတယ်။ လူ့ဒါကလည်း လောင်းပေးတဲ့ဟာဆို အကုန်ယူတယ်။ လောင်းဆီကလည်း ပိုက်ဆံချေးတယ်။ ဘယ်တော့မှ ပြန်မဆပ်ဖူးလို့လဲ လောင်းကပြော ဖူးတယ်။ တနေ့ သူတို့နှစ်ယောက်ပြဿနာတက်ပြီး လူ့ဒါက လောင်းနဲ့ညစာအတူမစား တော့ဘူး။ လူ့ဒါတယောက် မက္ကဆီကန် တယောက်နဲ့ ဖြစ်နေကြတယ်ဆိုပြီး လောင်းက လူ့ဒါ ကို မကြေနပ်ရာကနေ စဖြစ်ကြတာ။ သူ့ကားနဲ့ လူ့ဒါကို ကြို၊ ပို့နေကြဖြစ်တဲ့ လောင်းဟာ အဲ့ဒီနေ့က လူ့ဒါကို သူ့ကားနဲ့ မတင်တော့ဘူး။ လူ့ဒါတယောက် သူ့အိမ်ကို လမ်းလျှောက်ပြန်ရတယ်။ နောက်တနေ့ လူ့ဒါက သူ့ကားနဲ့သူ အလုပ်လာရတယ်။ အကျိုးအကြောင်းလာပြောပြလို့ ကျမသိရတာ။ လောင်းကို ဘာဖြစ်လို့ အဲ့ဒီလိုလုပ်တာလဲလို့ မေးတော့ ခေါင်းခါပြီး ပြုံးနေတယ်။ သူ့ကိုယ်သူအောင်နိုင်သူကြီးလိုမျိုး။

နောက်တပတ်လောက်ကြာတော့ လူ့ဒါတယောက် ကြောက်လန့်တကြားနဲ့ ကျမကို စကား လာပြောတယ်။ မနက်လေးနာရီလောက်မှာ လောင်းတယောက် သူ့အိမ်ခန်းထဲကို သောတုနဲ့ ဖွင့်ပြီးဝင်လာတယ်။ သူ့အခန်းတံခါးဖွင့်သံကြားရလို့ သူ့အိပ်ခန်းထဲကနေထွက်ကြည့်တော့ ဧည့်ခန်းထဲမှာ လောင်းရောက်နေပြီတဲ့။ သူထွက်လာတော့ လောင်းက ဒူးထောက်ပြီး မျက်ရည်တွေကျလျှက်ကနေ သူ့ကိုတောင်းပန်နေသတဲ့။ ပြီးတော့ အရမ်းလွမ်းပြီး မခွဲချင်ပါ ဘူးလို့လဲပြောသတဲ့။ သူကတော့ ကြောက်ကြောက်လန့်လန့်နဲ့ ဘယ်ကနေ ဘယ်လို အိမ်သော့ရသလဲဆိုတော့ လူ့ဒါအိပ်ထဲကနေခဏယူပြီး copy ထားတာတဲ့။ သူ့အိမ်မှာ ယောက်ျားလဲမရှိ၊ သမီးတယောက်ကလည်း အရွယ်ရောက်နေတော့ သူတော်တော်စိတ်ပူ ကြောင်း ကျမကို အကြာကြီးပြောနေတယ်။ သူပြုထားခဲ့တဲ့ အမှုတွေအတွက် ကျမလည်းဘာမှ မကူညီနိုင်ပါဘူး။ ယောက်ျားတယောက်ဆီက ရသလောက်လေးယူပြီး ကိုယ့်ဂုဏ်သိက္ခာပြန် ပေးနေရတာ မတန်လှပါဘူး။ နောက်ပြီး ဒီယောက်ျားဟာ သူ့ရဲ့ boy friend စာရင်းထဲမှာ မပါပါဘူး။ သူ့ girl friend ပါလို့ ပြောနေတာကလည်း တဖက်သတ်ပါတဲ့။ လောင်း မှာကလည်း အတူနေတဲ့ girl friend တယောက်ရှိသေးတယ်တဲ့… ကဲ .. ကြည့်စမ်းပါအုံး။ ဘယ်လောက်ရှုပ်တဲ့ အရှုပ်တွေလဲဆိုတာ..။

ကျမကလည်း ကြံကြံဖန်ဖန်တွေ တွေ့တတ်၊ တွေးတတ်နေသလားတော့မသိဘူး.. ။ တနေ့ က ယူကျူ့ကတီဗွီတွေမှာ လိုက်မွှေနှောက်ရင်း ကမ္ဘောဒီးယားက ကလေးပြည်တန်ဆာတွေ အကြောင်းကြည့်မိပြီး လူ့လောကကြီးထဲမှာနေရတာ တော်တော်ကြောက်စရာကောင်းတယ် လို့ထင်မြင်လာမိတယ်။ ကိုးနှစ်၊ ဆယ်နှစ် အရွယ်မိန်းကလေးတွေ ဘယ်လိုဆွဲဆောင်မှု မျိုးမှ မရှိဘဲ တကယ့်ကလေးလေးတွေဟာ သူတို့နဲ့ ဘယ်လိုမှမဆိုင်တဲ့ ပြည့်တန်ဆာခန်းတွေ ထဲမှာ တွေ့နေရတယ်ဆိုတာ ငယ်ငယ်က ဖိုးဖွား၊ မိဘတွေပြောတဲ့ ဆုပ်ကပ်တွေများ ရောက်လာပြီ လားလို့စဉ်းစားနေမိတယ်။ ကြားဖူးတာကတော့ ဆုပ်ကပ်ရောက်လာရင် ဘေးဆိုးအမျိုးမျိုးတွေ့ပြီး သေကြေကြ၊ ရောဂါဘယတွေ ထူပြောလာကြပြီး၊ သက်တမ်းတွေက တဖြည်းဖြည်း တိုလာကြမယ်။ နောက်ဆုံး လူ့သက်တမ်းဟာ ၃၀ နှစ်အထိသာရှိတော့မှာဖြစ် ပြီး အသက် ၆ နှစ် ၇နှစ်လောက်လူတွေက ကလေးမွေးကြပြီး အဲ့ဒီကလေးတွေဟာ ဘယ်လောက်သေးသလဲဆိုရင် ဒန့်ကျွဲပင်မှတောင် ပုခက်ဆင်လို့ရနိုင်တယ်တဲ့။

ဟိုးတလောတုန်းကလည်း DVB ရုပ်မြင်သံကြားထဲမှာ ကြည့်လိုက်ရတာက အီသီယိုးပီးယားမှာ ငယ်ငယ်ရွယ်ရွယ် မိန်းကလေးတွေက ကလေးမွေးနေကြပြီး၊ အဲ့ဒီမှာ မိန်းကလေး ၆ နှစ် ၇ နှစ်အရွယ်တွေဟာ လိင်ဆက်ဆံနိုင်တဲ့အရွယ်ဖြစ်နေပြီလို့ ဒေသခံ အမျိုးသားတွေက သတ်မှတ်ထားသတဲ့။ တကယ့်ကို စက်ဆုပ်စရာ လူ့လောကကြီးဖြစ်နေပါပြီ။ တိရစ္ဆာန်တွေ တောင် သူ့အချိန်နဲ့သူ၊ သူ့အရွယ်နဲ့သူ သဘာဝကျကျ ဘဝတွေကိုဖြတ်သန်းကြရ သေးတယ်။

ဒါပေမဲ့ ဘုရားဟောခဲ့တဲ့ တရားတော်တွေနဲ့အညီ ကျင့်ကြံနေထိုင်ကြတဲ့ မေတ္တာတရားတွေ ထားနိုင်ကြတဲ့ သီလရှိတဲ့ လူတွေကတော့ သက်တမ်းရှည်ရှည်နေကြရပြီး နောက်ပိုင်း လူ့သက်တမ်းတွေ တဖြည်းဖြည်းပြန်ရှည်လာကြမှာဖြစ်ပါတယ်တဲ့။ ဒီလိုကျန်ခဲ့မဲ့လူတွေ ကလည်း သီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြဲမြံမြံ စောင့်ထိမ်းကျင့်ကြံနိုင်ကြမှ ကျန်တဲ့ သူတွေထဲပါမှာဖြစ် တယ်တဲ့။ လောဘ၊ ဒေါသ၊ မောဟတွေဖုံးလွှမ်းနေတဲ့ လောကကြီးမှာ သီလစောင်ထိမ်းနိုင်တဲ့ သူရဲ့ပမာဏကလည်း ရေခြောက်ခန်းတော့မဲ့ အိုင်ထဲကငါးတွေကို ဇကာတခုနဲ့ဆယ်ယူပြီး၊ ဇကာထဲပါလာတဲ့ငါးကို ကြောင်စားအုံးမယ်။ ကြောင်စားလို့ပိုတဲ့ ငါးတွေမှ လွတ်မြောက်ရာ ရေကန်ကြီးထဲရောက်ကြမှာတဲ့။ ကဲ…အဲ့ဒီတော့ တော်တန်ရုံ ဝိရိယနဲ့ သီလလုံအောင်စောင့် ထိမ်းဖို့ခက်တဲ့လောကကြီးထဲမှာ ဇကာထဲပါပြီး ကြောင်စားမခံရတဲ့ ငါးထဲမှာ ကိုယ်ပါအောင် သီလကို လုံအောင်စောင့်ထိမ်းကြဖို့သာ ကြိုးစားဖို့ရှိပါတော့တယ်။

ဒီနေရာမှာကတော့ ငါးပါးသီလဖြစ်တဲ့ သူ့အသက်သတ်ခြင်းအမှု၊ ပိုင်ရှင်မပေးသောပစ္စည်းကို ခိုးယူခြင်းအမှု၊ လိမ်လည်ပြောဆို၍ မိမိအကျိုးအတွက် အများသူငါ ကိုယ်စိတ်မချမ်းသာအောင် ပြုမူခြင်းအမှု၊ ကာမေသုမိစ္ဆာစာရ ဆိုတဲ့ အိမ်ထောင်ရှိသော ယောက်ျားမိန်းမတို့ ဖောက်ပြန်ကြခြင်း၊ မိဘအုပ်ထိမ်းမှုအောက်က မိန်းကလေးတွေကို ပြစ်မှားကျူးလွန်ကြ ခြင်းစသော သူတပါးအိမ်ယာ ကျူးလွန်ခြင်းအမှု၊ လူ့ဘဝ၏ ပျက်စီးရာ၊ ပျက်စီးကြောင်းဖြစ်တဲ့ သေရည်အရက်များကို သောက်သုံးခြင်းအမှု တို့ကို ရှောင်ကျဉ်နိုင်ကြရင်တော့ လက်ရှိဘဝတွေမှာလည်း သာသာယာယာရှိကြမှာဖြစ်သလို၊ သံသရာမှာ လည်း လွတ်မြောက် ရာရေကန်ကြီးထဲရောက်ကြရပြီး အဲ့ဒီကတဆင့် မဂ်ဖိုလ် နိဗ္ဗာန်ကို လျှောက်လှမ်းနိုင်တဲ့ လူတွေဖြစ်နိုင်ကြပါမယ်လို့ ဘုရားဟောတွေထဲမှာ ကြားနာ ဖတ်ရှုခဲ့ရဖူးပါတယ်။
လူတိုင်းလူတိုင်း အိမ်ထောင်ရေးသာယာပြီး ကလေးငယ်တိုင်း ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ လို့ဆန္ဒပြုလိုက်ပါတယ်။

Saturday, October 25, 2008

သူ့နေရာနဲ့သူ...

ခေတ်မှီိတိုးတက်တယ်ဆိုတဲ့ ခေတ်ကြီးမှာ ကောင်းတာတွေရှိသလို မလိုအပ်တဲ့ ဘေးဒုက္ခတွေ ကလည်း ပြောလို့မကုန်နိုင်အောင်ပါပဲ။ သတင်းတွေထဲမှာ ကလေးတွေသောက်သုံးတဲ့ နို့မှုန့်တွေထဲ မထည့်သင့်တာတွေကို ဈေးကွက်မှာရောင်းကောင်းအောင်ဆိုတဲ့ လောဘ တခုတည်းကြည့်ပြီး ထည့်ခဲ့တဲ့ မသမာတဲ့ စီးပွားရေးသမားတွေကြောင့် ကလေးသန်းပေါင်းများ စွာ ဒုက္ခရောက်ရတယ်ဆိုတဲ့သတင်းတွေ၊ ဂျပန်က Nissin ကုမ္ပဏီနဲ့ Myojo ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ခေါက်ဆွဲခြောက်တွေမှာ ပိုးသတ်ဆေးတွေ တွေ့ရတယ်ဆိုတဲ့သတင်းတွေ ကြောင့် အရင်ကတည်းက ခေတ်မှီအောင်ထုပ်ပိုးပြီး လှပအောင်ပြင်ဆင်ထားတဲ့ အစား အသောက်တွေကို မနှစ်သက်တဲ့ ကျမဟာ ဟိုး..ငယ်စဉ်က စားသောက်ခဲ့ရတာလေးတွေကို ပြန်ပြောင်းတမ်းတ သတိရမိပါတယ်။

ကျမရဲ့မိဘတွေက လယ်သမားလူတန်းစားကနေ မွေးဖွားကြီးပြင်းလာကြတာဖြစ်ပေမဲ့ သူတို့ ကြီးပြင်းလို့ လုပ်ငန်းခွင်ဝင်လို့ရတဲ့ အချိန်မှာတော့ အလုပ်သမား လူတန်းစားဘဝကို ရွေးချယ်ခဲ့ပါတယ်။ အိမ်ထောင်သည်ဘဝရောက်တဲ့အချိန်မှာတော့ ရောက်ရှိလာကြတဲ့ မျိုးဆက်သစ်တွေအတွက် တိုးတက်စေချင်တဲ့ စေတနာတွေနဲ့ ငွေရှာတဲ့အခါမှာ လူတန်းစား နှစ်ရပ် လုပ်ရမဲ့အလုပ်တွေကို ဇယ်စက်သလို အပင်ပန်းခံပြီး လုပ်ခဲ့ရတာကတော့ နအဖ ခေတ်မှာ လူဖြစ်လာရတဲ့ ကျမတို့ရဲ့ မိဘတွေပါ။ ကလေးတစ်ယောက်လောက်မှာ ဝန်ထမ်းလစာနဲ့ လောက်ငှသေးပေမဲ့၊ ကလေးငါးယောက်တို့ရဲ့ ဖခင်ကြီးဟာ စက်ရုံနဲ့ လယ်ယာတွေထဲမှာ ဘဝစက်ရဟတ်ကို လည်ပတ်စေခဲ့ပါတယ်။ မိခင်နဲ့တကွ ကျမတို့ မောင်နှမ တတွေကတော့ စက်ခေါင်းကြီးနောက်က နောက်တွဲလေးတွေပါရသလို လယ်ကွင်း တွေထဲမှာ ကြီးပြင်းကြရတာပေါ့။

ကျမရဲ့ မိဘတွေဟာ လယ်သမား၊ အလုပ်သမားဆိုတဲ့ ဂုဏ်ပုဒ်ကို လူတွေရှေ့မှာ ထုတ်ဖော် ပြောဆိုဖို့ ကျမ ဘယ်တော့မှဝန်မလေးခဲ့၊ မရှက်ခဲ့ပါ။ ဒါ့အပြင် အကယ်၍သာ မြန်မာပြည်ကြီး ဒီမိုကရေစီရလို့ လူတိုင်းလူတိုင်း သူ့နေရာနဲ့သူ နေကြတဲ့အချိန်ရောက်ရင် ကျမလိုချင်တဲ့ နေရာက လယ်သမားတယောက်ရဲ့ဘဝမျိုးပါ။ လယ်ယာတွေက ကျမကိုအဲ့ဒီလောက်အထိ ဆွဲဆောင်နိုင်ခဲ့တာပါ။ ဘဝတလျှောက်မှာ ပျော်ရွှင်ခဲ့ဖူးတဲ့၊ လွမ်းဆွတ်မိတဲ့ အရပ်ဟာလည်း ဒီလယ်ကွင်းတွေထဲမှာပဲဆိုတာ အခုချိန်မှ သိလာရတာပါ။ အစားအသောက်နဲ့ ပတ်သက် လို့လဲ ဒီလယ်ကွင်းတွေထဲက သန့်ရှင်းလတ်ဆတ်တဲ့၊ ဘာဓါတ်မြေသြဇာမှ မပါဝင်တဲ့ အသီးအနှံတွေ၊ သားငါးတွေကို စားသောက်ခဲ့ရတာကို အလွမ်းဆွတ်ဆုံးပါပဲ။ တခါတလေ ကျမရဲ့သမီးလေးတွေကို သနားမိပါတယ်။ စားစရာဆို ရေခဲသေတ္တာထဲမှာ ထည့်ပေးထားတာ လောက်ပဲ စားရပြီး ကျဉ်းကြပ်တဲ့ ဧည့်ခန်းလေးဟာလဲ သူတို့ရဲ့ ကစားကွင်းလေးလို့ သတ်မှတ်ထားရတဲ့ လှောင်အိမ်ထဲက ငှက်ကလေးတွေလိုပါပဲ။

ကျမ အားလပ်တဲ့ရက်မျိုးတွေမှာ သမီးတို့ကို ငယ်စဉ်က ကျမတို့ မိသားစုရဲ့ ဘဝလေးတွေ အကြောင်း ပြန်ပြောင်းပြောပြနေမိပါတယ်။

တောင်တလုံးလို့ခေါ်တဲ့ရွာကလေးမှာ လယ်နဲ့ ခြံလေးနဲ့စပ်လျှက်ရှိတဲ့နေရာတခုကို ကျမတို့ မိသားစု ပိုင်ဆိုင်သလို သုံးအိမ်စုလို့ ခေါ်တဲ့ ရွာလေးမှာတော့၊ သစ်ပင်ကြီးတွေ ဝါးရုံတွေရှိတဲ့ ခြံကို ကျမတို့ ပိုင်ပါတယ်။ ကျမတို့ ငယ်ဘဝတွေက အဲ့ဒီခြံကြီးနှစ်ခုထဲမှာ ဖြတ်သန်းခဲ့ရတာ များပါတယ်။ စာသောက်စရာတွေဆို ငွေကုန်ခံစရာမလိုပါဘူး။ ချွေတာစုဆောင်းပြီး ကလေး ငါးယောက်လုံး ပညာတတ်စေဖို့က ကြီးမားတဲ့ အဖေ့ရည်ရွယ်ချက်ပါ။ ငွေမကုန်ပဲ စားလို့ရတာ အကုန်စိုက်ပြီး ကျမတို့ကို ကြွေးမွေးခဲ့တာပါ။ အဖေ့ခြံဟာ ကျမတို့အတွက် စားစရာ မရှားပါးခဲ့ပါဘူး။ ငှက်ပျော၊ သင်္ဘော၊ မာလကာ၊ သရက်၊ ပိန္နဲနဲ့ ကြံကအစ စုံလင်လှပါတယ်။ ရာသီစာဖြစ်တဲ့ ကဇွန်းဥ၊ စိမ်းစားဥ၊ အာတာလွတ် စတဲ့စားစရာတွေအပြင် ဟင်းချက်စရာ အပင်ပေါင်းကလည်း မနည်းလှပါဘူး။ အိမ်နောက်ဖေး ဈေးဆိုင်တည်ဆိုတဲ့ အတိုင်း လိုချင်တာ အကုန်ဝယ်လို့ရတဲ့ ကျမတို့ခြံဟာ အိမ်နီးနားချင်းတွေအတွက်လည်း အဆင်ပြေခဲ့ပါတယ်။ လယ်ကွင်းထဲက ကောက်ညှင်းဆန်ရသလို၊ ကောက်ညှင်းကနေဖောက် လို့ရတဲ့ ပေါက်ပေါက်ကို ထန်းလျှက်နဲ့ဆုပ်ပြီးစားရတဲ့ ပေါက်ပေါက်ဆုပ်ကိုလည်း အမေက လုပ်ပေးပါတယ်။ ကောက်ညှင်းစပါးနုနုကို ထုပြားပြီးလုပ်ရတဲ့ မုန့်ဆန်း ဆိုတာကိုလဲ လယ်ထဲက ရပါသေးတယ်။ ကိုယ့်လယ်ထဲကထွက် တဲ့ စပါးကို စပါးကျီထဲထားပြီး လိုအပ်တဲ့အချိန်မှထုတ်ပြီး ဆန်စက်မှာ ကြိတ်ခွဲတဲ့လတ်ဆတ်တဲ့ ဆန်ကိုချက်တဲ့ ထမင်းက ရတဲ့ထမင်းရည်ဟာလည်း ကျမတို့အတွက် တော်တော်အာဟာရ ဖြစ်စေပါတယ်။ ထမင်းရည်ငှဲ့ပြီးတာနဲ့ ဥစားကြက်မလေးရဲ့ ဥကိုဖောက်ထည့်ပြီး သကြားနဲ့ ဆား အနေတော်ထည့်ပြီး သောက်ရတဲ့အရသာဟာ အခုကလေးတွေသောက်နေရတဲ့ နို့ထက် သာပါတယ်။

စပါးရိတ်သိမ်းပြီးချိန်မှာတော့ လယ်ကွက်တွေကို အနားမပေးထားပါဘူး။ မြေပဲ၊ နှမ်း၊ ပဲလွန်း၊ ဘိုကိတ်ပဲ နဲ့ ပဲတောက်ရှည်တွေ၊ ပြောင်းဖူးပင်တွေကို တနှစ်နဲ့ တနှစ်မထပ်စေရအောင် စိုက်ပျိုး ရပါတယ်။ ထွက်လာတဲ့မြေပဲနဲ့ နှမ်းတို့ကတော့ ဆီအတွက်လုံလောက်အောင် ထားရပါတယ်။ လယ်ကွက်တွေထဲမှာ စပါးတမျိုးထဲမဟုတ်ပဲ၊ တခြားအပင်တွေကို အလှည့်ကျ စိုက်ပျိုးပေးခြင်းအားဖြင့် လယ်ကွက်အတွက်မြေသြဇာ ဖြစ်စေတယ်လို့ အဖေကပြောပြဖူး ပါတယ်။ ဒါပေမဲ့ လယ်ကွက်တိုင်းမှာ ဘယ်အပင်စိုက်စိုက် ရတယ်လို့တော့ မဟုတ်ပါဘူး။ တချို့အပင်တွေက မြေသြဇာကို စုပ်ယူသွားတတ်တာလည်း ရှိပါတယ်။ ကိုယ့်လယ်ကွက် အကြောင်း လယ်သမားတိုင်း ကောင်းကောင်းသိထားကြပါတယ်။ ဒါကြောင့် သူတို့လယ်အတွက် ကောင်းမယ့်အပင်တွေကို ရွေးစိုက်ကြပါတယ်။ လယ်သမားအတွက် အတတ်ပညာကလည်း သူ့ဟာသူရှိပါတယ်။ ရှေးခေတ်က လယ်သမားတိုင်းဟာ သူတို့သား တွေကို သူများလယ်မှာ သူရင်းငှား အနည်းဆုံးသုံး၊ လေးနှစ် လုပ်စေပြီးမှ မိမိပိုင်တဲ့လယ်တွေကို ပြန်လုပ်စေပါတယ်။ ပညာတွေရအောင်လို့ရယ်၊ ဝန်ထမ်းမဟုတ်ပဲ ကိုယ့်လယ်နဲ့ကိုယ်ပဲဆိုပြီး အစကတည်းက ပေါ့ပေါ့လျှော့လျှော့ လုပ်တဲ့အကျင့် မဖြစ်အောင်လို့ရယ် ဒီလိုလုပ်ကြတာလို့ အဖေကပြောပြဖူးပါတယ်။ အဖေငယ်စဉ်ကလည်း ဒီလိုပဲ လယ်သမားတယောက် တတ်သင့် တဲ့ ပညာရပ်တွေကို သူရင်းငှားနှစ်နဲ့ချီလုပ်ပြီး သင်ယူခဲ့ရတာပါ။ ဒါကြောင့်လဲ လယ်ယာ၊ ခြံမြေတွေကို အောင်မြင်ဖြစ်ထွန်းအောင် လုပ်နိုင်ခဲ့ပါတယ်။

ကျမတို့ အရွယ်ရလာတဲ့ အချိန်မှာ အဖေလယ်မလုပ်တော့ပါဘူး။ ကျမတို့ ဂုဏ်ငယ်မှာ ကြောက်လို့တော့ မဟုတ်ပါဘူး။ အဖေလယ်လုပ်တဲ့အတွက် ဂုဏ်ငယ်တယ်လို့လည်း ကျမတို့ မောင်နှမအားလုံး ဘယ်သူမှ မထင်ကြပါဘူး။ အဖေလယ်မလုပ်တော့တဲ့ အကြောင်းရင်းကတော့ လယ်ထဲကို ထီးဆောင်းလာပြီး၊ လယ်အကြောင်း ဘာမှနားမလည်တဲ့ လူတွေက လယ်တွေမှာစပါးကို နှစ်သီးစား၊ သုံးသီးစား စိုက်ရမယ်လို့ အမိန့်ထုတ် ပြန်လိုက်လို့ ဖြစ်ပါတယ်။ အဖေလည်း လယ်သမားဘဝကို စိတ်မကုန်ပေမဲ့ စိတ်ပျက် ခဲ့ပါတယ်။ ကျမတို့လည်း ပျော်ရွှင်ဖွယ်ရာလယ်ကွင်းတွေနဲ့ ဝေးခဲ့ရပါတော့တယ်။

လူတိုင်း သူ့နေရာနဲ့သူ နေနိုင်ခွင့်လေး ရကြစေချင်ပါတယ်။


အိမ်လွမ်းသူရဲ့... ကျေးဇူးတင်လွာ...

သူများဘလော့တွေကို လျှောက်လည်ပြီး သူများတွေလို ထွေရာလေးပါးပြောချင် ရေးချင်တာ လေးရေးရအောင်ဆိုပြီး ဘလော့လေးတခုလုပ်မိပါတယ်၊ နေ့တိုင်းပဲ အဆူခံနေရတယ်။ ကိုယ်ကလည်း ကိုယ်ပဲလေ။ မလုပ်တတ်တာကို စပ်စပ်.. စပ်စပ်လုပ်ပြီး လျှောက်ပြင်တော့ ဘလော့ကြီးက ပျက်ကုန်တာပေါ့။ အေးအေးဆေးဆေး စာရေးနေတာကမှ ဟုတ်သေးတယ်။ ရှည်ပြီးလျှောက်လုပ်တော့ အပြောခံရတော့တာပေါ့။ နောက်တခါပျက်ရင် မလုပ်ပေးတော့ဘူး တဲ့။ စောစောစီးစီး ကျေးဇူးတင်စကားလေး ပြောထားမှဖြစ်မယ်။ နို့မဟုတ်ရင် အကြောင်းမသင့်လို့ မှားလုပ်မိတာလေးများရှိရင် ပြန်ပြင်ပေးချင်အောင်လို့လေ.. ဟဲဟဲ ..။

ကျမကတော့ သူများတွေလို ကျေးဇူးတင်ရမဲ့လူက သိပ်မများပါဘူး။ လောလောဆယ် ကိုယ့်ဘလော့မှာ ထိပ်ဆုံးကတင်ထားတဲ့ သူ ပေါ့နော့။ သူကပဲ ဒီဘလော့လေးကို လုပ်ပေး တာဆိုတော့.. နားငြီးတော့နည်းနည်းခံရတာပေါ့နော်… ဘာဖြစ်ဖြစ်လေ .. သူ့ကြောင့်ပဲ ဘလော့လေးက လန်းဆန်းလာတာဆိုတော့ ကျေးဇူးအထူးတင်ပါသည်ပေါ့နော်.. ။

နောက်ထပ် ကျေးဇူးတင်ရမဲ့ သူကတော့ မှန်မှန်လာအားပေးပြီး ကွန်မန့်တွေရေးပေးတဲ့ ဒူကဘာ၊ ကျမရေးထားတာလေးတွေကို တကူးတကနဲ့ ပိုစ်တင်ပေးတဲ့ နော်မန်၊ ရေးထားတာတွေကို စောင့်ဖတ်ပေးကြတဲ့ စာဖတ်သူတွေ အားလုံး၊ အထူးသဖြင့် c-box ထဲမှာ ခြေရာလေးများချန်သွားခဲ့ကြတဲ့.. သစ်နက်ဆူးမဗေဒါရောင်ပြန်ဟန်လင်းထွန်း… စသဖြင့် အားလုံးကို ကျေးဇူးအထူးတင်ပါကြောင်း …

Monday, October 20, 2008

အကြွေးကင်းကြစေချင်သည်...

ကိုးရီးယားရုပ်ရှင်ကားလေးကြည့်ပြီး ဇတ်လမ်းထဲက မင်းသား၊ မင်းသမီးတွေရဲ့ ပျော်စရာအခန်းလေးကြည့်လိုက်ရလို့ ကိုယ့်စိတ်ထဲ ပျော်ရွင်နေတုန်း၊ ဘလော့တွေကို ကြည့်မိပါတယ်(လူမဆန်သော ရက်စက်မှု)။ မတရားနှိပ်စက် သတ်ဖြတ်နေလိုက်တာများ ကိုယ့်လူမျိုးအချင်းချင်းမှ ဟုတ်ပါသေးရဲ့လားလို့ ထင်မိလာတယ်။ ဒါတွေကိုကြည့်ပြီးရင်ထဲမကောင်းလို့ ကိုယ့်စိတ်ကို ကိုယ့်ဖာသာ ပြန်ဆန်းစစ်နေမိတယ်။ တခဏတည်းမှာ စိတ်ရဲ့ဖြစ်စဉ်တွေဟာ ပေါ်လာတဲ့ အာရုံတွေပေါ်မူတည်ပြီး ပြောင်းလဲနေတာ မပြီးဆုံးနိုင်အောင်ပါပဲ။ ထင်လာတဲ့အာရုံတွေပေါ် လိုက်ပြီး ဖြစ်ပျက်နေတဲ့ စိတ်တွေအပေါ်မှာ မမြဲတဲ့ အနိစ္စတွေပဲဆိုတာကို သတိမထားပဲ လောဘ၊ ဒေါသတွေနဲ့ ကိုယ်ရဲ့နေ့ပေါင်းများစွာတွေကို ဖြတ်သန်းလာခဲ့တာ ကိုယ်ရှင်သန်ရမဲ့ သက်တမ်းရဲ့ ထက်ဝက်နီးပါရှိနေပြီ ဆိုတာကိုထိတ်လန့်စွာဆင်ခြင်မိလာပါတယ်။ အဲ့ဒီိလို ဆင်ခြင်မိလာတာနဲ့ တပြိုင်နက်တည်း ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီးရဲ့ ကြွေးပြေတရားတော်ကို ပြန်လည်နှလုံးသွင်းမိပြီး စာဖတ်သူတို့ကိုလည်း ဝေမျှလိုတာကြောင့် ဒီပို့စ်လေးကို တင်ဖြစ်သွားပါတယ်။

ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး ကြွေးပြေတရားတော်

ကျေးဇူးရှင်ဝေဘူဆရာတော် သီတင်းသုံးရာ ဝေဘူချောင်၌ လပြည့်လကွယ် သီတင်း နေ့များ၌ ဆရာတော်ဘုရားသည် သံဃာတော်များနှင့် သိမ်ဝင်ပြီး သိမ်မှ သံဃကိစ္စ ပြီးစီိးသောအခါ တရားပလ္လင်သို့ကြွလာကာ တရားချီးမြင့်တော်မူပါသည်။ ယခု (၁၃၃၃-ခုနှစ်) ဝါခေါင်လကွယ်နေ့က ဆရာတော်ဘုရားကြီးသည် အဋ္ဌင်္ဂသီလချီးမြင့်ပြီးနောက် မိမိတို့ ဆောက်တည်သည့်သီလကို ပြည့်အောင်ဖြည့်ကျင့်ကြပါက မိမိတို့အလိုရှိရာ ဗောဓိဆုနှင့် စံဝင်နိုင်ကြောင်းမိန့်တော်မူပြီးလျှင် အောက်ပါအတိုင်း မေးမြန်းစစ်ဆေးပြီး ဟောကြားတော် မူပါ၏။

မရပ်နားရသော စိတ်
ဒီနေ့တော့ ဥပုသ်နေ့ဆိုတော့ တို့က ကနေ့အဖို့ပဲ မေးပါမယ်ဗျာ၊ သူတို့ အရုဏ်တက်ကနေ ဒီနေ့တော့ ဥပုသ်နေ့ပဲဆိုပြီး သီလဆောက်တည်ကြပြီးကတည်းက အခုအချိန်ထိ ဘုရားအဆုံးအမနဲ့ နေကြထင်ပါဗျား။ ဟုတ်ကြရဲ့လား။
မဟုတ်ပါ ဘုရား။
ဟေ… ဒါဖြင့် ဘယ်လိုများ နေကြလဲ။ ( နေတဲ့အခါနေပါတယ် ဘုရား။ လွတ်တဲ့အခါလဲ လွတ်ပါတယ်ဘုရား။)
ဘယ်လောက်များလွတ်ပြီး ဘယ်လောက်များနေကြလဲဗျား။ (မဖြေကြပါ)
ထိုအခါ ဆရာတော်က ငြိမ်နေပုံထောက်တော့ တောက်လျှောက်နေကြ ထင်ပါဗျား။
မဟုတ်ပါ ဘုရား။
အေး… ဒါဖြင့်မေးဦးမယ်ဗျာ။ လျှပ်တစ်ပြက်အတွင်းမှာ စိတ်ဟာ ဘယ်လောက်ပျက်သတဲ့ တုန်းဗျာ။
ကုဋေတသိန်းပါ ဘုရား။
ပျက်တာ ကုဋေတသိန်းနော်။
အေး… စိတ်ထဲမှာ ဣဋ္ဌာရုံရယ်၊ အနိဋ္ဌာရုံရယ် တမျိုးစီပေါ်နေတယ် မဟုတ်လား။
မှန်ပါ့ဘုရား။
အေး… အဲ့ဒီဣဋ္ဌာရုံနဲ့ အနိဋ္ဌာရုံတို့ဟာ ပြတ်သွားတယ်ဆိုတာများ ရှိသလားဗျာ။
မရှိပါဘုရား။ တမျိုးမဟုတ်တမျိုး ပေါ်နေပါတယ်ဘုရား။
အင်း… အဲ့ဒီလိုပေါ်ပေါက်နေတာက သံသရာတလျှောက်မှာ မိမိတို့ပြုခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်ကံတွေကြောင့် ကလျာဏ မိတ္တဖြစ်တဲ့ ဣဋ္ဌာရုံတွေပေါ်လာတော့ ဘယ်လိုဖြစ်သလဲ။
လောဘဖြစ်ပါတယ်ဘုရား။
လောဘဖြစ်စေတာက ကုသိုလ်လား၊ အကုသိုလ်လား။
အကုသိုလ်ပါ ဘုရား။
ပါပမိတ္တဖြစ်တဲ့ အနိဋ္ဌာရုံတွေ ပေါ်လာတော့ကောဗျာ။
ဒေါသ ဖြစ်ပါတယ်ဘုရား။
ဒေါသဖြစ်တော့ ကုသိုလ်လား၊ အကုသိုလ်လား။
အကုသိုလ်ပါဘုရား။
အေး… အဲ့သလို ကောင်းတဲ့အာရုံပေါ်လို့ လက်ခံလိုက်ပြန်ယင်လဲ နှစ်သက်မှု တဏှာ၊ လိုချင်မှု လောဘတွေဖြစ်တော့ အပါယ်ကိုသွားစေတဲ့ အကုသိုလ်ပဲ မဟုတ်လားဗျာ။
ဟုတ်ပါတယ်ဘုရား။
မကောင်းတဲ့အာရုံပေါ်လို့ သိမ်းပိုက်မိပြန်ယင်လဲ စိုးရိမ်မှု သောက၊ ဒုက္ခ ဒေါသတရားများ ဖြစ်စေပြန်တော့လဲ အပါယ်စာ အကုသိုလ်ပဲရတယ်မဟုတ်လား။
ဟုတ်ပါတယ်ဘုရား။
အဲ့… ဒါဖြင့် ဒီကလျာဏမိတ္တ၊ ပါပမိတ္တများဖြစ်တဲ့ ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံတို့ဟာ မပေါ်ပဲ ဘယ်အခါမှာနေတုန်းဗျာ။
ဘယ်အခါမှ မနေပါဘုရား။ အမြဲပေါ်နေပါတယ်ဘုရား။
အေး… အဲ့ဒါတွေက သံသရာတလျှောက် ကိုယ်ပြုခဲ့တဲ့ အမှုတွေပဲဗျာ။ အဲ့သလို ဘယ်သူမပြု မမိပြုခဲ့တဲ့ ကလျာဏမိတ္တဘဲ ဖြစ်ဖြစ်၊ ပါပိတ္တဘဲဖြစ်ဖြစ် သူတို့ပေါ်လာရင် ကိုယ့်မှာဘာရသလဲ။
အကုသိုလ်ပဲ ရပါတယ်ဘုရား။
အေးဟုတ်တယ်၊ ကောင်းတာဖြစ်တော့ နှစ်သက်မှုတဏှာနဲ့ လိုချင်မှု လောဘဖြစ်ပါတယ်။ အဲ့ဒီတဏှာတို့ လောဘတို့က ဘာမှုတွေလဲဗျာ။
မီးတွေပါဘုရား။
အေးဗျာ… လောဘကလည်း မီး၊ တဏှာကလည်း မီး၊ ဒေါသကကောဗျာ။
မီးပါ ဘုရား။
အေး… အဲ့ဒီတော့ ဘာပေါ်ပေါ် မီးလောင်ခံရတာပဲ မဟုတ်လားဗျာ။
မှန်ပါ့ဘုရား။
အဲ့ဒီတော့ သူတို့ ပေါ်ချင်တာ ပေါ်ပါစေ၊ ကိုယ်က ဘုရားအဆုံးအမနဲ့နေတော့ သူတို့ဝင်လို့ရသလားဗျာ။
မရတော့ပါ ဘုရား။
အေး… ဘုရားအဆုံးအမနဲ့သာ ကိုယ်ကနေတော့ သူတို့ဝင်ခွင့်မရတာပေါ့ဗျာ။
မှန်ပါ့ဘုရား။
ဘုရားရှင်ရဲ့ အဆုံးအမဟာ ဘာနဲ့တူသလဲဆိုတော့ အနောတတ္က ရေအိုင်ကြီးနဲ့ တူတယ်။ အဲ့ဒီရေအိုင်ထဲကို လောဘမီး၊ ဒေါသမီး ဘာမီးတွေပဲကျလာလာ ရေထဲကျ မီး ငြိမ်းသွားရသလို ဘယ်မှအလောင်မခံရတော့ဘူးဗျာ။ ကြားလား။
မှန်ပါ့ဘုရား။

ကြွေးဟောင်းမဆပ် ကြွေးသစ်ထပ်
အေး … ထပ်မေးရအုံးမယ်။ မျက်စိတစ်မှိတ် လျှပ်တစ်ပျက်အတွင်း ဘယ်လောက် ပျက်သတုန်း။
ကုဋေတစ်သိန်းပါ ဘုရား။
အေး… ကုဋေတစ်သိန်း ဖြစ်ပျက်တွေကိုသိမှ အဓိပညာလို့ ခေါ်တယ်ဗျာ။ အဲဒီတော့ ခန္တာအစဉ်မှာ ဖြစ်ပျက်တဲ့တရားကို သိမှဗျာ။ ဘုရားရှင်ရဲ့ အဆုံးအမအသိနဲ့ မနေယင် ခုတင်ကပြောခဲ့တဲ့ ဘယ်လောက်တဲ့လဲဟဲ့။
ကုဋေတစ်သိန်းပါ ဘုရား။
အေး… လျှပ်တစ်ပြက်အတွင်းမှာ ဖြစ်ပြီးပျက်သွားတဲ့ ကလျာဏမိတ္တ၊ ပါပမိတ္တ ကုဋေ တစ်သိန်းဟာ ကိုယ့်မှာ ကြွေးတင်တာပါပဲဗျာ။ ဟုတ်ရဲ့လားဗျာ။
ဟုတ်ပါတယ်ဘုရား။
ခန္တာမှာ အစဉ်ပေါ်နေတဲ့ ဣဋ္ဌာရုံနဲ့ အနိဋ္ဌာရုံတွေဟာ ဘယ်သူပြုနေတာလဲဗျာ။
ကိုယ့်ဟာကိုယ် ပြုတာပါ ဘုရား။
အေး… ကိုယ်ပြုခဲ့တဲ့ သံသရာတလျှောက်လုံးက ပါလာခဲ့တဲ့ ကြွေးတွေကို ခုချိန်ထိ ဘုရားရှင်ရဲ့ အဆုံးအမနဲ့ စိတ်ကလေးကို မထားယင် လျှပ်တစ်ပြက်အတွင်း ကုဋေတစ်သိန်း ကြွေးထပ်တင်ပြန်တော့ ကြွေးတွေရေတွက်လို့ ရပါဦးမလားဗျာ။
မရတော့ပါဘုရား။
အေး… အဲ့ဒါကြောင့် ဘုရားရှင်အဆုံးအမနဲ့ နေကြဗျာ။ ဒါမှ သူ့ဘာသာသူ ဖြစ်ပြီး ပျက်သွားတာကို ကိုယ်ကမယူတော့ ကြွေးတွေကြေကုန်တာပေါ့ဗျာ။ ဟုတ်ရဲ့လား။
ဟုတ်ပါတယ်ဘုရား။
ကိုယ်က မယူတော့ ကြွေးသစ်လည်းတိုးသေးသလားဗျာ။
မတိုးတော့ပါဘုရား။
အဲ့ဒီတော့ ကြွေးသစ်လည်းမတင်တော့။ ကြွေးဟောင်းလည်းကြေပြီး၊ ဖြစ်ပြီးပျက်သွားတာကို သိမှ အဓိပညာဗျား။
မှန်ပါ့ ဘုရား။
အေး… ဒီတော့ ဘုရားရှင် အဆုံးအမဖြစ်တဲ့ အသိစိတ်ကလေးနဲ့ နေဖို့ရာက ဘယ်နေရာမှာမှ နေလို့ဖြစ်တယ်လို့ ကန့်သတ်ထားချက် ရှိသေးသလားဗျာ။
မရှိပါဘုရား။
တစ်ယောက်ထဲနေယင်ရောဗျာ ဖြစ်ရဲ့လား။ ဖြစ်ပါတယ်ဘုရား။
အများနဲ့ရောဗျာ။ ဖြစ်ပါတယ်ဘုရား။
ထိုင်နေယင်းကောဗျာ။ ဖြစ်ပါတယ်ဘုရား။
သွားယင်းကောဗျာ။ ဖြစ်ပါတယ်ဘုရား။
အေး… အဲ့သလို ကန့်သတ်ချက်မရှိ ဣရိယာပုတ် လေးပါးလုံးလဲဖြစ်၊ တစ်ယောက်ထဲလဲဖြစ်။ အများနဲ့လည်းဖြစ်။ ဟုတ်ရဲ့လားဗျာ။
ဟုတ်ပါတယ်ဘုရား။
အေး… ဟုတ်ပြီ။ ဘယ်မှာနေနေ နေလို့ရပြီ။ ပိုက်ဆံကော ကုန်ရဦးမှာလားဗျာ။
မကုန်ပါဘုရား။
အချိန်ကော သီးခြား ယူရသေးလားဗျာ။
မယူရပါဘုရား။
ဒါဖြင့် ဘယ်ဟာများ ခက်သတုန်း။ ထားရတာကောပင်ပန်းလို့လားဗျာ။
မပင်ပန်းပါ ဘုရား။
အေး .. ဒါဖြင့် ဘယ်ဟာခဲယဉ်းသတုန်း။
ဘာမှ မခဲယဉ်းပါဘုရား။
အေးပေါ့လေ၊ သူတို့ကဟိုဥပမာလိုပေါ့ဟယ်။ နင်တို့စီးပွာရှာတာ သိပ်အများကြီးရတော့ ဘေးလူတွေက ခင်ဗျားတို့ ရွေတွေ ငွေတွေ ဘယ်လောက်ရသလဲလို့ မေးတော့ ပြောကြမှာလားဗျာ။
မပြောကြပါဘုရား။
ဘာကြောင့်လဲ။ ။ မပြောအပ်လို့ပါဘုရား။
အေး… အဲ့သလိုပ၊ ရွေငွေနဲ့ တရားရတနာ ဘယ်ရတနာက မြတ်သလဲ။
တရားရတနာက မြတ်ပါတယ်ဘုရား။
အေး… အဲဒါကြောင့် တို့ဒါယကာ ဒါယိကာမကြီးတွေက ဖွင့်မပြောကြတာပါလေ။ ယခု ဘယ်အချိန်ရှိပါသလဲ။
ည ၇-နာရီပါဘုရား။
အေး… အာရုဏ်တက်ရဖို့ အချိန်ဘယ်လောက်ရသေးလဲ။
၁၀- နာရီလောက်ရပါသေးတယ် ဘုရား။
အေး…အေး…၊ သူတို့က တဆက်တည်း ဆောက်တည်ကြမှာ ထင်ပါရဲ့ဗျာ။ ကြွေးတွေပြေအောင် ကြိုးစားကြဗျာ။ အတိတ်ကပြုခဲ့တဲ့ ဝီရိယနဲ့ ကုသိုလ်တရားတွေက စောင့်နေပါတယ်ဗျာ၊ အကျိုးပေးမလို့ပါ။ ကဲ.. ကဲ အားလုံးလဲ အောင်ကြပါပြီဗျာ။
သာဓု… သာဓု… သာဓု…။


( မှတ်ချက်။ ။ ဓမ္မာစရိယဦးဌေးလှိုင်၏ ရတနာသုံးပါဂုဏ်ကျေးဇူး စာအုပ်မှ ကူးယူဖော်ပြ ပါသည်။ )

Saturday, October 18, 2008

မြေဇာမြက်... တပင် (ဇာတ်သိမ်းပိုင်း)


ကျမနဲ့ သမီးလေးကို ခိုကိုးရာမဲ့တဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်များစောင့်ရှောက်တဲ့ နေရာကို ပို့ပေးဖို့ ဆရာမတွေက စီစဉ်ပေးပါတယ်။ ဒါပေမဲ့ ကျမ ဒီနေရာလေးကနေ မခွဲနိုင်ဘူးဖြစ်နေတယ်။ ဒီနေရာလေးက ကျမအတွက် အေးချမ်းတဲ့အပြင် ကျမကိုလက်ထပ် လိုတဲ့ ချစ်သူ တယောက်လည်း ရှိနေလို့ ဖြစ်ပါတယ်။ ကျမသူနဲ့လက်ထပ်လိုက်ရင် အားကိုးရာ ရှိပြီပဲ။ ဒါကြောင့် ကျမတို့တိုင်ပင်ပြီး သူခေါ်ရာနောက်လိုက်သွားခဲ့မိပါတယ်။ ကိုယ့်ကိုကူညီပေးကြတဲ့ ဆရာမတို့ကိုအားနာပေမဲ့ သူနဲ့ တသက်လုံးလက်တွဲပြီး မိသားစု ဘဝလေးတည်ဆောက်ချင်လို့ပါ။

ကျမတို့ ခေတ္တတည်းခိုဖို့ တနေရာကိုသွားကြတယ်။ သူ့ရဲ့ မိတ်ဆွေရှိတဲ့နေရာကိုပါ။ အဲ့ဒီကတဆင့် အလုပ်အကိုင်ရှာဖွေပြီး စရိတ်လေးများစုဆောင်းကာ ကျမတို့ရဲ့ မွေရပ်မြေကို ပြန်ကြမယ်လို့ တိုင်ပင်ကြရင်းပေါ့။ ကျမတို့ ရောက်သွားရတဲ့ သူ့မိတ်ဆွေဖြစ်သူရဲ့ နေထိုင်ရာအရပ်ကတော့

အုန်းဖျံ ဒုက္ခသည်စခန်းတဲ့။ တဲအိမ်လေးတွေဟာ တောင်စောင်းတွေမှာ တမျှော်တခေါ် ကြီးပါပဲ။ ကျမတို့ ရောက်သွားတယ်ဆိုရင် နေစရာ ရပေမဲ့ စားစရာက ဒုက္ခသည်စာရင်း မဝင်လို့ မရခဲ့ပါဘူး။ ဒီလောက်များတဲ့ လူတွေဟာ ကျမထက်ပိုပြီး ဒုက္ခရောက်ကြလို့သာ သူတို့ ဒုက္ခသည်ဆိုတဲ့ စာရင်းဝင်ကြတာမို့ ကျမအတွက်တော့ ဖြေသာရာရပါသေးတယ်။ ကျမက သူတို့လောက်မှ ဒုက္ခမရောက်သေးပဲကိုး။ ကိုယ့်ခြေလက်တွေရှိနေသမျှ ကျမ ရုန်းကန်နိုင်ပါတယ်လေ။ အားကိုးစရာ သူတစ်ယောက်လုံးတောင် ကျမအနားမှာ ရှိနေသေး တာပဲ။ ကျမတို့ ရရာအလုပ်ရှာလုပ်ကြပါတယ်။ ပြောင်းဖူးချိုး၊ ငရုတ်ဆွတ် ဘယ်အလုပ်မှ လက်မလွတ်ဘဲ ကြိုးစားပြီးလုပ်ကြပေမဲ့ စားဖို့အတွက်တောင် တော်တော်ခက်ခဲခဲ့ပါတယ်။ နေပူကြီးထဲ ပင်ပန်းလဲ ဇွဲမလျှော့ပဲ အလုပ်လုပ်တဲ့ ကျမ ရောဂါတွေရလာပါတယ်။ တဖြည်းဖြည်း အားအင်တွေဆုတ်ယုတ်လာလိုက်တာ ကိုယ့်ပုံကိုယ် မှန်ထဲပြန်မကြည့် ရဲတော့ဘူး။ စိုပြည်ခဲ့တဲ့ အသားအရေတွေဟာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတာ ကိုယ့် ကိုယ်ကိုတောင် မယုံနိုင်အောင်ပါပဲ။ သူဆိုတာလည်း ကျမရုပ်ပုံကို မကြည့်ရဲတော့လို့ ပျောက် ကွယ်သွားခဲ့ပြီ။

ကျမ အားကိုရာ မဲ့ပြန်ပါပြီ။ ကျမရဲ့ ဒီပုံစံနဲ့တော့ လောကကြီးထဲ နေလဲမနေချင်တော့ ပါဘူး။ ဒါပေမဲ့ ကျမ သေလို့တော့ မဖြစ်သေးဘူး။ ကျမ မရှိတော့တဲ့နောက် သမီးလေးကို စိတ်ချရတဲ့နေရာမှာ ထားခဲ့ချင်သေးတယ်။ မိသားစုဘဝလေး မပိုင်ဆိုင်ရရင်တောင် အေးချမ်းတဲ့ မေတ္တာရိပ် အောက်မှာ သမီးလေးကို ထားခဲ့ချင်တယ်လေ။ ကျမဆုံးဖြတ်ပြီး ချေစုံကန် ထွက်ခဲ့မိတဲ့ နေရာကို မရောက်ရောက်အောင် ပြန်ခဲ့ပါတယ်။ စေတနာကို စော်ကားခဲ့မိတဲ့ ကျမကို ဆရာမလေးတွေက မကြည့်ချင်တော့လောက်အောင် ဖြစ်ခဲ့ပေမဲ့ မိခင်မေတ္တာအပြည့်နဲ့ ( ကျမရင်ထဲမှာ အမေ လို့ခေါ်နေမိတဲ့ ) ဆရာမကြီးကတော့ ကျမအတွက် နေရာတခု ပြန်စီစဉ်ပေးခဲ့ပါတယ်။ ကျမ ဒီမှာသေခွင့်ရရင် ကြေနပ်ပါပြီ အမေရယ်။
နေစရာ၊ စားစရာတွေ ပြန်ရပေမဲ့ ကျမ ဘာမှစားလို့မရတော့ဘူး။ စားချင်တာလေး တွေ့လို့ စားလိုက်မိရင် ချက်ချင်း အိမ်သာပြန်ဝင်ရတယ်။ အမြဲတမ်းလဲ ရင်ပူနေလို့ ရေခဲတုန်းလေးတွေကိုပဲ ကိုက်စားနေရတယ်။ ကျမ ဒီခန္တာကိုယ်ကြီးကို တော်တော်ရွံမုန်းမိ ပါတယ်။ နောင်ဘဝတွေများရှိရင် ဒီလောက်လေးလံတဲ့ ခန္တာကိုယ်ကြီး ဘယ်တော့မှ မရပါစေနဲ့လို့ ဆုတောင်းမိပါတယ်။ ကျမ ရချင်တာကတော့ ပေါ့ပါးတဲ့ခန္တကိုယ်လေးမှာ ကိုယ်သွားလိုရာကို ပြန်သန်းသွားနိုင်တဲ တောင်ပံတစုံပါတဲ့ ငှက်ကလေးဘဝပါ။

နွေတနေ့ရဲ့ ရောင်နီမတက်သေးခင်မှာ ကျမ တောင်ပံတစုံရလာပါတယ်။ ကျမ ကောင်းကင်ပေါ် ပျံသန်းတက်ကြည့်မိတဲ့အခါ… အိုး… လောကကြီးဟာ သိပ်အေးမြပါလား။ ဟိုး… အရှေ့ဘက် မိုးကုပ်စက်ဝိုင်းမှာ ရောင်နီဖျဖျ လှမ်းမြင်နေရပါပြီ။ ကျမ မွေးရပ်မြေရှိရာ ဘက် မှန်းဆပြီးထွက်ခဲ့ပါပြီ။ လမ်းမှာ ပျံသန်းသွားနေကြတဲ့ ငှက်ကလေးတွေကို တွေ့လို့ သူတို့ရှိရာဘက် ပျံထွက်ခဲ့လိုက်တယ် ဆိုရင်ပဲ.. လှပလိုက်တဲ့ မြို့ရွာတွေ။ ဘုရား၊ ကျောင်း၊ ကန်တွေ၊ တန်ဆောင်းပြဿဒ်တွေနဲ့ စိမ်းလန်းစိုပြေတဲ့ လယ်ကွင်းတွေ။ ဒါ.. ငါ့ရဲ့မွေးရပ်မြေလား… ငှက်ကလေးတွေကို လှမ်းမေးလိုက်တော့… မဟုတ်သေးဘူး… တဲ့။ ရှေ့ဆက်ခိုင်းတယ်။ တနေရာရောက်တော့ နေဝင်လုအချိန်ရောက်ပြီပေါ့။ ငှက်ကလေးက ညွန်ပြတယ်… ဟိုးနေရာ…တဲ့။ မွေးရပ်မြေဆိုတာကို သဲသဲကွဲကွဲမမြင်ရလို့ နီးသထက်နီး အောင် ဆင်းကြည့်လိုက်တယ်ဆိုရင်ပဲ…။ မိုးခေါင်ရေရှား ရပ်ဝန်းက လယ်ကွင်းတွေထဲမှာ ကျွဲမဲတအုပ်ပါလား။ သေသေချာချာ ကြည့်လိုက်မှ ကဆုန်ပေါက်မြူး နေကြတဲ့ ကျွဲတအုပ်ရဲ့ ခွာ တွေအောက်မှာ မြေဇာမြက်ပင်ကလေးတွေ တဖုတ်ပြီးတဖုတ် ကမ္ဘာမြေပေါ်က ဆွဲနှုတ်ခံနေကြရပါပေါ့လား။ သည်းးခံလိုက်ပါအုံး မြေဇာမြက် လေးတို့ရယ်။ မကြာခင်မှာ ဒီကျွဲတအုပ် သူတို့ရဲ့ တင်းကုပ်ဆီ သွားကြရတော့မှာပါ။

(မှတ်ချက်။ ။ စိတ်ကူးယဉ်ဝတ္ထုတပုဒ် မဟုတ်ပါ။ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ဆရာမကြီး ဒေါက်တာ စင်သီယာမောင်၏ ဆေးခန်းတွင် AIDS ရောဂါဖြင့် သေဆုံးသွားသူ အမျိုးသမီးငယ်လေး၏ တကယ့်ဖြစ်ရပ်မှန်ကို အနည်းငယ် ဖြည့်စွက်၍ ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ သူမ၏အမည်ကတော့ “နွယ်” ပါ။ သို့သော် တွယ်ချင်ရာ တွယ်ခွင့်မရခဲ့တဲ့ မြေဇာမြက်တပင်မျှသာ….။ ဒုက္ခတွေ တနင့်တပိုးနှင့် သူမထားခဲ့ရစ်သော သမီးငယ်လေး မှာတော့ သူမလောက် ဒုက္ခမရောက်တော့ပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ အခုချိန်မှာ သမီးငယ်လေးက လုံခြုံ အေးချမ်းတဲ့ ထိုနေရာ လေးမှာရောက်ရှိနေတယ်လို့ ကျမ သိထားသောကြောင့် ဖြစ်ပါတယ်။)

ကြိုးစားပါဦးမည်။
ချွန်း (၁၈.၁၀.၂၀၀၈)


Tuesday, October 14, 2008

မြေဇာမြက်... တပင် (တတိယပိုင်း)


(၅)

အိပ်ယာကနိုးနိုးခြင်း ခန္တာကိုယ်က အရိုက်ခံထားရသလိုနာကျင်နေတယ်။ သေသေချာ ချာစဉ်းစားလိုက်မှ ကိုယ်ဝန်ဖျက်နေတာ တပတ်တိတိရှိပေမဲ့ ဘာမှထူးခြားမလာသေးတာပဲ။ သွေးနည်းနည်းဆင်းတာလောက်ပဲရှိတယ်။ ကျမဘဝတလျှောက် ခံစားခဲ့ရတဲ့ နာကျင်မှုတွေက ချစ်ခြင်း၊ မုန်းခြင်းတွေကို ဥပေက္ခာပြုနိုင်နေသလိုပဲ။ မိသားစုဘဝလေးဆိုတာကို မရဲတရဲလေး မျှော်လင့်ခဲ့ဖူးပေမဲ့၊ အခု ဝမ်းနဲ့လွယ်ထားရတဲ့ကလေးကို ဖျက်ချတော့လဲ ကြေကွဲဝမ်းနည်းမှု တွေဖြစ်မလာပါဘူး။ သာမန်ကိစ္စတခုလောက်ပဲ ကျမခံစားချက်ရှိတယ်။ ကျမဒီဒုက္ခ တွေကနေ မြန်မြန် လွတ်မြောက်ချင်တယ်။ မဝေးတော့သောကာလတခုမှာ ကျမမိသားစုရှိရာကို ပြန်ရောက်တော့မှာပဲလေ။ `“နင့်ကိစ္စက လုပ်လို့မရတော့ဘူး” တဲ့.. ဒေါ်ဘုမက ပြောလာတယ်။ ဘာဖြစ်လို့လည်းဆိုတော့ `“နင့်ဟာက ရင့်နေပြီ.. အားလုံးအပြီးအစီးဆို နောက်ထပ်ငွေ တသောင်းလောက်ထပ်ကုန်မယ်” တဲ့။ အစကတည်းက ခြောက်လကျော်ရှိနေ တဲ့ ကိုယ်ဝန်ကိုဖျက်ချပေးနိုင်တယ်လို့ အာမခံထားလို့ ရှိသမျှငွေလေး အကုန်ခံပြီး လာပါ တယ်ဆိုမှ အခုတော့ရင့်နေလို့ တဲ့။ ပိုက်ဆံထပ်ပေးရမယ်ဆိုတော့ ကိုယ်ကဘာဝင်ငွေရှိလို့ ဘယ်သူကထောက်ပံ့နေလို့လဲ။
တပူပေါ်နှစ်ပူဆင့်ဆိုတာ ဒါမျိုးပဲဖြစ်မယ်ထင်ပါတယ်။ ကျမမှာ ပိုက်ဆံမရှိ၊ နေစရာမရှိ တဲ့အပြင် ရောဂါပါထပ်တိုးလာပြန်ပြီ။ ကျေးဇူးရှင်ကြီးက ပိုက်ဆံမရှိတော့လို့ သူ့အိမ်မှာလည်း မထားချင်သလို၊ ဘာမှလည်းထပ်မလုပ်ပေးနိုင်တော့လို့ ကျမနေထိုင်လို့ ရနိုင်တဲ့နေရာကို လမ်းညွှန်ပေးပါတယ်။ အဲ့ဒီနေရာလေးကတော့


ကျမနဲ့ရေစက်မကုန်နိုင်ဘူးလို့ပဲ ပြောရတော့မယ်ထင်ပါတယ်။ ဘဝရဲ့ ဆိုးဝါးလှတဲ့ အတိတ်ဖြစ်ရပ်တွေကို ပြန်သတိမရချင်တော့လို့ ခြေဦးတောင်မလှည့်တော့ဘူးလို့ ဆုံးဖြတ် ထားတဲ့နေရာကို ဒုက္ခတွေတပုံကြီးနဲ့ ပြန်သွားရဦးမဲ့ ကျမရဲ့ အဖြစ်က တွင်းရေငင်နေရတဲ့ ရေပုံးတလုံးလို ကြိုးတချောင်းရဲ့ ချည်နှောင်မှုအောက်မှာ မြုပ်လိုက် ပေါ်လိုက်နဲ့ သံသရာ လည်နေတာ ကိုယ်ရောက်ချင်တဲ့နေရာကို တော်ရုံကံတရားနှင့်တော့ ရောက်နိုင်မည့်ပုံ မပေါ်။ ဒေါ်ဘုမရဲ့ ကောင်းမှုနဲ့ပဲ မယ်တော်ဆေးခန်းကို ကျမရောက်ခဲ့ရတယ်။ ဒုက္ခရောက်နေကြတဲ့ လူနာတွေကြားထဲမှာ ကျမလည်းနေရာတခုရခဲ့ပါတယ်။ မကျန်းမာပေမဲ့ ကျမနေခဲ့ရတဲ့ နေရာ အားလုံးထဲမှာ ဒီနေရာလေးကတော့ သုခရိပ်မြုံလေးတခု ဖြစ်ခဲ့ပါတယ်။
ဒီနေရာမှာ ကျမအထီးကျန်မဖြစ်ဘူး။ ကျမအတွက်သူငယ်ချင်းဆိုတာရှိခဲ့တယ်။ ဒီနေရာမှာ ကျမ အားမငယ်ရဘူး။ အားပေးတဲ့ဆရာမတွေ အမြဲရှိတယ်။ ဒီနေရာမှာ ဝမ်းရေးအတွက် မပူရဘူး။ အချိန်တန်ရင် ချက်ပြီးသားထမင်း အရံသင့်စားရတယ်။ ဒီနေရာမှာ နှိပ်စက်မှုတွေမရှိဘူး။ လူလူခြင်းမေတ္တာတရား ထားကြတယ်။ ဒီမေတ္တရိပ်မြုံလေးရဲ့ အရိပ်အောက်မှာ ပျော်ရွှင်စွာ ကျမနေခွင့်ရခဲ့ပါတယ်။ ကြည်လင်ဧချမ်းပြီး အမြဲတမ်းပြုံးရိပ် သန်းနေတဲ့ မျက်ဝန်းတစုံကိုတွေ့ရတဲ့အခါ၊ မေတ္တာဓါတ်တွေနဲ့ ထုံမွမ်းထားတဲ့ စကားသံတခု ကိုကြားရတဲ့အခါ တွေမှာတော့ မိခင်မေတ္တာကိုရရှိခံစားရသလို၊ ကျမကိုယ်တိုင်မှာလည်း မိခင်စိတ်တွေ ပေါက်ဖွားလာတတ်ပါတယ်။ ကျမရဲ့ မပျက်စီးသွားတဲ့ ဗိုက်ထဲက ကလေးကို ကျမ ချစ်တတ်လာပါတယ်။ သားလား၊ သမီးလား မသိရသေးပေမဲ့ သူ့ကိုထိခိုက်အောင်လုပ်ခဲ့ မိတာကို ကျမနောင်တရမိတယ်။ ကျန်းမာစွာမွေးဖွားလာဖို့ကိုလည်း အမြဲဆုတောင်းနေမိ ပါတယ်။ အခြေအနေ အမျိုးမျိုးကြောင့် မမွေးခင်ကတဲက ရောင်းစားခံကြရတဲ့ ကလေးတွေထဲ မှာတော့ ကျမ ကလေးကို အပါမခံတော့ဘူး။ မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ထားရတဲ့ အမျိုးသမီးတွေဆီက ကလေးမမွေးခင် ငွေတဝက်ပေးပြီး ကလေးမွေးပြီးတာနဲ့ ကျန်ငွေတဝက် ကိုချေကာ ကလေးကိုယူသွားကြသူ၊ ပေးလိုက်ကြသူတွေရှိပေမဲ့ ကျမရဲ့ ကလေးကိုတော့ ဒီိလိုမလုပ်ရက်တော့ဘူး။ အရင်ကစိတ်မျိုးနဲ့ဆို ကလေးကိုရောင်း၊ ပြန်စရိတ်လုပ်လို့ မိဘအိမ်ဆိုတာကို ရှာဖွေဖို့ပဲ စဉ်းစာမိမှာပါ။ ဒါပေမဲ့ မေတ္တာတရားရဲ့ အရိပ်အောက်မှာ ဒီိလိုလုပ်ရပ်မျိုးကို ကျမမလုပ်နိုင်တော့ပါဘူး။ ကျမ မေတ္တာငတ်သလို ကျမကလေးကို မဖြစ်စေချင်ဘူးလေ။
(၆)
မီးဖွားခန်းထဲမှာ နာကျင်မှုကို အချိန်အတန်ကြာခံစားရပြီးတဲ့နောက် ကျမဘဝထဲကို ရောက်လာတာကတော့ ဖြူဖြူဖွေးဖွေးသမီးလေးပါ။ သမီးလေးဟာ အရမ်းကိုချစ်စရာကောင်း ပေမဲ့ သူ့ခြေချောင်း၊ လက်ချောင်းလေးတွေက ပူးကပ်ပြီးပုံပျက်၊ ပန်းပျက်ဖြစ်နေပါတယ်။ သမီးလေးကို သနားကြင်နာမှုတွေဖြစ်ရပေမဲ့၊ ကျမရဲ့နို့ချိုကို တိုက်ကြွေးခွင့်မရခဲ့ပါဘူး။ ဘာကြောင့်မှန်းမသိပေမဲ့ ဆရာ၊ ဆရာမတွေက နို့မှုန့်ကိုသာတိုက်စေခဲ့ပါတယ်။ သနားစရာ သမီးငယ်လေးကို ဆရာ၊ ဆရာမတွေကလည်း ချစ်ခဲ့ကြပါတယ်။ နိုင်ငံခြားသား ဆရာမ များကလည်း သမီးလေး အတန်အသင့်အရွယ်ရလို့ ခံနိုင်ရည်ရှိလာရင် ခြေ၊ လက် ကလေးတွေကို ခွဲစိတ်ကုသပေးမည်တဲ့။ အားလုံးက အခမဲ့ပေမဲ့ မေတ္တာတရားတွေနဲ့ပါ။ ကျမ ဘဝလေး လန်းဆန်းစိုပြည်လာပါပြီ။
ကျမတို့ သားအမိအတွက် နေစရာရှိသလို၊ ငွေကြေးကလေးလည်းရှာဖွေဖို့ အခွင့်ရ ထားတယ်။ ဝေးဝေးလံလံသွားလုပ်စရာမလိုပါဘူး။ အမျိုးသမီးလူနာဆောင်မှာ သန့်ရှင်းရေး လေးကိုယ်တတ်နိုင်သလောက်လုပ်ရုံနဲ့ တလတလမုန်ဖိုးလေးရနေတာပါ။ တဆောင်တည်း နေ မီးနေသည်တချို့ရဲ့ အညစ်အကြေးပေတဲ့အဝတ်တွေကို လျှော်ပေးရင်နဲ့လည်း ကုသိုလ် လည်းရ ဝမ်းလည်းဝဆိုတာလို သူတို့ပေးကမ်းသွားတာတွေဟာလည်း၊ ကိုယ့်အတွက် အသား တင်ဝင်ငွေတွေပါ။ ဒီငွေတွေနဲ့ ကိုယ်စားချင်တာ စားလို့ရသလို၊ ကိုယ်ဝတ်ချင်တာကိုလည်း ဝယ်ဝတ်လို့ရတယ်။ ကျမ စိုပြည်လှပခဲ့ပါတယ်။
လူ့စိတ်တွေကလည်း သိပ်ခက်ပါတယ်။ လူ့အလိုနတ်မလိုက်နိုင်ဆိုတာလို ကိုယ်လို ချင်တာရပြီးသွားတဲ့အခါ နောက်ထပ်တခုကို လှမ်းနေတတ်တာ လူတွေရဲ့လောဘတရားတွေ လား။ ပြည့်စုံသွားပြီဆိုတာ မရှိနိုင်ပဲ၊ လိုနေသေးတယ်ဆိုတာက ဘယ်လောက်ရရ အတောမ သတ်နိုင်တဲ့ လောဘနောက်လိုက် ပုထုဇဉ်လူသားတွေရဲ့ အာသာဆန္ဒ။ ကျမလဲ ဒီထဲကလူ တယောက်ပါပဲ။ ကိုယ်ရနေတဲ့ အခွင့်အရေးထက် ပိုပြီးတော့လိုချင်လာခဲ့တယ်။ လိုချင်တော့ ပြုလုပ်၊ ပြုလုပ်တော့ရရှိလာပါတယ်။ ရရှိလာတာတွေကတော့ ဒုက္ခတွေတနင့်တပိုး…
ပိုးဖလံမျိုး၊ မီးကိုတိုး၊ ကိုယ်ကျိုးနည်းလှပြီ… ဆိုတာလို ဒုက္ခမီးတွေထဲကိုပဲ ကျမတိုးဝင်နေမိတယ်။ ကြည်လင်အေးမြတဲ့ ရေတပေါက်ထက်.. ဓါးသွားပေါ်ကပျားရည်စက် ကို ကျမ တပ်မက်မိခဲ့တဲ့အချိန်မှာတော့ ချိုမြိန်ခြင်းဆိုတဲ့ အရသာရဲ့နောက်ကွယ်မှာ….

ဆက်ရန်ကျန်ပါသေးသည်။



Monday, October 13, 2008

မြေဇာမြက်... တပင် (ဒုတိယ)


(၃)
ကျမအိမ်မှာဘာတွေဖြစ်ခဲ့တာလဲ။ အဲ့ဒီညကအဖေနဲ့အမေကပြန်မလာလို့ မောင်နှမ တွေကြောက်ကြောက်လန့်လန့်နဲ့ အိပ်ကြရတယ်။ မနက်လင်းတော့ လူကြီးတချို့က အမကို နင့်တို့အဖေနဲ့အမေသေပြီတဲ့။ ပြီးတော့ ကျမကို အမေ့အရွယ် လောက်ရှိတဲ့ မိန်းမကြီးတ ယောက်ကသူနဲ့လိုက်ရမယ်တဲ့။ အမကလည်း လိုက်သွားဖို့ ပြောလို့ အမေ့ကိုတွေ့ရမယ် အထင်နဲ့ ကျမလိုက်ခဲ့တယ်။ ဒါပေမဲ့ အမေ့ကိုအဲ့ဒီကတည်းက တခါမှမတွေ့ရတော့ဘူး။ အမေ့ကိုမှမဟုတ်ပါဘူး.. တခြား.. ဘယ်သူ့ကိုမှမတွေ့ရတောတာ ခုချိန်ထိပါ။ ကျမ တွေ့ခဲ့ရတာတွေကတော့….


ဘန်ကောက်တဲ့.. ကျမတို့ကိုခိုင်းတဲ့ ထိုင်းမကြီးက ဗမာစကားနည်းနည်းတတ်တယ်။ ကျမတို့ဆိုတာက ကျမလို အသက် ၅ နှစ်နဲ့ ၁၀နှစ်ကြား ဗမာကလေးတွေ။ အားလုံးပေါင်းဆို ၁၂ ယောက်.. ။ မိန်းခလေး ၉ယောက်နဲ့ ယောက်ျားလေး ၃ယောက်။ အခန်းတခုတည်းမှာ အားလုံးအတူတူနေရတယ်။ ကျမတို့လုပ်ရတဲ့အလုပ်က လူစည်ကားတဲ့ နေရာတွေမှာ tissue စက္ကူလိပ်ကလေးတွေလိုက်ရောင်းရတာ။ ရောင်းတယ်ဆိုတာက ကြားကောင်းအောင်ပြောရ တာပါ။ တကယ်ကတော့ စက္ကူလိပ်လေးတခုပြပြီး တောင်းစားရတဲ့ သူတောင်းစားဘဝပါ။ လူအများစုကလည်း စုတ်ပြတ်ပေရေနေတဲ့ ကလေးတွေရဲ့လက်ထဲက စက္ကူလိပ်တွေကို မယူပဲ သနားလို့ စက္ကူလိပ်ဖိုးထက်တန်ဘိုးရှိတဲ့ငွေကို ပေးသွားကြတာများပါတယ်။ မဝရေစာသာ စားရလို့ ပိန်လှီနေတဲ့ကလေးတွေမို့ တချို့က စားစရာလေးတွေပေးတာလည်းရှိပါတယ်။ ဒါပေမဲ့ ပေးလာတဲ့စားစရာကို ယူစားလိုက်မိလို့ ဆုံးမခံလိုက်ရတာကတော့ တသက်မမေ့နိုင်စ ရာပါပဲ။ ကျမရဲ့ လက်ဆစ်တွေဟာ ဆေးလိပ်မီးနဲ့ အတို့ခံရတာများလွန်းလို့ အမာရွတ်တွေ ဖြစ်နေပါတယ်။ ကျမသူတောင်းစားအဖြစ် ခိုင်းစားခံရတာပါ။ တောင်းလို့ရတဲ့ငွေတွေကတော့ ကျမတို့ဘာမှ မသုံးရပါဘူး။ ကျမတို့ကိုသူက အခကြေးငွေနဲ့ဝယ်ထားရလို့ တန်ရာတန် ကြေးရအောင် ပြန်ခိုင်းစားနေတာလို့ အမြဲပြောပါတယ်။ ကျမကို ဘယ်သူကရောင်းစားလို့ ဘယ်သူပိုက်ဆံရသွားသလဲဆိုတာ ကျမမသိပေမဲ့၊ ကျမလုပ်ဆပ်ခဲ့ရတာကတော့ ကျမဘဝ တစ်ခုလုံးပါပဲ။
အားကိုးရာမဲ့နေတဲ့ ကျမတို့ဟာ သူ့လက်ထဲကနေဘယ်လိုမှ လွတ်အောင်ပြေးလို့ မရနိုင်ပါဘူး။ ကျမရဲ့ခန္တာကိုယ်ကနေ ရသမျှလုပ်အားခတွေကို နည်းအမျိုးမျိုးနဲ့ ဖျစ်ညှစ်ယူခဲ့ တာ သူ့လက်ကလွတ်ခဲ့တဲ့အချိန်မှာတော့ ကြံသာဆိုလျှင်အရည်ခြောက်ခန်းတဲ့ အဖတ်ကြမ်း ဖြစ်နေလောက်ပါပြီ။ သူ့လုပ်ငန်းကို ရဲကသိပြီးအဖမ်းခံရတော့မှ ကျမတို့လွတ်ခဲ့ကြတာ။ သူ့ရဲ့ လက်အောက်မှာ၁၈ နှစ်လောက်နေခဲ့ရပြီးတဲ့ ကျမဘဝဟာ ဘာအသိဥာဏ်မှမရှိတော့ သလိုပါပဲ။ သူခိုင်းသမျှ ကြောက်ကြောက်လန့်လန့်နဲ့ အလုပ်ပေါင်းစုံလုပ်ခဲ့ရပေမဲ့ ကိုယ့်တစ်ယောက်ထဲကျတော့ ဘာလုပ်ရမှန်းမသိတော့လို့ ဖမ်းတဲ့ရဲကပဲ အကူအညီပေးနိုင်မဲ့ သူကို ရှာပေးခဲ့ရ တယ်။ ကျမခဏကံကောင်းခဲ့ပါတယ်။ အိမ်ဖော်အလုပ်တနေရာ ရခဲ့ပါတယ်။ ကျမအဲ့ဒီမှာ အေးအေးဆေးဆေးနေခဲ့ပါတယ်။ အိမ်ရှင်ကလည်း အေးဆေးတယ်လေ။ ဘာပြဿနာမှမရှိတဲ့အပြင် ကျမပျော်ရွင်ခဲ့ရပါသေးတယ်။ အဲ့ဒါကတော့ ကျမနေတဲ့အိမ်က ကားဒရိုင်ဘာ `“ဖိဘွန်း” ကြောင့်ပါ။
(၄)
ဖိဘွန်းက ကျမကိုလက်ထပ်ချင်တယ်တဲ့။ အရက်သမား ဖောသွပ်သွပ်မို့ ယူမဲ့သူမရှိ ပေမဲ့ ကျမလိုလူတယောက်အတွက်ကတော့ အတည်တကျ လက်ထပ်ချင်တယ်ဆိုတဲ့သူ့ စကားဟာ အားဆေးတခွက်လိုဖြစ်ခဲ့ရပါတယ်။ ကျမအရွယ်က မိသားစုဘဝကို တည်ဆောက် နိုင်တဲ့ အရွယ်ရောက်ပြီလေ။ ကျမသူနဲ့ နှစ်ဦးသဘောတူ လက်ထပ်ခဲ့ပါတယ်။ ကျမသဌေး ကိုတောင် အသိမပေးနဲ့ဆိုလို့ တိုးတိုးတိတ်တိတ် လက်ထပ်ထားခဲ့တာ။ ကျမတို့ရှာထားသမျှ လေးတွေ စုဆောင်းထားပြီးမှ နှစ်ယောက်တစ်ဘဝ ထူထောင်ကြမယ်လေ။
ကိုယ့်အိုးကိုယ့်အိမ်လေးနဲ့နေရတဲ့ဘဝဆိုတာ ကျမငယ်စဉ်က ခဏလေးပဲရခဲ့တာပါ။ အခုချိန်မှာ ကိုယ်ကိုတိုင်ဖန်တီးခွင့်ရတော့မှာဆိုတော့ ကျမစဉ်းစားရင်းတောင်ဝမ်းသာမိပါ တယ်။ ကျမဒီတသက် ဒီလိုမိသားစုဘဝမျိုးလေး ပြန်မရနိုင်တော့ဘူးလို့ထင်ထားခဲ့မိလို့ပါ။ မိသားစုဘဝလေးတခုအတွက် ကျမအိပ်မက်မက်ခဲ့ရတာ လပိုင်းလောက်ပဲကြာပါတယ်။ ကံကြမ္မာမှုန်တိုင်းက ဖျက်လိုက်ပြန်တယ်။ ကျမမှာကိုယ်ဝန်ရှိလာတော့ အိမ်ရှင်တွေကမေး လာတယ်။ ကျမကတော့ ခပ်ရဲရဲပဲပြန်ဖြေလိုက်တယ်လေ။ ကျမယောက်ျား`“ဖိဘွန်း” ဆိုတာ။ ဒါကို ကျမရဲ့သဌေးက ဆိုးဆိုးဝါဝါးလုပ်ရပ်အဖြစ်သတ်မှတ်ပြီး ကျမကိုနှင်ချခဲ့တယ်။ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာဆိုတာ တကယ်ကြုံတွေ့ခဲ့ရတဲ့ ကျမအတွက်ကတော့ ခံစားရသိပ် ခက်ပါတယ်။ ဖိဘွန်းနေတဲ့ အခန်းလေးကိုရှာဖွေပြီး ကျမလိုက်သွားတော့ စိမ်းစိမ်းကားကားနဲ့ ကျမကိုမောင်းထုတ်တယ်လေ။ သူနဲ့အတူနေလို့မရဘူးတဲ့။ ဘာတွေဖြစ်ကုန်မှန်းမသိတော့ တဲ့ကျမ ရဲစခန်းမှာသွားပြီးအဖမ်းခံခဲ့ရပါတယ်။ သူတို့ဘာလုပ်လုပ်ကျမခံတော့မယ်။ ထောင်ထဲ ဆိုလည်း နေစရာရှိသေးတယ်လေ။

ဆက်ပါဦးမည်

Saturday, October 11, 2008

သူတို့မှာလည်း... တာဝန်ရှိတယ်။

သမီးတွေမနက်ကျောင်းသွားချိန် ကျောင်းကားဆီကို လိုက်ပို့ရလေ့ရှိပါတယ်။ သိပ်မအေးတဲ့အချိန်မှာ သူတို့အဖိုးက လိုက်ပို့ပေးပါတယ်။ ကားမလာခင်မှာ ဒီလိုပဲစောင့်နေရလေ့ရှိပါတယ်။

ကားလာပြီဆိုလျှင်တော့ တန်းစီပြီးစနစ်တကျတက်ကြရပါတယ်။ ကားမောင်းတဲ့သူက ကလေးအရေအတွက်ကို သူ့မှာပါတဲ့စက်ကလေးနဲ့ မှတ်ထားရတယ်။ ကားပေါ်ရောက်တဲ့ခလေးတွေအားလုံးရဲ့ လုံခြုံရေးက သူ့တာဝန်ဖြစ်သွားပြီ။ကားရပ်လိုပ်တာနဲ့ လုံခြုံရေးအတွက် STOP ဆိုတာက ကားတံခါးဖွင့်လိုက်တာနဲ့ ပေါ်လာပြီး အရှေ့ကဖြစ်ဖြစ် အနောက်ကဖြစ်ဖြစ် ဘယ်ကားမှဖြတ်ကျော်မောင်းလို့မရတော့ဘူး။
ကလေးတွေ တက်တက်၊ ဆင်းဆင်း လုံခြုံရေးအတွက် အခြားကားတွေက ရပ်ထားကြရတယ်။
သူတို့ကားပေါ်တက်သွားပြီဆိုရင်တော့ ပို့ပေးရတဲ့ မိဘတွေက တာဝန်ကြေပြီ။ ကျန်တာက ကားမောင်းသူနဲ့ ကျောင်းက ဆရာ၊ ဆရာမတွေက ဒီကလေးတွေ လုံခြုံဖို့ ဆက်တာဝန်ယူကြလိမ့်မယ်။ ကိုယ့်အိမ်ကိုယ်ပြန်ပြီး လုပ်စရာရှိတဲ့အလုပ်တွေကို ဧဧချမ်းချမ်းလုပ်လို့ရတယ်။ ဘာမှသိပ်ပြီးပူစရာမလို။ ဒီမှာနေရတာ ကိုယ့်တစ်မိသားစုအတွက်ကတော့ဘာမှပူစရာမရှိပေမဲ့ ပြည့်ပြည့်ဝဝ ပျော်ကြည့်လို့ကိုမရပါဘူး။ ကျမတို့မှာ ဘာကြိမ်စာတွေများ ရှိခဲ့ကြသလဲမသိဘူး။ ဧချမ်းစွာနေလို့ရတဲ့နေရာမှာတောင် ဧချမ်းစွာနေထိုင်လို့မရဘူး။ အချိန်ရှိသမျှ ဒုက္ခခံနေကြရတဲ့ ကိုယ့်သွေးသားချင်းတွေကိုပဲ မေ့လို့မရနိုင်အောင် စိတ်ဖိစီးနေကြရတာ။

သူတို့လေးတွေအရွယ်ရောက်လာကြရင်တော့ သူတို့တိုင်းပြည်က ဒုက္ခတွေပင်လယ်ဝေနေကြတဲ့ သူတို့ရဲ့ ညီကိုမောင်နှမတွေကို တနည်းနည်းနဲ့ ကူညီနိုင်ကြဖို့ တိုက်တွန်းရအုံးမယ်။သူတို့မှာလည်းတာဝန်ရှိတယ်လေ...

မြေဇာမြက်... တပင်



(၁)
ကျမရဲ့ အိမ်ပြန်လမ်းက မချောမွေ့ပါဘူး။ ဒါပေမဲ့ ကျမအိမ်ပြန်ခွင့်ရတော့မယ်ဆိုတဲ့ အသိက အရာရာကိုသည်းခံနိုင်ခဲ့ပါတယ်။ ကြပ်ညှပ်နေတဲ့ကားကြီးထဲမှာ လူတွေရဲ့သက်ပြင်း ချသံတွေက တိုးတခါ၊ ကျယ်တလှည့်ပါပဲ။ လူမျိုးစုံ၊ ဘဝမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနဲ့ ကျမတို့ရဲ့ နေထိုင်ရာဒေသကို ပြန်ကြရမဲ့သူတွေက ဘာဖြစ်လို့များ သက်ပြင်းဒီလောက်ချနေကြတယ် ဆိုတာ ကျမနားမလည်နိုင်အောင်ပါပဲ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်ထဲက ခွဲခွါခဲ့ရတဲ့ ကျမရဲ့ မွေးရပ်မြေကို ဒါပထမဆုံး ပြန်ရောက်ဖို့အခွင့်အရေးပါပဲ။ ဘယ်သူတွေဘာဖြစ်နေနေ ကျမကတော့ ပျော်ရွှင်နေခဲ့ပါတယ်။

‘မဗိုက်ကို ဆွဲတင်ပေးလိုက်ပါအုံး’ ဆိုတဲ့အသံနဲ့အတူ လူတစ်ယောက်က ကျမလက်ကို ဆွဲပြီး လှေပေါ်ရောက်ဖို့ကူညီပေးပါတယ်။ ကျမ..ရင်ထဲမှာ ကျင်ခနဲနေအောင် ဝမ်းသာစိတ် ဖြစ်မိပါတယ်။ ဒါ.. ပထမဦးဆုံး လူတွေရဲ့ ဂရုဏာတရားကို ကျမခံစားရခြင်းပါ။ ဒါ.. ကျမရဲ့ မွေးရပ်မြေက ပထမဦးဆုံး ကြိုဆိုလိုက်တဲ့ နွေးထွေးမှုပါလား။ အိမ်အပြန်လမ်းအတွက် ကျမမှာ ခွန်အားတွေရလိုက်ပါပြီ။ မွေးရပ်မြေမှာ ပထမဆုံးခြေချခွင့်ရတဲ့နေရာက မြဝတီတဲ့။ လှေပေါ်ကဆင်းလိုက်သည်နှင့် ဆိုးဝါးလှတဲ့အတိတ်ကဖြစ်ရပ်တွေကို ဒီကမ်းစပ်မှာပဲအပြီးတိုင် မြုပ်နှံခဲ့ပြီး လူသစ်၊ စိတ်သစ်၊ ဘဝသစ်နဲ့ မွေးရပ်မြေမှ မိဘ၊ မောင်နှမတွေထံ မရောက် ရောက်အောင်ပြန်မည်ဟု ကျမ ဆုံးဖြတ်လိုက်ပါတယ်။
မြဝတီမြို့ဆိုတာ အတူလာကြတဲ့ခရီးဖော်တွေပြောလို့ သိခဲ့ရပေမဲ့ ကျမနဲ့တော်တော် စိမ်းပါတယ်။ သူတို့နဲ့အတူလိုက်ရင်း ကျမဘယ်ကိုစပြီး သွားရမလဲဆိုတာစဉ်းစားရင်း၊ သူတို့ဘယ်သွားကြမလဲဆိုတာကိုလည်း ကျမစုံစမ်းကြည့်ပါတယ်။ လူအများစုသွားကြတာက ရုံးခန်းလိုနေရာမျိုးလေး။ ခရီးသွားလက်မှတ် လုပ်ရမဲ့နေရာထင်ပါတယ်။ ကျမလည်းအများ နည်းတူလက်မှတ်လုပ်ဖို့တန်းစီလိုက်ပါတယ်။ အနားရှိနေသူတယောက်ကို ဘယ်သွားမှာလဲ လို့စပ်စုလိုက်မှ လှေတတန်နဲ့လာခဲ့တဲ့ခရီးကို တံတားကတဆင့်ပြန်သွားကြမလို့တဲ့။ ကျမ အတော်လေးအံ့သြသွားရပြီး တန်းစီနေရာက ပြန်ထွက်လိုက်ရပါတယ်။ ဘာလုပ်မှာလဲ။ ဘာလို့ အဲ့ဒီနေရာကို ပြန်သွားရမှာလဲ။ လူတွေကို ကျမနားမလည်တော့ဘူး။ ကျမဆက်ရမဲ့ ခရီးအတွက်ကျမပြင်ဆင်ရတော့မယ်။ သေသေချာချာစဉ်းစားကြည့်လိုက်မှ သွားရမဲ့ခရီးက ကျမရဲ့အသိဥာဏ်ဦးနှောက်ရဲ့ ထောင့်တနေရာမှာ ဝိုးတိုးဝါးတား။ အိမ်ကလေးနဲ့ ခြံဝင်းက လေးသာအသိဥာဏ်ထဲမှာ မှတ်မိနေပေမဲ့၊ ဘယ်နေရာဘယ်အရပ်မှာရှိသလဲဆိုတာ ကျမမသိ။ ကျမနေခဲ့တာဘာရွာပါလိမ့်။ ဘယ်လိုခရီးဆက်ရမလဲဆိုတာထက် လောလောဆယ် ဘယ်မှာ တည်းရမလဲဆိုတာက ပိုအရေးကြီးနေလို့ မြင်နေရတဲ့ဈေးတန်းလေးထဲလှမ်းဝင်လိုက်ပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

(၂)
ခရီးသွားတယ်ဆိုတာကလည်း ကိုယ်သွားချင်တဲ့နေရာဆိုတာတိတိကျကျ ရှိမှ သွားလို့ ရမှာလေ။ ကျမအိမ်ပြန်ချင်ပေမဲ့ အိမ်ဘယ်မှာဆိုတာကိုမသိလို့ လူတချို့က ကျမကိုရူးကြောင် ကြောင်ဖြစ်နေတယ်လို့ ထင်ကြတယ်။ ဘာမှတိတိကျကျ အကူအညီမပေးနိုင်ကြဘူး။ ကျမမှာ ပါလာတဲ့ငွေလေးက တည်းခိုတဲ့အခပေးရလို့ သိပ်မကျန်တော့ဘူး။ ငွေမရှိဘဲနဲ့တော့ အိမ်ပြန် လို့မဖြစ်နိုင်ဘူး။ ဒီတော့ အိမ်မပြန်နိုင်သေးခင် အလုပ်တခုခုလုပ်နေမှ ကျမအတွက်အဆင် ပြေမှာ။ အလုပ်လုပ်ဖို့အကူအညီတောင်းတော့ တည်းခိုတဲ့အိမ်က ကောက်စိုက်တတ်လားတဲ့။ သမာအာဇီဝအလုပ်ဆို ဘာမဆိုလုပ်နိုင်ပေမဲ့ သုံးရက်တည်းနဲ့ ကျမအလုပ်ပြုတ်ခဲ့တယ်။ အကြောင်းကတော့ ကျမကိုယ်ပေါ်က ဝန်ထုပ်ဝန်ပိုးကြောင့်တဲ့။ ဒီ့အတွက်ကြောင့်လည်း ကျမ သေသေချာချာ အလုပ်မလုပ်နိုင်တာလေ။ ဒါကြောင့် ဒီဝန်ထုပ်ကို ဖြုတ်ချလိုက်ဖို့ ကျမ ဆုံးဖြတ်လိုက်တယ်။ ဒါဟာလဲ ကျမရခဲ့တဲ့ ဒုက္ခတခုပဲလေ။ ရှိတဲ့ငွေကလေးနဲ့ သင့်တော်တဲ့ နေရာမှာ ဒီဝန်ထုပ်ကို ဖျက်ချနိုင်ဖို့ စုံစမ်းပြီး အဲ့ဒီနေရာကို ကျမရောက်သွားတယ်။
အမိုးကလည်းမလုံ၊ အကာကလည်းဖယိုဖရဲနဲ့။ တဲသာသာအိမ်လေးရဲ့ တခုတည်း သောအခန်းလေးထဲမှာ ကျမတပတ်လောက်နေရတယ်။ အိမ်ရှင်က ဒေါ်ဘုမ… တဲ့ ။ ကျမမှာ ပါလာတဲ့ငွေ အားလုံးနီးပါး အဲဒီမှာကုန်ပါတော့တယ်။ ကျမ မမှုပါဘူး။ သူကကျမကို ကူညီ နေတာလေ။ ဒီဝဋ်ဒုက္ခကလွတ်သွားရင် ကျမဘာမဆိုပြန်လုပ်နိုင်တာပဲ။ ငွေကို နည်းအမျိုးမျိုး နဲ့ရှာခဲ့ရဖူးတဲ့သူပဲ။ ကျမအသက် ၅ နှစ်အရွယ်ကတည်းက ကြုံခဲ့ရတဲ့ ဒုက္ခတွေဟာ အခုချိန်ထိ မငြိမ်းချမ်းနိုင်သေးပါလား။

ဆက်ရန်

Thursday, October 9, 2008

အိမ်လွမ်းသူရဲ့… လွမ်းတဲ့အိမ်...

ဟိုး… တချိန်တုန်းက
စိမ်းလန်းခဲ့ဖူးတဲ့..အိမ်…
ငြိမ်းချမ်းခဲ့ဖူးတဲ့..အိမ်…

စပါးဆန်ရေ.. ပေါပြည့်ဝလို့…
အလျှူဒါန.. ပြုနိုင်ခဲ့ကြတဲ့..အိမ်…

သယံဇာတ ပေါကြွယ်ဝလို့…
သဟာယတို့ အားကျခဲ့ဖူးတဲ့..အိမ်…

သင်္ကန်းရောင် ထိန်ထိန်ဝင်းလို့…
သာသနာ..ထွန်းလင်းတောက်ခဲ့တဲ့..အိမ်…

ရဟန္တာနဲ့.. ပုဂ္ဂိုလ်ထူးတို့ရဲ့…
ထူးမြတ်တဲ့တရားတွေ.. နာကြားခဲ့ရဖူးတဲ့..အိမ်…

အဲ့ဒီ.. အိမ်ကြီးမှာ…
တို့ အဖိုးအဖွားရဲ့.. ဘိုးနဲ့ဘွားတွေ..
နေခဲ့ကြဖူးတယ်…

သူတို့အမြင်...

ထွေရာလေးပါး ဘော်ဒါများနှင့်
ကျမမှာအဖော်လုပ်စရာ ကိုယ့်လူမျိုးက ကိုယ့်ဌာနမှာမရှိလေတော့ ရှိကြတဲ့ တခြား လူမျိုး လုပ်ဖော် ကိုင်ဖက်တွေနဲ့ဘဲ ထမင်းစားချိန်၊ နားချိန်တွေမှာ အဖော်လုပ်ပြီး စကားပြော ဖြစ်ပါတယ်။ ကျမရဲ့စကားပြောဖော်တွေကတော့ စက်ရုံမှာအများဆုံးဖြစ်တဲ့ ဗီယက်နမ်တွေပါ ဘဲ။ လာအို သူလေးတယောက်လည်းရှိသေးတယ်။ သူတို့တတွေက ငယ်ငယ်လေးထဲက ရောက်နေကြတာ။ ထမင်းစားချိန်ဆို သူတို့နဲ့အတူစား၊ အတူပွားကြတာပေါ့။ ဒီမှာ.. ဗီယက်နမ်တွေအကြောင်းပြောရမယ်ဆိုရင် သူတို့က အမေရိကားရောက် ဗီယက်နမ်တွေမို့ ဆိုပြီး အထင်မသေးလိုက်ပါနဲ့။ မျိုးချစ်စိတ် သိပ်ပြင်းတာ။ သူတို့လူမျိုးအခြင်းခြင်း ဘယ်တော့ မှ အင်္ဂလိပ်လိုမပြောဘူး။ သူတို့စကားပြောပြီဆိုရင်လည်း သူတို့အုပ်စုထဲကို တခြားဘယ်သူမှ စကားဝင်ပြောလို့ မရတော့ဘူး။ ကျမတို့ဆီက စကားပုံတွေနဲ့ပြောရရင် ကုလားတိုက် ကျားဝင်ဆွဲသလို လို့ပြောရမလား၊ ဒါမှမဟုတ် မွန်တစု စကားပြောပြီးလမ်းလျှောက်သွားလိုက် တာ အနောက်ကတယောက်ကို ကျားဆွဲသွားတာမသိလိုက်ဘူးဆိုတဲ့ စကားကို ကိုးကားရမ လား။

ဒါနဲ့ မွန်တွေလို့သိမ်းကြုံးပြောရင်တော့ ဒီစကားက မှားလိမ့်မယ်။ ဘာဖြစ်လို့လဲဆို တော့ ကျမတွေ့ဖူးတဲ့ သူငယ်ချင်းမွန်အမျိုးသမီးတယောက်ဆို စကားပြောတာ ညင်သာလွန်း လို့။ သူ့ယောင်္ကျားနဲ့ စကားပြောနေရင် အိမ်နှစ်လုံးက ဒီလောက်ကပ်နေတာ သူ့အသံကီု သဲသဲကွဲကွဲ ဘယ်တော့မှမကြားရဘူး။ သူ့ယောင်္ကျားရဲ့တုန့်ပြန်သံကိုသာ ဘေးကကြားရ တာ။ တခါတခါ ဘေးကနေ ကို….ရဲ့ အင်း..အင်း.. ဆိုတဲ့အသံကို ကြားနေရလို့ ဘာလို့တယောက်ထဲ တအင်းအင်းနဲ့ ထောက်ခံနေတာလဲဆိုပြီး နားစွင့်လိုက်မှ မအေး. အသံကြားရတာ။ လူနဲ့သာဆိုင်တာပါ။ အားလုံးလို့သိမ်းကြုံးပြောလို့ ဘယ်ရလဲနော်။ ဒါနဲ့ တချို့ကလည်းပြောကြပါတယ်။ လူကြောင့်မဟုတ်ဘဲ.. သူတို့ရဲ့စကားကြောင့်လို့လဲ ပြောကြတယ်။ ကမ္ဘာဦးစ လူတွေဖြစ်ကာစက စကားဆိုတာ မရှိသေးဘူးတဲ့။ စကားလိုချင်ရင် ဘုရားဆီမှာသွားတောင်းရတာတဲ့။ အဲ့ဒီမှာလူမျိုးအသီးသီးက သွားတောင်းပြီးကြလို့ မွန်လူမျိုး သာကျန်တယ်တဲ့။ နောက်ဆုံးကျမှ သူတို့ကသွားတော့ ဘုရားဆီမှာ စကားကမကျန်တော့ ဘူးတဲ့။ ဘုရားကလည်း နောက်ကျမှလာရမလားဆိုပြီး စိတ်တိုတိုနဲ့ ဘေးနားမှာရှိနေတဲ့ ရေ ပုန်းတလုံးကို ကန်ချလိုက်တာ၊ ရေပုံးကတောင်စောင်းအတိုင်း ဂလုံ၊ ဂလွမ်မည်ပြီး လိမ့်ကျ သွားတဲ့အသံကို သူတို့စကားသံအဖြစ်ယူထားရလို့ဆိုပြီးတော့ ပြောကြတာကိုလည်း ကြားဖူး ပါတယ်။ ဒါတွေက ပျော်စရာအဖြစ်ပြောနေကြတာဖြစ်မှာပါနော်။ ကျမကကြားဖူးတာလေး ရေးတာပါ။ အခုကျမပြောချင်က ဗီယက်နမ်တွေအကြောင်း။
ထမင်းအတူစားရင်း ပြောကြတဲ့စကားတွေထဲမှာ သူ့နိုင်ငံအကြောင်း၊ ကိုယ့်နိုင်ငံအ ကြောင်းတွေလည်းပါတာပေါ့။ အိမ်နီးနားခြင်းနိုင်ငံဆိုတော့ သူတို့ကလည်းသိကြတာကိုး။ ကျမတို့ အစိုးရကို သူတို့က ကွန်မြူနစ်လို့ပြောကြတယ်။ မဟုတ်ဘူး၊ စစ်အစိုးရလို့ ကျမက ပြောတော့ သူတို့က အတူတူဘဲတဲ့။ ဘာဖြစ်လို့လဲဆိုတော့.. လည်ပင်းကို ဓားနဲ့လှီး တဲ့ပုံစံ လုပ်ပြတယ်။ လူသတ်တယ်ပေါ့။ ကွန်မြူနစ်က ကောင်းပါတယ်လို့ ကျမကပြောတော့ သူတို့က ကျမကိုအလန့်တကြားကြည့်ကြတယ်။ စစ်အစိုးရက ပိုဆိုးလို့ပါလို့ပြန်ပြောလိုက် ရတယ်။ ဗီယက်နမ်မှမဟုတ်ပါဘူး။ လာအိုမလေးကလဲ ကွန်မြူနစ်ဆိုကြောက်သတဲ့။
ဒါပေမဲ့ သူတို့က ခွင့်ရတိုင်း သူတို့နိုင်ငံ ပြန်လည်ကြတယ်။ နင်တို့ကို မဖမ်းဘူးလား ဆိုတော့ ငါတို့ကနိုင်ငံခြားဝင်ငွေရှာပေးနေတဲ့သူတွေတဲ့။ ခုအစိုးရက အရင်ကနဲ့မတူတော့ ဘူး။ ကွန်မြူနစ်ခြင်းတူပေမဲ့ ပြည်သူတွေအတွက် တိုးတက်ဖို့ကိုဦးစားပေးလာပြီတဲ့။ ကိုယ့် နိုင်ငံသားတွေ ဘယ်သူလာလာ ကြိုဆိုသလို ဘယ်သူသွားသွား ခွင့်ပေးထားပြီတဲ့။ ဗီယက်နမ် တယောက် အမေရိကန်ရောက်ဖို့က လွယ်လွယ်လေးတဲ့။ ဖြစ်နိုင်ပါသည်။ ကျမတို့ စရောက် ကတည်းက ဆက်ဆံခဲ့ရတဲ့သူတွေထဲမှာ ဗီယက်နမ်တွေနဲ့မှမလွတ်တာ။ ကျမကို အလုပ်ရှာ ပေးခဲ့ သူကလည်း ဗီယက်နမ်မလေး။ ရောက်စက သွားတွေကို သန့်စင်ပေးတဲ့ဆေးခန်းက လည်း ဗီယက်နမ်ဆရာမလေးတွေ။ ကိုယ်နေ့စဉ်စားဖို့ ပစ္စည်းတွေဝယ်တော့လည်း ဗီယက်နမ် ဆိုင်တွေ။ အခုအလုပ်အတူလုပ်ကြရတော့လည်း သူတို့တတွေနဲ့။
------------------------------
တနေ့ကထမင်းဝိုင်းမှာစကားပြောကြရင်း ကျမ တော်တော်လေးကသိကအောက်ဖြစ်ခဲ့ ရတယ်။ နင်တို့နိုင်ငံက တရုတ်ကိုလိုနီတဲ့။ အဖိုးကြီးတွေက ပြောကြတယ်။ မဟုတ်ပါဘူးဆို တော့နောက်တယောက်က ထပ်ပြောတယ်၊ ဟုတ်တယ်..နင်တို့အစိုရက တရုတ်ကွန်ထရိုး အောက်မှာ တိုင်းပြည်ကိုအုပ်ချုပ်နေတာတဲ့။ တော်တော်လေးမခံချင်စရာဖြစ်သွားတယ်။ ဒါပေမဲ့ သူတို့ကိုတော့ဘာမှပြန်မပြောဖြစ်ခဲ့ဘူး။ ဘာပြန်ပြောရမှန်းလဲ မသိတော့ဘူး။
ဒီနေ့သတင်းနားထောင်တဲ့အချိန်မှ သူတို့ပြောတာကို လက္ခံရမလိုဖြစ်နေတယ်။ VOA သတင်းထဲမှာ ကြားရတာက၊ ဒီလောက်ဟိုးဟိုးကျော်နေတဲ့ တရုတ်နို့မှုန့်ကိစ္စကို ပညာပေး ဆောင်းပါးတွေမှာ တရုတ်ပြည်မှထုတ်လုပ်သောနို့မှုန့် ဆိုတာကိုရှောင်ပြီးရေးသားနေကြရ တယ်တဲ့။ သြော်… ဘာလို့များတရုတ်ကိုဒီလောက်ကြောက်နေကြပါလိမ့်။ ကျမက.. ပဉ္စာနန္တရိယကံ(သံဃာကိုသတ်သောကံ) ကိုတောင်ကျူးလွန်ရဲတဲ့ နအဖ က တရုတ်ကိုကျမှ ကြောက်နေလိုက်ကြတာ အံ့သြနေမိပါတယ်။
ချွန်း(၂-၁၀-၂၀၀၈)

သတိရမိတဲ့... ငယ်ဘဝတွေ..(အပိုင်း-၁)

ကလေးထိန်းတဲ့ခွေးကလေး
ဘာလိုလိုနဲ့နောက်တရာသီကို ပြောင်းသွားပြန်ပါပြီ။ Autumn လို့ခေါ်တဲ့ ဆောင်းဦး ရာသီတဲ့။ မိုးရေစက်တွေနဲ့အတူ ရွက်ဟောင်းတွေတဖွဲဖွဲကြွေလို့ Fall လို့လဲသိထားကြတယ်။ ဘာလိုလိုနဲ့ဒီမှာရောက်တာ အခုဆို ၂.နှစ်ပြည့်ပြီ။ ရောက်ကာစက ဒီအချိန်ဆိုအေးပေမဲ့ ဒီနှစ်မှာတော့တော်တော် ပူနေသေးတယ်။ သစ်ရွက် တွေကတော့ Fall color ဆိုတဲ့ လိမ္မော်ရောင်ဘက်ကို သန်းနေပြီိ။ တဖြည်းဖြည်း ရွက်ခြောက် တွေဖြစ်ပြီး မိုးဖွဲတွေနဲ့အတူ တဖြုတ်ဖြုတ် ကြွေကြတော့မှာ။ တခါကကြည့်ခဲ့ဖူးတဲ့ Autumn Tale (ဆောင်းဦးရွက်ကြွေ ချစ်သက်သေ) ဆိုတဲ့ကိုးရီးယားကားလေးမှာလည်း ဒီကရာသီ ဥတုမျိုးနဲ့တူနေတာ တွေ့ရတော့ အာရှခြင်းတူပေမဲ့ ရာသီဥတုကွဲနေတာကို သတိထားမိတယ်။
ဒီမှာကရာသီလေးမျိုးရှိတယ်။ စက်တင်ဘာ ၂၂ကနေ ဒီဇင်ဘာ ၂၁အထိက fall လို့ခေါ်တဲ့ ဆောင်းဦးရာသီ။ ဒီဇင်ဘာ ၂၁ကနေ မတ် ၂၀အထိက Winter လို့ခေါ်တဲ့ ဆောင်းဥတု။ ဒီကဆောင်းက ပတ်ဝန်းကျင်တခုလုံး အေးစိမ့်နေပေမဲ့ သစ်ပင်တွေကြည့်လိုက်ရင် ရိုးတံပြိုင်းပြိုင်းနဲ့ သစ်ခြောက်ပင်တွေလိုဖြစ်နေလို့ အမြင်အားဖြင့်က ကိုယ့်ဆီကနွေနဲ့တူနေတယ်။ ဒါပေမဲ့ ဥသြသံတော့မကြားရနိုင်ဘူး။ အပူကြိုက်တဲ့ ဥသြငှက်ကဒီလောက်အေးတဲ့ နေရာကိုဘယ်လိုသတ္တိနဲ့မှလာနိုင်မှာ မဟုတ်ဘူးလေ။ မတ်လ ၂၀ကနေ ဂျွန်လ ၂၁ထိကတော့ Spring လို့ခေါ်တဲ့ နွေဦး ရာသီ။ ဂျွန်လ ၂၁ကနေ စက်တင်ဘာ ၂၁ထိက Summer လို့ခေါ်တဲ့ နွေရာသီ။ နွေရာသီက ကိုယ့်ဆီကနဲ့ ပြောင်းပြန်။ ပူတာခြင်းတူပေမဲ့ သစ်ပင်တွေအားလုံးက စိမ်းစိုလန်းဆန်းလို့ တိုက်ခတ်တဲ့လေက အေးမြနေတာ။ ပူလောင်တာကိုသိပ်မခံစား ရဘူး။

ကိုယ့်ဆီမှာက နွေရာသီဆို ရွက်ဟောင်းတွေက လေနဲ့အတူ ကြွေကျပြီး ဥသြငှက်ကလေး တွေကလည်း ရိုးတံပြိုင်းပြိုင်း သစ်ကိုင်းတွေပေါ်မှာ ဆွေးဆွေး မြည့်မြည့်လေး အော်နေတတ်တာ။ တခါတခါ သစ်ရွက် ခြောက်တွေကြောင့် တောမီး လောင်နေတဲ့ မီးခိုးငွေ့တွေကို ဝေးဝေးကနေ လှမ်းမြင် နေရတတ်ပြီး မီးလောင်ခံ နေရတဲ့ ဝါးဆစ်တွေရဲ့ပေါက်ကွဲသံတွေကိုလည်း ကြားနေ ရတတ်တယ်။ သစ်ပင်ကြီး တွေကလည်း သူတို့ရဲ့ကိုယ်ပေါ်က ဟောင်းနွမ်းနေတဲ့ သစ်ရွက်အို တွေကို တရွက်ပြီးတရွက် ချွေချနေကြတာကလည်း ဝမ်းနည်းစရာပါ။ ရွက်ဟောင်းတွေခြွေချပြီး တန်ခူး၊ ကဆုန်လတွေမှာ တဖြိုက်နှစ်ဖြိုက် ရွာလိုက်တဲ့မိုးလေးနဲ့အတူ ဖူးပုရစ်တွေနဲ့ ပြန်လည် သစ်လွင်လာတဲ့ သစ်ပင်ကြီးတွေက ပတ်ဝန်းကျင်ကို တမျိုးအမြင်ဆန်း စေပါတယ်။ မိုးရာသီမှာတော့ စိုပြည်စိမ်းလန်းနေတဲ့ လယ်ကွင်းပြင်တွေက မျက်စိအေး စရာပါ။ အုံ့အုံ့မှိုင်းမှိုင်းနဲ့ ရွာချလိုက်တဲ့မိုးရေတွေရဲ့အောက်မှာ ရှိရှိသမျှအပင်တွေဟာ စိမ်းစိုနေပါတော့တယ်။ လယ်သမားတွေ အလုပ်များတဲ့ကာလပေါ့။ မိုးဘယ်လောက် ရွာရွာ လယ်သမားတွေကတော့ နားဖို့အချိန်မရပါဘူး။ စပါးခင်းကြီး ရွေဝါရောင်သန်း လာရင်တော့ ဆောင်းရာသီဝင်လာပြီ။ မြည့်ဝင်းနေတဲ့ စပါးခင်းကြီးတွေက ဆောင်းရာ သီရဲ့ နှင်းစက်တွေနဲ့အတူ စိုဝင်းနေတော့တာ။ ဒီအချိန်က လယ်သမားကြီးတွေအဖို့ စိုက်ခဲ့သမျှ ရိတ်သိမ်းရဖို့ အလုပ်ရှုပ်ကြတော့မှာ။
ယခုလို မိုးဦးကျကာလ… ဟိုးလွန်ခဲ့တဲ့ကလေးဘဝလေးက မေ့မရနိုင်တဲ့ အဖြစ် အပျက်လေးတွေကအများသားပါ။ အဲဒီထဲက ငယ်ရွယ်သေးတဲ့ကျမတို့ မောင်နှမတ စုကို ထိမ်းခဲ့တဲ့ခွေးလေးအကြောင်း သတိတရဖြစ်မိပါတယ်။ ကြောက် လန့်တကြားနဲ့ ရယ်ရမလို၊ ငိုရမလိုဖြစ် ခဲ့တဲ့ငယ်ငယ်တုန်းက ကျမတို့မောင် နှစ်မတစုရဲ့အဖြစ် အပျက်လေးတခုပါ။ အဲ့ဒီအကြောင်းပြောရင် ခွေးကလေးရဲ့ အကြောင်း ကနေ စပြောရပါလိမ့်မယ်။
ခြံလုံအောင်ခွေးကလေးတွေ မွေးထားချင်ပါတယ်ဆိုတဲ့ အမေ့စကားကြောင့် အဖေယူလာတာကခွေးကလေးနှစ်ကောင်။ မိခင်နို့ဖြတ်ကာစလေးတွေ။ တကောင်က အောင်ပင်လယ်၊ တကောင်က ဖိုးထောင်တဲ့။ သူ့သခင်ကနာမည်ပေးထားတာ။ တဲရောက်ပြီးလို့ တရက်နှစ်ရက်ပဲနေရသေးတယ်၊ အောင်ပင်လယ်က အစာနင်ပြီး သေရှာတယ်။ ဒီမှာလိုဆိုရင်တော့ တိရစ္ဆန်ဆေးကုခန်းတွေကို အရေးပေါ်သွားလို့ရ တာပေါ့။ အော်… ကိုယ်ဆီမှာသိတဲ့အတိုင်း၊ လူကိုတောင်အနိုင်နိုင်ကုကြရတာမဟုတ် လား။ အဲ့ဒါနဲ့.. ဖိုးထောင်လေးလည်း အဖော်မဲ့သွာရှာတယ်။ လူတွေနဲ့ပဲနီးနီးကပ်ကပ် နေရင်း အမေသင်ပေးတဲ့ စည်းကမ်းတွေနဲ့ ကြီးပြင်းလာခဲ့တယ်။
ဘယ်လောက်လိမ္မာသလဲဆိုရင် အိမ်ရှေ့မှာ ငါးခြောက်စတဲ့ စားစရာတွေလှမ်း ထားရင် ကြက်၊ ငှက်ဆွဲမှာပူစရာမလိုဘူး။ ဖိုးထောင်ကစောင့်နေတာ။ သူ့အတွက် အစာကိုတောင် စားဖို့သတ်မှတ်ပေးထားတဲ့ ခွက်ထဲမှာမဟုတ်ရင် မစားဘူး။ တခါဆို.. အမေတောင် အတော်စိတ်မကောင်းဖြစ်ဘူးတယ်။ သူ့အစာခွက်ကသေးတော့ စားဖို့ ထည့်ပြီးကျန်တဝက်ကို သူ့အစာခွက်နားမှာထားပြီး တခြားအလုပ်တခု သွားလုပ် နေတာ ထပ်ထည့်ပေးဖို့မေ့သွားခဲ့တယ်။ သူ့ခမြာ အမေမလာမခြင်း ထိုင်စောင့်နေ ရှာတယ်။ အမေလည်းမေ့နေခဲ့တာ အလုပ်ပြီးလို့ တရေးတမောအိပ်ပြီး မှသတိရတာ။ သူ့ခမြာ ခွက်ဘေးကမခွာဘဲ ကြက်ငှက်မစားအောင် ကာကွယ်ထား ရှာတယ်။ တခါကလည်း မှတ်မှတ်ရရ.. ကျမတို့ဥစားဖို့မွေးထားတဲ့ ဥစားကြက်မလေး ခြံကျော်ပြီး ခြေရှည်သွားလိုက်တာ၊ အိမ်ကဘယ်သူမှသတိမထားလိုက်မိဘူး။ ဖိုးထောင် က ကြက်မလေးသွားတဲ့နေရာဘက်ကို တခြားတဖက်ကကွေ့သွား ပြီးပြန် မောင်း လာခဲ့တာ၊ ကြက်မလေးက ကိုယ်လုံးကြီးပြီးနှေးနေလို့ သူ့ပါးစပ်နဲ့ ကိုက်ချီ လာခဲ့တယ်လေ။ ကြက်မလေးကလည်း အေးအေးဆေးဆေးလိုက် လာခဲ့တာ အံ့သြစရာ တွေ့ရတယ်။ ဒီမှာဆို ဗွီဒီယိုရိုက်ပြီး (American funniest home videos AFV ) အစီအစဉ် ကိုပို့လိုက်ရင် ဆုတွေတောင် ရနိုင်တယ်။
ခွေးကလေးအကြောင်းပြီးတော့ ကျမတို့အကြောင်းမိတ်ဆက်ပေးရမှာပေါ့။ ကျမတို့မောင်နှမဆိုတာက ကျမနဲ့တကွ ညီမလေးတယောက်နဲ့ မောင်လေးနှစ် ယောက်ပါ။ အကြီးဆုံးဖြစ်တဲ့အမကတော့ ကျမထက် ၇နှစ်ကြီးလို့ အပျိုဖြစ်နေပြီ။ အမ က မြို့ပေါ်ကအိမ်မှာ အဖွားတို့နဲ့နေရင်း ကျောင်းတက်နေတာ။ ကျမအောက်က အငယ်မလေးက အစိုးရိမ်လွန်ပြီး ပူပန်တတ်သူ။ ဘယ်လောက်အထိပူတတ်သလဲ ဆိုရင် အဖေတောင်အရှုံးပေးရတယ်။ တခါတုန်းက မိုးတွေအရမ်းရွာပြီး လယ်ကွင်းတွေ ရေလျှံတုန်း ကလေးတွေလှေမစီးဖူးလို့ စီးကြရပါစေဆိုပြီး အဖေက လက်ထွင်းလှေက လေးတစင်းရှာလာပြီး လယ်ကွင်းဘေးက ချောင်းရိုးသေးသေးထဲမှာ ဝါးလုံးတချောင်း နဲ့ ပဲ့ထိမ်းပြီး လိုက်လှော်ပေးပါတယ်။ အနောက်ဘက်ဆီက မိုးတွေအုံ့မှိုင်းပြီး ရွာခါနီး မိုးညှို့တက်လာချိန်မှာ ပူပင်တတ်တဲ့ ညီမလေးက ပါးစပ်ကတဖွဖွနဲ့ သူစိုးရိမ်တာ တွေကိုပြောလာလိုက်တာ၊ အဖေပါလျှက်သားနဲ့ ကျမတို့ပါ ကြောက်စိတ်ဝင်လာရပါ တယ်။ အဖေကလည်း ပျော်စေချင်လို့ လုပ်ပေးကာမှ ကလေးတွေစိတ်ဆင်းရဲနေရ တာကြောင့် အိမ်ပြန်လှည့်ရတဲ့အထိပါပဲ။
မောင်လေးတွေအကြောင်းကတော့ ထူးထူးထွေထွေမရှိ။ ဒါပေမဲ့ ကြီးစဉ်ငယ် လိုက်ဆိုတဲ့အတိုင်း၊ အကြီးတွေဝတ်လို့မတော်တော့တဲ့ အင်္ကျီ တွေကို အငယ်တွေက ဆက်ဝတ်ရတာ ဆင်းရဲ့တဲ့မိသားစုတွေရဲ့ ခြွေတာနည်းတခု ပါပဲ။ မိန်းခလေးသုံး ယောက်မွေးပြီးမှ ရောက်လာတဲ့မောင်လေးတွေခမျှာ ဂါဝန်ကိုယ်စီ ဝတ်ရသည်ပေါ့။ အဲ့ဒီအချိန်က ကျမတို့မောင်နှမလေးယောက် ချောင်းရိုးလေးတ လျှောက် လေ့လာ ရေးခရီးထွက်ကြစဉ်။
အချိန်က မိုးလေးတဖြိုက်နှစ်ဖြိုက်ရွာပြီး လယ်ကွက်တွေထဲက နှုတ်သိမ်းချိန်က ကျန်ခဲ့တဲ့ မြေပဲဥတွေက အစို့အညှောက်တွေထွက်စအချိန်။ ပဲပင်အိုတွေပေါ်က အသီးတွေကလည်း လုံလုံလောက်လောက် ရောင်းမရတော့လို့ ပိုင်ရှင်ကလည်း ခြံကာတွေဖြုတ်ပြီး ဘေးမဲ့ထားလိုက်ပြီ။ ခူးချင်သူတွေ ဝင်ခူးသွားကြ။ ကျမတို့လေး ယောက်က အဲ့ဒီလယ်ကွက်တွေထဲမှာ၊ လူကြီးဆိုတာက ကျမဘဲ။ အိမ်မှာကြော်စားရ အောင်ဆိုပြီး မြေပဲပင်ပေါက်တွေကောက်၊ ပဲသီးတွေခူး။ အမေမသိအောင်ထွက်လာပြီး အဆူမခံရအောင် လာဘ်ထိုးဘို့။ စားစရာတွေရှာလာတော့ အကူအညီရတဲ့ကလေး တွေဆိုပြီး အမေလည်းသဘောကျမှာ။ ပြောကြဆိုကြရင်း ဆက်ဆက်သွားလိုက်တာ ချောင်းရိုးလေးနားရောက်လာတယ်။ ချောင်းထဲနည်းနည်းဆင်းကြည့်လိုက်ရင်ဘဲ…. လားလား … မိုးဦးကျမှာဥနေကြတဲ့ခရုတွေ ကုန်းနဲ့ရေအစပ်တွေမှာ တန်းစီနေတာဘဲ။ ဒီခရုတွေပေါ့၊ ရှောက်ရွက်ပါးပါးလှီးပြီး သံပုရာရည်ညှစ်လို့ ငရုတ်သီးစိမ်းစပ်စပ်လေးနဲ့ အမေသုပ်ကြွေးတာ။ ဒါပေမဲ့ ဒီအတိုင်းအလုံးလိုက်မဟုတ်ပါဘူး။ သူများတွေပြုတ်၊ အဆံထုတ်ပြီး လာရောင်းတဲ့အခါ အမေဝယ်ပြီးသုပ်ကြွေးတာ။ ဒါတွေ ငါတို့ကောက် သွားရင် ပိုက်ဆံမကုန်ဘဲ အလကားရလို့ အမေ့ချီးမွမ်းခံရမှာဆိုပြီး ချောင်းရိုးတ လျှောက် ကောက်သွားကြတာ ကိုယ့်ခြံနဲ့အလှမ်းဝေးလာတာကို သတိမထားမိဘူး။ သတိထားမိလိုက်တဲ့အချိန်က ချောင်းရိုးအကွေ့၊ ဟိုးခပ်လှမ်းလှမ်းကနေ ပြေးလာတဲ့ သတ္တဝါတကောင်။ နားရွက်ကိုထောင်၊ အမြီးကိုကုပ်ပြီးလုံးနေအောင်လုပ်ပြီး ပြေးလာ တာ။ ဘာပါလိမ့်လို့မှင်တက်မိနေတုန်း အငယ်မက ခွေးရူးဆိုပြီးအော်လို့ လေး ယောက်သားပြေးလိုက်ရတာ၊ ကောက်ထားတာတွေအကုန်လုံးဘယ်ဆီရောက်လို့ ရောက်မှန်းမသိတော့။ အိမ်နဲ့အတော်အလှမ်းဝေးနေလို့ အားကုန်ပြေးနေကြရတဲ့ အထဲ အငယ်မက ပါးစပ်ကလည်းပြောလာလိုက်သေးတာစုံလို့။ ငါတို့တတွေသူများ အသက်သတ်လို့ ချောင်းစောင့်နတ်က ဒဏ်ခတ်တာတဲ့။ သူပြောမှ ကြောက်စိတ် တွေပိုပိုတိုးလာပြီး ပြေးလိုက်ကြတာ ခြံနားရောက်တဲ့အထိ မောမှန်းတောင်မသိကြ တော့ဘူး။ ခြံနားရောက်ကာနီးမှ ဖိုးထောင်ကအသံပေးပြီး ပုံမှန်အတိုင်းပြေးလာတော့မှ ကိုယ့်ခွေးဆိုတာသိကြတော့တာ။ အဲ့ဒီတော့မှ ကြောက်စိတ်တွေပြေပြီး သတိထားမိ လိုက်တော့ ကျမတို့လက်တွေထဲမှာ ဘာမှပါမလာတော့ပဲ၊ အငယ်ဆုံးမောင်လေးက သူဂါဝန်လေးမပြီးလုံးထားလို့ ဖြန့်ကြည့်လိုက်တာ သူခူးထားတဲ့ပဲသီးတွေ မပစ်ချခဲ့ပဲ ကိုး။ သုံးနှစ်သားလောက်သာရှိသေးတဲ့ အငယ်ဆုံးမောင်လေးက ဘောင်းဘီမပါပဲ ဝတ်ခဲ့တဲ့ သူ့ဂါဝန်လေးထဲကို သူခူးလို့ရသလောက်ပဲသီးတွေထည့်ပြီး ကျမတို့နဲ့ အပြိုင်ပြေးနိုင်ခဲ့တာကိုပဲ အံ့သြခဲ့ကြရသေးတယ်။ အကြီးတွေဖြစ်တဲ့ ကျမတို့ကတော့ ခွေးကိုပဲအပစ်ပုံချ၊ စိတ်ဆိုးနေကြပြီး လိုက်ရိုက်ခဲ့မိသေးတယ်။ အဲ့ဒီနေ့က အမေဆူတာခံရလို့ ဖိုးထောင်ကိုမကြေနပ်ကြဘူး။ အခုမှပြန်စဉ်းစားကြည့်တော့.. သူသာအဲ့ဒီလိုမလုပ်ခဲ့ရင်… ကျမတို့လည်းပြန်ဖို့မစဉ်းစား… ဘယ်အထိတောင်မှ ရောက်သွားမလဲ မသိနိုင်…
ပြန်စဉ်းစားကြည့်လေ ခွေးလေးကိုကျေးဇူးတင်မိလေဖြစ်မိပါတယ်။ ဘယ်ဘဝ ရောက်နေမှန်းမသိတော့တဲ့ ခွေးလေးကို အခုမှ ကျမ ချစ်မိပါတယ်။
ချွန်း
(၃.၁၀.၂၀၀၈)

ပင်လယ်ချစ်သူ....(ချွန်း)

ရုပ်မြင်သံကြားမှာ မှုန်တိုင်းသတင်းတွေ ဆက်တိုက်ပါလာပြီး တနေ့ထူးထူးခြားခြား တနေရာ မှာ ပတ်ဝန်းကျင်တခုလုံး ပြိုပျက်လဲကျကုန်ပေမဲ့ အိမ်တလုံးက ထီးထီးကြီး ကျန်နေ ခဲ့တာ တွေ့မိတယ်။ ဒါပေမဲ့ လူအားလုံးကလုံခြုံတဲ့နေရာတွေမှာ။ မှုန်တိုင်းလာတော့မယ် ဆိုရင်ပဲ လုံခြုံတဲ့ နေရာတွေကိုရွေ့ဖို့ အစိုးရကစီစဉ်တော့ မရွေ့ချင်တဲ့သူကရှိသေးတယ်။ ပတ်ဝန်းကျင်တခုလုံး ပျက်စီးကြေမွနေပေမဲ့ သေဆုံးတဲ့စာရင်းက ဆယ်ဂဏန်းထက်မပို။ ရွေးကောက်ပွဲအတွက် မဲဆွယ်မယ့်သမ္မတတွေကလည်း စာနာစိတ်တွေနဲ့ သူတို့ကိစ္စကိုဦးစား မပေး။ အကျိုးစီးပွားအတွက်ဆိုပေမဲ့ သူ့ဘက်၊ ကိုယ့်ဘက် မျှမျှတတ။ သြော်.. လူလူခြင်း အတူတူတောင် လူဖြစ်ရတဲ့ ဘဝခြင်းကမတူ။ အင်း… တူအောင်ညှိဖို့ကလည်း သကြားမင်း တောင်မတတ်နိုင်ဘူးထင်ပါတယ်။
တို့ဗမာပြည်မယ်လေ… သူများနိုင်ငံလို လေမှုန်တိုင်းခဏခဏတိုက်လို့ကတော့ အခု လောက်ဆို လူတွေ ( ပြည်သူ ) တောင်ကျန်ပါ့တော့မလားပဲ။ မေလဆန္ဒခံယူပွဲကိုဖျက်ဖို့ အချိန်ကိုက်ရောက်လာတဲ့ မှုန်တိုင်းကိုတောင် န.အ.ဖက ဂရုမစိုက်။ သူမိုက်ချင်သလို မိုက်ရဖို့ အတွက် လိုင်စင်ရရေးကို ဦးစားပေးလုပ်သွားလိုက်တာ ကမ္ဘာကတောင်တုန်လှုပ်ရတဲ့အထိ။ အဲ့ဒီအချိန်က ရင်ထဲမှာမခံချိမခံသာနဲ့ ဘာလုပ်လို့ လုပ်ရမှန်းမသိနိုင်အောင် အင်တာနက် စာမျက်နှာတွေပေါ်က အတုံးအရုံးသေဆုံးနေကြတဲ့ ဓါတ်ပုံတွေကြည်ရင်း တချိန်လုံးငိုနေ မိတာ။ ကိုယ်ချစ်တဲ့ ကောင်လေးတယောက်လည်း ဒီအထဲပါသွားပြီလား။

၁၉၉၂- ၁၉၉၃ ကိုယ်အဝေးသင် တက်တုန်းကပါ။ ကျောင်းက စာပေးပွဲဖြေကာနီးမှ ၁၀ ရက်လောက်ကျောင်းတက်ရတာဆိုတော့ မူလတန်းကျောင်းလေးတခုမှာ အလုပ်ဝင်လုပ်နေခဲ့ တယ်။ ကိုယ်လုပ်ခဲ့တဲ့ကျောင်းက ဧရာဝတီမြစ်ချောင်းနားက မြစ်ကျိုး ဆိုတဲ့ရွာကလေး။
ရေပတ်လည်ဝိုင်းထားတဲ့ ကုန်းလို့ဆိုရပေမဲ့ ကုန်းပေါ်မှာလည်း ရေတွေ။ လယ်ကွင်း တွေရဲ့ဘေးမှာ ကျမသင်ရတဲ့စာသင်ကျောင်း။ လမ်းဆိုလို့ ကျောက်တုံးကလေးတွေ ခင်းထား ပေမဲ့ မြေနီစေးစေးတွေကြောင့် လမ်းလျှောက်ရအတော်ခက်တဲ့နေရာ။ မနက်ဆို ကျောင်းရှေ့ မြစ်လက်တက်လေးမှာ မုန်းဟင်းခါးသည်က လှေလေးတစင်းနဲ့။ ကိုယ့်နေရာက ကျောင်း ထောင့်မှာ အခန်းငယ်လေးဖွဲ့ပေးထားတယ်။ ရန်ကုန်ကနေလာတဲ့ ဆရာမနဲ့ နှစ်ယောက်အ တူတူ။
ကလေးတွေက ပညာလိုချင်ရှာကြလို့သာ။ ကျောင်းကိုလာရတဲ့လမ်းက ဗွက်တတန်၊ ရေတတန်။ လယ်ကွင်းတွေကိုဖြတ်ပြီး လာလိုက်ကြတာ၊ ကျောင်းရောက်ရင် တကိုယ်လုံးဗွက် တွေလူးလို့။ ကျောင်းရှေ့ကရေကန်မှာ ပေနေတာတွေကိုဆေးပြီး အပိုယူလာတဲ့အဝတ်နဲ့လဲ ကြရတယ်။ လက်တွေ့ဘဝကပေးတဲ့ သင်ခန်းစာတွေက သူတို့နေရာနဲ့သူတို့ အသုံးချတတ် ကြတယ်။ စာသင်ခန်းဆိုတာကလည်း အမိုးနဲ့အကာသာရှိပြီး ကြမ်းခင်းကမရှိ။ တခါတခါ မိုကြီးလာရင် စာသင်ခန်းထဲအထိ ရေဝင်တတ်လို့ ခြေတံရှည်ခုံကလေးတွေနဲ့ သင်ကြရတာ။
ကျောင်းဖွင့်ရင်စာသင်ကြ၊ ကျောင်းပိတ်ချိန်မှာ ကလေးတွေရဲ့မိဘတွေကဖိတ်လို့ သူတို့အိမ်တွေကိုအလည်သွား။ ထမင်းစားသောက်ပြီးမှပြန်ကြတာ။ အိမ်အတည်တကျမရှိ။ ကျောင်းထောင့်ကအခန်းကျဉ်းလေးထဲမှာ ကြပ်ကြပ်တည်းတည်းနေကြရလို့ ရပ်မိရပ်ဖတွေက သနားကြတယ်ထင်ပါရဲ့။ ဟိုအိမ်ကဖိတ်၊ ဒီအိမ်ကဖိတ်နဲ့ ။ တခါတလေဗွက်တောထဲသွားလာ ရပျင်းတာနဲ့ အတင်းကိုငြင်းရတယ်။ နောက်ပိုင်းကြတော့ ငြင်းတဲ့အကြောင်းကိုရိပ်မိပြီး ကလေးတွေနဲ့ဟင်းပို့ခိုင်းတဲ့အထိ။ တခါတလေ သူတို့အိမ်မှာ ဟင်းကောင်းလေးစားရတဲ့ အချိန်တွေမှာပေါ့။ ရိုးသားတဲ့ ရွာသူရွာသားတွေက ဆရာမတွေအပေါ် အဲ့ဒီလောက်ချစ်ကြ တာပါ။
ကိုယ်တွေကလည်း ကလေးတွေကိုသံယောဇဉ်တွေဖြစ်လို့။ အဲ့ဒီမှာ ဇော်ဆိုတဲ့ကောင် လေးကို ကိုယ်ကပိုတယ်။ ပုတက်တက်ကလေးနဲ့ အရမ်းသွက်တဲ့ကလေး။ ဒုတိယတန်းမှာ စာသင်နေပေမဲ့ သူ့အသက်က လေးတန်းလောက်တက်လို့ရနေပြီ။ စာဆိုရင်အရမ်းတတ် ချင်တဲ့စိတ်ရှိပေမဲ့၊ သူကျောင်းမှန်မှန်မတက်နိုင်ဘူး။ မိဘတွေရဲ့အလုပ်ပေါ်မူတည်ပြီး အလုပ် များရင်ဝိုင်းကူရလို့လေ။ သူ့လိုကလေးတွေက အများကြီးပါပဲ။ ခိုင်းမကောင်းသေးတဲ့ အရွယ် လေးတွေဘဲ ကျောင်းမှန်မှန်တက်ကြရတာ။ ကျောင်းမတက်နိုင်တဲ့ရက်တွေဆို စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်နဲ့ အစားထိုးသင်ပေးရတယ်။ ဒါလည်းသူတို့အားတဲ့အခါမှပါ။ တခါတလေ သူတို့ကိုကြိုးစားသင်ထားပေးပေမဲ့ စာမေးပွဲဖြေချိန်မှာ ပေါ်မလာကြလို့လည်း ရင်မောရသေး တယ်။ ကျမတို့လည်း စာတတ်ဖို့အတွက် ရုံးကန်ခဲ့ရပေမဲ့ သူတို့လောက် မခက်ခဲခဲ့။ ဘဝတွေက တဖြည်းဖြည်း ကြပ်ကြပ်လာလိုက်တာ ကြာရင်အသက်ရူရပ်သွားကြမလားပဲ။
အဲ့ဒီရွာလေးမှာ ကျမပျော်ရွင်ခဲ့ပေမဲ့ မနေချင်အောင်ဖြစ်လာတဲ့တနေ့။ အဲ့ဒီနေ့က ရွာထဲကို စစ်သားစုဆောင်းရေးက တပ်ကြပ်တဦီးခေါင်းဆောင်တဲ့ စစ်သားတွေရောက်လာ တယ်။ ရွာလေးဆိုတော့ ရွာသားအားလုံးစုရုံးဖို့ ကျယ်ကျယ်ဝန်းဝန်းဆိုလို့ ကျမတို့နေတဲ့ စာသင်ကျောင်းလေးဘဲရှိတာကိုး။ သူတို့ကျောင်းမှာစုကြမဲ့အကြောင်း မိဘတယောက်ကလာ ပြောပြီး၊ ကျောင်းမှာလူစုကြတဲ့အချိန် သူ့အိမ်မှာနေချင်လျှင်နေနိုင်ကြောင်း ကျမတို့ကိုခေါ် ပါတယ်။ သူတို့မျက်နှာတွေကိုမမြင်ချင်လို့ ကျောင်းသားအိမ်မှာသွားနေပေမဲ့၊ သေးငယ်တဲ့ ရွာလေးမှာ သတင်းကချက်ခြင်းရတယ်။ ဒီရွာက လူနှစ်ယောက် စစ်တပ်ထဲကိုဝင်ရမယ်။ လိုလိုချင်ချင်နဲ့ ဝင်မဲ့သူမရှိရင် မဲနှိုက်ရမယ်တဲ့။ မဲပေါက်တဲ့လူနှစ်ယောက်ကိုထောက်ပံ့ဖို့ တရွာလုံးက ငွေထည့်ရမယ်တဲ့။ ရတဲ့ငွေရဲ့တဝက်ကို သူတို့နှစ်ယောက်ကိုခွဲပေးမယ်တဲ့။ ကျန်တဲ့ငွေက သူတို့အတွက် လိုအပ်တဲ့နေရာမှာသုံးဖို့ တပ်ကြပ်ကြီးက သိမ်းထားရမယ်လို့ ဆိုပါတယ်။ သူတို့ကိုပေးမဲ့ငွေက ကျန်ခဲ့တဲ့မိသားစုအတွက်တဲ့။
အဲ့ဒီနေ့ကတယောက်က သူ့သဘောနဲ့သူဝင်သွားတယ်။ ရွာတောင်စွန်းက သားအမိ နှစ်ယောက်တည်းရှိတဲ့ ကိုရှည်ကြီး။ ရှာစားရခက်ခဲလွန်းလို့ အငတ်ငတ်အပြတ်ပြတ်ဖြစ်ရှာတဲ့ အမေအိုကို ကျေးဇူးဆပ်ချင်လို့တဲ့။ နောက်တယောက်ကတော့ မဲပေါက်သွားတဲ့ ၁၆နှစ်သာရှိ သေးတဲ့ မောင်သိန်းဦး။ အားကိုးနေရပြီဖြစ်တဲ့ သားကြီးအတွက် မိဘတွေမှာမျက်ရည်တွေနဲ့။ ကျောင်းတောင်မတက်တော့ပဲ မိသားစုအတွက်အလုပ်လုပ်နေရရှာတဲ့ မောင်သိန်းဦးက သူ့ ဝေစုရတဲ့ ငွေလေး ကျပ် ၇၅၀ နဲ့ မိဘတွေကိုကန်တော့ခဲ့ရတယ်။ မိုးချုပ်ခါနီးနေပေမဲ့ သူတို့ ကမပြန်သေး။ လမ်းမမြင်ရရင် ပြန်လို့မတတ်မှာစိုးလို့ ကျောင်းနောက်ပေါက်ကနေ အခန်း ကျဉ်းလေးထဲဝင်လိုက်တော့ ဝေစုခွဲနေတဲ့ တပ်ကြပ်ဖြစ်သူရဲ့အသံကို ကြားရတယ်။ ရွာကနေ စုစုပေါင်းရတာက အဲ့ဒီအချိန်က ကျပ်ငွေသုံးထောင်။ အိမ်အရေအတွက်ကိုမေးပြီး ဒီလောက်ရ အောင်ခွဲကောက်လိုက်တာလေ။ ကျပ် ၁၅၀၀ ကိုစစ်ထဲဝင်ရမဲ့သူတွေကို ခွဲပေးပြီး၊ ကျန်တာကို အဆင့်အလိုက်ဝေယူကြတာ။ တော်သေးတာပေါ့ ဒီတခါလာတာ တပ်ကြပ်ကအကြီးဆုံးမို့လို့ ဒီလောက်နဲ့ပြီိးသွားတာတဲ့။ လူခံတွေကပြောကြတယ်။ သြော်.. သူတို့က ခံနေကျလူတွေကိုး။
ကျောင်းပိတ်လို့ အိမ်ပြန်တော့မယ်ဆိုတော့ ကိုယ်ချစ်တဲ့ကောင်လေးကို ဒီဒုက္ခတွေ ကလွတ်အောင် မြို့မှာလိုက်နေချင်ရင် ကျောင်းထားပေးမယ်ဆိုတော့၊ ရေမရှိတဲ့နေရာမို့ မလိုက်ချင်ပါဘူးတဲ့။ ကျမနေတဲ့မြို့လေးရဲ့ အလှဘွဲ့ကို သူတို့ကိုစာသင်ရင်း ပြောပြဖူးတာကိုး ကုန်းမြေမြင့်မြင့် မှာ ဘုရားစေတီတွေနဲ့ လှပတဲ့ငါတို့မြို့လေးက ဒီမှာလို ရေတွေ၊ ဗွက်တွေ မရှိဘဲ အိမ်ရှေ့လမ်းလေးကို တံမျက်စည်းနဲ့လှည်းလိုက်ရင် ချောပြောင်နေတာ သံမံတလင်း ကျနေတာဘဲလို့။ ပင်လယ်ပျော်တဲ့ ဇော်လေးက မလိုက်ချင်ပါဘူးတဲ့။ အဲ့ဒီအချိန်တုန်းက ဇော်လေးက အခုကျမသမီးကြီးအရွယ်ဘဲရှိအုန်းမှာပေါ့။ အခု ကျမသမီးကြီး ၁၀ နှစ်က တောက်တိုမယ်ရလေးခိုင်းရင်တောင် ပင်ပန်းနေတတ်တာ။ သူတို့ဘဝလေးတွေနဲ့တော့ တခြားစီပါဘဲလေ။
မေလတုန်းက တိုက်ခတ်ခဲ့တဲ့မှုန်တိုင်းက ပင်လယ်ပျော်လေးတွေကို သိမ်းကြုံးဆွဲငင် သွားလိုက်တာ ရေပြင်တွေ၊ မြေပြင်တွေ၊ သစ်ပင်တွေမှာ ကြည်လို့မကောင်းအောင် အတုန်း အရုံးပါဘဲလား။ ကျမချစ်တဲ့ကလေး အသက်ရှင်လျှက်မှ ရှိနိုင်ပါတော့မလား။ သူလည်း ကလေးမှ မဟုတ်တော့ပဲလေ။ ဘဝအပြောင်းအလဲတွေရဲ့ကြားမှာ ဝမ်းစာရေးအတွက် တခြား နေရာတွေလဲ ရောက်ချင်ရောက်နေနိုင်တာပဲ။ ပင်လယ်ပျော်လေးတွေ သက်တမ်းစေ့စေ့ နေနိုင်ကြပါစေ။
ချွန်း
(၂၈. ၉. ၂၀၀၈)

အိမ်လွမ်းသူရဲ့ ခံစားချက်...

ကလေးဘဝက ပျော်ရွှင်ငြိမ်းချမ်းမှုများစွာနဲ့ နေထိုင်ခဲ့ရတဲ့ မိဘရဲ့မေတ္တာရိပ် အောက်က အိမ် ဆိုတဲ့နေရာလေးကို အခုချိန်မှာ ဘယ်လိုမှပြန်မရနိုင်တော့ပေမဲ့ တိုက်ဆိုင် မှုရှိတိုင်း ဆို့ဆို့နင့်နင့်သတိရနေတတ်တဲ့ လူတယောက်က ဒီသီချင်းလေးကိုနားထောင်မိရင် ငိုချင်လာမှာ သေချာပါတယ်။




အဲ့ဒီနေ့က နေကြတ်ခဲ့တာပါ... ချွန်း

အလုပ်ကပြန်ရောက်လို့ နည်းနည်းပါးပါးနားချိန်ရသလောက် ဘလော့တွေလိုက်ဖတ် ရင်း စီဘောက်တွေထဲမှာ ကွီနိုင်းကို ခဏခဏတွေ့တွေ့နေရလို့ တချိန်က မလေးနဲ့ ကွီနိုင်း ပေါင်းပြီး ကျမကိုနှိပ်စက်ခဲ့တဲ့အကြောင်း ရေးချင်စိတ်ပေါက်လာရပါတယ်။
လွန်လေပြီးသော ဆယ်စုနှစ်တခုကျော်ကပါ။ စိမ့်ကြီး၊ မြိုင်ကြီး၊ ရိပ်ကြီးတောတောင် နေရာင်မခံ၊ ပန်းပျံပင်ဆင့်၊ မြေနှင့်ရန်ဘက်၊ ခက်လက်စိမ်းမြ၊ မိုးမခဘူး…… အစရှိတဲ့ သဇင်ပန်းအကြောင်း စပ်ဆိုထားတဲ့ ဝန်ကြီးပဒေသရာဇာရဲ့ ကဗျာကိုမှတ်မှတ်ရရ ရှိစေတဲ့ နေရာလေးမှာပါ။ သစ်ပင်ကြီးတွေက ကြီးမားလှပါတယ်။ သဇင်ပန်း ရှိမရှိဆိုတာ လှမ်းမမြင်နိုင် ပါဘူး။ သစ်ခွပန်းတွေကတော့ ပေါများပါတယ်။ ကျမသွားရမဲ့ ပစ္စည်းမဲ့လေးတွေဆီ မရောက်ခင် ခရီးတထောက်မှာပါ။ စိမ့်စမ်းရေတသွင်သွင်စီးဆင်းနေတဲ့ မြှောင်ကလေးထဲက တဲစုမှာ ကျမနေရစဉ်။

မြို့ကနေ တောထဲသွားရပါမယ်ဆိုမှ ဘဝင်မြင့်သွားသလားမသိ၊ ကျမမှာ ထမိန်မပါ သွားဘူး။ စမ်းချောင်းမှာ ရေချိုးရတော့မယ်ဆိုမှ ဒုက္ခရောက်တော့တယ်။ ရေချိုးရတဲ့နေရာက လူသူဝေးတဲ့နေရာဖြစ်ပေမဲ့ ကိုယ့်ဖာသာရှက်နေလို့ ဝတ်ထားတဲ့အဝတ်နဲ့ဘဲရေချိုးရတယ်။ အဝတ်လဲတော့မယ်ဆိုမှ ပြန်ဝတ်မဲ့အဝတ်ရေမစိုအောင် ခြုံနက်နက်ထဲ တိုးဝင်ပြီးလဲရပါရော။ အဲဒီမှာ ကိုယ့်ကိုနှိပ်စက်မဲ့ မလေးနဲ့တွေဖို့စတာ။
ရောက်ပြီးတလလောက်မှာ ကျမဆီကို မလေး စရောက်လာတယ်။ စမ်းချောင်းကနေ ရေချိုးပြီးအပြန် ချမ်းလာလို့ စောင်ခြုံပြီးကွေးပါတယ်ဆိုမှ အနွေးဓါတ်ကဘယ်လိုမှမရနိုင်ဘူး။ အတွင်းထဲကနေ စိမ့်ပြီးချမ်းလာလိုက်တာက ကလီဇာတွေလှိုင်းထနေသလား ထင်ရအောင် တုန်ခါလာပြီး၊ တော်တော်ကြာတော့မှ အပူဓါတ်ပြန်ရလာတော့တယ်။ အတွေ့အကြုံမရှိတော့ ဘာဖြစ်လို့ဖြစ်မှန်းမသိဘဲ အတူနေတဲ့အမတယောက်ကိုပြောပြမှ မလေးလက်ချက်ဆိုတာ သိရတော့တယ်။ အဲဒီမှာ မလေးလာရင်တွေ့ဖို့ဆိုပြီး အရန်သင့်စောင့်နေတဲ့ ကွီနိုင်းက သူ့အ ပေါင်းအသင်းတွေဖြစ်တဲ့ တထွာတို့ ပါရာတို့ကိုခေါ်ပြီး အင်အား အလုံးအရင်းနဲ့ ရောက်ချ လာပါရော။
မလေးကအချိန်မှန်တယ်။ သူ့အချိန်ကျမှ သူကနှိပ်စက်တာ။ သူနားတဲ့အချိန်မှာ ကိုယ်အေးအေးဆေးဆေး နေနိုင်တယ်။ အစားလည်းမပျက်ပါဘူး။ ကွီနိုင်းတို့အုပ်စုရောက်လာ မှ ပိုပြီးဒုက္ခရောက်တော့တာ။ လားလား..နားတွေက တစီစီအော်နေပြီး ခေါင်းတွေကမထူနိုင် တော့ဘူး။ ပါးစပ်ကခါးပြီး၊ စားထားတာတွေကပြန်ထွက်.. အတော့ကိုရက်စက်တဲ့ ကွီနိုင်းပါ။ သူကနှိပ်စက်နေပေမဲ့ တနေ့သုံးကြိမ် သူအတွက်အားဖြည့်ပေးရတယ်။ မလေးကဘယ်လိုနေ လဲမသိပေမဲ့ ကျမကတော့ မထနိုင်တော့ဘူး။
အတူနေတဲ့ အမကအတွေ့အကြုံရှိတော့ အစားဝင်အောင်ကြိုးစားပေးရှာပါတယ်။ စမ်းချောင်းတိမ်တဲ့နေရာကို ရေစီးရပ်အောင် ပိတ်လိုက်ပြီး ကျောက်တုံးလေးတွေကြားမှာ ပုန်းခိုနေကြတဲ့ ငါးကလေး၊ ပုဇွန်ဆိတ်နဲ့ ဂဏန်းငယ်လေးတွေကိုဖမ်းပြီး တဲဘေးနားမှာ စိုက်ထားတဲ ချဉ်ပေါင်ရွက်နဲ့ ခပ်ပြစ် ပြစ်ချက်၊ မိုးမျှော်ငရုတ်သီးထောင်းစပ်စပ်ကို ထမင်းနဲ့ စားခိုင်းတော့မှ စားလို့ရတယ်။ အစားဝင် လိုက်မှ ကွီနိုင်းနှိပ်စက်သမျှ ခံနိုင်တော့တာ။
ခေါင်းထောင်နိုင်လာတော့မှ ကိုယ့်ရဲ့ပါတ်ဝန်း ကျင်ကိုသတိထားမိတော့တယ်။ သူတို့ နှိပ်စက်ထားလို့ အားငယ်စိတ်တွေဝင်နေရတဲ့ကြားထဲ အုံ့မှိုင်းနေလိုက်တာ ငိုချင်စရာပါ ဖြစ်လာ တယ်။ ခလုတ်ထိမှ အမိတ ဆိုသလိုဘဲ အမေ့ကိုလည်း သတိရလိုက်တာ။ အစက တည်းက ရည်ရွယ်ချက် ကြီးကြီးမားမားမရှိဘဲ ကိုယ့်ရဲ့မတောက်တခေါက် ပညာလေးကို ပညာချို့တဲ့ မိဘမဲ့လေး တွေကို ဝေမျှချင်တာ တခုတည်းနဲ့လာခဲ့တဲ့ကျမ လာမိတာ မှားပြီလားဆိုတဲ့ နောင်တလေး နည်းနည်းရမိပါတယ်။ အမေရယ် ကျမကိုလာကြည့်လှည့် ပါအုံး။ အုံ့မှိုင်း၊ ညို့ဆိုင်းနေတဲ့ လူသူဝေးတဲ့ တောတောင်ထဲမှာ ကျမတယောက်တည်း။ ဒီအချိန်မှာ သေသွား လို့ကတော့ ကိုယ်ဘယ်ကိုသွားလို့သွားမှန်းမသိတဲ့ မိသားစုက သိခွင့် တောင်ရ လိုက်မှာမဟုတ်ဘူး။ တွေးရင်း ဆို့ဆို့နင့်နင့်ဖြစ်လာ၊ နေ့ခင်းကြောင်တောင် ပတ် ဝန်းကျင်က ပိုမှောင်လာလို့ မိုးနတ်မင်းကများ ငါ့ကိုအပြစ်ပေးတော့မလား။ ဆို့နင့်မှုတွေက ရင်ထဲမှာပြည့်ကြပ် လာလို့ သက်သာရာရအောင် အမေ ဆိုပြီးအော်ငိုပစ်လိုက်တာ တောင် နံရံတွေမှာပါ ပဲ့တင်ထပ် သွားခဲ့တယ်။
အော်ပစ်လိုက်တော့ ဆို့ကြပ်မှုတွေက နည်းနည်းသက်သာသွားတယ်။ ကျမကိုအား ပေးဖို့ လူတချို့ရောက်လာကြတယ်။ ပတ်ဝန်းကျင်ကလည်း လင်းလင်းချင်းချင်း နဂိုအတိုင်း။ မလေး နဲ့ ကွီနိုင်းတို့ပေးတဲ့ဒုက္ခက ခဏလွတ်မြောက်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သူတို့နဲ့ ရင်းနှီးလာခဲ့တာ။ မလေးလာရင် စောင်ခြုံပြီး ဧည့်ခံလိုက်၊ ကွီနိုင်းလာရင် ချဉ်ပေါင်ဟင်းနဲ့ ဧည့်ခံရင်း ရင်းရင်းနှီးနှီး ရှိခဲ့ကြပါတယ်။ သူတို့ပေးတဲ့ဒုက္ခကိုလည်း ကျမခံနိုင်ရည်ရှိလာပြီ။ နောက် ပိုင်းကျ တော့ မလေးကညင်ညင်သာသာ။ သူလာတာတောင် ကိုယ်ကသတိ မထားမိ လို့ သွေးကစကား ပြောရတဲ့အထိ။ ကွီနိုင်းကလည်း မလေးကိုမနိုင်လို့ မဟာမိတ်လုပ်ထား သလား ထင်ရတယ်။ အချိန်တန်ရင် မလေးကလာမြဲ။
ကွီနိုင်းက အရှုံးပေးလက်နက်ချလိုက်လို့ အာတီစနိတ်နဲ့မက်ဖလိုကွင်းတို့ကို ပူးတွဲ တာဝန်ပေး လိုက်တော့မှ မလေးကထွက်သွားတော့တာ။ အခုချိန်အထိ ပြန်မလာတော့ပါဘူး။ တခါတလေတော့လည်း သတိရမိပါတယ် မလေးရယ်။ တို့တတွေက သုံးနှစ်ကျော်လောက် ရင်းနှီးခဲ့ကြတာမဟုတ်လား။

ချွန်း
( ၂၅. ၉. ၂၀၀၈)

စက်ပတ်လည်ကစစ်ဒဏ်ရာ...(ချွန်း)

ကျမလုပ်နေတဲ့ စက်ရုံမှာ ငုရင်တွေတော်တော်များပါတယ်။ ကျမတို့ဌာနရဲ့အရှေ့ နားကနံရံမှာ စက်ရုံအလုပ်သမားတွေရဲ့ ဓါတ်ပုံနှင့်တကွ အမည်တွေကိုရေးမှတ်ထားပေးလို့ အလုပ်သမားအားလုံးရဲ့ အမည်ကို သိနေကြရပါတယ်။ ဗီယက်နမ်အတော်များများရဲ့ အမည်မှာ ငုရင်တွေပါကြတယ်။ သူတို့ရဲ့မျိုးရိုးနာမည်လို့သိရပါတယ်။ ကျမက ငုရင်ဆိုတဲ့ နာမည်တွေနဲ့ လေ့လာရင်းးစာသင် စာသင်ရင်းလေ့လာခဲ့တဲ့ ပစ္စည်းမဲ့ကျောင်းလေးမှာ ရင်းနှီးခဲ့ ဘူးပါတယ်။ ဒါကြောင့် ငုရင်တွေကို ကျမစိတ်ဝင်စားခဲ့မိပါတယ်။ သူတို့နဲ့ရင်းနှီးအောင်နေရင်း သူတို့နဲ့စကားပြောဖြစ်ခဲ့ပါတယ်။

သူတို့က လူကောင်သေးသေးနဲ့ သွက်သွက်လက်လက်တွေများပါတယ်။ ထွားတဲ့ ဗီယက်နမ်တွေလည်းရှိပါတယ်။ ကျမတို့ဌာနက တစ်ယောက်တည်းသောဗီယက်နမ်လူထွား ကတော့ လူငယ်ဖြစ်ပြီး တော်တော်နှေးကွေးတာတွေ့ရတယ်။ ကျန်တာကတော့ အသက် ခြောက်ဆယ်ကျော် ခုနှစ်ဆယ်နီးပါးတွေ။ တစ်ယောက်ကဆို အသက်ကခြောက်ဆယ့်ရှစ်နှစ်၊ ပင်စင်ယူပြီးမှ ဝင်ငွေနည်းလို့ဆိုပြီး အလုပ်ဝင်လုပ်နေတာ။ သူအလုပ်ဝင်စက အသက်ကြီးတဲ့ သူဆိုပြီး သူ မလုပ်နိုင်မှာစိုးလို့ ကိုယ်ကဝိုင်းလုပ်ပေးဖူးပါတယ်။ အခုကြတော့ သူ့ရဲ့ production ကအများဆုံးဖြစ်နေပြီ။ ဆယ်နာရီလုံးလုံး( နားချိန်နှင့် ထမင်းစားချိန်ကလွှဲလျှင်) ကုလားထိုင်မှာမထိုင်ဘဲ ဆက်တိုက် စက်ကိုမောင်းနေတာ အိမ်ပြန်ချိန်အထိဘဲ။ အဲဒါကြောင့်  ကုမ္မဏီမှာ ဗီယက်နမ်တွေကို အများဆုံးတွေ့ရတာ။
ထမင်းစားချိန်ဆို သူတို့နဲ့စကားပြောဖြစ်ကြပါတယ်။ သူတို့ရဲ့အစားအသောက်တွေ ကိုလည်း လေ့လာမိတယ်။ ဘာတွေစားလို့သူတို့ကျန်းမာပြီး ဒီလောက်အလုပ်လုပ်နိုင်ရသလဲ ဆိုတာကိုပါ။ ကျမတွေ့မိသလောက်တော့ သူတို့ကဆီမစားကြဘူး။ အသားတွေကို အသီးအရွက်တွေနဲ့ ပြုတ်စားကြတာများတယ်။ သူတို့ဟင်းတွေက ချဉ်၊ ငံ၊ စပ်တွေလည်း မရှိ ဘူး။ အရောင်မရှိဘူး။ ဖြူယော်ယော်တွေ။ သူတို့ကအချိုကြိုက်တယ်။ ထူးခြားတာက သူတို့အားလုံးလိုလို အသီးတွေစားကြတာတွေ့ရတယ်။ အသီးမျိုးစုံ သူတို့ဆီမှာရှိတယ်။ ထမင်းစားပြီးတိုင်း၊ နားချိန်တိုင်း သူတို့အသီး၊ အနှံတွေကိုစားကြတယ်။ အသက် ၆၈ နှစ်ရှိတဲ့ အဖိုးကြီးဆို နားချိန်တိုင်း သခွားသီးတလုံးကိုက်စားနေတာ၊ ဒါမှမဟုတ် နံနံရိုးအကြီးစားကို (သူတို့ပြောပေမဲ့ အမည်ကိုကျမမှတ်မိပါ) ကိုက်စားနေတာတွေရတယ်။
သူတို့ကိုဗီယက်နမ်တွေဘာကြောင့် လူကောင်သေးနေရတာလည်းလို့မေးတော့ သူတို့ငယ်စဉ်ကစစ်ပွဲတွေကြားမှာ စားစရာမရှိလို့ ချို့ချို့တဲ့တဲ့စားသောက်ခဲ့ရ၊ မွေးဖွား ကြီးပြင်းခဲ့ရလို့ လို့ဆိုပါတယ်။
တနေ့ကသတင်းစာတခုတွေ့လို့ ကြုံတာနဲ့ အမေရိကန်ရွေးကောက်ပွဲမှာ အိုဗားမား နဲ့ ဂျွန်မက်ကင်း ဘယ်သူ့ကိုကြိုက်သလဲလို့ မေးမိတော့ သူတို့အားလုံးက ဂျွန်မက်ကင်းကို ကြိုက်တယ်လို့ဆိုကြတယ်။ ဘာဖြစ်လို့လဲလို့မေးမိတော့ ဂျွန်ကအသက်ကြီးလို့ နိုင်ငံရေး တွေ့အကြုံရှိတဲ့အပြင် သူတို့တိုင်းပြည်စစ်ဖြစ်တုန်းက လေယာဉ်ပိုင်းလော့အဖြစ်တာဝန်ထမ်း ခဲ့သူဖြစ်လို့တဲ့။ ဒါကတော့ ကျမဌာနက သက်ကြီးတစုရဲ့အမြင်သာဖြစ်ပါသည်။ ကျမ ရင်းနှီးခဲ့ ဖူးတဲ့ငုရင်တွေနဲ့တော့ ဆန့်ကျင်ဖက်ဖြစ်ပေမဲ့ သူတို့ရဲ့ဇွဲ၊ လုံ့လကိုတော့ မြင်ယောင် ကြည့်လို့ရမိပါတယ်။
သူတို့အကြောင်းတစွန်းတစ သိခွင့်ရတဲ့ကျမ သူတို့ကိုကြည့်ရင်း သံဝေဂပွားမိပါတယ် သြော်… စစ်ရဲ့သားကောင်တွေ… စစ်အတွင်းက ဒုက္ခအဝဝကို ကျော်ဖြတ်နိုင်ခဲ့ပြီး ..အခုတော့ စက်တွေရဲ့ ပတ်လည်မှာ… သြော်..ဒါနဲ့ ..ကျမကြတော့ရော… စက်ပတ်လည်က စစ်ဒဏ်ရာ… သြော်… စက်ပတ်လည်ကစစ်ဒဏ်ရာတွေပါလား...
ချွန်း ( ၁၁.၉.၂၀၀၈)

ဖွတ်သားဟင်းတခွက်နှင့်ချစ်သက်သေ...(ချွန်း)

ကျမရဲ့ဆင်ဦးစီးက ကျမကိုဘယ်လောက်ချစ်သလဲဆိုတာ စာဖတ်သူတွေကို သိစေချင်ရုံလေးပါ။ ကျမတို့ထိမ်းမြားပြီးကာစ ပစ္စည်းမဲ့တို့ဒေသလေးမှာပါ။ စားစရာဆန်ကလွဲရင် ကျန်တာရှာစားကြရတဲ့နေရာလေးပါ။ ရှာစားရတာက တောထဲက ဟင်းသီးဟင်းရွက်နဲ့ အကောင်ဗလောင်ရယ်၊ ချောင်းထဲကငါးကလေးတွေရယ်ကို ရှာစားကြရ တာပါ။ ပိုက်ဆံရှိရင်တော့ တညအိပ်သွားရတဲ့ ဈေးဆိုင်လေးတွေရှိတဲ့နေရာမှာလိုချင်တာတွေ ဝယ်လို့ရပါတယ်။ တလကိုတခါလောက်သွားလေ့ရှိကြပါတယ်။ တလစာစားဖို့ ဟင်းချက်ရာ မှာသုံးဖို့တိုလီနဖာနဲ့၊ ဆပ်ပြာ၊ သွားတိုက်ဆေးလောက်သာပုံမှန်ဝယ်နိုင်ပြီး ဟင်းစားဖို့ ကတော့ တောတိုးရင်းဖြေရှင်းကြတာများပါတယ်။
ကျမကတောတိုးတာဝါသနာပါတယ်။ အရွက်တွေ၊ အသီးတွေခူးရတာ အရမ်းပျော်ပါတယ်။ မှိုများတွေ့ပြီဆို အပျော်ဆုံးဘဲ။ မှိုကြတော့လဲ တွေ့ခဲပါတယ်။ တွေ့ပြန်ရင်လဲ ဆင်ဦးစီးနဲ့ကျမ စကားများကြရမြဲ။ သူကမှိုကိုသိပ်မကြိုက်သလို မှိုတောင့်မှာစိုးရိမ်တတ်တယ်။ ကျမကတော့မှိုဆိုသိပ်ကြိုက်။ သူကတော့အသားဆို ဘာသားဖြစ်ဖြစ်လာထားဘဲ။ နှစ်ယောက်သားကဆန့်ကျင်ဖက်။ ဒါပေမဲ့ ပစ္စည်းမဲ့တွေပီပီ ပြဿနာတော့မရှိခဲ့ပါဘူး။ လူတွေကပစ္စည်းနည်းလေ ပြဿနာနည်းလေပဲမဟုတ်လား။ အခုတော့အရင်းရှင်နိုင်ငံမှာ ဝင်ငွေနဲ့ထွက်ငွေတွေကိုတွက်ချက်ရှယ်ယာခွဲရင်း တခါတခါ စကားများရလို့ ပစ္စည်းမဲ့ဒေသကိုပြန်သတိရမိပါရဲ့။

တနေ့.. နေ့စွဲအတိအကျမမှတ်မိပေမဲ့ အဲ့ဒီနေ့က ကျမမှိုရတဲ့နေ့။ သရက်ပင်ကြီးတပင်လေတိုက်လို့လဲနေတာကြာပြီ။ အဲ့ဒီပေါ်မှာပေါက်နေတဲ့မှိုတွေ။ မှိုစထွက်ကတည်းကတွေ့ပေမဲ့ စားလို့ရ၊ မရ မသေချာလို့မနှုတ်ခဲ့ဘဲ၊ နှစ်ရက်လောက်ကြာမှ တောင်ယာကပြန်လာတဲ့ ထိုင်းနိုင်ငံသားကရင်တစု အလုအယက်နှုတ်ကြတာတွေ့မှ ကိုယ်လည်းဝင်နှုတ်တာ ကိုယ့်မှာပါလာတဲ့ဇကာလေးနဲ့ တခါကြော်စာရခဲ့တယ်။ စားလို့ရတာသေချာတဲ့အကြာင်းပြချက်ရလို့ ဝမ်းသာအားရနဲ့အိမ်ပြန်ပြီးမှိုနှင့်တကွ အကျိုးအကြောင်းပြောပြတော့ ဆင်ဦးစီးကအင်တင်တင်ဘဲ။ ဒါနဲ့ပိုသေချာအောင် ခပ်လှမ်းလှမ်းကရေချောင်းနားမှာနေတဲ့ အမိုးကြီးတို့လင်မယားဆီမှာ အတည်ပြုချက် ယူလိုက်ရသေးတယ်။ အမိုးကြီးတို့က စားလို့ရတဲ့အကြာင်းပြောမှ မှိုကြော်ဖို့ပါမစ်ကို ဆင်ဦးစီးကချပေးတာ။ ဒါတောင်ကန်ဇွန်းရွက်ပါမှကြော်ရမယ်ဆိုလို့ တောင်စောင်းနားက ရေအိုင်ဘေးမှာပေါက်နေတဲ့၊ ခူးလွန်းလို့အတက်ထွက်နှေးနေတဲ့ ကန်ဇွန်းပင်က ထွက်ကာစအညွတ် လေး၊ငါးညွတ်ကို မိနစ်နှစ်ဆယ်လောက်ကြာအောင် သွားပြီး ခူးလိုက်ရသေးတယ်။
မနက်စာစားပြီးဆင်ဦးစီးတရေးတမောအိပ်တုန်း ကျမလည်း ညစာချက်ဖို့အတွက် ဆန်ဗန်းရယ်၊ မှိုဇကာရယ်ယူပြီး တဲရှေ့က ကွပ်ပြစ်မှာထိုင်ပြီး ဆန်ရွေးနေတုန်း ခပ်သဲ့သဲ့အော်သံတခုကြားလိုက်ရတယ်။ ဘာသံပါလိမ့်ဆိုပြီး နားစိုက်ထောင်လိုက်ရင်း အသံကပျောက်သွားရင်းဖြစ်နေတယ်။ ဘာသံမှန်းဝေခွဲလို့မရဘူး။ တောထဲမှာက အသံအမျိုးမျိုး ကြားရပေမဲ့ ကျမ မခွဲခြားတတ်ဘူး။ မျောက်သံ၊ ချေသံ၊ ဝေးဝေးကလူအော်သံ သဲ့သဲ့ တွေဟာ ကျမနားထဲမှာ တူနေသလိုထင်ရတယ်။ အသံကပျောက်သွားလိုက်၊ ပြန်ကြားရလိုက်နဲ့ ချေအော်သံဖြစ်မှာပါလေဆိုပြီး ဆင်ဦးစီးနဲ့မတွေ့ခင်က အဖြစ်အပျက် တခုကို သတိယမိသွားတယ်။
ချေမလေးတကောင်ရဲ့ အဖြစ်ဆိုးကိုပါ။ ကျမရောက်စကပါ။ ကျမနေတဲ့တဲက ချောင်းဘေးနားမှာ။ တဲအရှေ့ချောင်းကိုကျော်ကြည့်လိုက်ရင်တောင်ချေက လူသွားလမ်းလေးကို မြင်ရတယ်။ ကျမတို့တဲအုပ်စုကတောင်နှစ်လုံးကြားကမြှောင်ထဲမှာပါ။ တနေ့ ကျောင်းဆရာတယောက်က တဲစုဘက်ကိုလာလည်ရင်းတဲရှေ့ဘက်က တောင်စောင်းမှာ ချေတစုံကိုတွေလို့ လက်ခုပ်တီးပြီးချောက်လွှတ်ပေမဲ့ ချေတကောင်က ပြေးသွားပြီး တကောင်ကျန်နေလို့ဆိုပြီး ကျမတို့ရောက်နေတဲ့တဲမှာ သေနတ်လာတောင်းပြီး ပစ်လိုက်တာ ကျောရိုးကိုရှပ်ထိသွားတယ်။ ကံဆိုးလှတဲ့ချေမလေးဟာ လူနေတဲ့ တဲတန်း ဘက်ကို အားကိုတကြီးပြေးလာခဲ့ပါတယ်။ အဲဒီမှာ သူ့ကိုကယ်မယ်အထင်နဲ့ အပြေးလာခဲ့တဲ့ ချေမလေးကို ဝါးလုံးဆွေးတွေနဲ့ဝိုင်းရိုက်လို့လဲကျနေတုန်း မူဆလင်ဘာသာဝင် စက်ဆရာ တယောက်က သူလည်းချေသားစားရအောင်ဆိုပြီး တဲထဲကဓားတချောင်းဆွဲပြီး ချေမလေးကို လည်လှီးလိုက်ပါသေးတယ်။ ဘယ်အချက်နဲ့ သေပွဲဝင်သွားရမှန်းမသိလိုက်ရတဲ့ ချေမလေးရဲ့ အသားကို ကျမမစားရက်တော့ပါဘူး။
အတိတ်အကြောင်းကိုစဉ်းစားနေတုန်း ဆင်ဦးစီးနိုးလားပြီး ကျမကြားတဲ့အသံကို သူလည်းသတိထားမိသွားပြီး သေနတ်တလက်နဲ့ အသံကြားတဲ့ဘက်ထွက်သွားလိုက်တာ ကျမတားချိန်တောင်မရလိုက်ပါဘူး။ သိပ်မကြာလိုက်ပါဘူးဆင်ဦးစီးပြန်ရောက်လာပြီး မီးခြစ်တောင်းသွားတယ်။ ဘာအရေးကြီးနေမှန်းသိချင်လို့မေးပေမဲ့ စကားပြန်မရခဲ့ဘူး။ နာရီဝက်လောက်ကြာမှပြန်ရောက်လာပြီး အကျိုးအကြောင်းပြောပြတယ်။ ဆေးမှုးတယောက် တောလည်ထွက်ရင်း ဖွတ်နဲ့ပက်ပင်းတိုးမိပြီး၊ အနီးကပ်မို့ သေနတ်နဲ့ပစ်လို့မရဘဲ သစ်ခေါင်းထဲဝင်ပြေးတဲ့ဖွတ်မြီးကို အားကုန်ဆွဲပြီး အော်နေခြင်းဖြစ်သတဲ့။ တနာရီလောက် ကြာအောင် ဖွတ်နဲ့လွန်ဆွဲနေတဲ့ဆေးမှုး၊ (ဆင်ဦးစီးနိုးလာလို့သာ… နို့မဟုတ်လျှင် ဘယ်အချိန်ထိအောင် ဇွဲနှင့်အော်နေမည်မသိ) ဆင်ဦးစီးကို သစ်ရွက်ခြောက်တွေ သစ်ခေါင်းထဲထည့်ပြီိး မီးရှို့ခိုင်းလိုက်မှ ဖွတ်မီးခိုးမွှန်ပြီး ဆေးမှုးလက်ထဲ ပါလာတော့တယ်။
အဲ့ဒီညက ကျမတို့ထမင်းဝိုင်းလေးက စိုစိုပြည်ပြည်လေးဖြစ်ခဲ့ပါတယ်။ လွန်ဆွဲပွဲမှာ အနိုင်ရအောင်ကူညီခဲ့တဲ့ ဆင်ဦးစီးအတွက် ဖွတ်သားဟင်းတခွက်ကို ဆေးမှုးကလာပို့ ပေးလို့ပါ။ မှိုကြော်နဲ့ဖွတ်သားဟင်း အရသာရှိရှိလေးကို လင်မယားနှစ်ယောက် မျက်နှာချင်းဆိုင်စားကြတော့မယ်ပြင်ကာမှ ဆင်ဦးစီးက သူဗိုက်မဆာသေးလို့ စားနှင့်ပါတဲ့။ အင်းလေ.. သူတို့အစီအစဉ် (အဲ့ဒီနေရာမှာ အရက်မသောက်ရ အမိန့်ထုတ်ထားပေမဲ့ နှစ်နာရီ လောက်သွားရတဲ့ထိုင်းရွာက အရက်ဝယ်ပြီး စုသောက်ကြခြင်း) ရှိလို့နေမှာပါအထင်နှင့် တယောက်တည်း မှိုဟင်းများများနှင့်စားလိုက်ရတယ်။ ထမင်းစာပြီး ထမင်းဝိုင်းတခုချန်ကာ ကျန်တာတွေရှင်းပြီး အဆင်သင့်ဆွဲထားတဲ့ စစ်ပုခက်ထဲဝင်ပြီးနှပ်နေလိုက်တယ်။ သူတို့ဝိုင်းစုကြပြီဆို ကိုယ်ကဒီလိုပဲ တယောက်တည်းနှပ်နေကြလေ။ ဒါပေမဲ့ဆင်ဦးစီးက ဘယ်မှမသွားဘဲကျမနဲ့လှမ်းစကားပြောနေခဲ့ပြီး သိပ်မကြာခင်မှာ ထမင်းဝင်စားတော့တယ်။ ကျမက အစီအစဉ်မဖြစ်ဘူးလားမေးတော့ အစကတည်းကမရှိပါဘူးတဲ့။ ဗိုက်မဆာလို့ စောင့်နေတာတဲ့။ ကျမအနည်းငယ်တော့အဲ့သြခဲ့ပါတယ်။ အသားဟင်းကြိုက်တဲ့ဆင်ဦးစီးက အသားဟင်းပါတဲ့နေ့မှ ဗိုက်အဆာနောက်ကျလို့လေ။
အိမ်ထောင်သက် ငါးနှစ်ပြည့်ပြီး သမီးနှစ်ယောက်ရပြီးမှ သူ့ရဲ့အချစ်ကိုကျမသိခွင့် ရခဲ့ပါတယ်။ တနေ့သူ့မိတ်ဆွေတွေနှင့်စကားပြောရင်း မှိုတောင့်တဲ့အကြောင်းပါလာပြီး ဆင်ဦးစီးဗိုက်အဆာနောက်ကျခဲ့တာမဟုတ်ဘဲ မှိုဟင်းတောင့်မှာစိုးသောကြောင့် ကျမစားပြီး တနာရီကြာမှ စားခဲ့ခြင်းဖြစ်သည်တဲ့။ အကယ်၍ နှစ်ယောက်အတူတူစားပြီး တခုခုဖြစ်နေခဲ့လျှင် တယောက်နှင့်တယောက်မကူညီနိုင်ဘဲဒုက္ခရောက်မည်စိုးသောကြောင့် သူဆာပေမဲ့ စောင့်နေခြင်းဖြစ်သည်တဲ့။ ဆင်ဦးစီးရဲ့ ကျမအပေါ်ချစ်ခြင်းဟာ ဘယ်လောက်အထိ စိတ်ချလုံခြုံမှုရှိလိုက်သလဲဆိုတာ

ချွန်း(၆. ၉. ၂၀၀၈)

လူအတယောက်၏ ဖွင့်ဟဝန်ခံချက်

အခုတလောလူက စဉ်းစားတာများပြီး ရောဂါရချင်သလိုဖြစ်လာနေတယ်။ မိုကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားထဲမှာတော့ လူတွေရောဂါများပြီး သက်တမ်းတိုတာ ဣဿာ၊ မစ္ဆရိယကြောင့်တဲ့။ ဣဿာ၊ မစ္ဆရိယက ချစ်ခြင်း၊ မုန်းခြင့်းကလာတာတဲ့။ ချစ်ခြင်း၊ မုန်းခြင်းက ဝိတက်ကြောင့်ဖြစ်တာတဲ့။ ဝိတက်ဆိုတာက စဉ်းစားတွေးတောတာကိုပြောတာပါ။ ဒါဆို ရောဂါရလာခြင်းရဲ့အကြောင်းရင်းက စဉ်းစားတာ၊ အတွေးများတာကြောင့်ဆိုပြီး ဆင်ဆင်ခြင်ခြင်နေပါတယ်ဆိုမှ တွေးစရာတွေက ရောက်ရောက်လာတယ်။
လူတွေများကိုယ့်အတွက်ဘဲကိုယ်သိကြတယ်။ စီးပွားရေးသမားတွေများ လူစုစု ဖြစ်ပြီဆို ဘယ်လိုစီးပွားရှာရမလဲဆိုတာဘဲ စဉ်းစားနေကြတာ။ ကိုယ်ဖာသာစီးပွားရေး ရိုးရိုးသားသားလုပ်တာကို မပြောလိုပါဘူး။ ဒုက္ခသည်တွေကို အကြောင်းပြပြီး စီးပွားရှာကြတာ တော်တော်ဆိုးဝါးတဲ့လုပ်ရပ်ပါ။

ကျမတို့ငယ်ငယ်က မျောက်ပွဲတွေကြည့်ခဲ့ရဘူးပါတယ်။ လူကြီးကသီချင်းဆိုပြီး မျောက်ကလေးကိုကခိုင်းတာပါ။ မျောက်ကလေးက သီချင်းအလိုက်နဲ့ကပြတာကို လူတွေက သဘောကျပြီး ပိုက်ဆံတွေထည့်ကြ၊ စားစရာတွေပေးကြနဲ့။ ကျမကိုယ်တိုင် ခလေးဘဝက သဘောကျပြီး ကိုယ်ရတဲ့မုန့်ဘိုးလေးတွေကို မျောက်ကလေးကို ပေးခဲ့ဘူးပါတယ်။ အဲ့ဒီတုန်းက လူကြီိးတယောက်ပြောတာ ကျမမှတ်မိသေး တယ်။ ”လူအတွေ“တဲ့။ ”နင်တို့ပေးတာကို မျောက်စားရမယ်ထင်သလား“ တဲ့။ အဲဒီအချိန်က တည်းက မျောက်ပွဲဆိုရင် မကြည့်ချင်တော့ဘူး။ မျောက်ကလေးကိုသနားလို့။
ယနေ့အချိန်တွေမှာတော့ တိုးတက်တဲ့ခေတ်ရောက်လာလို့လားမသိ မျောက်ပွဲတွေ မတွေ့ရတော့ဘူး။ ဒါပေမဲ့ မျောက်ပြဆန်တောင်းဆိုတဲ့ အစဉ်လာကြီးကိုတော့ လူတွေကျင့်သုံးနေဆဲပါဘဲ။ ဒုက္ခသည်တွေကို အကြောင်းပြပြီး လုပ်စားလာကြသူတွေက များလာတယ်။ ကိုယ်ကိုတိုင်လည်းမျောက်ဖြစ်ခဲ့ဖူးပါတယ်။ ဒါတွေကိုတော့ မပြောချင်တော့ ပါဘူး။ အခုပြောချင်တာတခုက ”လူအ“ဖြစ်ခဲ့ရတာကိုပါ။
၈လေးလုံးအနှစ်နှစ်ဆယ် နှစ်ပါတ်လည်အခန်းအနားမှပါ။ ၈လေးလုံးအမှတ်တံဆိပ် တွေနဲ့အင်္ကျီတွေကို နာဂစ်မှုန်တိုင်းဒဏ်ခံခဲ့ရသူတွေအတွက် ရံပုန်ငွေအဖြစ်ရောင်းကြတယ်။ ကိုယ်ကတော့ နာဂစ်အတွက်လည်းလျှူရ၊ အမှတ်တရ အင်္ကျီလည်းရတယ်ဆိုပြီး ဝမ်းသာအားရလျှူခဲ့ပါတယ်။ နာဂစ်ဒုက္ခသည် ပြည်သူတွေကို ရည်မှန်းလို့ပေါ့။ ဒုက္ခသည်တွေကို လျှူဒါန်းရတဲ့ပီတိက တခြားအလျှူတွေထက်ပိုတယ်လို့ ခံစားရတယ်။ စိန်ရောင်၊ ရွှေရောင်တလက်လက်တောက်ပနေတဲ့ အလျှူပွဲထက်၊ ဆာလောင်နေတဲ့ လူတယောက်ကို ထမင်းတနပ်ကြွေးရတာက ပိုပြီးအကျိုးကျေးဇူးဖြစ်တယ် လို့ခံယူထားသူပါ။
ဒါပေမဲ့ ဒီိအလျှူက ဒုက္ခသည်တွေဆီကို မရောက်ဘူးတဲ့။ အကြောင်းပြချက် တွေကတော့ အမျိုးမျိုးပါဘဲ။ အဓိကကတော့ စီးပွားရေးသမားက လုပ်စားသွားတာပါ။ ဒါပေမဲ့ ကိုယ်ကတော့ နာဂစ်ဒုက္ခသည်တွေအတွက် ရည်မှန်းပြီးလျှူထားတာဆိုတော့ ကိုယ့်အလျှူက စေတနာသုံးတန်ပြတ်သားပြီးသားပါ။ ကိုယ့်အလျှူငွေ ဒုက္ခသည်တွေလက်ထဲ ရောက်တာ မရောက်တာကတော့ တာဝန်ယူထားတဲ့သူတွေနဲ့သာ ဆိုင်ပါတယ်။ စိတ်မကောင်းတာ တခုကတော့ ဒုက္ခသည်တွေအတွက်ပါ။ သူတို့မှာဘယ်လိုဝဋ်ကြွေးတွေများ ပါလာကြ သလဲမသိပါဘူး။ ”ပေးကားပေး၏ မရ“ ဆိုတာမျိုးနဲ့ကြုံနေကြရတာပါ။ ကျမတို့လို သေးသေးမွှားမွှားအလျှူကအစ၊ နိုင်ငံတကာကကြီးကြီးမားမားအလျှုအထိ သူတို့လက်ထဲ ၁၀% လောက်မှ ရောက်ပါရဲ့လားလို့ စဉ်းစားရင်း ရောဂါတွေတိုးလာပါတယ်။

လူအချင်းချင်းလှည့်ပါတ်ခြင်း ကင်းရှင်းကြပါစေ

ချွန်း (၂၅.၈.၀၈)